Thursday, June 11, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၃)

အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)


ရန်ကုန်မြို့ပေါ် လုပ်ဆောင်ခဲ့သော သာသနာလုပ်ငန်းများ။ (၃၉)

မယ်တော်သခင်မကွန်ဗင်း The Assumption Convent.
ရန်ကုန်မြို့တွင် ဘားရ်နားဘိုက်သာသနာပြုများသည် သက္ကရာဇ် ၁၇၆၈-ခုနှစ်ကပင် သာသနာလုပ်ငန်းများကို စတင်ပြီး အခြေချ ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က ဘုန်းတော်ကြီး ပီအို ဂါလီဇီယားသည် ဘားရ်နားဘိုက်အဖွဲ့ဝင်များတွင် ရန်ကုန်မြို့၏ ပထမကျောင်းထိုင်အဖြစ် တာဝန်ယူထမ်းရွက်ခဲ့ခြင်းဖြစ်သည်။ ၁၇၇၂-ခုနှစ်တွင် ဘုန်းတော်ကြီး မာချဲလို ကော်တင်းနိုးဗစ်သည် မိုးကောင်းကင်သို့ ပင်ဆောင်ခံရတော်မူသော မယ်တော်သခင်မ ဘွဲ့ခံကျောင်းတော်တွင် တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ ဤကျောင်းတော်တည်ရှိသော နေရာသည် မြို့ရိုးသဖွယ် ခံတပ်စည်းရိုးဖြင့် ၀ိုင်းရံထားသော မြို့မတည်ရှိရာအရပ်တွင် ရှိခဲ့သည်။ ဘုန်းတော်ကြီး မာချဲလိုကော်တင်းနိုးဗစ် လက်ထက်တွင် အဆိုပါ ဘုရားရှိခိုးကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ်များကို တိုးချဲ့ ဆောက်လုပ်ခဲ့သည်။ ကျောင်းဆောင်သစ်များ အားလုံးကို မြန်မာ သစ်တောထွက်ပစ္စည်းများကိုသာ အသုံးပြုလျက် မြန်မာနည်း မြန်မာ့ပုံစံများဖြင့် ဆောက်လုပ်ခဲ့သည်။ ထိုကျောင်းဆောင်သစ်များကို အမျိုးသမီးကလေးများ ပညာသင်ကြားရေးအတွက် ရည်ညွှန်း ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။ ဤ စာသင်ကျောင်းသည် အမျိုးသမီး ဦးရေ (၁၀၀၀) တစ်ထောင်ခန့် ဆံ့သော ပညာရေးကျောင်းဖြစ်သည်။ ကျောင်းသူကလေးများအား ထိန်းကျောင်း သင်ကြားပေးရန်အတွက် မြန်မာအမျိုးသမီး အချို့ကို အုပ်ထိန်းသူများ အဖြစ် ခန့်ထားသည်။ အဆိုပါ အုပ်ထိန်းသူများသည် အီတလီပြည်၏ ဘားရ်နားဘိုက်အသင်းဂိုဏ်းမှ  ထပ်ဆင့် တည်ထောင်ထားသော သီလရှင်ကြီးများ အသင်းဂိုဏ်း၏ ၀ိနည်း စည်းကမ်းများအတိုင်း လိုက်နာ စောင့်ထိန်းနေထိုင် ကြရသည်။ ဘုန်းတော်ကြီး မာချဲလို ကော်တင်းနိုးဗစ် ဖွင့်လှစ်ပေးခဲ့သော အမျိုးသမီး ပညာရေးကျောင်းသည် နောင်တွင် ပေါ်ပေါက်လာခဲ့သော ကွန်ဗင်းကျောင်း အားလုံး၏ ရှေ့ပြေး အမျိုးသမီးပညာရေး စာသင်ကျောင်းများ ဖြစ်ခဲ့သည်။

(၃၉) A New Account of the East Indies, 1727. Vol 2.pg.15.By Alexander.
  ii Della Vita di Giovanni Maria Percoto, Undine 1781.ByM.A Griffini.
  iii. A Description of the Burmese Empire’ Sangermano

(ခ) စိန်ဂျွန်း အမျိုးသားကျောင်း St. John’s Boys School.
ရန်ကုန်မြို့တွင် အမျိုးသားကလေးများအတွက် စာသင်ကျောင်းကိုလည်း စိန်ဂျွန်းဘတ္တစ္စတားဘုရားကျောင်းတွင် ဘားရ်နားဘိုက်များမှ ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရှိရသည်။ ဘုန်းတော်ကြီး ကာရ်ပါးနီသည် သက္ကရာဇ် ၁၇၆၇ ခုနှစ် ရန်ကုန်မြို့ စိန်ဂျွန်း ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဖြစ်ခဲ့သည်။ စိန်ဂျွန်း ဘုရားရှိခိုးကျောင်းသည် မယ်တော်သခင်မ ဘုရားကျောင်း တည်ရှိရာသည် ရန်ကုန်မြို့မ၏ ပြင်ပရှိ ‘တပ်ကလေး’ ခေါ် ရပ်ကွက်တွင် တည်ရှိသည်။ တပ်ကလေးသည် မြို့မပြင်ပတွင် ရှိသော်လည်း မြို့မထက် လူဦးရေများပြားပြီး လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ ၁၇၈၆-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ကျောင်းထိုင် ဘုန်းတော်ကြီး ဖြစ်ခဲ့သည်။ ၁၇၈၇-ခုနှစ်တွင် အထက်မြန်မာပြည် မြောင်မြို့နယ်၊ နဘက်ရွာမှ ကုန်သည်ကြီး. ဦးမြတ်ကျော်၏ ကောင်းမှုဖြင့် ကျောင်းဆောင်များကို ဥရောပတိုက် ပုံစံအတိုင်း အုတ်များအသုံးပြုခါ ဘုန်းတော်ကြီး ကာရ်ပါးနီ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်များကို ပြုပြင် မွမ်းမံတိုးချဲ့ ဆောက်လုပ်ပေး
ခဲ့သည်။ ထိုပြင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ကျောင်းတွင် သင်ကြားပို့ချပေးနေသော ပညာသင်ရိုးညွှန်းကိုလည်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့သည်။(၄၀)

စိန်ဂျွန်း အမျိုးသားကျောင်းတွင် သဒ္ဒါကျမ်းစာစီစာကုံး ဒဿနိကဗေဒ၊ ဂဏန်းသင်္ချာ၊ ပထ၀ီ၊ ရေကြောင်းပညာ အတတ်ပညာ အစရှိသော ဘာသာရပ်စုံကို သင်ကြားပေးသည်။ ကျောင်းသည် စည်းကမ်း ကြီးမားသည်။ စန်ဂျယ်ရ်မားနို ကိုယ်တိုင်ပင် ကျောင်းစည်းကမ်း ချိုးဖေါက်သူများအား ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးလေ့ရှိသည်။ ကျောင်းသားများမှာ အချိန်မှန်မှန် စာသင်ကြားရသည်။ စာကျက်ရသည်။ ကာယဖွံ့ဖြိုးရေးအတွက် အားကစားနှင့် လက်တွေ့လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်ကြရသည်။ သို့ဖြစ်၍ ကျောင်းသားကလေးများ ပညာရေးဘက်တွင် ထူးချွန်ကြပြီး တာဝန် ၀တ္တရားများကို စည်းကမ်း သေ၀ပ်စွာဖြင့် စောင့်ထိန်းကြသည့် ကျောင်းသားကလေးများ ဖြစ်ကြသည်ဟု ပြင်ပလောကမှ လက်ခံထားကြသည်။ သို့ဖြစ်၍ စည်းကမ်း ထိန်းသိမ်းလိုက်နာမှု မြင့်မားပြီး ပညာရေးဘက်တွင် ထူးချွန် တတ်မြောက်သည့် ကျောင်းသားကလေးများကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ကျောင်းဆင်းများကို လုပ်ငန်းရှင်ကြီးများကို မိမိတို့ လုပ်ငန်းခွင်များ၌ အသုံးချရန် အထူး လိုလား တောင့်တခဲ့ကြသည်။ ၁၇၆၀-ခုနှစ်များမှ စတင် ဖွင့်လှစ်ခဲ့သော ရန်ကုန်ဆိပ်ကမ်းကြီးသို့ ပင်လယ်ကူးသင်္ဘောကြီးများအား ရေကြောင်းပြမူးများ အဖြစ် အမှုထမ်းဆောင်ရွက်ကြသော ရေတပ်မှုးများမှာ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို၏ တပည့်သားရင်း ကျောင်းဆင်းများပင် အများစု ဖြစ်ကြသည်။

(၄၀) ‘ It  (the school of Father Sangermano) contained fifty students who were instructed in several  branches of learning and science, so that besides ecclesiastics it has produced skilful engineers, physicians and even pilots. “
Cf.Beginnings of Christian Missionary Education in Burma. “U Kaung. J B R S. 50th Anniversary 1960.pg.129

(ဂ) စိန်ဂျွန်း တွဲဘက် ရဟန်းဖြစ်သင်ကျောင်း St. John’s Minar Seminary.
မြန်မာတိုင်းရင်းသားများ ကက်သလိခ် ရဟန်းဘောင်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်၍ ပထမဆုံး ဖွင့်လှစ်ခဲ့သော ရဟန်းဖြစ်သင်ကျောင်းမှာ ၁၇၇၁-ခုနှစ်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာတွင် ဆရာတော်ပယ်ရ်ကိုတို ဖွင့်လှစ်ခဲ့သောကျောင်း ဖြစ်သည်။ ၁၇၈၀-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် အဆိုပါ ရဟန်းဖြစ်သင်ကျောင်းကို စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ရွာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ တဖန် ၁၇၈၆-ခုနှစ်တွင် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုသည် ရန်ကုန်သို့ တာဝန် ရွှေ့ပြောင်း ထမ်းယူသောအခါ အဆိုပါ ရဟန်းဖြစ်သင်ကျောင်းကို မိမိနှင့် တပါတည်း ရန်ကုန်သို့ ပြောင်းရွှေ့ သွားခဲ့ပြန်သည်။ ထိုတတိယအကြိမ်မြောက် ပြောင်းရွှေ့ခဲ့သော ရဟန်းဖြစ်သင်ကျောင်းကို ရန်ကုန် စိန်ဂျွန်းဘတ္တစ္စတား စာသင်ကျောင်းတွင် တွဲဘက်ထား၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရဟန်းဖြစ်သင်ကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသားကလေးများသည် ကျောင်းတော်၏ စာပေ သင်ရိုးညွှန်းကို လိုက်နာသင်ကြားရသည့် အပြင် ဘာသာရေးဆိုင်ရာ ပညာရပ်များ ကျမ်းစာများ ဒဿနိဗေဒ၊ တို့ကိုလည်း သင်ယူကြရသည်။

မြန်မာတိုင်းရင်းသားများ ကက်သလိခ် ရဟန်းဘောင်သို့ တက်လှမ်းခဲ့ကြ

မြန်မာပြည်ရှိ ကက်သလိခ်သာသနာ တိုးတက်ပြန့်ပွားရေးနှင့် သာသနာ အဓွန့်ရှည် တည်တန့်ခိုင်မြဲရေးအတွက် ဒေသခံ   တိုင်းရင်းသားများ သာသနာ့ဘောင်တွင် ရှိနေခြင်းသည် အထူးအရေးကြီးကြောင်း ဘားရ်နားဘိုက် သာသနာပြုတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ဤစီမံကိန်း အောင်မြင်မှု အတွက် ဆရာတော်ပယ်ရ်ကိုတက် လက်ထက်မှ စတင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ဆရာတော် မန်တေဂါးဇားလက်ထက်တွင် မိမိတို့ မျှော်မှန်းထားသော ပန်းတိုင်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ဤ ပန်းတိုင်သို့ မဖြစ်မနေ ဇွဲလုံးလဖြင့် ခရီးနှင်ခဲ့သူမှာ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနိုဖြစ်သည်။ ၁၇၈၆ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့သော စိန်ဂျွန်း ရဟန်းဖြစ်သင်ကျောင်းသည် (၇)နှစ်တာ အတွင်း အောက်ဖေါ်ပြပါ မြန်မာ တိုင်းရင်းသားကလေးများကို သာသနာ့ဘောင်သို့ ပို့ဆောင် ပေးနိုင်ခဲ့သည်။

၁။ ဦးပဉ္စင်းကြီး၊ ဂျိုးဇက် မောင်မောင်ကြီး
၂။ ဦးပဉ္စင်းကြီး အန္ဒြူး မောင်ကိုး၊
` ၃။ ဦးပဉ္စင်းကြီး အစ်ဂနေးဆီအုးစ် ဒေဘရစ်တို။
၎။ ဦးပဉ္စင်းကြီး ဒီပေါလို၊
၅။ ဦးပဉ္စင်းလေး (၂)ပါး
` ၆။ သိက္ခာတော်ရ ကိုရင်ကြီး (၂)ပါး။
၇။ သင်္ကန်းရ ကိုရင် ၁၂ ပါးတို့ ဖြစ်ကြသည်။

သက္ကရာဇ် ၁၇၉၃ ခုနှစ် ဇန်န၀ါရီလသည် မြန်မာပြည် ကက်သလိခ်သာသနာတော်အတွက် သမိုင်းစဉ်ဆက် မမေ့အပ်သော မင်္ဂလာနှစ်မြတ်ဖြစ်သည်။ သာသနာဟူသည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါး ပြည့်စုံမှသာလျှင် သာသနာတော်၏ အင်္ဂါရပ်များဖြင့် ပြည့်စုံသည် ဟုဆိုရပေမည်။ ဘားရ်နားဘိုက် သာသနာပြုတို့သည် သာသနာတော်ကို တည်ထောင်ရာ၌ ဦးစွာ ပထမ ဘုရားအကြောင်းကို ဟောပြောခဲ့ကြသည်။ တရားတော်ကိုလည်း သွန်သင် နှလုံးသွင်းပေးခဲ့ကြသည်။ ထိုရတနာများ ပြည်စုံပြီး ယခုမှု တတိယ ရတနာများဖြစ်သော သံဃယတော်များကို မွေးထုတ် ပေးခဲ့ကြသော အချိန်သို့ စိုက်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ၁၇၉၃ ခုနှစ် ဇန်န၀ါရီလမှာပင် အထက်မြန်မာပြည် အမရပူရမြို့တော်၌ ဆရာတော် မန်တေဂါးဇားသည် မြန်မာတိုင်းရင်းသား ရင်သွေးကလေးများဖြစ်သော ဦးပဉ္စင်းကြီး ဂျိုးဇက် မောင်မောင်ကြီး၊ ဦးပဉ္စင်းကြီး အန္ဒြူးမောင်ကိုးနှင့် ဦးပဉ္စင်းကြီး အစ်ဂနှေးဆီအူးစ် ဒေဘရစ်တိုတို့အား ရဟန်းဘောင်သို့ တင်မြှောက်ပေးခဲ့သည်။ မြန်မာပြည်ရောက် ဘားရ်နဘိုက် သာသနာပြု အဖွဲ့အားလုံး၏ ၀င့်ကြွားဖွယ်ရာ ဂုဏ်ယူဖွယ်ရာ နေ့မြတ်ဖြစ်သည်။ အလားတူ မြန်မာရင်သွေး ကလေးများကို မွေးထုတ်ပေးခဲ့သည့် မိဘများကိုလည်း အထူးပင် ဂုဏ်ပြုအပ်သော နေ့မြတ်ဖြစ်သည်။

ရဟန်း သိက္ခာတော်ကို မြန်မာ့မြေပေါ်တွင် ပထမဆုံးအကြိမ် ခံယူခဲ့ကြသော ရဟန်း(၃)ပါးတို့ အကြောင်းကို အောက်တွင် အကျဉ်းမျှ ဖေါ်ပြအပ်ပါသည်။

(၁) ဘုန်းတော်ကြီး ဂျိုးဇက် မောင်မောင်ကြီး
ဂျိုးဇက်မောင်မောင်ကြီးသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ၊ချမ်းသာရွာတွင် ဖွားမြင်ခဲ့သည်။ ၁၇၇၂ ခုနှစ်တွင် ဆရာတော် မန်တေဂါးဇားသည် ချမ်းသာရွာတွင် စတင် အမှုထမ်းရွက်ခဲ့ပြီး၊ ကလေးများ ပညာသင်ကြားရေး အတွက် စာသင်ကျောင်း ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းတွင် ဂျိုးဇက် မောင်မောင်ကြီးသည် ပညာသင်ရင်း ကြီးပြင်းလာခြင်း ဖြစ်သည် ။ ရဟန်းတပါး ဖြစ်လိုသဖြင့် မုံလှရွာတွင် ဖွင့်လှစ်ထားသော ရဟန်းဖြစ်ကျောင်းသို့၎င်း၊ ထိုနောက် နဘက်ရွာသို့ ပြောင်းရွှေ့သွားသော ရဟန်းဖြစ်သင်ကျောင်းနှင့် ရန်ကုန်သို့ နောက်ဆုံးအကြိမ် ရောက်ရှိသွားပြီး၊ ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို လက်အောက်မှာပင် ပညာရပ်များကို ဆက်လက် ဆည်းပူးပြီး ဆုံးခဲ့ခြင်း ဖြစ်သည်။ ၁၇၉၃ ခုနှစ်တွင် ချမ်းသာရွာသည် မြန်မာ တိုင်းရင်းသားထဲမှ ပထမဆုံး ရဟန်းတော်ကို မွေးထုတ်ပေးခဲ့သည့်နည်းတူ၊ နှစ်ပေါင်း (၁၆၀)ကျော် ရောက်ချိန်၊ သက္ကရာဇ် ၁၉၅၄ ခုနှစ်တွင်၊ မြန်မာတိုင်းရင်းသားထဲမှ ပထမဆုံးသော ဆရာတော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြန်သည်။ ဤ ပုဂိုလ် (၂)ပါးစလုံးသည် ဂျိုးဇက်ဘွဲ့ အမည်ကို ခံယူထားကြသည်။ ဂျိုးဇက် မောင်မောင်ကြီးသည် ရဟန်းဝါတော် (၁၇)နှစ်၊ သက္ကရာဇ် ၁၈၁၀ ခုနှစ် မုံလှရွာံတွင် သာသနာဝန်ကို ထမ်းဆောင်နေခိုက် ပျံလွန်တော်မူခဲ့သည်။ ရဟန်းတို့၏ ဂုဏ်သိက္ခာတော်နှင့် ပြည့်စုံပြီး ဘာသာတူများ၏ ကြည်ညို လေးစားမှုကို ခံစားရရှိသည်။ ၁၈၄၂ ခုနှစ် ပိုင်းများတွင် ရောက်ရှိလာကြသော အိုဘလိတ် (Oblates) သာသနာပြုများအား ရှေးမီ ကက်သလိခ် ဘာသာတူများမှ ဘုန်းတော်ကြီး ဂျိုးဇက် မောင်မောင်ကြီးအကြောင်းကို ချီးမွမ်း မဆုံး ဖြစ်နေကြသေးသည်။

(၂) ဘုန်းတော်ကြီး အန္ဒြူး မောင်ကိုး
ဘုန်းတော်ကြီး အန္ဒြူး မောင်ကိုးသည် စစ်ကိုင်းတိုင်း တန်ဆည်မြို့နယ်၊ ချောင်းရိုးရွာတွင် ဖွားမြင်ခဲ့သည်။ နဘက်ရွာ ရဟန်းဖြစ်သင်ကျောင်းမှ တဆင့် ရန်ကုန်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၇၉၃ ခုနှစ် ဇန်န၀ါရီလတွင် ဆရာတော်မန်တေဂါးဇားလက်မှ အမရပူရမြို့တော်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည် ဘုန်းတော်ကြီး အန္ဒြူးမောင်ကိုး၏ ထူးခြားချက်မှာ ဘုန်းတော်ကြီးသည် မြန်မာတိုင်းရင်းသားထဲမှ ပထမဆုံး သူတော်စင်ဂိုဏ်းဝင် (Religious) ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး အစ်ဂနေစီဦးစ်နှင့် အတူ ၁၈၀၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ဘားရ်နားဘိုက် အသင်းသားတို့၏ ကတိသစ္စာများကို ပြုကြလျက် အသင်းဂိုဏ်းကို ၀င်ရောက်ခဲ့သည်။ သက္ကရာဇ်  ၁၈၀၆ ခုနှစ် ဘုန်းတော်ကြီး စန်ဂျယ်ရ်မားနို အီတလီပြည်သို့ ပြန်လည် ကြွမြန်းသွားသောအခါ ဘုန်းတော်ကြီး မောင်ကိုးသည် ရန်ကုန်သာသနာရှိ စိန်ဂျွန်းကျောင်းကို တာဝန်ယူခဲ့ရသည်။ ပညာရေးဘက်တွင် နှစ်ပေါင်းမြောက်များစွာ သယ်ပိုးထမ်းရွက်ပြီး အင်းဝသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ၇န်ကုန်တွင် ဘုန်းတော်ကြီး ဒီဘရစ်တို တပါးတည်း ကျန်ရှိသဖြင့် အင်းဝမှ ပြန်လည်ထွက်ခွါ၍ ရန်ကုန် စိန်ဂျွန်းကျောင်းတွင် ပြန်လည် တာဝန်ယူ ထမ်းရွက်ခဲ့ရသည်။ ၁၈၂၄ ခုနှစ်တွင် စတင်ခဲ့သော ပထမ-အင်္ဂလိပ် မြန်မာ စစ်တွင်းကာလတွင် ဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်။ မိမိကျောင်းတော်ကြီးအား ဗြတိသျှတို့ လက်ချက်ဖြင့် မီးလောင်ကျွမ်းသည်ကို မျက်မြင်ကိုယ်တွေ့ ခံစား လိုက်ရသည်။ စစ်အတွင်းအချိန်က ခံစားရရှိခဲ့သော ဒဏ်များဖြင့်ပင် ၁၈၂၄ ခုနှစ်၌ ရန်ကုန်တွင် ပျံလွန်တော်မူခဲ့သည်။

(၃) ဘုန်းတော်ကြီး အစ်ဂနေးစီးဦးစ် ဒေဘရစ်တို
ဘုန်းတော်ကြီး အစ်ဂနေးစီးဦးစ် ဒေဘရစ်တိုသည် ပေါ်တူကီအမျိုးသား ဖခင်ဖြစ်သူနှင့်၊ အိန္ဒိယ အမျိုးသမီး မိခင်ဖြစ်သူ ၊မိဘနှစ်ပါးမှ ရန်ကုန်တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါး ကက်သလိခ်ဘာသာဝင် မဟုတ်သော်လည်း ဒီဘရစ်တိုသည် ငယ်စဉ်အချိန်ကပင် ကက်သလိခ်ဘာသာထဲသို့ ၀င်ရောက်လာခဲ့သည်။ ဘာသာထဲသို့ ၀င်ရောက်လာသော အစ်ဂနေးဆီးအူးစ် ဒေဘရစ်တိုသည် ဘားရ်နားဘိုက် ဘုန်းတော်ကြီးများ၏ စိတ်တိုင်းကျ သူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ ဒေဘရစ်တိုသည် အလွန် ထူးခြားသူဖြစ်သည့် အပြင် နာခံမှု ကြီးမားသူ၊ မိမိကိုယ်ကို မိမိယုံကြည် စိတ်ချသူတစ်ဦး ဖြစ်ခဲ့သည်။ နဘက်ရှိ ရဟန်းဖြစ်သင်ကျောင်းသို့ ဦးစွာ ပထမ တက်ရောက်ခဲ့သည်။ ထိုနောက် ဘုန်းတော်ကြီး စန်ဂျယ်မားနိုနှင့် အတူ ရန်ကုန် စိန်ဂျွန်းကျောင်းသို့ ပညာများကို ဆက်လက် သင်ကြားခဲ့သည်။ အီတလီမှ ရောက်ရှိလာသော သာသနာပြုများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ဘို့ အီတလီဘာသာစကား၊ စာများကို သင်ကြားခဲ့ရာ ဘုန်းတော်ကြီးများ၊ အထူး ချီးမွမ်းခံရလောက်အောင် အီတလီဘာသာစကားကို တတ်မြောက်သူ ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်၊ ဟင်ဒူစတန်နီ၊ ပါဠိ၊ အစရှိသော ဘာသာစာပေများကိုလည်း တတ်ကျွမ်းသူဖြစ်သည်။ စာမျက်နှာ ၅၀၀ ပါရှိသော အီတလီ-မြန်မာသဒ္ဒါကျမ်းကိုလည်း ရေးသားပြုစု ခဲ့သည်။ အလားတူ အီတလီ-မြန်မာ-ပါဠိ (၃) ဘာသာတွဲ အဘိဓာန်ကျမ်းကိုလည်း ပြုစုခဲ့သည်။

အစ်ဂနေးဆီအူးစ် ဒေဘရစ်တိုသည် စာပေအပြင်၊ ဆေးဘက်ဆိုင်ရာ ပညာရပ်၌ ကျွမ်းကျင်သူ ဖြစ်သည်။ အီတလီ-မြန်မာ လက်တင် (၃) ဘာသာဖြင့် ဆေးကျမ်းများကိုလည်း ရေးသားပြုစုခဲ့သည်။ မြန်မာတိုင်းရင်းဆေးများကို လက်တင်ဘာသာ အခေါ်အဝေါ်များနှင့် တွဲပေးသည်။ တနည်းဆိုသော် အရှေ့တိုင်း ဆေးပညာနှင့် အနောက်တိုင်း ဆေးပညာရပ်များကို ဆုံဆည်း ဖလှယ်ပေးခြင်းဖြစ်သည်။

အနုပညာပိုင်းတွင်လည်း တေးဂီတ အနုပညာသည်တစ်ဦး ဖြစ်သည့် အလျောက် အထူးသဖြင့် ဓမ္မတေးများကို စပ်ဆို ရေးသားခဲ့သည်။ မော်လမြိုင်မြို့ရှိ ကက်သလိခ်အသင်းတော်အတွက် ပေါ်တူဂီ ဘာသာစကားဖြင့် ခရစ္စမတ်ဓမ္မတေးများကို စပ်ဆို ရေးသားပေးခဲ့သည်။ ပါစကားအချိန်၌ ဆိုအပ်သော ဓမ္မတေးများကိုလည်း လက်တင်ဘာသာဖြင့် ရေးသား စပ်ဆိုခဲ့သည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၄)

Read More...

Sunday, June 7, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)


မန်တေဂါးဇား ရေးသားပြုစုခဲ့သော မြန်မာသမိုင်းစာအုပ်သည် အရေးအသား ပြေပြစ်သည်။ အီတလီ အမျိုးသားတစ်ဦး ဖြစ်သော်လည်း ပြင်သစ်စာပေမှာ အထူး ပြောင်မြောက်လှပေသည်။ မြန်မာပြည် အကြောင်းကို အခြားသော အနောက်တိုင်းသားတို့ကလည်း ရေးသား ပြုစုခဲ့ကြသည်။ သို့သော် ဘားရ်နားဘိုက် သာသနာပြုပုဂ္ဂိုလ်များ မြန်မာပြည် မြေပေါ်သို့ အခြေချပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သော သမိုင်းစာအုပ်များမှာ ထူးခြားချက်များ ရှိသည်မှာ အမှန်ပင် ဖြစ်လေသည်။ ယင်းပုဂ္ဂိုလ်များသည် သာသနာလုပ်ငန်းများကို ထမ်းဆောင်ကြရင်း မြန်မာအမျိုးသား လောကထဲသို့ ခြေစုန်ပစ်၍ ၀င်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍လည်း ၄င်းတို့မှ တင်ပြသော သမိုင်းများတွင် မြန်မာတို့၏ ကိုးကွယ် ယုံကြည်ကြသည့် ဘာသာအယူဝါဒ အကြောင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများအကြောင်း၊ မြန်မာလူမျိုးတို့၏ စာပေအကြောင်း သမိုင်းဖြစ်ရပ်များအကြောင်းနှင့် ပထ၀ီအကြောင်းများကိုပါ ပြည့်စုံစွာ ရေးသား တင်ပြထားသည်ကို တွေ့ရှိရပေသည်။ ၄င်းတို့ တင်ပြသည့် သမိုင်း ရှုဒေါင့်များအနက် ထူးခြားသည့်အကြောင်း တစ်ရပ်မှာ မြန်မာ့သမိုင်း ဖြစ်ရပ်များကို အချိန် အတိအကျနှင့် အနီးစပ်ဆုံး တင်ပြနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ မန်တေဂါးဇား၏ သမိုင်းစာအုပ်ကို ဗီဗီးယမ်းဘ (Vivan Ba) (၃၂) က အောက်ပါအတိုင်း ဝေဖန် သုံးသပ်ချက်များကို ပြုလုပ် ဖေါ်ပြခဲ့သည်။

(၃၂) The Author of ‘The Early Catholic Missionaries in Burma ‘ See his articles in THE GUARDIAN’ 

အရေးအသားမှာ  ခိုင်လုံမှုနှင့် မျှတမှု သဘောတရားများကို တွေ့ရှိရပေသည်။ ကမ္ဘာ လှည့်ခရီးသည် စာရေးသူတစ်ဦးကဲ့သို့၎င်း ဖြတ်သန်းသွားလာသော သူတယောက်ကဲ့သို့၎င်း၊ ဆန်းပြားစွာ ရေးသားထားမှုလည်း မရှိ၊ လွန်ကဲ၍ ရေးသားထားမှုလည်း မရှိချေ။ နိုင်ငံခြား သံတမန်တစ်ဦး၏ မလိုတမာ စိတ်မျိုးလည်း လုံးဝ မတွေ့ရှိရချေ။’’ (၃၃) မှန်သည်။ ဆရာတော်လောင်း မန်တေဂါးဇားသည် မည်သည့် နိုင်ငံရေးအစိုးရအတွက်မျှ ရည်မှန်း၍ ယင်းသမိုင်းစာအုပ်ကို ရေးသားခဲ့ခြင်း မဟုတ်၊ အနောက်တိုင်းရင်းသားတို့အား အပို အလိုမရှိ အဖြစ်မှန်ကို တင်ပြရန်သာ လိုရင်းအချက် ဖြစ်လေသည်။ ဥပမာ အခန်း (၆)တွင် အစဉ် ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်လိုကြသော မြန်မာတို့၏ မြင့်မြတ်သော စိတ်ထားကို ချီးမြှောက်ထားပြီး အနောက်တိုင်း၌ ဖြစ်ပေါ်နေသော ယုတ်ညံ့သည့် စိတ်ထားများကို ရူတ်ချထားလေသည်။ အလားတူစွာ အခန်း(၇)တွင် မြန်မာပြည်သည် တနေ့အဟုတ် တနေ့ အင်္ဂလန်၊ ပြင်သစ်၊ ဟော်လန်အစရှိသော အနောက်ရေတပ် အင်အား အုပ်စုတို့၏ လက်အောက်သို့ ကျရောက်နိုင်မည့်အကြောင်းကို ကြိုတင် ဝေဖန် သုံးသပ်ထား၍ သတိပေးထားသည်ကို ဖတ်ရှုရသည်။ ဤသို့ ငြိမ်းချမ်းစွာနေထိုင်လိုကြသော လူမျိုးတို့၏ တိုင်းပြည်ကို နိုင်ထက်စီးနင်း သိမ်းယူခြင်းကို ရူတ်ချခဲ့ပြီး မိမိတို့ လက်နက်အင်အား တောင့်တင်းမှုကို အနိုင်ယူ၍ သွေးချောင်းစီးစေသော သိမ်းယူမှုကို မပြုလုပ်ပဲ အေးချမ်းစွာ သိမ်းယူ သင့်ကြောင်းကို တင်ပြထားလေသည်။ စာရေးသူ၏ စေတနာ မေတ္တာတရားများနှင့် ပညာပေးလိုသည့် သဘောတရားများကို ထင်ရှားစွာ ဖေါ်ပြ ဆွေးနွေးထားသည့် စာတမ်းတစ်ခုဖြစ်လေသည်။ မြန်မာတို့၏ အားနည်းချက်များ ချို့ယွင်းချက်များကိုလည်း အခါအားလျော်စွာ ဖေါ်ပြထားသဖြင့် တဖက်စွန်းကျ ရေးသားထားသော စာတမ်းတစ်ခု၏ အရိပ်အမြွက်ကို လုံးဝ မတွေ့ရှိရပေ။

(၃၃) The GUARDIAN .Vivian Ba January 1963.Cf pg21 Col 3

ဆရာတော်လောင်း မန်တေဂါးဇားရေးသည့် မြန်မာသမိုင်း စာအုပ်သည်။ (၃၄) နှစ်ပေါင်းများစွာ ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ မှတ်တမ်း ရုံးခန်းထဲတွင် ခိုအောင်းခဲ့လေသည်။ သက္ကရာဇ် ၁၉၃၃ ခုနှစ်တွင် ဘားရ်နားဘိုက်အသင်းသည် နှစ်(၄၀၀)ပြည့်ကို အထိမ်းအမှတ် ပြုလုပ်သောအခါ မန်တေဂါးဇား၏ အဆိုပါ မြန်မာသမိုင်းအကြောင်းကို ယင်းပြပွဲ၌ ထုတ်ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရေးရာများကို လေ့လာလိုက်စားခဲ့သော ဘားရ်နားဘိုက်အသင်းဂိုဏ်းသား ဘုန်းတော်ကြီး မိုင်ကယ် ခရစ္စတားလို (Rev.Fr.Michele Cristallo)သည် အဆိုပါ ခိုအောင်းနေခဲ့သော  မန်တေဂါးဇား၏ စာရွက်စာတမ်းများကို ပြန်လည် ပုံနှိပ်ထုတ်ဝေဘို့ရန် ကြိုးပမ်းခဲ့လေသည်။ သို့သော် ဘုန်းတော်ကြီး မိုင်ကယ်သည် ထိုလုပ်ငန်းကို အဆုံးတိုင်အောင် အကောင်အထည် ဖေါ်ဆောင် မသွားနိုင်ခဲ့ပေ။ ယင်းလုပ်ငန်းကို စီစဉ် ပြုလုပ်နေစဉ်မှာပင် ဘုန်းတော်ကြီးသည် ပျံလွန်တော်မူခဲ့ရှာသည်။ သို့ဖြစ်၍ ယင်းလုပ်ငန်းကို ဘုန်းတော်ကြီး ရင်းဇိုကာမီညားနီ (Rev.Fr. Remzo Carmignani) ဆိုသူက ဆက်လက် ရေးသားပြုစုခဲ့သည်ဖြစ်ရာ ၁၉၅၀ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပေသည်။ ပုံနှိပ်ခဲ့သော်လည်း အများပြည်သူတို့က လိုက်စားမူ မရှိခဲ့ပြန်ချေ။ (၃၅)

(၃၄) A note on Monsgr.Gaetano M. Mantegazza(1745-1794)Appendix IV pg. 219.By Helen G. Trager in her “Burma Through The Alien Eyes” Asia Publishing House. India. 1966.
(၃၅) LA BURMANIA. By Renzo Carmignani “Relazione ineditadel 1784 del Missionario Barnabita GM. Mantegazza”Roma. ED A S Via Romagna 14 Edited By Renzo Carmignani Rome A.S 1950 pp.208

ဆရာတော်မန်တေဂါးဇား မြန်မာပြည်သို့ ပြန်လည် ရောက်ရှိခြင်း။
သက္ကရာဇ် ၁၇၈၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အီတလီပြည်မှ ကာဒီနယ် ဂျိုဇက်ပေ ဖီလိပို (Cardinal Giuseppe Filippo) သည် မန်တေဂါးဇားကို သာသနာတော်၏ သိုးထိန်း အရိုက်အရာဖြစ်သော ဆရာတော်၏ ဘိသိတ်မင်္ဂလာကို တင်မြောက်ပေးခဲ့လေသည်။ (၃၆) ထာဝရဘုရားသခင်သည် မြန်မာပြည် သာသနာအတွက် ဆရာတော်တပါးကို ထပ်မံ မွေးထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ၁၇၈၂-ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသော ဘားရ်နားဘိုက်အသင်း၏ ကြေငြာချက်ကိုလည်း မြန်မာပြည်အတွက် အထူး စဉ်းစားလျက် ပြန်လည် ရုတ်သိမ်းပေးလိုက်ပြီး။ မြန်မာပြည်သာသနာအတွက် သာသနာပြု(၂) ပါးကိုလည်း ဆရာတော်သစ် မန်တေဂါးဇားနှင့် အတူ ထပ်မံစေ လွတ်ပေးခဲ့လေသည်။ ၄င်းတို့မှာ ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr.Anzio Monti of Vercelli နှင့် ဘုန်းတော်ကြီး ကလောဒီယိုဘူတီရိုးနီ Rev.Fr.Claudio Buttironi of Milan တို့ ဖြစ်ကြသည်။

သက္ကရာဇ် ၁၇၈၇ ခုနှစ် ဇန်န၀ါရိလတွင် ဆရာတော်မန်တေဂါးဇား ဦးဆောင်သော သာသနာပြုအဖွဲ့သည်
ဂျေနီဗာမြို့သို့ ခရီး စတင်ထွက်ခွါခဲ့သည်။ အရှေ့ဖျားသို့ ထွက်ခွာမည့် သင်္ဘောမရရှိနိုင်သေးသဖြင့် ပြင်သစ်ပြည်တွင် ၄ လ ကြာမျှ စောင့်ဆိုင်းခဲ့ကြရသည်။ ၁၇၈၇ ခုနှစ် မေလ (၃၀)ရက်နေ့တွင် ပြင်သစ်ပြည်မှ အိန္ဒိယပြည်သို့ စစ်သား ၂၀၀ ကျော် ဖြင့် ထွက်ခွာမည့် ’’ဒုဒေပွန်တီဗီရဲ “ Duc de pontievre” ခေါ် ပင်လယ်ကူးသင်္ဘောကြီးကို စီးနင်း လိုက်ပါခဲ့ကြသည်။

(၃၆) “Mantegazza was consecrated Bishop By Cardinal Giuseppe Filippo di Martiniana ,Archbishop of Vercelli assisted by Mons. Pochettina Bishop of Ivrea and Mons. Bertoni,Bishop of Novara “THE GUARDIAN Dec.1962 pg.20

လိုက်ပါလာသော စစ်သားများ ဖျားနာသဖြင့် စစ်သားများ ကျန်းမာရေး ကောင်းမွန်သည့်တိုင် ”အေးလ် ဒေဖရန့်”  de France တွင် (၂) လ ကြာမျှ ထပ်လောင်း ခရီးကြန့်ကြာ နေခဲ့ကြရပြန်သည်။ အိန္ဒိယပြည် ပွန်ဒါချယ်ရီမြို့သို့ ၁၇၈၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ဆိုက်ရောက်ကြသည်။ ဘုန်းတော်ကြီး ဘူတီရိုးနီ နှင့် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီတို့ ပျံလွန်တော်မူသော ၀မ်းနည်းဖွယ်ရာ သတင်းက အိန္ဒိယပြည်မှ စောင့်ကြိုလျက်နေခဲ့သည်။ ဆရာတော် မန်တေဂါးဇား ကိုယ်တိုင် နေထိုင် မကောင်းပြန်သဖြင့် အိန္ဒိယပြည်တွင် ခေတ္တ အနားယူခဲ့ရသည်။ မိမိနှင့် လိုက်ပါလာသည့် ဘုန်းတော်ကြီး (၂)ပါး ကိုမူ မြန်မာပြည်သို့ ဆက်လက် သွားစေခဲ့သည်။ ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr. Anzio Monti of Vercelli သည် ထားဝယ်မြို့သို့ ခရီးဆက်ခဲ့ပြီး ထားဝယ်မြို့တွင် သာသနာပြု စခမ်းသစ်ကို ဖွင့်လှစ်လိုက်ခဲ့သည်။ ကျန်ရှိသော ဘုန်းတော်ကြီး ကလောဒီယို ဘူတီရိုးနီ Rev. Fr. Claudio Buttironni သည် ရန်ကုန်မြို့မှ အထက်မြန်မာပြည် ချမ်းသာရွာသို့ ဆက်လက်သွား၍ ၄င်းရွာမှာပင် သီတင်းသုံး နေထိုင်ခဲ့သည်။

အီတလီပြည် ခရီးစဉ်တွင် ဆရာတော် မန်တေဂါးဇားနှင့် လိုက်ပါခဲ့သော မြန်မာအမျိုးသားကြီး ဦးဆောင်းသည် မိမိ ဥရောပခရီးစဉ်တွင် တွေ့ကြုံရသမျှသော အကြောင်းအရာအားလုံးကို ခရီးသွား မှတ်တမ်းများ ပြုလုပ်ပြီး ခရီးသွားမှတ်တမ်း စာအုပ်တအုပ်ကို ရေးသားပြုစုခဲ့လေသည်။ု သက္ကရာဇ် ၁၈၅၀ ခုနှစ်တွင် မြန်မာပြည်ရောက် ကက်သလိခ်သမိုင်းတွင် သြဇာ တိက္ကမ ကြီးမားလှသော ပုဂ္ဂိုလ်ကြီး ဆရာတော် အမ်ဘရိုစ့် ဘီဂန်းဒက် Bishop Ambrose Bigandet P.I.M.E. သည် အဆိုပါ ပုဂ္ဂိုလ်ကြီး ဦးဆောင်း၏ ခရီးသွားမှတ်တမ်းများကို တွေ့မြင် ဖတ်ရူလိုက်ရသည့် အကြောင်းအရာများကို မှတ်တမ်း ပြုထားသည်။ (၃၇)

(၃၇)An outline  of History  of the Catholic Mission from the year 1720  to 1887 (Rangoon .Hanthawaddy,1887) Bigandet

`ဆရာတော်မန်တေဂါးဇား မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ မြန်မာပြည်သာသနာရေး အခြေအနေများမှာ အထူးပင် ၀မ်နည်းကြေကွဲဖွယ်ရာများနှင့် တွေ့ကြုံ ရင်ဆိုင်နေရသည်ကို တွေ့ရှိရလေသည်။ ရန်ကုန်မြို့ အပြစ်မဲ့  သန္ဂေ္ဓယူတော်မူသော သခင်မ ကျောင်းထိုင် ဘုန်းတော်ကြီး ဖိလိဘယ်ရတိုရေသည် ၁၇၈၆ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ အလားတူ အထက်မြန်မာပြည် ဘုန်းတော်ကြီး ရိုဗယ်ရိဇီယို နှင့် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီတို့သည်လည်း အင်းဝမြို့တော်၌ ပျံလွန်တော်မူခဲ့ကြသည်။ သို့ဖြစ်၍ မြန်မာပြည်၌ အနှုတ်လက္ခဏာများက ပိုလို့သာ များပြားနေခဲ့သည်။ မိမိနှင့်အတူ လိုက်ပါခဲ့ကြသော ဘုန်းတော်ကြီး (၂) ပါးတို့သည်လည်း မြန်မာပြည်၌ ကြာရှည် သီတင်းသုံး နေထိုင်မသွားခဲ့ရပေ။

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဘုန်းတော်ကြီး အန်းဇီယိုမွန်တီ Rev.Fr. Anzio Monti သည် အာမေးနီးယား လူမျိုးတစ်ဦး၏ အကူအညီဖြင့် ထားဝယ်မြို့တွင် သာသနာသစ်ကို ထူထောင်ခဲ့သည်။ ဘုန်းတော်ကြီး ရေးသား ပေးပို့ခဲ့သည့် ၁၇၈၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့စွဲဖြင့် ရေးသားသော စာတွင် အောက်ပါအတိုင်း ဖတ်ရူရသည်။ 

“ကျွန်ုပ်၏ ဘာသာဝင် ခရစ်ယာန်အားလုံးသည် ပေါ်တူဂီစကားကို ပြောကြသည်။ ကျွန်ုပ်လည်း ပေါ်တူဂီစကားကို နားလည်ပြီး အထိုက်အလျောက် ပြောနိုင်ပါသည်။ ဘုရားစကား သင်ကြားတဲ့နေရာမှာ အပတ်ဖြေ နားထောင်တဲ့ အချိန်များမှာ ပေါ်တူဂီစကားကို အသုံးပြုပါသည်။ ဘာသာတူများသည် ကျွန်ုပ်ကို ကောင်းစွာ ပြုစု စောင့်ရှောက်ထားကြပါသည်။ ကျွန်ုပ်၌ အားလုံး ပြည့်စုံပါသည်။ ဤ အရပ်ဒေသမှာ အလွန်သပ္ပာယ်လှတဲ့ ဘုရားရှိခိုးကျောင်းဆောင် တစ်ဆောင်နှင့် ပြည့်ပြည့်စုံစုံရှိတဲ့ ဘုန်းကြီးကျောင်းဆောင် တစ်ဆောင်ကို တွေ့ရှိရပါသည်။”

“ မြန်မာ အာဏာပိုင်အဖွဲ့အစည်းမှ မြို့နယ် အုပ်ချုပ်ရေးမှုးနှင့် အာမေးနီးယား အမျိုးသားသည် ကျွန်ုပ်ကို မိတ်ဆက်ပေးထားပါသည်။ သူလည်း ကျွန်ုပ်ဆီကို မကြာခဏ လာရောက် တွေ့ဆုံပါသည်။ ကျွန်ုပ်လည်း ဥရောပတိုက်မှ သယ်ဆောင်လာတဲ့ ပစ္စည်းအချို့ကို လက်ဆောင်ကလေးတွေအဖြစ် ပေးတဲ့အတွက် သူဟာ အလွန် အားရ ကြေနပ်နေပါသည်။” 

ထိုနောက် ဘုန်းတော်ကြီး၏ စာတွင် ဆက်လက် ဖတ်ရူရသည်မှာ ဘာသာပများ၏ ဘာသာရေးတွင်စိတ် ပါဝင်စားမှုများရှိကြောင်း။ မိမိအနေဖြင့် ဆရာတော် မန်တေဂါးဇား ရိုက်နှိပ်ထားသော ဘုရားစကား စာအုပ်ကို မှာယူထားကြောင်း ဒေသခံ ဘာသာစကားကို လေ့လာ သင်ယူနေကြောင်းများပါရှိသည်။ ၁၇၈၈-ခုနှစ် ကုန်ဆုံးပိုင်းတွင် ဘုန်းတော်ကြီး အန်းဇီယို မွန်တီ Rev.Fr. Anzio Monti သည် အသည်းအသန် ဖျားနာသဖြင့် ပွန်ဒါချယ်ရီသို့ အနားယူရန် အသွားတွင် ပင်လယ်ပြင် ခရီးစဉ်၌ သင်္ဘောပေါ်မှာပင် ပျံလွန်တော်မူခဲ့သည်။ အလားတူ မိမိနှင့်အတူ မြန်မာပြည်သို့ အတူရောက်ရှိလာခဲ့သော ဘုန်းတော်ကြီး ကလောဒီယို ဘူတီရိုးနီ Rev.Fr. Claudio Buttironi သည်လည်း အထက်မြန်မာပြည် ချမ်းသာရွာတွင် ပျံလွန်တော်မူခဲ့သည်။

မြန်မာပြည်အတွင်း နိုင်ငံရေး အခြေအနေများ (၃၈)

(၃၈) ‘A Description of the Burmese Empire” Conpiled chiefly from Burmese documents by Fr.Sangermano Cf Ch IX Of  the present Royal Family and the Principlal Events that Have Taken Place Under the Reigning Dynasty. Pg.68

ဆင်ဖြူရှင်မင်း လက်ထက် (၁၇၇၃-၇၆)တွင် မြန်မာတို့ တန်ခိုးကြီးမားလာခဲ့သော်လည်း၊ ဆင်ဖြူရှင်မင်းဆက်များသည် မြန်မာတို့အား စည်းလုံးညီညွှတ်ရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့တော့ချေ။ နန်းတွင်း အရေးတော်ပုံများ၊ ပုန်ကန်ထကြွမှုများ၊ အစရှိသော အရေးအခင်းများ မကြာခဏ ပေါ်ပေါက်ခဲ့ရသည်။ ၁၇၈၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက် နေ့တွင်၊ ဘိုးတော်ဘုရားခေါ် ပဒုံမင်းသားကြီး နန်းတက်ခဲ့သည်။ ဘိုးတော်ဘုရား နန်းတက်ချိန်မှ စ၍ နန်းတွင်း၌ ဖြစ်ပေါ်နေသော အရေးအခင်းများ ပုန်ကန် ထကြွမှုများမှာ ပိုမို များပြားလာခဲ့ခြင်းဖြစ်သည်။ ၄င်းအရေးတော်ပုံများမှာ အင်းဝနေပြည်တော်ကို သွေးချောင်းစီးသည့် အခြေအနေများထိ ဖြစ်ပွားစေခဲ့သည်။ ဘိုးတော်ဘုရား ကိုယ်တော်တိုင် အဆိုပါ အရေးခင်းများကို အပြီး သုတ်သင် ရှင်းလင်းပေးခဲ့ရသည်။

ထိုရှေးဟောင်းဖြစ်ရပ်များကို သမိုင်းမှ လုံးဝ ပပျောက်စေလိုသဖြင့် ဘိုးတော်ဘုရားသည် အင်းဝနေပြည်တော်မှ ထွက်ခွာသွားရန် ဆန္ဒများ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ မြို့တော်သစ်ကို တည်ဆောက်ရန် မြေနေရာသစ်ကို ရှာဖွေခဲ့လေသည်။ ဒုဌ၀တီမြစ်၏ တဖက်ကမ်းခြေနေရာများကို မြို့တော် မြေနေရာသစ်အဖြစ် ရွှေးချယ်သတ်မှတ်ခဲ့သည်။ စတုရန်း တမိုင်ပတ်လည်ရှိ မြေနေရာကို မြို့ရိုး ဆောက်လုပ်ရန် တူးဖော်စေခဲ့သည်။ အတွင်းမှတဖန် မြို့ရိုးငယ်တစ်ခုကို ထပ်မံ ဆောက်လုပ်စေခဲ့သည်။ စတုရန်း၏ အလယ်ဗဟို အချက်အခြာကျသော နေရာတွင် ဘုရင်းမင်းမြတ် စံမြန်းရာ နန်းတော်ဆောင်များကို ဆောက်လုပ်စေခဲ့သည်။ ၄င်းကို အုပ်ခုံမြင့်ပေါ်တွင် ကျွန်းသစ်များဖြင့် ဆောက်လုပ်ခဲ့သည်။ မြို့ရိုးကြီး မြောက်ဖက်တွင် မြစ်ရှိသည်။ တောင်ဖက်တွင် အင်းကြီးတစ်ခုကို တူးဖေါ်စေခဲ့သည်။

သက္ကရာဇ် ၁၇၈၃ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် မြို့တော်သစ်ကို ဘိုးတော်ဘုရား ကိုယ်တိုင် အခမ်းအနားဖြင့် နန်းတက် မင်္ဂလာကို ခံယူခဲ့လေသည်။ ရွှေးချယ်ထားသော မြို့တော်သစ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေရပ် ဒေသတစ်ခုဟု အသိအမှတ်ပြုရန် အလို့ငှါ ‘အမရပူရမြို့’ ဟု အမည်တွင် စေခဲ့လေသည်။ မြန်မာမင်းအမှုထမ်းများကို မြို့တော်သစ် အတွင်း၌ နေရာအိုးအိမ်များ ချမှတ်ပေးခဲ့လေသည်။ ယိုးဒယား သုံ့ပန်းများ၏ အမျိုးစုနွယ်များ တရုတ် အမျိုးစုနွယ်များကို မြို့တော်သစ် အပြင် တနေရာတွင် အတူတကွ နေရာ ချမှတ်ပေးခဲ့သည် အင်းဝမြို့ရှိ ခရစ်ယာန်ဘာသာဝင် စစ်မှုထမ်းများကိုလည်း အမရပူရမြို့တော်သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်း စေခဲ့လေသည်။ မြို့တော်သစ်တွင် လူဦးရေ (၂၀၀၀၀၀)နှစ်သိန်း ခန့်မျှရှိသည်။ ဤသို့အားဖြင့် အင်းဝမြို့သည်လည်း အဖြေးဖြေး မှေးမှိန်လာခဲ့တော့သည်။

Read More...