Thursday, January 16, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၅)

ဖါသာရ်ပီတာ ဦးမြအောင်
(Fr. Peter U Mya Aung)

    ဖါသာရ်ပီတာ ဦးမြအောင်သည် (၁၉၃၃)ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘရှင် ဒေါ်လန်းတို့ဖြစ်သည်။ (၁၉၄၇)ခု မေလတွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ ပြင်ဦးလွင်မြို့တွင်ရှိသော ရဟန်းဖြစ်သင်ကျောင်းကို ပြန်လည် ပြုပြင်မွမ်းမံပြီးနောက် (၁၉၄၈)ခုနှစ်တွင် ရွာတော်မှ ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့သည်။ (၁၉၅၂) ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ ပီနန် ရဟန်းဖြစ်သင်တက္ကသိုလ်သို့ ပညာသင်ကြားရန် စေလွှတ်ခြင်း ခံရသည်။ ပီနန်တွင် (၆)နှစ် ပညာသင်ပြီးနောက် (၁၉၅၈)ခုနှစ် ကုန်ခါနီးတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ကိုရင်ကြီးအဖြစ်နှင့် ချင်းတောင်တန်း ဆိုင်းဇံကျေးရွာတွင် ဖါသာရ် ရုအဲလင်းလက်အောက် တနှစ်တာ လက်တွေ့သင်တန်းဆင်းရင်း ချင်းစကား သင်ယူခဲ့သည်။ (၁၉၆၀) ခု ဇန္န၀ါရီလ (၁၇)ရက်နေ့တွင် ဆရာတော်ကြီး ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံပြီးနောက် ဆိုက်ဇံရွာတွင် လအနည်းငယ်နေပြီး ဆွမ်းပီးကျေးရွာသို့ ရွှေ့ပြောင်း သီတင်းသုံးခဲ့သည်။ ဆွမ်းပီးကျေးရွာ၏ ပထမဆုံးဘုန်းကြီးဟု ခေါ်ကြသည်။
ဖါသာရ်ပီတာ ပြောင်းရွှေ့သွားပြီးနောက် မည်သည့်ဘုန်းကြီးမျှ ကျောင်းမထိုင်တော့ပါ၊ ရဟန်းတော်များ နည်းပါးသွားသောကြောင့် ဖြစ်သည်။ ချင်းလူမျိုးတို့က ဖါသာရ်ပီတာကို ဆွမ်းပီးဘုန်းကြီးဟု ခေါ်ကြသည် (၁၉၆၄) မှ (၁၉၆၇) အထိ တီးတိန်မြို့တွင် သတင်းသုံးခဲ့သည်။ (၁၉၆၇) မှ (၁၉၇၇)ထိ ကလေးမြို့ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၇၇)ခုနှစ် ဇူလိုင်လမှ (၂၀၀၂)ခုနှစ် အထိ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းကြီးအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၇၇) ခုနှစ်တွင် ကျောင်းတောင်ဘက်ရှိ ပြိုလဲနေသောပေ (၂၅၀) ရှိ အုတ်တံတိုင်းကို အသစ်ပြန်လည် ပြုလုပ်ခဲ့သည်။ (၁၉၈၅) ခုတွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကို ချမ်းသာရွာတွင် ကျင်းပခဲ့သည်။

    ချမ်းသာရွာ ဘာသာဝင်များ၏ လူအားငွေအားဖြင့် ၄င်းရပ်နီး ရပ်ဝေးမှ ဘာသာဝင်များ၏ အလှူငွေဖြင့် ၄င်း၊ ကျောင်း၏ အရှေ့မြောက်ဘက်တွင် သောက်ရေကန်ကြီးကို (၁၉၈၄) ခုနှစ် မေလ (၁၀) ရက်နေ့မှ စတင် တူးဖေါ်ရာ (၁၉၈၅)ခု သြဂုတ်လ (၁၉) ရက်နေ့တွင် ပြီးဆုံးသည်။

   ရေကန်၏အကျယ်အ၀န်းမှာ
    အလျား        (၂၂၀)ပေ
    အနံ             (၁၀၀)ပေ
    ဧရိယာ         (၂၂၀၀၀)စတုရန်းပေ
    မြေအောက်အနက်    (၆)ပေ
    ရေသွင်းပြီးအနက်    (၉)ပေ
    ရေဂါလံပေါင်း    (၁၂၃၇၅၀၀) ဂါလံ
    ရေကန်အလယ်တွင် မယ်တော်မာရိယား၏ ဆင်းတု ပလ္လင်တင်ထားသည်။ မယ်တော်ကန်ကြီးဟု အမည်တွင်သည်။ (၁၉၈၆)ခုတွင် မယ်တော်ကန်ကြီးကို ငုံ၍ မြောက်ဘက်မှ ပေ(၃၀၀)ရှိ အုတ်တံတိုင်းအသစ် ဆောက်လုပ်ခဲ့သည်။ (၁၉၈၇)တွင် အ၀ီဇိတွင်းတူးဖေါ်ရာ ကျပ်လေးသောင်းကျော် ကုန်ကျသော်လည်း မအောင်မြင်ခဲ့ပေ။ (၁၉၉၂) ခုနှစ်တွင် ပေ (၃၈၀)ရှိ အ၀ီဇိတွင်း အောင်မြင်ခဲ့သည်။ ရေစင်ကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ (၁၉၉၀) ခုနှစ်တွင် (၇)ခန်း (၈)ခန်းရှိ စိန်ပီတာခမ်းမဆောင်ကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့သည်။ သုံးသိန်းခွဲ ကုန်ကျခံ၍ ရွာဘာသာဝင်များက ငါးသောင်းထည့်ဝင်သည်။ စိန်ပီတာရာပြည့်ခမ်းမကိုလည်း ရာပြည့်ပွဲ မကျင်းပမီ ဆောက်လုပ်နိုင်ခဲ့သည်။ ဓမ္မာရုံဖွင့်ပွဲ ရေကန်ဖွင့်ပွဲနှင့် ရေကန်အလယ်တွင် မယ်တော်ဆင်းတုတင်ပွဲ ကျင်းပနိုင်ခဲ့သည်။ လယ်ဧက (၁၅၀)ကို အကျိုးပြုနိုင်သော လေးဆယ်စင်းဆည်ကို ဆောက်လုပ်နိုင်ခဲ့သည်။ လယ်ဧက (၁၅၀၀)ကျော်ကို အကျိုးပြုနိုင်သော ချမ်းသာဆည်ကို နိုင်ငံတော်အစိုးရနှင့် ပူပေါင်း၍ ဆောက်လုပ်ရာ (၁၉၉၃)ခု မေလ(၁၀)ရက်နေ့တွင် ပြီးစီးခဲ့သည်။

    (၁၉၉၂-၉၄)တွင် ဘုရားကျောင်းမှ ကျွန်းတိုင်ကြီးများ မြေ၀င်ဆွေး၍ မျက်နှာကျက်များ နိမ့်ကျလာသည်။ တိုင်ကြီးများ ဘုရားကျောင်းအတွင်း ယိုင်လာသည်။ ထိုအခြေအနေတွင် ချမ်းသာရွာမှ ဆရာကြီးဦးသန်းမောင်၏ သား မန္တလေးမြို့နေ အင်ဂျင်နီယာ ဦးမောင်မောင်၊ ထန်းပင်ကုန်းမှ ပန်းရံဆရာကြီး ဦးကျော်သောင်းနှင့် အဖွဲ့၊ ချမ်းသာရွာမှ လက်သမားဆရာ ဦးမြင့်အောင်နှင့် ဦးတီတိုးတို့နှင့် ပြန်လည် ပြုပြင်နိုင်ခဲ့သည်။ တိုင်များ အားလုံး ဖြုတ်သည်။ ဆွေးနေသော အပိုင်းများ ဖြတ်တောက်ပြီး သံကူကွန်ကရစ် ကျောက်တိုင်ခံကာ အပေါ်ပိုင်းကို ပြန်တင်ခဲ့သည်။ လုံးဝ ဆွေးမြေ့သွားသော ကျွန်းတိုင်အတွက် အစားထည့်နိုင်ရန် ရေမျက်ရွာမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးအာစရက ကျွန်းတိုင်တတိုင်လုံးကို ကိုယ်တိုင်လာရောက် လှူဒါန်းသည်။ သံကူကွန်ကရစ် ကျောက်တိုင် (၁၁)တိုင် အစားထိုးရသည်။ အုတ်နံရံကြီးများ အက်ကွဲ ဆွေးမြေ့နေသည်ကို ဖြိုချပြီး အုတ်ချပ်ရေ တစ်သိန်းသုံးသောင်းခန့် အစားထိုးလိုက်ရသည်။ လိုအပ်သောနေရာများတွင် သံကူကွန်ကရစ် ကျောက်ထုပ်ကြီးများ အစား ထည့်ရသည်။ ခေါင်းလောင်းစင်ရှိ သစ်သားဘီးဝိုင်းကြီးများ၊ ငှက်ပျောဖူးအထက် သစ်သားထိပ်ချွန်ပိုင်းမှ ငါးကျင်းကွက်များ တိုင်ကြီး တန်းကြီးများနှင့် ခေါင်းလောင်းစင်ထိပ်မှ ခရစ္စတူးတိုင်ကို အသစ်လဲခဲ့သည်။ ငှက်ပျောဖူးအထက် သစ်သားထိပ်ချွန်ပိုင်း၏ အခြေတွင် (၁၄)လက္မ ပတ်လည်ရှိ ကျွန်းတုံးများ ခံထားသည်။ ၄င်း ကျွန်းတုံးများ ဆွေးမြေ့နေပြီဖြစ်၍ သံကူကွန်ကရစ် ကျောက်ထုပ်ကြီးများဖြင့် အစားထိုး ပြုပြင်ခဲ့သည်။ မန္တလေး ဦးဆန်နီနှင့် အဖွဲ့က ဘုရားကျောင်းတစ်ခုလုံး ဆေးသုတ်သည်။ ဘုရားကျောင်းကို ဆယ်သိန်းခန့် အကုန်အကျခံ၍ ပြုပြင်နိုင်ခဲ့သည်။


    ချမ်းသာရွာ၌ (၁၉၉၄)ခု ဧပြီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ဘုရားကျောင်း နှစ်တရာပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့သည်။ ချမ်းသာရွာတွင် ဖါသာရ်ဘူးလီးရက်စ် လက်ထက်ကစပြီး အစိုးရအသိအမှတ်ပြု မူလတန်းကျောင်း ရှိခဲ့သည်။ ဖါသာရ် ပေလေးတီးယားလက်ထက် (၁၉၂၁)ခုတွင် မူလတန်းကျောင်းမှ အစိုးရအသိအမှတ်ပြု အာရ်စီအမ် အလယ်တန်းကျောင်း အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ဖါသာရ်လေအိုလက်ထက် ဒုတိယကမ္ဘာစစ်အပြီးတွင် အလယ်တန်းကျောင်း အဆင့်မှ မူလတန်းအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ ဖါသာရ်မိုးဇယ် လက်ထက် (၁၉၅၅) တွင် အလွတ်ပညာသင်ကျောင်း ဖွင့်၍ အလယ်တန်း ပညာ သင်ကြားပေးခဲ့သည်။ (၁၉၆၄)ခုမှစ၍ တွဲဖက် အလယ်တန်းကျောင်းဖွင့်၍ ပညာ သင်ကြားပေးခဲ့သည်။ ရှေးယခင်ကစ၍ စာသင်ကျောင်းသည် ဘုရားကျောင်းဝင်းအတွင်း ရှိခဲ့သော်လည်း ဖါသာရ်ပီတာ လက်ထက် (၁၉၈၀)မှ စ၍ ရွာ၏ အရှေ့မြောက်ဘက် တွဲဘက် အလယ်တန်းကျောင်းရှိရာ သို့ ပြောင်းရွှေ့ခဲ့ရသည်။ (၁၉၈၅) ခုနှစ် ဒီဇင်ဘာလ (၂၆)၇က်နေ့မှစ၍ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ပြန်လည် တိုးမြှင့်ခြင်းခံရသည်။ (၂၀၀၁)ခုနှစ်တွင် စာသင်ခန်း (၈)ခန်းပါသည့် လေးခန်းတွဲ နှစ်ထပ် နံကပ်သွတ်မိုး စာသင်ကျောင်းတစ်ဆောင်ကို ကာရီတာစ်မန္တလေး၏ အကူအညီမှုဖြင့် ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ဖါသာရ် ပီတာမြအောင်သည် (၂၀၀၂)ခု ဇွန်လမှစ၍ စစ်ကိုင်းမြို့ ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။


ဖါသာရ် အာသာနာစီအူးစ်-ဦးခင်မောင် (၁၉၃၆-၁၉၉၈)
(Fr. Athanasias- U Khin Mg)
    ဖါသာရ် အာသာနာစီအူးစ် ဦးခင်မောင်သည် (၁၉၃၆)ခု မေလ(၂)ရက်နေ့တွင် တန်ဆည်မြို့နယ်၊ ချောင်းရိုးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဆရာကြီး ဦးရင်မောင်နှင့် ဒေါ်ညိုတို့ဖြစ်သည်။ ချောင်းရိုးရွာတွင် မူလတန်းပညာ သင်ယူပြီး (၁၉၄၇)ခုနှစ်တွင် ဖါသာရ်ပီတာမြအောင်နှင့် အတူ ရွာတော်ရွာ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၄၈)ခုနှစ်တွင် ပြင်ဦးလွင်သို့ ရောက်ရှိပြီး (၁၉၅၂)ခုတွင် စိန်အာလ်ဘက် အထက်တန်းကျောင်းတွင် သတ္တမတန်း၌ စတင် ပညာဆည်းပူးခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် မက်ထရစ်အောင်သည်။ (၁၉၅၆)ခုတွင် မလေးရှားပြည် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၆၁)ခု ဒီဇင်ဘာလတွင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ (၁၉၆၂) ခု ဇန္န၀ါရီလ (၁၄)ရက်နေ့တွင် ဆရာတော်ဂျိုဇက်ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    သိက္ခာခံပြီးနောက် တောင်ပိုင်း ချင်းတောင်မင်းတပ်နယ် လေးစီးယန်းရွာကလေးတွင် သာသနာလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။ (၁၉၆၅)တွင် ခမ်းပတ်ရွာသို့ ခေတ္တပြောင်းရွှေ့ရသည်။ ထိုနောက် မြောက်ပိုင်း ချင်းပြည်နယ် ဖလန်းသာသနာ ဘာသာဝင်များကို (၁၉၆၅)ခုမှ (၁၉၇၁)ခုနှစ်အထိ ကြည့်ရှုခဲ့သည်။(၁၉၇၁) ခုနှစ်မှ (၁၉၈၀)ခုနှစ်အထိ ပြင်ဦးလွင် ရဟန်းဖြစ်သင်ကျောင်း၊ ကျောင်းအုပ်အဖြစ်၎င်း၊ (၁၉၈၀) မှ (၁၉၈၃)ခုနှစ်အထိ ရန်ကုန် မေဂျာရဟန်းဖြစ်တက္ကသိုလ်ကျောင်း ကျောင်းအုပ်အဖြစ်၎င်း အမှုထမ်းခဲ့သည်။ (၁၉၈၃) ခုနှစ် (၁၉၈၈)ခုနှစ်အထိ ရွှေဘို ကျောင်းထိုင်ဘုန်းကြီးအဖြစ်နှင့် ရွာတော်ဘာသာဝင်များကိုပါ ကြည့်ရှုခဲ့ရသည်။

    ဖါသာရ်စီအူးစ် ဦးခင်မောင်သည် ကိုယ်တိုင်အုတ်ဖုတ်၍ ရွာတော်ကျောင်းဝင်း လုံခြုံရေးအတွက် ဖါသာရ်ဇေးဗီးယား လက်ထက်က မကာနိုင်ဘဲ ကျန်ခဲ့သော အပိုင်းအားလုံးကို အုတ်တံတိုင်းကာခဲ့သည်။ သင်္ချိုင်းကိုလည်း အုတ်တံတိုင်းကာခဲ့သည်။ ရွာထဲ၌ လူများ ပြည့်ကျပ်နေသဖြင့် ကျောင်း၏ မြောက်ဘက် အရှေကဘက်နှင့် တောင်ဘက်များတွင် သာသနာလယ်မြေများကို ရွာမြေ အဖြစ် တိုးချဲ့ပြီး အိမ်ပူး အိမ်ကပ်များကို နေရာချထားပေးခဲ့သည်။ ရွာ၏ တောင်ဘက်ရှိ ရွှေဘို ညောင်ပင်သာကားလမ်းနှင့် ရွာတော်ရွာ ဆက်သွယ်သော လမ်းသစ်ဖေါက်ရန် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်အာလ်ဖုန်း ဦးသန်းအောင်က ငွေကျပ်တစ်သောင်း မတည်ပေးခဲ့သည်။ ယင်းမတည်ငွေဖြင့် ရွာတောင်ဘက်ရှိ လယ်ယာမြေအချို့ကို ၀ယ်ယူပြီး လမ်းသစ် ဖေါက်လုပ်ခဲ့သည်။ လမ်းဖေါက်ရာတွင် ဘုန်းတော်ကြီးနှင့် ကောင်စီဥက္ကဌတို့ ဦးစီးကာ ရွာသူရွာသားများက မခိုမကပ် လုပ်အားပေးကြသဖြင့် အောင်မြင်ခဲ့သည်။ ဘောလုံးကွင်းအနီး အ၀ီစိ ရေလျှံတွင်း(၂)တွင်း တူးဖေါ်ခဲ့သည်။ ပြည်တော်သာကန်ကို တိုးချဲ့တူးဖေါ်၍ ဘုန်းတော်ကြီး၏ ဂျူဘလီ အထိမ်းအမှတ် အဖြစ် ဂျူဘလီကန်ဟုသမုတ်ခဲ့သည်။ ဟောခန်းမလည်း ဆောက်လုပ်ခဲ့သည်။ ရွှေဘိုမြို့တွင် ဟောခန်းမနှင့် ခေါင်းလောင်းစင် တည်ဆောက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၃၁)ရက်နေ့တွင် ရွှေဘိုမြို့၌ ပျံတော်မူသည်။ ဖါသာရ်စီအူးသည် ရွှေဘိုမြို့၌ ပေ(၇၀)အမြင့်ရှိသော ခေါင်းလောင်းစင်ကို ငွေကျပ်တစ်သိန်း ခုနှစ်သောင်း အကုန်အကျခံ၍ ဆောက်လုပ်ခဲ့သည်။

ဖါသာရ်ဇေးဗီးယားဗန်ဒယ်ရင်-ဦးမျိုးမြင့်(၁၉၂၄-၂၀၀၁)
(Fr. Xavier- U Myo Myint)

    ဖါသာရ်ဇေးဗီးယား ဗန်ဒယ်ရင် ဦးမျိုးမြင့်သည် (၁၉၂၄)ခု ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ပက်ထရစ်ဗန်ဒယ်ရင်နှင့် စီစီလျားပရာဂိုဆပ်တို့ ဖြစ်သည်။ (၁၉၅၅)ခုနှစ်တွင် မေမြို့ရဟန်းဖြစ်သင် ကျောင်းဝင်သည်။ ထိုနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားပြီး (၁၉၆၄)ခု ဧပြီလ (၈)ရက်နေ့တွင် ရဟန်းသိက္ခ ခံယူသည်။ ထိုနောက် ချောက်မြို့တွင်၎င်း၊ ချင်းပြည်နယ် လူရှဲတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၇၅) မှ (၁၉၈၃) ခုနှစ်ထိ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ရွာတော်ရွာကိုလည်း ကြည့်ရှုရသည်။ ဖါသာရ်ဇေးဗီးယားသည် (၁၉၈၃)ခုတွင် ရွှေဘိုမြို့၌ လူဒယ်သခင်မဂူလှိုင် ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ဇေးဗီးယားဗန်ဒယ်ရင်သည် ဖါသာရ်စခရီးဗင်း ဖျက်သွားသော ရွာတော် ဘုရားကျောင်း ခေါင်းလောင်းစင်မှ ငှက်ပျောဖူးကို သားသတ်လိုင်စင်မှ ရသော အမြတ်ငွေဖြင့် ပြန်လည် တပ်ဆင်ပြုပြင်သည်။ လျှပ်စစ်မီးများလည်း ပြန်လည် တပ်ဆင်၍ နေ့စဉ် မီးပူဇော်သည်။ ဖါသာရ်ဇေးဗီးယား၏ ဟောပြောမှုကောင်းသဖြင့် ရွာသူရွာသား တကာတကာမများက ယေဇူးရွှေနှလုံးတော် ဆင်းတု၊ မိုးဇယ် ဆင်းတု၊ ဧလိယ ဆင်းတု၊ စိန်ပီတာ ဆင်းတု၊ ယေဇူးအဆင်း သဏ္ဍာန်ပြောင်းလဲပုံဆင်းတု၊ စိန်ဗင်းဆင်းဒီပေါလ် ဆင်းတု၊ စိန်ပီတာ ဆင်းတု၊ ယေဇူးအလောင်းတော်ကို မယ်တော်ပွေ့ထားသော ဆင်းတု၊ စိန်မာသား ဆင်းတုစသည့်များကို လှူဒါန်းခဲ့သည်။ ရွာတော်လူငယ်များ ခရစ္စမတ်သီချင်းဆို ထွက်ရာမှရရှိလာသော အလှူငွေများဖြင့် ကျောင်းဝင်းကို (၁၀)ခန်းလောက် အုတ်တံတိုင်းကာခဲ့သည်။ ကျောင်းဝင်းတခါးမကြီးကို ဦးထွန်းခင် ဒေါ်ခင်မာမာမြင့်တို့က လှူဒါန်းခဲ့သည်။ ဖါသာရ်ဇေးဗီးယားလက်ထက် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ရဟန်းအမတ်ကြီး ကာဒီနယ် ကာစီဒီ ရွှေဘိုမြို့နယ်ရှိ ဘာသာဝင် ကျေးရွာများသို့ ဆရာတော်ကြီး အာလောရှက်ဦးဘခင်၊ ဘုန်းတော်ကြီး ဦးသန်းအောင်တို့နှင့် လှည့်လည်ကြရာ ရွာတော်ဘာသာဝင်များက အိုးစည် ဗုံမောင်း အကမျိုးစုံဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

    ဖါသာရ် ဇေးဗီးယားသည် (၁၉၈၃)ခုနှစ်မှ (၁၉၈၉)ခုနှစ် အထိ ချောင်းရိုးကျောင်းထိုင် ဘုန်းကြီးအဖြစ်နှင့် ချောင်းရိုး၊ ရေဦး ညောင်ကိုးပင်နှင့် လမ်းဆုံဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ချောင်းရိုးတွင် ဟောခန်းမကို ဆောက်လုပ်ခဲ့သည်။ (၁၉၈၉) မှ (၂၀၀၁) အထိ မြင်းခြံဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ဖါသာရ်ဇေးဗီးယား ဗင်ဒါရင်သည် (၂၀၀၁)ခုနှစ် မေလ (၂၂)ရက်နေ့တွင် မြင်းခြံ၌ ပျံတော်မူသည်။

ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၆)