Monday, November 17, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၅)


ဂျွန်မေရီပယ်ရ်ကိုကို -Fr. John Mary Percoto
အထ္တုပ္ပတ္တိအကျဉ်း(၁၈)

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတို သည်သက္ကရာဇ် ၁၇၂၉ ခုနှစ်၊ ဇွန်လ(၂၅)ရက် နေ့တွင် အီတလီပြည်ဗင်းနစ်မြို့နယ်ရှိ အူဒိုင်းကျေးရွာကလေး၌ ဖွားမြင်ခဲ့သည်။ပယ်ရ်ကိုတိုသည် အီတလီပြည် မွန်ဇာမြို့ ရှိ ဘားရ်နားဘိုက်အသင်းဂိုဏ်းမှ ဦးစီးဖွင့်လှစ်ထားသော စိန်ပေါလ် ကျောင်းတော်ကြီးတွင် ပညာ ဆည်းပူးခဲ့သည်။ ငယ်ရွယ်နုပျိုစင် အချိန်အခါက စ၍ ဘုရားတရားကြည်ညိုမှု၊ ရဟန်းတို့နှင့်ဆိုင်ရာ လုပ်ငန်းများ၌ စိတ်ပါဝင်စားမှုများကို ထက်သန် ရည်မွန်စွာ ပြသခဲ့သည်။ စိန်ပေါလ်ကျောင်းတော်ကြီးမှ အထက်တန်း ပညာရပ်များ ဆည်းပူး အောင်မြင်ပြီးနောက်၊ ဘားရ်နားဘိုက်အသင်းဂိုဏ်းသို့ဝင်ရောက်ခဲ့သည်။ပညာ အရည်အချင်းနှင့် အကျင့်သီလပြည့်ဝသူဖြစ်သည့် အလျောက် သက္ကရာဇ် ၁၇၄၆ ခုနှစ် နိုဝင်ဘာလ (၈) ရက် အသက်(၁၇)နှစ်အရွယ်တွင် ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့ ပြုအပ်သော ကတိသစ္စာ သုံးပါးကိုပြုလုပ်ခဲ့ပြီး၊ ဘားရ်နားဘိုက်အသင်း ဂိုဏ်းဝင်တပါးဖြစ်ခဲ့သည်။

ဆက်လက်၍  အီတလီပြည်မီလန်းမြို့ရှိ တက္ကသိုလ်ကြီးသို့တက်ရောက် ၍ တက္ကသိုလ် ပညာရပ်များကို သင်ကြားခဲ့သည်။ တက္ကသိုလ်ပညာရပ်များ တတ်မြောက် အောင်မြင်ပြီးနောက်၊ ဘိုလိုညားရဟန်းဖြစ် တက္ကသိုလ်ကြီးတွင် ဓမ္မကျန်းဂန်ပညာရပ်များနှင့်ရဟန်းတို့နှင့် ဆိုင်ရာဝိနည်း တော်များကိုသင်ယူခဲ့သည်။ထိုတက္ကသိုလ်ကြီးမှ အောင်မြင်ပြီးဆုံးသောအခါ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် အရပ်အမောင်း မြင့်သည်။ ဖြတ်လပ်မှုရှိသည်။ စိတ်လည်း မြန်သည်။ သို့သော် ဘုန်းကြီးသည် မိမိ၏ မြန်ဆန်သော စိတ်နေသဘောထားကို အစဉ် ချုပ်တည်းသည်။ အရာရာတွင် ပြုံးရွှင်သောမျက်နှာထားကို အစဉ်ဆောင်ယူသည်။ ရဟန်းသိက္ခာကို ခံယူပြီး သည်နောက် ဘားရ်နားဘိုက်အသင်းဂိုဏ်း၏ အခြေခံလေ့ကျင်းရေးကျောင်းတွင် ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးအဖြစ် တာဝန်ယူထမ်းရွက်ခဲ့သည်။ ဤ တာဝန်သည် အသင်းဂိုဏ်းအတွက် အထူးအရေးပါသော လုပ်ငန်းကို ထမ်းဆောင်ပေးရခြင်း ဖြစ်သည်။ အနာဂတ်ကာလ အသင်းသားများကို မွေးထုတ်ပေးရာဌာန ဖြစ်သည့်အလျောက် ဘုန်းတော်ကြီးပယ်ရ်ကိုတို၏ လမ်းညွှန်မှုသည် အနာဂတ်ခရီးကို လျှောက်လှမ်းရန် ပြင်ဆင်နေကြသော လူငယ်လူရွယ်တို့ အထူးပင် အရေးကြီးလှပေသည်။

သို့သော် ဘုန်းတော်ကြီး၏ စိတ်နှလုံးတွင်း ကိန်းအောင်းနေသော ဆန္ဒမှာ အရှေ့ဖျား တိုင်းပြည်များသို့ စွန့်လွှတ် စွန့်စားသွားရောက်၍ သာသနာပြုလုပ်လိုခြင်း ဖြစ်သည်။ ပယ်ရ်ကိုတိုအား စိတ်အနှောက်အယှက် ပေးမှုတစ်ရပ်မှာ  ၄င်း၏ ချို့တဲ့မှုရှိသည်ဟု ယူဆသော ကျန်းမာရေး အခြေအနေပင် ဖြစ်သည်။ကျန်းမာရေး စစ်ဆေးချက်အရ ဘုန်းတော်ကြီး၌ အဆုတ်ရောဂါရှိသည်ဟု ယူဆခဲ့သည်။ ဘုန်းတော်ကြီးသည် မိမိ၌ ရှိသော ကျန်းမာရေးပြဿနာကို မိမိ အစဉ်အားကိုး အားထားပြုခဲ့သော မယ်တော်အား အပ်နှံထားခဲ့သည်။ တချိန်တည်းမှာလည်း မလျော့သော ဇွဲသတ္တိဖြင့် မိမိအား သာသနာနယ်မြေသို့ စေလွှတ်ပေးပါရန် အထက် အကြီးအကဲများထံသို့ တောင်းခံစာ တင်ခဲ့သည်။ ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ဆုတောင်းပြည့်ခဲ့သည်။ သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ေ ဖဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ဘုန်းတော်ကြီးပယ်ရ်ကိုတိုအား မြန်မာပြည်သို့ သာသနာပြုသွားရန် ရောမမြို့ ၊သာသနာဌာနချုပ်မှ စာချွန်လွှာထွက်ခဲ့သည်။ (၁၉) သာသနာနယ်မြေများသို့ သွားရောက် သာသနာပြုရန် အထက်အကြီးအကဲများထံမှ အခွင့်ပြုချက် လက်ခံရရှိခဲ့သည်။ ထိုနေ့မှစ၍ သာသနာနယ်မြေများများ၌ တွေ့ကြုံ ရင်ဆိုင်ရမည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန် အလို့ငှါ မိမိ အနေအထိုင်၊ အစားအသောက်များကို ခြိုးခြံကျင့်ဆောက် တည်ခဲ့သည်။ စပျစ်ရည်သုံးဆောင်မှုကို ရှောင်ကျဉ်ခဲ့သည်။ မိမိ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား သံယောဇဉ် အဆက်အသွယ်များ ဖြတ်တောက်ခဲ့သည်။အီတလီပြည်မှ ထွက်ခွါသည့်အချိန် အခါထိ မိမိအသိုက်အ၀န်းနှင့် အဆက်အသွယ် မပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်သို့ ခရီးထွက်ခါနီးတွင် ဘုန်းတော်ကြီး နောက်ဆုံးတွေ့ဆုံ ဂါရ၀ပြုခဲ့သော ပုဂိုလ်ကြီးမှာ ပုဒ်ရဟန်းမင်းကြီး ကလေးမင်း(၁၃) Pope Clement III ပင်ဖြစ်သည်။ ပုဒ်ရဟန်းမင်းကြီးအထံတော်မှ ကောင်းကြီးခံယူလျက် မြန်မာပြည်သို့ ခရီးစတင်ထွက်ခွါခဲ့သည်။

သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ မတ်လ(၁၄) ရက်နေ့တွင် အီတလီပြည်ရှိ တတိယအကြီးဆုံးဖြစ်သေါ လိင်(ဂ)ဟွန်းမြို့ ဆိပ်ကမ်းမှ ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ဘုန်းတော်ကြီး အာဗယ်နတ္တီနှင့် အတူတကွ မြန်မာပြည်သို့ ခရီး စတင်ထွက်ခွါခဲ့သည်။

မိမိတို့ စီးနင်းလိုက်ပါလာသော သင်္ဘောကြီးသည် ဂရိတ်ပြည်၊ ဆိုင်းကလေးဒီးစ် ကျွန်းစုများကို
ဖြတ်သန်း လာခဲ့ပြီး၊ဆိုက်ပရပ်စ်ဆိပ်ကမ်းသို့ ဆိုက်ရောက်ရှိခဲ့သည်။ ထိုမှ တဖန် မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဆီးရီးယားပြည်-အာလက္ကပိုမြို့ဆိပ်ကမ်း၌ ရေကြောင်းခရီးစဉ် တထောက်ဆုံးခဲ့သည်။ တဖန် အာလက္ကပိုမြိုမှ ဒါမာစကုမြို့သို့ ကုန်းကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွါခဲ့သည်။

ထိုအချိန်အခါက ဒါမာစကုမြို့သည် တူရကီပြည်၏ အုပ်ချုပ်ရေးမှုး လက်အောက်ခံဖြစ်ခဲ့သည်။ အချိန်အခါအားဖြင့်လည်း တူရကီနှင့် ခရစ်ယာန်တိုင်းပြည်များ ဘာသာရေး စစ်ပွဲများ ဆင်နွဲနေချိန်ဖြစ်ခဲ့သည်။ သင်္ကန်းဝတ် ဘုန်းတော်ကြီးနှစ်ပါးတို့အား ဒါမာစကုမြို့တွင်းသို့ ၀င်ရောက်လာသည်ကို တွေ့မြင်သောအခါ တူရကီအာဏာပိုင်တို့မှ ၄င်းတို့အား ဖမ်းဆီးချုပ်နှောင်၍ အကျဉ်းထောင်သို့ ခေါ်ဆောင် သွားခဲ့ကြသည်။ အကျဉ်းထောင်အတွင်း၌ ညလုံးပေါက် စစ်ဆေးမေးမြန်းခြင်း ခံရပြီး၊ ညှင်းပန်းနှိပ်စက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် မိမိတို့၌ ပါရှိသော အရှေ့ဖျားသို့ ခရီးသွားလက်မှတ်ကို ပြနိုင်သဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။

ဒါမာုစကုမြို့မှ တဖန် အာရေးဗီးယား သဲကန္ကာရကို  ဆက်လက်  ဖြတ်ကျော် လာခဲ့ကြရပြန်သည်။ အာရေးဗီးယား သဲကန္တာရထဲ၌ ရက်ပေါင်း (၄၀)ကျော်မျှ ခရီးသွားလာခဲ့ရသည်။ သဲကန္တာရ ခရီးလမ်းတွင် ကုလားအုပ်ကိုစီး၍ ၊ဆန်ပြုတ်ကိုသာလျှင် စားသောက်ခဲ့ကြရသည်။ နေ့အချိန်၌ အလွန်ပူပြင်းသော ဒဏ်ကိုခံရပြီး၊ညအချိန်၌မှု အလွန် လွန်ကဲသည့် အအေးဒဏ်ကို ခံကြရပြန်သည်။ ထိုနောက် သဲကန္တရ ခရီးဆုံးမြို့ဖြစ်သည့် ဘက္ကဒက်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ထိုမြို၌ ပင်လယ်ကူး သဘောင်္ဆိပ်ကမ်း မရှိသဖြင့် ၊နောက်ထပ် (၁၂)ရက်တိုင် ခြေလျှင်ခရီးဖြင့် ဘာဇရာ သင်္ဘောဆိပ်ကမ်းမြို့သို့ ဆက်လက် လျောက်ခဲ့ရသည်။ ဘာဇရာဆိပ်ကမ်းမြို့တွင်  အိန္ဒိယသို့ထွက်ခွါမည့် အင်္ဂလိပ်ပိုင် သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်။ ၄င်းသင်္ဘောဖြင့် ဆက်လက်ထွက်ခွါခဲ့ရာ၊ နောက်ထပ် (၂)လ ကြာမျှ ရေကြောင်းခရီးကို ဆက်ခဲ့ကြရသည်။ သင်္ဘောတွင်း၌ ရိက္ခာ မလုံလောက်သဖြင့် ခရီးသည်များအား ရိက္ခာ လျော့ဝေပေးရာ၌ ဘုန်းတော်ကြီးနှစ်ပါးသည် အနည်းဆုံး ခွဲတမ်းကိုရရှိသဖြင့် မသေမရှင် စားသောက်ခဲ့ကြရသည်။ တဖန်သင်္ဘောပေါ်၌ အယုတ်ညံ့ဆုံးသော အလုပ်များ ပင်ပန်းမှုကြီးမားသော လုပ်ငန်းများကို သင်္ဘောကပ္ပတိန်မှ ဘုန်းတော်ကြီးနှစ်ပါးကိုသာလျင် ရွှေးချယ် စေခိုင်းလေ့ရှိခဲ့သည်။ သို့သော် ဘုန်းတော်ကြီးများသည် ခရစ်တော်၏ မဟာဒုက္ခစရိယာကို အတုယူလျက် တွေ့ကြုံခံစားထမ်းရသော အစားဆင်းရဲ၊ အနေဆင်းရဲ၊ အစရှိသည့် ဒုက္ခများ ကို မငြီး မတွား ကြံ့ကြံ့ခံထမ်း၍ ဆောင်ရွက် ပေးခဲ့ကြသည်။

ပယ်ရ်ကိုတိုတို့ စီးနင်းလိုက်ပါလာသော သင်္ဘောသည် အိန္ဒိယပြည် ချန်ဒါနဂေါမြို့၌ ခရီးဆုံးခဲ့သည်။ ချန်ဒါနဂေါဆိပ်ကမ်းမှ တဖန် မြန်မာပြည်သို့ ထွက်ခွါမည့် သင်္ဘောဖြင့် ပြန်လည် ခရီးဆက်ခဲ့ရပြန်သည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ် အောက်တိုဘာလတွင် ဘုန်းတော်ကြီးပယ်ရ်ကိုတိုနှင့် ဘုန်းတော်ကြီး အာဗယ်နတ္တီတို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ချောမောစွာ ရောက်ရှိခဲ့ကြသည်။ ပယ်ရ်ကိုတို၏ အီတလီ-မြန်မာပြည် ခရီးစဉ်သည် စုစုပေါင်း (၁)နှစ် (၇)လ ကြာမြင့်ခဲ့သည်။ ပယ်ရ်ကိုတို၏ အထ္ထုပ္ပုတ္တိကျမ်းကို ရေးသားပြုစုသူ ဒီအမ်၊ ဂရီဖီးနီသည် အောက်ပါအတိုင်း နိဒါန်းပျိုးခဲ့သည်။ (၂၀)

ခရစ်တော်၏ တပ်သားရဲဘော်ကလေးသည် မိမိ အရှင်သခင်၏ အေးချမ်းခြင်း၊ မေတ္တာတရားမျိုးစေ့ကို ကြဲရန် အလို့ငှါ၊ပင်လယ်မုန်တိုင်းကို ဖြတ်ကျော်၍ ၄င်း၊ အရိပ်အာဝါသ ကင်းမဲ့ပြီး၊ ဘေးဒုက္ခ အမျိုးစုံ ပြည့်လျံလျက်ရှိသော သဲကန္တာရကြီးကို၎င်း၊ ရောက်လေရာ အရပ်ဒေသ၌ ခိုကိုးရာမဲ့ ဖြစ်လင့်ကစား၊စွန့်စားမှု ကြီးမားစွာဖြင့် သွားလာခဲ့သူ ဖြစ်သည်။ 

(၁၈)  I. LA ViTA DI MONSIGNOR PERCOTO. By Father Michelangelo Griffini  Undine-Italy 1782
II. BICHOP PERCTO, AUTHOR of THE FIRST BURMESE ALPHABET BY Signor RENZO Carmignani.
III. LA BIRMANIA RENZO CAMIGNANI .ROMA 1950.

(၁၉) BULL of Pope Clement XIII Dated 14th February  1760 Cf. Bullarium Sanctae Congregationis de Propaganda Fide IV Pg.24

(၂၀) La Vita DI Monsignor Percoto .By Father Michelangelo Griffini Undine-  Italy    1782

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတို ဦးဆောင်မှုလုပ်ငန်းများ

သက္ကရာဇ် ၁၇၆၁ ခုနှစ်တွင်၊ မြန်မာပြည်သို့ ရောက်ရှိလာသော ဘားရ်နားဘိုက် သာသနာပြု အဖွဲ့မှ ဘုန်းတော်ကြီး အာဗယ်နတ္တီသည် ရန်ကုန်မြို့ရှိ ၊ယခင် ဘုန်းတော်ကြီး ပီးအိုဂါလီဇီယား တာဝန်ယူ ထမ်းရွက်ခဲ့သော အပြစ်မဲ့ သန္ဓေယူသော သခင်မကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ခဲ့သည်။

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတိုသည် အထက် မြန်မာပြည် ချောင်းဦးမြို့သို့ တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့တွင် သီတင်းသုံးနေထိုင်နေသော ဘုန်းတော်ကြီး ပီးအိုဂါလိဇီးယားနှင့် အတူ လက်တွဲ၍ အထက်မြန်မာပြည်ရှိ ကက်သလိခ်သာသနာတော်ကို ပြန်လည် ထူထောင်လုပ်ကိုင် ဆောင်ရွက်ကြရန် စီမံကိန်းများ ရေးဆွဲခဲ့ကြသည်။ သို့သော် ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ချောင်းဦးမြို့သို့ ရောက်ပြီး၊ များမကြာမီ အသည်းအသန် ဖျားနာခဲ့သည်။ ကုသရန် ဆေးဝါးမရှိ၊ ဘုန်းတော်ကြီး ပီအိုဂါလီဇီယား၏ အားပေး နှစ်သိမ့်မှု ကိုသာ ခံစားရရှိခဲ့သည်။

မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့သည် ကောင်းကင်ရံရှိ ကြယ်တံခွန်များပမာ အမှတ်မထင် ပျောက်ကွယ် သွားတတ်ကြသည်။ သက္ကရာဇ် ၁၇၆၃ ခုနှစ် ဖေဖေါ်ဝါရီလပိုင်းတွင်၊ဘုန်းတော်ကြီး ပီးအိုဂါလီဇီယားသည် ရုတ်တရက် ဖျားနာလာခဲ့ပြီး၊ ဘုန်းတော်ကြီး ပယ်ရ်ကိုတို လက်ဝယ်မှာပင် ပျံလွန်တော်မူခဲ့သည်။ ဘုန်းတော်ကြီး ပီးအိုဂါလီဇီယား၏ ဈာပနအခမ်းအနားကို ချောင်းဦးမြို့မှာပင် ကြီးကျယ် ခမ်းနားစွာပြုလုပ်ခဲ့ပြီး သင်္ဂြိုလ်ခဲ့ကြသည်။ တဖန် သက္ကရာဇ် ၁၇၆၄ ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့စွဲပါ ဘုန်းတော်ကြီး ပယ်ရ်ကိုတို၏ စာတစောင်တွင် အောက်ပါအတိုင်း ဖတ်ရှုရပြန်သည်။ (၂၁)

‘’ဒကာကြီးထံသို့ ပထမအကြိမ် အဖြစ် စာရေးလိုက်ရပါသည်။ ဤပထမဆုံးရေးလိုက်သော စာထဲမှာပင် ဒကာကြီးအား ၀မ်းနည်းကြေကွဲဖွယ်ရာ သတင်းကို ပါးလိုက်ရပါသဖြင့် စိတ်မကောင်းဖြစ်မိပါသည်။ ဒကာကြီး၏သားတော် ဘုန်းတော်ကြီး အာဗယ်နတ္တီသည် မမျှော်လင့်ပဲ အခြေအနေ အလွန်ဆိုးဝါးသော ရောဂါဝေဒနာဖြင့် အသက်အရွယ် နုပျိုစဉ် အချိန်မှာ ပျံလွန်တော်မှုသွားရှာပါသည်။

 ဘုန်းတော်ကြီး အာဗယ် နတ္တီသည် လွန်ခဲ့သော ၁၇၆၂ ခုနှစ်၊ ဇူလိုင်လတွင် ပဲခူးတစ်ဝိုက်ရှိ ကျေးရွာများသို့ တရားဒေသနာတော် ဟောကြားဘို့ ခရီး ထွက်ခွါခဲ့ပါသည်။ အောက်မြန်မာပြည်တွင် မိုးကြီးသော ရာသီဖြစ်သည်။ ကိုယ်တော်သည် မိုးရေထဲတွင် ခရီးထွက်ခဲ့ရသည်။ မရှိ ဆင်းရဲသားများကို ထောက်ပံ့ပေးဘို့ ချွေတာစုဆောင်းသော အားဖြင့် ခြေနင်းမစီး ခရီးလှည့်လည်ခဲ့ရာ ထိုခရီးစဉ်၌ အအေးမိပြီး လည်ပင်းရောင်ရောဂါဖြစ်ပွား ခဲ့ပါသည်။ နောက်ဆုံး၌ အစာမ၀င်နိုင်တော့ပဲ အဖျား ၀င်လာခဲ့ပါသည်။ အိပ်ရာထဲ၌ (၁၁)ရက် ကြာခံစားရပြီး၊ ခြေထောက်များ ရောင်ယမ်းလာကာ ၊ အစားအသောက် မသုံးဆောင်နိုင်တော့ဘဲ အားအင်ချိနဲ့ ပြတ်ခဲ့ရပါသည်။ ဤရောဂါနှင့်ပင် ၁၇၆၃-ခုနှစ် ၊ဧပြီလ (၅)ရက်၊ ပါစကားပွဲနေ့ကြီး မှာပင် ပျံလွန်တော်မှုခဲ့ရှာပါသည်။’’


(၂၁) Extract from Fr. Pecoto’s Letter Dated  5.1.1764 Cf.The Guardian    Sept.1962 pg  18

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၆)