Thursday, January 30, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၈)

ဖါသာရ်အန်ထော်နီဦးမောင်မောင်ခင်
Fr. Anthony U Mg Mg Khin
    ဖါသာရ် အန်ထော်နီ ဦးမောင်မောင်ခင်သည် (၁၉၅၁)ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးလှဖေနှင့် ဒေါ်လှကြွယ်တို့ ဖြစ်သည်။ ချောင်းရိုးတွင် မူလတန်းပညာရပ်များ ဆည်းပူးခဲ့ပြီး မေမြို့ ရဟန်းဖြစ်သင် ကျောင်းသို့ ၀င်သည်။ (၁၉၇၆)ခုနှစ်တွင် ရန်ကုန်မေဂျာ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပုးခဲ့သည်။ (၁၉၈၄)ခု ဧပြီလ (၂၄)ရက်နေ့တွင် ချောင်းရိုးရွာ၌ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်း သိက္ခာခံယူပြီးနောက် မန္တလေးမြို့ ဆရာတော်ကျောင်းတိုက်တွင်နေပြီး သံဝင်းရပ် စိန်မိုင်ကယ်အုပ်စုကို ယာယီတာဝန်ခံ အနေဖြင့် အမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ထိုနောက် ချောင်းဦး ဘုန်းတော်ကြီးအသစ် မရောက်မီ ချောင်းဦး မုံရွာဘာသာဝင်များကို (၁၉၈၄) ခု စက်တင်ဘာလမှ (၁၉၈၅)ခု နိုဝင်ဘာလအထိ ကြည့်ရှုခဲ့သည်။ (၁၉၈၆)ခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။

    ဖါသာရ် ဦးမောင်မောင်ခင်သည် (၁၉၈၆)ခု နိုဝင်ဘာလ (၁၅)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် သာသနာသို့ ရောက်ရှိလာပြီး ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်သည်။ နယ်မြေအတွက် လေးမင်းကောင်စီကို ဖွဲ့သည်။ လေးမင်းကောင်စီမှ တဆင့်စေတနာ ၀န်ထမ်းများနှင့် ဓမ္မဆရာ၊ ဓမ္မဆရာမများ လက်တွဲ အမှုထမ်းရန် သာသနာအကျိုးဆောင်အဖွဲ့ကို ဖွဲ့သည်။ ပတ်လည်ကြီးတွင် ဘုရားကျောင်း မြေကွက် ၀ယ်ပြီး (၅)ပင်တိုင်ကျောင်းဆောင် သန့်ရှင်းသော အိမ်ထောင်စုဘုရားရှိခိုးကျောင်းသစ် ဆောက်လုပ်ခဲ့သည်။ ပတ်လည်ကြီးတွင် ဘာသာဝင်ဦးရေ တိုးတက်လာသည်။ သရက်ခုန်ရွာတွင် ရဟန်း ဘုန်းတော်ကြီးနေရန် ခေတ်မီကျောင်းဆောင် ဆွမ်းစား ဆွမ်းချက်ဆောင်တို့ကို ဆောက်လုပ်ခဲ့သည်။ ကုက္ကိုကုန်းဘူတာ ရပ်ကွက်ရှိ ဟောင်းနွမ်းပျက်စီးနေသော စိန်မိုင်ကယ်ကျောင်းကို ပြုပြင်ပြီး စိန်မိုင်ကယ် ဘော်ဒါကျောင်းသစ် ဖွင့်ခဲ့သည်။

    (၁၉၈၇)ခုတွင် ခရီးသွား ရဟန်း ကိုရင်များ တည်းခိုရန်အတွက် တောင်တွင်းကြီးမြို့တွင် အိမ်နှင့် မြေကွက်ဝယ်ခဲ့သည်။ ယင်းမြေကွက်တွင် စိန်အန်ထော်နီ ဘုရားကျောင်း ဆောက်လုပ်နိုင်ခဲ့သည်။ သဲဖြူရွာ၌ ဘုန်းတော်ကြီး ဖါသာရ်သြဂတ်စတင်း ဦးစိုဆောက်လုပ်ခဲ့သော ဘုရားကျောင်းကို(၁၉၈၈) ခုတွင်ဖျက်ပြီး ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။ အုတ်ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ မယ်တော်ဂူကိုလည်း အုတ်ကျောက်ဖြင့် ဆောက်လုပ်ခဲ့သည်။ ချင်းညောင်ပင်သာရွာ၌ ကက်သလစ်သာသနာ နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ထပ် ခမ်းမဆောင် ဆောက်လုပ်ခဲ့သည်။ (၂၀၀၂) ခု ဇွန်လမှစ၍ မန္တလေးမြို့ စိန်ဂျိုးဇက် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်ရသည်။

ဖါသာရ်မာရ်ကို ဦးတင်ဝင်း
Fr. Marco U Tin Win
    ဖါသာရ်မာရ်ကို ဦးတင်ဝင်းသည် (၁၉၆၀) ခုနှစ် ဧပြီလ (၂၂)ရက်နေ့တွင် ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးစိန်မောင်-ဒေါ်သန်းတင်တို့ ဖြစ်ြကသည်။ (၁၉၆၆)ခုနှစ်မှ (၁၉၇၆)ခုနှစ်အထိ မုံလှရွာ အလယ်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၇၆) ခုနှစ် မေလ (၁၅)ရက်နေ့တွင် ပြင်ဦးလွင်ရှိ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၇၆) ခုနှစ်မှ (၁၉၇၈) ခုနှစ်အထိ ပြင်ဦးလွင်မြို့တွင် အခြေခံ အထက်တန်းပညာ သင်ကြားခဲ့သည်။ (၁၉၇၉) ခုမှ (၁၉၈၂)ခုထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဖီလော်ဆော်ဖီ ပညာသင်ကြားရင်း တက္ကသိုလ် စာပေးစာယူ သင်တန်းတက်ရောက်ခဲ့ရာ (B.Sc) သိပ္ပံဘွဲ့ ရရှိသည်။ (၁၉၈၂) ခုနှစ်မှ (၁၉၈၇)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီ နာရီတွင် သီအိုလိုဂျီပညာ ဆက်လက် သင်ကြားခဲ့သည်။ (၁၉၈၇) ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်းတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူသည်။

    ရဟန်းသိက္ခာခံယူပြီးနောက် (၁၉၈၇) မှ (၁၉၉၀)အထိ ပြင်ဦးလွင်ရှိ ရဟန်းဖြစ်သင်ကျောင်းတွင် စာချ ပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၀) မှ (၁၉၉၂)အထိ ပြင်ဦးလွင်ရှိ စိန်ဂျိုးဇက် မေဂျာဆေမီနာရီတွင် ဖီလော်ဆော်ဖီဌာန စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၂) ခုနှစ်မှ (၁၉၉၇) အထိ အီတလီပြည် ရောမမြို့ရှိ(Universita Urbaniana) တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးခဲ့ရာ ဖီလော်ဆော်ဖီ (ဒသနိကဗေဒ) ပါရဂူဘွဲ့ (Ph.D) ကို ရရှိခဲ့သည်။ (၂၀၀၂) ခုနှစ်မှ (၂၀၀၃)ခုနှစ်အထိ မန္တလေးမြို့ စိန်သောမတ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၀၀၃)ခုနှစ်တွင် မန္တလေးသာသနာ ဘဏ္ဍာရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ရသည်။
    (၁) ကိုးကွယ်မှုဘာသာတရား အချင်းချင်း စကားပြောခြင်း (သို့မဟုတ်) ဆွေးနွေးခြင်း
    (၂) လူတို့၏ ဘုရား ရှာဖွေခြင်း ခရီး။
    (၃) ရှင်သန်ထိုက်သည့် လူ့ဘ၀ စာအုပ်နှင့်
    (၄) ချမ်းသာကုန်းရွာ သမိုင်းစာအုပ်များ ပြုစု ရေးသား ထုတ်ဝေနိုင်ခဲ့သည်။

ဖါသာရ်ရာဖါအဲလ် ဦးကျော်ဆန်း
င်္Fr. Raphael U Kyaw San
    ဖါသာရ်ရာဖါအဲလ် ဦးကျော်ဆန်းသည် (၁၉၅၉) ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးအုန်း ဒေါ်ဝိုင်းတို့ ဖြစ်သည်။ မုံလှရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီးနောက် (၁၉၇၀)ခု မေလတွင် မေမြို့ စိန်အာလောရှက် ဆေမီနာရီ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်၍ ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၇၉) မှ (၁၉၈၇) အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ သင်ကြားပြီးနောက် (၁၉၈၇) ခု စက်တင်ဘာလ (၂၂) ရက်နေ့တွင် မန္တလေး ရွှေနှလုံးတော် ကာသီဒရယ်ဘုရားရှိခိုးကျောင်းတွင် မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ အသင်းတော်ဥပဒေ (Canan Law) ပညာရပ် ဆည်းပူးခဲ့သည်။ ဥပဒေပညာ သင်ကြား တတ်မြောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြင်ဦးလွင်မြို့ရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် စာချပုဂ္ဂိုလ်အဖြစ် သာသနာအမှုတော်ကို ထမ်းဆောင်လျှက်ရှိသည်။

ဖါသာရ်သြဂတ်စတင်းဦးတင်မောင်ထွန်း
Fr. Augustine U Tin Mg Tun
    ဖါသာရ်သြဂတ်စတင်း ဦးတင်မောင်ထွန်းသည် (၁၉၅၉)ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးထွန်းကြည်နှင့် ဒေါ်ဘီတို့ ဖြစ်သည်။ စတုတ္ထတန်းအောင်သည်အထိ မုံရွာမြို့တွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၂) ခု မေလ (၁၀) ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၇၈) ခုနှစ်တွင် (၁၀) တန်းအောင်သည်။ ထိုနောက် (၁၉၇၈)မှ(၁၉၈၈)ခုနှစ် အထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များကို သင်ကြားခဲ့သည်။ (၁၉၈၄)ခုတွင် သိပံ္ပဘွဲ့ရခဲ့သည်။ ၁၉၈၈ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ချောင်းဦးမြို့၌ ရဟန်းသိက္ခာခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် ဇော်ဂျီနယ် ဖါသာရ်ဂျွန်၏ လက်ထောက်အဖြစ် (၁၉၉၀)ပြည့်နှစ် ဖေဖေါ်ဝါရီလ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုနောက် တမူးဒေသ ခမ်းပတ်၌ (၁၉၉၂)အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၉၂)မှ (၂၀၀၂)ထိ ချမ်းသာရွာတွင် လက်ထောက်ဘုန်းကြီးအဖြစ် တာဝန် ထမ်းဆောင်ပြီး(၂၀၀၂) ခုနှစ်မှ စ၍ မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရင်း၊ စိန်ဂျွန်း ဘာသာဝင်များကို ကြည့်ရှုရသည်။ (၂၀၀၄) ခုနှစ်မှစ၍ ချင်းညောင်ပင်သာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ်နှင့် တောင်တွင်းကြီးနှင့် သဲဖြူ ဘာသာဝင်များကို ကြည့်ရှုရသည်။
  
ဖါသာရ် ဖိလစ်ဦးဘရွှေ
Fr. Philip U Ba Shwe
    ဖါသာရ် ဖိလစ်ဦးဘရွှေသည် (၁၉၆၁) ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် ချောင်းရိုး၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးစံရနှင့် ဒေါ်လှသွင်တို့ ဖြစ်သည်။ သားသမီး (၉)ယောက်ရှိသည် အနက် စတုတ္ထသားကြီး ဖြစ်သည်။ ချောင်းရိုးရွာတွင် မူလတန်း ပညာသင်ကြားပြီးနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၈၃)ခုတွင် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်၌ ရဟန်းတို့ တတ်အပ်သော ပညာများ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၈၉) ခု ဇန္န၀ါရီလ (၁၅)ရက်နေ့ ဖါသာရ်နီကောလပ်စ်မန်ထန် မန္တလေး သာသနာ လက်ထောက်ဆရာတော်အဖြစ် ဆရာတော် သိက္ခာခံယူသောနေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်း သိက္ခာခံယူပြီးနောက် စစ်ကိုင်းတိုင်း အစွန်အဖျားဖြစ်သော အိန္ဒိယနယ်စပ် တမူးမြို့တွင် တာဝန်ခံ ဘုန်းကြီးအဖြစ် (၁၉၈၉-၉၀)နှစ် များတွင် အမှုထမ်းခဲ့သည်။ (၁၉၉၀)ပြည့်နှစ်တွင် မြင်းခြံသို့ ပြောင်းရွှေ့၍ (၁၉၉၂)ခုနှစ် အထိ မြင်းခြံဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ (၁၉၉၂)ခု နှစ်တွင် မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ဖါသာရ်ဖီးလစ် ဦးဘရွှေ မုံလှရောက်သောအခါ လွန်ခဲ့သောအနှစ် (၅၀) က ဆောက်လုပ်ခဲ့သော လက်ရှိဘုရားကျောင်းမှာ အောက်ခံမြေသား တည်ငြိမ်မှု မရှိသဖြင့် အက်ကွဲ၍ အန္တာရာယ်ရှိလာသည်က တကြောင်း၊ ရပ်ရွာ တိုးပွားလာသော လူဦးရေနှင့် ဘုရားကျောင်းဝင်ဆံ့မှု အချိုး မကိုက်သည်ကတကြောင်း စသည့်အကြောင်းတို့ကြောင့် ဘုရားကျောင်းအသစ် ဆောက်လုပ်ရန် စိုင်းပြင်းခဲ့သည်။ (၁၉၉၃) ခု မတ်လ (၁၆)ရက်နေ့တွင် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်း ဦးသန်းအောင် ကြွရောက်လာ၍ ဘုရားကျောင်းသစ်ကို ကိုယ်တိုင် ကောင်းကြီးပေး အုတ်မြစ်ချခဲ့သည်။ ဘုရားကျောင်းသစ်ကို ကျောင်းထိုင်ဘုန်းတော်ကြီး ဖီးလစ် ဦးဘရွှေနှင့် မန္တလေးမှ အင်ဂျင်နီယာ ဦးမောင်မောင်တို့ ကြီးကြပ် ကွပ်ကဲ၍ သံကူကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သည်။ ဘုရားကျောင်းသစ်၏ အလျားမှာ(၁၂၅) ပေရှိ၍ အနံမှာ (၄၀)ပေကျယ်သည်။ သိန်း (၆၀) ကုန်ကျသည်။ ထိုနောက် (၁၀)ပေ ပတ်လည်ကျယ်၍ အမြင့်ပေ (၆၀)ရှိသော ခေါင်းလောင်းစင်ကိုလည်း တည်ဆောက်ခဲ့သည်။ ဘုန်းကြီးနေကျောင်းကို ၄ခန်း ၃ခန်း နှစ်ထပ်တိုက် တည်ဆောက်ရာ (၉၅)သိန်း ကုန်ကျခဲ့သည်။

    (၁၉၉၉) ခုနှစ် မတ်လ (၁၆)ရက်နေ့တွင် မုံလှရွာ စိန်မိုင်ကယ်ဘုရားကျောင်းသစ် ကောင်းကြီးပေးပွဲ ကျင်းပသည်။ ယင်းပွဲတော်သို့ မန္တလေး ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၊ ပုသိမ်ဂိုဏ်းအုပ် ဆရာတော် ချားစ်ဘို၊ ရဟန်းဘုန်းတော်ကြီး အပါး (၅၀) သီလရှင် အပါး (၃၀)နှင့် ဘာသာဝင် (၁၀၀၀) ကျော် တက်ရောက်ကြပါသည်။ ထိုပွဲနေ့တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး (၂၅) ပါး ဖိတ်ကြား၍ နေ့ဆွမ်းဖြင့် ဧည့်ခံပါသည်။ ဖါသာရ် ဖီလစ်ဦးဘရွှေသည်(၂၀၀၂) ခု ဇွန်လမှ စ၍ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းသည်။

ဖါသာရ်ဂျွန်ဦးစိုးတင့်
င်္Fr. John U Soe Tint
    ဖါသာရ် ဂျွန်ဦးစိုးတင့်သည် (၁၉၆၂) ခုနှစ် ဂျွန်လ (၁၁)ရက်နေ့တွင် မန္တလေးမြို့ သံဝင်းရပ်တွင် မွေးဖွားခဲ့သည်။ မိဘများမှာ မိုင်ကယ်ဦးစိန်ညွှန့်နှင့် စီစီလျား ဒေါ်အေးလှိုင်တို့ ဖြစ်သည်။ သူငယ်တန်းမှ (၈)တန်းအထိ မန္တလေးမြို့ အမှတ် (၉) စိန်ပီတာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၈)ခုနှစ် မေလတွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ခဲ့သည်။ န၀မတန်းနှင့် ဒသမတန်းကို ပြင်ဦးလွင်မြို့ အမှတ် (၃)အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၈၀) ခုနှစ်တွင် (၁၀) တန်းအောင်၍ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဒဿနိကဗေဒ (ဖီလော်ဆော်ဖီ)ပညာ သင်ကြားခဲ့သည်။ ဖီလော်ဆော်ဖီ ပညာသင်ကြားရင်း (၁၉၈၁)ခုနှစ်တွင် စာပေးစာယူ တက္ကသိုလ် တက်ရောက်ခဲ့ရာ (၁၉၈၄)ခုနှစ်တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် သီအိုလိုဂျီ ပညာ ဆက်လက်သင်ကြားခဲ့ရာ (၁၉၈၉)တွင် ပြီးစီးခဲ့သည်။ (၁၉၈၉)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ် ဘုရားကျောင်း၌ ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာခံယူခဲ့သည်။

    ရဟန်း သိက္ခာခံယူပြီးနောက် (၁၉၉၀) မှ (၁၉၉၂) အထိ မန္တလေးမြို့ စိန်သောမတ်စ် အကြိုရဟန်းဖြစ်သင် တက္ကသိုလ်တွင် လက်ထောက် ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၃) နှစ်မှ (၁၉၉၅) ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ (Institute Of Theology) တွင် (Dogmatic Theology) ပညာ (၃)နှစ် သင်ကြားခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ (၁၉၉၅) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပြင်ဦးလွင်မြို့ရှိ ရဟန်းဖြစ်သင် တက္ကသိုလ် ဖီလော်ဆော်ဖီဌာနတွင် (၁၉၉၈)ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၉၉) ခုနှစ်မှစ၍ ရန်ကုန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (Dogmatic Theology) ဘာသာရပ် သင်ကြားပို့ချ ပေးနေရသည်။

ဖါသာရ်ဂေးဗြီအဲလ်ဦးထွန်းမြင့်
(Fr. Gabriel U Tun Myint)
    ဖါသာရ်ဂေးဗြီအဲလ် ဦးထွန်းမြင့်သည် (၁၉၆၂)ခု ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့တွင် မေမြို့၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးအုန်းမောင်- ဒေါ်ခင်စန်းတို့ ဖြစ်သည်။ မူလတန်းမှ စတုတ္ထတန်းအောင်သည်အထိ မေမြို့ အမှတ် (၂)မူလတန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ပဉ္စမတန်းမှ ဒဿမတန်းအထိ မေမြို့ အမှတ် (၄)အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၉) ခုတွင် (၁၀)တန်း စာမေးပွဲအောင်သည်။ (၁၉၇၉)ခု နှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၈၀) ပြည့်နှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် ကိုရင် သင်္ကန်းရသည်။ ထိုနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဆက်လက်ပညာသင်ကြားပြီး (၁၉၈၉)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်လက်တော်မှ ရဟန်း သိက္ခာခံယူရရှိခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင် လက်ထောက်အဖြစ် (၁၉၉၀) မှ (၁၉၉၁) အထိ အမှုထမ်းခဲ့သည်။(၁၉၉၁) မှ (၁၉၉၄) ဇူလိုင်လအထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၄)ခုနှစ် သြဂုတ်လမှ (၂၀၀၂) ခုနှစ် ဇွန်လအထိ ဖီလစ်ပိုင်နိုင်ငံ ရေဒီယိုဗေရီးတာ့စ်အသံလွှင့်ဌာန မြန်မာအသံ-မြန်မာပိုင်း အစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၂၀၀၃) ခုနှစ် ဂျွန်လ (၁၈)ရက်နေ့မှ စ၍ မန္တလေးမြို့ စိန်သောမတ်စ် အကြို ရဟန်းဖြစ်တက္ကသိုလ်တွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။

    ဖါသာရ် ဂေးဗြီအဲလ်ဦးထွန်းမြင့်သည်င်္ FABC-OSC(Federation Of Asian Bishop's Conference Office Of    Social  Communication)ဌာန၏ အတွင်းရေးမှူး ((Fr. Josef Eilers.SVD က မန္တလေးဂိုဏ်းချုပ်ထံသို့ RVA တွင် အမှုထမ်းရန် တောင်းဆိုသဖြင့် ၂၀၀၄ ခုနှစ် အောက်တိုဘာလမှ စ၍ ဖါသရ်ဂေးဗြီအဲလ်ဲဦးထွန်းမြင့်သည် RVA တွင် လက်ထောက် Program Director အဖြစ် အမှုထမ်းရသည်။

ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၉)

Read More...

Sunday, January 26, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၇)



ဖါသာရ် ဂျွန်ဦးမောင်ဆန်း
Fr.John Maung San
    ဖါသာရ်ဂျွန် ဦးမောင်ဆန်းသည် (၁၉၄၃)ခု ဧပြီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးလှိုင် ဒေါ်တင်မေတို့ ဖြစ်သည်။ ချမ်းသာရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်း အောင်မြင်သည်အထိ သင်ကြားပြီးနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ မေမြို့ စိန်အာလ်ဘက်ကျောင်းတွင်(၁၀)တန်း အထိ ပညာသင်ကြားပြီးနောက် အင်္ဂလိပ်စာနှင့် လက်တင်စာများကို အထူး သင်ကြားခဲ့ရသည်။ (၁၉၆၇-၆၈) နှစ်များမှစ၍ ရန်ကုန်ရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ဖီလိုဆိုဖီနှင့် သီအိုလိုဂျီပညာရပ်များ သင်ကြားခဲ့သည်။ (၁၉၇၅) ခုနှစ် ဧပြီလ (၁၈)ရက်နေ့တွင် မန္တလေး ရွှေနှလုံးတော် ကာသီဒရယ်ဘုရားကျောင်း၌ ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီး (၂)လလောက် အကြာတွင် ဂိုဏ်းချုပ်ဆရာတော်၏ အမိန့်အရ ချင်းပြည်နယ် ဟားခါးမြို့တွင် ချင်းစာ သင်ကြားရန် စေလွှတ်ခဲ့သည်။ ထိုမှတဆင့် (၁၉၇၅)ခု ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် နာရိန်းရွာသို့ သွားရောက်၍ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။ ၄င်း နေရာတွင်(၁၀)နှစ်ခန့် အုပ်ချုပ်ပြီး ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်၏ အမိန့်အရ (၁၉၈၅)ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရ၍ ချောင်းဦး မုံရွာ၊ နဘက်၊ ဂန့်ဂေါမြို့များကို ကြည့်ရှုရသည်။ ၄င်းပြင် မုံရွာတဘက်ကမ်းရှိ ကြေးနီတောင်၊ ဂန့်ဂေါမြို့အနီးတ၀ိုက်ရှိ ကျေးရွာငါးရွာနှင့် နဘက်အနီးရှိ ဆီမီးခုံမြို့များကိုပါ တာဝန်ယူ ကြည့်ရှုရသည်။

    (၁၉၉၂) ခုနှစ်တွင် ချောင်းဦး ဘာသာဝင်များ၊ ရေသန့် ရရှိရေးအတွက် စိန်ဗင်းဆင်းဒီပေါလ် အကူအညီဖြင့် ငွေကျပ် တစ်သိန်းတစ်သောင်း အကုန်အကျခံ၍ အ၀ီစိတွင်းတူးကာ ရေစုတ်စက်ဖြင့် ရေဖြန့်ပေးဝေနိုင်ခဲ့သည်။ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ဗင်းဆင်းဒီပေါလ် အကူအညီဖြင့် သိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ အောင်မြင်ခဲ့သည်။

    (၁၉၉၃)ခု သြဂုတ်လ (၁၄)ရက် ညသန်းခေါင်ကျော်အချိန်တွင် မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးနေကျောင်း ရှေ့မျက်နှာစာတွင် ယာယီနေထိုင်ကြသော လူပုဂ္ဂိုလ်များ၏ ကပ်မိုး ကပ်ကာ အိမ် (၂၃)လုံး မီးလောင်ကျွမ်း ခံရသည်။ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် ဦးဆောင်မှုဖြင့် အစိုးရ အထက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ မီးဘေးဒုက္ခသည်များနှင့် ဘုရားကျောင်းမြေပေါ်တွင် နေထိုင်သူ အားလုံး အိမ်ထောင်စု (၈၅)အိမ်ထောင်အား သာသနာမှ မြေ၀ယ်၍ (၁၉၉၄)ခု မတ်လ (၁၆)ရက်နေ့မှ စ၍ မုံရွာမြို့ နန္ဒ၀န်ရပ်တွင် နေရာချထားပေးခဲ့သည်။ ဘုရားကျောင်း မျက်နှာစာတွင် မိခင်နှင့် ကလေးများစောင့်ရှောက်ရေးဌာန ဖွင့်ရန်အတွက် အစိုးရက မြေတစ်နေရာတောင်းဆိုရာ ဘုရားကျောင်း၏ နောက်ပိုင်း တနေရာတွင် သတ်မှတ်ပေးလိုက်သည်။ ဘုရားကျောင်း ၀တ္တု ကံမြေပေါ်တွင် နေထိုင်ခဲ့ကြသော ဘာသာဝင်များ စားဝတ်နေရေး ပြေလည်စေမှုနှင့် လူအဆင့်အတန်း မြင့်မားရေးအတွက် ဘုရားကျောင်းမြေပေါ်တွင် သာသနိကတိုက်ခန်းများ ဆောက်လုပ်ရန် စီမံပြီး (၁၉၉၄)ခု သြဂုတ်လ (၁၇)ရက်နေ့တွင် သာသနိကတိုက်ခန်းများ အုတ်မြစ်ချခဲ့သည်။

    မန္တလေး သာသနာပိုင်ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်၏ လမ်းညွှန်သည့်အတိုင်း မန္တလေးမှ အင်ဂျင်နီယာ ဦးမောင်မောင်နှင့် ပန်းရံအဖွဲ့၊ လက်သမားအဖွဲ့တို့က မုံရွာမြို့ သာသနိကမြေပေါ်တွင် ဈေးဆိုင် တိုက်ခန်းများ တည်ဆောက်ကြရာ (၁၉၉၅)ခု ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ဈေးဆိုင်တိုက်ခန်းများ ဖွင့်ပွဲနှင့် ခရစ္စမတ်ညစာစားပွဲ ကျင်းပနိုင်ခဲ့သည်။ ကျန်မြေနေရာများကို ဈေးဆိုင်တိုက်ခန်း ဆက်လက် တည်ဆောက်ရာ (၁၉၉၇)ခု ဧပြီလတွင် နောက်ထပ် ဈေးဆိုင်တိုက်ခန်း (၄၃)ခန်း တည်ဆောက်ပြီးစီး သွားသဖြင့် မုံရွာမြို့ ကက်သလစ်ခရစ်ယာန် သာသနာဝတ္တကံမြေပေါ်တွင် ဈေးဆိုင်တိုက်ခန်း (၉၅)ခန်း ပြီးစီးသွားသည်။ နောက်ဆောက်သော ဈေးဆိုင် တိုက်ခန်း(၄၃)ခန်းကို (၁၉၉၇) မေလ(၁)ရက် စိန်ဂျိုးဇက်ပွဲနေ့တွင် ဖွင့်ပွဲ အခန်းအနား ကျင်းပနိုင်ခဲ့သည်။ ယင်းတိုက်ခန်းများအား စာချုပ်စနစ်ဖြင့် ဘာသာဝင်များအား နေရာ ချထားပေးနိုင်ခဲ့သည်။

    ချောင်းဦးမြို့ ဖါသာရ်မောင်ဆန်းနှင့် မန္တလေးမှ အင်ဂျင်နီယာ ဦးမောင်မောင်တို့ ဦးစီးကာ အလျား ၇၈ပေ၊ အနံ ၃၃ပေရှိသော နံကပ်သွတ်မိုး စိန်ဗင်းဆင်းဒီပေါလ်ခန်းမကို (၂၃.၁၁.၉၆)နေ့တွင် ပန္နက်ချ၍ စတင် ဆောက်လုပ်ခဲ့ရာ (၁၉၉၇)ခုနှစ်တွင် ပြီးစီးသဖြင့် (၁၉၉၇) သြဂုတ်လ (၁၅)ရက်နေ့တွင် စိန်ဗင်းဆင်းဒီပေါလ်ခန်းမ ဖွင့်ပွဲ ကျင်းပခဲ့သည်။ ခန်းမ ဖွင့်ပွဲသို့ မွန်ဆီညော် ကညုဦးလွန်းအောင် ဖါသာရ်ဂျွန်မောင်နီ၊ ဖါသာရ်ဂျွန်အေးကျော်၊ ဖါသာရ်ဦးကျော်နိုင်၊ ဖါသာရ်ဝင်းရွှေနှင့် စိန်ဗင်းဆင်းဒီပေါလ် မန္တလေးသာသနာ အုပ်စုကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နဘက်၊ မုံရွာ၊ ဂန့်ဂေါ၊ မန္တလေးမှ ဘာသာဝင်များ တက်ရောက်ကြသည်။ စိန်ဗင်းဆင်းဒီပေါလ် ခန်းမ ကုန်ကျငွေစုစုပေါင်းမှာ (၁၆၂၄၁၃၀) တစ်ဆယ့်ခြောက်သိန်း နှစ်သောင်းလေးထောင် တစ်ရာသုံးဆယ်ကျပ်တိတိဖြစ်၍ မန္တလေးသာသနာမှ (၁၅၀၀၀၀)ကျပ်၊ ဖါသာရ် ဂျွန်အေးကျော်မှ (၁၃၄၂၅၇၈)ကျပ် ဘာသာဝင်များမှ (၁၃၁၅၅၂)
ကျပ် ပါဝင် လှူဒါန်းကြသည်။

    ဖါသာရ် ဂျွန်မောင်ဆန်းသည် ချောင်းဦး ဘုရားကျောင်းဝင်းအတွက် မြေတိုးချဲ့ ၀ယ်ယူပြီး အုတ်တံတိုင်း ကာရံခဲ့သည်။ ချောင်းဦးဘုရားကျောင်း ရင်ပြင်တစ်ခုလုံး ကျောက်ပြားခင်းနိုင်ခဲ့သည်။ ဖါသာရ် ဂျွန်မောင်ဆန်းသည် (၂၀၀၂) ခုနှစ် ဂျွန်လမှ စ၍ မန္တလေးမြို့ သံဝင်းရပ် စိန်မိုင်ကယ်ဘုရားကျောင်းတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းဆောင်ရသည်။

ဖါသာရ်ပီတာမောင်ရွှေ
Fr. Peter U Mg Shwe
    ဖါသာရ်ပီတာ မောင်ရွှေသည် (၁၉၄၆)ခု ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့တွင် မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဖရန်စစ်နှင့် ဒေါ်မြိုင်တို့ဖြစ်သည်။ မုံလှရွာ အစိုးရမူလတန်းကျောင်းမှ စတုတ္ထတန်း အောင်မြင်ပြီး (၁၉၅၈)ခုနှစ် မေလတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ မေမြို့ စိန်အာလ်ဘတ်ကျောင်းတွင်(၁၀)တန်းအထိ ပညာ သင်ကြားခဲ့သည်။ (၁၉၆၇) ခုနှစ်မှ စ၍ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၅) ခုနှစ် ဧပြီလ (၁၈)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်ဘုရားရှိခိုးကျောင်း၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် တောင်ပိုင်း ချင်းတောင် မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်၍ သာသနာပြုခဲ့စဉ် ဘာသာဝင် တဦးတစ်ယောက်မျှ မရှိသေးသော်လည်း (၁၄)နှစ် သာသနာပြုခဲ့ရာ လူပေါင်း (၈၀၀)ခန့် ဆေးကြောခြင်း ပေးနိုင်ခဲ့သည်။ ရွာငယ် (၃၂)ရွာကို ကြည့်ရှုခဲ့ရသည်။ မိမိ နေထိုင်သော ရိုကျေးရွာရှိ ဘုရားရှိခိုးကျောင်း ဆေးရုံနှင့် ရဲစခန်းတို့ကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချင်းတောင်တွင် ပထမဆုံး လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်သူ ဖြစ်သည်။ ကလေးများ ပညာရေးအတွက် ဘော်ဒါကျောင်း ဖွင့်ပေးနိုင်ခဲ့သည်။

    (၁၉၈၉) ခု မေလ (၁)ရက်နေ့မှ စ၍ ကျောင်းထိုင် ဘုန်းကြီးအဖြစ် ရွာတော်ရွာ ဘာသာဝင်များကို ကြည့်ရှု ခဲ့ရသည်။ ရွှေဘို ညောင်ပင်သာ အစိုးရကားလမ်းနှင့် ရွာတော်ရွာ ဆက်သွယ်ထားသော
လမ်းမကြီးကို ငွေကျပ်လေးသောင်းကျော် အကုန်အကျခံ၍ ပြုပြင်ခဲ့သည်။ ကျေးရွာ ရေရရှိရေးအတွက် အ၀ီစိတွင်း (၇)တွင်း တူးဖေါ်ပေးခဲ့သည်။ ရွာ၏ တောင်ဘက် (၃)မိုင်ခန့်အကွာရှိ အစိုးရ ဓါတ်အားလိုင်းမှ ကျေးရွာ တရွာလုံး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခဲ့ရာ (၁၉၉၆)ခု ဧပြီလ (၆)ရက် စနေနေ့ကြီး ည မီးဖန်ဆင်းအပြီးတွင် လျှပ်စစ်မီး စလင်းသည်။ တရွာလုံး လျှပ်စစ်မီးရရှိအောင် ငွေကျပ် (၂၅)သိန်းခန့် အကုန်အကျခံ၍ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

    ဖါသာရ်မောင်ရွှေသည် ကျောင်းထိုင် ဘုန်းကြီးအဖြစ်နှင့် ရွာတော်ရွာသို့ ရောက်လာသော အချိန်တွင် ရွာတော်ရွာ၏ တိုးပွားလာသော လူဦးရေပမာဏနှင့် ဘုရားကျောင်း၏ ၀င်ဆန့်မှုမှာ အချိုး မကိုက်ညီတော့သဖြင့် မန္တလေး သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်ကို တင်ပြရာ ဆရာတော်က ဘုရားကျောင်းဆောင် အသစ်ဆောက်လုပ်ရန် သဘောတူခဲ့သည်။ ဖါသာရ်မောင်ရွှေသည် ဂိုဏ်းချုပ်ဆရာတော်၏ လမ်းညွှန်မှုကို အပြည့်အ၀ခံယူကာ သာသနာတော်၏ ထောက်ပံ့ငွေဖြင့် သံကူကွန်ကရစ် အသုံးပြုသော ဘုရားရှိခိုးကျောင်းအသစ်ကို ဆောက်လုပ်ခဲ့သည်။ ကျောင်းအသစ် ဆောက်လုပ်ရေးလုပ်ငန်းတွင် ဘုန်းတော်ကြီး မောင်ရွှေနှင့် မန္တလေးမြို့မှ အင်ဂျင်နီယာဦးမောင်မောင်တို့က ကြီးကြပ် ကွပ်ကဲ၍ မန္တလေးမှ ပန်းရံဆရာကြီး ဦးစိန်ကျော် လက်သမား ဆရာကြီးဦးသန်းထီနှင့် သံချည်သံကွေးလုပ်ငန်း ဆရာကြီးဦးကျော်စိုးတို့က ဦးစီး၍ ဆောက်လုပ်ခဲ့ကြသည်။

    (၁၉၈၉) ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် သံကူကွန်ကရစ် အသုံးပြုသော ဘုရားကျောင်းသစ် အဆောက်အဦးကို ပန္နက်ရိုက်လုပ်ငန်း စတင်ခဲ့သည်။ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ရွာသူရွာသား ဘာသာဝင်များ၏ လုပ်အားဖြင့် မြေတူးလုပ်ငန်း စတင်ခဲ့သည်။ သဲရရှိရေးကို ကျေးရွာလူငယ်များမှ တာဝန်ယူ ဆောင်ရွက်ပေးသည်။ ကျေးရွာမှ ဆောက်လုပ်ရေး တာဝန်ခံ အသက်(၈၃)နှစ် အရွယ်ရှိ ဦးဘကျော်သည် ဘုရားကျောင်း အဆောက်အဦးအတွက် လိုအပ်သော ပစ္စည်းများကိုဝယ်ရန် ရွာတော်မှ (၆)မိုင်ဝေးသော ရွှေဘိုမြို့သို့ တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ စက်ဘီးဖြင့် သွားရောက်၍ ၀ယ်ခဲ့သည်။ တနေ့လျှင် (၂၄)မိုင်မှ (၃၆)မိုင်ထိ စက်ဘီးဖြင့် သွားခဲ့ရသည်။

    ယခင်က ဖါသာရ်အာလိုက်ဆီနှင့် ဖါသာရ်လောရင်းတို့ တည်ဆောက်ခဲ့သော ဘုရားရှိခိုးကျောင်းမှာ အကျယ်အ၀န်း (၃၂၀၀) စတုရန်းပေ ရှိသည်။ ယခု တည်ဆောက်ခဲ့သော ဘုရားကျောင်းသစ်မှာ အကျယ်အ၀န်း (၆၀၀၀) စတုရန်းပေရှိသည်။ ဘုရားကျောင်းသစ်၏ မျက်နှာကျက်ကို ကျွန်းကွက်များဖြင့် အလှဖေါ်ထားသည်။ ဘုရားကျောင်းသစ်သည် (၁၉၉၁)ခု မေလ (၃)ရက်နေ့တွင် ပြီးစီးသည်။ ငွေကျပ် (၂၆)သိန်း ကုန်ကျသည်။

    (၁၉၉၆)ခု ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ဘုရားကျောင်းသစ်ကို (၁၀ဲx၄၀ဲ) တခန်း တိုးချဲ့ပြီး ဘုရားကျောင်းတည့်တည့်တွင် သံကူကွန်ကရစ် ခေါင်းလောင်းစင် တည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။ ဘုရားကျောင်းသစ် တခန်းတိုးချဲ့လိုက်သဖြင့် ဘုရားကျောင်းသစ်၏ အကျယ်အ၀န်းမှာ (၆၄၀၀)စတုရန်းပေ ဖြစ်သွားသည်။ ခေါင်းလောင်းစင် အသစ်၏ အမြင့်ပေမှာ (၈၅) ပေ ခေါင်းလောင်းစင် အောက်ခြေ အကျယ် (၁၂ဲx၁၂ဲ) အုတ်မြစ်အနက်(၁၂ဲ) ပေရှိသည်။ ခေါင်းလောင်းစင် အသစ်ကို (၁၉၉၆)ခု ဇူလိုင်လ (၃၀)ရက်နေ့တွင် ပြီးစီးသည်။

    ရွာသူရွာသားများ သောက်ရေသန့် ရရှိရေးအတွက် ကာရီတာစ် မန္တလေး၏ အကူအညီဖြင့် အနက်ပေ (၃၀၀) ရှိသော စက်ရေတွင်း၊ ရေစုတ်စက်နှင့် ရေလှောင်ကန်တို့ကို ငွေကျပ် (၅၁၄၉၈၁) အကုန်အကျခံ၍ ပြုလုပ်ပေးနိုင်ခဲ့သည်။ (၂၇.၁၁.၉၈)နေ့တွင် စက်ရေတွင်း ရေစုတ်စက်နှင့် ရေလှောင်ကန် ဖွင့်ပွဲ ကျင်းပနိုင်ခဲ့သည်။ ဖွင့်ပွဲ အခန်းအနားသို့ မွန်ဆီညော် ကညုဦးလွန်းအောင်၊ ဖါသာဂျွန် ဦးအေးကျော်၊ ဖါသာရ်ပီတာ ဦးစိန်ရွှေ၊ ဖါသာရ်ဖိလစ် ဦးဘရွှေ၊ ဖါသာရ်အေ ဦးဟံသာ၊ ဖါသာရ်မာကု ဦးတင်ဝင်း၊ ဖါသာရ် ဒေါမနစ် ဦးဂျိုတု၊ ဖါသာရ်ဆေရာ ဦးမြင့်စိုး၊ ဖါသာရ်ပီတာ မျိုးအောင်၊ ဖါသာရ် ရေးဖီးအဲလ် ဦးကျော်ဆန်း၊ ဖါသာရ်အေ ဦးဝင်းရွှေ၊ မန္တလေးမှ ဆရာဦးအောင်ညွှန့်၊ ဗိုလ်ကြီးသိန်းထွန်း၊ ဦးခင်မောင်၊ ဦးစိုးနိုင်၊ ရွာတော်ရွာမှ စစ္စတာလေတီဆီယား၊ စစ္စတာအေလီဇဘက်၊ စစ္စတာ ဂရေစီတို့နှင့် ရွာသူရွာသား (၈၀၀)ခန့် တက်ရောက်ကြပါသည်။

    (၂၀၀၀)ပြည့်နှစ် မတ်လ (၃)ရက်နေ့တွင် ဘုရားရှိခိုးကျောင်းသစ် ကောင်းကြီးပေးပွဲ၊ ခရစ်တော်၏ မွေးနေ့နှစ် (၂၀၀၀) ပြည့်ပွဲတော်နှင့် ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် ပီတာ စိန်ရွှေ၏ ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကို တပေါင်းတည်း ကျင်းပနိုင်ခဲ့သည်။ ယင်းပွဲတော်သို့ မန္တလေးသာသနာပိုင်ချုပ် ဆရာတော် အေဦးသန်းအောင်၊ ဖါသာရ် အေဦးကိုလေး (စစ်ကိုင်း)၊ ဖါသာရ် ဟံသာ(ရွှေဘို) ဖါသာရ် ပြုံးချို(သဲဖြူ) ဖါသာရ် ဂျော်ဂျီ(ချောက်)၊ ဖါသာရ် ကျော်ဆန်း(ပြင်ဦးလွင်) ဖါသာရ်ဂျိုတု (သံဝင်းမန္တလေး) ဖါသာရ် မောင်မောင်ခင် (ချင်းညောင်ပင်သာ)၊ ဖါသာရ်မာကု တင်ဝင်း(မန္တလေး) ဖါသာရ် ဦးခင်မောင်ထွေး (ချောင်းရိုး) ဖါသာရ် ဘရွှေ(မုံလှ)၊ ဖါသာရ် မောင်ဆန်း(ချောင်းဦး)၊ ဖါသာရ် အက်ဒ၀င်(အနီးစခမ်း)၊ ဖါသာရ် ၀င်းရွှေ(စိန်ဇေးဗီးယားမန္တလေး) ဖါသာရ် ကျော်နိုင်(သရက်ခုံ) ဖါသာရ် တင်ထွန်း(ချမ်းသာရွာ)။ ဖါသာရ်ပီတာ မြအောင်(ချမ်းသာရွာ)၊ ဖါသာရ် ပီတာမျိုးအောင် (ဇော်ဂျီ)၊ ဖါသာရ်အေးကျော် (စိန်သောမတ် မန္တလေး)၊ဖါသာရ် ထွန်းမြင့် (ရဟန်ျးြဖစ်သင်ကျောင်း-ပြင်ဦးလွင်) ဖါသာရ် မိုင်ကယ်၊ ဖါသာရ် အာသာဖါ(လားရှိုး)၊ ဖါသာရ် ဘသက်(ပြင်ဦးလွင်) ဖါသာရ် တင်ထွန်း(စိန်သောမတ်စ်-မန္တလေး)တို့ တက်ရောက်ကြသည်။ ရေဦး၊ ချောင်းရိုး၊ ချမ်းသာရွာ၊ မုံလှ၊ ရွှေဘို၊ မန္တလေး၊ ဇော်ဂျီဘာသာဝင်များလည်း တက်ရောက်ကြသည်။ (၂၀၀၂)ခုနှစ် ဇွန်လမှစ၍ ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူသော သခင်မ ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။

ဖါသာရ်သြဂတ်စတင်းဦးဟံသာ
Fr. Augustine U Han Tha
    ဖါသာရ် သြဂတ်စတင်း ဦးဟန်သာသည် (၁၉၃၂)ခု မေလ (၂၇)ရက်နေ့တွင် မကွေးခရိုင် မြို့သစ်မြို့နယ် မကြီးချိုရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးရင် ဒေါ်သွဲ့တို့ဖြစ်သည်။ သူငယ်တန်းမှ တတိယတန်းအောင်သည်အထိ ချင်းညောင်ပင်သာရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်းအောင်သည် အထိ သရက်မြို့ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် သတ္တမတန်းအောင်သည်။ ထိုနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်၍ ဆက်လက် ပညာသင်ဆည်းပုးရာ စိန်အာလ်ဘက်ကျောင်းမှ ဟိုက်စကူး အောင်မြင့်ခဲ့သည်။

    ထိုနောက် (၁၉၆၄)ခုနှစ်မှ (၁၉၆၉) အထိ ရန်ကုန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ (၁၉၆၉) ခုနှစ်မှ (၁၉၇၁) ခုနှစ်အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် ဖါသာရ်ဖိလစ် ဦးလင်းနှင့် အတူ ကျောင်းသားများကို ကြည့်ရှု တာဝန်ယူ ရသည်။ ထိုနောက် (၁၉၇၁)ခုနှစ်မှ(၁၉၇၅)အထိ ဖါသာရ်ဖိလစ်နှင့် အတူ မုံလှရွာတွင် ကလေးများထိန်းခြင်း၊ ဘုရားကျောင်း ကြည့်ရှုခြင်း၊ ပညာဆည်းပူးခြင်းတို့ လုပ်ကိုင်ရသည်။ (၁၉၇၅) မှ (၁၉၇၈)ထိ မန္တလေး ကာသီဒရယ်ကျောင်းတွင် ဆရာတော်အေဦးဘခင် လက်အောက်တွင် နေရသည်။ (၁၉၇၈)ခု ဇန္န၀ါရီလ (၂၂) ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူသည်။ ရဟန်းသိက္ခာခံယူပြီး နောက် (၁၉၇၉) ခု အောက်တိုဘာလအထိ ဆရာတော်ကျောင်းတိုက်တွင် အမှုထမ်းရသည်။ (၁၉၇၉) ခု အောက်တိုဘာလ (၃၀)ရက်က စပြီး မန္တလေးမြို့ စိန်ဂျိုးဇက်အုပ်စု ဘာသာဝင်များကို ကြည့်ရှုရသည်။ စိန်ဂျွန်း၊ စိန်ပန်း၊ တခွန်တိုင်၊ စစ်ကိုင်း ရွာထောင်တို့ကိုလည်း တာဝန်ယူရသည်။ (၁၉၉၀) ပြည့်နှစ် ဂျွန်လ (၆)ရက်နေ့မှ စ၍ ရွှေဘို သာသနာနယ် တဲကြီးရွာတွင် နေထိုင်၍ ဘာသာဝင်ရွာငယ်များကို လှည့်လည် ကြည့်ရှုသည်။

ဖါသာရ်ဂျွန် အေးကျော်
Fr. John Aye Kyaw
    ဖါသာရ်ဂျွန် ဦးအေးကျော်သည် (၁၉၅၉)ခု မတ်လ (၂၉)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးလှသောင်း ဒေါ်မေမေတင်တို့ ဖြစ်သည်။(၁၉၇၅)ခု မေလ (၁၅)ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့ပြီး (၁၉၇၆) မေလ (၁၄)ရက်နေ့တွင် ကိုရင်သင်္ကန်း ရသည်။ (၁၉၇၆) ခုနှစ်မှ (၁၉၈၂)ခုနှစ် မတ်လအထိ ရန်ကုန် မေဂျာ ရဟန်းဖြစ်တက္ကသိုလ် ရဟန်းတို့ တတ်အပ်သော ဖီလိုဆိုဖီပညာနှင့် သီအိုလိုဂျီပညာများ သင်ယူခဲ့သည်။ (၁၉၈၃)ခု ဇန္န၀ါရီလ (၂၃)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတွင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်း သိက္ခာ ခံယူခဲ့သည်။

    ရဟန်း သိက္ခာခံယူပြီးနောက် (၁၉၈၃)ခု ဇွန်လမှ (၁၉၈၉)ခု နိုဝင်ဘာလအထိ အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်၍ Pontifical Biblical Institute တွင် ကက်သလစ် သမ္မာကျမ်းစာဆိုင်ရာ အတတ်ပညာ သင်ကြားခဲ့ရာ Licentiate ပြီးစီးခဲ့သည့် အတွက် SSL ဘွဲ့ ရရှိခဲ့သည်။ (၁၉၉၀)ခုနှစ်မှ (၁၉၉၁)ခုနှစ်အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး အဖြစ် တနှစ်တာ ထမ်းဆောင်ခဲ့သည်။ (၁၉၉၁) ခုနှစ်မှ (၂၀၀၁)ခုနှစ် အထိ မန္တလေးမြို့ စိန်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ် ဘုန်းတော်ကြီးအဖြစ်၎င်း၊ (၁၉၉၄)မှ(၂၀၀၁)ခုနှစ် အထိ မန္တလေးမြို့ စိန်ဂျွန်း ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်၎င်း တာဝန်ယူခဲ့သည်။ (၂၀၀၂) ခု ဧပြီလမှ (၂၀၀၃)ခုနှစ် ဧပြီလအထိ မန္တလေး ကက်သလစ်သာသနာ ဘဏ္ဍာရေးမှုးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး (၂၀၀၃) မေလမှ စ၍ ရန်ကုန်မြို့တွင် နေထိုင်ကာ ကက်သလစ်သမ္မာကျမ်းစာတော် ဘာသာပြန်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရသည်။

ဖါသာရ် ဂျော့ဦးခင်မောင်ထွေး
Fr. George U Khin Mg Thwe
    ဖါသာရ် ဂျော့ ဦးခင်မောင်ထွေးသည် (၁၉၅၆)ခု ဧပြီလ (၁၆)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ဇော်ဂျီရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဂျိုးဇက် ဦးတင်မောင်နှင့် ထရေဇားဒေါ်နုတို့ ဖြစ်သည်။ သူငယ်တန်းမှ ဒုတိယတန်းအထိ မန္တလေးမြို့ စိန်ပီတာ အထက်တန်းကျောင်းတွင် ပညာသင်ပြီး၊ တတိယတန်းနှင့် စတုတ္ထတန်းကို အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ မူလတန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ပဉ္စမတန်းမှ အဌမတန်းအထိ မြစ်ငယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ပညာ ဆက်လက်သင်ကြား ခဲ့သည်။ (၁၉၇၂)ခု၊ မေ (၁၆) ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ န၀မတန်းနှင့် ဒဿမတန်းကို မေမြို့ အမှတ် (၄) အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ (၁၉၇၇)ခု (၁၉၈၃)အထိ ရန်ကုန်မြို့ မေဂျာ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၈၃) ဧပြီလ (၂၂)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာ၌ ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်း သိက္ခာခံယူခဲ့ပြီးနောက် မန္တလေးမြို့ ဆရာတော်ကြီး ကျောင်းတိုက်တွင် နေထိုင်၍ ရွှေနှလုံးတော် ကာသီဒရယ်၊ အမရပူရ၊ စစ်ကိုင်း၊ ရွာသစ်ကြီး၊ ဘာသာဝင်များနှင့် စိန်မိုင်ကယ် အုပ်စုဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ စိန်မိုင်ကယ်အုပ်စု ဘာသာဝင်များကို (၁၉၉၁)ခုနှစ်အထိ ဆက်တိုက် ကြည့်ရှုခဲ့ရသည်။(၁၉၈၅) ခုနှစ်မှ (၁၉၉၀)ပြည့်နှစ်အထိ မန္တလေးမြို့ စိန်သောမတ် ရဟန်းဖြစ်သင်ကျောင်းကို ကြည့်ရှု အုပ်ချုပ်ခဲ့ရသည်။ သံဝင်း စိန်မိုင်ကယ်အုပ်စုမှာ နေထိုင်စဉ် စိန်မိုင်ကယ်ဘုရားရှိခိုးကျောင်း (၇၅)နှစ်မြောက် စိန်ရတုသဘင်ပွဲ ကျင်းပနိုင်ခဲ့သည်။ (၁၉၈၆)ခုတွင် စိန်မိုင်ကယ်အုပ်စုအတွက် ဒဏ်ဆပ်ဖြေခြင်း သီလရှင်များ ရောက်ရှိလာခဲ့သည်။ ဘုန်းကြီးနေကျောင်းကိုလည်း ဆောက်လုပ်နိုင်ခဲ့သည်။ (၁၉၈၉)ခုတွင် ဟောခန်းမ ဆောက်လုပ်ပြီးစီး၍ (၁၉၉၀)တွင် ဟောခန်းမ ဖွင့်ပွဲ ကျင်းပနိုင်ခဲ့သည်။

    (၁၉၉၁) ခုနှစ်မှ (၂၀၀၁)ခုနှစ် အထိ တန်ဆည်မြို့နယ် ချောင်းရိုးရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ချောင်းရိုး ရေဦး ရွှေပြည်သာ၊ ဒီပဲယင်း၊ လမ်းဆုံ၊ တန့်ဆည်ရှိ ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ (၁၉၉၁) ခုနှစ်မှ စ၍ ချောင်းရိုးရွာတွင် ဗေလန်ကန်နီပွဲတော် စတင် ကျင်းပနိုင်ခဲ့သည်။ ချောင်းရိုးရွာ ခရစ်္စတီယန်တို့အား မှိုင်းမသော သခင်မဘုရားကျောင်း ရာပြည့်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်သောအားဖြင့် ဘုရားစင် ပရ၀ုဏ် ကြွေပြားများ ခင်းခဲ့သည်။ ဘုန်းကြီးနေကျောင်းနှင့် ခေါင်းလောင်းစင် ပြုပြင် မွမ်းမံနိုင်ခဲ့သည်။ ဘုရားကျောင်း ဆေးသုတ် နိုင်ခဲ့သည်။ ဆရာကြီး ဦးရင်မောင်ကို ရည်စူး၍ ဘုရားစကားသင်ရန်နှင့် ပွဲလမ်းသဘင် အခန်းအနားများ အသုံးပြုရန် ဦးရင်မောင်ခန်းမကို တည်ဆောက်နိုင်ခဲ့သည်။ ဘုရားကျောင်း မြောက်ပေါက် သံတံခါး တပ်ဆင်ခဲ့သည်။

    (၁၉၉၉) ခု မတ်လ (၁၈)ရက်နေ့တွင် ချောင်းရိုးရွာ ဘုရားကျောင်း ရာပြည့်ပွဲတော်ကို ကျင်းပ နိုင်ခဲ့သည်။ နံနက် (၆)နာရီတွင် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်နှင့် ဘုန်းတော်ကြီး အပါး (၄၀)နှင့်အတူ မစ္ဆား ပူဇော်ကြသည်။ မစ္ဆားအတွင်း ချောင်းရိုးအုပ်စုတွင် ပါဝင်ကြသော ချောင်းရိုး၊ ရေဦး-ညောင်ကိုးပင်၊ လမ်းဆုံ၊ ကဒူးမ၊ ရွှေကတန်း၊ ကျွန်းလှတို့မှ ဘာသာဝင် ကလေးပေါင်း (၄၆၉)ဦးကို ဆရာတော်မှ ခရစ္ဆမားပေးခဲ့ပြီး မန္တလေးသာသနာမှ ဘရာသာရ် ဂျိုးဇက်သက်လွင်နှင့် ဘရာသာရ် ဖိလစ်တင်ထွန်းတို့ကို ဦးပဉ္စင်းကြီးသိက္ခာ ပေးခဲ့သည်။ မစ္ဆားအပြီးတွင် ချောင်းရိုးရွာ ဇာတိဘွား ပျံလွန်တော်မူသွားသော မန္တလေး သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင်၏ ရုပ်တုပုံတော်ကို ရာပြည်ပွဲ အထိမ်းအမှတ်အဖြစ် ရာပြည့်ကျောက်တိုင်အနီးတွင် ပလ္လင်တင်နိုင်ခဲ့သည်။ နံနက် (၁၀)နာရီတွင် ရာပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအပါး (၁၀၀)ကို ဖိတ်ကြား၍ နေ့ဆွမ်းဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လည်တွင် မန္တလေးမှ ခေတ်ပေါ်တီးဝိုင်းဖြင့် ပရိဿတ်များအား ဖျော်ဖြေနိုင်ခဲ့သည်။ ညနေ
(၆)နာရီတွင် ရာပြည့် အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ ကျင်းပနိုင်ခဲ့သည်။ ညပိုင်းတွင် မန္တလေးဇာတ်ကြီးဖြင့် နှစ်ည ဧည့်ခံနိုင်ခဲ့သည်။

    လမ်းဆုံဘုရားကျောင်းကို အုတ်တံတိုင်းခတ်၍ သံတံခါး တပ်ဆင်နိုင်ခဲ့သည်။ တန့်ဆည်မြို့ရှိ ဘုရားကျောင်း၊ ဘုရားစင် ပရ၀ုဏ်ကို ပုံစံကျအောင် အုတ်ခင်းပြုပြင်ပေးနိုင်ခဲ့သည်။ ခေါင်းလောင်းစင်ကိုလည်း တည်ဆောက်ပေးနိုင်ခဲ့သည်။ ကျွန်းလှမြို့ဟောင်းမှ မြို့သစ်သို့ ရွှေ့ပြီးနောက် မြို့သစ်အတွက် မြေကွက်ဝယ်၍ ဓမ္မဆရာနေရန်နှင့် စုပေါင်းဝတ်ပြုရန် အဆောင်တစ်ခု ဆောက်လုပ်နိုင်ခဲ့သည်။ ရွှေပြည်သာ(ညောင်ကိုးပင်) ယခင်က မြေစိုက်ဘုရားကျောင်းကို မြေစိုက် ပုံစံ အုတ်ခံဖြင့် မြှင့်ကာ ပြုပြင် မွမ်းမံခဲ့သည်။

    မန္တလေး ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၏ လမ်းညွှန်ချက်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၄၀)လောက်က ပျောက်ဆုံးနေသော ဘာသာဝင်များကို ရှာဖွေခဲ့ရာ ဒီပဲရင်းမြို့အနီး ယင်းတော်ရွာ ဗုဒ္ဓဘာသာရွာမှ ပြန်လည်တွေ့ရှိခဲ့သည်။ ၄င်း ဘာသာဝင် အိမ်ထောင်စုများကို ဒီပဲရင်းမြို့ကွက်သစ်တွင် (၄၀x၆၀)ပေ မြေကွက် (၂၅)ကွက်ကျော် ၀ယ်၍ (၁၃)အိမ်ထောင်အား နေရာချထား ပေးနိုင်ခဲ့သည်။ မြေကွက် (၁၀)ကွက်ပတ်လည်ကို ဘုရားကျောင်းဆောက်ရန် စိစဉ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိသဖြင့် မဆောက်လုပ်နိုင်ခဲ့ပါ။(၂၀၀၀) ပြည့်နှစ်တွင် မန္တလေးသာသနာလုံးဆိုင်ရာ မာရီးယား တမန်တော် အစည်းအဝေးကြီးကို ချောင်းရိုးရွာမှ တာဝန်ယူ ကျင်းပနိုင်ခဲ့သည်။ ယင်းအစည်းအဝေးပွဲမှ ချောင်းရိုး၊ ရေဦး၊ မုံလှ၊ ချမ်းသာရွာတို့ ပါဝင်သော ဒေသဆိုင်ရာ မာရီးယား တမန်တော် ကူရီးယားကို ဖွဲ့စည်း နိုင်ခဲ့သည်။ (၁၉၉၄)ခုနှစ်တွင် ဖါသာရ်နီကောလားစ် ပြုံးချိုသည် ရေဦး၌ ရဟန်းသိက္ခာခံယူခဲ့သည်။ (၁၉၉၅) ခုနှစ်မှ (၂၀၀၁)ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ရေဦးမြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ (၁၉၉၇) ခုနှစ် မတ်လတွင် လေပြင်းတိုက်ခတ်သဖြင့် ရေဦးမြို့ရှိ ဘုရားကျောင်းမှာ အမိုးများနှင့် ထုပ်တန်းများ ပြိုကျ ပျက်စီးခဲ့သည်။ အမည်မဖေါ်လို အလှူရှင်တစ်ဦး၏ အလှူငွေဖြင့် သာသနာ့အကျိုးဆောင် ဦးဝိုင်လေးခေါ် ဦးလှမြင့်နှင့် အင်ဂျင်နီယာ ဦးဇော်မိုးထွန်းတို့က ဦးစီးကာ (၁၉၉၈)ခု ဒီဇင်ဘာလ (၈)ရက်နေ့တွင် ဘုရားကျောင်း အုတ်မြစ်ချခဲ့သည်။ ရေဦးမြို့တွင် ရဟန်းဖြစ်သင်ကျောင်း ဖွင့်ခဲ့ရာ ကျောင်းသား (၃၀)ခန့်အထိ ရှိခဲ့သည်။ ဖါသာရ်ဂျော့ ဦးခင်မောင်ထွေး လက်ထက်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ကျောင်းသား (၄၀)ယောက် ပို့နိုင်ခဲ့သည်။ ရေဦးမြို့ ဘုရားကျောင်းသစ်ကို အ၀င်မျက်နှာစာနှင့် ဘုရားစင်ပရ၀ုဏ်အတွင်း ကြွေပြားများ ခင်းနိုင်ခဲ့သည်။ မျက်နှာကျက်ကို ကျွန်းပြားများ တပ်ဆင်ပြီးခဲ့သည်။



 
 (၂၀၀၂)ခုနှစ်တွင် မန္တလေးမြို့ ကာသီဒရယ် ရွှေနှလုံးတော် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ကာသီဒရယ် ဘုရားကျောင်း ဘုရားစင် ပရ၀ုဏ်နှင့် သင်ခန်းလဲခန်းကို ကြွေပြားများ ခင်းနိုင်ခဲ့သည်။ မယ်တော်ဂူလိုင်ရှေ့တွင် ပလ္လင်ခံ၍ အလူမီနီယံ လက်ကိုင်များ တတ်ဆင်နိုင်ခဲ့သည်။ ရွှေနှလုံးတော် ဗိမ္မာန်ကိုလည်း တည်ဆောက်နိုင်ခဲ့သည်။
 
ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၈)

Read More...

Friday, January 24, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၆)


ဖါသာရ်ကညု-ဦးလွန်းအောင်
(Fr. Canute U Lun Aung)
ဖါသာရ်ကညု ဦးလွန်းအောင်သည် (၁၉၃၆)ခု ဇန္န၀ါရီလ (၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးရင်အောင် ဒေါ်လှခင်တို့ဖြစ်သည်။ ချောင်းရိုးရွာရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီးနောက် (၁၉၅၀)ပြည့်နှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အခြေခံရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၅၁) ခုနှစ်တွင် စိန်အာလ်ဘက် အထက်တန်းကျောင်းတွင် ငါးတန်းမှစ၍ ပညာသင်ကြားခဲ့ရာ (၁၉၅၆) ခုနှစ်တွင် (၁၀)တန်း အောင်ခဲ့သည်။(၁၉၅၇)ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်သို့ အဦးဆုံး ၀င်ရောက်သော ကျောင်းသား (၈)ယောက်အနက် တစ်ယောက် ပါဝင်ဖြစ်သည်။ (၁၉၅၇)ခုနှင့် (၁၉၅၈)ခုတွင် အီတာလျံ ဘုန်းတော်ကြီးတစ်ပါးနှင့် တိုင်းရင်းသား ဘုန်းတော်ကြီးတစ်ပါးတို့ စတင် ဖွင့်လှစ်
ခဲ့သည်။ (၁၉၅၈)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ အမေရိကန် ဂျေဇုအစ်ဂိုဏ်း ဘုန်းတော်ကြီးများ လက်အောက်တွင် ပညာသင်ယူပြီး (၁၉၆၄) ခုနှစ် ဧပြီလ (၈)ရက်နေ့တွင် ပြင်ဦးလွင်မြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်း၏ ရွှေရတုသဘင်၌ ရဟန်း သိက္ခာခံယူခဲ့သည်။ မြန်မာပြည်တွင် ဖွင့်လှစ်သော ရဟန်းဖြစ်သင်တက္ကသိုလ်၏ ကနဦး ရဟန်း (၆)ပါးအနက် တပါး အပါအ၀င်ဖြစ်သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် ကလေးမြို့တွင် လက်ထောက်အဖြစ် အမှုထမ်းစဉ် ချင်းပြည်နယ် ဆိုက်ဇံရွာတွင် သုံးလတာ ချင်းစကား သင်ယူခဲ့ရသည်။(၁၉၆၅) ခုနှစ်တွင် ဘုန်းတော်ကြီး ဖါသာရ်ဦးမြအောင်နှင့်အတူ တီးတိန်းမြို့မှာနေပြီး အကူအညီပေးခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင် လက်ထက် (၁၉၆၆)ခုနှစ် ဇန္န၀ါရီလ (၁)ရက်နေ့မှ ဧပြီလ (၂၈)ရက်နေ့အထိ လေးလတာမျှ ဖလန်းတွင် တာဝန်ထမ်းဆောင်ရပြီး မေလမှ စ၍ ရန်ကုန် ရဟန်းဖြစ်သင်ကျောင်း ပြောင်းရွှေ့ကာ စာချပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။ (၁၉၇၇)ခုနှစ်တွင် ကလေးမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။

    ကလေးမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် လူငယ်များ၏ လူမှုရေး၊ ဘာသာရေး၊ အထွေထွေ ဗဟုသတရရှိရန်၊ နှစ်စဉ် လူငယ်ပွဲတော်ကို ကျင်းပပေးခဲ့သည်။ ဓမ္မဆရာများ၊ သာသနာ့အကျိုးဆောင်လူကြီးများ သင်တန်းကိုလည်း တစ်ရွာပြီးတစ်ရွာ နှစ်စဉ် အလှည့်ကျ ကျင်းပပေးခဲ့သည်။ ဓမ္မဆရာများနှင့်အတူ ကျေးရွာများကို ခရီးလှည်လည်ခြင်းဖြင့် ဘာသာတူများကို စိတ်ဓာတ် တက်ကြွစေပြီး ဘာသာမှု၌ ခိုင်မြဲစေခဲ့သည်။ ကလေးမြို့တွင် အုတ်ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ (၁၉၉၁)ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် မန္တလေးမြို့ စိန်ဂျိုးဇက်ဘုရားကျောင်းသို့ ပြောင်းရွှေ့၍ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ (၁၉၉၇)ခုနှစ်မှစ၍ မန္တလေး ဂိုဏ်းချုပ်သာသနာ ဂိုဏ်းထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။ မန္တလေး စိန်ဂျိုးဇက် (လဖုန်း)အုပ်စုတွင် ပါဝင်သော စိန်ပန်း၊ တံခွန်တိုင်မြို့ဟောင်းနှင့် စိန်ဂျွန်း ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ မန္တလေး သာသနာ အိမ်မြေယာ ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ လဖုန်းရပ်ကွက်တွင် လူနေတိုက်ခန်း လေးထပ်တိုက်တစ်လုံး၊ ဆောက်လုပ် ပြီးစီးခဲ့သည်။ စိန်ဗင်းဆင်းဒီပေါလ် မန္တလေး သာသနာအုပ်စုကောင်စီ၏ စာရင်းစစ်အဖွဲ့ ဥက္ကဌ အဖြစ်၎င်း၊ မာရီယား တမန်တော်ကူရီယား၏ ၀ိညာဉ်လမ်းညွှန်အဖြစ်၎င်း၊ တာဝန် ထမ်းဆောင်ခဲ့သည်။ (၂၀၀၂) ခု ဇွန်လမှစ၍ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ဘုရားကျောင်း၏ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။

ဖါသာရ်မိုင်ကယ်ကြည်အောင်
(Fr.Michacl Kyi  Aung)
    ဖါသာရ် မိုင်ကယ်ကြည်အောင်သည် (၁၉၄၁)ခု ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစံဖြူ ဒေါ်မေရီတို့ဖြစ်သည်။ ချောင်းရိုးရွာတွင် မူလတန်းပညာသင်ကြားပြီးနောက် (၁၉၅၅)ခု မေလ (၁၁)ရက်နေ့တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ စိန်အာလ်ဘက်ကျောင်းမှ (၁၀)တန်းအောင်ပြီး (၁၉၆၃)ခုတွင် ရန်ကုန် ရဟန်းဖြစ်သင် တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ (၁၉၇၀)ခုနှစ် မေလ(၇)ရက်နေ့၌ ချောင်းရိုးရွာ ဆရာတော် အာလောရှက်ဦးဘခင်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံယူပြီးနောက် ပထမဆုံး ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တစ်နှစ်အမှုထမ်းရသည်။ ထိုနောက် ခမ်းပတ်ရွာတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် (၆)နှစ် အမှုထမ်းပြီး (၁၉၇၇)ခုတွင် တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာတွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းသည်။ ချင်းညောင်ပင်သာရွာတွင် (၃)နှစ် အမှုထမ်းပြီးနောက် (၁၉၈၀)ခုတွင် ချောက်မြို့ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် (၁၉၈၄)ခုနှစ်အထိ အမှုထမ်းခဲ့သည်။ (၆.၉.၀၄)နေ့တွင် ချောက်မြို့၌ ကွယ်လွန်သည်။

ဖါသာရ်ဂျွန်ဦးမောင်နီ
(Fr. John U Maung Nee)
ဖါသာရ် ဂျွန် ဦးမောင်နီသည် (၁၉၄၄)ခု ဇန္န၀ါရီလ (၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဆယ်- ဒေါ်အေးတင်တို့ ဖြစ်သည်။ ချောင်းဦးမြို့ အထက်တန်းကျောင်းတွင် မူလတန်းပညာ သင်ကြားပြီးနောက် (၁၉၅၅) ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ မေမြို့ စိန်အာလ်ဘက် အထက်တန်းကျောင်းတွင် ပဉ္စမတန်းမှ စတင် ပညာသင်ကြားခဲ့ရာ (၁၉၆၂)ခုနှစ်တွင် ဟိုက်စကူး ဖိုင်နယ် အောင်မြင်ခဲ့သည်။ ထိုနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် လာတင်း ဘာသာရပ်ကို (၁၉၆၄)ခုနှစ် အထိ (၂)နှစ် သင်ယူခဲ့သည်။ (၁၉၆၄) ခုနှစ်မှ (၁၉၇၁)ခုနှစ် ဖေဖေါ်ဝါရီလ အထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ (၁၉၇၁) ခု မတ်လ (၂၅)ရက်နေ့တွင် ချောင်းဦးမြို့၌ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီး ချောင်းဦးတွင် (၃)လခန့် နေခဲ့သည်။ ထိုနောက် မြောက်ပိုင်း ချင်းပြည်နယ် ဖလန်းမြို့ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ဖလန်းမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် (၁၉၇၁)ခု ဇူုလိုင်လမှ (၁၉၈၆) ခု အထိ ဖလန်းသာသနာနယ် ဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ စိန်ဂျိုးဇက် သီလရှင်အသင်းဂိုဏ်းကို ဖလန်းမြို့၌ (၁၉၇၃) ခုနှစ်တွင်
စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဖလန်းမြို့တွင် မြေပြိုသဖြင့် နေရာ ရွှေ့ပြောင်း၍ အုတ်ဘုရားကျောင်းအသစ် ဆောက်လုပ်ခဲ့ရာ (၁၉၇၉)ခု တွင် ဘုရားကျောင်း ကောင်းကြီးပေးပွဲ ကျင်းပနိုင်ခဲ့သည်။ ရွာသုံးရွာ ကက်သလစ်ဘာသာသို့ ကူးပြောင်း စေနိုင်ခဲ့သည်။ (၁၉၈၆) ခု ဒီဇင်ဘာလ (၁)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်၎င်း၊ မန္တလေး ဂိုဏ်းချုပ် သာသနာ ဘဏ္ဍာရေးမှူးအဖြစ် ၄င်း၊ တာဝန် ပေးအပ်ခြင်းခံရသည်။ မန္တလေးမြို့ ကာသီဒရယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် မန္တလေး ကက်သလစ်သာသနာလုံးဆိုင်ရာ အိမ်ယာမြေ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ကာသီဒရယ် ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းကို သွတ်မိုးခဲ့သည်။ ကျောက်ပြားများ ခင်းခဲ့သည်။ (၂၀၀၂) ခုနှစ် ဇွန်လမှစ၍ မန္တလေးမြို့ စိန်ဇေးဗီးယားဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ စိန်ဇေးဗီးယားတွင် ဆေးခန်း ဖွင့်လှစ်နိုင်ခဲ့သည်။

ဖါသာရ် ပီတာလှရွှေ
(Fr.Peter U Hla Shwe)
ဖါသာရ် ပီတာ ဦးလှရွှေသည် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာ၌ (၁၉၄၄)ခု မေလ (၂၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဖိုးရုံ ဒေါ်ကြွေတို့ဖြစ်သည်။ မန္တလေးမြို့ ဖါသာရ်လဖုံးကျောင်းတွင် (၅)တန်းအထိ ပညာသင်ကြားခဲ့ပြီး နောက် (၁၉၅၆)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ မေမြို့ စိန်အာလ်ဘက် အထက်တန်းကျောင်းတွင် (၁၀) တန်းအထိ ပညာသင်ကြားပြီးနောက် (၁၉၆၄)ခုမှ (၁၉၇၁)ခုနှစ် အထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင် တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၇၁) ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် နဘက်ရွာ၌ ဂိုဏ်းချုပ် ဆရာတော် အေဦးဘခင်၏ လက်တော်မှ ရဟန်း သိက္ခာခံယူခဲ့သည်။

    ရဟန်း သိက္ခာခံယူပြီးနောက် (၁၉၇၁) ခုနှစ်မှ (၁၉၈၅)ခုနှစ် အထိ ချင်းပြည်နယ် မြောက်ပိုင်း ဆိုက်ဇံရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် သာသနာတော်၏ အမှုတော်ကို ထမ်းရွက်ခဲ့သည်။ (၁၉၈၃) ခုနှစ်မှ (၁၉၈၅)အထိ တုံးဇံသာသနာနယ်ပါ ပူးတွဲ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ (၁၉၈၅)ခု ဒီဇင်ဘာလတွင် မေမြို့အပြစ်မဲ့သန္ဓေယူသော သခင်မ ဘုရားရှိခိုးကျောင်း၊ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင်လည်း ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူရသည်။ အနီးစခမ်း ဆလေးရှင်း ရဟန်းဖြစ်သင်ကျောင်းတွင်လည်း တစ်လ တကြိမ် အာပတ်ဖြေ နားတောင်ရသည်။

    မေမြို့အပြစ်မဲ့ သန္ဓေယူသော သခင်မကျောင်းတွင် အမှုထမ်းစဉ် ဟောခန်းမ တဆောင် ဆောက်လုပ်နိုင်ခဲ့သည်။ နာရေးအတွက် နိဗ္ဗာန်ယာဉ်တစီး ထူထောင်ခဲ့သည်။ ဘုရားရှိခိုးကျောင်းကို အုတ်တံတိုင်း ကာရံနိုင်ခဲ့သည်။ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်များ၏ သင်္ချိုင်း ကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ စိန်အာလောရှက် သီလရှင်ဂိုဏ်းအတွက် ၀ိညာဉ်လမ်းညွှန်အဖြစ် တာဝန်ယူရသည်။ (၂၀၀၂)ခုနှစ် ဇွန်လမှစ၍ မိတ္ထီလာမြို့ စိန်အန်ထော်နီ ဘုရားရှိခိုးကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူ ထမ်းဆောင်ရသည်။

ဖါသာရ်ဂျော့ဦးစံမင်း
(Fr. George U San Min)
    ဖါသာရ်ဂျော့ ဦးစံမင်းသည် (၁၉၄၃)ခု ဒီဇင်ဘာလ (၇)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးဝင် ဒေါ်မာဂီ (ဒေါ်နှင်းရည်)တို့ ဖြစ်သည်။ (၁၉၅၈)ခု မေလ(၁၃)ရက်နေ့တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၇၄) ခု မတ်လ (၃၁)ရက်နေ့တွင် ချမ်းသာရွာ၌ ဂိုဏ်းချုပ် ဆရာတော် အာလောရှက် ဦးဘခင်လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် ချင်းတောင် မတူပီမြို့တွင် သာသနာအမှုတော်ကို ထမ်းဆောင်စဉ် ဘုရားကျောင်း တစ်ဆောင်ကို အုတ်ဖြင့် အခိုင်အမာ ဆောက်လုပ်ခဲ့သည်။ ထိုမှတဖန် မြေပြန့်ဒေသဖြစ်သော ချောက်မြို့သို့ ပြောင်းရွှေ့ အမှုတော် ထမ်းရွက်သည်။ ချောက်မြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ စကု၊ မလွန်မြို့ရှိ ဘာသာဝင်များကို ကြည့်ရှုရသည်။

    ရေနံချောင်းတွင် ဘုရားကျောင်းကို ပေတစ်ထောင် ရှည်သော အုတ်တံတိုင်း အသစ် ကာရံနိုင်ခဲ့သည်။ ဓမ္မဆရာအတွက်နှစ်ခန်းတွဲ အိမ်တစ်လုံး ဆောက်ပေးနိုင်ခဲ့သည်။ ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်းကို မွမ်းမံ ပြင်ဆင်နိုင်ခဲ့သည်။ မကွေးမြို့ဘုရားကျောင်းကို အုတ်တံတိုင်း ကာရံနိုင်ခဲ့သည်။ (၂၀၀၂) ဇွန်လမှစ၍ မြင်းခြံမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။

ဖါသာရ် အာလ်ဖုန်းစ်ဦးကိုလေး
(Fr.Alphonse U Ko Lay)
    ဖါသာရ် အာလ်ဖုန်းစ် ဦးကိုလေးသည် (၁၉၄၂)ခု သြဂုတ်လ (၆)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဂျိုးဇက် ဒေါ်စောမြိုင်တို့ဖြစ်သည်။ မုံလှရွာတွင် ဒုတိယတန်းအထိ ပညာသင်ကြားခဲ့သည်။ (၁၉၅၃) ခုတွင် မန္တလေးမြို့ ဖါသာလဖုန်းကျောင်းတွင် သူငယ်တန်းမှ စ၍ ပညာသင်ကြားသည်။ (၁၉၅၆)ခုတွင် ပဉ္စမတန်းအောင်သည်။ (၁၉၅၆/၅၇) ခုနှစ်တွင် အနီးစခမ်းရှိ နာဇရက် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ(၁၉၆၁) ခုနှစ်တွင် (၁၀)တန်းအောင်သည်။ (၁၉၆၁) ဧပြီလမှ (၁၉၆၂)ခု ဧပြီလအထိ အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ရှီလောင် ဆလေးရှင်း နိုဗီရှိတ်သို့ တက်ရောက်ခဲ့သည်။ (၁၉၆၂) မှ (၁၉၆၄) ဒီဇင်ဘာလအထိ ဘင်္ဂလားပြည် ဒါဂျီလင်မြို့နယ် ဆိုနာဒါး ဆလေးရှင်းတက္ကသိုလ်သို့ တက်ရောက် သင်ကြားခဲ့ရာ (၁၉၆၄)ခုတွင် ဖီလော်ဆော်ဖီ ဘွဲ့ရရှိခဲ့သည်။ (၁၉၆၄) ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ ပြန်ရောက်၍ ဖါသာရ်လဖုန်း အထက်တန်းကျောင်းတွင် ကျောင်းသားများကို စာသင်ပေးရသည်။ (၁၉၆၆) တွင် အနီးစခန်းဘရာသာရ်များကို စာသင်ပေးရသည်။ (၁၉၆၇/၆၈)တွင် ရန်ကုန်မြို့ ဒူးဘန်းလမ်းရှိ ရဟန်းဖြစ်သင်ကျောင်းတွင် သီအိုလိုဂျီပညာ သင်ကြားခဲ့သည်။ (၁၉၆၉) မှာ ခေတ္တ အနားယူသည်။ (၁၉၇၀) မှ (၁၉၇၄) အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ် ပြန်တက်သည်။ (၁၉၇၄) ခု ဧပြီလ (၂)ရက်နေ့တွင် မုံလှရွာ၌ ဆရာတော်ကြီး အေဦးဘခင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    (၁၉၇၄) တွင် ချင်းပြည်နယ် ဟားခါး ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရသည်။ ဟားခါး ကက်သလစ် ဘိုင်ဘယ် စတင် ပြုစုခဲ့သည်။ ဓမ္မသင်တန်းများ ပို့ချခဲ့သည်။ အာဏာပိုင် အဖွဲ့အစည်း၏ အားပေးမှုဖြင့် လူငယ်ရေးရာ ညကျောင်များ စတင် ဖွင့်ခဲ့သည်။ အောင်ချက်ကောင်း၍ နောင်တွင် ပုံမှန် ဖွင့်သွားခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်း စလယ်ဆုံး အင်္ဂလိပ်ဘာသာရပ်ဖြင့် ပြုလုပ် ဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်ဆားဗစ် (English service)အစီအစဉ်ကို စတင် ဖွင့်လှစ်ခဲ့သည်။ လူကြိုက်များ၍ ယနေ့တိုင် ဆက်လက် တည်တန့် တိုးတက်နေကြောင်း သိရသည်။ လမ်းစဉ်လူငယ် ဘင်ခရာအဖွဲ့ကို ကိုယ်တိုင် ဖွဲ့စည်း သင်ကြားပေးခဲ့သည်။

    ကမ္ဘာ့ကလေးများနှစ်တွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွဲဖက်၍ ကလေးများအပေါ် ခရစ်ယန်ဘာသာတရား၏ အမြင် ရှုဒေါင့်ကို ဟောပြောခြင်း၊ ပြဇတ်ပြခြင်း၊ လှုပ်ရှားမှုဖြင့် သင်ကြားပေးနိုင်ခဲ့သည်။ ခရစ်ယာန် မိသားစုနှစ်ကလည်း ခရစ်ယာန် ဂုဏ်သိက္ခာ မြှင့်တင်ရေးအတွက် ဂိုဏ်းပေါင်းစုံ ခရစ်ယာန်များ ပူးတွဲကာ အတူ ၀တ်ပြုခြင်းများ၊ မရှိ ဆင်းရဲသား မိသားစုများအား ကူညီရမည့်အကြောင်း ဟောပြောနိုင်ခဲ့သည်။ (၁၉၈၃) ခုနှစ်တွင် မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည် နွေရာသီ ကျောင်းပိတ်ရက်များတွင် ရဟန်းဖြစ်သင် တက္ကသိုလ်မှ ကိုရင်များနှင့် ဘာသာရေး သင်တန်းများ ပို့ချပေးသည်။ လူငယ်များ ဖွဲ့စည်း၍ ကင်းစောင့်စေခြင်းဖြင့် ရပ်ရွာ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ ဖရန်စစ္စကင် သီလရှင်များနှင့် ပူးတွဲ၍ ဆေးပေးခန်းဖွင့်ခဲ့ရာ မိမိတို့ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့မှ လူနာများအတွက် အထူး အကျိုးပြုသည်။

    အိုမင်း ရင့်ရော် ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်သော ဘုန်းကြီးနေကျောင်းကို ဖျက်၍ ဘုန်းကြီးနေကျောင်း အသစ်တစ်ဆောင် ပြန်လည် တည်ဆောက်ခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် စစ်ကိုင်းမြို့၏ ပထမဆုံး ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ မြန်မာတနိုင်ငံလုံးဆိုင်ရာ ၀တ်ပြုကိုးကွယ်ခြင်း ကော်မရှင်၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည်။ ဘာသာရေး သင်တန်းများလည်း ပို့ချပေးသည်။ ဘာသာရေး စာပေမြှင့်တင်ရေးအတွက်လည်း ဆောင်ရွက်ရသည်။ "အင်းဝရောက်ခြေရာများ" စာအုပ်ကိုလည်း ထုတ်ဝေနိုင်ခဲ့သည်။ စစ်ကိုင်းတွင် ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။ (၂၀၀၂)ခု ဇွန်လမှ စ၍ ချမ်းသာကုန်းရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။

ဆက်ရန်  
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၇)

Read More...

Thursday, January 16, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၅)

ဖါသာရ်ပီတာ ဦးမြအောင်
(Fr. Peter U Mya Aung)

    ဖါသာရ်ပီတာ ဦးမြအောင်သည် (၁၉၃၃)ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘရှင် ဒေါ်လန်းတို့ဖြစ်သည်။ (၁၉၄၇)ခု မေလတွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ ပြင်ဦးလွင်မြို့တွင်ရှိသော ရဟန်းဖြစ်သင်ကျောင်းကို ပြန်လည် ပြုပြင်မွမ်းမံပြီးနောက် (၁၉၄၈)ခုနှစ်တွင် ရွာတော်မှ ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့သည်။ (၁၉၅၂) ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ ပီနန် ရဟန်းဖြစ်သင်တက္ကသိုလ်သို့ ပညာသင်ကြားရန် စေလွှတ်ခြင်း ခံရသည်။ ပီနန်တွင် (၆)နှစ် ပညာသင်ပြီးနောက် (၁၉၅၈)ခုနှစ် ကုန်ခါနီးတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ကိုရင်ကြီးအဖြစ်နှင့် ချင်းတောင်တန်း ဆိုင်းဇံကျေးရွာတွင် ဖါသာရ် ရုအဲလင်းလက်အောက် တနှစ်တာ လက်တွေ့သင်တန်းဆင်းရင်း ချင်းစကား သင်ယူခဲ့သည်။ (၁၉၆၀) ခု ဇန္န၀ါရီလ (၁၇)ရက်နေ့တွင် ဆရာတော်ကြီး ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာ ခံပြီးနောက် ဆိုက်ဇံရွာတွင် လအနည်းငယ်နေပြီး ဆွမ်းပီးကျေးရွာသို့ ရွှေ့ပြောင်း သီတင်းသုံးခဲ့သည်။ ဆွမ်းပီးကျေးရွာ၏ ပထမဆုံးဘုန်းကြီးဟု ခေါ်ကြသည်။
ဖါသာရ်ပီတာ ပြောင်းရွှေ့သွားပြီးနောက် မည်သည့်ဘုန်းကြီးမျှ ကျောင်းမထိုင်တော့ပါ၊ ရဟန်းတော်များ နည်းပါးသွားသောကြောင့် ဖြစ်သည်။ ချင်းလူမျိုးတို့က ဖါသာရ်ပီတာကို ဆွမ်းပီးဘုန်းကြီးဟု ခေါ်ကြသည် (၁၉၆၄) မှ (၁၉၆၇) အထိ တီးတိန်မြို့တွင် သတင်းသုံးခဲ့သည်။ (၁၉၆၇) မှ (၁၉၇၇)ထိ ကလေးမြို့ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၇၇)ခုနှစ် ဇူလိုင်လမှ (၂၀၀၂)ခုနှစ် အထိ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းကြီးအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၇၇) ခုနှစ်တွင် ကျောင်းတောင်ဘက်ရှိ ပြိုလဲနေသောပေ (၂၅၀) ရှိ အုတ်တံတိုင်းကို အသစ်ပြန်လည် ပြုလုပ်ခဲ့သည်။ (၁၉၈၅) ခုတွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကို ချမ်းသာရွာတွင် ကျင်းပခဲ့သည်။

    ချမ်းသာရွာ ဘာသာဝင်များ၏ လူအားငွေအားဖြင့် ၄င်းရပ်နီး ရပ်ဝေးမှ ဘာသာဝင်များ၏ အလှူငွေဖြင့် ၄င်း၊ ကျောင်း၏ အရှေ့မြောက်ဘက်တွင် သောက်ရေကန်ကြီးကို (၁၉၈၄) ခုနှစ် မေလ (၁၀) ရက်နေ့မှ စတင် တူးဖေါ်ရာ (၁၉၈၅)ခု သြဂုတ်လ (၁၉) ရက်နေ့တွင် ပြီးဆုံးသည်။

   ရေကန်၏အကျယ်အ၀န်းမှာ
    အလျား        (၂၂၀)ပေ
    အနံ             (၁၀၀)ပေ
    ဧရိယာ         (၂၂၀၀၀)စတုရန်းပေ
    မြေအောက်အနက်    (၆)ပေ
    ရေသွင်းပြီးအနက်    (၉)ပေ
    ရေဂါလံပေါင်း    (၁၂၃၇၅၀၀) ဂါလံ
    ရေကန်အလယ်တွင် မယ်တော်မာရိယား၏ ဆင်းတု ပလ္လင်တင်ထားသည်။ မယ်တော်ကန်ကြီးဟု အမည်တွင်သည်။ (၁၉၈၆)ခုတွင် မယ်တော်ကန်ကြီးကို ငုံ၍ မြောက်ဘက်မှ ပေ(၃၀၀)ရှိ အုတ်တံတိုင်းအသစ် ဆောက်လုပ်ခဲ့သည်။ (၁၉၈၇)တွင် အ၀ီဇိတွင်းတူးဖေါ်ရာ ကျပ်လေးသောင်းကျော် ကုန်ကျသော်လည်း မအောင်မြင်ခဲ့ပေ။ (၁၉၉၂) ခုနှစ်တွင် ပေ (၃၈၀)ရှိ အ၀ီဇိတွင်း အောင်မြင်ခဲ့သည်။ ရေစင်ကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ (၁၉၉၀) ခုနှစ်တွင် (၇)ခန်း (၈)ခန်းရှိ စိန်ပီတာခမ်းမဆောင်ကို အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့သည်။ သုံးသိန်းခွဲ ကုန်ကျခံ၍ ရွာဘာသာဝင်များက ငါးသောင်းထည့်ဝင်သည်။ စိန်ပီတာရာပြည့်ခမ်းမကိုလည်း ရာပြည့်ပွဲ မကျင်းပမီ ဆောက်လုပ်နိုင်ခဲ့သည်။ ဓမ္မာရုံဖွင့်ပွဲ ရေကန်ဖွင့်ပွဲနှင့် ရေကန်အလယ်တွင် မယ်တော်ဆင်းတုတင်ပွဲ ကျင်းပနိုင်ခဲ့သည်။ လယ်ဧက (၁၅၀)ကို အကျိုးပြုနိုင်သော လေးဆယ်စင်းဆည်ကို ဆောက်လုပ်နိုင်ခဲ့သည်။ လယ်ဧက (၁၅၀၀)ကျော်ကို အကျိုးပြုနိုင်သော ချမ်းသာဆည်ကို နိုင်ငံတော်အစိုးရနှင့် ပူပေါင်း၍ ဆောက်လုပ်ရာ (၁၉၉၃)ခု မေလ(၁၀)ရက်နေ့တွင် ပြီးစီးခဲ့သည်။

    (၁၉၉၂-၉၄)တွင် ဘုရားကျောင်းမှ ကျွန်းတိုင်ကြီးများ မြေ၀င်ဆွေး၍ မျက်နှာကျက်များ နိမ့်ကျလာသည်။ တိုင်ကြီးများ ဘုရားကျောင်းအတွင်း ယိုင်လာသည်။ ထိုအခြေအနေတွင် ချမ်းသာရွာမှ ဆရာကြီးဦးသန်းမောင်၏ သား မန္တလေးမြို့နေ အင်ဂျင်နီယာ ဦးမောင်မောင်၊ ထန်းပင်ကုန်းမှ ပန်းရံဆရာကြီး ဦးကျော်သောင်းနှင့် အဖွဲ့၊ ချမ်းသာရွာမှ လက်သမားဆရာ ဦးမြင့်အောင်နှင့် ဦးတီတိုးတို့နှင့် ပြန်လည် ပြုပြင်နိုင်ခဲ့သည်။ တိုင်များ အားလုံး ဖြုတ်သည်။ ဆွေးနေသော အပိုင်းများ ဖြတ်တောက်ပြီး သံကူကွန်ကရစ် ကျောက်တိုင်ခံကာ အပေါ်ပိုင်းကို ပြန်တင်ခဲ့သည်။ လုံးဝ ဆွေးမြေ့သွားသော ကျွန်းတိုင်အတွက် အစားထည့်နိုင်ရန် ရေမျက်ရွာမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးအာစရက ကျွန်းတိုင်တတိုင်လုံးကို ကိုယ်တိုင်လာရောက် လှူဒါန်းသည်။ သံကူကွန်ကရစ် ကျောက်တိုင် (၁၁)တိုင် အစားထိုးရသည်။ အုတ်နံရံကြီးများ အက်ကွဲ ဆွေးမြေ့နေသည်ကို ဖြိုချပြီး အုတ်ချပ်ရေ တစ်သိန်းသုံးသောင်းခန့် အစားထိုးလိုက်ရသည်။ လိုအပ်သောနေရာများတွင် သံကူကွန်ကရစ် ကျောက်ထုပ်ကြီးများ အစား ထည့်ရသည်။ ခေါင်းလောင်းစင်ရှိ သစ်သားဘီးဝိုင်းကြီးများ၊ ငှက်ပျောဖူးအထက် သစ်သားထိပ်ချွန်ပိုင်းမှ ငါးကျင်းကွက်များ တိုင်ကြီး တန်းကြီးများနှင့် ခေါင်းလောင်းစင်ထိပ်မှ ခရစ္စတူးတိုင်ကို အသစ်လဲခဲ့သည်။ ငှက်ပျောဖူးအထက် သစ်သားထိပ်ချွန်ပိုင်း၏ အခြေတွင် (၁၄)လက္မ ပတ်လည်ရှိ ကျွန်းတုံးများ ခံထားသည်။ ၄င်း ကျွန်းတုံးများ ဆွေးမြေ့နေပြီဖြစ်၍ သံကူကွန်ကရစ် ကျောက်ထုပ်ကြီးများဖြင့် အစားထိုး ပြုပြင်ခဲ့သည်။ မန္တလေး ဦးဆန်နီနှင့် အဖွဲ့က ဘုရားကျောင်းတစ်ခုလုံး ဆေးသုတ်သည်။ ဘုရားကျောင်းကို ဆယ်သိန်းခန့် အကုန်အကျခံ၍ ပြုပြင်နိုင်ခဲ့သည်။


    ချမ်းသာရွာ၌ (၁၉၉၄)ခု ဧပြီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ဘုရားကျောင်း နှစ်တရာပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့သည်။ ချမ်းသာရွာတွင် ဖါသာရ်ဘူးလီးရက်စ် လက်ထက်ကစပြီး အစိုးရအသိအမှတ်ပြု မူလတန်းကျောင်း ရှိခဲ့သည်။ ဖါသာရ် ပေလေးတီးယားလက်ထက် (၁၉၂၁)ခုတွင် မူလတန်းကျောင်းမှ အစိုးရအသိအမှတ်ပြု အာရ်စီအမ် အလယ်တန်းကျောင်း အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ဖါသာရ်လေအိုလက်ထက် ဒုတိယကမ္ဘာစစ်အပြီးတွင် အလယ်တန်းကျောင်း အဆင့်မှ မူလတန်းအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ ဖါသာရ်မိုးဇယ် လက်ထက် (၁၉၅၅) တွင် အလွတ်ပညာသင်ကျောင်း ဖွင့်၍ အလယ်တန်း ပညာ သင်ကြားပေးခဲ့သည်။ (၁၉၆၄)ခုမှစ၍ တွဲဖက် အလယ်တန်းကျောင်းဖွင့်၍ ပညာ သင်ကြားပေးခဲ့သည်။ ရှေးယခင်ကစ၍ စာသင်ကျောင်းသည် ဘုရားကျောင်းဝင်းအတွင်း ရှိခဲ့သော်လည်း ဖါသာရ်ပီတာ လက်ထက် (၁၉၈၀)မှ စ၍ ရွာ၏ အရှေ့မြောက်ဘက် တွဲဘက် အလယ်တန်းကျောင်းရှိရာ သို့ ပြောင်းရွှေ့ခဲ့ရသည်။ (၁၉၈၅) ခုနှစ် ဒီဇင်ဘာလ (၂၆)၇က်နေ့မှစ၍ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ပြန်လည် တိုးမြှင့်ခြင်းခံရသည်။ (၂၀၀၁)ခုနှစ်တွင် စာသင်ခန်း (၈)ခန်းပါသည့် လေးခန်းတွဲ နှစ်ထပ် နံကပ်သွတ်မိုး စာသင်ကျောင်းတစ်ဆောင်ကို ကာရီတာစ်မန္တလေး၏ အကူအညီမှုဖြင့် ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ဖါသာရ် ပီတာမြအောင်သည် (၂၀၀၂)ခု ဇွန်လမှစ၍ စစ်ကိုင်းမြို့ ကျောင်းထိုင်ဘုန်းကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။


ဖါသာရ် အာသာနာစီအူးစ်-ဦးခင်မောင် (၁၉၃၆-၁၉၉၈)
(Fr. Athanasias- U Khin Mg)
    ဖါသာရ် အာသာနာစီအူးစ် ဦးခင်မောင်သည် (၁၉၃၆)ခု မေလ(၂)ရက်နေ့တွင် တန်ဆည်မြို့နယ်၊ ချောင်းရိုးရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဆရာကြီး ဦးရင်မောင်နှင့် ဒေါ်ညိုတို့ဖြစ်သည်။ ချောင်းရိုးရွာတွင် မူလတန်းပညာ သင်ယူပြီး (၁၉၄၇)ခုနှစ်တွင် ဖါသာရ်ပီတာမြအောင်နှင့် အတူ ရွာတော်ရွာ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၄၈)ခုနှစ်တွင် ပြင်ဦးလွင်သို့ ရောက်ရှိပြီး (၁၉၅၂)ခုတွင် စိန်အာလ်ဘက် အထက်တန်းကျောင်းတွင် သတ္တမတန်း၌ စတင် ပညာဆည်းပူးခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် မက်ထရစ်အောင်သည်။ (၁၉၅၆)ခုတွင် မလေးရှားပြည် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၆၁)ခု ဒီဇင်ဘာလတွင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ (၁၉၆၂) ခု ဇန္န၀ါရီလ (၁၄)ရက်နေ့တွင် ဆရာတော်ဂျိုဇက်ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    သိက္ခာခံပြီးနောက် တောင်ပိုင်း ချင်းတောင်မင်းတပ်နယ် လေးစီးယန်းရွာကလေးတွင် သာသနာလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။ (၁၉၆၅)တွင် ခမ်းပတ်ရွာသို့ ခေတ္တပြောင်းရွှေ့ရသည်။ ထိုနောက် မြောက်ပိုင်း ချင်းပြည်နယ် ဖလန်းသာသနာ ဘာသာဝင်များကို (၁၉၆၅)ခုမှ (၁၉၇၁)ခုနှစ်အထိ ကြည့်ရှုခဲ့သည်။(၁၉၇၁) ခုနှစ်မှ (၁၉၈၀)ခုနှစ်အထိ ပြင်ဦးလွင် ရဟန်းဖြစ်သင်ကျောင်း၊ ကျောင်းအုပ်အဖြစ်၎င်း၊ (၁၉၈၀) မှ (၁၉၈၃)ခုနှစ်အထိ ရန်ကုန် မေဂျာရဟန်းဖြစ်တက္ကသိုလ်ကျောင်း ကျောင်းအုပ်အဖြစ်၎င်း အမှုထမ်းခဲ့သည်။ (၁၉၈၃) ခုနှစ် (၁၉၈၈)ခုနှစ်အထိ ရွှေဘို ကျောင်းထိုင်ဘုန်းကြီးအဖြစ်နှင့် ရွာတော်ဘာသာဝင်များကိုပါ ကြည့်ရှုခဲ့ရသည်။

    ဖါသာရ်စီအူးစ် ဦးခင်မောင်သည် ကိုယ်တိုင်အုတ်ဖုတ်၍ ရွာတော်ကျောင်းဝင်း လုံခြုံရေးအတွက် ဖါသာရ်ဇေးဗီးယား လက်ထက်က မကာနိုင်ဘဲ ကျန်ခဲ့သော အပိုင်းအားလုံးကို အုတ်တံတိုင်းကာခဲ့သည်။ သင်္ချိုင်းကိုလည်း အုတ်တံတိုင်းကာခဲ့သည်။ ရွာထဲ၌ လူများ ပြည့်ကျပ်နေသဖြင့် ကျောင်း၏ မြောက်ဘက် အရှေကဘက်နှင့် တောင်ဘက်များတွင် သာသနာလယ်မြေများကို ရွာမြေ အဖြစ် တိုးချဲ့ပြီး အိမ်ပူး အိမ်ကပ်များကို နေရာချထားပေးခဲ့သည်။ ရွာ၏ တောင်ဘက်ရှိ ရွှေဘို ညောင်ပင်သာကားလမ်းနှင့် ရွာတော်ရွာ ဆက်သွယ်သော လမ်းသစ်ဖေါက်ရန် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်အာလ်ဖုန်း ဦးသန်းအောင်က ငွေကျပ်တစ်သောင်း မတည်ပေးခဲ့သည်။ ယင်းမတည်ငွေဖြင့် ရွာတောင်ဘက်ရှိ လယ်ယာမြေအချို့ကို ၀ယ်ယူပြီး လမ်းသစ် ဖေါက်လုပ်ခဲ့သည်။ လမ်းဖေါက်ရာတွင် ဘုန်းတော်ကြီးနှင့် ကောင်စီဥက္ကဌတို့ ဦးစီးကာ ရွာသူရွာသားများက မခိုမကပ် လုပ်အားပေးကြသဖြင့် အောင်မြင်ခဲ့သည်။ ဘောလုံးကွင်းအနီး အ၀ီစိ ရေလျှံတွင်း(၂)တွင်း တူးဖေါ်ခဲ့သည်။ ပြည်တော်သာကန်ကို တိုးချဲ့တူးဖေါ်၍ ဘုန်းတော်ကြီး၏ ဂျူဘလီ အထိမ်းအမှတ် အဖြစ် ဂျူဘလီကန်ဟုသမုတ်ခဲ့သည်။ ဟောခန်းမလည်း ဆောက်လုပ်ခဲ့သည်။ ရွှေဘိုမြို့တွင် ဟောခန်းမနှင့် ခေါင်းလောင်းစင် တည်ဆောက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၃၁)ရက်နေ့တွင် ရွှေဘိုမြို့၌ ပျံတော်မူသည်။ ဖါသာရ်စီအူးသည် ရွှေဘိုမြို့၌ ပေ(၇၀)အမြင့်ရှိသော ခေါင်းလောင်းစင်ကို ငွေကျပ်တစ်သိန်း ခုနှစ်သောင်း အကုန်အကျခံ၍ ဆောက်လုပ်ခဲ့သည်။

ဖါသာရ်ဇေးဗီးယားဗန်ဒယ်ရင်-ဦးမျိုးမြင့်(၁၉၂၄-၂၀၀၁)
(Fr. Xavier- U Myo Myint)

    ဖါသာရ်ဇေးဗီးယား ဗန်ဒယ်ရင် ဦးမျိုးမြင့်သည် (၁၉၂၄)ခု ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ပက်ထရစ်ဗန်ဒယ်ရင်နှင့် စီစီလျားပရာဂိုဆပ်တို့ ဖြစ်သည်။ (၁၉၅၅)ခုနှစ်တွင် မေမြို့ရဟန်းဖြစ်သင် ကျောင်းဝင်သည်။ ထိုနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားပြီး (၁၉၆၄)ခု ဧပြီလ (၈)ရက်နေ့တွင် ရဟန်းသိက္ခ ခံယူသည်။ ထိုနောက် ချောက်မြို့တွင်၎င်း၊ ချင်းပြည်နယ် လူရှဲတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၇၅) မှ (၁၉၈၃) ခုနှစ်ထိ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ရွာတော်ရွာကိုလည်း ကြည့်ရှုရသည်။ ဖါသာရ်ဇေးဗီးယားသည် (၁၉၈၃)ခုတွင် ရွှေဘိုမြို့၌ လူဒယ်သခင်မဂူလှိုင် ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ဇေးဗီးယားဗန်ဒယ်ရင်သည် ဖါသာရ်စခရီးဗင်း ဖျက်သွားသော ရွာတော် ဘုရားကျောင်း ခေါင်းလောင်းစင်မှ ငှက်ပျောဖူးကို သားသတ်လိုင်စင်မှ ရသော အမြတ်ငွေဖြင့် ပြန်လည် တပ်ဆင်ပြုပြင်သည်။ လျှပ်စစ်မီးများလည်း ပြန်လည် တပ်ဆင်၍ နေ့စဉ် မီးပူဇော်သည်။ ဖါသာရ်ဇေးဗီးယား၏ ဟောပြောမှုကောင်းသဖြင့် ရွာသူရွာသား တကာတကာမများက ယေဇူးရွှေနှလုံးတော် ဆင်းတု၊ မိုးဇယ် ဆင်းတု၊ ဧလိယ ဆင်းတု၊ စိန်ပီတာ ဆင်းတု၊ ယေဇူးအဆင်း သဏ္ဍာန်ပြောင်းလဲပုံဆင်းတု၊ စိန်ဗင်းဆင်းဒီပေါလ် ဆင်းတု၊ စိန်ပီတာ ဆင်းတု၊ ယေဇူးအလောင်းတော်ကို မယ်တော်ပွေ့ထားသော ဆင်းတု၊ စိန်မာသား ဆင်းတုစသည့်များကို လှူဒါန်းခဲ့သည်။ ရွာတော်လူငယ်များ ခရစ္စမတ်သီချင်းဆို ထွက်ရာမှရရှိလာသော အလှူငွေများဖြင့် ကျောင်းဝင်းကို (၁၀)ခန်းလောက် အုတ်တံတိုင်းကာခဲ့သည်။ ကျောင်းဝင်းတခါးမကြီးကို ဦးထွန်းခင် ဒေါ်ခင်မာမာမြင့်တို့က လှူဒါန်းခဲ့သည်။ ဖါသာရ်ဇေးဗီးယားလက်ထက် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ရဟန်းအမတ်ကြီး ကာဒီနယ် ကာစီဒီ ရွှေဘိုမြို့နယ်ရှိ ဘာသာဝင် ကျေးရွာများသို့ ဆရာတော်ကြီး အာလောရှက်ဦးဘခင်၊ ဘုန်းတော်ကြီး ဦးသန်းအောင်တို့နှင့် လှည့်လည်ကြရာ ရွာတော်ဘာသာဝင်များက အိုးစည် ဗုံမောင်း အကမျိုးစုံဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

    ဖါသာရ် ဇေးဗီးယားသည် (၁၉၈၃)ခုနှစ်မှ (၁၉၈၉)ခုနှစ် အထိ ချောင်းရိုးကျောင်းထိုင် ဘုန်းကြီးအဖြစ်နှင့် ချောင်းရိုး၊ ရေဦး ညောင်ကိုးပင်နှင့် လမ်းဆုံဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ချောင်းရိုးတွင် ဟောခန်းမကို ဆောက်လုပ်ခဲ့သည်။ (၁၉၈၉) မှ (၂၀၀၁) အထိ မြင်းခြံဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ဖါသာရ်ဇေးဗီးယား ဗင်ဒါရင်သည် (၂၀၀၁)ခုနှစ် မေလ (၂၂)ရက်နေ့တွင် မြင်းခြံ၌ ပျံတော်မူသည်။

ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၆)

Read More...

Friday, January 10, 2014

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၄)

ဖါသာရ် ဘာနာဒင်း ဦးညွှန့်ဖေ (၁၉၃၄-၁၉၉၈)
(Fr. Bernardine U Nyunt Pe)
    ဖါသာရ် ဘာနာဒင် ဦးညွှန့်ဖေသည် (၁၉၃၄)ခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖ နှစ်ပါးမှာ ဦးချမ်းသာနှင့် ဒေါ်လှရင် တို့ဖြစ်သည်။ (၁၉၃၉)ခုတွင် ချမ်းသာရွာ စာသင်ကျောင်း၌ စတင် ပညာသင်ကြားသည်။ (၁၉၄၂) ခု၌စတုတ္တတန်း အောင်ပြီး ဒုတိယကမ္ဘာစစ်ကြောင့် တနိုင်ငံလုံး ကျောင်းများ ပိတ်လိုက်ရသဖြင့် ပညာဆက်လက် မသင်နိုင်တော့ပေ။ (၁၉၄၇) ခုနှစ်တွင် ပဉ္စမတန်းအောင်မြင်ပြီး ဆရာတော် အာလ်ဖုန်းဦးသန်းအောင်၊ ဖါသာရ်သြဂုတ်စတင်း ဦးစိုတို့နှင့် အတူ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ရဟန်းဖြစ်သင်ကျောင်း မ၀င်မီ ချမ်းသာရွာ ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်လေအိုနှင့်အတူ (၃) နှစ် နေခဲ့ရသည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းမနေမီ ရွာတော်ရွာတွင် ဖါသာရ်ရာဖါအဲလ်နှင့် ဖါသာရ်ဖိလစ်တို့ လက်အောက်တွင် လက်တင်ဘာသာ စကားသင်ကြားရသည်။ (၁၉၄၈) မှ (၁၉၅၁) ခုနှစ် အထိ ပီနန်ကျွန်းရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၅၈)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၄င်းနှစ်တွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ ကျောင်းထိုင် ဘုန်းတော်ကြီး ပီဖိုးနဲလ်လက်အောက်တွင် ကိုရင်ဘ၀နှင့် သာသနာအမှုတော် ထမ်းရွက်ရန် တာဝန်ကျသည်။ (၁၉၅၉) ခုနှစ် ဇန္န၀ါရီလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်ဘုရားကျောင်း၌ ဆရာတော် အာလ်ဖုန်းဦးသန်းအောင်နှင့် အတူ ဆရာတော် ဂျိုးဇက်ဦးဝင်းထံမှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်း သိက္ခာခံပြီးနောက် ချင်းပြည်နယ် တောင်ပိုင်း တိုက်နယ် အမှတ်(၃) ကီသာကျေးရွာ၌ သာသနာအမှုတော် ထမ်းခဲ့သည်။ ထိုမှတဖန် ဆရာတော်အေ ဦးဘခင်လက်ထက် (၁၉၆၇-၆၈)တွင် ချင်းပြည်နယ် မြောက်ပိုင်း တီိးတိန်မြို့တွင် ခြေချ၍ ၄င်းမြို့နယ်နှင့်တကွ ထုတ်လှိုင်မြို့နယ်၊ (Kaptel) မြို့နယ်များ၌ သာသနာအမှုတော်ကို ထမ်းရွက်ရသည်။ (၁၉၆၈)ခုတွင် မင်းတပ် ဘုန်းတော်ကြီး ဖါသာရ်ဖိုးနဲလ် ပျံတော်မူုသဖြင့် (၁၉၆၉)တွင် တီးတိန်မှ မင်းတပ်မြို့သို့ ပြောင်းရွှေ့ တာဝန် ယူရသည်။
မင်းတပ်မြို့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြို့နယ်တခုလုံး၌ ဘာသာရေး သာသနာရေးတွင် အရေအတွက်ရော အရည်အချင်းပါ တိုးတက်မှု အလွန်နှေးကွေးသည်ကို တွေ့ရသည်။ (၁၉၇၅) ခုနှစ်မှ စ၍ သာသနာရေး အခြေအနေ ပြန်လည်သုံးသပ်ပြီး အသစ် ပြုပြင်ရန် “ခရစ်တော်၌ ပြန်လည် အသစ်ပြုပြင်ကြစို့” (Eph 4:23) ဟုသော ဆောင်ပုဒ်ဖြင့် မြို့ပေါ်နှင့် နယ်များတွင် အဖွဲ့အစည်းများဖွဲ့ကာ စတင်လုပ်ကိုင်ရာ အံ့သြလောက်အောင် ဘာသာဝင်လိုသူများ တနေ့တခြား များပြားလာသည်ကို တွေ့ရသည်။ ဘာသာပျက်နေသူများ ပြန်လာကြသည်။ ဘာသာရေး ပေါ့လျော့နေသူများလည်း ကြိုးစား လာကြသည်။

    တချိန်တည်းမှာပင် သာသနာနယ်သစ်များ ဖွင့်လှစ်ရန် ကန်ပက်လက်မြို့နယ်၊ မကွီအိမ်နူးမြို့နယ်များသို့ ဓမ္မဆရာများ ရွှေ့ပြောင်း တာဝန် ထမ်းဆောင်စေခဲ့သည်။ မကွီအိမ်နူးမြို့နယ် ကျုံလောင်းကျေးရွာတွင် ရွာလူထု သုံးပုံနှစ်ပုံ စပြီး ဘာသာဝင်ရန်ရှိဖြင့် ဓမ္မဆရာက နေ့စဉ် ဘာသာတရား သင်ကြားပေးနေစဉ် နှစ်ချင်းအသင်းမှ နယ်လှည့် တရားဟောဆရာ၏ ဟောကြားချက်ကို နားရောင်၍ ၄င်း အသင်းထဲသို့ ၀င်ကုန်ကြသဖြင့် ဘုန်းတော်ကြီး ဖါသာရ်ဘာနာဒင်း ဦးညွှန့်ဖေ ကိုယ်တိုင် သွားရောက်၍ တန်ပြန် ဟောပြောသဖြင့် နေ့ချင်း ကက်သလစ်ဘာသာသို့ ပြန်လာပြီး ဘာသာဝင်ကြရာ ယနေ့ တရွာလုံး ကက်သလစ်ဘာသာဝင်များ ဖြစ်နေကြပြီး အသစ် ပြန်လည် ပြုပြင်မှုအရှိန်ကြောင့် ယနေ့အထိ ဘာသာဝင် တိုးတက်လျက်ရှိသည်။

    မြောက်ပိုင်း ချင်းတောင် တီးတိန်မြို့ ကျောင်းထိုင်အဖြစ် အမှုတော်ထမ်းရွက်စဉ်ကလည်း အထက်ပါ နည်းမျိုးဖြင့် ပြန်လည် ပြုပြင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ (၂)နှစ်မျှသာ နေရသဖြင့် ၄င်းလုပ်ငန်းကို ဆက်လက် မလုပ်နိုင်တော့ချေ။ (၁၉၇၈-၇၉)တွင် မကွေးတိုင်း ချောက်မြို့သို့ ပြောင်းရွှေ့၍ သာသနာတော်အမှုတော်ကို ထမ်းရသည်။ ဆရာတော် အေဦးသန်းအောင် လက်ထက် (၁၉၈၀) မှ (၁၉၉၀) ထိ မေမြို့ အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။ (၁၉၈၉) ဧပြီလတွင် မေမြို့ အခြေခံရဟန်းဖြစ်သင်ကျောင်း (၇၅)နှစ်မြောက် စိန်ရတုသဘင် ကျင်းပ နိုင်ခဲ့သည်။(၁၉၉၁) ခုမှစ၍ မေမြို့ရွှေနှလုံးတော်ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းခဲ့ရသည်။ (၁၉၉၈) သြဂုတ်လ (၆)ရက်နေ့တွင် မေမြို့၌ ပျံတော်
မှုသည်။

ဖါသာရ် အာလ်ဖုန်း ဦးသန်းအောင် (၁၉၃၃-၂၀၀၄)
(Fr. Alphonse U Than Aung)
    ဖါသာရ် အာလ်ဖုန်း ဦးသန်းအောင်သည် (၁၉၃၃) ခု သြဂုတ်လ (၁) ရက် အင်္ဂါနေ့တွင် ချမ်းသာရွာ၌ မွေးဖွားသည်။ မိဖနှစ်ပါးမှာ ဦးမြိုင် ဒေါ်ငွေတို့ ဖြစ်သည်။ သြဂုတ်လ (၄)ရက်နေ့တွင် ဆေးကြောခြင်း ခံယူခဲ့ကာ အာလ်ဖုန်းယူသော အမည်ဖြင့် ကင်ပွန်းတပ်သည်။ (၁၉၄၇)ခုနှစ်တွင် ချမ်းသာရွာ အလယ်တန်းကျောင်းမှ ပဉ္စမတန်းအောင်ပြီး မေမြို့ စိန်အလောရှက် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်း ပြန်မဖွင့်မီ ရွာတော်ရွာတွင် ခေတ္တနေခဲ့သည်။ (၁၉၄၈) မှ(၁၉၅၁) ခုနှစ် အထိ မေမြို့ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ပြီးနောက် (၁၉၅၂) ခုမှ (၁၉၅၇) အထိ မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ရဟန်းဖြစ်တက္ကသိုလ်တွင်
ပညာ ဆည်းပူးခဲ့သည်။

    ရဟန်းဖြစ်သင်ကျောင်းတွင် ဒသနိကဗေဒ (Philosophy) ယုတ္တိဗေဒ (Logic) တက္ကဗေဒ (Matakphysis) (0nthology) စကြာဝဠာဗေဒ (Comoslogy) စိတ်ပညာ (Psychology) နှင့် ဘာသာရေး တရားသေ၀ါဒ (Dogmatic theology) အကျင့် သိက္ခာဗေဒ (Moral theology)စသည်တို့ကို အဓိက ဘာသာရပ်အဖြစ် သင်ကြား၍ တွဲဘက် ဘာသာရပ်များအဖြစ် သမ္မာကျမ်း (Bible) အသင်းတော် ဥပဒေ (Canon Law) ကိုးကွယ်ဝတ်ပြုမှု ဆိုင်ရာကျမ်း (Litugy) နှင့် သတ္တဗေဒ (zoology) နက္ခက်ဗေဒ (Astrology) ခန္ဓာဗေဒ (Anatomy) ဘာသာရပ်များ သင်ကြားခဲ့သည်။

    (၁၉၅၈) ခုတွင် မြန်မာပြည် ပြန်ရောက်၍ ချင်းပြည်နယ် သာသနာပြုရေးအတွက် တီးတိန် ချင်းစကားကို (၁၀)လခန့် သင်ကြားခဲ့ရသည်။ (၁၉၅၉)ခုနှစ် ဇန္န၀ါရီလ (၁၈)ရက်နေ့တွင် ဆရာတော် ဂျိုးဇက်ဦးဝင်း လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၅၉) ခု ဧပြီလ (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ် ကန်မကြီးကျေးရွာ၌ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ကန်မကြီးကျေးရွာတွင် နေထိုင်စဉ် သစ်သားဘုရားကျောင်း အပြင် ခမ်းပတ်၍ ဘုန်းတော်ကြီးနေ ကျောင်းတစ်ကျောင်းကို အုတ်ဖြင့် ဆောက်လုပ်နိုင်ခဲ့သည်။ ဓမ္မဆရာ သင်တန်းများလည်း ပို့ချ ပေးနိုင်ခဲ့သည်။ နယ်သူနယ်သားများ အခြေခံပညာ သင်ကြားနိုင်ရေး အတွက် မူလတန်းကျောင်း ဖွင့်ပေးနိုင်ခဲ့သည့်အပြင် ကျောင်းသား (၃၀)ကျော်အတွက် ဘော်ဒါကျောင်း ဖွင့်ပေးနိုင်ခဲ့သည်။ ချင်းလူမျိုးများ စားဝတ်နေရေး ပြေလည်စေရန် လယ်ယာစိုက်ပျိုးရေးအတွက် တမိုင်ကျော်ခန့် တူးမြောင်း ဖေါက်လုပ်ပေးခဲ့ရာ ယနေ့တိုင် စိုက်ပျိုးရေးအတွက် အကျိုးပြုလျက်ရှိသည်။ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူစေရန် ကလေး တမူး လမ်းမကြီးမှ ဆင်ပရားကျေးရွာအထိ ဘုန်းတော်ကြီး ဖါသာရ်ဂျိုဒင်းနှင့် အတူ လမ်းဖေါက်ခဲ့ကြသည်။

    (၁၉၆၅) ခုတွင် မန္တလေး ဂိုဏ်းချုပ် ဆရာတော်ဂျိုးဇက် ဦးဝင်း ပျံတော်မူသဖြင့် ၄င်း၏ အရိုက်အရာကို ဆက်ခံရန် ဖါသာရ် မိုးဇယ်ဦးဘခင်ကို ရွှေးကောက်လိုက်သည်။ ဆရာတော် မိုးဇယ်
ဆရာတော်သိက္ခာမခံယူမီ မန္တလေးသို့ ခေါ်ယူသဖြင့် (၁၉၆၅) ခု နိုဝင်ဘာလ (၁)ရက်နေ့တွင် မန္တလေး ကာသီဒရယ်ရောက်ရှိခဲ့သည်။ မန္တလေးမြို့ ကာသီဒရယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လူငယ်လူရွယ်များနှင့် သံဝင်းလူငယ်များကို သတ္တမတန်းမှ တက္ကသိုလ်ဘွဲ့ရရှိသည် အထိ သင်တန်းများ ပို့ချနိုင်ခဲ့သည်။ ကက်သလစ် စာသင်ကျောင်းများ ပြည်သူပိုင် သိမ်းသဖြင့် ပျက်သွားသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအသင်းကို (၁၉၆၇) ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း၍ နှစ်လ တကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအတွက်(Bible course) သမ္မာကျမ်းစာ သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ခဲ့သည်။ မာရီယား တမန်တော်အသင်းကို စံနစ်တကျ ဦးဆောင် လှုပ်ရှားနိုင်ခဲ့၍ တမန်တော်သားများ အကူအညီဖြင့် ဘုရားကျောင်း မလာနိုင်သော သက်ကြီးရွယ်အိုများနှင့် ကလေးများထံ သွားရောက်၍ ဘာသာတရား အကြောင်း သင်ကြားပေးနိုင်ခဲ့သည်။ စိန်ဗင်းဆင်းဒီပေါလ်အသင်းကိုလည်း ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ လူငယ်များအသင်းကိုလည်း စတင် တည်ထောင်ခဲ့သည်။

    (၁၉၇၅) ခုနှစ်တွင် မန္တလေးသာသနာ လက်ထောက် ဆရာတော်အဖြစ် ရွှေးကောက်ခံရသည်။ (၁၉၇၅) ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် ကာစီဒီနှင့် မြန်မာနိုင်ငံရှိ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် ဆရာတော်များက ဆရာတော်သိက္ခာ တင်ပေးသည်။ ဆရာတော်ဖြစ်ပြီးနောက် ချင်းပြည်နယ် သာသနာလုပ်ငန်းကို ပထမဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၇၆) ဇန္န၀ါရီလ (၁၈) ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ချင်းတောင်တန်းဒေသရှိ ကက်သလစ် ဘာသာဝင်များကို သွားရောက် ကြည့်ရှုခဲ့သည်။ (၁၉၇၇) ခုနှစ်မှ (၁၉၉၀) ပြည့်နှစ်အထိ နှစ်စဉ် နှစ်တိုင်း မပြတ်မလပ် ချင်းတောင်တန်းဒေသသို့ သွားရောက်၍ သာသနာပြုလုပ်ငန်းကို အားသွန်ခွန်စိုက် ဦးဆောင်နိုင်သဖြင့် ချင်းတောင်တန်း ကက်သလစ်သာသနာသည် တဟုန်ထိုး တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ (၁၉၉၂)ခုနှစ်တွင် ဟာခါးကို ဗဟိုထား၍ ချင်းပြည်နယ် ကက်သလစ်သာသနာကို သာသနာသစ်တခုအဖြစ် မန္တလေးဂိုဏ်းချုပ်သာသနာမှ ခွဲပေးနိုင်ခဲ့သည်။ ချင်းတောင်တန်း သာသနာကို (၁၉၉၃)ခုနှစ်တွင် နောက်ဆုံး အကြိမ် ခရီးဆန့်ခဲ့သည်။

    ၁၉၇၈ခု စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဂိုဏ်းချုပ်ဆရာတော်အဖြစ် တင်မြှောက်ခံရသည်။ (၁၉၇၉)ခု ဇန္န၀ါရီလ(၂၁)နေ့တွင် ဆရာတော်ဦးသန်းအောင်သည် မြန်မာပြည်ရှိ ဆရာတော်များ မျက်မှောက်၌ မိမိအား အပ်နှင်းသော ဂိုဏ်းချုပ်အာဏာကို တရားဝင် လက်ခံယူပွဲ ကျင်းပသည်။ သာသနာတော် အဓွန့်ရှည်ရေး တလုံးတ၀တည်း ဖြစ်ရေး၊ တိုးတက် ပြန့်ပွားရေးအတွက် ဆရာတော်ကြီးများသည် ပုဒ်ရဟန်းမင်းကြီးနှင့် (၅)နှစ် တကြိမ်တွေ့ဆုံရသည့် အစဉ်အလာရှိသည်။ သို့ဖြစ်၍ (၁၉၈၀) ခုနှစ်တွင် တကြိမ်၊ (၁၉၈၅)ခုနှစ်တွင် တကြိမ်၊ (၁၉၉၁)ခုနှစ်တွင် တကြိမ်၊ (၁၉၉၅)ခုနှစ်တွင် တကြိမ်၊ (၂၀၀၁) ခုနှစ်တွင် တကြိမ်၊ (၅)ကြိမ် သွားရောက် တွေ့ဆုံညှိနှိုင်း နိုင်ခဲ့သည်။ (၁၉၈၇) ခုတွင် ရဟန်းမင်းကြီး ယောဟန်ပေါလူး ဘင်္ဂလားဒေ့နိုင်ငံသို့ ကြွရောက်လာစဉ် မြန်မာနိုင်ငံမှ ဆရာတော်အချို့နှင့် အတူ ဘဂ်လားဒေ့နိုင်ငံသို့ သွားရောက် ကြိုဆိုခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်တွင် (၁၉၇၆) ခု မှ(၁၉၈၂) ခု အထိ တစ်ကြိမ် (၁၉၈၈) မှ (၁၉၉၃)ခုထိ တစ်ကြိမ်၊ စုစုပေါင်း (၁၂) နှစ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရဟန်းတော်များ လောကီပညာ မြင့်မားရေးအတွက် မန္တလေးတက္ကသိုလ်တွင် ပညာဆည်းပူးနိုင်ရန် မန္တလေး၌ စိန်သောမတ်စ် ဆေမီနာရီ ဖွင့်လှစ်ခဲ့သည်။

    သာသနာတော် အဆောက်အအုံများ အဓွန့် ရှည်စွာ တည်တန့်ခိုင်မြဲရေးအတွက် အုတ် ဘုရားရှိခိုးကျောင်းကြီးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟာခါး၊ မင်းတပ်၊ ကလေးမြို့၊ ခမ်းပတ်နှင့် ပြည်မ၌ ရွာတော်ရွာ၊ မုံလှရွာတို့၌၄င်း ဘုန်းကြီးနေ ကျောင်းများကို တီးတိန်၊ ဖလမ်း၊ မိတ္တီလာ၊ မြင်းခြံ၊ ချင်းညောင်ပင်သာတွင် ၄င်း၊ သီလရှင်ကျောင်းများကို မိတ္တီလာနှင့် ချောင်းဦးတွင် စိန်အာလောရှက် သီလရှင်ကျောင်းများကို ၄င်း၊ မန္တလေးတွင် ကောင်းသော သိုးထိန်း သီလရှင်ကျောင်းကို၎င်း၊ ဆောက်လုပ် ပေးနိုင်ခဲ့သည်။ ချမ်းသာရွာတွင် ရေကန်ကြီး တူးဖေါ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဘုန်းတော်ကြီးများ အစည်းအရုံး၊ သာသာနာ အိမ်ယာမြေ ထိန်းသိမ်းရေးအဖွဲ့၊ သာသနာ အကျိုးဆောင်အဖွဲ့၊ လူငယ်တမန်တော်အဖွဲ့များကို စည်းမျဉ်း စည်းကမ်း စနစ်တကျ ရေးဆွဲ၍ ဆောင်ရွက်နိုင်ခဲ့သည်။ သာသနာတော် ပြန့်ပွားရေးအတွက် အာရ်ဗွီအေ (Radio Veritas Asia) မြန်မာပိုင်း အသံလွှင့် အစီအစဉ်ကို (၁၉၇၈)ခုနှစ်မှ စ၍ တာဝန်ခံ ဆောင်ရွက်ခဲ့သည်။ ယင်း အသံလွှင့်ဌာနရှိရာ မနီလာမြို့သို့ (၁၉၇၉) ခုနှစ်တွင် တကြိမ်၊ (၁၉၉၃) ခုနှစ်တွင် တကြိမ် သွားရောက် ကြည့်ရှုခဲ့သည်။ မန္တလေး ဂိုဏ်းချုပ်သာသနာနှင့် လက်အောက်ခံ သာသနာများမှ ဘုန်းတော်ကြီးများ တည်းခိုနိုင်ရန် မန္တလေးမြို့၌ (၆) ထပ်တိုက်ကို စီစဉ် ဆောင်ရွက်ခဲ့သည်။

    ဆရာတော် အေဦးသန်းအောင်သည် (၁၉၉၆) ခုနှစ် ဇန္န၀ါရီလ (၂၉)ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးခွဲစိတ် ကုသခံယူပြီး အောက်ပိုင်း အကြောအတု ထည့်ရသည်။ (၂၀၀၁)ခု သြဂုတ်လ (၃)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ဒုတိယအကြိမ် နှလုံးခွဲစိတ် ကုသမှု ခံယူသည်။ (၂၀၀၂) ခုနှစ် ဧပြီလ (၃)ရက်နေ့မှ စ၍ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် ရာထူးမှ အနားယူလိုက်သည်။

    ဆရာတော် အာလ်ဖုန်းစ် ဦးသန်းအောင်သည် (၂၀၀၄) ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ နံနက် (၄း၄၅) နာရီတွင် နှလုံးရောဂါဖြင့် ပျံတော်မူသည်။ ဆရာတော်ကြီး အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်ကို မန္တလေးမြို့ ၈၂x၂၅ လမ်းရှိ ဆရာတော်ကြီးကျောင်းတိုက်၌ (၂.၁၁.၀၄) အင်္ဂါနေ့မှ (၄.၁၁.၀၄)ကြာသပတေးနေ့အထိ (၃)ရက်တိုင်တိုင် တခန်းတနားခင်းကျင်းထားပါသည်။ ရပ်ဝေးရပ်နီးမှ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးများ သင်းကွဲ ခရစ်ယာန် ညီအစ်ကို ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ကိုရင် သီလရှင်နှင့် ဘာသာဝင်များ လာရောက် ဂါရ၀ပြု ဆုတောင်းကြသည်။ အမေရိကန်နိုင်ငံ ဆန်တီအာဂိုမြို့သို့ ရောက်ရှိနေသော ရန်ကုန်သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီးချားလ်စ်ဘိုသည် ဆရာတော်ကြီး ဦးသန်းအောင်၏ ဈာပနအခန်းအနားတွင် ကိုယ်တိုင် ပါဝင်နိုင်ခြင်း မရှိသည့်အတွက် ၀မ်းနည်းသ၀ဏ်လွှာဖြင့် အဝေးရောက် ဂါရ၀ပြုပါသည်။ ရန်ကုန်မြို့ ဘားလမ်း ဗန္ဓုလပန်းခြံလမ်း အေမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာတော် ဒေါက်တာပေါလ်ဂျွန်သည်လည်း ၀မ်းနည်း သ၀ဏ်လွှာဖြင့် ဂါရ၀ပြုပါသည်။

    (၂၀၀၄) ခု နိုဝင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီတိတိတွင် မန္တလးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် ပေါလ်ဇိန်တုန်းဂရောင် ဦးဆောင်၍ တောင်ကြီး ဂိုဏ်းချုပ် ဆရာတော်မာတီးယား-ဦးရွှေ၊ တောင်ငူဆရာတော် အိုက်ဇက်ဓနူ၊ လားရှိုးဆရာတော် ဖီးလစ်ဇမ်ဟောင်း၊ ဟားခါး ဆရာတော် နီကောလားမာထန်း၊ လွိုင်ကော် ဆရာတော် ဆိုတေးရိုးဖာမို၊ ပုသိမ်ဆရာတော် ဂျွန်ဆိန်းဟိုတို့က ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် ဆုတောင်း ပဌာနပြုကြသည်။ ထိုနောက် ရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်းတော်သို့ ရှေ့ဆုံးမှ ခရစ္စတူးတိုင် တရားထောက်များ နောက်မှ သီလရှင်များ၊ ရဟန်းတော်များ၊ ဆရာတော်ကြီးများ စီကာစဉ်ကာ တန်းစီ၍ ၄င်းတို့နောက်မှ ဆရာတော် ဦးသန်းအောင်၏ ရုပ်ကလပ်ကို ရဟန်းတော် (၆)ပါး ထမ်း၍ အခန်းတနား သယ်ဆောင်ခဲ့ကြသည်။ ဘုရားကျောင်းအတွင်း၌ ဆရာတော်ကြီး၏ ဈာပန မစ္ဆားပူဇော်ပွဲတွင် ဂိုဏ်းချုပ်-ဂိုဏ်းအုပ်ဆရာတော်ကြီး (၇)ပါး၊ ရဟန်း ဘုန်းတော်ကြီး အပါး ပေါင်း (၈၀)ကျော်၊ သင်းကွဲ ညီအစ်ကို ခရစ်ယာန်ဆရာတော်များနှင့် ကိုရင် သီလရှင်ဘာသာဝင် စုစုပေါင်း (၂၀၀၀)ခန့် တက်ရောက်ကြသည်။

    မစ္ဆား ပူဇော်ပွဲအပြီးတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို ရွှေထီး (၄)လက်မိုးထားသော ပန်းကား အလှယာဉ်ပေါ်တွင် တင်ဆောင်၍ ရှေ့ဆုံးမှ ရှေ့ပြေးယာဉ်နှင့် ဆရာတော်ကြီးများတပါးစီ စီးသော ယာဉ်ငယ်များ၊ ထိုနောက်မှ ဆရာတော်၏ ရုပ်ကလပ်တင်ထားသော ပန်းကား၊ ၄င်းနောက်မှ ဘုန်းတော်ကြီးများ၏ မော်တော်ယာဉ်၊ သီလရှင်များ၏ မော်တော်ယာဉ်၊ ကိုယ်ပိုင်ယာဉ်ငယ်များ၊ ဘတ်စ်ကားကြီးများ စီကာစင်ကာ လိုက်ပါ ပို့ဆောင်ကြသည်။ ဆရာတော်ကြီးအား နောက်ဆုံး ဂါရ၀ပြုခြင်းအနေဖြင့် ဓမ္မသီချင်းများ သီဆိုကြသည်။ စိတ်ပုတီးစိတ်ခြင်းဖြင့်မေတ္တာ ဘာဝနာပွားများကာ ဆရာတော်ကြီးအား ဂါရ၀ပြု လိုက်ပါ ပို့ဆောင်ကြသည်။

    ညနေ (၅း၃၀) နာရီတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို သင်္ဂြိုလ်မည့် ကြာနီကန်သင်္ချိုင်းသို့ ရောက်ရှိပါသည်။ သင်္ချိုင်းတော်တွင် ဆရာတော်ကြီးများ၊ ရဟန်းတော်များ ကိုရင်သီလရှင်များ ဘာသာဝင်များ ပါဝင်သော ပရိသတ်ကြီးသည် သူ့နေရာနှင့်သူ စနစ်တကျနေရာယူကြပြီး ဆုတောင်း မေတ္တာပြုကြသည်။ ထို့နောက် ဆရာတော်ကြီးအား နောက်ဆုံး ဂါရ၀ပြုသည့်အနေဖြင့် ပရိတ်သတ်ကြီးသည် “ငါ့ကောင်းကင်အိမ်” ဓမ္မသီချင်းကို သံပြိုင် သီဆိုကာ ပန်းမိုးများ ရွာချရင်း၊ ဆရာတော်ကြီး အာလ်ဖုန်းစ်ဦးသန်းအောင်၏ ရုပ်ကလပ်တော်ကို ဂူသွင်း သင်္ဂြိုလ် လိုက်ကြပါတော့သည်။

ဆက်ရန်

Read More...

Thursday, January 9, 2014

သိုးထိန်းအသံ အမှတ်စဉ် (၉၁)

သိုးထိန်းအသံ အမှတ်စဉ် (၉၁)

Read More...