Sunday, July 5, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၄)

အင်းဝရောက်ခြေရာများ - အပိုင်း (၂၃)


အစ်ဂနေးဆီအူးစ် ဒေဘရစ်တိုသည် ရန်ကုန်တွင် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို၏ ရဟန်းဖြစ်သင်ကျောင်းမှ ပညာများ သင်ယူခဲ့ပြီး၊ ၁၇၉၃ ခုနှစ်ဇန်န၀ါရီလတွင် ဆရာတော် မန်တေဂါးဇား လက်တော်မှ အမရပူရမြို့တော်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် ဘုန်းတော်ကြီး အန္ဒြူးမောင်ကိုးနှင့် အတူ ဘားရ်နားဘိုက်အသင်းကို ၀င်ရောက်ခဲ့သည်။ စန်ဂျယ်ရ်မားနိုးနှင့် အတူတွဲ၍ ရန်ကုန်တွင် အမှုတော် ထမ်းရွက်ခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ၌ အောင်ပင်လယ် စစ်စခန်းတွင် (၂)နှစ် အကျဉ်းကျခဲ့သည်။ အကျဉ်းထောင်တွင်း ရှိစဉ်က ဒေဘရစ်တိုသည် မယ်တော်အား သီဆိုသော ဓမ္မသီချင်းများကို လက်တင်ဘာသာဖြင့် စပ်ဆို ရေးသားခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲများ ပြီးဆုံးသွားသောအခါ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး စိန်ဂျွန်းကျောင်းတွင် ပျံလွန်တော်မူသည့် ၁၈၃၂ ခုတိုင် အမှုတော် ထမ်းရွက်ခဲ့သည်။ ၁၈၃၂ ခုနှစ်၊ ဇွန်လ (၂၁) ရက် ကိုယ်တော်မြတ်ပွဲနေ့ကြီးမှာပင်၊ အသက်တော် ၇၀ ပြည့်တွင် ဘုန်းးတော်ကြီး တာရိုးလီ၏ လက်ဝယ်တွင် ပျံလွန်တော်မူခဲ့သည်။ (၄၁)

ဆရာတော် မန်တေးဂါးဇား၏ နောက်ဆုံးရက်များ

သက္ကရာဇ်+ ၁၇၉၃ ခုနှစ်သည် မြန်မာပြည်ကက်သလိခ်သာသနာအတွက် ပထမဆုံးသော တိုင်းရင်းသား ရင်သွေးငယ်များကို ရဟန်းဘောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် အထူး ဂုဏ်ယူ ၀မ်းမြောက်ခဲ့ရသော မင်္ဂလာနှစ်ဖြစ်ခဲ့သည်။ သို့သော် အသင်းတော်သည်   ၀မ်းမြောက်ဖွယ်ရာများနှင့် တွေ့ဆုံကြရသကဲ့သို့ ၀မ်းနည်းဖွယ်ရာအကြောင်းများနှင့်လည်း ကင်းကွာ၍ နေရပါ၊ တစ်နှစ်ကုန်ဆုံး၍ ၁၇၉၄ ခုနှစ်ဦးပိုင်းတွင် ဆရာတော်မန်တေဂါးဇားသည် သာသနာလုပ်ငန်းများကို အရှိန်အဟုန်တိုး၍ လုပ်ဆောင်ခဲ့သည်။ သာသနာနယ်မြေများကို မနားမနေ လှည့်လည် ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ ဤသို့ တရွာဝင် တရွာထွက် သွားလာ လှည့်လည်နေရင်း ဆရာတော်၏ ကျမ်းမာရေးသည်လည်း တဖြေးဖြေးနှင့် ဆုတ်ယုတ်လာခဲ့သည်။ တနည်းပြောရလျှင် “အင်းဝ ခြေလှမ်းများ“ကား နှေးကွေးလာပြီဟု ဆိုရပေသည်။

သက္ကရာဇ် ၁၇၉၄ ခုနှစ် သြဂုတ်လ (၄)ရက်နေ့၊ ညနေ (၄)ချက်တီးချိန်၊ အမရပူရမြို့တော်ရှိ ဆရာတော်ကျောင်းတိုက်တွင် ဆရာတော်ကြီး ဂေတားနို မန်တေဂါးဇားသည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ ဆရာတော်ကြီးသည် အသက်တော် (၄၉)နှစ် ပြည့်ပြီး၊ ဆရာတော်သိက္ခာ ၀ါတော် (၉) နှစ်ပြည့်ခဲ့သည် ဖြစ်သည်။ ဆရာတော်ကြီး မန်တေဂါးဇား၏ ဈာပန အခမ်းအနားကို ခမ်းနားကြီးကျယ်စွာဖြင့် အမရပူရမြို့ရှိ ခရစ္စယာန်သုဿန်တွင် သဂြိင်္ုလ်ခဲ့ကြသည်။

သခင် ဆရာတော်ဘုရား ပျံလွန်တော်မူသော သတင်းကို ကြားသိရသည့် ဘာသာဝင်တို့မှာ ၀မ်းနည်း နှမြောတသ ဖြစ်ခဲ့ကြရသည်။ ဆရာတော်မှာ အသက်အရွယ် အားဖြင့် နုပျိုသောအရွယ်ပင် ရှိသေးသည်။ သာသနာအတွင်း အခက်အခဲ မြောက်များစွာနှင့် တွေ့ကြုံ ရင်ဆိုင်နေရသော အချိန်အခါတွင် မိမိတို့အားကိုး အားထားရာ ပုဂိုလ်မြတ်အား ဆုံးရှုံးလိုက်ရခြင်းဖြစ်သည် အထူးပင် ၀မ်းနည်းဖွယ် ကောင်းလှသည်။ ဆရာတော် မန်တေဂါးဇားသည် မုံလှရွာ၏ နောက်ဆုံး ကျောင်းထိုင်ခဲ့ခြင်းဖြစ်သည်။

(၄၁) Catholic Mission of Southern Burma Burns and Oates,1909,p.18

သို့ဖြစ်၍ မုံလှရွာရှိ ဘာသာဝင်များသည် မိမိတို့ သခင် ဆရာတော်ဘုရား အတွက် စုပေါင်းမစ္ဆား ပူဇော်ခဲ့ကြသည်။ ထိုမစ္ဆားပူဇော်ချိန်မှာပင် ဘုန်းတော်ကြီး ဂျိုးဇက်ပေဒါမားတိုသည် အောက်ပါအတိုင်း သြ၀ါဒစကားကို မူရင်းအတိုင်း လက်ဝယ်ရှိသဖြင့် ဘုန်းတော်ကြီးများ၏ မြန်မာစကားကျွမ်းကျင်မှုကိုလည်း လေ့လာနိုင်ရန် အတွက် အဆိုပါသြ၀ါဒ၏ အဦးပိုင်းကို မူရင်းအတိုင်း ဖေါ်ပြလိုပါသည်။ (၄၂)

      “ဘာသာသူ အပေါင်းတို့၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတည်းဟူသော သဘောတရား သုပ္ပားကို ဘုရားသခင် ဖန်ဆင်းတော်မူသော ပထမ မိဘတို့မှစ၍ သ၀ိညာဏ အသက်ရှိ သတ္တ၀ါအပေါင်းတို့တွင် ဤကမ္ဘာမြေ အရပ်၌  အဘယ်သူ လွတ်ကင်းနိုင်ပါအံ့နည်း။ ----------- ဤ သ၀ိညာဏ အသက်ရှိသော သတ္တ၀ါအပေါင်းတို့ကို သေခြင်း သဘော မရွှေးမဆယ်၊ အတူတူကို ညှင်းဆဲနှိပ်ဆက်သည်ကို၊ ခိုင်းနှိုင်းစရာ ပမာဆိုသှ်ရှိသော်၊ ကောံရိတ်သော တံစဉ်ကွေးသည် တွေ့တွေ့သမျှ  အမှည့် အနု အကျမ်း အကောင်း မကောင်း မဆယ် မရှောင်မရှား အားလုံးတို့ကို ရိတ်ဖြတ်သကဲ့သို့ ၊ထို့အတူ သေမင်းသည် ကာလကိုလည်းမရွှေး၊ ဂုဏ်ကို မထောက်၊ အရွယ်ကိုလည်း မငဲ့၊ အရပ်ဒေသကိုလည်း မမျှော်၊ သေ ရမည့်အချိန် ရောက်လျှင်၊ သေရသည်ချဉ်း ပရိတ်သတ်တို့။

ဤသို့ အချိန်ကာလ နေ့ရက် စေ့ရောက်လျှင်၊ မလွဲမတိမ်း မရှောင်မရှားနိုင်သော သေရမြဲသော့ ကြောင့်၊ ကောဇာ သက္ကရာဇ် ၁၁၅၆ ခုနှစ် ၀ါခေါင်လဆန်း (၇)ရက်၊ စနေနေ့နေ၀င်ကျော် ၄ ချက်တီးချိန် ဂိုဏ်းအုပ် ဆရာတော် သခင်ဖုံးတော်ကြီး၊ ပြန်တော်မူချေပြီ ချစ်သားတို့။ ------------ ဤ လောက၌ လူတို့အချင်းချင်း ပြုရာဝတ်ရှိသှ်တွင် အကြင်သူ၏ တစုံတခု ကျေးဇူးဥပကာရရှိလျှင် ကျေးဇူးခံစာသူ မပြတ် အောင့်မေ့ မြှော်ထောက်၍ ကျေးဇူးရှင်ကို သဒ္ဒါ ရိုသေ လေးမြတ်ခြင်း ၀တ်တခုရှိသည်ကို ဧက ၀ုတ်မှတ်ရမည်။ သို့ဝတ်ရှိသှ်နှင့် အညီ၊ ယခု ပြန်တော်မူပြီးသော ရဟန်းပုဂိုလ်မြတ်တွင် တကာတကာမ ဘာသာသူတို့ ခံရပေသော ကျေးဇူးတော် အင်အား အတိုင်းထက် အလွန် ကြီးမြတ်ပေသည်ဖြစ်သောကြောင့် ထိုပုဂိုလ်မြတ်ကိုပင် တကာတကာမတို့က အထူးသဖြင့် သဒ္ဒါ ချစ်လေးမြတ်ခြင်း စေတနာ သဘောသိတ်ရှိမည်ကိုလည်း ဧက၀ုတ်မှတ်ရမည်။ ၀တ်ရှိသှ် အတိုင်း ထိုသဒ္ဒါ ရိုသေလေးမြတ်ခြင်း သဘောအတွက် အဟုတ်အဟတ် တကာတကာမတို့၏ ကပ်မိအောင် ထိုတမလွန်ဘ၀သို့ ကြွတော် မူသော ရဟန်းတော်တွင် ခံကြရပေသော ကျေးဇူး လက္ခဏာ သရုပ်ဖော်ထုတ်ပြ၍ ပြပါမည်။

ဤ ရဟန်းတော်မှာလျှင် ရှေးဦးတကြိမ် သာသနာတော် အကျိုးစီးပွား ဆောင်ရွက်အံ့ဟု စေတနာ သဘောစွဲသှ်နှင့်အညီ၊ သာသနာပိုင် ရဟန်းအကြီးချုပ်၊ အာဏာတော် အခွင့်ရ၍၊ မိမိဌာနကို ဌာနဟူ၍ မမှတ်၊ ဆရာမိဘဆွေမျိုး ယင်းချာအတူနေ ပေါက်ဖေါ်တို့ကိုလည်း၊ ပေါက်ဖေါ်ဟူ၍ မမှတ်သည် သာမက 

(၄၂) ” တနင်္ဂနွေနေ့တို့ ၌ ၄င်း၊ ပွဲနေ့တို့၌ ၄င်း ဘတ်ရသောကျမ်း ရွှေနှုတ်ကပတ်တော်ထွက်တို့၏ အဓိ ပ္ပယ်များတည်း” Homilies for Sundays and Festivals with appendix, all in Burmese (Bassein Catholic  Press .1869) 

မိမိအသက်တုံသော်လည်း အသက်ဟူ၍ မမှတ်၊ အားလုံးစုံ ကိုယ်တွင်း ကိုယ်ပ နှစ်မြောစ လောံသော အရာရာရှိသမျှကို ရဲရဲဝံ့ဝံ့ စွန့်ပစ်တော်မူပြီး၊ အသွယ်သွယ် အ၀၀၊ အထူး ထူးဘေးဥပါတ်အန္တာ ရာယ်ကြီး စွာသော ပင်လယ်သမုဒ္ဒယာ ခရီး အဓွန့်ရှဉ်စွာလွန်ကဲ့ ၍ ဤအရပ်ဒေသသို့ ချမ်းသာစွာ ရောက်ရှိလာတော်မူ၍ ရောက်လျှင်လဉ်း၊ စေတနာ နှစ်လုံးထားရင်း အတွင်း မဖေါက် မပြန်အသွေ မလှံ၊ ဘာသာသူတကာ တကာမတို့အား၊ ဘုရားသခင် ရွှေနုတ်ကပတ်တော် တရားလာတိုင်း ဟောကြားဆုံးမ္မ သွန်သင်တော်မူ၏၊ ဆယ်နှစ်ကျော်ရှိပြီးမှ ၊သာသနာတည်ရာ အရပ်၌ုသီတင်းသုံးနေသော သာသနာပိုင် စန္တူးပါပါး ရဟန်းတော်အကြီးချုပ်က မြန်မ္မာပြည်ကြီး၌ သာသနာပြုရှိသမျှ ရဟန်း သံဃာတော်မြတ်တို့ နှင့် တကွ ၊ဘာသာသူအပေါင်း တို့ကို ဘိသာပူးဟု ဆိုအပ်သော ဂိုဏ်းအုပ် ဆရာနှင့် အုပ်ချုပ် ထိန်းသိမ်းရမဉ်ဟု အမိန့်တော်တံဆိပ်စာ ရောက်ရှိလာသှ်ရှိသော်၊ ဤအရာ၌ ရဟန်းတို့ သုတ်ဝိနဉ်း ပညတ်ထုံးစံကရှိသှ်အတိုင်း ဘိသာပူးဂိုဏ်းချုပ်အဖြစ် အာဏာစွဲအောင် တပါးသော ဘိသာပူးရဟန်းတော်အကြီးက ကမ္မ၀ါကျမ်းတွင် ပညတ္တော်မူသော ပရိတ်တော်ရွတ်ဟောသဖြင့် သိက္ခာတင်မှသာလျှင်၊ ထိုအာဏာတော်အဖြစ် စွဲခြင်းသို့ ရောက်သှ်ဟု၊ ရဟန်းတို့ ၀ိနည်းရှိသှ်ကို ဤသို့ ပြန်တော်မူသော ရဟန်းတော်သှ် ၊လောကဂုဏ် သရေ အလိုမရှိသော်လဉ်း၊ သာသနာပိုင် ရဟန်းအကြီးချုပ် အမိန့်တော်ဖြစ်၍ ၊မပါယ်မလွဲ၊ ရိုသေစွာ ဦးထိပ်ရွက်ဆောင်၍ တံဆိပ်စာ ပါတော်မူသှ်အတိုင်း၊ ဘိသာပူးရဟန်းအဖြစ် သိက္ခာတင်ရ အောင်တကြောင်း၊ ထိုသာသနာပိုင် သံန္တူးပါပါး ကိုယ်တော်တိုင် ချေတော်ဖျားဦးဖြင့်ခိုက်၊ ရှိခိုး ဦးချ၍ နိုင်ငံဘာသာ လူစုအဘို့ တရားတော်နှင့် စပ်ဆိုင်သောအမှုအရာ  လျှောက်ခွင့်ရှိသမျှကို လျှောက်ထား အံ့သောငှါ တကြောင်း၊ နှစ်လုံးသားနှင့် ထိုရဟန်းတော်သှ် ၊ ဤအရပ်ဒေသမှ ခွာတော်မူပြန်၍ ၊တကာ တကာမတို့အား မေ့တသသလျှက်၊ တဖန် အလွန်ခက်ခဲသော သမုဒ္ဒယာလမ်းကို လွန်သဖြင့်၊ သာသနာ တဉ်အရပ် ပြည်ကြီးသို့ ချမ်းသာစွာ ဆိုက်ရောက်တော်မူ၏--------“

ထိုနောက်ဘုန်းတော်ကြီး ဂျိုးဇက်ပေ ဒါမားတိုသည် ဆရာတော်မန်တေဂါးဇား အီတလီပြည်၌ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအကြောင်း ဆရာတော်ဘိသိတ် မင်္ဂလာခံယူခဲ့သည့်အကြောင်း သာသနာပြုစိတ်ဓါတ် ပြင်းပြလွန်းလှသဖြင့် ဆရာတော်သည် မြန်မာပြည်သို့ အလွန် ခက်ခဲလှသည့် ပင်လယ်ပြင် ခရီးအတိုင်း ပြန်လည် ကြွမြန်းလာခဲ့သည့်အကြောင်း အစရှိသော အကြောင်းအရာများကို ထုတ်ဖေါ် ဟောပြောသွားခဲ့လေသည်။ ဆရာတော်သည် ခရီးထွက်ခဲ့စဉ်က အီတလီပြည်၌ (၆)နှစ်တာမျှ ကြာမြင့်ခဲ့သော်လည်း မိမိနေရပ် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသော အခါ၊ မိမိ ဘာသာဝင် ကလေးလူကြီး အားလုံး၏ အမည်များကို မမေ့မလျော့ တတ်အပ်သေချာစွာ ထုတ်ဖေါ် ခေါ်ဝေါ် နှုတ်ဆက်နိုင်ခဲ့လေသည်။ သို့ဖြစ်၍ ဘာသာဝင် အပေါင်းတို့ အပေါ်၌ ဆရာတော်ဘုရား၏ မေတ္တာ ကရုဏာ ကြီးမားလှကြောင်းများကို ဖွင့်ဟ ဟောပြောတော်မူလျက် ချီးမွမ်းခန်းများ ထုတ်ဖေါ်ခဲ့လေသည်။ နိဂုံးချုပ်အနေဖြင့် မိမိတို့အဘ ပီတာမြတ်အတွက် ၀မ်းနည်းကြေကွဲကြခြင်း၊ ဆုတောင်း မေတ္တာပို့သပေးကြခြင်းတို့သည် ကောင်းမွန် မြင့်မြတ်တော်မူပါသည်။ သို့သော် မိမိတို့ ဆရာတော်ဘုရား မိမိတို့နှင့် အသက်ထင်ရှားရှိစဉ် အခါက ဟောကြား သွန်သင် ဆုံးမတော်မူခဲ့သော တရားတော်ကို နှလုံးသွင်း၍ လိုက်နာ ကျင့်ဆောက်တည်ခြင်းသည် ပိုမို အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သတိပေး သြ၀ါဒ မြွက်ကြားတော်မူသည့် အကြောင်းများကို ဖတ်ရှုရသည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၅)