Monday, April 28, 2014
အင်းဝရောက်ခြေရာများ - အပိုင်း(၁၀)
နိဂုံးချုပ် အနေနဲ့၊ နောက်ဆုံး မေတ္တာရပ်ခံချက်တခုကို တင်ပြလိုတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ သာသနာအတွက် ငွေရေးကြေးရေးဘက်က ကူညီ ပံ့ပိုးပေးပါအုံး လို့ပဲ တောင်းဆို ချင်တယ်။ ငွေရေးကြေးရေးဆိုတာ စဉ်းစားစရာ မဟုတ်ပါဘူးလို့ ကျွန်ုပ်လဲ စောစောပိုင်းက ထင်စားမြို့ ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ ကျွန်ုပ် ဘ၀အတွေ့အကြုံကလေးတွေက တမြို့းထောက်ပြ လာနေပြီလေ။ ငွေရေး ကြေးရေးဆိုတာ လူတိုင်း တွေ့ကြုံရင်ဆိုင်ရတဲ့ ဘ၀ပြဿနာ သောင်းခြောက်ထောင် ကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါလားဆိုတာကို တဖြည်းဖြည်း သိလာခဲ့တယ်။ ဒီအခက်အခဲ ပြဿနာနဲ့ ပတ်သက်လို့ တင်ပြလိုတာက ဒီလိုရှိပါတယ်။ အစ်ကိုကြီးရေ။
    ဒီအရပ်ဒေသမှာ အချို့လူတွေက ဘာသာသူတွေကို ငွေနဲ့ ကိုင်ပြီး အနိုင်ယူလေ့ရှိကြတာကို မြင်တွေ့ရတယ်။ ကျွန်ုပ်တို့ ဘာသာဝင်တွေဟာ ငွေကြေးရှင်တွေရဲ့ ကျွန်တွေ ဖြစ်သွား ကုန်တာပေါ့ သူတို့ဟာ ဘာသာရေး လိုက်စားခွင့်တွေ ပျောက်ဆုံး ကုန်ကြတယ်။ အပိတ် အပင်ခံကြရတယ်။ ဒီလို ဒုက္ခပင်လယ်ပြင်မှာ ရှိနေကြတဲ့ သူတွေကို ကယ်ဆယ်ပေးဘို့ အစ်ကိုကြီးထံ ငွေရေးကြေးရေး အကူအညီ တောင်းခံရတာ ဖြစ်ပါတယ်။ နောက်ပြဿနာတခုက ဘာလဲဆိုတော့ - ဒီအရပ်ဒေသမှာ ရောက်နေကြတဲ့ အနောက်တိုင်းသားတွေဟာ ဒေသခံ တိုင်းရင်းသူတွေနဲ့ အိမ်ထောင်ကျကြပြီး မွေးဖွားလာတဲ့ ကလေးသူငယ်တွေကို ဘာသာထဲကို သွင်းကြပေမဲ့လဲ ဘာသာရေး ဆိုင်ရာဘက်မှာ ဆက်လက် ဂရုစိုက်ပေးမှု အားနည်း နေကြတာကို တွေ့မြင်နေရတယ်။ ဒီတော့ ဒီကလေးတွေ မပျက်စီးစေဘို့ ကျွန်ုပ် ကျောင်းမှာပဲ စုခေါ် ထားရပါတယ်။ ဒီလို အခက်အခဲ ပြဿနာတွေနဲ့ အခြားအလားတူ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရေးအတွက် ငွေကြေး မရှိဘူးဆိုရင် ဘာမှ မတတ်စွမ်းနိုင်ပါဘူး ဒီတော့ ကျွန်ုပ် ယခင်ကာလတုန်းက တောင်းဆိုထားတဲ့ နှုန်းထားနဲ့ လှူတမ်းမယ်လို့တော့ တွက်မထားပါနဲ့ အစ်ကိုကြီးရဲ့မြို့သားစုမှာ ခြိုးခြံ ချွေ တာကြပြီး၊ အစွမ်းကုန် လှူဒါန်းနိုင်ဖို့ ခွန်အားစိုက်ပေးပါလို့ မေတ္တာရပ်ခံ လိုတာ ဖြစ်တယ်။ အခြား အလှူရှင်တွေကိုလည်း စည်းရုံးပေးပါအုံးလို့ မေတ္တာရပ်ခံပါတယ်။
     အထက်က တင်ပြတဲ့ အခက်အခဲပြဿနာတွေဟာ ဘုရားကျောင်းကန်တွေကို တည်ဆောက်ဘို့ထက် ပိုပြီး အရေးတကြီး လိုအပ် နေတဲ့ အကူအညီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ်လိုအပ်တဲ့ အကူအညီတွေက ရိုးရိုး အဆောက်အအုံတွေ အတွက် မဟုတ်ပါဘူး။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား ကိန်းဝပ်စံပ္ပါယ်ရာ ၀ိညာဉ်များကို ပြုပြင် ဆောက်လုပ်ပေးဘို့ ဖြစ်တယ်။ ဆိုတာကို သဘောပေါက် နားလည်စေလိုပါတယ်။
နောက်ဆက်ပြီး ရေးစရာတွေကတော့ အများကြီး ကျန်ရှိသေးတယ်။ ဒါပေမဲ့လဲ စာရွက်က နေရာမရှိတော့ဘူး။ အင်း... အီတလီစကားကလဲ ရေးလေ နှေးလေ ဖြစ်လာနေပြီ တကယ် ကိုယ်မတတ်နိုင်တဲ့ နိုင်ငံခြားဘာသာ စကားကျနေတာဘဲ ကိုင်း... နောက်ဆုံးအနေနဲ့ အဆုံးသတ် လိုက်ချင်တာကတော့ ပါပါတို့ မာမာတို့နဲ့ မြို့သားစုတတွေ အားလုံးကို နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါ။ ကျွန်ုပ်တို့ မြို့ခင်ဌာနက ဆရာသမား ဘုန်းတော်ကြီးများကိုလည်း ကျွန်ုပ်အတွက် မေတ္တာပို့ပေးကြဘို့နဲ့ အခု ရေးသားပေးပို့လိုက်တဲ့ သတင်းစကားတွေကိုလဲ တဆင့် ပြောပြပေးဘို့ အစ်ကိုကြီးကိုပဲ မေတ္တာ ရပ်ခံလိုက်ပါရစေ။ အစ်ကိုကြီးဆီကို ဒီလို ရေးသာလိုက်ရတာ ကတော့ အစ်ကိုကြီးက တစ်ဆင့် ကျွန်ုပ်တို့ ဂိုဏ်းသား ဘုန်းတော်ကြီးတွေလဲ သတင်းတွေ ရကြမှာပါပဲလို့ မျှော်လင့်ထားလို့ ဖြစ်ပါတယ်။ ကိုင်း အကိုကြီးရေ... ကျွန်ုပ်အတွက်လဲ ဆုတောင်းပေးပါ။ အခြားသူတွေကိုလဲ အလားတူ ဆုတောင်းပေးကြဘို့ တောင်းဆိုပေးပါ။ အချစ်များစွာနဲ့ အစ်ကိုကြီးကို နှုတ်ခွန်းဆက်သရင်း...
သင့်ရဲ့ချစ်ရတဲ့ ညီတော်
ဒီ၊ ပေါလ်လို၊ အ(မ်)အေ
သန်လျင်မြို့ပေါ်တွင် စစ်မီးများ ငြိမ်းအေးသွားကြလေပြီ ဖြစ်သည်။ သို့သော် မွန်-မြန်မာတို့၏ ဆက်ဆံရေးများမှာ ပျော့ပြောင်းမှုကို မရရှိကြသေးပေ။ တင်းမာမှုများ ဆက်လက် ဖြစ်ပွါးလျက် ရှိခဲ့သည်။  မွန်တို့ စစ်ရေး သာသွားသဖြင့် တန်ခိုးအာဏာသည်လည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ နိုင်ငံရေး ခြေကုပ်များ ရရှိလာသည်နှင့် တပြိုင်နက်တည်း မိမိမြို့တို့အရပ် ဒေသများမှာ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် စောင့်ရှောက် ထိန်းသိမ်းပေးကြရသည်။ မိမိမြို့တို့ရန်သူများကို မျက်ခြည်မပြတ် ကြည့်ရှု့ စောင့်ရှောက်နေကြရသည်။
     ထိုသို့ နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ကြီးထွားနေချိန်မှာပင် ပြဿနာတခု ပေါ်ပေါက်ခဲ့သည်။ သက္ကရဇ် ၁၇၄၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် နိုင်ငံခြား သင်္ဘောခြောက်စင်းသည် သန်လျင် ဆိပ်ကမ်းမြို့သို့ အမှတ်မထင် ဆိုက်ကပ် လာခဲ့ကြသည်။ မြို့တော်လုံခြုံရေးကို အထူးရေးပေး ဆောင်ရွက်နေကြသော မွန်များသည် အဆိုပါ သင်္ဘောခြောက်စင်း အပေါ် သံသယစိတ်များ ဖြစ်ပွားခဲ့သည်။ တချိန်တည်းမှာပင် သန်လျင်မြို့သို့ ပဲခူးမှ ရောက်ရှိနေသော ဆရာတော်ဂါလိဇီယားထံသို့ မွန်များက ချဉ်းကပ်ကြ၍ အဆိုပါ နိုင်ငံခြား သင်္ဘော ခြောက်စင်းအား မိမိတို့ ကိုယ်စား စုံစမ်း မေးမြန်းပေးပါရန် တောင်းခံလာခဲ့ကြသည်။
 စုံစမ်းသိရှိရသည်မှာ အဆိုပါ သင်္ဘောများသည် သြစတင်းကုမ္ပဏီပိုင် သင်္ဘောများဖြစ်ကြပြီး စကွန်နီဗယ် (Schonenville) ဆိုသူ ပုဂ္ဂိုလ်က ဦးဆောင် လာခဲ့ကြောင်း သြစတင်းကုမ္ပဏီသည် အိန္ဒိယပြည် ဘင်္ဂေါပြည်နယ်မှ ဘန်ဂီဘဇားမြို့တွင် စီးပွားရေး အခြေချ လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီတခုဖြစ်သည်။ သို့သော် ၄င်းကုမ္ပဏီသည် အသက်ဆိုင်ရာ ဘေင်္ဂါပြည်နယ် အစိုးရ၏ ပိတ်ပင်မှုခံရသဖြင၊့် ၄င်းတို့သည် ယခုကဲ့သို့ သန်လျင်ဆိပ်ကမ်းမြို့သို့ ဆိုက်ရောက် လာခဲ့ကြကြောင်းများကို လေ့လာ သိရှိခဲ့ကြသည်။ ယင်း သြစတင်းကုမ္ပဏီသည် သန်လျင်မြို့ ၌ နေရာ ချထားလိုကြောင်း တင်ပြလာခဲ့သည်။ အကယ်၍ မွန်တို့ဘက်မှ မိမိမြို့တို့ တောင်းဆိုချက်ကို လိုက်လျော လက်ခံမှုမရှိခဲ့ပါက လတ်တလော ဖြစ်ပေးနေသော နိုင်ငံရေး မတည်ငြိမ်မှုများ အပေါ် ခြေကုပ်ရယူ၍ အင်းဝဘက်မှ စစ်ကူပေးခါ မွန်တို့အား မိမိတို့ တိုက်ယူရမည် ဖြစ်ပြီး၊ သန်လျင်မြို့ ကိုပါ သိမ်းယူမည်ဖြစ်ကြောင်း သြစတင်းကုမ္ပဏီ ဦးစီးမှူးမှ ဆရာတော် ဂါလိဇီးယားကို တဆင့် ပြောကြားခဲ့လေသည်။
   ငြိမ်းချမ်းရေးကို အစဉ်လိုလား မြတ်နိုးမှု့ထားသော ဆရာတော်ကြီး ဂါလိဇီယားသည် သြစတင်းကုမ္ပဏီ၏ တင်ပြ တောင်းဆိုချက်များ အပေါ် လုံးဝ မနှစ်မြို့ခဲ့ပေ။ မွန်-မြန်မာတို့၏ နိုင်ငံရေးကို ၄င်းတို့အနေဖြင့် ၀င်ရောက် စွက်ဖက်လာပါက ယင်းဒေသတွင် စစ်မီးများ တဖန် ပြန်လည် တောက်လောင်ရမည် ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့ ပြုလုပ်လိုသည့် စီးပွားရေးကို အေးချမ်းသာယာသည့် နည်းလမ်းဖြင့် သာလျှင် ပြုလုပ်စေလိုကြောင်း ဆရာတော် ကိုယ်တိုင်ကပင် ၄င်းတို့အား ပဲခူးဘုရင်ထံ ပို့ဆောင်ပေးပြီး တွေ့ဆုံပေးမည် ဖြစ်ကြောင်း၊ ပဲခူး ဘုရင်မင်းမြတ်နှင့် မှန်ကန်သော နည်းလမ်းအတိုင်း ကြေအေးစွာ ပြောဆိုခွင့် ပြန်ပြီးမှသာလျှင် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများကို နေရာ ချထားစေလိုကြောင်း ဆရာတော် ဂါလိဇီယားသည် သြစတင်းကုမ္ပဏီ အဖွဲ့အား မေတ္တာရပ်ခံ ပြောဆိုခဲ့လေသည်။
ဆရာတော် ဂါလိဇီယား ပျံလွန်တော်မူခြင်း
သြစတင်းကုမ္ပဏီအဖွဲ့သည် ဆရာတော် ဂါလိဇီယား တင်ပြပြောဆိုချက်များ အပေါ် သဘောတူ လက်ခံခဲ့ကြသည်။ ဆရာတော်နှင့် အတူ ပဲခူးမြို့သို့ လိုက်ပါသွားခဲ့ကြသည်။ ကုမ္ပဏီ အဖွဲ့ခေါင်းဆောင် စကွန်နီဗဲလ်(၁၄)သည်လည်း မိမိတို့ အဖွဲ့အား လုံခြုံမှုရှိရေးအတွက် လက်နက်ကိုင် နိုင်ငံခြားသား အချို့ကိုပါ တပါတည်း ခေါ်ဆောင် သွားခဲ့လေသည်။
     သို့သော် ပဲခူးမြို့သို့ ရောက်ရှိသွားကြသော အခါ၊ သြစတင်းကုမ္ပဏီအဖွဲ့ တို့သည် မိမိတို့ တွေ့ဆုံလိုသော ပဲခူးဘုရင် မင်းမြတ်နှင့် မတွေ့ရှိခဲ့ကြပေ။ ပဲခူးဘုရင်
သမိန်ထောသည် တောအရပ်သို့ ဆင်ဖမ်း တောလိုက်ထွက်နေခိုက်နှင့် ကြုံခဲ့ကြရခြင်း ဖြစ်သည်။ သို့ဖြစ်၍ ပဲခူးဘုရင်ကို အချိန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရသည်။ နိုင်ငံခြားသားများ ပဲခူးမြို့တွင်းသို့ ရောက်ရှိလာနေခြင်း၊ ယင်းတို့နောက်မှလည်း လက်နက်ကိုင် တပ်သားများ ပါရှိနေခြင်းတို့သည်။ ပဲခူးနန်းတွင်း၌ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စေခဲ့သည်။ ထိုသို့ သံသယ စိတ်များပွားများ လာနေမှုကို ရိပ်စားမြို့သော ဆရာတော် ဂါလိဇီယားသည် အခြေအနေများကို ထိန်းသိမ်းစောင့်ရှောက် ပေးရန် စကွန်နီဗဲလ်နှင့် အဖွဲ့တို့အား ပဲခူးမြို့မှ အဆောလျင် ပြန်လည်ထွက်ခွာသွားစေဘို့ ပြောဆိုခဲ့လေသည်။ မိမိ ကိုယ်တိုင် တာဝန်ခံ၍ ခေါ်ဆောင်လာခဲ့သဖြင့် မိမိကိုယ်တိုင်ပင် ယင်းအဖွဲ့အား သန်လျင်မြို့သို့ ပြန်လည် ပို့ဆောင်ပေးလိုခဲ့သည်။
(၁၄) Bishop Bigandet in his History of the Catholic Church in Burma, says that de Schonenville and his followers were Danes. Gallo says that they were Dutch from Sermapore.
      U Kaung in his “ The Beginning of the Christian Education in Burma 1600-1824” (J.BR.S.,50th Anniversary, 1960.,pg 19) bares his statement on igandet, while in pg 10 of the same publication John L. Christian says Bigandet was mistaken and the expedition was made by the OSTEND Company of Banky Bzar. (Cf Guardian Magazine August 1962. Pg 20.footnote)
     ထိုသို့ ပြန်လည် ဆုတ်ခွာသွားကြချိန်၌ ပဲခူးမြစ်သည်လည်း ဒီရေကျဆင်းချိန် ဖြစ်ခဲ့ရသည်။ ယင်းတို့ စီးနင်းလိုက်ပါခဲ့သော သင်္ဘောသည်လည်း သောင်တင်ခဲ့ရသည်။ သို့ဖြစ်၍ ရေကြောင်းခရီးကို စွန့်ခွာလျှက် ကုန်းကြောင်းခရီးနှင့်ပင် သန်လျင်သို့ ပြန်လည်လာခဲ့ကြသည်။ ထိုသို့ ပြန်စဉ်အခိုက် တောနက်တခု အတွင်းရှိ မွန်တပ်တို့ချထားသော လုံခြုံရေး ကင်းတဖွဲ့ ဖြင့် တွေ့ ဆုံခဲ့ကြရပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲမှာပင် စကွန်နီဗဲလ်နှင့်အဖွဲ့များ အားလုံး ကျဆုံးခဲ့ကြသည်။ အလားတူပင် လိုက်ပါပို့ဆောင်ပေးသော ဆရာတော်ဂါလိဇီးယား ပဲခူးမြို့တွင် သီတင်းသုံး နေထိုင်သော ဘုန်းတော်ကြီး မွန်ဒဲလီ၊ ဘုန်းတော်ကြီး ဒယ်လ်ကွန်တေ တို့ပါ။ ထို အသက်ဆုံးရှံးမှု့ များ၌ ပါဝင်ခဲ့ရတော့သည်။ သို့ဖြစ်၍ မြန်မာပြည် ကက်သလခ်၏ ပထမဆုံးသော သိုးထိန်းဆရာတော်သည် သာသနာလုပ်ငန်းများ စတင်လုပ်ကိုင် မဆောင်ရွက်မီမှာပင် ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ပေးရာ၌ မိမိ အသက်ကို ပူဇော်လိုက်ရခြင်းဖြစ်သည်။
   ထွန်းသစ်စ သာသနာ၏ အရိပ်သည်လည်း ကျိုးပဲ့ခဲ့ရခြင်းဖြစ်သည်။ မြန်မာပြည် ကက်သလခ် အသင်းတော်အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှု့ကြီးတစ်ရပ် ဖြစ်ခဲ့ပေသည်။ ဆရာတော် ဂါလိဇီးယားသည် မြန်မာပြည် အခြေအနေများကို ကောင်းစွာ သိရှိ နားလည်ပြီး မြန်မာပြည်ရှိ သာသနာတော်ကို မြှင့်တင် ဆောင်ရွက်ပေးလိုသော ပုဂ္ဂိုလ်တပါးဖြစ်သည်။ ဤအသိတရား၏ လှုံ့ ဆော်ချက်များကြောင့် အီတလီပြည်သို့ မိမိကိုယ်တိုင် ကြွမြန်းသွား၍ သက်ဆိုင်ရာ သာသနာပိုင် အကြီးအကဲများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့သည်။ အကူအညီသစ်များပင် လက်ခံ ရရှိလာခဲ့သဖြင့် မြန်မာပြည်သို့ဝမ်းပန်းတသာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ မိမိအား အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်များနှင့် အတူ သာသနာပြု ပုဂ္ဂိုလ်သစ်များနှင့် သာသနာတော်ကို စတင် ပျိုးထောင်ပေးရန် ကြိုးပမ်း ဆောင်ရွက်သည့် ခရီးလမ်းစမှာ ရှိနေချိန်ပင်ဖြစ်ခဲ့သည်။ ဦးဆောင်ပေးမှု့ထက်မြက်ပြီး၊
သာသနာပြုသစ်များအတွက် အားကိုးအားထားရာ ဖခင်ကြီးဖြစ်ခဲ့သည်။ သို့သော် ဤပုဂ္ဂိုလ်ကြီးကား ငြိမ်းချမ်းရေး ဥယျာဉ်ကြီးထဲတွင် သံသယစိတ်များ ရွာသွန်းချလိုက်သော မုန်တိုင်းတွင်းသို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်သည်။ ဆရာတော်နှင့် အတူ အီတလီပြည်မှ လိုက်ပါခဲ့ကြသော အားသစ် ဘုန်းတော်ကြီးနှစ်ပါးကိုပါ အသက် ဆုံးရှံးလိုက်ရပါသဖြင့် ထွန်းသစ်စ မြန်မာပြည်ကက်သလခ်  သာသနာအတွက် အထူးပင် အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှု့ တစ်ရပ် ဖြစ်ခဲ့ရပေသည်။
   ပဲခူး-သန်လျင်တောစပ်၌ ဖြစ်ပွားခဲ့သော သတင်းများ သန်လျင်သို့ အဆောတလျင် ရောက်ရှိလာခဲ့သည်။ ထိုဖြစ်ပွားမှု့ ကြီး၏ မျက်နှာဖုံး သတင်းမှာ မွန်တပ်နှင့် နိုင်ငံခြားသားများ၏ ပဋိပက္ခဖြစ်ပွားမှု့ဖြစ်သည်ဟု ကျော်ကြားခဲ့သည်။ သို့ဖြစ်၍ အဆိုပါ အရေးအခင်းသည် သန်လျင်မြို့ပေါ်ရှိ အနောက်တိုင်းရင်းသားများအတွက်ပါ အသက် စိုးရိမ်ကြောင့်ကြမှု့များ အဖြစ်သို့ ကူးဆက်သွားခဲ့သည်။ သန်လျင်မြို့ပေါ်ရှိ ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီးကာပဲလို တို့သည်လည်း သတင်းရရှိကြသည်နှင့် တပြိုင်နက်တည်း သန်လျင်မြို့ အနီးရှိ ကျေးရွာများသို့ ထွက်ခွာ တိမ်းရှောင်နေကြရသည်။ ထိုကျေးရွာများသို့ ရောက်ရှိပြီးနောက်ပိုင်းမှ သာလျှင် မိမိတို့ ဖခင်ဆရာတော်ကြီးနှင့် နောင်တော် ဘုန်းတော်ကြီးနှစ်ပါးတို့၏ အသက်ဆုံးရှံးမှု့ သတင်းစုံကို ကြားသိရခြင်း ဖြစ်သည်။
  သန်လျင်မြို့ ပေါ်၌ မငြိမ်သက်မှု့များမှာ တနေ့တခြား ပိုမို၍သာ ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီး ကာပဲလိုတို့သည် ကျေးရွာများ၌ ဆက်လက်ခိုလှုံ နေထိုင်ခဲ့ကြရသည်။ တဖန် မွန်တို့၏ နန်းတွင်းကိစ္စများ၌လည်း ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ ပဲခူးသမိန်ထောဘုရင်သည် အုပ်ချုပ်ရေး၌ လစ်ဟင်းမှု့ များပြားခဲ့ပြီး၊ တောလိုက်ဝါသနာ၌ အချိန်ကုန်ဆုံး စေခဲ့သည် သူကိုယ်တိုင်၌က နိုင်ငံရေး၊ စစ်ရေးဘက်များ၌ ကျွမ်းကျင်မှု့ နည်းပါးသည်။ သို့ဖြစ်သောကြောင့် မွန်များသည် သမိန်ထောဘုရင်ကို မလိုလားခဲ့ကြတော့ပေ။
  သက္ကရာဇ် ၁၇၄၇ ခုနှစ်တွင် အောက်မြန်မာပြည်ရှိ မွန်တို့သည် စစ်အင်အား အလုံးအရင်းဖြင့် အထက် မြန်မာပြည် အင်းဝသို့ စစ်ချီတက်ခဲ့ ကြသည်။ အင်းဝ နေပြည်တော်ကြီးမှ မွန်တပ်များကို ပြန်လည် ခုခံ တိုက်ထုတ်လိုက်ခဲ့သဖြင့် မွန်များစစ်ရေးနိမ့်ခါ အောက်မြန်မာပြည်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။ ပဲခူးဘုရင်သမိန်ထော ကိုယ်တော်တိုင် စစ်တောင်းမြစ်မှ တဆင့် ယိုးဒယားပြည်-ဇင်းမယ်မြို့သို့ထွက်ပြေး တိမ်းရှောင်ခါ နိုင်ငံရေး ခိုလှုံ ခွင့်တောင်းဆို နေထိုင်ခဲ့ရသည်။
   ၁၇၄၃ ခုနှစ်တွင် ဆရာတော် ဂါလိဇီးယားနှင့်အတူ လိုက်ပါခဲ့ကြသော ဘားရ်နားဘိုက် သာသနာပြုအဖွဲ့ တို့သည် သာသနာလုပ်ငန်းများ ကို တစုတရုံးတည်း အတူတကွ တနှစ်ကျော်ခန့်မျှသာ လုပ်ကိုင်ခဲ့ကြရသည်။ သို့သော် ယခုမှာမူ သာသနာဖခင်ကြီးကို ဆုံးရှံးရသည့် အပြင်၊ မိ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များကိုပါ ဆုံးရှံး လိုက်ရသော ဘုန်းတော်ကြီးနယ်ရီးနီသည် ကိုရင်ကြီးကာပဲလိုနှင့် အတူသာ ထီးထီး ကျန်ရှိခဲ့တော့သည်။ ခရစ်တော်၏ လုပ်သားကောင်း ပီသသော ဘုန်းတော်ကြီး နယ်ရီးနီသည် မိမိ အပေါ်၌ ကျရောက်လာခဲ့သော သာသနာ့တာဝန်ကို မဆုတ် မနစ်သော ဇွဲလုံလဖြင့် အစွမ်းကုန် ထမ်းဆောင်လိုသော စိတ်ဆန္ဒကိုသာ ရည်သန်ခဲ့သည်။ တိမ်းရှောင်နေသော ကျေးရွာများ၌ အချိန် မကြန့်ကြာလိုတော့ပဲ သန်လျင်သာသနာသို့ အဆောတလျင် ပြန်လိုခဲ့သည်။ သို့သော် ထိုသို့ ပြန်သွားရန် အခြေအနေပေးမှု့က အထူးပင် နည်းပါးလျက် ရှိနေသေးသည် သန်လျင်မြို့ ၌ နိုင်ငံရေး အခြေအနေများ ပိုမို ဆိုးရွားနေသည့် အလျောက် ကိုရင်ကြီးကာပဲလိုကိုပင် အန္ဒိယပြည်သို့ ခေတ္တ ယာယီသွားရောက် နေထိုင်ရန် စေလွှတ်ပေးခဲ့ရသည်။ မိမိကိုယ်တိုင်၌ကမူ နီကိုးဗားကျွန်းသို့သွားရောက် သီတင်းသုံးရန် ထွက်ခွာခဲ့ရသည် သို့သော် မိမိ စီးနင်းလိုက်ပါလာသော သင်္ဘောသည် အစာရေစာ ပြတ်တောက်သွားသဖြင့် မြိတ်မြို့သို့ ခရီး ရပ်တန့်သွား ခဲ့ရသည်။
မြိတ်မြို့သည် ထိုစဉ် အချိန်အခါက ယိုးဒယား လက်အောက်ခံဖြစ်ခဲ့သည် မြိတ်မြို့ ၌ ယိုးဒယားမှ ပြင်သစ် ကက်သလခ်သာသနာပြုများ ရှိခဲ့ကြသည်။ သို့ဖြစ်၍ ဘုန်းတော်ကြီး နယ်ရီးနီသည် မြိတ်မြို့ ရှိ ကက်သလခ် သာသနာတွင် လုပ်ငန်းများတွင် ကူညီပေးရင်း (၈) လကြာမျှ ဆက်လက် သီတင်းသုံး နေထိုင်ခဲ့လေသည်။ စာပေများကို ဆက်လက် လေ့လာ သင်ယူခဲ့သည်။ မြိတ်မြို့ မှ တဖန် အန္ဒိယပြည်-ပွန်ဒါချယ်ရီမြို့ သို့ ၁၇၄၆ ခုနှစ်၊ ဇန်န၀ါရီလပိုင်းတွင် ရောက်ရှိခဲ့သည် ပွန်ဒါချယ်ရီ၌ ကိုရင်ကြီး ကာပဲလိုနှင့် ပြန်လည် ဆုံဆည်းခဲ့ကြသည်။
   သို့သော် အိန္ဒိယရောက် ဘုန်းတော်ကြီး နယ်ရီးနီသည် မိမိစွန့်ခွာခဲ့ရသော သာသနာကို မျှော်လင့်တမ်းတလျှက် ပြန်ရက်များကိုသာ လက်ချိုးရေတွက်ခါ စောင့်မျှော်နေခဲ့ခြင်း ဖြစ်ပေသည်။
ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း(၁၁)