Friday, March 14, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၃)


အခန်း(၂)

အင်းဝရောက် ဘားရ်နားဘိုက်ဂိုဏ်းဝင် သာသနာပြုအဖွဲ့

 အင်းဝကား ရှေးမြန်မာမင်းတို့၏ ရွှေထီး ရွှေနန်း စိုက်ထူရာ နေပြည်တော်ကြီးပင် ဖြစ်ခဲ့သည်။ “နတ်ဘုံတမျှ ရွှေအင်းဝ” ဟု ရှေးမြန်မာ စာဆိုတော်ကြီးများက အင်းဝ နေပြည်တော်ကြီး၏ လှပတင့်တယ်ပြီး၊ ခန်းနားကြီးကြယ်လှသည့် အကြောင်းအရာများကို ဂုဏ်ကျက်သရေ ဆောင်ပုဒ်များဖြင့် ကင်ပွန်း တပ်ဆင်ခါ ဂုဏ်ပြု မှတ်တမ်းတင် ရေးသားခဲ့ကြသည်။(၂)

(၂) စာပေ၀တ်ဆံ- အတွဲ ရ။ ရွှေအင်းဝ၊ အခန်း ၁။ ဒဂုန်နတ်ရှင် - စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်။ ၁၉ရ၁။

 နတ်ဘုံတမျှ ရွှေအင်းဝသည် ပြည်မြန်မာ မြို့တော်ကြီး၏ ဂုဏ်သိက္ခာ အင်္ဂါရပ် အပေါင်းတို့နှင့် ပြည့်စုံလှသည့် ရှေးမြန်မာမင်းတို့ အောင်လံ စိုက်ထူရာ နေပြည်တော်မြို့ကြီးဖြစ်ခဲ့သည်မှာ မှန်ပေစွ။ မြို့တော်တွင်း၌ စံမြန်းတော်မူသော ဘုရင်မင်းမြတ်နှင့် နန်းတွင်းသူ နန်းတွင်းသားများ၊ မြို့တော်သူ မြို့တော်သားများ အပေါင်းတို့အား ဘ၀လုံခြုံမှု့ အပြည့်အ၀ ပေးနိုင်ရန်အတွက် အလွန်ခိုင်ခံ့သည့် မြို့ရိုးကြီးများဖြင့် ၀ိုင်းရံ ဆောက်လုပ်ထားသည်။ မြို့တော်ကြီး မျက်နှာဖုံးတစ်ခုလုံးကို ဖြန့်ချီ ဖုံးအုပ်နေသည့် ပြည်သူတို့၏ အိုးအိမ်များမှာ သစ်ကြီး ၀ါးကြီးများနှင့် ဆောက်လုပ်ထားသည်။ ရှေးမြန်မာတို့၏ စီးပွားရေးအင်အား ထွန်းကားမှု့နှင့်အတူ မြင့်မား တိုးတက်နေသည့် လူနေမှု့ အဆင့်အတန်းကိုလည်း ဖော်ထုတ် ပြသနေခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင် ကျောင်းဒါယကာ၊ ဒါယကာမတို့က အလှူဒါန ဘ၀နာပွားများကာ၊ လှူဒါန်း ဆောက်လုပ်ထားသည့် ကျောင်းသင်္ခမ်းတို့ကား ကျွန်းလုံးကြီးငယ်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည် ဖြစ်ရာ၊ ဗုဒ္ဓဘာသာ သာသနာတော်၏ ဂုဏ်ရောင်တော်များ တဖိတ်ဖိတ်တောက်ပလျှက် ရှိနေပေသည်။ ရွှေရည်ချထားသော ဘုရားဂူ ပုထိုးများကလည်း မြို့တော်ကြီးနှင့်အ၀ှမ်း ပြည့်လျှံလျှက်ရှိရာ သဒ္ဒ့ါကြည်ဖြူသော အလှူ့ရှင် ဒါယကာများ ပေါများလှပေစွဟု မှတ်တမ်းများရှိခဲ့ကြသည်။(၃)

  တဖန် မြို့တော်ကြီးကို သဘာဝအလှနှင့် ထပ်လောင်း ခြယ်မှူန်းထားသေးသည်။ စိမ်းညိုယှက်သန်းလျက် ထီထီး ပေါက်နေကြသော အုန်းပင်ကြီးငယ်များက မြစ်ဧရာမှ တိုက်ခတ်လာကြသော လေပြေ လေညှင်း ကလေးများကြောင့် ဖြစ်ပေါ်လာစေသော လှုပ်ရှားမှု့များမှာ မြို့တော်ခန်းမဆောင်၌ ကချေသည် လှပျိုဖြူမယ် ယိမ်းသူငယ်မလေးတို့၏ ကဟန်ခြေဟန် လေ့ကျင့် ပြသနေကြသည့် အလားပင် ဖြစ်ပေါ်စေသည်။(၄)

(၃) A DESCRIPTION OF THE BURMESE EMPIRE. BY Father Sangermano.
London. Cf “Ava, famed not only as the residence of so many kings, but also for its pleasant and      convenient situation nad magnificence of its buildings..(pg.68 below)

(၄) As above. Cf. Pg. 69 top.

   အင်းဝမြို့တော်၏ မြို့တော်အင်္ဂါ ဂုဏ်ကျက်သရေ၊ အင်းဝမြို့တော်၏ တိုးတက်မြင့်မားနေသော​ စီးပွားရေး အင်အား၊ နိုင်ငံရေး အင်အား အစရှိသည်တို့သည် နေပြည်တော်ကြီး၏ အနောက်သို့လားသော်၊ အာသံ-စစ်တကောင်းဖြစ်ပြီး၊ အရှေ့ဘက်သို့လားသော်၊ ယိုးဒယား-ဇင်းမယ်တို့ဖြစ်ကြသည်။ ထိုမှတဖန် မြောက်ဘက်သို့ ယွန်းသော်၊ တရုတ်-ယူနန်ဖြစ်ပြီး၊ အရပ်လေးဘက်လေးနံရှိ အိမ်နီးချင်းတိုင်းပြည်များတိုင်အောင် ကျော်စောတိက္ကမ ကြီးမားလှပေသည်။ အင်းဝမြို့တော်ကြီး၏ သြဇာလက်အောက်ခံအဖြစ်ပင် အဆို ဖော်ပြပါ နိုင်ငံကြီးတို့သည် တချိန်အခါက ကျရောက်ခဲ့ကြဘူးသည်။ နေပြည်တော်ကြီး၏ အိမ်တော်ဦး မျက်နှာစာပြင်မှ စီးဆင်းသွားလာနေသော မြစ်ဧရာမှ တဖန် စုန်ဆင်းလိုက်လေသော်၊ ပင်လယ်ပြင်သို့ ရောက်ရှိပေသည်။ ပင်လယ်ပြင် ခရီးတစ်လျောက်ရှိ ပင်လယ်ရပ်ခြား အနောက်တိုင်း ဥရောပတစ်ခွင်မှလည်း၊ မြန်မာနိုင်ငံတော်ကို ထိုခေတ် ထိုအခါက “အင်းဝနေပြည်တော်” ဟု ဘွဲ့အမည်နှင့်သာလျင် အကျွမ်းတ၀င် သိရှိခဲ့ကြခြင်း ဖြစ်သည်။ လေ့လာခဲ့ကြသည်။ ကူးလူး ဆက်သွယ်ခဲ့ကြသည်။ အချို့ အနောက်တိုင်းသားများ ပြုစု ရေးသားသွားခဲ့ကြသည့် ရှေးမြန်မာသမိုင်း အခန်းကဏ္ဍတွင် မြန်မာပြည်ကို “အင်းဝနိုင်ငံတော်” ဟူသော ဘွဲ့အမည်ကိုသာ အမှီသဟဲပြု၍ သမိုင်း ကမ္ဖည်းရေးထိုးခဲ့ကြသည်။ သို့ဖြစ်၍ အင်းဝနေပြည်တော်ကြီးသည် မြစ်ဧရာ ‘အ၀’ အနီးသာလျင် တည်ရှိခဲ့ခြင်း မဟုတ်သေး၊ မြန်မာ့သမိုင်း ‘အ၀’တွင်လည်း တည်ရှိပေသည်ဟု သမိုင်း မှတ်တမ်းပြုရမည်ဖြစ်သည်။ 

    ခရစ်သက္ကရာဇ် ၁၇၂၁ ခုနှစ်ကျော်များတွင် အဆိုပါ အင်းဝနေပြည်တော်ကြီး တည်ရှိရာသို့ အနောက်တိုင်း ဥရောပတိုက်၊ ရောမမြို့တော်မှ ခရစ်ယာန်သာသနာပြုအဖွဲ့များသည် အစီအရီ စတင်ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ အင်းဝ နေပြည်တော်ကြီးသို့ ခရီးဆိုက်ရောက်လာကြသော ကက်သလခ် ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ်များအကြောင်းနှင့် ပတ်သတ်၍ သိသင့် သိထိုက်သော ယင်းတို့၏ နောက်ခံ သမိုင်းအကြောင်းကို ရှေးဦးစွာ ခင်းကျင်း ထုတ်ဖော်ပြလိုပေသည်။
 
ဘာသာရေးအဖွဲ့အစည်း
လူ့အဖွဲ့အစည်းဟူသည် လူ့သဘာဝ လိုအင် ဆန္ဒပြည့်ဝရေး ရည်မှန်းချက် ပန်းတိုင်သို့ ဦးတည်လျက် ဘ၀ အိုးအိမ် ဆောက်တည်ကြသော လူစုတစ်ရပ်ကို ဆိုလိုသည်။ လူ့သဘာဝ လိုအင်ဆန္ဒဆိုသည်မှာ၊ လူအများ ကောင်းစားရေးကို ရှေ့ရှု့ပေးသည့် အေးချမ်းသာယာရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးပင်ဖြစ်သည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်း ဝေါဟာရဟူသော ဝေါဟာရစကား အဓိပ္ပါယ်ကို အခြား နည်းဟန်ဖြင့် ထပ်ဆင့်တဖုံ ဖွင့်လှစ် ဖော်ပြရမည်ဆိုသော်၊ အရင်းခံ တူညီသော လူ့သဘာဝ လိုအင် ဆန္ဒ ပြည့်မြောက်ရေးအတွက် ရည်မှန်းထားသော ပန်းတိုင်သို့ စိတ်တူမနောတူ ဖွဲ့စည်းမှု့ တစ်ရပ်ဖြင့် ၀ါယမစိုက်ခါ လူမှု့ဘ၀ ခရီးကို ပြုပြင်ဆောက်တည် နေကြသော လူစုတစ်ရပ်ကို လူ့အဖွဲ့အစည်းဟုခေါ်သည်။

  ဘာသာရေး အဖွဲ့အစည်းသည်လည်း အထက်ဖော်ပြပါ လူ့အဖွဲ့အစည်း ဝေါဟာရ အနက်ဖွင့်ဆိုထားသည့် ပညတ် စည်းမျဉ်းဘောင်အတွင်း၌ ဆောက်တည်ထားခြင်းပင် ဖြစ်သည်။ သို့သော် ဘာသာရေး အဖွဲ့အစည်း၏ ရည်မှန်းချက်တွင် လူ့သဘာဝ လိုအင်ဆန္ဒသည် လောကုတ္တရာဘောင် အတွင်း၌သာလျင် ဦးတည်ထားသည်ကို သတိမူ ကြရမည်ဖြစ်သည်။ တနည်းဆိုရသော် ဘာသာရေး အဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော လူ့သဘာဝ လိုအင်ဆန္ဒသည် လောကဓံတရားကို ကျော်လွှား၍ နောင်တမလွန် ဘ၀၏ အေးချမ်းသာယာမှု့များ ရရှိရေးနှင့် နောင်သံသရာအတွက် ကောင်းစားရေးကို ရှေ့ရှ ထားသည့် လောကုတ္တရာရေးရာများနှင့် ဆက်စပ်လျက်ရှိသော သဘောတရားများသာလျင် ဖြစ်သည်။  

 သို့ဖြစ်၍ ဘာသာရေး အဖွဲ့အစည်းဆိုသည်မှာ လောကုတ္တရာ လူ့သဘာဝ လိုအင်ဆန္ဒ ရည်မှန်းချက် ပန်းတိုင်သို့ ယင်းဘာသာရေးမှ ချမှတ်ပေးထားသော ၀ိနည်း ပညတ်တော်များနှင့်အညီ ကျင့်ကြံ အားထုတ်ကြလျက်၊ လူ့ဘောင် လောက ဘ၀ခရီးကို ကျော်လွှား၍ ခရီးပြုနေကြသည့် လူ့အဖွဲ့စု တစ်ရပ်ကို ဘာသာရေးအဖွဲ့အစည်းဟု ခေါ်သည်။

  တဖန် နောင်တမလွန် ဘ၀ကို ခံယူချက်ပြုထားသော သဘောတရားရေးရာများသည် အသီးသီး ကွဲပြားခြားနားမှု့ ရှိနေကြသည်။ ထိုကြောင့် ဘာသာရေးအဖွဲ့အစည်းများသည်လည်း အမျိုးမျိုးရှိနေကြခြင်း ဖြစ်သည်။ ဥပမာ၊ ဗုဒ္ဓဘာသာ၏ နောင်တမလွန် ဘ၀ခံယူချက်နှင့် ခရစ်ယာန်ဘာသာ၏ နောင်တမလွန် ဘ၀ခံယူချက်ဆိုင်ရာ သဘောတရားရေးရာများသည် ခြားနားမှု့ ရှိနေမည်မှာ မလွဲ ဧကန်ပင်ဖြစ်သည်။ ဤကဲ့သို့ ခြားနားမှု့များ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာနှင့်အ၀ှမ်းတွင် ဘာသာရေးအဖွဲ့အစည်းများ အသီးသီး အပြားပြားရှိနေကြခြင်း ဖြစ်သည်။ သို့သော် ဘာသာရေး အဖွဲ့အစည်းတိုင်းသည် အထက်ဖော်ပြပါ “ဘာသာရေးအဖွဲ့အစည်း” ဟူသောဝေါဟာရ အနက် အဓိပ္ပါယ်၏ ဖွင့်ဆိုချက် စည်းမျဉ်းဘောင်အတွင်း၌ ရှိနေကြကြောင်းမှာ ထင်ရှား လှပေသည်။

 
ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်း
   ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းသည် နောင်တမလွန် ဘ၀၏ ခံယူချက်ကို သမ္မာကျမ်းစာတော်မှ ကောက်နှုတ်ချက် ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းသဘောရေးရာများနှင့်ဆိုင်ရာများကို “ခရစ်ယာန် သမိုင်းမဏ္ဍုင်” အခန်းတွင် အကျဉ်းမျှ ဖော်ပြခဲ့ပြီးဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်တို့၏ အကြီးလေးဆုံးသော ၀ိနည်း ပညတ်တော်သည် ထာဝရဘုရားသခင်အား မိမိ အစွမ်းရှိသမျှ စိတ်နှလုံးသွင်းခါ အကြွင်းမဲ့ ၀တ်ပြု ကိုးကွယ် ဆည်းကပ်ရန်နှင့်၊ လူလူချင်းအား စာနာ ထောက်ထားတတ်သော မေတ္တာ ကရုဏာကို ရှေ့ရှု့ထားသည့်အသိတရားဖြင့် လူသတ္တ၀ါတို့ကို ချစ်ခင် လေးစားရမည်ဆိုသော ပညတ်ပင် ဖြစ်သည်။ ဤဘာသာရေး ခံယူချက် ပညတ်တရားကို အခြေခံယူ၍ သာသနာတော်အတွင်း အမှု့ကိစ္စ အ၀၀တို့ကို သမိုင်းအစဉ် အလာကပင် အကောင်အထည် ဖော်ဆောင်သွားခဲ့ကြခြင်း ဖြစ်သည်။

 ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းအတွင်း၌လည်း ဘာသာရေး အယူဝါဒ ခံယူချက်များတွင် ယူဆမှု့ အနည်းနှင့်အများ ကွဲပြား ခြားနားလျက်ရှိခြင်းကြောင့် ဂိုဏ်းဂနများ ကွဲပြားနေကြသည်ကို တွေ့ရှိရပေမည်။ ယင်း ကဲ့သို့ ကွဲပြားနေကြသော ဂိုဏ်းဂနများ အကြောင်းကို ဆက်လက် မဆွေးနွေးတော့ပဲကက်သလခ်ဘာသာရေး အဖွဲ့အစည်း အကြောင်းကိုသာလျှင် တင်ပြလိုပါသည်။


ကက်သလခ်ဘာသာရေးအဖွဲ့အစည်း

 ဘာသာတရား အယူဝါဒကို လက်ခံကျင့်သုံးသူတိုင်း၊ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးကို တုပ်ကွ ရုပ်ကျုး လက်စုံမိုး၍ နေ့စဉ် ရှိခိုး ကော်ယော် ပူဇော် ကန်တော့ကြခြင်းဖြစ်သည်။ ကက်သလခ် ဘာသာဝင်များအတွက်မှာ အဆိုပါ ရတနာသုံးပါးအပြင် စတုတ္ထမြောက် ရတနာတပါးကိုလည်း စောင့်ထိန်းကြရန်ရှိသည်။ ထိုစတုတ္ထမြောက် ရတနာတပါးကား “မိမိ အနားရှိ လူပုဂ္ဂိုလ်အား ကိုယ်ရှင်ကဲ့သို့ ချစ်ခင် ကြင်နာရမည်” ဖြစ်သည်။



       သို့ဆိုလျှင် နောင်တမလွန် ဘ၀အကျိုး ကုသိုလ်ရရှိရေးအတွက် လူလူချင်းအား အကျိုး ဆောင်ရွက်ပေးခြင်းသည် အမြင့်မြတ်ဆုံးသော တရားတော်ပင် ဖြစ်သည်။ ဤ မွန်မြတ်သိမ်မွေ့လှသော စေတနာတရား ပွားများ ရင့်ကျက်သည့် ပါရမီရှင် ပုဂ္ဂိုလ်များသည် သာသနာ့ အမှု့တော်ဆောင်အဖွဲ့များသို့ အကြွင်းမဲ့ ၀င်ရောက်ကြခါ၊ ကမ္ဘာနှင့်အ၀ှမ်းမှာရှိ လူသားများအတွက် သံသရာ အကျိုးကို သယ်ပိုး ထမ်းရွက်ပေးနေကြသည်။



    ကက်သလခ် ဘာသာရေး အဖွဲ့အစည်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကို သုံးသပ်ကြည့်သော်၊ ကက်သလခ် ဘာသာရေးအဖွဲ့အစည်းသည် ဗဟို ဦးစီးစနစ်ကို ရှေးအစဉ် အလာမှပင် လိုက်နာ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ယင်းဗဟို အုပ်ချုပ်ရေးဦးစီးစနစ်ကို လက်ဆုပ်လက်ကိုင် ပြုလုပ်ကျင့်သုံး


လိုက်နာသော အချုပ်အခြာ အာဏာအား ဋီကာဖွင့်ဟရမည် ဆိုသော်၊ ထာဝရဘုရားသခင်ပင် ဖြစ်သည်။ သို့ဖြစ်၍ သာသနာအတွင်းရှိ အာဏာရ ပုဂ္ဂိုလ်များသည် ထာဝရဘုရားသခင်၏ အာဏာကို လက်ပါးစေများအဖြစ် အမှု့တော်ကို ထမ်းရွက်ကြသော ပုဂ္ဂိုလ်များသာလျှင် ဖြစ်ကြပေသည်။ ထိုကြောင့် သာသနာ၏ အာဏာသည် သက်ဦးဆံပိုင် စနစ်မျိုးမဟုတ်ပဲ၊ အစေပါးစံသည့် အမှုတော်ဆောင် အုပ်ချုပ်ရေး အာဏာစနစ်မျိုးဖြစ်သည်။ ထိုအုပ်ချုပ်ရေးစနစ်ကို ဘာသာရေး ဝေါဟာရ အသုံးစကားမှာ ဤသို့တွေ့ရှိရသည်။ The supreme law of the Church is love. မိခင်အသင်းတော်ကြီး၏ အမြင့်ဆုံး အာဏာဟူသည် မေတ္တာတရား ကျင့်ထုံးဖြစ်သည်။

   ထိုအစေပါးစံသော အုပ်ချုပ်ရေးဦးစီးမှူး နာယကပုဂ္ဂိုလ်ကို သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဟုခေါ်သည်။ ပုပ်ရဟန်းမင်းကြီးသည် အစေပါးတို့၏ အစေခံဘွဲ့ကို ခံယူပြီး သာသနာတော်ကို ဦးစီး ဦးဆောင်ပြုခြင်းဖြစ်သည်။ ယင်း သာသနာပိုင် ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဖွဲ့စည်းထားသော အခြား အဖွဲ့ဝင် ပုဂ္ဂုလ်ကြီးများမှာ ဆရာတော် သိက္ခာတော်ရ သံဃာတော်ကြီးများ ဖြစ်ကြသည်။ ကက်သလခ်ဘာသာရေး အဖွဲ့အစည်းအတွင်းရှိ ဘာသာရေးဆိုင်ရာ ကိစ္စအ၀၀၊ သာသနာရေးဆိုင်ရာ ကိစ္စအ၀၀တို့ကို သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ ဦးဆောင် ကွပ်ကဲမှု့လက်အောက်တွင် အဆိုပါ ဆရာတော်ကြီးများအဖွဲ့က ပူးတွဲ ထိန်းသိမ်းစောင့်ရှောက်ကွပ်ကဲ ကြပ်မတ် ပေးကြရသည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးသည် ထာဝရဘုရားသခင်၏ သားတော် ယေဇူးခရစ်တော် အရှင်၏ အရိုက်အရာကို ဆက်လက်၍ လက်ခံထားသည့် အလျောက်၊ ဘာသာရေး အယူဝါဒဆိုင်ရာ ယုံကြည်ရာ အချက်အခြာများနှင့် ကျင့်ဝတ်တော်များ (DOGMAS AND MORALS) ကို ပုဒ်မတစ်ခု မကျန် တိမ်းဆောင်း လွဲမှားမှူ့ မရှိစေရအောင် ထိန်းသိမ်း စောင့်ရှောက်ပေးရသည်။ သွန်သင် ပေးရသည်။ ညွှန်ကြား ချမှတ်ပေးရသည်။ ကက်သလခ် ဘာသာဝင် အပေါင်းတို့ကို ဖခင်ကြီးသဖွယ် မှန်ကန်သော လောကုတ္တရာရေးရာများသို့ ခေါ်ဆောင် ပေးရသည်။ အချုပ်အားဖြင့်ဆိုသော်၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးသည် သာသနာအတွင်းရှိ အာဏာဟူသမျှကို ထိန်းချုပ် ကိုင်ဆောင်ထားသည့် နာယက ဦးစီးချုပ်ဖြစ်သည်။ ထိုဘုရားပေး အာဏာကို မိမိတပါးတည်းဖြစ်စေ၊ ဆရာတော်များ အဖွဲ့အစည်းနှင့်ဖြစ်စေ၊ မိမိ၏ ဦးဆောင်ကွပ်ကဲမှု့ အတွင်း၌ ဖြစ်စေ၊ အပြည့်အ၀ သုံးပိုင်ခွင့်ကို ရရှိထားခြင်း ဖြစ်သည်။

  ဘာသာရေးသည် လောကုတ္တရာ လိုအင်ဆန္ဒကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးရသည်။ သို့ဖြစ်၍ ဘာသာရေး အဖွဲ့အစည်းလုပ်ငန်းခွင်တွင် အလွန် ထွေပြား များမြောင်လှသော သာသနာရေးဆိုင်ရာများနှင့် တွေ့ကြူံရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ တနည်းဆိုရသော် ဘာသာရေး ဦးတည်ချက် ပန်းတိုင်ဖြစ်သော လောကုတ္တရာသို့ ယခု မျက်မှောက် လောက ဇာတ်ခုံမြင့်ပေါ်မှ တဆင့် ဖြတ်ကျော်သွားရမည်။ သို့ဖြစ်၍ ယင်းဇာတ်ခုံကြီးပေါ်၌ တွေ့ကြုံရင်ဆိုင်ရမည့် လောကီရေးရာများကိုလည်း လျစ်လျူရှု့၍ မဖြစ်။ ထမ်းဆောင် ကြရဦးမည် ဖြစ်သည်။ ထိုရေးရာများနှင့် ဘာသာရေးလုပ်ငန်း တာဝန်ဟူသမျှကို ဝေမျှ ထမ်းရွက်လိုကြသည့် ပုဂ္ဂိုလ်များ (၀ါ) သာသနာ အမှု့တော်ဆောင် ပုဂ္ဂိုလ်များလည်း သာသနာတော် အတွင်း၌ ပေါ်ထွန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ သာသနာ့ ၀န်ဆောင်များသည်လည်း အဖွဲ့အစည်းများနှင့် နေထိုင်ကြပြီး သာသနာအလုပ် ကိစ္စအ၀၀တို့ကို ရိုင်းပင်း ကူညီ လုပ်ဆောင်ပေးကြရသည်။

    ထိုသာသနာ့ဝန်ဆောင်မှု့ အဖွဲ့အစည်းများကို ”အသင်းဂိုဏ်းများ” ဟုခေါ်တွင်သည်။ အသင်းဂိုဏ်းများသည် ဘာသာရေး အယူဝါဒ(၀ါ) ဂိုဏ်းဂန ကွဲပြားနေသော အသင်းဂိုဏ်းများဖြစ်သည်ဟု ထင်မြင် မယူဆရန် လိုအပ်ပေသည်။ ယင်းတို့သည် သာသနာ့ဝန်ဆောင်များကို မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ခွဲဝေ၍ အမှု့တော် ထမ်းဆောင်ပေးကြသည့် အဖွဲ့အစည်းများသာလျှင် ဖြစ်ကြသည်။

   ကက်သလခ် ဘာသာရေး အဖွဲ့အစည်းအတွင်း အသင်းဂိုဏ်းများကို မိမိတို့ တစ်ကိုယ်တော် စိတ်ထားရှိကြသည့်အတိုင်း ဖွဲ့စည်း တည်ထောင်ပိုင်ခွင့်မရှိ။ အဖွဲ့အစည်းအသင်းဂိုဏ်းများကို တည်ထောင်လိုသော အဆိုပါပုဂ္ဂိုလ်သည် မိမိ အဖွဲ့အစည်းအသင်းဂိုဏ်း၏ ၀ိနည်း ကျင့်စဉ် စည်းမျဉ်း စည်းကမ်းများ၊ တည်ထောင်မည့်အသင်းအဖွဲ့၏ ဦးတည် ရည်မှန်းချက်များကို တိကျစွာ ချမှတ်ဖော်ပြပြီးလျှင်၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးအား တိုက်ရိုက် တင်ပြ အစီရင်ခံယူရလေသည်။ ယေဇူးခရစ်တော် သွန်သင်ဟောကြားတော်မူသည့် ဧ၀ံဂေလိ တရားဒေသနာတော်နှင့် ဆီလျှော်မှု့ရှိပြီး၊ သာသနာအတွင်း အကျိုးဖြစ်ထွန်းစေမည့် အရည်အသွေးများ၊ အရည်အချင်းများ အပြည့်အ၀ရှိသည့် အသင်းအဖွဲ့အစည်း ဖြစ်မြောက်ပါက အဆိုပါ အသင်းအဖွဲ့အစည်းကို ကက်သလခ်အသင်းတော်၏ အသင်းဂိုဏ်းအဖြစ် တရားဝင် အသိအမှတ်ပြုပေးသည်။ တရားဝင် အသိအမှတ်ပြုခြင်းခံရသော အသင်းဂိုဏ်းများသာလျှင် ကက်သလခ်သာသနာအတွင်း တရားဝင် လှုပ်ရှား လုပ်ပိုင် ဆောင်ရွက်ခွင့်များရရှိကြသည်။


ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၄)