Wednesday, July 22, 2015

အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း

အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း Born Again (နှင့်) "ပြောင်းလဲလာ သော အသက်တာ"

မဖြူနှင့်တွေ့ဆုံခြင်း

                ကျွန်မနာမည် မဖြူပါ။ ကျွန်မမှာ ညီအစ်မ သုံးယောက်ရှိပါတယ်။ ကျွန်မ အလတ် ဖြစ်ပါတယ်။ ကျွန်မ အသက် (၁၄)နှစ်မှာ အမေဆုံးခဲ့ပြီး အသက် (၁၇)နှစ်မှာ အဖေဆုံးခဲ့ပါတယ်။ ကျွန်မ အသက် (၂၁)နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ ကျွန်မအကြောင်း တိုတိုပြောရရင်တော့ ကျွန်မမှာ မိဘနှစ်ပါးမရှိတော့ပေမယ့် ကျွန်မ သိပ်မာနကြီးတဲ့ မိန်းမတစ်ယောက်ပါ။ ကျွန်မရဲ့ အလှအပအတွက် ကျွန်မအမြဲ ဂုဏ်ယူမော်ကြွားသလို ကျွန်မရဲ့ အရည်အချင်းတွေအတွက်လည်း ကျွန်မက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကျွန်မမာနနဲ့အတူ ကျွန်မ မာန်မာန ထောင်လွှားနေခဲ့ပါတယ်။ အမြဲတမ်း သူများပေါ်မှာဘဲ အနိုင်ယူတတ် အနိုင်ရမှဆိုတဲ့ စိတ်ကလည်း ကျွန်မရင်ထဲမှာ အပြည့်ဘဲပေါ့။ ကျွန်မ ဘယ်သူ့ကိုမှ အကျောမခံဘူးလေ။ အဲဒါ ကျွန်မ(မဖြူ) ဆိုတဲ့ စိတ်ဓါတ်ဘဲ၊ ကျွန်မရဲ့ ယောက္ခမတွေကိုလည်း ကျွန်မက မိဘလို သဘောထားဘို့ဝေးစွ၊ ကျွန်မ ဂရုကို မစိုက်ဘူး။ အဲသလောက်ထိဘဲ ကျွန်မကို မိုက်ရိုင်းတယ်လို့ဘဲ ဝေဖန်ပြီး ပြောချင်လဲ ပြောကြမှာပေါ့။ ဒါကြောင့်လည်း ကျွန်မရဲ့ အိမ်ထောင်ရေးဟာလည်း မတည်မြဲခဲ့ပါဘူး။ ကျွန်မ သားသမီး (၃) ယောက် ရခဲ့တယ်။ သားတစ်ယောက် သမီး (၂) ယောက် ဆိုပါတော့။ ကျွန်မကလေးတွေ အသက် ၁၀ နှစ်၊ ၈ နှစ်၊ ၆ နှစ်၊ အရွယ်လေးတွေမှာပဲ ကျွန်မအိမ်ထောင် ကွဲသွားပါတယ်။ ကက်သလစ်ဘာသာဖြစ်သည့်အတိုင်း ကျွန်မတို့မှာ တရားဝင်ကွဲကွာခွင့် မရှိပေမယ့် ကျွန်မရဲ့ ခင်ပွန်းနဲ့ အတူ ကျွန်မ မနေနိုင်တော့တာမို့ ကျွန်မ လက်ရှိ ရုံးအလုပ်က ထွက်ခဲ့ပြီး ကလေး ၃ယောက်ကိုခေါ် အိမ်ပေါ်မှ ဆင်းကာ ရန်ကုန်မြို့ အစ်မကြီးရှိရာသို့ ကျွန်မ အပြီး လမ်းခွဲ ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကျွန်မရဲ့ မာနထောင်လွှားမှု တစ်ခုပဲ ဆိုပါတော့...။          

ကျွန်မ ရန်ကုန်ကို ရောက်ပြီးတော့ အစ်မအိမ်မှာ ကလေး ၃ ယောက်နဲ့ အတူ နေခဲ့ပါတယ်။ ကျွန်မ
စိတ်ကူးက ကျွန်မယောကျာ်း ရှိရာမြို့မှာ မနေတော့ဘဲ သူ့ကိုလည်း အားမကိုးဘဲ ကျွန်မတစ်ယောက်တည်း ရပ်တည်သွားဘို့ပါဘဲ။ ဒါပေမယ့် လက်တွေ့မှာထင် သလောက် မလွယ်ဘူးဆိုတာ ကျွန်မလျှောက်လှမ်းရတဲ့ ဘ၀အခြေအနေမှာမှ သိရတော့တယ်။ အစ်မ အရင်းပေမယ့် ကျွန်မမှာ ကလေးက ၃ ယောက်ပါလာတော့ ဘယ်ကြည်ဖြူချင်ပါ့မလဲ။ ဒါပေမဲ့ အပြစ်မရှိတဲ့ ကလေးတွေကိုတော့ ကျွန်မ အစ်မက လက်ခံထား ပေးပါတယ်။ ကျွန်မကိုလဲ နင် ရန်ကုန်မှာ ဘာလုပ်စားမလဲ၊ အလုပ်လွယ်တယ် ထင်လားတဲ့၊ ဟုတ်ပါတယ်သူပြောတဲ့ အတိုင်းပါဘဲ။ ကျွန်မအလုပ်တွေ တစ်ခုပြီး တစ်ခုလျှောက်ခဲ့ပါတယ်။ ရတဲ့အလုပ်မှာ တစ်ခါတလေ အဆင်မပြေ၊ စနေ၊ တနင်္ဂနွေနားရက်မရှိနဲ့ အလုပ်ရှင်များရဲ့ မချေမငံ ဆက်ဆံမှုတွေနဲ့ ကျွန်မ စိတ်ပျက်စွာ အမျိုးမျိုး တွေ့ကြုံ ခဲ့ရပြီး ၃ နှစ်လောက်မှာ ကုမ္ပဏီ ၁၀ ခုမက ကျွန်မလုပ်ခဲ့ဖူးခဲ့ပြီး အလုပ်မတည်မြဲခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ ကျွန်မ ရုန်းကန်ရင်း တစ်နေ့ ကျွန်မစဉ်းစားမိတယ်လေ။ အဲဒါကတော့ အိမ်ထောင်ရေးမှာ အဓိက တန်းဖိုးညီတဲ့သူကို ဦးစားပေးပြီး ရွေးချယ်ခဲ့တာပဲ။ ဘာဖြစ်လို့ တန်ဖိုးညီတဲ့သူနဲ့ ပေါင်းဖက်လာပြီးမှ ဘာကြောင့် ပြန်ကွဲကြသလဲပေါ့။

    ကျွန်မ ဘုရားတရားအကြောင်း တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး။ ကျွန်မ ဘ၀မှာ ဘာတစ်ခုမှ အဆင်မပြေတာ မရှိခဲ့တော့ ကျွန်မဘုရားလည်း မရှိခိုးဘူး။ ဖြစ်ချင်တာဖြစ်ဆိုပြီး ကျွန်မဖြစ်သလို ဆက်နေခဲ့တယ်။ ကျွန်မကလေးတွေ တဖြည်းဖြည်း ကြီးလာကြတယ်။ အာပါတ်ဖြေ ကိုယ်တော်မြတ်ရဖို့အတွက် ကျွန်မမေ့နေခဲ့တယ်လေ။ ကျွန်မ အလုပ်တစ်ခု သိပ်လိုချင်တာပဲသိတယ်။ ကျွန်မအခုထိ အလုပ်မမြဲသေးဘဲနဲ့ ဒီလိုဘဲ ရုန်းကန်နေရတော့ အတည်တကျ ဘ၀အာမခံချက် ပေးမယ့် အလုပ်ကို သိပ်လိုချင်တယ်လေ။ ဒါနဲ့ ကျွန်မအမေက ပြောတယ်။ ရဟန္တာ စိန်ဂျိုးဇက်ကို ကိုးကြည့်ပါလားတဲ့။ မျှော်လင့်ချက်မရှိတဲ့ အရာတွေ အားလုံးရတယ်လို့ ပြောခဲ့တယ်။ အဖ သံဇူဇယ်ကိုလည်း တောင်းခံလျှင် ရတယ်လို့ပြောတယ်။ ကျွန်မ ဒါတွေတစ်ခါမှ နားမလည်ခဲ့ မလုပ်ခဲ့ မသိခဲ့ပါဘူး။ ကျွန်မ ဘုရားတရားမှ တစ်ခါမှ မလုပ်ဖူးဘဲ။ ကျွန်မ မေ့နေတယ်။ ငယ်ငယ်က မေမေက ကက်သလစ်ဘာသာမို့ ကျွန်မကို ကက်သလစ်ဘာသာထဲ သွင်းခဲ့တယ်။ အမေက အသေစောတော့ ကျွန်မကို ကောင်းကောင်း မသွန်သင်လိုက်ရဘူး။ ဒါပေမယ့် အဲဒါတွေက ဘာသာသူပဲယူရမယ်ဆိုလို့ ကျွန်မ ကက်သလစ်ဘာသာ ယောက်ျားကိုပဲ ယူခဲ့ပါတယ်။ ကျွန်မ ဒါပဲ သိတယ်လေ။ ကျွန်မသား သမီးတွေကို ဘာသာထဲ သွင်းပေးတာက ကျွန်မရဲ့ ယောက္ခမတွေပဲပေါ့။ ကျွန်မ ယောက်ျားနဲ့ ကွဲပြီး ၅နှစ်လောက်မှာ ကျွန်မ ယောက်ျားဆုံးသွားတာကို ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မနဲ့ ကွဲပြီး သူလည်းအရက်တွေသောက်ရင်းက အသေစောခဲ့တယ်လို့ဘဲ သိရတယ်။ ကျွန်မ သူ့ဆီတစ်ခါမှ ပြန်မသွားပါဘူး။ ကျွန်မ ထွက်လာကတည်းက သံယောဇဉ်ဖြတ်ခဲ့ပြီးပြီဘဲ။ သူဆုံးတော့ ကျွန်မကိုသူများတွေအကြောင်းကြားပေမယ့် ကျွန်မ ခရီးလွန်နေခဲ့တယ်။ ကြေးနန်းနဲ့ပဲ သိရတော့ ကျွန်မလည်း မသွားဖြစ်ခဲ့တော့ဘူး။ ကလေးတွေလည်း အရွယ်မရောက်သေးတော့ အဖေဆိုတာ ဘာမှန်းလဲ မသိဘူးလေ။ မင်းတို့ အဖေသေပြီလို့ ပြောပြရုံကလွဲရင် သူတို့လည်း ဘာမှ ခံစားမိကြမှာ မဟုတ်ဘူးလေ။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မယောက်ျား သေတာတောင် ကျွန်မက ၀မ်းနည်းရကောင်း၊ နှမြောရကောင်း၊ ငိုရမှန်းမသိခဲ့တဲ့ စိတ်ဟာ၊ အဲဒီအချိန်က ကျွန်မစိတ်ထဲမှာ မာနဆိုတဲ့ အကြည်းတန် ရုပ်ဆိုးတဲ့ စိတ်တွေပဲရှိနေခဲ့တယ်လေ။ ကျွန်မဘ၀မှာ ယောကျာ်းလည်း မရှိတော့၊ ကျွန်မကလေး ၃ယောက်အတွက် ရှေ့ရေးတွေးပြီး ကျွန်မ သူတို့ကို ဘယ်လို ရှာဖွေ ကျွေးမွေးရမလဲဆိုတာပဲ စဉ်းစားနေမိတော့တယ်။ ဒါကြောင့် ကျွန်မမှာ အလုပ်တစ်ခုခုရှိပြီဆိုရင် ကျွန်မဘ၀ ကျွန်မ အိနြေ္ဒရှိစွာ ရပ်တည်နေနိုင်ပြီလို့ပဲ ဆိုရမှာပေါ့။ ဒါကြောင့် ကျွန်မအလုပ်ပဲ လိုက်ရှာ နေခဲ့ပါတယ်။

    အစ်မက ဘုရားရှိခိုး ဆုတောင်းခိုင်းတော့ ကျွန်မမှာ"မဆုတောင်း"တတ်ခဲ့ပါဘူး။ ဘာဆုမှလည်း တစ်ခါမှ မတောင်းဘူးလေ။ သူများတွေ ဆုတောင်းပါလားလို့ ပြောတာတောင် ကျွန်မရယ်ခဲ့ဘူးတယ်။ ဘယ်အရာမဆို ကျွန်မက ကိုယ်တိုင်လုပ်မှ ကိုယ်ရတာပဲလို့ ထင်ခဲ့တယ်။ ဘယ်အရာမဆို ဘုရားကပေးမှ ရတာဆိုတာ၊ ကျွန်မ လုံးဝ အယုံအကြည် မရှိ၊ မသိ၊ မလုပ်ခဲ့ပါဘူး။ ကျွန်မကို ဆာတန်က ဘယ်လောက်ထိများ သိမ်းသွင်းထားပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုလဲ မသိခဲ့ဘူး ဖြစ်နေတယ်လေ။ တစ်နေ့ ရန်ကုန် စိန်ဂျိုးဇက်ဘုရားကျောင်းမှာ ရဟန္တာစိန်ဂျိုးဇက်ပွဲကို ကျင်းပတော့ ကျွန်မအစ်မနဲ့ ရောက်သွားခဲ့တယ်။ ကျွန်မအစ်မက ဆုတောင်းပြီး နိုဗီနားကိုးခိုင်းတော့ ကျွန်မလုပ်ကြည့်ခဲ့တယ်။ ယုံကြည်တာတွေ မယုံကြည်တာတွေ ထားအုံး။ ကျွန်မ မလုပ်တာဘဲသိတော့ အစ်မပြောသလိုဘဲ လုပ်ခဲ့တယ်လေ။ တစ်ခါ စိန်ဂျိုးဇက်ပွဲနေ့ရောက်တော့လည်း အလုပ်သမားများနေ့ဆိုတော့ အလုပ်သမားများ၊ ၀န်ထမ်းများက ရဟန္တာစိန်ဂျိုးဇက်ကို သဒ္ဒါကြည်ညို ကိုးစား ဂုဏ်ပြုပွဲလုပ်နေကြတာကို တွေ့ရပြန်တယ်လေ။ အလုပ်အတွက် စိန်ဂျိုးဇက်ကို တောင်းကြည့်ပါတဲ့။ ဒါနဲ့ ကျွန်မလည်း ရဟန္တာစိန်ဂျိုးဇက်ကို ကျွန်မ အလုပ်တစ်ခုရဖို့ ဆုတောင်းလိုက်တယ်။

    ဘုရားသခင်နဲ့ ကျွန်မနှစ်ယောက်တည်း စကားပြောပြီး ရန်တွေဖြစ်နေတယ်။ "သခင်ဘုရား၊ သခင်ဘုရားဟာ အားလုံးစုံကို ကယ်နိုင်တယ်ဆိုတာ ဘာလို့ ကျွန်မကို အလုပ်မပေးတာလဲ စသည်ဖြင့်ပေါ့ သခင်ဘုရားက ကျွန်မကို အိုးထိန်းသည်နဲ့ အိုးလိုပဲ ပုံသွင်းတယ်။ ပြုပြင်တယ်၊ ကျွန်မကို နည်းမျိုးစုံနဲ့ ရိုက်ချိုးဖဲ့ခဲ့တယ်။ ကျွန်မရဲ့ မာန်မာနတွေကို ရိုက်ချိုးဖဲ့ခဲ့တာမှ ခပ်နာနာပဲပေါ့ကွယ်။ ကျွန်မကို အဲသလောက် နာနာရိုက်တာတောင်မှ ကျွန်မက တော်ရုံလောက်ပဲ ရှိအုံးမှာပေါ့။ မဖြူဆိုတဲ့ ကျွန်မကတော့ နာမည်တစ်လုံးသာ ဖြူပြီး အဖြူရောင်တွေလို မသန့်ရှင်းပါဘူး။ ကျွန်မ စိတ်ဓာတ်လေးတွေဟာ အဖြူရောင်ပေါ်မှာအ မြဲစွန်းပေနေတာချည်းပါဘဲ။


    တစ်နေ့တော့ ကျွန်မအစ်မက ကျွန်မကို ပြောလာတယ်။ "ဆွံ့ အ နားမကြား"ကျောင်းမှာ စာရေးအလုပ် တစ်နေရာ လွတ်တယ်တဲ့ နင်လျှောက်မလားလို့ မေးတော့ အလိုတော် နင့်အလုပ်က ဘာလဲ။ အဲဒီကျောင်းမှာ ဘာသွား လုပ်ရမလဲလို့ မေးမိတော့ နင်က စာရေးအလုပ်တော့ လုပ်တတ်တယ် မဟုတ်လား။ စာရင်းအင်း ပြုစု စာရေးအလုပ်ပေါ့ ဟာတဲ့။ ဒါဆို ငါ လုပ်ကြည့်မယ်လေ၊ စာရေးလုပ်တော့ လုပ်တတ်ပါတယ်ဆိုပြီး ကျွန်မ "မေရီချက်စပင်း ဆွံ့ အ နားမကြားကျောင်း"မှာ အလုပ် လျှောက်ခဲ့တယ်လေ။ ကျွန်မ ပညာအရည်အချင်းနဲ့ ကျွန်မ အလုပ်တစ်ခုရခဲ့တယ်။ ကျွန်မ အလုပ်စ၀င်ကတည်းက ရုံးလုပ်ငန်းအပြင် ဘာကိုမှ ကျွန်မ စိတ်မ၀င်စားခဲ့ဘူးလေ။ အထူးသဖြင့် ကျောင်းလာတက်တဲ့ ကလေးတွေကိုပေါ့။ သူတို့ အတန်း ဘက်လည်း ကျွန်မ တစ်ခါမှသွား မကြည့်ဖူးဘူး။ မလေ့လာဖူးဘူးလေ။ ကျွန်မ ရုံးခန်းလေးထဲမှာပဲ ကျွန်မနေခဲ့တယ်။ တနေ့ ကျောင်းမှာ ဧည့်သည်တွေလာတော့ ကျောင်းအုပ်ဆရာမကြီးက သူနဲ့အတူ ကလေးတွေကို လှည့်ကြည့်တဲ့နေရာမှာ လိုက်ဖို့ခေါ်ပါတယ်။ ကျွန်မလည်း မငြင်းပါဘူး။ တာဝန် အရပေါ့။ ကျွန်မ သိပ် အံ့သြသွားတယ်။ အဲဒီအခါမှ ကျွန်မ ဘုရား တမိတယ်။ ဘုရားရေ သူတို့လေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူဖြစ်လာပြီးတော့ နားမကြား၊ စကားမပြောတတ်တဲ့ သူတွေပါလားဆိုတာ အခုမှ မြင်မိတယ်။ အချို့က မွေးရာပါ၊ အချို့က အကြောင်းအမျိုးမျိုးကြောင့် အကြားအာရုံတွေ ထိခိုက်ပြီးမှ ရောက်လာတဲ့သူ အို စုံရောပဲလား။ ကျွန်မတစ်ခါမှ ကလေးတွေ ခြေစုံ လက်စုံ မွေးပါစေ၊ နားမကြားသူ စကားမပြောတတ်သူ မဖြစ်ပါစေနဲ့လို့ မဆုတောင်းခဲ့တာတောင် ကျွန်မကလေး ၃ယောက်လုံးဟာ အားလုံး ပြည့်စုံပြီး ဘာချွတ်ယွင်းချက်မှ မရှိခဲ့ပါလား ဆိုတော့ ပထမဆုံး ခံစားလိုက်ရပြီး ဒါဘုရားရဲ့ ကျေးဇူးပဲနေမှာဆိုတာ တွေးမိတယ်။ သူတို့လေးတွေရဲ့ ဘ၀ တခြားသောကလေးတွေဘ၀ကဲ့သို့ ရှင်သန်အောင်ပေါ့။ ကျွန်မ အဲဒီအခါမှအပြစ်မရှိတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀ တခြားသောကလေးတွေ ဘ၀ကဲ့သို့ ရှင်သန်အောင်ပေါ့။ ကျွန်မ အဲ့ဒီအခါမှ အပြစ်မရှိတဲ့ ကလေးငယ်လေးတွေရဲ့ ကိုယ်အင်္ဂါချို့တဲ့မှုကြောင့် ခံစားနေရတာ မသိဘဲနဲ့ ဘ၀တူတွေ ချင်း သီးသန့်နေနေတာမို့ ပျော်နေတဲ့ကလေးတွေကိုကြည့်ပြီး ကျွန်မ မျက်ရည် ပေါက်ပေါက်ကျ ခဲ့ရတယ်လေ။ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ မဖြူဟာ မျက်ရည်ကိုပုံးနဲ့ လာခံရင်တောင် ပြည့်သွားမလားဘဲ။ ကျွန်မရဲ့ စိတ်ကို ဘုရားသခင်က ပထမဦးစွာ ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ကျွန်မအိမ်ပြန်ရောက်ပြီးမှ ဘုရားဆိုတာ ကျွန်မ တွေးမိလာတော့တယ်။ ဘုရားအကြောင်း ကျွန်မ သိနှင့်လာတော့ပါတယ်။ ကျွန်မတစ်ခါမှ မဖတ်ဘူးတဲ့ ဘုရားစာအုပ်၊ ကျမ်းစာအုပ်၊ စိတ်ပုတီးနဲ့ မယ်တော်ကိုလည်း ကျွန်မ ပြန်ထိတွေ့မိတယ်။ ကျွန်မသိ သိချင်းတော့ အရာရာတိုင်းက ဘုရားရဲ့အလိုတော်ပဲဆိုတာ ဘုရားအလိုရှိတယ်ဆိုရင် အားလုံးဖြစ်နိုင်တယ်ဆိုတာပဲပေါ့။ ဘုရား ဘယ်အရာကို ဘယ်အချိန်မှာမှ အလိုရှိမလဲ ကျွန်မသိလိုက်ရတဲ့အခါ ကျွန်မကို အချိန်မနှောင်းခင်မှာပဲ နောက်ထပ် တစ်ဖန် အသစ် ပြန်လည်မွေးဖွားစေခဲ့တယ်။ ကျွန်မဘ၀ Born Again ပေါ့။ တကယ်တော့ ကျွန်မဘ၀က တစ်ဝက်သေနေပါပြီ၊ Half Dead ကို ကျွန်မ မေ့နေတယ်။ ဘုရားရဲ့အလိုရှိမှုဟာ ဘယ်မှာလဲဆိုတာ ကျွန်မ စိန်ဂျိုးဇက်ဆီမှာ အလုပ်တောင်းခံတုန်းက ကျွန်မကို မေရီဆီပို့ပေးလိုက်တာပဲလေ။

ဒါကြောင့် ကျွန်မ မေရီချက်စပင်ဆွံ့အ နားမကြားကျောင်း ရောက်လာခဲ့ရတာပေါ့။ ဘုရား ကျွန်မကိုပေးခဲ့ပါတယ်။ စကား မပြောနိုင်၊ နား မကြားနိုင်သူတွေဆီကို အရောက်ပို့ပေးခဲ့တယ်လေ။ စကားမပြောနိုင်မှတော့ ဒီလူတွေနဲ့ ကျွန်မ ဘယ်လိုပြိုင်ပြီး ရန်ဖြစ်မလဲ။ တစ်ချိန်က အလုပ်မှာ ကျွန်မဘယ်သူနဲ့မှ မတည့်ခဲ့ဘဲနဲ့ အခုတော့ ကျွန်မရဲ့ နှုတ်လျှာကို စောင့်ထိန်းနိုင်ဘို့အတွက် ဘုရားက ကျွန်မကို ပြုပြင် ပြောင်းလဲပေးလိုက်ပါတယ်။ ကျွန်မ သူတို့တွေကို သနားလာပြီး သူတို့တွေနဲ့ ကျွန်မစကားပြောနိုင်အောင် ကြိုးစားမယ်ဆိုပြီး ကျွန်မ ရုံးအလုပ်ထက် သူတို့ကိုစာပြပေးနိုင်ဘို့ စာသင်ပေးနိုင်ဖို့၊ စကားပြောနိုင်ဖို့၊ ကျွန်မ သင်တန်းတွေ တက်ရောက် ပညာ သင်လေ့လာခဲ့ပါတော့တယ်။ အဲဒီအခါမှာ ကျွန်မ သိပ်ပျော်သွားပြီလေ။ ကျွန်မ ပြောပြမယ့်စကားကိုလည်း သူတို့သိပြီပေါ့။ ကျွန်မရဲ့ အသံကိုလည်း သူတို့ကြားပြီပေါ့။ သူတို့တွေ အမြင်အာရုံနဲ့ ကြည့်ပြီး လှုပ်ရှားမှုတွေကို မှတ်သားကာ အများပြောတဲ့ အကြောင်းအရာကို သိလွယ် မှတ်လွယ်စေပါတယ်။ ကျွန်မလည်း သူတို့ နားလည်အောင် သင်ပြပေးတတ်လာတော့ သူတို့နဲ့ ထိတွေ့လာရတယ်။ ကျွန်မ စိတ်တွေ ပျော်လာတယ်။ တစ်နေ့ တစ်နေ့ ကျွန်မကို ဘုရားဘယ်လောက်ထိ ကောင်းချီးပေးနေသလဲ ဆိုတာ အဲဒီ ကောင်းချီးတွေ ကျွန်မ ရေတွက် မနိုင်တော့ပါဘူး။

                                    ကက်သရင်းဂျွန်