Monday, April 21, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၉)


 ဘုန်းတော်ကြီး နယ်ရီးနီမှ မစ္စတာပီတာ အမ်ဘရို့စ် ထံသို့ ပေးပို့စာ (၁၃)
 
သန်လျင်မြို့ 
ပဲခူးပြည်နယ် 
၁၇၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့
 
ချစ်ရတဲ့ အစ်ကိုကြီးထံ စာရေးလိုက်ပါသည်။
 
        လွန်ခဲ့သောနှစ်က စပြီး တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းရပ်တွေကို အားလုံးခြုံငုံပြီး ရေးသားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၇၄၄ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ပြီးဆုံးသွားခဲ့တဲ့ စစ်ဘေးဒဏ်ကြောင့် ညီတော်တို့နေတဲ့မြို့ဟာ မီးလောင်ကျွမ်းခံခဲ့ရပြီး၊ အတော်ကို ပျက်စီး သွားခဲ့ပါတယ်။ လူတွေ အတော်များများဟာ ဒီစစ်ဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရပြီး၊ ညီတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်အတွင်းမှာ (၂) လတာမျှလာရောက် ခိုလှုံ သွားခဲ့ကြရရှာတယ်။ အချို့ ကိုလည်း ကျွန်ုပ်တို့ ဘုရားရှိခိုးကျောင်းအနီး တ၀ိုက်မှာ ရှိကြတဲ့ ဘာသာဝင်များရဲ့ နေအိမ်တွေမှာ နေရာ ချထားပေးခဲ့ရတယ်။ အခုတော့ သူတို့တတွေ အားလုံးလိုလို မိမိတို့ နေရပ်ဒေသကို ပြန်သွားကြပြီဆိုတော့၊ သူတို့ ထွက်ခွာသွားကြတဲ့နေ့က စပြီး ညီတော်မောင်လဲ စိတ်အေးချမ်း သာယာမှု့အပြည့်အ၀နဲ့ နေထိုင်ရပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ ရှိကြတုန်းကဆိုရင် အမျိုးသမီးတွေရဲ့ ဆူညံ ပူညံသံတွေ၊ ကလေးသူငယ်တွေရဲ့ ငိုယိုသံတွေ၊ ဒီအသံတွေက နေ့ရောညပါ အသံမဆဲ ဖြစ်ခဲ့တာကိုး။ အခုကျ ပြန်တော့လဲ သူတို့ မရှိကြတဲ့ နောက်ပိုင်းမှာ ကြက်သံ ငှက်သံတောင် မကြားရသလောက် ဆိတ်ငြိမ်သွားခဲ့တော့တာပဲ။
 
(၁၃) Letter of Father Nerini to his brother Peter at Rome. Dated 5th February 1745. Cf “Storia del Cristianesimo nel’ Impero Barmano”. Luigi Gallo. Milano 1862. Vol I pp.213-223
 
  ဖေဖော်ဝါရီလတုန်းက၊ ဘုရင်မင်းမြတ်ဟာ ကျွန်ုပ်ရဲ့ ကျောင်းတိုက်ကို ကိုယ်တိုင် ကိုယ်ရောက် ကြွမြန်းလာခဲ့ပြီး ဘုရားရှိခိုးကျောင်းကို ကြည့်ရှ့ စစ်ဆေးသွားခဲ့ပါတယ်။ ကျွန်ုပ်တို့ကျောင်းတိုက်ဟာ ဥရောပတိုက်မှာ ရှိကြတဲ့ ကျောင်းတိုက်တွေရဲ့ ပုံစံပါဘဲ။ ဒါပေမယ့် ဒီဒေသမှာ ရနိုင်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကိုဘဲ အသုံးချပြီး ဆောက်လုပ်ထားရပါတယ်။ ဒီလ အတွင်းမှာဘဲ ဆရာတော်ဘုရားဟာ တောကြို တောင်ကြားမှာ သီးခြားနေထိုင်ကြတဲ့ ကရင်အမျိုးသားတွေရှိရာ ကျေးရွာတွေဘက်စီကို လှေနဲ့သွားရောက် လှည့်လည် ပတ်ရှု့ခဲ့ပါတယ်။ နန်းတွင်းကလာတဲ့ သတင်းအရဆိုရင်၊ တိုင်းပြည်ဟာ ရက်ပိုင်း အတွင်းမှာပဲ ရှုပ်ထွေးစရာ အကြောင်း ရှိနိုင်သေးတယ်တဲ့။ ဒါကြောင့် ဆရာတော်ဘုရားဟာ ဘုန်းတော်ကြီးတွေ အားလုံးကို သန်လျင်မှာပဲ စုပြီး သီတင်းသုံးနေထိုင်ကြဘို့ ဆန္ဒရှိခဲ့တယ်။ သန်လျင်ဆိုတာက နေပြည်တော်နဲ့ အလှမ်းဝေးတဲ့ အလျောက် ဘေးဥပဒ်နဲ့လဲ ကင်းဝေးနိုင်တာပေါ့။ နောက်အကြောင်းတစ်ခုက ပြည်တွင်းမှာ ဘေးဒုက္ခ တခုခု ရောက်ရှိလာမယ်ဆိုရင်လဲ ဘုန်းတော်ကြီးတွေဟာ ဘေးလွတ်ရာကျွတ်ရာကို တိမ်းရှောင်နေ ထိုင်နိုင်မယ်လို့ ဆရာတော်ဘုရားဟာ ယူဆမိခဲ့တာဖြစ်တယ်။

   ဆရာတော်ဘုရားဟာ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က၊ သန်လျင်မြို့ကို ကြွရောက်လာခဲ့တယ်။ ဒီကနေ
ခရီးဆက်လက်ထွက်ခွာဘို့ အားလုံး ပြင်ဆင်ပြီးတဲ့ အခါမှာ၊ သူစီးတဲ့လှေဟာ ဒီရေအကျနဲ့သွားပြီး တိုက်ဆိုင်နေတယ်ဆိုတော့ သောင်တင်သွားခဲ့တယ်။ ဒီလို ဒီရေအကျမှာ သောင်တင်နေတဲ့ လှေဆိုတာက တွန်းချလို့ရတဲ့ ကိစ္စမျိုးလဲ မဟုတ်ဘူး။ ဒါနဲ့ဘဲ ဆရာတော်ဘုရားရဲ့ ရှေ့ခရီးစဉ်ကို ဖျက်ပစ် လိုက်ခဲ့ရတယ်။ တချိန်ထဲမှာဘဲဗုဒ္ဓဘာသာ ဘုရားပွဲတခုနဲ့လဲ တိုက်ဆိုင်နေခဲ့တယ်။ ဒီ ပွဲတော်အတွင်းမှာ ဆူပူထကြွမှု့တခုခုဖြစ်ပေါ် လာအုန်းမယ်လို့လဲ အများက ဝေဖန် ပြောဆိုနေကြပြန်တယ်။ ဒါပေမဲ့ ဒီပွဲတော်ကြီးလဲ ပြီးဆုံးသွားခဲ့တာ၊ ဘာမျှလည်း မဖြစ်ခဲ့ပါဘူး။ ပြောဆိုနေကြတဲ့ ကောလဟာလ သတင်းတွေလည်း ပျောက်ကွယ် သွားတော့တာပါ။
 
   မတ်လထဲမှာကတော့ ပဲခူးဘုရင်သစ်ဖြစ်တဲ့ သမိန်ထောဆိုသူဟာ သူ့ထီးသူ့နန်းအတွက် စိုးရိမ်ကြောင့်ကျစရာကလေးတွေ ဖြစ်ပေါ်လာတာနဲ့ စည်းရုံးရေးအသွင်နဲ့ သူရဲ့ လက်အောက်ငယ်သားတွေကို သစ္စာရေသောက်ခိုင်းခဲ့တယ်။
 
  ဒီသစ္စာရေသောက်သုံးမှု့ဟာ ကျွန်ုပ်တို့ ဘာသာတူတွေအတွက် သူတို့ရဲ့ ဘာသာရေး ခံယူချက်တွေကို ခိုင်မာမှု့ရှိတယ်၊ မရှိဘူးဆိုတာကို ဆန်းစစ် ခဲ့သလိုပါဘဲ။ လူအနည်းစုကတော့ ဘုရင့်အာဏာကို မလွန်ဆန်ရဲကြလို့ အဲဒီရေကို သောက်ခဲ့ကြတာ ဖြစ်တယ်။ အဲဒီရေကို မသောက်ကြဘို့ သြ၀ါဒမှာ ကျွန်ုပ် ထည့်ပြောခဲ့ပါတယ်။ ဒီရေကို သောက်ရင် မိမိတို့ ယုံကြည်ကိုးကွယ်မှု့နဲ့ ဆန့်ကျင်ရာကျတယ်။ ဒီရေကို သောက်သူတွေဟာ မိမိတို့ အမှန်တရားအနေနဲ့ ကိုးကွယ်နေတဲ့ ဘုရားကို စွန့်ပစ်ရာကျပြီး၊ အခြား ဒိဌိမမှန်တဲ့ဘုရား၊ နတ်တွေကို လက်ခံယူရာ ကျတယ်လို့ ကျွန်ုပ်က အမျိုးမျိုး ရှင်းပြခဲ့ပါတယ်။ ဘာသာဝင်အချို့ကတော့ ဘုရားပညတ်တော်ကို ကျူးလွန်ရမှာ ကြောက်ရွံ့ ကြလို့၊ တောရွာတွေ ဘက်ဆီကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြတယ်။ အချို့ ကျတော့လဲ အဲဒီ ရေကို လာပေးသူတွေကိုဘဲ လာဘ်ပေးပြီး ၀ိနည်းရှောင်ခဲ့ကြတယ်။ အချို့ကျပြန်တော့လည်း တရားရုံးတော်ကို ရောက်ရှိသွားခဲ့ကြတယ်။
 
  ကျွန်ုပ်ကိုလည်း တရားရုံးတော်ကနေပြီး ဆင့်ခေါ်လိုက်ခဲ့ပါသေးတယ်။ ကျွန်ုပ်လဲ တရားရုံးတော်ကို မသွားမီ အမျိုးမျိုး တွေးမိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်က ဒီရေကို မသောက်ကြဘို့ ဘာသာတူတွေကို ပိတ်ပင်ခဲ့တယ်ဆိုတော့၊ ဘာသာတူတွေကလဲ ဘုန်းကြီးက မသောက်ရဘူးပြောလို့ မသောက်ကြတဲ့ အကြောင်းကို တရားရုံးမှာ ထွက်ဆိုခဲ့ကြမှာ ဖြစ်တာကိုး။ အဲဒီတော့ ကျွန်ုပ်ကိုပဲ နောက်ဆုံးအဆင့်မှာ ခေါ်ယူ စစ်ဆေးတော့တာပါလို့ တွေးတောမိခဲ့တယ်။ ကျွန်ုပ်ရဲ့ တားမြစ်ချက်က ဘုရင်ရဲ့ အာဏာကို ဖီဆန်မှု့ သက်ရောက်နေတယ်ဆိုတော့ ကျွန်ုပ်ဟာ အတော်ကို စိုးရိမ်မိခဲ့တယ်။ ကျွန်ုပ်လဲ ဘုရားရှိခိုးကျောင်းတော်ထဲကို သွားပြီး ဘုရားသခင်ကိုပဲ အားလုံးကို ပုံအပ်ခဲ့ပါတယ်။ ကာကွယ် စောင့်ရှောက်ပေးပါလို့ ဆုတောင်းပေးခဲ့ပါတယ်။ ရုံးတော်ကို သွားနေခိုက် လမ်းပေါ်မှာ ဆုတောင်းရလို့ အတောမသတ်နိုင်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ စဉ်းစားမိတယ်။ “အေး မင်းဟာ အခြားသူတွေကိုတော့ မသောက်ရဘူးလို့ ပြောပြီး၊ ဆရာ့အလှည့်တော့ ဖောက်ပြန်ခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်ကတော့ ဝေဖန်လိုက်ကြမဲ့ အမျိုးတော့”..လို့ တောင်စဉ်းစား၊ မြောက်စဉ်းစားနဲ့ အမျိုးမျိုး ဖြစ်ခဲ့ရ ပါသေးတယ်။
 
   ရုံးတော်ကိုရောက်တော့ ကျွန်ုပ်လဲ မြို့တော်ဝန်အနီးမှာပဲ နေရာယူပြီး ထိုင်လိုက်ပါတယ်။ ကျွန်ုပ်ရင်ထဲမှာ ဒီသစ္စာရေနဲ့ ပတ်သတ်ပြီး သောကစိတ်တွေ ဖြစ်ပေါ်နေဆဲမှာပဲ၊ အဲဒီ သစ္စာရေတွေ သိုလှောင်ထားတဲ့ စဥ့်အိုးကြီးတွေကို မြင်လိုက်ရပြန်တော့၊ ၀မ်းထဲမှာတက်လာတဲ့ အပူလုံးကြီးကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျတဲ့ ရုံးတော်က စစ်ဆေး မေးမြန်းချက်တွေထဲမှာ ဒီသစ္စာနဲ့ ပတ်သတ်လို့ တခွန်းတပါဒမှ ပါမလာခဲ့ဘူး။ အခြားကိစ္စတွေပဲ ဖြစ်နေခဲ့တာကို တွေ့ ရှိရတယ်။ တခါ နောက်တစ်ရက်ကျတော့ ရုံးတော်က တဖန် ဆင့်ခေါ်ခိုင်း ပြန်ပါတယ်။ အဲဒီနေ့မှာလဲ မနေ့က အတိုင်းပဲ ရင်တမမနဲ့ ရုံးတော်ကို သွားခဲ့ရတယ်။ ဒီတခေါက်မှာတော့ ဒီသစ္စာနဲ့ ပတ်သတ်လို့ပဲ ဖြစ်ရမယ်လို့ စိတ်ထဲမှာ တထစ်ချတွက်ပြီး သွားခဲ့ပါတယ်။ ကျွန်ုပ်ဟာတော့ ကျောင်းတော်ကို ပြန်လမ်းရှိမှာ မဟုတ်တော့ဘူးလို့ စိတ်ထဲတွေးပြီး သွားခဲ့ပါတယ်။ မုချဧကန် ဘုရင်အာဏာကို ဖီဆန်သူ တယောက်အဖြစ် အစွပ်အစွဲခံရ တော့မှာပဲလို့ တွေးမိတယ်။ အမှန်တကယ်မှာတော့ ဘုရင့်အာဏာကို ဖီဆန်မှု့ ပြုလုပ်တာ မဟုတ်ပါဘူး။ ဒီသစ္စာရေဆိုတာက ရိုးရိုးရေမှ မဟုတ်တာကိုး။ ဘာသာရေးနဲ့ ဆန့်ကျင်နေတဲ့ ဂါထာမန္တရားတွေ ရွတ်ဖတ်ပြီး စီစဉ်ထားတဲ့ ရေဖြစ်နေတာကိုး။ ဒါမျိုးရေးကို သောက်ဘို့ ဘယ်လိုမှ လက်ခံ နိုင်ဖွယ်ရာ အကြောင်းမရှိဘူး။ ကျွန်ုပ်တို့ ယုံကြည်လက်ခံတဲ့ ကျမ်းစာကိုကိုင်ပြီး သစ္စာဆိုဘို့ ခိုင်းတယ်ဆိုရင်တော့ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ရုံးတော်ကိုရောက်တော့ ဒီတခေါက်မှာလဲ အထင်နဲ့ အမြင် တခြားစီ ဖြစ်ကုန်ပြန်ပါတယ်။ ကျွန်ုပ်တစ်ယောက်တော့ တရားတော်အတွက် အသေခံဘို့ မထိုက်တန်သေးပါလားလို့ သိခဲ့ရတယ်။ ရုံးတော်ကတွေ့ လို့ မေးမြန်းလိုတဲ့ ကိစ္စကတခြားစီဖြစ်နေခဲ့ တယ်။ ဒ့ါအပြင် ရဟန်းဂိုဏ်းဝင် ပုဂ္ဂိုလ်တွေအတွက်ဆိုရင် ဒီလို သစ္စာရေမျိုး သောက်ဖို့ မလိုအပ်ဖူးလို့ ဆိုတာကိုလဲ သိရှိခဲ့ရတယ်။ အဲဒီ ရုံးကနေ အမှု့ကိစ္စတွေ ပြီးပြတ်ခဲ့တာနဲ့အမျှ ကျောင်းကိုအပြန်၊ လမ်းခရီးမှာဘဲ ဒီသစ္စာရေနဲ့ပတ်သတ်လို့ ခေါ်ယူ အစစ်ဆေးခံရတဲ့ ဘာသာဝင်တွေကို တွေ့ ရှိခဲ့ရပြန်တယ်။ ကျွန်ုပ်လဲ သူတို့မှာရှိတဲ့ ဘာသာရေးဝတ္တရားတွေ ဘယ်လိုရှိတယ်ဆိုတာကို ဘာသာရေးအရ ရှင်းလင်းပြောပြခဲ့တယ်။ ကျောင်းမှာ ကျန်ရှိနေခဲ့ကြတဲ့ သူတွေကလည်း ကျွန်ုပ်ကို ပြန်တွေ့ ကြတော့မှာပဲ စိတ်အေးကြတော့တယ်။ သူတို့တွေကလည်း ကျွန်ုပ်ထွက်သွားကတဲက ပြန်မလာမချင်း ကျွန်ုပ်အတွက် စိတ်ပူပန် သောကတွေ ရောက်နေခဲ့ကြတာကိုး။
 
   ဆရာတော်ဂါလိဇီးယားလည်း နန်းတွင်းက နာရီကြီးက ပျက်တယ်ဆိုတာနဲ့ နန်းတွင်းကို သွားပြီး နာရီကြီးကို ပြင်ပေးခဲ့ရသေးပါတယ်။ အဲဒီ တစ်ခေါက်မှာဘဲ သမိန်ထောမင်းက သူ့အတွက် အကူအညီတစ်ခုလောက်တော့ ဆောင်ရွက်ပေးပါအုံးလို့ ဆရာတော်ဘုရားကို တောင်းခံခဲ့ပါသေးတယ်။ ကိုရိုမွန်ဒါ (အန္ဒိယပြည်) ကမ်းခြေမှာရှိတဲ့ ပြင်သစ်ပိုင် ပွန်ဒါချယ်ရီမြို့ကို ဘုရင့်ကိုယ်စား စာရေးဆက်သွယ်ပေးဖို့ တောင်းခံ ခဲ့တယ်ဖြစ်တယ်။ ပဲခူးနိုင်ငံရေး အခြေအနေတွေ ငြိမ်သက်နေတုန်းမှာ ပွန်ဒါချယ်ရီမြို့ စားအနေနဲ့ မြန်မာပြည် ပင်လယ်ကမ်းခြေမှာ သင်္ဘောတွေချထားပေးဘို့ အကြောင်းကြားစာကို ရေးခိုင်းတာဖြစ်တယ်။ ဆရာတော်ဘုရားလည်း ဘုရင်တောင်းခံတဲ့အတိုင်းပဲ စာတွေကို ရေးပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဆရာတော်ဘုရားက ဘုရင်မင်းမြတ်ထံ အကူအညီတခု တောင်းခံခဲ့ပါတယ်။ တိုင်းရင်းသား နှစ်ဦးကို ပြည်ပနိုင်ငံကိုသွားဘို့ အခွင့်ပန်ခဲ့တာဖြစ်တယ်။ ဒီတိုင်းပြည်မှာ ဘုရင်ဆိုတာ သက်ဦးဆံပိုင် အာဏာရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ ဒီတော့ ဘုရင့် အခွင့်မရဘူးဆိုရင် မည်သည့် တိုင်းရင်းသားမျှ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်ရှိတာ မဟုတ်ပါဘူး။ ဒါကြောင့်ဆရာတော် ဘုရားရဲ့ တောင်းခံချက်ဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဆရာတော် ဘုရားတောင်းခံချက်ကိုလည်း ဘုရင်မင်းမြတ်ဟာ ငြင်းပယ်မှု့  မရှိ အားလုံးကို ရှောရှောရှူရှူ ခွင့်ပြုခဲ့ပါတယ်။
 
  နန်းတွင်း ကိစ္စတွေပြီးတာနဲ့ပဲ၊ ဆရာတော်ဘုရားဟာ ပဲခူးမြို့မှာပဲ နောက်ထပ်(၈) ရက်တာမျှ ဆက်လက် သီတင်းသုံးခဲ့ပါတယ်။ ပဲခူးမှာရှိတဲ့ ဘာသာဝင်တွေကို ခရစ္စမားအားပေးခြင်း စက္ကရမင်တူးပေးစရာ အစီအစဉ်တွေ ရှိနေလို့ပါ။ ဒါ့အပြင် နန်းတွေက နာရီကြီးက ပြန်ပြီးဖောက်ပြန် တယ်ဆိုတာနဲ့ ဆရာတော်ဘုရားဟာ နန်းတွင်းကို နောက်တဖန် ပြန်သွားခဲ့ရသေးပါတယ်။ ဘုရင်မင်းမြတ်ဟာ ပညာရေးဘက်မှာလည်း အထူး စိတ်ဝင်စားမှု့ တွေရှိတယ်။ ဒီတခေါက်ကျတော့ ဆရာတော်ဘုရားဟာ နာရီပြင်ဘို့အသွားမှာ ဘုရင်မင်းမြတ်နဲ့ ပညာရေးကိစ္စတွေကို (၃) နာရီကြာမျှ ဆွေးနွေး တိုင်ပင်ခဲ့တယ်။ ဒီကိစ္စတွေ ပြီးတော့မှပဲ ဆရာတော်ဘုရားဟာ သန်လျင်မြို့ကို ကြွရောက်လာခဲ့တယ်။ အခု ရေးပို့လိုက်တဲ့ သတင်းတွေကတော့ လွန်ခဲ့တဲ့ (၁၃) လပိုင်းက ဖြစ်ခဲ့တဲ့ သတင်းဖြစ်ရပ်တွေပဲ ဆိုကြပါစို့။ ဒါပေမဲ့ သာသနာနဲ့ ပတ်သတ်တဲ့သတင်းတွေကိုတော့ မရေးရသေးပါလား။
 
   အခုတလောမှာ အပိုအလုပ်တွေက အတော်ကို များနေတယ်။ ဘာသာပျက်သွားတဲ့ သူတွေကို ပြန်လည် စည်းရုံးနေရတယ်။ အချို့ လဲပြန်ပြီး ၀င်လာခဲ့ကြပါတယ်။ အခြားဘာသာကနေ ၀င်လာတဲ့သူတွေလဲ အချို့ ရှိတယ်။ ကျွန်ုပ်လဲ ဒေသခံ ဘာသာစကားကို ပြောတတ်နေပါပြီ။ ဒီအတောအတွင်းမှာ ယောက်ျားကလေးတစ်စုဟာ ကျွန်ုပ်နဲ့ဘာသာရေး လေ့လာနေကြတယ်။ သူတို့အထဲက အကြီး (၁၄) ယောက်ကိုတော့ ဆေးကြောခြင်း ပေးပြီးပါပြီ။ ဒါပေမယ့် ဒီကိစ္စဟာ ဘာမှ မပြောပလောက်ပါဘူး။ ဘာသာမရှိသေးတဲ့ သူတွေ၊ ဘာသာပျက်သွားတဲ့ သူတွေ၊ အာမေးနီးယန်း လူမျိုးတွေ၊ အင်္ဂလိပ်တွေ၊ ဒတ်ခ်ျလူမျိုးတွေ၊ ဒီလူတွေကို အများကြီးလုပ်ပေးစရာ ရှိနေပါသေး တယ်။ အဲဒီအထဲက နတ်ကိုးကွယ်နေတဲ့ လူတွေကို တွေ့ ရပြန်တော့လဲ ပိုလို့သာ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ဘာသာ ၀င်တွေကို စမ်းစစ်ကြည့်လိုက်ပြန်တော့လဲ၊ ဘာသာရေးဘက်မှာ အတော်လေးကို ပေါ့ဆနေကြတာကို တွေ့ ရှိရတယ်။ သူတို့ကို စံပြ ဘာသာဝင်တွေရယ်လိုတော့ သတ်မှတ်လို့ မရနိုင်သေးပါဘူး။ အချို့ ဟာ ဘာသာထဲကို ၀င်လာတာ ကြာမြင့်ပြီဖြစ်သော်လည်း မစ္ဆားနာယူရမှန်းကိုမှ မသိသေးသလောက် ဖြစ်နေကြတယ်။ အချို့ကျပြန်တော့လဲ အာပတ်ဖြေတာကို သိပ်ပြီး မတွေ့ ရဘူး။ ကောင်းကင်ဘုံမေတ္တာတို့၊ ယုံကြည်ခြင်းမေတ္တာတို့ဆိုတာ ဘာမှန်းတောင် မသိကြသေးသလောက် အသိတရား နည်းပါးနေတာကို တွေ့ မြင်ရတယ်။ အဆိုးဆုံးကတော့ ခရစ်ယာန်ဘာသာဝင်တိုင်းရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ ခရစ်စတူး အမှတ်အသားကိုတောင် မလုပ်တတ်ကြဘူး။ အမှန်တကယ်တော့ သူတို့ဟာ ဆေးကြောခြင်း စက္ကရမင်တူးကို ခံယူထားပြီး သူတွေဖြစ်ကြတယ် မဟုတ်လား။ ဒီလိုဆိုတော့ ခရစ်ယာန် ဖြစ်ကြပေမဲ့ ခရစ်ယာန်တွေရဲ့ အခြေခံ သဘောတရားတွေကိုတော့ သိသင့်ကြပါတယ်။ ဥရောပတိုက်မှာ ကတော့ ဒီလောက် ဆိုးရွားတဲ့ အခြေအနေမျိုးကို ဘယ်တွေ့ ရပါ့မလဲ။ ဒီမှာ တခုကတော့ ချွင်းချက်ပြုကြရမှာပဲ။ အဲဒါက ပတ်ဝန်းကျင် မတူညီမှု့ပေါ့။ ဒီအရပ်ဒေသမှာရှိတဲ့ ပတ်ဝန်းကျင်လောကနဲ့ ကျွန်ုပ်တို့ ဥရောပတိုက်ရှိ ပတ်ဝန်းကျင် လောကတွေက တူကြတာမှ မဟုတ်တာ။ ကွာခြားမှု့တွေက များလွန်းလှပါတယ်။ ဒုစရိုက်ဆိုတာ ရှိမှန်းတောင် မသိကြသယောင် ဖြစ်နေတယ်။ တခါတလေကျတော့လဲ ကျွန်ုပ်ဟာ ဘာသာတူတွေ အပေါ်ခတ်ကြမ်းကြမ်း အုပ်ချုပ်ပြောဆို ဆုံးမ ပေးရတယ်။ အာဏာ သုံးရတာပေါ့။ အခုတော့ တော်သေးရဲ့၊ ဒီမှာရှိတဲ့ ဘုရင်တွေက ကျွန်ုပ်တို့ အုပ်ချုပ်ရေးအပိုင်း အပေါ် ကန့်ကွက်မှု့ လုံးဝ မရှိဘူး။ အေးလေ၊ ဒီလို အာဏာကို အသုံးပြုတဲ့အခါ ကောင်းကျိုးလေးတွေ ပြုတာကို တွေ့ ရပါတယ်။ ဒါပေမဲ့ အာဏာဆိုတာ ကလည်း တချိန်လုံး သုံးနေလို့လဲ မပြီးသေးဘူး။ အာဏာကို သိပ်ပြီး သုံးပြန်တော့လဲ ဘာသာကို စွန့်ခွာသွားကြမှာ စိုးရိမ်ရတယ်။
 
   လွန်ခဲ့တဲ့ စစ်ပြီးသွားခဲ့တဲ့ နောက်ပိုင်းကာလမှာ အလုပ်ကို အားသွန်ခွန်စိုက် လုပ်တော့မယ်လို့ ရည်မှန်းထားခဲ့တာပဲ။ ဘုရားသခင်ရဲ့ ကျေးဇုးတော်နဲ့ဆိုရင် တနှစ်အတွင်း လုပ်ငန်းတွေ အတော်လေးကို အောင်မြင်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် မျှော်မှန်းထား သလောက်တော့ ဖြစ်ပေါ် မလာခဲ့ဘူး။ တစ်နှစ်သာ ကုန်ဆုံးသွားခဲ့တယ်။ မျှော်မှန်းတဲ့ လုပ်ငန်းတွေက စီမံကိန်း ထက်ဝက်လောက်ဘဲ ပြီးနိုင်ခဲ့တယ်။ အခု လတ်တလော တွေ့ ကြုံနေရတဲ့ ပြသနာက ဘာသာထဲကို နောက်ထပ်ဝင်လိုတဲ့ သူတွေအတွက် အဟန့်အတားတွေ ရှိနေကြတာဖြစ်တယ်။ အဲဒါကတော့ ဘာသာပျက်တွေရဲ့ မကောင်းတဲ့ နမူနာတွေပေါ့။ သူတို့ရဲ့ အကျင့်စရိုက်တွေက ဘာသာထဲကို ၀င်လိုတဲ့သူတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အခုကျွန်ုပ်တို့ အပင်ပန်းကြီးစွာနဲ့ လုပ်ကိုင်နေတဲ့ သာသနာ လယ်ကွင်း ပြင်ကြီးကို တနေ့ကျတော့ အားရမှု့အပြည့်အ၀နဲ့ ရိတ်သိမ်းနိုင်ကြပါစေလို့ဆိုတဲ့ ဆုကို ကျွန်ုပ်ကော၊ ဘာသာဝင်တွေကော နေ့စဉ်နဲ့ အမျှ တောင်းခံနေကြရတယ်။ ဒီတိုင်းပြည် အတွင်းမှာ ကိုယ်တော်ရဲ့ တရားတော် ထွန်းကားပြီး၊ နတ်ဆိုးရဲ့ ဒုစရိုက်ကျင့်ထုံးတွေ ချုပ်ငြိမ်းသွားဘို့ ဆုတောင်းမေတ္တာ အမြဲ ပို့သနေရပါတယ်။ ဒီမှာ နတ်ဆိုးဟာ ဘုရားထက်တောင် အားကိုးမှု့ခံစားနေရပါတယ်။ လူတွေဟာ ဘာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရောဂါဝေဒနာ ခံစားရပြီဆိုရင် မကောင်းဆိုးဝါး နတ်တွေကိုပဲ ပူဇော် ပသလေ့ရှိကြတယ်။
 
   ကျွန်ုပ်တို့လည်း ဒီအရပ်ဒေသမှာ သင်္ကန်း၊ ဘီရက်တာ(ရှေးခေတ်က ရိုမင်ကက်သလစ် ဘုန်းတော်ကြီးများ ဆောင်းသော ဦးထုပ်အနက်) နဲ့ ရိုမင်ကော်လာကိုဘဲ ၀တ်ဆင်ကြပါတယ်။ ကျွန်ုပ်လည်း ဥရောပကထွက်လာတဲ့ နေ့ကစပြီး အသုံးပြုနေကြဖြစ်တဲ့ ချုံထည်တို့၊ ခြေစွပ်အရှည်ကြီးတွေတို့ကို အန္ဒိယပြည်ကို ရောက်ကတည်းက အသုံးမပြုတော့ဘဲ ချွတ်လိုက်ရတယ်။ ဦးထုပ်ဆိုတာကိုလည်း ပဲခူးရောက်ကတည်းက မသုံးတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအရပ်ဒေသမှာ သူဌေးသူကြွယ်တွေသာ ဦးထုပ်ကို အပိုပစ္စည်းတစ်ခု အဖြစ် အသုံးပြုတယ်လို့ ပြောကြတယ်။ နောက်ပြီး ဒီမှာ ခြေနင်းရှားတော့ သစ်သားနဲ့လုပ်တဲ့ဖိနပ် (ခုံဖိနပ်) ကိုဘဲ အသုံးပြုတယ်။ အိပ်ယာခင်း ဆိုတာလည်း မသိတော့ပါဘူး။ ကျွန်ုပ်တို့ အဖွဲ့တွေထဲက အချို့ဆိုရင်လည်း လမ်းခရီးမှာပဲ သူတို့ရဲ့ အိပ်ယာလိပ်တွေ ပျောက်ဆုံးခဲ့ကြတာ ဖြစ်တယ်။ အချို့ကတော့ လွန်ခဲ့တဲ့ စစ်အတွင်းက ပျောက်ဆုံးခဲ့ကြတာ ဖြစ်တယ်။ တကယ်မှာတော့ ဒီက မင်းညီ မင်းသားတွေတောင်မှပဲ အိပ်ယာခင်းဆိုတာ အသုံးမပြုကြပါဘူး။ ဒီမှာဆို ဖျာတစ်ချပ်ရှိရင် ကိစ္စ ပြီးနေတာပါပဲ။ ပေါင်မုန့်နဲ့ စပျစ်ရည်တွေကလဲ ဘာမှန်းတောင် မသိတော့သလောက် ဖြစ်သွားခဲ့ပါပြီ။ ပေါင်မုန့်အစား ဆန်ကို ချက်ပြုတ်ပြီး စားကြတယ်။ စပျစ်ရည် အတွက်ကတော့ ရာသီအလိုက်သီးတဲ့ နဲနဲချဉ်တဲ့ အသီးတခုခုကို အရည်ညှစ်ပြီး၊ ရိုးရိုးရေထဲကို ရောထည့်လိုက်ရင် ပြီးသွားတာပါပဲ။
 
   ဂျုံမှု့န့်ကလဲ ပွန်ဒါချယ်ရီမြို့က သယ်ဆောင်ယူလာတဲ့ အတိုင်း အတာ လောက်ပဲရှိတယ်။ ဒီရှိတာလေးကိုတောင် ကိုယ်တော်မြတ်လုပ်ဘို့ သိမ်းထားရပါတယ်။ မစ္ဆားတရားအတွက် စပျစ်ရည်တောင် မနဲ ချွေတာပြီး သုံးနေကြရတယ်။ ပုလင်းသေးသေးကလေးကို တစ်လလောက် ခံအောင် ဂရုစိုက်ပြီး သုံးနေရတယ်။ ရက်သတ္တပတ်အတွင်း မစ္ဆားကို တစ်ရက်ခြား ဟောနေရတယ်။ ကိုရိုမွန်ဒါ ကမ်းခြေကနေ နောက်ထပ်သာ စပျစ်ရည် ရောက်မလာနိုင်ဘူးဆိုရင် ပွဲနေ့ကြီးတွေတောင်မှပဲ မစ္ဆား ဟောနိုင်မယ် မထင်တော့ဘူး။ ဒါပေမဲ့ ဘုရားသခင်ကတော့ ပစ်ထားမယ်လို့တော့ မထင်ပါဘူး။ ဒီလို အရေးကြီးတဲ့ ပစ္စည်းတွေကို မပြောနဲ့ အခြားပစ္စည်းတွေတောင်မှပဲ အချိန်တန်ရင် ရောက်လာခဲ့တာပါပဲ။ အခုလို ရေးလိုက်လို့လဲ ဒီမှာ ကျွန်ုပ်တို့ စိတ်ဓါတ်တွေ ကျဆင်းနေပြီလို့လဲ မထင်လိုက်နဲ့အုံး။ ကျွန်ုပ်တို့လဲ မသေနိုင်လောက် သေးပါဘူး။ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးက ပြောမရလောက်အောင်ကို ကောင်းမွန်နေတယ်။ ကျွန်ုပ်တို့ ဆရာတော်ဘုရား တပါးတည်းပဲ တခါတလေ အစာမကျေတတ်တဲ့ ရောဂါကလေး ခံစားရတတ်ပါတယ်။ အဲဒီ့အချိန်မှာ သူ့ရောဂါကို ကူသထုံးကတော့ စပျစ်ရည်ကလေး နဲနဲသောက်ချလိုက်တာပဲ။ ရောဂါလဲ ပျောက်သွားတာပဲ။ ကျွန်ုပ်တို့ ဆရာတော်ဘုရားကို ဘုရားသခင် အသက်ရှည် အောင်ထားပါစေအုံး။ သူဟာ ဘုရင်မင်းမြတ်နဲ့ ရင်းနှီးမှုရှိတာတို့၊ သာသနာကြီးအတွက် အတိုင်းအစမရှိ တန်ဖိုးရှိတာတို့၊ နောက်ပြီး ကျွန်ုပ်တို့ အားလုံးက ဘယ်လောက် အားကိုး အားထားပြုကြရတယ်ဆိုတာတွေကတော့ ဘုရားသခင်ပဲ အသိဆုံးဖြစ်မယ်။
 
ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၁၀)