Saturday, June 28, 2014

မယ်တော်မာရီယား ခေါ် မယ်တော်သခင်မ


ကက်သလစ် ခရစ်ယာန်များဟာ မယ်တော်မာရီယား ခေါ် မယ်တော်သခင်မကို သဒ္ဒါ ကြည်ညိုကြတယ်ဆိုတာ အများသိပါပဲ။ သူတို့ထဲက တချို့ဟာ ဘွဲ့နာမ အမျိုးမျိုးရှိတဲ့ တစ်ဦးတည်းသော မယ်တော်ကိုပင် တစ်ဦးတည်း မဟုတ်သလို၊ ကွဲပြား ခြားနားသလို ထင်မှတ်ကြတယ်။ သူတို့ အချင်းချင်း အောက်ပါအတိုင်း အငြင်းပွားကြတာကို သင်တို့ ကြားဘူးကောင်း ကြားဘူးကြပါလိမ့်မယ် - “ငါက လူဒယ်မြို့ သခင်မကို ကိုးတာ။ အဲဒီ မယ်တော်က သိပ်စွမ်းတာပဲ။” “ဘယ်ဟုတ်ရမလဲ၊ ငါကတော့ ညောင်လေးပင် မယ်တော်မှ ညောင်လေးပင် မယ်တော်ပဲ။ အဲဒါမှ ဆုတောင်းပြည့် မယ်တော်။”
“မဟုတ်သေးပါဘူး ကွာ။ မင်းတို့ Fatima  သခင်မကို ကိုးစား ကြည့်ပါ။ အခြား မယ်တော်တွေနှင့် တခြားစီပဲ။ ဘာမဆို တောင်းရင် ရတယ်။”စသဖြင့် တွေးခေါ်တာ၊ ပြောဆိုတာတွေ ကြုံဘူး တွေ့ဘူး ပါလိမ့်မယ်။ ဒါဟာ မရင့်ကျက်သေးသော ယုံကြည်မှု၊ နားမလည်သေးသည့် သဒ္ဓါကြည်ညိုမှုကို ပြနေပါတယ်။ ကျွန်ုပ်တို့ဟာ မယ်တော်မာရီယားကို ဘယ်ဘွဲ့နာမ၊ ဘယ်ဂုဏ်တော်ဖြင့် ကိုးစားပါစေ၊ ဒီ မယ်တော်က ဒီမယ်တော်တစ်ဦးတည်း ပါပဲ။ ပုဂ္ဂိုလ်တစ်ဦးတည်း ဖြစ်တဲ့ မယ်တော်သခင်မ အပေါ် ရင့်ကျက်တဲ့ ကြည်ညိုမှုရှိရန် သူ့ရဲ့ အရေးကြီးပုံကို ယုတ္တိရှိရှိ ကျွန်ုပ်တို့ သဘောပေါက်ရပါမယ်။ မယ်တော့်ရဲ့အရေးပါ အရာရောက်ပုံကို ကောင်းကောင်း နားလည်နိုင်ရန်၊ ကျွန်ုပ်တို့ ခရစ်ယာန် ယုံကြည်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တဲ့ သမ္မာကျမ်းစာနှင့် ရှေးထုံးအစဉ်လာ ဆီကို  ပြန်သွားကြည့် ရပါလိမ့်မယ်။

ကျွန်ုပ်တို့ ခရစ်ယာန်များ အတွက် သမ္မာကျမ်းစာရဲ့ သော့ချက်နှင့် ကျမ်းစာတစ်ခုလုံးကို အဓိပ္ပါယ် ရှိရှိလည်ပတ်စေတဲ့ အလယ်ဗဟိုဟာ ခရစ်တော်ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းဆိုမှာ မဟုတ်ပါဘူး။ ခရစ်တော်၏ ကြွရောက်လာခြင်းကို ဓမ္မဟောင်း၌ ကြိုတင် ဗျာဒိတ်ပေးထား၍ ဓမ္မသစ်၌မူကား ကိုယ်တော့်အကြောင်းကို အဓိကထား၍ ရေးသားထားတယ်။ ဒီလို ခရစ်တော်ဟာ ကျမ်းစာရဲ့ ဗဟိုသော့ချက်ဖြစ်နေရင် ကိုယ်တော်နှင့် ပတ်သက် စပ်လျဉ်းတဲ့ ပုဂ္ဂိုလ်သော်၎င်း၊ အဖြစ်အပျက်သော်၎င်း အရေးကြီး ရပါလိမ့်မည်။ ခရစ်တော် အကြောင်းကို နားလည် သဘောပေါက်ရန်နှင့် လက်ခံနိုင်ရန်အတွက် ၎င်းတို့ဟာ အရေးမကြီးဘူးဆိုရင် ဓမ္မသစ်ထဲမှာ ထည့်ရေးထားမှာ မဟုတ်ပါဘူး။ မယ်တော်မာရီယားဟာ ခရစ်တော်ရဲ့ ဘ၀ သက်တာမှာ ကိုယ်တော်နှင့် အပတ်သက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဓမ္မသစ်ရဲ့ ခရစ်ဝင်ကျမ်း လေးစောင်စလုံး ဒါကို သက်သေခံကြတယ်။ ဒီ ခရစ်ဝင်ကျမ်း (ခ) ဧ၀ံဂေလိကျမ်း လေးစောင်စလုံး၌ မာရီယားကို ခရစ်တော်နှင့် မကင်းတဲ့ ပုဂ္ဂိုလ် အဖြစ် ထုတ်ဖော် ရေးသားခဲ့ကြတယ်။ အတိုဆုံးဖြစ်တဲ့ ရှင်မာကုကျမ်းထဲမှာတောင် ဖော်ပြထားတယ်။ (ရှင်မာကု ၆း ၃ ) ဧ၀ံဂေလိကျမ်းများ အားလုံး၌ သခင်ယေဇူးကို “မာရီယား၏ သား” ဟူ၍ သင်္ကေတ တင်ထားကြတယ်။ (ရှင်မဿဲ ၁၃း၅၅၊ ရှင်မာကု ၆း၃၊ ရှင်လုကာ၂း၆-၇၊ ရှင်ယောဟန် ၂း၃ တို့မှာ ကြည့်ပါ။) အဲတော့ ယေဇူးခရစ်တော်ရဲ့ မိခင်ဖြစ်ရခြင်း အတွက် မယ်တော်မာရီယားဟာ အရေးကြီးလှတယ်လို့ ကျွန်ုပ်တို့် ပြောကြမလား။ ခရစ်တော်ရဲ့ တရားနာ ပရိတ်သတ်ထဲက မိန်းမတစ်ယောက် ပြောခဲ့သလို ကျွန်ုပ်တို့လည်း ပြောချင်ပါရဲ့။ (ရှင်လုကာ ၁၁း၂၇) မှာ ဖတ်ရသလို    အဲဒီမိန်းမတစ်ဦးဟာ ခံစားခြင်း အပြည့်အ၀နှင့် ကိုယ်တော်ကို    လွယ်သောဝမ်းနှင့်တို့တော်မူသော   သားတော်မြတ်သည် မင်္ဂလာရှိပါ၏။” ဟုကြွေးကြော်ခဲ့တယ်။ အဲဒီအခါ ခရစ်တော်က ချက်ခြင်းပဲ “ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်ကို နာ၍ ကျင့်စောင့်  သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်။ ”ဟု သူ့ကို မြင်၍ မိန့်တော်မူလိုက်တယ်။

ခရစ်တော်အတွက် ဘုရားနှုတ်တော် ထွက်စကားတို့ကို နာယူ သိမ်းပိုက် လိုက်နာခြင်းသည် ဘုရားမယ်တော် ဖြစ်ရခြင်းထက်သာတယ်။ (ရှင်လုကာခရစ်ဝင်ကျမ်း ၈း၂၁) မှာလည်း “ဘုရားသခင်၏ နှုတ်ကပါဌ် တရားတော်ကိုကြား၍ နားထောင်သော သူတို့သည် ငါ့အမိ၊ ငါ့ညီများ ဖြစ်သတည်း”ဟု မိန့်တော်မူခဲ့သေးတယ်။ ဒီမြွတ်ဆိုချက်တွေဟာ မာရီယားကို ရှုတ်ချတဲ့ မြွတ်ဆိုချက်တွေလား။ လုံးဝ မဟုတ်ပါဘူး။ မယ်တော်ဟာ ခရစ်တော်ဆိုင်ရာ ဗျာဒိတ်ချက်တို့ကို ကြားနာ မြည်းစမ်းပြီးသကာလ မိမိစိတ်နှလုံး၌ သိမ်းပိုက်၍ ထောက်ရှု ဆင်ခြင်တတ်သော
မိန်းမမြတ်ဖြစ်၏။ (ရှင်လုကာ ၂း၁၉-၅၁) မာရီယားဟာ ဘုရားနုတ်ကပါဌ်တော်ကို နားဆင်ရုံမက လက်ခံ လိုက်နာသူဖြစ်တယ်။ ဒါကို ကောင်းကင်တမန်တော် ဂါဗီအဲလ်အား သူပြောခဲ့တဲ့ “ကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏ စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဝ်။” ဟူသော စကားများက ပေါ်လွင်စေပါတယ်။ (လုကာ ၁း ၃၈ ) သူ့အစ်မ တစ်ဝမ်းကွဲ ဧလိဇဘက်ပြောတဲ့ စကားတွေကလည်း ဒါကို ထောက်ခံနေပါတယ်။ ဧလိဇဘက်ဟာ သန့်ရှင်းသော ၀ိညာဉ်တော်နှင့်ပြည့်လျက် မာရီယားအား “ယုံကြည်သော မိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသော စကား ပြည့်စုံလိမ့်မည်။” ဟု ကြီးသော အသံနှင့် မြတ်ဆိုလေသည်။ (ရှင်လုကာကျမ်း ၁း၄၁-၄၅မှာ ကြည့်ပါ။) အဲတော့-မာရီယားရဲ့ မြငြ့်မတ်ခြင်းဟာ ဘယ်ပေါ် မူတည်နေပါသလဲ။ ဟုတ်ပါတယ်။ သူဟာ ဘုရားမယ်တော်ဖြစ်လို့  ကြီးကျယ် မြင့်မြတ်တယ်။

သို့သော် ခရစ်တော် ကြေငြာထွက်ဆိုမှုအရ ဆိုရင် သူဟာ ဘုရားနုတ်ကပါဌ် စကားတော်ကို နာခံ လိုက်နာသူ တပည့်တော်မဖြစ်လို့ ပိုမွန်မြတ်တင့်တယ်မှု ရှိတယ်။ “သူမဟာ ခရစ်တော်ကို မိမိဝမ်း၌ မလွယ်ပိုက်မီ နုတ်ကပါဌ်တော်ကို မိမိ စိတ်နှလုံးထဲမှာ သိမ်းပိုက်လက်ခံခဲ့တယ်။” လို့ (၄) ရာစုမှာ  ထင်ရှားခဲ့တဲ့ သူတော်မြတ် ဆရာတော်သြဂုတ်စတင်း ဟောပြောခဲ့တယ်။ မာရီယားရဲ့ နာခံခြင်းကြောင့် နုတ်ကပါဌ်တော်တည်းဟူသော သားတော်ဘုရား ခရစ်တော်ဟာ လူ့ဇာတိပကတိအဖြစ်ကို ယူဆောင်တော်မူ၍ လူ ဖြစ်လာတယ်။ ဒါဟာ သမ္မာကျမ်းစာရဲ့ သွန်သင်ရေးသားချက်တင်မက အသင်းတော်ရဲ့ ရှေးထုံးစဉ်လာ လက်ခံချက်မှာလည်း တွေ့ရပါတယ်။ အသင်းတော်၏ ဖခင်ကြီးများ အချိန်ကစပြီး ယခုမျက်မှောက်ကာလ အထိ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်များဟာ မယ်တော်သခင်မထံ သဒ္ဓါ ကြည်ညိုကြရန် အသင်းတော်ရဲ့ နှိုးဆော် ဆုံးမမှုကို ကြားနေကြရပါတယ်။ မယ်တော့်ကို ကိုးစားခြင်းဆိုရာ၌ သူ့ထံ ဆုတောင်း၍
ကူညီမှု တောင်းခံခြင်းသည် အဓိကမဟုတ်၊ သူ့ဘ၀ ပုံစံကို အတုယူ  လိုက်နာခြင်းကို အထူးသဖြင့် ရည်ရွယ်ထားပါတယ်။ ကျွနု်ပ်တို့သိကြတဲ့အတိုင်း၊ မာရီယားကို ခရစ်တော်၏ မယ်တော်အဖြစ်ပုံစံ အတုယူလို့ မရပါ။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်က မိမိအတွက် အမေဆိုလို့ တစ်ယောက်ထဲ လိုအပ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးဟာ မယ်တော့်ကို အတုယူနိုင်တာက သူ့ရဲ့ ဘုရားနုတ်ကပါဌ်တော် နာယူခြင်း၊ ထောက်ရှု ဆင်ခြင်နိုင်ရန် နှလုံးသိမ်းပိုက်ထားခြင်းနှင့် ၎င်းကို လက်တွေ့အကောင်အထည် ဖော်ခြင်းတို့ဘက်မှာ ဖြစ်ပါတယ်။  မယ်တော်မာရီယားရဲ့ တကယ့်ကြီးမြတ်မှုဟာ ဘုရားနုတ်ကပါဌ် စကားတော်တို့ကို နာခံ လိုက်နာမှုအပေါ် ရပ်တည်နေတယ်။ ဒီပုံစံကို အတုယူ လိုက်နာခွင့်ရသူ ကျွန်ုပ်တို့အတွက်လည်း ဒါဟာကြီးမားတဲ့ မြင့်မြတ်မှု မဖြစ်ပေဘူးလား။ ဒါဟာ တစ်ဦးစီကို အသင်းတော်က ကမ်းလှမ်းနေတဲ့ ဖိတ်ခေါ်အားပေးမှု ဖြစ်တယ်။ စမ်းကြည့်ကြပါစို့လား။

       ဒီလို မယ်တော့်အပေါ် ကျမ်းစာနှင့် ရှေးထုံးသက်သေတို့လာတဲ့ အတိုင်း သဒ္ဓါကြည်ညိုကြမယ် ဆိုရင် ကျွန်ုပ်တို့ဟာ
(၁) ခရစ်တော်ကို ပိုသိ ကျွမ်းလာမယ်။
(၂) မယ်တော့်ကို ပိုလေးစား လာမယ်။
(၃) ကျွန်ုပ်တို့ ခရစ်ယာန် သက်တာဟာ ပိုခွန်အား ရှိလာကြပါမယ်။
RVA ထုတ်လွှင့်ချက်မှ

Read More...

Wednesday, June 25, 2014

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့

            “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ . . . . .ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့၏ ၀န်ထုပ်ကို . . . . . ပေါ့ပါးစေမည်။” (Mt 11 / 28)

တစ်ခါတုန်းက ရုရှား စာရေးဆရာကြီး Robindranath တရိုးဟာ မြို့ထဲဘက်ကို လမ်းလျှောက် ထွက်လာရင်း သူတောင်းစား တစ်ယောက်နဲ့ တွေ့သတဲ့။ ထုံးစံအတိုင်း သူတောင်းစားက တောင်းတော့ ဆရာကြီးတရိုးက ငွေကြေး အနည်းငယ် တွေ့လို့တွေ့ငြား သူ့အင်္ကျီ ဘောင်းဘီအိပ်တွေကို လိုက်စမ်းသတဲ့။ ဒါပေမယ့် ငွေကြေးရယ်လို့ ချူတစ်ပြားမှ မတွေ့တဲ့အခါ ၀မ်းနည်းတဲ့ လေသံနဲ့ သူတောင်းစားကို ပြောလိုက်တယ်။ ဒီမှာ မိတ်ဆွေ ခင်ဗျားအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ စိတ်
မရှိပါနဲ့နော်။ ကျွန်တော့်မှာ ငွေတစ်ပြားတစ်ချပ်မှ ပါမလာ မိဘူးဗျ။ ဒီအခါမှာ သူတောင်းစားက ၀မ်းသာအားရနဲ့ ဟာ ဆရာကြီး ၀မ်းသာလိုက်တာဗျာ။ ကျွန်တော့်ကို ပေးကမ်းကြတဲ့ အထဲမှာ ဆရာကြီးရဲ့ စွန့်ကြဲမှုဟာ အများဆုံးပဲ။ ဒီတော့ ဆရာကြီးတရိုးက ကြောင် သွားတာပေါ့။ ဟာ ငါလည်း တစ်ပြားတစ်ချပ်မှ မပေးရပဲ ဘာကြောင့် ငါဟာ အများဆုံး စွန့်ကြဲသူ ဖြစ်ရတာတုန်းလို့ စဉ်းစားမိပြီး အကျိုးအကြောင်း မေးကြည့်လိုက်တော့ “ဆရာကြီးက ကျွန်တော့်ကို မိတ်ဆွေလို့ ခေါ်လိုက်တာဟာ ကျွန်တော့် ဘ၀မှာ အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးသော အရာမို့ အများဆုံး ရလိုက်သလို ခံစားမိလို့ပါ”လို့ ပြန်ပြော လိုက်တယ်။

ကျွန်တော်တို့ အားလုံးဟာ ဘ၀သံသရာရဲ့ ခရီးသွား အဖော်မွန်တွေပါ။ ခရီးသွားအဖော် အချင်းချင်း ရိုင်းပင်းကူညီဖို့၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့၊ ခွင့်လွှတ်တတ်ဖို့၊ သည်းခံတတ်ဖို့၊ မေတ္တာထားတတ်ဖို့ အင်မတန်မှ လိုအပ်လှပါတယ်။ ဘယ် လူသားမှ မပြည့်စုံတဲ့အတွက် အပြစ်နဲ့လည်း မကင်းကြတဲ့အတွက် ဘူ-ဘူခြင်း တစ် လုပ်နေမယ့် အစား အရှိကို အရှိအတိုင်း လက်ခံတတ်နိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံး စွမ်းဆောင်မှု၊ ကြိုးစားမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုနက အဖြစ်အပျက်ထဲက သူတောင်းစားရဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့ အနေနဲ့ အပြစ်မဆို ထိုက်သလို၊ “မိတ်ဆွေလို့” သူ့ကို ကင်ပွန်းတပ်လိုက်ခြင်းဟာ သူ့အတွက် အများဆုံး ရလဒ်ကြီးတစ်ခုလို့ ခံစားလိုက်ရတဲ့ သူ့ရဲ့ခံစားချက်ကိုလည်းကျွန်တော်တို့ နားလည် သဘောပေါက်ကြမှာ ဖြစ်ပါတယ်။  

“No man is an Island” ဘယ်လူသားမှ ကျွန်းလေးမှာ တစ်ဦးထဲ မဟုတ်”ဆိုတဲ့ စကားပုံလိုပဲ ကျွန်တော်တို့ အားလုံးဟာ လောကကြီးထဲမှာ တစ်ယောက်ထဲနေကြတာ မဟုတ်ကြပါဘူး။ အပေါင်းနဲ့ အသင်းနဲ့။

သင့်ဘ၀ကို အဓိပ္ပါယ်ရှိရှိနဲ့ အသက်ရှင်လိုပါတယ်ဆိုရင် ခရစ်တော် သင့်ကို ဖိတ်ခေါ်နေပါတယ်။ “၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့လာကြလော။ ငါသည်သင်တို့၏ ၀န်ထုပ်ကို ပေါ့ပါးစေမည်”။ သင်ရဲ့ ဒုက္ခ၀န်ထုပ်ဟာ . . . . မိသားစုနဲ့ သက်ဆိုင်သလား၊ စီးပွားရေးနဲ့ သက်ဆိုင်သလား၊ ပညာရေးနဲ့ သက်ဆိုင်သလား၊ ကျန်းမာရေးနဲ့ သက်ဆိုင်သလား။

ဘယ်လို ပုံစံမျိုးနဲ့သက်ဆိုင်သော ၀န်ထုပ်ဖြစ်ပါစေ ကိုယ်တော်ရှင်ဟာ သင့်ကိုချစ်တဲ့ စိတ်နဲ့ကူညီပေးမှာ အမှန်ဖြစ်ပါတယ်။

တစ်ခါတုန်းက ကမ္ဘာ့ကုလသမဂ္ဂမှာ ကမ္ဘာ့ကလေးများနှစ်နဲ့ ပတ်သက်တဲ့ တံဆိပ်ခေါင်းထုတ်ဖို့ ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲ တစ်ခု ကျင်းပလိုက်တယ်။ အဲ့ဒီအခါမှာ ဓါတ်ပုံ ဆရာတစ်ဦးဟာ ကလေးတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ပုံလေးတစ်ပုံ ရလိုရငြား မြို့ထဲကို ထွက်ခဲ့သတဲ့။ အဲ့ဒီအခါမှာ ၀၀တုတ်တုတ် ကလေးလေးကို မနိုင့်တနိုင်နဲ့ ပုခုံးပေါ် ချီပိုးထားတဲ့ ချာတိတ်တစ်ယောက်ကို တွေ့ရသတဲ့။ဒီအခါမှာ ဓါတ်ပုံဆရာက အဲ့ဒီချာတိတ်ကို မေးလိုက်တယ်။ မင်းက မနိုင့်တနိုင်နဲ့ ဒီကလေးကို ဘာလို့ချီ ထားရတာလည်း လို့ပေါ့။

ဒီတော့ ချာတိတ်က “ဒါကျွန်တော့် ညီငယ်လေ”တဲ့။ ဘယ်လောက် ချစ်စရာကောင်းလိုက်တဲ့ အဖြေလည်း...။ ဓါတ်ပုံဆရာက ချက်ချင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး ပြိုင်ပွဲဝင်တဲ့အခါ အဲ့ဒီဓါတ်ပုံနဲ့ ပထမ ရသွားသတဲ့။ အဲ့ဒီပုံနဲ့ ထုတ်ထားတဲ့ တံဆိပ်ခေါင်းကို စာဖတ်သူတို့ တွေ့ဖူးကောင်းတွေ့ဖူးကြမှာပါ။

ကျွန်တော်တို့ အားလုံးဟာ ခရစ်တော်ရဲ့ ညီအစ်ကို မောင်နှမတွေပါ။ ခရစ်တော်မှာ လူမျိုး၊ ဘာသာခွဲခြားမှု မရှိပါ။ သူ့ ထံကိုသာ ယုံကြည်မှု့ အပြည့်နဲ့ ချဉ်းကပ်လိုက်ပါ။ သူက “ဒါ ကျွန်တော့်ရဲ့ ညီငယ်၊ နှမငယ်လေ”ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ရဲ့ ၀န်ထုပ်ကို ကူညီပေးမှာပါ။ ဒါကြောင့်ခရစ်တော်ဟာ သင့်ဘ၀အတွက် မရှိမဖြစ်တဲ့ သူတစ်ဦးလို့ အကြံပြုရင်း သင့်ဘ၀မှာ ကံကောင်းခြင်းများစွာနဲ့ ကြုံတွေ့နိုင်ပါစေ။ လေးသော ၀န်တွေ ခရစ်တော်အားဖြင့် ပေါ့ပါးကြပါစေ . . .

Fr. George Khin Maung Htwe

Read More...

Sunday, June 22, 2014

ဆုတောင်းပတ္ထနာပြုခြင်း

ယေဇူးဘုရားကိုယ်တော်ကို အမြဲတရားအား ထုတ်တော်မူတာ၊ တစ်ညလုံး ၀တ်ပြုတော်မူတာ၊ တရားတော်ရှုပွားတော်မူတာကို တွေ့မြင်နေကြရသော အခါ တပည့်တော်ကြီးများက “အရှင်ဘုရား၊ ဘုရား ဘယ်လိုရှိခိုးရတယ် ဆိုတာ တပည့်တော်တို့ကိုလည်း သင်ပေးပါ ဘုရားဟု လျှောက်ထားခဲ့ကြဖူးပါသည်။ အစာမစားရင်၊ ရေမသောက်ရင်၊ အသက်မရှုရင် လူသည် အသက်မရှင်နိုင်ပါ။ ဘုရား မရှိခိုးသည့် ခရစ်ယာန်တစ်ဦးသည် လူသေကောင်နှင့် မခြားပါ။ ခရစ်ယာန် သက်ရှင်ဖို့ ဘုရားရှိခိုးရပါသည်။ ဘုရား မရှိခိုးသူသည် အသက်တစ်ဝက်ပဲ ရှင်ပါသည်။ ဘုရားရှိခိုးခြင်းကို လှည်းဘီးတစ်ဘီးလိုမျိုး စဉ်းစားကြည့်ပါ။ ဘုရားရှိခိုးခြင်းနှင့် သဏ္ဍာန်တူသည့် လှည်းဘီးကြီးက ဘုရား အထံတော်ဆီသို့ တစ်လိမ့်ချင်း တစ်လိမ့်ချင်းလိမ့်ပြီး ချဉ်းကပ်နေပါသည်။ ဒေါက်(စပုပ်)တွေက ဘုရားရှိခိုးနည်းတွေနှင့် အလား သဏ္ဍာန်တူပါသည်။

ကျွန်တော်တို့ဟာ တစ်ချိန်ချိန်မှာ ခံစားချက် တစ်မျိုးမျိုးနှင့် ဘုရားရှိခိုးကြ၏။ မိမိ သဘောကျသည့် နည်းတစ်ခုခုနှင့် ဘုရားရှိခိုး၏။ ဆိုပါစို့။ ကိုယ်တော်မြတ်ဖူးတာ၊ မစ္ဆားနာတာ၊ စက္ကရမင်တူး ခံယူတာ၊ ကျမ်းစာ ဖတ်တာ၊ ဆုတောင်းတာ၊ နိုဗီနာ လုပ်တာ၊ ပုတီးစိပ်တာ စသည်တို့ဖြစ်ပါသည်။ စပုတ်တိုင်တွေ၊ ဒေါက်တွေဟာ အလယ်က ၀င်ရိုးမှာ စုစည်းထားသလို ထိုဘုရား ၀တ်ပြုပုံ ၀တ်ပြုနည်းတွေဟာလည်း   ခရစ်တော်ဘုရား အထံတော်မှာ  စုစည်းပြီး  အဖ ခမည်းတော်ဘုရားအား  တစ်ညီ တစ်ညွတ် ဦးတိုက်ကိုးကွယ်ခြင်းဖြစ်ပါသည်။

ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုးကွယ်ခြင်းဆိုသည်မှာ “ဘုရားမြတ်စွာရှင်ထံ စိတ်နှလုံးဖြင့် ၀တ်ပြု ကိုးကွယ်ခြင်းဟု ရဟန္တာသူတော်စင်များက သွန်သင်ပေးကြပါသည်။

လူအများစုအတွက်ကတော့ ဘုရားရှိခိုးခြင်းဆိုတာကို ဆုတောင်းမေတ္တာဆိုတယ် လို့သာ နားလည်ထားကြ၏။ ထို့ကြောင့် စိတ်ပူစရာတစ်ခုခု ရှိလာရင် ဆုတောင်းသည်။ လိုချင်တာတစ်ခုခု ရှိလာရင် ဆုတောင်းမည်။ အဲ့သည်အခါ   သူတို့အတွက် ဘုရားရှိခိုးတယ်ဆိုတာ လိုတာတောင်းခြင်းလို့သာ သိနားလည်ကြ၏။ ယုံကြည်၍ ဆုတောင်းတာ မှန်ပေသော်လည်း သည့်ထက် မပိုပါ။ ဘုရားရှင်အား အာရုံပြုခြင်း၊ ကိုယ်တော်အား ကိုးကွယ်ခြင်း၊ ရှိခိုးခြင်း၊ ကိုယ်တော်ရှင်နှင့် အတူ အသက်ရှင်ခြင်းဆိုသည့် အရေးကြီးသော အချက်များ မပါဝင်တော့ပါ။ ထိုသောအခါ ဘုရားဆိုသည်မှာ တည်ထား ကိုးကွယ်ရာ၊ အိမ်ဦးခန်းက ဘုရားစင်မှာ စံပါယ်တော်မူရာ၊ ဘုရားကျောင်း ဗိမ္မာန်ထဲမှာ ဖူးမျှော်နိုင်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်တော်မြတ်ဆိုသည့် သဘော ဖြစ်သွားတော့၏။

ဘုရားရှိခိုး ကိုးကွယ်ခြင်း(၃)မျိုး ရှိပါသည်။
(က) ရွတ်ဖတ်သရဇ္ဈယ်ခြင်း (Vocal Prayer)
အသံပြု၍ ကိုးကွယ်ခြင်းမျိုး ဖြစ်၏။ အလွတ်ဆိုခြင်း၊ သီကုံး ရေးစပ်ထားတာကို ရွတ်ဖတ်ခြင်း၊ ပတ္ထနာပြုခြင်း၊  ကောက်ကာ ငင်ကာ ရွတ်ဆို ဆုတောင်းခြင်း၊ ဓမ္မသီချင်း သီဆိုပူဇော်ခြင်း စသည်တို့ဖြစ်၏။

(ခ) စဉ်းစား ထောက်ရှုဆင်ခြင်ခြင်း (Meditative Prayer)
နှုတ်က ဦးမဆောင်ပါ။ ထို့ကြောင့် အသံမပြုပါ။ စိတ်က ဦးဆောင်၏။ ထို့ကြောင့် တွေးခြင်း၊ စဉ်းစားခြင်း၊ ထောက်ရှုခြင်း၊ ဆင်ခြင်ခြင်း၊ နှိုင်းယှဉ်ခြင်း၊ အတုယူခြင်း၊ ဆုံးဖြတ်ခြင်းများပါဝင်၏။
                                 
(ဂ) အာရုံပြုခြင်း (Contemplation)
နှုတ်ကဦးမဆောင်ပါ။ စိတ်ကလည်း ဦးမဆောင်ပါ။ (The lips and mind both come to rest) နှုတ်လည်း ပိတ်၏။ စိတ်လည်း ပိတ်၏။ ဆိတ်ဆိတ်ငြိမ်၏။ ကိုယ်စိတ်နှလုံး ချုပ်တည်း၏။ စူးစူးစိုက်စိုက် ရှုပွား၏။ (မိမိစိတ်နှလုံးအတွင်း၌ အတူရှိတော်မူသော ဘုရားရှင်အား) ရည်စူးလျက် ကြည်ညိုသဒ္ဓါကြီးမားစွာဖြင့် အတွင်း စိတ်နှလုံးမှ တိတ်ဆိတ်ငြိမ်သက်စွာ စူးစူးစိုက်စိုက် အာရုံပြုကိုးကွယ်ခြင်းဖြစ်၏။

ရွတ်ဖတ်သရဇ္ဈယ်ခြင်း (vocal prayer)နှင့် နှိုင်းကြည့်ပြီး ပြောရမည်ဆိုပါလျှင်  အာရုံပြုခြင်း (contemplation) ဆိုသည်မှာ ရွတ်ဖတ်နေသည့် ဘုရားဆုတောင်းက စာလုံးများမှာ အာရုံပြုခြင်း (စိတ်အသိကပ်ခြင်း) ဟု ပြောရပါမည်။ ရွတ်ဖတ်နေသည့် ဆုတောင်းမေတ္တာ စာလုံးများသည် အိပ်ရာထဖို့ ခေါက်သည့် တုံးမောင်းခေါက်သကဲ့သို့ ဖြစ်၏။

စဉ်းစားထောက်ရှုဆင်ခြင်ခြင်း (meditative Prayer)နှင့် ကြည့်မည်ဆိုပါလျှင် အာရုံပြုခြင်း (contemplation) ဆိုသည်မှာ ဘုရားအကြောင်း၊ တရားတော်အကြောင်းကို ထောက်ရှု စဉ်းစားခြင်းထက်၊ စူးစူးစိုက်စိုက် အာရုံပြုခြင်းသာဖြစ်၏။      

ပန်းချီကားတစ်ချပ်နှင့်  ဥပမာပြရပါလျှင် ထောက်ရှု စဉ်းစားဆင်ခြင်ခြင်း (Meditative Prayer) သည် ပန်းချီ ဆွဲတာနှင့် တူ၏။ မည်သည့်ပုံ၊ မည်သည့်အရောင်၊ ဘယ်နေရာစသည်ဖြင့် စဉ်းစားပြီး ရေးဆွဲလိုက်၏။ အာရုံပြုခြင်း (contemplation) ဆိုရာတွင် ဆွဲပြီးသွားသည့် ပန်းချီကားချပ်၏ အရှေ့မှ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်နေခြင်း ကဲ့သို့ဖြစ်၏။ ပန်းချီကားနှင့် ပတ်သက်၍ ဘာတစ်ခုကိုမှ မစဉ်းစားဘဲ ပန်းချီကားတစ်ခုလုံးကို စိတ်ဝင်တစား အားရ ပါးရ ငေးမော ကြည့်ရှုနေခြင်း ဖြစ်ပါသည်။

တစ်ခါ ဘုရားဝတ်ပြုကိုးကွယ်ခြင်း (၃)မျိုးကို စာသင်ကျောင်းတစ်ကျောင်းနှင့် ယှဉ်ပြနိုင်ပါသည်။ မူလတန်းသည် ရွတ်ဖတ်ခြင်း၊ ကျက်မှတ်ခြင်း၊  ရွတ်ဆိုခြင်း (vocal prayer)၊ အလယ်တန်းသည် စဉ်းစားတွေးခေါ်ခြင်း၊ ထောက်ရှုခြင်း၊ သုံးသပ်အဖြေရှာခြင်း (Meditative Prayer) ၊ အထက်တန်းသည် အာရုံပြုခြင်း (contemplation) ဖြစ်ပါသည်။ အထက်ကျောင်းတွင် မူလကျောင်းနှင့် အလယ်တန်းကျောင်းမှာ ပညာရပ်များကို စွန့်မပစ်ပါ။ သို့သော် အထက်တန်းကျောင်း သင်ခန်းစာများကို တတ်မြောက်နိုင်ဖို့ အထောက်အကူပြု ပါသည်။
  
“အာရုံပြုခြင်းဆိုသည်မှာ အတွင်းကိစ္စ ဖြစ်ပါသည်။ ကိုယ်စိတ်နှလုံး ချုပ်တည်း ရပါသည်။ စာလုံး စာကြောင်းများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ တွေးဆခြင်းများ (Words, Thoughts, Concepts) ထက် (One seeks to enter a reality which is spiritual and true, enduring, Overpowering: God Himself.) အနှစ်အသားဖြစ်သည့် အစဉ်မြဲသည့်၊ သာလွန် ထူးမြတ်သည့် တရားတော်သို့ အာရုံစွဲကပ်ခြင်း ဖြစ်ပါသည်။

“လူသည် အရှင်မြတ်အား လေးမြတ်စွာ ချစ်နိုင်စွမ်းပါသည်။ သို့သော် မစဉ်းစား မတွေးဆနိုင်စွမ်းပါ။
ချစ်လေး မြတ်နိုးခြင်းဖြင့် ကိုယ်တော်အား မီနိုင်ပါသည်။ တို့ထိ ဆုပ်ကိုင် ဖူးမြော်နိုင်ပါသည်။ သို့သော် စဉ်းစားတွေးဆခြင်းဖြင့် ဘယ်တော့မှ မဖြစ် နိုင်ပါ။ (He may well be loved, but not thought. By love may He be gotten and holden; but by thought never. Rf: The Cloud of Unknowing,a medieval, contemplative treatise (about 1350), Penguin Classics,1961,Ch.6)

အာရုံပြုခြင်းများမှာ တောရ ရသေ့များ၊ ဘုန်းကြီး၊ ရဟန်း၊ သီလရှင်များအတွက်ပဲ မဟုတ်ပါ။ လူတိုင်းအတွက် ဖြစ်ပါသည်။ ဒုတိယဗာတီကန် အစည်းအဝေး စတင်ခဲ့သည့် ၁၉၆၀နှစ် အလွန်တွင် သာသနာ့ အဆုံးအမ သ၀ဏ်လွှာများမှာနှင့် ၀ိနည်းကျမ်းများမှာပါ သီလ ဆောက်တည်ဖို့ တရားအားထုတ်ဖို့ ဆိုပါလျှင် “အာရုံပြုခြင်း Contemplation လိုအပ်ကြောင်း သင်ကြားပါသည်။

မာကု(ဒဿန)  

Read More...

Friday, June 20, 2014

တစ်မျိုးတည်းပါ


ဖန်ဆင်းရှင်ဘုရား
သူဖန်ဆင်းထား
လူတစ်မျိုးတည်း မဟုတ်လား....

ယနေ့ ဒီကမ္ဘာ၊ ဆင်းရဲချမ်းသာ
အဖြူ  အနီ အပြာ အ၀ါ
ဇာတ်နိမ့် ဇာတ်မြင့်၊ မှတ်မနိုင်အောင်
သူမြင့် ငါမြတ်၊ သူပြိုင် ငါပြိုင်
သူခွဲ ငါခွဲ၊ ပြိုင်ဆိုင်နေရာလွဲ....

လူလူချင်းခွဲ၊ အမြင်ဘယ်လိုကွဲ
သေပြီးနောက်နေ့၊ စစ်ကြောခြင်း အဲ့ဒီနေ့
ခွဲခြားခြင်းနေ့ မရှိတဲ့နေ့

သင် 
ဘယ်လိုခွဲခြားပြီး ဆုံးဖြတ်ခံယူမှာလဲ....
 လေပြေ

Read More...