Monday, October 28, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၂)

ဖါသာရ်ဂျွန်-ဦးမောင်ကလေး (၁၉၁၃-၁၉၉၀)
(Fr. John U Mg Galay)

    ဖါသာရ် ဂျွန် ဦးမောင်ကလေးသည် (၁၉၁၃)ခု ဇူလိုင်လ (၁၆)ရက်နေ့တွင် ဇော်ဂျီရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဘဒင်နှင့် ဒေါ်ကြွယ်တို့ ဖြစ်သည်။ ဤရွာကို (၁၉၀၃)ခုနှစ်က ဖါသာပေလေတီးယား တည်ထောင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွန်းစိန် ဖြစ်သည်။ ဇော်ဂျီရွာတွင် စာသင်ကျောင်းမရှိ၍ ပုလိပ်ဘူတာ ချမ်းသာကုန်းရွာတွင် မူလတန်းပညာကို (၅)တန်းအထိ သင်ယူခဲ့သည်။ အသက် (၁၄)နှစ် အရွယ်တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်း၌ (၆)နှစ်သင်ကြားပြီး နောက် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (၆)နှစ် သင်ကြားခဲ့သည်။ ကိုရင်ဘ၀နှင့် မြန်မာနိုင်ငံသို့ ရောက်လာပြီး (၃)နှစ် စုံစမ်းခြင်း ခံရသည်။ မိုးကုတ်နယ်၊ တောင်တွင်းကြီးမြို့နယ်တို့တွင် နေထိုင်ရသည်။ (၁၉၄၂) ခု ဇန္န၀ါရီလ (၆)ရက်နေ့တွင် မန္တလေးမြို့၌ ရဟန်းသိက္ခာခံယြူုပီးနောက် မိုးကုတ်တွင် (၆)နှစ် သာသနာတော် အမှုတော်ကို ထမ်းခဲ့သည်။ ထိုနောက် တောင်တွင်းကြီးမြို့နယ် သရက်ခုံရွာတွင် (၁၉၅၀) မှ (၁၉၅၃) အထိ (၄)နှစ် အမှုထမ်းခဲ့သည်။ ထိုနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် (၅)နှစ် အမှုထမ်းခဲ့သည်။ ကလေးမြို့နယ် တာဟန်းတွင် (၂)နှစ်၊ ရွှေဘိုခရိုင် ရွာတော်တွင် (၂)နှစ် အမှုထမ်းပြီး (၁၉၆၁)ခုနှစ်တွင် မန္တလေးမြို့ တော်အေ -ဦးဘခင်နှင့် ဘုန်းတော်ကြီး (၂၂)ပါး၊ မန္တလေး သာသနာအရပ်ရပ်မှ ဘာသာဝင် (၂၀၀၀)ခန့် တက်ရောက်ကြသည်။    

မစ္ဆားတရားတော်တွင် ချောင်းရိုး ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်အန်ထော်နီက သြ၀ါဒ စကားမြွက်ကြားရာတွင် ရဟန်းဝါတော် (၂၅)နှစ်ပတ်လုံး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးကျူးလျက် ဘုန်းတော်ကြီး၏ ဘ၀ ဖြစ်စဉ် ရာဇ၀င်ကို အကျဉ်းချုပ် ဖော်ပြပြီးနောက် ဘာသာထဲဝင်လာသော မိဖတို့မှ မွေးဖွား၍ သေးငယ်လှသော ရွာငယ် ဇနပုဒ်ကလေးမှ အဘိုးတန်လှသော ရဟန်းတပါးသာမက ဖါသာရ်ဂျွန်၏ နှမတယောက်ဟာလဲ စိန်ဂျိုးဇက်ဂိုဏ်းမှ သီလရှင်တပါး ဖြစ်မြောက်၍ ယခု ချင်းတောင်သာသနာတွင် မာသာရ်ကြီးအဖြစ်နှင့် ဘုရားအမှုတော်ကို ထမ်းရွက်လျက်ရှိကြောင်း၊ စသည်ဖြင့် အကျယ်တ၀င့် မိန့်ကြားသွားပါသည်။ ဖါသာရ်ဂျွန်သည် ဂျူဗလီခံပြီး ထိုနှစ်မှာပင် ချောင်းဦးသို့ ပြောင်းရွှေ့၍ ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်(၁၉၆၇) မှ (၁၉၇၁) အထိ အမှုထမ်းခဲ့သည်။ (၁၉၆၉) တွင် မုံရွာ ဘုရားကျောင်းကျပ်ငွေ (၁၆၁၄၇) အကုန်အကျခံ၍ တိုးချဲ့ ပြုပြင်ခဲ့သည်။  (၁၉၇၁) မှ (၁၉၇၇) ထိ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၇၇) ခုနှစ်မှ စ၍ အနားယူရင်း ချမ်းသာကုန်းရွာတွင် နေထိုင်ခဲ့သည်။(၁၉၉၀) ပြည့်နှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ချမ်းသာကုန်း၌ ပျံတော်မူသည်။

ဖါသာရ် စခရီးဗင်း-ဦးဘတုတ် (၁၉၁၁-၁၉၇၉)
(Fr.George Screven)
    ဖါသာရ် စခရီးဗင်း ဦးဘတုတ်သည် (၁၉၁၁)ခု အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျွဲဘွဲ(တောင်ငူ)၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဂျော့မွန်တေ့နှင့် ရိုစ်ဂျိုစဖင်း စခရီးဗင်းတို့ဖြစ်သည်။ (၁၉၃၂) ခု ဒီဇင်ဘာလ (၈)ရက်နေ့တွင် ရဟန်းဖြစ် သင်ကျောင်းဝင်သည်။ ထိုမှတဆင့် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားပြီး (၁၉၄၂) ခု ဇန္န၀ါရီလ (၆)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ဖါသာရ် စခရီးဗင်းသည် ချောက်မြို့တွင်၎င်း၊ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၆၀) မှ (၁၉၆၇)အထိ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၇) မေလမှ (၁၉၇၄) မတ်လအထိ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွာတော် ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ရွာတော် ခေါင်းလောင်းစင်ရှိ ငှက်ပျောဖူးကို လေကြမ်းတိုက်လျှင် ပြုတ်ကျနိုင်သဖြင့် ရွှေဘိုမှ လက်သမားများကို ခေါ်ယူကာ ဖျက်၍ သွတ်အုပ်ဆောင်းငယ် မိုးထားခဲ့သည်။ ထိုနောက်(၁၉၇၄) ခု မှ (၁၉၇၉) ခုနှစ်အထိ မန္တလေးမြို့ စိန်ဂျိုးဇက် ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းရသည်။ (၁၉၇၉) ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

ဖါသာရ်ယူးစတေ့ - ဦးချစ်ဦး (၁၉၁၈-၁၉၈၄)
(Fr.Eustace U Chit U)
         ဖါသာရ် ယူးစတေ့ ဦးချစ်ဦးသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးအေး-ဒေါ်ဖွားယုံတို့ ဖြစ်သည်။ မွေးချင်း(၄) ယောက်အနက် ဒုတိယသား ရတနာဖြစ်သည်။ (၁၉၁၈) ခု ဇန္န၀ါရီလ (၄)ရက်နေ့တွင် မွေးဖွားသည်။ (၁၉၃၁) ခု မတ်လ (၄)ရက်နေ့တွင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၃၅) မှ (၁၉၄၁) ခုနှစ် အထိ ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာ ဆည်းပူးခဲ့သည်။ (၁၉၄၁)ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ (၁၉၄၃) ခု မတ်လ (၂၁)ရက်နေ့တွင် မန္တလေးမြို့ မနော်ယမံ စိန်ဂျွန်းကျောင်း၌ ဆရာတော် ဖါလီးယေးလက်တော်မှ ရဟန်းသိက္ခာခံယူပြီးနောက် ရှမ်းပြည်မြောက်ပိုင်း မိုးကုတ်မြို့နယ် ပန်ပေါက်ကျေးရွာတွင် ကချင်အမျိုးသားများအား တရားရေအေး တိုက်ကျွေးရင်း ကချင် ဘာသာစကား ကချင်လူမျိုးတို့၏ ဓလေ့ ထုံးစံ ရိုးရာ မနောအကကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ပန်ပေါက်မှ တဆင့် ချင်းပြည်နယ် ထိုမှတဖန် မြစ်ငယ်၊ မြောက်ကိုင်း၊ ရွာတော်၊ မိတ္တီလာ၊ သာစည်၊ ရမည်းသင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချမ်းသာရွာ စသောဒေသများမှ ဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ (၁၉၅၄) ခု (၁၉၅၆) အထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရသည်။ စစ်ပြီးစက ရဟန်းဖြစ်သင် ကျောင်းသားများအတွက် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သည် ချပုန်းများ တက်နေသဖြင့် ဖျက်ပြီး လက်ရှိ ကလေးများ ဘုရားစကားသင်ရန်နှင့် စာသင်ရန်အတွက် နောက်ဘက်တိုး၍ ပြန်လည် တည်ဆောက်ခဲ့သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဘုရားကျောင်းပွဲတော်နှင့် ရဟန်း ဘုန်းတော်ကြီးများ၏ ပွဲတော်နေ့များတွင် ရွာသူရွာသားများ ကပြအသုံးတော်ခံရန် ဇာတ်ခုံကြီးကို ကျောင်းရှေ့ ကွင်းပြင်တွင် ဆောက်လုပ်ထားခဲ့သည်။ ဘုရားရှိခိုးကျောင်း မီးပူဇော်ရန်အတွက် အင်ဂျင်မီးစက်ကို ငွေကျပ်သုံးသောင်းဖြင့် ၀ယ်ယူပြီး ခေါင်းလောင်းစင်ထိပ်ထိ မီးသီး မီးချောင်းများတပ်ဆင်ကာ ညစင် ညတိုင်း မီးထွန်းနိုင်ခဲ့သည်။ ညစဉ် မီးထွန်းသဖြင့် ခိုးသား ဓပြရန်မှလည်း ကင်းဝေးသည်။ (၁၉၆၇) ခုနှစ်မှ (၁၉၇၀) ခုအထိ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်နှင့် ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၈) ခုတွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲကို ချမ်းသာရွာ၌ ခမ်းနားစွာ ကျင်းပခဲ့သည်။

    ဖါသာရ် ယူးစတေ့သည် (၁၉၇၁) မှ (၁၉၈၄) အထိ ချောင်းဦး ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့်နဘက် မုံရွာဘာသာဝင်များကိုပါ ကြည့်ရှုရသည်။ မုံရွာ ဘုရားကျောင်း ပြုပြင်ခဲ့သည်။ ဘုန်းကြီးနေကျောင်း အဖီ ချခဲ့သည်။ ဘုန်းတော်ကြီးသည် (၁၉၈၂) ခုနှစ်မှစ၍ ကျမ်းမာရေး တစတစ ချွတ်ယွင်းလာခဲ့သည်။ သို့သော်လည်း မိမိ တာဝန်ဝတ္တရားများကို ကြေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်က မန္တလေးသို့ လာရောက် ဆေးကုရန် အကြိမ်ကြိမ် ဖိတ်ခေါ်သော်လည်း ငြင်းဆန်ခဲ့သည်။

ဖါသာရ် ယူးစတေစ်သည် (၁၉၈၄) ခု ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၆)နာရီတွင် ရောဂါ ပြင်းထန်စွာ ခံစားရသည်။ ထိုနေ့တွင် ချောင်းရိုးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ဇေးဗီးယားသည် မမျှော်လင့်ဘဲ ရောက်ရှိလာပြီး အသဲအသန်ဖြစ်နေသော ဘုန်းတော်ကြီးကို နောက်ဆုံး စက္ကမင်တူးများ ပေးသည်။ နံနက် (၈)နာရီ (၄၅)မိီနစ်တွင် ပျံတော်မူသည်။ ထိုနေ့ ည(၇)နာရီတွင် မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၊ ဖါသာရ်ဖီးလစ်နှင့် ကိုရင် (၃)ပါးရောက်ရှိလာကြသည်။ နောက်ရက်တွင် လားရှိုးမှ မွန်ဆီညော်ဂျော့စလင်း၊ ကက်သလစ် ဘုန်းတော်ကြီး (၁၂)ပါး၊ သီလရှင် (၁၆)ပါးနှင့် မန္တလေး၊ မုံရွာ၊ နဘက်၊ ရွှေဘို၊ မုံလှ၊ ချောင်းရိုးမှ ဘာသာဝင်များလည်း အချိန်မီ ရောက်လာကြသည်။

    (၁၃.ရ.၈၄)နေ့ ညနေသုံးနာရီတွင် ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်းစ် ဦးသန်းအောင် ဦးဆောင်ကာ မွန်ဆီညော် ဂျော့စလင်းနှင့် ရဟန်းဘုန်းကြီး (၁၂)ပါးခြံရံ၍ အတူတကွ မစ္ဆားပူဇော်ကြသည်။ မုံရွာသာသနာ့ အကျိုးဆောင်အဖွဲ့မှ ဦးဆောင်၍ မုံရွာဘာသာဝင်များက လွမ်းသူ့ပန်းခွေများနှင့် ရွှေထီး (၄)လက်ဖြင့် မွမ်းမံထားသော ပန်းရထားပေါ်သို့ ရုပ်ကလပ်တော်ကို တင်၍ ပန်းရထားကို သီလရှင်များက ပန်းကြိုးဖြင့် ဆွဲ၍ သင်္ချိုင်းသို့ ပို့ဆောင်သည်။ ချောင်းဦးမြို့နယ် ပါတီကောင်စီအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ အားလုံး စုစုပေါင်း လူ(၂၀၀၀)ခန့် လိုက်ပါ ပို့ဆောင်ကြသည်။

ဖါသာရ် ဖီးလစ်ဦးလင်း (၁၉၁၃-၁၉၉၂)
(Fr.Felix U Lin)
    ဖါသာရ် ဖီးလစ် ဦးလင်းသည် (၁၉၁၃) ခု နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးဘိုးဇွင် ဒေါ်အန်နားတို့ဖြစ်သည်။ ဖါသာရ် ဖီးလစ် မောင်နှမ အရင်းအချာများမှာ ဆရာတော် ဂျိုးဇက်ဦးဝင်း၊ ဒေါ်မေ၊ ဒေါ်ငွေ၊ ဖါသာရ် အန်ထော်နီ ဦးကျော်မင်းနှင့် ဒေါ်ကြွေတို့ဖြစ်သည်။
သတ္တမတန်းအောင်သည် အထိ ချမ်းသာရွာ အလယ်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၂၉)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းဝင်သည်။(၁၉၃၃) ခုတွင် ပီနန်ကောလိပ်သို့ သွားရောက် ပညာသင်ကြားခဲ့သည်။ (၁၉၄၉) ခု နိုဝင်ဘာလတွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာသည်။ (၁၉၄၆)ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ ဘုရားရှိခိုးကျောင်း၌ ဖါသာရ် ဂျက္ကဆင် ဦးကျော်ဇံ၊ ဖါသာရ် ဆေဗတ်စတီယန်၊ ဖါသာရ် ဆီရီလူး ဦးချစ်မောင်တို့နှင့်အတူ ရဟန်းသိက္ခာ တင်ပြီး ရွာတော်တွင် တာဝန်ထမ်းခဲ့သည်။ (၁၉၄၈) ခု ဖေဖေါ်ဝါရီလမှ (၁၉၄၉)ခုဇန္န၀ါရီလ အထိ ရွာတော်ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွာတော်ရွာတွင် လူဦးရေများပြားလာပြီး အိမ်ပူး အိမ်ကပ်များလည်း တိုးပွားလာသဖြင့် ရွာနှင့် ဘုရားကျောင်းကြားရှိ လယ်မြေများကို ချီပါရွာ ဦးသက်ပြန် ထံမှ ၀ယ်ယူပြီး ရွာသားများကို နေရာ ချထားပေးသည်။ ရွာနှင့် ဘုရားကျောင်း တဆက်တည်း ဖြစ်သွားသည်။ ဂျပန်ခေတ်က (၃)နှစ် (၃)မိုး စွန့်ပစ်ထားခဲ့သော နွားရိုးများကို ရောင်းချပြီး ရရှိသောငွေများဖြင့် ဘုရားကျောင်းအတွင်း ထိုင်ခုံများ ပြုလုပ်ခဲ့သည်။

    (၁၉၄၉) ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ပြောင်းရွှေ့၍ စာချ ပုဂ္ဂိုလ်အဖြစ် အမှုထမ်းရသည်။ (၁၉၄၇) ခုနှစ်မှစ၍ ရဟန်းဖြစ်သင် ကျောင်းသားများအား စာပေ ပို့ချသင်ကြားခဲ့ရသည်။ (၁၉၅၈) ခုတွင် ဥရောပနိုင်ငံများဖြစ်သော အီတလီ၊ ပြင်သစ်နိုင်ငံများသို့ လေ့လာရေး ခရီး သွားရောက်ခဲ့သည်။ (၁၉၆၆) ခုနှစ်မှ စ၍ (၁၉၇၁)ခုနှစ် အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းအုပ် အဖြစ် အမှုထမ်းခဲ့သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် (၂၂)နှစ်တိုင် စာပေ သင်ကြားပို့ချခဲ့သည်။ မိမိ တပြည့်များထဲမှ ဘုန်းကြီး (၃၃)ပါး ဆရာတော် (၃)ပါးဖြစ်သည်။ (၁၉၇၁)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်အဖြစ်မှ အနားယူ၍ မုံလှရွာတွင် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းရသည်။ မုံလှရွာ၌ မိမိ ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲ ကျင်းပခဲ့သည်။ (၁၉၈၃) ခု ဇန္န၀ါရီလ (၄) ရက်နေ့တွင် မန္တလေးသို့ ပြောင်းရွှေ့၍ မန္တလေးမှာပင် အနားယူတော့သည်။ (၁၉၈၅) ခု ဇူလိုင်လ (၁၇) ရက်နေ့တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး၏ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်ရံတော်ဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ (၁၉၈၆) ခု မေလ (၁၅)ရက်နေ့တွင် မန္တလေး ရွှေနှလုံးတော်ဘုရားကျောင်း၌ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ ရဟန်းမင်းကြီး၏ ကိုယ်ရံတော် ဘွဲ့ရရှိသော အခမ်းအနား ကျင်းပသည်။ (၁၉၉၂) ခု ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် မန္တလေး သံဝင်းရပ် စိန်မိုင်ကယ်ကျောင်း၌ ပျံတော်မူသည်။ ဖါသာရ် ဖီးလစ်ဦးလင်း၏ ရုပ်ကလပ်ကို သံဝင်းကျောင်းမှ ပြင်ဦးလွင်သို့ သယ်ဆောင်ပြီး၊ ရဟန်းဖြစ်သင်ကျောင်းဝင်း အတွင်း ဂူသွင်း သဂြိုလ်သည်။
ဖါသာရ် ဆီရီလူးစ် ဦးချစ်မောင် (၁၉၁၉-၁၉၄၇)
(Fr. Cyril U Chit Maung)
    ဖါသာရ် ဆီရီလူးစ် ဦးချစ်မောင်သည် (၁၉၁၉) ခု ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးပေတလူးနှင့် ဒေါ်လှမယ်တို့ ဖြစ်သည်။ (၁၉၃၃)ခု ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် မေမြို့ရဟန်းဖြစ်သင် ကျောင်းဝင်သည်။ (၁၉၄၆)ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ဆရာတော် ဖါးလီးယေးလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၄၇) ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် သရက်ခုံရွာတွင် ပျံတော်မူသည်။

ဖါသာရ် ဂျက္ကဆန် ဦးကျော်ဇံ
(Fr. Jackson U Kyaw Zan)
    ဖါသာရ် ဂျက္ကဆန် ဦးကျော်ဇံသည် (၁၉၁၆)ခု ဇွန်လ (၂၅)ရက်နေ့တွင် ပျဉ်းမနား၌ မွေးဖွားခဲ့သည်။ မိဖများမှာ မစ္စတာဖရန့်ဂျက္ကဆန်နှင့် ဒေါ်နွယ်တို့ ဖြစ်သည်။ (၁၉၃၄) ခု မေလ (၈)ရက်နေ့တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန်ရဟန်း ဖြစ်သင်တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားခဲ့သည်။ (၁၉၄၆) ခု နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ချမ်းသာရွာ၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။

    ရဟန်းသိက္ခာခံယူပြီးနောက် ချင်းပြည်နယ် တွန်းဇံတွင်၎င်း၊ တာဟန်းတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ (၁၉၅၃) ခု ဇန္န၀ါရီလမှ(၁၉၅၄) ခု ဇန္န၀ါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုခဲ့သည်။ ထိုနောက် မန္တလေး ကာသီဒရယ်ကျောင်းတွင်၎င်း၊ မေမြို့ ရဟန်းဖြစ်ကျောင်းတွင်၎င်း၊ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရစဉ် လူမျိုးဘာသာ မခွဲခြားဘဲ လူအများကို ဆေးကုသပေးသည်။ ရွာသူရွာသားများ သောက်သုံးရန်အတွက် ရွာ၏ တောင်ဘက်တွင် ပြည်တော်သာ ရေကန်ကို တူးဖေါ် အောင်မြင်ခဲ့သည်။

ဖါသာရ် ဆေဗတ် စတီယန် (၁၉၁၇-၁၉၇၆)
(Fr. Sebastian)
    ဖါသာရ် ဆေဗတ်စတီယန်သည် အိန္ဒိယတောင်ပိုင်း ကေရာလာ (Kerala) တွင် (၁၉၁၇)ခု သြဂုတ်လ (၁၆) ရက်နေ့တွင် မွေးဖွားခဲ့သည်။ (၁၉၃၄) ခုတွင် (၁၀)တန်းအောင်ပြီးနောက် နိုင်ငံခြား သာသနာပြုလုပ်ငန်း ဆောင်ရွက်လို၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး၊ (၁၉၃၅)ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်ခဲ့သည်။ (၁၉၃၈) ခုတွင် ပီနန် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ (၁၉၄၆)ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာပြီး ထိုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ရွှေဘိုခရိုင် ရေဦးမြို့နယ် ချမ်းသာရွာတွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူပြီးနောက် ဖါသာရ် ဆေဗတ်စတီယန်အား စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ပေးသော်လည်း ချက်ချင်း လက်မခံသေးဘဲ မိဘ ဆွေမျိုးများနှင့် တွေ့ရန် (၃)လ ခွင့်ရသဖြင့် အိန္ဒိယပြည်တောင်ပိုင်းရှိ ဆွေမျိုးများထံ အလည်အပတ် သွားရောက်ခဲ့သည်။ (၁၉၄၇)ခု ဖေဖေါ်ဝါရီလရောက်မှ စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းကြီးတာဝန်ကို စတင် ဆောင်ရွက်သည်။ များမကြာမီ ဆရာမ ဒေါ်ညွန့်ခင်၊ မစ္စမေရီဒါတ်စ်နှင့် ဦးဒိုရေရရှ်တို့၏ အကူအညီဖြင့် မူလတန်း စာသင်ကျောင်း ပြန်ဖွင့်ခဲ့သည်။

    (၁၉၄၇) ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံး၍ မြန်မာနိုင်ငံက ထွက်ခွာကြမည့်ဗြိတိသျှ ဘုရင်လေတပ်မတော်သားများထံ မှ အလှူငွေများ လက်ခံရရှိသည့်အတွက် ၄င်းငွေများကို မတည်၍ စိန်ဇေးဗီးယားဘုရားကျောင်း အသစ်ကို လက်ရှိနေရာ စိတ္တရမဟီရပ်တွင် စတင် တည်ဆောက်ခဲ့သည်။ ဗြိတိသျှဘုရင် လေတပ်မတော်သားများအား ကျေးဇူးတင်ကြောင်းကို ကျောက်ပြားတွင် ကမ္ပည်းထိုးကာ ဘုရားကျောင်းအတွင်း နံရံတွင် ကပ်ထားပါသည်။ ဘုရားကျောင်း အသစ်ကို (၁၉၄၉)ခု မေလ အစောပိုင်းတွင် ပန္နက်ရိုက် အုတ်မြစ်ချပြီး (၁၉၅၀) အောက်တိုဘာလတွင် ပြီးစီးပါသည်။ (၁၉၅၀)ခု ဒီဇင်ဘာလ (၃)ရက် စိန်ဖရန်စစ်ဇေးဗီးယားပွဲနေ့တွင် ဘုရားကျောင်းသစ် ကောင်းကြီးပေးခြင်း၊နှင့် ခရစ္စမားပေးခြင်းများ အပြိုင်တည်း ကျင်းပခဲ့သည်။ ဤဘုရားကျောင်းသစ်ကို မန္တလေးမြို့ ၈၂-လမ်းရှိ ရွှေနှလုံးတော်ဘုရားကျောင်း တည်ဆောက်ပေးသူ အင်ဂျင်နီယာ မစ္စတာအာရ်ဒီရတ်နမ်းက တာဝန်ယူတည်ဆောက်ခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၅၁) ခုနှစ်တွင် စိန်ဇေးဗီးယား မူလတန်းကျောင်းကို အလယ်တန်းကျောင်း အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ မာရီယား တမန်တော်အသင်းကို (၂၃.၉.၁၉၅၉) နေ့တွင် စတင်ဖွဲ့ခဲ့သည်။ (၁၉၅၄) ခုတွင် အဆောက်အဦး (၂) ခု ဆောက်လုပ်၍ စိန်ဇေးဗီးယား အလယ်တန်းကျောင်းကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ (၁၉၅၅) ခုတွင် သီလရှင်များနှင့် မိဖမဲ့ ကလေးများအတွက် (၂)ထပ် အဆောက်အဦးတစ်ခု ဆောက်လုပ်ခဲ့သည်။ (၁၉၅၆) ခုနှစ်တွင် ကက်သလစ်ကျောင်းသားများအတွက် ကလပ်တခု ဆောက်လုပ်ခဲ့သည်။ (၁၉၅၈)ခုနှစ်တွင် ဖါတီမာမယ်တော် ကျောင်းဆောင်ကို တည်ဆောက်ခဲ့သည်။ (၁၉၆၀) ပြည့်နှစ်တွင် လက်ရှိ ဘုရားရှိခိုးကျောင်းကို လက် (၂) ဘက် တိုးချဲ့၍ ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သည်။ (၁၉၆၅) ခုတွင် စာသင်ကျောင်းများ ပြည်သူပိုင်သိမ်းသဖြင့် ဖါသာရ်ဆေဗတ်စတီးယန်၏ စိန်ဇေးဗီးယား အထက်တန်းကျောင်း ပြည်သုပိုင် အသိမ်းခံရသည်။ ပြည်သူပိုင်သိမ်းပြီးနောက် ဘုရားကျောင်းနှင့် စာသင်ကျောင်းကို တံတိုင်း ကာရံ၍ ပိုင်းခြားလိုက်ရသည်။ မနော်ယမံ စိန်ဂျွန်းအနာကြီး ကုဆေးရုံကို ပြည်သူပိုင် သိမ်းလိုက်သောအခါ စိန်ဂျွန်းဘုရားကျောင်းမှ ခေါင်းလောင်းနှင့် သံစုံကြီးကို စိန်ဇေးဗီးယားဘုရားကျောင်း အတွက် ယူ၍ သုံးခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၅၁)ခုနှစ်မှ စ၍ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ် ကောလိပ်အသီးသီးတွင် ပညာသင်ကြားနေကြသော ကက်သလစ် ကျောင်းသူကျောင်းသာများအသင်းကို ဖွဲ့စည်း၍ ဘာသာရေး၊ လူမှုဆက်ဆံရေးများတွင် အချင်းချင်း ရင်းနှီးမှုရရှိကြပြီး၊ စည်းလုံးညီညွှတ်စေရန် တစ်လတကြိမ် တနင်္ဂနွေနေ့တွင် စုပေါင်း ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။ တနင်္ဂနွေနေ့မှအပ နေ့စဉ် ပြည်သူ့ဆေးရုံကြီးသို့သွား၍ လူနာများကို ကြည့်ရှုကာ လိုအပ်သည့် အကူအညီများပေးသည်။ အကျဉ်းထောင်ကိုလည်း တလတကြိမ် သွားရောက်၍ ဘာသာဝင် အကျဉ်းသားတို့အတွက် မစ္ဆားပူဇော်ခြင်း၊ အာပတ်ဖြေ နားထောင်ခြင်း၊ ကိုယ်တော်မြတ်ပေးခြင်းများ အပြင် ထိုသူတို့၏ အခက်အခဲများကိုလည်း ကူညီ ဆောင်ရွက်ပေးသည်။ နန်းတွင်းနှင့် အပြင် စစ်တပ်များသို့လည်း သွားရောက်၍ ဘာသာဝင် စစ်သားများအား ဘာသာဝတ္တရား ကြေပွန်အောင် ဟောပြော နှိုးဆော်ပေးသည်။ ဖါသာရ် ဆေဗတ်စတီးယန်၏ ရဟန်းဝါတော် (၂၅)နှစ်မြောက် ဂျူဗလီပွဲကို (၁၉၇၁)ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် (၁၉၇၁) ခုနှစ်မှစ၍ ကျန်းမာရေး ချွတ်ယွင်းလာသဖြင့် မန္တလေး ဆေးရုံကြီးရှိ သမားတော်ကြီးများအား ပြသရာ အသဲနှင့်ကျောက်ကပ်ပါ ရောဂါစွဲကပ်သည့် အပြင် ဆီးချိုရောဂါလည်း စွဲကပ်ရာ သွေး၌ပင် အချိုဓါတ်ဝင်ရောက်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက် ကုသရန် ညွှန်ကြားသဖြင့် ရန်ကုန်သို့ သွားရောက်ကုသသည်။ ရန်ကုန်ဆေးရုံကြီးတွင် တလခန့် ကုသရာ ရောဂါမှာ ပျောက်ကင်းနိုင်ရန် အခြေအနေမရှိ နေသာထိုင်သာ သက်သာရုံသာ ကုသပေးနိုင်သဖြင့် မည်သည့်အစာကိုသာ စားရမည်။ မည်သည့်အစာကို ရှောင်ရမည်၊ သွားလာရာ၌လည်း စက်ဘီး မစီးရ၊ လမ်းရှောက် မသွားနိုင်သော ခရီးကို ကားဖြင့် သွားရမည်ဟု ညွှန်ကြားလိုက်သည်။ သို့သော် အခါခပ်သိမ်းကား မရနိုင်သဖြင့် ဆိုက်ကားဖြင့် သွားရသည်က များသည်။ ဆင်းရဲနွမ်းပါးသူထဲမှ နာရေးကိစ္စ ပေါ်ပေါက်ပါက သင်္ဂြိုလ်စရိတ် အထောက်အပံ့ရရန် ရည်ရွယ်၍ (၁၉၇၆) ခု မတ်လ (ရ)ရက်နေ့တွင် စိန်ဇေးဗီးယား နာရေးအသင်းကို ဖွဲ့စည်းခဲ့သည်။

    ဖါသာရ် ဆေဗတ်စတီယန်သည် ရောဂါဖိစီးမှု ဒဏ်ခံရသော်လည်း ဘာသာရေးလုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ခဲ့သည်။ (၁၉၇၆) ခုနှစ် သြဂုတ်လ(၂၆) ရက်နေ့တွင် ရောဂါ ပြင်းထန်လာပြီး စက်တင်ဘာလ (၂၃)ရက်နေ့တွင် အိပ်ရာထဲလဲတော့သည်။ ဝေဒနာ ပြင်းထန်သဖြင့် မအိပ်နိုင် မနေနိုင် ခံစားရသည်။ အောက်တိုဘာလ (၁၅)ရက်နေ့မှ စ၍ ရောဂါအခြေအနေ တနေ့ထက် တနေ့ ပိုမို ဆိုးရွားလာခဲ့သည်။ ဆရာဝန်သမားတော်ကြီးများ အစွမ်းကုန် ကြိုးစားကုသသော်လည်း (၁၉၇၆) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ ည (၁၂) နာရီအချိန်တွင် ပျံလွန်တော်မူသည်။ ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို စိန်ဇေးဗီးယားဘုရားကျောင်း အတွင်း ပြင်ဆင်ထား၍ ကျောင်းသူကျောင်းသားများ မိတ်ဆွေ သင်္ဂဟ ရဟန်း ကိုရင် သီလရှင်များ ဘာသာဝင်များ လာရောက် ဂါရ၀ ပြုကြသည်။ ကျောင်းသားဟောင်းများက ဈာပနကော်မတီဖွဲ့၍ စီစဉ် ဆောင်ရွက်ကြသည်။ ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို သင်္ချိဲုင်းသို့ ပို့ဆောင်သင်္ဂြိုလ်ရန်အတွက် သာသနာမှ ကားကြီး အစီး(၂၀)နှင့် အုတ်ဂူ၊ တမီးလ်ဘာသာဝင်များက အလောင်းထည့်ရန်ခေါင်း၊ အမှတ်(၁၂) အထက ကျောင်းအုပ် ဒေါ်တင်တင်ခင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများက ယပ်တောင် (၁၅၀၀)နှင့် လွမ်းသူ့ပန်းခွေ၊ မစ္စတာဆိုက်ပယ်က ဘုန်းတော်ကြီး၏ ဓါတ်ပုံနှင့် အထိမ်းအမှတ်ကဒ်ပြား (၁၀၀၀)စသည်ဖြင့် အသီးသီး တာဝန်ယူကြ၍ ကျန်လိုအပ်ချက်များကို ကျောင်းသာဟောင်းများက တာဝန်ယူသည်။

    (၆.၁၁.ရ၆) နေ့ ညနေ (၂)နာရီအချိန်တွင် စိန်ဇေးဗီးယားဘုရားကျောင်း၌ ဂိုဏ်းချုပ်ဆရာတော် အေဦးဘခင်၊ ဆရာတော် အေဦးသန်းအောင်၊ ဆရာတော် ဂျော့စလင်တို့ဦးဆောင်၍ ဘုန်းတော်ကြီး (၁၅)ပါး ခြံရံကာ ဈာပနမစ္ဆားပုဇော်ပွဲ အခန်းအနား ကျင်းပပါသည်။ မစ္ဆားပူဇော်ပွဲအပြီးတွင် အထူး ပြင်ဆင်ထားသော ရွှေထီး လေးလက်မိုးထားသည့် ဈာပနယာဉ်ပေါ်တွင် ဖါသာရ် ဆေဗတ်စတီယန်၏ ရုပ်ကလပ်ကို တင်ဆောင်ပြီး ကျောင်းသား(၁၀၀) ကျောင်းသူ (၁၀၀)တို့က ရှေ့ကတဘက်စီ တန်း၍ အေလမ်း သင်္ချိုင်းသို့ ဆွဲယူ ပို့ဆောင်ကြသည်။ ဈာပနအခန်းအနားတွင် သာသနာမှ ကားကြီး အစီး(၂၀) ကျောင်းသာဟောင်းများမှ ကားကြီး (၆)စီး ကိုယ်ပိုင်ယာဉ် အစီး(၃၀) လူပေါင်း (၃၀၀၀)ခန့်လိုက်ပါ ပို့ဆောင်ကြသည်။

    ဖါသာရ် ဆေဗတ်စတီယန် ဆန္ဒကို ရည်စူး၍ နေပူ မိုးရွာ ခေတ္တနားခိုရန် စိန်ဇေးဗီးယားကျောင်းအတွင်း ဆေဗတ်စတီယန်ဟော အမည်ဖြင့် အဆောင်တခုကို ယ္ခုရာပြည့်ခန်းမနေရာတွင် ကျောင်းသားဟောင်းများက ဆောက်လုပ် လှူဒါန်းခဲ့သည်။ ရာပြည့်ခန်းမ ဆောက်လုပ်သောအခါ ယင်းအဆောင်ကို ဘုရားကျောင်း၏ အရှေ့မြောက်သို့ရွှေ့သည်။ နောက် ဆေးပေးခန်း ဆောက်လုပ်သောအခါ ယင်းအဆောင်ကို ဘုရားကျောင်း မြောက်ဘက်သို့ ရွှေ့ပြောင်းထားရာ ယနေ့တိုင် တွေ့နိုင်ပါသည်။

ဆက်ရန် -
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၃)