Monday, October 21, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၁)


ဖါသာရ်ပေါလ်-ဦးကျော် (၁၉၀၇-၁၉၉၃)
(Fr. Paul U Kyaw)
    ဖါသာရ်ပေါလ် ဦးကျော်သည် (၁၉၀၇) ဇူလိုင်လ (၂၈)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးကျော် ဒေါ်ရွှေပင်တို့ဖြစ်သည်။ (၁၉၂၁)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန် ရဟန်းဖြစ်တက္ကသိုလ်တွင် ဆက်လက် သင်ကြားပြီး(၁၉၃၃)ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၃၆)ခု မတ်လမှ (၁၉၃၉)ခု ဇန္န၀ါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရှုရသည်။ ဖါသာရ် အာလက်ဆီနှင့် ဖါသာရ် လောရင်းတို့ တည်ဆောက်ခဲ့သော ရွာတော် ဘုရားရှိခိုးကျောင်း သာဓုခေါ်ပွဲ ကျင်းပသည်။ (၁၉၃၉)မှ(၁၉၄၁) အထိ နဘက် ဘာသာဝင်များကို၎င်း၊ (၁၉၄၀) မှ (၁၉၅၁) အထိ ချောင်းဦး၊ မုံရွာ၊ ဘာသာဝင်များကို၎င်း ကြည့်ရှုခဲ့သည်။ ဒုတိယကမ္ဘာစစ် ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော ဖါသာရ်ရေမန်းဒက် တည်ဆောက်ခဲ့သည့် မုံရွာ ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးနေကျောင်းကို ပြန်လည် တည်ဆောက်ခဲ့သည်။ ပျက်စီးသွားသော ဘုရားကျောင်း အုတ်ခုံပေါ်တွင် နံကပ်ဘုရားကျောင်း ပြန်လည် တည်ဆောက်ခဲ့သည်။ (၁၉၄၉) မှ (၁၉၅၃)အထိ နဘက်ဘာသာဝင်များကို ဒုတိယအကြိမ် ကြည့်ရှု ရသည်။

(၁၉၅၄)ခု မှ (၁၉၅၉)အထိ မြင်းခြံ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၅၈)တွင် မြင်းခြံ၌ ငွေဂျူဗလီ ကျင်းပခဲ့သည်။ (၁၉၅၉) မှ (၁၉၆၀) အထိ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၆၁) ဖေဖေါ်ဝါရီလ မှ ဒီဇင်ဘာလအထိ ရွာတော် ဘာသာဝင်များကို ဒုတိယအကြိမ် ကြည့်ရှုရသည်။ ထိုနောက် (၁၉၆၆) ဒီဇင်ဘာလမှ (၁၉၆၇) မတ်လအထိ ရွာတော် ဘာသာဝင်များကို တတိယအကြိမ် ကြည့်ရှုရသည်။ ထိုနောက်တွင် ဇော်ဂျီ ဘာသာဝင်များကို ကြည့်ရှုပြီး အနားယူရင်း (၁၉၈၂)ခု၌ ကလေးမြို့တွင် ရွှေဂျူဗလီ ခံခဲ့သည်။ (၁၉၂၂) ခုနှစ် ဇန္န၀ါရီလ (၂၆) ရက်နေ့တွင် ချောင်းဦးမြို့၌ စိန်ဂျူဗလီ ကျင်းပခဲ့သည်။ စိန်ဂျူဗလီ အခန်းအနားသို့ မန္တလေး ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်နှင့် ဘုန်းတော်ကြီး (၂၅) ပါး တက်ရောက်ကြသည်။ နံနက် (၁၁)နာရီတွင် ပွဲတော် အခန်းအနား ကျင်းပပြီး နေ့လည် (၂)နာရီတွင် နှုတ်ဆက်ပွဲ ကျင်းပသည်။ (၁၉၃၃) မတ်လ (၉)ရက်နေ့တွင် ချောင်းဦး၌ ပျံတော်မူသည်။

ဖါသာရ် ဂါဗြီအဲလ် ဦးဖိုးဝင်း
(Fr.Gabriel U Po Win)
    ဖါသာရ် ဂါဗြီအဲလ် ဦးဖိုးဝင်းသည် နဘက်ရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးကာလူးနှင့် ဒေါ်မေယုတို့ ဖြစ်သည်။ (၁၉၂၀) ခုနှစ်တွင် မေမြို့ စိန်အာလောရှက် ဆေမီနာရီ ကျောင်းဝင်ရောက်ခဲ့သည်။ (၁၉၃၃) ခု နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရဟန်း သိက္ခာခံသည်။ (၁၉၄၀) ပြည့်နှစ်တွင် ပျံလွန်တော်မူသည်။

ဖါသာရ် အန်ထော်နီ်-ဦးကျော်မင်း (၁၉၁၁-၁၉၇၈)
(Fr.Anthony U Kyaw Min)
    ဖါသာရ် အန်ထော်နီ ဦးကျော်မင်းသည် (၁၉၁၁) ခု ဇန္န၀ါရီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးဇွင်-ဒေါ်အန်နားတို့ ဖြစ်သည်။ ဆရာတော် ဂျိုးဇက်ဦးဝင်း၏ ညီအရင်း ဖြစ်သည်။ ချမ်းသာရွာ အာစီအမ်ကျောင်းမှ သတ္တမတန်း အောင်သည်။ (၁၉၂၃) ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၃၅) ခု ဧပြီလ (၂၄)ရက်နေ့တွင် ချမ်းသာရွာ၌ ရဟန်း သိက္ခာ ခံယူပြီးနောက် ချင်းပြည်နယ် ကန်ပက်လက်တွင် သာသနာအမှုတော်ကို ထမ်းရွက်ရသည်။ ၄င်းနောက် ဇော်ဂျီ မြောက်ကိုင်းရွာများ၌ သာသနာအမှုတော်ကို ထမ်းရွက်သည်။ (၁၉၅၁)ခုနှစ်တွင် ရွှေဘိုမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းရသည်။ ကန့်ဘလူ၊ ကော်လင်း၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ မေဂွန်၊ တဲကြီး၊ ဟံလင်းကြီး၊ ၀က်လက် စသည့်ဒေသများ၌ နေထိုင်ကြသော ဘာသာဝင်များကို ကြည့်ရှုရသည်။ ရွှေဘိုမြို့တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ သာသနာကျောင်း ဖွင့်ခဲ့သည်။ ဖါတီမာ မယ်တော်၏ ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ မေဂွန်ရွာတွင် ဘုရားကျောင်း ဆောက်ခဲ့သည်။ ဘာသာဝင်များ၏ ပြဿနာများကို အထက်အကြီးအကဲ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဖြေရှင်းပေးနိုင်ခဲ့သည်။ (၁၉၅၄) ဧပြီလတွင် အင်္ဂလန်၊ ပြင်သစ်၊ အီတလီနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ရွှေဘိုမြို့တွင် သီလရှင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေစဉ် (၁၉၅၉) ခုတွင် ချောင်းရိုးသို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ (၁၉၆၀) ခုနှစ်တွင် ချောင်းရိုးရွာ၌ ရဟန်း ၀ါတော် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲတော် ကျင်းပခဲ့သည်။ ချောင်းရိုး၊ ရေဦး၊ ညောင်ကိုးပင် ဘာသာဝင်များ ကြည့်ရှုရသည်။ (၁၉၆၇) ခုနှစ်တွင် မကွေးတိုင်း၊ ချောက်မြို့သို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ ဘာသာရေး စာပေများ၊ ဘာသာပြန်လုပ်ငန်းများ အထူး ကြိုးစား လုပ်ဆောင်ခဲ့သည်။ လက်ထပ် ထိမ်းမြားခြင်းအကြောင်း သိကောင်းစရာ စာအုပ်၊ ရေးသားပြုစုခဲ့သည်။ (၁၉၇၈)ခု ဇန္န၀ါရီလ (၄)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

ဖါသာရ် ဟင်နရီ ဦးစံကြည်(     -၁၉၄၉)
(Fr.Henary U San Kyi)
ဖါသာရ် ဟင်နရီ ဦးစံကြည်သည် မုံလှရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးစီမုန်-ဒေါ်ရွှေရိုးတို့ ဖြစ်သည်။ (၁၉၂၆)တွင် ရဟန်း ဖြစ်သင်ကျောင်းဝင်သည်။ (၁၉၃၆) ခုတွင် ရဟန်းသိက္ခာ ခံယူသည်။ (၁၉၄၁) မှ (၁၉၄၉) အထိ နဘက်ဘာသာဝင်များကို ကြည့်ရှု ခဲ့သည်။ (၁၉၄၅) ခု မတ်လ (၂)ရက်နေ့ နံနက် (၃) နာရီတွင် နဘက်ကျောင်းကို ဂျပန်များ မီးရှို့ ဖျက်ဆီးကြသည်။ ဖါသာရ် ဟင်နရီသည်(၁၉၄၉)ခုနှစ်တွင် ပျံတော်မူသည်။

ဖါသာရ် မိုးဇယ် ဦးဘခင် (၁၉၀၇-၁၉၇၈)
(Fr. Moses U Ba Khin)
    ဖါသာရ်မိုးဇယ် ဦးဘခင်သည် ရွှေဘိုခရိုင် တန်ဆည်မြို့နယ် ချောင်းရိုးရွာတွင် အဖ ဦးသစ် အမိ ဒေါ်သာလိတို့မှ (၁၉၀၇) ဒီဇင်ဘာ (၂၀) ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် (၁၃)နှစ်အထိ ချောင်းရိုးရွာ စာသင်ကျောင်းမှာ ပညာ သင်ကြားခဲ့သည်။ (၁၉၂၁) မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၃)နှစ် ပညာသင်ပြီး ကျန်းမာရေး မကောင်းသဖြင့် (၁၉၂၄)ခုနှစ်တွင် မိမိနေရပ် ချောင်းရိုးသို့ ပြန်လာရသည်။ ရွာ၌ နေစဉ် မိဖတို့လုပ်ကိုင်သော လယ်ယာလုပ်ငန်း၌ ကိုယ်တိုင် ထွန်ယက် လုပ်ကိုင်ပေး၍ ရသမျှ အချိန်ပိုများတွင် ကျောင်းထိုင်ဘုန်းကြီးအား အမြဲ ကူညီ လုပ်ကိုင်ပေးခြင်းဖြင့် အချိန်ကုန် လွန်ခဲ့သည်။ သူ၏ စိတ်တွင် အစဉ် ကိန်းအောင်းနေသည်မှာ ကျန်းမာလာလျှင် ရဟန်းဖြစ်သင်ကျောင်းကို ပြန်သွားမည်ဟူသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထိုအချိန်က မန္တလေးသာသနာတွင် အုပ်ချုပ်လျှက်ရှိသော ဆရာတော်ကြီး ဖူးလ်ကီးယေးသည် သူ၏ စိတ်သဘောထားကို သိပြီးဖြစ်၍ ကျန်းမာရေးအခြေအနေကို ဆရာဝန်တစ်ဦးအား စစ်ဆေးစေရာ ဆက်လက် ပညာ သင်ကြားနိုင်လောက်အောင် ကျန်းမာရေး ကောင်းမွန် လာကြောင်း ထောက်ခံ စာပေးသဖြင့် (၁၉၂၇) ခုနှစ်တွင် ဒုတိယအကြိမ် မေမြို့ရဟန်းဖြစ်သင်ကျောင်းသို့ သွားရောက်၍ ပညာသင်ကြားသည်။ (၁၉၃၀) ပြည့်နှစ်တွင် ပီနန်ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားရာ (၆)နှစ် ကြာခဲ့သည်။ (၁၉၃၆) ခုနှစ်တွင် ကိုရင်အဖြစ်နှင့် ပြန်လာပြီး မန္တလေးသာသနာ ဘုန်းတော်ကြီးများ လက်အောက်တွင် တနှစ် စုံစမ်းခြင်းခံရသည်။ (၁၉၃၇) ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်း၌ ဆရာတော် ဖါးလီးယေးက ရဟန်းသိက္ခာ တင်ပေးသည်။ ထိုနှစ်မှာပင် တောင်တွင်းကြီးမြို့နယ် မြေပြန့် ချင်းလူမျိုးတို့၏ နေရပ်ဖြစ်သော ချင်းညောင်ပင်သာ ပထမ သာသနာတည်ထောင်၍ သာသနာပြုလုပ်ငန်း စတင် ဆောင်ရွက်ရသည်။ တနှစ်အကြာတွင် ငှက်ဖျားရောဂါ ကပ်ရောက်၍ ရွှေဘိုနယ် ရွာတော်ရွာသို့ ပြောင်းရွှေ့ကာ ဘာသာဝင်များကို (၁၉၃၉) ခု ဇွန်လမှ (၁၉၄၀)ပြည့်နှစ် မေလအထိ ကြည့်ရှုခဲ့ရသည်။ ဖါသာရ်မိုးဇယ်သည် ရွာတော်သားများ အလွန်ဆင်းရဲသဖြင့် ယက်ကန်းစင်များ တည်ထောင်ပေးသည်။ ဖါသာရ်မိုးဇယ် ကိုယ်တိုင် အထည်များကို ဖေါက်သည် ရှာပေးသည်။ ဤသို့ဖြင့် ရွာသူ ရွာသားများ စားဝတ်နေရေး ချောင်လည် လာသည်။
    (၁၉၄၀) ခုနှစ် ဒီဇင်ဘာလတွင် ဖါသာရ်မိုးဇယ်သည် ဖါသာရ်ဗလီးဘေးနှင့် အတူ မြောက်ပိုင်း ချင်းတောင်သို့ ပထမဆုံး သာသနာပြုရန် ထွက်ခွာ ခဲ့ကြသည်။ လမ်းမသိဘဲ မေးမြန်း စုံစမ်းပြီးသွားကြရာ (၈) ရက်ကြာမှ တွန်းဇံရွာသို့ ရောက်ကြသည်။ (၃)လ အကြာတွင် ချင်းစကား တတ်မြောက်သဖြင့် တတောင်ဆင်း တတောင်တက် လှည့်လည် သာသနာပြုကြရာ (၁၂) နှစ်ကြာသောအခါ လူပေါင်း (၃၀၀၀)ကျော် ဘာသာဝင် ဖြစ်လာသည်။ (၁၉၅၃) တွင် ချမ်းသာရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်နှင့် ဘာသာဝင်များကို ကြည့်ရှုရသည်။ ချမ်းသာရွာ မယ်တော်ပွဲ တောင်ပိုင်း မြောက်ပိုင်း ပြိုင်ဆိုင်မှုကို တားမြစ်ခဲ့သည်။ ချမ်းသာရွာ သင်္ချိုင်းအတွင်း အုတ်ခဲများ ၀ဲယာ တဘက်တချက် ဒေါင်းလိုက်စီ၍ လူသွားလမ်းများ စနစ်တကျ ပြုလုပ်ခဲ့သည်။ ဦးဘိုးဆင် ဒေါ်သစ်တို့မှ လှူသော ဘုရားကျောင်းဆောင် တစ်ခုကို သင်္ချိုင်းအတွင်း ဆောက်လုပ်ခဲ့သည်။ ဖါသာရ်မိုးဇယ်သည် ချမ်းသာရွာ၌ (၆)နှစ် အုပ်ချုပ်ပြီးနောက် (၁၉၅၉) ခုတွင် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဇော်ဂျီရွာသို့ ပြောင်းရွှေ့၍ ဘာသာဝင်များကို ကြည့်ရှုရပြန်သည်။ ဇော်ဂျီ ရွာသူရွာသားများသည်လည်း ဆင်းရဲ နွမ်းပါးကြသဖြင့် ဘုန်းတော်ကြီး ကိုယ်တိုင် ဦးဆောင်ကာ လယ်ယာများကို ရေစုတ်သွင်းပြီး စိုက်ပျိုးစေရာ အောင်မြင်သဖြင့် ရွာသားများ အသက်ရှု ချောင်လာသည်။

    (၁၉၆၂) ခုနှစ်တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ်၏ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ (၁၉၆၅)ခု စက်တင်ဘာလ (၁၂) ရက်နေ့တွင် ရောမမြို့ ဗာတီကင်နန်းတော်မှ ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ်သည် မန္တလေးမြို့ ရွှေနှလုံးတော် ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ် မိုးဇယ်ဦးဘခင်အား မြန်မာပြည် အထက်ပိုင်း မန္တလေးသာသနာတွင် ဂိုဏ်းချုပ် ဆရာတော်အဖြစ် ဆောင်ရွက်ရန် အမိန့် ထုတ်ပြန်လိုက်သည်။ ထိုအမိန့်ကို မန္တလေးသာသနာ တ၀ှမ်းလုံး သိရှိစေရန် ဂိုဏ်းထောက်ကြီး ဖါသာရ်မင်းနီးယေးက ကြေငြာလိုက်သည်။ (၁၉၆၅) ခု နိုဝင်ဘာလ (၂၁)ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းတော်ကြီး ရှေ့လေဟာပြင်တွင် မဏ္ဍပ်ထိုး၍ ဆရာတော် သိက္ခာတင်ပွဲ အခမ်းအနား ကျင်းပသည်။ သိက္ခာတင်ပွဲတော်သို့ ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ တောင်ကြီး၊ တောင်ငူမှ ဆရာတော်ကြီးများ၊ မန္တလေး ဂိုဏ်းချုပ်သာသနာနယ်မှ ရဟန်း ဘုန်းတော်ကြီးများ ကိုရင်များ၊ သီလရှင်များ၊ ဘာသာဝင်များ၊ တက်ရောက်ကြသည်။ ဆရာတော်လောင်း မိုးဇယ် ဦးဘခင်အား ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ဗီတာဘားဇင်းက သိက္ခာတင်ပေးသည်။ သိက္ခာတင်ပွဲ အခမ်းအနားကို နံနက် (၉း၃၀) နာရီတွင် ပြီးဆုံးသည်။ ဆရာတော် ဦးဘခင်သည် မန္တလေး ဂိုဏ်းချုပ်သာသနာနယ်၏ တတိယမြောက် ဂိုဏ်းချုပ် ဆရာတော်ဖြစ်သည်။ ဒုတိယမြောက် မြန်မာလူမျိုး ဖြစ်သည်။

    ဆရာတော် မိုးဇယ်သည် ချင်းတောင်တန်း၊ ကက်သလစ်သာသနာကို နောက်ဆုံးအကြိမ် ကြည့်ရှုရန်အတွက် (၁၉၇၈) ခု အောက်တိုဘာလ (၃)ရက် အင်္ဂါနေ့ နံနက် (၉)နာရီ မိနစ်(၂၀)အချိန်တွင် မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်မှ လေယာဉ်ဖြင့် စတင် ထွက်ခွာခဲ့သည်။ လေယာဉ်တက်သွားပြီး မကြာမီ စက်ချွတ်ယွင်းသဖြင့် ရုတ်တရက် စစ်ကိုင်းမြို့ အနီး ဧရာဝတီမြစ်ကမ်း သဲသောင် ပေါ်သို့ လေယာဉ် ထိုးဆင်းလိုက်ရသည်။ လေယာဉ်မယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်။ ဆရာတော်မိုးဇယ်မှာ ပြင်းထန်စွာ ဒဏ်ရာ ရသည်။ ခြေတစ်ဘက်နှင့် လက်တစ်ဘက် ကျိုးသွားသည်။ မန္တလေးမြို့ ပြည်သူဆေးရုံကြီးမှ သမားတော်ကြီးများ အစွမ်းကုန် ကုသသော်လည်း (၁၉၇၈)ခု အောက်တိုဘာလ (၁၀) ရက် အင်္ဂါနေ့ နံနက် (၉)နာရီ (၄၅)မိနစ် အချိန်တွင် ပျံလွန်တော်မူသည်။ ဆရာတော် အာလ်ဖုန်း ဦးသန်းအောင်နှင့် ဖါသာရ် သြဂုတ်စတင်း ဦးစိုတို့ ဦးစီးကာ လူပုဂ္ဂိုလ် (၂၀) ပါဝင်သော ဈာပနကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်။ ဆရာတော်ကြီး အေ ဦးဘခင်၏ ရုပ်ကလပ်ကို ဂိုဏ်းချုပ်ဆရာတော် ကျောင်းတိုက်တွင် (၁၀.၁၀.၇၈) အင်္ဂါနေ့မှ (၁၄.၁၀.၇၈) စနေနေ့အထိ မန္တလေးမြို့သူ မြို့သားများနှင့် ရပ်ဝေး ရပ်နီးရှိ ဘာသာဝင် မိတ်ဆွေသင်္ဂဟများ လာရောက် ဖူးမျှော် ဂါရ၀ပြုနိုင်ရန် (၅)ရက် တိတိထားသည်။

    (၁၄.၁၀.၇၈) စနေနေ့ ညနေ (၃)နာရီ တိတိအချိန်တွင် ဆရာတော်၏ ကျောင်းတိုက်မှ ဆုတောင်း ပဌာနာပြုသည်။ ထို့နောက် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတော်သို့ ဆရာတော်၏ ကြည်ညိုဖွယ်ကောင်းသော ရုပ်ကလပ်ကို သယ်ဆောင်ကြသည်။ ကာသီရယ် ဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ ကြီးကျယ် မြင့်မြတ်၍ အခမ်းနားဆုံး မစ္ဆားပူဇော်ပွဲကြီးကို ပြည့်စုံ သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မစ္ဆားပူဇော်ခြင်းတွင် ဆရာတော်ကြီး (၄)ပါး ရဟန်းတော်အပါး (၄၀) သီလရှင်အပါး (၈၀) ကိုရင်အပါး (၄၀) အစိုးရဌာန အသီးသီးမှ ပုဂ္ဂိုလ်များ ပါတီကောင်စီဝင်များ၊ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဆရာမများ၊ မန္တလေး ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်မှ ပါမောက္ခများ၊ နိုင်ငံခြား သံတမန်များ၊ သင်းကွဲ ခရစ်ယာန် ရဟန်းတော်များ၊ မိတ်ဆွေသင်္ဂဟများနှင့် ရပ်နီး ရပ်ဝေးမှ ဘာသာဝင် လေးထောင်ကျော် တက်ရောက်ကြသည်။ ဆရာတော် အာလ်ဖုန်း ဦးသန်းအောင်က မစ္ဆားပူဇော်ခြင်း အခမ်းအနားတွင် ဆရာတော်အေ-ဦးဘခင် အကြောင်းနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အထုပတ္တိကို ရှင်းပြသောအခါ ဂါရ၀ပြုပွဲသို့ လာကြသူ (၄၀၀၀)ကျော်တို့ မှာ ၀မ်းနဲမဆုံး ဖြစ်ကြသည်။

    မစ္ဆားပူဇော်ပွဲ အပြီးတွင် ဆရာတော်အေ-ဦးဘခင်၏ ရုပ်ကလပ်ကို အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးနည်းဖြင့် အေလမ်း ခရစ်ယာန် သုသန်သို့ပို့ရန် စီစဉ်ပါသည်။ ဆရာတော်၏ ရုပ်ကလပ်တင်ထားသော ပန်းကားကြီးက နောက်ဆုံး ဂါရ၀ပြုသည့် အနေဖြင့် ထယ်ဝါ လှပါ၏။ ဆရာတော်အား ရွှေထီး (၄)လက် မိုးပေးပါသည်။ ဆရာတော် အိပ်စက်နားစက်ရာ တံတင်းက ထရာဗီဇီယံပုံနှင့် ကြီးမား မြင့်မြတ်စွာ ပြုလုပ်ထားပါသည်။ ဖြူလွှလွ တက်ရွန်ပိတ်ပေါ်တွင် ခရမ်းနုရောင် ပန်းပွင့်ကလေးများက ဆရာတော်၏ နာမည်ကို ပီပီပြင်ပြင် ကြည်ကြည်ညိုညို ရေးထိုးထားပါသည်။ ရှေ့မှာ စိမ်းလန်းသော ကျောက်ပန်း နှင်းဆီတို့ဖြင့် ပြုလုပ်ထားသော လက်ဝါးကပ် ပုံသဏ္ဍာန်မှာ ဆရာတော်အား ဂါရ၀ပြုထားပါသည်။ ဘာသာဝင် အသီးသီးနှင့် ဌာနအသီးသီးမှ ပေးပို့ကြသော လွမ်းသု့ ပန်းခွေများမှာ ပြောမဆုံးအောင် များပြားလှပါသည်။ ဘာသာတူအုပ်စုမှ လူငယ်မောင်မယ် (၁၀၀)ကျော်တို့သည် ၀မ်းနဲကြေ ကွဲသော အထိမ်းအမှတ်အဖြစ် လုံချည်အနက် အင်္ကျီအဖြူကို ၀တ်ဆင်၍ မျက်လွှာကလေးများ ချကာ ဆရာတော်၏ ပန်းကား၊ ပန်းရထားရှေ့မှာ ၀မ်းနည်းမဆုံး ယူကြုံး မရဖြစ်ကြရသည်။ သူုတို့က ဆရာတော်၏ ရုပ်ကလပ်ကို နောက်ဆုံး ကြည်ညိုသော အားဖြင့် ပန်းကား ပန်းရထားကို ကြိုးဖြင့် ဆွဲပြီး ဆရာတော်အား ကောင်းကင်ဘုံသို့ ပို့ဆောင်မည့်သူများ ဖြစ်ကြသည်။ ရှေ့ဆုံးမှ ခရစ္စတုူးတိုင် ဖယောင်းတိုင်ကိုင် တရားထောက်များ၊ တရားထောက်များ နောက်မှ လုံချည်အနက် အင်္ကျီအဖြူ ၀တ်ဆင်ထားသော ဘာသာတူ လူငယ် မောင်မယ်တို့က ဆရာတော်၏ ရုပ်ကလပ် ပန်းကား ပန်းရထားကို ကြိုးဖြင့် ဆွဲ၍ ကာသီဒရယ် ကျောင်းတော်မှ စတင် ထွက်ခွာလေသည်။ ပန်းကား ပန်းရထား၏ တဘက်စီတွင် ရဟန်းတော်များ ကိုရင်များ ခြံရံ၍ ဆရာတော်အား နောက်ဆုံး ဂါရ၀ပြုခြင်း အနေဖြင့် ဓမ္မသီချင်းများ သီဆိုကြပါသည်။ စိပ်ပုတီး စိပ်ခြင်းဖြင့် မေတ္တာဘာဝနာ ပွားများကာ ဆရာတော်ကြီးအား ဂါရ၀ပြုပြီး လိုက်ပါ ပို့ဆောင်ကြပါသည်။ ပန်းကား၏ နောက်မှ ဆရာတော်ကြီး တပါးစီ စီးသော မော်တော်ကားငယ်များ၊ ရဟန်းတော်များ၏ မော်တော်ယာဉ်များ၊ သီလရှင်များ၏ မော်တော်ယာဉ်များ၊ ကိုယ်ပိုင် ယာဉ်ငယ်များ၊ ဘစ်ကားကြီးများ စီကာ စဉ်ကာ စနစ်တကျတန်းစီ ပို့ဆောင်ကြသည်။ ပို့ဆောင်သော ကားအစီးပေါင်းမှာ မန္တလေးမြို့တွင် မကြုံစဖူး ထူးကဲစွာ ကားကြီးကားငယ် အသွယ်သွယ်တို့ (၁၅၀)ကျော် ခန့် ရှိလေသည်။

    ဆရာတော်၏ ပန်းကားနှင့် ပန်းရထားမှာ ဗထူး အားကစားကွင်း အနောက်ဘက်သို့ ရောက်ရှိနေသော်လည်း၊ ကားများ ကာသီဒရယ်ကျောင်းမှ ထွက်ဆဲဖြစ်နေသည်ကပင် မည်မျှ ကြီးမား ကျယ်ပြန့် စည်ကားသည်ကို သိရှိနိုင်ပါသည်။ (၂၆) လမ်း ကျုံးဘေးတလျှောက် ဆရာတော်၏ ပန်းကား ပန်းရထားသွားရာ လမ်းကြောင်းတွင် မန်းပရိဿတ်ကြီးမှ မြင်ရသူ အံ့မခန်းလိလိ များပြားလှပါသည်။ သင်္ချိုင်းတွင် နောက်ဆုံး ဂူမသွင်းမီ ဂါရ၀ပြုကြရာတွင် သင်္ချိုင်းတော်အတွင်း လူများ ပြည့်ကြပ် သွားလေသည်။ ချင်းတောင်တန်း သာသနာဆိုင်ရာ ပုဂ္ဂိုလ်တို့ကလည်း ဆရာတော်အေ=ဦးဘခင်အား နောက်ဆုံး ဂါရ၀ပြုသည့်အနေနှင့် လွမ်းဆွတ် တသသော စာတမ်းများ ဖတ်ပြီး ဆရာတော်ကြီး ဦးဘခင်၏ ရုပ်ကလပ်ကို ဂူုသွင်း သင်္ဂြိုလ်လိုက်ပါသည်။

ဆက်ရန် -