Monday, November 17, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၅)


ဂျွန်မေရီပယ်ရ်ကိုကို -Fr. John Mary Percoto
အထ္တုပ္ပတ္တိအကျဉ်း(၁၈)

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတို သည်သက္ကရာဇ် ၁၇၂၉ ခုနှစ်၊ ဇွန်လ(၂၅)ရက် နေ့တွင် အီတလီပြည်ဗင်းနစ်မြို့နယ်ရှိ အူဒိုင်းကျေးရွာကလေး၌ ဖွားမြင်ခဲ့သည်။ပယ်ရ်ကိုတိုသည် အီတလီပြည် မွန်ဇာမြို့ ရှိ ဘားရ်နားဘိုက်အသင်းဂိုဏ်းမှ ဦးစီးဖွင့်လှစ်ထားသော စိန်ပေါလ် ကျောင်းတော်ကြီးတွင် ပညာ ဆည်းပူးခဲ့သည်။ ငယ်ရွယ်နုပျိုစင် အချိန်အခါက စ၍ ဘုရားတရားကြည်ညိုမှု၊ ရဟန်းတို့နှင့်ဆိုင်ရာ လုပ်ငန်းများ၌ စိတ်ပါဝင်စားမှုများကို ထက်သန် ရည်မွန်စွာ ပြသခဲ့သည်။ စိန်ပေါလ်ကျောင်းတော်ကြီးမှ အထက်တန်း ပညာရပ်များ ဆည်းပူး အောင်မြင်ပြီးနောက်၊ ဘားရ်နားဘိုက်အသင်းဂိုဏ်းသို့ဝင်ရောက်ခဲ့သည်။ပညာ အရည်အချင်းနှင့် အကျင့်သီလပြည့်ဝသူဖြစ်သည့် အလျောက် သက္ကရာဇ် ၁၇၄၆ ခုနှစ် နိုဝင်ဘာလ (၈) ရက် အသက်(၁၇)နှစ်အရွယ်တွင် ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့ ပြုအပ်သော ကတိသစ္စာ သုံးပါးကိုပြုလုပ်ခဲ့ပြီး၊ ဘားရ်နားဘိုက်အသင်း ဂိုဏ်းဝင်တပါးဖြစ်ခဲ့သည်။

ဆက်လက်၍  အီတလီပြည်မီလန်းမြို့ရှိ တက္ကသိုလ်ကြီးသို့တက်ရောက် ၍ တက္ကသိုလ် ပညာရပ်များကို သင်ကြားခဲ့သည်။ တက္ကသိုလ်ပညာရပ်များ တတ်မြောက် အောင်မြင်ပြီးနောက်၊ ဘိုလိုညားရဟန်းဖြစ် တက္ကသိုလ်ကြီးတွင် ဓမ္မကျန်းဂန်ပညာရပ်များနှင့်ရဟန်းတို့နှင့် ဆိုင်ရာဝိနည်း တော်များကိုသင်ယူခဲ့သည်။ထိုတက္ကသိုလ်ကြီးမှ အောင်မြင်ပြီးဆုံးသောအခါ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် အရပ်အမောင်း မြင့်သည်။ ဖြတ်လပ်မှုရှိသည်။ စိတ်လည်း မြန်သည်။ သို့သော် ဘုန်းကြီးသည် မိမိ၏ မြန်ဆန်သော စိတ်နေသဘောထားကို အစဉ် ချုပ်တည်းသည်။ အရာရာတွင် ပြုံးရွှင်သောမျက်နှာထားကို အစဉ်ဆောင်ယူသည်။ ရဟန်းသိက္ခာကို ခံယူပြီး သည်နောက် ဘားရ်နားဘိုက်အသင်းဂိုဏ်း၏ အခြေခံလေ့ကျင်းရေးကျောင်းတွင် ၀ိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးအဖြစ် တာဝန်ယူထမ်းရွက်ခဲ့သည်။ ဤ တာဝန်သည် အသင်းဂိုဏ်းအတွက် အထူးအရေးပါသော လုပ်ငန်းကို ထမ်းဆောင်ပေးရခြင်း ဖြစ်သည်။ အနာဂတ်ကာလ အသင်းသားများကို မွေးထုတ်ပေးရာဌာန ဖြစ်သည့်အလျောက် ဘုန်းတော်ကြီးပယ်ရ်ကိုတို၏ လမ်းညွှန်မှုသည် အနာဂတ်ခရီးကို လျှောက်လှမ်းရန် ပြင်ဆင်နေကြသော လူငယ်လူရွယ်တို့ အထူးပင် အရေးကြီးလှပေသည်။

သို့သော် ဘုန်းတော်ကြီး၏ စိတ်နှလုံးတွင်း ကိန်းအောင်းနေသော ဆန္ဒမှာ အရှေ့ဖျား တိုင်းပြည်များသို့ စွန့်လွှတ် စွန့်စားသွားရောက်၍ သာသနာပြုလုပ်လိုခြင်း ဖြစ်သည်။ ပယ်ရ်ကိုတိုအား စိတ်အနှောက်အယှက် ပေးမှုတစ်ရပ်မှာ  ၄င်း၏ ချို့တဲ့မှုရှိသည်ဟု ယူဆသော ကျန်းမာရေး အခြေအနေပင် ဖြစ်သည်။ကျန်းမာရေး စစ်ဆေးချက်အရ ဘုန်းတော်ကြီး၌ အဆုတ်ရောဂါရှိသည်ဟု ယူဆခဲ့သည်။ ဘုန်းတော်ကြီးသည် မိမိ၌ ရှိသော ကျန်းမာရေးပြဿနာကို မိမိ အစဉ်အားကိုး အားထားပြုခဲ့သော မယ်တော်အား အပ်နှံထားခဲ့သည်။ တချိန်တည်းမှာလည်း မလျော့သော ဇွဲသတ္တိဖြင့် မိမိအား သာသနာနယ်မြေသို့ စေလွှတ်ပေးပါရန် အထက် အကြီးအကဲများထံသို့ တောင်းခံစာ တင်ခဲ့သည်။ ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ဆုတောင်းပြည့်ခဲ့သည်။ သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ေ ဖဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ဘုန်းတော်ကြီးပယ်ရ်ကိုတိုအား မြန်မာပြည်သို့ သာသနာပြုသွားရန် ရောမမြို့ ၊သာသနာဌာနချုပ်မှ စာချွန်လွှာထွက်ခဲ့သည်။ (၁၉) သာသနာနယ်မြေများသို့ သွားရောက် သာသနာပြုရန် အထက်အကြီးအကဲများထံမှ အခွင့်ပြုချက် လက်ခံရရှိခဲ့သည်။ ထိုနေ့မှစ၍ သာသနာနယ်မြေများများ၌ တွေ့ကြုံ ရင်ဆိုင်ရမည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန် အလို့ငှါ မိမိ အနေအထိုင်၊ အစားအသောက်များကို ခြိုးခြံကျင့်ဆောက် တည်ခဲ့သည်။ စပျစ်ရည်သုံးဆောင်မှုကို ရှောင်ကျဉ်ခဲ့သည်။ မိမိ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား သံယောဇဉ် အဆက်အသွယ်များ ဖြတ်တောက်ခဲ့သည်။အီတလီပြည်မှ ထွက်ခွါသည့်အချိန် အခါထိ မိမိအသိုက်အ၀န်းနှင့် အဆက်အသွယ် မပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာပြည်သို့ ခရီးထွက်ခါနီးတွင် ဘုန်းတော်ကြီး နောက်ဆုံးတွေ့ဆုံ ဂါရ၀ပြုခဲ့သော ပုဂိုလ်ကြီးမှာ ပုဒ်ရဟန်းမင်းကြီး ကလေးမင်း(၁၃) Pope Clement III ပင်ဖြစ်သည်။ ပုဒ်ရဟန်းမင်းကြီးအထံတော်မှ ကောင်းကြီးခံယူလျက် မြန်မာပြည်သို့ ခရီးစတင်ထွက်ခွါခဲ့သည်။

သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ မတ်လ(၁၄) ရက်နေ့တွင် အီတလီပြည်ရှိ တတိယအကြီးဆုံးဖြစ်သေါ လိင်(ဂ)ဟွန်းမြို့ ဆိပ်ကမ်းမှ ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ဘုန်းတော်ကြီး အာဗယ်နတ္တီနှင့် အတူတကွ မြန်မာပြည်သို့ ခရီး စတင်ထွက်ခွါခဲ့သည်။

မိမိတို့ စီးနင်းလိုက်ပါလာသော သင်္ဘောကြီးသည် ဂရိတ်ပြည်၊ ဆိုင်းကလေးဒီးစ် ကျွန်းစုများကို
ဖြတ်သန်း လာခဲ့ပြီး၊ဆိုက်ပရပ်စ်ဆိပ်ကမ်းသို့ ဆိုက်ရောက်ရှိခဲ့သည်။ ထိုမှ တဖန် မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဆီးရီးယားပြည်-အာလက္ကပိုမြို့ဆိပ်ကမ်း၌ ရေကြောင်းခရီးစဉ် တထောက်ဆုံးခဲ့သည်။ တဖန် အာလက္ကပိုမြိုမှ ဒါမာစကုမြို့သို့ ကုန်းကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွါခဲ့သည်။

ထိုအချိန်အခါက ဒါမာစကုမြို့သည် တူရကီပြည်၏ အုပ်ချုပ်ရေးမှုး လက်အောက်ခံဖြစ်ခဲ့သည်။ အချိန်အခါအားဖြင့်လည်း တူရကီနှင့် ခရစ်ယာန်တိုင်းပြည်များ ဘာသာရေး စစ်ပွဲများ ဆင်နွဲနေချိန်ဖြစ်ခဲ့သည်။ သင်္ကန်းဝတ် ဘုန်းတော်ကြီးနှစ်ပါးတို့အား ဒါမာစကုမြို့တွင်းသို့ ၀င်ရောက်လာသည်ကို တွေ့မြင်သောအခါ တူရကီအာဏာပိုင်တို့မှ ၄င်းတို့အား ဖမ်းဆီးချုပ်နှောင်၍ အကျဉ်းထောင်သို့ ခေါ်ဆောင် သွားခဲ့ကြသည်။ အကျဉ်းထောင်အတွင်း၌ ညလုံးပေါက် စစ်ဆေးမေးမြန်းခြင်း ခံရပြီး၊ ညှင်းပန်းနှိပ်စက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် မိမိတို့၌ ပါရှိသော အရှေ့ဖျားသို့ ခရီးသွားလက်မှတ်ကို ပြနိုင်သဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။

ဒါမာုစကုမြို့မှ တဖန် အာရေးဗီးယား သဲကန္ကာရကို  ဆက်လက်  ဖြတ်ကျော် လာခဲ့ကြရပြန်သည်။ အာရေးဗီးယား သဲကန္တာရထဲ၌ ရက်ပေါင်း (၄၀)ကျော်မျှ ခရီးသွားလာခဲ့ရသည်။ သဲကန္တာရ ခရီးလမ်းတွင် ကုလားအုပ်ကိုစီး၍ ၊ဆန်ပြုတ်ကိုသာလျှင် စားသောက်ခဲ့ကြရသည်။ နေ့အချိန်၌ အလွန်ပူပြင်းသော ဒဏ်ကိုခံရပြီး၊ညအချိန်၌မှု အလွန် လွန်ကဲသည့် အအေးဒဏ်ကို ခံကြရပြန်သည်။ ထိုနောက် သဲကန္တရ ခရီးဆုံးမြို့ဖြစ်သည့် ဘက္ကဒက်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ထိုမြို၌ ပင်လယ်ကူး သဘောင်္ဆိပ်ကမ်း မရှိသဖြင့် ၊နောက်ထပ် (၁၂)ရက်တိုင် ခြေလျှင်ခရီးဖြင့် ဘာဇရာ သင်္ဘောဆိပ်ကမ်းမြို့သို့ ဆက်လက် လျောက်ခဲ့ရသည်။ ဘာဇရာဆိပ်ကမ်းမြို့တွင်  အိန္ဒိယသို့ထွက်ခွါမည့် အင်္ဂလိပ်ပိုင် သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်။ ၄င်းသင်္ဘောဖြင့် ဆက်လက်ထွက်ခွါခဲ့ရာ၊ နောက်ထပ် (၂)လ ကြာမျှ ရေကြောင်းခရီးကို ဆက်ခဲ့ကြရသည်။ သင်္ဘောတွင်း၌ ရိက္ခာ မလုံလောက်သဖြင့် ခရီးသည်များအား ရိက္ခာ လျော့ဝေပေးရာ၌ ဘုန်းတော်ကြီးနှစ်ပါးသည် အနည်းဆုံး ခွဲတမ်းကိုရရှိသဖြင့် မသေမရှင် စားသောက်ခဲ့ကြရသည်။ တဖန်သင်္ဘောပေါ်၌ အယုတ်ညံ့ဆုံးသော အလုပ်များ ပင်ပန်းမှုကြီးမားသော လုပ်ငန်းများကို သင်္ဘောကပ္ပတိန်မှ ဘုန်းတော်ကြီးနှစ်ပါးကိုသာလျင် ရွှေးချယ် စေခိုင်းလေ့ရှိခဲ့သည်။ သို့သော် ဘုန်းတော်ကြီးများသည် ခရစ်တော်၏ မဟာဒုက္ခစရိယာကို အတုယူလျက် တွေ့ကြုံခံစားထမ်းရသော အစားဆင်းရဲ၊ အနေဆင်းရဲ၊ အစရှိသည့် ဒုက္ခများ ကို မငြီး မတွား ကြံ့ကြံ့ခံထမ်း၍ ဆောင်ရွက် ပေးခဲ့ကြသည်။

ပယ်ရ်ကိုတိုတို့ စီးနင်းလိုက်ပါလာသော သင်္ဘောသည် အိန္ဒိယပြည် ချန်ဒါနဂေါမြို့၌ ခရီးဆုံးခဲ့သည်။ ချန်ဒါနဂေါဆိပ်ကမ်းမှ တဖန် မြန်မာပြည်သို့ ထွက်ခွါမည့် သင်္ဘောဖြင့် ပြန်လည် ခရီးဆက်ခဲ့ရပြန်သည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ် အောက်တိုဘာလတွင် ဘုန်းတော်ကြီးပယ်ရ်ကိုတိုနှင့် ဘုန်းတော်ကြီး အာဗယ်နတ္တီတို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ချောမောစွာ ရောက်ရှိခဲ့ကြသည်။ ပယ်ရ်ကိုတို၏ အီတလီ-မြန်မာပြည် ခရီးစဉ်သည် စုစုပေါင်း (၁)နှစ် (၇)လ ကြာမြင့်ခဲ့သည်။ ပယ်ရ်ကိုတို၏ အထ္ထုပ္ပုတ္တိကျမ်းကို ရေးသားပြုစုသူ ဒီအမ်၊ ဂရီဖီးနီသည် အောက်ပါအတိုင်း နိဒါန်းပျိုးခဲ့သည်။ (၂၀)

ခရစ်တော်၏ တပ်သားရဲဘော်ကလေးသည် မိမိ အရှင်သခင်၏ အေးချမ်းခြင်း၊ မေတ္တာတရားမျိုးစေ့ကို ကြဲရန် အလို့ငှါ၊ပင်လယ်မုန်တိုင်းကို ဖြတ်ကျော်၍ ၄င်း၊ အရိပ်အာဝါသ ကင်းမဲ့ပြီး၊ ဘေးဒုက္ခ အမျိုးစုံ ပြည့်လျံလျက်ရှိသော သဲကန္တာရကြီးကို၎င်း၊ ရောက်လေရာ အရပ်ဒေသ၌ ခိုကိုးရာမဲ့ ဖြစ်လင့်ကစား၊စွန့်စားမှု ကြီးမားစွာဖြင့် သွားလာခဲ့သူ ဖြစ်သည်။ 

(၁၈)  I. LA ViTA DI MONSIGNOR PERCOTO. By Father Michelangelo Griffini  Undine-Italy 1782
II. BICHOP PERCTO, AUTHOR of THE FIRST BURMESE ALPHABET BY Signor RENZO Carmignani.
III. LA BIRMANIA RENZO CAMIGNANI .ROMA 1950.

(၁၉) BULL of Pope Clement XIII Dated 14th February  1760 Cf. Bullarium Sanctae Congregationis de Propaganda Fide IV Pg.24

(၂၀) La Vita DI Monsignor Percoto .By Father Michelangelo Griffini Undine-  Italy    1782

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတို ဦးဆောင်မှုလုပ်ငန်းများ

သက္ကရာဇ် ၁၇၆၁ ခုနှစ်တွင်၊ မြန်မာပြည်သို့ ရောက်ရှိလာသော ဘားရ်နားဘိုက် သာသနာပြု အဖွဲ့မှ ဘုန်းတော်ကြီး အာဗယ်နတ္တီသည် ရန်ကုန်မြို့ရှိ ၊ယခင် ဘုန်းတော်ကြီး ပီးအိုဂါလီဇီယား တာဝန်ယူ ထမ်းရွက်ခဲ့သော အပြစ်မဲ့ သန္ဓေယူသော သခင်မကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ခဲ့သည်။

ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုတိုသည် အထက် မြန်မာပြည် ချောင်းဦးမြို့သို့ တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့တွင် သီတင်းသုံးနေထိုင်နေသော ဘုန်းတော်ကြီး ပီးအိုဂါလိဇီးယားနှင့် အတူ လက်တွဲ၍ အထက်မြန်မာပြည်ရှိ ကက်သလိခ်သာသနာတော်ကို ပြန်လည် ထူထောင်လုပ်ကိုင် ဆောင်ရွက်ကြရန် စီမံကိန်းများ ရေးဆွဲခဲ့ကြသည်။ သို့သော် ဘုန်းတော်ကြီးပယ်ရ်ကိုတိုသည် ချောင်းဦးမြို့သို့ ရောက်ပြီး၊ များမကြာမီ အသည်းအသန် ဖျားနာခဲ့သည်။ ကုသရန် ဆေးဝါးမရှိ၊ ဘုန်းတော်ကြီး ပီအိုဂါလီဇီယား၏ အားပေး နှစ်သိမ့်မှု ကိုသာ ခံစားရရှိခဲ့သည်။

မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့သည် ကောင်းကင်ရံရှိ ကြယ်တံခွန်များပမာ အမှတ်မထင် ပျောက်ကွယ် သွားတတ်ကြသည်။ သက္ကရာဇ် ၁၇၆၃ ခုနှစ် ဖေဖေါ်ဝါရီလပိုင်းတွင်၊ဘုန်းတော်ကြီး ပီးအိုဂါလီဇီယားသည် ရုတ်တရက် ဖျားနာလာခဲ့ပြီး၊ ဘုန်းတော်ကြီး ပယ်ရ်ကိုတို လက်ဝယ်မှာပင် ပျံလွန်တော်မူခဲ့သည်။ ဘုန်းတော်ကြီး ပီးအိုဂါလီဇီယား၏ ဈာပနအခမ်းအနားကို ချောင်းဦးမြို့မှာပင် ကြီးကျယ် ခမ်းနားစွာပြုလုပ်ခဲ့ပြီး သင်္ဂြိုလ်ခဲ့ကြသည်။ တဖန် သက္ကရာဇ် ၁၇၆၄ ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့စွဲပါ ဘုန်းတော်ကြီး ပယ်ရ်ကိုတို၏ စာတစောင်တွင် အောက်ပါအတိုင်း ဖတ်ရှုရပြန်သည်။ (၂၁)

‘’ဒကာကြီးထံသို့ ပထမအကြိမ် အဖြစ် စာရေးလိုက်ရပါသည်။ ဤပထမဆုံးရေးလိုက်သော စာထဲမှာပင် ဒကာကြီးအား ၀မ်းနည်းကြေကွဲဖွယ်ရာ သတင်းကို ပါးလိုက်ရပါသဖြင့် စိတ်မကောင်းဖြစ်မိပါသည်။ ဒကာကြီး၏သားတော် ဘုန်းတော်ကြီး အာဗယ်နတ္တီသည် မမျှော်လင့်ပဲ အခြေအနေ အလွန်ဆိုးဝါးသော ရောဂါဝေဒနာဖြင့် အသက်အရွယ် နုပျိုစဉ် အချိန်မှာ ပျံလွန်တော်မှုသွားရှာပါသည်။

 ဘုန်းတော်ကြီး အာဗယ် နတ္တီသည် လွန်ခဲ့သော ၁၇၆၂ ခုနှစ်၊ ဇူလိုင်လတွင် ပဲခူးတစ်ဝိုက်ရှိ ကျေးရွာများသို့ တရားဒေသနာတော် ဟောကြားဘို့ ခရီး ထွက်ခွါခဲ့ပါသည်။ အောက်မြန်မာပြည်တွင် မိုးကြီးသော ရာသီဖြစ်သည်။ ကိုယ်တော်သည် မိုးရေထဲတွင် ခရီးထွက်ခဲ့ရသည်။ မရှိ ဆင်းရဲသားများကို ထောက်ပံ့ပေးဘို့ ချွေတာစုဆောင်းသော အားဖြင့် ခြေနင်းမစီး ခရီးလှည့်လည်ခဲ့ရာ ထိုခရီးစဉ်၌ အအေးမိပြီး လည်ပင်းရောင်ရောဂါဖြစ်ပွား ခဲ့ပါသည်။ နောက်ဆုံး၌ အစာမ၀င်နိုင်တော့ပဲ အဖျား ၀င်လာခဲ့ပါသည်။ အိပ်ရာထဲ၌ (၁၁)ရက် ကြာခံစားရပြီး၊ ခြေထောက်များ ရောင်ယမ်းလာကာ ၊ အစားအသောက် မသုံးဆောင်နိုင်တော့ဘဲ အားအင်ချိနဲ့ ပြတ်ခဲ့ရပါသည်။ ဤရောဂါနှင့်ပင် ၁၇၆၃-ခုနှစ် ၊ဧပြီလ (၅)ရက်၊ ပါစကားပွဲနေ့ကြီး မှာပင် ပျံလွန်တော်မှုခဲ့ရှာပါသည်။’’


(၂၁) Extract from Fr. Pecoto’s Letter Dated  5.1.1764 Cf.The Guardian    Sept.1962 pg  18

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၆)

Read More...

Monday, November 10, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၄)


ဆရာတော်ဂျွန်မေရီပယ်ရ်ကောတို

မွေးနေ့။  ။၁၇၂၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်၊အီတလီ၊ဗင်းနစ်မြို့နယ်၊အူဒိုင်းရွာ။
  ။၁၇၆၁ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်ရောက်ရှိသည်။
  ။၁၇၆၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်၊ရန်ကုန်တွင်ဆရာတော်ဘိသိက်မင်္ဂလာခံယူသည်။
  ။၁၇၇၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊အင်းဝတွင်ပျံလွန်တော်မူသည်။


အခန်း(၆)
ဆရာတော်ဂျွန်မေရီပယ်ရ်ကောတို
သမိုင်းအချူပ်ဖြစ်တော်မူသော ထာဝရဘုရားသခင်၏ သမိုင်း လက်ရာတော်ကို ကျွန်ုပ်တို့ သမိုင်းပုထုဇဉ် လူသားများက ဖြေရှင်းပေးနိုင်းစွမ်း မရှိသည့် လူဘာဝ ပုစ္ဆာများကားများပြားလှပေစွာဟု ဆိုခဲ့ပေသည်။ ခရစ်တော်ဘုရား တည်ထောင်ခဲ့သော အသင်းတော်သည် လောက နိဗ္ဗာန်မဟုတ်။ ခရစ်တော်၏ နောက်လိုက် တပည့်သားရင်းများသည်ပင် မိမိတို့အရှင်သခင် လျှောက်လှမ်းခဲ့သည့် ဘ၀လမ်းကြောင်းအတိုင်း ထက်ကြပ်မကွာ လိုက်ကြရမည် ဖြစ်သည်။ ဓမ္မဟောင်းခေတ် ကာလ၌ ထာဝရဘုရားသခင် ရွေးကောက်တော်မူသော ဂျူးလူမျိုးစုသည် အလွန် သာယာဝပြောသော ကန်နန်ပြည်သို့ ခရီးပြုခဲ့ကြသည့်အခါ၊ အလွန်ကြမ်းတမ်း ခက်ထန်သော တောကန္တာရကြီးကို နှစ် ပေါင်း(၄၀)ကျော်မျှ ကြာအောင် ဖြတ်သန်း လာခဲ့ကြရသည်။  ဓမ္မသစ်ကာလတွင် ကောင်းကင်ရှိ ဂျေရုဆလိင် မြို့တော်ကြီးသို့ ခရီးပြုနေကြသည့် ခရစ်ယာန် ဘာသာဝင်အပေါင်း တို့သည်လည်း ဤလောကဓံတရား အတွင်းရှိ အလွန်ကြမ်းတမ်းသော ဘ၀ခရီးစဉ်ကို “ ၀” ကွက်ပြီး ရှောင်သွေ သွားနိုင်ကြသည် မဟုတ်ပေ။ လူ့ဘoတွင် ဘ၀၏ လိုအင်ဆန္ဒများကို ပြည့်ပြည့်စုံစုံ ခံစားနိုင်ကြရသကဲ့သို့၊ ဘ၀၏ ပြင်းထန် ခက်ခဲလှသည့် ဒုက္ခမုန်တိုင်းများကိုလည်း အနည်းနှင့် အများ မလွဲမသွေ ရင်ဆိုင် တွေ့ဆုံကြရမည် ဖြစ်သည်။

သာသနာတခုလုံး၏ သမိုင်းကို လေ့လာကြည့်ပါက ယနေ့ထက်တိုင် လောကဓံ တရား၏ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်လျက် ရှိသည်ကို တွေ့ရှိရပေမည်။ ထိုဒဏ်ရာ ဒဏ်ချက်တို့ကို ကုသပေးရန် သမားတော် လိုအပ်ပေသည်။ ထိုသမားတော်မှာ ထာဝရ ဘုရားသခင် ဖြစ်တော်မူသည် ထာဝရ တည်မြဲတော်မူသော မေတ္တာ ဂရုဏာတော်ရှင် ဖြစ်တော်မူသည်။ ဤ မေတ္တာဂရုဏာတော်၏ အရိပ်အာဝါသ အောက်၌ ခိုလှုံကြမှသာလျင် လူ့ဘ၀ ပြသနာရပ်များကို ဖြေရှင်း ပေးနိုင်ကြမည်ဖြစ်သည်။ အဖြေစုံကို မရရှိနိုင်ကြစေကာမူ၊ တွေ့ကြုံ ရင်ဆိုင်ကြရသည့် ပြဿနာရပ်များကို တည်ကြည် ခိုင်မြဲသော သံမဏိ စိတ်ဓါတ်ဖြင့် ရင်ဆိုင် တို့းဝှေ့နိုင်ကြမည် ဖြစ်သည်။

ဤသို့သော စိတ်ဓါတ်မျိုးကို မြန်မာပြည်ရောက် ဘားရ်နားဘိုက်အသင်းဂိုဏ်းသားတို့သည် တင်းပြည့် ကျပ်ပြည့် မွေးမြူထားကြသည်ကို သမိုင်းတွင် တွေ့မြင်ကြရသည်။ သက္ကရာဇ် ၁၇၆၀ ခုနှစ်၊ ဇွန်လ(၈)ရက်နေ့တွင် မြန်မာပြည် ရန်ကုန် ဆိပ်ကမ်းသို့ အီတလီပြည်မှ ဘားရ်နားဘိုက် အသင်းဂိုဏ်းသား (၂)ပါး တို့သည် ဆိုက်ရောက် လာကြပြန်သည်။ ၄င်းတို့မှာ အောက်ပါပုဂိုလ်တို့ ဖြစ်ကြသည်။

၁။ဘုန်းတော်ကြီး ဆေဘာစတီအန်းနို ဒေါ်နတ္တီ
(Rev.Fr. Sebastiano Donati)
၂။ ဘုန်းတော်ကြီး ပီးအို ဂါလိဇီးယား
(Rev.Fr. Pio Gallizia)
ဘုန်းတော်ကြီး ပီအို ဂါလီဇီးယားသည် ယခင်က မြန်မာပြည်သို့ ရောက်ရှိလာခဲ့ဘူးသော ဘုန်းတော်ကြီး ဂါလိဇီးယား၏ တူသားရင်း ဖြစ်သည်။

သက္ကရာဇ် ၁၆၁၃ ခုနှစ်က အနောက်ဘက်လွန်မင်းတရားကြီးသည် သန်လျင်ရှိ ပေါ်တူဂီ အမျိုးသားများကို အထက်မြန်မာပြည်သို့ ပို့ဆောင်ပေးခဲ့သည်။ ၁၇၅၆ ခုနှစ်တွင်လည်း မြန်မာပြည် တပြည်လုံးကို စုစည်း ဖွဲ့စည်းပေးခဲ့သော အလောင်းဘုရားသည် မွန်တို့၏ အချက်အခြာဖြစ်သော သန်လျင်မြို့နှင့် ပဲခူးတို့ကို သိမ်းပိုက်ယူစဉ်က၊ ရှေးယခင် မြန်မာမင်းများကဲ့သို့ အလားပင်၊ သန်လျင်မြို့တွင် အခြေချနေထိုင်ကြသော ပြင်သစ်အုပ်စုကို အထက်မြန်မာပြည်သို့ ပို့ဆောင် ပေးခဲ့ပြန်သည်။

သန်လျင်မြို့ရှိ အနောက်တိုင်းသားတို့၏ ရန်ဆွယ်အင်အားကို ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသဘောင်္များ ဆိုက်ကပ်ရာ သန်လျင်ဆိပ်ကမ်းမြို့ကိုလည်း ရန်ကုန်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ ယခင်က  "ဒဂုံ" ဟုအမည်ရှိသော နေရပ်တွင် ရန်ဆွယ်များ၊ ရန်သူများ၊ အားလုံး ချုပ်ငြိမ်းသွားသည် ဖြစ်သဖြင့်၊ ၄င်းမြို့ကိုလည်း "ရန်ကုန်"ဟူ၍ တွင်စေခဲ့သည်။ ရန်ကုန်မြို့သည်လည်း ၁၇၆၀ ခုနှစ်မှ စပြု၍ စည်ကား သိုက်မြိုက်လာခဲ့ခြင်း ဖြစ်သည်။

အလောင်းဘုရား နိုင်ငံတော်ကို ပြန်လည် ထူထောင်ပေးသည့် နောက်ပိုင်းတွင် မြန်မာပြည်၌လည်း ပြည်တွင်း အေးချမ်းသာယာမှု တဟုန်ထိုး တိုးတက် မြင့်မားလာခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်သို့ ရောက်ရှိလာကြသော ဘားရ်နားဘိုက် အသင်းသားများအတွက်လည်း သာသနာလုပ်ငန်းများကို ဖြောင့်ဖြောင့်ဖြူးဖြူး ဆက်လက် လုပ်ကိုင်နိုင်ခဲ့ကြသည်။

သာသနာ တာဝန်များ ခွဲဝေလုပ်ဆောင်ခြင်း

(က) ရန်ကုန်သာသနာ (အောက်မြန်မာပြည်)

ရှေး ဒဂုံ အမည်တွင်ခဲ့သော ရန်ကုန်မြို့တွင် ကက်သလိခ် သာသနာထွန်းကားခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ကက်သလိခ် ဘာသာဝင် ပုဂိုလ်အများစုမှာ နိုင်ငံခြားမှ လာရောက် လုပ်ကိုင်သောကုန်သည်ကြီးများ ဖြစ်ကြသည်။ ယင်းတို့၏ ဘာသာရေး ၀န်ဆောင်မှုအတွက် ပေါ်တူကီတိုင်းရင်းသား ကက်သလိခ်ဘုန်းကြီးများမှ အကျိုးပြု သယ်ပိုး ထမ်းရွက်ပေးကြသည်။ ၇န်ကုန်မြို့ပေါ်တွင် ကက်သလိခ်ဘုရားရှိခိုးကျောင်း (၂)ကျောင်း ရှိခဲ့သည်။ ရန်ကုန် တောင်ကြီးကွေ့ အရှေ့ဘက်ယွန်းစီတွင် ရှိသော တပ်ကလေး ဟူသည့် အရပ်တွင်  "စိတ်ပုတီးသခင်မ ဘုရားရှိခိုးကျောင်း" တည်ရှိခဲ့သည်။ တဖန် ၄င်းနှင့် မနီးမဝေးတွင်  "အပြစ်မဲ့ သန္ဓေယူသော သခင်မ ဘုရားရှိခိုးကျောင်း" ရှိသည်။ ဘုန်းတော်ကြီး ပီးအိုဂါလိဇီးယာ သည် ဤကျောင်းတော်တွင်  ကျောင်းထိုင် ရွေးချယ်ခဲ့သည်။ သန်လျင်မြို့ရှိ မယ်တော်ကျောင်းသည် စစ်တွင်း ကာလက ပျက်စီးမှုများကြီးမားခဲ့သည့် အပြင် သန်လျင်မြို့သည် ယခင်ကဲ့သို့ စည်ကားမှုများ မရှိတော့သဖြင့် ဘုန်းတော်ကြီး ပီအို ဂါလိဇီးယားသည် ရန်ကုန်မြို့မှာတွင် ကျောင်းထိုင် ရွေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

(ခ) ချောင်းဦး သာသနာ (အထက်မြန်မာပြည်)

ဘုန်းတော်ကြီး အသစ် (၂)ပါး ရောက်ရှိလာခဲ့သော သက္ကရာဇ် ၁၇၆၀ ခုနှစ်တွင် မြန်မာမင်းသည် နောင်တော်ကြီး (၁၇၆၀-၆၃) ဖြစ်သည်။ နောင်တော်ကြီးမင်းသည် အင်းဝမြို့တော်မှ စစ်ကိုင်းသို့ ရွှေ့ပြောင်း နန်းတည်ခဲ့ခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး ဆေဘတ်စတီအန်း နိုး ဒေါ် နတ္တီသည် အထက်မြန်မာပြည်သို့ ရောက်လျင် ရောက်ချင်း နောင်တော်ကြီးမင်းအား သွားရောက် တွေ့ဆုံ ဂါရ၀ပြုခဲ့သည်။ အထက် မြန်မာပြည်ရှိ ကက်သလိခ်သာသနာတွင် သိုးထိန်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် ဘာသာရေး၌  ကျဆင်းနေသည်ကို တွေ့ရှိရသည်။ ကက်သလိခ် ဘာသာဝင်များသည်လည်း မိမိတို့ ဘာသာရေးအကျိုးကို သယ်ပိုး ထမ်း၇ွက်ပေးမည့် ဘုန်းတော်ကြီး ရောက်ရှိလာသဖြင့် အထူးပင် နှစ်ထောင်း ၀မ်းသာ အားရ ဖြစ်ကြရသည်။ ဘုန်းတော်ကြီးသည်လည်း ယခင်က အင်းဝတွင်ရှိသော ကက်သလိခ်သာသနာချုပ်ကို ချောင်းဦးမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် ဘုန်းတော်ကြီး ဆေဘတ်စတီအန်းနိုး ဒေါ်နတ္တီသည် သာသနာလယ်ကွင်းပြင်၌ မိမိ မျှော်မှန်းထားသည့် အတိုင်း နေထိုင် မသွားရဖြစ်ခဲ့ရသည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရေဖျင်းရောဂါဖြင့် ချောင်းဦးမြို့၌ ငြိမ်သက်စွာ ဦးခေါင်း ချခဲ့လေသည်။ ဘုန်းတော်ကြီး ဒေါ်နတ္တိသည် အထက်မြန်မာပြည်၌ အလွန်တိုတောင်းသော အချိန်ကာလပိုင်းသာလျင် သီတင်းသုံး နေထိုင်သွားခဲ့သည်။ သို့သော် ထို တိုတောင်းလှသော အချိန်ပိုင်းမှာပင် ဘာသာဝင်တို့၏ ကြည်ညို လေးစားမှုကိုသာ ဖမ်းစားခဲ့ရသည် မဟုတ်၊ နောင်တော်ကြီးမင်း ကိုယ်တိုင် ဘုန်းတော်ကြီး အပေါ် အထူးပင် ကြည်ညို တရားပွားများခဲ့သည်။ ဘုန်းတော်ကြီး၏ ပါရမီ ကျင့်စဉ်ကို နှစ်ခြိုက်တော်မူသဖြင့် နောင်တော်ကြီးမင်းသည် သူကဲ့သို့ အလားရှိမည် ထင်သော အောက်မြန်မာပြည်ရှိ ဘုန်းတော်ကြီး ပီးအိုဂါလီဇီးယားကို အထက်မြန်မာပြည်သို့ ကြွမြန်းလာရောက် သီတင်းသုံး နေထိုင်ပါရန် ဖိတ်ကြားခဲ့သည်။ 

ဘုန်းတော်ကြီး ဂါလိဇီးယားသည်လည်း ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်ကို အမြန်ဆုံး တုန့် ပြန်ခဲ့သည်။ အထက် မြန်မာပြည်ရောက် ဘုန်းတော်ကြီး ပီအို ဂါလီဇီးယားသည် ချောင်းဦးရှိ ကက်သလိခ် ဘာသာဝင်များအတွက် ၀ိညာဉ်ရေးရာ ဘာသာရေး ဆောင်ရွက်မှုများကို ထမ်းရွက်ပေးခဲ့သည်။ နောင်တော်ကြီးမင်းနှင့်လည်း အကျွမ်းတ၀င် ခင်မင် ရင်းနှီးမှု ရရှိခဲ့သည်။ နောင်တော်ကြီးမင်း အနေဖြင့်လည်း ဘုန်းတော်ကြီးအား မိမိ နန်းတွင်း  နန်းဆောင်များသို့ အတားအဆီးမရှိ အချိန်အခါ မရွှေး ၀င်ထွက်ခွင့် ပေးထားခဲ့သည်။ ထိုပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့်လည်း ချစ်ခင်ရင်းနှီးစွာ ကူးလူး ဆက်ဆံခဲ့သည်။ ဘုန်းတော်ကြီး ဂါလီဇီးယားသည် ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ မြန်မာစာပေ ပါဠိစာပေများကိုလည်း စိတ်ပါဝင်စားစွာ လေ့လာ လိုက်စား သင်ယူခဲ့သည်။ ဤစာပေများကို ကောင်းစွာ တတ်မြောက်သောအခါ ခရစ်ယာန်ဘာသာရေး ကျမ်းဂန်များကို မြန်မာစာဖြင့် မိမိ ကိုယ်တိုင် ရေးသားပြုစုခဲ့သည်။

သာသနာ လုပ်သားသစ်များ ထပ်မံရောက်ရှိလာခြင်း။

မြန်မာပြည် ကက်သလိခ်သာသနာအတွက် တပါးတည်း ကျန်ရစ်ခဲ့သော ဘုန်းတော်ကြီး ပီးအိုဂါလီဇီးယားအား ကူညီပေးရန် အီတလီပြည်မှ သာသနာပြု ပုဂိုလ်များ ထပ်လောင်း ရောက်ရှိ လာခဲ့ကြသည်။ သက္ကရာဇ် ၁၇၆၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘုန်းတော်ကြီး ဂျွန်မေရီပယ်ရ်ကိုကို (Fr. John Mary  Percoto) နှင့် ဘုန်းတော်ကြီး အာဗယ်နတ္တိ (Fr.Avenati) တို့သည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။ 

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၅)

Read More...

Thursday, October 30, 2014

အင်းဝရောက်ခြေရာများ - အပိုင်း (၁၃)

သမိုင်း အချုပ်ဖြစ်တော်မူသော ထာဝရဘုရားသခင်၏ သမိုင်းလက်ရာတော်၌ ကျွန်ုပ်တို့ ပုထုဇဉ် လူသားတို့ နားမလည် ဖြေရှင်း မပေးနိုင်သော ဘ၀ပဟေဠိ ပုစ္ဆာများကား အလွန် နက်နဲလှသည်။ အီတလီပြည်မှ ပထမခရီးစဉ်တွင် လိုက်ပါလာကြသော သာသနာပြု (၂)ပါးတို့၏ သင်္ဘောကြီးသည် အတ္တလန္တိတ် သမုဒ္ဒရာပင်လယ်ပြင်ကြီး တနေရတွင် ကမ်းခြေနှင့်အလွန်ဝေးကွာလှသည့် ရေနက်ပိုင်း၌ နစ်မြုပ်သွားခဲ့သည်။ ၄င်းသင်္ဘောတွင် စီးနင်းလိုက်ပါလာကြသော ခရီးသည် တဦးမကျန် ရေတွင် နစ်မြုပ်ပြီး အသက်များ ဆုံးရှုံးခဲ့ကြရသည်။ တဖန် ကျန်ရှိသော သာသနာပြု(၂)ပါးတို့သည်လည်း ပင်လယ်ပြင်ကြီးကို ချောမွေ့ အောင်မြင်စွာ ဖြတ်သန်းလာခဲ့ကြပြီး၊ မြန်မာရေနက် ကမ်းခြေအရောက် မုတ္တမ ပင်လယ်ကွေ့အနီးတွင် သင်္ဘောပျက်သွားသဖြင့် ၄င်းသာသနာပြု(၂)ပါးတို့သည်လည်း ထာဝရဘုရားသခင်၏ ရင်ခွင်ဝယ် မြန်မာ့ရေပြင်မှာပင် အိပ်စက် အနားယူခဲ့ကြရသည်။

        ဘုန်းတော်ကြီး နယ်ရီးနီအား မြန်မာပြည် ကက်သလိခ်သာသနာတော် အတွက် ဆရာတော်အဖြစ် ရွှေးချယ်တင်မြှောက်လိုက်သော ပုပ်ရဟန်းမင်းကြီး၏ စာချွန်လွှာနှင့် အတူ အီတလီမှ ပေးပို့လိုက်သော သာသနာ အသုံးအဆောင်ပစ္စည်းများ အားလုံးသည်လည်း ပင်လယ် ရေပြင်အောက်သို့ ရောက်ရှိသွားခဲ့ရလေသည်။ အားသစ်များဖြစ်သော ဘုန်းတော်ကြီး(၄)ပါးတို့၏ အသက် ဆုံးရှုံးမှုကြီးသည် ဘုန်းတော်ကြီးနယ်ရီးနီ မျှော်မှန်းထားသော သာသနာ ပန်းတိုင်ခရီးလမ်းကို ဝေးကွာစေခဲ့သည်။ ထို့အပြင် အဆိုပါ ဘားရ်နားဘိုက် သာသနာပြု (၄)ပါးတို့ကို ဆုံးရှုံးလိုက်ခြင်းသည် မြန်မာပြည်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာသော ဘားရ်နားဘိုက် အသင်းဂိုဏ်းသားတို့၏ သမိုင်း အကွက်တကွက်ဖြစ်မည့် သမိုင်း ပန်းချီကားချပ်တချပ်ကိုလည်း ကျွန်ုပ်တို့ မြန်မာပြည် ကက်သလိခ်သာသနာ သမိုင်းမှ နစ်မြုပ် ပျောက်ဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုရပေမည်။

    ဘုန်းတော်ကြီး  နယ်ရီးနီသည် သာသနာပြုပုဂိုလ်များအား မိမိထံသို့ စေလွတ်လိုက်သည့် သတင်းကို
ကြားသိရသောအခါ အတိုင်းမသိ ၀မ်းသာ ၀မ်းမြောက်ခြင်း ဖြစ်ခဲ့သည်။ သို့သော် ထိုသို့ ၀မ်းသာလိုက်ရခြင်းမှာ  ကောက်ရိုးမီးတမျှသာ ကြန့်ကြာလိုက်ခြင်း ဖြစ်သည်။ မိမိ စောင့်မျှော်နေသော သာမဏေ ညီတော်နောင်တော်များမှာ ကောင်းကင်ယံမှ မိုးသားများ တိမ်သားများ ပျောက်ကွယ်သွားကြသည့် အလား   ရေ၌ နစ်မြုပ်သေဆုံးရသည့် သတင်းကို များမကြာမီ ကြားသိလိုက်ရခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး နယ်ရီးနီ၏ နောက်ဆုံးသော နေ့ရက်များ
        အေးချမ်းတည်ငြိမ်နေသော သန်လျင်မြို့ကား များမကြာမီမှာပင် နိုင်ငံရေး လှိုင်းဂရက်များ လွမ်းမိုးလာခဲ့တော့သည်။ သက္ကရာဇ် ၁၇၅၃ ခုနှစ် ဇန်န၀ါရီလပိုင်းမှ စ၍ အလောင်းဘုရားသည် မြန်မာပြည် တပြည်လုံး စည်းလုံးမှုရအောင် ဆောင်ရွက်ခဲ့သည်။ ပြည်၊ မြန်အောင်၊ ဒဂုန် အစရှိသော နယ်မြေအားလုံးကို မိမိ အုပ်ချုပ်ရေးလက်အောက်သို့ ပို့ဆောင်ခဲ့သည်။ သက္ကရာဇ် ၁၇၅၄ ခုနှစ်တွင် အလောင်းမင်းဘုရားသည် တန်ခိုး ကြီးမားလာခဲ့သည်။ တချိန်တည်းမှာပင် အနောက်တိုင်း
မှ ဗြိတိသျှ၊ ပြင်သစ်တို့သည်လည်း အရှေ့တိုင်းများတွင် ကိုလိုနီနယ်ပယ်များ ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်ချိန် ဖြစ်ခဲ့သည်။ သက္ကရာဇ် ၁၇၅၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် အလောင်းဘုရားနှင့် မဟာမိတ် ပြုလုပ်လိုကြောင်း စကားကမ်းလှမ်းခဲ့သည်။ ပြင်သစ်တို့ကလည်း အချိန်တည်းမှာပင်  အောက်မြန်မာပြည်ရှိ မွန်တို့နှင့် မဟာမိတ်ဖွဲ့ခါ ပူးပေါင်းခဲ့ကြသည်။

သက္ကရာဇ် ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားသည် အောက်မြန်မာပြည် မွန်တို့ စီးပွားရေး အချက်အချာဖြစ်သော သန်လျှင်မြို့ကို စတင် တိုက်ခိုက်ခဲ့သည်။ မွန်တို့၏ မဟာမိတ်ဖြစ်သော ပြင်သစ်တို့မှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ အလောင်းဘုရားသည် သန်လျင်ကို  လွယ်လင့်တကူ မချိုးဖေါက် နိုင်သဖြင့် တပ်စခမ်းများချ၍  လပေါင်းများစွာ မြို့ကို ၀ိုင်းရံ စီးထားခဲ့ရသည်။ အချိန်တည်းမှာပင် မွန်တို့၏ မဟာမိတ်ဖြစ်သော ပြင်သစ်တို့ကလည်း အိန္ဒိယပြည်၊ ပွန်ဒါချယ်ရီမှ မိမိတို့အတွက် စစ်ကူများ လာလိမ့်မည်ဟု မျှော်လင့် တမ်းတခဲ့ကြသည်။

    ထိုသို့ စောင့်မျှော်သည့်အတိုင်း ပွန်ဒါချယ်ရီ မှ ပြင်သစ်စစ်ကူများလည်း ရောက်ရှိလာခဲ့ကြသည်။ ၄င်းပြင်သစ် စစ်ကူများအား အလောင်းဘုရားမှ  စီးကြို တိုက်ခိုက်တော့သည်။ အလောင်းဘုရား၏ စစ်သည်တော်များသည် စစ်ရေးနိုင်ကြပြီး၊ ပြင်သစ်ပိုင် စစ်သင်္ဘောနှစ်စင်းကိုလည်း အပြီးအပိုင် သိမ်းယူနိုင်ခဲ့ကြ၏။ ၄င်းညဉ့်ဦးယံ အချိန်မှာပင် အလောင်းဘုရား၏ မဟာတပ်ကြီးသည် သန်လျင်မြို့ကို ချိုးဖေါက်၍   အလုံးအရင်းဖြင့် တိုက်ခိုက် သိမ်းယူလိုက်ကြသည်။ သို့နှင့်ပင် သက္ကရာဇ် ၁၇၅၆ ခုနှစ်၊ ဇူလိုင်လတွင် သန်လျင်မြို့သည် အလောင်းဘုရား၏ လက်အောက်သို့  အပြီးအပိုင်ကျရောက်တော့သည်။

    သန်လျင်မြို့ကို အလောင်းဘုရား၏ တပ်များ ၀ိုင်းရံပိတ်ဆို့ထားမှုကြောင့်  မြို့တွင်း၌ စားနပ်ရိက္ခာများ ပြတ်တောက်ခဲ့သည်။ မြို့တွင်း စစ်ဘေးဒုက္ခသည်များသည် ဘုန်းတော်ကြီး နယ်ရီးနီကျောင်းဝင်းသို့ စုပုံ လာရောက်ခိုလှုံခဲ့ကြသည်။ ဘုန်းတော်ကြီးသည်လည်း ရောက်လာသမျှ စစ်ဘေး
ဒုက္ခသည်များကို ကျွေးမွေး ပြုစုပေးရသည်။ မိမိပိုင်ဆိုင်သမျှ ပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ငွေကြေးများကို ထုတ်သုံးလိုက်ရသည်။ ထိုပြင် မြို့ပေါ် ၌ ကျရောက်နေသော စစ်ဘေးအန္တရာယ်များ အေးငြိမ်းသွားစေရန် မိမိသိုးစုနှင့်တကွ ဘုရားရှိခိုးကျောင်းအတွင်း၌ စုဝေးလျက် နေ့ရောညပါ ဆုတောင်းမေတ္တာများ ပြုခဲ့ကြသည်။ သို့သော် အလောင်းဘုရား၏ တပ်သားများ သန်လျင်မြို့တွင်းသို့ စီးနင်း ၀င်ရောက် တိုက်ခိုက်လာကြသောအခါ အခြေအနေများမှာ ပိုမို ဆိုးရွားလာခဲ့သည်။ တမြို့လုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့သည်။ ပြည်သူ အိုးအိမ်များ ပြာပုံ ဖြစ်ခဲ့ရသည်။ ကိုရင်ကြီး ကာပဲလိုသည်လည်း ဒဏ်ရာ အထိကဖြစ်သူများအား ဆေးဝါး ကုသပေးသည်။ ကျောင်းဝင်းအတွင်း သာလျင်မက မြို့တွင်းသို့ သွားရောက်၍ မိမိကိုယ်တိုင် အသက်ဘေးအန္တရာယ်ကို မငဲ့မကွက်ပဲ စစ်ဘေး ဒုက္ခသည်များကို စောင့်ရှောက် ပြုစုပေးခဲ့သည်။ ထိုသို့ လူနာများကို လိုက်လံရှာဖွေပြုစုနေခိုက် အမြောက်ဆံသင့်၍ ပွဲခြင်းပြီး ပျံလွန်တော်မူခဲ့ရှာသည်။

        မြို့တွင်း၌ တောက်လောင်နေသော မီးကြီးသည်  များမကြာမီ သန်လျင်မယ်တော် ဘုရားရှိခိုးကျောင်းဝင်း အတွင်းသို့ ကူးစက် ပျံ့နှံ့လာကာ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံ အားလုံးကို ၀ါးမျိုခဲ့သည်။ ဘုရားရှိခိုးကျောင်း၏ အမိုးများသည်လည်း လောင်ကျွမ်း ပျက်စီးခဲ့သည်။
ဘုန်းတော်ကြီး နယ်ရီးနီသည် ပစ်ခတ်နေသော သေနတ်ကျည်ဆံများ ဘေးအန္တရယ်မှ ကင်းလွတ်မှု ရရှိရေးအတွက် ကျောင်းဝင်းအတွင်းရှိ ဒုက္ခသည်များနှင့် ကလေးသူငယ်များကို ခေါ်ငင်၍ အမိုးမဲ့ ဘုရားရှိခိုးကျောင်းတော်ကြီးထဲသို့ ၀င်ရောက်လာကြသောအခါ ဘုန်းတော်ကြီး နယ်ရီးနီသည် မိမိ ကိုယ်တိုင်ထွက်၍ ကျောင်းဝင်းအတွင်းရှိ ကလေးသူငယ်များနှင့် အမျိုးသမီးများအား အသက် ချမ်းသာပေးပါရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

သန်လျင်မြို့ကို မွန်-ပြင်သစ်တို့ လက်မှ အောင်မြင်စွာ သိမ်းပိုက်ယူခဲ့သဖြင့် အလောင်းဘုရား၏ စစ်သည်တော်များသည် စစ်အောင်ပွဲကြီးတစ်ရပ်ကို ခံယူခဲ့ကြသည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် ပဲခူး မွန်ဘုရင်နှင့် ရင်းနှီးသူဖြစ်သည့်အလျောက် ဘုန်းတော်ကြီးအပေါ် အလောင်းဘုရားအနေဖြင့် သံသယစိတ်များ သက်ရောက်စေခဲ့သည်။ သို့ဖြစ်၍ အမျက်ထွက်တော်မူပြီး ဘုန်းတော်ကြီးနယ်ရီးနီ၏ ဦးခေါင်းကို မိမိအား ဆက်သရန် မိမိသက်အောက်သားတို့အား မိန့်ကြားခဲ့သည်။ (၁၇)

    ဖြူစင် နူးညံ့သိမ်မွေ့သော စိတ်နှလုံးသား ပိုင်ရှင်ဘုန်းတော်ကြီးနယ်ရီးနီအား မြန်မာစစ်သားတို့ကပင် အကျွမ်းတ၀င် သိရှိနေကြသည် ဖြစ်သည်။ သို့ဖြစ်၍ ဘုရင်မင်းမြတ် တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ပေးရန် စစ်သည်တော်များ အတွက် အခက်အခဲများနှင့် တွေ့ကြုံ ရင်ဆိုင်နေကြရ၏။ သို့သော် ဘုရင့်အာဏကို မလွန်ဆန်နိုင်သည့်အဆုံး ပေါ်တူဂီ အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ဖြတ်ယူခါ အလောင်းဘုရားအား ဆက်ကပ်ခဲ့ကြသည်။ အဖြစ်မှန်ကို သိရှိသွားသော ဘုရင်မင်းမြတ်သည် အမျက်ထွက်တော်မူပြန် သဖြင့် စစ်သည်တို့သည် ဘုန်းတော်ကြီး နယ်ရီးနီ၏ ဦးခေါင်းကို အမှန်အတိုင်း ဆက်သကြရတော့သည်။

    ဘုန်းတော်ကြီးနယ်ရီးနီသည် သန်လျင်မယ်တော် ဘုရားရှိခိုးကျောင်းတော်ကြီး၏ အ၀င်ဝတွင် မတ်မတ်ရပ် လျက်ရှိ၏။ ဘုရားကျောင်းတော်သို့ တပ်သားများ ၀င်ရောက်လာသည်ကို မြင်ရသည်။ တပ်သားများသည် မိမိသိုးစုအား လာရောက် အနှောင့်အယှက်ပြုမည်ဟု အထင်ဖြင့် တောင်းပန်ပေးရန် စောင့်မျှော်နေခြင်း ဖြစ်သည်။ သို့သော် တပ်သားများမှာ သိုးစုအတွက် လာရောက်ခြင်းမဟုတ်၊ သိုးထိန်းတော်အတွက် လာရောက်ကြခြင်းဖြစ်သည်။ မယ်တော်ကျောင်းတော်ကြီး၏ အ၀င်ဝ၌ ရပ်နေသော ဘုန်းတော်ကြီးထံရောက်လျှင် ရောက်ချင်း၊ လှံတံဖြင့် ထိုးဖေါက်လိုက်ရာ ဘုန်းတော်ကြီးသည် ဘုရားကျောင်း ရင်ပြင်ပေါ်သို့ ထိုးလဲကျသွားခဲ့သည်။ သွေးအိုင်တွင်း၌ လူးလှိမ့်နေသော ဘုန်းတော်ကြီးအား ဦးခေါင်းကို ဖြတ်ယူကြခါ ဘုရားကျောင်းမှ ပြန်လည် ထွက်ခွာသွားကြသည်။

    သန်လျင် သိုးထိန်းတော်ကြီးမှာ မယ်တော် ရှေ့မျက်မှောက်၌ ငြိမ်သက်စွာ လျောင်းစက်တော်မူခဲ့ရှာ၏။ ဘုန်းတော်ကြီး နယ်ရီးနီနှင့် ကိုရင်ကြီး အန်ဂျေလိုကာပဲလိုတို့သည် မိမိသိုးစုများကို ကာကွယ် စောင့်ရှောက် အလုပ်ကျွေးပြုစုနေရင်း မိမိတို့ အသက်များကို ထာဝရဘုရားသခင်အား ပူဇော်သွားခဲ့ကြသည်။ မြန်မာပြည်ရောက် ဒုတိယ ဆရာတော်လောင်းသည် ယနေ့ ကောင်းကင်နိုင်ငံတော်မှ မိမိအရှင်ထာဝရဘုရားသခင် အားဖူးမျှော်ရင်း၊ မိမိသိုးစု၏ သားမြေးမြစ် တို့အပေါ်သို့ ကောင်းကြီးမင်္ဂလာများကို ဆက်လက် သွန်းလောင်းပေးလျက်ရှိ နေမည်မှာ
“ငါသည်သိုးထိန်းဖြစ်၏။
 ကောင်းသောသိုးထိန်းသည်
မိမိသိုးအဘို့ငှါ မိမိအသက်ကိုပေး၏”
(ယောဟန် ၊ ၁၀း ၁၁)

(၁၇) i. ”Catholic Mission of the Southern Burma” Bishop Bigandet, Cf.p.9.
     ii. Death of Fr.Nerini. Annales de la Propagation de la Foi. Lyon (1822 – 1903) cf.13, 332-334









ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၄)

Read More...

Monday, October 27, 2014

အင်းဝရောက်ခြေရာများ - အပိုင်း(၁၂)


ထိုကျောင်းတော်ကြီး၏ ကျောင်းဒါယကာ ဒါယိကာမတို့အားလည်း ဂုဏ်ပြုသောအနေဖြင့် ယင်းတို့၏ အမည်စာရင်းကို ကဗည်းထိုးကာ မှတ်တမ်း တင်ပေးခဲ့လေသည်။ ထိုကျောက်စာကို လက်တင်ဘာသာဖြင့် ၄င်း၊ အာမေးနီးယမ်းဘာသာဖြင့် ၄င်း၊ အသီးသီး ဘာသာစကား နှစ်ရပ်ဖြင့် ရေးထိုး မှတ်တမ်းပြုခဲ့သည်။ ဒါယကာကြီး နီကောလာစ် မိသားစုမှ လှူဒါန်းထည့်ဝင်ငွေ ပမာဏမှာ ယင်း ခေတ်ကာလတန်ဘိုး ကျပ်ငွေ ခြောက်သောင်းဖြစ်ခဲ့သည်။

အပြစ်မဲ့သန္ဓေယူသည့် အလွန် မွန်မြတ်သော ကညာမာရီယားသခင်မ၏ ကျောင်း ဗိမာန်ကြီးသည် ယနေ့ထက်တိုင် မားမားမတ်မတ် ရပ်တည်လျက်ရှိသည်။ မဟာ ရန်ကုန်မြို့တော်မှ သန်လျှင်တံတားကြီးကို ဖြတ်ကျော်လျက် တဖက်ကမ်းသို့ရောက်လျှင် ရောက်ချင်း လက်ယာဘက်ရှိ ယနေ့ ဘီ၊အို၊စီ မြန်မာ့ရေနံ ကွင်းကြီးထဲတွင် တောင်ကုန်းမြင့် ကလေးတစ်ခုပေါ်၌ ဤကျောင်းတော်ကြီးသည် ရပ်တည်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သဖြင့် အမိုးများ မရှိ အုတ်နံရံ လေးဘက် လေးနံသာ ကျန်ရှိနေသေးသည်ကို တွေ့မြင်ကြရသည်။ ထိုသို့ ယိုယွင်းပျက်စီးနေသော ဘုရားရှိခိုးကျောင်းဆောင်တွင်း၌ လက်တင်ဘာသာဖြင့် ရေးသားထားသည့် ကျောက်စာကို အောက်ပါအတိုင်း ဖတ်ရှုနိုင်သေးသည်။

TEMPLUM HOC
BEATAE MARIAE VIRGINI
SINE LABE CONCEPTAE
SCARUM
NIC0LAI DE AGUALAR
ET MARGARITAE CONJUGIS
AERE EXTRUCTUM EST
ANN0 DOMINI SANCTO
MDCCL

  အထက်ပါ ကျောက်စာကို အောက်ပါအတိုင်း မြန်မာဘာသာဖြင့် ပြန်ဆို အပ်ပါသည်။

အပြစ်မဲ့သန္ဓေယူသည့် အလွန် မွန်မြတ်သော
ကညာမာရီယာ သခင်မ၏
ဤသန့်ရှင်းမွန်မြတ်သော

ကျောင်းဗိမာန်ကြီးကို
အာမေးနီးယား အမျိုးသား
နီကောလိုင် ဧဧ အာဂွာလာ
နှင့်
ဇနီး မာဂရိတား တို့က
ခရစ်သက္ကရာဇ် ၁၇၅၀ ခုနှစ်တွင်
တည်ဆောက် လှူဒါန်း ပြီးစီးခဲ့သည်။



     သံလျင်ဘုရားကျောင်းဝင်း အတွင်း၌ အလွန် ခန့်ညား တင့်တယ်လှသည့် မယ်တော်ဘုရား ရှိခိုး ကျောင်းတော်ကြီး အပြင်၊ ရဟန်း ဘုန်းတော်ကြီးများ ကျောင်းတိုက်နှင့် မိဘမဲ့ ကလေးများအတွက် ဂေဟာဆောင်များကိုလည်း တပြိုင်တည်း တွေ့ရှိရသည်။ မိဘမဲ့ ကလေးများ အတွက် ဆောက်လုပ်ထားသော ကျောင်းဆောင်ကြီးမှာ (၂)ဆောင် အပြိုင် အဆောက်အဦးကြီး ဖြစ်ခဲ့သည်။ ကျောင်းကြီး အပေါ်ထပ်တွင် အခန်းပေါင်း (၈)ခန်း ရှိပြီး၊ စင်္ကြန်နှစ်ခု ဖွင့်ထားလျက်ရှိသည်။ ဤကျောင်းဆောင်ကြီးတွင် ကျောင်းသားဦးရေ (၄၀)ကျော်ကို ထားရှိနိုင်သည်။ ကျောင်းဆောင်ကြီး၏ အောက်ထပ်တွင်မူ ကိုရင်ကြီး အန်ဂျေလို ကာပဲလို၏ ဆေးပေးခန်း၊ အထွေထွေ အခမ်းအနားများ အတွက် အသုံးပြုရန် ခမ်းမဆောင် တစ်ဆောင်နှင့် မီးဖိုဆောင် တစ်ဆောင်ရှိသည်။ အောက်ထပ်၌လည်း စင်္ကြန်ဖြင့် ၀ိုင်းရံ ပတ်လည် တည်ဆောက်ထားသည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် အဆိုပါ ကျောင်းဆောင်ကြီးအား ယောက်ျားလေးများ အတွက် အသုံးပြုစေပြီး မိန်းကလေးများအတွက် နောက်ထပ် ဘော်ဒါ ကျောင်းဆောင်တစ်ဆောက်ကို ထက်မံ တိုးချဲ့ ဆောက်လုပ်ပေးခဲ့သည်။ အဆိုပါ ကျောင်းဆောင် အသီးသီးသည် အလည်ဗဟိုရှိ မယ်တော်ဘုရား ရှိခိုး ကျောင်းတော်ကြီးကို ၀ိုင်းရံထားကြ၏။ သို့ဖြစ်၍ သန်လျင် ကျောင်းဝင်းကြီးတစ်ခုလုံးသည် အထူးပင် ကြီးကျယ် ခန့်ညားပြီး ကျက်သရေ အပေါင်းနှင့် ဝေဆာလျက် ရှိပေသည်။ ဘုန်းတော်ကြီး နယ်ရီးနီ အနေဖြင့် သန်လျင်ကျောင်းတော်ကို အောက်မြန်မာပြည် ကက်သလိခ် သာသနာတော်၏ ဗဟိုဌာနချုပ်အတွက်  ရည်ရွယ်ချက်ထားရှိခဲ့ခြင်းဖြစ်သည်။

သာသနာလုပ်ငန်း ဆောင်ရွက်ချက်များ။

ဘုန်းတော်ကြီး နယ်ရီးနီသည် မြန်မာ့ပညာရေး လောကအတွက် ရှေးဦး အကျဆုံးဖြစ်သော ဆရာ အတတ်သင်ကျောင်းကိုလည်း စတင် ဖွင့်လှစ်ပေးခဲ့သူ ဖြစ်သည်။ ၄င်း ဆရာအတတ်သင်ကျောင်း၌ ပြဌာန်းထားသော ပညာရေး ဘာသာရပ်များမှာ မြန်မာစာ၊ မွန်စာ၊ ဘာသာပြန်၊ ဂဏန်းသင်္ချာ၊ ပထ၀ီ၊ ရေကြောင်း အတတ်ပညာနှင့်  အခြားသော ၀ိဇ္ဖာ/သိပ္ပံပညာရပ်များကို ခေတ်မီစွာ စနစ်တကျ စီစဉ်ရေးဆွဲ၍ သင်ကြား ပို့ချပေးခဲ့သည်။ အဆိုပါ ဆရာအတတ်သင် ကျောင်းဆင်းများကို မိမိကျောင်း၌ပင် ပြန်လည် အလုပ်ခန့်အပ် ပေးခဲ့လေသည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် အဆိုပါ ကျောင်း၌ မိမိကိုယ်တိုင် စာချ ပုဂိုလ်အဖြစ် ထမ်းရွက်ခဲ့လေသည်။ မြန်မာစာနှင့် မွန်စာတို့ကို ကျောင်းသုံး ဘာသာစကားအဖြစ် လက်ခံ ကျင့်သုံးခဲ့သည်။

သန်လျင်ကျောင်းတော်တွင် လောကီအတတ်ပညာများ သာမက၊ ဘာသာရေး စာပေများကိုလည်း အထူး ကျစ်လစ်စွာ သင်ကြား ပို့ချပေးခဲ့သည်။ သမ္မာကျမ်းစာတော် သင်ကြားပို့ချခြင်း၊ ဓမ္မသီချင်းများ သင်ကြားပို့ချခြင်း၊ အခြားသော ဘာသာရေးစာပေများကိုလည်း သင်ကြားပို့ချခြင်း၊ ပြုခဲ့လေသည်။ အဆိုပါ ဘာသာရေး စာပေများကို ဘုန်းတော်ကြီးနယ်ရီးနီ ကိုယ်တော်တိုင် မြန်မာ-မွန်ဘာသာသို့ ပြန်ဆို ရေးသား ပြုစုပေးထားသည်။ ကျောင်းသူ ကျောင်းသားများနှင့် နောင်တွင် ရောက်ရှိလာကြမည့် သာသနာပြုများ အသုံးပြုရန်အတွက် ဘုန်းတော်ကြီး နယ်ရီးနီသည် မြန်မာအဘိဓာန်နှင့် မွန်အဘိဓာန်စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။

       ကိုရင်ကြီး အန်ဂျေလို ကာပဲလိုသည်လည်း မိမိအခန်းကဏ္ဍမှ သက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပို့ချပေးခဲ့သည်။ ကျောင်းသား ကလေးများအတွက် လက်သမား အတတ်ပညာကို သင်ကြားပို့ချပေးပြီး ၊ မိန်းကလေးများအတွက်မူ အတတ်ပညာရပ်များ ဖြစ်သော ယက်ကန်း အတတ်ပညာရပ်များကို သင်ကြား ပို့ခပေးခဲ့သည်။ သို့ဖြစ်၍ သန်လျင်မယ်တော်ကျောင်းသည် လက်မှု အတတ်ပညာရပ်များ ထွန်းကားရာဌာန အဖြစ်ရောက်ရှိခဲ့သည်။ ၄င်းအပြင် ကိုရင်ကြီးကာပဲလို၏ ဆေးပေးခန်းသည် ပတ်ဝန်းကျင်ရှိ လူထု ကျမ်းမာရေး အခန်းကဏ္ဍအတွက်လည်း အထူး အကျိုးပြု သယ်ပိုးထမ်းရွက်ပေးခဲ့သည်။ ဆေးပေးခန်း၌ လိုအပ်သော ဆေးဝါးများအတွက်မှု ကိုရင်ကြီး ကိုယ်တိုင် ဖော်စပ် အသုံးပြုသော ဆေးဝါးများဖြစ်ကြသည်။

သန်လျင် မယ်တော် ကျောင်းတော်ကြီးသည် ဘာသာရေးဆိုင်ရာ ပွဲလမ်း သဘင်များ၊ ဘာသာရေး ဆွေးနွေးပွဲများ၊ အစရှိသည်များကို မကြာခဏ ကျင်းပ ဆောင်ရွက် ပေးလေ့ရှိသည်။ ဘုန်းတော်ကြီး ကိုယ်တိုင် တရားဓမ္မ ဟောပြောရာ၌ အလွန် ကျွမ်းကျင် ထက်မြက်စွာ ဟောပြောနိုင်သဖြင့်၊ ဘာသာရေး လေ့လာသူများနှင့်လည်း ပြည့်ကျပ်လျက်ရှိခဲ့သည်။ ထိုသို့ ဘာသာရေးလေ့လာသူများကို အယုတ်အလပ် မရွေ့းကြိုဆို လက်ခံလျက် စိတ်ရှည်လက်ရှည် သဘောထား ဖြူစင်စွာဖြင့် ဖြေရှင်း သွန်သင်ပြောပြလေ့ရှိသည်။

ဘုန်းတော်ကြီး နယ်ရီးနီ၏ အထူး ပေါ်လွင်သော အခြားလုပ်ဆောက်ချက်  တခုမှာ ဘုန်းတော်ကြီးသည် ဘာသာရေးပွဲတော်များကို အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလေ့ရှိသည်။ နံနက်ပိုင်းတွင်ပွဲတော် မစ္ဆားပူဇော်ခြင်းပြုလုပ်ရာ၌ အထူး လေ့ကျင့်ထားသော ဓမ္မသီချင်းဆို ကွာရာအဖွဲ့နှင့်သံသာ ကြည်နူးစွာ သီဆိုစေသည်။ ညနေပိုင်းတွင် ဘာသာဝင်များနှင့်အတူ မြို့တော်တွင်းသို့ဘုရား စီတန်း လှည့်လည်ခြင်းများကို အလွန်စည်ကား သိုက်မြိုက်စွာ ပြုလုပ်ပေးသည်။ ထိုသို့ ဘုရားလှည့်လည်ရာ၌ ဥရောပတိုက်များတွင် ကျင့်သုံးလေ့ရှိသော ၀ိနည်း အစီစဉ်များကို လိုက်နာ ကျင့်သုံးလေ့ရှိသည်။ ဆာလံကျမ်းများကို သီဆိုခြင်း၊ ဓမ္မတေးများကို ကျူးရင့် စေခြင်း၊ စိတ်ပုတီးစိတ်ခြင်း၊ အစရှိသော ကက်သလိခ်ဘာသာ၏ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာ ကျင့်သုံးလေ့ရှိသည်။ ဘုရားစီတန်း လှည့်လည်ရာ လမ်းမတလျှောက်လုံး၌ အခမ်းအနားများကို အလွန် လှပစွာ ပြင်ဆင်ထားသဖြင့် ဘုရားလှည့်လည် စီတန်းခြင်းကို မြင်ရသူတိုင်းအတွက် အထူး ကြည်ညိုဖွယ်ရာ ကောင်းလှပေသည်။ စက္ကရမင်တူးများ ပေးသော အခမ်းအနားများကိုလည်း လူအများ သဘောပေါက် နားလည်စေရန် လူထုပရိသတ် အများ ရှေ့ မျက်မှောက်တွင် ပြုလုပ် ကျင်းပပေးလေ့ရှိသည်။ အထူးသဖြင့် ဆေးကြောခြင်း နှင့်ထိမ်းမြားခြင်း စက္ကရမင်တူးများ ပေးရာ၌ ပညာပေး အစီစဉ်များ ထည့်သွင်းပေးပြီး လူအစုဝေးများ ရှေ့မျက်မှောက်မှာပင် ပြုလုပ် ကျင်းပပေးလေ့ရှိသည်။

ကိုရင်ကြီး ကာပဲလိုသည်လည်း ဘုန်းတော်ကြီးအား ဘာသာရေး လုပ်ငန်းဆိုင်ရာများ၌ များစွာ  အထောက်အကူပြုခဲ့သည်။ ဘာသာတရားကို စိတ်ဝင်စား၍ ဘာသာထဲသို့ ၀င်ရောက် လိုသူများအား အခြေခံဘာသာရေး အသိတရားများကို သင်ကြား ပို့ချပေးသည်။ ဆုတောင်း မေတ္တာ ပဌနာတော်များကို သင်ကြား ပို့ချပေးရသည်။ ကိုရင်ကြီး၏ သင်ကြားပို့ချချက်များကို အောင်မြင်စွာ သင်ယူပြီးမှသာလျှင် ဘာသာထဲသို့ ၀င်ခွင့်ပြုသည်။ ဆေးကြောခြင်း ပေးသည်။ သို့ဖြစ်၍ ကိုရင်ကြီးအနေဖြင့် အထူး အရေးပါသော အခန်းကဏ္ဍဖြစ်သည့် အခြေခံ ဘာသာရေး သဘောတရားများ သင်ကြား ပို့ချပေးမှူ တာဝန်ကို ထမ်းရွက်ပေးရသည်။

ဘုန်းတော်ကြီးနှင့်ကိုရင်ကြီးတို့၏ မနားမနေ ကြိုးပမ်း ဆောင်ရွက်ပေးမှုများကြောင့် သန်လျင်မယ်တော် ကျောင်းတော်ကြီးသည် သာသနာတော်ဌာနချုပ် စံချိန်ကိုများ မကြာမီ အချိန်ပိုင်းမှာပင် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဖြစ်မြောက်လာရခြင်းမှာ ဘုန်းတော်ကြီးနယ်ရီးနီသည် လုပ်ငန်းများကို နေ့မအား၊ ညမနား ထမ်းဆောင် ပေးခဲ့သောကြောင့်ဖြစ်သည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် ဆီမီးခွက် မီးရောင်အောက်တွင် ညဉ့်နက်သည်တိုင် ထိုင်၍ နေ့စဉ် ဆောင်ရွက်ရန်ရှိသော ကျောင်းကန် တာဝန်၊ ပညာရေး တာဝန်များကို မလစ်မဟင်းအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဤသို့ မအိမ်မနေ၊ မနားမနေ ကြိုးပမ်း ဆောင်ရွက်ခဲ့သည် အတွက်ကြောင့်လည်း စစ်တလင်း ဖြစ်ခဲ့ရသော သန်လျင်မြို့ ကလေးသည် မေတ္တာ ရေစီးကြောင်းများ အသွင်သွင် စီးဆင်းသည့် အေးချမ်းသာယာ လှပသော မြို့ ကလေး အသွင်သို့ တဟုန်ထိုး ကူးပြောင်းလာခဲ့နိုင်ခြင်း ဖြစ်သည်။ 


ပဲခူးမြို့တော်တွင်လည်း ဘုန်းတော်ကြီး မွန်ဒယ်လီ တည်ဆောက်ခဲ့သော ဘုရားကျောင်းကန်များသည် အထိန်းအကွပ် မရှိခဲ့သဖြင့် ပျက်စီး ယိုယွင်းမူများ ဖြစ်ပေါ်ခဲ့သည်။ ဘုန်းတော်ကြီး နယ်ရီးနီသည် ပဲခူးသို့လည်း သွားရောက်ရပြီး ဘာသာရေး လုပ်ငန်းများနှင့် ပျက်စီး ယိုယွင်းနေသော ကျောင်းဆောင်များ ပြုပြင်ရေးလုပ်းငန်းများကို ဆောင်ရွက်ပေးရသည်။ ရပ်ဝေးရပ်နီးမှလည်း ဘုန်းတော်ကြီးအား လာရောက်ပင့်ဖိတ်ကြသည်။ ထားဝယ်မြို့စား ကိုယ်တိုင် ဘုန်းတော်ကြီးအား လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါမည်ဟု ကတိက၀တ်များပေး၍ မိမိနယ်မြေသို့ ကြွမြန်းလာပါရန် ပင့်ဖိတ် ခေါ်ခဲ့သည်။ ဟိုင်းကြီးကျွန်းရှိ ဗြိတိသျှတို့ ကလည်း မိမိတို့ ထံ လာရောက် တရားဓမ္မကြွရောက် ဟောကြားပေးပါရန် မေတ္တာရပ်ခံ စာချွန်လွှာများ ပေးပို့ခဲ့ကြသည်။

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ဘုန်းတော်ကြီးနယ်ရီနီသည် မိမိနေရပ်နှင့်ရပ်ဝေးများ ပါ မကျန် သွားလာ လှူပ်ရှား လုပ်ကိုင်ဆောင်ရွက် နေရသည်။ အလုပ်များ မနိုင် မနင်းဖြစ်ခဲ့ရသည်။ မိမိအား တာဝန်ခွဲဝေ ထမ်းဆောင်ပေးမည့် လုပ်အားသစ်များ အပူတပြင်း လိုအပ်လာခဲ့သည်။

 ဤလုပ်ငန်း ပြသာနာရပ်ကို ရေတို ဖြေရှင်းပေးရေးအတွက် သန်လျင်ကျောင်းတော်၌ ဆရာအတက်သင် ကျောင်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကျောင်းတော်မှ သင်တန်းဆင်းများသည် မိမိအား အထိုက် အလျောက်သာလျှင် ကူဖော်လောင်ဖက် အဖြစ် အကျိုး ပြုနိုင်ခဲ့ကြသည်။ ဘုန်းတော်ကြီး၏ အဓိက လိုအပ်သော လုပ်အားသစ်များမှာ ရဟန်း ဘုန်းတော်ကြီးများ ဖြစ်ကြသည်။ သို့ဖြစ်၍ အီတလီပြည်သို့ ရဟန်းတော်များ ဆက်လက် စေလွှတ်ပေးရေးအတွက် ပန်ကြားလွှာများကို အလီလီ ရေးသားပေးပို့ခဲ့ရတော့သည်။

သာသနာအမှုတော်ဆောင် သစ်လွင်များ ရောက်ရှိလာခြင်း

သက္ကရာဇ် ၁၇၅၄ ခုနှစ် အရောက်တွင်၊ ရောမမြို့ သာသနာပိုင်ပုပ်ရဟန်းမင်းကြီး ဘယ်နယ် ဒိတ် (၁၄) Pope Benedict XIV သည် မြန်မာပြည်မှ တောင်းဆိုထားသော သာသနာပြုသစ်များ အတွက် စီမံ ခန့်ခွဲ ချမှတ်ပေးခဲ့သည်။ ဘားရ်နားဘိုက်အသင်း ဂိုဏ်းဝင် ဘုန်းတော်ကြီး ( ၄ )ပါးကို ရွေးချယ်ပြီးနောက် မြန်မာပြည် သာသနာနယ်မြေအတွက် ခန့်အပ်လိုက်သည်။ တချိန်တည်းမှာပင် မြန်မာပြည်၌ သီတင်းသုံးနေထိုင်လျက်ရှိသော ဘုန်းတော်ကြီး နယ်ရီးနီအား မြန်မာပြည် ကက်သလိခ်သာသနာအတွက် ဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်လိုက်သည့် စာချွန်လွှာကိုပါ တပါတည်း ပေးပို့လိုက်သည်။(၁၆) မြန်မာပြည်သို့စေလွှတ်ခြင်း ခံရသော ဘားရ်နားဘိုက်သာသနာပြု (၄) ပါးတို့မှာ အောက်ပါ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များဖြစ်ကြသည်။

၁။ ဘုန်းတော်ကြီးဗင်ချင်ဆို ကာစာနိုးဝါး Fr. Vincenzo Casanova
၂။ ဘုန်းတော်ကြီးလေအို လင်းဒါးမန်း Fr. Leo Lindermann
၃။ ဘုန်းတော်ကြီးအာမာဒေအို ဂါဇဲရီ Fr. Amadeo Gazzeri
၎။ ဘုန်းတော်ကြီးဟာမင်းဂဒ် ကွာဒြီယို Fr. Hermingild Quadrio

အဆိုပါ ဘားရ်နားဘိုက် သာသနာပြုအဖွဲ့ (၄)ပါးတို့သည် အဖွဲ့ (၂)ဖွဲ့ခွဲ့၍ သက္ကရာဇ် ၁၇၅၄ ခုနှစ်တွင် အီတလီပြည်မှ ထွက်ခွာခဲ့ကြသည်။ ဘုန်းတော်ကြီးနယ်ရီးနီ၏ အစ်ကိုဖြစ်သူ မစ္စတာ ပီတာသည် သန်လျင်မြို့ သီတင်းသုံးနေထိုင်သော မိမိ ညီတော်အတွက် ကျောင်းသုံး ပစ္စည်းများဖြစ်သော ဘုရားဝတ်ပြုချိန် အသုံးအဆာင်ပစ္စည်းများ။ ဘာသာရေးဆိုင်ရာ စာအုပ်များ၊ စာသင်ကျောင်းဆိုင်ရာ စာအုပ်များ၊ ဆေးဝါးပစ္စည်းများ၊ လက်သမားပစ္စည်းများကို ပေးပို့လိုက်သည်

ဆက်ရန်
အင်းဝရောက်ခြေရာများ - အပိုင်း (၁၃)

Read More...

Friday, August 29, 2014

သိုးထိန်းအသံ အမှတ်စဉ် (၉၅) သြဂုတ် - စက်တာဘာ

သိုးထိန်းအသံ အမှတ်စဉ် (၉၅)
သြဂုတ် - စက်တာဘာ



Read More...

Thursday, August 21, 2014

ချစ်ခြင်းမေတ္တာနှင့်တကွ


Women and the Teaching of Peace ဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ In Communion of Love (ချစ်ခြင်းမေတ္တာ၌ အတူတကွ) ဆိုတဲ့ ခေါင်းစဉ်ခွဲလေးနှစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ပထမဦးဆုံး Woman and the Peace ဆိုတဲ့ ခေါင်းစဉ်ခွဲလေးကို ဖော်ပြပေးပါ့မယ်။ ဒီခေါင်းစဉ်အောက်မှာ ပုပ်ရဟန်းမင်းကြီး (၂၃) ဆက်မြောက် ယောဟန်၏ Peace in Terris ဆိုသည့် ငြိမ်းချမ်းရေး စာခွန်တော်၌ ဖော်ပြထားသည့် ငြိမ်းချမ်းခြင်းနှင့် ပြည့်ဝသော အဖွဲ့အစည်းကို စိတ်ရောကိုပါ ပွင့်ပွင့်လင်းလင်းထားရှိကာ ၎င်း၏တန်ဖိုးကို မြတ်နိုးခြင်းပင် ဖြစ်ပါသည်။ မှန်ကန်ခြင်း၊ တရားမျှတခြင်း၊ ချစ်ခြင်းနှင့် လွတ်လပ်ခြင်းစသည်တို့ကို မြတ်နိုးရမှာဖြစ်ပြီး ဤကဲ့သို့ မြတ်နိုးခြင်းသည်သာ ဘ၀တစ်ခုလုံးနှင့် သက်တာတစ်လျောက်လုံး သင်ကြားရမည့် သင်ခန်းစာများပင် ဖြစ်ပါသည်။ ၎င်းမြတ်နိုးမှု စိတ်ဓာတ်သည်တစ်ဦးစီအတွက် တာဝန် ၀တ္တရားများ ထမ်းဆောင်ရန်၊ ၎င်းတို့ကိုယ်တိုင် အခြားသူများအား သင်ကြားပေးပြီး မြှင့်တင်ရေး၌ တတ်စွမ်းနိုင်သည့် စိတ်ဓာတ်ကိုလည်း ရဲ့ရင့်ခြင်း ဥာဏ်ပညာနှင့်အတူ ပုဂ္ဂိုလ်တိုင်း၊ လူသားတိုင်း ရရှိရန် စွမ်းဆောင်ပေးမည်ဆိုလျှင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလု၏ Populorum Progressio ဆိုသည့် လူမှုဖွံ့ဖြိုးတိုးတက်ရေး စာချွန်တော်၌ ဖော်ပြထားသည့် ဦးတည်ချက်အတိုင်း ဖြစ်လာမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ပညာပေးခြင်း အကျိုးအာနိသင်များသည် နည်းအမျိုးမျိုးသော ပူးပေါင်းမှုများနှင့် ၎င်းပညာပေးခြင်းများပေါ်၌ တာဝန်သိသိဖြင့် လူ့အဖွဲ့အစည်းအတွက် ကြိုးပမ်းမှုတို့၌ မူတည်ရမည် ဖြစ်ပါသည်။ ပညာပေးခြင်း၌ အချိန်ပေးခြင်းသည် တန်ဖိုးရှိ၍ လူသားတို့၏ အနာဂတ်၊ မိသားစု၏ အနာဂတ်နှင့်အဖွဲ့ အစည်းတစ်ခုလုံး၏ အနာဂတ်အတွက် အချိန်ကို အသုံးချခြင်းကြောင့် ပို၍ပင် တန်ဖိုးရှိပါသည်။      

ဤစာစောင်၌ ကျွန်ုပ်အနေဖြင့် အထူး ရည်ညွှန်းလိုသူများမှာ အမျိုးသမီးများပင် ဖြစ်ပါသည်။ ၎င်းတို့အား “ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးရာ၌ ၎င်းတို့၏ အဖြစ်အခြေအနေနှင့် လုပ်ဆောင်မှုတိုင်းတို့၌ ငြိမ်းချမ်းရေးကို ပေါ်လွင်အောင် သက်သေခံကြရန် ကျွန်ုပ်ဖိတ်ခေါ်လိုပါသည်။

၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ မျိုးနွယ်စုများ၊ မိသားစုများနှင့် အထူးသဖြင့် စစ်မက်ဖြစ်ပွားနေသည့် နေရာများ၌ သက်သေခံများ၊ သတင်း စကားပြောသူများ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသူများ ဖြစ်နိုင်ကြပါစေ။

ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက် လိုက်နာပြီး ၎င်းတို့၏ ရှေ့၌ လျှောက်လှမ်းခဲ့ကြသည့် အမျိုးသမီးများအား အတုယူကာ ၎င်းအမျိုးသမီးများထံမှ ခွန်အားများ ရရှိနိုင်ကြပါစေဟု ဆန္ဒပြုပါသည်ဆိုပြီး Women and the Teaching of Peace ငြိမ်းချမ်းရေးဆောင်ရွက်မှု၌ ပညာပေးခြင်း) ဆိုတဲ့ ခေါင်းစဉ် ခွဲလေးအောက်မှာ ခုလို ရည်ညွှန်းရေးသားခဲ့ပါတယ်----။

အထက်က Women and the Teaching of Peace ဆိုတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု၌ ပညာပေးခြင်း လုပ်ငန်းတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ မိမိတို့ နေထိုင်လှုပ်ရှားနေရတဲ့ နေ့စဉ် ဘ၀သက်တာနဲ့ မိသားစု၊ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ရှိ လူတွေကို ငြိမ်းချမ်းရေးအတွက် သက်သေခံရမှာဖြစ်သလို မိမိကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို အစပြုသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ ဖြစ်ရုံသာမက ငြိမ်းချမ်းရေးကို ဝေမျှ လက်ဆင့်ကမ်းတဲ့သူများ ဖြစ်ကြစေလိုတဲ့ ဆန္ဒရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်. . . . . . .။

“ငြိမ်းချမ်းရေး”ဆိုတဲ့ စကားစုဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ပွဲရပ်စဲရေးအစား နိုင်ငံက အခြားနိုင်ငံတစ်ခုကို ကျူးကျော်ခြင်း မပြုရေးဆိုတဲ့ အတိုင်းအတာနဲ့ နိုင်ငံအတွင်း ပြည်တွင်းစစ် ရပ်စဲရေး၊ လူမျိုးစု သွေးခွဲရေးဝါဒီ စစ်ပွဲရပ်စဲရေး စတာတွေအတွက် ရည်ညွှန်းထားတာ မကသေးပဲ မိမိတို့တိုင်းပြည် အေးချမ်းသာယာဝပြောရေးအတွက် မိသားစုချင်း၊ ရပ်ရွာ၊ ရပ်ကွက်၊ ပြည်သူအသီးသီးမှာ နေထိုင်ကြတဲ့သူတိုင်း တစ်ဦးချင်းအနေနဲ့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းခြင်းကို ပိုင်ဆိုင်မြတ်နိုးဖို့ ကျင့်ကြံကြဘို့ လိုအပ်တယ်။      


In communion of  love (ချစ်ခြင်းမေတ္တာ၌ အတူတကွ) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသား ဖော်ပြရမယ်ဆိုရင် . . . . . . .. . . . . . . . “ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသူများအဖြစ် အမျိုးသမီးများအား တိုက်ရိုက်ဖိတ်ခေါ်ရာ၌ ဘုရားသခင်၏ “လူသားတစ်ဦး၏ အဖြစ်အခြေအနေကို ကောင်းမြတ်သည့် နည်းလမ်းဖြင့် ယုံကြည်စွာ တာဝန်အပ်နှံခြင်း” ဆိုသည့် အချက်ကို ပြန်လည် အမှတ်ရစေရန် အခြေခံခြင်း ဖြစ်ပါသည်။

ဤအချက်သည် အပြည့်အ၀လက္ခံ နားလည်ရန် မလိုသော်လည်း အခြေခံ သဘာဝတရားအားဖြင့် အပေးအယူသဘောကို ဆောင်သည့် အများနှင့် သက်ဆိုင်သော ချစ်ခြင်းမေတ္တာကို ပြသရန်ဖြစ်ပါသည်။ သမ္မာကျမ်းစာ၏ အစအဦး၌ ဖော်ပြထားသည့် ဘုရားသခင်၏ အကြံအစည်တော်သည် ကျွန်ုပ်တို့အား နှိုးဆော်ပေးလျှက် ရှိပါသည်။

ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်ဦးနှင့်တစ်ဦး သဘောထား တူညီမှုဖြစ်ကာ အတူတကွ တစ်လုံးတ၀တည်း ရှိစေလိုပါသည်။ အမျိုးသားတစ်ဦး အနေဖြင့် ၎င်းနှင့်အပြန်အလှန် ဆက်သွယ်မည့် ပုဂ္ဂိုလ်မှာ အမျိုးသမီးဖြစ်ကြောင်း သိရှိထားပြီး အပြန်အလှန် တူညီမှုသဘောထားကို ပေါ်လွင်စေသော “ယခု ဤသူသည် ငါ့အရိုးထဲက အရိုး ငါ့အသားထဲက အသား ဖြစ်၏” ဆိုသည့် (ကမ္ဘာဦး ၂း၂၃)ကျမ်းချက်သည် ကမ္ဘာမြေပြင်၌ ပထမဆုံးသော ချစ်ခြင်းမေတ္တာ၏ ကြွေးကြော်သံဖြစ်ခဲ့ပါသည်။ အမျိုးသားနှင့် အမျိုးသမီးတို့သည် တစ်ဦးနှင့်တစ်ဦးအတွက် ဖန်ဆင်းထားခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ပေါင်းစပ်မှုရှိရန်လည်းဖြစ်သည့်အပြင် တစ်ဦးနှင့် တစ်ဦးတူညီမှုရှိသည့် ဖန်ဆင်းခံများ၊ ကူညီဖော် ကူညီဖက်များ အဖြစ် ဖန်ဆင်းခံရခြင်း ဖြစ်ပါသည်။      

ဝမ်းနည်းစရာဖြစ်ရသည်မှာ လွန်ခဲ့သော ရာဇ၀င်များမှ အပြစ်အနာ အဆာများက ဘုရားသခင်၏ မူလ အကြံအစည်တော်ဖြစ်သည့် မိတ်ဆက်မောင်နှံ နှစ်ဦးတို့အား အမျိုးသားနှင့်အမျိုးသမီးဆိုသည့် ခွဲခြားမှုဖြင့် ဘုရားသခင်၏ စီမံကိန်းတော်ကို ဖျက်ဆီးနေကြသည်။ ကျွန်ုပ်တို့ မျက်မှောက်ခေတ် လူသားများအနေဖြင့် ၎င်းစီမံကိန်းတော်ကို ပြန်လည်ဖော်ဆောင်ပြီး အားစိုက် ခွန်စိုက် ကြွေးကြော်ကြရန် လိုအပ်ပါသည်။ သို့မှသာ အထူးသဖြင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် အမျိုးသမီးများ ပြန်လည်နေရာ ရလာကြမည်ဖြစ်ပြီး နောက်ဆုံး၌ ၎င်းင်းတို့၏ အမျိုးသမီး ဂုဏ်သိက္ခာ၊ အမျိုးသမီးအဖြစ် အခြေအနေကို ပြည့်ပြည့်၀၀ ခံစားကြရမည် ဖြစ်ပါသည်။

မျက်မှောက်ခေတ်၌ အမျိုးသမီးများသည် ၎င်းတို့ တတ်စွမ်းသရွေ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်
အိမ်ထောင်ရေးများ၌ ၎င်းတို့၏ အဖြစ်အခြေအနေကို ဖော်ဆောင်နေကြပါသည်။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်း၌ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု မြှင့်တင်ပေးခြင်း၊ အမျိုးသမီးများအား ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းတို့ဖြင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသူများ ဖြစ်အောင် ပြုလုပ်နိုင်ပါသည်။ မိသားစုအတွင်းနှင့် အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍများကို လေးလေးနက်နက် ဆင်ခြင်ကြရန် ကျွန်ုပ်အနေဖြင့် သင်တို့ တစ်ဦးစီအား မေတ္တာရပ်ခံလိုပါသည် ဆိုပြီး In communion of  love ဆိုတဲ့ ခေါင်းစဉ်ခွဲလေး အောက်မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ အမျိုးသမီးထု လှုပ်ရှားရမည့် အခန်းကဏ္ဍတွေအတွက် ယုံကြည်စွာ တာဝန်ပေးအပ်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။
   
တစ်ချိန် တစ်ခါက အမျိုးသမီးများဟာ အမျိုးသားများထက် သာလွန်မှုမရှိဘူးလို့ ခံယူထားကြတဲ့ တရားသေခံယူချက်တွေဟာ ခုလို ခေတ်အချိန်ကာလမှာ ပြောင်းလဲဖို့သင့်ပြီ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း ရည်ရွယ်ချက်အတိုင်း ပြန်လည် အကောင်အထည် ဖော်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးရဲ့တိုက်တွန်းချက်ကို အလေးထားဆင်ခြင်ပြီး အမျိုးသမီးများအတွက် နေရာပေးရမယ့် အချိန်ရောက်လာရင် ယုံကြည်စွာနဲ့ လေးစား ကြည်ဖြူစွာ နေရာပေးဖို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။

RVA ထုတ်လွှင့်ချက်မှ

Read More...

Saturday, August 16, 2014

မျိုးစေ့ပိုင်ရှင်ကို ရှာဖွေပါ

    ဖန်ဆင်းရှင် ထာဝရဘုရားသခင်ဟာ မိမိဖန်ဆင်းထားသမျှသော အရာတို့ကို ကြည့်ရှုပြီးတော့ ဖန်ဆင်းထားသမျှ အရာခပ်သိမ်းတို့ဟာ အားလုံးကောင်းမွန် သင့်မြတ်ကြောင်းကို မြင်တော်မူတယ်လို့ (ကမ္ဘာဦးကျမ်း၂း၃၁)မှာ ဖတ်ရှုကြရပါတယ်။ ယခု ကမ္ဘာကြီးတစ်ခုလုံးကို ကမ္ဘာ့မြေပုံဖြန့်ချပြီး ကြည့်သလိုကြည့်လိုက်မယ်ဆိုရင်၊ တိုက်ကြီး( ၅ ) တိုက်ထဲမှာရှိကြတဲ့ တိုင်းပြည်တွေ အားလုံးဟာ သူ့နည်း၊ သူ့ဟန်နဲ့သူ လှပနေကြတယ်။ တိုးတက်နေကြတယ်။ တစ်မျိုးပြောရအုံးမယ်ဆိုရင် ကမ္ဘာ့ လေကြောင်းခရီးသည်တင် လေယာဉ်ကြီးတွေနဲ့ ခရီးသွားတဲ့အခါ၊ အဲဒီ ပေ(၃သောင်း)ကျော်မြင့်တဲ့ ကောင်းကင်ဝေဟင်ကနေ ကြည့်လိုက်မယ်ဆိုရင် တိတ်ဆိတ်နေတဲ့ တောတွေ၊ တောင်တွေ၊ ပင်လယ်ကြီးတွေ၊ မီးကလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းနေတဲ့ မြို့ကြီးပြကြီးတွေကို လှမ်းမြင်နေရပါတယ်။

    အင်း အဲ့လို အဝေးတစ်နေရာကနေ မြင်ရတဲ့ ရှုခင်းဟာ နီးလဲလာပါ လေရော။ အသံဗလံတွေ ကြားရ၊
လှုပ်ရှားသွားလာနေတဲ့ လူတွေ မြင်ရနဲ့ ဆိုတော့၊ အတော်ကြီးကို ပြောင်းလဲလာပါတော့တယ်။ နားဝင်ချိုတဲ့အသံတွေကို ကြားရသလိုပဲ နားထဲမှာ ဘ၀င် မဆန့်တဲ့အသံတွေလည်း ကြားရတယ်။ ဗဟုသုတ ကြွယ်ဝစေတဲ့၊ စိတ်နှလုံး လန်းဆန်းစေတဲ့၊ ရှုခင်းမြင်ကွင်းတွေကို မြင်ရသလို အော်ဂလီဆန်တဲ့ မကောင်းရှုကွက်တွေကိုလည်း မြင်ရတယ်။ ဧ၀ံဂေလိကျမ်းစာမှာ ခရစ်တော်ဟောကြားတဲ့ ကောင်းတဲ့သတင်း ကတော့  ဒီနေ့ လူသားတွေအတွက် ပဟေဠိ ပုစ္ဆာဖြစ်နေတဲ့ လူသားတိုင်းရဲ့ မေးခွန်းကို တိုက်ရိုက် ပြောကြားပေးတယ်လို့ ပြောရင် လုံးဝ မမှားပါဘူး။ ဒီနေ့ လူသားတွေရဲ့ အကြီးမားဆုံး ဘ၀ပြဿနာက ဘာလဲဆိုတော့ ဘယ်ဟာ အကောင်းဆုံးလဲ? ဘာကဖြင့် ဆိုးဝါးတယ်ဆိုတဲ့ အသိဥာဏ်ရယူ တတ်ဖို့ပဲ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဆိုရင် ဘယ်လမှာ၊ ဘယ်ရာသီမှာ၊ ဘယ်ကောက်ပဲသီးနှံ စိုက်ပျိုးရင် ကောင်းမလဲ၊ ဒီလ ဒီရာသီမှာ ဒီကောက်ပဲသီးနှံမျိုးကို စိုက်ပျိုးမှ ဘယ်လို အမြတ်အစွန်းထွက်မယ်ဆိုတဲ့ ချင့်ချိန်မှု၊ တွက်ဆမှု ချင့်ချိန်မှု၊ ချင့်ချိန်မှု၊ ချင့်ချိန်မှု၊ တွက်ဆမှုတွေဟာ လုပ်ကိုင်တဲ့ လယ်ယာကွင်းပြင်တွေ ကျယ်ဝန်းသလောက် ဦးနှောက်တွေ စားခံနေရတယ်လို့ ပြောရပါလိမ့်မယ်။ တောင်သူလယ်သမားတွေမှာ ဒီလို ဦးနှောက်အစားခံရတဲ့ ဘ၀ ပြဿနာတွေရှိသလို လူ့လောက တစ်ခွင်မှာရှိတဲ့ လူသားတိုင်းလိုလိုပဲ ကြီးငယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးလိုလို ခံစားနေကြရတာပါ။ ဝေးဝေးကွာကွာ မကြည့်ပါနဲ့ ကိုယ့်ရဲ့မိသားစုကိုပဲ ကြည့်ကြပါလား အလွန် သေးငယ်တဲ့တို့ရဲ့မိသားစု ကမ္ဘာလေးထဲမှာပဲ မိဘတွေအနေနဲ့ မြတ်နိုးရတဲ့၊ လိမ္မာ ကောင်းမွန်တဲ့၊ သားသမီးလေးတွေရှိကြသလို၊ ဖောက်လဲ ဖောက်ပြန်လုပ်တဲ့ သားမိုက်ကောင်လေးတွေလည်း ကိျုးတိကျဲတဲ ပါလာတတ်တာကို တွေ့မြင် ခံစားကြရမှာပါ။

ဒီနေ့ သခင်ခရစ်တော်က ဒီဘ၀ အခက်အခဲ ပြဿနာအကြောင်းကို လြူပိန်းနားလည်အောင် ရှင်းပြ ဟောပြခဲ့ပါတယ်။ ခရစ်တော်ဟာ သူဟောသမျှ ဓမ္မတရားတွေကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေလိုတယ်။ ဒီတော့ မိမိရဲ့ တရားနာ ပရိသတ် နားလည်လောက်တဲ့ အကြောင်းအရာတွေကိုပဲ ဥပမာ ပေးပြီး ဟောခဲ့တဲ့တရား ဖြစ်ပါတယ်။

ကိုယ်တော်နဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေက တမန်တော်ကြီးတွေ ဖြစ်ပါတယ်။ ဒီတမန်တော်ကြီးတွေ သာမန်အားဖြင့် ကျွမ်းကျင်တဲ့ အသိပညာကတော့ တံငါလုပ်ငန်းပဲ ဖြစ်ပါတယ်။ တံငါတွေရဲ့ သဘောသဘာဝက ပိုက်ကွန်ထဲ ၀င်သမျှ သက်ရှိအာဏာဝါတွေကို ဖမ်းတော့ ဖမ်းယူလိုက်တာပါပဲ။ ဒါပေမယ့် ပိုက်ကွန်လက်ထဲကို ဆွဲဆွဲမြဲမြဲ ဆုပ်ကိုင်ပြီးရော အကောင်း/အဆိုးကို စပြီး ရွေးချယ်တယ်။ ကောင်းတာတွေကို စုပုံ လက်ခံပြီး၊ မကောင်းတဲ့၊ မလှတဲ့ အာကာဝါတွေကို ကုန်းပေါ်ပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် ပြန်ချပြီး လွှင့်ပစ်တတ်တဲ့ အကျင့် ရှိကြပါတယ်။

    ကမ္ဘာကြီးကို အနီးကပ် လေ့လာကြည့်တော့ လူကောင်းလူတော်တွေရှိ သလိုပဲ၊ လူဆိုးလူညံ့တွေ ရှိတာကို တွေ့ကြရတယ်။ ဒီတော့ သူတို့သိတဲ့ ကျွမ်းတဲ့ အတတ်ပညာနဲ့ပဲ သူတို့က ခွဲခြားစေလိုခဲ့ကြတဲ့ ကောင်းသူတွေလာ၊ မကောင်းသူတွေဂျောင်းလို့ ပြောလိုခဲ့ကြတယ်။ ဆိုလိုတာက ကောင်းတဲ့သူတွေ ကောင်းရာသွား၊ မကောင်းတဲ့သူတွေ မကောင်းတဲ့ နေရာသွားတော့။ ခရစ်တော်က ဒီအတွေးအခေါ်၊ ဒီစရိုက်မျိုးကို လက်မခံ လိုခဲ့ဘူး။

ဒါကြောင့်သူက ရေလုပ်သားလောကမှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို စိုက်ပျိုးရေးဘ၀နဲ့ ချိန်တိုးပြီးတော့ ရှင်းပြခဲ့တယ်။ ယခု ကရုစိုက်ကြရမှာက ဒီနေ့ ဒီလူသားတွေ လောက လယ်ကွင်းပြင်ကြီးထဲကို ထာဝရဘုရားသခင် တစ်ပါးတည်းကသာလျှင် မျိုးကောင်း၊ မျိုးသန့်တွေကို ကျဲဖြန့် ပေးနေတာ မဟုတ်ပါဘူး။ ထာဝရဘုရားသခင် အပေါ် မုန်းတီးခဲ့တဲ့ လူသားတွေ အပေါ် မနာလိုသ၀န်တိုခဲ့တဲ့ နတ်ဆိုးဟာလဲ မကောင်းတဲ့ မျိုးစေ့တွေကို အလစ်သုတ်ပြီး ၀င်ကျဲနေတာကိုလဲ တွေ့ရှိရပါတယ်။ ခရစ်တော်က ဒီသီးနှံပင်တွေက တက်လာပါစေတဲ့၊ နောက်ဆုံး သောနေ့ကြတော့မှဘဲ ကောင်းတဲ့ သီးနှံတွေကို သိကြားတမန်တွေက ကောက်ယူသိမ်းဆည်းကြပြီးတော့ မကောင်းတဲ့ သီးနှံတွေကိုတော့ မျိုးစေ့ ပိုင်ရှင်ဖြစ်တဲ့ မကောင်းဆိုးဝါးများ စံမြန်းရာ နေရာကိုဘဲ စုပုံပြီး ဖျက်ဆီးခြင်းခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့ နားလည်ရတဲ့ ဓမ္မတရားတော်က အကောင်း၊ မကောင်းကို လိုက်လံ ရှာဖွေနေကြတဲ့ ကျွန်တော်တို့တတွေဟာ မျိုးစေ့ပိုင်ရှင်ကို ဝေဖန် သုံးသပ်တတ်ကြဖို့ လိုအပ်ပါတယ်။ ဇစ်မြစ်ကို သုံးသပ်ပါ။ စိစစ်ပါ။ ဝေဖန်ပါ။
RVA ထုတ်လွှင့်ချက်မှ

Read More...

Tuesday, August 12, 2014

ကိုယ်ကျင့်တရားကို ၀တ်ဆင်ပါ

ပြီးခဲ့တဲ့လတွေဆီတုန်းက  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတွေ အစွမ်းကုန် ကျင်းပကြတဲ့ ပွဲရက်တွေများခဲ့တယ်။ အဲဒီအထဲမှာမှ သင်္ကြန်ပွဲဟာ အစည်ဆုံးပါပဲ။ အမြို့မြို့အနယ်နယ်မှာ ရှိကြတဲ့ လူတွေအားလုံး နီးပါးဟာ ဒီ သင်္ကြန်ပွဲအတွက် ပြင်ဆင်ခဲ့ကြပါတယ်။ ပျော်ကြတဲ့သူတွေ၊ ပျော်ချင်တဲ့သူတွေ ရှိသလို၊ ဒီပျော်ချင်တဲ့သူတွေ အတွက် ရောင်းချင်၊ ၀ယ်ချင်တဲ့သူတွေ၊ ကြော်ငြာချင်တဲ့သူတွေလည်း မနည်းပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေဟာ သင်္ကြန်ပွဲရဲ့ ရိုက်ခတ်မှုကတော့ ခံကြရတာ ချည်းပါပဲ။ အချို့လည်း အေးအေးလူလူ တရားအားထုတ်ကြသူတွေ ရှိပါတယ်။ သင်္ကြန်ရဲ့ အကျိုးသက်ရောက်မှုကတော့ လူတိုင်းနဲ့ တစ်နည်းနည်းဖြင့် သက်ဆိုင်နေခဲ့ပါတယ်။
 
ဒီထဲမှာ ကျွန်တော်တို့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေအတွက် ပိုပြီး ရင်ခုန်စရာကောင်းတာကတော့ (Holy Week) လို့ ခေါ်ကြတဲ့ သန့်ရှင်းသော ရက်သတ္တပတ်ပါပဲ၊ လူတွေ အထူးသဖြင့် ဘာသာဝင်တွေဟာ ဒီပွဲတော်ရက်တွေမှာ ဘယ်လို ပြင်ဆင်ကြပါသလဲ။ ဒီနေရာမှာ ထူးဆန်းတယ်ပဲ ပြောရမလား၊ မဆန်းဘူးပဲ ပြောရမလား၊ လူအချို့ရဲ့ အသံတွေကို ကြားခဲ့ရပါတယ်။ “ပါစကားပွဲနေ့မှာ ၀တ်ဖို့ ၀ယ်လာတာ (၃သောင်း) သုံးသောင်းတောင် ပေးရတာလိုက်တယ် မဟုတ်လား။ ဒါပေမယ့်အေ.. တစ်ရက်ထဲတော့ ၀တ်ရတာ မတန်ပါဘူး” “ညည်းကလည်းအေ.. ကြာသပတေးနေ့ကြီးကနေ စ၀တ်လိုက်ပေါ့”၊ ရနေဘူးတော့၊ သောကြာနေ့က ၀မ်းနည်းခြင်းဆိုတော့ အရင်နှစ်က ၀ယ်ထားတဲ့ အနက်ရောင်အကွက် ရှိတယ်အေ”  ဒါတွေက ကျွန်တော်တို့ အိမ်တွေမှာ ကြားနေကြ စကားလုံး အချို့ပဲ ရှိပါသေးတယ်။ သင်္ကြန်ပွဲတော်ကြီးကလည်း ဒီလိုပါပဲ။ ဒီဘက်ခေတ် ရုပ်ဝါဒီ လွှမ်းမိုးမှု များလာတဲ့ခေတ်မှာ၊ ရင်တွင်း ခံစားချက်၊ အဖြစ်အမှန်ရဲ့ အနှစ်သာရတွေဟာ ကုန်ခမ်းလို့ လာပါတယ်။ အခမ်းအနားတစ်ခု တက်ဖို့ရာ အ၀တ်အစားနှင့် အခြားသော တန်ဆာ ဆင်မှုတွေဟာ မရှိမဖြစ် နေရာမှာ ရောက်နေကြပါတယ်။ ဒါတွေဟာ တကယ်တော့ လူ့လောကကြီးအတွက် မရှိမဖြစ် မဟုတ်သလို၊ ထိုက်သင့်သလောက် ရှိရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတဲ့အချက် တစ်ခုကို တင်ပြပေးချင်ခဲ့ပါတယ်။ ဒါကတော့“ကိုယ်ကျင့်တရားကို ၀တ်ဆင်ပါ” ဆိုတဲ့ စကားပါပဲ။
 
ဒီစကားလုံး အသုံးအနှုန်းကို မကြားဘူးလို့ စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ ကျွန်တော် ရဲရဲကြီး ပြောလိုပါတယ်။ “ကိုယ်ကျင့်တရားကို ၀တ်ဆင်ပါ” ဟုတ်ပါတယ် မိတ်ဆွေ၊ မိတ်ဆွေတို့ဘ၀မှာ ကိုယ်ကျင့်တရားကို မ၀တ်ဆင်နိုင်သ၍ လူတောတိုးမှာ မဟုတ်ပါဘူး။ မိမိတို့ဘ၀မှာ ဘုရားတရားဘက်ကို မကြည့်ဘဲနဲ့၊ လောကနှင့် ပက်သတ်တဲ့ သမိုင်းကိုပဲ ကြည့်ပါ။ လူဟာ တစ်ဦး တစ်ယောက် တည်းနေမရသလို တစ်ဦးတစ်ယောက်နဲ့လည်း ဘာမှ မလုပ်နိုင်ပါဘူး။ အများနှင့် တည့်ရမယ်၊ အဖွဲ့အစည်းနှင့် နေထိုင်နိုင်ရမှာ ဖြစ်ပါတယ်။ လူတွေရဲ့ ချစ်ခင်မှုကို ရယူဖို့ရာ “ကိုယ်ကျင့်တရားကို ၀တ်ဆင်ကြပါ။” ကျွန်တော်အပို မပြောပါဘူး၊ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ လူဆိုတဲ့ သတ္တ၀ါဟာ ဆက်ဆံရ ခက်တယ်လို့ပဲ ပြောရမလား၊ အလို မပြည့်နိုင်ဘူးလို့ပဲ ပြောရမလား၊ တစ်ခုခုတော့ ဖြစ်ပါလိမ့်မယ်။ လောကကြီး တစ်ဝှမ်းမှာ စွန့်ကြဲတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ၊ ကြွယ်ဝတဲ့သူတွေ၊ ပညာတတ်တဲ့ သူတွေ အများကြီးရှိပါတယ်။ ဒီလို လူတွေရဲ့ အောင်မြင်မှုဟာ ထိပ်ဆုံးမှာ အမြဲ ရှိနေပါသလား။ ပေးကမ်း စွန့်ကြဲမှု တစ်ခုကိုပဲ ကြည့်ပါ၊ ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူဟာ တစ်ခါတစ်လေ ဒီပေးကမ်း စွန့်ကြဲမှုကို ၀တ်ဆင် တက်ပါတယ်။ သူ့ရဲ့ လူမှုဘ၀တိုးတက်ဖို့၊ အသိုက်အ၀န်းကို ချဲ့ထွင်ဖို့ သုံးတက်ကြပါတယ်။ ခေတ်အခေါ် မဲဆွယ်တယ်ပေါ့ဗျာ။

ဒီလို ပေးကမ်း စွန့်ကြဲမှုတွေဟာ ရေရှည် မတည်တံ့သလို လူကြိုက်နည်းတဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ ပေးတာ ယူမယ်၊ ပြီးရင် ပြန်မယ်ဆိုတဲ့ အပြုအမူကို ဆက်ဆံခံရမှာ ဖြစ်ပါတယ်။ နောက် အောင်မြင်တဲ့သူတွေ၊ အောင်မြင်မှုတစ်ခုဟာ ကြာရှည် ထိန်းထားနိုင်ဖို့ အတော်ကို ခက်ခဲတဲ့အချက် ဖြစ်ပါတယ်။ မိမိရဲ့ ထိပ်မှာ နေရာမရှိတော့သလို၊ အောက်ကနေ ကန်ထုတ်တဲ့သူတွေ ရှိတဲ့အခါမှာ မိမိ အောင်မြင်မှုကို ဘယ်လိုမှ ထိန်းမထား နိုင်တော့ပါဘူး။ ဒါကြောင့် အောင်မြင်မှုရဲ့ ရလဒ်ဟာ နောက်ဆုံးမှာ အောက်ကို ပြန်ဆင်းရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မူရင်းသရုပ်က ပေါ်လာမှာဖြစ်ပါတယ်။ မိမိဟာ အောင်မြင်ချိန်မှာ မောက်မာတဲ့သူ တစ်ယောက်၊ နားမလည်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့၊ ဟိုသီချင်းထဲကလို “ငါနားမှာ ဘယ်သူမှာ မရှိတော့ဘူး ကြေကွဲ အထီးကျန်" ဆိုတာထက် သာသွားနိုင်ပါတယ်။ နောက် ကြွယ်ဝတဲ့သူတွေ၊ ထိုသူတွေလည်း ဒီလိုပါပဲ။ ကြွယ်ဝမှုဟာ ပိုတောင် ထိန်းသိမ်းရ ခက်ခဲပါသေးတယ်။ မိမိ ကြွယ်ဝချိန်မှာ ကပ်ကြမဲ့၊ စားကြမဲ့၊ သူတွေဟာ မိမိမရှိတော့တဲ့ အချိန်မှာ သစ္စာရှိဖို့ ခက်ခဲလှပါတယ်။ အခြွေအရံဆိုတာ၊ ခြွေမှ ရံသလို၊ အစေအပါးဆိုတာဟာလည်း၊ အမြဲ သစ္စာ မရှိနိုင်ပါဘူး။ ကြောက်စရာကောင်းတဲ့ နေ့ရက်တွေ ကြုံတွေ့နိုင်ပါတယ်။ အချို့က ပြောကြပါတယ်။ ငွေကို ခိုင်းစားတယ်၊ ခိုင်းစားတယ်။ ဒီလို ပုဂ္ဂိုလ်တွေတွက်တော့ ငွေက သူတို့ကို ခိုင်းစား နေတယ်ဆိုတာ၊ မေ့လျော့ နေကြလို့ပဲဖြစ်ပါတယ်။ မနက်လင်းတာနဲ့ငွေ၊ ညနေမိုးချုပ်ထိ ငွေ၊ ငွေနဲ့ မိသားစုဘ၀၊ ငွေနှင့် မိဘ၊ ငွေနှင့် ဘုရားတရား၊ ငွေနဲ့ ကိုယ်ကျင့်သိက္ခာ အားလုံးကို မလဲလိုက်ပါနဲ့။ သင့်မှာ အရေးကြုံရင်သုံးဖို့ တစ်ခုခုတော့ ချန်ထားလိုက်ပါ မိတ်ဆွေ။
 
 နောက်တစ်ခုကတော့ ပညာတတ်များ၊ ဒီလူတွေက လူ့ဘောင်ကို ကောင်းကောင်း အကျိုးပြုကြပါတယ်။ ဒါပေမဲ့ ပညာတတ်တစ်မျိုးတည်းနဲ့ လောကကြီးကို လျှောက်လှမ်းလို့ မရနိုင်ပါဘူး။ ကျွန်တော် စောစောက တင်ပြခဲ့ပါတယ်။ ချမ်းသာမှုတွေ၊ အောင်မြင်မှုတွေ၊ ပညာကြွယ်ဝမှုတွေဟာ ကောင်းမွန်ပေမဲ့လည်း “ကိုယ်ကျင့်တရားကို ၀တ်ဆင်တာလောက် မမွန်မြတ်သလို လူချစ်လူခင် မများတာ အမှန်ပါ။ ဥပမာလေးတွေ ကြည့်ကြရအောင်ပါ။ “ဂုဏ်ပကာသနကို နတ္ထိဖြစ်တဲ့၊ မဟတ္တမဂန္ဒီကြီးကို အိန္ဒိယနိုင်ငံက သာမက ကမ္ဘာကပါ ချစ်ကြပါတယ်။ အင်္ကျီံတုံးလုံး၊ အောက်ပိုင်း သင်တိုင်းတစ်ထည်သာပါတဲ့ ဂန္ဒီကြီးဟာ ကမ္ဘာမှာ တို့တစ်ချိန်က နေမ၀င်အင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့ အင်္ဂလိပ်အစိုးရကို ဘာလက်နက်မှ မပါဘဲနဲ့ တော်လှန်နိုင်ခဲ့တာဟာ သူ့မှာရှိတဲ့ ကိုယ်ကျင့်သိက္ခာကို သူချစ်တဲ့ ပြည်သူလူထုက ယုံခဲ့လို့ပါပဲ။ လူမှုရေး ရှုပ်ထွေးလှတဲ့ အိန္ဒိယလိုနိုင်ငံမျိုးမှာ ဂန္ဒီကြီးဟာ လူအားလုံးရဲ့ အချစ်ကို ရရှိခဲ့ပါတယ်။      

    နောက် ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြောပြောပြခဲ့တဲ့ ရွာသူကြီး ဘစီနှင့် အရူးတင်စိန်
ပုံဝတ္ထုလေးပေါ့။ အရူးတင်စိန်ရော၊ ရွာသူကြီးဘစီရော နှစ်ယောက်စလုံး တစ်ရက်တည်း သေလို့၊ တစ်ရက်တည်း ဇာပနချတဲ့အခါ၊ အရူးတင်စိန်ဇာပနက ပိုပြီး စည်ကားပါလေရောလား။ လူတွေဟာ ဘာကို အချစ်ဆုံးလဲ၊ ဘာကို တန်ဖိုးအထားဆုံးလဲ၊ ကျွန်တော်တို့ သာသနာမှာ ရဟန္တာတင်မြောက် ကြတာပါ။ ကြည့်ပါ ပညာတတ်လို့လား၊ ချမ်းသာလို့လား၊ အောင်မြင်လို့လား၊ စဉ်းစားစရာပါ မိတ်ဆွေ၊ ကိုယ်ကျင့်တရားကို ၀တ်ဆင်ခြင်းဟာ အလုံခြုံဆုံး ဖြစ်ပါတယ်။ ယနေ့ လောကမှာ ဖက်ရှင်တို့၊ စတိုင်တို့ဆိုတာဟာ ရုပ်ဝါဒီ သက်သက်ရယ်ပါ။ လူ အချစ်ဆုံး၊ အခင်ဆုံး ဖက်ရှင်ဟာ၊ စတိုင်ဟာ၊ “ကိုယ်ကျင့်တရားကို ၀တ်ဆင်ခြင်း”ပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းသွားဖို့ အင်္ကျံကောင်းကောင်း တစ်ထည်ရှိဖို့ လိုပါသလား၊ တစ်ခါတလေ ဘ၀မှာ အမှတ်တမဲ့တွေဟာ အမှတ်တရ ဖြစ်တက်ပါတယ်။ မိတ်ဆွေအပေါင်း၊ မိတ်ဆွေများရဲ့ဘ၀မှာ“ကိုယ်ကျင့်တရားကို ၀တ်ဆင်နိုင်သော ပုဂ္ဂိုလ်”များ ဖြစ်ကြပါစေ။

    နောက်တစ်ဆင့်တက်ပြီး၊ သင်ဟာ ကိုယ်ကျင့်တရားကိုလဲ ၀တ်ဆင်ထားမယ် အောင်မြင်တဲ့သူ တစ်ယောက်လဲ ဖြစ်မယ်။ ပညာတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်မယ်။ ချမ်းသာကြွယ်ဝတဲ့ သူတစ်ယောက်လည်း ဖြစ်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ သင့်ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ်၊ ဆွေမျိုးအချင်းချင်းကပဲ ဖြစ်ဖြစ်၊ ပြည်သူတွေကပဲဖြစ်ဖြစ်၊ အချစ်ဆုံး လူတစ်ယောက်၊ အမြတ်နိုးဆုံး လူတစ်ယောက် ဖြစ်လာမှာပါ။ ချစ်သော စာဖတ်သူ ပရိတ်သက် အပေါင်းလည်း “လောကနှင့် အဆင်ပြေဖို့ လူချစ် လူခင်များဖို့၊ ကိုယ်ကျင့်တရားကို ၀တ်ဆင်နိုင်ကြပါစေလို့” ဆန္ဒပြု ဆုတောင်း ပေးလိုက်ရပါတယ်။
 
 ဝေလီ

Read More...

Saturday, August 9, 2014

ငါ၏ ချစ်ခြင်းမေတ္တာနှင့် အမျှ

“ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။” (ယော ၁၅း၎) သင်တို့သည် ငါ၌ တည်၍ ငါ့စကားသည် သင်တို့၌ တည်နေလျှင် သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရလိမ့်မည်။(ယော-၁၅း၇) သခင်ခရစ်တော်သည် သူ၏ သားသမီးအားလုံးကို သူချစ်သည်နှင့် အမျှ သူ၏ ချစ်ခြင်းမေတ္တာ၌ တည်ရှိစေချင်ပါသည်။ ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် ထားရှိသောမေတ္တာသည် ပြောင်းလဲခြင်းမရှိ၊ ထာဝရမေတ္တာနှင့် ချစ်တော်မူသောဘုရား ဖြစ်သည်။
ခရစ်တော်ဘုရားရှင်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မရှိသောဘုရား ဖြစ်သည်။ (ဟေဗြဲ၁၃း၈) သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား မှန်ကန်သော နှုတ်တော်ထွက် ကတိစကားကို ထားခဲ့ပေသည်။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့် အတူ အစဉ်မပြတ်ရှိမည်။ (မာ၂၈း၂၀) ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့အလယ်တွင် ကိုယ်တော်မြတ် စက္ကရမင်တူးအားဖြင့် အတိတ် ကာလကပင် ရှိခဲ့ပါသည်။ နောင်ကမ္ဘာ ကုန်သည့်တိုင်အောင်လည်း တည်ရှိနေမည် ဖြစ်ပါသည်။                           
      ကိုယ်တော်မြတ် စက္ကရမင်တူးကို ဖူးမျှော် ကိုးကွယ်ခြင်းအားဖြင့် ရရှိစေသည့် အကျိုးကျေးဇူးများနှင့် ပတ်သက်ပြီး အဖဆရာတော် ချားစ်ဘို၏ သြ၀ါဒကို အမှတ်ရမိသည်။           

(၁) ကက်သလစ်မိသားစုများ၏ စိတ်နှလုံးပြောင်းလဲပြီး ငြိမ်သက်သာယာသော အိမ်ထောင်စုအသွင်သို့ ကူးပြောင်း လာလိမ့်မည်။

(၂) ဘာသာတူများ ၀ိညာဉ်ရေးစိတ်ဓာတ်၊ အရှိန်အဟုန် မြင့်မားလာပြီး ရဟန်းဘောင် သူတော်စင်ဘောင်သို့ ၀င်လိုသူ များပြား လာပြီး ခေါ်တော်မူခြင်းနောက်သို့ နိုးကြား တတ်ကြွစွာ လိုက်ကြမည်။                   

(၃) မစ္ဆားတရားပါဝင်သူ၊ စက္ကရမင်တူးခံယူသူ အရေအတွက် များပြားလာပြီး ဘာသာတူဦးရေ ပိုမို တိုးပွားလာမည်။       

(၄) ဘာသာတရား လုံးဝ မလိုက်နာသူနှင့် ပေါ့ဆသူများ ဘာသာရေး၌ ပြန်လည် အသက်ဝင်လာမည်။ ဘုရားနှင့်ချဉ်းကပ်ပြီး ဆုတောင်းခြင်းဟာ ဘုရားနဲ့ ပေါင်းစပ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားနှင့်နီးနီး ဖြစ်နေခြင်း။   

ခရစ်ယာန်တို့ရဲ့ ပျော်ရွှင်ခြင်းက ဆုတောင်းခြင်း ဖြစ်သည်။                       

ခရစ်ယာန်တို့ရဲ့ အဓိကက ကိုယ်တော်မြတ် စက္ကရမင်တူးဖြစ်သည်။ ခရစ်ယာန်နဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးက ခွဲခွာ၍ မရပါ။ ကိုယ်တော်မြတ် စက္ကရမင်တူးကို ဖူးမျှော် ကိုးကွယ်ခြင်းသည် ဘုရားနှင့် နီးကပ်တည်ရှိပြီး ကိုယ်တော်မြတ် စက္ကရမင်တူးအားဖြင့် နှစ်သိမ့်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကောင်းမွန်သောအရာများအဖြစ်သို့ လူတိုင်းကို ပြောင်းလဲစေနိုင်ပါသည်။

ကိုယ်တော်မြတ် စက္ကရမင်တူးကို ဖူးမျှော် ကိုးကွယ်ချိန်တွင် အနှောင်အဖွဲ့ဟူသမျှ ကိုယ်တော်၏ ရှေ့မှောက်၌ ဖြေလျော့၍ အေးဆေး လွတ်လပ်စွာ ခရစ်တော်နှင့် ရင်းနှီးမှုကို ရယူပါ။ မိမိဘ၀တွင် ခံစား၊ စံစားရသမျှ ပွင့်လင်းစွာ ရင်ဖွင့်နိုင်ပါသည်။ ကယ်တင်ခြင်းနှင့် လွတ်မြောက်ခြင်းအတွက် ရရှိခဲ့သော ကျေးဇူးတော်များအတွက် ကျေးဇူးဆပ်တင်ကြရန် မိမိနှင့် လူသားများ၏ အပြစ်အားလုံးအတွက် ဒဏ်ဆပ်ဖြေရန် လိုအပ်သော ဆုကျေးဇူးတော်များ တောင်းခံရန်၊ စက္ကရမင်တူး၌ ခရစ်တော်အား ထိခိုက်စော်ကားခြင်း၊ လစ်လျူရှု ဂရုမပြုဘဲနေခဲ့မိခြင်း၊ ကျေးဇူးဆပ်တင်ရန် မေ့လျော့ခဲ့ခြင်းများအတွက် တောင်းပန်လျက် ဆပ်ဖြေကာ ဖူးမျှော် ကိုးကွယ်နိုင်ပါသည်။ ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ သွေးတစ်စက်မျှ မကျန် အသက်တော်ကို စွန့်တော်မူပြီး အဖိုးမဖြတ်နိုင်သော အသွေးတော်အားဖြင့် ၀ယ်ယူခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အားလုံးသည် ကောင်းကင်ဘုံအိမ်တော်၌ ဧကန်မုချ ၀င်စားနိုင်ရမည်။ ခရစ်တော်ရှင်၏ ယုံကြည်သူများကို သိမ်းဆည်းရန် ကိုယ်တော်ရှင် ပြန်လည် ကြွလာသောအခါ ကျွန်ုပ်တို့ အားလုံး လိုက်ပါနိုင်ရန် ကိုယ်တော်မြတ် စက္ကရမင်တူးကို ယုံကြည်စွာ ဖူးမျှော် ကိုးကွယ်နိုင်ရန် လိုအပ်ပေသည်။   

ကောင်းကင် ရွှေပြည်သို့ရှေ့ရှု လျှောက်လှမ်းနေသော ခရစ်ယာန်တို့၏ အသက်တာသည် ရည်မှန်းချက် ပန်းတိုင်ရှိ၍ အလွန် ၀မ်းမြောက် ကြည်နူးဖွယ်ကောင်းပေသည်။ မေတ္တာတော်ရှင် ဘုရားရှင်က “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟု ယနေ့တိုင် စိတ်ရှည်စွာ ဖိတ်ခေါ်နေပါသည်။ “ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလဖြစ်၏။” (၂ ကော ၆း၂၂) ကျွန်ုပ်တို့အားလုံး နိုင်ငံတော် ကျယ်ပြန့် တိုးတက်ရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ယခုကစ၍ ကြိုးစားကြပါစို့။ ကျွန်ုပ်တို့ အားလုံးကို သူ၏ ချစ်ခြင်းမေတ္တာနှင့် အမျှ ချစ်နိုင်ရန် ကိုယ်တော်မြတ် ကျောင်းဆောင် ဗိမာန်တော်မှ အစဉ် စောင့်မျှော်လျှက်ရှိနေပါပြီ။            
မာဒလေးနား
(စိန်မေရီ၊ပြင်ဦးလွင်)       

Read More...

Wednesday, August 6, 2014

လူငယ်နှင့် စိတ်ဖိစီးမှု

အခုခေတ်မှာ ရေပန်းစားနေတဲ့ စိတ်ဖိစီးမှုလို့ ခေါ်တဲ့ (Stress) ကို ပညာရှိ၊ ပညာမဲ့၊ ဂုဏ်သရေရှိ လူတန်းစား၊ အခြေခံလူတန်းစားပါ မကျန် ခေါ်ဝေါ်ပြောဆိုကာ အသုံး တွင်ကျယ်နေပါပြီ။ အရင်ခေတ်က အလုပ်ထဲမှာ စိတ်ညစ်ရတယ်လို့ ပြောတတ်ပြီး၊ အလုပ်ရှင်က အတ္တကြီးတယ်၊ ကြမ်းတယ် မိဘနှင့် သားသမီးပင်လျှင် စည်းကမ်း တင်းကျပ်လွန်းလျှင်ပင် သားသမီးများအတွက် စိတ်ညစ်စရာများ ဖြစ်လာတတ်တယ်။ အရင်ခေတ်က စိတ်ညစ်တယ်လို့ ပြောမယ့် အစား လူတိုင်းလိုလိုပင် (Stress) စိတ်ဖိစီးမှုလို့ ပြောတတ်နေပါပြီ။              

ယနေ့ခေတ်က မိသားစု (၅)ယောက်ရှိရင် (၅)ယောက် အလုပ်ထွက် လုပ်ရပါတယ်။ တစ်ယောက် လုပ်စာကို တစ်မိသားစု  စားရတဲ့ ခေတ်မျိုး ကုန်လွန်ခဲ့ပါပြီ။ လူငယ်တွေလည်း အရွယ်နဲ့ မလိုက်အောင် စိတ်ရဲ့ တင်းကြပ်မှုတွေ ခံစားရပါတယ်။ အလုပ် ပင်ပန်းပြီး အိမ်ပြန်လာလို့ စည်းလုံးမှုရှိတဲ့ မိသားစုရှိရင်တော့ တော်သေးတာပေါ့။

တစ်ချို့ လူငယ်တွေဆိုလျှင်၊ အိမ်ရောက်တော့ မိသားစုဝင်တွေရဲ့ ငြိုငြင်မှုတွေကိုသာ တစ်ပုံကြီး ခံစားရတတ်ပါတယ်။ အလုပ်ရဲ့ Stress(စိတ်ဖိစီးမှု)ကို မိသားစုကို ပြန်ပြောပြီး စိတ်ဖြေချင်ပေမယ့် အိမ်ရောက်တော့ တစ်ခါ စိတ်ညစ် ရပြန်ပါလေရော။ ကြာလာတော့  Stress (စိတ်ဖိစီး)မှုတွေ များလာတော့  ရောဂါအသွင် ကူးပြောင်းပြီပေါ့။ ဒီလို ရောဂါဖြစ်လာတော့လည်း အသက်ငယ်ငယ်နဲ့ ရောဂါဖြစ်ရကောင်းလားဆိုပြီး ထိုးနှက် ဝေဖန် အပြစ်တင်ကြပြန်ရော၊ ဒီလို လူငယ်တွေ ဒီခေတ်ကြီးထဲမှာ ဒုနဲ့ဒေးရှိနေတာ Stress ပါ။

    ဘယ်နေရာ မဆို စိတ်ဖိစီးမှု (Stress) ဖြစ်လာရတဲ့ အကြောင်းရင်းက ဖိနှိပ်ခြင်း၊ မနာလိုခြင်း၊ အတ္တဆန်ခြင်းများကြောင့်သာ ဖြစ်ပါတယ်။ စိတ်ဖိစီးခြင်းများအတွက် ရင်ဖွင့်စရာ ရင်ခွင်တစ်စုံ လိုအပ်ပါတယ်။ မိသားစု ရင်ခွင်ရခဲ့ရင် ဒီလူဟာ ရောဂါဆိုတာ ဖြစ်မလာတော့ပါဘူး။ သူ့မှာ ဖြေသိမ့်ပေးစရာ မိခင် (သို့မဟုတ်) ဖခင် (သို့မဟုတ်) မောင်နှမ သားရင်းတွေ လိုပါတယ်။ ဒီလို ညီညွတ်ချစ်ခင်တဲ့ မိသားစုမရှိတဲ့ လူငယ်တွေဆိုရင် အပေါင်းအသင်းတွေထဲက ရှာတတ်ပါတယ်။

အပေါင်းအသင်းနဲ့ အပေးအယူ တည့်နေတဲ့ အချိန်ကတော့ အရမ်းကောင်းတဲ့ မိတ်ဆွေတွေပေါ့။ ဒါပေမယ့်
စိတ်သဘောခြင်း မတိုက်ဆိုင်တော့တဲ့အခါ လူတိုင်း ခေါ်ပြောပြီး အတင်းဖြစ်ပြီး တစ်စိတ်ကနေ
တစ်အိတ်ပေါ့။ ပြန်ကြားရတဲ့ လူငယ်အတွက် ကမ္ဘာကြီးမှာ နေရာရှား သွားပါပြီ။ လောကမှာ ဘယ်လိုနေနေ မပျော်တော့ဘဲ တစ်ခုပြီး တစ်ခု ၀င်လာတဲ့ ရောဂါတွေနဲ့ ၀ိုင်းဝိုင်းလည်နေတော့တယ်။ နောက်ဆုံး မိမိအသက်ကိုပင် ရန်ရှာတော့သည် အထိ စဉ်းစား လုပ်ကိုင်တတ်လာပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ “မတင်းလွန်း၊ မလျော့လွန်းသော စောင်းကြိုး" များကဲ့သို့ လိုက်လျောညီထွေမှု ရှိအောင် ထိန်းကျောင်းပေးသင့်ပါသည်။ မိဘများကလည်း ငါမွေးထားက ငါ့သဘော”ဟု မဆိုဘဲ လူငယ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးတတ်ခြင်းဖြင့်သာ အကောင်းအဆိုးကို နားလည်စေရန် ဆုံးမ ပဲ့ပြင်သင့်ပါသည်။ လူငယ်မောင်မယ်များအနေနှင့် ခေတ်နဲ့ အညီ အလုပ်လုပ် နေရပေမယ့်လည်း “လူတိုင်း လူတိုင်း စိတ်မှုဖိစီးမှုနဲ့ မကင်းနိုင်ဘူး၊ ငါတစ်ယောက်တည်း မဟုတ်ဘူး”လိုအပ်တဲ့ ပညာတွေ ဆက်သင်ယူမယ်၊ ထူးချွန်လို့ လုပ်သက်ရအောင်ယူပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ပြီးတော့ မိမိတို့ ကိုးကွယ် ဆည်းကပ်တဲ့ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ အပြည့်အ၀ ခိုလှုံပြီး ယုံကြည်မှုယူပါ။

“ငါ့အားဖြင့် တတ်နိုင်တာ ဘာမှ မရှိပေမယ့်၊ ဘုရားသခင်အားဖြင့် အားလုံးစုံကို တတ်နိုင်တယ်။”အချုပ်အားဖြင့် လူငယ်မောင်မယ်များ အနေဖြင့် စိတ်ဖိစီးမှု (Stress)များကို ဘုရားသခင်ထံမှ ခွန်အားယူပြီး ချေဖြတ်နိုင်တဲ့ လူစွမ်းကောင်းလေးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း xxxxx

 
မေတ္တာများစွာဖြင့်
လင်ဒါထွန်းလွင် (ရန်ကုန်)   

Read More...

Saturday, August 2, 2014

အမှန်တရား

လူတိုင်း လူတိုင်း လွတ်လပ် ပျော်ရွှင်ချင်ကြတယ်။ လွတ်လပ်မှ ပျော်ရွှင်မယ်၊ ပျော်ရွှင်မှလည်း လွတ်လပ်တယ်လို့ ခံယူကြသော်လည်း လွတ်လပ်မှုနှင့် ပျော်ရွှင်မှု နှစ်ခုစလုံးကိုပေး၍ ၎င်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ထားမယ့် အရည်အချင်းတစ်ခုကို မေ့နေတတ်ကြပါတယ်။ ၎င်းအခြေခံ အကျင့်သီလကတော့ အမှန်တရား ပါပဲ။          

( ယောဟန် ၈း ၃၂ )၌ ခရစ်တော် ကိုယ်တိုင်က “သင်တို့သည် သမ္မာတရားကို သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။”ဟု အမှန်တရားနှင့် လွတ်မြောက်ခြင်းတို့ရဲ့ ဆက်နွယ်နေမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ မိမိ ဇာတိချက်မြုပ် ပိုလန်ပြည်သို့ကြွမြန်းပြီး တရားဟောကြားရာတွင် နယ်စပ်ဒေသများမှ ရုရှားလူမျိုး တစ်သောင်းကျော်လည်း လာရောက် ပါဝင်ကြတယ်။

နှစ်ပေါင်း (၇၀)ကျော် ကွန်မြူနစ်ဝါဒအောက်မှာ ဖိနှိပ်ထားခြင်းခံရတဲ့ ဘုရားတရားနှင့် ၀ိညာဉ်ရေးရာများဟာ ပြန်လည် နလန်ထလာရမည့် အကြောင်း၊ ဆိုဗီယက် ရုရှားမှာ အနှစ်တစ်ထောင်မျှ တည်ရှိခဲ့တဲ့ ကက်သလစ်နှင့် Outhodox ယုံကြည်ချက်များဟာ လူမှုရေးကဏ္ဍများကို ပဲ့ပြင်ထိန်းကျောင်းပြီး ရှင်သန်ထွားကျိုင်းအောင် ပြုလုပ်ပေးနိုင်ကြောင်းဖြင့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ပြောကြားခဲ့သည်။
ပိုလန်တိုင်းပြည် အပါအ၀င် ဆိုဗီယက်ရုရှား၏ ကြိုးကိုင်မှုနှင့် ဘုရားမဲ့ ကွန်မြူနစ်ဝါဒရဲ့ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာကြတဲ့ အရှေ့ ဥရောပတိုင်းပြည်များအား ပုပ်ရဟန်းမင်းကြီးက ၎င်းတို့ရဲ့ နောင်ရေးအတွက် ဆင်ခြင်ပြီး မှန်ကန်သင့်တော်တဲ့ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ဖို့နှင့် “လွတ်လပ်ပြီဟေ့ ဆိုပြီး” အနောက်တိုင်းဆန်တဲ့ သုံးဖြုန်း ဇိမ်ခံလိုမှုများနှင့် စရိုက်ဆိုးစေတဲ့ အချို့သော အမူအကျင့်များကို အတုမယူကြစေဖို့လည်း မိန့်မှာလိုက်ပါတယ်။ ရုရှားနှင့် အရှေ့ ဥရောပတိုင်းပြည်များ၌ ဘုရားတရား ဆန့်ကျင်တဲ့ ကွန်မြူနစ်ဝါဒများ အရေးနိမ့် ဆုံးရှုံသွားမှုကို ၀မ်းသာမိသော်လည်း အနောက်တိုင်းသုံး အရင်းရှင်ဝါဒကို အကောင်းဆုံးဟူ၍လည်း သူ မပြောဆိုခဲ့ပါ။ မိမိ၏ (၁၃)၀ါတော်ရှိပြီ ဖြစ်တဲ့ ရဟန်းမင်း သက်တာမှာ ဒုတိယဂျွန်ပေါလ်က ကြွယ်ဝ တိုးတတ်တဲ့ ဥရောပတိုင်းပြည်များဟာ တတိယ ကမ္ဘာ့နိုင်ငံများကို ကူညီသင့်သလောက် မကူညီသေးကြောင်း၊ ကမ္ဘာ့လူနည်းစုသာ ဖြစ်တဲ့နိုင်ငံတစ်ချို့ဟာ ကမ္ဘာ့စီးပွားချမ်းသာမှု၏ အကြီးဆုံး ဝေစုကို ခံစားနေကြကြောင်းဖြင့် အခွင့်အရေး ရတိုင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။ အစိုးရအဖွဲ့အစည်းများဟာ နိုင်ငံရေးအာဏာကို ကြိုးကိုင်နိုင်သူများနှင့် စီးပွားရေးသမားကြီးများ၏ အကျိုးထက် ရိုးရိုး လူတန်းစားများ အကျိုးကို သယ်ပိုးကြရမည်ဖြစ်ကြောင်း၊ အဘက်ဘက်က ပိတ်ပင် တားဆီးခွင့်ရှိတဲ့ မိုနိပါလီဝါဒကျဆင်းရန် လိုအပ်ကြောင်း၊ လူထု၏ အခြေခံရပိုင်ခွင့်များ၊ အပြုသဘောနှင့် လွတ်လပ်စွာစွာ ပြောဆိုရေးသား တင်ပြနိုင်ခွင့်များနှင့် တရားမျှတမှုတို့ကို ထိန်းသိမ်းစောင့် ရှောက်မယ့် အဖွဲ့အစည်းကို ဦးစားပေးသင့်ကြောင်း၊ ချမ်းသာသည့် နိုင်ငံများက တတိယကမ္ဘာ့နိုင်ငံများရဲ့ ကြွေးမြီများကို အတင်းအဓမ္မ မတောင်း သင့်ကြောင်း၊ သန္ဓေဖျက်ချမှုသည် လူသတ်မှုဖြစ်သဖြင့် ဘယ်အာဏာပိုင်ကမှ ခွင့်မပြုနိုင်ကြောင်း၊ ခြိုးခြံထိန်းသိမ်းမှုဖြင့် ကိုယ်ကျင့်တရားဆောက်တည်မှုနှင့် ကိုယ်ချင်းစာနာ၍ ဝေငှမှုတို့ အပေါ်ရပ်တည်တဲ့ ငြိမ်းချမ်းရေးသာလျှင် တည်မြဲကြောင်း၊ စသည့် အဓိက အကျဆုံးအချက်များကို ရဟန်းမင်းကြီး ဂျွန်ပေါလ်ကဲ့သို့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို၍ ဆွဲဆောင်နိုင်သည့် ပုဂ္ဂိုလ်ကြီးများ ကမ္ဘာမှာ ခပ်များများရှိမည်ဟု မထင်ပါ။

ရဟန်းမင်း အဖြစ် (၁၃နှစ်)အတွင်း အီတလီပြည်ပ ခရီးစဉ်ပေါင်း (၅၁)ကြိမ်ထွက်ခဲ့ရာ ဂျွန်ပေါလ်က ပိုလန်ပြည်သို့ ရောက်စဉ် ဤသို့မြွတ်ဆိုခဲ့တယ်။ "လွတ်လပ်မှုဆိုတာဟာ ရိုးရိုးကလေး ပိုင်ဆိုင်ထားလို့ရသည့် အရာမဟုတ်ပါ။ ကျွန်ုပ်တို့ဟာ ထိုအရာအတွက် အမြဲတိုက်ခိုက်နေရမည်။ ထိုလွတ်လပ်မှုကို ကောင်းတဲ့ဘက်မှာ အသုံးချခြင်းနှင့် အမှန်တရားရေးဘက်၌ ပါဝင် စေခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ လွတ်လပ်မှုအတွက် တိုက်ပွဲဆင်နွှဲနေရတယ်။ အမှန်တရားတို့ရဲ့ ဆက်စပ်နေမှုကို ထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ အမှန်တရားဆိုရာ၌
၁။ ဘာသာရေးခံယူချက် အမှန်တရား။
၂။ ကိုယ့်ခံယူချက်အရ အမှန်တရားနှင့်
၃။ လူလူချင်း ဆက်ဆံမှု၌ တွေ့ရတဲ့ အမှန်တရားဟူ၍ ခွဲခြားပြသနိုင်တယ်။  


၁။ ဘာသာတရားရေးဆိုင်ရာ ဟောကြားချက်များဟာ ခရစ်ယာန်သော် လည်းကောင်း၊ ဗုဒ္ဓဘာသာသော် လည်းကောင်း၊ အစ္စလာမ်သော် လည်းကောင်း၊ ဟိန္ဒူသော် လည်းကောင်း၊ ကောင်းရာ မြတ်ရာကို ဟောကြတယ်။ ဘာသာချင်းတူညီတဲ့ အဓိက အချက်ကြီးများလည်း တွေ့ရပါတယ်။ ကိုယ့် ဘာသာကို တကယ်ဘာသာမှန်လို့ ရိုးသားစွာ ထင်မှတ်၍ စိတ်ကောင်း နှလုံးကောင်းနှင့် ကျင့်ကြံသူဟာ ပိုဆိုး မလာနိုင်ပါ။ ဘာသာများ အချင်းချင်း တစ်ဦးဆီမှ တစ်ဦး အတုယူစရာတွေ၊ လိုက်နာစရာတွေ၊ အများကြီး ရှိပါတယ်။ ဘာသာတရားတစ်ခုသည် အမှန်တရားကို အပြည့်အ၀ မရှိသေးသည် ထားအုံးတော့ အမှားကို အားပေးခြင်းဖြစ်စေသည်တော့ မဟုတ်ပါ။                

၂။ ကိုယ့်ခံယူချက်အရ မှန်တယ်ဆိုတဲ့ အချက်ကတော့ ကိုယ့်အတွက် မှန်ပေမယ့် သူများအတွက် ဟုတ်ချင်မှ ဟုတ်မယ်ဆိုတော့ အများနှင့် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကိုယ်ခံယူချက်အရ အမှန်တရားကို ရောင်းဝယ်ရေးမှာလို သူတစ်ပါးအား အတင်း ၀ယ်ယူခိုင်းလို့ မဖြစ်ပါ။

၃။ ဒီ တတိယကဏ္ဍမှာရှိတဲ့ အမှန်တရားကို ကျွန်ုပ်တို့ အထူး ဆင်ခြင် သုံးသပ်ကြည့်သင့်ပါတယ်။
ဒါကတော့ လူလူချင်း ဆက်သွယ်မှုရှိသင့်တဲ့ မှန်ကန်မှု ဖြစ်ပါတယ်။ လူများအကြား၌ သော်၎င်း၊ အုပ်စုများအကြား၌ သော်၎င်း၊ ပြစ်မှားမှု တစ်ခုခု၊ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပြီဆိုရင် ၎င်းဖြစ်ရပ်ကို မဖြစ်ခဲ့ဘူးဟု ငြင်းဆိုနေရင် ယုတ္တိမရှိ။ ၎င်းမှားကွက်ကို အမှန်ဖြစ်ရအောင် သမိုင်းပြောင်းပြီး ရေးရင် သမိုင်းစစ် သမိုင်းမှန်မဖြစ်ပဲ ယုံတမ်းစကားမျှသာဖြစ်မည်။ ၎င်း အစွန်းအကွက်ကို နောက် အစွန်းအကွက်များဖြင့် သင်ပုန်းချေရင် အနိဌာရုံ ပိုများလာတာသာ ရှိတော့မယ်။ အပြစ်အမှားကို အကောင်းဆုံး ယတရာချေခြင်း ကတော့ ၎င်းအမှားကို ရိုးသားစွာဝန်ခံ၍ ကိုယ်မှားခဲ့သူထံမှ အခွင့်တောင်းပြီး နောင်ထပ် မဖြစ်ဖို့ရန် မူပြောင်းလဲပေးခြင်းပင် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ ကမ္ဘာကြီးမှာ ဒီလို ယတရာချေခြင်းမျိုး မတွေ့ရပါ။ မှားတဲ့သူများက ၀န်မခံတဲ့အပြင် တစ်ခါမှ မမှားတဲ့ဟန်နှင့် ထပ်အမှားများ လုပ်နေကြတယ်။ အာဏာနှင့် အခွင့်အရေး ရရှိနေသူများက မှားကွက်ကို ၀န်ခံခြင်းဖြင့် လက်အောက်သားများရဲ့ စေတနာ ကရုဏကို ရအောင်မလုပ်ကြပဲ စားကွက်ကိုသာ ထွင်နေကြတယ်... စသဖြင့် စသဖြင့် ကမ္ဘာမှာ ပြဿနာတက်စရာ ပိုများ လာပါတယ်။          

လူလူချင်း လိမ်ညာ ပြောဆိုလို့ရတယ်။ ကိုယ့်ကို ကိုယ်လည်း လိမ်လည်လို့ ရတယ်။ ဒါပေမယ့် အတိုင်းမသိ ကောင်းမြတ်တော်မူပြီး အရာရာကို နှံ့စပ် သိမြင်တော်မူတဲ့ ဘုရားကိုတော့ ဘယ်လူသားကမှ လိမ်လည်ပြုမူ ပြောဆိုလို့ မရပါ။ မိမိကိုယ်တိုင်ကလည်း သူတစ်ပါးကို မညာ၊ သူတစ်ပါးကလည်း သူ့ကိုညာလို့ မရနိုင်တဲ့ ဘုရားသခင် မျက်မှောက်မှာရှိနေတဲ့ ကျွန်ုပ်တို့လူသားများဟာ ကမ္ဘာ၌ ကိုယ့်အမှားကို ရဲရင့်စွာ ၀န်ခံ၍ လိမ်ညာမှုနှင့် စကားမတည်မှုတို့ကို ရှောင်ရှားမယ့် ပုဂ္ဂိုလ်ကြီးများ ထွန်းကားလာရေးနှင့် မိမိတို့ရဲ့လွတ်လပ်မှုကို အပြုသဘောဘက်၊ ကောင်းရာ တိုးတက်ရာဘက်၌ အသုံးပြုတတ်ကြမယ့် လူသားများ တိုးတက်လာရေးတို့အတွက် ဘုရားရှင်တော်ထံ ဆုတောင်းမေတ္တာပို့သကြ၍ ရိုင်းပင်း ကူညီသွားကြပါစို့လား စာဖတ်သူပရိတ်သတ်အပေါင်းတို့ .........

RVA ထုတ်လွှင့်ချက်မှ   

Read More...

Wednesday, July 30, 2014

သတိဆိုတာ ပိုတယ်မရှိ

ယနေ့ခေတ် အချိန်အခါမှာ လူအားလုံးဟာ စားဝတ်နေရေးဆိုတဲ့ အဓိက အရေးကြီးတာကို အာရုံစိုက်နေကြရင်း မထင်မှတ်တဲ့ မမျှော်လင့်ဘဲ ၀င်ရောက်လာတဲ့ အခြေအနေများကို ရင်ဆိုင် နေရတာကို တွေ့နေရပါတယ်။ အဲဒါက ဘာလဲဆိုရင် မတော်တဆမှုများပဲ ဖြစ်ပါတယ်။ အဲဒါတွေက ဘာကြောင့် ဖြစ်ပွားနေရသလဲ ဆိုရင်တော့ မိမိရဲ့ သတိတရားကို ပေါ့ပေါ့ဆဆ ထားခဲ့မိလို့ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိသွားလာ လှုပ်ရှားနေရတဲ့ အခြေအနေမှာ အချိန်ပြည့် မတော်တဆမှုတွေနဲ့ပဲ ပြည့်နှက်နေတယ် ဆိုတာကို သတိထားဖို့ အထူး လိုအပ်နေပါပြီ။ တစ်နှစ်ထက် တစ်နှစ် တိုးပွားလာတဲ့ လူဦးရေ၊ ယာဉ်အစီးရေတွေဟာ လွန်ခဲ့တဲ့နှစ်တွေနဲ့ စာရင်အင်မတန်မှ များပြား လာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီစကားကို ထည့်ပြောရသလဲဆိုရင် - လူဆိုတာ မိမိမှာ အကောင်းတိုင်း ပကတိအတိုင်း ရှိနေတဲ့ မိမိရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကောင်းမွန်စွာ ရှိနေစဉ်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲဖြစ်နေတာကို တွေ့နေရပါတယ်။ ကိုယ်အင်္ဂါထဲက တစ်ခုခု ထိခိုက်မိမှ အဲဒီကိုယ် အင်္ဂါရဲ့တန်ဖိုးကို သိနားလည်ကြတာကို တွေ့ရပါတယ်။                   

အစိုးရမီဒီယာများ၊ ရုပ်သံများကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတိပေး ကြော်ငြာများ ပြုလုပ်ပြီး တင်ဆက်နေကြပေမယ့် ထိရောက်မှုကတော့ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုတ်ရာ တစ်ခြား၊ ရှရာတစ်ခြား ဖြစ်နေလို့ပါပဲ၊ ရုပ်သံကြော်ငြာတစ်ခုပဲ နမူနာကြည့်ပါ။ တင်ဆက်နေတာ
မတော်တဆမှုအတွက် သတိပေးကြော်ငြာနေတာ။ တင်ဆက်နေတာက “အရမ်း အရေးကြီးလို့ ပြောတာနော်”ဆိုတဲ့ စကားလေးက ပြောဆို တင်ဆက်ပုံ လေးနက်မှု မရှိသလိုမျိုး ဖြစ်နေတာ တွေ့နေရတာက အားလုံး သတိထားမိချင်မှ ထားမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ တင်ဆက်ပုံက-နာရေးဖြစ်လို့ သွားအားပေးနေတဲ့ သူက နာရေးအိမ်မှာ ပြောင်စပ်စပ် အမူအရာနဲ့ နာရေး ဖြစ်နေတဲ့၏ အိမ်မှာရှိတဲ့ မိသားစုတွေကို အားပေး နှစ်သိမ့်ရာပဲရောက်မလား၊ ပိုပြီးပဲ ဆိုးမလားဆိုတာကို တွေးကြည့်ရင် သိပါတယ်။ ဆိုလိုတာက သိပ်ပြီး လေးနက်တဲ့ ကိစ္စတွေကို ပေါ့ပေါ့ဆဆ ပြောဆို တင်ပြသလို မရဘူး ဆိုတာကို လုံးဝမေ့နေကြတယ်လေ။   

အဲဒါကြောင့်မို့ အခုခေတ် လူငယ်လေးတွေဟာ အနာဂတ်မှာ ဦးဆောင်ရမယ့် လူကြီးတွေ ဖြစ်ကြမှာမို့ မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ အခုလို ကိုယ်လက် အင်္ဂါလေးတွေ အကောင်းတိုင်း ရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့နဲ့ ဖြစ်ပြီးမှ နောင်တရနေမယ့် အစား မဖြစ်သေးခင် ကြိုတင် ဂရုတစိုက်နဲ့ သတိထားဖို့ ပြောနေတာပါ။
ဥပမာ- လမ်းဆုံများ ရောက်ပြီးဆိုခဲ့ရင် ငါမှန်မှန်၊ သူမှန်မှန် မိမိယာဉ်ရဲ့ အရှိန်ကို လျော့ပေးပါ။ ရုတ်တရက် မထင်မှတ်ပဲ ဖြတ်ပြေးတတ်တဲ့ ခွေး၊ ကလေးငယ်များ အတွက် မိမိရဲ့ အရှိန်ကို ထိန်းနိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ ယာဉ်ကို ဂရုတစိုက် မောင်းနှင်ကြပါ။ အကယ်၍ ဒေါသကို လက်ကိုင်ထားပြီး မောင်းနှင်ကြမယ်ဆိုရင် ပြဿနာက ကြီးသထက် ကြီးသွားမယ်။ အခြေအနေက ဆိုးသထက် ဆိုးသွားမယ်ဆိုတာ သိသာအောင် ပြောရမယ်ဆိုရင်-ယာဉ်ထိခိုက်မှုဖြစ်ပြီ ဆိုတာနဲ့

(၁) အချိန်ကြန့်ကြာမှု စတင်ဖြစ်နေပြီ၊
(၂) မလိုအပ်ပဲ မှုခင်းရင်ဆိုင်ရတဲ့ အခြေအနေ ဖြစ်သွားတတ်တယ်၊
(၃) ငွေကြေး ကုန်ကျစရိတ် သေချာပေါက် ပေးဆပ်ရတော့မယ်၊
(၄) ယာဉ်ထိခိုက်မှု၊ လူထိခိုက်မှုအတွက် နစ်နာရတဲ့ အခြေအနေမျိုး ဖြစ်ပွားသွားတာကို လက်တွေ့ ရင်ဆိုင် ကြုံတွေ့ရတော့မယ်၊
(၅) အဆိုးဆုံးကတော့ လူ့အသက် အန္တရာယ်ကိုလဲ ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေမျိုးတွေ ခါးသီးစွာနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ လူငယ်တွေဟာ “သတိမမူ၊ ဂူမမြင် ဆိုသလို” မမျှော်လင့်ပဲ ဆုံးရှုံးမှုတွေနဲ့ မကြုံ တွေ့မိစေကြဖို့၊ ဘုရားတရားနဲ့ သတိရှိကြဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ပေးသနားတဲ့ အသက်ဟာ တန်ဖိုးရှိသလို မိမိတို့ရဲ့ အသက်ရှင်သန်မှုဟာလည်း ဘုရားအတွက်၊ အများအတွက်ဖြစ်ဖို့ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းတင်ပြရင်း အာလုံး ကျန်းမာရွှင်လန်းကြပါစေလို့  ဆုမွန်ကောင်းတောင်း ပေး လိုက်ပါတယ်။                       

ကိုမော်မော်သွေး (ခ) ကိုဆိုနီ (မန္တလေး)

Read More...

Saturday, July 26, 2014

ငြိမ်းချမ်းသာယာသော ကမ္ဘာလေး တည်ဆောက်ကြရအောင်


အိန္ဒိယပြည် ကာလကတ္တားမြို့မှ ကက်သလစ်သီလရှင်ကြီး မာသာရ်ထရေဇားသည်၊ နိုဘယ်လ်ဆုရခဲ့စဉ်က အမှာစကား တစ်ခွန်း ပြောကြားခဲ့ဖူးသည်မှာ “ကမ္ဘာကြီး ငြိမ်းချမ်းရေးရရှိရန် သင်တို့အိမ်သို့ ပြန်ပါ၊ မိသားစုကို တကယ် မေတ္တာစစ်နှင့် ချစ်ပါ”ဟု မိန့်ကြားခဲ့ပါသည်။ လူသားတိုင်း စိတ်ချမ်းသာမှု၊ ငြိမ်းအေးမှုကို ရရှိဖို့ မိသားစု အချင်းချင်း ချစ်ခင်လေးစားမှုမှ စတင်ပြီး အိမ်နီးချင်း မိတ်ဆွေများမှ တစ်ဆင့်၊ လူသားအားလုံးကို မေတ္တာတရား မျှဝေပေးခြင်းပင် ဖြစ်ပါသည်။ အချို့မိသားစုထဲ၌ မိခင်နှင့် ဖခင်ကလည်း အဆင်မပြေကြ၊ သားသမီးများမှာလည်း အချင်းချင်း မတည့်ကြသည့် မိသားစု အများအပြား ရှိနေပါသည်။ ကျွန်ုပ်တွေ့ခဲ့ဖူးသည့် ချမ်းသာသော မိသားစုကြီးတစ်စု၌၊ ဖခင်မှ မိခင်ကို ငယ်စဉ်က အနိုင်ကျင့် လက်ထပ်ယူခဲ့သောကြောင့် မိခင်၌လည်း မိသားစုအပေါ် ချစ်ခင်ကြင်နာစိတ် မထားနိုင်ခဲ့ကြောင်း မိခင်ကြီးမှ ၀န်ခံခဲ့သည်။ သားသမီး (၇ယောက်) မွေးဖွားခဲ့သော်လည်း သားသမီးများမှာလည်း အချင်းချင်း ချစ်ခင်ကြင်နာမှုမရှိခဲ့ပေ။ ထိုအိမ်ထောင်စု၌ ဒေါသမာန် မာနများ၊ အာဃာတများစွာဖြင့် ငွေပုံပေါ်မှာ စိတ်ဓာတ် ယိမ်းယိုင်စွာနှင့် ပျော်ရွှင်မှု ကင်းမဲ့စွာဖြင့် နေထိုင်နေကြသည်ကို တွေ့မြင်ရသည်။
မိသားစုအတွင်း မေတ္တာတရား မရှိသောကြောင့်၊ ပတ်ဝန်းကျင်အပေါ်လည်း ကြင်နာစိတ် ကင်းမဲ့ခဲ့ကြသည်။ အနီးကပ် နေထိုင်ရသော ကျွန်ုပ်သည်လည်း သူတို့ကို မြင်နေရသောကြောင့် စိတ်ချမ်းသာမှု နည်းပါးခဲ့ရသည်။

နောက်တွေ့ ဖူးတဲ့ ရင်းနှီးသော မိတ်ဆွေလင်မယား၏ ဘ၀မှာလည်း စီးပွားရေး အဆင်ပြေသော်လည်း၊ ခင်ပွန်းဖြစ်သူမှ သူ၏ တပည့်မလေးကို စောင့်ရှောက်ထားသည်မှာ (၁၀)နှစ်ကျော် ရှိပြီဖြစ်သည်။ ထို့ကြောင့် သူတို့၌ အရွယ်ရောက်သော သားသမီးနှစ်ယောက် ရှိနေသောကြောင့် ခွဲခွာဖို့လည်း မသင့်တော်ပေ။ အခြေအနေ မပြောင်းလဲပဲ ပေါင်းသင်း နေထိုင်နေရသောကြောင့် ထိုအမျိုးသမီး၌ စိတ်ဓာတ်ကျသော ရောဂါရရှိခဲ့သည်။ သားသမီး နှစ်ယောက်မှာလည်း ဘ၀မှာ ပြည့်စုံသော်လည်း စိတ်ချမ်းသာမှု ကင်းမဲ့လျက်ရှိရာ သားလေးမှာ အထက်တန်းစား ပျက်စီးခြင်းဟု ခေါ်ရမည့် မူးယစ်ဆေးနှင့် အပျော်အပါးကို ခုံမင်သော ဘ၀သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် မိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့ရန်အတွက် မိဘနှစ်ပါးသည် အရေးကြီးဆုံး ဖြစ်ပါသည်။          

အချို့မိသားစု၌ သားသမီးများကို ခွဲခြား ဆက်ဆံရာမှ နှိမ့်ချ ဆက်ဆံခံရသော သားလေးမှာ နောက်ဆုံး စိတ်ဓာတ်ကျရောဂါရပြီး မိဘကို ကလန်ကဆန်လုပ်ရင်းမှ အဖေ၏ ရိုက်နှက်မှုကို မခံနိုင်တော့ပဲ၊ အိမ်ပြေး ဘ၀ရောက်သွားပြီး၊ ရုတ်တရက် သေဆုံးသွားသည်ကို တွေ့ကြုံခဲ့ဖူးပါသည်။ အချို့ မချမ်းသာသော်လည်း၊ ဘုရားသွား ကျောင်းတက် အတူတူ၊ ချစ်ခင် ကြင်နာစွာ နေထိုင်ကြသော မိသားစုများလည်း ရှိကြပါသည်။ သို့သော် မိတ်ဆွေများ၏ အိမ်များကို လေ့လာမိသမျှ ရေးရလျှင် ဆယ်အိမ်မှာ တစ်အိမ်လောက်သာ ရောင့်ရဲတင်းတိမ်စွာ ချစ်ချစ်ခင်ခင် နေထိုင်ပြီး၊ အဆင်ပြေအောင် ကြိုးစား နေထိုင်ကြသည်ကို တွေ့ရပါသည်။ အိမ်ထောင်သက်နှစ် (၃၀၊ ၄၀၊ ၅၀) သာ ရောက်ရှိလာကြသော်လည်း၊ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ ကျော်လွှားလာခဲ့ကြရသည်။

ဘာသာတရား ကိုင်းရှိုင်းသော၊ နှစ်ဦးစလုံး ဘာသာတူများဖြစ်လျှင် ငါးဆယ်ရာခိုင်နှုန်း ညှိနှိုင်း၍
ရတတ်သည်။ သည့်ထက်ပိုချင်လည်း ပိုနိုင်ပါသည်။ မိဘနှစ်ပါး ဘာသာမတူလျှင်တော့ သားသမီးများမှာ အခက်အခဲများစွာ တွေ့ရတတ်သည်။ များသောအားဖြင့် အိမ်ထောင်စုတစ်စု၌၊ အိမ်ထောင်ဦးစီး၏ အရက်သေစာနှင့် ပြင်ပ အပျော်အပါးများ ပြားသောကြောင့် မိသားစု ဒုက္ခ ရောက်ကြရသည်။ ချမ်းသာသည်ဖြစ်စေ၊ ချို့တဲ့သည် ဖြစ်စေ၊ အရက်သောက်ထားလျှင် ရန်လိုတတ်ကြသည်မှာ ထုံးစံဖြစ်သည်။ အရက်စွဲနေသော မိန်းကလေးငယ်တစ်ဦးနှင့် တွေ့ဖူးပါသည်။ သူ့မိသားစုလည်း အရှက်ရ၊ ဒုက္ခဖြစ်ရသည်မှာ အကြိမ်ကြိမ် ဖြစ်သည်။ ယခုတော့ သူမ၏ အမှားကို နားလည်လာပြီး အရက်ဖြတ်ရန် ကြိုးစားနေပြီ ဖြစ်သည်။

ယခုအခါ ယဉ်ကျေး လိမ္မာသင်တန်းများလည်း ကျောင်းပိတ်ရက်များ၌ ဖွင့်လှစ်ထားပြီ ဖြစ်သောကြောင့်၊ ကလေးသူငယ်၊ လူငယ်အများလည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့ ဘုရားကျောင်းမှ ဘာသာစကား သင်တန်းများသည်လည်း၊ ခရစ်တော် အလိုကျ ယဉ်ကျေးလိမ္မာပြီး ခရစ်တော် အငယ်စားလေးများ ဖြစ်စေရန် လမ်းပြလျက်ရှိပါသည်။ “ကြင်နာစိတ် မွေးမြူထားရှိတာဟာ လူ့ဘ၀မှာ အဖိုးတန်တဲ့ အလုပ်တစ်ခု လုပ်တာပါပဲ”ဟု ဆယ်မြူရယ် ဂျွန်ဆင် (ကမ္ဘာကျော် စာရေးဆရာ)မှ ရေးသား ခဲ့ဖူးပါသည်။ အမေလူထု ဒေါ်အမာမှလည်း "လူဆိုတာ ကိုယ်လူဖြစ်လာရင် ငါ့အတွက် ဘယ်သူတွေ ဒုက္ခရောက်သတုန်း၊ ဘယ်သူတွေ ဆင်းရဲ ပင်ပန်းမှုတွေဖြစ်ကုန် သတုန်း၊ ငါက ဘယ်သူတွေကို ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်နိုင်သတုန်း၊ ငါ့ကြောင့် အများသူငါ သက်သာ ချောင်ချိမှု ဘယ်လောက်ဖြစ်သတုန်း စိစစ်ဖို့ ကောင်းတယ်။" ဟု ရေးသားခဲ့ဖူးပါသည်။ ဤတန်ဖိုးရှိသော စာသားကလေးများကို ဘာသာမရွေး လိုက်နာ ကျင့်သုံးကြလျှင် လူကြီးလူငယ်မရွေး စိတ်ထားများ ပျော့ပျောင်းလာပြီး၊ တန်ဖိုးရှိသော လူသားများ ဖြစ်လာကြကာ၊ ပတ်ဝန်းကျင်သာမက ကမ္ဘာလောကကြီးလည်း ပို၍ အေးချမ်းလှပလာမည်မှာ သေချာပါသည်။

ခရစ်တော်၌ အစေခံလျက်
ကက်သလင်းခင်

Read More...

Wednesday, July 23, 2014

ကြီးမြတ်လှသော မိဘမေတ္တာ


ဒီကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ လူသားတွေကတော့ သန်းပေါင်းများစွာပါ။ ဒါပေမယ့် အဲဒီ လူသားသိန်း၊ သန်းပေါင်းများစွာ ရှိကြတဲ့အထဲမှာ “မိဘ”ဆိုတဲ့ လူသားဟာ ကျွန်တော်တို့အတွက် နှစ်ဦးပဲရှိတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော လူသားများနဲ့ ကိုယ့်ရဲ့ မိဘတွေကို ဘယ်လိုမှ အစားထိုးလို့မရ၊ လဲလှယ်ယူလို့ မရ၊ ဘာကြောင့်လဲဆိုတော့ မိဘတွေဟာ တန်ဖိုးအရှိဆုံး ပုဂ္ဂိုလ်နှစ်ဦးရဲ့နေရာမှာ ယူထားကြလို့ပဲ။ ဘုရားသခင်က “မိဘတို့ကို ရိုသေလော့” ဟု ပညတ်ထားပြန်တော့ မိဘတို့ရဲ့ဂုဏ်ဟာ အမြင့်ဆုံး အခြေအနေမှာ ရောက်ရှိသွားတာပေါ့။ မိဘဆိုတာ ဘယ်အရွယ်၊ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အသက်ကြီးငယ် ရုပ်ချော၊ ရုပ်ဆိုး၊ ပညာရှိ၊ ပညာမဲ့၊ ဂုဏ်ရည်နိမ့်၊ ဂုဏ်ရည်မြင့်၊ အဆုံးပြောရရင်၊ အကျင့်ဆိုး၊ အကျင့်ကောင်း ဘာကြီးပဲဖြစ်နေပါစေ မိဘဟာမိဘပါပဲ။                      
မိဘနှစ်ပါးဟာ သားသမီးတို့ရဲ့ လက်ဦးဆရာပါပဲ။ မိဘရင်ခွင်ထဲကပဲ လူသားတိုင်း လူ့ဘ၀ စခဲ့ကြရတာ ဖြစ်တယ်။ လူသားတိုင်းဟာ မိခင် နို့ချိုသောက်သုံးပြီး ဖခင်၏ ပုခုံးထက် မှီတွယ်ရင်း ကြီးပြင်းလာကြရပါတယ်။
မိခင် သန္ဓေ တည်ချိန်မှ စပြီး ကိုယ်ဝန်နှင့် မတည်တဲ့ ပူလောင်၊ စပ် ခါး အစားအစာမှန်သမျှကို သားသမီးများကို ချစ်သောမေတ္တာစိတ်နှင့် ရှောင်ကြဉ်ရရှာတယ်။ အနေအထိုင် မတိမ်းလဲအောင် ဆင်ခြင်ရရှာတယ်။ မိခင်သည် သားသမီးများကို ကိုးလလွယ်ကာ၊ ဆယ်လရောက်တော့ မိမိ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုပင် မကြောက်၊ လူ့လောကအတွင်းသို့ မိမိ၏ သား၊ သမီး ၀င်ရောက်လာနိုင်ရန် နာကျင်ခြင်း ဒုက္ခမှန်သမျှကို ကြိတ်မှိတ်ခံကာ မိခင်ကောင်းပီသစွာ သားသမီးများကို မွေးထုတ်ပေးရရှာတယ်။ အသက်ကိုစွန့်ကာ မွေးဖွားပေးသော မိခင်ရဲ့မေတ္တာနှင့် ကျေးဇူးကား မည်သည့်အရာနှင့် ယှဉ်ယှဉ် နွားချိုပေါက်စနှင့် သမုဒ္ဒရာရေကြီး ယှဉ်ထားသလို နှိုင်းဆ မရ မတူမတန် တွေ့ရလိမ့်မယ်။ နွဲ့ဆိုးဆိုးသားငယ်တို့ကို စိတ်ရှည်စွာ ထမင်းခွံ့ကျွေးတာ မိခင်ရဲ့ မေတ္တာပါပဲ။ ဖခင်ကလည်း သားသမီးတို့ရဲ့ နောင်ရေးအတွက် ရုန်းကန်
စီးပွားရှာရလေတယ်။ ဖခင်က မိမိ၏ လုံခြုံစိတ်ချရသော ခြံဝင်းအတွင်း မိခင်အား ကလေး၏ အရိပ်အခြေကိုသာ ကြည့်ရှု့စေပြီး ရန်မှန်သမျှကို ဖခင်က ဖြေရှင်းရရှာတယ်။ ဖခင်၏ လုံခြုံ စိတ်ချရသော ခြံဝန်းကြီးသည် မဟာတံတိုင်းပမာ ခိုင်မာစွာ ရပ်တည်လျက်ရှိတယ်။ သားသမီးတို့ကို ကာကွယ် စောင့်ရှောက်တော်မူရာ၌ ဖခင်၏ ကြီးမြတ်လှသော မေတ္တာသည် အရှိဆုံးအားအဖြစ် ရောက်ရှိလာတာပါပဲ။ ဖခင်၏ ဆုံးမစကားသည် သားသမီးများအား အားဆေးသဖွယ် ဖြစ်စေတယ်။ အဖသည် သားသမီးတို့၏ အားငယ်စိတ်ကို ပယ်ပျောက်စေ၍ အားသစ်များစေတယ်။ ဖခင်သည် နေမင်းကြီးကဲ့သို့ သားသမီးတို့၏ ဘ၀ကို တောက်ပ ထက်မြတ်သော မေတ္တာရောင်ခြည်တို့ဖြင့် လမ်းပြပေးတယ်။ အဖ၏ ရဲရင့်သော စိတ်ဓာတ်ကို သားသမီးတို့အပေါ် လက်ဆင့်ကမ်း ပေး၍ ဘ၀အခက်အခဲ တိုက်ပွဲ၌ အောင်မြင်စေသည်။                       

     သားသမီးတို့ အိပ်ချင်ဟန် မြင်လျှင် မမောနိုင်၊ မပန်းနိုင်၊ သီချင်းဆိုကာ ချော့သိပ်ရရှာတယ်။ ယုယကြင်နာစွာ ပိုက်ထွေးကြတယ်။ မိဘတို့ရဲ့ ဘ၀ဟာ ပင်ပန်းလှပါတယ်။ ဒါပေမယ့် ကလေးငယ်၏ အပြုံးမျက်နှာ တစ်ချက်ကို မြင်လိုက်သော တခဏ၌ ပင်ပန်းမှုတို့သည် ပျောက်ပျက်ရလေသည်။ သားသမီးကို တိုးတက်ကြီးပွားလိုသည်မှာ မိဘတို့၏ မေတ္တာ စေတနာ ဖြစ်ပါသည်။ စာသင်ရန် အရွယ်ရောက်သည်နှင့် ကျောင်းရင်ခွင်သို့ အပ်နှံကြပါသည်။ ပညာနို့ကိုလည်း စို့စေခဲ့သည်။ သားသမီးတို့၏ ဘ၀ လုံခြုံမှုရှိစေရန်၊ လူလိမ္မာများ ဖြစ်လာစေရန်၊ လူမခိုးသော ပညာရွှေအိုးကို ရှာဖွေ စုဆောင်းစေသည်။ တတ်စွမ်းသမျှ၊ လက်လှမ်းမှီသမျှ၊ ပြုစုပျိုးထောင် အကြံကောင်း၊ ဥာဏ်ကောင်းများ ပေးလေ့ရှိသည်။ သားသမီးများတို့သည် များပြားလှသော မိဘတို့၏ ချွေးစက်အပေါ် ကြီးပြင်း လာရတာပါပဲ။ သားသမီးတို့၏ ဘ၀ခရီးလမ်းစဉ် မတွက်မရေတွက်နိုင်သော ပင်ပန်းမှု၊ ခါးသီးမှုဒဏ်ကို အပြုံး မပျက်ခံကြရပါတယ်။ မိဘတို့သည် သားသမီးတို့ ကြီးပွား အောင်မြင်လျှင် ပြုံးပန်း ဝေနေကြမြဲဖြစ်၏။                          

    မိဘတွေရဲ့ အင်္ကျီက ချွေးနံ့လေးတွေဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ရေမွှေးထက်တောင် သင်းပျံ့ ပါတယ်။ သူများတွေ ဘယ်လောက်ပဲ ချောချော၊ ရုပ်အခြေအနေဆိုးတဲ့ ကိုယ့်သားသမီးကို ပိုပြီး ချစ်တာ မိဘတွေပါ။ သူတစ်ပါးက ဘယ်လိုချစ်တယ် ပြောပြော၊ အသဲနှလုံးသားထဲက ချစ်တယ် ပြောပြော၊
အဲဒီချစ်ခြင်းဟာ မိဘမုန်းတဲ့ အခြေအနေအဆင့်ပါပဲ။ မိဘတွေဟာ ရုပ်ချော၊ ရုပ်ဆိုး၊ လိမ္မာ၊ မိုက်ကမ်း၊ စာတတ်၊ စာမတတ်တာနဲ့ ဘာမှမဆိုင်။ မိဘမေတ္တာဟာ တစ်တန်းတည်း ချစ်တတ်ကြတယ်။ မိဘဟာ ရိုးရိုးအအင်္ကြီး ဖြစ်နေပေမယ့် သားသမီးတွေ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ အချစ်တွေဟာ ဘယ်စာပန်းချီနဲ့မှ ရေးဖွဲ့လို့ မမှီအောင် ဆန်းကျယ်လှပါတယ်။ မိဘကို မချစ်တတ်တဲ့ လူဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ တစ်ခါ ဆုံးရှုံးပြီးရင် ပြန်မရတာ မိဘပါပဲ။ အဲဒါကြောင့် မိဘကို ငွေနဲ့ တန်ဖိုးဖြတ်လို့ မရဘူး။ ငွေနဲ့ တန်ဖိုးဖြတ်လို့ရတဲ့ ပစ္စည်း အရာဝတ္ထု အားလုံး မှန်သမျှ ပြန်ရနိုင်တဲ့ အရာတွေပါပဲ။ မိဘလိုချစ်တဲ့သူကို ရှာလျှင် တွေ့ချင် တွေ့မယ်။ ဒါပေမဲ့ မိဘဆီကရတဲ့ မေတ္တာလို ရမှာ မဟုတ်တာ ကျွန်တော် မုချပြောနိုင်တယ်။

မိဘတို့သည် သားသမီးတို့ မည်မျှဆိုးစေကာမူ မပစ်ရက် အမြဲ ချစ်လျက်ရှိတယ်။ မိဘမေတ္တာဟာ အရှိန်အဟုန်ဖြင့် စီးဆင်းနေတဲ့ ရေတံခွန်လိုပါပဲ။ အမြဲတစေ သားသမီးအပေါ် မေတ္တာ ပို့ချ ပေးနေတယ်။ မိဘတို့သည် သားသမီးများကို အရာရာ ဖြည့်စွက်ပေးသည်မှာ မိဘ၏ စိတ်နှလုံးထဲက မေတ္တာကြောင့်ပဲ ဖြစ်ပါတယ်။ မေတ္တာမရှိလျှင် မည်သည့်အရာမျှ လုပ်ပေးနိုင်မည် မဟုတ်ပါ။ မိဘ ကျေးဇူး သိတတ်သူသည် မိဘ၏ ကြီးမြတ်သော မေတ္တာအရှိန်ကြောင့် မလွဲသေချာ အကျိုး ခံစားရပေလိမ့်မည်။                                                                              
                                        ခေါင်ဒေါင်

Read More...