Thursday, May 28, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၁)

မိမိလျှောက်ထားချက်ကို အကြီးအကဲများ လက်ခံခဲ့သည်။ သက္ကရာဇ် ၁၇၇၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အသက်တော် ၂၆ နှစ်သာရှိသေးသော ဘုန်းတော်ကြီး မန်တေဂါးဇားသည် မိမိအမိပြည်ကို စွန့်ခွာ၍ ၊မြန်မာပြည်သို့ သာသနာပြုရန် ထွက်ခွာခဲ့သည်။ မြန်မာပြည်သို့ချောမောစွာရောက်ရှိလာပြီး အထက်မြန်မာပြည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကျေးရွာ၌ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ယူ ထမ်းရွက်ခဲ့သည်။ အသက်အရွယ်အားဖြင့်နုပျိုပြီး၊ ပညာမြော်အမြင်ကြီးမားသဖြင့် ဆရာတော် ပယ်ကိုတို အတွက် အထူး အထောက်အကူ ရရှိခဲ့သည်။ သာသနာလုပ်ငန်းများ၌ အားသွန်ခွန်စိုက် လုပ်ဆောင်သည့်နည်းတူ စာပေ လောက၌လည်း အထူးဝါယမစိုက်ခါ ၊မြန်မာစာ၊ ပါဠိစာ ၊မြန်မာ့သမိုင်း ၊မြန်မာ့ယဉ်ကျေးမှု ၊မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာများ၊ အစရှိသည့် မြန်မာ လူမှုလောကထဲသို့ တဟုန်ထိုး ၀င်ရောက်လာခဲ့သည်။ ပညာရေးကို အားပေးအား မြှောက်ပြုလုပ်ဆောင် ရွကပေးသည်။ ချမ်းသာရွာ၌ ကလေးသူငယ်များအတွက် စာသင်ကျောင်း တကျောင်းကို မိမိ ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက် ဖွင့်လှစ်ပေးခဲ့သည်။

    ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူပြီးသည့်နောက်ပိုင်းတွင် သာသနာတော်ကို ဆက်လက်ထိန်းကျောင်း ပေးသော ဘုန်းတော်ကြီး ဂေရားဒို ကိုယ်တော်တိုင်က မိမိအစား ဘုန်းတော်ကြီးဂေတားနိုးအား ဆရာတော်ရွှေးချယ် ပေးပါရန်  ရောမမြို့၊ သာသနာပိုင်အကြီးအကဲအား တင်ပြတောင်းဆိုခဲ့သည်။ သို့သော် ဘုန်းတော်ကြီး ဂေရားဒိုအားပင် ဆရာတော် အဖြစ်ရွှေးကောက်လိုက်တော်မူသဖြင့် ဘုန်းတော်ကြီး မန်တေဂါးဇားသည် လက်ထောက်အဖြစ် ဆက်လက် ထမ်းဆောင်ပေးခဲ့သည်။ အထက်တွင်ဖေါ်ပြပြီး သကဲ့သို့ ဆရာတော်ုသစ် ဂေရားဒိုသည် လမ်းခရီး ခုလတ်မှာတွင် ပျံလွန်တော်မူခဲ့သဖြင့် နောက်ထပ် ဆရာတော်အသစ်တပါးကို  ရွေးချယ်ရာ၌ မန်တေဂါးဇားကိုပင် ရွှေးချယ် တင်မြှောက်ခဲ့သည်။
 
၁၇၇၆ - ၁၇၈၂ အခြေအနေများ
    ၁၇၇၆-ခုနှစ် အကုန်တွင် ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သစ် ဂေရားဒိုသည်လည်း ၁၇၈၀ ခုနှစ်တွင် ဆရာတော် သိက္ခာတော် ခံယူပြီးနောက် အထက်မြန်မာပြည်သို့ပင် ပြန်လည် လာနိုင်စွမ်း မရှိတော့ပေ။ ၁၇၇၆-ခုနှစ်က မြန်မာပြည်သို့ရောက်ရှိ
လာခဲ့ကြသော ဘုန်းတော်ကြီးများ (၃)ပါး အနက် ဘုန်းတော်ကြီး ဖွန်တားဇီးယားသည် ကျန်းမာရေး ချို့တဲ့သဖြင့် ၁၇၇၈-ခုနှစ်တွင် အီတလီပြည်သို့ ပြန်လည် ကြွမြန်းသွားခဲ့သည်။ တဖန် ဘုန်းတော်ကြီး ဂျွန်းမေရီ အာဇုခယ်လီသည်လည်း ၁၇၈၁-ခုနှစ်တွင် ဖျားနာပြီး ပျံလွန်တော်မူခဲ့သည်။ ၁၇၇၈-ခုနှစ်တွင် နောက်ဆုံးရောက်ရှိလာခဲ့သော ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနား တပါးတည်းသာလျင် ထို(၃)ပါး အုပ်စုမှ အသက်တော် ရှင်ကျန်လျက် ရှိတော့သည်။

` သက္ကရာဇ် ၁၇၈၂-ခုနှစ်တွင် အီတလီမှ ဘားရ်နားဘိုက် (၃)ပါးမြန်မာပြည်သို့ ထပ်မံရောက်ရှိလာခဲ့ကြသည်။ ၄င်းတို့မှာ အောက်ပါတို့ဖြစ်ကြသည်။

    ၁။ ဘုန်းတော်ကြီး ဂျိုဇက်ပေ အါလက်ဇန်းဒြို ရိုဗယ်ရီဇီယို
         Giuseppe Alesandro Roverizio
    ၂။ ဘုန်းတော်ကြီး ဂျိုဇက်ပေ ဒါမားတိုး
     Giuseppe  D’Mato
၃။ ဘုန်းတော်ကြီး ဇင်ချန်းစို စန်ဂျယ်ရမားနိုး
   Vincenz0 Sangermano
ဘုန်းတော်ကြီး ရိုဗယ်ရိဇီယိုသည် ၁၇၈၂ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပထမ ၀င်ရောက်လာခဲ့သည်။ ထိုနောက် ဘုန်းတော်ကြီး ဒါမားတို နှင့် စန်ဂျယ်မားနိုးတို့သည်  ၁၇၈၃-ခုနှစ် ဇွန်လိုင်လတွင် ရောက်ရှိလာခဲ့ ကြသည်။

     ၁၇၈၂-ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ ဘားရ်နားဘိုက်အသင်းကြေညာချက်။
ကက်သလိခ်အသင်းတော် သမိုင်းကို ပြန်လည် သုံးသပ်လျှင် သက္ကရာဇ် ၁၆၄၈-ခုနှစ် မှ ၁၇၈၉ -ခှုနှစ် များတွင်  အနောက် ဥရောပတိုက် ခရစ်ယာန် တိုင်းပြည်များသည် ရောမမြို့၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်ရေး လက်အောက်ခံဘ၀မှ လွတ်မြောက်ရန် ကြိုးပမ်း အားထုတ်ခဲ့ကြသော ခုနှစ်များဖြစ်ခဲ့သည်။ အချို့ ဒေသများတွင် ဘာသာရေး အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ပြီး ဘာသာရေး စစ်ပွဲများဖြစ်ပွားသည့် အဆင့်သို့ပင် ရောက်ရှိခဲ့ကြသည်။ အီတလီပြည်၊ လွန်းဘာဒီနယ် တ၀ိုက်တွင် ဘာသာရေး ဆန့်ကျင်မှုလုပ်ရပ်များ ၊ပြင်းပြင်းထန်ထန် ပြုလုပ်လာခဲ့ကြသည်။

ထိုသို့ အသင်းတော်အား ဆန့်ကျင်မှုများ တိုးပွားများပြားလာခြင်းသည် သာသနာလုပ်ငန်းများကို ထိပါး နှောက်ယှက်မှုများဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် သာသနာဘောင်သို့ ၀င်ရောက်သော လူငယ်လူရွယ် ဦးရေများ ကျဆင်းလာခဲ့သည်။

        ၁၇၈၂-ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ဘားရ်နားဘိုက်အသင်း ဂိုဏ်းချုပ်ကြီး ရှီပိီအိုနေ၊ အမ်၊ ပယ်ရုဇီးနီ (Rev General Superior Scipione M Perruzini) သည် မိမိအသင်းဂိုဏ်း အလုပ်အမှုဆောင် အဖွဲ့နှင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။ ဥရောပတိုက်တွင် ရဟန်း ဘုန်းတော်ကြီးများ ဦးရေ ကျဆင်းနေသဖြင့် ရဟန်းသစ်များ လစ်လပ် သောနေရာများ၌ ပြန်လည်ဖြည့်စွက်ပေးရေး အတွက် မိမိတို့ အသင်းဂိုဏ်းကြီးမှ ၀ိုင်းဝန်းပံ့ပိုးပေးရန် ဆွေးနွေး တင်ပြခဲ့သည်။ သာမဏေဘောင်သို့ ၀င်ရောက်သော လူငယ်များလည်း နည်းပါးနေသဖြင့် မိမိတို့အနေဖြင့် လက်ရှိ ဘုန်း တော်ကြီးများကိုသာ ပြန်လည် စုရုံးပေးရန်ဖြစ်တော့သည်။ သို့ဖြစ်၍ ပထမပိုင်းအနေဖြင့် ပြည်ပသို့ ပို့ပေးနေသော သာသနာပြု ပုဂ္ဂိုလ် အရေအတွက်ကို လျော့ချသင့်က ၊လျော့ချဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဝေးလံ ခက်ခဲသော နယ်မြေများသို့ ပို့ထားသော သာသနာပြုများ အားလုံးကိုပြန်လည်ခေါ်ယူကြရန်ဖြစ်ကြောင်းများကို ယင်း အစည်းအဝေးကြီးမှ ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

အသင်းဂိုဏ်းချုပ်ကြီး အစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်သည် မြန်မာပြည်ရောက် ဘားရ်နား ဘိုက်သာသနာပြုအဖွဲ့ အတွက်လည်း အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။ အမှန်မှုမြန်မာပြည်တွင် ဘားရ်နားဘိုက်သာသနာ ပြုတို့ စတင် လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ပင်ကျော်ခဲ့လေပြီဖြစ်သည်။ အခက်အခဲမြောက်မြားစွာထဲမှ ဘုရား ကျေးဇူးတော်ဖြင့် မြန်မာပြည် ကက်သလိခ်သာသနာသည် အတိုင်းမသိ တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ သာသနာပြု ပုဂ္ဂိ္ဂုလ်များသည် မိမိတို့ စိုက်ပျိုး လုပ်ကိုင်နေသော နုငယ်သေးသည့် သာသနာလယ်ကွင်းပြင်ကို လုပ်ငန်းများ ဆိုင်းငံ့ကာ စွန့်ခွာလိုသော ဆန္ဒ လုံးဝ မရှိခဲ့ကြချေ။ တဖန် ယင်းသို့ ထွက်ခွါသွားကြရမည်ဆိုလျှင် ဘုရားသခင်၏ သားသမီးတို့အား ၀ိညာဉ်ရေး ဘာသာရေး စသည်တို့ကို မည်သူတို့က ဆက်လက် အကျိုးဆောင် သွားနိုင်ကြပါမည်နည်း ဆိုသော မေးခွန်း ပုစ္ဆာသည် မြန်မာပြည်ကို ဦးဆောင်နေသော ဆရာတော်လောင်း မန်တေဂါးဇား အပေါ်သို့ အထင်အရှား ထွက်ပေါ် လာခဲ့သည်။

ဆရာတော်လောင်း မန်တေဂါးဇား အီတလီခရီးစဉ်
မိမိပေါ်၌ ထွက်ပေါ်လာခဲ့သော သာသနာရေး အမေးပုစ္ဆာကို အဖြေရရှိနိုင်စေရန် အလို့ငှါ ဆရာတော် လောင်းမန်တေဂါးဇားသည်  အချိန် မစောင့်ဆိုင်းတော့ပဲ အီတလီသို့ ခရီးထွက်ခွာခဲ့သည်။ မိမိ အသင်းဂိုဏ်းချုပ်ကြီးမှ ထုတ်ပြန်လိုက်သော ကြေညာစာတမ်းကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားပေးပါရန်နှင့် တိုးချဲ့လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး အတွက် အကူအညီများတောင်းခံရန် ဆုံးဖြတ်ချက်များ ချမှတ်၍ ဆရာတော် လောင်း မန်တေဂါးဇားသည် အီတလီသို့ ခရီး ထွက်ခွာခြင်းဖြစ်သည်။ မြန်မာပြည်၏ သာသနာလုပ်ငန်းများ ရပ်တန့် မသွားစေပဲ မိမိ လက်ဝယ်ရှိ ဘုန်းတော်ကြီးများကို အောက်ပါ အတိုင်း တာဝန် အသီးသီး ခွဲဝေ ချထားပေးအပ်ခဲ့သည်။

၁။ ဘုန်းတော်ကြီး လူဝီဂျိီ ဂရွန်ဒိုးနားအား အထက်မြန်မာပြည် ချမ်းသာရွာကျောင်းထိုင်အဖြစ် ခန့်အပ်သည်။ မိမိ ခရီးထွက်ခွာနေခိုက် တပြည်လုံးရှိ သာသနာ တာဝန်များကိုလည်း မိမိကိုယ်စား ထမ်းဆောင် စေရန် ခန့်အပ်ခဲ့သည်။
၂။ ဘုန်းတော်ကြီး ဂျိုဇက်ပေ ဒါမားတိုးနှင့် ဘုန်တော်ကြီး ဗင်ချန်းစိုစန်ဂျယ်ရ်မားနိုး တို့အား မြောင်မြို့နယ် နဘက်ရွာ နှင့် အနီးရှိ ဘာသာဝင်ရွာများကို  တာဝန်ယူ ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့သည်။
၃။ ဘုန်းတော်ကြီး မီကောနီအား မုံလှရွာ၊ ရဟန်းဖြစ်သင်ကျောင်း၊နှင့် ဘာသာဝင်များအား ကြည့်ရှုရန် တာဝန် ပေးအပ်ခဲ့သည်။
၎။ ဘုန်းတော်ကြီး မာချဲလိုကော်တင်းနိုးဗစ်အား အမရပူရတွင် သာသနာ တာဝန်များကို ခန့်အပ်သည်။
၅။ ဘုန်းတော်ကြီး ဖီလိဘယ်ရ်တိုရေ နှင့် ဘုန်းတော်ကြီး ဂျိုဇက်ပေ ရိုဗယ်ရီဇီယိုတို့သည် အောက်မြန်မာပြည် ရန်ကုန် သာသနာတော်ကို ထိန်းကျောင်းရန် တာဝန်ပေးအပ်ခဲ့သည်။
 
    ဆရာတော် မန်တေဂါးဇား အီတလီပြည်သို့ ထွက်ခွာသွားသည့် ခရီးစဉ်တွင် အထူး အရေးပါသော လုပ်ငန်း တခုလည်း ပါရှိသည်။ ၁၇၇၆-ခုနှစ် ဆရာတော်ပယ်ရ်ကိုတို စတင်ခဲ့သော မြန်မာပုံနှိပ်လုပ်ငန်းကို ပြန်လည် စီစစ်၍ မွမ်းမံပြုပြင်ပေးရန်ဖြစ်သည်။ ဤတစ်ကြိမ်၌ ပယ်ရ်ကိုတို ခေတ်အခါက မြန်မာပုံနှိပ်လုပ်ငန်းကို ကူညီဆောင်ရွက် ပေးခဲ့သော "ရတနာဂျွန်း" ကဲ့သို့ ဆရာတော် မန်တေးဂါးဇားအား ကူညီဆောင်ရွက်ပေးသော ပုဂ္ဂိုလ်မှာ ဦးဆောင်းဆိုသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဦးဆောင်းသည် အသက် (၆၆)နှစ်၊မြန်မာလူမျိုး ဗုဒ္ဂ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး၊ ဘုန်းကြီး လူထွက်တစ်ဦး ဖြစ်သည်မြန်မာစာ ပါဠိစာပေများတွင် အထူး ကျွမ်းကျင်သူဖြစ်သည်။ ဦးဆောင်းသည် ဘားရ်နားဘိုက် သာသနာပြု အတော်များများကို မြန်မာစာ၊ ပါဠိစာများကို သင်ကြား ပို့ချ ပေးခဲ့သူဖြစ်သည်။ ဆရာတော် ပယ်ရ်ကိုတိုလက်ထက်တွင် ဘာသာထဲသို့ ၀င်လာပြီး၊ ဂျွန်းမေရီ ဘာသာအမည်ကို ယူခဲ့သည်။ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးအားလည်း အထူး ဖူးမျှော်လိုသော ဆန္ဒပြင်းပြခဲ့သည်။ သို့ဖြစ်၍ မြန်မာပုံနှိပ်လုပ်ငန်းကို ဒုတိယအကြိမ်ပြန်လည် ထုတ်လုပ်ရန် မန်တေဂါဇားသည် ဦးဆောင်း၏ အကူအညီများကို ရလိုသဖြင့် ဦးဆောင်းအား အခြားသောမြန်မာ တိုင်းရင်းသားကလေး ပီအိုငနိုင် ဆိုသူနှင့် အတူ အီတလီသို့ ခေါ်ဆောင်သွားခဲ့သည်။

    သက္ကရာဇ် ၁၇၈၄-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော် မန်တေဂါးဇားနှင့် အဖွဲ့သည် မြန်မာပြည်မှ  ထွက်ခွာခဲ့ကြသည်။ (၉)လ အကြာ ၄င်းနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် အီတလီပြည်သို့ရောက်ရှိသွားကြသည်။
 
 စက်တင်ဘာလ (၁၀)ရက်နေ့တွင် ဆရာတော်လောင်း မန်တေဂါးဇားသည် မိမိဧည့်သည် တော် (၂)ဦးအား ခေါ်ဆောင်လျက် သာသနာပြန့်ပွားရေး ဌာနချုပ်ကြီးသို့ ခေါ်ဆောင်သွားခဲ့သည်။ ရောမမြို့ လည်ခေါင်တွင် မြန်မာရိုးရာ ၀တ်စားဆင်ယင်မှုအပြည့်ဖြင့်လျောက်လှမ်းနေကြသော အရှေ့ တိုင်းရင်းသား (၂)ဦးအား တွေ့မြင်သူတိုင်းအတွက် အလွန် ထူးဆန်းသော မြင်ကွင်းတစ်ရပ်ဖြစ်နေတော့သည်။ အီတလီ တိုင်းရင်းသားများ အနေဖြင့် ပထမဆုံးတွေ့မြင်ဘူးသော မြန်မာတိုင်းရင်းသားများဖြစ်သည်။ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီး၏ ဥက္ကဌ ဖြစ်သူ ကာဒီနယ် အန်တိုနယ်လီ နှင့် အထွေထွေ အတွင်းရေးမှုးမွန်ဆီညော် ဘောရ်ဂျီယာတို့သည် မန်တေဂါးဇားနှင့် ဧည့်သည် တော်များကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

    သာသနာ ကိစ္စ အ၀၀တို့ကို ဆွေးနွေးတင်ပြပြီးနောက် မြန်မာစာ ပုံနှိပ်လုပ်ငန်းများကို ဒုတိယအကြိမ် ပြန်လည် မွမ်းမံပြုပြင်ပေးလို ကြောင်း တင်ပြခဲ့သဖြင့် သာသနာဌာနချုပ်ကြီးမှ အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆို လက်ခံခဲ့သည်။

        ထိုနောက် ဦးဆောင်း၏ အကူအညီဖြင့် မြန်မာ ပုံနှိပ်လုပ်ငန်းများကို အစမှချီ၍ပြန်လည် စစ်ဆေးပေး ကြသည်။မြန်မာ ခဲစလုံးများကို ပြန်လည် ပုံသွင်းခြင်း ၊မြန်မာစာများကို သတ်ပုံ သတ်ညွှန်း ပြင်ပေးခြင်း ၊မြန်မာသဒ္ဒါကိုလည်း အမှားများပြင်ပေးခြင်း၊ စရှိသော လုပ်ငန်းများကို မန်တေဂါးဇားသည် ဦးဆောင်းနှင့်အတူ ပူးတွဲ လုပ်ဆောင်ခဲ့သည်။ သို့ဖြစ်၍  ဒုတိယအကြိမ် ရိုက်နှိပ်သော စာအုပ်သစ်တွင် စာလုံး ဘလောက်များ ပိုမို တင့်တယ်လှပါသည်။ သတ်ပုံသတ်ညွှန်း သဒ္ဒါ၊ အစရှိသော မြန်မာစာနှင့် ပတ်သက်သည့် အပိုင်းများတွင် အမှားအယွင်းများ ပပျောက်ခဲ့သည်။ သို့ဖြစ်၍ ဤစာအုပ်သည် အဆင့်အတန်း ပိုမို တိုးတက်မြင့်မားလာသည်ကိုတွေ့ရှိရသည်။

သက္ကရာဇ် ၁၇၈၅ ခုနှစ် သြဂုတ်လ (၂၂)ရက် နေ့စွဲဖြင့် ကာဒီနယ်အန်တိုနယ်လီ နှင့် မွန်ဆီညော်ဘောရ်ဂျီရာ တို့၏ ဥယျောဇဉ်ပါရှိသော ဒုတိယအကြိမ်မြောက် ပုံနှိပ် ထုတ်ဝေလိုက်သော ALPHABETUM BARMANUM ဆိုသည့် BURMESE ALPHABET ဟုခေါ် " မြန်မာ ဗျည်းအက္ခရာ သင်ပုံးကြီး အညျွှန်း" စာအုပ် ထွက်ခဲ့သည်။ ဤတစ်ကြိမ် ရိုက်နှိပ်ခဲ့သော စာအုပ်တွင် ကက်သလိခ်ဘာသာဝင်များ၏ ယုံကြည်ခြင်းစာအုပ် (၀ါ) ဘုရားစကားစာအုပ်ကိုလည်း ပိုမို တိုးချဲ့ ရေးသားထားသည်ကို တွေ့ရှိရသည်။

    ၁၇၈၅ ခုနှစ်၊ ဒုတိယအကြိမ်မြောက် ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်၏ ခရစ်ယာန် အယူဝါဒမြတ်စာအုပ်။
ဆရာတော် မန်တေဂါးဇားရေးသားပြုစု ပုံနှိပ်သည်။
 ပျောက်ဆုံးနေသော ဆရာတော် မန်တေဂါးဇားရေးသားပြုစုသည့် သမိုင်းစာအုပ်။
သက္ကရာဇ် ၁၇၈၄ ခုနှစ်၊ အီတလီပြည် သို့ထွက်ခွာသော ခရီးစဉ်တွင် ၊ဆရာတော်လောင်း မန်တေဂါးဇားသည် အဖိုးမဖြတ်နိုင်သော စာပေလုပ်ငန်းတခုကိုရေးသားပြုစုခဲ့သည်။ ၄င်းစာအုပ်ကိုပြင်သစ် ဘာသာစကားဖြင့် ရေးသားခဲ့သည် စာအုပ်ခေါင်းစဉ်မှာ "အင်းဝ နိုင်ငံတော်နှင့် ပဲခူးနိုင်ငံတော်များ အကြောင်း" ဖြစ်သည်။ စာအုပ်မှာ လက်ရေးမူဖြင့် စာမျက်နှာပေါင်း (၃၀၀) ရှိသည်။မြန်မာပြည်မြေပုံကြီး (၂)ပုံ ပါရှိသည်။ မှတ်စုများ၊ မှတ်ချက်များနှင့် ပြည့်နှက်လျက် ရှိသည်။ မန်တေဂါးဇား တင်ပြထားသည့် မြန်မာပြည်ဆိုင်ရာ သမိုင်းစာအုပ်ကို အောက်ပါအတိုင်း ခေါင်းစဉ်များခွဲခြား၍ တင်ပြလိုက် ရပေသည်။

၁။ ဗမာခေါ် မြန်မာတို့၏ မူရင်းအမည် ခေါ်ဝေါ်ခြင်း၊မြန်မာပြည် တည်နေရာနှင့် မြန်မာတို့၏ သမိုင်း မူရင်း အကြောင်း၊
၂။ ဗမာတို့၏ ကိုယ်အင်္ဂါ ထွားကြိုင်းမှု၊ အရောင်အသွေး၊ ပုံပန်းသဏ္ဍာန်နှင့် မြန်မာတို့၏ ၀တ်စားဆင်ယင်မှု။
၃။ ဗမာတို့၏ စကား အသုံးအနှုန်း၊ အရေးအသား၊ စာအုပ် စာတန်းများ နှင့် သိပံ္ပ/၀ိဇ္ဇာ ရပ်ဆိုင်ရာများ အကြောင်းများ။
၎။ ဗမာတို့၏ အုပ်ချုပ်ရေးဆိုင်ရာများ အကြောင်းနှင့် အားနည်းချက်များ။
၅။ မင်းဧကရာဇ်တို့၏ အိမ်ထောင်ရေးနှင့် သိကောင်းစရာ အကြောင်းများ။
၆။ အုပ်ချုပ်ရေးပုံစံ၊ တရားစီရင်မှု ထုံးတမ်းများနှင့် ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်မှု အကြောင်း။
၇။ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ တိုက်ပွဲများ၏ နည်းဗျူဟာများ နိုင်ငံတော်၏ စစ်အင်အားစုများ အကြောင်း၊
၈။ ဗမာတို့ လက်ခံယူထားသော လူ့အဆင့်အတန်း (၀ါ) ဂုဏ်ပကာသနများ အကြောင်း၊
၉။ ဗမာတို့ ကိုးကွယ်သည့် ဘာသာအယူဝါဒ နှင့် ရိုးရာ ဓလေ့များ အကြောင်း။
၁၀။ ရာသီဥတုနှင့် မိုးလေ၀သအကြောင်း။
၁၁။ နိုင်ငံတော်၏ ထုတ်ကုန်များ နှင့် မွေးမြူသည့် တိရစ္ဆာန်များ အကြောင်း။
၁၂။ ဗမာပြည်ရှိ တိုင်းရင်းသား လူမျိုးများ အကြောင်း။

မန်တေဂါးဇားသည် မြန်မာပြည် သမိုင်းကြောင်းကို ရေးသားတင်ပြရာ၌ ရှေးအထက်ကျောင် ကာလမှ စ၍ သက္ကရာဇ် ၁၇၈၄ ခုနှစ် အချိန်အထိ သမိုင်းကိစ္စရပ်များကို အသေးစိပ်ရေးသား တင်ပြထားသည်။ မန်တေဂါးဇားတင် ပြထားသော မြန်မာပြည်မြေပုံကြီး (၂)ပုံ တို့သည်လည်းရှေးဦး အကျဆုံးရေးဆွဲထားသည့် မြေပုံကြီးများဟု မဆိုသာလည်း အသေးစိပ်ရေးသား တင်ပြထားသော ပထမဆုံး ထွက်ပေါ်လာသည့် မြေပုံကြီးများ ဖြစ်ကြပေသည်။ မြန်မာပြည်၌ ထိုခေတ်ရှိ မြို့ကြီးများနှင့် ကျေးရွာများကို တိကျစွာဖော်ပြထားသည်။ မြို့ရိုးများနှင့် တည်ဆောက်ထားသော မြို့ကြီးများကိုလည်း သီးခြား အမှတ်အသားပြု၍ ဖေါ်ပြထားသည်။ တဖန်ဈေးကွက်ရှိသော မြို့ကြီးများနှင့် ကက်သလိခ်သာသနာမှ တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်းများ ရှိသည့် မြို့ကြီး၊ ရွာကြီးများတို့ကိုပါဖော်ပြထားသည်။ ရှေးယခင်က ထွက်ပေါ်ဘူးခဲ့သော မြေပုံများမှာ မန်တေဂါးဇား ရေးဆွဲထားသည့် မြေပုံလောက် တိကျမှုနှင့် အသေးစိပ် တင်ပြထားမှုများ မရှိခဲ့ကြချေ။
 
ဤုသမိုင်းစာအုပ်ကို မန်တေဂါးဇား စီစဉ်ပြင်ဆင်ရေးသားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ သို့သော် ၄င်းစာအုပ်ကို အီတလီခရီးစဉ်၌ သာလျှင် အကောင် အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။ရောမမြို့သို့ ရောက်ရှိသွားသော အခါ ဆရာတော် လောင်းသည် မိမိရေးသားပြုစုခဲ့သော စာအုပ်ကို သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်မှ အတွင်းရေးမှုးချုပ် ကာဒီနယ် အန်တိုးနယ်လီ(Cardinal Antonelli) သို့ ပေးအပ် ခဲ့လေသည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၂)