Friday, April 4, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၈)

 
ဆရာတော် ပီးယို ဂါလိဇီးယား
မြန်မာပြည်ရောက်ခုနှစ်။   ။ ၁၇၂၈ ခုနှစ်၊ မေလ ၁၃ ရက်၊ အင်းဝ
 မြန်မာပြည်အတွက် ရောမမြို့တွင် သက္ကရာဇ် ၁၇၄၀ က ပထမဆုံးသော ဆရာတော် ဘိသိတ် ခံယူရရှိသူဖြစ်သည်။
ပျံလွန်တော်မူသောရက်။     ။ ၁၇၄၅ ခုနှစ်၊ မတ်လ၊ ပဲခူး-သန်လျင်လမ်း၊
 
ဆရာတော် ပီးယို ဂါလိဇီးယား
သက္ကရာဇ် ၁၇၃၀ ခုနှစ်တွင်၊ ရောမမြို့ ၊ သာသနာပိုင်ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေးဌာနချုပ်ကြီးသည် သာသနာရေး အကြပ်အတည်းတရပ် နှင့်တွေ့ ကြုံရင်ဆိုင်ခဲ့ရသည်။ ဥရောပတိုက်တစ်ခွင်တွင် သာသနာ့အမှု့ဆောင်များဖြစ်ကြသော ရဟန်းဘုန်းတော်ကြီးများ ဦးရေ ကျဆင်း ခဲ့သော အကြပ်အတည်းဖြစ်သည်။ ရဟန်းဘုန်းတော်ကြီးများ ရှားပါးမှု့ အခက်အခဲကို ၀ိုင်းဝန်းဖြေရှင်းပေးရန် မိမိဌာနချုပ် လက်အောက်ရှိ အဝေးရောက် ဘုန်းတော်ကြီးများကိုပင် ဥရောပတိုက်သို့ ပြန်လည် စုစည်းပေးခဲ့ရသည်။ သို့ ဖြစ်၍ အဝေးနယ်မြေများသို့ သာသနာပြုပုဂ္ဂိုလ်များ စေလွှတ်ပေးရေးသည် မည်သို့မျှ စဉ်းစား၍ မရနိုင်သော အခက်အခဲတစ်ရပ် ဖြစ်ခဲ့သည်။ 

   အင်းဝနေပြည်တော်၏ ကက်သလခ်သာသနာပိုင် ဘုန်းတော်ကြီး ဂျော့ ရိုဇက်တီ (Rev.Fr. George Rosetti) သည်လည်း မိမိဌာနချုပ်၏ ပြန်လည်ခေါ်ယူခြင်းကို ခံရသဖြင့် မိမိသာသနာနယ်မြေသစ်ကို ကျောခိုင်း၍ ဥရောပတိုက်သို့  ပြန်လည် ထွက်ခွာသွားခဲ့ ရသည်။ ဘုန်းတော်ကြီး ဂျော့ရိုဇက်တီ ပြန်လည် ထွက်ခွာသွားပြီးနောက်၊ မြန်မာပြည် သာသနာနယ်မြေ၌ ဘားရ်နားဘိုက်ဂိုဏ်းဝင် ဘုန်းတော်ကြီး ဂါလိဇီးယားတစ်ပါးတည်းသာလျှင် ကျန်ရှိခဲ့သည်။ သို့ ဖြစ်၍ ဘုန်းတော်ကြီး ဂါလိဇီယားသည် မိမိ တာဝန်ကျရာ အောက်မြန်မာပြည်သာသနာကိုသာလျင်မက၊ အထက်မြန်မာပြည်သာသနာရှိ တာဝန်များကိုပါ ဆက်လက် တိုးချဲ့ ထမ်းရွက်ပေးရသည်။ သို့ သော် အလွန်ကျယ်ပြန့်လှသော သာသနာနယ်မြေများ၏ တာဝန် ၀တ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပေးနိုင်စွမ်း မရှိတော့သဖြင့်၊ သာသနာ့အမှု့ဆောင် ကိစ္စအ၀၀တို့ကို အထက်အကြီးအကဲများအား တင်ပြ ဆွေးနွေး အစီရင်ခံနိုင်ရန်အတွက် မိမိကိုယ်တိုင်ပင် ရောမမြို့သို့  ခရီးထွက်ခွာခဲ့သည်။
 
      ဘုန်းတော်ကြီး ဂါလိဇီယားအတွက် ရောမမြို့မှ စောင့်ကြိုနေသော သတင်းဖြစ်ရပ်သည် ဆီမီးကုန်ခမ်းသူတစ်ဦးအား မီးစာကိုပါ မကျန် အဖြုတ်ခံရသူနှင့် အလားဖြစ်
ခဲ့ရသည်။ ရောမမြို့ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်၏ မြန်မာပြည်ရှိ သာသနာနယ်မြေအတွက် အထူး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်ကို တွေ့ ရှိခဲ့သည်။ ဥရောပတိုက်တစ်ခွင်တွင် ရဟန်းဘုန်းတော်ကြီးများ ရှားပါးမှု့ ဆက်လက် ဖြစ်ပေါ်နေသေးသဖြင့် သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်သည် အဆိုပါ အခက်အခဲပြသနာရပ်နှင့် ဆက်လက် ရင်ဆိုင်နေရကြောင်း၊ သာသနာနယ်မြေသစ်များသို့  သာသနာပြု ပုဂ္ဂိုလ်သစ်များကို မည်သို့မျှ ဆက်လက် စေလွှတ်ပေးနိုင်စွမ်းရှိမည် မဟုတ်ကြောင်း၊ သို့ ပါ၍ မိမိ ဌာနချုပ်လက်အောက်ရှိ တိုးချဲ့ သာသနာနယ်မြေသစ်များကို ခေတ္တ ယာယီ ပိတ်ပင်ထားရမည်ဖြစ်ကြောင်းများကို ထုတ်ပြန် ကြေညာထားလေသည်။ ထိုပြင် ၁၇၂၇ ခုနှစ် ရောမမြို့ ၏ မြန်မာပြည်အတွက် ထုတ်ပြန်ကြေညာသော သာသနာနယ် မြေခွဲခြားသတ်မှတ်ထားသည့် အစီအစဉ်များကိုလည်း ပြန်လည် ရုတ်သိမ်းလိုက်ကြောင်းနှင့်၊ မြန်မာပြည်ရှိ ကက်သလခ်သာသနာတခုလုံးကို ယင်းနယ်မြေတွင် လတ်တလော၌ သာသနာအမှု့ တော် ထမ်းရွက်နေကြသည့် ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများ လက်ဝယ်သို့  လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ အားလုံးကို အပ်နှင်းလိုက်ကြောင်း ထုတ်ပြန် ကြေညာထားသည်ကို တွေ့ ရှိရလေသည်။ ထို့အပြင် မြန်မာပြည်မှ ရောမမြို့ သို့  ရောက်ရှိနေသော ဘုန်းတော်ကြီး ဂါလိဇီယားကိုလည်း မြန်မာပြည် ကက်သလခ်သာသနာတော်၏ အကြီးအကဲမှုး ဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်ပေးလိုက်ကြောင်း ဗာတီကန်ကျောင်းတော်၏ ကြေညာစာတမ်း၌ ထွက်ပေါ်လာခဲ့သည်။

   သက္ကရာဇ် ၁၇၄၀ ခုနှစ်တွင်၊ ဘုန်းတော်ကြီး ဂါလိဇီယားသည် အီတလီပြည်၊ ရောမမြို့မှာပင် ကက်သလခ်ဆရာတော် ဘိတ်သိတ် မင်္ဂလာ ခံယူခဲ့လေသည်။ ဤသို့ ဖြင့် မြန်မာပြည် ကက်သလခ်သာသနာ သမိုင်းတလျောက်တွင် ဘုန်းတော်ကြီး ဂါလိဇီယားသည် ပထမဆုံးသော ဆရာတော် သိက္ခာတော်ရ ပုဂ္ဂိုလ်တစ်ပါးအဖြစ် သမိုင်း မှတ်တမ်းတင်ရခြင်းဖြစ်သည်။ ဆရာတော်တစ်ပါးကို မြန်မာပြည် အနေဖြင့် လက်ခံရရှိလိုက်ခြင်းဖြင့် သာသနာလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်များ ပိုမို ရရှိလာခဲ့ခြင်းဖြစ်ပြီး၊ မြန်မာပြည်ရှိ ကက်သလခ် သာသနာတော်အတွက်လည်း ဂုဏ်ယူ ၀င့်ကြွားဖွယ်ရာ ဖြစ်လာခဲ့လေသည်။ အီတလီပြည်၊ မီလန်းမြို့ရှိ ဘားရ်နားဘိုက် အသင်းဂိုဏ်းကြီး မှလည်း မိမိတို့ အသင်းသား ဆရာတော်သစ် ဂါလိဇီးယားအတွက် အဖိုးမဖြတ်နိုင်သော ပံ့ပိုး ကူညီမှု့တစ်ရပ်ကို လက်ဆောင်မွန်အဖြစ် ချီးမြှင့်ခဲ့လေသည်။ ယင်းလက်ဆောင်မွန်မှာ ဆရာတော်သစ်အနေဖြင့် မိမိ သာသနာနယ်မြေတွင် သာသနာလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် နိုင်ရေးအတွက် ရည်မှတ်၍ ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင် အောက်ပါ (၄) ပါး စေလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

 ၁။ ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ၊
     Rev.Fr.Paolo Marie Nerini
၂။ ဘုန်းတော်ကြီး အာလက်ဇန်းဒရို မွန်ဒယ်လီ၊
    Rev.Fr. Allesandro Mondelli
၃။ ဘုန်းတော်ကြီး ဂျွန်အန်းနက်စ် ဒယ်လ် ကွန်းတေ၊
   Rev.Fr. Joannes Del Conte
၎။ ကိုရင်ကြီး အန်ဂျေလို ကာပဲလို
  Rev. Brother Angelo Capello တို့ ဖြစ်ကြသည်။
 
ဆရာတော် ဂါလိဇီးယား နှင့်အဖွဲ့  မြန်မာပြည်သို့  ထွက်ခွာလာခဲ့ခြင်း
     သက္ကရာဇ် ၁၇၄၁ ခုနှစ်တွင် ဆရာတော်ဂါလိဇီးယားသည် အီတလီပြည်မှ မြန်မာပြည်သို့  သာသနာပြုပုဂ္ဂိုလ်(၄)ပါးနှင့်အတူ တကွ ထွက်ခွာခဲ့သည်။ ဆရာတော်ဂါလိဇီးယား ပြည်ပသို့ ခရီးထွက်ခိုက် မြန်မာပြည်၌ နိုင်ငံရေး အခြေအနေတော်တော်များများ ပြောင်းလဲလာခဲ့ သည်။ သက္ကရာဇ် ၁၇၃၈ ခုနှစ်တွင် ပြည်ပရန်များဖြစ်ကြသော မဏိပူရ ကသဲလိုမျိုးတို့သည် အထက်မြန်မာပြည် အင်းဝနေပြည်တော်ကို ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ အင်းဝ ဘုရင်မင်းမြတ်သည် ပြည်ပ ရန်စွယ်ကိုသာလျှင် မဟုတ်၊ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသော ထကြွမှု့များကိုလည်း နှိမ်နှင်းပေးနေရသည်။ ကွေ့ ရှမ်းတို့သည် မတ္တရာနယ်တစ်ဝိုက်ရှိ နယ်မြေများကို စည်းရုံးခါ၊ အင်းဝဘုရင် အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြလေသည်။ တချိန်တည်းမှာပင် အောက်မြန်မာပြည်ရှိ မွန်တို့ကလည်း သန်လျင်၊ မုတ္တမနှင့် တောင်ငူ အစရှိသည်တို့ကို တိုက်ခိုက် သိမ်းယူခဲ့ကြပြီး၊ သမိန်ထော ဗုဒ္ဓကေသီကို ဘုရင် တင်မြှောက်ခဲ့ကြသည်။ ပဲခူးမြို့ကို မွန်ဘုရင် ထီးနန်းစိုက်ထူရာ မြို့တော်အဖြစ် ထူထောင်လိုက်ကြပြီး၊ အင်းဝကို တော်လှန်ခဲ့ကြသည်။ သို့ဖြစ်၍ အင်းဝဘုရင်သည် ပြည်တွင်း ပြည်ပရန်ဆွယ်များ၊ တော်လှန်မှု့များကို တချိန်တည်းမှာပင် စုစည်း ခံနေရချိန်ဖြစ်ခဲ့သည်။ ဤသို့ သော နိုင်ငံရေးအခြေအနေများကို ကောင်းစွာ ထိန်းသိမ်းပေးနိုင်စွမ်း မရှိသောကြောင့်၊ အင်းဝနေပြည်တော်၏ တန်ခိုးသည်လည်း တဖြည်းဖြည်း မှေးမှိန်စ ပြုခဲ့တော့သည်။

  အီတလီပြည်မှ ထွက်ခွာခဲ့ကြသော သာသနာပြုအဖွဲ့ သည် သက္ကရာဇ် ၁၇၄၃ ခုနှစ်၊ ဇွန်လတွင် မြန်မာပြည်၊ သန်လျင်ဆိပ်ကမ်းမြို့သို့  ဆိုက်ရောက် လာခဲ့ကြသည်။ မြန်မာပြည် ကက်သလခ်သမိုင်းစဉ်၌ အဖွဲ့ အစည်း အလုံးအရင်းနှင့် ပထမအကြိမ်မြောက် ရောက်ရှိလာကြသော ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင်များဖြစ်ကြသည်။
 
  ဆရာတော် ဂါလာဇီးယားသည် မြန်မာပြည်တပြည်လုံး၏ သာသနာဦးစီးမှုး ဖြစ်သော်လည်း၊ မိမိရောက်ရှိလာသော မြန်မာပြည်သည် နိုင်ငံရေးအရ စည်းလုံးမှု့ အင်အား နည်းပါး ချို့ ယွင်းနေသောကြောင့် ရောက်လျှင် ရောက်ခြင်း အခက်အခဲများစွာနှင့် တွေ့ ဆုံ ရင်ဆိုင်ခဲ့ ရသည်။
 
  ဆရာတော်နှင့်အဖွဲ့သည် ရှေးဦးစွာ ပထမ အောက်မြန်မာပြည်ရှိ ပဲခူးမြို့ နန်းစံရာ ပဲခူးဘုရင် သမိန်ထော ဗုဒ္ဓကေသီနှင့် တွေ့ ဆုံခဲ့သည်။ ဆရာတော် ဂါလိဇီးယားသည် အီတလီပြည်မှ မိမိ သယ်ဆောင်ယူလာခဲ့သော ခြေရှည် တိုင်ထောင်နာရီကြီး တစ်လုံးကို ပဲခူးဘုရင်အား
လက်ဆောင်မွန်အဖြစ် ဆက်ကပ်ခဲ့သည်။ ထိုနာရီကြီး၏ မျက်နှာပြင်ရှိ ဂဏန်းအက္ခရာ စာလုံးများကိုလည်း ဆရာတော် ဂါလိဇီးယား ကိုယ်တိုင် ကြပ်မတ်ပြီး မြန်မာအက္ခရာ ဂဏာန်းစာလုံးများဖြင့် ရေးသား ထိုးမှတ်ထားသည်ကို တွေ့မြင်ရသည်။ တနည်းအားဖြင့် ဆိုရသော် အဆိုပါ နာရီကြီးသည် မြန်မာ့စက်နာရီသမိုင်းတွင် တခန်းတဏ္ဍမှ အလွန်ပြောင်မြောက်သော စက္ကန့် နာရီကြီးတစ်လုံး ဖြစ်နိုင်ဖွယ်ရာ အကြောင်းရှိသည်ဟု ဆိုရပေမည်။

   ပဲခူးဘုရင်သည်လည်း မိမိ လာရောက်တွေ့ ဆုံ ဂါရ၀ပြုနှုတ်ဆက်သည့် ဆရာတော်ဂါလိဇီးယားနှင့် သာသနာပြုအဖွဲ့ တို့အား ၀မ်းမြောက် ကြည်ဖြုစွာ ကြိုဆိုလက်ခံခဲ့သည်။ သာသနာပြုအဖွဲ့ တို့အားလည်း မိမိနယ်ပယ်၌ သာသနာပြုလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်များ အပ်နှင်းပေးခဲ့သည်။ ပဲခူးမြို့တော်မှာပင် ဘုရားရှိခိုးကျောင်းနှင့် ရဟန်း ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်ရန် ကျောင်းသင်္ခမ်းဆောင် တစ်ဆောင် ဆောက်လုပ်နိုင်ရန် မြေနေရာများကို ချမှတ်ပေးခဲ့လေသည်။
 
သာသနာလုပ်ငန်းများကို ခွဲဝေပေးခြင်း
   မြန်မာပြည်ရောက် ဆရာတော်ဂါလိဇီးယားသည် သာသနာလုပ်ငန်းများကို အဆောတလျင် စတင် ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးမြို့ကို သာသနာ ဗဟိုရ်ဌာနချုပ်အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့သည်။ ဘုရားရှိခိုးကျောင်းဆောင်နှင့် ဆရာတော်ကျောင်းတိုက်များကို တစ်ချိန် တည်းမှာပင် ဆောက်လုပ်ခဲ့သည်။ ဘုန်းတော်ကြီး အာလက်ဇန်းဒရို မွန်ဒယ်လီ (Rev.Fr. Allesandro Mondelli) နှင့် ဘုန်းတော်ကြီး ဂျွန်အန်းနက်စ် ဒယ်လ် ကွန်းတေ (Rev.Fr. Joannes Del Conte) တို့ကို ပဲခူးမြို့ရှိ သာသနာလုပ်ငန်းများအတွက် တာဝန်များထမ်းရွက် စေခဲ့သည်။  ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ (Rev.Fr.Paolo Marie Nerini) ကိုမူ ကိုရင်ကြီး အန်ဂျေလို ကာပဲလို(Rev. Brother Angelo Capello) နှင့်အတူသန်လျင်မြို့သို့  စေလွှတ်၍ သန်လျင်မြို့တွင် သာသနာလုပ်ငန်းများကို တာဝန်ယူထမ်းရွက်စေခဲ့သည်။ 

   အထက်မြန်မာပြည်၊ အင်းဝတွင် နိုင်ငံရေးအခြေအနေများ အေးချမ်းသာယာမှု့ အပြည့်အ၀မရှိသေးသဖြင့် ဆရာတော်ဂါလိဇီးယားသည် အထက်မြန်မာပြည်ရှိ ကက်သလခ် သာသနာလုပ်ငန်းများကို ခေတ္တ ဆိုင်းငံ့ ဆောင်ရွက်ပေးခဲ့ရသည်။

   သန်လျင်မြို့သို့ ရောက်ရှိသွားကြသော ဘုန်းတော်ကြီး ပေါလို မာရီ နယ်ရီးနီ (Rev.Fr.Paolo Marie Nerini) နှင့် ကိုရင်ကြီး အန်ဂျေလို ကာပဲလို(Rev. Brother Angelo Capello) တို့အား ပျက်စီး ယိုယွင်းနေသော ကျောင်းဆောင်များက ဆီးကြိုလျက်ရှိသည်ကို တွေ့မြင်ကြ ရသည်။ သို့ ဖြစ်၍ ယင်းသာသနာကိုလည်း အသစ်တဖန် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်ပေးခဲ့ကြရသည်။ သာသနာ၏ အဆောက်အအုံများကိုသာမက၊ သိုးထိန်း မရှိခဲ့သောကြောင့် သိုးအုပ်စုသည်လည်း ကစဥ့်ကလျားဖြစ်ခါ ပျောက်ဆုံးသူများက ပျောက်ဆုံး နေကြ၊ ကျန်ရှိသူများကလည်း အကွဲကွဲအပြားပြား ဖြစ်နေကြသဖြင့် သာသနာဝင် အုပ်စုတစ်စုလုံးကို ပြန်လည် စုစည်းပေးကြရသည်။ သာသနာတော်အား ပြုစု ပျိုးထောင်ရေးလုပ်ငန်းများကို အောက်ခြေမှ စတင်ဆောင်ရွက်ပေးခဲ့ကြရသည်။
 
   သက္ကရာဇ် ၁၇၄၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အလွန် အေးချမ်းသာယာလျက်ရှိသော သန်လျင်မြို့ကလေး၏ ညနေပိုင်းအချိန်ကို ရုတ်ခြည်း ပြောင်းလဲပေးလိုက်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လေသည်။ သန်လျင်မြို့ရှိ “ဆီညော်ကိုနီုဗီ” အမည်တွင်သည့် ရပ်ကွက်မှ စတင် ထွက်ပေါ်လာသည့် မီးတောက်မီးလျံများသည် တမြို့လုံးကို သိမ့်သိမ့်တုန်အောင် ခြောက်ခြား သွားစေခဲ့သည်။ ထိုမီးကြီးကား မီးလုံး မီးလျံများအဖြစ်သို့ တစတစဖြင့် ပိုမို ကြီးမား အားထွားလာခါ၊ တမြို့လုံးကို ၀ါးမျိုပစ်လိုက်ခဲ့သည်။ ပိုမို၍ ကြောက်မက်ဖွယ်ရာ ဖြစ်ပေါ်လာရ သည်မှာ ယင်းမီးတောက် မီးလျံများအကြားမှ စစ်ကြွေးကြော်သံများပင် ဖြစ်သည်။ အင်းဝမှ ရောက်ရှိလာကြသော စစ်သည်တို့သည် မီးသူရဲများ ပမာ ထွက်ပေါ်လာခဲ့ကြပြီး သန်လျင်တစ်မြို့လုံးကို စီးခဲ့သည်။ ပြန်လည် ခုခံတိုက်ခိုက်ကြသော မွန်စစ်သည်တို့၏ အလောင်းများမှာလည်း နေရာနှင့်အနှံ့တွင် တွေ့ မြင် နိုင်ပေသည်။ သန်လျင်မြို့ရှိ ဖြစ်ပွားနေသော သတင်းများ ပဲခူးမြို့ သို့ ရောက်ရှိသွားသောအခါ၊ စစ်ကူများ မကြာမီ အချိန်ပိုင်းမှာပင် သန်လျင်မြို့သို့  ရောက်ရှိလာခဲ့ကြသည်။ ဤအချိန်တွင် တိုက်ပွဲများမှာ ပိုမိုပင် ပြင်းထန်လာခဲ့သည်။ 

   သန်လျင်မြို့ကား ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်လျက်၊ မြို့သူမြို့သားတို့သည်လည်း မိမိတို့ အိုးအိမ်များကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်ကြ ရသည်။ အိုးမဲ့ အိမ်မဲ့ဖြစ်သွားခဲ့ကြသော စစ်ဘေး ဒုက္ခသည်များကလည်း မနည်းလှပေ။ ဘုန်းတော်ကြီး နယ်ရီးနီကျောင်းဝင်း တစ်ခုလုံးသည်လည်း နေ့ချင်း ညချင်းလိုပင် စစ်ဘေးဒုက္ခသည်များ ခိုကိုးရာဂေဟာအဖြစ်သို့  ရောက်ရှိသွားခဲ့သည်။ ဘုန်းတော်ကြီး နယ်ရီးနီသည်လည်း မိမိ ကျောင်းဝင်းအတွင်းသို့  ပြေးဝင်လာသမျှ စစ်ဘေးဒုက္ခသည်များကို ဆီးကြိုလျက် နေရာထိုင်ခင်းများကို စီစဉ်ပေးခါ လုံခြုံမှု့ကို ပေးခဲ့သည်။ ဘုန်းတော်ကြီး၏ လက်ထောက် ကိုရင်ကြီး အန်ဂျေလိုသည်လည်း ဆေးဘက်ပညာ တတ်ကျွမ်းသူတစ်ဦး ဖြစ်သည့် အလျောက် မီးဒဏ်၊ စစ်ဘေးဒဏ်မှ အနာတရ ဖြစ်လာကြသော ဒုက္ခသည်များကို ဆေးဝါး ကုသပေးခဲ့ရသည်။

   နောက်ဆုံးတွင် ပဲခူးမှ ရောက်ရှိလာသော စစ်ကူအားဖြင့် မွန်တို့ဘက်မှ စစ်ရေး အသာရရှိသွားခဲ့သည်။ သန်လျင်မြို့သည် မွန်တို့လက်အောက်သို့  ရောက်ရှိနေပြီဖြစ်သော သတင်းကို ကြားလျှင်ကြားခြင်း၊ ဘုန်းတော်ကြီး နယ်ရီးနီသည် ပဲခူးမြို့ရှိ သမိန်ထော ဗုဒ္ဓကေသီထံသို့  ၀င်ရောက်၍ သန်လျင်မြို့ပေါ်ရှိ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အဆောတလျင် ကူညီ စီမံဆောင်ရွက်ပေးပါရန် လျှောက်ထားခဲ့သည်။ ဤမွန်မြန်မာ စစ်ပွဲပြီးဆုံးပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်လာသော သာသနာအခြေအနေများကို သုံးသပ်နိုင်ရန်နှင့် ဘုန်းတော်ကြီး နယ်ရီးနီ၏ စိတ်နေသဘောထားများနှင့် စစ်ဘေးအတွေ့ အကြုံများကို အနီးကပ်လေ့လာနိုင်ရေး အတွက်၊ အီတလီပြည်ရှိ မိမိအစ်ကိုဖြစ်သူ မစ္စတာ ပီတာ အမ်ဘရို့စ် ထံသို့  ဘုန်းတော်ကြီး နယ်ရီးနီ ကိုယ်တိုင်ရေးသား ပေးပို့သည့် စာကို တင်ပြလိုက်ရသည်။


ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၉)