Sunday, June 22, 2014

ဆုတောင်းပတ္ထနာပြုခြင်း

ယေဇူးဘုရားကိုယ်တော်ကို အမြဲတရားအား ထုတ်တော်မူတာ၊ တစ်ညလုံး ၀တ်ပြုတော်မူတာ၊ တရားတော်ရှုပွားတော်မူတာကို တွေ့မြင်နေကြရသော အခါ တပည့်တော်ကြီးများက “အရှင်ဘုရား၊ ဘုရား ဘယ်လိုရှိခိုးရတယ် ဆိုတာ တပည့်တော်တို့ကိုလည်း သင်ပေးပါ ဘုရားဟု လျှောက်ထားခဲ့ကြဖူးပါသည်။ အစာမစားရင်၊ ရေမသောက်ရင်၊ အသက်မရှုရင် လူသည် အသက်မရှင်နိုင်ပါ။ ဘုရား မရှိခိုးသည့် ခရစ်ယာန်တစ်ဦးသည် လူသေကောင်နှင့် မခြားပါ။ ခရစ်ယာန် သက်ရှင်ဖို့ ဘုရားရှိခိုးရပါသည်။ ဘုရား မရှိခိုးသူသည် အသက်တစ်ဝက်ပဲ ရှင်ပါသည်။ ဘုရားရှိခိုးခြင်းကို လှည်းဘီးတစ်ဘီးလိုမျိုး စဉ်းစားကြည့်ပါ။ ဘုရားရှိခိုးခြင်းနှင့် သဏ္ဍာန်တူသည့် လှည်းဘီးကြီးက ဘုရား အထံတော်ဆီသို့ တစ်လိမ့်ချင်း တစ်လိမ့်ချင်းလိမ့်ပြီး ချဉ်းကပ်နေပါသည်။ ဒေါက်(စပုပ်)တွေက ဘုရားရှိခိုးနည်းတွေနှင့် အလား သဏ္ဍာန်တူပါသည်။

ကျွန်တော်တို့ဟာ တစ်ချိန်ချိန်မှာ ခံစားချက် တစ်မျိုးမျိုးနှင့် ဘုရားရှိခိုးကြ၏။ မိမိ သဘောကျသည့် နည်းတစ်ခုခုနှင့် ဘုရားရှိခိုး၏။ ဆိုပါစို့။ ကိုယ်တော်မြတ်ဖူးတာ၊ မစ္ဆားနာတာ၊ စက္ကရမင်တူး ခံယူတာ၊ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာ၊ နိုဗီနာ လုပ်တာ၊ ပုတီးစိပ်တာ စသည်တို့ဖြစ်ပါသည်။ စပုတ်တိုင်တွေ၊ ဒေါက်တွေဟာ အလယ်က ၀င်ရိုးမှာ စုစည်းထားသလို ထိုဘုရား ၀တ်ပြုပုံ ၀တ်ပြုနည်းတွေဟာလည်း   ခရစ်တော်ဘုရား အထံတော်မှာ  စုစည်းပြီး  အဖ ခမည်းတော်ဘုရားအား  တစ်ညီ တစ်ညွတ် ဦးတိုက်ကိုးကွယ်ခြင်းဖြစ်ပါသည်။

ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုးကွယ်ခြင်းဆိုသည်မှာ “ဘုရားမြတ်စွာရှင်ထံ စိတ်နှလုံးဖြင့် ၀တ်ပြု ကိုးကွယ်ခြင်းဟု ရဟန္တာသူတော်စင်များက သွန်သင်ပေးကြပါသည်။

လူအများစုအတွက်ကတော့ ဘုရားရှိခိုးခြင်းဆိုတာကို ဆုတောင်းမေတ္တာဆိုတယ် လို့သာ နားလည်ထားကြ၏။ ထို့ကြောင့် စိတ်ပူစရာတစ်ခုခု ရှိလာရင် ဆုတောင်းသည်။ လိုချင်တာတစ်ခုခု ရှိလာရင် ဆုတောင်းမည်။ အဲ့သည်အခါ   သူတို့အတွက် ဘုရားရှိခိုးတယ်ဆိုတာ လိုတာတောင်းခြင်းလို့သာ သိနားလည်ကြ၏။ ယုံကြည်၍ ဆုတောင်းတာ မှန်ပေသော်လည်း သည့်ထက် မပိုပါ။ ဘုရားရှင်အား အာရုံပြုခြင်း၊ ကိုယ်တော်အား ကိုးကွယ်ခြင်း၊ ရှိခိုးခြင်း၊ ကိုယ်တော်ရှင်နှင့် အတူ အသက်ရှင်ခြင်းဆိုသည့် အရေးကြီးသော အချက်များ မပါဝင်တော့ပါ။ ထိုသောအခါ ဘုရားဆိုသည်မှာ တည်ထား ကိုးကွယ်ရာ၊ အိမ်ဦးခန်းက ဘုရားစင်မှာ စံပါယ်တော်မူရာ၊ ဘုရားကျောင်း ဗိမ္မာန်ထဲမှာ ဖူးမျှော်နိုင်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်တော်မြတ်ဆိုသည့် သဘော ဖြစ်သွားတော့၏။

ဘုရားရှိခိုး ကိုးကွယ်ခြင်း(၃)မျိုး ရှိပါသည်။
(က) ရွတ်ဖတ်သရဇ္ဈယ်ခြင်း (Vocal Prayer)
အသံပြု၍ ကိုးကွယ်ခြင်းမျိုး ဖြစ်၏။ အလွတ်ဆိုခြင်း၊ သီကုံး ရေးစပ်ထားတာကို ရွတ်ဖတ်ခြင်း၊ ပတ္ထနာပြုခြင်း၊  ကောက်ကာ ငင်ကာ ရွတ်ဆို ဆုတောင်းခြင်း၊ ဓမ္မသီချင်း သီဆိုပူဇော်ခြင်း စသည်တို့ဖြစ်၏။

(ခ) စဉ်းစား ထောက်ရှုဆင်ခြင်ခြင်း (Meditative Prayer)
နှုတ်က ဦးမဆောင်ပါ။ ထို့ကြောင့် အသံမပြုပါ။ စိတ်က ဦးဆောင်၏။ ထို့ကြောင့် တွေးခြင်း၊ စဉ်းစားခြင်း၊ ထောက်ရှုခြင်း၊ ဆင်ခြင်ခြင်း၊ နှိုင်းယှဉ်ခြင်း၊ အတုယူခြင်း၊ ဆုံးဖြတ်ခြင်းများပါဝင်၏။
                                 
(ဂ) အာရုံပြုခြင်း (Contemplation)
နှုတ်ကဦးမဆောင်ပါ။ စိတ်ကလည်း ဦးမဆောင်ပါ။ (The lips and mind both come to rest) နှုတ်လည်း ပိတ်၏။ စိတ်လည်း ပိတ်၏။ ဆိတ်ဆိတ်ငြိမ်၏။ ကိုယ်စိတ်နှလုံး ချုပ်တည်း၏။ စူးစူးစိုက်စိုက် ရှုပွား၏။ (မိမိစိတ်နှလုံးအတွင်း၌ အတူရှိတော်မူသော ဘုရားရှင်အား) ရည်စူးလျက် ကြည်ညိုသဒ္ဓါကြီးမားစွာဖြင့် အတွင်း စိတ်နှလုံးမှ တိတ်ဆိတ်ငြိမ်သက်စွာ စူးစူးစိုက်စိုက် အာရုံပြုကိုးကွယ်ခြင်းဖြစ်၏။

ရွတ်ဖတ်သရဇ္ဈယ်ခြင်း (vocal prayer)နှင့် နှိုင်းကြည့်ပြီး ပြောရမည်ဆိုပါလျှင်  အာရုံပြုခြင်း (contemplation) ဆိုသည်မှာ ရွတ်ဖတ်နေသည့် ဘုရားဆုတောင်းက စာလုံးများမှာ အာရုံပြုခြင်း (စိတ်အသိကပ်ခြင်း) ဟု ပြောရပါမည်။ ရွတ်ဖတ်နေသည့် ဆုတောင်းမေတ္တာ စာလုံးများသည် အိပ်ရာထဖို့ ခေါက်သည့် တုံးမောင်းခေါက်သကဲ့သို့ ဖြစ်၏။

စဉ်းစားထောက်ရှုဆင်ခြင်ခြင်း (meditative Prayer)နှင့် ကြည့်မည်ဆိုပါလျှင် အာရုံပြုခြင်း (contemplation) ဆိုသည်မှာ ဘုရားအကြောင်း၊ တရားတော်အကြောင်းကို ထောက်ရှု စဉ်းစားခြင်းထက်၊ စူးစူးစိုက်စိုက် အာရုံပြုခြင်းသာဖြစ်၏။      

ပန်းချီကားတစ်ချပ်နှင့်  ဥပမာပြရပါလျှင် ထောက်ရှု စဉ်းစားဆင်ခြင်ခြင်း (Meditative Prayer) သည် ပန်းချီ ဆွဲတာနှင့် တူ၏။ မည်သည့်ပုံ၊ မည်သည့်အရောင်၊ ဘယ်နေရာစသည်ဖြင့် စဉ်းစားပြီး ရေးဆွဲလိုက်၏။ အာရုံပြုခြင်း (contemplation) ဆိုရာတွင် ဆွဲပြီးသွားသည့် ပန်းချီကားချပ်၏ အရှေ့မှ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်နေခြင်း ကဲ့သို့ဖြစ်၏။ ပန်းချီကားနှင့် ပတ်သက်၍ ဘာတစ်ခုကိုမှ မစဉ်းစားဘဲ ပန်းချီကားတစ်ခုလုံးကို စိတ်ဝင်တစား အားရ ပါးရ ငေးမော ကြည့်ရှုနေခြင်း ဖြစ်ပါသည်။

တစ်ခါ ဘုရားဝတ်ပြုကိုးကွယ်ခြင်း (၃)မျိုးကို စာသင်ကျောင်းတစ်ကျောင်းနှင့် ယှဉ်ပြနိုင်ပါသည်။ မူလတန်းသည် ရွတ်ဖတ်ခြင်း၊ ကျက်မှတ်ခြင်း၊  ရွတ်ဆိုခြင်း (vocal prayer)၊ အလယ်တန်းသည် စဉ်းစားတွေးခေါ်ခြင်း၊ ထောက်ရှုခြင်း၊ သုံးသပ်အဖြေရှာခြင်း (Meditative Prayer) ၊ အထက်တန်းသည် အာရုံပြုခြင်း (contemplation) ဖြစ်ပါသည်။ အထက်ကျောင်းတွင် မူလကျောင်းနှင့် အလယ်တန်းကျောင်းမှာ ပညာရပ်များကို စွန့်မပစ်ပါ။ သို့သော် အထက်တန်းကျောင်း သင်ခန်းစာများကို တတ်မြောက်နိုင်ဖို့ အထောက်အကူပြု ပါသည်။
  
“အာရုံပြုခြင်းဆိုသည်မှာ အတွင်းကိစ္စ ဖြစ်ပါသည်။ ကိုယ်စိတ်နှလုံး ချုပ်တည်း ရပါသည်။ စာလုံး စာကြောင်းများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ တွေးဆခြင်းများ (Words, Thoughts, Concepts) ထက် (One seeks to enter a reality which is spiritual and true, enduring, Overpowering: God Himself.) အနှစ်အသားဖြစ်သည့် အစဉ်မြဲသည့်၊ သာလွန် ထူးမြတ်သည့် တရားတော်သို့ အာရုံစွဲကပ်ခြင်း ဖြစ်ပါသည်။

“လူသည် အရှင်မြတ်အား လေးမြတ်စွာ ချစ်နိုင်စွမ်းပါသည်။ သို့သော် မစဉ်းစား မတွေးဆနိုင်စွမ်းပါ။
ချစ်လေး မြတ်နိုးခြင်းဖြင့် ကိုယ်တော်အား မီနိုင်ပါသည်။ တို့ထိ ဆုပ်ကိုင် ဖူးမြော်နိုင်ပါသည်။ သို့သော် စဉ်းစားတွေးဆခြင်းဖြင့် ဘယ်တော့မှ မဖြစ် နိုင်ပါ။ (He may well be loved, but not thought. By love may He be gotten and holden; but by thought never. Rf: The Cloud of Unknowing,a medieval, contemplative treatise (about 1350), Penguin Classics,1961,Ch.6)

အာရုံပြုခြင်းများမှာ တောရ ရသေ့များ၊ ဘုန်းကြီး၊ ရဟန်း၊ သီလရှင်များအတွက်ပဲ မဟုတ်ပါ။ လူတိုင်းအတွက် ဖြစ်ပါသည်။ ဒုတိယဗာတီကန် အစည်းအဝေး စတင်ခဲ့သည့် ၁၉၆၀နှစ် အလွန်တွင် သာသနာ့ အဆုံးအမ သ၀ဏ်လွှာများမှာနှင့် ၀ိနည်းကျမ်းများမှာပါ သီလ ဆောက်တည်ဖို့ တရားအားထုတ်ဖို့ ဆိုပါလျှင် “အာရုံပြုခြင်း Contemplation လိုအပ်ကြောင်း သင်ကြားပါသည်။

မာကု(ဒဿန)