Monday, April 27, 2015

ခရီးအရှိန် မဆုံးသေးတဲ့ မီးအိမ်လေးတစ်လုံး (အပိုင်း ၂)


အခန်း(၃)
ဖန်မီးအိမ်၏ ခရီးအစ

မိခင်စိတ်တဲ့၊ အင်မတန် ထူးဆန်းလှပါဘိခြင်း၊ အံ့သြစရာလည်း ကောင်းလှပါ၏။ စိတ်ပညာရှင်များက မိခင်စိတ်၏ ဆန်းကြယ်မှုကို စမ်းသပ်ခန်းတွင် ကြွက်ဖြူလေးများဖြင့် စမ်းသပ်ကာ သက်သေ ထူခဲ့ကြသည်။ ကြွက်ဖြူလေးများမှာ လူ့စိတ်နှင့် အနီးဆုံးတူကြသည့် သတ္တ၀ါလေးများ ဖြစ်သည်။ မိခင်စိတ်၏ ဆန်းပြားမှုကို ကြွက်ဖြူလေးများနှင့် အောက်ပါအတိုင်း စမ်းသပ်ခဲ့ကြသည်။

အစမ်းသပ်ခံ ကြွက်ဖြူ အမတစ်ကောင်ကို တစ်နေ့နှင့် တစ်ညခန့် အစာမကြွေးပဲ ထားလိုက်သည်။ သည်တော့ အဲ့သည့် ကြွက်ဖြူအမလေး ဘယ်လောက်ထိ ဆာလောင် မွတ်သိပ်နေမလဲဆိုတာ စဉ်းစားသာကြည့် ပေတော့၊
အချိန်တန်တော့ လှောင်ချိုင့် အတွင်းထဲကို အဆိုပါ အစာအငတ်ခံ ထားသည့် ကြွက်ဖြူမလေးအား ထည့်ထားလိုက်သည်။ အခြား လှောင်ချိုင့်ထဲမှာတော့ အဲ့သည့် ကြွက်ဖြူမလေးရဲ့ ရင်သွေး ကြွက်ပေါက်စလေးကို ထည့်ထားလိုက်သည်။ သည်လှောင်ချိုင့်နှစ်ခုကို လျှောက်လမ်းလေးတစ်ခုဖြင့် ဆက်သွယ် ပေးထားသည်။ ထိုလျှောက်လမ်းလေးသည် လှောင်ချိုင့်နှစ်ခု၏ အပေါက်များနှင့် ဆက်သွယ်ထားသည်။ သို့သော် ထိုလျှောက်လမ်းကို လျှပ်စစ်ဓါတ် လွှတ်ထားလိုက်သည်။ ထိုအပြင် ကြွက်မကြီးဘက်က လျှောက်လမ်းထိပ် အပေါက်ဝတွင် ကြွက်များ ကြိုက်နှစ်သက်သည့် ဒိန်ခဲလေးတစ်ခုကိုလည်း ချိတ်ထားလိုက် ပြန်သေးသည်။

စမ်းသပ်မှုက သတ်မှတ်ထားသည့် အချိန်ရောက်ပါက ကြွက်ပေါက်စလေးကို အပ်အသေးလေးနှင့် ထိုးဆွ လိုက်မည်။ ကြွက်ပေါက်စလေးက နာကျင်သည့် ဝေဒနာကြောင့် အော်မည်။ ထိုအခါ တစ်ဖက်မှာ ရှိတဲ့ မိခင်  ကြွက်မကြီး ဘာလုပ်မည်နည်း၊-ဆာလောင် မွတ်သိပ်လွန်းလို့ ဒိန်ခဲကိုပဲ အငန်း မရ စားမလား၊ သို့တည်းမဟုတ် တဖက်လှောင်ချိုင့်ထဲက မိမိရင်သွေး၏ စူးစူး ၀ါးဝါး ငိုကြွေးသံကြောင့် ဒိန်ခဲ့ကို စွန့်ပြီး ရင်သွေးထံ ပြေးသွားမလား- သည် ကြွက်မကြီး၏ ရွေးချယ်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ ယင်းကြွက်မကြီး ဘယ်အရာကို ရွေးချယ်မည်နည်း၊ စိတ်ဝင်စားစရာပင် ဖြစ်သည်။

မိမိ ရင်သွေး၏ ငိုသံကြောင့် တစ်ဖက်လှောင်ချိုင့်စီ အပြေးသွားမည် ဆိုပါက လျှပ်စစ် လွှတ်ထားသော လျှောက်လမ်းကို ဖြတ်ရမည်။ ထို့ကြောင့် ဓါတ်လိုက်မည်။ ရင်သွေး ငိုသံကို ဥပက္ခာပြုကာ ဆာလောင် မွတ်သိပ်မှုကြောင့် ဒိန်ခဲကို စားမည်ဆိုက ဘာမှ အန္တရယ်မရှိ၊ အေးဆေးပဲ၊

ဒါပေမယ့် ကြွက်မကြီးသည် မိမိရင်သွေးထံ သွားဖို့ ဆုံးဖြတ်လိုက်ပုံ ရသည်။ လျှောက်လမ်းပေါ် ပြေးတက်တိုင်း ဓါတ်လိုက်လို့ နောက်ပြန်လန်လန် ကျသွားခဲ့ရသည်။ ဒါကို သူမှု ပုံမရ၊ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ တကယ်တော့ သည်ကြွက်မကြီး ဆာလောင် မွတ်သိပ်နေလှပြီ၊ သို့သော် ဆာလောင်မွတ်သိပ်ခြင်းနှင့် မိခင်စိတ်တို့ လွန်ဆွဲကြရာ၊ မိခင်စိတ်က အနိုင်ရလိုက်ပါတော့သည်။ ဤျသည်ပင်လျှင် မိခင်စိတ်၏ စွန့်လွှတ် အနစ်နာခံလို စိတ်ကို ဆာလောင် မွတ်သိပ်မှုက အနိုင် မယူနိုင် ဆိုသည်ကို သက်သေပြနေပါသည်။
မိခင်စိတ်ဟူသည် လူနှင့် တိရိစ္ဆာ မကွာခြင်းလှပါ။ တချို့ တချို့သော တိရိစ္ဆာများသည် မျက်ရည်ကျတတ်ကြ၏ဟု ဆိုကြပါသေးသည်။

အဖ ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် အသက်(၁၁)နှစ် အရွယ်တွင် ဗန်းမော်သို့ ပညာသင်ရန် ရောက်လာသည်။ ဖခင်ဖြစ်သူ ဦးဇိန်ထုန်း ဂန်- ကိုယ်တိုင် လိုက်ပို့ ခြင်းဖြစ်သည်။ အစ်မတစ်ယောက်နှင့် နှမတစ်ယောက်တို့လည်း ပါကြသည်။ ဦးဇိန်ထုန်းဂန်အဖို့ကား သမီးနှစ်ယောက်နှင့် သားတစ်ယောက်ကို ရပ်ဝေးသို့ ပို့ထားလိုက်ရမည် ဆိုတော့လည်း အတော်ပင် ခံစား ရပေမည်။ သည်သား -သည်သမီးကို နောက်ဆုံးတွေ့ရခြင်း ဆိုသည်ကိုတော့ မည်သူမှ သိကြမည် မဟုတ်ချေ၊

အကြောင်းမှာ ဆရာတော်ကြီးတို့ မောင်နှမသုံးဦးကို ဗန်းမော် ဘုန်းကြီးကျောင်း- သီလရှင်ကျောင်းသို့ မေလဆန်းက ပို့ခဲ့သော ဦးဇိန်ထုန်း ဂန်သည် ဂျွန်လဆန်းတွင် သေဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။-
ရွှေတောင်ကြီး ပျိုပြီ ဟု ဆိုရမလို ဖြစ်သည်။ သို့သော် ဒေါ်လဇုန်ထုအဖို့မူ ခင်ပွန်းသည် မရှိတော့သော်လည်း အားမငယ်ပါ။-တက်မရှိရင် လက်နှင့် လှော်မည်ပေါ့၊ ပန်းတိုင်ကိုတော့ လှမ်းကိုင်နိုင်ဖို့သာ အဓိက မဟုတ်ပါလော့၊ သူတို့အဖေ ဖြစ်စေချင်သော သာသနာပြု သူတော်စင်များ ဖြစ်အောင် အစွမ်းကုန် ကြိုးစားမည်။

ဟုတ်ပါသည်။ ဖခင် ဓမ္မဆရာကြီး ဦးဇိန်ထုန်းဂန် အနေဖြင့် မိမိ ရင်သွေးများကို  သာသနာပြု သူတော်စင်များ ဖြစ်စေချင်သည်က အမှန်ပင်ဖြစ်သည်။ သို့မို့ကြောင့်ပင် မိမိ မျက်စိမမှိတ်မီ လပိုင်းအလို၊ မိမိ၌ ဝေဒနာများ ခံစားနေရသည့်ကြားက မိမိ ရင်သွေးသုံးဦးကို ဗန်းမော်သို့ ပို့ဆောင် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
သည်အချက်ကို ဇနီးကောင်းပီပီ ဒေါ်လဇုမ်ထု သိသည်။ ဦးဇိန် ထုန်းဂန် က ပွင့်ပွင့်လင်းလင်းသမား၊ ဘာမှ ထိန်ချန် မထားတတ်၊ သူမှားရင်လည်း မှားတယ် ၀န်ခံဖို့ မနှောင့်နှေးတတ်၊ ရင်ထဲမှာ ဘာဆို ဘာမှ ထိန်ချန် မထားတတ်ပါ။ အခုကိစ္စလည်း ဒေါ်လဇုန်ထု သိသည်။ မိမိ ခင်ပွန်းသည် မကျန်းမာသည့်ကြားက သားနဲ့ သမီးနှစ်ဦးကို ဗန်းမော်ပို့သည်ကို သိနေသည်။ သိဆို သူနဲ့ ပေါင်းသင်းလာတာ အခုဆို သားသမီး ခုနှစ်ဦး၊ တစ်ဦးက ရင်မှာ လွယ်ထားနေရဆဲ၊-

အခုတော့ မိမိ ခင်ပွန်းမရှိတော့သည့် လုံခပ်ရွာလေးတွင် ဆက်မနေချင်တော့၊- ထို့ကြောင့်လည်း ခင်ပွန်းသည် တိမ်းပါးပြီး များမကြာမီမှာပင်၊ ဗန်းမော်နှင့် ၁၅ မိုင်ခန့်သာ ဝေးသည့် မြစ်ကြီးနား-ဗန်မော် လမ်းမကြီး ပေါ်က ဆယ့်ငါးမိုင် အမည်ရသည့် ရွာကြီးသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ တစ်ရွာ မပြောင်း-သူကောင်းမဖြစ်ဟု ဆိုထားသည် မဟုတ်ပါလား၊ ကလေးရှစ်ယောက် အမေ၊ ကလေးတွေ ကျောင်းစရိတ်၊ စားစရိတ်၊ ပညာရေးစရိတ်တွေ ပုံမှန် ပို့နိုင်ဖို့က အရေးကြီးနေမည်သာ ဖြစ်သည်။ ဒါမှလည်း မိမိ ရင်သွေးများ သူတကာအကြား မျက်နှာငယ်ရမည့် အဖြစ်မျိုးနှင့် ဝေးမည်သာတည်း၊

ဒေါ်လဇုမ်ထု တစ်ယောက် ကလေးတွေကို ချစ်ပုံ၊ သံယောဇဉ်ကြီးပုံက အတုယူစရာ ကောင်းလှပါသည်။ နွေရာသီ ကျောင်းပိတ်လို့ ကလေးတွေ ဗန်းမော်က ပြန်လာရင် မြူးနေတော့တာပါပဲ၊ အထူးသဖြင့် သူအပျော်ဆုံးနဲ့ အကြည်နူးဆုံး အချိန်တစ်ခုရှိသည်။ ကလေးတွေ ကြိုက်တတ်တဲ့ စားစရာတွေ ချက်ပြီး မိသားစု ၀ိုင်းဖွဲ့ စားသောက်တဲ့ အချိန်ပေါ့၊
မိမိ ခင်ပွန်းမရှိသည် နောက်ပိုင်းသည် ကလေးတွေကို ဖခင်လို တစ်မျိုး- မိခင်လို တစ်ဖုံနဲ့ ပြုစုခဲ့သည်။ ကလေးတွေကလည်း လိမ္မာကြပါသည်။ ကျောင်းပိတ်ရက်တွေမှာ လျှောက်လည်လိမ့်မရှိ၊ အိမ်မှု ကိစ္စအ၀၀ကို မိခင်အား ကူညီလိုက်- ဖခင်စာအုပ်စင်က ဘာသာရေး စာပေတွေကို ဖတ်လိုက်နဲ့ နွေရာသီ အားလပ်ရက်ကို အကောင်းဆုံး အသုံးချတတ်ကြသည်။

ဆရာတော်ကြီး ပေါလ်၏ ဖခင်သည် ဓမ္မဆရာဖြစ်သည်။ ထို့ကြောင့်လည်း သားသမီးတို့၏ ဘာသာရေး မျိုးစေ့များမှာ ဖခင်ထံမှ ကူးစက်ခဲ့ဟန် တူသည်။ သားသမီးတို့၏ ဘာသာရေး ခံယူချက်များနှင့် ယုံကြည်ချက်များကိုတော့ မိခင်က ရေလောင်း ပေါင်းသင်ပေးခဲ့ပုံရသည်။ သားသမီးတို့၏ ဘာသာရေး ခံယူချက်များမှာ ရေခံ မြေခံကောင်းခဲ့သည့် အတွက် အရာရာကို ဘုရားထံ အပ်နှံနိုင်သည့် မြင့်မြတ်သော စိတ်ထားများကို ပိုင်ဆိုင်နေကြသည်။ တန်ဖိုး မဖြတ်နိုင်သော သားသမီး ရတနာလေးများ ဖြစ်သောကြောင့်တည်း။
ကလေးတွေ ကျောင်းပြန်ဖွင့်ချိန်သည် မိခင်ကြီး၏ နှလုံးသားကို နာကြင်စေမည်မှာ အမှန်ပင်ဖြစ်မည်။ ဘာကြောင့်လည်းဆိုတော့ ငှက်ကလေးများ အဝေးသို့ ပျံသန်းသွားကြမည် ဖြစ်သောကြောင့်ပင်၊
ထိုနေ့မျိုးဆိုရင် ဒေါ်လဇုမ်ထု တစ်ယောက် နံနက် စောစောထမည်။ ကလေးများအတွက် အပြန်ခရီးတွင် လိုရာများ ထည့်ပေးမည်။ လမ်းတွင် စားမည့် နေ့လယ်စာကို ကိုယ်တိုင် ပြင်ဆင်ပေးမည်။ အခြား ကိုယ်ခွဲမှ မရှိတာ၊ ပြီးတော့-ကိုယ်တိုင် လိုက်ပို့မည်။ မိမိတို့ ရွာသည် ဗန်းမော်နှင့် ၁၅ မိုင် ဝေးသည်။ ထိုခရီးကို ဆရာတော်ကြီးပေါလ်တို့ မောင်နှမ (၉၆၉၃)နှင့် လာကြ-သွားကြရသည်။ (၉၆၉၃)ဟု ဆိုလိုက်သဖြင့် အငှားကား နံပါတ်ဟု ထင်တော်မမူလိုက်ကြပါနှင့်။ ကိုယ့်ခြေကိုသုံးပြီး ခြေလျင် သွားကြ-လာကြ ရခြင်း ကို ဆိုလိုပါသည်။

အမေရိကန်နိုင်ငံက သမ္မတကြီး အာဗြံလင်ကွန်း၏ ဘ၀ အထုတ္ထုပ္ပတ္တိထဲတွင် သစ်လုံးအိမ်တွင်နေပြီး နေ့စဉ် (၇) မိုင်ခရီးကို ခြေလျင်သွားပြီး ကျောင်းတက်ခဲ့ရသည်ဟု မှတ်သားရပါသည်။
ယနေ့ခေတ် လူငယ်များ အတုယူစရာပင်။ စာသင်ကျောင်းသွားဖို့ နေ့စဉ် မုန့်ဘိုးတောင်းကြ၊ စက်ဘီး ပူစာကြ၊ ဆိုင်ကယ် ပူစာကြ၊ လက်ပတ်နာရီ ပူစာကြ၊ ဟင်းဖုန်း ပူစာကြ၊ ကွန်ပြူတာ ပူစာကြ၊ စာက ဘယ်ဆီ ဘယ်ဝယ်မှန်း မသိသေး၊ အရင်းအနီးက များပါဘီ၊
ကျောင်းသားများ သာမက- ယနေ့ခေတ် မိခင်များလည်း အတုယူသင့် သည်။ မိမိတို့ ကလေးအတွက် အချိန် မပေးနိုင်ကြ၊ အားလပ်ချိန်မှာ ကလေးတွေ ရှေ့ ချဲတွက်၊ နှလုံးထီ ထိုးနေကြခြင်းသည် လမ်းကောင်းပြနေသည်ဟု ပြောနိုင်ပါ့မလား၊ ဒေါ်လဇုမ်ထုကတော့ အားလပ်ချိန်မှာ မိမိတို့ အုပ်စု၏ မိခင်အသင်း၏ ဥက္ကဋ္ဌ ပီပီ တစ်အိမ်တက်ဆင်း စိပ်ပုတီးစိပ်လိုက်ရ၊ ဆုတောင်း ပွဲလုပ်လိုက်ရ၊ သည်ကြားထဲ ကျောင်းထိုင်ဘုန်းတော်ကြီး၏ အကူအညီ တောင်းခံမှုတွေကို ဖြည့်ဆည်းပေးရနှင့် အားချိန် မရှိခဲ့ပါ။ သည်ကြားထဲ ကလေးများနှင့် မန်မန်အတူတောင် စားလိုက်သေး၊ အချိန် အသုံးပြုတတ်ပုံများ အတုယူစရာ၊

ကျောင်းပြန်ကြမည့် ကလေးတွေအတွက် လိုအပ်သည်များကို ပြင်ဆင်ပေးယုံနှင့် အားမရသေး၊ ကလေးတွေနှင့် အတူ လိုက်ခဲ့ လိုက်သေးသည်။ နေ့တစ်ဝက်ကျိုးလို့ နေ့လယ်စာ စားချိန်ရောက်တော့ ကလေးတွေကို ခူးခပ်ယူလာသည့် ထမင်းဟင်းများကို ကျွေးလိုက်သေးသည်။ ပြီးတော့ ခရီးဆက်သည့်အခါမှာတော့ သူ မလိုက်တော့ချေ၊ သည်အခါမှာ ခရီးက တစ်ဝက် ကျိုးနေပြီ၊ ကလေးများ ဗန်းမော်သို့ ခရီးဆက်သည့်အခါ ဒေါ်လဇုမ်ထုက လှည့် မပြန်သေး၊ မိမိရင်သွေးများ၏ ကျော်ပြင်ကို နောက်ကနေ ကြည့် နေလိုက်သည်မှာ မိမိ မျက်စိမြင်ကွင်း အဆုံးထိပင်ဖြစ်သည်။ ရင်သွေးများကလည်း သမင်လည်ပြန်နှင့် သူ့ကို လှည့်ကာ လှည့်ကာ ကြည်မည်။ မိခင် ဖြစ်သူကလည်း လက်ဝှေ့ရမ်း ပြကာ ပြကာနှင့် တော်တော်နဲ့ နောက်လှည့် မပြန်နိုင်မှာမဟုတ်ပါ။ သည်မြင်ကွင်းမျိုး ရုပ်ရှင်ရိုက်ပြပါက မည်သူမငိုပဲ နေပါမည်နည်း။ အောက်ထစ်တော့ မျက်ရည်စို့လာမည်ကိုတော့ အာမခံသည်။

ဗန်းမော်ထိ (၁၅) မိုင်ဆိုတော့၊ (၇)မိုင် ခရီးသည် တစ်ဝက်ဖြစ်မည်။ ထိုခရီး တစ်ဝက်ကို ဒေါ်လဇုမ်ထု တစ်ဦးထဲ ပြန်ရမည်။ အပြန်ခရီးသည် မြန်နိုင်အုံးမည်လား၊ ပျော်နိုင်အုံးမည်လား။

သိပ္ပံပညာရှင်များက "အချိန်"၏ မြန်နှုန်းကို ဤသို့ဆိုကြသည်။ လူတစ်ဦးသည် အကွာအဝေး တူညီသော ခရီးတစ်ခုကို သွားရာ၌ ချောမော လှပသော အမျိုးသမီးတစ်ဦးနှင့် အတူသွားခြင်းနှင့် အကျည်းတန် ရုပ်ဆိုးအမျိုးသမီးတစ်ဦးနှင့် အတူသွားရခြင်းတွင် အချိန်၏ ကြာမြင့်မှုမှာ မတူနိုင်ဟု ဆိုကြ၏။ လှပသော အမျိုးသမီးနှင့် အတူသွားရာ၌ အချိန်သည် တိုးတောင်းလှ၏ဟု အထင်ရှိသော်လည်း အကျည်းတန် ရုပ်ဆိုးအမျိုးသမီးနှင့် အတူသွားရသည့် အခါ ခရီးအကွာအဝေး တူညီနေသည့်တိုင် စိတ်ထဲမှာ အချိန်က ကုန်ခဲလိုက်တာ-ကြာလိုက်တာ-ဟု တင်ကြမည်ဟု မှတ်ချက် ပြုထားပါသည်။

ထို့အတူ ဒေါ်လဇုမ်ထု၏ ကလေးများ မပါသော အပြန် ခရီးကား ဝေးနေမည်။ ကြာနေမည်ဟု ခံစားရနေပေမည်။ အလာတုန်းက ခြေလှမ်းများ သွက်သလောက် အပြန်ခရီးတွင်တော့ ခြေလှမ်းတိုင်း လေးနေမည်။ နှေးနေမည်ကတော့ သေချာ လှပါသည်။

ကျွန်တော်သည် ဆရာတော်ကြီးနှင့် နှစ်အတော်အတန် ကြာနေထိုင် ခွင့်ရခဲ့သူတစ်ဦး ဖြစ်သည်။ အထက်က မိခင်ကြီး၏ အလေ့အထကောင်း တစ်ခုကိုတော့ဖြင့် ဆရာတော်ကြီးက အမွေ ဆက်ခံနိုင်ခဲ့သည့်ဟု ယုံကြည်သည်။ အကြောင်းမှာ ဆရာတော်ကြီးထံ လာရောက်သူများကို ဧည့်ခံရာ၌ မိခင်က နေ့လယ်စာကျွေးသကဲ့သို့  ဧည့်ခံရမည့် တာဝန် အားလုံးကိုလည်း ဆရာတော်ကြီးက လုပ်ဆောင်သည်။ ဧည့်သည် ပြန်တော့ ဂိတ်ပေါက်ထိ ၊"ကား"နား အထိ လိုက်ပို့မည်။ လိုအပ်ပါက"ကား"တံခါးတောင် ဖွင့်ပေးလိုက်အုံးမည်။

ဒါ့ကြောင့် "အမွေ"ဆိုသော ကဗျာလေးဖြင့် ဒေါ်လဇုမ်ထုကို ဂုဏ်ပြုလိုက်ပါသည်။

အမွေ
စိန်ပီတာကို
မွေးတာ  အမေ၊

စိန်သြဂုတ်စတင်းကို
မွေးတာ  အမေ၊
မာသာထရေဇားကို 
မွေးတာ  အမေ၊
ဂျွန်ပေါလ်(၂)ကို 
မွေးတာ  အမေ၊
ဂျူဒကို၊
မွေးတာ  အမေ၊
မိုဟာမက်အဂ္ဂကို၊
မွေးတာ  အမေ၊
ဘင်လာဒင်ကို၊
မွေးတာ  အမေ၊
  အမေ  မွေးတာချင်း  တူပေမဲ့၊
အမွေ  ပေးတာချင်း  မတူတော့၊
လူတွေ   ချစ်တာခြင်း၊
လူတွေ   လေးစားတာခြင်း
လူတွေ   ကြည်ညိုတာခြင်း၊
ကွာခြားနေအုံးမှာပဲ၊




အခန်း(၄)
ဖန်မီးအိမ်ကို မည်သူ မီးညှိ ပေးလိုက်သနည်း။

မှတ်သားစရာ အဖြစ်အပျက်လေးတစ်ခုကို မျိုးကြဲသူစာစောင် အတွဲ (၉၄)၊ အမှတ်(၁)၊၂၀၁၃ ခုနှစ် ဇန်န၀ါရီလထုတ် စာစောင်တွင် အောက်ပါ အတိုင်း လေ့လာ မှတ်သားခဲ့ရပါသည်။

ပုပ်ရဟန်းမင်းကြီး ဘက်နာဒစ် (၁၆) အသက် (၇) နှစ်အရွယ်က သူငယ်တော်ယေဇူးထံသို့ ရေးသားသော ခရစ်စမတ်ကဒ်တွင် ယေဇူးရွှေနှလုံးတော်ကို သဒ္ဓါကြည်ညိုခြင်းနှင့် ရဟန်းဖြစ်လိုသော ဆန္ဒကို တွေ့ရပေမည်။
သူ၏ စာတွင် "ကြည်ညိုလေးစားအပ်ပါသော သူငယ်တော် ယေဇူး၊ ကမ္ဘာပေါ်သို့ အမြန်ဆုံး ကြွလာတော်မူပါ။ ကိုယ်တော်သည် ကလေးများကို ပျော်အောင် လုပ်ပေးပါတယ်၊ သားကိုလည်း ပျော်အောင် ပြုလုပ် ပေးတော်မူပါ။ သားလိုချင်တဲ့ အရာများဟာ မစ္ဆားတရားနာယူတဲ့ စာအုပ်လေးရယ်။ တရားထောက် သင်္ကန်းရယ်၊ ယေဇူးရွှေနှလုံးတော်ပုံတော်လေးရယ် ဖြစ်ပါတယ်၊"လို့ ဖေါ်ပြထားပါသည်။

ပုပ်ရဟန်းမင်းကြီးသည် ငယ်ရွယ်စဉ်ကပင် အခြားသော ကလေးများကဲ့သို့ ကစားစရာများ၊ စားစရာများနှင့် အင်္ကျိလှလှလေးများကို မပူစာာခဲ့၊ ဤအချက်ကပင် ထူးခြားလျက် ရှိနေပါတော့သည်။
ဆရာတော်ကြီးတို့ မောင်နှမ(၃)ဦး ဗန်းမော်တွင် ဘော်ဒါနေကြသည်။ ဆရာတော်ကြီး ပေါလ်က စိန်ကိုလန်ဘန် ဘော်ဒါ၊ အစ်မနှစ်ယောက်က အာဗေမာရီယားလို့ အမည်တွင် ဖရန်စစ်ကင်သီလရှင်ကျောင်းတွင် ဘော်ဒါနေသည်။

မောင်နှမတစ်တွေ ဘောဒါနေစဉ် စာ ကြိုးစားကြသည်။ လိမ်မာ ကြသည်။ ယဉ်ကျေးကြသည်။ ရဟန်းသီလရှင်တို့ စကား နားထောင်ကြသည်။ စာတွေ ဖတ်ကြသည်။ ဆုတွေ တောင်းကြသည်။ သူတို့၏ ဆုတောင်းသံများထဲတွင် ရဟန်းဖြစ်ရန် သီလရှင်ဖြစ်ရန်က များနေမှာတော့ သေချာလှပါသည်။
တစ်နေ့တွင်၊ ဟုတ်ပါသည်၊ ထိုနေ့ကို ဆရာတော်ကြီးပေါလ် တစ်သက် မေ့လို့ရတော့မည် မဟုတ်ပါ။ ထိုနေ့က စိန်ကိုလန်ဘန်ဘောဒါ ကျောင်းအုပ် ဘုန်းတော်ကြီး ဖာသာပက်ထရိတ်မက်ဒင် (Fr.Patrick Madden) က သူ့ ရုံးခန်းသို့ လာရန် လူကြုံပါးလိုက်သည်။ ထို့ကြောင့် ဆရာတော်ကြီးပေါလ်က ဘုန်းတော်ကြီး၏ ရုံးသို့ သွားရောက်ခဲ့၏။ ထိုအခါ ဘုန်းတော်ကြီးက သင် အောက်ပြည်သို့ သွားရမည်။ ပညာသင်ရမည်။ ဘုန်းကြီး လုပ်ရမည်ဟု ဆိုလာသည်။
(၁၃) နှစ်သားလေး ပေါလ်မှာ ဘာမျှ အသေအချာ နားလည်နိုင် စွမ်းမရှိသေး၊ သို့သော် သူ့မိဘများက သွန်သင် ဆုံးမခဲ့သည်၊ ရဟန်းများ သီလရှင်များ စကား နားထောင်ရမည်ဟူတည်း။ ထို့ကြောင့် ကျောင်းအုပ် ဘုန်းတော်ကြီး၏ စကားကို ခေါင်းညိတ်ခဲ့သည်။

ရဟန်းဘ၀သို့ ခေါ်တော်မူခြင်းကား ဆန်းကျယ်ပါဘိ၊ ရှုထောင့်မျိုးစုံကို အသုံးပြုပြီး ဘုရားသခင်သည် ခေါ်တော်မူခဲ့သည်။ တချို့ကိုတော့ ရဟန်းဘ၀ဆိုတာကို သိလို့ မြတ်နိုးလို့ ရဟန်းဘောင်သို့ ၀င်ဖို့ ဆုံးဖြတ်ခဲ့သည်။ တချို့အတွက် ကတော့၊ သူငယ်ချင်းများနှင့် အဖေါ်ကောင်းလို့ ရဟန်းဖြစ်သင်ကျောင်းသို့ ရောက်လာကြသည်။ တချို့ကတော့ ရဟန်းဖြစ်သင်ကျောင်းက ဟင်းကောင်းမှာပဲ အထင်နဲ့ ရောက်လာခဲ့ကြသည်။ အခုကြည့် ဆရာတော်ကြီးပေါလ်.. ရဟန်းဆိုတာ ဘာမှ ကောင်းစွာ နားမလည်၊ သို့ သော် "နားထောင်"ရမယ်ဆိုတဲ့ အသိစိတ်ကလေးတစ်ခုနှင့် ရဟန်းဘောင်သို့ ရောက်လာသည်။

ထို့ကြောင့် ၁၉၅၂ ခုနှစ်တွင် မိုးကုတ်သို့ ရောက်လာခဲ့သည်။ မိုးကုတ်တွင် အင်္ဂလိပ်စာ သင်ခဲ့ရသည်။ ထိုအချိန်က ပန်ပေါက် ကျောင်းထိုင်အဖြစ် တာဝန်ယူနေရသော ဘုန်းတော်ကြီး ကာရိုလုစ် ဦးထွန်းဝင်း (Fr.Carolus U Tun Win) က အင်္ဂလိပ်စာကို သင်ပေးခဲ့သည်။ ထို့နောက် မြန်မာစာကိုတော့ မိုးကုတ်တွင် နေထိုင်သော ဆရာမောင်မောင်နှင့် ဆရာဦးဘသွင် တို့က သင်ပေးခဲ့ကြသည်။ သည်ဆရာများ၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပါဘိ၊
ယခု ပြင်ဦးလွင်တွင်ရှိ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းဝင်မှတ်ပုံတင် စာအုပ် အရ ဆရာတော်ကြီးပေါလ်သည် ၁၉၅၃ ခုနှစ် မေလ (၅) ရက်နေ့တွင် ရောက်ရှိခဲ့သည်။

ဆရာတော်ကြီးသည် ပြင်ဦးလွင် စိန်အလောရှက် ရဟန်းဖြစ်သင် ကျောင်းတွင်လည်း စာကြိုးစားသူ တစ်ဦးဖြစ်သည်။ စာသင်ကျောင်း သွားရင်တောင် စာအုပ်နှင့် မျက်နှာမခွာခဲ့။ လမ်းသွားရင် စာဖတ်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်လည်း ပြင်ဦးလွင် ရဟန်းဖြစ်သင်ကျောင်းရှိ ဘောလုံးကွင်းမှ မြက်ပင်လေးများပင် မှတ်မိနေကြပေမည်။ စာသင်ကျောင်း သွားပါက ယင်း ကစားကွင်းကို ဖြတ်ရပါသည်။

ထို့ကြောင့်လည်း ဆရာတော်ကြီးသည် မျက်မှန်ထူထူကြီးကို ထိုစဉ်ကတည်းက တပ်ခဲ့ရပါသည်။ မျက်မှန်ပါဝါလည်း မတိုးခဲ့သလို ပါဝါလည်း လျှော့ခဲ့ပါ။ ၁၉၅၇ ခုနှစ်တွင် (၁၀)တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်ခဲ့သည်။ ၁၉၅၇ မှ ၁၉၅၈ မတ်လအထိ လာတင်းဘာသာကို ပြင်ဦးလွင်မြို့တွင် ဆက်လက် သင်ကြားခဲ့သည်။

ထိုမှ တဆင့် ၁၉၅၈ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်သို့ ၀င်ရောက်ခဲ့သည်။ ထိုမှ တဆင့် ၁၉၆၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင် ရဟန်းသိက္ခာကို ခံယူခဲ့သည်။

ကချင်လူမျိုးစုနွယ်များ အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။ ဆရာတော်ကြီး ပေါလ်သည် ကချင်လူမျိုးစုနွယ်များထဲက ပထမဦးဆုံးသော ကက်သလစ် ရဟန်းတစ်ပါး အဖြစ် သမိုင်း မှတ်တိုင်တစ်ရပ်ကို ထူနိုင်ခဲ့သည့်အတွက် ဖြစ်ပါသည်။

ဆရာတော်ကြီး ပေါလ်သည် ရဟန်း သိက္ခာခံယူပြီးနောက် မိုးမောက်မြို့တွင် လက်ထောက် အဖြစ်လည်းကောင်း၊ (၁၉၆၆)ခု မတ်လမှ (၁၉၆၈) မတ်လအထိ ဗန်းမော်မြို့  ကိုလန်ဘန်ဘော်ဒါကျောင်းတွင် ကျောင်းအုပ်အဖြစ်လည်း အမှုထမ်းခဲ့သည်။ ထို့နောက်(၁၉၆၈) မေလမှ (၁၉၇၄) မတ်လအထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်တွင် ၀ိညာဉ် လမ်းညွှန်အဖြစ် တာဝန် ထမ်းခဲ့သည်။


 ဆက်ရန်
ခရီးအရှိန် မဆုံးသေးတဲ့ မီးအိမ်လေးတစ်လုံး (အပိုင်း ၃)

Read More...

Friday, April 17, 2015

ခရီးအရှိန် မဆုံးသေးတဲ့ မီးအိမ်လေးတစ်လုံး (အပိုင်း ၁)

ခရီးအရှိန် မဆုံးသေးတဲ့ မီးအိမ်လေးတစ်လုံး

စကားချီး           
(၁၆-၄-၂၀၁၅)

လေးစား ချစ်ခင်ရပါသော မိတ်ဆွေ အပေါင်းတို့၊

ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်၏ ရဟန်းဝါတော်နှစ် (၅၀) ပြည့် ရွှေရတုသဘင် အတွက် ဤစာစောင်လေးဖြင့် ဂါရ၀ပြု ဂုဏ်ပြုအပ်ပါသည်။ ဆရာတော်ကြီးအားလည်း ဤစာစောင်ဖြင့် ကန်တော့လိုက်ပါသည်။

သည်စာစောင်လေးကို မွေးထုတ်ပေးရာ၌ အချိန်၏ နည်းပါးမှုကြောင့် မပြည့်စုံပါ။ ၀န်ခံပါသည်။ ဆရာတော်ကြီး ပေါလ်မူကား ထူးခြားမှုများနှင့် ပြည့်စုံသည့် ပါရမီ ရင့်ကျက်သော ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်၏ စာစောင်လေးနှင့် ဆရာတော်ကြီး၏ ဘ၀ပုံတော်အား ပြီးပြည့်စုံအောင် ပုံဖော်နိုင်စွမ်း မရှိသည်ကိုတော့ နားလည် ခွင့်လွှတ်ပေးတော်မူကြပါဟု တောင်းပန် အပ်ပါသည်။

ဆရာတော်ကြီးအတွက် ရွှေရတုသဘင် အမှတ်တရဖြစ်စေရန်သာ ရည်ရွယ်ခဲ့ပါသည်။

သို့သော် နောက်မကြာ မတင်မီအချိန်တွင်တော့ အဖဆရာတော်၏ ဘ၀အတ္ထုပ္ပုတိကို ပြုစုနိုင်မည်ဟု ယုံကြည်မိပါသည်။ ဆရာတော်ကြီး၏ ဘ၀သည်ကား မြန်မာပြည် ကက်သလစ်သာသနာတော်၏ သမိုင်းတစ်စိတ်တစ်ဒေကို ပုံဖေါ်ခြင်း ဖြစ်ပေမည်။

ထို့ကြောင့် ကျွန်တော် ဆက်လက် ကြိုးစားပါအုံးမည်။ ယခု စာစောင်လေးတွင် အမှားများပါမည် ဆိုတာကိုတော့ ကြိုတင် ၀န်ခံပါသည်။ သည်းခံပေးပါရန်ကိုလည်း ကြိုတင် တောင်းပန်ပါသည်။

ဤစာစောင်၏ မျက်နှာဖုံးဒီဇိုင်းကို မောင်တင်ကိုထက်မှ လည်းကောင်း၊ မျက်နှာဖုံးကို ဆရာတော်ကြီးအား ဆက်ကပ် လှူဒါန်းသူ-ဦးတင့်ဆွေ မိသားစုအား လည်းကောင်း အထူးပင် ကျေးဇူးတင်ပါသည်။

ပြုစုသူ
ဘုန်းတော်ကြီးဂျော့ ခင်မောင်ထွေး
စိန်ဇေးဗီးယားကျောင်းထိုင် ဘုန်းတော်ကြီး


ဖန်မီးအိမ်
ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊ လရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား၊
မ၀င်းငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လို ဟန်တကား၊
ဆရာတင်မိုး၊

ဂျိန်းဖောပွဲတော်
ဟိုရှေ့က ဆူဆူညံ
ဘာသံလဲမေး၊
နန်းပန်းခရမ် အိုးစည်ဝိုင်းနဲ့
ဓါး-သိုင်းကွယ့်လေး။
ရှေ့ပိုင်းက ခေါင်းပေါင်းဖြူ
ဘယ်သူလဲ မေး၊
အာကီဝါ ဆလံဖြားနဲ့
ဒူးဝါးတဲ့လေး။

အပန်းငယ် ဖြေစရာ
ဘယ်ဟာလဲ မေး၊
တောင်ခြေမှာ ခေါင်ရေအိုးပေါ့
ရိုးရာကွဲ့လေး။
မီးပုံကြီး ပတ်ပတ်ရံ
ဟန်ညီလှသေး၊
ဘယ်ယိုင်ကာ ညာကိုနင်းမယ်
မင်းလိုက်ခဲ့လေး။
လော့ခူးဆို ခေါင်တစ်ကျိုက်
တရှိုက်လောက် စုပ်ကာယူ
ဂျိမ်းဖေါပျို နံသာတုံး။

ရှုံးလိမ့်မြို့သူ ပွေနက်ကကျူ
လူသံက ဝေလေးလေး
ခေါင်တန်ခိုးပေထင့်။
နေအာရုံ အောင်လံစိုက်တော့
ခြေအစုံ တောင်ယံတစ်ဝိုက်မှာ
ဒေါင်မရေ ကလိုက်ချေသေး။
(ဆရာမျိုးမြင့်ဆွေ)


အမွေ
စိန်ပီတာကို
မွေးတာ  အမေ၊
စိန်သြဂုတ်စတင်းကို
မွေးတာ  အမေ၊
မာသာထရေဇားကို
မွေးတာ  အမေ၊
ဂျွန်ပေါလ်(၂)ကို
မွေးတာ  အမေ၊
ဂျူဒကို၊
မွေးတာ  အမေ၊
မာမက်အလီအဂ္ဂကို၊
မွေးတာ  အမေ၊
ဘင်လာဒင်ကို၊
မွေးတာ  အမေ၊

အမေ  မွေးတာချင်း  တူပေမဲ့၊
အမွေ  ပေးတာချင်း  မတူတော့၊
လူတွေ   ချစ်တာခြင်း၊
လူတွေ   လေးစားတာခြင်း
လူတွေ   ကြည်ညိုတာခြင်း၊
ကွာခြားနေအုံးမှာပဲ၊



အခန်း(၁)
သူတစ်ပါးအတွက် မွေးဖွားလာသူ တစ်ယောက်

သည်ကနေ့ နေသာသည်။ ရာသီဥတုလည်း ကောင်းသည်။ ရုံးလည်း ပိတ်သည်။ လူပျိုကြီး ဦးသာဂိတစ်ယောက် ၀မ်းသာနေသည်။ သည်လိုနေ့မျိုးကို ဦးသာဂိ မျှော်နေတာ ကြာလှပြီ။ အကြောင်းကတော့ နာမည်ကြီး "သင်္ကြန်မိုး" ရုပ်ရှင်ကို ကြည့်လိုသောကြောင့် ဖြစ်သည်။ ဦးသာဂိ မျှော်မည်ဆိုလည်း မျှော်လောက်သည်။ ပျော်မည်ဆိုလည်း ပျော်လောက်ပါသည်။ "သင်္ကြန်မိုး"ရုပ်ရှင်၏ ဂုဏ်သတင်းက သင်းပျံ နေပေတာကိုး။ ကြည့်ပြီးသည့်တိုင် ထပ်ကြည့်ချင်မိသည် အထိ စွဲကျန် ရစ်နေစေသည်။ သို့မို့ကြောင့်လည်း ဦးသာဂိ ပျော်နေ မြူးနေသည်မှာ မဆန်းလှပါ။

ညနေ (၅း၄၅) နာရီလောက် အိမ်မှ ထွက်ခဲ့သည်။ ဦးသာဂိအိမ်နှင့် ရုပ်ရှင်ရုံက ဆယ်မိနစ်သာသာခန့် လမ်းလျှောက် ရသေးသည်။ လူတွေက ထူမည်။ ကြပ်မည်။ တိုးဝှေ့ရမည်။ လက်မှတ်ရဖို့ကလည်း လွယ်မယောင်နှင့် ခက်နေအုံးတော့မည်။ သို့သော် ယောက်ျားတို့ ဇွဲ သေခါမှ လျော့ရမည်တဲ့၊ ဦးသာဂိတစ်ယောက် သူ့ကို အားပေးမည့်သူ မရှိသော်လည်း သူ့ကိုသူ အားပေးနေမိသည်။ ဦးသာဂိက လူပျိုကြီး မဟုတ်ပါလား။ အားပေးဖော် မရှိဖူးလေ။ ၀ါလကင်းလွတ် သတင်းကျွတ်ဆိုတာ ဦးသာဂိရဲ့ ဘ၀ပြက္ခဒိန်ထဲမှာ ပါမှ မပါတာ။

ဦးသာဂိတစ်ယောက် ရုပ်ရှင်ရုံရောက်တော့ လက်မှတ်ရုံမှာ လူတွေ ပြည့်သိပ်နေပြီ။ ကိုယ့်ကိုကိုယ် စောလှပြီ ထင်နေတာ။ မှန်းချက်ကတော့ တက်တက်ဆင်လွဲ၊ အခါတော်ပေး ဗေဒင်ဆရာများ လုပ်စားရင် ပြေးပေါက် မှားနေမှာကတော့ သေချာလှသည်။ ဦးသာဂိတစ်ယောက် အတွေးထဲမှာ ပျော်ပိုက်နေဖို့ အချိန် မပေးနိုင်၊ အထက်တန်း လက်မှတ်အရောင်းဌာန အပေါက်ဝက လူတန်းထဲ တိုးဝင် တန်းစီလိုက်သည်။ တစ်ရွေ့ရွေ့နှင့် လူတန်းကြီးနဲ့အတူ အလိုက်သင့် မျော်နေလိုက်သည်။ အချိန်တန်ရင် အဖြေမှန် ပေါ်ထွက်စမြဲပဲ မဟုတ်လား။

သည်အချိန်မှာ သူ့ရဲ့ စိတ်ကူး ကမ္ဘာလေးကို ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ရက်ရက် စက်စက်မညှာမတာ အကြင်နာ ကင်းမဲ့စွာနဲ့ ရိုက်ချိုးပစ်လိုက် သူကတော့ စူးစူးဝါးဝါး အော်ငိုလိုက်သည့် သူ့ရှေ့က ကလေးငယ်တစ်ဦးကြောင့် ဖြစ်သည်။ သူ့ကိုသူ အဆိုတော် Rဇာနည်များ အောင်းမေ့ နေသလား မသိ။ အသက်က(၆)နှစ် သာသာလောက်ပဲဖြစ်မည်။ ဦးသာဂိက လူပျိုကြီးဆိုတော့လည်း ကလေးတစ်ဦး၏ အသက်ကို မခန့်မှန်းတတ်ဖူးလေ။ မန္တလေး နွေဆိုတာ သိတော်မူကြသည့် အတိုင်း ငရဲမင်းက ဒယ်ဒီ ခေါ်လောက်သည်။ အဲ့သည့် ပူအိုက်ခြင်းကို အခွင့်ကောင်းယူပြီး ဈေးကွက် စီးပွားရေးအကြောင်း ကောင်းကောင်းသိတဲ့ ရေခဲချောင်းသည်က သည်လိုနေရာမျိုးမှာ ကလေးတွေကို မြူပြသည်။ ခြူတတ်သည်။ သည်တော့ ကလေးတွေက ပူဆာမည်။ မိဘတွေက ပူရှာသည်။ ငွေက လုံလုံလောက်လောက် မပါတော့ မိဘတွေခမျာ ပူရှာပေမပေါ့။

ဟော့ အခုကြည့်လေ။ ဦးသာဂိရှေ့က မိသားစု စုစုပေါင်းလေးယောက် အမေရယ်၊ အဖေရယ်၊ သမီးကြီးရယ်၊ သားအငယ်ကောင် R ဇာနည်လေး ရယ်ပေါ့။ ယူလာတဲ့ငွေက ကွက်တိ ထင်ပါရဲ့။ ဘာလို့လည်း ဆိုတော့ "ဟဲ့ နင့်ဝယ်ကျွေးလိုက်ရင် ဒို့ ဘာနဲ့ ရုပ်ရှင်ကြည့်ရမှာလည်း ပါလာတာက ကွက်တိပဲ"လို့ မိခင်ဖြစ်သူက ပြောပြောငြီးငြီး ငြီးပြလိုက်လို့သာ သိလိုက်ရတာပါ။

လူတန်းကလည်း ရွေ့ရွေ့နဲ့ လက်မှတ် အရောင်းပေါက်နား နီးလာပြီ။ တကယ်တော့ ကိုယ့်အလှည့်ကျဖို့ နီးလာလေ ပျော်စရာကောင်းလေပဲ။ ဒါပေမယ့် အဲ့သည့် မိသားစုက မပျော်နိုင်ရှာဖူး။ မျက်နှာတွေ ပျက်နေပြီ။ လက်ထဲက ငွေတွေကို အထပ်ထပ် အခါခါ ရေတွက်လိုက်။ တစ်စောင်ကို (၁၅၀၀ိ)ဆိုတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်နဲ့၊ ကြည့်ရတာ ငွေမလောက်တော့ဖူးနဲ့ တူသည်။ အခုနက Rဇာနည်ရဲ့ ဆန္ဒဖေါ်ထုတ်မှုကြောင့် ထင်သည်။ ရေခဲချောင်းကို မဖြစ်မနေ ၀ယ်ပေးလိုက်ရတော့ ရုပ်ရှင်လက်မှတ်ဖိုး မလောက်တော့။ သေချာပါသည်။ လက်မှတ်(၄)စောင် ၀ယ်နိုင်တော့မည် မဟုတ်။ ဇနီးမောင်နှံခမျာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေပုံက စိတ်မချမ်း သာစရာ ....

နောက်နားက ကပ်ပါလာတဲ့ ဦးသာဂိတစ်ယောက်၊ အကြောင်းစုံကို အနီးကပ် သိခွင့်ရလိုက်သည်။ သူ ဘယ်လို ကူညီရမလဲ။ သူ ဘာကူညီ နိုင်မလဲ။ သူ ဘာလုပ်ပေးနိုင်မလဲ။ သည်"သင်္ကြန်မိုး"ကို ကြည့်ဖို့ အားခဲထားတာ လချီခဲ့ပြီ၊ သူ့နည်းတူ အခုလို ရုံးပိတ်ချိန် အားလပ်ရက်မှာ မိသားစုလေးနဲ့အတူ ရုပ်ရှင် ကြည့်ရတဲ့ အရသာကိုလည်း သည်ဇနီးမောင်နှံ ခံစားလိုပေမည်။
သို့သော်.......

မှန်ပါသည်။ ယင်း "သို့သော်"ကား သေးသေးကွေးကွေး "သို့သော်" တော့ မဟုတ်ပါ။ ကြီးကြီးမားမား "သို့သော်"ဖြစ်သည်။ ဦးသာဂိ တစ်ယောက် ဘာလုပ်သင့်သည်။ ဘာလုပ်ပေးရမည်ကိုလည်း သိလိုက်သည်။

စွန့်စားမှုကြီး တစ်ခုတော့ ဦးသာဂိ လုပ်ရပေတော့မည်။ သည် ကိစ္စသည် သူတစ်ပါးအတွက် သေးသေးကွေးကွေး ဖြစ်ကောင်းဖြစ်မည်။ သို့သော် ဦးသာဂိအတွက်မူ ခပ်ပါးပါးလေးတော့ မဟုတ်တာ သေချာသည်။ အကြောင်းမှာ သူ အင်မတန်ကြည့်ချင်သည့် အားခဲထားသော စိတ် ဆန္ဒတစ်ခုကို လက်လွတ် ဆုံးရှုံးလိုက်ရမည့်အဖြစ်၊ အပြော လွယ်သလောက် လုပ်ဆောင်ဖို့ ခက်ခဲလှပေမည်။ သည်နေရာကနေ "သင်္ကြန်မိုး"ကို "တာ့တာ" လက်ပြ နှုတ်ဆက်ရမည့်ကိန်း ဆိုက်နေလို့ပင် ဖြစ်သည်။ ဦးသာဂိကတော့ ဒါကိုပင် သူရဲကောင်းလို့ အသိအမှတ်ပြုကာ ပျော်နေမိသည်။

"သည်မှာ မိတ်ဆွေ ဒါ မိတ်ဆွေကျ ကျန်ရစ်ခဲ့တဲ့ ငွေစက္ကူ မဟုတ်လား။ ဟုတ်ပါတယ်။ ယူလိုက်ပါ။ ခင်ဗျားတို့ မိသားစု အတွက် လက်မှတ်ဝယ်ဖို့ လုံလောက်ပါပြီ။ အားမနာနဲ့နော်။ ကဲ-ကဲယူလိုက်ပါ" ယင်းအမျိုးသားက ခပ်ကြောင်ကြောင် ဖြစ်နေသည်။ အမျိုးသမီးက ခပ်အန်းအန်း ဖြစ်နေသည်။ ကလေးတွေကတော့ ပျော်နေတာပေါ့။ သူတို့မှ မသိပဲ။ သိတဲ့ လူကြီးတွေက ပါးစပ်အဟောင်းသားနဲ့၊ တို့ ဆေးများ မိထားသလား အောက်မေ့ရတယ်၊ စကားကို တစ်ခွန်း တစ်လေတောင် မပြောလိုက်မိဖူး၊ ဦးသာဂိကို ကြည့်နေတဲ့ ဇနီးမောင်နှံရဲ့ မျက်စိတွေက ဒါ ခင်ဗျား ငွေတွေပါ။ ခင်ဗျားငွေကို သက်သက်မဲ့ မြေကြီးပေါ် ပစ်ချပြီး ကျုပ်တို့ ငွေပါလို့ မလိမ့်တစ်ပါတ်နဲ့ခင်ဗျား အနစ်နာခံလိုက်တာ ကျုပ်တို့မသိမဟုတ်ပါဖူး ကိုသာဂိရယ်လို့ မပြောယုံတမယ်ပဲ၊ ဦးသာဂိလည်း သိတာပေါ့၊ ဒါပေမယ့် ခင်ဗျားတို့မှာက မိသားစုနဲ့လေ။ ကျုပ်က တစ်ယောက်ထဲပါဗျ။

ဟုတ်ပါသည်။ ဦးသာဂိတစ်ယောက် လူအုပ်တန်းထဲကနေ နေကြာစေ့လှော် အ၀ယ်သွားတာ လိုလို-ဘာလိုလိုနဲ့ နောက်ဆုတ်ပြန်ခဲ့ လိုက်ပါသည်။ သည်တစ်နှစ်တော့ "သင်္ကြန်မိုး"ရေ တာ့တာနော်၊ နောက် တစ်နှစ်မှပဲ ကြည့်တော့မည်။ ဦးသာဂိခမျာ ကိုယ်ကြည့်မဲ့ လက်မှတ်ဖိုးလေးကို ကိုယ့်မျက်စေ့ရှေ့မှာ အပျော်လေးတွေနဲ့ ကြည်နူးနေတဲ့ မိသားစုလေးကို စာနာစိတ် ကလေးမွေးပြီး မိမိက အနစ်နာခံလိုက်သည်။

သည်အတိုင်းပြောပေး-လိုက်တယ်ထား။ "ဟော့သည်မှာ ခင်ဗျားတို့ ရုပ်ရှင်ကြည့်ဖို့ လိုနေတာကို ကျွန်တော်က ကုသိုလ်ပြုပါတယ်" ဆိုလိုက်ရင် သည်မိသားစု ရှက်သွားနိုင်သည်။ အခန့်မသင့်ရင် သူတို့ကို ဂုဏ် သိက္ခာကျတယ်လို့ အထင်ရောက်သွားမှဖြင့် မသင့်လျှော်ချေ။ ထို့ကြောင့် သူတို့လည်း ဂုဏ်ရှိသွားရအောင်၊ မည်သူ့ကိုမှ မထိခိုက်စေရအောင် ဤနည်းလမ်းကို အသုံးပြုလိုက်ရခြင်း ဖြစ်သည်။

ထိုတချိန်က သည်အဖြစ်အပျက်ကလေးကို ဖတ်မိလိုက်တော့ ကိုသာဂိလို ပုဂ္ဂိုလ်မျိုးနဲ့ မတွေ့နိုင်လောက်ဖူးလို့ တွက်ထားမိလိုက်သည်။ သို့သော်  ကျွန်တော် မှားသွားပါသည်။ တော်တော့်ကို မှားသွားပါသည်။ သူတစ်ပါးအတွက် မိမိက အမြဲအနစ်နာခံတတ်သူ တစ်ယောက်နဲ့ ကျွန်တော် ဆုံမိ ကြုံမိလိုက်လို့ပင်ဖြစ်သည်။

ထိုသူကား "ဇိန်ထုန်းဂရောင်" ဆိုသူတည်း။

အခန်း(၂)
ရွာငယ် ဇနပုပ် မီးကလေး မှိတ်တုတ်

ဟုတ်ပါသည်။ သူ့နာမည်က "ဇိန်ထုန်းဂရောင်"ဖြစ်သည်။ အပြည့်အစုံကတော့ "ပေါလ် ဇိန်ထုံးဂရောင်" ဖြစ်သည်။ သည့်ထက် ပိုမို ပြည့်စုံအောင် ဆိုရင်တော့"ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်"လို့ ပြောရပါမည်။

ပေါလ်ဇိန်ထုန်းဂရောင်ကို အဖ "ဦးဇိန်ထုန်းဂန်"နှင့် အမိ "ဒေါ်လ ဇုမ်ထု"တို့မှာ မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ဦးတွင် တတိယမြောက်သား ရတနာဖြစ်သည်။ "ဇိန်ထုန်း"သည် မိဘ မျိုးရိုးအမည် ဖြစ်သည်။ "ဂရောင်" ကတော့ တတိယသားဟု အဓိပ္ပါယ်ရသည်။

ဇာတိမှာ ဗန်းမော်ခရိုင် မန်စီမြို့နယ် လုံခပ်ရွာဖြစ်သည်။ မွေးနေ့မှာ ၁၉၃၉ ခုနှစ် မတ်လ ၂၀ ရက်ဖြစ်သည်။ လုံခပ်ရွာဟုဆိုလိုက်သဖြင့် မြေပြန့်ရွာလေးဟု စိတ်ကူး မယဉ်လိုက်ပါနှင့်အုံး။ တောင်ပေါ် ရွာလေး တစ်ရွာဖြစ်သည်။ ဗန်းမော်နှင့် ခပ်ဝေးဝေးတွင်ရှိသည့် ကျေးရွာလေးတစ်ရွာ ဖြစ်သည်။ ထိုရွာတွင် ဓမ္မဆရာမှာ ဖခင် "ဦးဇိန်ထုန်းဂန်"ဖြစ်သည်။ မိခင် "ဒေါ်လဇုမ်ထု"မှာ "ကျေးရွာ မိခင်အသင်း"၏ ဥဏ္ဍဌဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် မြန်မာပြည်သည် ဂျပန်တို့၏ ကိုလိုနီချဲ့ထွင်မှုအောက်သို့ ကျရောက်ခဲ့ရသည်။ ထိုစဉ်က ဆရာတော်ကြီးပေါလ် မှာ သုံးနှစ်သားလောက်သာ ရှိသေးသည်။

လုံခပ်ရွာလေးသည် ဂျပန်တို့၏ တရုပ်ပြည်သွား လမ်းပေါ် ကျရောက်ခဲ့ရသည်။ ထို့ကြောင့် လုံခပ်တစ်ရွာလုံး တောထဲ တောင်ထဲသို့ စစ်ရှောင်ခဲ့ ကြရသည်။ လူကြီးများအတွက် အပူအပန်တွေ တစ်လှေကြီး ဖြစ်နေသော်လည်း ကလေးများအတွက်ကတော့ ပျော်စရာတွေ အတိ ဖြစ်နေမိတော့သည်။ အားလုံးသည် ရေကန်အသင့် ကြာအသင့်၊ ထင်း ခွေမလား၊ ငှက်ပစ်မလား၊ ဂျိုးထောင်မလား၊ တူးတူးပုန်းတမ်း ကစားမလား၊ ပုန်းစရာတွေက မရှားလှ။

ယခုခေတ် ကလေးများနှင့်တော့ ကွာခြားပါဘိ။ ကလေးတွေက  ဟန်းဖုန်းတွေ၊ အိုင်ပက်တွေ၊ ကွန်ပြူတာတွေ၊ အင်တာနက်တွေကို ပွေ့ပိုက်ပြီး မွေးလာသလား ထင်မှတ်ရသည်။ သည်ပစ္စည်းတွေ အသုံးပြုပုံကတော့ အံ့မခမ်း၊ ကျွမ်းမှ ကျွမ်း၊ တတ်မှ တတ်ပဲ၊

သို့သော် ပတ္ထမြားမှန်က နွံမနစ်တဲ့၊ ရွာငယ် ဇနပုပ် ဖြစ်နေပေမင့်၊ ထူးချွန်ထက်မြက်သူတွေ ကတော့ အများသား။ ဘုရားသခင်က ခေါ်တာ၊ မိမိဘက်က အလိုက်သင့် "Yes" ပြောဖို့သာ လိုအပ်လှပါသည်။

ထူးခြားတာက တောထဲ တောင်ထဲထိ သာသနာပြု ရဟန်းတော်များက မိမိတို့၏ သိုးတွေကို ပစ်မထား၊ လိုက်ရှာသည်။ တွေ့က မမောနိုင် မပန်းနိုင်၊ ဆေးထည့်ပေးခြင်း၊ ကြပ်စည်းပေးခြင်း၊ အစာကျွေးခြင်း၊ နှစ်သိမ့်မှုပေးခြင်း စသဖြင့် မိမိတို့၏ သိုးထိန်းတာဝန်ကို ကျွေပွန်ကြသည်။

ယင်းက ဆရာတော်ကြီး၏ နှလုံးသားတံခါးများကို လာရောက် တီးခေါက်နေကြသည့် တံခါးခေါက်သံလေးများ ဖြစ်နေသည်ကို ထိုအချိန်က ဆရာတော်ကြီးမသိလိုက်။ သတိမထား မိလိုက်ပါ။ သို့သော် သေချာတာ တစ်ခုကတော့ သာသနာပြု ရဟန်းတော်ဆိုတာ သည်လိုနေရမည်။ သည်လို စိတ်ထားရမည်။ သည်လို သိုးတွေ ဆီသွားရမည် အစရှိသော အသိတစ်ခုတော့ ရခဲ့လိုက်သည်။

ထို့ကြောင့် ရဟန်းဆိုသည်ကို စိတ်ဝင်စားမှု အစပြုလာခဲ့သည်။ သို့သော် ထိုအချိန်က မိမိမြင်ရ တွေ့ရသော ရဟန်များကား အိုင်းရစ် လူမျိုး မျက်နှာဖြူ နိုင်ငံခြားသားများသာဖြစ်သည်။ မိမိက တိုင်းရင်းသား ကချင်လူမျိုး၊ ရဟန်းဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားတိုင်း၊ ခေါင်းစား ခဲ့ရသည်။ မဖြစ်နိုင်ဆိုသည့် ဘက်က အလေးသာနေလို့ပင်။ သို့မို့ကြောင့်လည်း ကစားဖေါ် သူငယ်ချင်းများနှင့် ကစားသည့်အခါတိုင်း မစ္ဆားတရား ဟောခြင်း ကစားနည်းကို ကစားခဲ့ကြသည်။

ထိုကစားနည်းတွင် သူက ထာဝရ တရားထောက်ဖြစ်နေတာ ကတော့ ထူးခြားချက် တစ်ခုပင်။ ထိုကစားနည်းတွင် ဦးဆောင် တရားဟောသူနေရာက ကစား တတ်သည့် သူငယ်ချင်းတွေ ကတော့ ယနေ့ အိမ်ထောင်သည်တွေ၊ ကလေးတိုးလို့ တွဲလောင်းနှင့်၊ ထိုကစားနည်း၌ မည်သူမှ ထိုနေရာက မနေလိုသော "တရားထောက်"နေရာကိုမူ ဆရာတော်ကြီးပေါလ်က လိုင်စင်များ ယူထားသလားမသိ၊ အခုတော့ အမှန်တကယ် လိုင်စင်ရနေပြီဖြစ်သည်။ ဘုရားသခင်၏ ခေါ်တော်မူခြင်း ဟူသည် ခပ်စန်းစန်းပင် ဖြစ်နေပါသည်။

ဆရာတော်ကြီး (၁၁)နှစ် အရွယ် ၁၉၅၀ ခုနှစ်တွင် မိဘများက ဆရာတော်ကြီးပေါလ်ကို ဗန်းမော်သို့ ပို့လိုက်ကြသည်။ ပညာဆက် သင်ကြားနိုင်ရန် ဖြစ်သည်။ မိဘများ၏ အမျှော်အမြင်ကား ကြီးမားလှပါဘိ၊ မိမိတို့အတွက် ကိုယ်ခွဲ ရနေသူတစ်ဦး ဖြစ်လင့်ကစား၊ ရပ်ဝေးသို့စေ လွှတ်ကာ ပညာသင်ယူစေခဲ့သည်။ မိမိနှစ်ပါးတို့၏ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည့် မြင့်မြတ် ဖြူစင်သော စိတ်ထားကို ဂုဏ်ပြုလိုက်ပါသည်။

ဆရာတော်ကြီးတို့ မောင်နှမတစ်တွေမှာ စုစုပေါင်း (၈) ဦးရှိပါသည်။ ၎င်းတို့မှာ
 ၁။ ဦးဇိန်ထုန်းထုတွဲ
* ၂။ စစ္စတာကော်လုမ် (ဖရန်စစ်ကန်သီလရှင်ဂိုဏ်း)
 ၃။ ပေါလ်ဇိန်ထုန်းဂရောင် (ဂိုဏ်းချုပ်ဆရာတော်ကြီး)
 ၄။ စစ္စတာဇိန်ထုန်းမေရီလု (ဖရန်စစ်ကန်သီလရှင်ဂိုဏ်း)
 ၅။ ဆရာမဇိန်ထုန်းဒွဲ
* ၆။ ဦးဇိန်ထုန်းလ၊
 ၇။ ဦးဇိန်ထုန်းဂျော်နီတူး၊
* ၈။ ဦးဇိန်ထုန်းတန်
တို့ဖြစ်ကြပါသည်။ ဘုရားရှင်၏ ကောင်းကြီးမင်္ဂလာများ မဟုတ်ပါလား။ သား သမီး ရှစ်ဦးထဲမှ အမှတ်စဉ်(၂)၊ အမှတ်စဉ်(၆)၊ နှင့် အမှတ်စဉ်(၈) တို့မှာ ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်း ခံခဲ့ရသူများ ဖြစ်ကြပါသည်။ ကျန်သူများ အားလုံး ယနေ့ (၁၅-၄-၂၀၁၅)တိုင် အသက်ရှင် ကျန်းမာလျက် ရှိကြသည်။

Read More...

Saturday, April 11, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၁၈)


အခန်း(၇)
 မြန်မာပုံနှိပ်လုပ်ငန်းအောင်မြင်ခဲ့ပြီ

သက္ကရာဇ် ၁၇၆၉ ခုနှစ် နိုဝင်ဘာလ (၃)ရက် နေ့စွဲပါ၊ ဆရာတော် ပယ်ရ်ကိုတို၏ ပေးစာ တစ်စောင်တွင် အောက်ပါတို့ကို ဖတ်ရှုရသည်။(၂၉)

တရုတ်မြန်မာ စစ်ပွဲအပြီးမှာ ကျွန်ုပ်လည်း အင်းဝမြို့တော်ကို ခရီး ရောက်ရှိခဲ့ပါတယ်။ အင်းဝမှနေပြီး နဘက်ရွာနှင့် ရွှေဘိုမြို့များဆီသို့ ခရီးဆက်လက် ထွက်ခွာခဲ့ပါတယ်။ ဒီခရီးစဉ်တွေမှ အပြန် မုံလှရွာကို ရောက်တော့ သတင်းတခုက ကျွန်ုပ်အား ဆီးကြိုခဲ့ပါတယ်။ မုံလှရွာမှာ ရဟန်းဖြစ်သင်ကျောင်း ဖွင့်လှစ်ဘို့ ပေတလုဒ်မိလဒ်ရဲ့ ကူညီပံ့ပိုးမှုဖြင့် ဘုရင်မင်းမြတ် အထံတော်မှ ခွင့်ပြချက် အမိန့်ကျလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည် ကက်သလိခ်သာသနာကြီး၏ အလွန် ကြီးမားသော အခက်အခဲတခုမှာ သာသနာတော်အတွက် လိုအပ်သော ရဟန်း ဘုန်းတော်ကြီးများကို ဥရောပတိုက်မှ တဆင့် လက်ခံရယူခြင်း ဖြစ်သည်။ ထိုသို့ လက်ခံရရှိသော ရဟန်းဘုန်းတော်ကြီးများ၏ ဦးရေမှာလည်း အလွန်နည်းပါးလှသည်။

သို့ဖြစ်၍ ရဟန်းဘုန်းတော်ကြီးများ လုံလောက် လျှင်မြန်စွာ မရရှိနိုင်ခြင်းသည် သာသနာလုပ်ငန်း စီမံကိန်းများကို ထိပါးစေခဲ့ပြီး၊ လုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရွက်မှုတွင် နှေးကွေးစေခဲ့သည် သာမက၊ ရံဖန်ရံခါတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင် မြန်မာပြည်သို့ ရောက်ရှိလာကြသော သာသနာပြု ဘုန်းတော်ကြီးများသည် ဥရောပတိုက်သားများ ဖြစ်ကြသည့် အလျောက်၊ အရှေ့တိုင်း၏ ဥတုရာသီဒဏ်ကို ခံနိုင်ရည် စွမ်းနည်းပါးကြသည်။ အသက်ဆုံးရှုံးမှုများလည်း များပြားကြသည်။ တဖန် အရှေ့တိုင်းဘာသာ စကားကို လေ့လာ သင်ယူကြရခြင်း၊ အရှေ့တိုင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စရိုက်များကို လေ့လာ မှတ်သားကြရခြင်း၊ စသည်များကို ပြုလုပ် ဆောင်ရွက်ကြရာ၌ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။  သို့ဖြစ်၍ တိုင်းတပါးမှ လာရောက်သော သာသနာပြု ပုဂိုလ်များတိုင်း လိုလိုပင် မိမိတို့သာသနာ လုပ်ငန်းခွင်သို့ ရောက်ရှိကြသောအခါ  အထက် ဖေါ်ပြပါ အခက်အခဲများကို အနည်းနှင့်အများ အစဉ် ဖြေရှင်း ကျော်လွှား လာနေကြရစမြဲ ဖြစ်သည်။ ရဟန်း ဘုန်းတော်ကြီးများ လုံလောက်စွာ ရရှိရေးအတွက် ပြည်ပ အားကိုးလုပ်နေမည့် အစား၊ ပြည်တွင်း၌ သာလျှင် ဆောလျှင်မြန်စွာ အကောင်အထည် ဖေါ်ဆောင်ပေးနိုင်ပါက သာသနာတော် အတွက် အထူးပင် အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်း ဆရာတော် ပယ်ကိုတို ကောင်းစွာ သိရှိနားလည်ခဲ့သည်။ ထိုလုပ်ငန်း စီမံကိန်းကို စတင် အကောင်အထည် ဖေါ်ဆောင်နိုင်ရန်အတွက် မုံလှရွာတွင် ရဟန်းဖြစ်သင်ကျောင်း ဖွင့်လှစ်ဖို့ စီမံကိန်းများ ရေးဆွဲပြီး၊ အင်းဝ ဘုရင်မင်းမြတ်ထံ အခွင့် ပန်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တနေ့၌ ရဟန်းဖြစ်သင်ကျောင်း ဖြစ်မြောက်လာရေး အတွက် ရည်သန်လျက် ပယ်ရ်ကိုတိုသည် မုံလှရွာ၌  စာသင်ကျောင်းကို အစပြု ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤကျောင်းသည် ရဟန်းဖြစ်လိုသော မြန်မာ တိုင်းရင်းသားကလေးများ အတွက် လိုအပ်သော အခြေခံ ပညာရေးကို အစပျိုးပေးနိုင်မည် ဖြစ်သည်။

ကိုရင်ကြီး ရေမုအဒ် ဘယ်ရ်ဂွန်းဇီ Brother Ramuald Bergonzi သည် လိုအပ်သော  ရဟန်းဖြစ်သင်ကျောင်း အဆောက်အဦးများ ဆောက်လုပ်ရေး တာဝန်ကို ထမ်းရွက်ခဲ့သည်။ ကိုရင်ကြီး၏ ဦးဆောင်ပေးမှုဖြင့် မုံလှရွာတွင် ရဟန်း ဖြစ်သင်ကျောင်း ဖြစ်ပေါ်လာခဲ့သည်။ သို့သော် စာချပဂိုလ်များ လိုအပ်လျက် ရှိနေသေးသည်။ ယိုဒယားပြည်သို့ ပြန်လည် ကြွမြန်းသွားသည့် ဆရာတော်ကြီး ပီအဲ ဘီဂေါ့ သည် ယိုးဒယားအမျိုးသား နှစ်ဦးကို မုံလှ ရဟန်းဖြစ်သင်ကျောင်း၌ စာချ ပေးရန် စီစဉ် ပေးပို့ခဲ့သည်။ ဆရာတော် ပယ်ရ်ကိုတို၏ ရည်မှန်းချက် ပန်းတိုင်သည် အကောင်အထည် စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မုံလှရွာ ရဟန်းဖြစ်သင်ကျောင်းမှ တိုင်းရင်းသား ရဟန်းတော်များ မွေးထုတ်ပေးရန် အချိန်သည် ကြန့်ကြာဦးမည် ဖြစ်သည်။ သို့သော် လတ်တလောတွင်မှု ရဟန်း ဘုန်းတော်ကြီးများအား အထောက်အကူ ပြုမည့် ဓမ္မဆရာများကို ဦးစွာ ပထမ မွေးထုတ်ပေးနိုင်ခဲ့သည်။ သို့ဖြစ်၍ သာသနာတော်အတွက် တိုးတက်မှု ခြေလှမ်းတခု ပြသ လိုက်နိုင်ခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး ဖီလီဘယ်ရ်တိုရေ

အထက်မြန်မာပြည်သို့ ရောက်ရှိလာသော ဘားရ်နားဘိုက် ဂိုဏ်းဝင် ဘုန်းတော်ကြီး ဖိလီဘယ်ရ် တိုရေအား အင်းဝ နေပြည်တော်ရှိ ကက်သလိခ်သာသနာတော်ကို ထိန်းကျောင်းစေခဲ့သည်။ ဘုန်းတော်ကြီးသည် မိမိ ရှေ့ပြေး နောင်တော်များကဲ့သို့ မြန်မာစာကို လိုက်စား လေ့လာ သင်ယူခဲ့သည်။ ဘုန်းတော်ကြီးသည် များမကြာမီမှာပင် မြန်မာစာအုပ်များကို ရေးသား ထုတ်ဝေနိုင်ခဲ့သည်။ ဘာသာမရွေး လူသားတိုင်း လိုက်နာ ကျင့်သုံးအပ်သော Morals ခေါ် ဘုရားစကားစာအုပ်ကို ရေးသားခဲ့သည်။ တဖန် မြန်မာသဒ္ဒါကို လေ့လာ သင်ယူကြမည့် နောင်အခါ ရောက်ရှိလာသော နိုင်ငံခြားသားများအတွက် မြန်မာသဒ္ဒါကျမ်းကို ပြုစု ရေးသားခဲ့သည်။ ဘုန်းတော်ကြီး ဆန်းသစ်စွာ တီထွင်လိုက်သော စာပေလက်ရာတခု မှာ Romanize ခေါ် မြန်မာစာပေကို ရေးသားရာ၌ မြန်မာ သင်ပုံးကြီး
အက္ခရာများဖြစ်သော အာ A ၊ ဘေ B၊ ဆေ C ၊ ဒေ D ၊ ကို အသုံးပြုလျက် မြန်မာအသံထွက်ကို ရေးသား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ မြန်မာစာကို လေ့လာလိုသူ အနောက်တိုင်းရင်းသားများ အတွက် မြန်မာအက္ခရာများဖြစ်သော က ခ ကို သင်ကြားခြင်း မပြုတော့ပဲ၊ မြန်မာစာကို တိုက်ရိုက် ဖတ်ရှု နိုင်ရန် အထူးပင် အသုံးဝင်သည်။ ဘုန်းတော်ကြီး၏ တီထွင်မှုသည် ယနေ့ မြန်မာတိုင်းရင်းသား များဖြစ်ကြသော ချင်း၊ ကချင်၊ ကယားတို့ အသုံးပြုရေးသား ဖတ်ရှုနေကြသော စာပေ အသွင်များ၏ ရှေ့ပြေးဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် ကက်သလိခ်ဘာသာ အယူဝါဒခေါ် Catechism စာအုပ်ကို ဤသို့ ရောမအက္ခရာများနှင့် မြန်မာအသံထွက်ပြု၍ ရေးသားခဲ့သည်။ အဆိုပါ စာအုပ်ကို အိန္ဒိယပြည်ရှိ သာသနာရေး ပြန့်ပွားရေး ဌာနချုပ်၏ ဘဏ္ဍာရေးမှုးဖြစ်သူ ဘုန်းတော်ကြီး မာသွန် Father Mathon
အားပေးပို့ခဲ့သည်။ ဤစာအုပ်၏ ပထမစာမျက်နှာတွင် အောက်ပါအတိုင်း ဖတ်ရှုရသည်။

Camedo        -   Sado       -          Ispiritu Sanu     -     Namado Miattue
ခမည်းတော်   -   သားတော်     -      စပီရိတုးစံတူး       -       နာမတော်မြတ်နှင့်

သက္ကနှစ် ၁၇၇၁  ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် အီတလီပြည်မှ ဘားရ်နားဘိုက် အဖွဲ့ဝင်များ မြန်မာပြည်သို့ ထပ်မံ ထွက်ခွာခဲ့ကြပြန်သည်။ ယင်းအဖွဲ့သည်လည်း သင်္ဘော အခက်အခဲကြောင့် အိန္ဒိယပြည်မှ တဆင့် အဖွဲ့ (၂)ဖွဲ့ ခွဲ၍ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဘုန်းတော်ကြီး မာချယ်လို ကောင်တင်းနိုဗစ် Rev. Fr.Marcelo Cortenovis သည် ဦးစွာ ပထမ ၁၇၇၁ ခုနှစ် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ ၁၇၆၇-ခုနှစ်က မြန်မာပြည်သို့ ရောက်ရှိလာခဲ့သော ဘုန်းတော်ကြီး ဂေရားဒို  ကော်တင်းနိုးဗစ်၏ ညီအစ်ကို အရင်း ဖြစ်သည်။ ဘုန်းတော်ကြီးသည် မုံလှရွာရှိ ရဟန်းဖြစ်သင်ကျောင်းကို တာဝန် ယူထမ်းဆောင်ရသည်။

ဘုန်းတော်ကြီး ဂေတာနိုး မန်တေဂါးဇား Rev.Fr.Gaetano Mantegazza သည် သက္ကရာဇ် ၁၇၇၂ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ ဘုန်းတော်ကြီး မန်တေဂါးဇားသည် အထက်မြန်မာပြည်၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ချမ်းသာရွာကျေးရွာတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူ ထမ်းရွက်သည်။ သို့ဖြစ်၍ သက္ကရာဇ် ၁၇၇၂ ခုနှစ်တွင် မြန်မာပြည်ရှိ ကက်သလိခ်သာသနာတွင် အောက်ပါ ဖွဲ့စည်းပုံနှင့် ဖြစ်ပေါ်လာခဲ့သည်။

ဆရာတော် ပယ်ရ်ကိုတို သာသနာဦးစီးမှုး
ဘုန်းတော်ကြီး ကော်တင်းနိုးဗစ်-(အငယ်) မုံလှရဟန်းဖြစ်သင်ကျောင်း
ဘုန်းတော်ကြီး မန်တေဂါးဇား ချမ်းသာရွာကျောင်းထိုင်
ဘုန်းတော်ကြီိး ဖီလိဘယ်ရ်တို အင်းဝကျောင်းထိုင်
ဘုန်းတော်ကြီး မီကောနီ ချောင်းဦး-နဘက်
ဘုန်းတော်ကြီး ကာရ်ပါးနီ ရန်ကုန်ကျောင်းထိုင်
ဘုန်းတော်ကြီး ကော်တင်းနိုးဗစ်(အကြီး) အောက်မြန်မာပြည်
ကိုရင်ကြီး ရေမုအဒ် ဘယ်ရဂွန်းဇီ မုံလှ-အင်းဝ


(၂၇) The Guardian .Cf.Oct.pg.21

Read More...

Friday, April 3, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၁၇)


ပယ်ရ်ကိုတိုသည် မြန်မာစာပေကို ရသမြောက်စွာ လေ့လာခဲ့ရသော်လည်း မြန်မာစာပေသည် လက်ရေးမူ လောကတွင်သာလျှင် ကျင်လည်နေရသေးကြောင်းကို မိမိ မနှစ်မခြိုက် ဖြစ်ခဲ့သည်။ မိမိ မြတ်နိုးသော မြန်မာစာပေကို ကမ္ဘာ့စာပေနှင့် ရင်ဘောင်တန်း၍ ပုံနှိပ်လောက စင်မြင့်ပေါ်သို့ တင်ဆောင်ပေးလိုသော ဆန္ဒများ ပြင်းပြခဲ့သည်။ သို့သော် အကောင်အထည် ဖေါ်ဆောင်ပေးရန်မှာ အချိန်စောသေး၏။

ဘုန်းတော်ကြီး ပယ်ရ်ကိုတို ဆရာတော် သိက္ခာခံယူခြင်း

ဤတိုင်းပြည်မှာ ကျွန်ုပ် တွေ့ကြုံ ရင်ဆိုင်ရသော အခက်အခဲအားလုံးကို ခံနိုင်ရည်စွမ်း အပြည့်အ၀ဖြင့် ကျော်လွှား လျှောက်လှမ်း နိုင်ခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ် အပြင်းအထန်
ခံစားနေရသော အလွန်ကြီးမားသည့် ဝေဒနာတခုကတော့ ကျွန်ုပ်တစ်ပါးတည်း အဖေါ်မဲ့ နေထိုင်ရသော ဘ၀ ဖြစ်ပါသည်။ (၂၃) ကျွန်ုပ်သည် အရည်အချင်း ပြည့်စုံတဲ့သူရယ်လို့တော့ မဆိုလိုပါ။ သို့ပေမဲ့ ကျွန်ုပ်များ သေဆုံးသွားမည်  ဆိုလျှင်၊ ဘာသာရေး ပေါ့ပျက်နေတဲ့သူတွေ အတွက်  ဤထက်မက ပိုမို ဆိုးရွားတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားမှာကို   ကျွန်ုပ် အမြဲ စိုးရိမ်ကြောင့်ကျနေမိခဲ့သည်။ ----- ကျွန်ုပ်မှာ နဂို ကျမ်းမာရေးက မခိုင်တဲ့အကြား၊ ဤထက် ဆိုးရွားတဲ့ ရောဂါဝေဒနာတခုခု ၀င်လာမှာကိုပင် ပူပန်ရသည့် အတွက် သာသနာလုပ်ငန်းများ ထမ်းဆောင်နေရာတွင် အထူးပင် ဂရုစိုက် ချင့်ချိန်ပြီး လုပ်ကိုင် ဆောင်ရွက်နေရပါသည်။ (၂၄)

အထက်ပါ ဘုန်းတော်ကြီး ပယ်ရ်ကိုတို ရေးသားပေးပို့သော စာများသည် ဘုန်းတော်ကြီး၏ အတွင်းစိတ်သားများကို ပေါ်လွင်စွာ ထုတ်ဖေါ်ပြသခြင်း ဖြစ်သည်။ မိမိ အသက်ကို ပဓာနမထားပေမဲ့ မိမိ ကွယ်လွန်သေဆုံးပါက သာသနာလုပ်ငန်းများ ရပ်တန့်သွားမည်ကို အထူး စိုးရိမ်ကြောင့်ကျနေကြောင်း အထင်အရှား ဖွင့်ဟ ထုတ် ဖေါ်ခဲ့သည်။ ဖြည့်ဆည်း လုပ်ဆောင်ရသော သာသနာလုပ်ငန်းများ သည်လည်း အလွန် ကျယ်ပြန့်လှသည်။

လုပ်အား အမျှတ၍လည်း အခက်အခဲ အမျိုးမျိုးနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ဘုရားသခင်၏ မဟာ ကျေးဇူးတော်ကြောင့် ပယ်ရ်ကိုတို စိုက်ပျိုးလုပ်ကိုင်နေသော သာသနာလယ်ကွင်းပြင်လေးသည် စိမ်းလန်း စိုမြေရှင်သန် တိုးတက်လျက်လာခဲ့သည်။ နွေမိုဆောင်း ဥတုရာသီ သုံးပါးအလိုက် အနည်းနှင့်အများ မသွေ့မခြောက် စီးဆင်းနေသည့် စမ်းရေပမာ မြန်မာပြည် သာသနာမြေသည်လည်း တရားတော် မေတ္တာရေများ အေးမြ ကြည်လင်စွာ စီးဆင်းလျက်ရှိခဲ့သည်။

သက္ကရာဇ် ၁၇၆၇ ခုနှစ်သို့ ဆိုက်ရောက်ခဲ့သည်။ အီတလီပြည် ရောမမြို့တော်ကြီးမှ မြန်မာပြည်အတွက် သာသနာပြု ပုဂိုလ်(၅)ပါး အထုပ်အပိုးများ ထုပ်ပိုးလျက် ထွက်ခွာခဲ့ကြပြီး။ မြန်မာပြည် ဘားရ်နဘိုက် သမိုင်းတွင် မကြုံစဖူး အင်အား အတောင့်တင်းသော အဖွဲ့ ဖြစ်ခဲ့သည်။ သာသနာပြု ပုဂိုလ် (၅)ပါး၏ အမည်စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။

(၁) ဘုန်းတော်ကြီး မယ်လ်ခီယို ကာရ်ပါးန
     Rev.Fr. Melchior Carpani
(၂) ဘုန်းတော်ကြီး အန်တိုးနီယို ဖီလိဘယ်ရ်တိုရေ
    Rev.Fr. Antonio Filiberto Re
(၃) ဘုန်းတော်ကြီး ဂေရားဒို ကော်တင်းနိုးဗစ်
    Rev.Fr.Gherardo Cortenovis
(၄) ဘုန်းတော်ကြီး အမ်ဘရိုဇေ မီကောနီ
 Rev. Fr. Ambrose Miconi
(၅) ကိုရင်ကြီး ရေမုအဒ် ဘယ်ရ်ဂွန်းဇီ
   Rev. Fr. Brother Romuald Bergon 
အဆိုပါ သာသနာပြု အဖွဲ့ (၅)ဦးသည် သင်္ဘောရရှိရန် အခက်အခဲများနှင့် တွေ့ကြုံ ရင်ဆိုင်ရသဖြင့် အဖွဲ့ နှစ်ဖွဲ့ခွဲခါ အီတလီပြည်မှ ထွက်ခွာ ခဲ့ကြရသည်။ ဘုန်းတော်ကြီး ကာရ်ပါးနီနှင့် ဖီလိဘယ်ရ်တိုရေတို့သည် ပထမသင်္ဘောဖြင့် ၄င်း၊ ကျန်ရှိသော သာသနာပြု (၃)ပါးတို့မှာ ဒုတိယသင်္ဘောဖြင့် ၄င်း၊ အသီးသီး အီတလီပြည်မှ ထွက်ခွာခဲ့ကြသည်။  အီတလီပြည်မှ ရောက်ရှိလာကြသော ဘားရ်နားဘိုက် အဖွဲ့ဝင် (၅)ပါးတို့သည် စွမ်းအင်များ ကုန်ခမ်း ခြောက်သွေ့လျက်၊ မှိတ်ကွယ်လုရှိနေပြီဖြစ်သော မြန်မာပြည် ကက်သလိခ်သာသနာ မီးရှုး တန်ဆောင် ကလေးကို လောင်စာဆီများ ထည့်သွင်းပေးလိုက် သကဲ့သို့ ပြန်လည် တောက်လောင်နိုင်သော အခြေအနေသို့ ရောက်ရှိ သွားစေခြင်း ဖြစ်သည်။ 

အထူးသဖြင့် အဆိုပါ ဘားရ်နားဘိုက် အဖွဲ့ဝင် (၅) ပါးနှင့်အတူ မြန်မာပြည် ကက်သလိခ်သာသနာတော်အတွက် အထူးအရေးပါသော စာချွန်လွှာ တစ်စောင် ရောမမြို့၊ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်မှ ထည့်ပါးလိုက်ခြင်း ဖြစ်သည်။ ထိုစာချွန်လွှာတွင် ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်တွင် သီတင်းသုံးနေသော ဘုန်းတော်ကြီး ပယ်ရ်ကိုတိုအား ဆရာတော်အဖြစ် ရွှေးချယ် တင်မြောက်လိုက်ကြောင်း ပါရှိသည်။ မြန်မာပြည် ကက်သလိခ်သာသနာ ရေးရာများကို ခရေစေ့တွင်းကျ သိမြင် နားလည်၍ သာသနာအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုး ထမ်းရွက်နေသော ပုဂိုလ်အား၎င်း၊ သာသနာ၏ သိုးထိန်းအဖြစ် ခန့်အပ်လိုက်ခြင်းသည် ဘာသာဝင်များနှင့် သာသနာတခုလုံးအတွက် အထူး ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်း တစ်ခု ဖြစ်ခဲ့သည်။ 

ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဘားရ်နားဘိုက်များမှ ဘုန်းတော်ကြီး ကာရ်ပါးနီသည် "အပြစ်မဲ့ သန္ဓေယူသော သခင်မဘုရား ရှိခိုးကျောင်း" တွင် ကျောင်းထိုင်အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဘုန်းတော်ကြီး ဖိလိဘယ်ရ်တိုရေသည် အထက် မြန်မာပြည်သို့ ခရီးထွက်လာပြီး ဘုန်းတော်ကြီး ပယ်ရ်ကိုတိုအား တွေ့ဆုံ၍ အီတလီမှ သယ်ဆောင်လာခဲ့သော သတင်းစုံကို ပြောကြားခဲ့သည်။ 

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုအား ဆရာတော်အဖြစ် ရွှေးချယ်တင်မြောက် လိုက်သော်လည်း ဘုန်းတော်ကြီး အတွက် ဆရာတော် ဘိသိတ်ခံယူရန် အခက်အခဲရှိခဲ့သည်။ ကက်သလိခ် အသင်းတော် ၀ိနည်းဥပဒေ အရ ကက်သလိခ် ဆရာတော်တစ်ပါး ခန့်အပ်မှုကိုရောမမြို့ ပုပ်ရဟန်းမင်းကြီးထံမှ ခန့်စာကို တိုက်ရိုက် ပေးအပ်ရသည်။ ဒုတိယ လိုအပ်ချက်မှာ ၄င်း ရွှေးချယ်ခံရသော ရဟန်း ဘုန်းတော်ကြီးအား အခြား ဆရာတော် သိက္ခာတော်ရ ဆရာတော်တပါးပါးမှ ဘိသိတ်ပေးရခြင်း ဖြစ်သည်။ ပယ်ရ်ကိုတိုမှာ ခန့်အပ်စာ လက်ခံရရှိသော်လည်း မိမိအား ဆရာတော် ဘိသိတ်ပေးရန် အခြား ဆရာတော်တပါးကို လိုအပ်လာခဲ့သည်။ သက္ကရာဇ် ၁၇၆၇ ခုနှစ်တွင် ဆင်ဖြူရှင် မင်းတရားကြီးသည် ယိုးဒယားသို့ စစ်ချီ တိုက်ခိုက်ခဲ့သည်။ ၁၇၆၇-ခုနှစ် မတ်လ (၂၀)ရက်နေ့တွင် ယိုးဒယား အယုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓယမြို့တော်ကို တိုက်ယူ သိမ်းပိုက်ခဲ့သည်။ အယုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓယမြို့တော်ကို ဖျက်သိမ်း၍ ယိုးဒယားပညာရှင်များကို မြန်မာပြည်သို့ စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်လာခဲ့သည်။ ယိုးဒယား စစ်သုံပန်းအုပ်စုတွင် ယိုးဒယားပြည် ကက်သလိခ် သာသနာပိုင်ဖြစ်သူ ပြင်သစ်ပြည် ပါရီမြို့မှ နိုင်ငံခြား သာသနာပြုအဖွဲ့ဝင် ဆရာတော်ကြီး ပီအဲ ဘီဂေါ့ Bishop piere Brigot လည်း ပါရှိခဲ့သည်။ (၂၅)

သက္ကရာဇ် ၁၇၆၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် ရန်ကုန်သာသနာ၊ အပြစ်မဲ့ သန္ဓေယူသော သခင်မ ဘုရားကျောင်းတော်၌ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်တော် သူတော်စင်များ စည်ကားလျက်ရှိသည်။ ထိုနေ့သည်ကား ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတိုအား ဆရာတော် ဘိသိတ် မင်္ဂလာပေးမည့် အခမ်းအနားကျင်းပသည့် မင်္ဂလာရက်မြတ် ဖြစ်သည်။ (၂၆)ဘုန်းတော်ကြီးကာရ်ပါးနီနှင့် ဘုန်းတော်ကြီး အမ်ဘရိုဇေမီကောနီတို့သည် ယိုးဒယား ဆရာတော်ပီအဲဘရီဂေါ့အား ခြံရံလျက် ဆရာတော်လောင်း ပယ်ရ်ကိုတို အနောက်တော်မှ လိုက်ပါပြီး တရားဟော စင်မြင့်ပေါ်သို့ ကြွမြန်းလာခဲ့ကြသည်။ ဆရာတော်လောင်းသည် အသက်တော် ၃၉-နှစ်ရှိသည်။ မြန်မာပြည်၌ သာသနာပြု ရဟန်းဝါတော် (၇)နှစ် ရှိပြီ ဖြစ်သည်။ ဆရာတော် ဘိသိတ်ပေး မင်္ဂလာအခမ်းအနားကို ပါဝင် တက်ရောက်ဝတ်ပြုကြသော ပရိတ်သတ်ကြီးမှာ နှစ်ထောင်းအားရ ဖြစ်နေကြသည်။ မိမိတို့အသက်နှင့် အမျှ ဤကဲ့သို့သော အခမ်းအနားကို ဤတကြိမ်သာလျှင် တွေ့ မြင်ဖူးကြသည်။ မြန်မာ ပထ၀ီမြေပေါ်တွင် ပထမဆုံးအကြိမ် ပြုလုပ် ကျင်းပသော ဆရာတော် ဘိသိတ်ခံ အခမ်းအနားတခု ဖြစ်ခဲ့ပေသည်။

ယိုးဒယား စစ်သုံ့ပန်း ဆရာတော်ကြီး ပီအဲဘီဂေါ့သည် မြန်မာမင်း၏ ခွင့်ပြုချက်အရ ယိုးဒယားပြည်သို့ အေးချမ်းစွာ ပြန်လည် ကြွမြန်းသွားခဲ့သည်။ ယုံကြည်ခြင်းဆိုသည်မှာ မိမိ တတ်အပ် သေချာ မသိရှိသော အကြောင်းအရာတစုံတခုကို  အလုံးအလျား အပြည့်အ၀ လက်ခံမှုကို ဆိုလိုသည်။ သို့သော် ထိုသို့ လက်ခံယူမှုသည် အကြောင်းတရား ဆင်ခြင်တုံတရားမဲ့ လက်ခံယူခြင်း မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်တော်ထွက် ဖြစ်သော ဗျာဒိတ်တော်စကားကို အမှီအငြမ်း ပြု၍ လက်ခံယူခြင်း ဖြစ်သည်။ ဘားရ်နားဘိုက် သာသနာပြုအဖွဲ့သည် ဤသို့သော ယုံကြည်ခြင်းတရားကို လက်ဆုပ် လက်ကိုင်ပြုလျက် မြန်မာပြည် သာသနာလုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ မိမိတို့ မိခင်ဌာနချုပ်သည် မြန်မာပြည်၏ ကမ္ဘာ့အနောက်ဘက်ကြောခြမ်းတွင် တည်ရှိနေသည်။ အဆက်အသွယ် အသွားအလာ ပြုလုပ်ရန် ထိုခေတ် ထိုအခါက အလွန်ခဲယဉ်းလှသည်။ အကူအညီဟူ၍ကား သဲသောင်ပြင်၌ ခရီးသွားသူနှင့် တူ၏။ သို့သော် မိမိတို့သည် အထီးကျန် ဘ၀ခရီးကို လျှောက်လှမ်းကြသည် မဟုတ်ကြောင်း မိမိတို့ ယုံကြည်ခြင်းတရားမှ အစဉ် သတိပေး နှိုးဆော်နေ၏။ မိမိတို့ ယုံကြည် အားထားသော ထာဝရဘုရားသခင်၏ ခွန်အားကို အမှီသဟဲပြုသည်။ ဘုရားရှင်၏ ကြီးမားသော မေတ္တာရိပ် အ၀ါသအောက်တွင် ခိုလှုံ၏။ မိမိတို့ဘက်မှလည်း ထိုဝိညာဉ်ခွန်အား အသုံးပြုလျှက် မလျှော့သော ဇွဲလုံလဖြင့် တည်ကြည်သော ယုံကြည်ခြင်းတရားကို လက်ဆုပ်ကိုင်ပြုခါ အခက်အခဲဟူသမျှကို ကျော်လွှား တွန်းလှန် တိုက်ခိုက်လျှက် ရှေ့သို့သာ ခရီးဆက်လာကြ၏။

"ငါသည် ကမ္ဘာကုန်ဆုံးသည်တိုင်အောင် သင်တို့နှင့် အတူရှိမည်" (မာတေဦး၊၂၈း၂၀)

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၈)

(၂၃) La Vita di Monsignor Percoto Fr.Michael Griffini .1728

Read More...