Wednesday, July 30, 2014

သတိဆိုတာ ပိုတယ်မရှိ

ယနေ့ခေတ် အချိန်အခါမှာ လူအားလုံးဟာ စားဝတ်နေရေးဆိုတဲ့ အဓိက အရေးကြီးတာကို အာရုံစိုက်နေကြရင်း မထင်မှတ်တဲ့ မမျှော်လင့်ဘဲ ၀င်ရောက်လာတဲ့ အခြေအနေများကို ရင်ဆိုင် နေရတာကို တွေ့နေရပါတယ်။ အဲဒါက ဘာလဲဆိုရင် မတော်တဆမှုများပဲ ဖြစ်ပါတယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်ပွားနေရသလဲ ဆိုရင်တော့ မိမိရဲ့ သတိတရားကို ပေါ့ပေါ့ဆဆ ထားခဲ့မိလို့ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိသွားလာ လှုပ်ရှားနေရတဲ့ အခြေအနေမှာ အချိန်ပြည့် မတော်တဆမှုတွေနဲ့ပဲ ပြည့်နှက်နေတယ် ဆိုတာကို သတိထားဖို့ အထူး လိုအပ်နေပါပြီ။ တစ်နှစ်ထက် တစ်နှစ် တိုးပွားလာတဲ့ လူဦးရေ၊ ယာဉ်အစီးရေတွေဟာ လွန်ခဲ့တဲ့နှစ်တွေနဲ့ စာရင်အင်မတန်မှ များပြား လာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီစကားကို ထည့်ပြောရသလဲဆိုရင် - လူဆိုတာ မိမိမှာ အကောင်းတိုင်း ပကတိအတိုင်း ရှိနေတဲ့ မိမိရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကောင်းမွန်စွာ ရှိနေစဉ်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲဖြစ်နေတာကို တွေ့နေရပါတယ်။ ကိုယ်အင်္ဂါထဲက တစ်ခုခု ထိခိုက်မိမှ အဲဒီကိုယ် အင်္ဂါရဲ့တန်ဖိုးကို သိနားလည်ကြတာကို တွေ့ရပါတယ်။                   

အစိုးရမီဒီယာများ၊ ရုပ်သံများကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတိပေး ကြော်ငြာများ ပြုလုပ်ပြီး တင်ဆက်နေကြပေမယ့် ထိရောက်မှုကတော့ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုတ်ရာ တစ်ခြား၊ ရှရာတစ်ခြား ဖြစ်နေလို့ပါပဲ၊ ရုပ်သံကြော်ငြာတစ်ခုပဲ နမူနာကြည့်ပါ။ တင်ဆက်နေတာ
မတော်တဆမှုအတွက် သတိပေးကြော်ငြာနေတာ။ တင်ဆက်နေတာက “အရမ်း အရေးကြီးလို့ ပြောတာနော်”ဆိုတဲ့ စကားလေးက ပြောဆို တင်ဆက်ပုံ လေးနက်မှု မရှိသလိုမျိုး ဖြစ်နေတာ တွေ့နေရတာက အားလုံး သတိထားမိချင်မှ ထားမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ တင်ဆက်ပုံက-နာရေးဖြစ်လို့ သွားအားပေးနေတဲ့ သူက နာရေးအိမ်မှာ ပြောင်စပ်စပ် အမူအရာနဲ့ နာရေး ဖြစ်နေတဲ့၏ အိမ်မှာရှိတဲ့ မိသားစုတွေကို အားပေး နှစ်သိမ့်ရာပဲရောက်မလား၊ ပိုပြီးပဲ ဆိုးမလားဆိုတာကို တွေးကြည့်ရင် သိပါတယ်။ ဆိုလိုတာက သိပ်ပြီး လေးနက်တဲ့ ကိစ္စတွေကို ပေါ့ပေါ့ဆဆ ပြောဆို တင်ပြသလို မရဘူး ဆိုတာကို လုံးဝမေ့နေကြတယ်လေ။   

အဲဒါကြောင့်မို့ အခုခေတ် လူငယ်လေးတွေဟာ အနာဂတ်မှာ ဦးဆောင်ရမယ့် လူကြီးတွေ ဖြစ်ကြမှာမို့ မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ အခုလို ကိုယ်လက် အင်္ဂါလေးတွေ အကောင်းတိုင်း ရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့နဲ့ ဖြစ်ပြီးမှ နောင်တရနေမယ့် အစား မဖြစ်သေးခင် ကြိုတင် ဂရုတစိုက်နဲ့ သတိထားဖို့ ပြောနေတာပါ။
ဥပမာ- လမ်းဆုံများ ရောက်ပြီးဆိုခဲ့ရင် ငါမှန်မှန်၊ သူမှန်မှန် မိမိယာဉ်ရဲ့ အရှိန်ကို လျော့ပေးပါ။ ရုတ်တရက် မထင်မှတ်ပဲ ဖြတ်ပြေးတတ်တဲ့ ခွေး၊ ကလေးငယ်များ အတွက် မိမိရဲ့ အရှိန်ကို ထိန်းနိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ ယာဉ်ကို ဂရုတစိုက် မောင်းနှင်ကြပါ။ အကယ်၍ ဒေါသကို လက်ကိုင်ထားပြီး မောင်းနှင်ကြမယ်ဆိုရင် ပြဿနာက ကြီးသထက် ကြီးသွားမယ်။ အခြေအနေက ဆိုးသထက် ဆိုးသွားမယ်ဆိုတာ သိသာအောင် ပြောရမယ်ဆိုရင်-ယာဉ်ထိခိုက်မှုဖြစ်ပြီ ဆိုတာနဲ့

(၁) အချိန်ကြန့်ကြာမှု စတင်ဖြစ်နေပြီ၊
(၂) မလိုအပ်ပဲ မှုခင်းရင်ဆိုင်ရတဲ့ အခြေအနေ ဖြစ်သွားတတ်တယ်၊
(၃) ငွေကြေး ကုန်ကျစရိတ် သေချာပေါက် ပေးဆပ်ရတော့မယ်၊
(၄) ယာဉ်ထိခိုက်မှု၊ လူထိခိုက်မှုအတွက် နစ်နာရတဲ့ အခြေအနေမျိုး ဖြစ်ပွားသွားတာကို လက်တွေ့ ရင်ဆိုင် ကြုံတွေ့ရတော့မယ်၊
(၅) အဆိုးဆုံးကတော့ လူ့အသက် အန္တရာယ်ကိုလဲ ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေမျိုးတွေ ခါးသီးစွာနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ လူငယ်တွေဟာ “သတိမမူ၊ ဂူမမြင် ဆိုသလို” မမျှော်လင့်ပဲ ဆုံးရှုံးမှုတွေနဲ့ မကြုံ တွေ့မိစေကြဖို့၊ ဘုရားတရားနဲ့ သတိရှိကြဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ပေးသနားတဲ့ အသက်ဟာ တန်ဖိုးရှိသလို မိမိတို့ရဲ့ အသက်ရှင်သန်မှုဟာလည်း ဘုရားအတွက်၊ အများအတွက်ဖြစ်ဖို့ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းတင်ပြရင်း အာလုံး ကျန်းမာရွှင်လန်းကြပါစေလို့  ဆုမွန်ကောင်းတောင်း ပေး လိုက်ပါတယ်။                       

ကိုမော်မော်သွေး (ခ) ကိုဆိုနီ (မန္တလေး)

Read More...

Saturday, July 26, 2014

ငြိမ်းချမ်းသာယာသော ကမ္ဘာလေး တည်ဆောက်ကြရအောင်


အိန္ဒိယပြည် ကာလကတ္တားမြို့မှ ကက်သလစ်သီလရှင်ကြီး မာသာရ်ထရေဇားသည်၊ နိုဘယ်လ်ဆုရခဲ့စဉ်က အမှာစကား တစ်ခွန်း ပြောကြားခဲ့ဖူးသည်မှာ “ကမ္ဘာကြီး ငြိမ်းချမ်းရေးရရှိရန် သင်တို့အိမ်သို့ ပြန်ပါ၊ မိသားစုကို တကယ် မေတ္တာစစ်နှင့် ချစ်ပါ”ဟု မိန့်ကြားခဲ့ပါသည်။ လူသားတိုင်း စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို ရရှိဖို့ မိသားစု အချင်းချင်း ချစ်ခင်လေးစားမှုမှ စတင်ပြီး အိမ်နီးချင်း မိတ်ဆွေများမှ တစ်ဆင့်၊ လူသားအားလုံးကို မေတ္တာတရား မျှဝေပေးခြင်းပင် ဖြစ်ပါသည်။ အချို့မိသားစုထဲ၌ မိခင်နှင့် ဖခင်ကလည်း အဆင်မပြေကြ၊ သားသမီးများမှာလည်း အချင်းချင်း မတည့်ကြသည့် မိသားစု အများအပြား ရှိနေပါသည်။ ကျွန်ုပ်တွေ့ခဲ့ဖူးသည့် ချမ်းသာသော မိသားစုကြီးတစ်စု၌၊ ဖခင်မှ မိခင်ကို ငယ်စဉ်က အနိုင်ကျင့် လက်ထပ်ယူခဲ့သောကြောင့် မိခင်၌လည်း မိသားစုအပေါ် ချစ်ခင်ကြင်နာစိတ် မထားနိုင်ခဲ့ကြောင်း မိခင်ကြီးမှ ၀န်ခံခဲ့သည်။ သားသမီး (၇ယောက်) မွေးဖွားခဲ့သော်လည်း သားသမီးများမှာလည်း အချင်းချင်း ချစ်ခင်ကြင်နာမှုမရှိခဲ့ပေ။ ထိုအိမ်ထောင်စု၌ ဒေါသမာန် မာနများ၊ အာဃာတများစွာဖြင့် ငွေပုံပေါ်မှာ စိတ်ဓာတ် ယိမ်းယိုင်စွာနှင့် ပျော်ရွှင်မှု ကင်းမဲ့စွာဖြင့် နေထိုင်နေကြသည်ကို တွေ့မြင်ရသည်။
မိသားစုအတွင်း မေတ္တာတရား မရှိသောကြောင့်၊ ပတ်ဝန်းကျင်အပေါ်လည်း ကြင်နာစိတ် ကင်းမဲ့ခဲ့ကြသည်။ အနီးကပ် နေထိုင်ရသော ကျွန်ုပ်သည်လည်း သူတို့ကို မြင်နေရသောကြောင့် စိတ်ချမ်းသာမှု နည်းပါးခဲ့ရသည်။

နောက်တွေ့ ဖူးတဲ့ ရင်းနှီးသော မိတ်ဆွေလင်မယား၏ ဘ၀မှာလည်း စီးပွားရေး အဆင်ပြေသော်လည်း၊ ခင်ပွန်းဖြစ်သူမှ သူ၏ တပည့်မလေးကို စောင့်ရှောက်ထားသည်မှာ (၁၀)နှစ်ကျော် ရှိပြီဖြစ်သည်။ ထို့ကြောင့် သူတို့၌ အရွယ်ရောက်သော သားသမီးနှစ်ယောက် ရှိနေသောကြောင့် ခွဲခွာဖို့လည်း မသင့်တော်ပေ။ အခြေအနေ မပြောင်းလဲပဲ ပေါင်းသင်း နေထိုင်နေရသောကြောင့် ထိုအမျိုးသမီး၌ စိတ်ဓာတ်ကျသော ရောဂါရရှိခဲ့သည်။ သားသမီး နှစ်ယောက်မှာလည်း ဘ၀မှာ ပြည့်စုံသော်လည်း စိတ်ချမ်းသာမှု ကင်းမဲ့လျက်ရှိရာ သားလေးမှာ အထက်တန်းစား ပျက်စီးခြင်းဟု ခေါ်ရမည့် မူးယစ်ဆေးနှင့် အပျော်အပါးကို ခုံမင်သော ဘ၀သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ရန်အတွက် မိဘနှစ်ပါးသည် အရေးကြီးဆုံး ဖြစ်ပါသည်။          

အချို့မိသားစု၌ သားသမီးများကို ခွဲခြား ဆက်ဆံရာမှ နှိမ့်ချ ဆက်ဆံခံရသော သားလေးမှာ နောက်ဆုံး စိတ်ဓာတ်ကျရောဂါရပြီး မိဘကို ကလန်ကဆန်လုပ်ရင်းမှ အဖေ၏ ရိုက်နှက်မှုကို မခံနိုင်တော့ပဲ၊ အိမ်ပြေး ဘ၀ရောက်သွားပြီး၊ ရုတ်တရက် သေဆုံးသွားသည်ကို တွေ့ကြုံခဲ့ဖူးပါသည်။ အချို့ မချမ်းသာသော်လည်း၊ ဘုရားသွား ကျောင်းတက် အတူတူ၊ ချစ်ခင် ကြင်နာစွာ နေထိုင်ကြသော မိသားစုများလည်း ရှိကြပါသည်။ သို့သော် မိတ်ဆွေများ၏ အိမ်များကို လေ့လာမိသမျှ ရေးရလျှင် ဆယ်အိမ်မှာ တစ်အိမ်လောက်သာ ရောင့်ရဲတင်းတိမ်စွာ ချစ်ချစ်ခင်ခင် နေထိုင်ပြီး၊ အဆင်ပြေအောင် ကြိုးစား နေထိုင်ကြသည်ကို တွေ့ရပါသည်။ အိမ်ထောင်သက်နှစ် (၃၀၊ ၄၀၊ ၅၀) သာ ရောက်ရှိလာကြသော်လည်း၊ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ ကျော်လွှားလာခဲ့ကြရသည်။

ဘာသာတရား ကိုင်းရှိုင်းသော၊ နှစ်ဦးစလုံး ဘာသာတူများဖြစ်လျှင် ငါးဆယ်ရာခိုင်နှုန်း ညှိနှိုင်း၍
ရတတ်သည်။ သည့်ထက်ပိုချင်လည်း ပိုနိုင်ပါသည်။ မိဘနှစ်ပါး ဘာသာမတူလျှင်တော့ သားသမီးများမှာ အခက်အခဲများစွာ တွေ့ရတတ်သည်။ များသောအားဖြင့် အိမ်ထောင်စုတစ်စု၌၊ အိမ်ထောင်ဦးစီး၏ အရက်သေစာနှင့် ပြင်ပ အပျော်အပါးများ ပြားသောကြောင့် မိသားစု ဒုက္ခ ရောက်ကြရသည်။ ချမ်းသာသည်ဖြစ်စေ၊ ချို့တဲ့သည် ဖြစ်စေ၊ အရက်သောက်ထားလျှင် ရန်လိုတတ်ကြသည်မှာ ထုံးစံဖြစ်သည်။ အရက်စွဲနေသော မိန်းကလေးငယ်တစ်ဦးနှင့် တွေ့ဖူးပါသည်။ သူ့မိသားစုလည်း အရှက်ရ၊ ဒုက္ခဖြစ်ရသည်မှာ အကြိမ်ကြိမ် ဖြစ်သည်။ ယခုတော့ သူမ၏ အမှားကို နားလည်လာပြီး အရက်ဖြတ်ရန် ကြိုးစားနေပြီ ဖြစ်သည်။

ယခုအခါ ယဉ်ကျေး လိမ္မာသင်တန်းများလည်း ကျောင်းပိတ်ရက်များ၌ ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့်၊ ကလေးသူငယ်၊ လူငယ်အများလည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့ ဘုရားကျောင်းမှ ဘာသာစကား သင်တန်းများသည်လည်း၊ ခရစ်တော် အလိုကျ ယဉ်ကျေးလိမ္မာပြီး ခရစ်တော် အငယ်စားလေးများ ဖြစ်စေရန် လမ်းပြလျက်ရှိပါသည်။ “ကြင်နာစိတ် မွေးမြူထားရှိတာဟာ လူ့ဘ၀မှာ အဖိုးတန်တဲ့ အလုပ်တစ်ခု လုပ်တာပါပဲ”ဟု ဆယ်မြူရယ် ဂျွန်ဆင် (ကမ္ဘာကျော် စာရေးဆရာ)မှ ရေးသား ခဲ့ဖူးပါသည်။ အမေလူထု ဒေါ်အမာမှလည်း "လူဆိုတာ ကိုယ်လူဖြစ်လာရင် ငါ့အတွက် ဘယ်သူတွေ ဒုက္ခရောက်သတုန်း၊ ဘယ်သူတွေ ဆင်းရဲ ပင်ပန်းမှုတွေဖြစ်ကုန် သတုန်း၊ ငါက ဘယ်သူတွေကို ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်နိုင်သတုန်း၊ ငါ့ကြောင့် အများသူငါ သက်သာ ချောင်ချိမှု ဘယ်လောက်ဖြစ်သတုန်း စိစစ်ဖို့ ကောင်းတယ်။" ဟု ရေးသားခဲ့ဖူးပါသည်။ ဤတန်ဖိုးရှိသော စာသားကလေးများကို ဘာသာမရွေး လိုက်နာ ကျင့်သုံးကြလျှင် လူကြီးလူငယ်မရွေး စိတ်ထားများ ပျော့ပျောင်းလာပြီး၊ တန်ဖိုးရှိသော လူသားများ ဖြစ်လာကြကာ၊ ပတ်ဝန်းကျင်သာမက ကမ္ဘာလောကကြီးလည်း ပို၍ အေးချမ်းလှပလာမည်မှာ သေချာပါသည်။

ခရစ်တော်၌ အစေခံလျက်
ကက်သလင်းခင်

Read More...

Wednesday, July 23, 2014

ကြီးမြတ်လှသော မိဘမေတ္တာ


ဒီကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ လူသားတွေကတော့ သန်းပေါင်းများစွာပါ။ ဒါပေမယ့် အဲဒီ လူသားသိန်း၊ သန်းပေါင်းများစွာ ရှိကြတဲ့အထဲမှာ “မိဘ”ဆိုတဲ့ လူသားဟာ ကျွန်တော်တို့အတွက် နှစ်ဦးပဲရှိတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော လူသားများနဲ့ ကိုယ့်ရဲ့ မိဘတွေကို ဘယ်လိုမှ အစားထိုးလို့မရ၊ လဲလှယ်ယူလို့ မရ၊ ဘာကြောင့်လဲဆိုတော့ မိဘတွေဟာ တန်ဖိုးအရှိဆုံး ပုဂ္ဂိုလ်နှစ်ဦးရဲ့နေရာမှာ ယူထားကြလို့ပဲ။ ဘုရားသခင်က “မိဘတို့ကို ရိုသေလော့” ဟု ပညတ်ထားပြန်တော့ မိဘတို့ရဲ့ဂုဏ်ဟာ အမြင့်ဆုံး အခြေအနေမှာ ရောက်ရှိသွားတာပေါ့။ မိဘဆိုတာ ဘယ်အရွယ်၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အသက်ကြီးငယ် ရုပ်ချော၊ ရုပ်ဆိုး၊ ပညာရှိ၊ ပညာမဲ့၊ ဂုဏ်ရည်နိမ့်၊ ဂုဏ်ရည်မြင့်၊ အဆုံးပြောရရင်၊ အကျင့်ဆိုး၊ အကျင့်ကောင်း ဘာကြီးပဲဖြစ်နေပါစေ မိဘဟာမိဘပါပဲ။                      
မိဘနှစ်ပါးဟာ သားသမီးတို့ရဲ့ လက်ဦးဆရာပါပဲ။ မိဘရင်ခွင်ထဲကပဲ လူသားတိုင်း လူ့ဘ၀ စခဲ့ကြရတာ ဖြစ်တယ်။ လူသားတိုင်းဟာ မိခင် နို့ချိုသောက်သုံးပြီး ဖခင်၏ ပုခုံးထက် မှီတွယ်ရင်း ကြီးပြင်းလာကြရပါတယ်။
မိခင် သန္ဓေ တည်ချိန်မှ စပြီး ကိုယ်ဝန်နှင့် မတည်တဲ့ ပူလောင်၊ စပ် ခါး အစားအစာမှန်သမျှကို သားသမီးများကို ချစ်သောမေတ္တာစိတ်နှင့် ရှောင်ကြဉ်ရရှာတယ်။ အနေအထိုင် မတိမ်းလဲအောင် ဆင်ခြင်ရရှာတယ်။ မိခင်သည် သားသမီးများကို ကိုးလလွယ်ကာ၊ ဆယ်လရောက်တော့ မိမိ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုပင် မကြောက်၊ လူ့လောကအတွင်းသို့ မိမိ၏ သား၊ သမီး ၀င်ရောက်လာနိုင်ရန် နာကျင်ခြင်း ဒုက္ခမှန်သမျှကို ကြိတ်မှိတ်ခံကာ မိခင်ကောင်းပီသစွာ သားသမီးများကို မွေးထုတ်ပေးရရှာတယ်။ အသက်ကိုစွန့်ကာ မွေးဖွားပေးသော မိခင်ရဲ့မေတ္တာနှင့် ကျေးဇူးကား မည်သည့်အရာနှင့် ယှဉ်ယှဉ် နွားချိုပေါက်စနှင့် သမုဒ္ဒရာရေကြီး ယှဉ်ထားသလို နှိုင်းဆ မရ မတူမတန် တွေ့ရလိမ့်မယ်။ နွဲ့ဆိုးဆိုးသားငယ်တို့ကို စိတ်ရှည်စွာ ထမင်းခွံ့ကျွေးတာ မိခင်ရဲ့ မေတ္တာပါပဲ။ ဖခင်ကလည်း သားသမီးတို့ရဲ့ နောင်ရေးအတွက် ရုန်းကန်
စီးပွားရှာရလေတယ်။ ဖခင်က မိမိ၏ လုံခြုံစိတ်ချရသော ခြံဝင်းအတွင်း မိခင်အား ကလေး၏ အရိပ်အခြေကိုသာ ကြည့်ရှု့စေပြီး ရန်မှန်သမျှကို ဖခင်က ဖြေရှင်းရရှာတယ်။ ဖခင်၏ လုံခြုံ စိတ်ချရသော ခြံဝန်းကြီးသည် မဟာတံတိုင်းပမာ ခိုင်မာစွာ ရပ်တည်လျက်ရှိတယ်။ သားသမီးတို့ကို ကာကွယ် စောင့်ရှောက်တော်မူရာ၌ ဖခင်၏ ကြီးမြတ်လှသော မေတ္တာသည် အရှိဆုံးအားအဖြစ် ရောက်ရှိလာတာပါပဲ။ ဖခင်၏ ဆုံးမစကားသည် သားသမီးများအား အားဆေးသဖွယ် ဖြစ်စေတယ်။ အဖသည် သားသမီးတို့၏ အားငယ်စိတ်ကို ပယ်ပျောက်စေ၍ အားသစ်များစေတယ်။ ဖခင်သည် နေမင်းကြီးကဲ့သို့ သားသမီးတို့၏ ဘ၀ကို တောက်ပ ထက်မြတ်သော မေတ္တာရောင်ခြည်တို့ဖြင့် လမ်းပြပေးတယ်။ အဖ၏ ရဲရင့်သော စိတ်ဓာတ်ကို သားသမီးတို့အပေါ် လက်ဆင့်ကမ်း ပေး၍ ဘ၀အခက်အခဲ တိုက်ပွဲ၌ အောင်မြင်စေသည်။                       

     သားသမီးတို့ အိပ်ချင်ဟန် မြင်လျှင် မမောနိုင်၊ မပန်းနိုင်၊ သီချင်းဆိုကာ ချော့သိပ်ရရှာတယ်။ ယုယကြင်နာစွာ ပိုက်ထွေးကြတယ်။ မိဘတို့ရဲ့ ဘ၀ဟာ ပင်ပန်းလှပါတယ်။ ဒါပေမယ့် ကလေးငယ်၏ အပြုံးမျက်နှာ တစ်ချက်ကို မြင်လိုက်သော တခဏ၌ ပင်ပန်းမှုတို့သည် ပျောက်ပျက်ရလေသည်။ သားသမီးကို တိုးတက်ကြီးပွားလိုသည်မှာ မိဘတို့၏ မေတ္တာ စေတနာ ဖြစ်ပါသည်။ စာသင်ရန် အရွယ်ရောက်သည်နှင့် ကျောင်းရင်ခွင်သို့ အပ်နှံကြပါသည်။ ပညာနို့ကိုလည်း စို့စေခဲ့သည်။ သားသမီးတို့၏ ဘ၀ လုံခြုံမှုရှိစေရန်၊ လူလိမ္မာများ ဖြစ်လာစေရန်၊ လူမခိုးသော ပညာရွှေအိုးကို ရှာဖွေ စုဆောင်းစေသည်။ တတ်စွမ်းသမျှ၊ လက်လှမ်းမှီသမျှ၊ ပြုစုပျိုးထောင် အကြံကောင်း၊ ဥာဏ်ကောင်းများ ပေးလေ့ရှိသည်။ သားသမီးများတို့သည် များပြားလှသော မိဘတို့၏ ချွေးစက်အပေါ် ကြီးပြင်း လာရတာပါပဲ။ သားသမီးတို့၏ ဘ၀ခရီးလမ်းစဉ် မတွက်မရေတွက်နိုင်သော ပင်ပန်းမှု၊ ခါးသီးမှုဒဏ်ကို အပြုံး မပျက်ခံကြရပါတယ်။ မိဘတို့သည် သားသမီးတို့ ကြီးပွား အောင်မြင်လျှင် ပြုံးပန်း ဝေနေကြမြဲဖြစ်၏။                          

    မိဘတွေရဲ့ အင်္ကျီက ချွေးနံ့လေးတွေဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ရေမွှေးထက်တောင် သင်းပျံ့ ပါတယ်။ သူများတွေ ဘယ်လောက်ပဲ ချောချော၊ ရုပ်အခြေအနေဆိုးတဲ့ ကိုယ့်သားသမီးကို ပိုပြီး ချစ်တာ မိဘတွေပါ။ သူတစ်ပါးက ဘယ်လိုချစ်တယ် ပြောပြော၊ အသဲနှလုံးသားထဲက ချစ်တယ် ပြောပြော၊
အဲဒီချစ်ခြင်းဟာ မိဘမုန်းတဲ့ အခြေအနေအဆင့်ပါပဲ။ မိဘတွေဟာ ရုပ်ချော၊ ရုပ်ဆိုး၊ လိမ္မာ၊ မိုက်ကမ်း၊ စာတတ်၊ စာမတတ်တာနဲ့ ဘာမှမဆိုင်။ မိဘမေတ္တာဟာ တစ်တန်းတည်း ချစ်တတ်ကြတယ်။ မိဘဟာ ရိုးရိုးအအင်္ကြီး ဖြစ်နေပေမယ့် သားသမီးတွေ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ အချစ်တွေဟာ ဘယ်စာပန်းချီနဲ့မှ ရေးဖွဲ့လို့ မမှီအောင် ဆန်းကျယ်လှပါတယ်။ မိဘကို မချစ်တတ်တဲ့ လူဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ တစ်ခါ ဆုံးရှုံးပြီးရင် ပြန်မရတာ မိဘပါပဲ။ အဲဒါကြောင့် မိဘကို ငွေနဲ့ တန်ဖိုးဖြတ်လို့ မရဘူး။ ငွေနဲ့ တန်ဖိုးဖြတ်လို့ရတဲ့ ပစ္စည်း အရာဝတ္ထု အားလုံး မှန်သမျှ ပြန်ရနိုင်တဲ့ အရာတွေပါပဲ။ မိဘလိုချစ်တဲ့သူကို ရှာလျှင် တွေ့ချင် တွေ့မယ်။ ဒါပေမဲ့ မိဘဆီကရတဲ့ မေတ္တာလို ရမှာ မဟုတ်တာ ကျွန်တော် မုချပြောနိုင်တယ်။

မိဘတို့သည် သားသမီးတို့ မည်မျှဆိုးစေကာမူ မပစ်ရက် အမြဲ ချစ်လျက်ရှိတယ်။ မိဘမေတ္တာဟာ အရှိန်အဟုန်ဖြင့် စီးဆင်းနေတဲ့ ရေတံခွန်လိုပါပဲ။ အမြဲတစေ သားသမီးအပေါ် မေတ္တာ ပို့ချ ပေးနေတယ်။ မိဘတို့သည် သားသမီးများကို အရာရာ ဖြည့်စွက်ပေးသည်မှာ မိဘ၏ စိတ်နှလုံးထဲက မေတ္တာကြောင့်ပဲ ဖြစ်ပါတယ်။ မေတ္တာမရှိလျှင် မည်သည့်အရာမျှ လုပ်ပေးနိုင်မည် မဟုတ်ပါ။ မိဘ ကျေးဇူး သိတတ်သူသည် မိဘ၏ ကြီးမြတ်သော မေတ္တာအရှိန်ကြောင့် မလွဲသေချာ အကျိုး ခံစားရပေလိမ့်မည်။                                                                              
                                        ခေါင်ဒေါင်

Read More...

Thursday, July 10, 2014

ဘာကြောင့် ဘုန်းတော်ကြီးများထံမှာ အာပါတ်ဖြေရပါသလဲ။

 အမေး။            ။ ကျွန်တော်တို့ အပြစ်လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ဘုရားသခင်ကို တိုက်ရိုက် အပြစ်တွေကို လျောက်တင်ပြီး အာပါတ်ဖြေတယ်။ ဘာကြောင့် ရိုမန်ကက်သလစ်တွေဟာ သူတို့ရဲ့ ဘုန်းတော်ကြီးများထံမှာ အပြစ်တွေ လျောက်တင်ပြီး အာပါတ်ဖြေကြတာလည်း။ အပြစ်ဆိုတာ ဘုရားသခင်ကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘုရားသခင်တစ်ပါးတည်းသာ အပြစ်ကို ခွင့်လွှတ်နိုင်တာ မဟုတ်ဘူးလား။           

 အဖြေ။            ။ ဒါဟာ မှန်ပါတယ်။ သင် အပြစ်လုပ်ပြီးတဲ့အချိန်မှာ ဘုရားသခင်ကို တိုက်ရိုက်အပြစ်တွေ လျှောက်တင်ပြီး အာပါတ်ဖြေခြင်းသည် သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုပြောလိုက်ခြင်းဟာ ကက်သလစ်တွေ၏ လုပ်ရပ်မှားတယ်လို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေဟာ မှန်ပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ ဆန့်ကျင်မှုတွေကို ကျွန်တော် မတွေ့ရပါဘူး။       

ရှင်းပြချက်က ဘုရားသခင်မှ တစ်ပါး မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်သနည်း။ ဆိုသော မေးခွန်းဖြင့် သခင်ခရစ်တော် ကိုယ်တော်တိုင် အပြစ်တင် ရန်ရှာခြင်း ခံခဲ့ရတယ်။ (မာကု ၂း၇၊ လုကာ ၅း၂၁) သခင်ခရစ်တော်သည် သူ၌ အပြစ်လွှတ်ပိုင်ခွင့် အာဏာ တန်ခိုးရှိကြောင်း ပြသရန် လူတွေ၏ အပြစ်တင် ဝေဖန်ချက်တွေကြားမှ တန်ခိုးလက္ခဏာတစ်ခုကို ပြသခဲ့တယ်။ (မာကု ၂း၁၀-၁၁၊ လုကာ ၅း၂၄-၂၅) သခင်ခရစ်တော်သည် သူ၏ အပြစ်လွှတ်ပိုင်ခွင့် အာဏာကို လူသားတွေကို ကယ်တင်ဖို့ရန် ကယ်တင်ခြင်း လုပ်ငန်းတွင် တပည့်တော်ကြီးများကို ဆက်လက် အပ်နှံခဲ့တယ်။ သခင်ခရစ်တော်အားဖြင့် ဒီကမ္ဘာကြီးကို ကယ်တင်ခဲ့တယ်။ သူသည် ဒီလောကအပြစ်ကို ချွတ်တော်မူသော ဘုရား၏ သိုးငယ်တော်ဖြစ်တယ်။ (ယောဟန်၃း၁၇) သခင်ခရစ်တော်သည် ကောင်းကင်ဘုံသို့ မတက်ခင်မှာ“ခမည်းတော်သည် ငါ့ကို စေလွှတ်သကဲ့သို့ ငါသည်လည်း သင်တို့ကို စေလွှတ်မယ်” လို့ သခင်ခရစ်တော်သည် သူ၏ တပည့်တော်ကြီးများကို မိန့်တော်မူတယ်။ (ယောဟန် ၁း၂၉)။ ထိုကဲ့သို့ မိန့်တော်မူပြီးနောက် သူသည် တပည့်တော်ကြီးများ အပေါ်သို့ လေကို မှုတ်တော်မူ၍ “သန့်ရှင်းသော ၀ိညာဉ်တော်ကို ခံယူလော့။ ထိုသူတို့၏ အပြစ်ကို သင်တို့လွှတ်လျှင်၊ လွတ်လျက်ရှိ၏။ ထိုသူတို့၏ အပြစ်ကို သင်တို့ ချည်နှောင်လျှင် မလွတ်ဘဲရှိလိမ့်မည်။ (ယောဟန် ၂၀း၂၁-၂၃)။

အပြစ်ကို ခွင့်လွှတ်ပိုင်ခွင့်ရှိသော တန်ခိုးအာဏာကို တပည့်တော်ကြီးများသာ ကန့်သတ်ပြီး ပေးထားခဲ့တာ မဟုတ်ပါဘူး။ သူတို့ နေရာကို ဆက်ခံသောသူများနှင့် သူတို့မှ သိက္ခာကို တင်ပေးသော ရဟန်းများသည်လည်း အပြစ်လွှတ်ပိုင်ခွင့် အာဏာရှိပါတယ်။ ထို့ကြောင့် စိန်ပေါလ်ကနေ (Corinthians) ကောရင်သီမြို့သား တို့ထံရေးသော စာထဲတွင် သခင်ခရစ်တော်အားဖြင့် ဘုရားသခင်သည် ငါတို့နှင့် ပြန်လည် ကျေအေးသင့်မြတ်ပြီး  မိတ်သဟာယဖွဲ့ခြင်းလုပ်ငန်းကို ငါတို့အား လက်ဆင့်ကမ်းပေးခဲ့တယ်။ တစ်နည်းအားဖြင့် သခင်ခရစ်တော်၌ ဘုရားသခင်သည် ကမ္ဘာလောကနှင့် ပြန်လည် ကျေအေးသင့်မြတ်ပြီး၊ သူ့ကို ဆန့်ကျင်ပြစ်မှားသော လူသားတွေ၏ အပြစ်တွေကို ချည်နှောင်မထားဘဲ ခွင့်လွှတ်ခဲ့တယ်။ သခင်ခရစ်တော်သည် ပြန်လည်သင့်မြတ်ခြင်း လုပ်ငန်းကို ငါတို့အား လွှဲအပ်ပေးခဲ့တယ်။ ဗျာဒိတ်တော်ကိုခံ၍ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့် တကွ၊ သင်၌ ပေးအပ်သော ၀ိညာဉ်တော်ဆုကျေးဇူးကို လျစ်လျူရှု၍ မနေနှင့် (ပ-တိမောသေ၄း၁၄) ဟု စိန်ပေါလ်က တိမောသေသြ၀ါဒစာ ပထမစောင်မှာ ဖော်ပြခဲ့တယ်။ သူတစ်ပါးအပေါ်၌ လက်တင်ခြင်းအမှုကို အလျင်စလို မပြုလေနှင့်။ အခြားသူ၏ အပြစ်မကောင်းမှု၌ ပါဝင်ခြင်း မရှိနှင့်။ သင့်ကိုယ်ကို ဖြူစင် သန့်ရှင်းစေလော့။ (ပ-တိမောသေ ၅း၂၂-၂၃)။ ခရစ်တော်၏ သွန်သင်ချက်များနှင့် အသင်းတော်၏ လမ်းညွှန်ချက်များကို မလိုက်နာပဲ သင်ကြားသော သူသည် ဘာမှ နားမလည်ပဲ မိမိကိုယ်မိမိ ဘ၀င်မြင့် စိတ်ကြီးဝင်နေသောသူဟု စိန်ပေါလ်က မှာခဲ့တယ်။ “ခြားနားသော သြ၀ါဒကို သင်ပေး၍၊ ငါတို့ သခင်ယေဇူး ခရစ်၏ စကားတည်းဟူသော စင်ကြယ်သော စကားကိုလည်းကောင်း၊  ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် အညီဖြစ်သော သြ၀ါဒကိုလည်းကောင်း ၀န်မခံသော သူမည်သည်ကား၊ မာနနှင့် ယစ်မူး၍ အလျင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့် စိတ်ပေါ့သော သူဖြစ်၏။ ထိုသို့ပြုလျှင် ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကို ရှုတ်ချခြင်း ၊မနာလိုသော ကြံစည်ခြင်း၊ စိတ်နှလုံး ယိုယွင်း၍ သမ္မာတရားနှင့် ကင်းသောသူတို့၏ အချည်းနှီး ဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သော သူတို့ကို ရှောင်လော့။ (ပတိမောသေ ၆း၃-၅)။
သင်သည် အပြစ်တွေကို ဘုရားသခင်ထံမှာ တိုက်ရိုက် လျှောက်တင်ရမည်ဆိုတဲ့ အဆိုပြုချက်ကို ပြန်လည် သုံးသပ်မယ်ဆိုလျှင် သင်ဟာ မှန်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ အထက်မှာရှိတဲ့
အကြီးအကဲတွေက သခင်ခရစ်တော် သို့မဟုတ် သူ၏ တပည့်တော်ကြီးတွေမှ ရရှိသော ပြန်လည် ကျေအေးသင့်မြတ်ခြင်း တာဝန်ကို လက်မခံသောကြောင့် ဖြစ်တယ်။ သူတို့သည် သခင်ခရစ်တော်၏ မိန့်မှာချက်တွေကို လက်မခံတဲ့ အတွက်ကြောင့် သင့်ကို ဘုရားသခင်ထံမှာ တိုက်ရိုက်သွားဖို့ ဟောပြောပါလိမ့်မယ်။                               
ကက်သလစ်တွေကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ဆရာတော်ကြီးများ၊ ရဟန်းများသည် လက်တင်ခြင်းဖြင့် ပြန်လည် သင့်မြတ်ကျေအေးခြင်း တာဝန်လုပ်ငန်းကို ကမ္ဘာကုန်သည်အထိ လက်ဆင့်ကမ်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ငါ၏ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြပါ။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ ငါရှိမယ်။” လို့ သခင်ခရစ်တော်သည် တပည့်တော်ကြီးများကို မိန့်တော်မူခဲ့တယ်။ (မာတေဦး ၂၈း၂၀)။
                           
ဒါ့ကြောင့် အပြစ် ခွင့်လွှတ်ပိုင်ခွင့် အာဏာကို ရရှိခဲ့သော တပည့်တော်ကြီးများရဲ့ အရိုက်အရာကို ဆက်ခံကြတဲ့ ရဟန်း ဘုန်းတော်ကြီးများထံမှာ အာပါတ်ဖြေကြရခြင်း ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဂျွန်ဘောစကို စိုးလင်း

Read More...

Monday, July 7, 2014

ကမ္ဘာမြေအတွက် ဘုရားရှင်၏ လက်ဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

ကျွန်ုပ်တို့ လူသားများ၏ ဒုက္ခနှင့်သံသယများ မှုန်ဝါးနေသော ကမ္ဘာမြေပေါ်သို့ ဘုရားရှင်မှ အလင်းတန်းကြီး သဖွယ် အချိန်မှီ ပို့ပေးခဲ့သူမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်(စ်) အရှင်သူမြတ်ပင် ဖြစ်ပါသည်။ ဂျော့(ခ်ျ) မာရီယို(နာမည်ရင်း)သည် ဤနေရာနှင့် အလွန်ထိုက်တန်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဆင်းရဲ ချမ်းသာအဆင့် အတန်း ကွာခြားလှသော လူ့လောကကြီးမှာ သူ၏ ချို့တဲ့လှသော ဒုက္ခသည်များအပေါ် ထားရှိသော မေတ္တာတရားသည်လည်း အလွန် ကြီးမားလှပါသည်။ ဘာသာစကား (၆)မျိုး ဖြစ်သော စပိန်၊ လက်တင်၊ အီတာလျံ၊ ဂျာမန်၊ ပြင်သစ်နှင့် အင်္ဂလိပ်စကားများကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ တစ်ဦး ဖြစ်သည်။ သူ၏ ယုံကြည်ခြင်းနှင့် လူသားတိုင်းအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာတရားကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကက်သလစ်အသင်းတော်ကြီး အတွင်းသို့ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား ကိုယ်တိုင် ထင်ထင်ရှားရှား ကြွလာတော်မူသည်ကို ခံစားကြရသည်။


သိပ္ပံပညာ အလွန် တိုးတက်လာပြီး ဘာသာရေး ယုံကြည်မှု အားနည်းလာသော ဥရောပနှင့် မြောက်အမေရိကတိုက်များသို့ ဘာသာရေး၏ အရေးပါပုံကို ပိုမို တိုးတက်စေရန် လုပ်ဆောင်ရန် ကြိုးစားအားထုတ် လာသည်ကို တွေ့ရှိရသည်။ ယခုခေတ်အခါမှာ နိုင်ငံတကာ၌ ဆင်းရဲ ချမ်းသာ ကွာဟမှု၊ လူသား အချင်းချင်း အနိုင်ကျင့် သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများကို ဤရဟန်းမင်းကြီးမှ ပြန်လည် တည့်မတ် စောင့်ရှောက်ပေးနိုင်မည်ဟု ယုံကြည်ကြသည်။ သားဆက်ခြားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်တူပေါင်းသင်း နေထိုင်ခြင်းကိုလည်း တတ်နိုင်သ၍ ရှောင်ရှားကြရန် တိုက်တွန်း ကန်ကွက်လေ့ရှိသည်။ ရဟန်းမင်းကြီး ဖရန်စစ်(စ်)သည် အသက်အရွယ် ငယ်စဉ်ကပင် ခေါင်းဆောင် အရည်အချင်းရှိသူ တစ်ဦးဖြစ်သည်။ ရဟန်း သိက္ခာတော်ရပြီး (၅)နှစ်ပြည့်သောအခါ အာဂျင်တီးနားရှိ ယေဇူးအသင်းဂိုဏ်း၌ အမြင့်ဆုံး အုပ်ချုပ်သူ ဆရာတော်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ အာဂျင်တီးနားနိုင်ငံ၏ ဂိုဏ်းအုပ်ဆရာတော် အဖြစ် (၁၅)နှစ်တိုင်အောင် ဦးဆောင် လမ်းပြနိုင်ခဲ့သည်။ ထို့အပြင် ကာဒီနယ်များ၏ ကောလိပ်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဆရာတော်ကြီးများ အဖွဲ့ချုပ် တို့မှာလည်း အဆင့်မြင့်မားသော အုပ်ချုပ်သူ ဆရာတော်ကြီးအဖြစ် ကြာမြင့်စွာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ရောမ ကက်သလစ်အသင်းတော်အတွင်း ချို့ယွင်းချက်များ တွေ့လျှင်လည်း မည်သူ့ကို မဆို ထိပ်တိုက် ရင်ဆိုင် ပြောဆိုရဲသည့် သတ္တိရှိသော ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။ ရောမ ကက်သလစ်အသင်းတော် အတွင်း ရှေးရိုး ဆန်လွန်းမှု၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကိုလည်း ညွှန်ပြပြီး၊
ဆန်းသစ် ပြောင်းလဲသော အတွေးအခေါ် ရှိသူများကိုလည်း လူအများကို သိသာစေခဲ့သည်။  သာသနာ့တာဝန်ကို ထမ်းဆောင် အုပ်ချုပ်နေသော သူ၏ ဆရာတော်ကြီးများကိုလည်း  အထူး လေးစားစွာ ဆက်ဆံတတ်ပြီး သူ၏ ချစ်ခြင်းမေတ္တာကို  ပြသတတ်သည်။  


ပုပ် ရဟန်းမင်းကြီးသည် ဆင်းရဲခြင်း ပါရမီကို ကျင့်ကြံသော အာဂျင်တီးနား ယေဇူးဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေခြင်းကလည်း ကျွန်ုပ်တို့ ကက်သလစ် အသင်းတော်အတွက် အင်အားကြီးတစ်ခု ဖြစ်စေပါသည်။ ကမ္ဘာ့တောင်ဘက်ခြမ်း လက်တင် အမေရိကန်နိုင်ငံရှိ  ကမ္ဘာ့ကက်သလစ် ဘာသာဝင်များ၏ (၅၀) ရာခိုင်နှုန်းကို ကိုယ်စားပြုထားသော ပုပ်ရဟန်းမင်းကြီး တစ်ပါးလည်း ဖြစ်ပါသည်။  စိန်အီညာစီအူး(စ်)၏  ၀ိညာဉ်ရေးရာ ကျင့်စဉ်များကို အမြဲ ကျင့်သုံးလာသော ရဟန်းတစ်ပါး ဖြစ်ခဲ့သည့်အတွက်လည်း ဥာဏ်ပညာနှင့် ပြည့်စုံသော၊  ပျော့ပြောင်း နူးညံ့သော၊ ရဟန်းတော်များ အချင်းချင်း အပေါ် မေတ္တာတရား ကြီးမားသော၊ အမှန်တရားအတွက် ကြောက်ရွံ့ခြင်း မရှိသော ရဟန်းမင်းကြီးတစ်ပါး ဖြစ်လာသည်။ ဘုရားရှင်၏ ကောင်းချီး မင်္ဂလာများကို ဖြန့်ဝေ ပေးနေသော ဤထူးခြားသော ပုဂ္ဂိုလ်ကြီးသည် ကျွန်ုပ်တို့၏ ဒဏ်ရာများနှင့် ပြည့်နှက်နေသော ကမ္ဘာမြေကြီး အတွက် မရှိမဖြစ် လိုအပ်နေသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များ အားလုံး မှ ဤသန့်ရှင်းသော ၀ိညာဉ်တော်ဘုရား ကိုယ်တိုင် ရွေးချယ်ထားသော ပုပ်ရဟန်းမင်းကြီး အတွက် နေ့စဉ် ဆုတောင်းပေးဖို့ရာ မေတ္တာများစွာနှင့်  တိုက်တွန်း အပ်ပါသည်။

             Ref. Beloved of Christ .Vol.10.No.3 မှ Fr Robert Spiter S.J  ရေးသားမှုကို ဘာသာပြန် ဆိုသည်။
                                                               
ဘုရားရှင်၏ ကျေးဇူးတော်ကို အစဉ် ချီးမွမ်းလျက်
ကက်သလင်းခင်

Read More...

Wednesday, July 2, 2014

အတ္တ၊ မာန လူ့လောက

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမှာ လူတွေဟာ မလိုအပ်တဲ့ မာနတရားကို သူ့အရွယ်အလိုက် အနေအထား အမျိုးမျိုးနဲ့ ပြိုင်ဆိုင်နေကြတယ်။ ဒီအတ္တတွေဟာ ကျွန်ုပ်တို့ ယုံကြည်ရာအချက်နဲ့ ကိုက်ညီပြီး လူအားလုံးအတွက် အဓိပ္ပါယ် ရှိသလားဆိုတာ ပြန်လည်ကာ ကိုယ့်ကိုကိုယ် သုံးသပ်ပြီး ပြုပြင်ဖို့ ဆုံးဖြတ်ရလိမ့်မယ်။ ဒီအခါမှာ အတ္တတွေ၊ မာနတွေ၊ ဒေါသတွေ ပြိုင်ဆိုင်မှုတွေ ရပ်တန့်ဖို့ လူအားလုံး နားလည်အောင် ပြောမပြနိုင်တာကိုတော့ ၀န်ခံပါရစေ။ သို့ပေမယ့် အသင်းတော်ရဲ့ ပို့ချချက်၊ ရဟန်း ဘုန်းကြီးတွေရဲ့ ဝေမျှမှုနှင့် အတူ ၀ိညာဉ်တော်ဘုရားရဲ့ ကျေးဇူးတော်နှင့်  လေ့လာထားသမျှ   အားလုံးကို ဝေမျှချင်ပါတယ်။

ဥပမာအားဖြင့် လောကမှ ဥစ္စာ၊ ဓန၊ ပြည့်စုံချမ်းသာနေပေမယ့် အသုံးတည့်ဖို့ အရေးကြီးတယ်။ ဘုရားပေးတဲ့ ဒီပြည့်စုံခြင်းဟာ လူတွေအပေါ်မှာ ခေါင်းပုံဖြတ်၊ လူ့ဥပဒေနဲ့ လူ့ယဉ်ကျေးမှုတွေကို ချိုးဖျက်၊ လူ့အသက်တွေကို တန်ဖိုးမထား၊ လူသားမဆန်တဲ့ အပြုအမှုတွေလုပ်ဖို့ ရင်းနှီး မြှုပ်နှံထားခြင်း မဟုတ်ဘူးဆိုတာ နားလည် လက်ခံရလိမ့်မယ်။ ( မဿဲ ၇း ၇ ) တောင်းလျှင် ရလိမ့်မည်။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်လျှင်ပွင့်လိမ့်မည်။ ဤမိန့်မြတ်တော်မူသော ငါ၏ စကားနှင့်အညီ တောင်းသောသူ၊ ရှာသောသူ၊ ခေါက်သောသူ လူအားလုံးရဲ့ ငိုကြွေးမြည်တမ်းသံတွေကို နားထောင်ပြီး စွန့်ကြဲဖို့အတွက် ငါမင်းကို စေလွှတ်ထားခြင်းဖြစ်တယ်။ (ရာဇ၀င်ချုပ် ပထမစောင် ၂၉း၂၅) ဒါကြောင့် ယနေ့ ထာဝရဘုရားအား ကိုယ့်ဥစ္စာကို အဘယ်သူ ပူဇော်ချင်သနည်း။

ထို့အတူ (၁ကော ၈း၁) ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။ အခု     မိမိ ရရှိထားသော ဉာဏ်ပညာတော်သည်    မဟုတ် မမှန်ကန်သော အသင်းအဖွဲ့၊  အသင်းဂိုဏ်းတွေ     တည်ထောင်ပြီး လူတွေရဲ့ သြဘာလက် ခုပ်သံကြားမှာ ၀ံ့ကြွားဖို့ သူတစ်ပါးရဲ့ အောင်မြင်မှုကို ချနင်းပြီး လွှဲမှားတဲ့ ဝေါဟာရအသုံးအနှုန်းတွေနဲ့ ရိုးသားတဲ့လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ချေဖျက်သိမ်သွင်းဖို့ ပေးထားတာ မဟုတ်ဘူးဆိုတာ မိမိကိုယ်ကို အမြဲသတိရှိဖို့ လိုလိမ့်မယ်။ ဆိုလိုသည်မှာ ဤဉာဏ်ပညာတော်ကို ရယူ၍ (မာကု ၁၆း၁၅) သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍ ငါ၏ နာမတော်ကို ဝေမျှ သက်သေခံကြလော။ ငါ၏ နာမတော်ကြောင့် ကဲ့ရဲ့ ပြစ်တင် ရှုတ်ချခံရသော သူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် ငါအဖ၏ နိုင်ငံတော်မှာ ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် (ယောဟန် ၄း၁၆) ချစ်ခြင်းမေတ္တာ၌ တည်သော သူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌ တည်တော်မူ၏။

ငါဆိုတဲ့မိမိ မကျူးလွန်ခဲ့ပေမယ့် လူတွေမှာ ကိုယ့်မာနလေးနဲ့ကို ရှိနေတတ်တဲ့အတွက် အနည်းဆုံးတော့ ကိုယ့်ရဲ့ ရုပ်ရည်အဆင်းလှမှု မာန်၊ မာနလေးတွေတော့ ထားမိကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထာဝရဘုရား ခြယ်မှုန်းထားတဲ့ လှပတဲ့ ဒီကမ္ဘာကြီးကို မိမိကြောင့် ဆိုးညစ်တဲ့ အရောင်တွေ မဆိုးမိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဘုရားပေးတဲ့ ဒီအဆင်းလှတဲ့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ထာဝရဘုရား ကိန်းဝပ်ရာ ဗိမ္မာန်ဆောင်ဖြစ်တဲ့အတွက် မိမိကိုယ့်ကို သန့်ရှင်းခြင်း ပါရမီ ဆောက်တည်ရလိမ့်မယ်။ တဆက်တည်းမှာပဲ ကျွန်ုပ်တို့ရဲ့ အဆင်းလှတဲ့ ခန္ဓာကိုယ်ဟာ ဘုရားကိန်းဝပ်တော်မူရာ ဗိမ္မာန်ဆောင်လှလှလေးလို့ ကိုယ့်ကိုယ်ကိုကို မှတ်ယူရလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ် နာမ်ဝိညာဉ် သာမက ခန္ဓာကိုယ်ပါ တန်ဖိုးထားရလိမ့်မယ်။ ထို့အတူ အခြားသော လူတွေရဲ့ ကောင်းမြတ်တဲ့ အရည်အချင်း တစ်ခုစီကလည်း ကိုယ်တော်တည်ဆောက်ထားတဲ့ စကြာဝဠာကြီး သစ်လွင်စေဖို့အတွက် ဆေးရောင်စုံတွေ ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်ုပ်တို့တတွေ ကျေနပ် လက်ခံရလိမ့်မယ်။ ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ ကိုယ်တော်ရဲ့ အလိုတော်ပြည့်စုံစေဖို့ အတွက် ကျွန်ုပ်တို့ တစ်ဦးစီရဲ့ အတ္တ၊ မာန်၊ မာနလေးတွေ လျော့ချပြီး ဆက်ကပ်ဖို့ အချိန်တန်ပြီး အားလုံးကို ကိုယ်တော် စောင့်မျှော် ကမ်းလင့်နေပါတယ်။ ဒီအချိန်မှာ ဘုရားပေးတဲ့ ကျွန်ုပ်တို့ရဲ့ တတ်ကျွမ်းမှုလေးတွေနဲ့ ချီးမွမ်းကြရအောင်။

လျှပ်စစ်ပညာ တတ်ကျွမ်းသူအတွက် ခရစ်တော်သည် လောက၏ အလင်းဖြစ်၏။
ချမ်းသာ ကြွယ်ဝသောသူအတွက် ခရစ်တော်သည် စွန့်ကြဲသူဖြစ်၏။ အနုပညာ တတ်ကျွမ်းမှုဖြင့် ဆက်ကပ်သူအတွက် ခရစ်တော်သည် သစ်လွင်သော ဆာလံ သီချင်းဖြစ်၏။ လယ်အလုပ် တတ်ကျွမ်းမှုဖြင့် ဆက်ကပ်သူအတွက် ခရစ်တော်သည် မျိုးကြဲသူဖြစ်၏။ ရိတ်သိမ်းသူလည်း ဖြစ်၏။ အဆောက်အအုံ ဆောက်လုပ်၍ ဆက်ကပ်သူအတွက် ခရစ်တော်သည် ထာဝရ ခိုင်ခံ့သော အုတ်မြစ်ဖြစ်၏။ ဤအသီးသီး သော ကျွန်ုပ်တို့ရဲ့ ဘုရားပေး တတ်ကျွမ်းမှု အရည်အချင်းတွေနဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်း ဒုက္ခစရိယာလမ်းစဉ်မှာ ကိုယ်တိုင် ပါဝင် ခံထမ်းခြင်း မပြုနိုင်သော်လည်း မနက်ဖြန်ဆိုတဲ့ အနာဂတ်ရဲ့ ကယ်တင်ခြင်းသမိုင်းမှာ ခရစ်တော်အတွက် စာရွက်ပဲဖြစ်ဖြစ်၊ ဘောပင်ပဲ ဖြစ်ပါစေ ပါဝင် ခံထမ်းခြင်းအတွက် လူတွေကို အကောင်းဘက်က ကြည့်တတ်ရမယ်၊ မြင်တတ်ရမယ်။ အချို့သော လူအများစုသည် လူကို ကာယမျက်စိနှင့် ကြည့်သောကြောင့် လူ အပြစ် မြင်တတ်ကြတယ်။ ဒီအခါမှာ မျက်စိကို ပိတ်ပြီး ခံယူလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ၀ိညာဉ်မျက်စိပွင့်လာပြီး ဘုရားကိုတွေ့ မြင်လိမ့်မယ်။ ဘုရားကိုတွေ့ မြင်တဲ့အခါမှာ မိမိကျူးလွန်တဲ့ ကိုယ့်အပြစ်ကို မြင်လာလိမ့်မယ်။ မြင်တဲ့အခါမှာ ကျွန်ုပ်တို့ ပြုပြင်ခြင်းဆိုတဲ့ သစ်လွင်တဲ့လမ်းကို ဆောက်တည်ရလိမ့်မယ်။ ဒါကြောင့် ပြင်သောသူတွေ ရှင်မယ်၊ ရှင်သောသူတွေက ထာဝရဆိုတဲ့ ကောင်းကင်နိုင်ငံကို ၀င်ရလိမ့်မယ်။

ထိုနိုင်ငံတော်ကို ရည်သန်လျက် အခြားသူအား လွန်ကျူးခဲ့သော မိမိရဲ့အတ္တ၊ မာန်၊ မာနတွေကို ဆက်ကပ်ပြီးချည် နှောင်မှုအမျိုးမျိုးမှ ဖြေလွှတ်ကာ လောကီတပ်မက်မှု အညစ်အကြေးများကို ဆက်ကပ်ပြီး
(ရှင်ပေတရုသြ၀ါဒ (ဒု)စောင် ၁-၅း၁၁) ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊ ပညာ၌ ကာမဂုဏ် ချုပ်တည်ခြင်းကို၎င်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ ၀တ်ပြုရာမွှေ့လျော်မှုကို၎င်း ထိုမွှေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ထိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာသို့ ကူးပြောင်းကာ ကမ္ဘာလူသား အားလုံးအား ကြိုးစားအားထုတ်၍ ဆင့်ပွားခြင်းငှာ ငြိမ်းချမ်းခြင်း ပါရမီကို ဆောက်တည်ရ၏။ ထိုပါရမီတို့သည် သင်တို့၌ ရှိလျှင် ငါတို့ သခင်ယေဇူးခရစ်ကို သိကျွမ်းခြင်း၌ မေ့လျော့ခြင်းငှာ၎င်း အကျိုးမဲ့ မဖြစ်စေခြင်းငှာ၎င်း တန်ဖိုးထားတတ်ကြ၏။

၎င်းပါရမီနှင့် ကင်းသော သူသည် ၀ိညာဉ်မျက်စိကန်းသူနှင့် တူ၏။ မှောင်မိုက်၌ ကျင်လည်ရ၏။ ထို့ကြောင့် ညီအစ်ကိုတို့ ကျွန်ုပ်ခံယူရရှိသော ဥစ္စာ၊ ဓန၊ ပညာ၊ အဆင်းလှမှုနှင့် အသီးသီးသော ကျေးဇူးတော်များကို ကိုယ်၌ပြုစေသလို အခြားသူအား ပြုကြလော့။ သို့ပြုလျှင် ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေဇူး ခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ၀င်စားခြင်း အခွင့်ကို ကျွန်ုပ်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။

A.စောကို(နဘက်)

Read More...