Thursday, October 30, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၃)

သမိုင်း အချုပ်ဖြစ်တော်မူသော ထာဝရဘုရားသခင်၏ သမိုင်းလက်ရာတော်၌ ကျွန်ုပ်တို့ ပုထုဇဉ် လူသားတို့ နားမလည် ဖြေရှင်း မပေးနိုင်သော ဘ၀ပဟေဠိ ပုစ္ဆာများကား အလွန် နက်နဲလှသည်။ အီတလီပြည်မှ ပထမခရီးစဉ်တွင် လိုက်ပါလာကြသော သာသနာပြု (၂)ပါးတို့၏ သင်္ဘောကြီးသည် အတ္တလန္တိတ် သမုဒ္ဒရာပင်လယ်ပြင်ကြီး တနေရတွင် ကမ်းခြေနှင့်အလွန်ဝေးကွာလှသည့် ရေနက်ပိုင်း၌ နစ်မြုပ်သွားခဲ့သည်။ ၄င်းသင်္ဘောတွင် စီးနင်းလိုက်ပါလာကြသော ခရီးသည် တဦးမကျန် ရေတွင် နစ်မြုပ်ပြီး အသက်များ ဆုံးရှုံးခဲ့ကြရသည်။ တဖန် ကျန်ရှိသော သာသနာပြု(၂)ပါးတို့သည်လည်း ပင်လယ်ပြင်ကြီးကို ချောမွေ့ အောင်မြင်စွာ ဖြတ်သန်းလာခဲ့ကြပြီး၊ မြန်မာရေနက် ကမ်းခြေအရောက် မုတ္တမ ပင်လယ်ကွေ့အနီးတွင် သင်္ဘောပျက်သွားသဖြင့် ၄င်းသာသနာပြု(၂)ပါးတို့သည်လည်း ထာဝရဘုရားသခင်၏ ရင်ခွင်ဝယ် မြန်မာ့ရေပြင်မှာပင် အိပ်စက် အနားယူခဲ့ကြရသည်။

        ဘုန်းတော်ကြီး နယ်ရီးနီအား မြန်မာပြည် ကက်သလိခ်သာသနာတော် အတွက် ဆရာတော်အဖြစ် ရွှေးချယ်တင်မြှောက်လိုက်သော ပုပ်ရဟန်းမင်းကြီး၏ စာချွန်လွှာနှင့် အတူ အီတလီမှ ပေးပို့လိုက်သော သာသနာ အသုံးအဆောင်ပစ္စည်းများ အားလုံးသည်လည်း ပင်လယ် ရေပြင်အောက်သို့ ရောက်ရှိသွားခဲ့ရလေသည်။ အားသစ်များဖြစ်သော ဘုန်းတော်ကြီး(၄)ပါးတို့၏ အသက် ဆုံးရှုံးမှုကြီးသည် ဘုန်းတော်ကြီးနယ်ရီးနီ မျှော်မှန်းထားသော သာသနာ ပန်းတိုင်ခရီးလမ်းကို ဝေးကွာစေခဲ့သည်။ ထို့အပြင် အဆိုပါ ဘားရ်နားဘိုက် သာသနာပြု (၄)ပါးတို့ကို ဆုံးရှုံးလိုက်ခြင်းသည် မြန်မာပြည်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာသော ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့၏ သမိုင်း အကွက်တကွက်ဖြစ်မည့် သမိုင်း ပန်းချီကားချပ်တချပ်ကိုလည်း ကျွန်ုပ်တို့ မြန်မာပြည် ကက်သလိခ်သာသနာ သမိုင်းမှ နစ်မြုပ် ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုရပေမည်။

    ဘုန်းတော်ကြီး  နယ်ရီးနီသည် သာသနာပြုပုဂိုလ်များအား မိမိထံသို့ စေလွတ်လိုက်သည့် သတင်းကို
ကြားသိရသောအခါ အတိုင်းမသိ ၀မ်းသာ ၀မ်းမြောက်ခြင်း ဖြစ်ခဲ့သည်။ သို့သော် ထိုသို့ ၀မ်းသာလိုက်ရခြင်းမှာ  ကောက်ရိုးမီးတမျှသာ ကြန့်ကြာလိုက်ခြင်း ဖြစ်သည်။ မိမိ စောင့်မျှော်နေသော သာမဏေ ညီတော်နောင်တော်များမှာ ကောင်းကင်ယံမှ မိုးသားများ တိမ်သားများ ပျောက်ကွယ်သွားကြသည့် အလား   ရေ၌ နစ်မြုပ်သေဆုံးရသည့် သတင်းကို များမကြာမီ ကြားသိလိုက်ရခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး နယ်ရီးနီ၏ နောက်ဆုံးသော နေ့ရက်များ
        အေးချမ်းတည်ငြိမ်နေသော သန်လျင်မြို့ကား များမကြာမီမှာပင် နိုင်ငံရေး လှိုင်းဂရက်များ လွမ်းမိုးလာခဲ့တော့သည်။ သက္ကရာဇ် ၁၇၅၃ ခုနှစ် ဇန်န၀ါရီလပိုင်းမှ စ၍ အလောင်းဘုရားသည် မြန်မာပြည် တပြည်လုံး စည်းလုံးမှုရအောင် ဆောင်ရွက်ခဲ့သည်။ ပြည်၊ မြန်အောင်၊ ဒဂုန် အစရှိသော နယ်မြေအားလုံးကို မိမိ အုပ်ချုပ်ရေးလက်အောက်သို့ ပို့ဆောင်ခဲ့သည်။ သက္ကရာဇ် ၁၇၅၄ ခုနှစ်တွင် အလောင်းမင်းဘုရားသည် တန်ခိုး ကြီးမားလာခဲ့သည်။ တချိန်တည်းမှာပင် အနောက်တိုင်း
မှ ဗြိတိသျှ၊ ပြင်သစ်တို့သည်လည်း အရှေ့တိုင်းများတွင် ကိုလိုနီနယ်ပယ်များ ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်ချိန် ဖြစ်ခဲ့သည်။ သက္ကရာဇ် ၁၇၅၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် အလောင်းဘုရားနှင့် မဟာမိတ် ပြုလုပ်လိုကြောင်း စကားကမ်းလှမ်းခဲ့သည်။ ပြင်သစ်တို့ကလည်း အချိန်တည်းမှာပင်  အောက်မြန်မာပြည်ရှိ မွန်တို့နှင့် မဟာမိတ်ဖွဲ့ခါ ပူးပေါင်းခဲ့ကြသည်။

သက္ကရာဇ် ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားသည် အောက်မြန်မာပြည် မွန်တို့ စီးပွားရေး အချက်အချာဖြစ်သော သန်လျှင်မြို့ကို စတင် တိုက်ခိုက်ခဲ့သည်။ မွန်တို့၏ မဟာမိတ်ဖြစ်သော ပြင်သစ်တို့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ အလောင်းဘုရားသည် သန်လျင်ကို  လွယ်လင့်တကူ မချိုးဖေါက် နိုင်သဖြင့် တပ်စခမ်းများချ၍  လပေါင်းများစွာ မြို့ကို ၀ိုင်းရံ စီးထားခဲ့ရသည်။ အချိန်တည်းမှာပင် မွန်တို့၏ မဟာမိတ်ဖြစ်သော ပြင်သစ်တို့ကလည်း အိန္ဒိယပြည်၊ ပွန်ဒါချယ်ရီမှ မိမိတို့အတွက် စစ်ကူများ လာလိမ့်မည်ဟု မျှော်လင့် တမ်းတခဲ့ကြသည်။

    ထိုသို့ စောင့်မျှော်သည့်အတိုင်း ပွန်ဒါချယ်ရီ မှ ပြင်သစ်စစ်ကူများလည်း ရောက်ရှိလာခဲ့ကြသည်။ ၄င်းပြင်သစ် စစ်ကူများအား အလောင်းဘုရားမှ  စီးကြို တိုက်ခိုက်တော့သည်။ အလောင်းဘုရား၏ စစ်သည်တော်များသည် စစ်ရေးနိုင်ကြပြီး၊ ပြင်သစ်ပိုင် စစ်သင်္ဘောနှစ်စင်းကိုလည်း အပြီးအပိုင် သိမ်းယူနိုင်ခဲ့ကြ၏။ ၄င်းညဉ့်ဦးယံ အချိန်မှာပင် အလောင်းဘုရား၏ မဟာတပ်ကြီးသည် သန်လျင်မြို့ကို ချိုးဖေါက်၍   အလုံးအရင်းဖြင့် တိုက်ခိုက် သိမ်းယူလိုက်ကြသည်။ သို့နှင့်ပင် သက္ကရာဇ် ၁၇၅၆ ခုနှစ်၊ ဇူလိုင်လတွင် သန်လျင်မြို့သည် အလောင်းဘုရား၏ လက်အောက်သို့  အပြီးအပိုင်ကျရောက်တော့သည်။

    သန်လျင်မြို့ကို အလောင်းဘုရား၏ တပ်များ ၀ိုင်းရံပိတ်ဆို့ထားမှုကြောင့်  မြို့တွင်း၌ စားနပ်ရိက္ခာများ ပြတ်တောက်ခဲ့သည်။ မြို့တွင်း စစ်ဘေးဒုက္ခသည်များသည် ဘုန်းတော်ကြီး နယ်ရီးနီကျောင်းဝင်းသို့ စုပုံ လာရောက်ခိုလှုံခဲ့ကြသည်။ ဘုန်းတော်ကြီးသည်လည်း ရောက်လာသမျှ စစ်ဘေး
ဒုက္ခသည်များကို ကျွေးမွေး ပြုစုပေးရသည်။ မိမိပိုင်ဆိုင်သမျှ ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ငွေကြေးများကို ထုတ်သုံးလိုက်ရသည်။ ထိုပြင် မြို့ပေါ် ၌ ကျရောက်နေသော စစ်ဘေးအန္တရာယ်များ အေးငြိမ်းသွားစေရန် မိမိသိုးစုနှင့်တကွ ဘုရားရှိခိုးကျောင်းအတွင်း၌ စုဝေးလျက် နေ့ရောညပါ ဆုတောင်းမေတ္တာများ ပြုခဲ့ကြသည်။ သို့သော် အလောင်းဘုရား၏ တပ်သားများ သန်လျင်မြို့တွင်းသို့ စီးနင်း ၀င်ရောက် တိုက်ခိုက်လာကြသောအခါ အခြေအနေများမှာ ပိုမို ဆိုးရွားလာခဲ့သည်။ တမြို့လုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့သည်။ ပြည်သူ အိုးအိမ်များ ပြာပုံ ဖြစ်ခဲ့ရသည်။ ကိုရင်ကြီး ကာပဲလိုသည်လည်း ဒဏ်ရာ အထိကဖြစ်သူများအား ဆေးဝါး ကုသပေးသည်။ ကျောင်းဝင်းအတွင်း သာလျင်မက မြို့တွင်းသို့ သွားရောက်၍ မိမိကိုယ်တိုင် အသက်ဘေးအန္တရာယ်ကို မငဲ့မကွက်ပဲ စစ်ဘေး ဒုက္ခသည်များကို စောင့်ရှောက် ပြုစုပေးခဲ့သည်။ ထိုသို့ လူနာများကို လိုက်လံရှာဖွေပြုစုနေခိုက် အမြောက်ဆံသင့်၍ ပွဲခြင်းပြီး ပျံလွန်တော်မူခဲ့ရှာသည်။

        မြို့တွင်း၌ တောက်လောင်နေသော မီးကြီးသည်  များမကြာမီ သန်လျင်မယ်တော် ဘုရားရှိခိုးကျောင်းဝင်း အတွင်းသို့ ကူးစက် ပျံ့နှံ့လာကာ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံ အားလုံးကို ၀ါးမျိုခဲ့သည်။ ဘုရားရှိခိုးကျောင်း၏ အမိုးများသည်လည်း လောင်ကျွမ်း ပျက်စီးခဲ့သည်။
ဘုန်းတော်ကြီး နယ်ရီးနီသည် ပစ်ခတ်နေသော သေနတ်ကျည်ဆံများ ဘေးအန္တရယ်မှ ကင်းလွတ်မှု ရရှိရေးအတွက် ကျောင်းဝင်းအတွင်းရှိ ဒုက္ခသည်များနှင့် ကလေးသူငယ်များကို ခေါ်ငင်၍ အမိုးမဲ့ ဘုရားရှိခိုးကျောင်းတော်ကြီးထဲသို့ ၀င်ရောက်လာကြသောအခါ ဘုန်းတော်ကြီး နယ်ရီးနီသည် မိမိ ကိုယ်တိုင်ထွက်၍ ကျောင်းဝင်းအတွင်းရှိ ကလေးသူငယ်များနှင့် အမျိုးသမီးများအား အသက် ချမ်းသာပေးပါရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

သန်လျင်မြို့ကို မွန်-ပြင်သစ်တို့ လက်မှ အောင်မြင်စွာ သိမ်းပိုက်ယူခဲ့သဖြင့် အလောင်းဘုရား၏ စစ်သည်တော်များသည် စစ်အောင်ပွဲကြီးတစ်ရပ်ကို ခံယူခဲ့ကြသည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် ပဲခူး မွန်ဘုရင်နှင့် ရင်းနှီးသူဖြစ်သည့်အလျောက် ဘုန်းတော်ကြီးအပေါ် အလောင်းဘုရားအနေဖြင့် သံသယစိတ်များ သက်ရောက်စေခဲ့သည်။ သို့ဖြစ်၍ အမျက်ထွက်တော်မူပြီး ဘုန်းတော်ကြီးနယ်ရီးနီ၏ ဦးခေါင်းကို မိမိအား ဆက်သရန် မိမိသက်အောက်သားတို့အား မိန့်ကြားခဲ့သည်။ (၁၇)

    ဖြူစင် နူးညံ့သိမ်မွေ့သော စိတ်နှလုံးသား ပိုင်ရှင်ဘုန်းတော်ကြီးနယ်ရီးနီအား မြန်မာစစ်သားတို့ကပင် အကျွမ်းတ၀င် သိရှိနေကြသည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရင်မင်းမြတ် တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ပေးရန် စစ်သည်တော်များ အတွက် အခက်အခဲများနှင့် တွေ့ကြုံ ရင်ဆိုင်နေကြရ၏။ သို့သော် ဘုရင့်အာဏကို မလွန်ဆန်နိုင်သည့်အဆုံး ပေါ်တူဂီ အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဖြတ်ယူခါ အလောင်းဘုရားအား ဆက်ကပ်ခဲ့ကြသည်။ အဖြစ်မှန်ကို သိရှိသွားသော ဘုရင်မင်းမြတ်သည် အမျက်ထွက်တော်မူပြန် သဖြင့် စစ်သည်တို့သည် ဘုန်းတော်ကြီး နယ်ရီးနီ၏ ဦးခေါင်းကို အမှန်အတိုင်း ဆက်သကြရတော့သည်။

    ဘုန်းတော်ကြီးနယ်ရီးနီသည် သန်လျင်မယ်တော် ဘုရားရှိခိုးကျောင်းတော်ကြီး၏ အ၀င်ဝတွင် မတ်မတ်ရပ် လျက်ရှိ၏။ ဘုရားကျောင်းတော်သို့ တပ်သားများ ၀င်ရောက်လာသည်ကို မြင်ရသည်။ တပ်သားများသည် မိမိသိုးစုအား လာရောက် အနှောင့်အယှက်ပြုမည်ဟု အထင်ဖြင့် တောင်းပန်ပေးရန် စောင့်မျှော်နေခြင်း ဖြစ်သည်။ သို့သော် တပ်သားများမှာ သိုးစုအတွက် လာရောက်ခြင်းမဟုတ်၊ သိုးထိန်းတော်အတွက် လာရောက်ကြခြင်းဖြစ်သည်။ မယ်တော်ကျောင်းတော်ကြီး၏ အ၀င်ဝ၌ ရပ်နေသော ဘုန်းတော်ကြီးထံရောက်လျှင် ရောက်ချင်း၊ လှံတံဖြင့် ထိုးဖေါက်လိုက်ရာ ဘုန်းတော်ကြီးသည် ဘုရားကျောင်း ရင်ပြင်ပေါ်သို့ ထိုးလဲကျသွားခဲ့သည်။ သွေးအိုင်တွင်း၌ လူးလှိမ့်နေသော ဘုန်းတော်ကြီးအား ဦးခေါင်းကို ဖြတ်ယူကြခါ ဘုရားကျောင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။

    သန်လျင် သိုးထိန်းတော်ကြီးမှာ မယ်တော် ရှေ့မျက်မှောက်၌ ငြိမ်သက်စွာ လျောင်းစက်တော်မူခဲ့ရှာ၏။ ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီး အန်ဂျေလိုကာပဲလိုတို့သည် မိမိသိုးစုများကို ကာကွယ် စောင့်ရှောက် အလုပ်ကျွေးပြုစုနေရင်း မိမိတို့ အသက်များကို ထာဝရဘုရားသခင်အား ပူဇော်သွားခဲ့ကြသည်။ မြန်မာပြည်ရောက် ဒုတိယ ဆရာတော်လောင်းသည် ယနေ့ ကောင်းကင်နိုင်ငံတော်မှ မိမိအရှင်ထာဝရဘုရားသခင် အားဖူးမျှော်ရင်း၊ မိမိသိုးစု၏ သားမြေးမြစ် တို့အပေါ်သို့ ကောင်းကြီးမင်္ဂလာများကို ဆက်လက် သွန်းလောင်းပေးလျက်ရှိ နေမည်မှာ
“ငါသည်သိုးထိန်းဖြစ်၏။
 ကောင်းသောသိုးထိန်းသည်
မိမိသိုးအဘို့ငှါ မိမိအသက်ကိုပေး၏”
(ယောဟန် ၊ ၁၀း ၁၁)

(၁၇) i. ”Catholic Mission of the Southern Burma” Bishop Bigandet, Cf.p.9.
     ii. Death of Fr.Nerini. Annales de la Propagation de la Foi. Lyon (1822 – 1903) cf.13, 332-334









ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၄)