Saturday, May 16, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၁၉)

မြန်မာပုံနှိပ်လုပ်ငန်း သမိုင်းအစ

သက္ကရာဇ် ၁၇၇၃ -ခုနှစ် ဇန်န၀ါရီလပိုင်းတွင် ဆရာတော် ပယ်ရ်ကိုတိုသည် အောက်မြန်မာပြည်သို့ ခရီး ထွက်ခွါခဲ့သည်။ ရန်ကုန်မြို့ရှိ အပြစ်မဲ့ သန္ဓေ္ဓယူသောသခင်မ ဘုရားရှိခိုးကျောင်းထိုင် ဘုန်းတော်ကြီး ကာရ်ပါးနီနှင့် တွေ့ဆုံခဲ့သည်။ မြန်မာပြည်၌ သာသနာရေး အခြေအနေများ ကောင်းမွန် တိုးတက်နေသဖြင့် လုပ်ငန်းသစ် စီမံကိန်းများ တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားရန်၊ ရောမသာသနာဌာနချုပ်နှင့်  ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်ဘို့ ဘုန်းတော်ကြီး ကာရ်ပါးနီကို အီတလီပြည်သို့ ခေတ္တ စေလွှတ်လိုကြောင်း တင်ပြဆွေး နွေးခဲ့သည်။ ထို့ပြင် ဆရာတော်ကိုင်တိုင် ရှေးယခင်က ရည်ရွယ်ချက်ရှိထားသော မြန်မာပုံနှိပ်လုပ်ငန်း ကိစ္စကိုလည်း အကောင်အထည်ဖေါ်ကြဘို့ ဆွေးနွေး တိုင်ပင်ခဲ့သည်။ မြန်မာစာပေကို ပုံနှိပ်လောကသို့ ပို့ဆောင် ပေးနိုင်ခဲ့ပါက မြန်မာစာပေလောကသည် ပိုမို ကျယ်ပြန့်လာပြီး၊ မြန်မာတိုင်းရင်းသား အားလုံးလိုလိုပင် အကျိုးခံစားရမည်ဖြစ်ကြောင်း ဆရာတော် မျှော်မှန်းခဲ့သည်။ သို့ဖြစ်၍ ရောမမြို့၊ုသာသနာ ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီးမှ မြန်မာပုံနှိပ်လုပ်ငန်း ထမြောက် အောင်မြင်မှု ရရှိရေးအတွက် ကူညီပံ့ပိုးပေးဘို့ တောင်းခံရန် စီစဉ်များကို  ပြုလုပ်ပေးခဲ့သည်။

ဆရာတော် ပယ်ရ်ကိုတို ကိုယ်တိုင် မြန်မာပုံနှိပ်လုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်မှုများကို ကွပ်ကဲကြပ်မတ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ဆရာတော်ပယ်ရ်ကိုတို စီမံခန့်ခွဲသော မြန်မာပုံနှိပ်လုပ်ငန်း အပေါ် တည်းဖြတ်ကြပ်မတ်ပေးသူမှာ "ရတနာဂျွန်း" ဆိုသူဖြစ်သည်။ ဤပုဂိုလ် ဂျွန်းသည် ပညာအမြော်အမြင်နှင့် ပြည်စုံသဖြင့် ဘုရင့်လွတ်တော်အမတ်များ၏ ကြည်ညို လေးစားမှုကိုလည်း ခံစားရရှိသူဖြစ်သည်။ အမှုကိစ္စ အ၀၀တွင် အကြံဥာဏ်ပေး ပုဂိုလ်ဖြစ်သည်။ ဂျွန်းသည် ရတနာရွာရှိ ဘုရားရှိခိုးကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သဖြင့်  "ရတနာဂျွန်း"ဟု အမည်တွင်လာခြင်း ဖြစ်သည်။ ရတနာဂျွန်းသည် ဘုရားတရား ကြည်ညိုသူဖြစ်သည်။ မြန်မာစာပေ၊ ပါဠိစာပေများတွင် အလွန် ကျွမ်းကျင်သော ပုဂိုလ်လည်းဖြစ်သည်။ အထက်မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘားရ်နားဘိုက် သာသနာပြုပုဂိုလ်များကိုလည်း မြန်မာစာ ချပေးခဲ့သူ ဖြစ်သည်။ ဆရာတော်ပယ်ရ်ကိုတို၏ တပြည့်ရင်းသားရင်း ဖြစ်သလို မြန်မာစာပေဖြင့် ပတ်သက်၍မှု ဆရာသမားလည်း ဖြစ်ခဲ့သည်။

မြန်မာပုံနှိပ်လုပ်ငန်း စီမံဆောင်ရွက်ရာ၌ ဆရာတော်ပယ်ရ်ကိုတိုသည် ရတနာဂျွန်း၏ အကူအညီကို များစွာရရှိခဲ့သည်။ ရတနာဂျွန်းသည် မြန်မာအက္ခရာစာလုံးများကို ပုံနှိပ်ခဲ စလုံး ပုံသွင်းမှု ဖြစ်မြောက်ရေးအတွက် ပုံတူ ရေးဆွဲရေးလုပ်ငန်းတွင် ဆရာတော် ပယ်ရ်ကိုတိုနှင့်အတူ ကူညီ ဆောင်ရွက်ပေးရသည်။ ပုံနှိပ်ခဲ စလုံးပုံတူများကို ပြန်လည် စီစစ် ကြပ်မတ်ဆောင်ရွက်ပေးရသည်။ မြန်မာ ပုံနှိပ်လုပ်ငန်း အောင်မြင်ပါက ပထမဆုံးရိုက်နှိပ်ရန် ဆရာတော်ပယ်ရ်ကိုတို စီစဉ် ရေးသားထားသည့် စာမှုကြမ်းများကို စီစစ် တည်းဖြတ်ပေးရသည်။

ဆရာတော်သည် မြန်မာပုံနှိပ်လုပ်ငန်း လွယ်ကူ ချောမွေ့စေရေးအတွက် ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူများ အဘို့ မြန်မာစာဆိုင်ရာများကို ရှင်းလင်းချက်များ ထုတ်လုပ် ရေးသားပေးပို့ခဲ့သည်။ ရတနာဂျွန်းကလည်း မိမိကိုယ်တိုင် သပ္ပာယ်လှပစွာ စီကုံးရေးသားထားသော ပေသ၀ဏ်လွှာစာစောင် တစောင်ကို ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပီဦး (Pope Pius VI)ထံသို့ ပေးပို့ခဲ့သည်။ ယင်း ပေသ၀ဏ်လွှာသည် မြန်မာပြည်မှ ရောမမြို့သို့ ရှေးဦးဆုံး ရောက်ရှိသွားသော ပေစာဖြစ်သည်။ ပေသ၀ဏ်လွှာ၌ မိမိအား ဘုရားကားချပ်များ ရုပ်ပုံတော်များ ပေးပို့ရန်နှင့် ပုပ်ရဟန်းမင်းကြီး၏ ကောင်းချီးမင်္ဂလာများ တောင်းခံလျှက်၊ ဆုမွန်ကောင်းများ တောင်းချွေပေးပါရန် မေတ္တာ ရပ်ခံရေးသားထားသည်။

မြန်မာပုံနှိပ်လုပ်ငန်း အောင်မြင်ခဲ့ပြီ။

    သက္ကရာဇ် ၁၇၇၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဘုန်းတော်ကြီး ကာရ်ပါးနီသည် အီတလီသို့ ခရီး စတင် ထွက်ခွာခဲ့သည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပီဦးအား ၀င်ရောက် တွေ့ဆုံဖူးမြင်ခဲ့သည်။ ဆရာတော် ပယ်ရ်ကိုတို၏ တောင်းဆိုချက်များကို တင်ပြခဲ့သည်။ ရတနာဂျွန်း ဆက်သလိုက်သော ပေသ၀ဏ်လွာကိုလည်း ရဟန်းမင်းကြီးအား ဆက်သခဲ့သည်။

  ပုပ်ရဟန်းမင်းကြီးကလည်း မြန်မာပြည်မှ တင်ပြလာသော သာသနာရေးကိစ္စများနှင့် ရတနာဂျွန်း ဆက်သသော ပေသ၀ဏ်လွှာကို ၀မ်းသာအားရစွာဖြင့် လက်ခံယူခဲ့သည်။ ရတနာဂျွန်း၏ မေတ္တာရပ်ခံ တောင်းဆိုချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရတနာဂျွန်းအတွက် အထူးပန်းချီကားချပ် တချပ်ကို ရေးဆွဲစေခဲ့သည်။ ဘားရ်နားဘိုက် သာသနာပြု (၂)ပါးသည် မြန်မာတိုင်းရင်းသားတစ်စုကို လက်တွဲခေါ်လျက် ခရစ်တော်၏ ရုပ်ပုံတော်ရှေ့တွင် ရပ်လျက်နေကြသည့် ပန်းချီပုံကို သရုပ်ဖေါ် ရေးဆွဲထားသည်။

သာသနာ ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေးဌာနချုပ်အား မြန်မာ ပုံနှိပ်လုပ်ငန်းကို အကောင်အထည်ဖေါ်၍ အပြီး ဆောင်ရွက်ပေးပါရန် ပုပ်ရဟန်းမင်းကြီးမှ ညွှန်ကြားခဲ့သည်။ ဘုန်းတော်ကြီး ကာရ်ပါးနီသည်လည်း ယင်းဌာနချုပ်ကြီး၏ အတွင်းရေးမှုးချုပ် မွန်ဆီညော် စတေဖားနူး ဘောရ်ဂျီးယား (Stephanus Borgia) အား  ဆရာတော်ပယ်ရ်ကိုတို၏ မြန်မာပုံနှိပ်လုပ်ငန်း အစီရင်ခံစာများကို တင်ပြခဲ့သည်။ အတွင်းရေးမှုးချုပ်မှ ၀မ်းသာအားရ ကြိုဆိုလက်ခံလျက် ပုံနှိပ်လုပ်ငန်းဆိုင်ရာ သာသနာပြန့်ပွားရေးဌာနချုပ်မှ ဖွင့်လှစ်ထားသော "ပိုလီဂလော့ပုံနှိပ်တိုက်" တာဝန်ခံမှုး ခရစ္စတိုဖား အာမာဒုဇီဦးစ်(Christopher  Amaduzius) အား လွဲပြောင်း ပေးအပ်ခဲ့သည်။ အတွင်းရေးမှုးချုပ် စတေဖာနူး ဘောရ်ဂျီယား (Stephanus Borgia) သည် အရှေ့ဖျား တိုင်းပြည်များနှင့် အာဖရိကတိုက်၊ ဥရောပတိုက်၊ အစရှိသော တိုက်ကြီးများ၏ တိုင်းပြည်များတွင် အသုံးပြုသော ဘာသာစကား စာပေတို့ကို ပုံနှိပ်ထုတ်ဝေသော တာဝန်ခံမှုးလည်း ဖြစ်သည်။ မြန်မာပုံနှိပ်လုပ်ငန်း တီထွင်ဘို့ရန် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည့်အလျောက် စတေဖါနှုး ဘောရ် ဂျီးယား၏ ကူညီပံ့ပိုးမှုသည် များစွာ ရေးပါရှိခဲ့သည်။

မြန်မာဗျည်း အက္ခရာစာလုံးများကို ပုံနှိပ် ခဲစလုံးများအဖြစ် ပုံသွင်းလုပ်ငန်းသည် အထူးပင် ခက်ခဲသော လုပ်ငန်းတခုဖြစ်ခဲ့သည်။ ဦးစွာပထမ ဤုသို့သော ၀ိုင်းစက်စက် ရေးထားသည့် မြန်မာဗျည်းအက္ခရာ စာလုံးမျိုးများကို ခဲစလုံးပုံသွင်း လုပ်သားတို့အနေဖြင့် မမြင်ဘူးခဲ့ကြပေ။ ဆရာတော် ပယ်ရ်ကိုတို အနေဖြင့် အနီးစပ်ဆုံး ပြင်ဆင် ရေးဆွဲပေးလိုက်သော်လည်း လက်တွေ့ လုပ်ငန်းရပ်တွင်မှု အခက်အခဲများ သက်ဝင်လာခဲ့သည်။ သို့ဖြစ်၍ ဘုန်းတော်ကြီး ကာရ်ပါးနီသည် အနီးကပ် ပြန်လည် မွမ်းမံ ဖြေရှင်းလုပ်ဆောင်ပေးရသည်။ တကယ့် လက်တွေ့လုပ်ငန်းများ အားလုံးကို ဘုန်းတော်ကြီး ကာရ်ပါးနီမှ အကျိုးဆောင် ပေးခဲ့ရသဖြင့် ကာရ်ပါးနီသည် မြန်မာပုံနှိပ်လုပ်ငန်း အောင်မြင်မှု အခမ်းကဏ္ဍတွင် အရေးပါသည့် ပုဂိုလ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်သည်။

မြန်မာပုံနှိပ်လုပ်ငန်းသည် သက္ကရာဇ် ၁၇၇၆ ခုနှစ်တွင် အောင်မြင်ခြင်း ပန်းကို ဆွတ်ခူးခဲ့လေပြီ။
ပုံနှိပ်လုပ်ငန်း တီထွင် အောင်မြင်မှု အောင်မြင်သည်နှင့် အမျှ ပထမဆုံး ပုံနှိပ် မြန်မာစာအုပ်ကိုလည်း တချိန်တည်းမှာပင် ရိုက်နှိပ်ခဲ့သည်။ မြန်မာစာအုပ်လောက၌ ပထမဆုံး ထွက်ပေါ်လာခဲ့သော စာအုပ်အကြောင်းကို အောက်တွင် ဆက်လက်၍ အကျဉ်းမျှတင်ပြလိုသည်။

စာအုပ်အမည်
ALPHABETUM BARMANUM

    မာတိကာများ
            အကြောင်းအရာ
            စာအုပ်အမည်ပါရှိသောမျက်နှာဖုံး
            စတေဖာနူး ဘော်ရ်ဂျီးယား၏ နိဒါန်း
            ခရစ္စတိုဖား အာမာဒုဇီဦးစ်၏ အမှာစာ
            ကာရ်ပါးနီ၏ နိဒါန်း
            ဂျေ၊ အိတ်က်စ်ပီလီ၏ အမှာစာ

        ဆရာတော်ပယ်ရ်ကိုတို၏ မြန်မာ ဗျည်းအက္ခရာများအကြောင်း၊ မြန်မာသတ်ပုံ သတ်ညွန်းအကြောင်း
မြန်မာသဒ္ဒါအကြောင်းများ ရှင်းလင်း ရေးသားထားသည်။

ကက်သလိခ်ဘာသာဝင်တို့ နေ့စဉ် အသုံးပြုသော ဆုတောင်းပဌာနာများ။
    အထက်ပါ မာတိကာတို့အောက်တွင် ဆက်လက်၍ အကျဉ်းဆက်လက်ဖေါ်ပြသွားလိုသည်။

၁။ စာအုပ်အမည်ဖြစ်သော ALPHABETUM BARMANUM ဆိုသည်မှာ၊ အင်္ဂလိပ်ဘာသာ စကားအားဖြင့် BURMESE ALPHABET ဟူ ဘာသာပြန်နိုင်ပြီး၊ မြန်မာမှု ပြန်ဆိုရလျှင်  "မြန်မာအက္ခရာသင်ပုံးကြီး အညွှန်း"ဟု ဆိုလိုသည်။

၂။ စတေဖားနှုး ဘောရ်ဂျီးယား ရေးသားသော နိဒါန်းကို အောက်ပါအတိုင်း ဖတ်ရှုရသည်။
    သာသနာတော်နှင့် ဘာသာအယူဝါဒ တရားတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်ရတော်မူသော အသင်းတော်ကြီး၏ နာယက ဦးစီးမှူးဖြစ်တော်မှုသည့် အလွန်မြင့်မြတ် ရိုသေထိုက်လှသော ဆဌမမြောက် ရဟန်းမင်းကြီး ပီဦးအား လက်အုပ်ချီမိုး ပူဇော်ကန်တော့ပါ၏ ဘုရား။

အင်းဝနေပြည်တော်၌ အသုံးပြုသည့် ဗမာ (၀ါ) ဗိုမားခေါ် နိုင်ငံတော်သုံး ဗျည်းအက္ခရာစာလုံးများကို ပထမအကြိမ်အဖြစ် သာသနာပြန့်ပွားရေးနှင့် စီမံ ခန့်ခွဲရေးဌာနချုပ်ကြီး၏ ပုံနှိပ်တိုက်မှ ဦးဆောင် အကျိုးပြုလျက် တိကျမှန်ကန်စွာ တီထွင် ပြုလုပ်ဆောင်ရွက် ပေးလိုက်သည်။ ယင်း၏ ဘာသာစကားဖြင့် အရေးအသားတို့ကို အသုံးပြုပြီး၊ ဂင်္ဂါ မြစ်ဝှမ်း တဖက်ကမ်းရှိ အိန္ဒိယနွယ်ဖွားတို့အား၊ သံပေါလူး၏ တမန်တော်အသင်းသည် တိုင်းတပါးတို့အား ဟောပြော သွန်သင်ရာ၌ အချုပ်အာဏာတော်နှင့် ဦးဆောင်မှုကို ပိုင်ဆိုင်သော ရဟန်းမင်း၏ ဆန္ဒကို အစဉ်ခံယူလျက် ကက်သလိခ်ဘာသာ အယူဝါဒကို ဟောကြား သွန်သင်ကြသည်။

                စတေဖားနူး ဘောရ်ဂျီးယား

စာအုပ်၏ တတိယပိုင်းတွင် ပိုလီဂလော့ပုံနှိပ်တိုက်လုပ်ငန်း ဥက္ကဌဖြစ်သူ ခရစ္စတိုဖား အာမာဒုဇီဦးစ်၏ အမှာစာကို ဖတ်ရှုကြရသည်။ စာမျက်နှာ (၇) မှ (၁၆) အထိ ရေးသားထားသော အမှာစာ ဖြစ်သည်။ အမှာစာတွင် ဖတ်ရှုရသည်မှာ သာသနာ ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီးသည် အိန္ဒိယနွယ်ဝင် ဘာသာစကားများ ဖြစ်ကြသော တီဗက်ဘာသာ၊ ဟိန္ဒူစတန်ဘာသာ၊ သက္ကတ္တဘာသာစကားများကို လေ့လာပြီးနောက် မိမိဌာနချုပ်သည် ပုံနှိပ်လုပ်ငန်းများ၌ ရင့်ကျက် ကျွမ်းကျင်နေပြီးဖြစ်သဖြင့် အဆိုပါ ဘာသာစကားသုံး စာပေများကို ထမြောက် အောင်မြင်စွာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည် ဖြစ်သည်။

ယခုအကြိမ်၌ မြန်မာဘာသာ စကားသုံး စာပေကိုလည်း ဘားရ်နားဘိုက်အသင်းဂိုဏ်းသား ဘုန်းတော်ကြီး မယ်လ်ခီအော ကာရ်ပါးနီမှ အထူး သင့်မြတ်သော အချိန်အခါတွင် ရောက်ရှိလာပြီး တင်ပြလာပါသည်။ ယင်းစာပေကို အောင်မြင်စွာ ပုံနှိပ် ထုတ်လုပ်နိုင်ပါသဖြင့် ၀မ်းမြောက် ဂုဏ်ယူမိကြောင်း ဖေါ်ပြထားသည်။ ထို့ပြင် မြန်မာဗျည်း အက္ခရာများအကြောင်းကို ရှင်းလင်း ထုတ်ဖေါ်ပြခဲ့သည်။ ထိုနောက် ဤဗျည်းအက္ခရာများကို ပထမအကြိမ် အဖြစ် တီထွင် ထုတ်လုပ်ပေးရာတွင် မည်သို့ ရေးသား မှတ်သားရကြောင်း မည်သို့ မိတ္တူကူး၍ မည်သို့ ပုံသွင်းရကြောင်းများကို ဖေါ်ပြသည်။ တဖန် "မြန်မာ ဗျည်းအက္ခရာ သင်ပုံးကြီး အညွှန်း" နှင့် ကက်သလိခ် ယုံကြည်ရာများ ဖြစ်သော  ဘုရားစကား စာအုပ်ပါဝင်သည့် ပထမဆုံး မြန်မာ ပုံနှိပ်စာအုပ်ကိုလည်း ပုံနှိပ် ထုတ်ဝေလိုက်ကြောင်း မှတ်တမ်း တင်ခဲ့လေသည်။

    လန်ဒန်မြို့ မှ ဘုရင့် သိပ္ပံပညာ ဖွံ့ဖြိုးရေးအသင်း၏ အတွင်းရေးမှုးချားလ်စ် မော်သွန် သည်၊ သက္ကရာဇ် ၁၇၅၉ ခုနှစ်တွင် သုတေသနပြု လုပ် ၍ စုဆောင်းရရှိခဲ့သော ကြေးနီအက္ခရာ (၂၇)လုံး တွင် မြန်မာဗျည်းအက္ခရာ စလုံးများ မပါရှိသေးကြောင်းတင်ပြခဲ့သည်။ သက္ကရာဇ် ၁၇၄၈ ခုနှစ်ကလည်း သုတေသန ပညာရှင်များ ဖြစ်ကြသော  ဖရက်ဒ် ဖရီဇီအုစ် နှင့် ဘင်ဂျာမီနုစ် စကူဇီအုစ် တို့ စုဆောင်း တွေ့ရှိရသည့်  "ကောင်းကင်ဘုံ မေတ္တာ"ကို ဘာသာစကား (၂၀၀) ပေါင်းချုပ်ဖြင့် ရေးသားထားသည့် အုပ်စုတွင် မြန်မာဘာသာ စကား မပါရှိသေးကြောင်းကိုပါ တင်ပြ ဆွေးနွေးထားသည်။ ၄င်းပြင် မြန်မာဘာသာစကားသည် မြန်မာတိုင်းရင်းသား အများစု အသုံးပြု ရေးသား ပြောဆိုသော ဘာသာစကားရပ် ဖြစ်ကြောင်း ၊ မြန်မာပြည်ဆိုသည်မှာလည်း ရှေးယခင်က သမိုင်းသုတေသီ ပညာရှင်များ ခေါ်ဝေါ်ကြသည့် အမည်မှာ မှားယွင်းနေကြောင်းများကို တင်ပြခဲ့သည်။

    စာအုပ်၏ စတုတ္ထပိုင်းတွင် စာမျက်နှာ (၁၇) မှ (၄၄) ထိဖြစ်ပြီး ဘုန်းတော်ကြီး ကာရ်ပါးနီ၏ နိဒါန်းကို ဖတ်ရှုရသည်။

    ဘုန်းတော်ကြီး ကာရ်ပါးနီသည် အောက်ပါ အကြောင်းအရပ် (၃)ခု အကြောင်းကို အဓိကထား ရေးသား ဖေါ်ပြခဲ့သည်။
        (က) မြန်မာတို့၏ သမိုင်းဦး အကြောင်း
        (ခ) မြန်မာတို့ ရိုးရာ ယဉ်ကျေးမှုအကြောင်း
        (ဂ) မြန်မာသဒ္ဒါ အကြောင်း

၁။ မြန်မာသမိုင်းဦး။      ။ မြန်မာလူမျိုးများ ဆင်းသက်လာသည့် အကြောင်းနှင့် ရှေးဦး သမိုင်းအကြောင်းကို ရေးသားထားသည့် မြန်မာ့သမိုင်းအကြောင်းတွင် အင်းဝ ဘုရင်မင်းမြတ်အကြောင်းကို အရင်းခံထား၍ ဖေါ်ပြထားသည်။

၂။ မြန်မာ့ ရိုးရာယဉ်ကျေးမှု။ မြန်မာလူမျိုးတို၏ ဓလေ့ထုံးတမ်းများ အကြောင်း ရိုးရာ ယဉ်ကျေးမှုအကြောင်း မြန်မာလူမျိုးတို့ ကိုးကွယ်သည့် ဘာသာအကြောင်းတို့ ပါရှိသည်။

၃။ မြန်မာသဒ္ဒါ။     ။ မြန်မာသဒ္ဒါနှင့် ပတ်သက်၍ အခြေခံ သဘောတရားများအကြောင်း၊ မြန်မာ စကား အသုံး အနှုန်းများနှင့် မြန်မာစာနှင့် ဒွန်တွဲလျက်ရှိသော ပါဠိစာပေအကြောင်းကို အကျယ်တ၀ံ့ ရေးသား တင်ပြထားသည်။

စာအုပ်၏ ပဉ္စမအပိုင်းတွင် ပုံနှိပ်ခဲစလုံးများ ထုတ်လုပ်ရေး တာဝန်ခံ ဂျေ၊ အိတ်က်စ်ပီလီ၏ အမှာစာဖြစ်သည်။ မြန်မာပုံနှိပ် ခဲစလုံးများကို တီထွင်ပေးရာ၌ မြန်မာစာလုံး အတွက် အ၀ိုင်းပုံစံများကို တီထွင်ပေးပြီး။ ပါဠိ စာလုံးများအတွက်မှု လေးဒေါင့် ပုံစံများကို တီထွင် ထုတ်လုပ်လိုက်သည့် အကြောင်းများကို  ရှင်းလင်း ဖေါ်ပြထားသည်။ ၄င်းအပြင် အင်းဝနေပြည်တော်တွင် အသုံးပြုသော ငွေကြေးပုံစံနှင့် နိုင်ငံတော်တံဆိပ်တုံးကို၎င်း၊ ပဲခူးမြို့တော်တွင် အသုံးပြုသော ငွေကြေးပုံစံနှင့် တံဆိပ်တုံးကို၎င်း၊ အသီးသီး ပုံသွင်း ရိုက်နှိပ်ပြခဲ့သည်။ ပါဠိ ပုံနှိပ် နမှုနာကို ပြလိုသဖြင့် ကမ္မ၀ါ ကျမ်းပုဒ်တပုဒ်ကို ရိုက်နှိပ်ပြထားသည်။ မြန်မာပုံနှိပ် ခဲစလုံးများကို ပုံစံအမျိုးမျိုးဖြင့် ပုံသွင်းပေးလိုက်သည့် အရေအတွက်မှာ စုစုပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း) ခန့် ရှိသည်။

    စာအုပ်၏ ဆဌမပိုင်းတွင်မူ ဆရာတော်ပယ်ရ်ကိုတို၏ ရှင်းလင်းချက်များကို တွေ့ရှိရသည်။ မြန်မာ ဗျည်း အက္ခရာ (၃၃)လုံး ရှိကြောင်းနှင့် မြန်မာ  "သရ"တို့ အကြောင်းကို ရှင်းလင်း ရေးသား တင်ပြထားသည်။ ဥပမာ ဗျည်း နှင့် သရ တို့ ပူးတွဲ အသုံးပြုပုံ၊ မြန်မာ အသံထွက်ပုံတို့ကို အကျယ်တ၀ံ့ (က မှ အ) အထိ ရေးသား ဖေါ်ပြထားသည်။ ထို့နောက် သင်ပုန်းကြီးကို စတင် ရှင်းလင်း ဖေါ်ပြရာ၌ မြန်မာသတ်ပုံ အညွှန်းများအကြောင်း မြန်မာသဒ္ဒါ အကြောင်းတို့ကို တင်ပြ ရေးသားသွားခဲ့သည်။

    စာအုပ်၏ ပထမပိုင်းလည်းဖြစ်၊ နောက်ဆုံးအပိုင်းလည်း ဖြစ်သောနေရာတွင်၊ ကက်သလိခ် ဘာသာဝင်တို့ နေ့စဉ် ရွတ်ဆိုသော ဆုတောင်း ပဌနာတော်များကို ရိုက်နှိပ်ထားသည်။ ၄င်းတို့မှာ-
    ၁။ ဂုဏ်ကျေးဇူးတော်နှင့်မေတ္တာ
    ၂။ ကောင်းကင်ဘုံမေတ္တာ
    ၃။ အားလုံးစုံကို မေတ္တာ
    ၄။ သနားခြင်း၏ မယ်တော်မေတ္တာ
    ၅။ ပညတ်တော် (၁၀)ပါးတို့ပါဝင်ကြသည်။