Monday, March 31, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၇)

အင်းဝရောက်ခြေရာများ - အပိုင်း(၆)

  အထက်ဖော်ပြပါ ဘုန်းတော်ကြီး ကာလ်ချီ ရေးသားပေးပို့သော စာတွင် ဖတ်ရှ့ရသည့်အတိုင်း၊ ဘုန်းတော်ကြီး ဗီတိုးနီသည် ရောမမြို့၊ ပုပ်ရဟန်းမင်းကြီး ထံသို့ မြန်မာ့ သံတမန်အဖြစ် မြန်မာဘုရင်မင်းမြတ်မှ စေလွှတ်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်နှင့် ရောမ-ဗာတီကန်တို့၏ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သော သံတမန် ဆက်ဆံရေးဖြစ်သည်ဟု သမိုင်း မှတ်တမ်း တင်သင့်ပေသည်။

    ဘုန်းတော်ကြီး ဗီတိုးနီ ထွက်ခွာသွားပြီးနောက် မြန်မာပြည်၌ ဘုန်းတော်ကြီး ကာလ်ချီ တပါးတည်းသာလျှင် ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး ကာလ်ချီသည် အင်းဝနေပြည်တော်၌ ဘုရားရှိခိုးကျောင်းဆောင် တစ်ဆောင်နှင့် မိမိသတင်းသုံးနေထိုင်ရန် ဘုန်းတော်ကြီးကျောင်းတိုက် တဆောင်ကို ဆောက်လုပ်ခဲ့သည်။ ထိုသို့ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေရင်း တစ်ချိန်တည်းမှာပင် အထက်မြန်မာပြည်ရှိ ကက်သလခ် ဘာသာဝင်များရှိရာ ကျေးရွာများသို့လည်း တရားဒေသနာတော် ဟောကြားရသည့်အပြင်၊ မကြာခဏဒေသစာရီ လှည့်လည်ရသေးသည်။ တဖန်နောင်တွင် မြန်မာပြည်သို့ရောက်ရှိလာကြမည့် သာသနာပြု ပုဂ္ဂိုလ်သစ်များ လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်စီမံရသည်။ ဤသို့ဖြင့် ဘုန်းတော်ကြီးကာလ်ချီသည် အချိန်များစွာ ကုန်ခမ်းခဲ့ရသည်။

   အထက်မြန်မာပြည်၏ ဥတုရာသီသည် ပူပြင်းခြောက်သွေ့ လှသည်။ သို့သော်ဘုန်းတော်ကြီး ကာလ်ချီသည် ဒေသခံအရပ်သားများ နည်းတူ ဘိနပ်မစီး၊ ဦးထုပ် မဆောင်း နေပူကျဲကျဲတွင်ခြေလျင် သွားလာလှုပ်ရှားနေသည်ကို တွေ့ ရှိရသည်။


  သာသနာရေး ကိစ္စ အ၀၀တို့ကို ကျေပွန်စွာထမ်းဆောင်ပေးသည့်နည်းတူ အခြား တဖက်မှလည်း မြန်မာစကားနှင့်မြန်မာစာပေကို လေ့လာသင်ကြားမှတ်ယူခဲ့လေသည်။ မြန်မာစာကို ကောင်းစွာလေ့လာသင်ကြားပြီးနောက်၊ မိမိသာသနာနယ်မြေသို့ ရောက်ရှိလာကြမည့် သာသနာပြု ပုဂ္ဂိုလ် အနောက်တိုင်းရင်းသားများ အသုံးပြုရန်
ပင်ပန်းကြီးစွာခံ၍ “မြန်မာအဘိဓာန်” စာအုပ်ကိုရေးသားပြုစု ခဲ့လေသည်။ (၁၀) ဘုန်းတော်ကြီး ကာလ်ချီ၏ ရေးသားပြုစုသော မြန်မာအဘိဓာန်သည် ပထမဆုံးထွက်ပေါ်လာသော အဘိဓာန်ဖြစ်သည်။ ခရစ်သက္ကရာဇ် ၁ရ၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၁) ရက်နေ့စွဲဖြင့်၊ တရုတ်ပြည်၊ ကန်တုံမြို့တွင် သီတင်းသုံးနေထိုင်သော ဘုန်းတော်ကြီး ဆာလ်ဗာတိုရေ ရာဇီးနီ (Rev Fr Salvatore Rasini) (၁၁) ထံသို့ရေးသားပေးပို့ ထားသည့် စာတွင် ဤသို့ ဖတ်ရှ့ရလေသည်။

    “….ထပ်ပြီးပေးပို့လိုတဲ့ သတင်းတစ်ရပ်ကတော့ နောင်ရောက်လာကြမယ့် သာသနာပြု ပုဂ္ဂိုလ်တွေ အတွက် ဒီတိုင်းပြည်ရဲ့ဘာသာ စကားကို လွယ်လင့်တကူ သင်ကြားလေ့လာနိုင်ကြဘို့ အဘိဓာန် စာအုပ်တစ်အုပ် မှတ်စုတွေနဲ့တွဲပြီး တပည့်တော်ကိုယ်တိုင် ရေးသားပြုစု လို့ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီစာအုပ်ဖြစ်မြောက်လာအောင် အထောက်အကူ အကိုးအကား ရယူဘို့ ဆိုတာကတော့ ဘယ်သဒ္ဒါကျမ်းကိုမှလည်း လက်လှမ်းမီ မရရှိခဲ့ပါဘူး ဘုရား။ တပည့်တော် ဒီအဘိဓာန်ကို အခက်အခဲပေါင်းများစွာနဲ့ ရေးသားပြုစုခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား။”

     ဘုန်းတော်ကြီး ကာလ်ချီရေးသားပြုစုသွားခဲ့သော အထက်ဖော်ပြပါ အဘိဓာန်စာအုပ်ကို ကျွန်ုပ်တို့လက်ခံ မရရှိလိုက်ကြပေ။ သို့သော် ဘုန်းတော်ကြီး ကာလ်ချီသည် အီတလီပြည်ရှိ တက္ကသိုလ်ကြီးတစ်ခု၏ ပါမောက္ခချုပ် တစ်ဦးဖြစ်ခြင်းသည်ပင် အဆိုပါ အဘိဓာန်စာအုပ်၏ အဆင့်အတန်းကို တတ်သိဝေဖန်ပြောဆိုနိုင်ကြမည်ဖြစ်သည်။ ရှေးဦး သာသနာပြု ပုဂ္ဂိုလ်များ မှီငြမ်းရာ အဘိဓာန်လည်းဖြစ်ခဲ့သဖြင့် ဘုန်းတော်ကြီး ကာလ်ချီရေးသားပြုစုခဲ့သော ဤအဘိဓာန်စာအုပ်သည် ဂုဏ်ယူ သမိုင်းမှတ်တမ်း တင်အပ်သော စာအုပ်ဖြစ်ပေသည်။

(၁၀) ”ဇေယျ၏ စာတိုပေစ” ၊ အခန်း ၉ ။ လက်တင်မြန်မာအဘိဓာန် စာမျက်နှာ ၈၄ ရှု့။

(၁၁) STORIA DEL CRISTIANESIMO NELL’ IMPERO BARMANO By Gallo Vol I pg 106

ဘုန်းတော်ကြီး ကာလ်ချီ၏နောက်ဆုံးသောနေ့ရက်များ

        ဘားရ်နားဘိုက် အသင်း ဂိုဏ်းချုပ်ကြီးထံသို့ ပေးပို့စာတွင် ပါရှိသည့် အတိုင်း ဘုန်းတော်ကြီး ကာလ်ချီသည် မြန်မာပြည်၌ သာသနာလုပ်ငန်းများကို အကျယ်တ၀ံ့ အခြေချ လုပ်ဆောင်ရွက်လိုသော ဆန္ဒမှာ နေ့စဉ်နှင့်အမျှ တိုးပွားလျှက်ရှိကြောင်း အထင်အရှား တွေ့မြင်နိုင်ပေသည်။ အီတလီပြည်ရှိ မိမိ၏ သာသနာပိုင် အကြီးအကဲများထံသို့ အစီရင်ခံစာများကိုလည်း အကြိမ်ကြိမ် အခါခါပေးပို့ ခဲ့သည်။ သို့သော် အီတလီပြည်မှ ပြန်ကြားစာဟူ၍ မူကား တလွှာတစောင်မှ မရရှိခဲ့ပေ။

    သက္ကရာဇ် ၁၇၂၇ ခုနှစ်သို့ရောက်သော အခါ၊ ရောမမြို့ ရှိ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ငှာနချုပ်မှ မြန်မာပြည်ရှိ ကက်သလခ် သာသနာအတွက် လုပ်ငန်း စီမံချက်သစ်များကိုရေးဆွဲ ချမှတ် ထုတ်ပြန်ခဲ့လေသည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘေနိဒိတ် ၁၃ (၁၇၂၄-၁၇၃၀) (POPE BENEDICT XIII) သည် မြန်မာပြည်ရှိ ကက်သလခ် သာသနာကို အထက်မြန်မာပြည် သာသနာ၊ အောက်မြန်မာပြည် သာသနာဟူ၍ သီးခြား အုပ်ချုပ်ပိုင်ခွင့်များ အပ်နှင်းခါ သာသနာနယ်မြေသစ်နှစ်ရပ်ကို အတည်ပြု ခဲ့သည်။ သို့အားဖြင့် အထက်မြန်မာပြည် သာသနာကို အင်းဝ သာသနာအဖြစ် လည်းကောင်း၊ အောက်မြန်မာပြည်ကို ပဲခူးသာသနာ အဖြစ် လည်းကောင်း၊ သာသနာ တည်ရာ ဗဟိုငှာနများသို့ အသီးသီး သတ်မှတ်ပေးခဲ့လေသည်။ တဖန် အင်းဝသာသနာကို ရောမမြို့ရှိ သာသနာပြန့်ပွားရေး ငှာနချုပ်အောက်တွင် ထားရှိပြီး၊ ပဲခူး သာသနာကိုမူ မြန်မာပြည်၌ ရှိသော ဘားရ်နားဘိုက်အသင်း ဂိုဏ်းသားများ လက်ဝယ်သို့ အပ်နှင်းခါ၊ တာဝန်များ ခွဲဝေ သတ်မှတ်ပေးခဲ့လေသည်။

   အထက်ဖော်ပြပါ သာသနာရေး လုပ်ငန်းများကိုဆောလျင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်၊ ရောမမြို့-သာသနာပြန့်ပွားရေး ငှာနချုပ်မှ သာသနာပြု ပုဂ္ဂိုလ်သစ်များကို စီမံခန့်ခွဲပေးပြီး၊ မြန်မာပြည်သို့ စေလွှတ်ပေးပို့ ခဲ့လေသည်။ အထက် မြန်မာပြည်-အင်းဝ သာသနာအတွက် သာသနာပြန့်ပွားရေး ငှာနချုပ်၏ အဖွဲ့ ဝင် ဘုန်းတော်ကြီးဂျော့ဂျီယိုရိုဇက်တီ Rev. Fr. Giorgio Rosseetti ကို လည်းကောင်း၊ ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယား Rev. Fr. Pio Gallizia di Varallo ကို အောက်မြန်မာပြည်-ပဲခူးသာသနာအတွက် လည်းကောင်း၊ သာသနာလုပ်ငန်း တာဝန်များကို အသီးသီး ခွဲဝေပေးအပ်ခါ စေလွှတ်ပေးပို့လိုက် ခြင်းဖြစ်သည်။ အဆိုပါ သာသနာပြု သစ်နှစ်ပါးတို့သည် အီတလီပြည်မှ ၁၇၂၈ ခုနှစ် ဦးပိုင်းတွင် ခရီး စတင် ထွက်ခွာခဲ့ကြသည်။

  မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကာလ်ချီအနေဖြင့်မူ အဆိုပါ သာသနာရေးလုပ်ငန်း စီမံကိန်း မူသစ်များ ထွက်ပေါ်လာခဲ့သည်ကို လုံးဝ မသိရှိရသေးဘဲ ဖြစ်ခဲ့သည်။ ဤသာသနာလုပ်ငန်းသစ် စီမံကိန်းများ ထွက်ပေါ်လာပြီး စတင် လှုပ်ရှားလာနေစဉ် ၁၇၂၈ ခုနှစ်ဦးပိုင်း၊ ဇန်န၀ါရီလမှာပင် ဘုန်းတော်ကြီး ကာလ်ချီသည် အသည်းအသန် ဖျားနာပြီး အိပ်ရာထက်တွင် လဲခဲ့ရသည်။ အလားတူပင် ယခင် အခါကလည်းနှစ်ကြိမ်နှစ်ခါ ဖျားနာခဲ့ဘူးသည်။ သို့သော် ယခုအချိန်မှာမူ ကာလ်ချီအတွက်နောက်ဆုံး အိပ်ရာလဲခြင်းပင်ဖြစ်ရတော့သည်။ ဤသို့သေဘေး ဒုက္ခရောက်ရှိနေချိန်တွင် ကာလ်ချီအားပြုစုစောင့်ရှောက်ပေးရန်နှင့် ၀ိညာဉ် ခွန်အားပေးရန် မည်သူ မည်ဝါမျှ မရှိခဲ့ကြ။ ကာလ်ချီသည် တစ်ဦးတည်း ခိုကိုးရာမဲ့ အထီးကျန်ဖြစ်ခဲ့ရရှာသည်။ ထိုသို့ အင်အား ညှိုးငယ်ချိနဲ့နေစဉ် အခိုက် နောက်ဆုံး စက္ကရမင်တူးများကို ခံယူရန် တောင့်တခဲ့ ရှာသော်လည်း ရဟန်း ဘုန်းတော်ကြီး ဆိုသည်မှာ မိမိအိမ်မက်၌ပင် မတွေ့ ရှိနိုင်ခဲ့ပေ။ မိမိ၏ ကယ်တင်ရှင် ထာဝရ ဘုရားတစ်ပါးတည်း၏ မေတ္တာ အရိပ်အာဝါသအောက်၌သာလျင် ခိုလုံလျှက်၊ မိမိ၏ ကိုယ်စိတ်နှလုံး သုံးပါးကို ဘုရားသခင်ထံ အပ်နှံထားခဲ့ပြီး ဆုတောင်း ပတ္တနာပြုခြင်း၊ ခံစားရသောရောဂါဝေဒနာများကို ဘုရားသခင်အား ဆပ်ကပ် ပူဇော်ခြင်း၊ စသည်တို့ဖြင့်သာလျှင် မိမိ၏ နောက်ဆုံးသော နေ့ရက်အတွက် ပြင်ဆင်စောင့်ကြို ခဲ့ရသည်။

   ရောမမြို့မှမြန်မာပြည်သို့ ခရီးထွက်လာခဲ့သော ဘုန်းတော်ကြီး ရိုဇက်တီသည် ဦးစွာ ပထမမြန်မာပြည်သို့ ရောက်ရှိ လာခဲ့လေသည်။ အင်းဝနေပြည်တော်ရှိရာသို့ သွားရောက်၍ ဘုန်းတော်ကြီး ကာလ်ချီနှင့်တွေ့ဆုံခဲ့သည်။ ရောမမြို့-သာသနာပြန့်ပွားရေး ငှာနချုပ်ကြီး၏ စီမံခန့်ခွဲမှု့ များကို သတင်းပေးပို့ခဲ့သည်။ သို့သော် ကာလ်ချီသည် ရောမသာသနာငှာနချုပ်မှ စီမံပေးလိုက်သော လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိတော့ပေ။ ဘုန်းတော်ကြီး ရိုဇက်တီရောက်ရှိပြီး ရက်ပိုင်း မကြာမီမှာပင် ဘုန်းတော်ကြီး ကာလ်ချီသည် မိမိမျှော်လင့် တမ်းတခဲ့သော နောက်ဆုံး စက္ကရမင်တူးများကို ဘုန်းတော်ကြီး ရိုဇက်တီလက်မှ ခံယူရရှိပြီး၊ ဘုန်းတော်ကြီး ရိုဇက်တီ၏ ရင်ခွင်တွင်းမှာပင် ငြိမ်ဝပ်စွာဖြင့် ခရစ်တော်၌ ၁၇၂၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ အင်းဝနေပြည်တော်တွင် အသက်တော် ၄၂ နှစ်၌ ပျံလွန် သွားတော်မူခဲ့သည်။ (၁၂)


     ဘုန်းတော်ကြီး ကာလ်ချီ ပျံလွန်တော်မူသော သတင်းကို ကြားသိကြသော လူပုဂ္ဂိုလ်တိုင်းပင် ၀မ်းနည်းနှမြောတသမဆုံး ဖြစ်ခဲ့ကြသည်။ ဘုန်းတော်ကြီး ကာလ်ချီသည် ရဟန်းတို့၏ သိက္ခာ ကျင့်ဝတ်တော်များနှင့် ပြည့်စုံပြီး၊ မေတ္တာတရား ကြီးမားသူဖြစ်သည့် အလျောက် လူတိုင်း၏ အကြည်ညို ကိုးကွယ်မှု့ ခံရ၏။ ဘုန်းတော်ကြီး ကာလ်ချီ၏ ကြွင်းကျန်သော ရုပ်ကလပ်ကို အင်းဝနေပြည်တော်ရှိ သုသာန်တွင် စည်းကား သိုက်မြိုက်စွာ ဈာပန အခမ်းအနားဖြင့် သဂြိ င်္ုလ်ခဲ့လေသည်။

  ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယားသည် ၁၇၂၈ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် အင်းဝနေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် အရောက်ကောင်းသော်လည်း အချိန်နှောင်း ခဲ့လေပြီ။ မြန်မာပြည်ရောက် ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင်များ၏ ဒေါင့်ချုပ်ကျောက်တည်း ဟူသော ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီယား ကာလ်ချီကိုကား ၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်မြှုပ်နှံထားသည့် ကျောက်ဂူကလေး၌သာ တွေ့ဆုံရခြင်းဖြစ်သည်။ ကာလ်ချီသည် အမြော်အမြင် ကြီးစွာဖြင့် နောင်လာနောင်သား သာသနာပြု ပုဂ္ဂိုလ်များအတွက် လုပ်ငန်း စီမံမှု့များ ပြုလုပ်ခဲ့ခြင်း၊ အနာဂတ် ကာလတွင် ရောက်ရှိလာမည့် အနောက်တိုင်းသား သာသနာပြုများ မြန်မာစကားကို လွယ်လင့်တကူလေ့လာ သင်ယူနိုင်ကြရေး အတွက် မြန်မာအဘိဓာန် စာအုပ်များကို ပြုစုခဲ့ခြင်း၊ အစရှိသည့် ရှေ့ပြေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ပေး သွား ခဲ့လေသည်။

   “စိန်အာလက်ဇန္ဒား တက္ကသိုလ်”ကြီး၏ ပါမောက္ခချုပ်ကြီးသည် ယနေ့ထက်တိုင် အင်းဝနေပြည်တော်၏ မြေတွင်လျောင်းစက်လျှက် ရှိပေသည်။ မိမိချွေး၊ ဇွဲ လုံ့လ ၀ိရိယများစွာဖြင့် လုပ်ဆောင်ခဲ့သော သာသနာ့ လယ်ကွင်းပြင်မှာပင် ရှင်ပြန် ထမြောက်ရမည့် နောက်ဆုံးသောနေ့ ရက်ကို စောင့်ကြိုနေခြင်းဖြစ်သည် မဟုတ်ပါလော။

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၈)