Thursday, May 8, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၁၁)

အခန်း(၅)
သန်လျင် မယ်တော်ဘုရားရှိခိုးကျောင်း

ချန်ဒါနဂေါမြို့
ဘင်္ဂေါပြည်နယ်
အန္ဒိယပြည်
၁၇၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်နေ့

         အထူး ချစ်ခင်လေးစားရပါသော အဘ ပီတာမြတ်ထံ စာရေး အစီရင်ခံ တင်ပြအပ်ပါသည် ဘုရား။

         မကြာသေးမီ အချိန်ပိုင်းလောက်တုန်းက ပျက်စီးမှု့ များပြားခဲ့သော အင်းဝသာသနာနှင့် ပဲခူးသာသနာနယ်မြေများအတွက် သာသနာ အမှု့ တော်ဆောင် ရဟန်း ဘုန်းတော်ကြီးများ အပူတပြင်း လိုအပ်နေပြီဖြစ်သည့် သာသနာရေးအမှု့ ကိစ္စများကို ရောမမြို့ -သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေးဌာနချုပ်ကြီးသို့ တပည့်တော် အစီရင်ခံစာများ တင်သွင်း ပေးပို့ခဲ့ပြီး ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့လည်း ယခုထက်တိုင် အန္ဒိယပြည်၌ ဆက်လက် သီတင်းသုံးနေထိုင်လျက် ရှိကြသေးကြောင်းနှင့် မြန်မာ့ပြည်သို့လည်း ပြန်လည် ၀င်ခွင့်ရရှိနေပြီဖြစ်ကြောင်း များကိုပါတင်ပြ သတင်းပေးပို့ခဲ့ပြီး ဖြစ်ပါသည် ဘုရား။ သို့ဖြစ်ပါ၍ ရောမသာသနာ ဌာနချုပ်ကြီးမှ မြန်မာပြည်သို့ သာသနာပြု ပုဂ္ဂိုလ်သစ်များ ဆက်လက်ပြီး စေလွှတ်ပေးရေး အစီအစဉ်အတွက် ကိုယ်တော်အထံတော်သို့ အကြောင်းကြား လာလိမ့်မယ်လို့ တပည့်တော် မျှော်လင့်ရပါတယ် ဘုရား။ အဲဒီလိုဖြစ်လိမ့်မယ် ဆိုတာကိုလဲ ယုံကြည် စိတ်ချတဲ့အတွက် အခုလို ကိုယ်တော်ဆီကို ကြိုတင် အကြောင်းကြား အသိပေးရခြင်း ဖြစ်ပါတယ် ဘုရား။ မြန်မာပြည် သာသနာနယ်မြေ အကြောင်းများကို ကြိုတင် သိထားစေလိုသော ဆန္ဒဖြင့် သိသင့်သိထိုက်သည်များကို ထပ်လောင်းပြီး အစီရင်ခံလိုတဲ့ ကိစ္စကတော့၊ နိုင်ငံတော်ရဲ့ နယ်နိမိတ်ဟာ အလွန် ကျယ်ပြန်လှပါတယ် ဘုရား။ ပြည်နယ်တွေကလဲ အမျိုးစုံ ရှိကြပြီး၊ သာနာပြုဖို့ နေရာတွေ အလွန်ပေါများ လှပါတယ် ဘုရား။ လွန်ခဲ့တဲ့ ၁၇၄၅ ခုနှစ်တုန်းကလဲ တပည့်တော်တို့ အသင်းသား ညီနောင် (၃) ပါးတို့ဟာ သာသနာအတွက် သူတို့ အသက်များကို အပ်နှင်း သွားခဲ့ရှာကြပါသည်။ သူတို့ ဖြစ်ရပ်ကို ထောက်ရှခြင်းအားဖြင့် သံပေါလူး၏ သံမဏိစိတ်ဓာတ်တွေ တပည့်တော်တို့ အသင်းသားတွေထဲမှာ မသွေ့မခမ်းခြောက်သေးကြောင်း ထင်ရှား ပေါ်လွင်စေခဲ့တာ ဖြစ်ပါသည်ဘုရား ကိုယ်တော်တို့လည်း ဒီ အာဇာနည် (၃)ပါး အကြောင်းစုံကို ယခုလောက်ဆိုရင် ကြားသိကြပြီးမယ်လို့ တပည့်တော် မျှော်လင့်ပါသည်။ ဒီလို သတင်းမျိုးတွေ ထွက်ပေါ်လာလို့လဲ သာသနာနယ်မြေကို စွန့်စား ထွက်ခွာလာဖို့ ပြင်ဆင်နေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ် အဟန့်အတား တစ်စုံတစ်ရာ ဖြစ်ပေါ်စေလိမ့်မယ်လို့ တပည့်တော်အနေနဲ့ လုံးဝ မထင်မိပါ ဘုရား။ အမှန်စစ်စစ်မှာတော့ ဒီ ပုဂ္ဂိုလ်မြတ်တွေရဲ့ တောင်းဆုချွေ မှု့ကြောင့် တပည့်တော်တို့ သာသနာရေး လုပ်ငန်းပိုင်းတွေမှာ ဆထက်ထမ်းပိုး ပိုတိုးလာဘို့ အလားအလာကောင်းများသာ ရှိလာမည် ဖြစ်ပါတယ် ဘုရား။ ဤဖြစ်ရပ်တွေဟာ ကျန်ရှိသူ တပည့်တော်တို့အားလုံးအပေါ် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အလွန် ထက်မြက်သော သက်သေသာဓက တွေသာလျှင် ဖြစ်ပါလိမ့်မည်ဟု တထစ်ချ ယုံကြည်ပါတယ် ဘုရား။ အခုအချိန်မှာ တပည့်တော် စိတ်အားထက်သန်မှု့ ကြီးစွာနဲ့ ထားရှိတဲ့ မျှော်လင့်တမ်းတချက်တွေကတော့ သာသနာလုပ်သားသစ်တွေ ရောက်လာချိန်မှာ သူတို့တတွေကို လှိုက်လဲ ၀မ်းသာစွာနဲ့ ကြိုဆိုလက်ခံဘို့နဲ့ တပည့်တော်တို့ အသင်းသား အာဇာနည် (၃)ပါးတို့ရဲ့ ဆောင်ရွက်မှု့တွေကို ကိုယ်တွေ့ မျက်မြင် သက်သေခံနိုင်မည့် မင်္ဂလာရက်မြတ်နေ့ကြီးကိုဘဲ စောင့်ကြိုလျှက် ရှိနေပါသည် ဘုရား။

   ကိုယ်တော်ထံ အကူအညီ တောင်းခံ ပန်ကြားလိုတဲ့ အကြောင်း ကိစ္စတွေထဲမှာ၊ ပထမ တင်ပြလိုတာက ပြင်သစ်ပြည်- ပို့လူဝစ်ဆိပ်ကမ်းမှာ နေထိုင်တဲ့ “ဆယ်ရ်ဗီး” ဆိုသူ အဖွားကြီးဆီကို တပည့်တော်တို့ အသင်းဂိုဏ်းရဲ့ ဂုဏ်ပြုလွှာတစ်စောင် ပေးပို့ စေလိုပါတယ် ဘုရား။ ဒီ အဖွားကြီးဟာ မုဆိုးမတစ်ဦးဖြစ်လင့်ကစား အရှေ့ဖျား တိုင်းပြည်များသို့ ခရီးထွက်ခွာရန် သင်္ဘောစောင့်ဆိုင်းနေကြတဲ့ သာသနာပြု ပုဂ္ဂိုလ်တိုင်းလိုလို အပေါ် အရာရာမှာ တာဝန်ယူပြီး၊ လိုလေသေးမရှိ စေတနာအပြည့်အ၀ဖြင့် ကျွေးမွေး ပြုစု စောင့်ရှောက်ပေးတတ်သူ ဖြစ်ပါတယ် ဘုရား။ အခြား အသင်းဂိုဏ်းသားတွေကတော့ ဒီအဖွားကြီးကို ဂုဏ်ပြုလွှာတွေ ပေးပို့ခဲ့ကြပါသည်။ သူတို့ အသင်းဂိုဏ်းရဲ့ ကုသိုလ် ကောင်းမှု့ တွေကိုလည်း အမျှဝေပေးကြသည်လို့ သတင်းရရှိပါသည် ဘုရား။ ဒီတော့ တပည့်တော်တို့ အသင်းဂိုဏ်းကလဲ ဒီလို ဂုဏ်ပြုလွှာ တွေပေးပို့ခဲ့မယ်ဆိုရင် အဖွားကြီး လိုလား တောင့်တတဲ့ ကုသိုလ်ဆုတွေ ခံစားရရှိသွားမှာ ဖြစ်ပါလိမ့်မည်ဟု တပည့်တော် ယူဆမိပါတယ် ဘုရား။ အဖွားကြီးဟာ အကျင့်သီလ မွန်မြတ်သူဖြစ်ပြီး တပည့်တော်တို့ အားလုံးအပေါ် စေတနာ မေတ္တာတရားအပြည့်အ၀ ထားရှိပြီး ကြည့်ရှု့ စောင့်ရှောက်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ် ဘုရား။

   ဒုတိယအကြောင်း ကိစ္စကတော့၊ ကာပူးရှင်းဂိုဏ်းချုပ်ကြီးထံ တပည့်တော်တို့အတွက် အထူး ကျေးဇူးတင်လွှာတစ်စောင် ရေးသား ပေးပို့ရန် ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့ဟာ ပွန်ဒါချယ်ရီမြို့မှာရှိစဉ် အခါတုန်းကကော၊ ယခု လက်ရှိနေထိုင်ကြတဲ့ ချန်ဒါနဂေါမြို့မှာကော၊ (၂)နေရာ စလုံးမှာ ကာပူးရှင်းအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများရဲ့ ကျောင်းတိုက်တွေမှာ တည်းခို နေထိုင်ခဲ့ကြရပါသည်။ ဒီ အသင်းဂိုဏ်းသားတွေကလဲ တပည့်တော်တို့ အပေါ် စေတနာမေတ္တာတရား အပြည့်အ၀နဲ့ ကြည့်ရှ့ စောင့်ရှောက်ပေးကြတာကို ခံစား ရရှိပါသည်ဘုရား။

    နောက်ဆုံး ပန်ကြားလိုတဲ့ တတိယအချက် ကတော့၊ ဒီနှစ်ကာလပိုင်းမှာ တပည့်တော်တို့ မိခင် အသင်းဂိုဏ်းတွင်း ဖြစ်ထွန်း တိုးတက်ခဲ့ သမျှ သတင်း အတိုအထွာများကို စုစည်းပြီး အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါးပါးအား ရေးသားစေပြီး တပည့်တော်တို့ထံသို့ ပေးပို့စေ လိုပါသည် ဘုရား။ ကိုယ်တော် အထက်က အုပ်ချုပ်သွားခဲ့တဲ့ ဂိုဏ်းချုပ်ကြီးထံမှ ဖြစ်စေ၊ အသင်းဂိုဏ်းသားတစ်ဦးဦး ထံမှဖြစ်စေ၊ ရောမမြို့ သာသနာ ပြန့်ပွားရေး ဌာနချုပ်ကြီးမှ ဖြစ်စေ၊ ဘယ်ဌာန၊ ဘယ်ပုဂ္ဂိုလ်ထံမှ သတင်း မရှိ ရှိခဲ့ပါ ဘုရား။ တပည့်တော်တို့ဘက် ကတော့ အဆိုပါ ပုဂ္ဂိုလ်ကြီးတွေနဲ့ သက်ဆိုင်ရာ ဌာနတွေကို အခါအား လျော်စွာ အကြိမ်ကြိမ် အဖန်ဖန် စာရေးသား အဆက်အသွယ်ပြုခဲ့ပါသည် ဘုရား။ ကိုယ်တော်ဘုရားကို တပည့်တော်တို့ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်သည့် သတင်းကိုလည်း ဘုန်းတော်ကြီး မွန်ဒဲလ်လီ၏ အစ်ကိုဖြစ်သူ (ဘုန်းတော်ကြီး) ကနေပြီး မီလန်မြို့မှ စာရေး အကြောင်းကြားလိုက်သဖြင့် သိခွင့်ရရှိခြင်း ဖြစ်ပါတယ် ဘုရား။ အဲဒီစာလဲပဲ စာလက်ခံသူ ပျံလွန်တော်မူရှာပြီးမှ ရောက်ရှိလာပါသဖြင့် အတော်လေးပင် နောက်ကျခဲ့ရပါသည် ဘုရား။ တပည့်တော် ရဘူးပါတယ်ဆိုတဲ့ စာဆိုတာကလဲ တပည့်တော် မိသားစုက ရေးထည့်လိုက်တဲ့ စာပဲ ဖြစ်ပါတယ်ဘုရား။

    တပည့်တော်တို့ အသင်းဂိုဏ်းရဲ့ သတင်းစုံကိုသာ ကြားသိခွင့် ရရှိမယ် ဆိုရင်၊ အခုတွေ့ ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲပြသနာတွေ အားလုံးကို ယူသွား ပစ်သလောက် တပည့်တော်မှာ ကျေနပ်အားရမှု့ ဖြစ်သွားမယ်ဆိုတာကို တပည့်တော် တင်ပြလိုပါတယ် ဘုရား။ တပည့်တော် ရေးရေးပြီး ပေးပို့နေတဲ့ စာတွေ ဆိုတာကလဲ စစ်တွင်းကာလမှာ ဆိုတော့ လမ်းမှာပဲ ပျောက်ဆုံး ကုန်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ် ဘုရား။ ဒါပေမယ့် အခုလို စစ်ကြီး အေးငြိမ်းသွားပြီဆိုတော့ စာတွေကို ‘အာလက္ကပို’ လမ်းကြောင်း ကနေပြီး ပို့မယ်ဆိုရင်တော့ လုံလုံခြုံခြုံ ရောက်ရှိလိမ့်မယ်လို့ တပည့်တော် ယုံကြည်ပါသည် ဘုရား။

   ကိုရင်ကြီး အန်ဂျေလို ကာပဲလိုလဲ သာသနာလုပ်ငန်း ပိုင်းဆိုင်ရာတွေမှာ အထူးဘဲ အားကိုး အားထားရပါသည် ဘုရား။ ကိုရင်ကြီးဟာ အရည်အချင်းနဲ့ ပြည့်ဝပြီး သမာဓိ သိက္ခာ ရင့်ကျက် ပြည့်စုံသူတပါး ဖြစ်ပါသည် ဘုရား။ စေတနာ မေတ္တာတရား အပြည့်အ၀ထားရှိပြီး ဘာသာမရွေး၊ လူမျိုးမရွေး၊ လူနာတွေ အားလုံးကို ဆေးဝါး ကုသပေးလေ့ရှိပါသည် ဘုရား။ ကိုရင်ကြီးဟာ တပည့်တော်ကို အဘက်ဘက်ကနေ အကူပြုပေးသလို၊ ဘက်စုံ ကျွမ်းကျင်သူဖြစ်တယ်ဆိုတော့ အထူးကိုဘဲ အားကိုး အားထားရတဲ့ သူတော်စင်တစ်ပါး ဖြစ်ပါတယ် ဘုရား။ အခုလဲ ကိုရင်ကြီးဟာ ကျန်းမာလျှက်ရှိကြောင်းပါ ဘုရား။
တပည့်တော်တို့ အပေါ် ကိုယ်တော်ရဲ့ ကောင်းချီးမင်္ဂလာ တောင်းခံလျှက် တပည့်တော် နိဂုံးချုပ်လိုက်ပါသည် ဘုရား။

ကိုယ်တော်၏ မထိုက်တန်သော ချစ်သား
ဒီ၊ပေါလ်လို နယ်ရီးနီ
(သာသနာဦးစီး)

    အထက်ပါစာသည် (၁၅) ဘုန်းတော်ကြီး နယ်ရီးနီမှ မိမိ ဂိုဏ်းချုပ် ဘုန်းတော်ကြီးထံသို့ ရေးသား ပေးပို့လိုက်သော စာဖြစ်သည်။
(၁၅) Letter of Fr. Nerini to his General Superior.
       Cf. Gallo “Storia del Cristianesimo nell’ Impero Barmano (Pp.223-226) in Italian.

    အိန္ဒိယပြည်သို့ ခိုလှုံခဲ့သော ဘုန်းတော်ကြီး နယ်ရီးနီသည် မြန်မာပြည်သို့ ပြန်ရန် အချိန်နာရီကို သာလျှင် စောင့်မျှော်နေခဲ့ရင်း မိမိ ရောက်ရှိပြီး (၅) လအကြာတွင် မြန်မာပြည်မှ သတင်းကောင်း ရောက်ရှိလာခဲ့သည်။ ထို သတင်းကောင်းကား မြန်မာပြည်သို့ အေးချမ်း သာယာစွာ ပြန်ရန်ဖြစ်သည်။ သို့ဖြစ်၍ ၁၇၄၆ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် ကိုရင်ကြီး ကာပဲလိုနှင့်အတူ ပွန်ဒါချယ်ရီဆိပ်ကမ်းမှ မြန်မာပြည်သို့ ခရီး ထွက်ခွာခဲ့လေသည်။ သို့သော် ဘုန်းတော်ကြီး စီးနင်း လိုက်ပါလာသော သင်္ဘောသည် လမ်းခုလတ်၌ သင်္ဘော ၀မ်းဗိုက် ပေါက်ကွဲသွားသဖြင့် ရှေ့သို့ ခရီး မဆက်နိုင်တော့ဘဲ ပွန်ဒါချယ်ရီ ဆိပ်ကမ်းခြေသို့ ပြန်လည် ရောက်ရှိခဲ့ရ ပြန်သည်။ သို့ဖြင့် ပထမခရီးစဉ် ပျက်ခဲ့ရခြင်း ဖြစ်သည်။

   တဖန် သက္ကရာဇ် ၁၇၄၃ ခုနှစ်တွင်၊ မြန်မာပြည်၌ ပဲခူး-အင်းဝတို့ စစ်မက်ဖြစ်ပွားပြီး နောက်ပိုင်း မွန်တို့ဘက်မှ စစ်ရေး နိမ့်ခဲ့သဖြင့် ပဲခူးဘုရင် သမိန်ထော ဗုဒ္ဓကေသီသည်လည်း ယိုးဒယားဘက်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုစဉ် အချိန်အခါ၌ မြန်မာပြည်တွင် အေးချမ်းသာယာမှု့ မရှိသေးသဖြင့် ဘုန်းတော်ကြီး နယ်ရီးနီသည် မြန်မာပြည်သို့ပြန်လည် ကြွမြန်းရန် အဟန့်အတား ဖြစ်စေခဲ့ပြန်သည်။

   မွန်အုပ်စုတို့ ပြိုကွဲလု အချိန်တွင် ၀န်ကြီး ဗညားဒလသည် ပြန်လည်စည်းရုံး၍ ပဲခူးတွင် နန်းတက်ခဲ့ပြန်သည်။ မွန်ဘုရင် ဗညားဒလသည် မွန်တပ်ကြီးကို အောက်မြန်မာပြည်ရှိ အနောက်တိုင်းသားတို့နှင့် ပူးပေါင်းကာ အင်အား ပြန်လည် ထူထောင်ပေးခဲ့သည်။ ဗညားဒလ ထီးနန်းတက်ချိန်တွင် ပဲခူးအရပ် ဒေသ၌ ပြန်လည် အေးချမ်းမှု့ ရရှိလာသဖြင့် ဘုန်းတော်ကြီး နယ်ရီးနီတို့အတွက် သတင်းကောင်း ဖြစ်ခဲ့လေသည်။ သို့သော်  ဘုန်းတော်ကြီး နယ်ရီးနီ ခိုလှုံနေသော အိန္ဒိယပြည်၌ အင်္ဂလိပ်နှင့် ပြင်သစ်တို့ စစ်အင်အား ပြိုင်ဆိုင်ကြပြီး စစ်မက်များ ဖြစ်ပွားနေခဲ့ကြသည်။ သို့ဖြစ်၍ အိန္ဒိယပြည်ရှိ နိုင်ငံခြားကူး သင်္ဘော ဆိပ်ကမ်းများ အားလုံးလိုလိုပင် ပိတ်ပင်ခြင်း ခံရ ပြန်သည်။ သို့ဖြစ်သောကြောင့် ဘုန်းတော်ကြီး နယ်ရီးနီသည် ပွန်ဒါချယ်ရီမြို့မှ ချန်ဒါနဂေါမြို့သို့ ပြောင်းရွှေ့ နေထိုင်လာခြင်း ဖြစ်သည်။ အထက် ဖော်ပြပါစာသည် ချန်ဒါနဂေါမြို့ မှ နေ၍ အီတလီပြည်ရှိ မိမိ ဂိုဏ်းချုပ်ဘုန်းတော်ကြီးထံ ရေးသား ပေးပို့ခဲ့သော စာဖြစ်သည်။

  ဘုန်းတော်ကြီး နယ်ရီးနီသည် မြန်မာပြည်သို့ ပြန်လည် ထွက်ခွာနိုင်ရန် အတွက် နည်းအမျိုးမျိုး ရှာကြံခဲ့သည်မှာ အချိန်အားဖြင့် (၄) နှစ်တာမျှ ကြန့်ကြာခဲ့သည်။ သို့သော် နောက်ဆုံး ကြိုးပမ်းမှု့အဖြစ်၊ သက္ကရာဇ် ၁၇၄၉ ခုနှစ် စောစောပိုင်းတွင် မြန်မာပြည်သို့ ထွက်ခွာသည့် အင်္ဂလိပ် သင်္ဘောတစ်စင်းဖြင့် လိုက်ပါခဲ့သည်။ သို့သော် ထိုစဉ် အချိန်အခါက အင်္ဂလိပ်နှင့် အီတလီတို့ နိုင်ငံရေး သင့်မြတ်မှု့ မရှိသဖြင့်၊ အီတလီ အမျိုးသားဖြစ်သော ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီး ကာပဲလိုတို့ အပေါ် အင်္ဂလိပ် သင်္ဘောကပ္ပတိန်မှ ကြမ်းကြုတ် ရက်စက်စွာ ဆက်ဆံခဲ့ပြန်သည်။ လမ်းခရီးတွင် ဘုန်းတော်ကြီးတို့အား စားနပ်ရိက္ခာ အလုံအလောက် မပေးဘဲ မသေမရှင်လောက်သာ ကျွေးမွေးခဲ့သည်။

  ဘုန်းတော်ကြီး နယ်ရီးနီ စီးနင်း လိုက်ပါလာသော အင်္ဂလိပ်ပိုင် သင်္ဘောသည် မြန်မာပြည် ကမ်းခြေသို့ ၁၇၄၉ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ချောမောစွာ ဆိုက်ရောက်လာခဲ့သည်။ မိမိတို့ ကျေးဇူးရှင် နှစ်ပါးရောက်ရှိလာသော သတင်းကောင်းကို ကြားသိရသည့် ကက်သလခ်ဘာသာဝင်များမှာ ၀မ်းသာမဆုံး ဖြစ်ခဲ့ကြပြီး၊ ဘာသာဝင်များနှင့် အတူ မိတ်ဟောင်းဆွေကောင်းတို့ကပါ ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီးကာပဲလိုတို့အား ခရီးဦးကြို ပြုခဲ့ကြသည်။

  ဘုန်းတော်ကြီး နယ်ရီးနီသည်လည်း မိမိတို့ အလုပ်အကျွေးပြုစုခဲ့သော ဘာသာဝင် သားသမီးများနှင့် အခြားသော မိတ်ဆွေရောင်းရင်းများနှင့် ပြန်လည် ဆုံဆည်းခွင့်ရရှိသဖြင့် ဘုရားသခင်အား ဂုဏ်တော် ချီးမွမ်း မဆုံးဖြစ်ခဲ့ရပြီး၊ စိတ်နှလုံး ကြည်နူးမှု့ကို အတိုင်းအဆမရှိ ခံစားခဲ့ရသည်။ သို့သော် မိမိတို့ စွဲလန်းနေထိုင် သတင်းသုံးခဲ့သော သန်လျင်မြို့ကလေးကမူ အလွန် ငြိုးငယ်စွာဖြင့် ခရီးဦးကြိုပြုခဲ့သည်။ လွန်ခဲ့သော နှစ်ကာလပိုင်းများက ဖြစ်ပွားခဲ့သော စစ်ဒဏ်များကြောင့် သန်လျင်မြို့ ကလေးသည် မိမိတို့ ထွက်ခွာသွားသည့် အချိန်ကရှိသော မြို့ အင်္ဂါရပ်များနှင့် တခြားစီ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ကြရသည်။ မြို့ တွင်းရှိ အိုးအိမ်အများစုမှာ ပျက်စီး ယိုယွင်းနေကြလေပြီ။ သင်္ဘောဆိပ်ကမ်းသို့ ရောက်ချိန်ထိ မိမိတို့ လွမ်းဆွတ် တမ်းတခဲ့ရသမျှသော သန်လျှင်ကျောင်း ၀င်းကြီးသို့ အ၀င်တွင် ပိုပြီး ၀မ်းနည်းဖွယ် ကောင်းလှသည့် မြင်ကွင်းကို စိတ်မချမ်း မသာတွေ့ မြင်လိုက်ကြရ၏။ ရဟန်းဘုန်းကြီးများ သီတင်းသုံး နေထိုင်သော ကျောင်းဆောင်ကြီးသည် မည်သည့် အစအနကိုမျှပင် ရှာဖွေမရနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ယခင်က သန့်ရှင်း စိုပြည်နေသော ကျောင်းဝင်းကြီးမှာ ယခုအခါ၌ ခြောက်သွေ့ နေရုံမျှမက၊ ချုံတော နွယ်ပင်များပင် ပိတ်ဖုံးလျှက်ရှိသည်ကို တွေ့ မြင် လိုက်ကြရသည်။

သန်လျင်သာသနာတော်ကို ပြန်လည်ထူထောင်ခြင်း

   ဘုန်းတော်ကြီး နယ်ရီးနီသည် သန်လျင်သို့ ပြန်လည်ရောက်ရှိပြီး ပဲခူး၌ နန်းစံလျှက်ရှိသော ပဲခူးဘုရင် ဗညားဒလကို သွားရောက် တွေ့ဆုံဂါရ၀ပြုခဲ့သည်။ ပဲခူးဘုရင် ဗညားဒလကလည်း ဘုန်းတော်ကြီး နယ်ရီးနီအား ၀မ်းပန်းတသာ ကြိုဆို နှုတ်ဆက်ခဲ့သည်။ ဘုန်းတော်ကြီးအား ကက်သလခ် သာသနာအကြီးအကဲတပါး အဖြစ် လက်ခံ အသိအမှတ်ပြုကြောင်း မိန့်ကြားတော်မူခဲ့သည်။

   ဘုန်းတော်ကြီး နယ်ရီးနီသည်လည်း ပျက်စီးယိုယွင်းနေသော သန်လျင်ကျောင်းဝင်းအား ဦးစွာ ပထမ ပြန်လည် ရှင်းလင်း ပြုပြင် ဆောင်ရွက်ခဲ့သည်။ သန်လျင်မြို့ပေါ်ရှိ အနောက်တိုင်းသားများဖြစ်ကြသော အင်္ဂလိပ်၊ ပြင်သစ်၊ အာမေးနီးယမ်း အမျိုးသား ကုန်သည်ကြီးများထံမှ လက်ခံရရှိသော အလှူတော်ငွေများဖြင့် သန်လျင် ကျောင်းဝင်းကြီးကို ပြန်လည် မွမ်းမံ တည်ဆောက်ပေးခဲ့သည်။

  အဆိုပါ အလှူရှင် ဒါယကာများအနက် အားမေးနီးယမ်း အမျိုးသား ကုန်သည်ကြီးတစ်ဦးဖြစ်သူ နီကောလားစ် ဒေ အာဂွာလာ (Nicolas de Agualar) သည် ကက်သလခ်ဘာသာဝင် တစ်ဦး မဟုတ်သော်လည်း ဘုန်းတော်ကြီးနယ်ရီးနီဖြင့် အလွန် ရင်းနီးခင်မင်သော မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။ နီကောလားစ်သည် မိမိ ကုန်ကျငွေဖြင့် သန်လျင်ဘုရားရှိခိုးကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းလိုကြောင်း ဘုန်းတော်ကြီးနယ်ရီးနီအား လျှောက်ထားခဲ့သည်။ ဘုန်းတော်ကြီး နယ်ရီးနီသည်လည်း ဘာသာကွဲ မိတ်ဆွေကောင်းတစ်ဦး၏ သဒ္ဒါကြည်ဖြူမှု့ တရားကို လက်ခံ ကြိုဆိုလျှက် ၀မ်းသာအားရ ကျေးဇူး ဥပကာရတင်ခဲ့သည်။

   စစ်တွင်းကာလက ပျက်စီးသွားခဲ့သော ကျောင်းဆောင် အားလုံးသည် သစ်သားကျောင်းဆောင်များသာလျှင် ဖြစ်ခဲ့ကြသည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် ယခုအချိန်၌ ပိုမို ကောင်းမွန်၍ ခိုင်ခံ့ပြီး ခေတ်မီသော အဆင့်ရှိ အဆောက်အအုံကို ဆောက်လုပ်ရန် ဆန္ဒ ရှိခဲ့သည်။ သို့ဖြစ်၍ အီတလီပြည်ရှိ မိမိ ဆွေမျိုးသားချင်းများထံမှလည်း အလှူတော်ငွေများ ကောက်ခံခဲ့လေသည်။ သို့ဖြစ်၍ ဘုန်းတော်ကြီး နယ်ရီးနီသည် သန်လျင်မြို့ရှိ အလှူဒါယကာကြီးနှင့် ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ပေးပို့ကြသော လက်ခံရရှိသည့် အလှူတော်ငွေများဖြင့် အလွန် ခမ်းနားသပ္ပာယ်မှု့ရှိသော ဘုရားရှိခိုးကျောင်းဆောင်သစ်ကို ဆောက်လုပ်ခဲ့သည်။ ထိုဘုရားရှိခိုးကျောင်းကြီးသည် အလျား (၈၁)၊ အနံပေ (၃၁)၊ အမြင့်ပေ (၄၀) ဧရိယာ အကျယ်အ၀န်းရှိသည်။ ထို့ပြင် သန်လျင်အရပ်ဒေသများ၌ အသုံးမပြုခဲ့ဘူးသေးသော အုတ်များကို အသုံးပြုခါ အုတ်တိုက် ကျောင်းဆောင်ကြီးကို တည်ဆောက်ခဲ့သည်။ သို့ဖြင့် ၀န်းကျင်ရှိ လူတို့ ရှုမငြီး အံ့သြရလောက်သည့် အုတ်တိုက်ကျောင်းဆောင်ကြီး တစ်ဆောင်ဖြစ်ခဲ့သည်။ ကိုရင်ကြီး အန်ဂျေလို ကာပဲလိုသည်လည်း မိမိကိုယ်တိုင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပညာရပ်များ၌ ကျွမ်းကျင်မှု့ရှိသည့် အလျောက်၊ ဦးစီး ဦးဆောင်ပြုလုပ်ပေးလျက် ကူညီ ပံ့ပိုးပေးခဲ့သည်။ ထိုခေတ် ထိုအခါက လူသားများ မတွေ့စဖူး၊ မမြင်စဖူးသော အဆောက်အအုံကြီး တစ်ခုဖြစ်ခဲ့ရလေသည်။

   သက္ကရာဇ် ၁၇၅၀ ခုနှစ်တွင် သန်လျင်ကျောင်းတော်ကြီးမှာ ဆောက်လုပ် ပြီးစီးနိုင်ခဲ့လေသည်။
ဘုန်းတော်ကြီး နယ်ရီးနီသည် မိမိအား အစဉ် ကူညီ မှိုင်းမတော်မူခဲ့သော ဘုရား၏ မယ်တော်အား ဂုဏ်ပြုလိုသောအားဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်ကြီးအား “ အပြစ်မဲ့ သန္ဒေယူသည့် အလွန်မွန်မြတ်သော ကညာမာရီးယား သခင်မ၏ ကျောင်းဗိမာန်” ဘွဲ့ နာမကို ပေးအပ်ခါ၊ ထိုနှစ်မှာပင် ကျောင်းရေစက်ချ သာဓုခေါ်ပွဲကို ကျင်းပခဲ့သည်။


ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း(၁၂)