Friday, January 10, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၄)

ဖါသာရ် ဘာနာဒင်း ဦးညွှန့်ဖေ (၁၉၃၄-၁၉၉၈)
(Fr. Bernardine U Nyunt Pe)
    ဖါသာရ် ဘာနာဒင် ဦးညွှန့်ဖေသည် (၁၉၃၄)ခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖ နှစ်ပါးမှာ ဦးချမ်းသာနှင့် ဒေါ်လှရင် တို့ဖြစ်သည်။ (၁၉၃၉)ခုတွင် ချမ်းသာရွာ စာသင်ကျောင်း၌ စတင် ပညာသင်ကြားသည်။ (၁၉၄၂) ခု၌စတုတ္တတန်း အောင်ပြီး ဒုတိယကမ္ဘာစစ်ကြောင့် တနိုင်ငံလုံး ကျောင်းများ ပိတ်လိုက်ရသဖြင့် ပညာဆက်လက် မသင်နိုင်တော့ပေ။ (၁၉၄၇) ခုနှစ်တွင် ပဉ္စမတန်းအောင်မြင်ပြီး ဆရာတော် အာလ်ဖုန်းဦးသန်းအောင်၊ ဖါသာရ်သြဂုတ်စတင်း ဦးစိုတို့နှင့် အတူ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ရဟန်းဖြစ်သင်ကျောင်း မ၀င်မီ ချမ်းသာရွာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်လေအိုနှင့်အတူ (၃) နှစ် နေခဲ့ရသည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းမနေမီ ရွာတော်ရွာတွင် ဖါသာရ်ရာဖါအဲလ်နှင့် ဖါသာရ်ဖိလစ်တို့ လက်အောက်တွင် လက်တင်ဘာသာ စကားသင်ကြားရသည်။ (၁၉၄၈) မှ (၁၉၅၁) ခုနှစ် အထိ ပီနန်ကျွန်းရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၅၈)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၄င်းနှစ်တွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ကျောင်းထိုင် ဘုန်းတော်ကြီး ပီဖိုးနဲလ်လက်အောက်တွင် ကိုရင်ဘ၀နှင့် သာသနာအမှုတော် ထမ်းရွက်ရန် တာဝန်ကျသည်။ (၁၉၅၉) ခုနှစ် ဇန္န၀ါရီလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်ဘုရားကျောင်း၌ ဆရာတော် အာလ်ဖုန်းဦးသန်းအောင်နှင့် အတူ ဆရာတော် ဂျိုးဇက်ဦးဝင်းထံမှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်း သိက္ခာခံပြီးနောက် ချင်းပြည်နယ် တောင်ပိုင်း တိုက်နယ် အမှတ်(၃) ကီသာကျေးရွာ၌ သာသနာအမှုတော် ထမ်းခဲ့သည်။ ထိုမှတဖန် ဆရာတော်အေ ဦးဘခင်လက်ထက် (၁၉၆၇-၆၈)တွင် ချင်းပြည်နယ် မြောက်ပိုင်း တီိးတိန်မြို့တွင် ခြေချ၍ ၄င်းမြို့နယ်နှင့်တကွ ထုတ်လှိုင်မြို့နယ်၊ (Kaptel) မြို့နယ်များ၌ သာသနာအမှုတော်ကို ထမ်းရွက်ရသည်။ (၁၉၆၈)ခုတွင် မင်းတပ် ဘုန်းတော်ကြီး ဖါသာရ်ဖိုးနဲလ် ပျံတော်မူုသဖြင့် (၁၉၆၉)တွင် တီးတိန်မှ မင်းတပ်မြို့သို့ ပြောင်းရွှေ့ တာဝန် ယူရသည်။
မင်းတပ်မြို့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြို့နယ်တခုလုံး၌ ဘာသာရေး သာသနာရေးတွင် အရေအတွက်ရော အရည်အချင်းပါ တိုးတက်မှု အလွန်နှေးကွေးသည်ကို တွေ့ရသည်။ (၁၉၇၅) ခုနှစ်မှ စ၍ သာသနာရေး အခြေအနေ ပြန်လည်သုံးသပ်ပြီး အသစ် ပြုပြင်ရန် “ခရစ်တော်၌ ပြန်လည် အသစ်ပြုပြင်ကြစို့” (Eph 4:23) ဟုသော ဆောင်ပုဒ်ဖြင့် မြို့ပေါ်နှင့် နယ်များတွင် အဖွဲ့အစည်းများဖွဲ့ကာ စတင်လုပ်ကိုင်ရာ အံ့သြလောက်အောင် ဘာသာဝင်လိုသူများ တနေ့တခြား များပြားလာသည်ကို တွေ့ရသည်။ ဘာသာပျက်နေသူများ ပြန်လာကြသည်။ ဘာသာရေး ပေါ့လျော့နေသူများလည်း ကြိုးစား လာကြသည်။

    တချိန်တည်းမှာပင် သာသနာနယ်သစ်များ ဖွင့်လှစ်ရန် ကန်ပက်လက်မြို့နယ်၊ မကွီအိမ်နူးမြို့နယ်များသို့ ဓမ္မဆရာများ ရွှေ့ပြောင်း တာဝန် ထမ်းဆောင်စေခဲ့သည်။ မကွီအိမ်နူးမြို့နယ် ကျုံလောင်းကျေးရွာတွင် ရွာလူထု သုံးပုံနှစ်ပုံ စပြီး ဘာသာဝင်ရန်ရှိဖြင့် ဓမ္မဆရာက နေ့စဉ် ဘာသာတရား သင်ကြားပေးနေစဉ် နှစ်ချင်းအသင်းမှ နယ်လှည့် တရားဟောဆရာ၏ ဟောကြားချက်ကို နားရောင်၍ ၄င်း အသင်းထဲသို့ ၀င်ကုန်ကြသဖြင့် ဘုန်းတော်ကြီး ဖါသာရ်ဘာနာဒင်း ဦးညွှန့်ဖေ ကိုယ်တိုင် သွားရောက်၍ တန်ပြန် ဟောပြောသဖြင့် နေ့ချင်း ကက်သလစ်ဘာသာသို့ ပြန်လာပြီး ဘာသာဝင်ကြရာ ယနေ့ တရွာလုံး ကက်သလစ်ဘာသာဝင်များ ဖြစ်နေကြပြီး အသစ် ပြန်လည် ပြုပြင်မှုအရှိန်ကြောင့် ယနေ့အထိ ဘာသာဝင် တိုးတက်လျက်ရှိသည်။

    မြောက်ပိုင်း ချင်းတောင် တီးတိန်မြို့ ကျောင်းထိုင်အဖြစ် အမှုတော်ထမ်းရွက်စဉ်ကလည်း အထက်ပါ နည်းမျိုးဖြင့် ပြန်လည် ပြုပြင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ (၂)နှစ်မျှသာ နေရသဖြင့် ၄င်းလုပ်ငန်းကို ဆက်လက် မလုပ်နိုင်တော့ချေ။ (၁၉၇၈-၇၉)တွင် မကွေးတိုင်း ချောက်မြို့သို့ ပြောင်းရွှေ့၍ သာသနာတော်အမှုတော်ကို ထမ်းရသည်။ ဆရာတော် အေဦးသန်းအောင် လက်ထက် (၁၉၈၀) မှ (၁၉၉၀) ထိ မေမြို့ အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။ (၁၉၈၉) ဧပြီလတွင် မေမြို့ အခြေခံရဟန်းဖြစ်သင်ကျောင်း (၇၅)နှစ်မြောက် စိန်ရတုသဘင် ကျင်းပ နိုင်ခဲ့သည်။(၁၉၉၁) ခုမှစ၍ မေမြို့ရွှေနှလုံးတော်ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းခဲ့ရသည်။ (၁၉၉၈) သြဂုတ်လ (၆)ရက်နေ့တွင် မေမြို့၌ ပျံတော်
မှုသည်။

ဖါသာရ် အာလ်ဖုန်း ဦးသန်းအောင် (၁၉၃၃-၂၀၀၄)
(Fr. Alphonse U Than Aung)
    ဖါသာရ် အာလ်ဖုန်း ဦးသန်းအောင်သည် (၁၉၃၃) ခု သြဂုတ်လ (၁) ရက် အင်္ဂါနေ့တွင် ချမ်းသာရွာ၌ မွေးဖွားသည်။ မိဖနှစ်ပါးမှာ ဦးမြိုင် ဒေါ်ငွေတို့ ဖြစ်သည်။ သြဂုတ်လ (၄)ရက်နေ့တွင် ဆေးကြောခြင်း ခံယူခဲ့ကာ အာလ်ဖုန်းယူသော အမည်ဖြင့် ကင်ပွန်းတပ်သည်။ (၁၉၄၇)ခုနှစ်တွင် ချမ်းသာရွာ အလယ်တန်းကျောင်းမှ ပဉ္စမတန်းအောင်ပြီး မေမြို့ စိန်အလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်း ပြန်မဖွင့်မီ ရွာတော်ရွာတွင် ခေတ္တနေခဲ့သည်။ (၁၉၄၈) မှ(၁၉၅၁) ခုနှစ် အထိ မေမြို့ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ပြီးနောက် (၁၉၅၂) ခုမှ (၁၉၅၇) အထိ မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ရဟန်းဖြစ်တက္ကသိုလ်တွင်
ပညာ ဆည်းပူးခဲ့သည်။

    ရဟန်းဖြစ်သင်ကျောင်းတွင် ဒသနိကဗေဒ (Philosophy) ယုတ္တိဗေဒ (Logic) တက္ကဗေဒ (Matakphysis) (0nthology) စကြာဝဠာဗေဒ (Comoslogy) စိတ်ပညာ (Psychology) နှင့် ဘာသာရေး တရားသေ၀ါဒ (Dogmatic theology) အကျင့် သိက္ခာဗေဒ (Moral theology)စသည်တို့ကို အဓိက ဘာသာရပ်အဖြစ် သင်ကြား၍ တွဲဘက် ဘာသာရပ်များအဖြစ် သမ္မာကျမ်း (Bible) အသင်းတော် ဥပဒေ (Canon Law) ကိုးကွယ်ဝတ်ပြုမှု ဆိုင်ရာကျမ်း (Litugy) နှင့် သတ္တဗေဒ (zoology) နက္ခက်ဗေဒ (Astrology) ခန္ဓာဗေဒ (Anatomy) ဘာသာရပ်များ သင်ကြားခဲ့သည်။

    (၁၉၅၈) ခုတွင် မြန်မာပြည် ပြန်ရောက်၍ ချင်းပြည်နယ် သာသနာပြုရေးအတွက် တီးတိန် ချင်းစကားကို (၁၀)လခန့် သင်ကြားခဲ့ရသည်။ (၁၉၅၉)ခုနှစ် ဇန္န၀ါရီလ (၁၈)ရက်နေ့တွင် ဆရာတော် ဂျိုးဇက်ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၅၉) ခု ဧပြီလ (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ် ကန်မကြီးကျေးရွာ၌ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ကန်မကြီးကျေးရွာတွင် နေထိုင်စဉ် သစ်သားဘုရားကျောင်း အပြင် ခမ်းပတ်၍ ဘုန်းတော်ကြီးနေ ကျောင်းတစ်ကျောင်းကို အုတ်ဖြင့် ဆောက်လုပ်နိုင်ခဲ့သည်။ ဓမ္မဆရာ သင်တန်းများလည်း ပို့ချ ပေးနိုင်ခဲ့သည်။ နယ်သူနယ်သားများ အခြေခံပညာ သင်ကြားနိုင်ရေး အတွက် မူလတန်းကျောင်း ဖွင့်ပေးနိုင်ခဲ့သည့်အပြင် ကျောင်းသား (၃၀)ကျော်အတွက် ဘော်ဒါကျောင်း ဖွင့်ပေးနိုင်ခဲ့သည်။ ချင်းလူမျိုးများ စားဝတ်နေရေး ပြေလည်စေရန် လယ်ယာစိုက်ပျိုးရေးအတွက် တမိုင်ကျော်ခန့် တူးမြောင်း ဖေါက်လုပ်ပေးခဲ့ရာ ယနေ့တိုင် စိုက်ပျိုးရေးအတွက် အကျိုးပြုလျက်ရှိသည်။ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူစေရန် ကလေး တမူး လမ်းမကြီးမှ ဆင်ပရားကျေးရွာအထိ ဘုန်းတော်ကြီး ဖါသာရ်ဂျိုဒင်းနှင့် အတူ လမ်းဖေါက်ခဲ့ကြသည်။

    (၁၉၆၅) ခုတွင် မန္တလေး ဂိုဏ်းချုပ် ဆရာတော်ဂျိုးဇက် ဦးဝင်း ပျံတော်မူသဖြင့် ၄င်း၏ အရိုက်အရာကို ဆက်ခံရန် ဖါသာရ် မိုးဇယ်ဦးဘခင်ကို ရွှေးကောက်လိုက်သည်။ ဆရာတော် မိုးဇယ်
ဆရာတော်သိက္ခာမခံယူမီ မန္တလေးသို့ ခေါ်ယူသဖြင့် (၁၉၆၅) ခု နိုဝင်ဘာလ (၁)ရက်နေ့တွင် မန္တလေး ကာသီဒရယ်ရောက်ရှိခဲ့သည်။ မန္တလေးမြို့ ကာသီဒရယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လူငယ်လူရွယ်များနှင့် သံဝင်းလူငယ်များကို သတ္တမတန်းမှ တက္ကသိုလ်ဘွဲ့ရရှိသည် အထိ သင်တန်းများ ပို့ချနိုင်ခဲ့သည်။ ကက်သလစ် စာသင်ကျောင်းများ ပြည်သူပိုင် သိမ်းသဖြင့် ပျက်သွားသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအသင်းကို (၁၉၆၇) ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း၍ နှစ်လ တကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအတွက်(Bible course) သမ္မာကျမ်းစာ သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ခဲ့သည်။ မာရီယား တမန်တော်အသင်းကို စံနစ်တကျ ဦးဆောင် လှုပ်ရှားနိုင်ခဲ့၍ တမန်တော်သားများ အကူအညီဖြင့် ဘုရားကျောင်း မလာနိုင်သော သက်ကြီးရွယ်အိုများနှင့် ကလေးများထံ သွားရောက်၍ ဘာသာတရား အကြောင်း သင်ကြားပေးနိုင်ခဲ့သည်။ စိန်ဗင်းဆင်းဒီပေါလ်အသင်းကိုလည်း ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ လူငယ်များအသင်းကိုလည်း စတင် တည်ထောင်ခဲ့သည်။

    (၁၉၇၅) ခုနှစ်တွင် မန္တလေးသာသနာ လက်ထောက် ဆရာတော်အဖြစ် ရွှေးကောက်ခံရသည်။ (၁၉၇၅) ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် ကာစီဒီနှင့် မြန်မာနိုင်ငံရှိ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်များက ဆရာတော်သိက္ခာ တင်ပေးသည်။ ဆရာတော်ဖြစ်ပြီးနောက် ချင်းပြည်နယ် သာသနာလုပ်ငန်းကို ပထမဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၇၆) ဇန္န၀ါရီလ (၁၈) ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ချင်းတောင်တန်းဒေသရှိ ကက်သလစ် ဘာသာဝင်များကို သွားရောက် ကြည့်ရှုခဲ့သည်။ (၁၉၇၇) ခုနှစ်မှ (၁၉၉၀) ပြည့်နှစ်အထိ နှစ်စဉ် နှစ်တိုင်း မပြတ်မလပ် ချင်းတောင်တန်းဒေသသို့ သွားရောက်၍ သာသနာပြုလုပ်ငန်းကို အားသွန်ခွန်စိုက် ဦးဆောင်နိုင်သဖြင့် ချင်းတောင်တန်း ကက်သလစ်သာသနာသည် တဟုန်ထိုး တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ (၁၉၉၂)ခုနှစ်တွင် ဟာခါးကို ဗဟိုထား၍ ချင်းပြည်နယ် ကက်သလစ်သာသနာကို သာသနာသစ်တခုအဖြစ် မန္တလေးဂိုဏ်းချုပ်သာသနာမှ ခွဲပေးနိုင်ခဲ့သည်။ ချင်းတောင်တန်း သာသနာကို (၁၉၉၃)ခုနှစ်တွင် နောက်ဆုံး အကြိမ် ခရီးဆန့်ခဲ့သည်။

    ၁၉၇၈ခု စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဂိုဏ်းချုပ်ဆရာတော်အဖြစ် တင်မြှောက်ခံရသည်။ (၁၉၇၉)ခု ဇန္န၀ါရီလ(၂၁)နေ့တွင် ဆရာတော်ဦးသန်းအောင်သည် မြန်မာပြည်ရှိ ဆရာတော်များ မျက်မှောက်၌ မိမိအား အပ်နှင်းသော ဂိုဏ်းချုပ်အာဏာကို တရားဝင် လက်ခံယူပွဲ ကျင်းပသည်။ သာသနာတော် အဓွန့်ရှည်ရေး တလုံးတ၀တည်း ဖြစ်ရေး၊ တိုးတက် ပြန့်ပွားရေးအတွက် ဆရာတော်ကြီးများသည် ပုဒ်ရဟန်းမင်းကြီးနှင့် (၅)နှစ် တကြိမ်တွေ့ဆုံရသည့် အစဉ်အလာရှိသည်။ သို့ဖြစ်၍ (၁၉၈၀) ခုနှစ်တွင် တကြိမ်၊ (၁၉၈၅)ခုနှစ်တွင် တကြိမ်၊ (၁၉၉၁)ခုနှစ်တွင် တကြိမ်၊ (၁၉၉၅)ခုနှစ်တွင် တကြိမ်၊ (၂၀၀၁) ခုနှစ်တွင် တကြိမ်၊ (၅)ကြိမ် သွားရောက် တွေ့ဆုံညှိနှိုင်း နိုင်ခဲ့သည်။ (၁၉၈၇) ခုတွင် ရဟန်းမင်းကြီး ယောဟန်ပေါလူး ဘင်္ဂလားဒေ့နိုင်ငံသို့ ကြွရောက်လာစဉ် မြန်မာနိုင်ငံမှ ဆရာတော်အချို့နှင့် အတူ ဘဂ်လားဒေ့နိုင်ငံသို့ သွားရောက် ကြိုဆိုခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်တွင် (၁၉၇၆) ခု မှ(၁၉၈၂) ခု အထိ တစ်ကြိမ် (၁၉၈၈) မှ (၁၉၉၃)ခုထိ တစ်ကြိမ်၊ စုစုပေါင်း (၁၂) နှစ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရဟန်းတော်များ လောကီပညာ မြင့်မားရေးအတွက် မန္တလေးတက္ကသိုလ်တွင် ပညာဆည်းပူးနိုင်ရန် မန္တလေး၌ စိန်သောမတ်စ် ဆေမီနာရီ ဖွင့်လှစ်ခဲ့သည်။

    သာသနာတော် အဆောက်အအုံများ အဓွန့် ရှည်စွာ တည်တန့်ခိုင်မြဲရေးအတွက် အုတ် ဘုရားရှိခိုးကျောင်းကြီးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟာခါး၊ မင်းတပ်၊ ကလေးမြို့၊ ခမ်းပတ်နှင့် ပြည်မ၌ ရွာတော်ရွာ၊ မုံလှရွာတို့၌၄င်း ဘုန်းကြီးနေ ကျောင်းများကို တီးတိန်၊ ဖလမ်း၊ မိတ္တီလာ၊ မြင်းခြံ၊ ချင်းညောင်ပင်သာတွင် ၄င်း၊ သီလရှင်ကျောင်းများကို မိတ္တီလာနှင့် ချောင်းဦးတွင် စိန်အာလောရှက် သီလရှင်ကျောင်းများကို ၄င်း၊ မန္တလေးတွင် ကောင်းသော သိုးထိန်း သီလရှင်ကျောင်းကို၎င်း၊ ဆောက်လုပ် ပေးနိုင်ခဲ့သည်။ ချမ်းသာရွာတွင် ရေကန်ကြီး တူးဖေါ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဘုန်းတော်ကြီးများ အစည်းအရုံး၊ သာသာနာ အိမ်ယာမြေ ထိန်းသိမ်းရေးအဖွဲ့၊ သာသနာ အကျိုးဆောင်အဖွဲ့၊ လူငယ်တမန်တော်အဖွဲ့များကို စည်းမျဉ်း စည်းကမ်း စနစ်တကျ ရေးဆွဲ၍ ဆောင်ရွက်နိုင်ခဲ့သည်။ သာသနာတော် ပြန့်ပွားရေးအတွက် အာရ်ဗွီအေ (Radio Veritas Asia) မြန်မာပိုင်း အသံလွှင့် အစီအစဉ်ကို (၁၉၇၈)ခုနှစ်မှ စ၍ တာဝန်ခံ ဆောင်ရွက်ခဲ့သည်။ ယင်း အသံလွှင့်ဌာနရှိရာ မနီလာမြို့သို့ (၁၉၇၉) ခုနှစ်တွင် တကြိမ်၊ (၁၉၉၃) ခုနှစ်တွင် တကြိမ် သွားရောက် ကြည့်ရှုခဲ့သည်။ မန္တလေး ဂိုဏ်းချုပ်သာသနာနှင့် လက်အောက်ခံ သာသနာများမှ ဘုန်းတော်ကြီးများ တည်းခိုနိုင်ရန် မန္တလေးမြို့၌ (၆) ထပ်တိုက်ကို စီစဉ် ဆောင်ရွက်ခဲ့သည်။

    ဆရာတော် အေဦးသန်းအောင်သည် (၁၉၉၆) ခုနှစ် ဇန္န၀ါရီလ (၂၉)ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးခွဲစိတ် ကုသခံယူပြီး အောက်ပိုင်း အကြောအတု ထည့်ရသည်။ (၂၀၀၁)ခု သြဂုတ်လ (၃)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ဒုတိယအကြိမ် နှလုံးခွဲစိတ် ကုသမှု ခံယူသည်။ (၂၀၀၂) ခုနှစ် ဧပြီလ (၃)ရက်နေ့မှ စ၍ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် ရာထူးမှ အနားယူလိုက်သည်။

    ဆရာတော် အာလ်ဖုန်းစ် ဦးသန်းအောင်သည် (၂၀၀၄) ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ နံနက် (၄း၄၅) နာရီတွင် နှလုံးရောဂါဖြင့် ပျံတော်မူသည်။ ဆရာတော်ကြီး အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်ကို မန္တလေးမြို့ ၈၂x၂၅ လမ်းရှိ ဆရာတော်ကြီးကျောင်းတိုက်၌ (၂.၁၁.၀၄) အင်္ဂါနေ့မှ (၄.၁၁.၀၄)ကြာသပတေးနေ့အထိ (၃)ရက်တိုင်တိုင် တခန်းတနားခင်းကျင်းထားပါသည်။ ရပ်ဝေးရပ်နီးမှ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးများ သင်းကွဲ ခရစ်ယာန် ညီအစ်ကို ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ကိုရင် သီလရှင်နှင့် ဘာသာဝင်များ လာရောက် ဂါရ၀ပြု ဆုတောင်းကြသည်။ အမေရိကန်နိုင်ငံ ဆန်တီအာဂိုမြို့သို့ ရောက်ရှိနေသော ရန်ကုန်သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီးချားလ်စ်ဘိုသည် ဆရာတော်ကြီး ဦးသန်းအောင်၏ ဈာပနအခန်းအနားတွင် ကိုယ်တိုင် ပါဝင်နိုင်ခြင်း မရှိသည့်အတွက် ၀မ်းနည်းသ၀ဏ်လွှာဖြင့် အဝေးရောက် ဂါရ၀ပြုပါသည်။ ရန်ကုန်မြို့ ဘားလမ်း ဗန္ဓုလပန်းခြံလမ်း အေမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာတော် ဒေါက်တာပေါလ်ဂျွန်သည်လည်း ၀မ်းနည်း သ၀ဏ်လွှာဖြင့် ဂါရ၀ပြုပါသည်။

    (၂၀၀၄) ခု နိုဝင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီတိတိတွင် မန္တလးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်တုန်းဂရောင် ဦးဆောင်၍ တောင်ကြီး ဂိုဏ်းချုပ် ဆရာတော်မာတီးယား-ဦးရွှေ၊ တောင်ငူဆရာတော် အိုက်ဇက်ဓနူ၊ လားရှိုးဆရာတော် ဖီးလစ်ဇမ်ဟောင်း၊ ဟားခါး ဆရာတော် နီကောလားမာထန်း၊ လွိုင်ကော် ဆရာတော် ဆိုတေးရိုးဖာမို၊ ပုသိမ်ဆရာတော် ဂျွန်ဆိန်းဟိုတို့က ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် ဆုတောင်း ပဌာနပြုကြသည်။ ထိုနောက် ရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်းတော်သို့ ရှေ့ဆုံးမှ ခရစ္စတူးတိုင် တရားထောက်များ နောက်မှ သီလရှင်များ၊ ရဟန်းတော်များ၊ ဆရာတော်ကြီးများ စီကာစဉ်ကာ တန်းစီ၍ ၄င်းတို့နောက်မှ ဆရာတော် ဦးသန်းအောင်၏ ရုပ်ကလပ်ကို ရဟန်းတော် (၆)ပါး ထမ်း၍ အခန်းတနား သယ်ဆောင်ခဲ့ကြသည်။ ဘုရားကျောင်းအတွင်း၌ ဆရာတော်ကြီး၏ ဈာပန မစ္ဆားပူဇော်ပွဲတွင် ဂိုဏ်းချုပ်-ဂိုဏ်းအုပ်ဆရာတော်ကြီး (၇)ပါး၊ ရဟန်း ဘုန်းတော်ကြီး အပါး ပေါင်း (၈၀)ကျော်၊ သင်းကွဲ ညီအစ်ကို ခရစ်ယာန်ဆရာတော်များနှင့် ကိုရင် သီလရှင်ဘာသာဝင် စုစုပေါင်း (၂၀၀၀)ခန့် တက်ရောက်ကြသည်။

    မစ္ဆား ပူဇော်ပွဲအပြီးတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို ရွှေထီး (၄)လက်မိုးထားသော ပန်းကား အလှယာဉ်ပေါ်တွင် တင်ဆောင်၍ ရှေ့ဆုံးမှ ရှေ့ပြေးယာဉ်နှင့် ဆရာတော်ကြီးများတပါးစီ စီးသော ယာဉ်ငယ်များ၊ ထိုနောက်မှ ဆရာတော်၏ ရုပ်ကလပ်တင်ထားသော ပန်းကား၊ ၄င်းနောက်မှ ဘုန်းတော်ကြီးများ၏ မော်တော်ယာဉ်၊ သီလရှင်များ၏ မော်တော်ယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ်များ၊ ဘတ်စ်ကားကြီးများ စီကာစင်ကာ လိုက်ပါ ပို့ဆောင်ကြသည်။ ဆရာတော်ကြီးအား နောက်ဆုံး ဂါရ၀ပြုခြင်းအနေဖြင့် ဓမ္မသီချင်းများ သီဆိုကြသည်။ စိတ်ပုတီးစိတ်ခြင်းဖြင့်မေတ္တာ ဘာဝနာပွားများကာ ဆရာတော်ကြီးအား ဂါရ၀ပြု လိုက်ပါ ပို့ဆောင်ကြသည်။

    ညနေ (၅း၃၀) နာရီတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို သင်္ဂြိုလ်မည့် ကြာနီကန်သင်္ချိုင်းသို့ ရောက်ရှိပါသည်။ သင်္ချိုင်းတော်တွင် ဆရာတော်ကြီးများ၊ ရဟန်းတော်များ ကိုရင်သီလရှင်များ ဘာသာဝင်များ ပါဝင်သော ပရိသတ်ကြီးသည် သူ့နေရာနှင့်သူ စနစ်တကျနေရာယူကြပြီး ဆုတောင်း မေတ္တာပြုကြသည်။ ထို့နောက် ဆရာတော်ကြီးအား နောက်ဆုံး ဂါရ၀ပြုသည့်အနေဖြင့် ပရိတ်သတ်ကြီးသည် “ငါ့ကောင်းကင်အိမ်” ဓမ္မသီချင်းကို သံပြိုင် သီဆိုကာ ပန်းမိုးများ ရွာချရင်း၊ ဆရာတော်ကြီး အာလ်ဖုန်းစ်ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို ဂူသွင်း သင်္ဂြိုလ် လိုက်ကြပါတော့သည်။

ဆက်ရန်