Monday, November 11, 2013

သတိ ပိုင်ရှင်ရှိသည်

         တစ်ခါက တရားဟောရာမှာ ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ လူအများ နားဝင်အောင် ယုံကြည် လက်ခံလာအောင် ဟောပြောနိုင်တဲ့ တရားဟော ဆရာတစ်ဦးဟာ အလွန် ခမ်းနား ကြီးကျယ်အောင် တထူး တခြားပြင်ဆင်ထားတဲ့ ပွဲတစ်ခုမှာ သူ့ရဲ့ ဆွဲဆောင်မှု ရှိတဲ့တရားကို ရှင်းလင်းပြတ်သားစွာ ဟောကြား လိုက်ပါတယ်။ တရားပွဲ အပြီးမှာတော့ များပြားလှတဲ့ တရားနာ ပရိသတ်ကြီးက ၀ီစီတွေ မှုတ်၊ လက်တွေဝှေ့ရမ်း၊ လက်ခုပ် သြဘာသံတွေ ကျယ်ကျယ်လောင် လောင်တီးကြပြီး သူ့ကိုလည်း ဓာတ်ပုံတွေ တဖျတ် ဖျတ်နဲ့ ရိုက်၊ အထူးတလည် ချီးမွမ်းနှုတ်ဆက်ခြင်းတွေ ပြု၊ ကျေးဇူးတွေ အများကြီး တင်ကြနဲ့ပေါ့။

    အဲ့ဒီလို လူအများရဲ့ သြဘာပေးခြင်း၊ ချီးမွမ်း ထောပနာပြုပြောဆိုခြင်းတွေကို ခံရတဲ့အခါမှာ တရား ဟော ဆရာကြီးဟာ ရုတ်တရက် ဇာတ်စင်ရဲ့အနောက်ကို အပြေးဝင်လာပြီး အတော်လေး ၀မ်းနည်း ကြေကွဲမှု ပြင်းထန်တဲ့ ခံစားမှုမျိုးနဲ့ သည်းသည်းထန်ထန် ငိုကြွေး ပစ်လိုက်တာကို သူ့ရဲ့ တပည့်လေးတစ်ယောက်က အံ့ သြစွာနဲ့ သွားပြီးတွေ့မိလိုက်တယ်တဲ့။ ဆရာကြီးရဲ့ အောင် မြင်မှု၊ ကျော်ကြားမှုနဲ့ သြဇာလွှမ်းမိုးနိုင်မှုတွေကို အမြဲတမ်းပဲတွေ့မြင်နေရတဲ့ တပည့်လေးက "ဆရာကြီး ခင်ဗျာ... ဘာလို့ ငိုရတာလဲခင်ဗျာ... ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ဖြစ် ဆရာကြီးရဲ့ တရားဟောပွဲ တွေ လုပ်သမျှ အရာတိုင်းတွေဟာ အောင်မြင်ခဲ့တာ ချည်းပါပဲ။ အခုပွဲမှာလည်း အတိုင်းထက် အလွန် အောင်မြင် စည်ကားခဲ့တယ်။ မျက်နှာပန်း လှခဲ့တယ်။ လူကြိုက် များခဲ့တယ်။ ဆရာကြီးအတွက် လက်ခုပ် သြဘာသံတွေ၊ ချီးမွမ်းခြင်းတွေ၊ ကျေးဇူးတင်ခံရမှုတွေ အများကြီးပဲလေလို့ ပြောလိုက်တဲ့အခါ ဆရာကြီးက အေး ဟုတ်တယ် . . . အဲ့ဒါတွေကြောင့်မို့ ငါ ငိုတာကွ။ ၀မ်းနည်းနေရတာ၊ ကြေကြေကွဲကွဲကို ခံစားနေမိတာပါ။ တစ်ကယ်တော့ . . . ဒီအောင်မြင်ပါတယ်ဆိုတဲ့ တရားတွေ၊ ကောင်းမွန်တဲ့ပြောစကားတွေ ငါလုပ်သမျှအရာတွေ အားလုံးဟာ ဘုရားသခင်ဆီက လာတာပါ။ ဘုရားရဲ့ ကြွယ်ဝတဲ့ကျေးဇူးတော်တွေပါ၊ ငါ့အပေါ်မှာ ထားတဲ့ ဘုရားရဲ့ သနားခြင်း ကရုဏာတွေပါ ငါ့ဆီမှာရှိတဲ့ အကောင်းတိုင်းဟာ ဘုရားပိုင်တာတွေပေါ့ ဘာမဆို အကုန်လုံးဟာ ဘုရားပေးလို့ဖြစ်တာတွေ ချည်းပါပဲ။

    ဒါပေမယ့် များစွာသော ပရိသတ်တွေနဲ့ ငါ့အနားမှာ ရှိနေသူတွေ တစ်ချို့က ဘုရားကို အသိအမှတ် ပြုရမှာ ဦးထိပ် ပန်ဆင်ချီးမွမ်းရမှာ သြဘာပေးရမှာ၊ ကျေးဇူးတင်ရမှာကို မေ့လျော့နေကြတယ်၊ မသိချင် ယောင်ဆောင်နေကြတယ်၊ ငါ့ကိုပဲ ၀ိုင်းပြီးသည်းသည်းလှုပ် ချီးမွမ်းမြှောက်ပင့်ပြောဆိုပြီး သြဘာပေးနေကြတယ်၊ သူတို့ရဲ့ လမ်းပြကြယ် စံပြပုဂ္ဂိုလ်၊ သူရဲကောင်းလို့ ကင်ပွန်းတပ်ကြတယ်။ ငါလုပ်ကိုင် ကြံစည်ဆောင်ရွက်တာ၊ ဆုံးဖြတ်ပြောဆိုတာတွေ မှားနေရင်တောင် သိသိကြီးနဲ့ထောက်ခံပေးနေကြတယ်။ အနာဂတ် ကောင်းစားရေးအတွက် အမှန်ကိုပြောပြကြဖို့ "ယုန် ကလေးနှာစေးနေပါတယ်" ဆိုတဲ့ စကားပုံလို နေထိုင် ကျင့်ကြံကြတယ်၊ ဒါတွေကြောင့် ငါ ငိုနေရတာပါကွာလို့ ပြန်ဖြေလိုက်တယ်တဲ့။ တစ်ဆက်တည်းမှာပဲသူ ထပ်ပြီးပြောသွားတာက မင်းမြင်ခဲ့တဲ့၊ ကြားသိထားပြီးတဲ့ ငါ့ရဲ့အောင်မြင်မှု၊ ထင်ပေါ်ကျော်စောမှု၊ လူအများရဲ့ ချီးမွမ်း သြဘာပေးမှုဆိုတာတွေကို ဘယ်သူခံထိုက်လဲ၊ ဘယ်သူ မူပိုင်လဲ၊ စဉ်းစားကြည့်ပါ၊ အသေအချာ လေးနက်စွာနဲ့ပေါ့၊ ငါ့အနေနဲ့ကတော့ လူတွေက ငါ့ကို ချီးမွမ်းလေ၊ ကျေးဇူးရှင်လို့ ခေါ်လေ ဘာမဆို ကြိုက်တာ လုပ်ပိုင်ခွင့်ရလေ ဘုရားကိုစော်ကားနေသလိုဖြစ်ပြီး ဘုရားရဲ့ ပိုင်ဆိုင်ရာ အရည်အချင်းတွေကို ငါခိုးနေသလိုမျိုး ခံစားရပါတယ်။ ဒါကြောင့် ငါက ဒီဘ၀အတွက် ဘုရားရဲ့ အလိုကျ၊ လောကမှာ ဘာမဆိုဖြစ်ကြရတာမို့ "ဘုရားမှတစ်ပါး၊ အခြား ၀ါကြွားစရာအကြောင်း မရှိ"လို့ပြောပြီး အဝေးတစ်နေရာကို သူထွက်သွားခဲ့ပါ တယ်။

စာဖတ်သူ . . . သင့်ဘ၀မှာရော

အောင်မြင်မှုတွေရှိခဲ့ရင် ကြွယ်ဝ ချမ်းသာနေရင်၊ ရာထူး ကြီးကြီးမားမား ပိုင်ဆိုင်ထားရင် သြဇာ အာဏာပေး လောက်တဲ့ အဆင့်ကို ပိုင်ထားရင် ဒီအရာတွေကို သင့်အနေနဲ့ ဘယ်လို အသုံးပြုဖို့ စိတ်ကူးထားပါသလဲ ဒါမှမဟုတ် လက်တွေ့ အသုံးချခွင့် ရနေသူ ဆိုရင်လည်း ဘုရားသခင်က သင့် စိတ်ထားနှလုံးသားရဲ့ ဘယ်နေရာ၊ ဘယ်အဆင့်အတန်းမှာ ထားနေသလဲ။

    လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ တာဝန်ယူ တတ်မှုအပေါ်မှာ မူတည်ပြီး မြို့တော်ရဲ့ အနှစ်သာရဟာ မြို့သူမြို့သားတွေသာဖြစ်တယ်။ မြို့ကို ကာရံထားတဲ့ တံတိုင်းတွေ မဟုတ်ဘူးလို့ ကျွန်မတော့ ထင်ပါတယ်။ ဘုရားသခင်ရှေ့မှာ အမှန်တစ်ကယ် မျက်နှာရဖို့ ချိုးဖဲ့၍ ဝေမျှသော အသက်တာဖြင့် နေထိုင်သွားနိုင်အောင် ကြိုးစားကြရင်း -

    "သင်မူကား တိုးတက် ရမည်၊ ငါမူကား ဆုတ်ယုတ်ရမည်"ဆိုသော သမ္မာတရား အလင်းစကား အတိုင်းပေးဆပ် ဆက်ကပ်သွားကြပါစို့။

            မေသစ္စာ (F.S.A.G)