Friday, March 21, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၅)


အခန်း(၃)
ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ

ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ(၆)သည် အီတလီပြည်၌ သက္ကရာဇ် ၁၆၈၅ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့လေသည်။ ကာလ်ချီ၏ ဘခင်ဖြစ်သူမှာ အီတလီပြည်၏ လွှတ်တော် အမတ်တစ်ဦးအဖြစ် ရွေးချယ်ကောက်ခံရသူဖြစ်သည်။ ကာလ်ချီ၏ မွေးချင်းအကိုတစ်ဦးသည်လည်း မိမိဘခင်၏ အရိုက်အရာကိုဆက်ခံ၍ လွှတ်တော်အမတ်နေရာကို ရယူခဲ့သူဖြစ်သည်။ အခြားမွေးချင်း တစ်ဦးမှာမူ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီး၊ ဆရာတော်သိက္ခာတော်ခံယူရရှိခဲ့သည်။ 

   ကာလ်ချီသည်ငယ်စဉ်ကလေးဘ၀အရွယ်ကပင်တည်ကြည်သောလူငယ်တစ်ဦးဖြစ်သည်။ ရည်မွန် ထက်မြက်သည့် အင်္ဂါရုပ်သွင်ကိုဆောင်သည်။ အစဉ်ပြုံးရွှင်သော မျက်နှာကလေး ထားရှိတတ်သဖြင့် ကာလ်ချီသည် လူချစ်လူခင်ပေါများလှပေသည်။ ကာလ်ချီသည်အနေအထိုင် အပြောအဆိုများ၌ သိမ့်မွေ့နူးညံ့ပြီး၊ ပုဂ္ဂုလ်ကိုယ်ရည်သွေးနှင့်ပြည့်ဝသူဖြစ်သည်။

(၆) LIFE OF CALCHI (in Latin) by: GRAZIOLI PROPAGANDA LIBRARY-ROME-ITALY

ကာလ်ချီသည်အရာရာတွင်ခက်ခဲသည်ဟူသောစိတ်ထားမျုးကိုစွန့်ပယ်ပြီး၊ အလုပ်ကိစ္စအ၀၀၌ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်လိုသော ဇွဲသတ္တိမျုးကို ငယ်စဉ်ကလေးဘ၀အရွယ်မှ အစပြုပြီး မွေးမြူကျင့်သုံးခဲ့သူဖြစ်သည်။

ကာလ်ချီသည် အသက် ၁၈ နှစ်အရွယ်မှာပင် သိပ္ပံပညာရပ်များကို ဆည်းပူး သင်ကြားပြီး အောင်မြင်ပြီးဆုံး ခဲ့လေသည်။ သို့ပညာရေး လိုက်စားမှု့ အခမ်းကဏ္ဍပြီးဆုံးသည်နှင့် ကာလ်ချီသည်လည်း မိမိ၏ မိသားစုဝင်များရေပန်းစားနေသည့် နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ပါဝင်ဆောင်ရွက်နိုင်လိမ့်မည်ဟု
ပတ်ဝန်းကျင်မှ အများသူတို့က ထင်မြင် ယူဆခဲ့ကြသည်။ သို့သော် လူသူမသိ မမြင်နိုင်သည့် ကာလ်ချီ၏ စိတ်ဝမ်းနှလုံး အတွင်းရှိသော ဘ၀ ရည်မှန်းချက်မှာ နိုင်ငံရေးလမ်းကြောင်း မဟုတ်ခဲ့ပေ။ တစ်နေ့တစ်ခြား ထက်သန် ရင့်မာလာသော ကာလ်ချီ၏ ဘ၀ရည်မှန်းချက်မှာ သာသနာ့ဘောင်သို့ ၀င်ရောက် ဆပ်ကပ်၍ ရဟန်းတစ်ပါးအဖြစ် မိမိဘ၀ကို ရင်းနှီးမြှုပ်နှံသွားရန်ဖြစ်သည်။ သို့ဖြစ်၍ ကာလ်ချီသည် ထိုမွန်မြတ်လှသော သာသနာပြု စိတ်ဓာတ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် အချိန်အခါများစွာ မဆိုင်းမတွတော့ဘဲ သက်ဆိုင်ရာသာသနာပိုင် ရဟန်း ဘုန်းတော်ကြီးများထံသို့ ၀င်ရောက်လျှောက်ထား ခဲ့လေတော့သည်။

 ဖြူစင်သည့် စိတ်ထားမြတ်ရှိသော ကာလ်ချီအား အီတလီပြည်၊ မီလန်းမြို့ရှိ ဘားရ်နားဘိုက် အသင်းဂိုဏ်းဌာနချုပ်မှ ၀မ်းပန်းတသာကြုဆို လက်ခံခဲ့လေသည်။ ကာလ်ချီသည် ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ ၀တ်လုံတော် သင်္ကန်းစီးခါ၊ ဘားရ်နားဘိုက် အသင်းဂိုဏ်း သာမဏေငယ်တို့ လေ့လာဆည်းပူးအပ်သော ၀ိနည်းတော်များ၊ အသင်းစည်းကမ်း ဓလေ့ ကျင့်ထုံးကျင့်တမ်းများကို လိုက်နာ ဆည်းပူး ကျင့်ဆောက်တည်ခဲ့လေသည်။

     ဘားရ်နားဘိုက်အသင်း၏ စည်းကမ်း ၀ိနည်းတော်များကို ပီပြင် တည်ကြည်စွာ ကျင့်ဆောက်နိုင်သော ကာလ်ချီအား အသင်းဂိုဏ်း၏ အသင်းဝင် ဂတိသစ္စာများကို ခံယူစေလျက် ဘားရ်နားဘိုက် အသင်းဝင်တစ်ဦးအဖြစ် လက်ခံခဲ့လေသည်။ 

သို့သော် ရဟန်းဘောင်သို့ ဆက်လက်လျှောက်လှမ်းရအုန်းမည်ဖြစ်ရာ အီတလီပြည်၏ ထိပ်တန်းဓမ္မကဌိက တက္ကသိုလ်ကြီးဖြစ်သော “စိန်အလက်ဇန္ဒားယား တက္ကသိုလ်” ကြီးသို့ ကာလ်ချီရောက်ရှိခဲ့သည်။ ဤတက္ကသိုလ်ကြီး၌ ရဟန်းတို့ပညာရပ်နှင့်ဆိုင်ရာ ဓမ္မဘာသာရပ်များ၊ ကျင့်ဝတ်တော်များ၊ ၀ိနည်းတော်များ၊ ဒသနိကဗေဒဆိုင်ရာ ပညာရပ်များ၊ စသည့် အလွန်ထွေပြား ခက်ခဲလှသည့် ဘာသာရပ်စုံကို ဆက်လက်လေ့လာ သင်ယူခဲ့လေသည်။ သင်ကြားအပ်သော ပညာရပ်များကို ထူးချွန်အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး၊ သိက္ခာသမာဓိတရားနှင့်ပြည့်စုံ သဖြင့် မိမိမျှော်မှန်းထားသော ရဟန်းဘောင်သို့ တက်ရောက်ခွင့် ရရှိခဲ့လေသည်။
 
  ကာလ်ချီသည် ရဟန်းသိက္ခာ ခံယူပြီးနောက်ပိုင်းတွင်၊ ရဟန်းတို့၏ အကျင့်သီလနှင့်လည်းပြည့်စုံ၊ ပညာရည်လည်း ထက်မြက်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် အလျောက်၊ အဆိုပါ မိခင် တက္ကသိုလ်ကြီးမှာပင် စာချဘုန်းတော်ကြီးအဖြစ် ဆက်လက် ထမ်းဆောင်ရန် သာသနာပိုင် အထက်အကြီးအကဲများမှ ယုံကြည် ကိုးစားစွာဖြင့်တာဝန်ပေးအပ် ခဲ့လေသည်။

     ထိုစဉ်အခါက  ဘားရ်နားဘိုက် အသင်းဂိုဏ်းမှ ဦးစီးဖွင့်လှစ်ထားသော “စိန်အလက်ဇန္ဒားယား တက္ကသိုလ်” ကြီး၏ ပါမောက္ခချုပ် တာဝန်ကို ဘုန်းတော်ကြီး ပေါလ်ယို ချီညားနီ Rev. Father Paolo Cignani မှတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်သည်။ ဘုန်းတော်ကြီး ချီညားနီသည် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းမြောက်များစွာ ရှိသည်ဖြစ်ရာ မိမိအား အဆိုပါ တာဝန်မှ ရပ်နားခွင့်ပြုပါရန် အထက် အကြီးအကဲများထံသို့ တင်ပြတောင်းဆို ခဲ့လေသည်။ သို့သော် ပါမောက္ခချုပ်တစ်ပါးကို ခန့်အပ်ရန် ပုဂ္ဂိုလ်ရွေးချယ်ရေး၌ အခက်အခဲများနှင့် တွေ့ကြုံ ရင်ဆိုင်နေကြရသဖြင့် ဘုန်းတော်ကြီး ချီညားနီ၏ တာဝန်မှ ရပ်နားခွင့်တောင်းခံချက်ကို ခေတ္တ ဆိုင်းငံထားခဲ့ကြသည်။

      “စိန်အလက်ဇန္ဒားယား တက္ကသိုလ်”အတွက် ခန့်အပ်ရန် ပါမောက္ခချုပ် အသစ်ကို များမကြာမီပိုင်းမှာ ပင်တွေ့ရှိခဲ့ကြသည်။ ပညာရေးဘက်၌သော်လည်းကောင်း၊ သာသနာစိတ်ဓာတ်မြှင့်တင်ရေး၌သော် လည်းကောင်း၊ ဘက်စုံဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ပါမောက္ခချုပ် အသစ်ကိုရွေးချယ်ရာ၌ အသက်အရွယ်အားဖြင့် သုံးဆယ့် တစ်နှစ်သာလျှင် ရှိသေးပြီး၊ သာသနာပိုင် အထက် အကြီးအကဲများ၏ ယုံကြည်စိတ်ချမှ့ကိုလည်း ခံစားရရှိသော ပုဂ္ဂိုလ်ဖြစ်သည့် ကာလ်ချီအား ရွေးချယ် တင်မြှောက်ခဲ့ကြလေသည်။

    သို့သော် ဘုန်းတော်ကြီး ကာလ်ချီသည် မိမိအားပေးအပ်ထားသော ပါမောက္ခချုပ် တာဝန်ကို ခြောက်လတာ ကာလမျှတာလျှင် ထမ်းရွက်ခဲ့သည်။ သက္ကရာဇ် ၁၇၁၉
ခုနှစ်၊ အောက်တိုဘာလတွင်၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ကလေးမင်း ၁၁ (Pope Clement XI) ၏ ညွှန်ကြားချက်အရ၊ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီးမှ ရွေးချယ် ဖွဲ့စည်းပေးလိုက်ခဲ့သော အရှေ့တိုင်း သာသနာရေး တမန်တော်များ ကော်မရှင်အဖွဲ့တွင် ဘုန်းတော်ကြီး ကာလ်ချီသည်လည်း တစ်ပါး အပါအ၀င်ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး ကာလ်ချီသည် အရှေ့တိုင်းသို့ သာသနာပြုထွက်ရန် အစဉ် လိုလားတောင့်တခဲ့သည်။ အရှေ့တိုင်းသို့ သာသနာပြု ထွက်ရန် အမည်စာရင်းပေးသွင်းခဲ့သော ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် လေးဆယ်ကျော်တို့တွင် ဘုန်းတော်ကြီး ကာလ်ချီသည်လည်း မိမိ အမည်စာရင်းကိုပေးသွင်းခဲ့ခြင်းဖြစ်သည်။

      သမိုင်းအချုပ်ကား ထာဝရဘုရားသခင်ဖြစ်သည်။ ကာလ်ချီ အရွယ်ရောက်လာချိန်တွင် အများသူတို့က ကာလ်ချီသည် မိမိ ဘခင်ကြီး၏ ခြေရာကို လိုက်လိမ့်မည်ဟု ထင်မြင် ယူဆခဲ့ကြသည်။ သို့သော် ကာလ်ချီသည် ဘုရားသခင်၏ အမတ်လောင်းနေရာကို ရွေးချယ် လက်ခံခဲ့သည်။ တဖန် စိန်အလက်ဇန္ဒားယား တက္ကသိုလ်ကြီးအတွက် ပါမောက္ခချုပ် အသစ်ကို ရွေးချယ်ကြရာ၌ ပုဂ္ဂိုလ်သစ် ရရှိရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြသည်။ ထိုသို့ခက်ခဲစွာရွေးချယ် ခံထားရသည့် အကြားမှပင် ပါမောက္ခသစ် ဘုန်းတော်ကြီး ကာလ်ချီသည် ပြန်လည်နှုတ်ထွက်ခဲ့ပြီး၊ မိခင် တက္ကသိုလ်ကြီးကိုသာလျှင်မက၊ ဥရောပတိုက်ကိုပါကျောခိုင်းပြီး အရှေ့ဖျား သာသနာပြုအဖွဲ့ဝင် အဖြစ် တရုတ်ပြည်သို့ ခရီး ထွက်ခွာခဲ့လေသည်။ ထိုအပြင် သာသနာရေး တမန်တော်များအဖွဲ့ခေါင်းဆောင် ဆရာတော် မယ်ဇာဘားရ်ဘာ၏ မူလခရီးစဉ်နှင့် တာဝန်သည် တရုတ်ပြည်သို့သာလျှင်ဖြစ်ခဲ့သည်။ တရုတ်ပြည်သို့ရောက်ရှိကြ၍ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ပေးအပ်လိုက်သော တာဝန်ကိုလည်း ထမြောက်အောင်မြင်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ကြ။ တမန်တော်အဖွဲ့ဝင်များ အားလုံးလိုလိုပင် အီတလီပြည်သို့သာလျှင် ခြေဦးပြန်လည်လှည့်ကြရန်သာ ရှိတော့သည်။ သို့သော် ဆရာတော် မယ်ဇာဘားရ်ဘာသည် ကနဦးအစ၌လုပ်ငန်း အစီအစဉ် မရှိသော်ငြားလည်း ဘုန်းတော်ကြီးကာလ်ချီအား မြန်မာပြည်ရှိ ကာသလိခ်အသင်းတော်၏ သာသနာရေးမှုးချုပ်အဖြစ် အာဏာအပြည့်အပ်နှင်းခါ ရွေးချယ် တင်မြှောက်ပေးခဲ့လေသည်။

       အချုပ်အားဖြင့်ဆိုသော် ကာလ်ချီ၏ ဘ၀တစ်လျှောက်တွင် ဘုရားသခင်၏ လက်ရာတော်များကို အထင်အရှားတွေ့ရှိရသည်။ ဘုရားသခင်သည် ကာလ်ချီအား မြန်မာပြည် ကက်သလခ်အသင်းတော် သမိုင်းကဏ္ဍ အတွက် အုတ်မြစ်ချခဲ့သကဲ့သို့၊ ကာလ်ချီနောက်မှ လိုက်ပါလာကြသော ဘားရ်နားဘိုက် အသင်းဝင် အားလုံးကိုလည်း အလားတူစွာပင် စီမံစောင့်ရှောက်သွားကြောင်းများကို ဆက်လက်လေ့လာရန် တင်ပြ သွားဦးမည်ဖြစ်သည်။

၁၇၂၀ ခုနှစ်များတွင် မြန်မာပြည်ရှိ ကက်သလခ်အသင်းတော်၏ သာသနာနာရေး အခြေပြသမိုင်း(၇)

    မြန်မာပြည်၌ ကက်သလခ်သာသနာ စတင်ထွန်းကားခဲ့ပြီမှာ နှစ်ပေါင်း (၁၅၀) ခန့်ပင် ရှိခဲ့လေပြီဖြစ်သည်။ သက္ကရာဇ် ၁၆၁၃ ခုနှစ်မှာ အနောက်ဘက်လွန်မင်းသည် အောက်မြန်မာပြည်ကို သိမ်းပိုက် ယူခဲ့လေသည်။ အောက်မြန်မာပြည်၊ သန်လျင်မြို့၌ အခြေချနေထိုင်လျက် ရှိကြသော အနောက်တိုင်းသား ပေါိတူဂီ အမျိုးသားတို့အား နောင်တချိန်တွင် နိုင်ငံရေး လှုပ်ရှားအုံကြွမှု့များ မပြုလုပ်နိုင်စေရန် ပေါ်တူဂီများ၏ သော့ချက်ဖြစ်သော သန်လျင်မြို့ကို အလုံးအရင်းဖြင့် သိမ်းပိုက်ပြီး၊ အနောက်တိုင်းသားပေါ်တူဂီ အားလုံးကို အထက်မြန်မာပြည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဝှမ်း တလျောက်တွင် အခြေချနေထိုင်စေခဲ့ပြီး၊ လယ်ယာ ကိုင်းကျွန်းများ လုပ်ကိုင် စားသောက်နေထိုင်ခွင့်များပေးခဲ့သည်။

(၇) a.Storia del Cristianesimo nell’Impero Barmano. By Luigi Gallo, in 3 Volumes, Milan 1862.

b.”History of the Catholic Burmese Mission, 1720-1887” By Bishop Bigandet 1887.

c.An Account of the Roman Catholic Mission of Southern Burma, Burnes and Oats, 1909.

d.Letter of Father Abbona to Father Simonin, Chaplain to the King of Sardinia contains an Outline History      of the Catholic Mission in Burma. Ava and Pegu, the origin of the mission. (Cf. Annales de la Propagation    de la Foi, Lyon, 1822-1903. Vol.13.pp.326-334)        

  ဤသို့ဖြင့် ပေါ်တူဂီအမျိုးအနွယ် စစ်သုံ့ပန်းတို့အား ယနေ့ အထက်မြန်မာပြည် တ၀ှမ်းရှိ၊ စစ်ကိုင်းတိုင်း-မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြောင်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ စသည့် အထက်မြန်မာပြည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နယ်မြေဒေသများတွင် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင် စားသောက်ခါ အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်သည်။

  အထက်မြန်မာပြည်ရောက် ပေါ်တူဂီ စစ်သုံ့ပန်တို့တွင် အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် စားသောက်ကြသကဲ့သို့၊ အချို့မှာ အင်းဝနေပြည်တော်ရှိ အမြောက်တပ်၌ စစ်မှု့ ထမ်းခဲ့ကြသည်။ ထိုကြောင့်ပင် အင်းဝနေပြည်တော်တွင် ပေါ်တူဂီရပ်ကွက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဤသို့ အခြေချနေထိုင်ခဲ့ကြသော ပေါ်တူဂီ အမျိုးအနွယ်တို့သည် နှစ်ကာလ ပရိစ္ဆေဒ ကြာညောင်းလာသည်နှင့် အမျှ ဒေသခံမြန်မာ တိုင်းရင်းသားများနှင့် ရောယှက်လာကြပြီး၊ အိမ်ထောင်ရက်သား ကျခါ ပေါ်တူဂီ-မြန်မာအစပ် နွယ်ဖွားကို ပေါ်ထွန်းလာစေခဲ့ခြင်းဖြစ်သည်။

  အထက်မြန်မာပြည်သို့ ရောက်ရှိအခြေချနေထိုင်ကြသော ပေါ်တူဂီများသည် ကက်သလခ် ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်ကြသည်။ ထိုစဉ် အချိန်အခါက မြန်မာပြည်ရှိ ကက်သလခ် ခရစ်ယာန် အသင်းတော်သည် အန္ဒိယပြည်-မာလီရပိုမြို့မှ ဂိုဏ်းချုပ်ဆရာတော်၏ သာသနာ အုပ်ချုပ်ရေး လက်အောက်ခံဖြစ်ခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်ရှိ ကက်သလခ် အသင်းတော်အတွက် လိုအပ်သော ရဟန်း ဘုန်းတော်ကြီးများကို မာလီရပိုမြို့ ဂိုဏ်းချုပ် ဆရာတော်မှ စီမံ ခန့်ခွဲစေလွှတ်ပေးပို့ရသည်။ မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘုန်းတော်ကြီးများမှာလည်း ပေါ်တူဂီ တိုင်းရင်းသားများသာလျှင်ဖြစ်ကြသည်။

  သို့သော် အေ၊ ဒီ၊ ၁၇ ရာစုနောက်ပိုင်းတွင် မြန်မာပြည်အတွက် ရဟန်း ဘုန်းတော်ကြီးများ စေလွှတ်ပေးရန် အန္ဒိယပြည် အတွက် အခက်အခဲများစွာနှင့် တွေ့ကြုံ ရင်ဆိုင် လာခဲ့ရသည်နှင့် အမျှ ဘုန်းတော်ကြီးများကို ဆက်လက် ပို့ပေးနိုင်စွမ်း မရှိတော့ချေ။ ထိုသို့ မြန်မာပြည် ကက်သလခ်သာသနာ အတွက် ရဟန်း ဘုန်းတော်ကြီးများ မရရှိနိုင်သည့်နောက်ပိုင်းတွင် မြန်မာပြည် ကက်သလခ်သာသနာသည် သာသနာရေး၊ ဘာသာရေးများ၌ ကျဆင်းလာခဲ့ရသည်။ သာသနာ၏ စီမံ ခန့်ခွဲပေးမှု့ အင်အားများ ဆုတ်ယုတ်လာသည့်နှင့် အလျောက် ဘာသာတရား၌ လျော့ရဲ ပျက်ပြားသွားသည့် ပုဂ္ဂိုလ်များသည်လည်းပေါ်ထွန်း ခဲ့ကြသည်။ ထိုသို့ ဘာသာတရား ပျက်ပြားသွားသည့်သူများကို ပတ်ဝန်းကျင်မှ “ကုလားပျက်” များဟုခေါ်ဝေါ်ကြသည်။ သို့သော် ရှေးဟောင်း ကက်သလခ်ဘာသာဝင်များ၏ ထူးခြားသည့် ဘာသာရေးသမိုင်းဖြစ်ရပ် တခုမှာ အဆိုပါ ကုလားပျက်များသည် မိမိတို့ ဘာသာတရားသာလျင် ပျက်ပြားသွားကြလင့် ကစား အခြား ပတ်ဝန်းကျင်ရှိ ဘာသာအယူဝါဒများကို လက်ခံ ယုံကြည် ကိုးကွယ်မှု့ရှိခြင်း၊ ကူးပြောင်းသွားမှု့ရှိခြင်း၊ စသည့် သမိုင်းဖြစ်ရပ်များကိုမူ မတွေ့ရှိခဲ့ရပေ။ သို့ဖြစ်၍ ရှေးဟောင်း ကက်သလခ်နွယ်ဖွားများသည် ဒေသခံများနှင့် လူမှု့ရေးလောက၌ သာလျှင် ကူးလူး ဆက်ဆံမှု့ရှိကြပြီး၊ ဘာသာရေးရာ၌မူ ရောယှက်နေထိုင်ခြင်း မပြုလုပ်ခဲ့ကြသည်မှာ ထင်ရှားပေါ်လွင်သော သမိုင်းဖြစ်ရပ်တခု ပင်ဖြစ်သည်။

    အထက်မြန်မာပြည်မှာ ကဲ့သို့  အောက်မြန်မာပြည်တွင်လည်း ကက်သလခ် ခရစ်ယာန်များရှိခဲ့သည်မှာ အချိန် ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အလျင်ဦးဆုံးရောက်ရှိလာကြသော ကက်သလခ် ခရစ်ယာန်ဘာသာဝင်များမှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နေကြသော အနောက် တိုင်းရင်းသားများပင်ဖြစ်ကြသည်။ အနောက် တိုင်းရင်းသားများသည် သင်္ဘောပိုင်ရှင်ကြီးများဖြစ်ကြသည်။ ထို သင်္ဘောပိုင်ရှင်ကြီးများသည် သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများကို ရင်းနှီး လုပ်ဆောင်ကြသည်။ အဆိုပါ သင်္ဘောပိုင်ရှင်ကြီးများနှင့် အတူ လိုက်ပါလာကြသော ကုန်သည်ကြီးများ၊ အလုပ်သမားများ အစရှိသော သူတို့သည် ကက်သလခ် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြသည်။ ထိုလူပုဂ္ဂိုလ်များ အတွက် ဘာသာရေးအမှု့ ကိစ္စများဆောင်ရွက်ပေးရန်၊ ၎င်းတို့နှင့် အတူ ကက်သလခ် ဘုန်းတော်ကြီးများလည်း မြန်မာပြည်သို့ လိုက်ပါလာခြင်းဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးများသည် အနောက် တိုင်းရင်းသားများ၏ ဘာသာရေး ၀တ္တရားများကို ထမ်းရွက်ပေးကြရင်း၊ ဒေသခံနယ်မြေရှိ တိုင်းရင်းသားများကိုလည်း သာသနာပြု ကြသည်။ ဤသို့ဖြင့် အောက်မြန်မာပြည်၌ ခရစ်ယာန် အယူဝါဒကို ယုံကြည် ကိုးကွယ်ကြသော ခရစ်ယာန် ဘာသာဝင်များလည်း စုစည်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဤသို့သော အခြေအနေများတွင် အန္ဒိယပြည်မှ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ရဟန်း ဘုန်းတော်ကြီးများ အဆက်ပြတ်မှု့ရှိခဲ့ခြင်းသည် ပို၍ ဆိုးရွားသော အခြေအနေများသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

    သို့ဖြစ်၍ ရောမမြို့-သာသနာပြန့်ပွားရေး ဌာနချုပ်မှ တရုတ်ပြည်-ကန်တုံမြို့သို့ သာသနာရေး ကိစ္စရပ်နှင့် ရောက်ရှိလာခဲ့သော ဆရာတော် မယ်ဇာဘာရ်ဘားသည် မြန်မာပြည်ရှိ ကက်သလခ်အသင်းတော်ကို ပြန်လည် ထူထောင်ပေးရန် လိုအပ်သည့် သာသနာပြု ပုဂ္ဂိုလ် အင်အားများကို ဖြည့်စွက်ပေးဘို့ စီမံ ခန့်ခွဲပေးလိုက်ခြင်းဖြစ်သည်။

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၆)