Friday, March 7, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၁)


 အင်းဝရောက်ခြေရာများ

ဆုတောင်းမေတ္တာပို့သလွှာ

“အင်းဝရောက်ခြေရာများ” စာတမ်းကို ၁၉၇၄ ခုနှစ်၊ ရန်ကုန်၊ ကက်သလခ် ရဟန်းဖြစ်သင်တက္ကသိုလ်၊ သမိုင်းဌာနသို့ တင်သွင်းခဲ့သည်။ များမကြာမီ လပိုင်းများတွငိ သက္ကရာဇ် ၂၀၀၀ စုကြီး ကုန်လွန်တော့မည် ဖြစ်ပြီး၊ သက္ကရာဇ် ၃၀၀၀ စုကြီးသို့ ၀င်ရောက်ကြတော့မည်ဖြစ်သည်။ ဤသို့ သက္ကရာဇ် ထောင်စုကြီးများ အကူးတွင် ကုန်လွန်ခဲ့သော ကာလများ၏ သတိရမှတ်သား အောက်မေ့ဘွယ်ရာ များစွာ ကျန်ရစ်မည်ဖြစ်သည်။ “အင်းဝရောက်ခြေရာများ” စာတမ်းသည် သက္ကရာဇ် ၂၀၀၀ စုအတွင်း မြန်မာပြည် ကက်သလခ်အသင်းတော်ကြီး၏ မမေ့အပ်သော သမိုင်း မှတ်တိုင်များအချို့မှ အထူးပြု တင်ပြသော စာတမ်းတစ်ခုဖြစ်သည်။ အထူးသဖြင့် သက္ကရာဇ် ၁၇၂၂ မှ ၁၈၃၂ ခုနှစ်များ၏ သမိုင်းမှတ်တမ်းများ ဖြစ်ကြသည်။ တနည်းဆိုသော် ၁၈ နှင့် ၁၉ ရာစုများ ဆပ်ကြားရှိ နှစ် ၁၀၀ ကက်သလခ်အသင်းတော်၏ ခရီးသမိုင်း တစ်ကွက်ကို ဆွေးနွေးတင်ပြခြင်းဖြစ်သည်။

ဤခရီး သမိုင်းစဉ်တွင် အလွန်ထင်ရှားပေါ်လွင်သော အပိုင်း(၃) ပိုင်းကိုတွေ့ရှိရမည်ဖြစ်သည်။
ပထမပိုင်းတွင် မြန်မာပြည်သို့ ၁၇၂၂ နှစ်ဦးပိုင်းတွင် ရောက်ရှိလာကြသော ဘားရ်နားဘိုက်သာသနာပြု အဖွဲ့ ၏ သာသနာလုပ်ငန်း အုတ်မြစ်ချသောအပိုင်း ဖြစ်သည်။ ဒုတိယအပိုင်းတွင် ဘားရ်နားဘိုက်သာသနာပြုအဖွဲ့၏ ဖြစ်ထွန်းတိုးတက်မှု့ရှိသော သာသနာလုပ်ငန်းများဖြစ်သည်။ တတိယပိုင်းတွင် ဘားရ်နားဘိုက်သာသနာပြုအဖွဲ့တို့၏ သမိုင်းအခန်းကဏ္ဍတစ်ရပ်ကို လှပတင့်တယ်စွာ ပိတ်သွားခဲ့ခြင်း ဖြစ်သည်။

သမိုင်းဖြစ်စဉ်များဟူသည် ကျွန်ုပ်တို့နေ့စဉ်တွေ့ မြင်နေရသော ပထ၀ီမြေကြီး၏ ရှခင်းအလားပင်ဖြစ်ကြသည်။ ပထ၀ီမြေကြီးသည် နွေရာသီ၌ ခြောက်သွေ့လျက်ရှိပြီး၊ မိုးရာသီတွင် စိမ်းလန်းစိုပြေမှု့နှင့်အတူ အကြည်းတန် အရုပ်ဆိုးလှသည့် ရွှံ့နွံများ၊ မိုးသက်မုန်တိုင်းများရှိကြသည်။ ဆောင်းဥတုအချိန်၌မူ အေးချမ်းသာယာပြီး၊ ကြည်နူးဖွယ်ရာ အချိန်သမယနှင့်တွေ့ကြုံရင်ဆိုင်ကြရသည်။ အလားတူစွာ မြန်မာပြည်ရောက် ဘားရ်နားဘိုက်သာသနာပြုတို့၏ သမိုင်းသည်လည်း၊ ခြောက်သွေ့မှု့၊ ပူလောင်မှု့၊ စိုပြေမှု့၊ ကြည်လင်အေးချမ်းသာယာမှု့၊ အစရှိသော သမိုင်းစဉ်ကြီး၏ ဥတုရာသီအမျုးမျုးကိုတွေ့ကြုံ ခံစားသွားကြရသည်။ သို့သော် ဘားရ်နားဘိုက်သာသနာပြုအဖွဲ့သည် သံပေါလူး၏ သံမဏိစိတ်ဓာတ်အပြည့်နှင့် မိမိတို့၏ သမိုင်းအသီးသီးကို တာဝန်ကျေပြွန်စွာ ရေးသားသွားကြသည်။

“အင်းဝရောက်ခြေရာများ” စာတမ်းမှ အဆိုပါသံပေါလူး၏ ချစ်သားကြီးများကို အထူး ဂုဏ်ပြုချီးမြှင့်အပ်ပါသည်။ ယနေ့ မြန်မာပြည် ကက်သလခ် အသင်းတော်သည် မြန်မာတိုင်းရင်းသားတို့လက်ဝယ်တွင် တာဝန်အပြည့်အ၀ ပေးထားလျှက်ရှိသည်။ သက္ကရာဇ် ၃၀၀၀ စုကြီးစီသို့ ခြေလှမ်းနေကြသော မြန်မာပြည်ရှိ ကက်သလခ်ဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သူတော်စင် သီလရှင်ပုဂ္ဂုလ်များ၊ ဓမ္မကဌိကဆရာ၊ ဆရာမများ၊ လူငယ်မောင်မယ်များ၊ အထူးသဖြင့် ရဟန်းဘောင်၊ သူတော်စင်ဘောင်သို့တက်ရန် ပြင်ဆင်နေကြသော ကက်သလိခ် လူငယ်မောင်မယ်များအား “အင်းဝရောက်ခြေရာများ” သမိုင်းမှတ်ကျောက်များတွင် မိမိတို့ဘ၀ ကြေးမုံအရိပ်ကို ရောင်ပြန်မြင်နိုင်ကြပါစေဟု ဆန္ဒမွန်များပြုလိုက်ရပေသည်။

ဘားရ်နားဘိုက်သာသနာပြု ပုဂ္ဂိုလ်ကျော်များသည် စွန့်စားမှု့ ကြီးမားလှသည်။ ရောက်လေရာ ဒေသများတွင် မိမိတို့ဘ၀ကို အကြွင်းမဲ့ ဆက်ကပ်ကြသည်။ သာသနာ့အကျိုးကို ထမ်းရွက်ရင်း၊ တစ်ဖက်တစ်လမ်းမှလည်း လူသားများ ကောင်းကျုးအတွက် စာပေလုပ်ငန်း၊ ပညာရေးလုပ်ငန်းများ၌ ရွံရွံချွန်ချွန် ထမ်းရွက်သွားကြသည်။ ယနေ့ဘားရ်နားဘိုက်တို့ ကြဲချသွားခဲ့ကြသော ဧ၀ံဂေလိတရားတော်မြတ်၏ မျုးစေ့များကို ဆက်လက် ထိန်းသိမ်း ကြီးပွား အောင်ပြုစုနေကြသော မြန်မာနိုင်ငံ ကက်သလခ်အသင်းတော်ရှိ ဆရာတော်ကြီးများကိုလည်း သက္ကရာဇ် ၂၀၀၀ စုကြီး၏ သမိုင်းမှတ်ကျောက်များတွင်၊ ရှေးယခင်က သာသနာပြုကြီးများနှင့်အတူ ဤသမိုင်းစာတမ်းမှ              အထူး ဂုဏ်ပြုချီးမြှင့်လျှက် သမိုင်းမှတ်တမ်းတင်အပ် ပေသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး၊ လူဝီဂျီ ဘရက်ဆန်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်)၊
ဂိုဏ်းချုပ်ဆရာတော်ကြီး၊ ဂါဗြီရဲလ် တိုဟေးမန်းဂါဘီ၊ ရန်ကုန်သာသနာ၊
ဂိုဏ်းချုပ်ဆရာတော်ကြီး၊ အာလဖုန်းစ် ဦးသန်းအောင်၊ မန္တလေးသာသနာ၊
ဂိုဏ်းချုပ်ဆရာတော်ကြီး၊ မာတီးယား ဦးရွှေ၊ တောင်ကြီးသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ အာဗြံဟံ သန်း၊ ကျုင်းတုံသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ဂျုးဇက် ဦးသောင်းရွှေ၊ ပြည်သာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ပေါလ် ဂရောင်း၊ မြစ်ကြီးနားသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ အီဇတ် ဒါနု၊ တောင်ငူသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ဆိုတေးရို ဖားမို၊ လွုင်ကော်သာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ရေမွန်ပိုးရေ၊ မော်လမြိုင်သာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ နီကောလားစ် မန်းထန်၊ ဟားခါးသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ချားလ်စ်ဘို၊ ပုသိမ်သာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ဖိလစ်ပ် ဇာဟောင်း၊ လားရှိးသာသနာ၊
လက်ထောက်ဆရာတော်ကြီး၊ ဂရေဂေါ်ရီတိုက်မောင်း၊ ပြည်သာသနာ၊
လက်ထောက်ဆရာတော်ကြီး၊ ပီတာလူဝီစ်၊ ကျုင်းတုံသာသနာ၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ယောဟန်ဘတ္တိစတား ဂိုဘားတို၊ (ငြိမ်း)၊
ဂိုဏ်းအုပ်ဆရာတော်ကြီး၊ ဂျုးဇက် မန်အေရီ၊(ငြိမ်း)၊

  အထက်ဖော်ပြပါ မြန်မာပြည် ကက်သလခ်သာသနာအသီးသီး၏ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးများ၏ ဦးဆောင်ပေးမှု့နှင့်အတူ မြန်မာပြည် ကက်သလခ်အသင်းတော်ကြီးသည် သက္ကရာဇ် ၃၀၀၀ စုကြီးဆီသို့ ခရစ်တော်၏ သတင်းကောင်းများ ဆထက်ထမ်းပိုး တိုး၍ ဖြန့်ဝေသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းချွေလျှက် -

အေ၊ ကိုလေး။
                                                    


အခန်း(၁)
သမိုင်းမဏ္ဍုင်
သုသာန် သင်္ချိုင်းတခု အတွင်းသို့ ရောက်ရှိခဲ့သည်။ သင်္ချိုင်း၏ အ၀င်ပေါက်အနီးတွင် မြေကွက်လပ်တခု မကျန် သင်္ချိုင်းဂူများ လျှောင်းစက်နေကြသည်ကို တွေ့မြင်လိုက်ရသည်။ ခြေဖ၀ါးအရင်းမှ အစပြုလိုက်သော စက္ခုအာရုံကြော၏ ချိန်သီးကလေးသည် အာရုံကြောများ၏ စက်သီးဘီးပေါ်မှ ရေခပ်ပုံး အလား သုသာန်တစ်ကွင်းလုံး အောက်၌ ဖုံးဝှက်လျှက်ရှိသော အလွန်နက်ရှိုင်းလှသည့် လောကဓံ အနိစ္စတရား ပင်လယ်ပြင်ကြီးထဲသို့  လျှောဆင်းသွားခဲ့လေသည်။

ထင်ရှားပေါ်လွင်လှသော သင်္ချိုင်းဂူကြီးများကို ဦးစွာ ပထမ အကဲခတ် မိလိုက်ခဲ့ပေသည်။ ယင်း သင်္ချိုင်းဂူကြီးများမှာ အလွန်လှပသော သံပန်း သံချွန်တိုင်ကလေးများဖြင့် ၀န်းခြံ ပတ်လည် ပိတ်ဆို့ခတ်ထားသည်ကို တွေ့မြင်ရသည်။ သင်္ချိုင်းဂူကြီးများ၏ ဦးထိပ်တွင် စိုက်ထူထားသော လက်ဝါးကပ်တိုင်ကြီးများမှာလည်း ပန်းပုကျော်များ၏ အထူးပြောင်မြောက်လှသည့် ဗိသုကာလက်ရာဖြင့် ထိုးထွင်း မွန်းမံထားသော ပန်းခက်ပန်းပွင့်ကြီးငယ်များနှင့် ပြည့်လျှံလျှက်ရှိသည်ကို တွေ့မြင်ရသည်။

တဖန် အဖြူ၊ အပြာ၊ အနီ၊ အစိမ်း အစရှိသည့် ရောင်စုံ ကျောက်ပြားများဖြင့် ချောမွေ့သပ္ပာယ်စွာ မွမ်းမံ ခင်းကျင်းထားသော သင်္ချိုင်းဂူကြီး အချို့ကိုလည်း တွေ့မြင်လိုက်ရပေသည်။ ယင်း ရောင်စုံကျောက်ပြားကြီးများ အပေါ်ဝယ် စီကာ ပတ်ကုံး ထိုးထွင်း ရေးသားထားသည့် ကျောက်စာတမ်းများကလည်း အလွန် ကြည်လင် ပြတ်သားကြပြီး လေဆာရောင်ခြည်နှင့်ပင် ရေးသားထားသည့် အလားရှိကြလေသည်။ ဤသို့ အရောင်အဆင်းများဖြင့် တဖိတ်ဖိတ်တောက်ပလျှက် ရှိသည်ဖြစ်ရာ နောက်ခံရှိ သက်မဲ့သင်္ချိုင်းဂူကြီးများ ကိုပင် အသက်ဝင်လှုပ်ရှားလာစေပြီး ပိုမို လှပလာအောင် ဖြစ်ပေါ်စေခဲ့ကြလေသည်။

အထက် ဖော်ပြပါ သင်္ချိုင်းကျောက်ဂူကြီးများသည် သုသာန်သင်္ချိုင်းတစ်ကွင်းလုံးတွင် ပျောက်ကြားမျှသာ ရှိကြသဖြင့် ကျုးတို့ကျဲတဲ မျှသာလျှင်တွေ့မြင်ရခြင်း ဖြစ်သည်။ ခန့်ညားထည်ဝါမှု့ မရှိငြားသော်လည်း ပန်းရံပညာရှင်တို့၏ သပ်ရပ် ပြေပြစ်သော လက်ရာများဖြင့် ဆောက်လုပ်ထားသည့် ရိုးရိုးအုပ်ဂူတို့မှာ ပို၍ ပင်ပြည့်ကျပ်သယောင် ရှိကြသည်။ အဆိုပါ ရိုးရိုးအုပ်ဂူများမှ အချို့မှာ နှစ်ကာလ ပရိစ္ဆေဒ ကြာညောင်းလာသည်နှင့် အမျှ ဥတုရာသီဒဏ်ကို ခံနိုင်စွမ်း မရှိကြတော့သဖြင့် အက်ကွဲစ ပြုနေကြပြီ ဖြစ်သည်။ အချို့မှာတော့လည်း လုံးလုံးလျားလျား အက်ကွဲသွားကြပြီ ဖြစ်ရာ ထွက်ပေါ်လာသည့် ရှေးခေတ်လုပ် အုတ်ကျုးအုတ်ပဲ့ အစအနများကိုသာလျှင်တွေ့ ရှိနေရပေသည်။ သို့ဖြစ်၍ အဆိုပါ အုတ်ဂူပျက်တို့မှာ ရှေးရှေးကပင် မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြသော အုတ်ဂူများပင် ဖြစ်နိုင်ကြောင်း သတိပြုမိခဲ့ပေသည်။

သို့သော် တွေ့မြင်လိုက်ရသော သင်္ချိုင်းဂူ အများစုတို့မှာ မို့မောက်နေသော ပထ၀ီ မြေသားကလေးများဖြင့် မြေပုံပီပီ အမှတ်အသား အဖြစ်လောက်သာလျှင် ဆောက်လုပ်ထားကြသည်ကို တွေ့မြင်ရပေသည်။ ထိုရိုးသားပြီး အမှတ်မထင်အပ်သော သင်္ချိုင်းဂူကလေးများမှာ ယင်းတို့၏ ဦးထိပ်တို့၌ သစ်သားတို သစ်သားစတို့ဖြင့် ခုတ်ထွင်း ရိုက်နှက်စိုက်ထူထားသော လက်ဝါးကပ်တိုင်ကလေးများ ရှိနေကြခြင်းကြောင့်သာလျှင် ယင်းတို့ကို သင်္ချိုင်းဂူ မြေပုံကလေးများအဖြစ် အသိအမှတ်ပြုရတော့သည် ဖြစ်ပေသည်။

သို့ပါ၍…..
ဤအလွန် နက်ရှိုင်းကျယ်ပြန့်လှသည့် အနိစ္စပင်လယ်ပြင် လောကကြီးထဲသို့ ထိုးဆင်း ငုံ့ဝင်ထားကြကုန်သော အဆိုပါ ပုဂ္ဂိုလ်ကြီးများကား အဘယ်သူများဖြစ်ကြပါလိမ့်? အဘယ်က လာကြပါလိမ့်? - အစရှိသည့် ယင်းတို့၏ နောက်ကွယ်ရှိ သမိုင်းအကြောင်းစုံကို ဆက်လက်စူးစမ်းသိရှိလိုလာသည့် စိတ်ဆန္ဒများက တဖွားဖွားဖြစ်ပေါ်ခဲ့ရပြန်သည်။

ကမ္ဘာဦးကျမ်း၊ ၃ : ၁၉ တွင် ဖတ်ရှု့ရသော “သင်သည် မြေကြီးမှလာ၍ မြေကြီးသို့ ပြန်ရမည်” ဟု ကျမ်းတရားမြတ်၏ ပညတ်ရှိသည့်အတိုင်း ကျွန်ုပ်တို့၏ ဘိုးဘေးများ၊ တိုင်းပြု ပြည်ပြု ခေါင်းဆောင်ပုဂ္ဂုလ်ကျော်ကြီးများ အစရှိကုန်သော လူသတ္တ၀ါ ပုဂ္ဂိုလ်အပေါင်းတို့သည် သင်္ခါရှဓမ္မပညတ်ကို မလွန်ဆန်နိုင်ကြဘဲ၊ မြေကြီးသို့သာ ခခဲ့ကြခြင်းဖြစ်သည်။ ဖြစ်လာသဖြင့် ပျက်ရမည်ဟူသော ရုပ်တရား၏ ဘ၀ခရီး လမ်းဆုံးဖြစ်ချေသည်။ ဤသင်္ခါရတရားမှာ လူမျိုးမရွေး၊ ဘာသာမရွေး သိရှိလက်ခံကြသော တရားပင်ဖြစ်သည်။

ရုပ်တရား၏ ဘ၀သည် ခရီးလမ်းဆုံးသို့ ဆိုက်ရောက်သွားပြီး ဖြစ်သော်လည်း၊ အဆိုပါလူပုဂ္ဂိုလ် အသီးသီးတို့၏ အသက်တာ ထင်ရှားရှိစဉ်အတွင်းက ကြိုးပမ်း လုပ်ဆောင်သွားခဲ့ကြသည့် ဘ၀မှတ်တမ်းများမှာမူ လူ့ဘောင်လောက၏ မျက်နှာစာပြင်ဝယ် မှတ်ကျောက်ထင် ကျန်လျှက် ရှိနေတတ်သေးသည်။ သုသာန်အတွင်းမှ တွေ့မြင် ဘတ်ရှုရသော ထိုထိုသော ကျောက်စာတန်းများမက သူတို့ဘ၀၏ မှတ်တမ်းများကို ကျွန်ုပ်တို့က ဆက်လက် ထိန်းသိမ်းထားကြသေးသည် မဟုတ်ပါလော? ဤနှယ် ထိန်းသိမ်းထားသော နှလုံးသားများ ချုပ်ငြိမ်းခဲ့တုံသော်လည်း အခြားနှလုံးသားများ အပေါ်သို့ လက်ဆင့်ကမ်း ရေးထိုးပေးအပ်သွားကြပေအုံးမည်ဖြစ်သည်။ ဤသည်မှာ မြေးစဉ်မျိုးဆက်တို့အား ဘိုးဘေးများက ပေးအပ်ခဲ့သော မကွယ်မပျောက်နိုင်သည့် အမွေအနှစ်များဖြစ်သည်။ ဤအမွေအနှစ်ကို ခေတ်အဆက်ဆက်က ထိန်းသိမ်းထားကြရမည်။ ပြုစု သွားကြရမည်။ ဤဘ၀အမွေအနှစ်များကို ထိန်းသိမ်းပြုစု လုပ်ကျွေးသည့်လုပ်ငန်းရပ်ကို “သမိုင်းပြုသည်” ဟု ဆိုရပေသည်။

လူ့အဖွဲ့အစည်းတိုင်းတွင် သမိုင်းစဉ်လာ တစ်ရပ် ရှိအပ်သည်။ ရှိလည်း ရှိကြသည်။ နှစ်များ သိန်းသန်း မြောက်များစွာဖြင့်ချီ၍ ကြာမြင့်ပြီး၊ ပထ၀ီ သဘာဝဖြင့် ဆောက်တည်ထားသည့် မြေအောက် ရေအောက်ရှိ သယံဇာတပစ္စည်း အမျိုးမျိုးတို့ကို သိပ္ပံပညာ အတတ်စွမ်းအင်များဖြင့် တူးဖော်ကြလျှက် ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည် ယနေ့ မျက်မှောက်ခေတ်သစ် ကမ္ဘာကြီးကို တည်ဆောက်လျှက်နေကြခြင်းဖြစ်သည်။ အတိတ်ကာလက ရှိခဲ့သော အကြောင်းတရားသည် မျက်မှောက်ကာလတွင် အကျိုးတရား ဖြစ်ထွန်းစေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အတိတ်သမိုင်းဟူသည် ပစ္စုပ္ပန်ကာလကို အကျိုးပြုမည့်အကြောင်းတရားဖြစ်ပြီး၊ ခံစားရရှိမည့် ရလဒ်ဖြစ်သော အနာဂတ်ကာလပိုင်းကို ထပ်လောင်း၍ ဦးတည် ပို့ဆောင်ပေးသည် ဖြစ်ရာ၊ လှေသမ္ဖာန် နောက်ပိုင်းရှိ ”ပဲ့” ပမာဖြစ်စေခဲ့သည်။

လူ့အဖွဲ့အစည်းတိုင်းသည် ရှေးအတိတ်ကာလမှ ဖြစ်ပေါ် ခံစားခဲ့ရကြသော သမိုင်းဖြစ်ရပ်များ၏ သွေးကြောများဖြင့်ဖွဲ့ စည်းချုပ်နှောင် ထားကြခြင်းဖြစ်ပေသည်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ကြရာ၌၊ ထိုလူ့ အဖွဲ့အစည်းတစ်ရပ်လုံးက အမြတ်တနိုး နှလုံးပိုက်ယူ လက်ခံထားသည့် တူညီသော သမိုင်း အဖြစ်စဉ်လာတစ်ရပ်ကို ထုတ်ဖော်ပေးရန် ဖြစ်သည်။ ထိုအရင်းခံ တူညီသော သမိုင်းအဖြစ်စဉ်လာ၏ လှုံ့ဆော်ချက် အင်အားကို အမှီသဟဲပြုပြီး ဖွဲ့စည်း တည်ဆောက်ထားသော လူ့အဖွဲ့အစည်း မဏ္ဍိုင်ကြီးကို ခိုင်မာစေရန် ကျားကန်ထားမှသာလျှင် အဆိုပါ လူ့အဖွဲ့အစည်းကြီးသည် ယခု မျက်မှောက်ကာလတွင် စည်းစည်းလုံးလုံး တည်ရှိမည်ဖြစ်ပြီး၊ အဖွဲ့အစည်းဝင် မန်ဘာတိုင်းက စိတ်တူ မနောတူ မျှော်မှန်းရည်ရွယ်ထားကြသော ဘ၀၏ အနာဂတ်ပန်းတိုင်သို့ သမိုင်းအစဉ်လာ မပျက် ထာဝရ တည်ကြည်ခိုင်မြဲစွာ လျှောက်လှမ်းသွားလာနိုင်ကြမည် ဖြစ်ပေသည်။

သိပ်သည်း ကျစ်လစ်စွာ ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အရည်အသွေး ကောင်းမွန်ထက်မြက်ရေးအတွက် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်ပေးကြရမည့် တာဝန်ဝတ္တရားမှာလည်း အဖွဲ့အစည်းဝင်တိုင်း၏ ဘ၀ သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်ပေသည်။ ထိုမြင့်မား ကောင်းမွန်ထက်မြက်သော အရည်အသွေးများ နိမ့်ကျ ခမ်းခြောက်သွားပါက ထိုအဖွဲ့အစည်း၏ ဘ၀ခရီး လမ်းဆုံးပင် ဖြစ်ပေတော့မည်။ ထိုကြောင့် လူ့အဖွဲ့ အစည်းထုတစ်ရပ်လုံးကို သမိုင်း အစဉ်အလာ ထာဝရ နုပျိုရှင်သန်စေရန် အင်အား သွန်းလောင်းပေးမည့် သမိုင်းပြု သမားတော်ကြီးများ အထူး လိုအပ်လှပေသည်။ သို့ရာတွင် ကလောင်သွေးထက် ညီနောင်သွေးများ အစဉ် စီးဆင်းနေဘို့ရန်ကား ပိုမို လိုအပ်လှပေသည်။ တနည်းဆိုရသော် သမိုင်းအစဉ်အလာမှ ရရှိခဲ့ကြသော ကျွန်ုပ်တို့ဘိုးဘေးများ၏ ခံယူချက် အမွေအနှစ်များကို သားစဉ်မြေးဆက်တို့က မကွယ်မပျောက် မတိမ်မကောစေဘဲ ထိန်းသိမ်းသွားကြရန်ဖြစ်သည်။

ဆက်ရန် -
အင်းဝရောက်ခြေရာများ - အပိုင်း(၂)