Monday, March 30, 2015

အင်းဝရောက်ခြေရာများ - အပိုင်း (၁၆)


မုံလှရွာ၌  သာသနာလုပ်ငန်းများ ဆောင်ရွက်ခြင်း

မြန်မာပြည်ရောက် ဘားရ်နားဘိုက် အသင်းဂိုဏ်းသားများမှာ ‘နွားကလေး မွေးရင်း ကျားစားရင်း’ ဆိုသည့် မြန်မာ ဆိုရိုး စကား အတိုင်း မြန်မာပြည် ကက်သလိခ်သမိုင်းစဉ်၌ တွေ့ကြုံ ရတတ်ကြသည်။ သံလျင်မြို့ရှိ သာသနာတော်မှာ ပြာပုံဖြစ်ခဲ့ရသည်။ ရောမမြို့မှ သာသနာပြုများ ထပ်မံရောက် ရှိလာခဲ့ကြသည်။ သက္ကရာဇ် ၁၇၆၀ ခုနှစ် နောက်ပိုင်းတွင် ဘားရ်နားဘိုက် အဖွဲ့ဝင်(၄)ပါး မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်။ မြန်မာပြည် အ၀ှန်း သွေးကြော ပြတ်မတတ်ဖြစ်နေသော ကက်သလိခ်သါသနာကို ၁၇၆၀ ခုနှစ်တွင် ရောက်ရှိလာကြသော ဘားရ်နားဘိုက် ဘုန်းတော်ကြီးများမှ ပြန်လည် ဦးမော့လာအောင် စတင် ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ယင်းသို့ စတင်ဆောင်ရွက်ကြစဉ် (၃)နှစ် အတွင်းတွင် ၄ ထဲက ၃နှုတ်ဆိုသည့် ကလေးသူငယ်တို့၏ ဂဏန်းသင်္ချာ ရေရွတ်အသံကဲ့သို့၊ ဘုန်းကြီးသုံးပါးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၁၇၆၃ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် မြန်မာပြည်သာသနာ တခုလုံးအတွက် ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရီကိုတို တစ်ပါးတည်းသာလျှင် ကျန်ရှိခဲ့တော့သည် ဖြစ်သည်။ 

တဖန် ဥရောပတိုက်၌လည်း အင်္ဂိလိပ်-ပြင်သစ်တို့ စစ်အင်အား ပြိုင်ဆိုင်နေချိန် ဖြစ်ခဲ့ပြန်သည်။ 


ယင်း စစ်အင်အားပြိုင်ဆိုင်မှု လှိုင်းဂယက်များသည် တဖြေးဖြေးနှင့် အရှေ့ဖျားတိုင် ရောက်ရှိလာခဲ့သည်။ ဤလှိုင်းဂယက်များ ဒဏ်ကြောင့် ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် ဥရောပတိုက်ရှိ မိမိဌာနချုပ်နှင့် အဆက်အသွယ်များ ပြတ်တောက်ခဲ့ရပြန်သည်။ သို့ဖြစ်၍ မြန်မာပြည် ကက်သလစ်သာသနာ ဖြစ်ပေါ်လျက်ရှိသော သာသနာရေး အခက်အခဲများကို မိမိ အကြီးအကဲများထံသို့ အစီရင်ခံ တင်သွင်းလိုသော်လည်း ပြုလုပ်ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ပေ။ မိမိတစ်ဦးတည်း သံပေါလ်လူး၏ တမန်တော် ဇွဲ သတ္တိမျိုးကို မွေးမြူ ကျင့်ကြံလျက် အားမာန်မလျော့ သာသနာ့ဝန်ကိုသာ ဆက်လက် ထမ်းရွက်ပေးခဲ့ရလေသည်။

ပယ်ရ်ကိုတိုသည် ၁၇၆၀ ခုနှစ်က၊ ဘုန်းတော်ကြီး ဆေဘတ်စတီအန်းနိုး ဒေါ်နတ္တီ အခြေချတည်ထောင်ခဲ့သော ချောင်းဦး ဗဟိုသာသနာဌာနချုပ်ကို မုံလှကျေးရွာသို့ ရွှေ့ပြောင်းခဲ့ပြီး၊ သာသနာတော်ကို ဆက်လက် ထူထောင်ခဲ့သည်။ အခန်း(၃) ၌ ၁၇၂၀ ခုနှစ်များတွင် မြန်မာပြည်ရှိ ကက်သလိခ်အသင်းတော်၏ သာသနာရေး အခြေပြသမိုင်း အခမ်းကဏ္ဍကို တင်ပြခဲ့ပြီးဖြစ်သည့် အတိုင်း၊ မုံလှရွာတွင် ကက်သလိခ် သာသနာတော်သည် သက္ကရာဇ် ၁၆၁၃ ခုနှစ်ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ သို့ပါ၍ ဘုန်းတော်ကြီးပယ်ရ်ကိုတို ရွှေ့ပြောင်း သီတင်းသုံးသည့် မုံလှရွာသည် ကက်သလိခ် သာသနာထွန်းကားခဲ့ပြီမှာ နှစ်ပေါင်း  ၁၅၀ ပင်ရှိနေပြီး ဖြစ်သည်။ မုံလှရွာသည် ယနေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့၏ အနောက်ဘက် ၁၄ မိုင်အကွာတွင် ၄င်း၊ မူးမြစ်၏ အရှေ့ဘက်ကမ်းခြေတွင် ၄င်း တည်ရှိသည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် မုံလှကို ဗဟိုပြုလျက် ပတ်ဝန်းကျင်ရှိ ကက်သလိခ် (၁၃)ရွာကို ထိန်းကျောင်းပေးခဲ့သည်။ ထိုကျေးရွာများတွင်လည်း ဘုန်းကြီး ရဟန်း မရှိသည်မှာ နှစ်ပေါင်းအတန် ကြာမြင့်ပြီးဖြစ်ရာ ဘာသာရေးတွင် အလွန် ကျဆင်းနေချိန် ဖြစ်သည်။ သို့သော် အလွန် ဖြတ်လပ်ပြီး စိတ်အားထက်သန်သော ဘုန်းတော်ကြီးပယ်ရ်ကိုတို၏ စေတနာ မေတ္တာတရားကို သိရှိလာကြသောအခါ ဘာသာဝင်များ၏ ကြည်ညိုမှု ကြီိးမားလာသည်နှင့်အမျှ လက်တွဲ ဆောင်ရွက်မှုများကြောင့် ထိုဒေသများတွင် ဘာသာရေး တိုးတက် ဦးမော့လာခဲ့သည်။ ၁၇၆၃ ခုနှစ်မှာပင် ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် မုံလှ၌ ကလေး လူကြီး စုစုပေါင်း ၉၀ကျော်ကို ဆေးကြောခြင်း ပေးနိုင်ခဲ့သည်။ ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် ပညာရေးကဏ္ဍတွင်လည်း တိုးချဲ့ ဆောင်ရွက်ပေးခဲ့သည်။ မုံလှရွာ၌ ကျောင်းသားဦးရေ ၅၀ ကျော် တက်ရောက် သင်ကြားနိုင်သည့် နော်မာကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းကျောင်း၌ ပေါ်တူဂီဘာသာ လတ်တင်ဘာသာနှင့် အခြားသော ဘာသာရပ်များကို သင်ကြား ပို့ချ ပေးခဲ့သည်။

ဘုရားကျောင်းကန်များ ဆောက်လုပ်ခြင်း။

အင်းဝမြို့တော်တွင် အာမေးနီးယမ်း အမျိုးသား ကုန်သည်ကြီးတစ်ဦးနှင့် ပြင်သစ် အမျိုးသား ပေတလုဒ်မီလဒ်ဆိုသူတို့ ရှိကြသည်။ ဤပုဂိုလ်များသည် ဘုန်းတော်ကြီး ပယ်ရ်ကိုတိုတို့၏ အလွန်ရင်းနှီးသော မိတ်ကောင်းဆွေကောင်းများ ဖြစ်ကြသည်။ ပြင်သစ်အမျိုးသား ပေတလုဒ်မိလဒ်သည် ပြင်သစ်ပြည်၌ ၁၇၃၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်သူများဖြစ်သည့် အလျောက် ပြင်သစ်ဘုရင်ထံမှ ဆာရ်ဘွဲ့ခေါ် အထူး ဂုဏ်ပြုခံဘွဲ့ကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်သည်။ မိလဒ်သည် ယိုးဒယားပြည်သို့ ရောက်ရှိ၍ စစ်မှုထမ်းခဲ့သည်။ အလောင်းဘုရား ယိုးဒယား တိုက်ယူစဉ်က စစ်အောင်မြင်ခဲ့ သဖြင့် ယိုးဒယားမှ စစ်သုံ့ပန်း မြောက်များစွာတို့ကို မြန်မာပြည်သို့ ခေါ်ဆောင်ခဲ့သည်။ မိလဒ်သည် ယိုးဒယား စစ်သုံပန်းအဖြစ် မြန်မာပြည်သို့ ၁၇၅၅ ခုနှစ်က ရောက်ရှိလာခဲ့သည်။ မြန်မာနန်းတွင်း၌ စစ်မှုထမ်းအဖြစ် ဆက်လက် ထမ်းရွက်ခဲ့သည်။ ရိုးသား ဖြောင့်မတ်မှုနှင့် စစ်ရေးကျွမ်းကျင် လိမ္မာမှုရှိသောကြောင့် ဆင်ဖြူရှင်မင်းတရားလက်ထက်၌ ဘုရင့်ထံမှ "ကုလားဗိုလ်"ဘွဲ့ကို ဂုဏ်ပြု ချီးမြှင်ခြင်း  ခံခဲ့ရသည်။ သက္ကရာဇ် ၁၇၆၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာစစ်ပွဲ၌ မြန်မာ့ အမြောက်တပ်ကို  ဦးဆောင်တိုက်ပေးရာ၌  စစ်ပွဲလည်း အောင်မြင်ခဲ့သည်။ ပေတလုဒ်မိလဒ်သည် ကက်သလိခ် ဘာသာဝင်တစ်ဖြစ်သည့် အလျောက် ဘုန်းတော်ကြီး ပယ်ရ်ကိုတို၏ တပြည့်သားရင်း တစ်ဦးလည်း ဖြစ်ခဲ့သည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် အထက်ဖေါ်ပြပါ အားမေးနီးယား အမျိုးသားကုန်သည်ကြီးနှင့် ပြင်သစ်အမျိုးသား ပေတလုဒ်မိလဒ်တို့၏ လှူဒါန်းငွေများဖြင့် အထက်မြန်မာပြည်ရှိ ကက်သလိခ် ကျေးရွာများတွင် ဘုရားရှိခိုးကျောင်းပေါင်း (၈)ကျောင်းကို ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ပေတလုဒ်ဒ်  ကိုယ်တိုင် မိမိတစ်ဦးတည်း အလှူဒါနပြုလုပ်၍ အင်းဝနေပြည်တော်တွင် ဘုန်းကြီး ရဟန်းများ သီတင်းသုံးနေထိုင်ရန် ကျောင်းဆောင်နှင့် ခရစ်ယာန် ဘာသာဝင်များ အသုံးပြုသင်္ဂြိင်္ိင်္ိင်္ိုလ်ရန် ခရစ်ယာန် သုသာန်တစ်ခု ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုနှင့် မြန်မာစာပေ

ဘားရ်နားဘိုက်အသင်းဂိုဏ်းအကြောင်းကို ရေးသားဖေါ်ပြစဉ်က သိရှိခဲ့ကြသည့် အတိုင်း ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင်များသည် အသင်းဂိုဏ်းဝင် တစ်ဦးဖြစ်မြောက်ရန် တက္ကသိုလ် ပညာအဆင့်ကို အောင်မြင်ပြီး ဆုံးသူဖြစ်ရမည်။ သို့ဖြစ်၍ ဘားရ်နားဘိုက်အသင်း ဂိုဏ်းဝင်များတွင် ပညာရှင်များ ပေါများနေခြင်း ဖြစ်သည်။ မြန်မာပြည်ရောက် ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများသည် ဥရောပတိုက်မှ တက္ကသိုလ်ပညာ အောင်မြင်ပြီးသူများ ဖြစ်ကြသည်။  ဤ ပညာရှင်ကြီးများသည် မြန်မာပြည်သို့ ရောက်ရှိလာကြပြီး သာသနာအကျိုး တစ်ခုတည်းကိုသာလျှင် "၀"ကွက်၍ ဆောင်ရွက် ပေးဆပ်သွားခဲ့ကြသည် မဟုတ်။ မြန်မာအမျိုးသာလုံး၏ အကျိုးကိုပါ သယ်ပိုးထမ်းရွက် သွားကြသည်ကို တွေ့မြင်ကြရသည်။

ဘားရ်နားဘိုက် သာသနာပြုပုဂိုလ်များသည် ဘာသာရေးခံယူချက်ကို အခြေခံလျက် သာသနာ့ဘောင်ကို ၀င်ရောက်လာသကဲ့သို့ စွန့်လွတ် စွန့်စား စိတ်ဓါတ်အပြည့်အ၀ဖြင့် ကမ္ဘာအရပ်ရပ်သို့ သွားရောက် သာသနာပြုလိုသော ဆန္ဒ ပြင်းပြသူများ ဖြစ်ခဲ့ကြသည်။ မိမိတို့ ခံယူ ခံစားချက်များဖြင့် ရွှေးချယ်သောဘ၀ကို ဆုံးခမ်းတိုင် ထူးချွန်ပြောင်မြောက်စွာ အကောင်အထည် ဖေါ်ဆောင်သွားခဲ့ကြသည်။ သို့ဖြစ်၍ ရောက်လေရာဒေသတွင် ဒေသခံတို့၏ ထုံးတမ်း ဓလေ့များ ယာဉ်ကျေးမှု အမွေအနှစ်များ စာပေများ ယုံကြည်ကိုးကွယ်မှုများကို ဦးစွာ ပထမ လေ့လာကြသည်။ ရင်းနှီးမှုဖြစ်အောင် ကြိုးပမ်းကြသည်။ မိမိတို့ မှုရင်းဘ၀ကို အစွဲအလန်း မထား မေ့ဖျောက်ကြပြီး ဒေသခံတို့၏ ဘ၀လောကသို့ ကူးပြောင်း လာတတ်ကြသည်။ ဤသည်မှာ ဘားရ်နားဘိုက် အသင်းသားဂိုဏ်းဝင်တို့၏ ဘ၀အောင်မြင်ခြင်းကို ပို့ဆောင်ပေးသည့် ခရီးလမ်းတခု ဖြစ်သည်။

မြန်မာပြည်ရောက် ဘားရ်နာဘိုက်များသည် မြန်မာမြေကို နင်းသည့် အချိန်မှစ၍ မြန်မာလောကနှင့် ဆိုင်ရာ အားလုံးကို အသေးစိတ် လေ့လာ လိုက်စားခဲ့ကြသည်။ မြန်မာတို့နှင့် ကျောသားရင်သား မခွဲခြားပဲ ပြောဆိုနေထိုင် စားသောက်ခဲ့ကြသည်။ မိမိတို့ မူလဘ၀ကို မေ့ပျောက်သလောက် ဆိုရာမှာ မြန်မာပြည်ရောက် ဘားရ်နာဘိုက် အသင်းသား ၉၀%သည် မိမိတို့ အမိ အီတာလီသို့ မပြန်တော့ပဲ၊ မြန်မာရေ၊ မြန်မာမြေမှာပင် အရိုးများခ သွားခဲ့ကြသည်။ မြန်မာတို့ပင် ၀င်စားသလောဟု ထင်မှတ် လောက်အောင် ဖြစ်ခဲ့သည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် မြန်မာပြည်ရောက် ဘားရ်နားဘိုက် အသင်းသားများ၏ မှတ်ကျောက်တိုင် ဖြစ်ခဲ့သည်။ ပယ်ကိုတိုသည် မြန်မာစာပေလောကတွင် မမေ့အပ်သော ကြယ်တံခွန် ဖြစ်ခဲ့သည်။ မြန်မာစာပေကို ရှေးဦး လေ့လာယူရာ၌ မြန်မာစာပေ၏ ရေသောက်မြစ်ဖြစ်သော ဗုဒ္ဒဘာသာ သံဃာတော် ကျောင်းတိုက်များသို့ သွားရောက် လေ့လာ သင်ကြားခဲ့သည်။ ဘုန်းတော်ကြီးကျောင်းများ၌ စာအံနေကြသော ကလေး သူငယ်များအကြား ၀င်တိုးထိုင်ခါ၊ Mother Tongue ဆိုသည့် အင်္ဂလိပ်စကား အဆိုအရ၊ အလွန် ကြည်လင်ပြတ်သား၍ ဟန်ဆောင်မှု ကင်းမဲ့သော မြန်မာ့ အမေ့ မူရင်း အသံထွက်ကို ဖမ်းစား လေ့လာခဲ့သူ ဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းသား ကလေးများနှင့်အတူ မြန်မာအက္ခရာ သင်ပုန်းကြီးကို ရွတ်ဖတ်စာ အံခဲ့သည်။ မြန်မာအသံကို ပီပြင်စွာ ပြောဆိုနိုင်ရန်နှင့် မြန်မာစာ သတ်ပုံ သတ်ညွှန်းများကို တိကျ မှန်ကန်စွာ ရေးသားနိုင်ရန်အတွက် ဘုန်းကြီး ကျောင်းသား ကလေးများ အုပ်စုတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ တဖန် မြန်မာစာပေဖြင့် ပတ်သက်၍ အခက်အခဲ တစ်စုံတခုကို တွေ့ရှိပါက မိမိအနေဖြင့် မြန်မာစာပေကောင်း တစ်ဦးကို ရှာဖွေ စုးစမ်းပြီး မေးမြန်း သင်ကြားရန်အတွက်  ၀န်လေးသော တာဝန်ဖြစ်သည်ဟု မယူဆကြောင်း ပြောပြလေ့ရှိသည်။ နန်းတွင်း စာဆိုတော်ကြီးများနှင့်လည်း အလွန် ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ၍ မြန်မာစာပေအကြောင်းကို အခါ အားလျော်စွာ ဆွေးနွေး လေ့လာခဲ့သည်။

မြန်မာစာပေ၌ စိတ်ဝင်စားမှုရှိခြင်း၊ လုံးလ ထုတ်သင်ကြားခြင်း၊ မွေ့လျော်ခြင်းများ ရှိခဲ့သဖြင့် ပယ်ရ်ကိုတိုသည် များမကြာမီ အချိန်ပိုင်းမှာပင် ကောင်းစွာ ပြောတတ်၊ ကောင်းစွာ ရေးတတ်နိုင်ခဲ့ပေသည်။ ဘုန်းတ်ေကြီးသည် မြန်မာ စာဆိုတော်တစ်ဦးနှင့် ရင်ဘောင်တန်း၍ မြန်မာသဒ္ဒါ၊ မြန်မာစာပေများကို တတ်မြောက်သူ တစ်ဦးဖြစ်သည်ဟု ဂုဏ်ပြု ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ (၂၂)


(၂၂) I.The Beginning of Christian Education in Burma 1600-1824.U Kaung (J.B.R.S)1960             II.Bichop Percoto , the greatest of the Barnabite scholars of Burmese and pali. ’’The Guardian.Feb,1965.pg 33

ဆက်ရန်

Read More...