Saturday, May 2, 2015

ခရီးအရှိန် မဆုံးသေးတဲ့ မီးအိမ်လေးတစ်လုံး (အပိုင်း ၃)


အခန်း(၅)
ဖန်မီးအိမ်သည် 
အမှောင်ထဲက လူသားများအား အလင်းပေးရန်ဖြစ်သည်။

ဆရာတင်မိုး၏ ဖန်မီးအိမ် ကဗျာမှ အောက်ပါအပိုဒ်ကို ရွေးထုတ် ဂုဏ်ပြုလိုက်ပါသည်။
"သူ့အဆင်းသည် 
နေမင်းပမာ၊ သော်တာအလား၊
မ၀င်းငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လို ဟန်တကား၊"
ထိုနေ့က အဖဆရာတော်ကြီး ပေါလ်သည် မြစ်ကြီးနား စိန်ပက်ထရိတ် ကာသီဒြယ်ဘုရားကျောင်းထဲ၌ အာပတ်ဖြေ နေချိန်ဖြစ်သည်။ ညနေ (၅း၀၀) နာရီခန့် ဖြစ်မည် ထင်သည်။ ရဟန်းတော်တစ်ပါး အာပတ်ဖြေရာသို့ ရိုကျိုးစွာ ချဉ်းကပ်လာသည်။ ထူးတော့ ထူးတော့မည်ဟု ရိပ်မိလိုက်သည်။ ဘာများ ထူးမည်နည်း၊ "ဆရာတော်ဘုရား အရေးကြီးတဲ့ ဖုန်းခေါ်မှုတစ်ခု ရောက်နေပါသည်။ အမြန်ဆုံး လာရောက် ဆက်သွယ်ပါလို့ မှာထားပါကြောင်း ပြောလာသည်။ သွားရကောင်း မကောင်း ချီတုံချတုန်နှင့် မိမိဘာလုပ်ရမည်နည်း၊ ဘာလုပ်သင့် သနည်း။

တကယ်တော့ ဆရာတော်ကြီး ၀ါသနာ အပါဆုံး အလုပ်နှစ်မျိုးရှိသည် ဘာသာတူများထံ သွားရောက် လည်ပတ်ခြင်းနှင့် အာပတ်ဖြေ နားထောင်ခြင်းပင် ဖြစ်သည်။
ဆရာတော်ကြီးသည် (၁၉၇၆) ခုနှစ် ဆရာတော် သိက္ခာတင်ပြီး နောက်ပိုင်း နယ်လှည့်ခြင်းကို ပထမ ဦးစားပေး လုပ်ဆောင်ခဲ့သည်။ မိမိ၏ သိုးများထံ မရောက်အရောက် သွားနိုင်ခဲ့သည်။ မည်သူသည် ဆရာတော်ကြီးလောက် နယ်လှည့်ခဲ့ပါသနည်း။

အမှန်ပါသည်။ ဆရာတော်ကြီးသည် မြစ်ကြီးနားမှ ပူတာအိုသို့  ခြေလျင်ခရီး နှင်ခဲ့သူ ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ ဘာသာတူ ရွာများသို့ တစ်ရွာဝင် တစ်ရွာထွက်ဖြင့် တစ်လ ကိုးသီတင်းကြာလည်း သူက မမှုခဲ့ပါ။ ဆရာတော်၏ အဓိက ပစ်မှတ်က ဘာသာတူ သိုးများကို တွေ့လိုခြင်းပင် ဖြစ်သည်။ မည်မျှပင် ချောင်ကျသည့်ရွာ ဖြစ်နေပါစေ၊ ဆရာတော်ကို မတွေ့ဖူး မမြင်ဖူးသူ မရှိခဲ့ပါ။ ထို့အတူ ဆရာတော် မရောက်ခဲ့သည့် နေရာဟူ၍လည်း မရှိခဲ့ပါ။ ခရီးထွက်ရန် ၀န်လေးနေသူ မဟုတ်- အမြဲ ပေါ့ပါး လန်းဆန်းနေ၏။

နောက်တစ်ခုကတော့ အာပတ်ဖြေနားထောင်ခြင်းပင် ဖြစ်သည်။ ဆရာတော်ပေါလ်၏ အာပတ်ဖြေခြင်းနှင့် ပတ်သက် မိန့်ချက်က ဒို့ရဟန်းတော်တွေရဲ့ အဓိက တာဝန်သည်၊ သိုးများ၏ ၀ိညာဉ်ရေး ဖြူစင်မှုပင် ဖြစ်သည်။ သင် ရဟန်းဘ၀ ခံယူခဲ့သော်လည်း အာပတ်ဖြေရန် ၀န်လေးနေပါက ကား ဒရိုက်ဘာက ကားမမောင်းသလိုမျိုးပင် ဖြစ်ပေမည်။ ထို့ကြောင့်လည်း မည်သည့်နေရာ ဒေသသို့ ရောက်သည့်တိုင် ဆရာတော်ကြီးသည် အာပတ်ဖြေ နားထောင်ရန် ၀န်မလေးသကဲ့သို့၊ မိမိ၏ ၀ိညာဉ်ရေးအတွက်လည်း အမြဲ အာပတ်ဖြေလေ့ရှိသည်ဟု လေ့လာသိရှိရသည်။

ဆရာတော်သည် အာပတ်ဖြေ နားထောင်နေရာမှထကာ တယ်လီဖုန်းရှိရာသို့ ခြေလှမ်းလိုက်သည်။ ထိုအချိန်က လူတိုင်း တယ်လီဖုန်းကို တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးချေ၊
"ဟဲလို-- ကျွန်ုပ် ဆရာတော်ပေါလ်ပါ။ အမိန့်ရှိပါ"
"ဟုတ်ကဲ့... ရဟန်းမင်း ကိုယ်စားလှယ် စကားပြောနေပါတယ်၊"
ဆရာတော်ပေါလ် ဘာဆက်ပြောရ- ဘာဆက်လုပ်ရမှန်း မသိလောက်အောင် ဖြစ်ခဲ့မိပါသည်။

"တစ်ချိန်က ဆရာတော် မိန့်ခဲ့ဖူးပါတယ်။ အခြား တစ်နေရာရာကို 
ပြောင်းမိန့်ပေးရင် ကြည်ကြည်သာသာနှင့် ပြောင်းပေးမယ်လို့ ပြောခဲ့ဖူးပါတယ်၊ ပြန် သတိရပါသလား၊- ဆရာတော့်ကို မန္တလေး ဆရာတော် အဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုပါတယ်-လက်ခံနိုင်မလား"တဲ့။

အခန်း(၆)
လာခြင်းကောင်းသော ဖန်မီးအိမ်လေး 

ကက်သလစ် သာသနာတော်၌ အသစ်တက်လာသော ပုပ်ရဟန်းမင်းကြီးများ၏ အဦးဆုံး မိန့်ခွန်းကို ကမ္ဘာကြီးက နားစွန့်သည်၊ စိတ်ဝင်စားကြသည်။

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးက သူ့ရဲ့ ဗွေဆော် ဦးမိန့်ခွန်းတွင် မကြောက်ကြနှင့် ( Don't be afraid)ဟု မိန့်ဆိုခဲ့သည်။ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့  ငါ့အတွက် ဆုတောင်းပေးပါ (Please pray  for me)လို့ ဆုတောင်းခိုင်းပါတယ်။

ဆရာတော်ကြီး ပေါလ်ကလည်း မန္တလေးသာသနာသို့ ရောက်သည့် နေ့က မန္တလေးသာသနာမှ ရဟန်းတော်များအား မိန့်ခွန်း ချွေခဲ့သည်မှာ "သင်တို့က င့ါကို အစေခံရန် လာခြင်း မဟုတ်၊ ငါကသာ သင်တို့ကို အစေခံရန် လာခြင်းဖြစ်သည်"ဟု မိန့်တော်မူခဲ့ပါသည်။
ဆရာတော်ကြီးသည် မိမိအပြောနှင့် အလုပ်ကို ကိုက်ညီအောင် ပြုမူ နေထိုင် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ့အား ဦးစားပေးမှုကို မလိုလားသူ၊ ကိုယ်ချင်းစာနာတတ်သူ ဖြစ်သည်။
ဖန်မီးအိမ်လေး တစ်နေ့တော့ လေပြင်းမုန်တိုင်း မိခဲ့ဖူးသည်၊ မီးတောင်လေးလဲ ယဲ့ယဲ့သာ ကျန်တော့သည်။ နှလုံးသွေး ကြောပိတ် ရောဂါတဲ့၊ ဆရာတော်ကြီးသည် မန္တလေး အပူကို မကြုံဖူးတော့ အနေရ အထိုင်ရ ခက်ခဲ နေမည်သာဖြစ်သည်။ အဲယားကွန်းဆိုသည့် အအေးပေးစက်ကို မသုံးသောကြောင့် ပူအိုက်သည့် ဒါဏ်ကို အလူးအလဲ ခံခဲ့ရသည်။ (Heat Stoke) ခေါ် အပူဒါဏ် ခံခဲ့ရသည်။

(၂၀၁၀) ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ သွေးကြော ပိတ်ခြင်းကို ခွဲစိပ်မှု ခံယူခဲ့သည်။ ထိုစဉ်ဆရာတော်နှင့် ပတ်သက်သော (Beloved  of Christ)၏ အယ်ဒီတာ ဖာသာထွန်းမြင့်၏ စကားဖေါ်ပြလိုက်ပါသည်။ 

လေးစား ချစ်ခင်ရပါသော စာဖတ်ပရိသတ်များ ခင်ဗျာ။
လောကမှာ လူတစ်ယောက်၏ တန်ဖိုး၊ တစ်စုံတစ်ခု၏ တန်ဖိုး၊ အတွေး အမြင်တစ်ခု၏ တန်ဖိုး-ရပ်တည်မှု တစ်ခု၏ တန်ဖိုးဟူသည်။ ထိုအရာ၏ အရာရောက်မှု၊ အသုံးဝင်မှုထက်၊ ၎င်းမရှိတော့မှ တမ်းတမှု၊ လွမ်းစွတ်မှု၊ အပေါ်မှာပိုပြီး မူတည်ပါသည်။(အားလစ်မေရီဟီလ်တန်)။
ယခုလည်း သည်အတိုင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆရာတော်ကြီး ပေါလ် မိမိ၏ ကျန်းမာရေးကြောင့် စင်္ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည်ဟု ကြားတော့ စိတ်ပူမိသည်။ စိတ်လည်း မချမ်းသာမိပါ။
အကြောင်းကတော့ (၁) မန္တလေး ဆရာတော်ကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ (၂) ဒုတိယအနေဖြင့် ကျွန်ုပ်တို့၏ စာစောင် အရှိန်ရနေခြင်းက ဆရာတော်ကြီး၏ အဖွင့်အမှာစကားများက များစွာမှ တွန်းအား သက်ရောက် လှပါသည်။ ယခုတော့ ပိုမို သိသာလှပါသည်။ ဆရာတော်ကြီး၏ နေရာ ကွက်လပ်သည် အစားထိုး၍ မရသော နေရာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ အခါတိုင်း ပုံမှန် စာမူရနေစဉ်ကတော့ မသိသာလှချေ၊ ဆရာတော်ထံမှ စာမူ- မရနိုင်ဟု အသိက ကျွန်တော့်ကို အတော် ချိန်းခြောက်နိုင်ခဲ့ပါသည်။
ဆရာတော်ကြီးသည် အပြောနှင့်အလုပ် ညီညွတ်သူတစ်ဦးဖြစ်သည်။ မိမိက အစေခံအမှုကို ပြုတတ်သူ၊ မိမိက အစပြု ကူညီ ရိုင်းပင်းတတ်သူ၊ မိတ်ကောင်းဆွေမွန်တစ်ဦး၊ ယုံကြည် စိတ်အချရဆုံး ဘ၀ခရီး သွားဖေါ်တစ်ဦး၊ ဦးဆောင်မှု အပေးနိုင်ဆုံး ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်သည်။
သိုးထိန်းကောင်း ပီသသော ဆရာတော်ကြီး အမြန်ဆုံး ကျန်းမာ လာပါစေ၊ သာသနာ့ အမှုတော်ကိုလည်း အမြန်ဆုံး ပြန်လည် ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
ဆရာတော်ကြီးအပေါ်
ဘုရားရှင်တော်မြတ် ကောင်းကြီး ပေးတော်မူပါစေ၊
ဘုန်းတော်ကြီး ဂေဗြီအယ် ဦးထွန်းမြင့် (R.V.A)