Thursday, November 28, 2013

မြင့်မြတ်တဲ့ ကိုယ်စောင့်သိကြားများ


    သင်ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင့် ဦးနှောက်ထဲမှာ ဘာအကြံအစည်တွေ ရှိနေသလဲဆိုတာကို  သင့်ရဲ့ နဘေးမှာ တစ်ဦးတစ်ယောက်က ရပ်ပြီး ကြည့်နေမှာပါ။ သူ့မှာ သင့်လိုပဲ လက်တွေ ခြေတွေရှိတယ် ဆိုပေမယ့် သူ့ကို သင်ထိတွေ့လို့ရမှာ မဟုတ်ပါဘူး။ သူဟာ ချောမောလှပနေရင်လည်း သင် သူ့ကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ဘယ်သူလဲဆိုတော့ ကျွန်ုပ်တို့ တစ်ဦးစီရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုယ်စောင့် သိကြားများပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက် ရတယ်ဆိုတာ ဘုရားသခင်က ပေးအပ်လိုက်တဲ့ အလွန် ထူးခြားတဲ့ အရာတစ်ခုပါ။ သင်မှန်းဆ ကြည့်လိုက်ပါ။ လောကကြီးမှာ သူငယ်ချင်းမရှိဘူး၊ သင့်မှာ ကြင်နာ ပေးမယ့်သူ၊ စကားပြောမယ့် သူ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် မရှိခဲ့ရင် သင် ဘယ်လိုနေမလဲ ကမ္ဘာလောကကြီးမှာ ဒီလိုအဖြစ်မျိုး တစ်ဦးတယောက်မျှ မရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ။ များသောအားဖြင့် အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ် သူငယ်ချင်းတော့ ရှိကြတာချည်းပါပဲ။ ဆိုပါစို့၊ သင်က သဲကန္တာရကြီးထဲမှာ တစ်ယောက်ထဲဆိုရင်တောင်၊ သင့်မှာ အင်မတန် နီးကပ်တဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိပါသေးတယ်။

    သင်ကတော့ ပြောပါလိမ့်မည်။ “ဘုရားက ငါ့ရဲ့ သူငယ်ချင်း၊ နောက်ပြီး ငါ့ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဖူး။  မယ်တော်သခင်မလည်း ရှိသေးတယ်။ အမြဲတမ်း ဘုရားနဲ့ ကိုယ့်ရဲ့ကြားမှာ ကြားဝင် စေ့စပ်ပေးမယ့် သူရှိနေတာပဲ သူတို့တတွေဟာ ကျွန်ုပ်ရဲ့ သူငယ်ချင်းတွေပါ”လို့ ဒါဟာလည်း မှန်ပါတယ်။ သို့ပေမယ့် သင့် သူငယ်ချင်းဖြစ်တဲ့ ကိုယ်စောင့်သိကြားကတော့ သင်နဲ့ အနီးစပ်ဆုံးပါ။ သင့်ဘေးနားက ဘယ်တော့မှ ထွက်ခွါသွားမယ့်သူ မဟုတ်ပါဘူး။ ဒီ သူငယ်ချင်းနဲ့ ပတ်သက်လို့ သင်သိဖို့ ပြောစရာတွေ အများကြီး ရှိပါတယ်။ သင့်အဖေထက် ပိုပြီး သင့်အတွက် အလုပ်ကို ပိုလုပ်ပေးမယ်။ သင့်အမေထက် ပိုပြီး ပူပင် သောကရှိတတ်တယ်။ ပြီးတော့ သင့်နားမှာ သင့်သူငယ်ချင်း၊ ညီအစ်ကို မောင်နှမ အဖေါ်တွေထက် ပိုပြီး နီးကပ်စွာ နေပေး နေတဲ့သူပါ။ သူက ဒီကမ္ဘာပေါ်မှာ တခြားဘာအလုပ်မှ မလုပ်ရပဲ သင့်အနားမှာ သင့် သူငယ်ချင်းအဖြစ်၊ သင့် တစ်ဦးတည်းအတွက် နေပေးဖို့ ဘုရားသခင်ရဲ့ စေလွှတ်ခြင်း ခံရသူပဲဖြစ်ပါတယ်။ ဘယ်တော့မှလည်း သင့်နားကနေ မခွာတဲ့သူပါ။

    သင့်ကိုယ်သင် သိတာထက်၊ သူက ပိုပြီး သင့်ကို နားလည်ပြီး သိနေတယ်။ သင် သူ့နားကနေ ခွဲထွက်ဖို့ ကြိုးစားလို့ မရသလို၊ သင်ကလည်း သူနဲ့ ခွဲထွက်ဖို့ ဆန္ဒ မရှိသလို ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ သင့်ကို စောင့်ရှောက်တဲ့သူ၊ အကြံပေးတဲ့သူ၊ နှစ်သိမ့် အားပေးတဲ့သူ၊ ဘုရားသခင်နဲ့ သင့်ကြားမှာ သံတမန် ဖြစ်တယ်။ သူဟာ သင့်ရဲ့ သူငယ်ချင်း၊ သင့်ရဲ့ ကိုယ်စောင့်သိကြား ဖြစ်တယ်။ သင့်အနားမှာ သူရှိနေတယ် ဆိုတာ သင်ခံစားမိရဲ့လား။ ဒီ ခဏလေးအတွင်းမှာ သင်စဉ်းစားနေတာကို သူ သိနေပါတယ်။ သူ့အတွက်ကတော့ သင့် အတွေးတွေ၊ အမူအရာတွေ၊ စကားလုံးတွေဟာ သူ့အတွက် အင်မတန်မှ အရေးကြီးနေပါတယ်။

သူဟာ သင့်ရဲ့ဝိညာဉ်ကို မကောင်းဆိုးဝါးရဲ့ ဘေးမှ ကင်းလွတ်အောင် စောင့်ကြပ်ပေးဖို့ ဘုရားသခင်ရဲ့ ညွှန်ကြားခြင်းကို ခံရသူဖြစ်တယ်။ သင့်ကို သူစကားပြော သလား၊ ဟုတ်ပါတယ်။ သူ ပြောပါလိမ့်မယ်။ သင့် ၀ိညာဉ်နဲ့၊ သင့်ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ အမှား၊ အမှန် ခွဲခြားသိတဲ့အသိကို သူ ပြောနေပါလိမ့်မယ်။ သင့် စိတ်ကနေ ကောင်းတာလုပ်ဖို့ ဘုရားရှိခိုးဖို့ ကိုယ်တော်မြတ် ပင့်ယူဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတာတွေက ကိုယ်စောင့်သိကြားက သင့်အပေါ် နှိုးဆော်ပေးနေခြင်းကြောင့် ဖြစ်တယ်။ နောက်ပြီး သင်က ဆိုးနေမယ်ဆိုရင် သူက သင့်ရဲ့ ၀ိညာဉ်ကို ဘုရားသခင်အပေါ် သစ္စာရှိဖို့၊ သတ္တိရှိဖို့ လှုံဆော် နေလိမ့်မယ်။

    ဒါတွေကို သင်က အမြဲသတိတရ ရှိနေရမယ်။ သူဟာ အစွမ်းအစနဲ့ အမျှော်အမြင် အတွေးအခေါ်တွေ ရှိပေမယ့် သင့်ကို ဘာမှ တွန်းအားပေးလို့ မရပါဘူး။ သင့်ရဲ့ အကောင်းအဆိုးတွေ ရွေးချယ်ခွင့်ရှိတဲ့ သင့်ရဲ့ ကိုယ်ပိုင် လွပ်လပ်မှုကို သူက ၀င်စွက်ဖက် ဖိအားပေးလို့ မရပါဘူး။ ကိုယ်စောင့်သိကြားဟာ သင့်ရဲ့ စိတ်ကူးတွေကို လှုံဆော်ပေးပြီး ယုံကြည် လက်ခံစေအောင် လုပ်ပေးပေမယ့် ဘယ်တော့မှ အမိန့် မပေးဘူး။ သင်သူ့ကို စကားပြောနိုင်ပြီလား  လူကောင်းတွေက ကိုယ်စောင့်သိကြားနဲ့ အမြဲတမ်း စကားပြောတယ်။ သင့် ကိုယ်စောင့်သိကြားကလည်း သင်သူ့ကို စကားပြောဖို့ အမြဲ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို စဉ်းစား လိုက်တာနဲ့ သူက သင့်ကို ပိုမို ကောင်းမွန်တဲ့သူအဖြစ် ကူညီပေးလိမ့်မယ်။

    လူတွေဟာ ကိုယ့်ဘ၀ရဲ့ နေ့စဉ် မှတ်တမ်းကို ဒိုင်ယာရီထဲ ရေးလေ့ရှိကြတယ်။ ကိုယ်စောင့်သိကြား ကတော့ သင့်ကို မှတ်ဖို့ ဒိုင်ယာရီလည်း မလိုဘူး။ သင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အားလုံး မှတ်မိနေတယ်။ သိလည်း သိနေတယ်။ တနေ့မှာ သူဟာ သင် စဉ်းစားတဲ့အရာတွေ၊ စကားလုံးတွေ၊ အမူအရာတွေ၊ အပြုအမူတွေ အားလုံးကို ဘုရားသခင်ထံ တင်ပြရမှာ ဖြစ်တယ်။ ဒါကြောင့် နေ့စဉ် ကိုယ်စောင့်သိကြားကို သတိရပါ။ မကြာခဏ သူ့ကို ဆုတောင်းပါ။ သူ့ကို အင်မတန်မှ ကောင်းတဲ့ သူငယ်ချင်းဖြစ်တယ်။ အမြဲ အမှတ်ရနေတယ်ဆိုတာကို ပြောပြပါ။

    ဒါနဲ့ သင်ဟာ သူနဲ့ သူငယ်ချင်းဖြစ်မှုကို ကျေးဇူးတင်နေမယ်။ တစ်နေ့မှာ သင်သူ့ကို မြင်လိမ့်မယ်။ အဲဒီနေ့ဟာ သင်ကော သူ့အတွက်ရော အပျော်ရွှင်ဆုံးနေ့ ဖြစ်လိမ့်မယ်။ သင် ဒီလောကကို စွန့်ခွာသွားတဲ့နေ့မှာ သူဟာ သင့်ဘေးမှာရှိပြီး အင်အားကြီးစွာ အလင်းတန်းများကို ထုတ်လွှတ်ပြီး နောက်ဆုံး သစ္စာရှိတဲ့ သူငယ်ချင်းအဖြစ် နောက်ဆုံး နေပေးလိမ့်မယ် အကယ်၍ သင်ဟာ သင့်ဘ၀မှာ ကောင်းစွာနေခဲ့ရင် သူက ပြောလိမ့်မယ်။ လာပါ သူငယ်ချင်း ဘုရားသခင်ရဲ့ အိမ်တော်ဆီသို့ မြန်မြန်သွားကြစို့ ဟူ၍ . . . . . . .။

                June Rose

Read More...

Monday, November 25, 2013

ခရစ်ယာန်သက်တာ ရှင်သန်ခြင်း (၂)

    ရှင်မာတေဦးကျမ်း (၁၂း ၁၃) “အသီးအားဖြင့် အပင်ရဲ့သဘောကို သိနိုင်တယ်” လို့ ဆိုထားတယ်။ ရှင်ယောဟန် ကျမ်း(၁၅)မှာလည်း သခင်ခရစ်တော် ကိုယ်တိုင် ခိုင်းနှိုင်းထားတဲ့ စပျစ်နွယ်ပင် (သခင်ခရစ်တော်) နှင့် အကိုင်းအခက်များ (ခရစ်ယာန်များ)ဟာ တစ်ဆက်တည်းဖြစ်ရမယ့် အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အသီးမသီးတဲ့ အကိုင်းအခက်ဆို ခုတ်လှဲ ရှင်းပစ်ခြင်းခံရမယ်လို့
မိန့်မှာခဲ့တာကိုလည်း သတိတရားထားမိပါတယ်။ ဒါကြောင့်မို့ ခရစ်ယာန် ဘ၀သက်တာကို ရင်ဝယ်ပိုက် ပိုင်ဆိုင်ခွင့်ရကြတဲ့ ခရစ်ယာန်တွေမှာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအပေါ် တစ်နည်းမဟုတ် တစ်နည်း သြဇာ ညောင်းလွှမ်းမိုးနိုင်ကြဖို့ လိုအပ်ပါတယ်လို့ မြင်မိတယ်။ အကျင့်စာရိတ္တ ကောင်းခြင်း၊ သဘောထားကြီးပြီး နားလည် ခွင့်လွှတ်တတ်ခြင်း၊ မေတ္တာ စေတနာထားတတ်ခြင်း ၊ ရိုင်းပင်း ကူညီပေးတတ်ခြင်း၊ အစရှိတဲ့ လူမှုရေး၊ ကရုဏာရေး နယ်ပယ်တွေမှာ တစ်ဖက်ကမ်းထိ မဟုတ်တိုင် အတိုင်းအတာ တစ်ခုထိတော့ ရောက်ရှိနိုင်ကြဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း ခရစ်ယာန်ဖြစ်ရခြင်း ဆိုတဲ့ သခင်ခရစ်တော်ရဲ့အကိုင်းအခက်တွေက အသီးအပွင့်တွေနဲ့ ဝေဆာ ထိန်ညှီးလို့ နေမှာပေါ့။ ရိုးရိုးလေးနဲ့ ဆင်ခြင် သုံးသပ်စရာ အဖြစ်အပျက်လေးနှစ်ခု ညွှန်းပေးလိုက်ပါတယ်။

(က) စပါးပင်နှစ်မျိုး...
    စပါးတွေ ၀င်းမှည့်လို့လာတဲ့ ကောက်ရိတ် သိမ်းမယ့်အချိန် မတိုင်ခင်လေးမှာ သားအဖနှစ်ယောက် လယ်ခင်းတောထဲ ဖြတ်လျှောက် သွားကြတယ်။ “အဖေ ... ဘာလို့ စပါးပင် တော်တော်များများက အကိုင်းတွေ ညွှတ်ပြီး နေနေကြတာလဲ၊ တချို့အပင်တွေဆို ထောင်မတ်နေတာပဲ” လို့ သားဖြစ်သူက ပြောပါတယ်။“သားလေး ... ထောင်မတ်နေတဲ့ စပါးပင်တွေကို အဟုတ် မှတ်မနေနဲ့။ အဲဒီအပင်တွေက အဆံပါတာ မဟုတ်ဘူး ။ ကိုင်းညွှတ်နေတဲ့ စပါးပင်တွေကသာ အဆံ ပါတာ၊ မှတ်ထားနော် ... သိလား ” လို့ ကောင်ကလေးကို အဖေက ရှင်းပြလိုက်ပါတော့တယ်။

(ခ) ဘာကြောင့် ထူးကဲပျံနိုင်တာလဲ ...
    ကလေးတစ်ယောက်ဟာ အရွယ်အစားဆိုဒ်စုံ၊ အရောင်စုံ ပူစီဖောင်းတွေကို မိုးပေါ် လွှင့်တင်နေတဲ့ လူကြီးကို ငေးမော ကြည့်နေပါတယ်။ တစ်ချို့တစ်ချို့သော ပူစီဖောင်းတွေက အခြား ပူစီဖောင်းတွေထက် ခပ်မြင့်မြင့် ပျံနိုင်၊ တက်နိုင်တာကို တွေ့ရတော့ ကလေး က စပ်စပ်စုစု သွားမေးပါတယ်။ “ဦးဦး ... ဘာဖြစ်လို့ အဲ့ဒီ ပူစီဖောင်းတွေက အခြားဟာတွေထက် ပိုမြင့်ပြီး ပျံ တက်နိုင်တာလဲဟင် ... အရွယ်အစား၊ ဒါမှမဟုတ် အရောင်တွေ မတူကြလို့လား” “မဟုတ်ဘူးကွယ့် ကလေးရဲ့ ... အထဲမှာရှိတဲ့ ဟိုက်ဒရိုဂျင်ငွေ့အနည်းအများ မတူ ကြလို့ပါ ” လို့လူကြီးက ဖြေပေးလိုက်ပါတယ်။  

                                                      အသက်(ကလေး)

Read More...

Thursday, November 21, 2013

ဂျူးအမျိုးသူရဲကောင်းမလေး ဂျူးဒစ်

    စာဖက်သူများရှင် ဒီတစ်ပတ်မှာတော့ ဂျူးသူရဲကောင်းမလေး ဂျူးဒစ်ရဲ့ အကြောင်းကို တင်ပြပေးပါမယ်။

    ဂျူးဒစ်ဟာ ဂျူဒေယပြည်သူလေး ဖြစ်ပါတယ်။ သူမ အသက်ရှင်သန်တဲ့ခေတ်အခါက အာဆီးရိယပြည်၊ နီးနေဝေးမြို့တော်ကို “နာဘူခဒေါနမော်” ဆိုတဲ့ မင်းကြီးအုပ်ချုပ် စိုးစံပါတယ်။ ကြီးမားများပြားတဲ့ စစ်တပ်အင်အားကိုလည်း ပိုင်ဆိုင်ပါတယ်။ “နာဘူခဒေါနမော်” မင်းကြီးမှာ အင်မတန်မှ စစ်ရေး ကျွမ်းကျင်ပြီး၊ ရက်စက်ကြမ်း ကြုတ်တဲ့ “ဟိုလိုဖန်းနေ”ဆိုတဲ့ စစ်သေနာပတိချုပ်ကြီးတစ်ဦး ရှိပါတယ်။ မင်းကြီးဟာ သူ အုပ်ချုပ်စိုးစံနေတဲ့ နယ်မြေတွေ၊ တိုင်းနိုင်ငံတွေ၊ တစ်နေ့ထက် တစ်နေ့ ပိုများလာအောင် ကမ္ဘာလူသားလုံးက သူ့ခြေရင်းမှာ ပျပ်ဝပ်ခယကြစေဖို့ နယ်ချဲ့စစ်တွေ တိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းနိုင်ငံတွေ အများစုဟာ မင်းကြီးနဲ့ စစ်သေနာပတိချုပ်ကြီးတို့ရဲ့ ရက်စက်ကြမ်းကြုတ်မူ အောက်မှာ ကျရှုံး ခဲ့ကြရတယ်။ တဖြည်းဖြည်းနဲ့ “နာဘူခနော်မော်” မင်းကြီးဟာ ဂျူးလူမျိုးတို့ရဲ့ နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်ဖို့ရန် သူ့ရဲ့ စစ်သေနာပတိချုပ်ကြီးကို တာဝန် ပေးအပ်ခဲ့ပါတယ်။

    စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေဟာ ကြီးမားလှတဲ့ စစ်တပ်အင်အားနဲ့ တိုင်းနိုင်ငံတွေ အများကြီးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ ကိုးကွယ်ကြတဲ့ ဘုရားတွေ၊ ဘုရားကျောင်းတွေကို လုယူ၊ ဖျက်စီးပစ်တယ်ဆိုတာကို ဂျူးလူမျိုးတွေ ကြားသိထားကြတဲ့အတွက် ထိတ်လန့် ကြောက်ရွံ့နေခဲ့ကြပါတယ်။ ဂျူးလူမျိုးတွေ အလွန် တန်ဖိုးထား မြတ်နိုးကြပြီး သူတို့ရဲ့ နှလုံးသားဖြစ်တဲ့ ဂျေရုဇလင် ဗိမ္မာန်တော်ကြီးအတွက်လည်း စိုးရိမ် ပူပန်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ဂျူးလူမျိုးတွေ အခြေချနေထိုင်ကြတဲ့ ဆမာရိယကိုနာ၊ ဘက်ဟိုရွန်၊ ဘယ်လ်မိန်၊ ဂျေရီခိုနဲ့
ဧဆိုရာဆိုတဲ့ ဒေသတွေကို သတိပေးပြီး မကြာခင် ကျရောက်လာမယ့် စစ်ဘေးအတွက် ရိက္ခာတွေ စုဆောင်းစေခဲ့ပါတယ်။ ဂျူးလူမျိုးတွေဟာ သူတို့ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အတိုင်း သူတို့ ကိုးကွယ်တဲ့ ထာဝရဘုရားဆီ ဆုတောင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့ ဘယ်လိုပဲ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြပါစေ။ တဖက်က ဟိုလိုဖန်းနေရဲ့ စစ်တပ်အင်အားဟာ အဆမတန် တောင့်တင်းနေတာကို သူတို့ ရိပ်စားမိခဲ့ကြတယ်။ ဂျူး လူမျိုးတွေ ဘယ်လိုပဲ အကောင်းဆုံး ကြိုးစားခဲ့ကြပါစေ။ ဟိုလိုဖန်းနေရဲ့ စစ်တပ်တွေဟာ ဂျူးတို့နဲ့ အသက်ဆက်နိုင်ဖို့ အဓိက အချက်အချာဖြစ်တဲ့ ရေရရှိနိုင်တဲ့ နေရာတိုင်းကို စစ်တပ်အင်အားနဲ့ ထိမ်းချုပ်ထားလိုက် ကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေဟာ ရေရှားပါး၊ ပြတ်လပ်မှုကြောင့် တဖြည်းဖြည်းနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ရေကို လုံလောက်စွာ မသောက်သုံးနိုင်တော့တဲ့အတွက် ခွန်အား နည်းလာကြတဲ့ ဂျူးတွေထဲက တစ်ချို့ဟာ ဟိုလိုဖန်းနေစစ် သေနာပတိချုပ်ကြီးထံကို သွားရောက် အညံ့ခံဖို့ ၊ သူတို့ရဲ့ ဒေသတွေကို သိမ်းယူစေဖို့အတွက် ဆန္ဒ ရှိခဲ့ကြပါတယ်။ မိမိတို့ရဲ့ ဇနီးတွေနဲ့ ကလေးငယ်တွေ အစာရေစာငတ်ပြီး သေရမှာထက် တိုင်းတပါးသားတွေရဲ့ ကျွန်ခံရတာ ပိုကောင်းမယ်လို့လဲ ခံယူကြပါတယ်။ သူတို့ ကိုယ်တိုင်လက်တွေ့ ခံစားနေရတဲ့ ဒဏ်ကို မခံစားနိုင်ကြသလို သေလု မတတ် ဖြစ်နေကြရှာတဲ့ ဇနီးနဲ့ ကလေးတွေကိုလဲ မကြည့် ရက်ကြလို့ပါပဲ။ ဒီလို တောင်းဆိုမှုတွေကြောင့် ဂျူးလူမျိုး အကြီးအကဲတွေဟာ နောက်ထပ် ငါးရက်တိုင်တိုင် ဆု တောင်းပြီး အကူအညီရနိုင်ဖို့ စောင့်ကြပါစို့။ အကယ်၍ ငါးရက်တိုင်အောင် အကူအညီမရခဲ့ရင် သင်တို့ တောင်းဆိုနေကြတဲ့အတိုင်း အညံ့ခံပါမယ်လို့ ကတိ ပေးခဲ့ပါတယ်။

    ဒီလို ရေပြတ်၊ အစာပြတ်မှုကြောင့် စိတ်ဓါတ်ကျ၊ အားငယ်နေကြတဲ့ ဂျူးတွေဟာ အကြီးအကဲ ခေါင်းဆောင်တွေကို အပြင်းအထန် ဝေဖန် ခဲ့ကြပါတယ်။ ဒီလို ဒုက္ခကြီး ပြဿနာကြီးကို ဖြေရှင်းပေးမယ့်သူ၊ တနည်းအားဖြင့် မိမိလူမျိုးနဲ့ တိုင်းပြည်ကို ကျွန်ဘ၀မှ ကယ်တင်ပေးခဲ့သူကတော့ မုဆိုးမလေး ဂျူးဒစ်ပဲ ဖြစ်ပါတယ်။ ဂျူးဒစ်ဟာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူ၊ ဂျူးလူမျိုးတွေရဲ့ ထုံးတမ်း အစဉ်အလာတွေကို ချစ်မြတ်နိုး၊ တန်ဖိုးထားသူ ဖြစ်ပါတယ်။ ဂျူးထုံးစံအရ ခင်ပွန်း သေဆုံးသွားတဲ့အတွက် မုဆိုးမအဖြစ်နဲ့ (၃) နှစ် (၄)လကြာ အိမ်တွင်း အောင်းနေခဲ့ရပါတယ်။ စည်းစိမ် ဥစ္စာ ပြည့်စုံကြွယ်ဝပေမယ့်လို့ ဖျင်ကြမ်း အ၀တ်ကို ၀တ်ပြီး တဲလေးနဲ့ နေခဲ့တယ်။ ရုပ်ဆင်းအင်္ဂါ လှပပေမယ့်လို့ မပြင်မဆင်၊ မဖီးမလိမ်းဘဲ၊ အစာရှောင်၊ ၀ါရှောင်ပြီး ခြိုးခြံ နေထိုင် အသက်ရှင်ခဲ့ပါတယ်။

    မိမိ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ ဂျူးဒစ်ဟာ ဂျူးတိုင်ပြည်တွေအတွက် ကြီးမားတဲ့
စွန့်စားခန်းကြီးကို ပြုလုပ်ခဲ့ပါတယ်။ ဂျူးလူမျိုး အကြီးအကဲတွေရဲ့ ခွင့်ပြုချက်ကိုယူပြီး ရန်သူ့ နယ်မြေထဲကို သွားခဲ့ပါတယ်။ သူမရဲ့ ရုပ်ရည်လှပမှုနဲ့ စကားပြောပြေပြစ်မှုကို အသုံးချပြီး ရန်သူဖြစ်တဲ့ စစ်သေနာပတိချုပ်ကြီးထံကို ချဉ်းကပ်ခဲ့တယ်။ ရက်စက် ကြမ်းကြုတ်ပြီး ထောင်သောင်းမကတဲ့ စစ်သားတွေကြားထဲမှာ မိမိရဲ့ အရှက်နဲ့ အသက်ကို လောင်းကြေးထပ်ပြီး သူမရဲ့ အစေခံ မိန်းကလေးနဲ့ အတူ သွားခဲ့တယ်။ သူမ ယုံကြည်ကိုးကွယ်တဲ့ ထာဝရဘုရားရဲ့ လက်တော်ထဲမှာ အရာရာကို အပ်နှံကာ ဂျူးလူမျိုးတွေ အားလုံးအတွက် သူမဘ၀ကို လောင်းကြေး ထပ်ရဲခဲ့ပါတယ်။

    သူမရဲ့ လှပမှုကြောင့် စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေဟာ သူမကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ သူမရဲ့ စကားပြော လိမ္မာပါးနပ်မှုကြောင့် သူမ ပြောစကားတွေကို ယုံကြည်ခဲ့ပါတယ်။ ဂျူးဒစ်ဟာ ရန်သူတွေကြားထဲမှာ ရောက်နေပေမယ့်လို့ ဘုရားဝတ်ပြု ဆုတောင်းရမယ့် အချိန်ကိုတော့ မပျက်မကွက်ပဲ သစ္စာရှိစွာ ဆုတောင်းနိုင်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်ကြီးကို မိမိရဲ့ မာယာကျော့ကွင်း သတိပညာရှိစွာနဲ့ အစွန်းအထင်းမဲ့စွာနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်တဲ့စိတ်၊ သစ္စာစောင့်သိတဲ့စိတ်ကို အရင်းခံပြီး ဘုရားကို အားကိုးကာ ရဲရဲဝင့်ဝင့်နဲ့ လုပ်ဆောင်ခဲ့ရာ နောက်ဆုံး စစ်သေနာပတိချုပ်ကြီး ဟိုလိုဖန်းနေရဲ့ ဦးခေါင်းကို ဖြတ်ပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဂျူးဒစ်ရဲ့ အနစ်နာခံမှုနဲ့ ရဲစွမ်းသတ္တိကြောင့် ရန်သူကို အညံ့ခံရတော့မယ့် အခြေအနေကနေ ဂျူးလူမျိုးတွေ လွတ်လပ်စွာ ရှင်သန်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ကို ပြန်လည် ရရှိခဲ့ကြပါတယ်။

    အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံ ပေးဆပ်တတ်တဲ့ စိတ်ထားတွေဟာ ကမ္ဘာ့သမိုင်းမှာ ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်ပါတယ်။ ဂျူးအမျိုးသမီးလေး ဂျူးဒစ်ရဲ့ ရဲစွမ်းသတ္တိနဲ့ တိုင်းပြည်နဲ့လူမျိုးကို တန်ဖိုးထား မြတ်နိုးမှုကြောင့် ဂျူးနိုင်ငံတွေဟာ တိုင်းတစ်ပါး နယ်ချဲ့တွေရဲ့ သွေးစုပ် ချယ်လှယ်မှုအောက်ကနေ လွတ်မြောက် ခဲ့ရပါတယ်။ ဒါ့ကြောင့် ဂျူးဒစ်ကို ဂျူးလူမျိုးတွေ အားလုံးက လေးစား ချီးကျူးခဲ့ကြတယ်။ သူမဟာ အသက်(၁၀၅) နှစ် တိုင်တိုင် မုဆိုးမဘ၀နဲ့ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။ သူမ မသေဆုံးမီ သူမ ပိုင်ဆိုင်ရာ အရာတွေကို နှစ်ဖက်သော ဆွေမျိုးတွေကို ခွဲဝေ ပေးခဲ့ပါတယ်။ သူမ သေဆုံးတဲ့အခါ ဂျူးလူမျိုးတွေဟာ (၇) ရက်တိုင်အောင် ငိုကြွေးခဲ့ကြပါတယ်။

    စာရှုသူ အပေါင်းတို့ရှင် ဒီလို အခက်အခဲတွေ ကြုံတွေ့လာခဲ့ရတဲ့ အချိန်မှာ မိန်းမသားပင်ဖြစ်လင့် စကား၊ မိမိရဲ့ ရရှိထားတဲ့ မိန်းမသားဘ၀ကို အသုံးချပြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ တနည်းပြောရရင် အများအတွက် မိမိရဲ့အသက်နှင့်အရှက်ကို လောင်းကြေးထပ်ပြီး ကြိုးစား ပေးဆပ်ခဲ့တဲ့ ဂျူးလူမျိုး သူရဲကောင်းမလေး ဂျူးဒစ်ရဲ့ အကြောင်းကို ထောက်ရှုနိုင်ဖို့ တင်ပြ ပေးလိုက်ပါတယ်ရှင်။
စာရှုသူအပေါင်းလည်း အများအကျိုး သယ်ပိုးနိုင်ကြပါစေ။

                                                                            နှင်း(နဘက်)

Read More...

Monday, November 18, 2013

သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်



    သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်
    အထက်ပါယေဇူး၏ စကားများဟာ စတုတ္ထ ဧ၀ံဂေလိကျမ်းစာအုပ်ဖြစ်တဲ့ ရှင်ယောဟန် ခရစ်ဝင်ရဲ့ အခန်းကြီး ၁၈၊ အခန်းငယ် ၃၇မှ ထုတ်နုတ်ထားတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။  မိမိထံ တရားစီရင်မှု ခံယူဖို့ရန် အပို့ခံရတဲ့ ယေဇူးခရစ်တော်ကို မြို့ဝန်မင်းပိလတ်က မေးမြန်း စစ်ဆေးရာ ကိုယ်တော်မြတ်က ဖြေဆိုခဲ့တဲ့စကား အချို့ ဖြစ်ပါတယ်။  ဒီစကားတော်များကို နားလည်ဖို့ ရှေ့မှာပါတဲ့ စကားစပ်နှင့် ဖတ်ရှုဖို့လိုအပ်မယ်။ ပိလတ်မင်းဟာ တည်ကြည်ဖြောင့်တန်းတဲ့ စရိုက်မျိုး မရှိ၊ သူဟာ ဇဝေဇ၀က် မတင်မကျရှိသူတစ်ဦး ဖြစ်တယ်။ သူ့ကို ခရစ်တော်က မိမိဟာ သမ္မာတရားကို သက်သေခံဖို့ရန် ဤလောကသို့ ကြွလာသူဖြစ်ကြောင်း ဖြေကြားတော်မူခဲ့တယ်။ ခရစ်တော်အတွက် သမ္မာတရားတည်း ဟူသော မှန်ကန်ခြင်းတရားဟာ မိမိ ခမည်းတော်ဘုရားထံမှ ခံယူရရှိထားတဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ ဒီနှုတ်ကပတ်တော် ဆိုရာ၌လည်း ကျွန်ုပ်တို့ ဘ၀သက်တာရဲ့ အစစ်အမှန်ဖြစ်သော အဓိပ္ပါယ်နှင့် ကျွန်ုပ်တို့ ဦးတည်ကြရမယ့် ပြည့်ဝ စုံလင်တဲ့ အသက်တို့ကို ဖွင့်လှစ် ထုတ်ဖော်ပြသဖို့ရန် ခမည်းတော်ဘုရားက ခရစ်တော်ယေရှုအားဖြင့် ကမ္ဘာလောကဆီသို့ စေလွှတ်လိုက်တဲ့ နှုတ်ကပတ်တော်ကို ဆိုလိုပါတယ်။  ကျွန်ုပ်တို့ အားလုံးဟာ ပြည့်ဝစုံလင်တဲ့ ထာဝရအသက်တော်အတွက် ဖန်ဆင်းထားခံရကြတယ် မဟုတ်လား။ 

    အဲတော့ ကျွန်ုပ်တို့ကို ခရစ်တော်ပြောချင်တာက ကိုယ်တော်ဟာ သမ္မာတရားကို သက်သေခံရာ၌ ခမည်းတော်ရဲ့ နှုတ်ကပတ်တော်ကို လုံးဝ အတိမ်းအစောင်းမခံဘဲ ၎င်းနှင့် မိမိကိုယ်ကို တထေရာတည်း ရှိစေပြီး ကျွန်ုပ်တို့ထံ ပေးပို့ တင်ဆက်နေတယ်ဆိုတဲ့ အချက်ပါပဲ။ “သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်။”

    ဒီ နှုတ်ကပတ်တော်ရဲ့ နက်ရှိုင်းတဲ့အနက်ကို ကျွန်ုပ်တို့ နားလည် သဘောပေါက်လာပါတယ်။  ခရစ်တော်ဟာ သမ္မာတရားဖြစ်လို့ ကိုယ်တော့်ကို နားလည် လက်ခံဘို့ ကျွန်ုပ်တို့လည်း သမ္မာတရားဘက်က ရပ်တည်ကြရမယ်။  တနည်းအားဖြင့် သမ္မာတရားနှင့် အတူ တသံတည်း ထွက်ရမည်။  စစ်မှန်တဲ့ ကောင်းမြတ်ခြင်းနှင့် ထပ်တူထပ်မျှဖြစ်တဲ့ သမ္မာတရားဟာ ကျွန်ုပ်တို့ရဲ့ ဒုတိယဇာတိဖြစ်ပါမယ့် အချက်ပါပဲ။ ပွင့်ပွင့် လင်းလင်းနှင့် ရက်ရက်ရောရောရှိကြရင် ခရစ်တော် ယေဇူးကို မြတ်နိုးတမ်းတခြင်းဟာ ကျွန်ုပ်တို့ နှလုံးသားအတွင်း စမ်းရေပမာ တသွင်သွင် စီးလာမယ်။  အလိုအလျောက် ကိုယ်တော့်ဘက် ရွေ့လျားလာပြီး သူ့ ဗျာဒိတ်တော်သံကို နားဆင်လာမယ်။  ကိုယ်တော့်အသံက လွဲလို့ အခြားအခြားသော အသံများနှင့် ဆန့်ကျင်ဘက် အသံများကို ရှောင်ရှားလာကြမယ်။  ဒီလိုနဲ့ အတွေ့အကြုံအားဖြင့် ကျွန်ုပ်တို့ဟာ ခရစ်တော်သာလျှင် သမ္မာတရားနှင့် အသက်၏ ပြည့်စုံခြင်း၊ ဘ၀ပြဿနာကြီးများရဲ့ အဖြေနှင့် လူ့နှလုံးသား ဆာလောင်မှုကြီးရဲ့ ဖြည့်စွက်ပေးချက်ဖြစ်ကြောင်း သိရှိကြပါလိမ့်မယ်။  “သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့ စကားကို နားထောင်ကြသည်။” ဆိုတာကို ကြားနာပြီး ၎င်းအပေါ် သစ္စာရှိခြင်း၊ မှန်ကန်တဲ့ ကောင်းမြတ်မှုဟူသမျှ အပေါ် စိတ်သဘောထား ကြီးမြတ်ခြင်း- စသည်တို့ဟာ ခရစ်တော်ယေဇူးကို နားလည်ရာ၌ အဓိက မရှိမဖြစ်တဲ့ လိုအပ်ချက်များဖြစ်ပါတယ်။

COMPROMISE လို့ခေါ်တဲ့ ယတိပြတ် ဆုံးဖြတ်မှုကင်းခြင်း၊ မတင်မကျ မရေမရာပြုမူတတ်ခြင်းတို့ အန္တရယ်မှ ဒီ နှုတ်ကပါတ်တော်က ကာကွယ်ပေး နေပါတယ်။ ခရစ်တော်ကို နားလည် လိုက်နာရာ၌ ခရစ်တော် ဧ၀ံဂေလိကျမ်းနှင့် လောကနည်းရာပုံစံများကို မကိုက်ညီသော်လည်း မဖြစ်ဖြစ်အောင် ဖက်စပ်ပေးခြင်း၊ ခြံစည်းရိုးပေါ်ထိုင်နေခြင်း ဆိုတဲ့ “သောင်မတင် ရေမကျ” ပြုလုပ်နေခြင်းမျိုးများလောက် ခရစ်တော် သမ္မာတရားကို ဆန့်ကျင်ဘက် လုပ်နေသောအရာ မရှိပါ။  ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်တော်၏ မြွတ်ကြားချက်တို့ကို ကိုယ့်စိတ်ကြိုက် ဖြတ်တောက်ခြင်း၊ ထင်သလို ဆက်စပ်ပေးခြင်းများ မလုပ်ဘဲ ဘုရားသခင်ရဲ့ မှန်ကန် တင့်တယ်မှု၊ သပ္ပါယ်လှပမှုကို ရှုမြင် နားလည်နိုင်ပြီး ပတ်ဝန်းကျင်၌ ၎င်းအသီးအပွင့်များကို လက်တွေ့ ခံစားနိုင်ကြပါမယ်။

    လက်တွေ့ကျကျ ပြောရမယ်ဆိုရင် ရှင်မာတေဦး ခရစ်ဝင်ကျမ်း အခန်းကြီး ၅ ၊ အခန်းငယ် ၉ မှာ ခရစ်တော် မြွတ်ဆိုခဲ့တဲ့ “ခိုက်ရန်ကို မလိုလားသောသူတို့နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြ သူတို့သည် မင်္ဂလာရှိကြ၏။  အကြောင်းမူကား ၎င်းတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ဝေါ်ခံရမည်။” ဆိုတဲ့ စကားကို ကျင့်သုံးကြပါစို့။ ငြိမ်းချမ်းမှုကိုလည်း သွားလေရာရာ၌ ယူဆောင် သွားကြပါစို့။ “သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်”

              ဘုန်းဘုန်း အက်ဒွက် ဦးစိန်မြင့်

Read More...

Friday, November 15, 2013

ခရစ်တော်ယေဇူး၏ ခန္ဓာတော်

    မစ္ဆားတရားတော်အတွင်းမှာ ရဟန်းတော်ဟာ ဘုရားသခင်ရဲ့ သိုးငယ်တော်ကို ကျွန်တော်တို့အားပြပြီး ထာဝရအသက်ကို ဝေငှဖို့အတွက် စားပွဲသို့ ကျွန်တော်တို့အား ဖိတ်ခေါ်ပါတယ်။ ထာဝရအသက်ဆိုတာဟာ ခရစ်တော်သခင်ရဲ့အသက်တာကို ဝေငှပေးခြင်း ဖြစ်ပါတယ်။ ထို့နောက်မှ အဖဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းကြပါတယ်။ တနင်္ဂနွေဘုရား ကျောင်းတော်ကြီးထဲမှာဆိုရင် ကောင်းကင်ဘုံရဲ့ အသက်တာကို ကျွန်တော်တို့တတွေ ကြိုတင် မြည်းစမ်း ခံစားကြရပါတယ်။ ကျွန်တော်တို့တတွေ မိမိနေရာက ထပြီး ကိုယ်တော်မြတ်ရှိရာ ပလ္လင်ဆီသို့ စီတန်းပြီး သွားကြတဲ့ အချိန်ဟာ ကျွန်တော်တို့ဘ၀အတွက် တကယ်ကို အသန့်ရှင်းဆုံးအချိန် တခဏဖြစ်ပါတယ်။ ဒီအချိန်ကလေးအတွက် သတိတရနဲ့ ကောင်းကောင်း ပြင်ဆင်ကြရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာရှိနေတဲ့ လူတွေကို စောင့်နေစဉ်မှာပဲ ခရစ်တော်ယေဇူးဘုရားရှင်ကို အာရုံပြုပြီး ဆုတောင်းကြရပါမယ်။

    ကျွန်တော်တို့ရဲ့ ဘ၀တစ်ခုလုံးဟာ ခရစ်တော်ယေဇူးရှင်ထံ ဦးတည်သွားနေတဲ့ ခရီးတစ်ခု ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူရန် တန်းစီပြီး သွားကြတဲ့လူစု၊ လူတန်းကြီးဟာ ၎င်းဘ၀ခရီး အသက်တာကို ဖော်ကျူးနေပါတယ်။ ကျွန်တော်တို့တတွေ ရပ်ပြီး စောင့်နေတဲ့အချိန်မှာ ကျွန်တော်တို့တတွေဟာ ခရစ်တော်ယေဇူးရဲ့ နောက်ဆုံး ညစာစားပွဲ၌ တပည့်တော်ကြီးများနှင့် အတူရှိနေပြီး ကျွန်တော်တို့ဟာ ခရစ်တော် ယေဇူးရဲ့ကျွေးမွေးခြင်းကို ခံကြရတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ပြီး ကမ်းခြေမှာ တပည့်တော်ကြီးများနဲ့ နံနက်စာ စားကြသလို ဒါမဟုတ် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပွားများစေပြီး လူတွေကို ဝေငှ ကျွေးသလိုမျိုး ခရစ်တော်ဘုရားရှင်က ကျွန်တော်တို့ကို ကျွေးမွေးခြင်း ဖြစ်ပါတယ်။

    ကျွန်တော်တို့တတွေ ကိုယ်တော်မြတ်ကို ပင့်ယူခါနီးအချိန်မှာ ပလ္လင်ရှေ့၌ ဒူးထောက်တာပဲဖြစ်ဖြစ် အခြားအမူအရာတစ်ခုခုကိုပဲဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ဆီကြွလာမယ့် ခရစ်တော်ဘုရားရှင်ကို ချစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါ “အာမင်”လို့ ပြောခြင်းဟာလည်း ခရစ်တော် ဘုရားရှင် အမှန်တကယ်တည်ရှိခြင်းကို ယုံကြည်တဲ့ အကြောင်း ၀န်ခံခြင်းသာ ဖြစ်ပါတယ်။ ကိုယ်တော်မြတ်ကို ပင့်ယူပြီးတဲ့အခါမှာလည်း ခရစ္စတူး အမှတ်အသားပြုလုပ်ပြီး ဘုရားရှင်ကို ကျေးဇူးတင်ကြပါတယ်။ ဒီလို ခရစ္စတူးအမှတ်အသား ပြုလုပ်ခြင်းဟာလည်း ခရစ်တော်ဘုရားရှင် ကျွန်တော်တို့အတွက် ရယူခဲ့တဲ့ ကယ်တင်ခြင်းမှာ ကျွန်တော်တို့တတွေ ဝေငှ ခံစားကြရကြောင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်မြတ်ကို ပင့်ယူတဲ့အခါမှာ ကျွန်တော်တို့တတွေ ခရစ်တော်ယေဇူးနဲ့ တစ်လုံးတ၀တည်း ပေါင်းစပ်ခွင့် ရကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လူသားတစ်ဦး တစ်ယောက်စီအတွက် ခရစ်တော်ယေဇူးက ပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဒီ ကျေးဇူးလက်ဆောင်အားဖြင့် ခရစ်တော်ယေဇူး၌ ကျွန်တော်တို့ဟာ အသင်းတော်ဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ ခန္ဓာကိုယ် အဖွဲ့အစည်းမှာလည်း ပါဝင် ပေါင်းစပ်သွားပါတယ်။ ကျွန်တော်တို့ဘ၀မှာ အရေးကြီးဆုံးအချိန် တစ်ချိန်ကတော့ ကိုယ်တော်မြတ်ပင့်ယူပြီး ကိုယ့်နေရာကို ပြန်လာတဲ့ အချိန်ပါပဲ။ ဒီအချိန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ပြန်လည်စဉ်းစားပြီး ကျွန်တော်တို့ဆီကို ခရစ်တော်ယေဇူးကြွလာခြင်းအတွက် ကျေးဇူးတင်ကြပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာ စက္ကရမင်တူးကို ရကြပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို လက်ခံ ရရှိကြပါတယ်။ နောက်ပြီး အရှင်သခင်တို့ရဲ့အရှင် ဘုရင်တကာတို့ရဲ့ဘုရင်ကို ကျွန်တော်တို့ လက်ခံရရှိကြပါတယ်။

    ဒီ နက်နဲရာအချက်ကြီးကို ကျွန်တော်တို့ အကျိုးသက်ရောက် ခံစားနိုင်ဖို့ ကျွန်တော်တို့ စိတ်က
လက်ခံနိုင်ဖို့ဆိုတာ ဆုတောင်းခြင်းသာလျှင် တတ်နိုင်ပါတယ်။ ကျွန်တော်တို့တတွေ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ပိုပြီး လေးလေးနက်နက် စဉ်းစားလေ ဘုရားသခင်ကို ပိုပြီး ကျေးဇူးတင်လေ၊ ပိုပြီး ချစ်လေ၊ ပိုပြီး ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံးအဖြစ် အခြေအနေကို ဘုရားသခင်ထံ ဖွင့်ဟ ပြလေပါပဲ။ ဒါကြောင့် “ကိုယ်တော်မြတ် ပင့်ယူပြီးအချိန်ဟာ ၀ိညာဉ်အတွက် အရမ်းကို အကျိုးထူးဖြစ်စေတယ်ဆိုတာ သတိရကြပါ”လို့ အာဗီလာမှ စိန်ထရေဇား (St. Teresa of Avila) က ပြောခဲ့ဖူးပါတယ်။ ဒီအချိန်ကလေးမှာ ခရစ်တော်ယေဇူးကို အာရုံပြုပြီး ကုန်လွန်စေမယ်ဆိုရင် သူ့ကို ကောင်းကောင်းအစေခံတာနဲ့ အတူတူ ပါပဲ။ ဒါကြောင့် ဒီအချိန်ကလေးကို ဆုံးရှုံးမသွားအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘုရားရှင်ကို ကျွန်တော်တို့ လက်ခံရရှိတဲ့အချိန်၊ ဘုရားရှင်နဲ့ ပေါင်းစပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာမျက်စိကိုပိတ်ပြီး ၀ိညာဉ်မျက်စိကို ဖွင့်ထားကာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို မြင်အောင် ကြိုးစားကြည့်ရပါမယ်။

    ကိုယ်တော်မြတ်ကို ပင့်ယူပြီးနောက် ကျွန်တော်တို့တတွေဟာ ခရစ်တော်ဘုရားရှင်နဲ့ တပေါင်း တစည်းတည်းဖြစ်သလို ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ ပါဝင်တဲ့ အသင်းတော်ကြီးဖြစ်တဲ့ ခရစ်တော်ယေဇူးရဲ့ နက်နဲရာ ခန္ဓာတော်နှင့်လည်း တစ်လုံး တစ်စည်းတည်း ဖြစ်သွားပါတယ်။ ကိုယ်တော်မြတ်ပင့် ယူချိန်မှာ သီဆိုကြတဲ့ ဓမ္မသီချင်းဟာလည်း ကျွန်တော်တို့တတွေအကြား တပေါင်းတစည်းတည်းရှိခြင်းကို ပြန်လည် သတိရစေပြီး အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့တတွေရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့ ကျေးဇူးဆပ်တင်ခြင်းတွေကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။

    ကိုယ်တော်မြတ်ကို အားလုံးပင့်ယူပြီးတာနဲ့ တခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ နေကြရပါတယ်။ ဒီ အချိန်ကလေးဟာ လူတစ်ဦးတစ်ယောက်စီအတွက် မိမိ လိုချင်တဲ့ဆုကို တောင်းခံဖို့ လိုအပ်တဲ့ သန့်ရှင်းတဲ့ငြိမ်သက်ခြင်း ဖြစ်ပါတယ်။ ဒီလို တိတ်ဆိတ်ငြိမ်သက်ခြင်း အားဖြင့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဆူညံမှုတွေ ပျောက်ကွယ်သွားပြီး ဘုရားသခင်က ကျွန်တော်တို့ကိုပြောတဲ့ စကားသံကို ကြားနိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့အချိန် ကလေးပြီးတဲ့အခါမှာ ကျွန်တော်တို့တတွေ ရရှိပြီးတဲ့ ကျေးဇူးတော်များအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြပါတယ်။ ကယ်တင်ရှင် ခရစ်တော်ယေဇူးရဲ့ တည်ရှိတော်မူခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဘ၀တွေ အကျိုးကျေးဇူး ပိုမို ရရှိဖို့ရန်နှင့် ပေါင်းစပ်သလို နောင်တစ်နေ့မှာလည်း ကောင်းကင်ဘုံ၌ ခရစ်တော် ယေဇူးဘုရင်နှင့်အတူ ပေါင်းစပ်ဖို့ ဆုတောင်း ကြပါတယ်။

    မစ္ဆားတရား ပြီးတဲ့အခါမှာလည်း ခရစ်တော် ယေဇူးဟာ ကျွန်တော်တို့အထဲ၌ တက်တက်ကြွကြွ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို ခွန်အား ပေးပါလိမ့်မယ်။ နောက်ပြီး ခရစ်ယာန်အသက်တာနဲ့ အညီ နေထိုင်နိုင်အောင် ကူညီပါလိမ့်မယ်။ ကျွန်တော်တို့ တတ်နိုင်တယ်ဆိုရင် မစ္ဆားတရားအပြီး ဘုရားရှင် ကျွန်တော်တို့နှင့် အတူရှိဖို့ အထူးသဖြင့် လာမည့်အပတ်အတွင်းမှာ တွေ့ကြုံရမယ့် ဒုက္ခ အခက်အခဲ ပြဿနာများ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်များ၌ ကျွန်တော်တို့နှင့်အတူ ရှိဖို့ရန်၊ နတ်ဆိုးရဲ့ အပြစ်ဒုစရိုက်မှ ကာကွယ်ပေးဖို့ရန် ဆုကျေးဇူးတော်များကို တောင်းခံ သင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဘ၀ အသက်တာ တစ်ခုလုံးမှာ ခရစ်တော်ယေဇူးရှင်နဲ့ အစဉ်အမြဲ ပေါင်းစပ် သွားနိုင်ပါလိမ့်မယ်။

    ကျွန်တော်တို့တစ်တွေ ဆုတောင်းနိုင်ဖို့၊ သဒ္ဓါ ကြည်ညိုခြင်း ပြုနိုင်ဖို့အတွက် ခရစ်တော်ယေဇူးဟာ ကိုယ်တော်မြတ် စက္ကရမင်တူး၌ အပြည့်အ၀ အမှန်တကယ် တည်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ သဒ္ဓါ ကြည်ညိုခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်ယေဇူးထံ သီးခြား အလည်အပတ်သွားခြင်းနှင့် ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတွေအားဖြင့် မစ္ဆားတရားအတွင်းမှာ ကိုယ်တော်မြတ်ကို ပင့်ယူခြင်းမှ စတင်ခဲ့တဲ့ ခရစ်တော် ယေဇူးဘုရားရှင်နဲ့ ပေါင်းစည်းခြင်းကို ဆက်လက်ပြီး ရှင်သန်စေပါတယ်။ ကျွန်တော်တို့တတွေ ဘုရားရှင်ရဲ့အပေါ်မှာထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း တိုးပွားစေပါတယ်။ ဆက်လက်ပြီး ကိုယ်တော်မြတ် ပင့်ယူခြင်း၌ ခရစ်တော် ယေဇူးဘုရားရှင် ကျွန်တော်တို့ဆီကို ကြွလာခြင်း၏ အကျိုးကျေးဇူးများကိုလည်း ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ဆထက်တပိုး ပိုမိုပြီး တိုးပွားစေပါတယ်။

Translated by J.Bo Htun

Read More...

Thursday, November 14, 2013

သင်္ခါရနှင့်လမ်းနှစ်သွယ်


စိမ်းလန်းစိုစို ပင်ညောင်ညို
ဂိမ္မာန်မွန်းတည့် သူ့အရွက်
ခြောက်သွေ့လွင့်ပါး လေ၌သွား၏။

ရနံ့အဆင်း စုံစွာပန်းမာလာ

မကြေခဏ သူ့အလှ
ပွင့်ဖတ်နွမ်းလေ မြေသို့စေ၏။

လှပပုံဆောင် မိုးတိမ်တောင်
သူရိန်နေမင်း အိပ်တန်းဆင်းတော့
ခဏတွင်းပျက်ပြယ်အလှကွယ်၏။

သက်ရှိထင်ရှား သင်လူသား
မမြဲခဏ ဒီဘ၀မှာ
အို
နာ
သေခြင်း
တမလွန်ဆင်းလျှင်
ကောင်းကင်ငရဲ
ဘာရွေးမလဲ

ဆီးလ်ဘက် (ဆင်လူး)

Read More...

Monday, November 11, 2013

သတိ ပိုင်ရှင်ရှိသည်

         တစ်ခါက တရားဟောရာမှာ ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ လူအများ နားဝင်အောင် ယုံကြည် လက်ခံလာအောင် ဟောပြောနိုင်တဲ့ တရားဟော ဆရာတစ်ဦးဟာ အလွန် ခမ်းနား ကြီးကျယ်အောင် တထူး တခြားပြင်ဆင်ထားတဲ့ ပွဲတစ်ခုမှာ သူ့ရဲ့ ဆွဲဆောင်မှု ရှိတဲ့တရားကို ရှင်းလင်းပြတ်သားစွာ ဟောကြား လိုက်ပါတယ်။ တရားပွဲ အပြီးမှာတော့ များပြားလှတဲ့ တရားနာ ပရိသတ်ကြီးက ၀ီစီတွေ မှုတ်၊ လက်တွေဝှေ့ရမ်း၊ လက်ခုပ် သြဘာသံတွေ ကျယ်ကျယ်လောင် လောင်တီးကြပြီး သူ့ကိုလည်း ဓာတ်ပုံတွေ တဖျတ် ဖျတ်နဲ့ ရိုက်၊ အထူးတလည် ချီးမွမ်းနှုတ်ဆက်ခြင်းတွေ ပြု၊ ကျေးဇူးတွေ အများကြီး တင်ကြနဲ့ပေါ့။

    အဲ့ဒီလို လူအများရဲ့ သြဘာပေးခြင်း၊ ချီးမွမ်း ထောပနာပြုပြောဆိုခြင်းတွေကို ခံရတဲ့အခါမှာ တရား ဟော ဆရာကြီးဟာ ရုတ်တရက် ဇာတ်စင်ရဲ့အနောက်ကို အပြေးဝင်လာပြီး အတော်လေး ၀မ်းနည်း ကြေကွဲမှု ပြင်းထန်တဲ့ ခံစားမှုမျိုးနဲ့ သည်းသည်းထန်ထန် ငိုကြွေး ပစ်လိုက်တာကို သူ့ရဲ့ တပည့်လေးတစ်ယောက်က အံ့ သြစွာနဲ့ သွားပြီးတွေ့မိလိုက်တယ်တဲ့။ ဆရာကြီးရဲ့ အောင် မြင်မှု၊ ကျော်ကြားမှုနဲ့ သြဇာလွှမ်းမိုးနိုင်မှုတွေကို အမြဲတမ်းပဲတွေ့မြင်နေရတဲ့ တပည့်လေးက "ဆရာကြီး ခင်ဗျာ... ဘာလို့ ငိုရတာလဲခင်ဗျာ... ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ဖြစ် ဆရာကြီးရဲ့ တရားဟောပွဲ တွေ လုပ်သမျှ အရာတိုင်းတွေဟာ အောင်မြင်ခဲ့တာ ချည်းပါပဲ။ အခုပွဲမှာလည်း အတိုင်းထက် အလွန် အောင်မြင် စည်ကားခဲ့တယ်။ မျက်နှာပန်း လှခဲ့တယ်။ လူကြိုက် များခဲ့တယ်။ ဆရာကြီးအတွက် လက်ခုပ် သြဘာသံတွေ၊ ချီးမွမ်းခြင်းတွေ၊ ကျေးဇူးတင်ခံရမှုတွေ အများကြီးပဲလေလို့ ပြောလိုက်တဲ့အခါ ဆရာကြီးက အေး ဟုတ်တယ် . . . အဲ့ဒါတွေကြောင့်မို့ ငါ ငိုတာကွ။ ၀မ်းနည်းနေရတာ၊ ကြေကြေကွဲကွဲကို ခံစားနေမိတာပါ။ တစ်ကယ်တော့ . . . ဒီအောင်မြင်ပါတယ်ဆိုတဲ့ တရားတွေ၊ ကောင်းမွန်တဲ့ပြောစကားတွေ ငါလုပ်သမျှအရာတွေ အားလုံးဟာ ဘုရားသခင်ဆီက လာတာပါ။ ဘုရားရဲ့ ကြွယ်ဝတဲ့ကျေးဇူးတော်တွေပါ၊ ငါ့အပေါ်မှာ ထားတဲ့ ဘုရားရဲ့ သနားခြင်း ကရုဏာတွေပါ ငါ့ဆီမှာရှိတဲ့ အကောင်းတိုင်းဟာ ဘုရားပိုင်တာတွေပေါ့ ဘာမဆို အကုန်လုံးဟာ ဘုရားပေးလို့ဖြစ်တာတွေ ချည်းပါပဲ။

    ဒါပေမယ့် များစွာသော ပရိသတ်တွေနဲ့ ငါ့အနားမှာ ရှိနေသူတွေ တစ်ချို့က ဘုရားကို အသိအမှတ် ပြုရမှာ ဦးထိပ် ပန်ဆင်ချီးမွမ်းရမှာ သြဘာပေးရမှာ၊ ကျေးဇူးတင်ရမှာကို မေ့လျော့နေကြတယ်၊ မသိချင် ယောင်ဆောင်နေကြတယ်၊ ငါ့ကိုပဲ ၀ိုင်းပြီးသည်းသည်းလှုပ် ချီးမွမ်းမြှောက်ပင့်ပြောဆိုပြီး သြဘာပေးနေကြတယ်၊ သူတို့ရဲ့ လမ်းပြကြယ် စံပြပုဂ္ဂိုလ်၊ သူရဲကောင်းလို့ ကင်ပွန်းတပ်ကြတယ်။ ငါလုပ်ကိုင် ကြံစည်ဆောင်ရွက်တာ၊ ဆုံးဖြတ်ပြောဆိုတာတွေ မှားနေရင်တောင် သိသိကြီးနဲ့ထောက်ခံပေးနေကြတယ်။ အနာဂတ် ကောင်းစားရေးအတွက် အမှန်ကိုပြောပြကြဖို့ "ယုန် ကလေးနှာစေးနေပါတယ်" ဆိုတဲ့ စကားပုံလို နေထိုင် ကျင့်ကြံကြတယ်၊ ဒါတွေကြောင့် ငါ ငိုနေရတာပါကွာလို့ ပြန်ဖြေလိုက်တယ်တဲ့။ တစ်ဆက်တည်းမှာပဲသူ ထပ်ပြီးပြောသွားတာက မင်းမြင်ခဲ့တဲ့၊ ကြားသိထားပြီးတဲ့ ငါ့ရဲ့အောင်မြင်မှု၊ ထင်ပေါ်ကျော်စောမှု၊ လူအများရဲ့ ချီးမွမ်း သြဘာပေးမှုဆိုတာတွေကို ဘယ်သူခံထိုက်လဲ၊ ဘယ်သူ မူပိုင်လဲ၊ စဉ်းစားကြည့်ပါ၊ အသေအချာ လေးနက်စွာနဲ့ပေါ့၊ ငါ့အနေနဲ့ကတော့ လူတွေက ငါ့ကို ချီးမွမ်းလေ၊ ကျေးဇူးရှင်လို့ ခေါ်လေ ဘာမဆို ကြိုက်တာ လုပ်ပိုင်ခွင့်ရလေ ဘုရားကိုစော်ကားနေသလိုဖြစ်ပြီး ဘုရားရဲ့ ပိုင်ဆိုင်ရာ အရည်အချင်းတွေကို ငါခိုးနေသလိုမျိုး ခံစားရပါတယ်။ ဒါကြောင့် ငါက ဒီဘ၀အတွက် ဘုရားရဲ့ အလိုကျ၊ လောကမှာ ဘာမဆိုဖြစ်ကြရတာမို့ "ဘုရားမှတစ်ပါး၊ အခြား ၀ါကြွားစရာအကြောင်း မရှိ"လို့ပြောပြီး အဝေးတစ်နေရာကို သူထွက်သွားခဲ့ပါ တယ်။

စာဖတ်သူ . . . သင့်ဘ၀မှာရော

အောင်မြင်မှုတွေရှိခဲ့ရင် ကြွယ်ဝ ချမ်းသာနေရင်၊ ရာထူး ကြီးကြီးမားမား ပိုင်ဆိုင်ထားရင် သြဇာ အာဏာပေး လောက်တဲ့ အဆင့်ကို ပိုင်ထားရင် ဒီအရာတွေကို သင့်အနေနဲ့ ဘယ်လို အသုံးပြုဖို့ စိတ်ကူးထားပါသလဲ ဒါမှမဟုတ် လက်တွေ့ အသုံးချခွင့် ရနေသူ ဆိုရင်လည်း ဘုရားသခင်က သင့် စိတ်ထားနှလုံးသားရဲ့ ဘယ်နေရာ၊ ဘယ်အဆင့်အတန်းမှာ ထားနေသလဲ။

    လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ တာဝန်ယူ တတ်မှုအပေါ်မှာ မူတည်ပြီး မြို့တော်ရဲ့ အနှစ်သာရဟာ မြို့သူမြို့သားတွေသာဖြစ်တယ်။ မြို့ကို ကာရံထားတဲ့ တံတိုင်းတွေ မဟုတ်ဘူးလို့ ကျွန်မတော့ ထင်ပါတယ်။ ဘုရားသခင်ရှေ့မှာ အမှန်တစ်ကယ် မျက်နှာရဖို့ ချိုးဖဲ့၍ ဝေမျှသော အသက်တာဖြင့် နေထိုင်သွားနိုင်အောင် ကြိုးစားကြရင်း -

    "သင်မူကား တိုးတက် ရမည်၊ ငါမူကား ဆုတ်ယုတ်ရမည်"ဆိုသော သမ္မာတရား အလင်းစကား အတိုင်းပေးဆပ် ဆက်ကပ်သွားကြပါစို့။

            မေသစ္စာ (F.S.A.G)

Read More...

Saturday, November 9, 2013

ကမ္ဘာ့သာသနာ ပြန့်ပွားရေး တနင်္ဂနွေနေ့

    “သင်တို့အပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် သက်ရောက်သော အခါ၌ သင်တို့သည် တန်ခိုးကို ခံယူရလိမ့်မည်။ ထိုအခါ သင်သည် ဂျေရုဇလင်မြို့၊ ယုဒပြည်တစ်ပြည်လုံးနှင့် ဆာမာရီပြည်မှ စ၍ ကမ္ဘာမြေကြီး အစွန်အဖျားတိုင်အောင် ငါ၏ အကြောင်းကို သက်သေခံသူများ ဖြစ်ကြလိမ့်မည်။ ”

    ခရစ်သက္ကရာဇ်၂၀၀၀ကျော်မှာ ခရစ်တော်က ကောင်းကင်ဘုံ မတက်ခင် တမန်တော်ကြီးများကို ပြောခဲ့တဲ့ အထက်က စကားတွေကို ဒီနေ့ အသင်းတော်တစ်ခုလုံးအား လေးလေးနက်နက် ထပ်မံပြော ဆိုနေပါတယ်။ ဒီစကားလုံးတွေထဲမှာ ခရစ်ယာန်အဖြစ် ခေါ်တော်မူခြင်းရဲ့ သဘောတရား၊ အဆီအနှစ် အကြောင်းအရာတွေ အားလုံး ပါဝင်နေပါတယ်။ ဒီတော့ တကယ်တမ်း ခရစ်ယာန်ဆိုတာ ဘယ်သူလဲ။ ရှင်ပေါလူး ဖိလိပ္ပိသြ၀ါဒစာ (၃း၁၂)မှာဆိုထားတဲ့ အတိုင်း Aperson "Captured" by Christ  လို့ပြောတဲ့ ခရစ်တော်၏ ကိုင်ဖမ်းတော်မူခြင်းကို ခံရသူလို့ အဓိပ္ပာယ်ရှိပါတယ်။ ဒီသဘောတရားအရ ကမ္ဘာဆုံး ထိအောင် ခရစ်တော်ကို သိရှိကြပြီး လူတိုင်းက ခရစ်တော်ကို ချစ်အောင် သိအောင် ပြုလုပ်ရန် ခရစ်ယာန်တွေက စိတ်စောလျက် ရှိနေပါတယ်။

    ခရစ်တော်ရဲ့ သက်သေခံများဖြစ်ဖို့ သာသနာပြုများဖြစ်ဖို့ ယုံကြည်ခြင်းတရားက ဖိအားပေး စေလွှတ်လျက် ရှိပါတယ်။ ဒီလို မိမိတို့ရဲ့ ဘုရားကို သက်သေခံဖို့ ဆန္ဒ မရှိဘူး။ ယုံကြည်ခြင်းက
ဖိအားမပေးဘူး ဆိုရင်တော့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာ မပြည့်စုံသေးပဲ အပေါ်ယံသာ ရှိနေပါသေးတယ်။ မရင့်ကျက် သေးဘူးလို့ ဆိုရပါလိမ့်မယ်။ ဒီသဘောတရားအရ ခရစ်ယာန်တွေဟာ နေရာတကာမှာ လူတိုင်းက ခရစ်တော် ယေဇူးကို သိရှိ၊ နားလည်၊ ချစ်ခင်၊ လက်ခံကြဖို့ အတွက် ကမ္ဘာစွန်းတိုင်အောင် လုပ်ဆောင်၊ ကြိုးပမ်းဖို့ စေတနာ၊ စိတ်ဇော ပြည့်ဝနေတဲ့သူတွေ ဖြစ်ပါတယ်။ ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ခြင်းဟာ ယုံကြည်ခြင်းရဲ့အကျိုးဆက် (သို့) ယုံကြည်ခြင်းကနေ ထွက်ပေါ်လာတဲ့ အရာပင် ဖြစ်ပါတယ်။ တစ်နည်းပြော ရမယ်ဆိုရင်တော့ Mission ဟာ ခရစ်တော်က ကျွန်တော်တို့ပေါ် ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်း မေတ္တာတရားနဲ့ ခရစ်တော်၌ ယုံကြည်ခြင်းကို ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းအားဖြင့် တိကျစွာ ညွှန်ပြတဲ့အချက်သာ ဖြစ်ပါတယ်။

    ယုံကြည်ခြင်းနှင့် အမှုတော် ထမ်းဆောင်ခြင်းဟာ အမြဲတမ်း အတူတကွ ယှဉ်တွဲလျက်ရှိပါတယ်။ ယုံကြည်ခြင်း ပိုမို အားကြီးလေ၊ ဒီယုံကြည်ခြင်းကို သက်သေခံဖို့၊ ယုံကြည်ခြင်းကို သူတပါးနဲ့ ဝေမျှဖို့၊ ဒီယုံကြည်ခြင်းကို သူများနဲ့ ဆက်သွယ်ပေးဖို့ လိုအပ်ကြောင်း ပိုမို ခံစားရပါတယ်။ ဒါပေမဲ့လို့ တစ်ဖက်မှာလည်း ယုံကြည်ခြင်း အားနည်းလာတယ်။ သာသနာပြု၊ သက်သေခံ စေ့ဆော်မှုအားကလည်း လျော့နည်းလာပြီး သက်သေခံဖို့ အရည်အချင်းတွေ အားနည်းလာပါတယ်။ အသင်းတော်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ သာသနာပြုခြင်းမှာ ခွန်အား၊ စိတ်အားထက်သန်မှု လျော့နည်းလာတာဟာ ယုံကြည်ခြင်းမှာ အားနည်းခြင်းရဲ့ လက္ခဏာတစ်ရပ်ပင် ဖြစ်ပါတယ်။ ဒီသဘောတရားဟာလည်း “ယုံကြည်ခြင်းတရားသည် သူတစ်ပါးအား ပေးကမ်းသော အချိန် အားကြီး ထက်သန်လာသည်” ဆိုတဲ့ ခံယူ၊ လုပ်ဆောင်ချက် မရှိလို့ ဖြစ်ပါတယ်။

    ခရစ်တော်ကို သက်သေခံခြင်း ၊ ကြွေးကြော် ဟောပြောခြင်းအားဖြင့် ကျွန်တော်တို့ဟာ စိတ်အား ထက်သန်မှု အသစ်တွေ ရရှိလာပြီး ဘုရားတရားရှိစွာ သန့်ရှင်း စင်ကြယ်စွာ ဘယ်လိုနေထိုင်၊ အသက်ရှင်ရမလဲ ဆိုတာ တွေ့ရှိလာရပါတယ်။ ဒါကြောင့် ယုံကြည်ခြင်း ယိမ်းယိုင် ပျက်စီးမှုတွေကို ဆန့်ကျင်ဖို့ အကောင်းဆုံး ကာကွယ်ဆေးကတော့ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်ခြင်းပင် ဖြစ်ပါတယ်။ သာသနာပြု၊ သက်သေခံခြင်းလုပ်ငန်းကို မိမိကိုယ် မိမိပူဇော်ခြင်းအားဖြင့် ကျွန်တော်တို့ တစ်ဦး တစ်ယောက်စီဟာ မိမိရဲ့ လက်ရှိ ဘ၀ကို ခိုင်ခံ့ လာစေပါတယ်။ သက်သေမခံရင် ကျွန်တော်တို့ဟာ စစ်မှန်သော ခရစ်ယာန် မဖြစ်နိုင်ဘူးဆိုတာကိုလည်း ပြည့်ဝစွာ နားလည် လာနိုင်ပါလိမ့်မယ်။

    ခရစ်ယာန်တိုင်းဟာ ဆေးကြောခြင်း မင်္ဂလာအားဖြင့် အသင်းတော်ထဲမှာ ပါဝင်လာပြီး သက်သေခံဖို့ သာသနာပြန့်ပွားစေဖို့ လုပ်ဆောင်ရန် ခေါ်တော်မူခြင်း ခံရပါတယ်။ ဘုရားသခင်ရဲ့ ရွေးချယ်မှုကို ခံရပါတယ်။ ဒါကတော့ ခရစ်တော်ရဲ့ ပြတ်သားတဲ့ အမိန့်တော် အခွင့်ထူး တစ်ရပ်လည်း ဖြစ်ပါတယ်။ လူသား တစ်ဦး တစ်ယောက်စီတိုင်းရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်က သူနဲ့ အတူ ပူးပေါင်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ချက်ပင် ဖြစ်ပါတယ်။

    ဧဖက် ၃း၁၈ မှာ “ကိုယ်တော်သည် ခရစ်တော်၏ အတိုင်းမသိ ကြွယ်ဝ ချမ်းသာခြင်းဆိုင်ရာ သတင်းကောင်းကို လူမျိုးခြားတို့အား ဟောပြော ကြေငြာရန်နှင့် ထာဝရဘုရား၏ နက်နဲသော
အကြံအစည်တော်သည် မည်သို့ အကောင်အထည် ပေါ်လာမည်ကို လူအပေါင်းတို့အား ရှင်းလင်း ဖော်ပြရန် အခွင့်ထူးကို ပေးသနားတော်မူသည်” လို့ ကျွန်တော်တို့ အားလုံးဟာ ဒီအခွင့်ထူးကို ရယူ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပါတယ်။ ဆေးကြောခြင်း ခံပြီးသားသူတွေဆီမှာ ထင်ထင်ရှားရှား ပေါ်လွင်နေရမယ့် ခရစ်တော် သက်ရှိ ထင်ရှား လှုပ်ရှား ပါဝင်နေသော ၀မ်းမြောက်ဖွယ် အတွေ့အကြုံ 'Joyful experience of a living presence' ကို သူတစ်ပါးနဲ့ ဆက်သွယ်ပေးဖို့၊ သူတစ်ပါးအား တွေ့မြင်စေဖို့ သာသနာ ပြန့်ပွားရေး တနင်္ဂနွေက သတိပေးလျှက် ရှိနေပါတယ်။ ဒီလူတွေရဲ့ နေပုံ ထိုင်ပုံ၊ ပြုမူ ပြောဆိုပုံတွေကို ကြည့်ပြီး သူတို့ ဘာကြောင့် ဒီလို အသက်ရှင် နေထိုင်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ စသည်ဖြင့် မမေး မနေနိုင်အောင်ကို မေးခွန်းထုတ်ကြဖို့ ဆွပေးနေတဲ့ ပုံစံမျိုး၊ အသက်ရှင် ကျင့်ကြံဖို့ ဖြစ်နေရပါမယ်။ ဒါကြောင့် ခရစ်ယာန် တစ်ဦးတစ်ယောက်စီရဲ့ တာဝန်က တပါးသူအား အလင်းပေးနေသည့် (သို့) ပုံစံ နမူနာပေးနေသည့် (သို့) သူတစ်ပါး အတုခိုးချင်မည့် ဘ၀အသက်တာမျိုးနဲ့ နေထိုင် အသက်ရှင်ဖို့၊ သက်သေခံဖို့ဖြစ်ပါတယ်။ (Redemptions Mission 26) ဖော်ပြခဲ့သလို ဘုရားသခင်ကို ဆက်ကပ် ပူဇော်မှုရှိရင် ခရစ်တော်အတွက် ကိုယ်ကျိုးစွန့်တဲ့ လူငယ် မောင်မယ်များဟာလည်း သူတော်စင် ရဟန်း၊ ကိုရင်၊ သီလရှင်ဘောင်သို့ သာသနာပြုဖို့အတွက် ခေါ်တော်မူခြင်းမှာ များပြားလာမှာ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ ခရစ်တော်အတွက် မိမိအသက်ကိုပင် စွန့်ဖို့ အဆင်သင့် ရှိနေကြပါလိမ့်မယ်။ ခရစ်တော်က “ငါ့အတွက်နှင့် ငါ၏ နှုတ်ကပတ် တရားတော်အတွက် အသက်ဆုံးရှုံးရသူသည် မိမိ၏ အသက်ကို ကယ်ဆယ်လိမ့်မည်” လို့ မြွတ်ဆိုထားကြောင်း မာကု ၈း၃၅ မှာ တွေ့ရပါတယ်။ ရဟန်းမင်းကြီးက ကမ္ဘာ့ သာသနာ့ခရီးစဉ် လှည့်လည်တဲ့ နေရာတိုင်းမှာ (ယောဟန် ၄း၃၅) က ဖော်ပြထားတဲ့ အတိုင်း  ရိတ်သိမ်းလွန် သီးနှံတို့ သည် မှည့်ဝင်းလျှက်ရှိနေတာကို မြင်ရပေမယ့် တစ်ချိန်တည်းမှာလည်း ရိတ်သိမ်းမယ့် သာသနာ အမှုတော်ကို ထမ်းဆောင်မယ့် လူတွေဟာ နည်းပါးလှကြောင်းလည်း နေရာတကာမှာ ကြားသိ နေခဲ့ရပါတယ်။ ဒီနေ့ သာသနာပြန့်ပွားရေး တနင်္ဂနွေနေ့ဟာ အဓိပ္ပာယ်ရှိတဲ့နေ့ ဖြစ်ဖို့ဆိုရင် မိသားစုတွေ၊ အဖွဲ့အစည်းတွေကြားမှာ သူတော်စင်ဘောင်သို့ ခေါ်တော်မူ ခြင်းရအောင် ဆုတောင်းဖို့နဲ့ သူတော်စင်ဘောင်ဝင်ဖို့ မျိုးစေ့ရှိတဲ့ နေရာတွေမှာ ကြီးထွား ရင့်သန်အောင် ပြုစုပေးဖို့ အခြေအနေကို ဖန်တီးကြရမှာ ဖြစ်ပါတယ်။

    ခရစ်ယာန် တစ်ဦးအဖြစ် အခြေအနေနဲ့ သက်သေခံခြင်းဟာ ဖယ်ရှားလို့ မရနိုင်တဲ့ ဒုက္ခ အခက်အခဲ ဆိုတဲ့ ကားတိုင်တော် ပါဝင်နေခြင်းအားဖြင့် သိသာ ထင်ရှားလျှက် ရှိပါတယ်။ ဒုက္ခ အခက်အခဲ၊ အနှောက်အယှက် မရှိဘဲနဲ့ စစ်မှန်တဲ့ သက်သေခံခြင်း မရှိနိုင်ပါဘူး။ “ငါ့တပည့် ဖြစ်လိုသူသည် ကိုယ်ကျိုးကို စွန့်ရမည်။ ကိုယ့် လက်ဝါးကားတိုင်ကို နေ့စဉ် ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်” လို့ (လုကာ ၉း ၂၃)မှာ ဆိုထားတဲ့အတိုင်း ခရစ်တော် နောက်ကို လိုက်ဖို့ ဆုံးဖြတ်တဲ့ သူအတွက် ဒုက္ခအခက်အခဲ၊ ဆင်းရဲခြင်းဆိုတဲ့ ကားတိုင်ကို ရှောင်ကွင်းလို့ မရနိုင်ပါဘူး။  ဘုရားသခင်နဲ့ ခရစ်တော်ကို သက်သေခံတဲ့ သူတိုင်းဟာ ဟိုးတမန်တော်ကြီးတွေက စတင်ပြီး ခရစ်တော်အတွက် ညှင်းပန်းနှိပ်စက်ခြင်းကို တွေ့ကြုံ ခံစားရပါတယ်။ လောကသားတို့သည် ငါ့ကို ညှင်းပန်း နှိပ်စက်ခဲ့ကြလျှင် သင်တို့ကိုလည်း ညှင်းပန်းကြလိမ့်မည်လို့ (ယောဟန် ၁၅း၂၀) မှာ ဆိုခဲ့ပါတယ်။  ဒါဟာ ခရစ်တော်က သူ့နောက်လိုက် တစ်ဦးစီတိုင်းကို ပေးတဲ့ အမွေတော်ဖြစ်လို့ အားလုံးက လက်ခံကာ အသက်ရှင် နေထိုင်ရပါမယ်။ ကာလ၀ါရီဟာ ရှင်ပြန်ထမြောက်ခြင်းကို ပို့ဆောင်တဲ့ တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်။

    ဒီနေ့ ခရစ်တော်က ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီကို မေးနေပါတယ်။ သင်သည် ငါ၏ သက်သေခံဖြစ်မလား။ အောက်ပါ မေးခွန်းတွေကိုလည်း မိမိကိုယ်မိမိ မေးမြန်းဖို့ ဖိတ်ခေါ်နေပါတယ်။ ခရစ်တော် တောင်းဆိုနေတဲ့ သက်သေခံခြင်းမျိုးနဲ့ ကမ္ဘာကြီးကို သက်သေခံ နေရဲ့လား။ ငါ့မှာ တည်ငြိမ်အားကြီးပြီး၊ ၀မ်းသာ ၀မ်းမြောက်မှုနဲ့ ပြည့်ဝတဲ့ ယုံကြည်ခြင်းမျိုး ရှိရဲ့လား။ ဒါမှမဟုတ်ရင် ငါဟာ တရားတော်အတိုင်း မနေထိုင်ဘဲ လွယ်လွယ်ကူကူ အလျှော့ပေးပြီး နေရာအလိုက် အရောင်ပြောင်းနေလို့ ပုံပျက် ပန်းပျက်ဖြစ်ကာ မောပန်း နွမ်းလျနေတဲ့ ခရစ်ယာန်တစ်ဦးလို ဖြစ်နေသလား။  အသင်းတော်အနေဖြင့် သန့်ရှင်း စင်ကြယ်ခြင်းကို အလေးအနက်ထားလျက် သက်သေခံ သာသနာပြုခြင်းအတွက် လိုအပ်သမျှကို ဆောင်ရွက်ရန် ရှာကြံလျက်ရှိပါတယ်။

    ဒါကြောင့် ရဟန်းမင်းကြီးက “စစ်မှန်သော သာသနာပြု၊ သက်သေခံသည် သန့်ရှင်းသူ ရဟန္တာ ဖြစ်၏။ သန့်ရှင်းဖြူစင်မှုကို အသက်တာအား အမှန်တကယ် ဆက်ကပ် လိုက်လျှောက်မှသာလျှင် မှန်ကန်တဲ့ သက်သေခံ၊ သန့်ရှင်းသူ ဖြစ်ပါတယ်။ လိုအပ်ချက် တစ်ခုကတော့ သက်သေခံတွေ၊ ခရစ်ယာန်တွေ အဖွဲ့ အစည်း ကြားမှာ New endeavour for holiness လို့ ပြောတဲ့ သန့်ရှင်း မွန်မြတ်စေရေးအတွက် စိတ်ထက်သန်မှုကို ပြန်လည် ဆန်းသစ် အားသစ်လောင်းကာ အားပေးဖို့သာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

    ခရစ်တော် လူသားတွေကို ကယ်တင်ခြင်း ကျေးဇူးပေးခဲ့တာ နှစ်ပေါင်း ၂၀၀၀ကိုဝင်ဖို့ နီးကပ်လာတာနဲ့အမျှ ဘုရားသခင်ကလည်း ခရစ်ယာန်သာသနာအတွက် နောက်ထောင်စုနှစ်ဦး အစအတွက် ပြင်ဆင်လျက် ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း ကယ်တင်ခြင်းလုပ်ငန်းမှာ ကျေးဇူးတင်စွာဖြင့် ပူးပေါင်း ပါဝင် လုပ်ဆောင်ရင်း မိမိရဲ့ ခရစ်ယာန် ဘ၀သက်တာကို အရှိန်အဟုန်ဖြင့် စိတ်အား ထက်သန်စွာ မိမိရဲ့ ဘာသာတရားအတိုင်း နေထိုင် ကျင့်ကြံရပါမယ်။ ဘုရားသခင်ရဲ့ အမှုတော်ဆောင်များ အားလုံး သာသနာ့အကျိုးကို သယ်ပိုးနေကြသူများ အားလုံး အမိမယ်တော်ရဲ့ကူညီ စောင့်ရှောက်မှု၊ ကျေးဇူးတော်များ ခံစားရဖို့ ဆုတောင်းရင်း မိမိရဲ့ ကောင်းချီး မင်္ဂလာကို ပေးလိုက်ကြောင်း ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

    ဒါကြောင့် ကျွန်တော်တို့ အားလုံးလည်း World Mission Sunday လို့ခေါ်တဲ့ ကမ္ဘာ့သာသနာ ပြန့်ပွားရေး တနင်္ဂနွေမှာ ဘုရားတရား သွန်သင်ချက်အတိုင်း ကောင်းမွန်စွာ နေထိုင်အသက်ရှင်ခြင်းအားဖြင့် သူတစ်ပါးအား မှန်ကန်သည့် သက်သေခံနိုင်ရန် ကြိုးစားကြပါစို့။
R.V.A ထုတ်လွှင့်ချက်မှ

Read More...

Thursday, November 7, 2013

ကရုဏာရှင်


ကြမ်းတမ်းဝေဒနာ     ခံစားမှုများအား
နွေးထွေးမေတ္တာ     ကရုဏာများနှင့်
ပြုစုယုယ    စောင့်ရှောက်သော်လည်း
တစ်ချက်မညှိုး        ရင်မှာပျိုးသည့်
ပန်းများသဖွယ်    နှလုံးသားဝယ်
စွဲမြဲမှတ်ယူ    ပေးဆပ်နေသူ
အို . . . . ကရုဏာရှင်လေး

နေ့စဉ်ရက်ဆက် အိပ်ပျက်ခဲ့လည်း
မညည်းမညူ    ငါမကူလျှင်
သူသာခံစား    ဝေဒနာများအား
စိတ်ထဲမှာထား    မေတ္တာတရားနဲ့
အပြုံးမပျက်    အပြုံးပန်းများဆင်လေသူ
အို . . . . ကရုဏာရှင်လေး

သင်နှင့်အတူ    သင့်နှလုံးသားအား
လောကအလှ    ထွက်သစ်စ
နေမင်းတစ်စင်း လတစ်စင်းကဲ့သို့
လေးစားဂုဏ်ယူအားကျသူများ
အားပေးလျက်ပါ ကြိုးစားပါ
အို . . . . ကရုဏာရှင်လေး။    ။

စန်းယုပိုင်(ဟင်္သာတ)

မှတ်ချက်။        ။ ဝေဒနာခံစားသူများအား ပြုစုစောင့်ရှောက်သူများနှင့် သူနာပြုဆရာမ၊ ဆရာမများအား ဂုဏ်ပြုအားပေးခြင်းဖြင့် -

Read More...

Monday, November 4, 2013

ကြွေလွင့်လေသော ငွေကြယ်ပွင့်သို့ တမ်းချင်း

    ကိုယ်တော်ရှင်ပေးသော ၀ိညာဉ်အား ကိုယ်တော်ရှင် ပြန်လည်သိမ်းပိုက်လေသော အဖြစ်သည် ထူးပြီးအဆန်း မဟုတ်သော်လည်း တန်ဖိုးရှိသော လောက လူသားတစ်ဦး ဆုံးရှုံးသွားခြင်းသည် တန်ဖိုး ထားသော ကျန်ရစ်သူများအတွက်မူ အစားထိုး၍ မရလေသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။ “သင်သည် မြေမှုန့်မှလာ၍ မြေမှုန့်သို့ ပြန်သွားရမည်။ ”ဟု အစဦးကပင် ကိုယ်တော်ဗျာဒိတ်ရှိသော်လည်း ကြွေလွင့်ပန်း ပွင့်တိုင်းအတွက် သူ ခိုနားဖူးသော မြေကြီး၊ သူအလှ ဆင်ဖူးသော ကောင်းကင် ၊ သူဝတ်ရည် ပေးဖူးသော လိပ်ပြာများမှ ထာဝစဉ် အမှတ်ရနေမည်မှာ အမှန်တရားတစ်ခုပင် ဖြစ်ပေသည်။

    လောကကမ္ဘာထဲတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာရန်သည်ပင် အလွန်ပင် ခက်ခဲသော
ကိစ္စတစ်ခု ဖြစ်ပေသည်။ တစ်နည်းဆိုသော် ကိုယ်တော်ရှင် ပေးသနားသော လက်ဆောင်မွန်ကို ရရှိရန်သည် မလွယ်သောအရာ ဖြစ်ပေသည်။ ထိုနက်နဲလှစွာသော လက်ဆောင်မွန် လူသားလေး ရရှိခဲ့ပြန်လည် မြင့်မြတ်သန့်စင်သော ရဟန်းရှင်တစ်ပါးအဖြစ် ခေါ်တော်မူခြင်း ရရှိရန်သာ၍ပင် ခက်ခဲသော အရာဖြစ်ပေသည်။ သားပေါင်းတစ်ထောင်တွင် တစ်ပါး (သို့) တစ်သောင်းတွင်ပင် တစ်ပါး မဖြစ်နိုင်ပါ။ ရဟန်းဘောင် တနည်းသူတော် စင်ဘောင်သို့ ၀င်ရောက်လာသော လူငယ်များစွာထဲမှ တစ်ပါးဖြစ်ရန် ကိုယ်တော်ခေါ်မှ ပလ္လင်ရွှေနန်းထက်မှာ အဖိုး မဖြတ်နိုင်သော တစ်ပွင့်ပန်းလေး နှစ်ပွင့်မကြာသော မခြားသော ကာလလေးအတွင်း ကြွေလွင့်သွားခြင်းမှာ သာသနာအတွက် အလွန်နစ်နာသော ဖြေမပြေနိုင်သော ဆုံးရှုံးမှုပင် ဖြစ်ပေတော့သည်။
    လူလောကတွင် နေထိုင်ရှင်သန်နေသော လူသား အတော်များများသည် ကိုယ်တော်ရှင် ပေးသနားတော်မူသော အသက်ဝိညာဉ်နှင့် ကိုယ်ခန္ဓာအား တန်ဖိုး မထားတတ်ကြပေ။ ရှင်သန်နေထိုင်နေစဉ်၌ ကိုယ် ကာယအတွက် ဉာဏ်သုံး၍ ကျုန်းမာရန် မနေတတ်ရုံ မျှမက ၀ိညာဉ်အား တန်ဖိုးရှိစွာ ကောင်းကင်ရွှေပြည်သို့ မျှော်မှန်း၍ ဂရုမစိုက်ကြပေ။ ကျန်းမာရေး ကိုယ်ခန္ဓာနှင့် ၀ိညာဉ်ဆုံးရှုံးမှသာ မည်သို့ပြုရမှန်း မသိဖြစ်တတ်ကြပေသည်။ ထိုသို့သော လူများစွာထဲမှ ထူးခြားလှစွာသော ကိုယ်တော်ပေးသည့် ကာယနှင့်ဝိညာဉ် အတွက် သေလွန်ခါနီးအထိ အရှုံးမပေး တိုက်ပွဲဝင် စောင့်ရှောက်သွားသော ပန်းတစ်ပွင့် ရှိခဲ့လေသည်။ ဝေဒနာကို အားတင်း၍ ကိုယ်တော်ပေးသနားခဲ့သော ကာယနှင့် ၀ိညာဉ်နှစ်ပါးအား နောက်ဆုံးအချိန်ထိ အားမလျှော့ အပြုံးမပျက် သာသနာအတွက် ထမ်းဆောင်ရအုံးမည့် တာဝန်များ ပြောဆိုကာ ဇွဲတင်းရှာသော ပန်းတစ်ပွင့်ဖြစ်ပေသည်။ ရောဂါဒဏ်ကို စတင် ခံစားရသော အချိန်မှစ၍ သေဆုံးချိန်တိုင်အောင် ထို ပန်းပွင့်လေးနားနေ ညှိုးနွမ်းနေခြင်း မမြင်ရခဲ့ဘူးပေ။ ကျန်းမာနေသူများထက်ပင် ရွှင်လန်းစွာ ရဟန်းတစ်ပါး၏ ဆောင်ရွက်ဖွယ် ကိစ္စတာဝန်များ ထမ်းဆောင် နေသည်သာ မြင်ရပေသည်။ ရေရှည် စီမံကိန်းများကိုပင် အစီအစဉ်ဆွဲကာ ရောဂါကိုမေ့၍ အစဉ်တလှုပ်လှုပ် အလုပ်များနေခဲ့ပေသည်။ ခေတ္တတည်းခိုနေသော ကျောင်းတော်ကြီးကိုပင် နေထိုင် မကောင်းသော်လည်း သာယာလှပစွာဖြင့် ဂျုဗလီပွဲတော်ကြီးအား ကြိုဆိုနိုင်ရန် ကြိုးပမ်းခဲ့သေးသည်။ ထိုမြို့လေးရှိ ကျောင်းခွဲလေးသို့လည်း နောက်ဆုံးအချိန်ထိ တတ်နိုင်သော ခွန်အားလေးဖြင့်ပင် လာရောက် တရားရေအေး တိုက်ကျွေးခဲ့ပေသေးသည်။ ဝေဒနာ၏ နှိပ်စက်မှုဒဏ်အား တန်ဖိုးရှိသော လုပ်ငန်းများ လုပ်ဆောင်၍ မေ့ပျောက်နိုင် တွန်းလှန်နေခဲ့ပေသည်။

    ထိုပန်းပွင့်လေးသည် ကိုယ်တော်ခေါ်ရန် နှစ်ရက်သာလိုသော အချိန်၌ပင် သေခြင်းကို ကျားကန်၍ ထိုမြို့လေးမှ ဘုရားကျောင်းလေးသို့ တရားလာရောက် ဟောမည်ဟုပင် ပြောနေခဲ့ပေသည်။ သာသနာ့တာဝန်များ တစ်နည်း ကိုယ်တော်ရှင်၏ လုပ်ဆောင်ဖွယ် ကိစ္စများအား ထမ်းဆောင်နိုင်ရန်သာ အားသန်နေခဲ့ပေသည်။

    “ရိတ်သိမ်းရန် များစွာရှိ၏၊ သို့သော် ရိတ်သိမ်းမည့်သူ နည်းလှ၏”ဟု ကိုယ်တော် မိန့်တော်မူသည့်အတိုင်း ရိတ်သိမ်းသူ နည်းလှသည့်ထဲမှ တာဝန်ကျေလှသော ကိုယ်တော်၏ သားကောင်တစ်ပါး ဆုံးရှုံးခြင်းမှာ များစွာ ၀မ်းနည်းဖွယ် ကောင်းလှပေသည်။ ထိုပန်းပွင့်လေးသည် ရောဂါ မခံစားရခင်ကပင်လျှင် ကိုယ်တော်၏ သားကောင်တစ်ပါးပင် ဖြစ်ပေသည်။ ကိုယ်တော် မိန့်တော်မူခဲ့သော စကားအတိုင်းပင် ကျောင်းအုပ် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့စဉ်ကလည်း နေစရာမရှိ သူအား နားခိုစရာပေး၍ စားစရာမရှိသူအားလည်း အောက်ခြေအထိ ကြည့်၍ ကျွေးမွေးခဲ့သူတစ်ပါး ဖြစ်ပေသည်။

    ကြွေလွင့် ပန်းပွင့်လေးအကြောင်းများအား တသသပြောဆို ချီးမွမ်းမည်ဆိုပါက အာကာကို စာရွက်လုပ်၍ မြစ်ချောင်းများကို မှင်ဖျော်ရေးလျှင်ပင် ပြီးဆုံးမည် မထင်ပါ။ ပန်းပွင့်လေး၏ တန်ဖိုး၊ ကျေးဇူးကို သိတတ်သူတိုင်း အနေဖြင့် သူအသက်ရှင်စဉ် ပြသ သွားသော ရှင်သန်နေထိုင်မှုများ သူတန်ဖိုးထား ပြသသွားသော ကိုယ်ကာယနှင့် ၀ိညာဉ်အား အကျိုးရှိစွာ အသုံးချနေထိုင်သွားမှုများအား အတုယူ၍ ကိုယ်တော်ရှင်အား ကျေးဇူးဆပ်၍ ခရစ်တော်၏ သားကောင်း သမီးမွန်များအဖြစ် နေထိုင်ကာ ထိုပလ္လင်ရွှေနန်းထက်မှ တစ်ပွင့်ပန်း (သို့) မြင့်မြတ်သန့်စင် ရဟန်းရှင်တော် အတွက် ဆုတောင်းပေးသွားသင့်သည်ဟု အကြံပြု ရေးသား၍ အနည်းငယ်ပင် ထိုပန်းပွင့်လေးအား ကျေးဇူး ဆပ်လိုက်မိပါတော့သည်။

    ကျေးဇူးရှင် အဖဘုန်းတော်ကြီး Rev:Fr. ဦးစိုးလွင်နှင့် Rev:Fr.ဦးမောင်နီတို့အား ရည်ညွှန်းပါသည်။
                       ခိုင်ကိုကို

Read More...

Saturday, November 2, 2013

ခရစ်ယာန် တရားထိုင်ခြင်း

    မြန်မာပြည်အနှံ့ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်တော၊ ဘယ်တောင်သို့ရောက်ရောက် သတိပြုကြည့် တတ်မယ်ဆိုပါလျှင် ၀ိပဿနာတရားစခန်း၊ ဖားအောက် တရားစခန်း၊ မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာစသဖြင့် တောအုပ်အုပ်၊ တောင်ညို့ညို့အောက်တွင် ဗုဒ္ဓဘာသာ တရားစခန်းများကို တွေ့မြင် ရပါလိမ့်မည်။ “တရားထိုင်ခြင်း (သို့မဟုတ်) ကမ္မဌာန်းထိုင်ခြင်း”သည် မြန်မာပြည်မှာသာမက ကမ္ဘာ့အရှေ့တိုင်းသားတို့၏ ရိုးရာဓလေ့ဟု
ဆိုရလောက်အောင်ပင် အာရှတိုက် တစ်ဝှမ်း အထူး ထင်ရှားလှပါသည်။ အနောက်တိုင်း ပြည်များမှ ခရစ်ယာန် ဘာသာဝင်တို့သည် ရုပ်ဝါဒ လွှမ်းမိုးမှု၊ ဘာသာတရား အနှစ်သာရများနှင့် ထိတွေ့မှု နည်းပါးခြင်း၊ သြတ္တပ္ပတရားများ မှေးမှိန်ပျောက်ကွယ်ခြင်း များကြောင့် မျက်မှောက်ခေတ်၏ ရိုးရာတစ်ခုလို ဖြစ်နေသည့် အသက်မဲ့ဓလေ့ (Culture of Dead) ရေစီးကြောင်းထဲမှာ မျောပါလို့ နေကြပါသည်။ အသက်မဲ့စရိုက် ရေစီးကြောင်း တိုက်စားမှုကို အထူးခံရသည့် တစ်ချို့သော တိုင်းနိုင်ငံများမှ လူအတော်များများမှာ သူတို့ အဆိုတကယ့် အမှန်တရား (Real, Reality)၊ လူ့တန်ဖိုး (Value)နှင့် စိတ်တည်ငြိမ် အေးချမ်းမှုကို ရှာတွေ့ဖို့ဆိုတာ အရှေ့တိုင်းနိုင်ငံများဆီသို့ ခြေဦး လှည့်နေကြပါသည်။ တရားထိုင်ခြင်း၊ ကမ္မာဌာန်းထိုင်ခြင်းများမှာ စူးစမ်း ချဉ်းကပ်နေကြပါသည်။ “ခရစ်ယာန်ဘာသာမှာ တရားထိုင်ခြင်း ဆိုတာ ရှိသလား” ဆိုသည့် မေးခွန်းမျိုးကို မြန်မာ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများနှင့် စကားလက်ဆုံ ကျမိတိုင်း ကြားရမြဲ ဖြစ်ပါသည်။ “ဗုဒ္ဓဘာသာ တရားစခန်းမှာ ကျွန်တော်တို့ တရားထိုင်ရင် အပြစ်ဖြစ်ပါလား။” “ကျွန်မတို့ ဘာသာမှာ တရားထိုင်ခြင်း ဆိုတာကို တစ်ခါမှ မကြားဖူးဘူး” အစရှိသည့် မြန်မာ ကက်သလစ်ဘာသာဝင်တို့၏ အမေးများနှင့် မှတ်ချက်များကိုလည်း ကြားနေကျ ဖြစ်ပါသည်။

    မြန်မာ ကက်သလစ် ဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင် အမိ၊ အဖ၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်၊ ကျောင်းတက်ဖော် ကျောင်းတက်ဖက်များနှင့် တလေးတစား၊ ရင်းနှီး ဖော်ရွေစွာ နေထိုင်ကြလေ့ ရှိသည့် အားလျော်စွာ၊ ကိုယ်တိုင်ဝင် မထိုင်ဖူးပေသည့် တရားထိုင်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း
ဆိုသည်တို့နှင့်တော့ မစိမ်းပါ။ ခရစ်ယာန် တရားထိုင်ခြင်းဆိုတာကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးကြပေသည့် အာနာပါန ကမ္မဌာန်း၊ ၀ိပဿနာ ကမ္မဌာန်းဆိုသည်တို့နှင့်လည်း ရင်းနှီးနေပြီးဖြစ်၏။ မိတ်ဆွေတစ်ယောက်ယောက် တရားစခန်းက ပြန်လာတာတွေ့ရတိုင်း တည်ငြိမ် အေးချမ်းလာတာကို သတိပြု မိနေခဲ့ကြ၏။ “သည်နှစ် သင်္ကြန်မှာ ဟိုမင်းသား၊ ဟိုမင်းသမီးတော့ဖြင့် တရား စခန်းဝင်ပြီး တရားအားထုတ်မလို့တဲ့” ဆိုသည်မျိုးကိုလည်း ဂျာနယ်များမှာ ဖတ်မိ နေတတ်မြဲဖြစ်၏။ သည်လိုနှင့် တချို့ တချို့သော မြန်မာကက်သလစ် ခရစ်ယာန် ဘာသာဝင်များက တရားစခန်းဆိုတာကို အားကျလာကြပါသည်။ တရားထိုင်ခြင်းဆိုတာကို မြည်းစမ်း အားထုတ်ကြည့်ချင် လာကြပါသည်။ အပြစ် ဖြစ်မလားမသိဘူးဟုလည်း တွေးပူ နေကြပြန်ပါသည်။ ဒုတိယဗာတီကန် အစည်းအဝေးကြီး အပြီး (၁၉၆၀)ပြည့် လွန်နှစ်များတွင် သာသနာ့ အဆုံးအမ စာချွန်တော်များမှာရော၊ ကက်သလစ်ဘာသာ လက်စွဲကျမ်း (CCC) မှာပါ မကျန် သီလဆောက်တည်ဖို့နှင့် ခရစ်ယာန် အသက်တာရှင်သန်စေဖို့အတွက် ဆိုပါလျှင် “တရားထိုင်ဖို့(Meditation or Contemplation)” လိုအပ်ကြောင်း သင်ကြား ပေးလာခဲ့ပါသည်။

    “ခရစ်ယာန် တရားထိုင်ခြင်း ဆိုတာရှိလား။ ဘယ်လိုမျိုးပါလိမ့်။ ရှိတယ်ဆိုရင် ဘယ်မှာ သွားထိုင်နိုင်ပါလိမ့်။ ဘယ်သူများ ပြသ ပေးနိုင်မှာပါလိမ့်။” “အိမ်မှု၊ လူမှု၊ စားမှု၊ နေမှုများနှင့် နေ့စဉ်လုံးပန်းရင်း ကုန်ခမ်း စပြုနေတဲ့ ငါ့ရဲ့ အင်အားတွေ၊ စိတ် စွမ်းအားတွေ၊ ယုံကြည်စိတ်၊ ကြည်ညိုစိတ်တွေ အားပြန်ပြည့်လာအောင် တစ်ရက်စ၊ နှစ်ရက်စ နားနားနေနေ အေးအေး လူလူ တရားအားထုတ်ဖို့ ဘယ်နေရာ၊ ဘယ်ကျောင်း၊ ဘယ်စခန်းသို့ သွားနိုင်ပါလိမ့် မလဲနော်။ ငါတို့ မြန်မာပြည်မှာ ခရစ်ယာန်တရားစခန်းဆိုတာ ရှိနေပြီလား။ သိချင်လိုက်တာ။ သွားချင်လိုက်တာ။” အစရှိသည့် စိတ်ကူးများဖြင့် ဗျာများ နေကြရသည့် မြန်မာခရစ်ယာန် အမြောက်အများကို ခုလိုခေတ်ကြီးမှာ ထူးပြီး ရှာဖွေဖို့လိုမည် မထင်တော့ပါ။ ဤအခြေအနေများကို ရိပ်စားမိသော ရန်ကုန်၊မန္တလေး၊ တောင်ကြီးကက်သလစ် သာသနာပိုင်ချုပ် သုံးပါး၏ ဖိတ်ခေါ်ချက်အရ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် တရားထိုင်သူများအဖွဲ့၏ ဦးစီးနာယက ဘေနဒစ်တင်းရသေ့အသင်းဝင် ရသေ့ ဘုန်းတော်ကြီး ဖါသာရ်လောရင်းဖရီးမင်း (အို၊ အက်စ်၊ ဘီ)နှင့် စင်ကာပူနိုင်ငံမှ ခရစ်ယာန် တရားထိုင်အဖွဲ့၏ ဒါရိုက်တာ မစ္စတာပီတာလူးတို့ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပါသည်။ သူတို့သည် သြဂုတ်လ (၈)ရက်မှ (၁၉)ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ခရစ်ယာန် တရားထိုင်ခြင်း အကြောင်းကို လှည့်လည် ဟောပြော ခဲ့ကြပါသည်။ အမှန်တွင် ရှေးဦး ကက်သလစ်သာသနာတော်တွင် ခရစ်ယာန်တရားထိုင်ခြင်း ကျင့်စဉ်ဆိုတာ ရှိခဲ့ပါသည်။ အေဒီ လေးရာစုခန့်က ပေါ်ထွန်းခဲ့သည့် ခရစ်ယာန်ရသေ့ ရှင်ဂျွန်ကာဆီယာန်(John Cassian,Author of Unknowing Cloud, C.1350)၊ ကန္တာရထွက် ရသေ့တွေများ ဖြစ်သော စိန်ဂရေဂေါ်ရီနာစင်ယင်၊ နိစာမြို့သား စိန်ဂရေဂေါ်ရီ၊ ဒီအိုနီးဆီအုစ် (St. Gregory of Nazianzus, St.Gregory of Nyssa, Dionysius the Areopagite) ကဲ့သို့သော အာရှတိုက်သား ရသေ့များ၊ စိန်ထရေးဇား၊ ကားတိုင်တော်ရဟန္တာ စိန်ဂျွန်း၊ ဂျူလီယန်၊ စိန်အီညားစီအုစ်(St.Teresa of Avila, St.John of the Cross,Meister Eckhart, Julian of Norwich, St.Ignatius of Loyola) တို့သည် ခရစ်ယာန် တရားထိုင်ခြင်းကို အားထုတ်ခဲ့ကြသော ရဟန္တာကြီးများ အဖြစ် ထင်ရှား ခဲ့ပါသည်။
 
    အလယ်ပိုင်းရာစုနှစ်များ(Middle Ages) တွင် ခရစ်ယာန်တရားထိုင်ခြင်းဟာ ဟုန်းဟုန်းတောက် ထွန်းကားခဲ့ပါသည်။ သို့သော် ယနေ့ချိန်ခါမှာ မှေးမှိန် ပျောက်ကွယ်လို့ နေပါသည်။ ပျံလွန်တော်မူသွားပြီဖြစ်သော ဘေနေဒစ်တင်း ရသေ့တစ်ပါးဖြစ်သည့် ဖာသာရ် ဂျွန်မိန်း (Fr. John Main) သည် (၄) ရာစုနှစ်များက ပေါ်ထွန်းခဲ့ကြသည့် ကန္တာရထွက် ရသေ့ကြီးများ လက်ထက်ကတည်းက ရှိနေခဲ့သည့် ထိုကျင့်စဉ်ကို ၁၉၆၀ ခုနှစ်များတွင် ပြန်လည် ဖော်ထုတ် ဆည်းပူးကာ မိမိတို့၏ အသက်တာများ လေးလေးနက်နက် ရှင်သန်နိုင်အောင် အားထုတ် ကြိုးပမ်းနေကြသူများအား သင်ကြား လမ်းညွှန်ပေးခဲ့၏။ ၁၉၇၅ ခုနှစ်တွင် ခရစ်ယာန် တရားစခန်း တစ်ခုကို လန်ဒန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်တရား အားထုတ်သူများ အသင်းကိုလည်း တည်ထောင်ခဲ့၏။ ကျွန်တော်တို့ မြန်မာခရစ်ယာန်များကတော့ ကက်သလစ်သာသနာတော်မှာရော၊ မွေးရပ်မြေ၏ ရိုးရာဓလေ့ကနေပါ “တရားထိုင်ခြင်း”ဆိုသည့် တန်ဖိုးကြီး အမွေအနှစ်ကြီးတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ သို့ပေမယ့် ထိုဘဏ္ဍာကြီးက မိမိ၏ လယ်ကွင်းထဲမှာ မြုပ်နေတယ်ဆိုတာကိုပဲ မသိလို့လား၊ သည်လိုမှ မဟုတ်သိသော်ငြားလည်း တူးဖော်ဖို့ကြပြန်တော့ ဟိုအကြောင်းပြ၊ သည်အကြောင်းပြကာ ရောင်းစား ပစ်နေလေရော့သလားလို့တောင် ပြောရမလို ဖြစ်နေပါသည်။ ခရစ်ယာန် ဘာသာအရ “တရားထိုင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ နှလုံးသား၌ ရှိတော်မူသော ယေဇူးဘုရား ကိုယ်တော်အား အာရုံပြုခြင်းဖြစ်တာကြောင့် ဘုရားဝတ်ပြု ကိုးကွယ်ခြင်းတစ်မျိုး (ဘုရားရှိခိုး ဆုတောင်းခြင်း တစ်မျိုး) ဖြစ်ပါသည်။ အင်မတန် ရိုးစဉ်းသော ကျင့်စဉ်တစ်ခုဖြစ်၏။ သို့သော် တိတ်ဆိတ် ငြိမ်သက်စွာ သတိနှင့် စူးစူးစိုက် အာရုံပြုရတာကြောင့် စိတ်နှလုံး ငြိမ်သက်ခြင်းနှင့် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်၊ ယေဇူးဘုရား၏ ငြိမ်းချမ်းခြင်းကို ခံစား ရရှိစေပါသည်။ ထိုငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ၌ စီးဆင်းလာသောကြောင့် “စိတ်နှလုံး ၀ိညာဉ်၏ အသီးအပွင့်များ”ဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ရွှင်လန်း ၀မ်းမြောက်ခြင်း၊ နှလုံး စိတ်ဝမ်း အေးချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တည်း ထိန်းကျောင်းနိုင်ခြင်းတို့ကို ခံစားရရှိ၏။”

    ဖါသာရ်လောရင်း၏ ဟောပြောချက်အရ ပြောကြည့်ရမည် ဆိုပါလျှင် “တရားထိုင်ခြင်းဖြင့် သင့်ဘ၀ကြီးနှင့် သင့် ခရစ်ယာန် အသက်တာကို မယုံကြည်နိုင်လောက်အောင် ကြွယ်ဝ လာစေနိုင်ပါသည်။ သင့်ဘ၀ အသက်တာနှင့် သင်လုပ်ကိုင်ရာ မှန်သမျှကို ခရစ်ယာန် တရားထိုင်ခြင်းက နက်နက်ရှိုင်းရှိုင်း ရုပ်လုံးဖော်ပေးနိုင်ကြောင်း တရားစထိုင်ဖြစ်ပြီဆိုတာနှင့် သင်ရိပ်မိ လာပါလိမ့်မည်။ အကြောင်းကတော့ ယေဇူးဘုရား ထံတော်၌ အထင်အရှား ရှိတော်မူသော ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်ကို သင့်စိတ်နှလုံးထဲ၌ လက်တွေ့ စတင် ထိသိခံစားရခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆုံတွေ့လာသူတိုင်းက တရားထိုင်ခြင်းဟာ အဲ့သည်လောက် အရေးကြီးလှပါလားဟု လက်ခံ ယုံကြည်လာအောင် အပြောအဟော ကောင်းသူတစ်ယောက် ဖြစ်လိုက် ချင်စမ်းပါဘိ။”

(ဆက်ပါဦးမည်)
                မာကု(ဒဿန)

Read More...

Friday, November 1, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၃)

(Fr.J.Xavier)

    ဖါသာရ် ဂျေ ဇေးဗီးယားသည် (၁၉၁၉) မတ်လ (၁၂)ရက်နေ့တွင်  စစ်ကိုင်းမြို့၌  ဖွားမြင်သည်။  မိဖများမှာ ဒီမာရီယာဒါ့စ်နှင့် ဇာဗေရီမူတာမာလ်တို့ ဖြစ်သည်။  ငယ်စဉ်က မိဖများနှနှင့်  အတူမန္တလေးသို့  ပြောင်းရွှေ့လာပြီး စိန်ပီတာကျောင်းတွင်  ပညာသင်သည်။ (၁၉၃၇)ခု ဧပြီလ (၁၂)ရက်နေ့တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၄၁)ခုနှစ်တွင် ပီနန် ရဟန်းဖြစ်သင်တက္ကသို့ လ် တက်ရောက်ခဲ့သည်။ (၁၉၄၇) ခုနှစ်တွင် ကိုရင်အဖြစ်နှနှင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည်။ (၁၉၄၈)ခု ဇန္န၀ါရီလ (၁၈)ရက်နေ့တွင် မန္တလေးသံဝင်းရပ် စိန်မိုင်ကယ်ဘုရားကျောင်းတွင် ရဟန်းသိက္ခာ ခံယူသည်။ ရဟန်းသိက္ခာခံယူပြီးနောက်  မနော်ယမံတွင် ခေတ္တကျောင်းထိုင်သည်။ ထိုနောက်  မေမြို့ရဟန်းဖြစ်သင်ကျောင်း၌ ကျောင်းသား တပြည့်များကို(၂)နှစ် ပညာသင်ကြားပေးခဲ့သည်။ မန္တလေး မနော်ယမံတွင် (၈)လကြာမျှ ထပ်မံ တာဝန်ထမ်းဆောင်ပြီးနောက် မေမြို့ စိန်မေရီခေါ် အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မကျောင်းတွင် (၁၉၅၁)ခုနှစ်မှ (၁၉၆၇)ခုနှစ်အထိ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် သာသနာအမှုတော် ထမ်းရွက်ခဲ့သည်။ ထိုနှစ်များအတွင်း ဖါသာရ်ဇေးဗီးယားသည် ဆင်းရဲသားများ ကူညီခြင်း၊ မိဖမဲ့ကလေးများကို ပညာသင်ကြားပေးခြင်းနှင့် သီလရှင်များနှနှင့် အမျိုးသမီးများအတွက် စိန်အာလောရှက် ကျောင်းဆောင် ဆောက်လုပ်ခဲ့သည်။ စစ်ဘေးဒဏ်ကြောင့်နှင့် ပျက်စီးယိုယွင်းခဲ့သော စိန်မေရီ ဘုရားရှိခိုးကျောင်းကို ပြန်လည် မွမ်းမံ ပြုပြင်ခဲ့သည်။

    (၁၉၆၇)ခု ဧပြီလ (၄)ရက်နေ့တွင် မိတ္တီလာမြို့ စိန်အန်ထော်နီဘုရားကျောင်း ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းသည်။ (၁၉၇၃)ခုနှစ်တွင်  ရဟန်းဝါတော်(၂၅)နှစ်မြောက် ငွေဂျူဗလီ ကျင်းပခဲ့သည်။ ယင်းပွဲတော်ကို ဖေဖေါ်ဝါရီလ (၁၀)ရက် စနေနေ့နှင့် (၁၁)ရက် တနင်္ဂနွေနေ့များတွင် ကျင်းပခဲ့သည်။ ဖါသာရ်ဇေးဗီးယားသည် မိတ္တီလာ၊ မြင်းခြံ၊ သာစည်၊ ရမည်းသင်း ဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ မိတ္တီလာတွင် ဘုရားကျောင်းနှနှင့် ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။ ယင်းဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်းကို (၁၉၇၉)ခု ဇွန်လ (၉)ရက်နှင့် (၁၀)ရက်နေ့များတွင် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လာရောက် ကောင်းကြီးပေး ဖွင့်လှစ်သည်။ သာသနာ စည်းဝေးခမ်းမဆောင်ကိုလည်း ဆောက်လုပ်ခဲ့သည်။ သာသနာမြေ ရေတိုက်စားခြင်းမှ ကာကွယ်ရန် ကန်ဘောင်ရိုးကြီး ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ဇေးဗီးယားသည် ရဟန်းဝါတော် (၅၀)မြောက် ရွှေဂျူဘလီပွဲတော်ကို (၁၉၉၆)အောက်တိုဘာလ (၂၇)ရက် တနင်္ဂနွေနေ့တွင် မိတ္တီလာ၌ ကျင်းပခဲ့သည်။ (၃၁.၇.၂၀၀၀)ခုနှစ် မိတ္တီလာ၌ ပျံတော်မူသည်။

ဖါသာရ် ပင်းတိုး (၁၉၀၉-၁၉၈၄)
(Fr.Pinto)
    ဖါသာရ်ပင်းတိုးသည် (၁၉၀၉)ခု ဇွန်လ (၇)ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘုံဘေတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဂျော့ပင်းတိုး နှင့်အယ်မီလျှံပင်းတိုးတို့ ဖြစ်သည်။ (၁၉၃၉)ခု ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၄၉)ခုနှစ် ဧပြီလ(၂၄) ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူသည်။ ထိုနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် လက်ထောက် စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၆၇)မှ (၁၉၈၃)အထိ မေမြို့ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မကျောင်း (စိန်မေရီ)တွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းခဲ့သည်။ (၁၉၈၄)ခု မတ်လ (၁၇)ရက်နေ့တွင် ပျံတော်မူသည်။

ဖါသာရ် သြဂုတ်စတွင်း ဦးစို (၁၉၃၀-၁၉၉၇)
(Fr. Augustine U Soe)

 ဖါသာရ် သြဂုတ်စတွင်း ဦးစိုသည် (၁၉၃၀)ခု ဧပြီလ (၁၄)ရက်နေ့တွင် ရွှေဘိုခရိုင် ရေဦးမြို့နယ်၊ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဘိုးကြည်နှင့် ဒေါ်ဖြူနုတို့ဖြစ်သည်။ ချမ်းသာရွာ အလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး (၁၉၄၇)ခုနှစ်တွင် ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသော မေမြို့ ရဟန်းဖြစ်သင်ကျောင်း ပြန်လည်၍ ပြင်နေရစဉ် အခြေခံရဟန်းဖြစ်သင်ကျောင်းကို ပရန်ရွာတော်၌ စတင်ဖွင့်လှစ်ခဲ့သည်။ ဖါသာရ်သြဂုတ်စတွင် ဦးစိုသည် (၁၉၄၇)ခုနှစ် မေလဆန်းပိုင်းတွင် ပရန်ရွာတော် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၄၈)ခုနှစ်တွင် မေမြို့ စိန်အလောရှက် ရဟန်းဖြစ်သင်ကျောင်း ပြန်လည် ပြင်ဆင်ပြီးသဖြင့် ပရန်ရွာတော်မှ ရဟန်းဖြစ်သင် ကျောင်းသားများ (၁၉၄၈)ခု ဖေဖေါ်ဝါရီလတွင် မေမြို့သို့ ပြောင်းရွှေ့ကြသည်။ ဖါသာရ်သြဂုတ်စတွင်း ဦးစိုသည် မေမြို့တွင် ပညာသင်ကြားခဲ့ပြီး (၁၉၅၁) ခုနှစ်မှ (၁၉၅၆)ခုနှစ်အထိ မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ရဟန်းဖြစ်သင် တက္ကသို့ လ်တွင် ဆက်လက် ပညာဆည်းပူးခဲ့သည်။ (၁၉၅၇) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး (၁၉၅၈)ခုနှစ် ဇန္န၀ါရီလ (၁၂)ရက်နေ့တွင် မန္တလေးေ၇ွှနှလုံးတော် ကာသီဒရယ်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။

    (၁၉၅၈) ခုနှစ်တွင် မြောက်ပိုင်းချင်းပြည်နယ် တီးတိန်မြို့ရှိ ပထမဦးဆုံးကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နယ်မှ ကျောင်းသားများ အထက်တန်းပညာ သင်ကြားနိုင်ရေးအတွက် ဘော်ဒါဆောင် ဆောက်လုပ်၍ ကျောင်းသား (၄၀)ခန့် အထိ ထားရှိခဲ့သည်။ ချင်းဘာသာအားဖြင့် သုဖဖွားအမည်ရှိသော သတင်းကောင်းဟူသော ဘာသာရေး စာစောင် ထုတ်ဝေခဲ့သည်။ ဖါသာရ်သြဂုတ်စတင်း ဦးစိုရောက်စက အိမ်ခြေ (၁၇)အိမ်သာရှိသော်လည်း ဦးစိုပြောင်းရွှေ့မည့် (၁၉၆၅)ခုတွင် အိမ်ခြေ (၈၀)အထိ တိုးတက်ခဲ့သည်။ အိမ်ထောင်စု (၅၀)ခန့် ဘာသာဝင်ခဲ့သည်။ ဘုန်းတော်ကြီးသည် မန္တလေးမြို့ စိန်ပီတာ အထက်တန်းကျောင်းနှင့် စိန်ဇေးဗီးယား အထက်တန်းကျောင်းတို့မှ အကူအညီတောင်း၍ မိမိကျောင်းနှင့် ကိုက်ညီသော ဥပဒေ စည်းမျဉ်းများ ရေးဆွဲကာ ပြည်မမှ ဆရာ ဆရာမများခေါ်ယူ၍ စိန်ဂျွန်း မူလတန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ တိုးတက်မှုရှိသော်လည်း တော်လှန်ရေး အစိုးရက ကျောင်းများ ပြည်သူပိုင် သိမ်းသဖြင့် စိန်ဂျွန်းကျောင်း ပိတ်လိုက်ရသည်။

    (၁၉၆၅) ခုနှစ် ဖေဖေါ်ဝါရီလမှ စ၍ တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာ ကျေးရွာ ကျောင်းထိုင် ဘုန်းတော်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသည်။  ညောင်ပင်သာတွင် ကလေးများ
ပညာသင်ကြားရေးအတွက် ဘကကျောင်းအဖြစ် မှတ်ပုံတင်ရာ မရသဖြင့် ဆရာများငှားပြီး သာသနာကျောင်းအဖြစ် (၁၀)နှစ်ခန့် ကြိုးစား ဆောင်ရွက်ခဲ့သည်။ ထိုနောက် ရွာ၏ အပြင်ဘက်တွင် ကျောင်းသစ် ဆောက်လုပ်ပြီး (၂)နှစ်ခန့် တွဲဘက်အဖြစ် သင်ကြားခဲ့သည်။ (၁၉၇၇) ခုနှစ်တွင် တွဲဘက် မူလတန်းကျောင်း ရရှိခဲ့သည်။ နယ်ရှိ မိရိုးဖလာ လုပ်ကိုင်နေကြသော လယ်ယာလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်က သစ်ပင်များ ခုတ်လှဲ၍ ငုတ်ကြို ငုတ်ကြား လုပ်ကိုင်ရသော စနစ်ကို ခေတ်မှီအောင် ငုတ်များရှင်း၍ ထွန်စက်ကြီးများဖြင့် ထွန်ယက် စိုက်ပျိုးနိုင်သည် အထိ ပညာပေးဆောင်ရွက်ခဲ့သည်။ အမျိုးသမီးများကို လယ်ယာလုပ်ငန်းအတွက် ထမင်းပို့ရုံ ကောက်စိုက်ရုံသာ အသုံးပြုကြရာမှ အမျိုးသားများနှင့် ရင်ဘောင်တန်း လုပ်ကိုင်လာကြသည် အထိ အောင်မြင်စွာ ပညာပေး ဆောင်ရွက်နိုင်ခဲ့သည်။

    နေကြာစိုက်ပျိုးမှု အောင်မြင်သဖြင့်  တောင်တွင်းကြီးမြို့နယ်တွင် ပထမဆုံး စံနမှုနာအဖြစ် နေကြာ စိုက်ပျိုးနိုင်ခဲ့သောကြောင့် စံပြဘုန်းကြီးအဖြစ် ရှေ့သို့စာစောင်တွင် မှတ်တမ်းတင်ခံခဲ့ရသည်။ ထိုနယ်တွင် ဦးစွာ ကြံစိုက်ပျိုးခဲ့သည်။ ကျေးရွာတောင်သူ လယ်သမားကြီးများ၏ ဂုဏ်ပြုပွဲတခုတွင် ဆေးဝါးကုဝါသနာပါသောဘုန်းကြီး၊ မွေးမြူရေးဝါသနာပါသော ဘုန်းကြီး၊စိုက်ပျိုးရေးနှင့် ပညာရေး ထွန်းကားမည့်နှစ်မှာ စိုက်ပျိုးရေးနှင့် ပညာရေး တိုးတက်အောင် ဦးဆောင်နိုင်သော ဘုန်းကြီးကို ဘုရားသခင်က စေလွှတ်လိုက်တာဘဲဟု မှတ်တမ်းတင်ခဲ့ကြသည်။ လယ်ယာ သစ်ဖေါ်ထုတ်ရေးနှင့် စပါးအထွက် တိုးရေးအတွက် ရေလှောင်တာ တမံတခု ဆောက်လုပ် နိုင်ခဲ့သည်။ တောင်သူ လယ်သမားများ စိုက်ပျိုးရေး ချောမွေ့စေရန် နွား၊ ကျွဲ၊ မျိုးစေ့များ ရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။ စားဝတ်နေရေး ပြေလည်စေရန် သက်သာဆိုင်ဖွင့် ပေးခဲ့သည်။ ဆန်ဈေးကြီး၍ ပဲနှင့် ကြွှေဥ ပြုပ်စားနေရသော အချိန်မှာ အောက်ပြည်မှ ဆန်အလှူခံပြီး ဝေငှခဲ့သည်။ ရွာလူကြီးများက ဘုန်းကြီးကိုယ်တိုင် ထမင်းရည်သောက်ရမည့် အချိန်မှာ ဒို့စားဖို့ ဆန်ရှာ ကျွေးတယ်။ ဒို့တသက်မှာ ဒီလိုဘုန်းကြီးမျိုး တွေ့မှာ မဟုတ်တော့ဘူးဟု ကျေးဇူးတွင် ဂုဏ်ပြု ပြောဆိုကြသည်။ ညောင်ပင်သာရွာတွင်  မူးယစ်ဆေးဝါးနှင့်ဖဲဝိုင်း အခြေမတည်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

    (၁၉၇၇) ခုနှစ်တွင် မန္တလေးမြို့ စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်၊ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ (၆.၁၁.၇၇)စိန်ဇေးဗီးယား သာသနာရေး ကောင်စီဖွဲ့သည်။ (၅.၁၂.၇၇) နေ့တွင် ပထမဆုံး ဈေးရောင်းပွဲတော်ကို စိန်ဇေးဗီးယားတွင် ကျင်းပ နိုင်ခဲ့သည်။ (၁၉၇၈) ခုနှစ်မှစ၍ မိဖများပွဲနေ့ကို စည်ကားသို့ က်မြိုက်စွာ နှစ်စဉ် ကျင်းပနိုင်ခဲ့သည်။ ဗေလန်ကန်နီပွဲတော်ကို ပိုမို စည်ကားစေရန် မြန်မာဘာသာဖြင့် သီချင်း စာအုပ်များ၊ ဆုတောင်းစာများ ရိုက်နှိပ်ခြင်း ဝေငှခြင်း၊ မစ္ဆားအပြီးတွင် ဘာသာဝင် အားလုံး စုပေါင်း၍ ဗေလန်ကန်နီ အလံတိုင်ရှေ့တွင် သီချင်းတပုဒ် သီဆိုခြင်းတို့ကို (၁၉၇၈)ခုနှစ်က စတင်ခဲ့သည်။ (၂၉.၃.၇၉) ခုတွင် စိန်ဇေးဗီးယား စိန်ဗင်းဆင်းအသင်းကို ပြန်လည် ဖွဲ့စည်းသည်။ (၁၉၈၃)တွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကို စည်ကားသို့က်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ဘုရားကျောင်း ကျောက်ပြားများ ခင်းခဲ့သည်။ မှန်စီ ရွှေချဘုရားစင်တခု ဆောက်လုပ်ခဲ့သည်။

    စိန်ဇေးဗီးယား ဘုရားကျောင်း ခေါင်းလောင်းစင်ကို (၁၉၉၂)ခု ဒီဇင်ဘာလတွင်  တိုးမြှင့် ဆောက်လုပ်ပြီးစီး၍ (၁၉၉၃)ခု ဇန္န၀ါရီလ (၂၄)ရက်နေ့တွင် ခေါင်းလောင်းစင်ဖွင့်ပွဲ အခန်းအနား ကျင်းပသည်။ ကိုယ်တော်မြတ် ပွဲတော်ကြီးကိုလည်း ထိုနေ့၌ ကျင်းပခဲ့သည်။ နံက်ပိုင်းတွင် ခေါင်းလောင်းစင်ဖွင့်ပွဲ ကျင်းပ၍ ညနေပိုင်းတွင် ရပ်ကွက်ထဲ ကိုယ်တော်မြတ် လှည့်သည်။ ဆရာတော်နှင့် ရဟန်း ဘုန်းတော်ကြီးများ တက်ရောက် ပါဝင်ကြသည်။ ရပ်ဝေးမှ လူနာများ ဆေးကုသနိုင်အောင် ဆေးခန်းတစ်ဆောင် ဆောက်လုပ်ခဲ့သည်။ (၁၉၈၈)ခုနှစ်တွင် ရာပြည့်ခန်းမဆောင် ဆောက်လုပ်၍ (၁၄.၁.၈၉)နေ့တွင်  စိန်ဇေးဗီးယားအုပ်စု နှစ်တစ်ရာ (၁၀၀)ပြည့်ပွဲနှင့် ရာပြည့်ခန်းမဆောင် ဖွင့်ပွဲ ကျင်းပခဲ့သည်။ ဖါတီမာမယ်တော်၏ ကျောင်းဆောင်အစား ဗေလန်ကန်နီ မယ်တော်ကျောင်းဆောင်ကို (၁၉၉၃) ခုနှစ်တွင် ဆောက်လုပ်ပြီး စီးခဲ့သည်။

    မန္တလေး သာသနာ မာရီယား တမန်တော် ကူရီယားအဖွဲ့၏ ၀ိညာဉ်လမ်းညွှန်အဖြစ်၎င်း၊ စိန်ဗင်းဆင်းဒီပေါလ် မန္တလေး သာသနာအုပ်စုကောင်စီ၏ ၀ိညာဉ် လမ်းညွှန်အဖြစ်၎င်း၊ မန္တလေးတက္ကသိုလ် ကောလိပ် ကျောင်းသူကျောင်းသားများအား ၀ိညာဉ်ရေးဆိုင်ရာ မွမ်းမံသင်တန်းများ ပေးရသည်။ (၁၉၈၃) ခုနှစ်မှစ၍ မန္တလေး ဂိုဏ်းချုပ်သာသနာ ဂိုဏ်းထောက် ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရသည်။ ဖါသာရ် သြဂုတ်စတင်း ဦးစိုသည် (၁၉၉၄) ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ မျက်စေ့ ခွဲစိတ်ကုသခဲ့သည်။ (၁၉၉၆) ခု အောက်တိုဘာလ (၁)ရက်နေ့တွင် ဒုတိယအကြိမ် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ မျက်စေ့ ပြန်လည် စစ်ဆေးပြီး သြစတြေးလျနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ (၁၉၉၆)ခု နိုဝင်ဘာလ (၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့သည်။ ဖါသာရ် သြဂုတ်စတင်း ဦးစိုသည် (၁၉၉၆)ခု ဒီဇင်ဘာလ (၂၈)နှင့် (၂၉)ရက်များတွင် အဆုပ်ကို ဓါတ်မှန်ရိုက်၍ နှစ်ကြိမ် စစ်ဆေးရာ အဆုတ်တွင် ကင်ဆာရောဂါ လက္ခဏာပြနေကြောင်း သိရှိရသည်။ (၁၉၉၇) ဇန္န၀ါရီ (၃)ရက်နေ့တွင် လေယာဉ်ဖြင့် ရန်ကုန်သို့ သွားကာ (၇.၁.၉၇) မှ (၄.၂.၉၇)နေ့ထိ ဓါတ်ရောင်ခြည် ကုသမှုအကြိမ် (၂၀) ခံယူခဲ့သည်။ (၁၆.၂.၉၇)နေ့တွင် လေယာဉ်ဖြင့် မန္တလေးသို့ ပြန်ခဲ့သည်။ ထိုနောက် ဧပြီလတွင် အခြေအနေ ဆိုးလာသည်။ (၂၃.၄.၉၇) နေ့ကစပြီး ပုံမှန် သတိ မရတော့ပေ။

(၂၅.၄.၉၇) နေ့ နံနက် (၃း၄၅)နာရီတွင် ပျံတော်မူုသည်။

    ဖါသာရ် သြဂုတ်စတင်း ဦးစို၏ ရုပ်ကလပ်ကို (၂၅.၄.၉၇) နေ့မှ (၁၈.၄.၉၇)နေ့အထိ (၄)ရက်တိုင်တိုင် စိန်ဇေးဗီးယား ရာပြည့်ခန်းမတွင် ခင်းကျင်းထားသည်။ ရပ်ဝေး ရပ်နီးမှ ဘုန်းတော်ကြီးများ၊ ကိုရင် သီလရှင်များ၊ မိတ်သင်္ဂဟများ ဘာသာဝင်များတို့သည် နေ့ ညမစဲ လာရောက် ဂါရ၀ပြု ဆုတောင်းကြသည်။ (၂၈.၄.၉၇) ညနေ (၃)နာရီတွင် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ် ဆရာတော် အေဦးသန်အောင်၊ ဦးဆောင်၍ ဟာခါး ဆရာတော်နီကောလတ်မာထန်၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များတို့သည်၊စိန်ဇေဗီးယား ရာပြည့်ခန်း မစ္ဆားပူဇော်ပွဲ အခန်းအနား ကျင်းပသည်။ မစ္ဆားပူဇော်ပွဲံတွင် ဆရာတော်ကြီး (၂)ပါး ဘုန်းတော်ကြီး (၄၅)ပါး၊ သီလရှင် (၇၆)ပါး၊ ကိုရင်များ၊ သင်းကွဲ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ မိတ်ဆွေ သင်္ဂဟများ၊ ရပ်ဝေး ရပ်နီးမှ ဘာသာဝင်များ စုစုပေါင်း(၂၀၀၀)ခန့် တက်ရောက်ကြသည်။

    မစ္ဆား ပူဇော်ပွဲအပြီးတွင် ဖါသာရ် သြဂုတ်စတင်း ဦးစို၏ ရုပ်ကလပ်ကို ရွှေထီးများ မိုးထားသော ပန်းကားလှေယာဉ်ပေါ်တွင် ဆောင်ပြီး ရှေ့ဆုံးမှ ရှေ့ပြေးယဉ်နှင့် ဆရာတော်ကြီးများ၏ မော်တော်ယာဉ်၊ ထိုနောက်မှ ပန်းကားလှေယာဉ်၊ ယင်းနောက်မှ ဘုန်းတော်ကြီးတို့၏ မော်တော်ယာဉ်၊ သီလရှင်တို့၏ မော်တော်ယာဉ်၊ ကိုရင်တို့၏ မော်တော်ယာဉ်၊ ကိုယ်ပိုင် ကားငယ်များ၊ဘတ်စ်ကားကြီးများ၊ စီကာ စဉ်ကာ စနစ်တကျ ပို့ဆောင်ကြသည်။ ပို့ဆောင်သော ကား အစီးပေါင်း (၉၈)စီးရှိသည်။ ညနေ (၅း၃၀)တွင် ဘုန်းတော်ကြီးအား သင်္ဂြိုလ်မည့် ကြာနီကန်သင်္ချိုင်းသို့ ရောက်ရှိကြသည်။ လိုက်ပါပို့ဆောင်သော ပရိဿတ်ကြီးသည် သင်္ချိုင်းတော်တွင် နေရာယူကြပြီး နောက်ဆုံးဂါရ၀ပြု ဆုတောင်းကြသည်။ ထိုနောက် ဖါသာရ်သြဂုတ်စတင်း ဦးစို၏ ရုပ်ကလပ်ကို ဂူသွင်း သင်္ဂြိုလ်လိုက်ပါသည်။

ဆက်ရန် -
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၄)

Read More...