Monday, March 31, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၇)

အင်းဝရောက်ခြေရာများ - အပိုင်း(၆)

  အထက်ဖော်ပြပါ ဘုန်းတော်ကြီး ကာလ်ချီ ရေးသားပေးပို့သော စာတွင် ဖတ်ရှ့ရသည့်အတိုင်း၊ ဘုန်းတော်ကြီး ဗီတိုးနီသည် ရောမမြို့၊ ပုပ်ရဟန်းမင်းကြီး ထံသို့ မြန်မာ့ သံတမန်အဖြစ် မြန်မာဘုရင်မင်းမြတ်မှ စေလွှတ်လိုက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်နှင့် ရောမ-ဗာတီကန်တို့၏ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သော သံတမန် ဆက်ဆံရေးဖြစ်သည်ဟု သမိုင်း မှတ်တမ်း တင်သင့်ပေသည်။

    ဘုန်းတော်ကြီး ဗီတိုးနီ ထွက်ခွာသွားပြီးနောက် မြန်မာပြည်၌ ဘုန်းတော်ကြီး ကာလ်ချီ တပါးတည်းသာလျှင် ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး ကာလ်ချီသည် အင်းဝနေပြည်တော်၌ ဘုရားရှိခိုးကျောင်းဆောင် တစ်ဆောင်နှင့် မိမိသတင်းသုံးနေထိုင်ရန် ဘုန်းတော်ကြီးကျောင်းတိုက် တဆောင်ကို ဆောက်လုပ်ခဲ့သည်။ ထိုသို့ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေရင်း တစ်ချိန်တည်းမှာပင် အထက်မြန်မာပြည်ရှိ ကက်သလခ် ဘာသာဝင်များရှိရာ ကျေးရွာများသို့လည်း တရားဒေသနာတော် ဟောကြားရသည့်အပြင်၊ မကြာခဏဒေသစာရီ လှည့်လည်ရသေးသည်။ တဖန်နောင်တွင် မြန်မာပြည်သို့ရောက်ရှိလာကြမည့် သာသနာပြု ပုဂ္ဂိုလ်သစ်များ လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်စီမံရသည်။ ဤသို့ဖြင့် ဘုန်းတော်ကြီးကာလ်ချီသည် အချိန်များစွာ ကုန်ခမ်းခဲ့ရသည်။

   အထက်မြန်မာပြည်၏ ဥတုရာသီသည် ပူပြင်းခြောက်သွေ့ လှသည်။ သို့သော်ဘုန်းတော်ကြီး ကာလ်ချီသည် ဒေသခံအရပ်သားများ နည်းတူ ဘိနပ်မစီး၊ ဦးထုပ် မဆောင်း နေပူကျဲကျဲတွင်ခြေလျင် သွားလာလှုပ်ရှားနေသည်ကို တွေ့ ရှိရသည်။


  သာသနာရေး ကိစ္စ အ၀၀တို့ကို ကျေပွန်စွာထမ်းဆောင်ပေးသည့်နည်းတူ အခြား တဖက်မှလည်း မြန်မာစကားနှင့်မြန်မာစာပေကို လေ့လာသင်ကြားမှတ်ယူခဲ့လေသည်။ မြန်မာစာကို ကောင်းစွာလေ့လာသင်ကြားပြီးနောက်၊ မိမိသာသနာနယ်မြေသို့ ရောက်ရှိလာကြမည့် သာသနာပြု ပုဂ္ဂိုလ် အနောက်တိုင်းရင်းသားများ အသုံးပြုရန်
ပင်ပန်းကြီးစွာခံ၍ “မြန်မာအဘိဓာန်” စာအုပ်ကိုရေးသားပြုစု ခဲ့လေသည်။ (၁၀) ဘုန်းတော်ကြီး ကာလ်ချီ၏ ရေးသားပြုစုသော မြန်မာအဘိဓာန်သည် ပထမဆုံးထွက်ပေါ်လာသော အဘိဓာန်ဖြစ်သည်။ ခရစ်သက္ကရာဇ် ၁ရ၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၁) ရက်နေ့စွဲဖြင့်၊ တရုတ်ပြည်၊ ကန်တုံမြို့တွင် သီတင်းသုံးနေထိုင်သော ဘုန်းတော်ကြီး ဆာလ်ဗာတိုရေ ရာဇီးနီ (Rev Fr Salvatore Rasini) (၁၁) ထံသို့ရေးသားပေးပို့ ထားသည့် စာတွင် ဤသို့ ဖတ်ရှ့ရလေသည်။

    “….ထပ်ပြီးပေးပို့လိုတဲ့ သတင်းတစ်ရပ်ကတော့ နောင်ရောက်လာကြမယ့် သာသနာပြု ပုဂ္ဂိုလ်တွေ အတွက် ဒီတိုင်းပြည်ရဲ့ဘာသာ စကားကို လွယ်လင့်တကူ သင်ကြားလေ့လာနိုင်ကြဘို့ အဘိဓာန် စာအုပ်တစ်အုပ် မှတ်စုတွေနဲ့တွဲပြီး တပည့်တော်ကိုယ်တိုင် ရေးသားပြုစု လို့ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီစာအုပ်ဖြစ်မြောက်လာအောင် အထောက်အကူ အကိုးအကား ရယူဘို့ ဆိုတာကတော့ ဘယ်သဒ္ဒါကျမ်းကိုမှလည်း လက်လှမ်းမီ မရရှိခဲ့ပါဘူး ဘုရား။ တပည့်တော် ဒီအဘိဓာန်ကို အခက်အခဲပေါင်းများစွာနဲ့ ရေးသားပြုစုခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား။”

     ဘုန်းတော်ကြီး ကာလ်ချီရေးသားပြုစုသွားခဲ့သော အထက်ဖော်ပြပါ အဘိဓာန်စာအုပ်ကို ကျွန်ုပ်တို့လက်ခံ မရရှိလိုက်ကြပေ။ သို့သော် ဘုန်းတော်ကြီး ကာလ်ချီသည် အီတလီပြည်ရှိ တက္ကသိုလ်ကြီးတစ်ခု၏ ပါမောက္ခချုပ် တစ်ဦးဖြစ်ခြင်းသည်ပင် အဆိုပါ အဘိဓာန်စာအုပ်၏ အဆင့်အတန်းကို တတ်သိဝေဖန်ပြောဆိုနိုင်ကြမည်ဖြစ်သည်။ ရှေးဦး သာသနာပြု ပုဂ္ဂိုလ်များ မှီငြမ်းရာ အဘိဓာန်လည်းဖြစ်ခဲ့သဖြင့် ဘုန်းတော်ကြီး ကာလ်ချီရေးသားပြုစုခဲ့သော ဤအဘိဓာန်စာအုပ်သည် ဂုဏ်ယူ သမိုင်းမှတ်တမ်း တင်အပ်သော စာအုပ်ဖြစ်ပေသည်။

(၁၀) ”ဇေယျ၏ စာတိုပေစ” ၊ အခန်း ၉ ။ လက်တင်မြန်မာအဘိဓာန် စာမျက်နှာ ၈၄ ရှု့။

(၁၁) STORIA DEL CRISTIANESIMO NELL’ IMPERO BARMANO By Gallo Vol I pg 106

ဘုန်းတော်ကြီး ကာလ်ချီ၏နောက်ဆုံးသောနေ့ရက်များ

        ဘားရ်နားဘိုက် အသင်း ဂိုဏ်းချုပ်ကြီးထံသို့ ပေးပို့စာတွင် ပါရှိသည့် အတိုင်း ဘုန်းတော်ကြီး ကာလ်ချီသည် မြန်မာပြည်၌ သာသနာလုပ်ငန်းများကို အကျယ်တ၀ံ့ အခြေချ လုပ်ဆောင်ရွက်လိုသော ဆန္ဒမှာ နေ့စဉ်နှင့်အမျှ တိုးပွားလျှက်ရှိကြောင်း အထင်အရှား တွေ့မြင်နိုင်ပေသည်။ အီတလီပြည်ရှိ မိမိ၏ သာသနာပိုင် အကြီးအကဲများထံသို့ အစီရင်ခံစာများကိုလည်း အကြိမ်ကြိမ် အခါခါပေးပို့ ခဲ့သည်။ သို့သော် အီတလီပြည်မှ ပြန်ကြားစာဟူ၍ မူကား တလွှာတစောင်မှ မရရှိခဲ့ပေ။

    သက္ကရာဇ် ၁၇၂၇ ခုနှစ်သို့ရောက်သော အခါ၊ ရောမမြို့ ရှိ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ငှာနချုပ်မှ မြန်မာပြည်ရှိ ကက်သလခ် သာသနာအတွက် လုပ်ငန်း စီမံချက်သစ်များကိုရေးဆွဲ ချမှတ် ထုတ်ပြန်ခဲ့လေသည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘေနိဒိတ် ၁၃ (၁၇၂၄-၁၇၃၀) (POPE BENEDICT XIII) သည် မြန်မာပြည်ရှိ ကက်သလခ် သာသနာကို အထက်မြန်မာပြည် သာသနာ၊ အောက်မြန်မာပြည် သာသနာဟူ၍ သီးခြား အုပ်ချုပ်ပိုင်ခွင့်များ အပ်နှင်းခါ သာသနာနယ်မြေသစ်နှစ်ရပ်ကို အတည်ပြု ခဲ့သည်။ သို့အားဖြင့် အထက်မြန်မာပြည် သာသနာကို အင်းဝ သာသနာအဖြစ် လည်းကောင်း၊ အောက်မြန်မာပြည်ကို ပဲခူးသာသနာ အဖြစ် လည်းကောင်း၊ သာသနာ တည်ရာ ဗဟိုငှာနများသို့ အသီးသီး သတ်မှတ်ပေးခဲ့လေသည်။ တဖန် အင်းဝသာသနာကို ရောမမြို့ရှိ သာသနာပြန့်ပွားရေး ငှာနချုပ်အောက်တွင် ထားရှိပြီး၊ ပဲခူး သာသနာကိုမူ မြန်မာပြည်၌ ရှိသော ဘားရ်နားဘိုက်အသင်း ဂိုဏ်းသားများ လက်ဝယ်သို့ အပ်နှင်းခါ၊ တာဝန်များ ခွဲဝေ သတ်မှတ်ပေးခဲ့လေသည်။

   အထက်ဖော်ပြပါ သာသနာရေး လုပ်ငန်းများကိုဆောလျင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်၊ ရောမမြို့-သာသနာပြန့်ပွားရေး ငှာနချုပ်မှ သာသနာပြု ပုဂ္ဂိုလ်သစ်များကို စီမံခန့်ခွဲပေးပြီး၊ မြန်မာပြည်သို့ စေလွှတ်ပေးပို့ ခဲ့လေသည်။ အထက် မြန်မာပြည်-အင်းဝ သာသနာအတွက် သာသနာပြန့်ပွားရေး ငှာနချုပ်၏ အဖွဲ့ ဝင် ဘုန်းတော်ကြီးဂျော့ဂျီယိုရိုဇက်တီ Rev. Fr. Giorgio Rosseetti ကို လည်းကောင်း၊ ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယား Rev. Fr. Pio Gallizia di Varallo ကို အောက်မြန်မာပြည်-ပဲခူးသာသနာအတွက် လည်းကောင်း၊ သာသနာလုပ်ငန်း တာဝန်များကို အသီးသီး ခွဲဝေပေးအပ်ခါ စေလွှတ်ပေးပို့လိုက် ခြင်းဖြစ်သည်။ အဆိုပါ သာသနာပြု သစ်နှစ်ပါးတို့သည် အီတလီပြည်မှ ၁၇၂၈ ခုနှစ် ဦးပိုင်းတွင် ခရီး စတင် ထွက်ခွာခဲ့ကြသည်။

  မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကာလ်ချီအနေဖြင့်မူ အဆိုပါ သာသနာရေးလုပ်ငန်း စီမံကိန်း မူသစ်များ ထွက်ပေါ်လာခဲ့သည်ကို လုံးဝ မသိရှိရသေးဘဲ ဖြစ်ခဲ့သည်။ ဤသာသနာလုပ်ငန်းသစ် စီမံကိန်းများ ထွက်ပေါ်လာပြီး စတင် လှုပ်ရှားလာနေစဉ် ၁၇၂၈ ခုနှစ်ဦးပိုင်း၊ ဇန်န၀ါရီလမှာပင် ဘုန်းတော်ကြီး ကာလ်ချီသည် အသည်းအသန် ဖျားနာပြီး အိပ်ရာထက်တွင် လဲခဲ့ရသည်။ အလားတူပင် ယခင် အခါကလည်းနှစ်ကြိမ်နှစ်ခါ ဖျားနာခဲ့ဘူးသည်။ သို့သော် ယခုအချိန်မှာမူ ကာလ်ချီအတွက်နောက်ဆုံး အိပ်ရာလဲခြင်းပင်ဖြစ်ရတော့သည်။ ဤသို့သေဘေး ဒုက္ခရောက်ရှိနေချိန်တွင် ကာလ်ချီအားပြုစုစောင့်ရှောက်ပေးရန်နှင့် ၀ိညာဉ် ခွန်အားပေးရန် မည်သူ မည်ဝါမျှ မရှိခဲ့ကြ။ ကာလ်ချီသည် တစ်ဦးတည်း ခိုကိုးရာမဲ့ အထီးကျန်ဖြစ်ခဲ့ရရှာသည်။ ထိုသို့ အင်အား ညှိုးငယ်ချိနဲ့နေစဉ် အခိုက် နောက်ဆုံး စက္ကရမင်တူးများကို ခံယူရန် တောင့်တခဲ့ ရှာသော်လည်း ရဟန်း ဘုန်းတော်ကြီး ဆိုသည်မှာ မိမိအိမ်မက်၌ပင် မတွေ့ ရှိနိုင်ခဲ့ပေ။ မိမိ၏ ကယ်တင်ရှင် ထာဝရ ဘုရားတစ်ပါးတည်း၏ မေတ္တာ အရိပ်အာဝါသအောက်၌သာလျင် ခိုလုံလျှက်၊ မိမိ၏ ကိုယ်စိတ်နှလုံး သုံးပါးကို ဘုရားသခင်ထံ အပ်နှံထားခဲ့ပြီး ဆုတောင်း ပတ္တနာပြုခြင်း၊ ခံစားရသောရောဂါဝေဒနာများကို ဘုရားသခင်အား ဆပ်ကပ် ပူဇော်ခြင်း၊ စသည်တို့ဖြင့်သာလျှင် မိမိ၏ နောက်ဆုံးသော နေ့ရက်အတွက် ပြင်ဆင်စောင့်ကြို ခဲ့ရသည်။

   ရောမမြို့မှမြန်မာပြည်သို့ ခရီးထွက်လာခဲ့သော ဘုန်းတော်ကြီး ရိုဇက်တီသည် ဦးစွာ ပထမမြန်မာပြည်သို့ ရောက်ရှိ လာခဲ့လေသည်။ အင်းဝနေပြည်တော်ရှိရာသို့ သွားရောက်၍ ဘုန်းတော်ကြီး ကာလ်ချီနှင့်တွေ့ဆုံခဲ့သည်။ ရောမမြို့-သာသနာပြန့်ပွားရေး ငှာနချုပ်ကြီး၏ စီမံခန့်ခွဲမှု့ များကို သတင်းပေးပို့ခဲ့သည်။ သို့သော် ကာလ်ချီသည် ရောမသာသနာငှာနချုပ်မှ စီမံပေးလိုက်သော လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိတော့ပေ။ ဘုန်းတော်ကြီး ရိုဇက်တီရောက်ရှိပြီး ရက်ပိုင်း မကြာမီမှာပင် ဘုန်းတော်ကြီး ကာလ်ချီသည် မိမိမျှော်လင့် တမ်းတခဲ့သော နောက်ဆုံး စက္ကရမင်တူးများကို ဘုန်းတော်ကြီး ရိုဇက်တီလက်မှ ခံယူရရှိပြီး၊ ဘုန်းတော်ကြီး ရိုဇက်တီ၏ ရင်ခွင်တွင်းမှာပင် ငြိမ်ဝပ်စွာဖြင့် ခရစ်တော်၌ ၁၇၂၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ အင်းဝနေပြည်တော်တွင် အသက်တော် ၄၂ နှစ်၌ ပျံလွန် သွားတော်မူခဲ့သည်။ (၁၂)


     ဘုန်းတော်ကြီး ကာလ်ချီ ပျံလွန်တော်မူသော သတင်းကို ကြားသိကြသော လူပုဂ္ဂိုလ်တိုင်းပင် ၀မ်းနည်းနှမြောတသမဆုံး ဖြစ်ခဲ့ကြသည်။ ဘုန်းတော်ကြီး ကာလ်ချီသည် ရဟန်းတို့၏ သိက္ခာ ကျင့်ဝတ်တော်များနှင့် ပြည့်စုံပြီး၊ မေတ္တာတရား ကြီးမားသူဖြစ်သည့် အလျောက် လူတိုင်း၏ အကြည်ညို ကိုးကွယ်မှု့ ခံရ၏။ ဘုန်းတော်ကြီး ကာလ်ချီ၏ ကြွင်းကျန်သော ရုပ်ကလပ်ကို အင်းဝနေပြည်တော်ရှိ သုသာန်တွင် စည်းကား သိုက်မြိုက်စွာ ဈာပန အခမ်းအနားဖြင့် သဂြိ င်္ုလ်ခဲ့လေသည်။

  ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယားသည် ၁၇၂၈ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် အင်းဝနေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် အရောက်ကောင်းသော်လည်း အချိန်နှောင်း ခဲ့လေပြီ။ မြန်မာပြည်ရောက် ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင်များ၏ ဒေါင့်ချုပ်ကျောက်တည်း ဟူသော ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီယား ကာလ်ချီကိုကား ၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်မြှုပ်နှံထားသည့် ကျောက်ဂူကလေး၌သာ တွေ့ဆုံရခြင်းဖြစ်သည်။ ကာလ်ချီသည် အမြော်အမြင် ကြီးစွာဖြင့် နောင်လာနောင်သား သာသနာပြု ပုဂ္ဂိုလ်များအတွက် လုပ်ငန်း စီမံမှု့များ ပြုလုပ်ခဲ့ခြင်း၊ အနာဂတ် ကာလတွင် ရောက်ရှိလာမည့် အနောက်တိုင်းသား သာသနာပြုများ မြန်မာစကားကို လွယ်လင့်တကူလေ့လာ သင်ယူနိုင်ကြရေး အတွက် မြန်မာအဘိဓာန် စာအုပ်များကို ပြုစုခဲ့ခြင်း၊ အစရှိသည့် ရှေ့ပြေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ပေး သွား ခဲ့လေသည်။

   “စိန်အာလက်ဇန္ဒား တက္ကသိုလ်”ကြီး၏ ပါမောက္ခချုပ်ကြီးသည် ယနေ့ထက်တိုင် အင်းဝနေပြည်တော်၏ မြေတွင်လျောင်းစက်လျှက် ရှိပေသည်။ မိမိချွေး၊ ဇွဲ လုံ့လ ၀ိရိယများစွာဖြင့် လုပ်ဆောင်ခဲ့သော သာသနာ့ လယ်ကွင်းပြင်မှာပင် ရှင်ပြန် ထမြောက်ရမည့် နောက်ဆုံးသောနေ့ ရက်ကို စောင့်ကြိုနေခြင်းဖြစ်သည် မဟုတ်ပါလော။

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၈)

Read More...

Wednesday, March 26, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၆)

ကာလ်ချီ၏ သာသနာပြန်လည်ထူထောင်ရေးလုပ်ငန်းများ

      ဆရာတော်မယ်ဇာဘာရ်ဘားသည် သာသနာပြန့်ပွားရေးဌာနချုပ်မှ ဘုန်းတော်ကြီး ဂျုးဇက်ပေ ဗီတိုးနီ (Father Giuseppe Vittoni) အား ကာလ်ချီ၏လက်ထောက်အဖြစ် ခန့်အပ်ခဲ့သည်။ ဆရာတော်မယ်ဇာဘာရ်ဘား၏ စီမံခန့်ခွဲမှု့နှင့် ညွှန်ကြားချက်အရ ဘုန်းတော်ကြီး ကာလ်ချီသည် မြန်မာပြည်ကက်သလခ်သာသနာကို ပြန်လည်ထူထောင်ခဲ့ရလေသည်။ ဦးစွာပထမ မြန်မာပြည်သာသနာအခြေအနေ အရပ်ရပ်များကို အသေးစိပ်လေ့လာစိစစ်သည်။ ထိုနောက်ဘုန်းတော်ကြီး ဗီတိုးနီ အား အထက်မြန်မာပြည်ရှိ သာသနာကိုလည်းကောင်း၊ မိမိမှာ အောက်မြန်မာပြည်ရှိ သာသနာကိုလည်းကောင်း၊ အသီးသီးတာဝန်များခွဲဝေ၍ သာသနာလုပ်ငန်း ရပ်များကို စတင်ဆောင်ရွက်သည်။

   ဘုန်းတော်ကြီး ကာလ်ချီ မြန်မာပြည်သို့ရောက်ရှိချိန်သည် မြန်မာမင်း တနင်္ဂနွေမင်း (၁၇၁၃-၁၇၃၃) အုပ်စိုးချိန်ဖြစ်သည်။ ထိုအချိန်၌ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများတွင် တရုတ်-မြန်မာတို့ နိုင်ငံရေးဆက်ဆံမှု့များ တင်းမာနေချိန်ဖြစ်ခဲ့သည်။ ထိုသို့သော တင်းမာမှု့များဖြစ်ပွားနေချိန်မှာပင် နိုင်ငံရေးပဋိပက္ခများလည်း မကြာခဏ ပေါ်ပေါက်ခဲ့ကြသည်။

  မြန်မာပြည်သို့ကြွရောက်လာခဲ့ကြသော သာသနာပြုဘုန်းတော်ကြီး အသစ်နှစ်ပါးကို ၀မ်းပန်းတသာ ကြုဆို လက်ခံခဲ့ကြသည့် လူစုများရှိကြသလို၊ မလိုလားမနှစ်မြို့ကြသော အုပ်စုကလဲရှိသေး၏။ ထိုမလိုလားကြသော အုပ်စုမှ ဘုန်းတော်ကြီး အသစ်နှစ်ပါးအား အနှောင့်အယှက်များပြုလုပ်ခဲ့ကြသည်။ တိုင်းတပါး တရုတ်ပြည်မှ ၀င်ရောက်လာကြသော ကက်သလခ် ဘုန်းတော်ကြီးနှစ်ပါး တို့သည် နိုင်ငံရေးပယောဂများနှင့် မကင်းရှင်းကြောင်းကို ကောလဟာလလုပ်ကြံ သတင်းများဖြန့်ဝေ ခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ပြည်မှ စေလွှတ်လိုက်သော သူလျှုများဖြစ်ကြောင်း၊ သက်ဆိုင်ရာ သာသနာ အကြီးအကဲများ၏ သပိတ်မှောက်ခံဘုန်းတော်ကြီးများဖြစ်ကြောင်း၊ စသည်တို့ကို စွပ်စွဲပြောဆိုခဲ့ကြသည်။ ဤသို့ပြောဆိုနေကြသော ကောလဟာလသတင်းများသည် များမကြာမီမှာပင် ဘုရင့်နန်းတော်သို့ ရောက်ရှိသွားခဲ့သည်။

    တနင်္ဂနွေဘုရင်မင်းမြတ်ကိုယ်တိုင် တိုင်းတပါးမှ ရောက်ရှိလာကြသော ဘုန်းတော်ကြီးနှစ်ပါးကို
ဆင့်ခေါ် စစ်ဆေးမေးမြန်းတော့၏။ အောက်မြန်မာပြည်၌ သီတင်းသုံးနေထိုင်တော်မူသော ဘုန်းတော်ကြီး ကာလ်ချီသည် ဘုရင်မင်းမြတ်၏ ဆင့်ခေါ်ခြင်းကို အချိန်မဆိုင်းမတွဘဲ အစစ်ဆေးမေးမြန်းခြင်းကိုခံယူရန် အင်းဝနေပြည်တော်ရှိရာ အထက်မြန်မာပြည်သို့ ဆိုက်ရောက်လာခဲ့သည်။ ဘုရင်မင်းမြတ်နှင့်တွေ့ဆုံခါ အစစ်ဆေးခံယူပြီးနောက်၊ မိမိတို့မှာ သာသနာပြုပုဂ္ဂုလ်များ သက်သက်ဖြစ်ကြောင်း အထင် အရှားပေါ်လွင်နေသဖြင့် အပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်သည့်အပြင် မြန်မာဘုရင်မင်းမြတ်ထံမှ မမျှော်လင့်သော အခွင့်အလမ်းများကိုပင် ထပ်လောင်းရရှိခံစားကြရသည်။

      တနင်္ဂနွေဘုရင်မင်းမြတ်သည်လည်း ပြည်ပမှရောက်ရှိလာကြသော သာသနာပြုနှစ်ပါးတို့အပေါ် သံသယစိတ်များ ကင်းရှငိးသွားသည်နှင့်အမျှ မြန်မာဘုရင်မင်းမြတ်တို့၏ စိတ်ထားမြတ် အစဉ်အလာ ရှိသည့်အတိုင်း ယင်းတို့ကိုမြန်မာပြည်အတွင်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ သာသနာပြုပိုင်ခွင့်၊ လွတ်လပ်စွာ ဘုရားကျောင်းကန်များဆောက်လုပ်ခွင့်များ ကို ပေးသနားတော်မူခဲ့သည်။ ထိုပြင် အင်းဝနေပြည်တော်၌ အမြောက်တပ်တွင် စစ်မှု့ ထမ်းနေကြသော ပေါ်တူဂီ အမျိုးသားများအတွက် ဘုရားဝတ်တက်ရန်ကျောင်း တစ်ဆောင်ကိုလည်း ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ကပင် ဆောက်လုပ်စေခဲ့လေသည်။ ထိုဘုရားရှိခိုးကျောင်းနှင့်အတူ သာသနာပြု ပုဂ္ဂိုလ်ရဟန်း ဘုန်းတော်ကြီးများလာရောက် သတင်းသုံးနေထိုင်ရန် ဘုန်းတော်ကြီးကျောင်းဆောင်တစ်ဆောင်ကိုလည်း ဆောက်လုပ်စေခဲ့သည်။ အဆိုပါ ဘုရင်မင်းမြတ် အမိန့်ရှိတော်မူသော ဘုရားကျောင်းဆောင်များနှင့်အတူ ဘုန်းတော်ကြီးကျောင်းဆောင်များအတွက် ကုန်ကျစရိတ်ကိုလည်း နိုင်ငံ၏ ဘဏ္ဍာတော်မှ ကုန်ကျခံယူစေရန် ဘဏ္ဍာရေးဝန်ကြီးအား အမိန့်တော်ရှိခဲ့လေသည်။

   ဘုန်းတော်ကြီး ကာလ်ချီသည် ဘုရင်မင်းမြတ်အမိန့်တော်ရှိတော်မူသည့်အတိုင်း အဆိုပါကျောင်းဆောင်များ ဖြစ်မြောက်ရေးအတွက် မိမိကိုယ်တော်တိုင် စီစဉ် ကြပ်မတ်ဆောင်ရွက် ခဲ့လေသည်။ ထိုတည်ဆောက်ရေးလုပ်ငန်းများကို ထမ်းရွက်နေခိုက် အထက်မြန်မာပြည်ရှိ သာသနာနယ်မြေတခွင်သို့လည်း လှည့်လည်ကြည့်ရှု့ခဲ့သည်။ သာသနာလုပ်ငန်းများကို ထမ်းဆောင်ရင်း၊ တဖက်တလမ်းမှလည်း မြန်မာစာ၊ ပါဠိစာပေများကို လေ့လာသင်ယူခဲ့သည်။

ဘုန်းတော်ကြီးကာလ်ချီ၏ အီတလီပြည်ရှိ ဘားရ်နားဘိုက်အသင်းဂိုဏ်းချုပ်ကြီးထံသို့ ပေးပို့စာ(၈)

                                                                                      အင်းဝနေပြည်တော်၊
                                                                                      ၁၇၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်။
  အလွန်ချစ်ခင်ရိုသေထိုက်လှသော အဘပီတာမြတ်ဘုရား၊

  ကိုယ်တော်အထံသို့ စီရင်ခံစာပေးပို့လိုသည်မှာ အချိန်အခါအားဖြင့် ကြာမြင့်ခဲ့ပါပြီဘုရား၊ အခုလို အခွင့်အခါကောင်း ကြုံကြုက်ရရှိခဲ့လို့လည်း ၀မ်းသာမဆုံးဖြစ်ခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ သာသနာလုပ်ငန်းခွင် အပေါ်ဘုရားသခင်ချလောင်းပေးတဲ့မဟာကျေးဇူးတော်တွေကတော့ ကြီးမားလှ ပါတယ်။ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်းမဆုံးဖြစ်နေရပါတယ်ဘုရား။

(၈) I THE VOICE (Catholic Monthly- Rangoon). 1913 pg.83-85
II BIBLIOTHECA CATHOLICA BIRMANA. By Rev.S.M. Hosten S.J And E. Luce. British Burma Press.     Rangoon. 1915
III. Lettera da Ava, 11 marzo 1723. GALLO, 0p.cit.Vol.I Appendice 1,p.185.

  တပည့်တော်ကိုယ်တိုင် အင်းဝနေပြည်တော်ရဲ့ ဘုရင်မင်းမြတ်ကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့ပါပြီဘုရား။ တပည့်တော်တို့ရဲ့ သာသနာရေးလုပ်ငန်းကိစ္စရပ်များကို ဘုရင်မင်းမြတ်အား တင်ပြဆွေးနွေး ခဲ့တဲ့အခါ၊ ဘုရင်မင်းမြတ်ဟာ စိတ်သဘောထားကြည်ဖြူစွာနဲ့ ကြုဆို လက်ခံခဲ့ပါတယ်ဘုရား။ တပည့်တော်တို့ တင်ပြဆွေးနွေးချက်တွေကို လက်ခံရုံမျှမကသေး ဘုရင်မင်းမြတ် ကိုယ်တော်တိုင်က ဘုရားဝတ်ပြုတက်ရန် ဘုရားရှိခိုးကျောင်းဆောင်များ စတင်ဆောက်လုပ်ဘို့ တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်ဘုရား။ အဆောက်အဦးများရဲ့ ကုန်ကျစရိတ်များ ကိုလည်း ဘုရင်မင်းမြတ်က ချီးမြှင့်ပေးတော်မူပါသေးတယ်ဘုရား။ တပည့်တော်လည်း နောက်တနေ့မှာဘဲ ဆောက်လုပ်ရမဲ့ကျောင်းဆောင်သစ်များအတွက် ပုံစံငယ်တွေရေးဆွဲပြီး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါတယါဘုရား။

   ဘုရင်မင်းမြတ်ကလည်း အမိန့်တော်ရှိခဲ့ပါသေးတယ်ဘုရား။ ဘုရင်မင်းမြတ်ဟာ ခရစ်ယာန် တိုင်းပြည်များနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်သွယ်လိုတဲ့ ဆန္ဒရှိကြောင်း မိန့်ကြားတော်မူခဲ့ပါတယ်ဘုရား။
အထူးသဖြင့် တပည့်တော်တို့ရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးနှင့် ရွှေလမ်း၊ ငွေလမ်းများဖေါက်သွယ်ခါ ရင်းနှီး ချစ်ခင်စွာ အဆက် အသွယ်ပြုလုပ် လိုကြောင်း၊ မြန်မာပြည်သို့ သာသနာပြုပုဂ္ဂုလ်များကိုလည်း ထပ်မံစေလွှတ်ပေးစေလိုပါကြောင်း၊ သို့သော် မိမိအနေဖြင့် အရည်အချင်းပြည့်စုံသော သာသနာပြုပုဂ္ဂုလ်များကိုသာလျှင် လိုလားလျက်ရှိပါကြောင်း၊ တပည့်တော်နှင့် တွေ့ဆုံစဉ်က မိန့်မှာပြောဆိုခဲ့ပါသည်ဘုရား။
ဘုရင်မင်းမြတ်လိုလားတောင့်တတဲ့ သာသနာပြုပုဂ္ဂုလ်တွေဟာ ပန်းချီအနုပညာသည်များ၊ အထည်အလိပ် ကုန်ထုတ်လုပ်မှု့လုပ်ငန်း၌ ကျွမ်းကျင်သူများ၊ ဖလ်မှန်၊ သတ္တုလုပ်ငန်း အတတ်ပညာရှင်များ၊ နက္ခဗေဒပညာရှင်များ၊ သဘာဝပထ၀ီ သိပ္ပံပညာရှင်များ၊ အစရှိတဲ့ အတတ်ပညာ၊ အသိပညာရှင်များ ဖြစ်စေလိုပါတယ်ဘုရား။ အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် ဘုရင်မင်းမြတ်ဟာ မိမိတိုင်းပြည်မှာရှိကြတဲ့ ပြည်သူပြည်သားအားလုံးရဲ့အကျုးကို သယ်ပိုးထမ်းရွက်ပေးနိုင်မယ့် အရည်အသွေးရှိ သာသနာပြုပုဂ္ဂုလ်များကို လိုလားတောင့်တလျှက်ရှိပါကြောင်း တင်ပြ လာပါတယ်ဘုရား။

   တပည့်တော်တို့မှလည်း၊ တပါးပါးကို နေပြည်တော်ကြီးမှာဘဲ သီတင်းသုံးနေထိုင်စေလို ပါတယ်ဘုရား။ ကျန်ရှိတဲ့ တပါးကိုတော့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးထံ မြန်မာသံတမန် အဖြစ်စေလွှတ်လိုက် လိုကြောင်း ဘုရင်မင်းမြတ်က တပည့်တောကို မိန့်ကြားတော်မူခဲ့ပါတယ်ဘုရား။ အဲဒီတော့ ဘုရင်မင်းမြတ်အမိန့်တော်ရှိတဲ့အတိုင်း ဘုန်းတော်ကြီး ဗီတိုးနီကို သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ထံသို့ မြန်မာသံတမန်အဖြစ်စေလွှတ်ပေးလိုက်ပါတယ်ဘုရား။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ပါးလိုက်တဲ့ လက်ဆောင်မွန်တွေကိုလည်း ဘုန်းတော်ကြီးဗီတိုးနီနှင့် တပါးတည်း ထည့်ပေးပြီး ရဟန်းမင်းကြီးကို ဆက်ကပ်လိုက်ပါတယ်ဘုရား။ ဘုရင်မင်းမြတ်ပါးလိုက်တဲ့ လက်ဆောင်မွန်တွေကတော့ ပတ္တမြား၊ နီလာ အစရှိတဲ့ကျောက်မျက်ရတနာတွေနှင့် အခြား အဖိုးတန် ရတနာတွေဘဲ ဖြစ်ကြပါတယ်။ ဒီလက်ဆောင်မွန်တွေကိုလည်း ရွှေချည်ထိုးနဲ့ ယက်လုပ်ထားတဲ့ အိပ်ငယ်လေးထဲမှာ ထည့်ပြီး၊ ရဟန်းမင်းကြီးထံ ဆက်သလိုက်ပါတယ်ဘုရား။ ဘုရင်မင်းမြတ် အနေနဲ့လည်း သာသနာပိုင်ပုပ်ရဟန်းမင်းကြီးအား အရပ်လေးမျက်နှာတခွင်မှာ အမြင့်မြတ်ဆုံး သိက္ခာတော်ရှိ ပုဂ္ဂုလ်တပါးအဖြစ် အသိအမှတ်ပြုလျက် အထူးပင်ကြည်ညုလေးစားပါကြောင်း၊ ရဟန်းမင်းကြီးအား သိသာစေရန်လျှောက်ထားဘို့ ဘုန်းတော်ကြီးဗီတိုးနီအား မှာကြားလိုက်ပါတယ် ဘုရား။ အမှန်တကယ်မှာတော့်ပုပ်ရဟန်းမင်းကြီးအထံတော်သို့ တပည့်တော်ကိုယ်တိုင်ဘဲ လာရောက်လျှောက်ထား အစီရင်ခံဘို့ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီလိုခရီးထွက်ခွာခဲ့ရမယ်ဆိုရင် တပည့်တော် ယူထားတဲ့ တာဝန်တွေဖြစ်တဲ့ သာသနာလုပ်ငန်းဝတ္တရားတွေ လစ်ဟင်းသွားမည်ကို စိုးရိမ်ရပါသဖြင့် ကိုယ်တိုင်လာရောက် အစီရင်ခံခြင်း မပြုလုပ်နိုင်ကြောင်းပါဘုရား။ 

ကိုယ်တော်ဘုရားကို ဆက်လက်လျှောက်ထား ရအုံးမယ်ဆိုရင်၊ ဒီတိုင်းပြည်ဟာ သယံဇာတ ပေါများကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်ကြီး တခုဖြစ်ပါတယ် ဘုရား။ ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား၊ သတ္ထု၊ ကြေး၊ ခဲ၊ ဆေးမြစ်စုံ၊ အစရှိတဲ့ ဘုရားပေးအဖိုးတန် ရတနာအမျိုးမျိုးနဲ့ ပြည့်စုံတဲ့ တိုင်းပြည်ဖြစ်ပါတယ် ဘုရား။ ဒါပေမဲ့ ဒီအဖိုးတန် ရတနာပစ္စည်းတွေ အားလုံးဟာမြေအောက်မှာ သာလျင် ရှိကြဆဲဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ အဲဒီအဖိုးတန် ရတနာတွေကို လက်ဝယ်ရောက်အောင် ဖော်ထုတ်နိုင်စွမ်းရှိကြတဲ့ အနောက် တိုင်းသားတွေဘဲဖြစ်ဖြစ်၊ သာသနာပြု ပုဂ္ဂိုလ်တွေဘဲဖြစ်ဖြစ် ဘုရင်မင်းမြတ်အနေနဲ့ အထူးလိုလားတောင့်တလျက် ရှိပါကြောင်းပြောကြား လိုပါတယ်ဘုရား။ ရှေးလွန်လေပြီးတဲ့ အချိန်အခါတည်းက ဒီတိုင်းပြည်ဟာ အရှေ့ဖျားတခွင်မှာတော့ အချမ်းသာဆုံး၊ အကြွယ်ဝဆုံး တိုင်းပြည်တပြည် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယိုးဒယားနဲ့ စစ်မက်ဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေး အခြေအနေတွေဟာ ကျဆင်းလာခဲ့ပါတယ်ဘုရား။

 မြန်မာလူမျိုးတွေရဲ့ လူမှု့ဆက်ဆံရေးတွေကတော့ အထူးကိုဘဲ ပျူပျူငှါငှါရှိကြပြီး များစွာချီးမွမ်းဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်ဘုရား၊ မြန်မာတတွေဟာ စေတနာတရားနဲ့ ပြည့်ဝကြသူ များဖြစ်ကြပြီး၊ လူမှု့ရေးရာမှာလည်း ဧည့်ဝတ်ကျေပွန်မှု့တွေက ချီးမွမ်း မဆုံးနိုင်လောက် အောင်ကောင်းမွန်လှပါတယ်ဘုရား။ မြန်မာတို့ဟာ စိတ်သဘောထားဖြူစင်ကြတယ်၊ အစွဲအလန်း ကြီးမားပြင်းထန်တဲ့ တယူသန်စိတ်ထား မျိုးလည်း မရှိကြပါဘူး ဘုရား။ နောက်ဆက်လက်ပြီး ပြောပြရအုန်းမယ်ဆိုရင် တပည့်တော်တို့ရဲ့ သာသနာမှာတွေ့ ကြုံရတဲ့ အခက်အခဲတွေ ကတော့ တရုတ်ပြည်မှာလောက်တော့ ပြသနာတွေမရှိပါဘူး။ ဒါကြောင့်မြန်မာပြည် သာသနာနယ်မြေ အတွက် စီမံခန့်ခွဲမှု့အသစ်တွေ ထပ်လောင်း ချမှတ်ပေးဖို့ လျှောက်ထားလိုပါတယ် ဘုရား။ ဒီလိုအားပေးမှု့တွေ ရှိလာမယ်ဆိုရင်တော့ ဒီသာသနာ ကလေးဟာ တပည့်တော် တို့အသင်းဂိုဏ်းတစ်ခုလုံးရဲ့ ဂုဏ်ယူဖွယ်ကောင်းတဲ့ သာသနာ တခုဖြစ်လာပါလိမ့်မယ် ဘုရား။ တပည့်တော်ကိုလည်း သာသနာပြန့်ပွားရေး ဌာနချုပ်က ဒီသာသနာရဲ့ ကြီးကြပ်ရေးမှုး အဖြစ် ခန့်အပ်ထားတယ်ဆိုတော့ နောင်အခါမှာလည်း တပည့်တော်တို့ကိုဘဲ ဆက်လက်ပြီး တာဝန်ပေးအပ်သွားမယ်ဆိုတာ ယုံမှားဖွယ်မရှိနိုင်ကြောင်း တပည့်တော် ယုံကြည် စိတ်ချစွာနဲ့ လျှောက်ထားလိုပါတယ်ဘုရား။ 

အခုဆက်လက်ပြီးတင်ပြလိုတဲ့ အကြောင်းကိစ္စကတော့ ဘုရားသခင်သာလျှင် အသိဆုံးဖြစ်တဲ့ တပည့်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းကိစ္စတခုဖြစ်ပါတယ်။ တပည့်တော်တို့ ရောက်မလာမီ ခပ်စောစောပိုင်းတုံးက ယိုးဒယားပြည်ကနေ ပြင်သစ်အမျိုးသား သာသနာပြုနှစ်ပါးတို့ဟာ ဒီတိုင်းပြည်ထဲကိုဝင်ရောက်လာခဲ့ဘူးကြပါတယ်။(၉) ဒီသာသနာပြု 

(၉) JEAN GENOUD AND JEAN JORET. “In 1692 (these two priests) are dispatched by the Society of Foreign Missions at Paris..thrown into Pegu river on 12th February 1693.” (Cf. An Account of the Roman Catholic Mission of Southern Burma and of the New Cathedral”. By Bishop Bigander. 1887. See Ch.1. pp. 2 ff. 

နှစ်ပါးတို့ဟာ ဒီမှာရှိနေကြတဲ့ ပေါ်တူဂီတွေရဲ့ လက်ချက်နဲ့ဘဲ ကွပ်မျက်ခံလိုက်ကြရပါတယ်။ တပည့်တော်တို့ အပေါ်လည်း ဒီအတိုင်းလုပ် ဘို့ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါသေးတယ်။

ဒါပေမယ့်တပည့်တော်တို့ဟာ အသက်ဘေးအန္တရာယ်နဲ့ကင်းဝေးခဲ့ကြရပါတယ်။ တပည့်တော်တို့ အပေါ်ဘုရင်မင်းမြတ်ရဲ့ အထင် အမြင်မှားခဲ့မှု့တွေ အားလုံး ရှင်းရှင်းလင်းလင်းဖြစ်သွား ခဲ့ပါတယ်ဘုရား။တပည့်တော်တို့ကို လွတ်လပ်စွာသာသနာပြုဘို့ အခွင့် ပေးခဲ့ပါတယ်။ ရောက်ခါစတုံးက တပည့်တော်တို့ကို တရုတ်ပြည်က သူလျှိုတွေ၊ နိုင်ငံရေးခြေရှုပ်သူတွေ၊ တရားခံပြည်ပြေးတွေ၊ အသင်းတော်က သပိတ်မှောက်ထားသူတွေ၊ သီလကြောင်ပုဂ္ဂိုလ်တွေပါလို့ စသဖြင့် အမျိုးမျိုး စွပ်စွဲခဲ့ကြပါတယ်။ ဘုရင့်နားတော်ထိ ပေါက်ကြားသွားအောင်လည်း လုပ်ကြံပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်ရဲ့ တုံ့ပြန်မှု့တွေက ဒီကောလ ဟာလသတင်းတွေ လွှင့်ထုတ်ကြသူတွေကို အဖြစ်မှန်ထုတ်ပြလိုက်သလိုဘဲ ဖြစ်သွားခဲ့ပါတယ်ဘုရား။ ဘုရင်မင်းမြတ်ဟာ တပည့်တော် တို့အပေါ် ပိုမိုရင်းနှီးမှု့ရှိလာခဲ့ပါတယ်။ တပည့်တော်တို့ကို နောင်အချိန်မှာ အနှောက်အယှက် မပြုရဟုလည်း အမိန့်တော်ထုတ်ပြန်ပေးခဲ့ ပါတယ်ဘုရား။ ဒါ့အပြင်တပည့်တော်တို့ကို လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ ဘုရားကျောင်းကန်များကို တည်ဆောက် လုပ်ပိုင်ခွင့်၊ အစရှိတဲ့သာသနာအတွက်လိုအပ်တဲ့ လုပ်ပိုင်ခွင့်တွေအားလုံးကိုပေးအပ်ခဲ့ပါတယ်ဘုရား။ ဘုရားရှိခိုး ကျောင်းဆောင်တွေကို ဆောက်လုပ်တဲ့နေရာမှာလည်း လိုအပ်တဲ့ အကူအညီများကို ပေးကြဘို့ပြည်သူများအား အမိန့်တော်ရှိခဲ့ပါတယ် ဘုရား။

   ဒီသာသနာအတွက် သာသနာပြုပုဂ္ဂိုလ်များကို စေလွှတ်တဲ့အခါမှာ သေချာစိစစ်ရွေးချယ်ပြီး စေလွှတ်ပေးဘို့ တပည့်တော်လျှောက်ထား လိုပါတယ်ဘုရား။ ဒီတိုင်းပြည်ကိုလာကြမယ့် သာသနာပြုပုဂ္ဂိုလ်များဟာ သာသနာပြုစိတ်ဓာတ် အပြည့်အ၀ရှိထားကြဘို့လိုအပ်ပါတယ်။ သူတို့ဟာအကျင့်သီလသိက္ခာနှင့် သမာဓိ တည်ကြည်မှု့ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်ဘို့ အထူး လိုအပ်ပါတယ်။ စေတနာမေတ္တာ တရားပြည့်ဝသူ တွေဖြစ်ကြဘို့လိုအပ်ပါတယ်။ သူတို့နှင့်အတူ ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ အခြား သဘာဝ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ၊ ပုံဆွဲစာအုပ်များ၊ အစရှိတဲ့ စာအုပ်အမျိုးမျိုးကိုပေးပို့စေလို ပါတယ်ဘုရား။ ဒါအပြင်၊ ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေးပုံစံများ၊ ပထ၀ီသမိုင်းစာအုပ်များ၊ ဓမ္မသီချင်း စာအုပ်များ၊ ပေါ်တူဂီဘာသာရပ်ဆိုင်ရာစာအုပ်များ၊ အစရှိသည့် စာအုပ်မျိုးစုံကိုလည်း ပေးပို့ပါရန် ကိုယ်တော်အားကြိုတင် အကြောင်းကြားမေတ္တာ ရပ်ခံထားအပ်ပါသည်ဘုရား။

    သာသနာပြုပုဂ္ဂိုလ်များဟာ၊ သာသနာနယ်မြေများရှိရာကို မလာရောက်မီ၊ ဂျီသြမေတြီဘာသာရပ်၊ နက္ခဗေဒဘာသာရပ်၊ သင်္ချာ ဘာသာရပ်၊ လက်သမားအတတ်ပညာ၊ ဆည်မြောင်းဆောက်လုပ်ရေး အတတ်ပညာ၊ ဆေးဘက်ဆိုင်ရာအတတ်ပညာ၊ အစွမ်း ကုန်ပြောရမယ်ဆိုလျင် ပညာဗဟုသုတ ကြွယ်ဝပြီး၊ အတတ်ပညာရှင်များဖြစ်ကြဘို့ လိုအပ်ပါတယ်ဘုရား။ ဒါ့အပြင်အချက်အပြုတ်က အစ၊ ယိုထိုးနည်းတွေပါမကျန် တတ်ကျွမ်းထားကြတယ်ဆိုရင်တော့ ဒီမှာအထူးဘဲ တန်ဖိုးကြီးမားလှပါတယ် ဘုရား။ ဘုရားရှိခိုးကျောင်း အတွက်ဝတ်ပြုကိုးကွယ်ချိန်မှာ အသုံးပြုဘို့ ထပ်လောင်းမှာကြား လိုပါသေးတယ်ဘုရား။ ဘုရားရုပ်ပုံကားချပ်များ၊ အခြားဘာသာရေးနဲ့ ဆိုင်တဲ့ပစ္စည်းများ၊ အစရှိတဲ့အရာတွေ လက်လှမ်းမှီသလောက်စုဆောင်းပြီး သယ်ဆောင် ယူလာစေလိုပါတယ်ဘုရား။ တပည့်တော်အခု မှာကြားလိုက်တဲ့ပစ္စည်းတွေဟာ ဒီမှာ အလွန် ရှားပါး ပစ္စည်းတွေဖြစ်ကြသလို၊ လူတွေအနေနဲ့လည်း အထူးလိုလားတောင့်တကြတဲ့ ပစ္စည်းတွေဖြစ်ကြပါတယ် ဘုရား။ တပည့်တော်ရဲ့ နယ်မြေမှာဘာသာဝင်ဦးရေးကတော့ သိပ်ပြီး မများလှသေးပါဘူး ဘုရား။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ဆိုရင် မကြာခင်မှာ တိုးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ဘုရား။ အဲဒီတော့မှဘဲ အဖိုးတန်တဲ့ သာသနာ့ သားကောင်း ရတနာတွေ များပြားလာလိမ့်မယ်လို့ ယုံကြည်မျှော်ကိုးရပါတယ်ဘုရား။

ကိုယ်တော်ကိုစာနဲ့ဘဲရေးသားအစီရင်ခံရတဲ့အတွက် တပည့်တော်အားမလို အားမရဖြစ်ပါတယ်ဘုရား။ အခုလိုရေးသားပေးပို့လိုက်တဲ့ သတင်းတွေကိုလည်း စိတ်ရှည်ရှည်ထားပြီး ဖတ်ကြားစေလို ပါတယ်ဘုရား။ တကယ်မှာတော့ တပည့်တော်အနေနဲ့ ဒီထက်မကရေးစရာ တွေ အများကြီး ရှိပါသေးတယ်ဘုရား။ ဒါပေမယ့်သမ္မာန်တွေကလဲ ထွက်ခွာကြဘို့ စိုင်းပြင်းနေကြပြီဆိုတော့ ဒီတစ်ခေါက် ဒီလောက်နဲ့ဘဲ အစီရင်ခံလိုက်ရပါတယ်ဘုရား။ တပည့်တော်လည်း လုပ်ငန်းတွေကများပြားနေတော့ ပရိတ်မေတ္တာ ဆိုဘို့တောင် မနည်းအချိန်လုနေရပါ တယ်ဘုရား။

ကိုယ်တော်ဧ။်ကောင်းချီးမင်္ဂလာတောင်းခံပါလျက် 
ဒီ၊ စီဂျစ်မွန်ဒို ကာလ်ချီ
(သာသနာဦးစီးမှုး)

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၇)

 

Read More...

Friday, March 21, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၅)


အခန်း(၃)
ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ

ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ(၆)သည် အီတလီပြည်၌ သက္ကရာဇ် ၁၆၈၅ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့လေသည်။ ကာလ်ချီ၏ ဘခင်ဖြစ်သူမှာ အီတလီပြည်၏ လွှတ်တော် အမတ်တစ်ဦးအဖြစ် ရွေးချယ်ကောက်ခံရသူဖြစ်သည်။ ကာလ်ချီ၏ မွေးချင်းအကိုတစ်ဦးသည်လည်း မိမိဘခင်၏ အရိုက်အရာကိုဆက်ခံ၍ လွှတ်တော်အမတ်နေရာကို ရယူခဲ့သူဖြစ်သည်။ အခြားမွေးချင်း တစ်ဦးမှာမူ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီး၊ ဆရာတော်သိက္ခာတော်ခံယူရရှိခဲ့သည်။ 

   ကာလ်ချီသည်ငယ်စဉ်ကလေးဘ၀အရွယ်ကပင်တည်ကြည်သောလူငယ်တစ်ဦးဖြစ်သည်။ ရည်မွန် ထက်မြက်သည့် အင်္ဂါရုပ်သွင်ကိုဆောင်သည်။ အစဉ်ပြုံးရွှင်သော မျက်နှာကလေး ထားရှိတတ်သဖြင့် ကာလ်ချီသည် လူချစ်လူခင်ပေါများလှပေသည်။ ကာလ်ချီသည်အနေအထိုင် အပြောအဆိုများ၌ သိမ့်မွေ့နူးညံ့ပြီး၊ ပုဂ္ဂုလ်ကိုယ်ရည်သွေးနှင့်ပြည့်ဝသူဖြစ်သည်။

(၆) LIFE OF CALCHI (in Latin) by: GRAZIOLI PROPAGANDA LIBRARY-ROME-ITALY

ကာလ်ချီသည်အရာရာတွင်ခက်ခဲသည်ဟူသောစိတ်ထားမျုးကိုစွန့်ပယ်ပြီး၊ အလုပ်ကိစ္စအ၀၀၌ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်လိုသော ဇွဲသတ္တိမျုးကို ငယ်စဉ်ကလေးဘ၀အရွယ်မှ အစပြုပြီး မွေးမြူကျင့်သုံးခဲ့သူဖြစ်သည်။

ကာလ်ချီသည် အသက် ၁၈ နှစ်အရွယ်မှာပင် သိပ္ပံပညာရပ်များကို ဆည်းပူး သင်ကြားပြီး အောင်မြင်ပြီးဆုံး ခဲ့လေသည်။ သို့ပညာရေး လိုက်စားမှု့ အခမ်းကဏ္ဍပြီးဆုံးသည်နှင့် ကာလ်ချီသည်လည်း မိမိ၏ မိသားစုဝင်များရေပန်းစားနေသည့် နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ပါဝင်ဆောင်ရွက်နိုင်လိမ့်မည်ဟု
ပတ်ဝန်းကျင်မှ အများသူတို့က ထင်မြင် ယူဆခဲ့ကြသည်။ သို့သော် လူသူမသိ မမြင်နိုင်သည့် ကာလ်ချီ၏ စိတ်ဝမ်းနှလုံး အတွင်းရှိသော ဘ၀ ရည်မှန်းချက်မှာ နိုင်ငံရေးလမ်းကြောင်း မဟုတ်ခဲ့ပေ။ တစ်နေ့တစ်ခြား ထက်သန် ရင့်မာလာသော ကာလ်ချီ၏ ဘ၀ရည်မှန်းချက်မှာ သာသနာ့ဘောင်သို့ ၀င်ရောက် ဆပ်ကပ်၍ ရဟန်းတစ်ပါးအဖြစ် မိမိဘ၀ကို ရင်းနှီးမြှုပ်နှံသွားရန်ဖြစ်သည်။ သို့ဖြစ်၍ ကာလ်ချီသည် ထိုမွန်မြတ်လှသော သာသနာပြု စိတ်ဓာတ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် အချိန်အခါများစွာ မဆိုင်းမတွတော့ဘဲ သက်ဆိုင်ရာသာသနာပိုင် ရဟန်း ဘုန်းတော်ကြီးများထံသို့ ၀င်ရောက်လျှောက်ထား ခဲ့လေတော့သည်။

 ဖြူစင်သည့် စိတ်ထားမြတ်ရှိသော ကာလ်ချီအား အီတလီပြည်၊ မီလန်းမြို့ရှိ ဘားရ်နားဘိုက် အသင်းဂိုဏ်းဌာနချုပ်မှ ၀မ်းပန်းတသာကြုဆို လက်ခံခဲ့လေသည်။ ကာလ်ချီသည် ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ ၀တ်လုံတော် သင်္ကန်းစီးခါ၊ ဘားရ်နားဘိုက် အသင်းဂိုဏ်း သာမဏေငယ်တို့ လေ့လာဆည်းပူးအပ်သော ၀ိနည်းတော်များ၊ အသင်းစည်းကမ်း ဓလေ့ ကျင့်ထုံးကျင့်တမ်းများကို လိုက်နာ ဆည်းပူး ကျင့်ဆောက်တည်ခဲ့လေသည်။

     ဘားရ်နားဘိုက်အသင်း၏ စည်းကမ်း ၀ိနည်းတော်များကို ပီပြင် တည်ကြည်စွာ ကျင့်ဆောက်နိုင်သော ကာလ်ချီအား အသင်းဂိုဏ်း၏ အသင်းဝင် ဂတိသစ္စာများကို ခံယူစေလျက် ဘားရ်နားဘိုက် အသင်းဝင်တစ်ဦးအဖြစ် လက်ခံခဲ့လေသည်။ 

သို့သော် ရဟန်းဘောင်သို့ ဆက်လက်လျှောက်လှမ်းရအုန်းမည်ဖြစ်ရာ အီတလီပြည်၏ ထိပ်တန်းဓမ္မကဌိက တက္ကသိုလ်ကြီးဖြစ်သော “စိန်အလက်ဇန္ဒားယား တက္ကသိုလ်” ကြီးသို့ ကာလ်ချီရောက်ရှိခဲ့သည်။ ဤတက္ကသိုလ်ကြီး၌ ရဟန်းတို့ပညာရပ်နှင့်ဆိုင်ရာ ဓမ္မဘာသာရပ်များ၊ ကျင့်ဝတ်တော်များ၊ ၀ိနည်းတော်များ၊ ဒသနိကဗေဒဆိုင်ရာ ပညာရပ်များ၊ စသည့် အလွန်ထွေပြား ခက်ခဲလှသည့် ဘာသာရပ်စုံကို ဆက်လက်လေ့လာ သင်ယူခဲ့လေသည်။ သင်ကြားအပ်သော ပညာရပ်များကို ထူးချွန်အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး၊ သိက္ခာသမာဓိတရားနှင့်ပြည့်စုံ သဖြင့် မိမိမျှော်မှန်းထားသော ရဟန်းဘောင်သို့ တက်ရောက်ခွင့် ရရှိခဲ့လေသည်။
 
  ကာလ်ချီသည် ရဟန်းသိက္ခာ ခံယူပြီးနောက်ပိုင်းတွင်၊ ရဟန်းတို့၏ အကျင့်သီလနှင့်လည်းပြည့်စုံ၊ ပညာရည်လည်း ထက်မြက်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် အလျောက်၊ အဆိုပါ မိခင် တက္ကသိုလ်ကြီးမှာပင် စာချဘုန်းတော်ကြီးအဖြစ် ဆက်လက် ထမ်းဆောင်ရန် သာသနာပိုင် အထက်အကြီးအကဲများမှ ယုံကြည် ကိုးစားစွာဖြင့်တာဝန်ပေးအပ် ခဲ့လေသည်။

     ထိုစဉ်အခါက  ဘားရ်နားဘိုက် အသင်းဂိုဏ်းမှ ဦးစီးဖွင့်လှစ်ထားသော “စိန်အလက်ဇန္ဒားယား တက္ကသိုလ်” ကြီး၏ ပါမောက္ခချုပ် တာဝန်ကို ဘုန်းတော်ကြီး ပေါလ်ယို ချီညားနီ Rev. Father Paolo Cignani မှတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်သည်။ ဘုန်းတော်ကြီး ချီညားနီသည် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းမြောက်များစွာ ရှိသည်ဖြစ်ရာ မိမိအား အဆိုပါ တာဝန်မှ ရပ်နားခွင့်ပြုပါရန် အထက် အကြီးအကဲများထံသို့ တင်ပြတောင်းဆို ခဲ့လေသည်။ သို့သော် ပါမောက္ခချုပ်တစ်ပါးကို ခန့်အပ်ရန် ပုဂ္ဂိုလ်ရွေးချယ်ရေး၌ အခက်အခဲများနှင့် တွေ့ကြုံ ရင်ဆိုင်နေကြရသဖြင့် ဘုန်းတော်ကြီး ချီညားနီ၏ တာဝန်မှ ရပ်နားခွင့်တောင်းခံချက်ကို ခေတ္တ ဆိုင်းငံထားခဲ့ကြသည်။

      “စိန်အလက်ဇန္ဒားယား တက္ကသိုလ်”အတွက် ခန့်အပ်ရန် ပါမောက္ခချုပ် အသစ်ကို များမကြာမီပိုင်းမှာ ပင်တွေ့ရှိခဲ့ကြသည်။ ပညာရေးဘက်၌သော်လည်းကောင်း၊ သာသနာစိတ်ဓာတ်မြှင့်တင်ရေး၌သော် လည်းကောင်း၊ ဘက်စုံဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ပါမောက္ခချုပ် အသစ်ကိုရွေးချယ်ရာ၌ အသက်အရွယ်အားဖြင့် သုံးဆယ့် တစ်နှစ်သာလျှင် ရှိသေးပြီး၊ သာသနာပိုင် အထက် အကြီးအကဲများ၏ ယုံကြည်စိတ်ချမှ့ကိုလည်း ခံစားရရှိသော ပုဂ္ဂိုလ်ဖြစ်သည့် ကာလ်ချီအား ရွေးချယ် တင်မြှောက်ခဲ့ကြလေသည်။

    သို့သော် ဘုန်းတော်ကြီး ကာလ်ချီသည် မိမိအားပေးအပ်ထားသော ပါမောက္ခချုပ် တာဝန်ကို ခြောက်လတာ ကာလမျှတာလျှင် ထမ်းရွက်ခဲ့သည်။ သက္ကရာဇ် ၁၇၁၉
ခုနှစ်၊ အောက်တိုဘာလတွင်၊ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ကလေးမင်း ၁၁ (Pope Clement XI) ၏ ညွှန်ကြားချက်အရ၊ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီးမှ ရွေးချယ် ဖွဲ့စည်းပေးလိုက်ခဲ့သော အရှေ့တိုင်း သာသနာရေး တမန်တော်များ ကော်မရှင်အဖွဲ့တွင် ဘုန်းတော်ကြီး ကာလ်ချီသည်လည်း တစ်ပါး အပါအ၀င်ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး ကာလ်ချီသည် အရှေ့တိုင်းသို့ သာသနာပြုထွက်ရန် အစဉ် လိုလားတောင့်တခဲ့သည်။ အရှေ့တိုင်းသို့ သာသနာပြု ထွက်ရန် အမည်စာရင်းပေးသွင်းခဲ့သော ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် လေးဆယ်ကျော်တို့တွင် ဘုန်းတော်ကြီး ကာလ်ချီသည်လည်း မိမိ အမည်စာရင်းကိုပေးသွင်းခဲ့ခြင်းဖြစ်သည်။

      သမိုင်းအချုပ်ကား ထာဝရဘုရားသခင်ဖြစ်သည်။ ကာလ်ချီ အရွယ်ရောက်လာချိန်တွင် အများသူတို့က ကာလ်ချီသည် မိမိ ဘခင်ကြီး၏ ခြေရာကို လိုက်လိမ့်မည်ဟု ထင်မြင် ယူဆခဲ့ကြသည်။ သို့သော် ကာလ်ချီသည် ဘုရားသခင်၏ အမတ်လောင်းနေရာကို ရွေးချယ် လက်ခံခဲ့သည်။ တဖန် စိန်အလက်ဇန္ဒားယား တက္ကသိုလ်ကြီးအတွက် ပါမောက္ခချုပ် အသစ်ကို ရွေးချယ်ကြရာ၌ ပုဂ္ဂိုလ်သစ် ရရှိရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြသည်။ ထိုသို့ခက်ခဲစွာရွေးချယ် ခံထားရသည့် အကြားမှပင် ပါမောက္ခသစ် ဘုန်းတော်ကြီး ကာလ်ချီသည် ပြန်လည်နှုတ်ထွက်ခဲ့ပြီး၊ မိခင် တက္ကသိုလ်ကြီးကိုသာလျှင်မက၊ ဥရောပတိုက်ကိုပါကျောခိုင်းပြီး အရှေ့ဖျား သာသနာပြုအဖွဲ့ဝင် အဖြစ် တရုတ်ပြည်သို့ ခရီး ထွက်ခွာခဲ့လေသည်။ ထိုအပြင် သာသနာရေး တမန်တော်များအဖွဲ့ခေါင်းဆောင် ဆရာတော် မယ်ဇာဘားရ်ဘာ၏ မူလခရီးစဉ်နှင့် တာဝန်သည် တရုတ်ပြည်သို့သာလျှင်ဖြစ်ခဲ့သည်။ တရုတ်ပြည်သို့ရောက်ရှိကြ၍ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ပေးအပ်လိုက်သော တာဝန်ကိုလည်း ထမြောက်အောင်မြင်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ကြ။ တမန်တော်အဖွဲ့ဝင်များ အားလုံးလိုလိုပင် အီတလီပြည်သို့သာလျှင် ခြေဦးပြန်လည်လှည့်ကြရန်သာ ရှိတော့သည်။ သို့သော် ဆရာတော် မယ်ဇာဘားရ်ဘာသည် ကနဦးအစ၌လုပ်ငန်း အစီအစဉ် မရှိသော်ငြားလည်း ဘုန်းတော်ကြီးကာလ်ချီအား မြန်မာပြည်ရှိ ကာသလိခ်အသင်းတော်၏ သာသနာရေးမှုးချုပ်အဖြစ် အာဏာအပြည့်အပ်နှင်းခါ ရွေးချယ် တင်မြှောက်ပေးခဲ့လေသည်။

       အချုပ်အားဖြင့်ဆိုသော် ကာလ်ချီ၏ ဘ၀တစ်လျှောက်တွင် ဘုရားသခင်၏ လက်ရာတော်များကို အထင်အရှားတွေ့ရှိရသည်။ ဘုရားသခင်သည် ကာလ်ချီအား မြန်မာပြည် ကက်သလခ်အသင်းတော် သမိုင်းကဏ္ဍ အတွက် အုတ်မြစ်ချခဲ့သကဲ့သို့၊ ကာလ်ချီနောက်မှ လိုက်ပါလာကြသော ဘားရ်နားဘိုက် အသင်းဝင် အားလုံးကိုလည်း အလားတူစွာပင် စီမံစောင့်ရှောက်သွားကြောင်းများကို ဆက်လက်လေ့လာရန် တင်ပြ သွားဦးမည်ဖြစ်သည်။

၁၇၂၀ ခုနှစ်များတွင် မြန်မာပြည်ရှိ ကက်သလခ်အသင်းတော်၏ သာသနာနာရေး အခြေပြသမိုင်း(၇)

    မြန်မာပြည်၌ ကက်သလခ်သာသနာ စတင်ထွန်းကားခဲ့ပြီမှာ နှစ်ပေါင်း (၁၅၀) ခန့်ပင် ရှိခဲ့လေပြီဖြစ်သည်။ သက္ကရာဇ် ၁၆၁၃ ခုနှစ်မှာ အနောက်ဘက်လွန်မင်းသည် အောက်မြန်မာပြည်ကို သိမ်းပိုက် ယူခဲ့လေသည်။ အောက်မြန်မာပြည်၊ သန်လျင်မြို့၌ အခြေချနေထိုင်လျက် ရှိကြသော အနောက်တိုင်းသား ပေါိတူဂီ အမျိုးသားတို့အား နောင်တချိန်တွင် နိုင်ငံရေး လှုပ်ရှားအုံကြွမှု့များ မပြုလုပ်နိုင်စေရန် ပေါ်တူဂီများ၏ သော့ချက်ဖြစ်သော သန်လျင်မြို့ကို အလုံးအရင်းဖြင့် သိမ်းပိုက်ပြီး၊ အနောက်တိုင်းသားပေါ်တူဂီ အားလုံးကို အထက်မြန်မာပြည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဝှမ်း တလျောက်တွင် အခြေချနေထိုင်စေခဲ့ပြီး၊ လယ်ယာ ကိုင်းကျွန်းများ လုပ်ကိုင် စားသောက်နေထိုင်ခွင့်များပေးခဲ့သည်။

(၇) a.Storia del Cristianesimo nell’Impero Barmano. By Luigi Gallo, in 3 Volumes, Milan 1862.

b.”History of the Catholic Burmese Mission, 1720-1887” By Bishop Bigandet 1887.

c.An Account of the Roman Catholic Mission of Southern Burma, Burnes and Oats, 1909.

d.Letter of Father Abbona to Father Simonin, Chaplain to the King of Sardinia contains an Outline History      of the Catholic Mission in Burma. Ava and Pegu, the origin of the mission. (Cf. Annales de la Propagation    de la Foi, Lyon, 1822-1903. Vol.13.pp.326-334)        

  ဤသို့ဖြင့် ပေါ်တူဂီအမျိုးအနွယ် စစ်သုံ့ပန်းတို့အား ယနေ့ အထက်မြန်မာပြည် တ၀ှမ်းရှိ၊ စစ်ကိုင်းတိုင်း-မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြောင်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ စသည့် အထက်မြန်မာပြည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နယ်မြေဒေသများတွင် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင် စားသောက်ခါ အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်သည်။

  အထက်မြန်မာပြည်ရောက် ပေါ်တူဂီ စစ်သုံ့ပန်တို့တွင် အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် စားသောက်ကြသကဲ့သို့၊ အချို့မှာ အင်းဝနေပြည်တော်ရှိ အမြောက်တပ်၌ စစ်မှု့ ထမ်းခဲ့ကြသည်။ ထိုကြောင့်ပင် အင်းဝနေပြည်တော်တွင် ပေါ်တူဂီရပ်ကွက်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဤသို့ အခြေချနေထိုင်ခဲ့ကြသော ပေါ်တူဂီ အမျိုးအနွယ်တို့သည် နှစ်ကာလ ပရိစ္ဆေဒ ကြာညောင်းလာသည်နှင့် အမျှ ဒေသခံမြန်မာ တိုင်းရင်းသားများနှင့် ရောယှက်လာကြပြီး၊ အိမ်ထောင်ရက်သား ကျခါ ပေါ်တူဂီ-မြန်မာအစပ် နွယ်ဖွားကို ပေါ်ထွန်းလာစေခဲ့ခြင်းဖြစ်သည်။

  အထက်မြန်မာပြည်သို့ ရောက်ရှိအခြေချနေထိုင်ကြသော ပေါ်တူဂီများသည် ကက်သလခ် ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်ကြသည်။ ထိုစဉ် အချိန်အခါက မြန်မာပြည်ရှိ ကက်သလခ် ခရစ်ယာန် အသင်းတော်သည် အန္ဒိယပြည်-မာလီရပိုမြို့မှ ဂိုဏ်းချုပ်ဆရာတော်၏ သာသနာ အုပ်ချုပ်ရေး လက်အောက်ခံဖြစ်ခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်ရှိ ကက်သလခ် အသင်းတော်အတွက် လိုအပ်သော ရဟန်း ဘုန်းတော်ကြီးများကို မာလီရပိုမြို့ ဂိုဏ်းချုပ် ဆရာတော်မှ စီမံ ခန့်ခွဲစေလွှတ်ပေးပို့ရသည်။ မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘုန်းတော်ကြီးများမှာလည်း ပေါ်တူဂီ တိုင်းရင်းသားများသာလျှင်ဖြစ်ကြသည်။

  သို့သော် အေ၊ ဒီ၊ ၁၇ ရာစုနောက်ပိုင်းတွင် မြန်မာပြည်အတွက် ရဟန်း ဘုန်းတော်ကြီးများ စေလွှတ်ပေးရန် အန္ဒိယပြည် အတွက် အခက်အခဲများစွာနှင့် တွေ့ကြုံ ရင်ဆိုင် လာခဲ့ရသည်နှင့် အမျှ ဘုန်းတော်ကြီးများကို ဆက်လက် ပို့ပေးနိုင်စွမ်း မရှိတော့ချေ။ ထိုသို့ မြန်မာပြည် ကက်သလခ်သာသနာ အတွက် ရဟန်း ဘုန်းတော်ကြီးများ မရရှိနိုင်သည့်နောက်ပိုင်းတွင် မြန်မာပြည် ကက်သလခ်သာသနာသည် သာသနာရေး၊ ဘာသာရေးများ၌ ကျဆင်းလာခဲ့ရသည်။ သာသနာ၏ စီမံ ခန့်ခွဲပေးမှု့ အင်အားများ ဆုတ်ယုတ်လာသည့်နှင့် အလျောက် ဘာသာတရား၌ လျော့ရဲ ပျက်ပြားသွားသည့် ပုဂ္ဂိုလ်များသည်လည်းပေါ်ထွန်း ခဲ့ကြသည်။ ထိုသို့ ဘာသာတရား ပျက်ပြားသွားသည့်သူများကို ပတ်ဝန်းကျင်မှ “ကုလားပျက်” များဟုခေါ်ဝေါ်ကြသည်။ သို့သော် ရှေးဟောင်း ကက်သလခ်ဘာသာဝင်များ၏ ထူးခြားသည့် ဘာသာရေးသမိုင်းဖြစ်ရပ် တခုမှာ အဆိုပါ ကုလားပျက်များသည် မိမိတို့ ဘာသာတရားသာလျင် ပျက်ပြားသွားကြလင့် ကစား အခြား ပတ်ဝန်းကျင်ရှိ ဘာသာအယူဝါဒများကို လက်ခံ ယုံကြည် ကိုးကွယ်မှု့ရှိခြင်း၊ ကူးပြောင်းသွားမှု့ရှိခြင်း၊ စသည့် သမိုင်းဖြစ်ရပ်များကိုမူ မတွေ့ရှိခဲ့ရပေ။ သို့ဖြစ်၍ ရှေးဟောင်း ကက်သလခ်နွယ်ဖွားများသည် ဒေသခံများနှင့် လူမှု့ရေးလောက၌ သာလျှင် ကူးလူး ဆက်ဆံမှု့ရှိကြပြီး၊ ဘာသာရေးရာ၌မူ ရောယှက်နေထိုင်ခြင်း မပြုလုပ်ခဲ့ကြသည်မှာ ထင်ရှားပေါ်လွင်သော သမိုင်းဖြစ်ရပ်တခု ပင်ဖြစ်သည်။

    အထက်မြန်မာပြည်မှာ ကဲ့သို့  အောက်မြန်မာပြည်တွင်လည်း ကက်သလခ် ခရစ်ယာန်များရှိခဲ့သည်မှာ အချိန် ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အလျင်ဦးဆုံးရောက်ရှိလာကြသော ကက်သလခ် ခရစ်ယာန်ဘာသာဝင်များမှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နေကြသော အနောက် တိုင်းရင်းသားများပင်ဖြစ်ကြသည်။ အနောက် တိုင်းရင်းသားများသည် သင်္ဘောပိုင်ရှင်ကြီးများဖြစ်ကြသည်။ ထို သင်္ဘောပိုင်ရှင်ကြီးများသည် သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများကို ရင်းနှီး လုပ်ဆောင်ကြသည်။ အဆိုပါ သင်္ဘောပိုင်ရှင်ကြီးများနှင့် အတူ လိုက်ပါလာကြသော ကုန်သည်ကြီးများ၊ အလုပ်သမားများ အစရှိသော သူတို့သည် ကက်သလခ် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြသည်။ ထိုလူပုဂ္ဂိုလ်များ အတွက် ဘာသာရေးအမှု့ ကိစ္စများဆောင်ရွက်ပေးရန်၊ ၎င်းတို့နှင့် အတူ ကက်သလခ် ဘုန်းတော်ကြီးများလည်း မြန်မာပြည်သို့ လိုက်ပါလာခြင်းဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးများသည် အနောက် တိုင်းရင်းသားများ၏ ဘာသာရေး ၀တ္တရားများကို ထမ်းရွက်ပေးကြရင်း၊ ဒေသခံနယ်မြေရှိ တိုင်းရင်းသားများကိုလည်း သာသနာပြု ကြသည်။ ဤသို့ဖြင့် အောက်မြန်မာပြည်၌ ခရစ်ယာန် အယူဝါဒကို ယုံကြည် ကိုးကွယ်ကြသော ခရစ်ယာန် ဘာသာဝင်များလည်း စုစည်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဤသို့သော အခြေအနေများတွင် အန္ဒိယပြည်မှ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ရဟန်း ဘုန်းတော်ကြီးများ အဆက်ပြတ်မှု့ရှိခဲ့ခြင်းသည် ပို၍ ဆိုးရွားသော အခြေအနေများသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

    သို့ဖြစ်၍ ရောမမြို့-သာသနာပြန့်ပွားရေး ဌာနချုပ်မှ တရုတ်ပြည်-ကန်တုံမြို့သို့ သာသနာရေး ကိစ္စရပ်နှင့် ရောက်ရှိလာခဲ့သော ဆရာတော် မယ်ဇာဘာရ်ဘားသည် မြန်မာပြည်ရှိ ကက်သလခ်အသင်းတော်ကို ပြန်လည် ထူထောင်ပေးရန် လိုအပ်သည့် သာသနာပြု ပုဂ္ဂိုလ် အင်အားများကို ဖြည့်စွက်ပေးဘို့ စီမံ ခန့်ခွဲပေးလိုက်ခြင်းဖြစ်သည်။

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၆)

Read More...

Monday, March 17, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၄)

ဘားရ်နားဘိုက် အသင်းဂိုဏ်းဖြစ်ပေါ်လာခြင်း
          သက္ကရာဇ် ၁၅၃၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ကလဲမင်း (POPE CLEMENT VII) သည် ဘားရ်နားဘိုက် အသင်းဂိုဏ်း (BARNABITE) ကို ကက်သလခ်အသင်းတော်၏ တရားဝင် သာသနာအမှု့တော်ဆောင် အဖွဲ့အစည်းအသင်းဂိုဏ်းအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုး ကြေညာခဲ့သည်။

         ဘားရ်နားဘိုက် အသင်းဂိုဏ်းကို ဘုန်းတော်ကြီး အန်တိုနီယို မာရီယား ဇာခရီးယား (ရဟန္တာဖြစ်ပြီး) REV.FR. ANTONIO MARIA ZACCHARIA (canonized) ၊ ဘုန်းတော်ကြီး ဘာရ်သလေမီ ဖယ်ရာရီ REV.FR.BARTHLEMI FERRARI နှင့် ဘုန်းတော်ကြီး ယာကုပ်ဘို မော်ရိဂျီးယား REV.FR.JOCOBO MORRIGIA တို့မှ ဦးဆောင် ပြုလုပ်၍ စတင် တည်ထောင်ခဲ့ကြသည်။ ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ မူလဘွဲ့ အမည်ခံမှာ REGULARS CLERIC OF ST.PAUL သံပေါလူး၏ တမန်တော်များအသင်းဂိုဏ်း ဟုဖြစ်ခဲ့သည်။ သို့သော် အသင်းဂိုဏ်းကို စတင် တည်ထောင်ပြီး၊ များမကြာမီ အချိန်ပိုင်းမှာတွင် သံပေါလူး၏ တမန်တော်များ အသင်းချုပ်ကြီးသည် အီတလီပြည် မီလန်းမြို့ရှိ စိန်ဘားရ်နားဘတ်စ် SAINT BARNABAS ဘွဲ့အမည်ခံ ဘုရားကျောင်းတော်ကြီးကို စီမံ ကွပ်ကဲ အုပ်ချုပ်ရန် အထက် သာသနာပိုင် အကြီးအကဲများထံမှ တာဝန် ပေးအပ်ခြင်း လက်ခံ ရရှိခဲ့သည်။ စိန်ဘားရ်နားဘတ်စ် ဘုရားကျောင်းတော်ကြီးကို တာဝန် ယူထမ်းဆောင်ချိန်မှ အစပြု၍ သံပေါလူး၏ တမန်တော်များ အသင်းအဖွဲ့သည် မိမိတို့၏ ဗဟိုရ်ဌာနချုပ်နှင့် စိန်ဘားရ်နားဘတ်စ် ဘုရားကျောင်းတော်ကြီးအား ဆက်စပ် အစွဲပြု၍ သံပေါလူး၏ တမန်တော်များကို “ဘားရ်နားဘိုက် အသင်းဂိုဏ်း” (BARNABITES) ဟုခေါ်ဝေါ် လာခဲ့ကြခြင်း ဖြစ်သည်။

        ဘားရ်နားဘိုက် အသင်းဂိုဏ်း၏ ဦးတည်ချက်များမှာ၊ တမန်တော်ကြီး သံပေါလူး၏ ဆုံးမသြ၀ါဒ စာစောင်တော်များကို လက်စွဲပြုကြလျှက် ခရစ်ယာန် အသိတရား စိတ်ဓာတ် အပြည့်အ၀ထားရှိကြပြီး မိမိတို့ ခံယူချက်ရှိသည့်အတိုင်း ကျင့်ဆောက်တည်ကြရန်နှင့် ဟောပြော
သွန်သင်ခြင်းလုပ်ငန်းဖြစ်သည်။ အသင်းဂိုဏ်း၏ အဆိုပါ ဦးတည် ရည်မှန်းချက်များကို စာရိတ္တပြုပြင်ပေးရေး ကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ အသီးသီးများမှ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပေးကြလျှက် ဖြည့်စည်း ဆောင်ရွက်ကြသည်။ သို့ဖြစ်၍ လူငယ်ဂေဟာများ ဖွင့်လှစ်ပေးခြင်း၊ ရာဇ၀တ်မှု့ ကျူးလွန်သူများအား ပြုစုပျိုးထောင် ပြုပြင်ပေးခြင်း၊ အကျဉ်းထောင်များသို့ သွားရောက်၍ ဆုံးမ သွန်သင် ဟောကြားခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးကြသည်။ ပညာရေးဘက်တွင် အခြေခံ အဆင့်မှသည် တက္ကသိုလ်ပညာရေး အဆင့်အထိ သင်ကြားပို့ချပေးသော ကျောင်းများကို ဖွင့်လှစ်သည်။ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးတွင်လည်း အထူးသဖြင့် မရှိ ဆင်းရဲသားတို့အား အထူးဝါယမ စိုက်ကာ ပြုစုစောင့်ရှောက်ပေးသည့် ဆေးရုံကြီးငယ်များကို နေရာအသီးသီးတွင် ဖွင့်လှစ်ခဲ့ကြသည်။  

    ဘားရ်နားဘိုက်အသင်းဂိုဏ်းသည် ဥရောပတိုက်တစ်ခွင်ရှိ အီတလီပြည်၊ ပြင်သစ်ပြည်၊ သြစတီးယားပြည်၊ ဘိုဟေးမီးယားပြည် အစရှိသော တိုင်းပြည်များတွင် သာသနာရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြသည်။ အသင်းဂိုဏ်း၏ သာသနာရေးလုပ်ငန်းများ၌ ကျယ်ပြန့်မှု့ ရှိသကဲ့သို့အသင်းဝင် ပုဂ္ဂိုလ်များသည်လည်း အရည်အသွေး၊ အရည်အချင်းနှင့်ပြည့်ဝသောသူများအဖြစ် များစွားမှပင် တွေ့ရှိနိုင်သည်။ ၀ိဇ္ဇာ/သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကျော်များကို ဘားရ်နားဘိုက် အသင်းအဖွဲ့တွင် များစွာတွေ့ရှိရသည်။ တစ်ပါးသော သူတို့၏ အကျင့်စာရိတ္တ မဏ္ဍုင်ကို ပြုပြင် မြှင့်တင်ပေးရခြင်းမှာ မိမိတို့အသင်းဂိုဏ်း၏ ဦးတည် ရည်မှန်းချက် တစ်ရပ်ဖြစ်သည့်အလျောက်၊ အသင်းဝင်ပုဂ္ဂိုလ်များ ကိုယ်တိုင်ပင် ကိုယ်ကျင့်တရား ပြည့်ဝ စုံလင်မှု့ ရှိကြပြီး၊ အရာရာတွင် အနစ်နာခံယူတတ်ခြင်း၊ ဖြူစင်သော မေတ္တာစေတနာ တရားထားရှိတတ်ခြင်း၊ လုပ်ငန်းတာဝန် ကျေပြွန်စွာ ထမ်းဆောင်ခြင်း၊ ဇွဲသတ္တိနှင့် ပြည့်စုံသည့်လုံ့လ ၀ရိယရှိခြင်း၊ စသည့် မွန်မြတ်သော ကိုယ်ကျင့်တရား ပြည့်ဝသူ ပိုင်ရှင်များ ဖြစ်ကြသည်။  ဤကဲ့သို့ သမိုင်းစဉ် တလျောက်၌ သာသနာလုပ်ငန်းခွင်တွင် ထူးချွန်စွာ ထမ်းရွက်သွားခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများအား ကက်သလခ်အသင်းတော်မှ “ရဟန္တာ” ဘွဲ့များကို ပေးအပ်ခဲ့ကြောင်း အသင်းတော် သမိုင်းတွင် တွေ့ရှိနိုင်သည်။ သက္ကရာဇ် ၁၇၀၃ ခုနှစ်တွင်၊ တရုတ်ပြည်ရှိ ကန်တုံမြို့ ကက်သလခ် သာသနာသည် ဘာသာရေး ပြသနာတစ်ရပ်ဖြင့် တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပြသနာမှာ ဘာသာရေးဆိုင်ရာ ဘုရားဝတ်ပြု ကိုးကွယ်မှု့ အခမ်းအနားများတွင် တရုတ်အမျိုးသားများ၏ မိရိုးဖလာ ကျင့်သုံးသည့် ရှေးထုံးတမ်းများကို ကျင့်သုံးပြု ပိုင်ခွင့်ရှိ/မရှိပင် ဖြစ်သည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဒသမမြောက် ကလဲမင်း POPE CLEMENT X လက်ထက်ကလည်း အဆိုပါ ဘာသာရေးပြသနာရပ်ကို ၀င်ရောက် ဖြေရှင်းပေးခဲ့ဘူးသည်။ သို့သော် ဖြေရှင်းဆောင်ရွက်ပေးရာ၌ အောင်မြင်ခြင်း အပြည့်အ၀ မရရှိခဲ့သဖြင့် ယခု တဖန် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်သည်။

     သက္ကရာဇ် ၁၇၁၆ ခုနှစ်တွင် ဘုန်းတော်ကြီး ဖရန် ချက်စကိုရိုဗဲရို Father Francesco Roveri သည် ဘားရ်နားဘိုက် အသင်းဂိုဏ်းချုပ် တာဝန်ခံ အမှု့တော်ကို ထမ်းဆောင်ခဲ့ချိန်ဖြစ်သည်။ ဘားရ်နားဘိုက် အသင်းဂိုဏ်းချုပ်ကြီးထံသို့ ရောမမြို့-သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ ဌာနချုပ်မှ စာချွန်လွှာတခု ရရှိခဲ့သည်။ ထိုစာချွန်လွှာ၌ ဖော်ပြပါရှိချက်မှာ၊ အရှေ့တိုင်းပြည်များ၌ ကက်သလခ် ခရစ်ယာန်သာသနာ ထွန်းကားခဲ့ပြီးမှာ နှစ်ပေါင်း အတော်ကြာမြင့်ပြီ ဖြစ်ကြောင်း၊ သာသနာတော်၏ သက်တမ်း ကြီးရင့်လာသည်နှင့်အမျှ သာသနာပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ရှိကြောင်း၊ သာသနာတိုးချဲ့လုပ်ငန်းများနှင့်အတူ သာသနာပြု ပုဂ္ဂိုလ်သစ်များကိုလည်း အပူတပြင်း လိုအပ်လျက် ရှိပါကြောင်း၊ စသည်တို့ပါရှိခဲ့လေသည်။ ထိုနောက် သာသနာတော်ဌာနချုပ်၏ အဆိုပါ လိုအပ်ချက်များကို ဘားရ်နားဘိုက် အသင်းဂိုဏ်းကြီးမှပင် ကမကထပြုခါ ပါဝင် ဖြေရှင်း လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ရောမမြို့ -သာသနာပြန့်ပွားရေးနှင့်စီမံခန့်ခွဲရေးဌာနချုပ် ကိုယ်တိုင်က ၄င်းတို့အား မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။ 

    ဘားရ်နားဘိုက် အသင်းဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖာသာရ် ဖရန်ချက်စကို ရိုဗဲရီသည် ရောမမြို့-သာသနာ                 ပြန့်ပွားရေးဌာနချုပ်မှ ပေးပို့သော စာချွန်လွှာကို ရလျှင်ရချင်း မိမိအသင်းဂိုဏ်းဝင် အမှု့ဆောင်ပုဂ္ဂိုလ်များနှင့် အတူ တွေ့ဆုံ စည်းဝေးခဲ့လေသည်။ ယင်း အမှု့ဆောင်များ အစည်းအဝေးမှ ရောမမြို့-သာသနာပြန့်ပွားရေးဌာနချုပ်၏ တောင်းဆိုလာမှု့ အပေါ် ငြင်းဆိုခြင်းမရှိ ကြိုဆို လက်ခံခဲ့ကြလေသည်။ မိမိတို့ အမှု့ဆောင်များ အစည်းအဝေး ဆုံးဖြတ်ချက်ကိုလည်း ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် ပုဂ္ဂိုလ်များအား သိသာစေရန်နှင့် သာသနာတိုးချဲ့လုပ်ငန်းများ၌ စိတ်ပါဝင်စားသူ အသင်းဂိုဏ်းဝင် ပုဂ္ဂိုလ်များကို မိမိတို့ အမည်စာရင်းများ ပေးသွင်းကြပါရန်လည်း တချိန်တည်းမှာပင် ကြေညာ ဖိတ်ခေါ်ခဲ့လေသည်။ အသင်းဂိုဏ်းချုပ်၏ ဖိတ်ခေါ်စာကို ဘားရ်နားဘိုက် အသင်းဂိုဏ်းဝင် ပုဂ္ဂိုလ် (၄၀) ဦးတို့က အမည်စာရင်း ပေးသွင်းကြလျက် ထောက်ခံကြိုဆိုခဲ့ကြသည်။

ဘားရ်နားဘိုက် အသင်းဝင်တို့၏ အရှေ့တိုင်းသို့ပထမဆုံးသော ခရီးစဉ်
    အထက်တွင် တင်ပြခဲ့သည့် တရုတ်ပြည်-ကန်တုံမြို့ ဘာသာရေးပြသနာရပ်၏ ဖြေရှင်းချက်သည် ပြီးပြတ်ခြင်း မရရှိသေးသဖြင့်၊ သက္ကရာဇ် ၁၇၁၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဧက ဒသမမြောက်ကလဲမင်း POPE CLEMENT XI မှ ရောမမြို့-သာသနာပြန့်ပွားရေးဌာနချုပ်အား အဆိုပါ ဘာသာရေးပြသနာတစ်ရပ်ကို ဆောလျင်စွာ ကိုင်တွယ် ဖြေရှင်းပေးရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ တာဝန် သတ်မှတ်ပေးရန် ညွှန်ကြားခဲ့လေသည်။ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားချက်အရ သာသနာပြန့်ပွားရေးဌာနချုပ်သည် တရုတ်ပြည်သို့ စေလွှတ်မည့် သာသနာရေး မီရှင်တစ်ရပ်ကို အောက်ပါအတိုင်း ဖွဲ့စည်း သတ်မှတ်ပေးခဲ့လေသည်။
၁။ ဥက္ကဌ။ ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာ
    REV.MGR. CARLO AMBROGIO MEZZABARBA
၂။ အဖွဲ့ဝင်။ ဘုန်းတော်ကြီး အော်နိုရာတို မာရီးယား ဖယ်ရာရီ
    Rev.Father Onorato Maria Ferrari of Vercelli in Piedmont
၃။ အဖွဲ့ဝင်။ ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ
    Rev.Father Sigismondo Maria Calchi of Milan
၎။ အဖွဲ့ဝင်။ ဘုန်းတော်ကြီး အလက်ဇန္ဒြု
    Rev.Father Allesandro De-Allesandri of Bergamo
၅။ အဖွဲ့ဝင်။ ဘုန်းတော်ကြီး ဖီလီပို မာရီယား ချေဆာတီ
   Rev.Father Filippo Maria Cesti of Milan
၆။ အဖွဲ့ဝင်။ ဘုန်းတော်ကြီး ဆာလာတိုရေ ရာဇီးနီ
  Rev.Father Salvatore Rasini of Nice

   ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာ ဦးဆောင်သော သာသနာရေးကော်မတီဝင် အဖွဲ့ဝင် ငါးဦးတို့သည် ဘားရ်နားဘိုက် အသင်းဂိုဏ်းမှ လက်ရွေးစင် ရွေးချယ်ပေးလိုက်သော အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးများလည်း ပါဝင်ကြသည်။

   သက္ကရာဇ် ၁၇၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့တွင် ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာ ဦးဆောင်သော သာသနာရေး တမန်တော်အဖွဲ့သည် အီတလီပြည်မှ သင်္ဘောခရီးစဉ်ဖြင့်စတင် ထွက်ခွာခဲ့ကြသည်။ သိပ္ပံပညာ စွမ်းအား မထွန်းကားသေးသော ထိုခေတ် ထိုအချိန်အခါက အရှေ့တိုင်းဟူသည် အရှေ့အနောက် ကွာဝေးသလောက် ဥရောပတိုက်နှင့်ကင်းဝေး ခြားနားလျက်ရှိသည်။ နှောင်းတခူး၏ လေပြေလေမြူး၊ မုတ်သုန်ဦး၏ လေဝေလေရူးတို့ဖြင့် အပြောကျယ်လှသည့် သမုဒ္ဒရာ ပင်လယ်ပြင်ကြီးကို ဖြတ်သန်းသွားလာရာမှာ အလွန် ခဲယဉ်းပြီး ဘေးအန္တရာယ်များနှင့်လည်း ရင်ဆိုင်ကြရသည်။

  အီတလီပြည်မှ ထွက်ခွာလာခဲ့သော သင်္ဘောကြီးသည် တစ်နွေကုန်၍ တစ်မိုးပင် ဖြိုင်ဖြိုင်ရွာသွန်းလေပြီ။ သို့သော် သာသနာရေး တမန်တော်များ မျှော်မှန်းလာခဲ့ကြသော အရှေ့တိုင်းကား အရိပ်အရောင်မျှပင် မမြင်နိုင်ခဲ့ကြသေးပေ။ အရာမထင်လှသည့် သမုဒ္ဒရာ ရေပြင်ကြီးကိုသာ နေထွက်ချိန်မှ နေ၀င်ချိန်တိုင်အောင် တွေ့မြင်နေကြရသည်။ ဘေးဒုက္ခ အမျိုးမျိုးနှင့်လည်း တွေ့ကြုံ ရင်ဆိုင်ရသေးသည်။ ထိုသို့ တွေ့ကြုံခံစားရသော ဘေးဒုက္ခဟူသမျှကို သာသနာရေး တမန်တော်အဖွဲ့တို့သည် ကြံ့ကြံ့ခံယူကြလျှက် ရှေ့သို့သာ ခရီးဆက်ခဲ့ကြသည်။ ဤသို့ဖြင့် သက္ကရာဇ် ၁၇၂၀ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် သာသနာရေး တမန်တော်အဖွဲ့တို့စီးနင်းလိုက်ပါလာသော သင်္ဘောကြီးသည် တရုတ်ပြည်တောင်ပိုင်းရှိ ကန်တုံမြို့ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့လေသည်။

  တရုတ်ပြည်-ကန်တုံမြို့ သို့ရောက်ရှိလာကြသော ရောမမြို့၊ သာသနာရေး တမန်တော်အဖွဲ့သည် သာသနာပြန့်ပွားရေးဌာနချုပ်မှ ပေးအပ်လိုက်သော တာဝန်ကို ဖြည့်ဆည်းဆောင်ရွက်ရန် အတွက် ဖြစ်ပေါ်နေသည့် ပြသနာတစ်ရပ်ကို ကွင်းဆင်း လေ့လာခဲ့ကြသည်။ ယင်းပြသနာရပ်ကို သုံးလကြာမျှ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ဖြေရှင်းပေးကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ ထိုတွင်မက ဖြစ်ပွားနေသည့် သာသနာရေး ပြသနာဖြေရှင်းပွဲတွင် မလိုအပ်သော ၀ိရောဓိများ သက်ဝင်လာသဖြင့် တမန်တော်အဖွဲ့ဝင်များ၏ အသက်ဘေး အန္တရာယ်ကိုပါ ထိပါး ဖြစ်ပေါ်လာဖွယ်ရာ အခြေအနေများထိ ဆိုးရွားလာခဲ့သည်။

  သို့ဖြစ်၍ သာသနာရေးမီရှင်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဆရာတော်ကာရ်လိုသည် မိမိအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မိမိတို့ ဖြေရှင်းပေးရမည့် ပြသနာရပ်သည် ဆူပူ လှုပ်ရှားမှု့များ သက်ဝင်လာနေသဖြင့် အချိန်ယူခါ ပိုမို ပီပြင်သည့် အေးချမ်းသော နည်းစနစ်ကို ရှာကြံ အသုံးပြု၍ ဖြေရှင်းပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့လေသည်။ ထိုသို့ အချိန်ယူဆောင်ရွက်ရန် အဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ပါးကို တာဝန်ပေးအပ်လျှက် ကျန်ရှိသော အဖွဲ့ဝင်များမှာမူ မိမိနှင့်အတူ အီတလီသို့ ပြန်ရန် ဆုံးဖြတ်ခဲ့လေသည်။

 သက္ကရာဇ် ၁၇၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာ ဦးဆောင်သော သာသနာရေး တမန်တော်အဖွဲ့သည်  တရုတ်ပြည်-ကန်တုံမြုမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယင်းတို့၏ ခရီးစဉ်သည် မြန်မာပြည်ကို ဖြတ်ကျော်လာရခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ ကက်သလခ် သာသနာတော်သည် အထက်မြန်မာပြည်၌ အင်းဝ နေပြည်တော်တွင်၎င်း၊ အောက်မြန်မာပြည်၌ ပဲခူးမြို့တော်တွင်၎င်း၊ အသီးသီး အခြေစိုက် ထွန်းကားလျှက်ရှိသည်။ နှစ်ပေါင်း(၁၅၀) ကျော်မျှပင် ကြာမြင့်ပြီဖြစ်ကြောင်း ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာသည် ကောင်းစွာလေ့လာ သိရှိခဲ့ခြင်းဖြစ်သည်။ ထိုအပြင်အဆိုပါ သာသနာနယ်မြေ၌လည်း သာသနာပြုပုဂ္ဂုလ်များ အပူတပြင်းလိုအပ်လျှက်ရှိကြောင်းကို ဆရာတော်သည် ထပ်လောင်း သတိပြုမိခဲ့သည်။ သို့ဖြစ်၍ ဆရာတော် ကာရ်လို အမ်ဘရိုဂျီယို မယ်ဇာဘားရ်ဘာသည် အခွင့်အခါကောင်းများကို အသုံးပြုလျက်၊ မိမိနှင့်အတူလိုက်ပါလာသော အဖွဲ့ဝင်များမှ ဘုန်းတော်ကြီးတစ်ပါးကိုရွေးချယ်ခါ၊ မြန်မာပြည်ရှိ ကက်သလခ်သာသနာ ဦးစီးမှုး တာဝန်ခံအဖြစ် လွှဲအပ်ခဲ့လေသည်။

    ထိုတာဝန်သစ်တစ်ရပ်ကိုရွေးချယ်ခန့်အပ်လိုက်သော ဘုန်းတော်ကြီးမှာ ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ Rev.Father Sigismondo Maria Calchi of Milan ပင်ဖြစ်ခဲ့သည်။ စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီသည် ရောမမြို့သာသနာပိုင်ပုပ်ရဟန်းမင်းကြီးရုံးတော်မှ ပထမဦးဆုံးအကြိမ် အဖြစ်ခန့်အပ်သော မြန်မာပြည်ကက်သလခ်သာသနာ၏ ဦးစီးမှုးတစ်ပါးဖြစ်ခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်ကက်သလခ်သာသနာတော်သမိုင်းတွင် ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ အားသာသနာ့သမိုင်းဝင်ပုဂ္ဂုလ်တပါးအဖြစ် သမိုင်း မှတ်ကျောက်တင်အပ်ပေသည်။ “ The Papal Legate (Mgr. Carlo Ambrogio Mezzabarba) appointed him (Calchi) the First Vicar Apostolic of the Kingdom of Pegu, Ava and Martaban. He was the mustard seed of the Permanent Catholic mission in Burma.” (၅)

   (၅) THE GURADIAN-“THE EARLY CHATOLIC MASSIONARIES IN BURMA” 1962 August Pg.19

သို့ဖြစ်၍ ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီသည် မြန်မာပြည်ရောက် ဘားရ်နားဘိုက်အသင်းဂိုဏ်းဝင်များ၏ အင်းဝရောက်ခြေရာများတွင် ပထမဆုံးသောခြေလှမ်းဖြစ်ခဲ့သည်။

    ရောမမြု -့သာသနာရေကြောင်းမှ သာသနာပြုပုဂ္ဂုလ်ကျော်လှေလောင်းတော်များသည် အင်းဝနေပြည်တော်ကြီးသို့ အစီအရီခင်းကျင်း၍ ချီတက်လာကြတော့မည်ဖြစ်သည်။

  ရောမ-အင်းဝ သာသနာသမိုင်းရေကြောင်းခရီးစဉ်များသည် သွားချိန်တန်သွားကြလျက်၊ နားချိန်တန်နားကြပြီး၊ သာသနာ့အကျုးကို စွမ်းစွမ်းတမံသယ်ပိုးထမ်းရွက်သွားကြရင်း မြန်မာတိုင်းရင်းသားထုတစ်ရပ်လုံးအကျုးကိုပါ သယ်ပိုးထမ်းရွက်သွားကြသည့် သာသနာပြုပုဂ္ဂုလ်ကျော်အချု့တို့၏ သမိုင်းအကြောင်းကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း။ ဆက်လက်လေ့လာဖတ်ရှ့ပါ။

  ဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီးယား ကာလ်ချီ
 မွေးနေ့၊။  ။ ၁၆၈၅ ခုနှစ်၊ မတ်လ (၁၂) ရက်၊အီတလီ
 ပျံလွန်တော်မူသောရက်။  ။ ၁၇၂၈ ခုနှစ်၊ မတ်လ (၆) ရက်၊ အင်းဝ
(အသက်တော် ၄၂ နှစ်)

ဆက်ရန် -
 အင်းဝရောက်ခြေရာများ - အပိုင်း(၅)

Read More...