Wednesday, June 25, 2014

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့

            “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ . . . . .ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့၏ ၀န်ထုပ်ကို . . . . . ပေါ့ပါးစေမည်။” (Mt 11 / 28)

တစ်ခါတုန်းက ရုရှား စာရေးဆရာကြီး Robindranath တရိုးဟာ မြို့ထဲဘက်ကို လမ်းလျှောက် ထွက်လာရင်း သူတောင်းစား တစ်ယောက်နဲ့ တွေ့သတဲ့။ ထုံးစံအတိုင်း သူတောင်းစားက တောင်းတော့ ဆရာကြီးတရိုးက ငွေကြေး အနည်းငယ် တွေ့လို့တွေ့ငြား သူ့အင်္ကျီ ဘောင်းဘီအိပ်တွေကို လိုက်စမ်းသတဲ့။ ဒါပေမယ့် ငွေကြေးရယ်လို့ ချူတစ်ပြားမှ မတွေ့တဲ့အခါ ၀မ်းနည်းတဲ့ လေသံနဲ့ သူတောင်းစားကို ပြောလိုက်တယ်။ ဒီမှာ မိတ်ဆွေ ခင်ဗျားအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ စိတ်
မရှိပါနဲ့နော်။ ကျွန်တော့်မှာ ငွေတစ်ပြားတစ်ချပ်မှ ပါမလာ မိဘူးဗျ။ ဒီအခါမှာ သူတောင်းစားက ၀မ်းသာအားရနဲ့ ဟာ ဆရာကြီး ၀မ်းသာလိုက်တာဗျာ။ ကျွန်တော့်ကို ပေးကမ်းကြတဲ့ အထဲမှာ ဆရာကြီးရဲ့ စွန့်ကြဲမှုဟာ အများဆုံးပဲ။ ဒီတော့ ဆရာကြီးတရိုးက ကြောင် သွားတာပေါ့။ ဟာ ငါလည်း တစ်ပြားတစ်ချပ်မှ မပေးရပဲ ဘာကြောင့် ငါဟာ အများဆုံး စွန့်ကြဲသူ ဖြစ်ရတာတုန်းလို့ စဉ်းစားမိပြီး အကျိုးအကြောင်း မေးကြည့်လိုက်တော့ “ဆရာကြီးက ကျွန်တော့်ကို မိတ်ဆွေလို့ ခေါ်လိုက်တာဟာ ကျွန်တော့် ဘ၀မှာ အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးသော အရာမို့ အများဆုံး ရလိုက်သလို ခံစားမိလို့ပါ”လို့ ပြန်ပြော လိုက်တယ်။

ကျွန်တော်တို့ အားလုံးဟာ ဘ၀သံသရာရဲ့ ခရီးသွား အဖော်မွန်တွေပါ။ ခရီးသွားအဖော် အချင်းချင်း ရိုင်းပင်းကူညီဖို့၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့၊ ခွင့်လွှတ်တတ်ဖို့၊ သည်းခံတတ်ဖို့၊ မေတ္တာထားတတ်ဖို့ အင်မတန်မှ လိုအပ်လှပါတယ်။ ဘယ် လူသားမှ မပြည့်စုံတဲ့အတွက် အပြစ်နဲ့လည်း မကင်းကြတဲ့အတွက် ဘူ-ဘူခြင်း တစ် လုပ်နေမယ့် အစား အရှိကို အရှိအတိုင်း လက်ခံတတ်နိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံး စွမ်းဆောင်မှု၊ ကြိုးစားမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုနက အဖြစ်အပျက်ထဲက သူတောင်းစားရဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့ အနေနဲ့ အပြစ်မဆို ထိုက်သလို၊ “မိတ်ဆွေလို့” သူ့ကို ကင်ပွန်းတပ်လိုက်ခြင်းဟာ သူ့အတွက် အများဆုံး ရလဒ်ကြီးတစ်ခုလို့ ခံစားလိုက်ရတဲ့ သူ့ရဲ့ခံစားချက်ကိုလည်းကျွန်တော်တို့ နားလည် သဘောပေါက်ကြမှာ ဖြစ်ပါတယ်။  

“No man is an Island” ဘယ်လူသားမှ ကျွန်းလေးမှာ တစ်ဦးထဲ မဟုတ်”ဆိုတဲ့ စကားပုံလိုပဲ ကျွန်တော်တို့ အားလုံးဟာ လောကကြီးထဲမှာ တစ်ယောက်ထဲနေကြတာ မဟုတ်ကြပါဘူး။ အပေါင်းနဲ့ အသင်းနဲ့။

သင့်ဘ၀ကို အဓိပ္ပါယ်ရှိရှိနဲ့ အသက်ရှင်လိုပါတယ်ဆိုရင် ခရစ်တော် သင့်ကို ဖိတ်ခေါ်နေပါတယ်။ “၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့လာကြလော။ ငါသည်သင်တို့၏ ၀န်ထုပ်ကို ပေါ့ပါးစေမည်”။ သင်ရဲ့ ဒုက္ခ၀န်ထုပ်ဟာ . . . . မိသားစုနဲ့ သက်ဆိုင်သလား၊ စီးပွားရေးနဲ့ သက်ဆိုင်သလား၊ ပညာရေးနဲ့ သက်ဆိုင်သလား၊ ကျန်းမာရေးနဲ့ သက်ဆိုင်သလား။

ဘယ်လို ပုံစံမျိုးနဲ့သက်ဆိုင်သော ၀န်ထုပ်ဖြစ်ပါစေ ကိုယ်တော်ရှင်ဟာ သင့်ကိုချစ်တဲ့ စိတ်နဲ့ကူညီပေးမှာ အမှန်ဖြစ်ပါတယ်။

တစ်ခါတုန်းက ကမ္ဘာ့ကုလသမဂ္ဂမှာ ကမ္ဘာ့ကလေးများနှစ်နဲ့ ပတ်သက်တဲ့ တံဆိပ်ခေါင်းထုတ်ဖို့ ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲ တစ်ခု ကျင်းပလိုက်တယ်။ အဲ့ဒီအခါမှာ ဓါတ်ပုံ ဆရာတစ်ဦးဟာ ကလေးတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ပုံလေးတစ်ပုံ ရလိုရငြား မြို့ထဲကို ထွက်ခဲ့သတဲ့။ အဲ့ဒီအခါမှာ ၀၀တုတ်တုတ် ကလေးလေးကို မနိုင့်တနိုင်နဲ့ ပုခုံးပေါ် ချီပိုးထားတဲ့ ချာတိတ်တစ်ယောက်ကို တွေ့ရသတဲ့။ဒီအခါမှာ ဓါတ်ပုံဆရာက အဲ့ဒီချာတိတ်ကို မေးလိုက်တယ်။ မင်းက မနိုင့်တနိုင်နဲ့ ဒီကလေးကို ဘာလို့ချီ ထားရတာလည်း လို့ပေါ့။

ဒီတော့ ချာတိတ်က “ဒါကျွန်တော့် ညီငယ်လေ”တဲ့။ ဘယ်လောက် ချစ်စရာကောင်းလိုက်တဲ့ အဖြေလည်း...။ ဓါတ်ပုံဆရာက ချက်ချင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး ပြိုင်ပွဲဝင်တဲ့အခါ အဲ့ဒီဓါတ်ပုံနဲ့ ပထမ ရသွားသတဲ့။ အဲ့ဒီပုံနဲ့ ထုတ်ထားတဲ့ တံဆိပ်ခေါင်းကို စာဖတ်သူတို့ တွေ့ဖူးကောင်းတွေ့ဖူးကြမှာပါ။

ကျွန်တော်တို့ အားလုံးဟာ ခရစ်တော်ရဲ့ ညီအစ်ကို မောင်နှမတွေပါ။ ခရစ်တော်မှာ လူမျိုး၊ ဘာသာခွဲခြားမှု မရှိပါ။ သူ့ ထံကိုသာ ယုံကြည်မှု့ အပြည့်နဲ့ ချဉ်းကပ်လိုက်ပါ။ သူက “ဒါ ကျွန်တော့်ရဲ့ ညီငယ်၊ နှမငယ်လေ”ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ရဲ့ ၀န်ထုပ်ကို ကူညီပေးမှာပါ။ ဒါကြောင့်ခရစ်တော်ဟာ သင့်ဘ၀အတွက် မရှိမဖြစ်တဲ့ သူတစ်ဦးလို့ အကြံပြုရင်း သင့်ဘ၀မှာ ကံကောင်းခြင်းများစွာနဲ့ ကြုံတွေ့နိုင်ပါစေ။ လေးသော ၀န်တွေ ခရစ်တော်အားဖြင့် ပေါ့ပါးကြပါစေ . . .

Fr. George Khin Maung Htwe