Monday, November 10, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၄)


ဆရာတော်ဂျွန်မေရီပယ်ရ်ကောတို

မွေးနေ့။  ။၁၇၂၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်၊အီတလီ၊ဗင်းနစ်မြို့နယ်၊အူဒိုင်းရွာ။
  ။၁၇၆၁ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်ရောက်ရှိသည်။
  ။၁၇၆၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်၊ရန်ကုန်တွင်ဆရာတော်ဘိသိက်မင်္ဂလာခံယူသည်။
  ။၁၇၇၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊အင်းဝတွင်ပျံလွန်တော်မူသည်။


အခန်း(၆)
ဆရာတော်ဂျွန်မေရီပယ်ရ်ကောတို
သမိုင်းအချူပ်ဖြစ်တော်မူသော ထာဝရဘုရားသခင်၏ သမိုင်း လက်ရာတော်ကို ကျွန်ုပ်တို့ သမိုင်းပုထုဇဉ် လူသားများက ဖြေရှင်းပေးနိုင်းစွမ်း မရှိသည့် လူဘာဝ ပုစ္ဆာများကားများပြားလှပေစွာဟု ဆိုခဲ့ပေသည်။ ခရစ်တော်ဘုရား တည်ထောင်ခဲ့သော အသင်းတော်သည် လောက နိဗ္ဗာန်မဟုတ်။ ခရစ်တော်၏ နောက်လိုက် တပည့်သားရင်းများသည်ပင် မိမိတို့အရှင်သခင် လျှောက်လှမ်းခဲ့သည့် ဘ၀လမ်းကြောင်းအတိုင်း ထက်ကြပ်မကွာ လိုက်ကြရမည် ဖြစ်သည်။ ဓမ္မဟောင်းခေတ် ကာလ၌ ထာဝရဘုရားသခင် ရွေးကောက်တော်မူသော ဂျူးလူမျိုးစုသည် အလွန် သာယာဝပြောသော ကန်နန်ပြည်သို့ ခရီးပြုခဲ့ကြသည့်အခါ၊ အလွန်ကြမ်းတမ်း ခက်ထန်သော တောကန္တာရကြီးကို နှစ် ပေါင်း(၄၀)ကျော်မျှ ကြာအောင် ဖြတ်သန်း လာခဲ့ကြရသည်။  ဓမ္မသစ်ကာလတွင် ကောင်းကင်ရှိ ဂျေရုဆလိင် မြို့တော်ကြီးသို့ ခရီးပြုနေကြသည့် ခရစ်ယာန် ဘာသာဝင်အပေါင်း တို့သည်လည်း ဤလောကဓံတရား အတွင်းရှိ အလွန်ကြမ်းတမ်းသော ဘ၀ခရီးစဉ်ကို “ ၀” ကွက်ပြီး ရှောင်သွေ သွားနိုင်ကြသည် မဟုတ်ပေ။ လူ့ဘoတွင် ဘ၀၏ လိုအင်ဆန္ဒများကို ပြည့်ပြည့်စုံစုံ ခံစားနိုင်ကြရသကဲ့သို့၊ ဘ၀၏ ပြင်းထန် ခက်ခဲလှသည့် ဒုက္ခမုန်တိုင်းများကိုလည်း အနည်းနှင့် အများ မလွဲမသွေ ရင်ဆိုင် တွေ့ဆုံကြရမည် ဖြစ်သည်။

သာသနာတခုလုံး၏ သမိုင်းကို လေ့လာကြည့်ပါက ယနေ့ထက်တိုင် လောကဓံ တရား၏ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်လျက် ရှိသည်ကို တွေ့ရှိရပေမည်။ ထိုဒဏ်ရာ ဒဏ်ချက်တို့ကို ကုသပေးရန် သမားတော် လိုအပ်ပေသည်။ ထိုသမားတော်မှာ ထာဝရ ဘုရားသခင် ဖြစ်တော်မူသည် ထာဝရ တည်မြဲတော်မူသော မေတ္တာ ဂရုဏာတော်ရှင် ဖြစ်တော်မူသည်။ ဤ မေတ္တာဂရုဏာတော်၏ အရိပ်အာဝါသ အောက်၌ ခိုလှုံကြမှသာလျင် လူ့ဘ၀ ပြသနာရပ်များကို ဖြေရှင်း ပေးနိုင်ကြမည်ဖြစ်သည်။ အဖြေစုံကို မရရှိနိုင်ကြစေကာမူ၊ တွေ့ကြုံ ရင်ဆိုင်ကြရသည့် ပြဿနာရပ်များကို တည်ကြည် ခိုင်မြဲသော သံမဏိ စိတ်ဓါတ်ဖြင့် ရင်ဆိုင် တို့းဝှေ့နိုင်ကြမည် ဖြစ်သည်။

ဤသို့သော စိတ်ဓါတ်မျိုးကို မြန်မာပြည်ရောက် ဘားရ်နားဘိုက်အသင်းဂိုဏ်းသားတို့သည် တင်းပြည့် ကျပ်ပြည့် မွေးမြူထားကြသည်ကို သမိုင်းတွင် တွေ့မြင်ကြရသည်။ သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် မြန်မာပြည် ရန်ကုန် ဆိပ်ကမ်းသို့ အီတလီပြည်မှ ဘားရ်နားဘိုက် အသင်းဂိုဏ်းသား (၂)ပါး တို့သည် ဆိုက်ရောက် လာကြပြန်သည်။ ၄င်းတို့မှာ အောက်ပါပုဂိုလ်တို့ ဖြစ်ကြသည်။

၁။ဘုန်းတော်ကြီး ဆေဘာစတီအန်းနို ဒေါ်နတ္တီ
(Rev.Fr. Sebastiano Donati)
၂။ ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယား
(Rev.Fr. Pio Gallizia)
ဘုန်းတော်ကြီး ပီအို ဂါလီဇီးယားသည် ယခင်က မြန်မာပြည်သို့ ရောက်ရှိလာခဲ့ဘူးသော ဘုန်းတော်ကြီး ဂါလိဇီးယား၏ တူသားရင်း ဖြစ်သည်။

သက္ကရာဇ် ၁၆၁၃ ခုနှစ်က အနောက်ဘက်လွန်မင်းတရားကြီးသည် သန်လျင်ရှိ ပေါ်တူဂီ အမျိုးသားများကို အထက်မြန်မာပြည်သို့ ပို့ဆောင်ပေးခဲ့သည်။ ၁၇၅၆ ခုနှစ်တွင်လည်း မြန်မာပြည် တပြည်လုံးကို စုစည်း ဖွဲ့စည်းပေးခဲ့သော အလောင်းဘုရားသည် မွန်တို့၏ အချက်အခြာဖြစ်သော သန်လျင်မြို့နှင့် ပဲခူးတို့ကို သိမ်းပိုက်ယူစဉ်က၊ ရှေးယခင် မြန်မာမင်းများကဲ့သို့ အလားပင်၊ သန်လျင်မြို့တွင် အခြေချနေထိုင်ကြသော ပြင်သစ်အုပ်စုကို အထက်မြန်မာပြည်သို့ ပို့ဆောင် ပေးခဲ့ပြန်သည်။

သန်လျင်မြို့ရှိ အနောက်တိုင်းသားတို့၏ ရန်ဆွယ်အင်အားကို ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသဘောင်္များ ဆိုက်ကပ်ရာ သန်လျင်ဆိပ်ကမ်းမြို့ကိုလည်း ရန်ကုန်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ ယခင်က  "ဒဂုံ" ဟုအမည်ရှိသော နေရပ်တွင် ရန်ဆွယ်များ၊ ရန်သူများ၊ အားလုံး ချုပ်ငြိမ်းသွားသည် ဖြစ်သဖြင့်၊ ၄င်းမြို့ကိုလည်း "ရန်ကုန်"ဟူ၍ တွင်စေခဲ့သည်။ ရန်ကုန်မြို့သည်လည်း ၁၇၆၀ ခုနှစ်မှ စပြု၍ စည်ကား သိုက်မြိုက်လာခဲ့ခြင်း ဖြစ်သည်။

အလောင်းဘုရား နိုင်ငံတော်ကို ပြန်လည် ထူထောင်ပေးသည့် နောက်ပိုင်းတွင် မြန်မာပြည်၌လည်း ပြည်တွင်း အေးချမ်းသာယာမှု တဟုန်ထိုး တိုးတက် မြင့်မားလာခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘားရ်နားဘိုက် အသင်းသားများအတွက်လည်း သာသနာလုပ်ငန်းများကို ဖြောင့်ဖြောင့်ဖြူးဖြူး ဆက်လက် လုပ်ကိုင်နိုင်ခဲ့ကြသည်။

သာသနာ တာဝန်များ ခွဲဝေလုပ်ဆောင်ခြင်း

(က) ရန်ကုန်သာသနာ (အောက်မြန်မာပြည်)

ရှေး ဒဂုံ အမည်တွင်ခဲ့သော ရန်ကုန်မြို့တွင် ကက်သလိခ် သာသနာထွန်းကားခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ကက်သလိခ် ဘာသာဝင် ပုဂိုလ်အများစုမှာ နိုင်ငံခြားမှ လာရောက် လုပ်ကိုင်သောကုန်သည်ကြီးများ ဖြစ်ကြသည်။ ယင်းတို့၏ ဘာသာရေး ၀န်ဆောင်မှုအတွက် ပေါ်တူကီတိုင်းရင်းသား ကက်သလိခ်ဘုန်းကြီးများမှ အကျိုးပြု သယ်ပိုး ထမ်းရွက်ပေးကြသည်။ ၇န်ကုန်မြို့ပေါ်တွင် ကက်သလိခ်ဘုရားရှိခိုးကျောင်း (၂)ကျောင်း ရှိခဲ့သည်။ ရန်ကုန် တောင်ကြီးကွေ့ အရှေ့ဘက်ယွန်းစီတွင် ရှိသော တပ်ကလေး ဟူသည့် အရပ်တွင်  "စိတ်ပုတီးသခင်မ ဘုရားရှိခိုးကျောင်း" တည်ရှိခဲ့သည်။ တဖန် ၄င်းနှင့် မနီးမဝေးတွင်  "အပြစ်မဲ့ သန္ဓေယူသော သခင်မ ဘုရားရှိခိုးကျောင်း" ရှိသည်။ ဘုန်းတော်ကြီး ပီးအိုဂါလိဇီးယာ သည် ဤကျောင်းတော်တွင်  ကျောင်းထိုင် ရွေးချယ်ခဲ့သည်။ သန်လျင်မြို့ရှိ မယ်တော်ကျောင်းသည် စစ်တွင်း ကာလက ပျက်စီးမှုများကြီးမားခဲ့သည့် အပြင် သန်လျင်မြို့သည် ယခင်ကဲ့သို့ စည်ကားမှုများ မရှိတော့သဖြင့် ဘုန်းတော်ကြီး ပီအို ဂါလိဇီးယားသည် ရန်ကုန်မြို့မှာတွင် ကျောင်းထိုင် ရွေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

(ခ) ချောင်းဦး သာသနာ (အထက်မြန်မာပြည်)

ဘုန်းတော်ကြီး အသစ် (၂)ပါး ရောက်ရှိလာခဲ့သော သက္ကရာဇ် ၁၇၆၀ ခုနှစ်တွင် မြန်မာမင်းသည် နောင်တော်ကြီး (၁၇၆၀-၆၃) ဖြစ်သည်။ နောင်တော်ကြီးမင်းသည် အင်းဝမြို့တော်မှ စစ်ကိုင်းသို့ ရွှေ့ပြောင်း နန်းတည်ခဲ့ခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး ဆေဘတ်စတီအန်း နိုး ဒေါ် နတ္တီသည် အထက်မြန်မာပြည်သို့ ရောက်လျင် ရောက်ချင်း နောင်တော်ကြီးမင်းအား သွားရောက် တွေ့ဆုံ ဂါရ၀ပြုခဲ့သည်။ အထက် မြန်မာပြည်ရှိ ကက်သလိခ်သာသနာတွင် သိုးထိန်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် ဘာသာရေး၌  ကျဆင်းနေသည်ကို တွေ့ရှိရသည်။ ကက်သလိခ် ဘာသာဝင်များသည်လည်း မိမိတို့ ဘာသာရေးအကျိုးကို သယ်ပိုး ထမ်း၇ွက်ပေးမည့် ဘုန်းတော်ကြီး ရောက်ရှိလာသဖြင့် အထူးပင် နှစ်ထောင်း ၀မ်းသာ အားရ ဖြစ်ကြရသည်။ ဘုန်းတော်ကြီးသည်လည်း ယခင်က အင်းဝတွင်ရှိသော ကက်သလိခ်သာသနာချုပ်ကို ချောင်းဦးမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် ဘုန်းတော်ကြီး ဆေဘတ်စတီအန်းနိုး ဒေါ်နတ္တီသည် သာသနာလယ်ကွင်းပြင်၌ မိမိ မျှော်မှန်းထားသည့် အတိုင်း နေထိုင် မသွားရဖြစ်ခဲ့ရသည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရေဖျင်းရောဂါဖြင့် ချောင်းဦးမြို့၌ ငြိမ်သက်စွာ ဦးခေါင်း ချခဲ့လေသည်။ ဘုန်းတော်ကြီး ဒေါ်နတ္တိသည် အထက်မြန်မာပြည်၌ အလွန်တိုတောင်းသော အချိန်ကာလပိုင်းသာလျင် သီတင်းသုံး နေထိုင်သွားခဲ့သည်။ သို့သော် ထို တိုတောင်းလှသော အချိန်ပိုင်းမှာပင် ဘာသာဝင်တို့၏ ကြည်ညို လေးစားမှုကိုသာ ဖမ်းစားခဲ့ရသည် မဟုတ်၊ နောင်တော်ကြီးမင်း ကိုယ်တိုင် ဘုန်းတော်ကြီး အပေါ် အထူးပင် ကြည်ညို တရားပွားများခဲ့သည်။ ဘုန်းတော်ကြီး၏ ပါရမီ ကျင့်စဉ်ကို နှစ်ခြိုက်တော်မူသဖြင့် နောင်တော်ကြီးမင်းသည် သူကဲ့သို့ အလားရှိမည် ထင်သော အောက်မြန်မာပြည်ရှိ ဘုန်းတော်ကြီး ပီးအိုဂါလီဇီးယားကို အထက်မြန်မာပြည်သို့ ကြွမြန်းလာရောက် သီတင်းသုံး နေထိုင်ပါရန် ဖိတ်ကြားခဲ့သည်။ 

ဘုန်းတော်ကြီး ဂါလိဇီးယားသည်လည်း ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်ကို အမြန်ဆုံး တုန့် ပြန်ခဲ့သည်။ အထက် မြန်မာပြည်ရောက် ဘုန်းတော်ကြီး ပီအို ဂါလီဇီးယားသည် ချောင်းဦးရှိ ကက်သလိခ် ဘာသာဝင်များအတွက် ၀ိညာဉ်ရေးရာ ဘာသာရေး ဆောင်ရွက်မှုများကို ထမ်းရွက်ပေးခဲ့သည်။ နောင်တော်ကြီးမင်းနှင့်လည်း အကျွမ်းတ၀င် ခင်မင် ရင်းနှီးမှု ရရှိခဲ့သည်။ နောင်တော်ကြီးမင်း အနေဖြင့်လည်း ဘုန်းတော်ကြီးအား မိမိ နန်းတွင်း  နန်းဆောင်များသို့ အတားအဆီးမရှိ အချိန်အခါ မရွှေး ၀င်ထွက်ခွင့် ပေးထားခဲ့သည်။ ထိုပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့်လည်း ချစ်ခင်ရင်းနှီးစွာ ကူးလူး ဆက်ဆံခဲ့သည်။ ဘုန်းတော်ကြီး ဂါလီဇီးယားသည် ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ မြန်မာစာပေ ပါဠိစာပေများကိုလည်း စိတ်ပါဝင်စားစွာ လေ့လာ လိုက်စား သင်ယူခဲ့သည်။ ဤစာပေများကို ကောင်းစွာ တတ်မြောက်သောအခါ ခရစ်ယာန်ဘာသာရေး ကျမ်းဂန်များကို မြန်မာစာဖြင့် မိမိ ကိုယ်တိုင် ရေးသားပြုစုခဲ့သည်။

သာသနာ လုပ်သားသစ်များ ထပ်မံရောက်ရှိလာခြင်း။

မြန်မာပြည် ကက်သလိခ်သာသနာအတွက် တပါးတည်း ကျန်ရစ်ခဲ့သော ဘုန်းတော်ကြီး ပီးအိုဂါလီဇီးယားအား ကူညီပေးရန် အီတလီပြည်မှ သာသနာပြု ပုဂိုလ်များ ထပ်လောင်း ရောက်ရှိ လာခဲ့ကြသည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုကို (Fr. John Mary  Percoto) နှင့် ဘုန်းတော်ကြီး အာဗယ်နတ္တိ (Fr.Avenati) တို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။ 

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၅)