Friday, May 22, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၂၀)


မြန်မာပုံနှိပ်လုပ်ငန်းကြီးသည် အောင်မြင်သွားခဲ့လေပြီ။ ပထမ အကြိမ် ရိုက်နှိပ်လိုက်သည့် မြန်မာစာအုပ်နှင့် တကွ  ပုံနှိပ်စက်များ၊ မြန်မာ ပုံနှိပ်ခဲစလုံးများ၊ စာရေးကိရိယာ စက္ကူများ၊ အခြား ဘာသာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို အလွန်ကြီးမားသော သေတ္တာ(၇)လုံးတွင် ထည့်၍ ဘားရ်နားဘိုက် သာသနာပြု (၃)ပါးကို မြန်မာပြည်သို့ စေလွှတ်ပေးခဲ့သည်။ (၂၈) ဘုန်းတော်ကြီး ကာရ်ပါးနီသည် မြန်မာပြည်သို့ ပြန်လည် မကြွမြန်းတော့ပဲ။ အီတလီ ပြည်မှာတွင် ဆက်လက် သီတင်းသုံးနေထိုင်ခဲ့သည်။ ဆဌမမြောက် ပီဦးရဟန်းမင်းကြီးသည်လည်း အင်းဝ နေပြည်တော်ဘုရင် မင်းမြတ်အတွက် လက်ဆောင် ပဏ္ဍာများကို လည်းကောင်း၊ ရတနာဂျွန်းအတွက် လက်ဆောင်မွန်များကို လည်းကောင်း အဆိုပါ သာသနာပြုများနှင့် အတူ မြန်မာပြည်သို့ ထည့်သွင်းပါးလိုက်သည်။ အလားတူ သာသနာ ပြန့်ပွားရေးဌာနချုပ်မှ မြန်မာ ခဲစလုံး (၇၀၀၀၀)နှင့် လက်တင်ခဲစလုံး(၄၀၀၀၀)တို့ကို ထည့်ပေးလိုက်သည်။ ဆရာတော် ပယ်ရ်ကိုတို အနေဖြင့် မိမိ စိတ်တိုင်းကျ ပုံနှိပ်ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့ရလေသည်။

ဘားရ်နားဘိုက်များ ထပ်မံရောက်ရှိ
မြန်မာပြည်သို့ ထွက်ခွာလာကြသော ဘားရ်နားဘိုက် (၃)ပါးတို့ မှာ အောက်ပါတို့ဖြစ်ကြသည်။ 
၁။ ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနား Fr.Luigi Grondona
၂။ ဘုန်းတော်ကြီး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzu chelli
၃။ ဘုန်းတော်ကြီး ပါစကား ဖွန်တားဇီးယား Fr. Pascal  Fontasia

ရှေးဦးဆုံး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzuchelli နှင့် ဘုန်းတော်ကြီး ပါစကား ဒွန်တားဇီးယား Fr. Pascal Fontasia တို့သည် ၁၇၇၆ ဦးပိုင်းတွင် အီတလီပြည်မှ ထွက်ခွာခဲ့ကြသည်။ ဤတကြိမ်၌ မြန်မာပြည်သို့ ခန့်အပ်လိုက်သော ဘားရ်နားဘိုက် (၃)ပါးတို့သည် အတူတကွ ခရီးထွက်ရန် လိုလားခဲ့ကြသည်။ သို့ဖြစ်၍ "ပိုတို အောရီရင့်" Porto Oriente သင်္ဘောကြီးမှ ကျန်ရှိနေသေးသော ဘုန်းတော်ကြီး လူဝီဂျီ ဂရွန်ဒိုးနားကို စောင့်မျှော်ခဲ့ကြသည်။ သို့သော် အခြေအနေ မပေးသဖြင့် တကွဲတပြားစီ ထွက်လာခဲ့ကြရာ ဘုန်းတော်ကြီး ဂျွန်းမေရီ မာဇုခေးလီ Fr. John Mary Mazzu chelli  နှင့် ဘုန်းတော်ကြီး ပါစကား ဖွန်တားဇီးယား Fr. Pascal Fontasia တို့သည် ၄င်းနှစ် စက်တင်ဘာလပိုင်းတွင် ပဲခူးသို့ ရောက်ရှိလာခဲ့ကြသည်။ ဘုန်းတော်ကြီး လူဝီဂျီ ဂ၇ွန်းဒိုးနားမှာမူ သင်္ဘောပျက်သဖြင့် ၁၇၇၈ ခုနှစ်၊ သြဂုတ်လ (၃၀)ရက် နေ့ကျမှသာလျှင် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။

(၂၈) Storia del Cristianesimo nellmpero Barmano Luigi Gallo pp.109 Milano 1862

ဆရာတော် ပယ်ရ်ကိုတို ပျံလွန်တော်မူခြင်း
ဆရာတော် ပယ်ရ်ကိုတိုသည် အသစ်ရောက်ရှိလာခဲ့သော ဘားရ်နားဘိုက် သာသနာပြုတို့အား ၀မ်းပန်းတသာ ဆီးကြိုခဲ့ကြသည်။ မြန်မာပုံနှိပ်လုပ်ငန်းကြီး ထမြောက် အောင်မြင်သွားသဖြင့် ဘုရားသခင်အား ကျေးဇူးတင် မဆုံးဖြစ်ခဲ့သည်။ ယခုမူ မိမိ လိုအပ်တောင့်တသည့် အတိုင်း မြန်မာစာအုပ်များကို ထုတ်လုပ်နိုင်တော့မည်ဟု ကြည်နူး ၀မ်းမြောက်နေတော့သည်။

ဆရာတော်ပယ်ရ်ကိုတို ရေးသား ပြုစုနေသော ကျမ်းမှာ မြန်မာ-လက်တင်-ပေါ်တူဂီ (၃) ဘာသာတွဲ အဘိဓာန်ကျမ်းကြီး ဖြစ်သည်။ ဆရာတော်သည် သာသနာ လုပ်ငန်းများနှင့် စာပေလုပ်ငန်းများ၌ အားတက်သရော လုပ်ဆောင်နေခိုက် ကျန်းမာရေး ချို့တဲ့လာခဲ့သည်။ သွေးအားနည်းခြင်း နှလုံးအားနည်းခြင်း၊ ခြေများ ယောင်ယမ်းလာခြင်း၊စသဖြင့် ခံစားလာခဲ့ရသည်။ သို့ဖြစ်၍ မိမိ ကျန်းမာရေးအတွက် ခေတ္တ အနားယူရန် အင်းဝနေပြည်တော်သို့ ရောက်ရှိခဲ့သည်။ အင်းဝတွင် ကိုရင်ကြီး ဘယ်ရ်ဂွန်းဇီ၏ ဆေးဝါးကုသမှုကို ခံယူခဲ့သည်။ ရောဂါသက်သာမှု ပြန်လည် ရရှိသည်နှင့် မုံလှရွာသို့ ပြန်လာခဲ့သည်။ 

လုပ်ငန်းခွင်၌ စိတ်အားထက်သန်မှုနှင့် လုပ်ဆောင်နေသော်လည်း ကျန်းမာရေးသည် ယခင်ကကဲ့သို့ အခြေအနေ မပေးတော့ပဲ ရှိခဲ့သည်။ မိမိ ကျန်းမာရေး အခြေအနေကို သိရှိလာသည့်အတွက် နဘက်ရွာတွင် ကျေင်းထိုင်နေသော ဘုန်းတော်ကြီး မီကောနီအား မုံလှရွာသို့ လာစေပြီး သာသနာလုပ်ငန်းများကို လွဲပြောင်း ပေးအပ်ခဲ့သည်။ ဘုန်းတော်ကြီး မီကောနီအား မုံလှရွာရှိ ရဟန်းဖြစ်သင်ကျောင်းနှင့် အခြားသော သာသနာရေး ကိစ္စအ၀၀တို့ကို လက်ပြောင်း တာဝန်ယူစေပြီး ဆရာတော်သည် အင်းဝသို့ ကြွသွားခဲ့သည်။ မိမိ ရေးသားပြုစုနေသော (၃)ဘာသာတွဲ အဘိဓာန်ကျမ်းကြီးကို အင်းဝမှာပင် ဆက်လက် ရေးသားပြုစုခဲ့သည်။ ၁၇၇၆-ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆရာတော်ခံစားရသော ရောဂါဝေဒနာမှာ ပိုမို ဆိုးရွားလာခဲ့သည်။ `

မယ်တော်သခင်မ အပြစ်မဲ့ သန္ဓေယူသောပွဲ အဖိတ်နေ့ ဖြစ်သည့်အလျောက် အာပတ်ဖြေခြင်း စက္ကရမင်တူးများကို ခံယူလျက် မိမိကိုယ်ကို ပြင်ဆင်ခဲ့သည်။ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မယ်တော်ပွဲကို ကောင်းစွာ ကျင်းပနိုင်ခဲ့ပြီး၊ ကောင်းသော သေခြင်း ခံယူနိုင်ဘို့ မယ်တော်အား ဆုပန်ခဲ့သည်။ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အင်းဝမြို့ရှိ ခရစ်ယာန်သုဿန် သို့ အပန်းပြေ လမ်းလျှောက်ထွက်ခဲ့သည်။ သုဿန်မှ အပြန်လမ်းတွင် မိမိနှင့် နှစ်ပေါင်းမြောက်မြားစွာ ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေကြီး ပြင်သစ် အမျိုးသား ပေတလုဒ် မိလဒ်အား ၀င်ရောက် တွေ့ဆုံ နှုတ်ဆက်သည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဗုဒ္ဓ္ဓဘာသာဝင် ပုဂ္ဂိ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂုလ်တစ်ဦးနှင့် ဘာသာရေး ဆွေးနွေးရင်း စကားလက်ဆုံ ပြောခဲ့သေးသည်။ ၄င်း ညနေပိုင်း၌ ဆရာတော်သည် ညစာ မသုံးဆောင်နိုင်သဖြင့် အိပ်ရာသို့ စောစောဝင် နားယူခဲ့ရသည်။ ၁၇၇၆-ခုနှစ်  ဒီဇင်ဘာ (၁၂)ရက်၊ နံနက်ခင်းတွင် ဆရာတော်အိပ်ရာ မထသေးသဖြင့် အိပ်ခန်း အတွင်းဆောင်သို့ ၀င်ရောက် စစ်ဆေး ကြသောအခါ ဆရာတော်ပယ်ရ်ကိုတိုသည် အိပ်ရာတွင်း၌  မိမိ ရေးသား ပြုစုနေသော (၃) ဘာသာတွဲ အဘိဓာန် ကျမ်းစာမူများကို လက်တွင်း၌ ကိုင်ထားလျက် အသက်တော် ချုပ်ငြိမ်းနေသည်ကို တွေ့ရှိကြရသည်။

ဆရာတော်သည် အသက်တော် ၄၉ နှစ်ရှိပြီး၊ မြန်မာပြည်တွင် ၁၅ နှစ် သာသနာ တာဝန်များကို ထမ်းရွက်လျက် သီတင်းသုံး နေထိုင်သွားခဲ့သည်။ မြန်မာပြည် သာသနာအတွက်နှင့် မြန်မာလူမျိုးများအတွက် အလွန် အရေးပါ၍ သမိုင်းတွင် မှတ်ကျောက်တင် ကျန်ရစ်သော လုပ်ငန်းကြီးများကို ထမ်းရွက်ပေးခဲ့သည်။ အထက်မြန်မာပြည်ရှိ သာသနာတော်ကို ပြန်လည် ထူထောင်ပေးခြင်း၊ မြန်မာတိုင်းရင်းသားများ ရဟန်းဘောင်သို့ တက်လှမ်းနိုင်သော လမ်းစကို တင်ဖေါက်လုပ် ဖွင့်လှစ်ပေးခဲ့ခြင်း၊ ဘာသာရေး ကျမ်းဂန်စာအုပ်များကို ရေးသား ပြုစုခဲ့ခြင်း၊ မြန်မာအဘိဓာန်ကျမ်းကြီးကို ရေးသား ပြုစုပေးခဲ့ခြင်း၊ နောက်ဆုံး မြန်မာတိုင်းရင်းသားထု တစ်ရပ်လုံး၏ ကျေးဇူးရှင်အဖြစ် အမြော်အမြင် အလွန်ကြီးမားစွာဖြင့် မြန်မာပုံနှိပ်လုပ်ငန်းကြီးကို တီထွင် ဆောင်ရွက်ပေးခဲ့ခြင်းတို့ ဖြစ်ပေသည်။

အထက်မြန်မာပြည်ရှိ ကက်သလိခ် ဘာသာဝင်များ တက်ရောက်ပြီး၊ ရဟန်းတော်များ ခြံရံလျက် ဆရာတော်၏ ဈာပန အခမ်းအနားကို အင်းဝ နေပြည်တော်ရှိ ခရစ်ယာန်သုသာန်မှာပင် သင်္ဂြိုလ်ခဲ့ကြသည်။ ဆရာတော်၏ တပြည့်ရင်းသားဖြစ်ပြီး မိတ်ကောင်းဆွေကောင်း ဖြစ်သော "ကုလား ဗိုလ်ဘွဲ့ရ" ပေတလုဒ်မိလဒ်သည် ဆရာတော်၏ ဈာပနအခမ်းအနား ကုန်ကျစရိတ် အားလုံးကို လှူဒါန်းခဲ့ပြီး မိမိကိုယ်တိုင် တည်ဆောက် လှူဒါန်းသော ခရစ်ယာန်သုသာန်မှာပင် ဆရာတော်၏ ကြွင်းကျန်သော ရုပ်ကလပ်ကိုဂူသွင်းမြှုပ်နှံခဲ့သည်။  

ဆရာတော်အသစ် ခန့်အပ်ခြင်း

ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူသော်လည်း ထာဝရဘုရားသခင်၏ သာသနာတော်သည် ဆက်လက် အဓွန့်ရှည် သွားလာရဦးမည်ဖြစ်သည်။ ဆရာတော်ပယ်ရ်ကိုတို၏ ရုံးခန်း၌ စာရွက် စာတမ်းများကို စစ်ဆေးပြုလုပ်နေသော ဘုန်းတော်ကြီး မီကောနီသည် လွန်ခဲ့သော (၈)နှစ်က ဆရာတော်ပယ်ရ်ကိုတို ရေးသားထားသည့် လှို့ဝှက် စာတမ်းတစ်စောင်ကို တွေ့ရှိခဲ့သည်။ စာတွင်းပါရှိသော အကြောင်းအရာမှာ မိမိ ပျံလွန်တော်မူခဲ့သော် မြန်မာပြည်ရှိ ကက်သလိခ်သာသနာတော်အား ဆက်လက်ထိန်းသိမ်းပေးရမည့် ပုဂ္ဂိ္ဂုလ်မှာ ဘုန်းတော်ကြီး ဂေရားဒို ကော်တင်းနိုးဗစ်ဖြစ်ကြောင်း ခန့်အပ်ထားသည်ကိုတွေ့ ရှိရသည်။

ဆရာတော်၏ သေတမ်းစာအရ ဘုန်းတော်ကြီးဂေရားဒိုသည် သာသနာတော်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ရသည်။ သို့သော် မိမိကိုယ်တိုင်၌ကား ဆရာတော် အရိုက်အရာကို လက်ခံဘို့ရန် ငြင်းဆိုခဲ့သည်။ ဘုန်းတော်ကြီး ဂေတားနိုမန်တေဂါးဇားအား ဆရာတော်အဖြစ် ရွှေးကောက်ပေးပါရန် ရောမမြို့၊ သာသနာပိုင် အကြီးအကဲတို့အား လျှောက်ထား တင်ပြခဲ့သည် (၂၉)။ သို့သော် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပီဦးမှ ပြန်ပေးစာတွင် ဘုန်းတော်ကြီး ဂေရားဒို ကော်တင်းနိုဗစ်အား မြန်မာပြည် ကက်သလိခ်သာသနာတော် အတွက် ဆရာတော်အဖြစ် ရွှေးချယ် တင်မြှောက်လိုက်ကြောင်း ပါရှိခဲ့သည်။ သို့ဖြစ်၍ ဘုန်းတော်ကြီးဂေရားဒိုသည် ဆရာတော် ဘိသိတ်ခံယူရန် အိန္ဒိယပြည် မာလိယပိုမြို့သို့ ကြွမြန်း သွားခဲ့လေသည်။

ဘုန်းတော်ကြီး ဂေရားဒို ကောတင်းနိုဗစ်သည် ၁၇၈၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် အိန္ဒိယပြည်၌ အင်းဝ၊ ပဲခူးသာသနာတော်ပိုင်အဖြစ်  "ဆိုဇိုပိုလီတားနို" ဆရာတော်ဘွဲ့ (Bishop of Sozopolitano) ကို ခံယူ၍ ဆရာတော် ဘိသိတ်ခံယူခဲ့သည်။

(၂၉) (I) Letter of Rangoon.30 January 1777 Archives of Sacred Congregation for Propagation of Faith. Indie Orientali-Cina,raccolta 35,no .257.
       (II) Letter of Rangoon.10 January 1778/Archives of Sacred Congregation for Propagation of Faith. Indie Orientali_Cina, raccolta 35,no.543
      (III) Letter of Rangoon.25 .April 1779.Archives of Sacred Congregation for    Propagation of Faith. Indie Orientali_Cina, raccolta 36,no.72
(၃၀) Renzo  CARMIGANANL. La BIRMANIA  Ralazione inedita del 1784. Del Missionario  Barnabita  GM MANTEGAZZA ROMA 1950. CF P.25

အိန္ဒိယပြည်မှအပြန် ခရီးတွင် ဆရာတော် ဂေရားဒို ကော်တင်းနိုးဗစ်သည် မိမိသာသနာနယ်မြေဖြစ်သော နီကိုးဗားကျွန်းစုများတွင်  ၀င်ရောက် ကြည့်ရူခဲ့သည်။ အထူးသဖြင့် ဟိုင်းကြီးကျွန်းတွင် ကက်သလခ် ဘာသာဝင်များ တော်များများရှိခဲ့သည်။ သို့သော် ရဟန်းဘုန်းတော်ကြီးများ ရှားပါးမှုကြောင့် သာသနာလုပ်ငန်း ဆောင်ရွက်ပေးမှုများ လစ်ဟင်းခဲ့ရသည်။ ဟိုင်းကြီးကျွန်းတွင် သီတင်းသုံး နေခိုက် ဆရာတော်သည် ဌက်ဖျားရောဂါ ရရှိခဲ့သည်။ ၄င်းရောဂါ ဖိစီးမှုဒဏ်နှင့်ပင် ဆရာတော် ဂေရားဒို သည် "နီဂါရီ" ကျွန်းကလေးပေါ်မှာတွင် ပျံလွန်တော်မူခဲု့သည်။ (၃၁) သို့ဖြစ်၍ မြန်မာပြည်အတွက် ရရှိလိုက်သော ဆရာတော်အသစ်ကား မိမိသာသနာလယ်ကွင်းပြင်သို့ ပြန်လည် မရောက်သေးမီမှာပင် လက်ခုလတ်၌ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံသွားရလေတော့သည်။ (၃၁) အထက်ပါ အညွန်းအတိုင်း ဖြစ်သည်။

ပြင်သစ်အမျိုးသားကြီး ပေတလုဒ် မီလဒ် (Chevalier Millard)

ပြင်သစ် အမျိုးသားကြီး ပေတလုဒ်မိလဒ်အကြောင်းကို ရှေ့ပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပေတလုဒ်သည် ဆရာတော်ပယ်ရ်ကိုတို၏ ချစ်ခင်ရင်းနှီးသော တပြည့်သားရင်းတဦး ဖြစ်သည်။ မိမိဆရာတော် ပျံလွန်တော်မူခြင်းအတွက် ပေတလုဒ်သည် စိတ်အလွန် ထိခိုက်မိခဲ့သည်။ အလုပ် အားလပ်ချိန်များတွင် ပေတလုဒ်မိလဒ်အား ဆရာတော်ပယ်ရ်ကိုတို၏ သင်္ချိုင်းဂူအနားတွင် သွားရောက် ဆုတောင်းမေတ္တာများ ပြုလုပ်နေသည်ကို တွေ့ရှိတတ် ကြရသည်။ ဆရာတော်ပယ်ရ်ကိုတို ပျံလွန်တော်မူပြီး (၂)နှစ် အကြာ ၁၇၇၈ ခုနှစ်တွင် ပေတလုဒ်မိလဒ်သည်လည်း ကွယ်လွန်ခဲ့ရှာသည်။ မိမိ ကွယ်လွန်ပါက မိမိ၏ ကြွင်းကျန်သော ရုပ်ကလပ်ကို မိမိကြည်ညို ကိုးကွယ်သော ဆရာတော် ပယ်ရ်ကိုတို၏ သင်္ချိုင်းဂူအနီးတွင် သဂြိုလ်ပေးရန် မေတ္တာရပ်ခံခဲ့သဖြင့် ပေတလုဒ်မိလဒ်အား ဆရာတော်အနီးတွင် မြှုပ်နှံခဲ့ကြသည်။ ပေတလုဒ်မိလဒ်၏ သင်္ချိုင်းဂူတွင် အောက်ပါ လက်တင်ဘာသာနှင့် မြန်မာစာတို့ဖြင့် ရေးသားထားသော ကျောက်စာကို ဖတ်ရူကြရသည်။

ပြင်သစ်အမျိုးသား ကုလားဗိုလ်ဘွဲ့ရ ပေတလုဒ် မိလဒ် သင်္ချိုင်းဂူ ကျောက်စာ

         (HIC JACET)
PETRUS MILLARD GA LLIAE
EX CAPTIVO BELLI REGIB US
ACCEPTUS PRAESBITERIUM
ET.CIMITERIUM AECCLESIAE
        (CONSTRUXIT)
A REGE CLLIAE CENTURIO
ELECTUS, MORITUR ANNO
         MDCCLXXVIII

        ပရင်သစ်အမှု ပေတလူမီလတ်ပျင်သစ်ရှင် ဘုရာင်အမှုထဲသင် ဘောနှင့် လှည့်လည်သွားရမည် ခန့်ထား၍ လွင့်သွား သည်တွင် ဘိုးတော် အလောင်းမင်းတရားကြီးဘုရား ဟံသာဝတီကို သိမ်းရုံတော်မူသည် လွှတ်တော် ၁၁၁၇ နှစ် ရွှေစက်တော်မြတ်အောက်သို့ ရောံ၍ ဘိုးတော်အလောင်းမင်းတရားကြီး ဘုရား၊ ဘကြီးတော်ဘုရား၊ လက်ထက်တော် ဟံသာဝတီ၊ ယိုးဒယား ကသည်းမှစခု အရပ်ရပ်အမှုတော်ပေါ်ထွက်သမျှကို ထံရွက်ရသည်နှင့်ဘုရား၊ ခမည်းတော် ဆင်ဖြူရှင်ဘုရား၊ လွတ်တော်သက်တော်စောင့် ကုလားဘို အရာခန့်ထားတော်မူ၍ ရာဇာာရဘွဲ့အည်နှင့် တယ်မြို့ကို အသနားတော်မြတ်ခံရသည် ၄င်း နောက်ရာ ဇာသာရကျော်ထင်နှင့်၎င်းနောက် သီရိရာဇာသူရကျော်ထင်ဘွဲ့အမည်ကိုလည်း အသနားတော်မြတ်ခံရသည် ဘုရားရွှေလက် ထက်တော် သက်တော်စောင့်ကုလားဗို အရာထပ်၍ ခန့်ထားတော်မူသည် တဟ်မြို့နှင့် နေမျိုးသီရိရာဇူသရကျော်ထင်ဘွဲ့ အမည်ကိုလည်း အသနားတော်မြတ်ခံရသည်။ ကျေးဇူးတော်မြတ်ကို ဆက်ဆပ်ချင်လျှင် မရဏံ သေချင်းတည်းဟူသော အနိစ္စ ကံတရားနှင့် မကင်းမလွတ်နိုင်သည်ဖြစ်၍ သက်ကရာဇ် ၁၀၉၇ ခုတပေါင်းလဆန်း ၁၀ရက် ၄နေ့သား အသက်၄၃နှစ် အ၀င်သက ရာဇ် ၁၁၄၀ ၀ါခေါင်လပြည့်ကျော် ၇ရက် ၆နေ့တွင် အနိစ္စကံ တရားနောက်သို့လိုက်သည်။

မှတ်ချက်။      ။အထက်ဖေါ်ပြပါကျောက်စာကို မူရင်းအတိုင်း အပုဒ်မခွဲပဲ ပြန်လည်ရေးသား ဖေါ်ပြထားပါသည်။ လက်တင် ဘာသာဖြင့် ရေးသားထားသော ကျောက်စာကို အောက်ပါအတိုင်း မြန်မာပြန်ဆိုအပ်ပါသည်။

ဤနေရာ၌ လျောင်းစက်ခေါ်သည့်ပုဂ္ဂိုလ်မှာ
ပေတလုဒ်မီလဒ်ဖြစ်သည်။
စစ်မက်ဖြစ်ပွားချိန်တွင်
စစ်သုံ့ပန်းအဖြစ် အဘမ်းခံလာရပြီးနောက်
ယင်းသည် အသင်းတော်၏ သာသနာပြုများအတွက် ကျောင်းသင်္ကန်းကို
ဆောက်လုပ် လှူဒါန်းပေး၍
သုဿန်ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။
ပြင်သစ်ဘုရင်ခံတော်မှ  "ဆာရ်ဘွဲ့ " ကိုခံယူရရှိပြီး
သက္ကရာဇ် ၁၇၇၈ခုနှစ်၊ အသက် ၄၂ နှစ်တွင်
ကွယ်လွန်ခဲ့သည်။

မှတ်ချက်။   ။ လက်တင်ဘာသာစကားဖြင့် ရေးသားထားသော ကျောက်စာသည် လက်ျာဘက်ပေါ်ပိုင်းတွင် အပိုင်း အစများ အနည်းငယ် ကျိုးပဲ့နေသည်။ ကျောက်စာအစွန်အဖျားရှိ မူရင်းစာလုံးများလည်း အကျိုးအပဲ့များတွင် ပါသွားသည် ။ သို့သော် လက်တင်ဘာသာစကားလုံးများကို ပြန်လည် ဖြည့်စွက်ပေးရန် အခက်အခဲမရှိပါ။ ပြန်လည်ဖြည့်စွက် စလုံးများကို မျဉ်းတား အစောင်းစာလုံးများဖြင့် ဖေါ်ပြထားသည်။

အခန်း(၈)
ဆရာတော် ဂေတားနိုးမန်တေဂါးဇား။

ဂေတားနိုမန်တေဂါးဇားသည်  အီတလီပြည် မီလန်းမြိ့တွင် သက္ကရာဇ် ၁၇၄၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဂေတားနိုးသည် အသက် ၁၆ နှစ်ရောက်ရှိသောအခါ၊ ဘားရ်နဘိုက်အသင်းဂိုဏ်း သူတော်စင်ဘောင်သို့ ၀င်ရောက်ခဲ့သည်။ ရဟန်းတို့ သင်ကြားအပ်သော ပညာရပ်များကို ဆက်လက် ဆည်းပူးခဲ့ပြီး၊ ၁၇၆၈ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ တွင် အသက် (၂၃)နှစ် အရွယ်၌ ရဟန်းသိက္ခခံယူခဲ့သည်။ ဘုန်းတော်ကြီး မန်တေဂါးဇား၏ ပညာ အရည်အချင်း ပြည့်စုံမှုရှိသောကြောင့် ၄င်းရဟန်းဖြစ် တက္ကသိုလ်ကြီးမှာပင် စာချပုဂ္ဂိ္ဂုလ် အဖြစ် ဆက်လက်ခန့်ထားခြင်းခံခဲ့ရသည်။

ဂေတားနိုးမန်တေဂါးဇားသည် ငယ်ရွယ်စဉ်ကတည်းကပင် သာသနာပြု ပုဂ္ဂိ္ဂုလ်တပါးဖြစ်ချင်သည်။ တိုင်းတပါးသို့ သွားရောက် သာသနာပြုလိုသော ဆန္ဒမှာ စာချပုဂ္ဂိ္ဂုလ်အဖြစ် ထမ်းဆောင်နေရင်း တနေ့တခြား ပို၍ပင် တိုးပွား လာခဲ့သည်။ အထူးသဖြင့် မြန်မာပြည်၌ မိမိတို့ ဘားရ်နားဘိုက်အသင်းဂိုဏ်းကြီးသည် သာသနာလုပ်ငန်းများ တိုးချဲ့ ထမ်းဆောင်နေကြောင်း၊ တိုးချဲ့လုပ်ငန်းများ အတွက် သာသနာပြု ပုဂ္ဂိ္ဂုလ်များ အထူး လိုအပ်လျက် ရှိနေကြောင်း၊ အစရှိသောသတင်းများကို ကြားသိရသောအခါ မိမိအား သာသနာနယ်မြေသို့ စေလွှတ်ပေးးပါရန် အထက်အကြီးအကဲတို့အား လျှောက်ထားခဲ့သည်။

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၂၁)

မှတ်ချက်။ ဆရာတော်ပယ်ရ်ကိုတို၏ ချစ်ခင်ရင်းနှီးသော တပြည့်သားရင်းတဦး ဖြစ်သည့် ဘုရင်ဂျီဘာသာဝင်  ပေတလူ မိတင်ဆိုသော ကုလားဗိုလ်(ပြင်သစ်လူမျိုး)၏ သချိုင်္င်းကျောက်စာ အပါအ၀င် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို "ကုန်းဘောင်ပြင်သစ်" နာမည်နဲ့ ဆရာရွှေစကြာက ရေးသားထားတဲ့ စာအုပ်တစ်အုပ် ကို အောက်ပါလင့်မှ တဆင့် ဖတ်ရှုနိုင်ပါသည်။