Friday, October 18, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၀)


 ဖါသာရ် နီကောလာစ် ဦးဝန် (၁၈၈၆-၁၉၅၂)
(Fr. Nicholas U Win)
    ဖါသာရ် နီကောလာစ် ဦးဝန်သည် (၁၈၈၆)ခု စက်တင်ဘာလ (၂၂)ရက်နေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဖနှစ်ပါးမှာ ဆရာသောင်းနှင့် ဒေါ်အုန်းတို့ ဖြစ်သည်။ (၁၉၁၇)ခုတွင် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ရဟန်းဖြစ်သင်ကျောင်း မ၀င်မီ မန္တလေး စိန်ပီတာကျောင်းတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၂၈) ခုနှစ်တွင် ရဟန်းသိက္ခာ ခံသည်။ ရဟန်းသိက္ခာခံပြီးနောက် (၁၉၂၉) မှ (၁၉၃၄)ခုနှစ်အထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် အမှုထမ်းဆောင်ရသည်။ (၁၉၃၄) ခုတွင် မန္တလေးမြို့ သံဝင်းရပ် စိန်မိုင်ကယ်ကျောင်းသို့  ပြောင်းရွှေ့၍ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ အကြို အခြေခံရဟန်းဖြစ် သင်ကျောင်းသားကိုလည်း ထိန်းသိမ်းရသည်။ (၁၉၅၂)ခုနှစ် ဇန္န၀ါရီလ (၁၉)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

ဖါသာရ်စတီးဗင်း ဦးဘအို (၁၈၉၆-၁၉၇၀)
(Fr.Stephen U Ba Oo)
    ဖါသာရ် စတီးဗင်းဦးဘအိုသည် စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ နဘက်ရွာတွင် (၁၈၉၆)ခုနှစ် ဧပြီလ (၁၂)ရက်နေ့၌ အဖဦးပေ အမိဒေါ်အိုဘော်တို့မှ မွေးဖွားခဲ့သည်။ ငယ်စဉ်အခါ နဘက်ရွာရှိ စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ရာ (၁၆)နှစ်တွင် ပဉ္စမတန်းအောင်ပြီး မန္တလေးမြို့ ဖါသာရ်လဖုန်းကျောင်း ပြောင်း၍ ပညာ ဆက်လက်သင်ကြားခဲ့သည်။ (၁၉၁၈) ခုနှစ်တွင် ၄င်းကျောင်းမှ အင်္ဂလိပ်မြန်မာ သတ္တမတန်း အောင်မြင်ခဲ့သည်။ ထိုနှစ်တွင်ပင် မေမြို့ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ မေမြို့တွင် (၃)နှစ် သင်ကြားပြီးနောက် (၁၉၂၁)ခုနှစ်တွင် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်သို့သွား၍ ပညာဆည်းပူးခဲ့သည်။ ပီနန် ရဟန်းဖြစ်တက္ကသိုလ်တွင် (၇)နှစ် သင်ကြား၍ ဦးပဉ္စင်းသိက္ခာ အသီးသီး ခံယူခဲ့သည်။ (၁၉၂၉)ခု ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်းတော်ကြီး၌ ဆရာတော်ကြီး ဖူလ်ကီးယေးလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာခံယူပြီး ဇွန်လ (၂၄) ရက်နေ့တွင် အမရပူရကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပထမဆုံး တာဝန်ပေးခံသည်။ (၁၉၃၄)ခုတွင် မိထ္ထီလာ၊ ရမည်းသင်း၊ သာစည်မြို့ရှိ ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၃၇)ခု ဒီဇင်ဘာလ (၃)ရက်နေ့မှစ၍ တောင်တွင်းကြီး ချင်းရွာများသို့ သွားရောက် သာသနာပြုရသည်။ (၁၉၄၂) ခု မေလ(၂) ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသဖြင့် ဆရာတော်၏ ခွင့်ပြုချက်အရ မိမိမွေးဖွားရာ နဘက်ရွာ၌ ခေတ္တ သွားရောက်ခိုလှုံနေခဲ့သည်။ (၁၉၄၅)ခု ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ ရမည်းသင်းနယ်ကို ပြန်သွား၍ ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၄၇)ခုတွင် ချောက်မြို့၊ ရေနံချောင်းမြို့များသို့ သွားရောက်၍ တနှစ်ခန့် တာဝန် ထမ်းဆောင်ရသည်။ ထိုမှ တဆင့်(၁၉၄၉) ခု မတ်လမှ (၁၉၅၃) ခု ဇန္န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ ဖါသာရ် စတီးဗင်း လက်ထက်တွင် မြွေဆေးကု ဆရာကြီး ဦစီ+ဒေါ်ဖွားရင်တို့က မယ်တော်ဂူလိုင်ကို ချမ်းသာရွာပုံစံအတိုင်း ဆောက်လုပ် လှူဒါန်းခဲ့သည်။

(၁၉၅၃) ဖေဖေါ်ဝါရီလတွင် အမရပူရကို ဒုတိယအကြိမ် တာဝန်ယူရသည်။ (၁၉၅၄)ခုတွင် ရဟန်းဝါတော် (၂၅)နှစ်ပြည့်မြောက် သဖြင့်အမရပူ၌ ငွေစင်ဂျူဗလီပွဲတော် ကျင်းပခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် မန္တလေးကာသီဒရယ်ကျောင်း၌ လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ (၁၉၅၈)ခုနှစ် မတ်လ (၁၂) ရက်ဗုဒ္ဓဟူးနေ့၌ မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဖါသာရ်စတီးဗင်း မုံလှရွာ၌ နေထိုင်စဉ် ဘုရားကျောင်းဝင်း၏ အရှေ့ဘက် အနောက်ဘက်နှင့် တောင်ဘက်တို့တွင် အုတ်တံတိုင်းများ ကာရံခဲ့သည်။ ဖါသာရ်စတီးဗင်းသည် (၁၉၇၀)ခုနှစ် မတ်လ (၁၄)ရက်နေ့တွင် မိမိမွေးဖွားရာ ဇာတိ နဘက်ရွာသို့ သွားရောက် အနားယူသည်။ ထိုနှစ် ဂျွန်လ (၂)ရက်နေ့တွင် ပျံတော်မူသည်။

။ ဆရာ ဦးမြမောင် (မုံလှ)၏ မှတ်တမ်း။

ဖါသာရ်အန္ဒြူး ဦးဘချို (၁၉၀၂-၁၉၆၆)
(Fr. Andrew U Ba Cho)
    ဖါသာရ်အန္ဒြူး ဦးဘချိုသည် (၁၉၀၂)ခု ဂျွန်လ (၂၆)ရက်နေ့တွင် ချောင်းဦးမြို့၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးနွေ ဒေါ်ပွင့်တို့ဖြစ်သည်။(၁၉၁၃) ခုနှစ် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ (၁၉၂၉)ခု ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူသည်။ (၁၉၂၉)ခု မှ (၁၉၃၀)အထိ နဘက်ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၃၀)တွင် ချမ်းသာရွာသို့ ပြောင်းရွှေ့၍ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရူရသည်။

    (၁၉၃၂) မှ (၁၉၃၈)အထိ ကျောင်းထိုင်ဘုန်းကြီးအဖြစ်နှင့် နဘက်ရွာကို ကြည့်ရှု အုပ်ချုပ်ရသည်။ မြင်းခြံနှင့် ပခုက္ကူ ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ပခုက္ကူမှ ဘုံဘေဘားမားသစ် ကံထရိုက် မစ္စတာစတော့၏ လှူဒါန်းငွေဖြင့် ယခင် အုပ်ခုံပေါ်တွင် (၆၇)ပေအမြင်ရှိ့်သော နဘက်ခေါင်းလောင်းစင်ကို ဆက်လက် ဆောက်လုပ်ရာ (၁၃၇)ပေမြင့်သော ခေါင်းလောင်းစဉ်ပြီး သွားသည်။
ခေါင်းလောင်းစင်အမြင့်
    (၁) အခြေခံအုတ် = ၇၀ ပေ။ (၂) နောက်ထပ်ဆင့် = ၁၂ပေ
    (၃) အချွန်      = ၄၀ ပေ။  (၄) ကမ္ဘာလုံး       = ၃ပေ
     (၅) ခရစ္စတုူးတိုင်=၁၂ ပေ။  (၆) စုစုပေါင်း       =၁၃၇ပေ။

    ထိုနောက် ဖါသာရ်အန္ဒြူးသည် ရွာသားများ၏ လုပ်အားဖြင့် လူဒယ်မယ်တော်ဂူလိုင်ကို ဆောက်လုပ်ခဲ့သည်။

    ဖါသာရ်အန္ဒြူးသည် (၁၉၄၀)ခုလောက်မှ စ၍ (၁၉၄၆)ခု အထိ သရက်ခုန်ရွာတွင် ကျောင်းထိုင်ခဲ့သည်။ ဘုန်းကြီးနေရန် ကျောင်းလည်း ဆောက်လုပ်ခဲ့သည်။ အပြီးမသတ်ခဲ့ပေ၊ စာသင်ကျောင်းဖွင့်၍ ဓမ္မဆရာများနှင့် စာသင်ပေးခဲ့သည်။ ဂျပန်ခေတ်နှင့် ကြုံကြိုက်နေ၍ တိုးတက်မှု နည်းသည်။ ဘာသာရေး တိုးတက်မှုရှိသည်။ သင်္ဂျိုင်းအတွက် မြေတကွက် ၀ယ်ထားခဲ့သည်။ ၂ (၁၉၆၆) ခု နိုဝင်ဘာလ (၃)ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

။ တောင်တွင်းကြီး ကက်သလစ်သာသနာ နှစ် (၅၀)ပြည့် စာစောင် ၁၉၉၀ပြည့်နှစ်၊ စာမျက်နှာ-၆

ဖါသာရ်မိုက်ကယ် ဦးဥာဏ်
(Fr.Michael U Nyan)
    ဖါသာရ်မိုင်ကယ် ဦးဥာဏ်သည် ချောင်းဦး ဇာတိဖြစ်သည်။ မိဖနှစ်ပါးမှာ ဦးခဖြူ ဒေါ်တင်တို့ဖြစ်သည်။ (၁၉၁၃)ခုတွင် ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်သည်။ (၁၉၂၉)တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၂၉)ခု ဇွန်လမှ (၁၉၃၀)ခု ဇန္န၀ါရီအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ ၄င်းလက်ထက် ဇူလိုင်လ ရွာတော်ရွာ မီးလောင်ခဲ့သည်။ ထိုနောက် ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်လေအို၏ လက်ထောက်အဖြစ်နှင့် နေထိုင်ခဲ့ရာ (၁၉၃၄)ခုတွင် ဖါသာရ်လေအို ရေဦးမြို့ ရွှေနှလုံးတော် ဘုရားကျောင်း သွားရောက်ဆောက်လုပ်နေစဉ် ချမ်းသာရွာ ဘုန်းကြီးနေကျောင်း မီးလောင်ခဲ့သည်။ ထို့နောက် တောင်ပိုင်း ချင်းတောင် မင်းတပ်မြို့တွင် သာသနာ အမှုတော်ကို ထမ်းဆောင်နေစဉ် (၁၉၄၂) ခုနှစ် ဇန်န၀ါရီလ (၁၂)ရက်နေ့တွင် ပျံတော်မူသည်။

ဖါသာရ်အလက္ကဇန္ဒား ဦးဘသိန်း
(Fr.Alexander U Ba thein)
   ဖါသာရ်အလက္ကဇန္ဒား ဦးဘသိန်းသည် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ဦးဘိုးဆိုင် ဒေါ်မကြီးတို့ ဖြစ်သည်။ (၁၉၁၆)ခုတွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုနောက် ပီနန် ရဟန်းဖြစ်သင်ကျောင်းတွင် (၆)နှစ် ပညာသင်ကြားပြီးနောက် (၁၉၃၁)ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် ကလယ်လူမျိုးတို့ကို ကြည့်ရှုစောင့်ရှောက်ရန် ဆရာတော်ဘုရား၏ ရည်ရွယ်ချက်အတိုင်း ကုလားစာပေကို သင်ကြားပြီးနောက် (၁၉၃၆) မှ (၁၉၄၂) အထိ၊ မန္တလေးမြို့ စိန်ဇေးဗီးယားကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။ ထိုသို့ စိန်ဇေးဗီးယား ဘာသာဝင်များကို ကြည့်ရှုရစဉ် စိန်ဇေးဗီးယား တမီးလ် အင်္ဂလိပ်အလယ်တန်းကျောင်းကို အထက်တန်းကျောင်းသို့ တိုးမြှင့်၍ ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်သည်။

    ဖါသာရ်အလက္ကဇန္ဒားသည် ကလယ်အမျိုးသားတို့၏ ဘာသာရေး ပညာရေးနှင့် မြစ်ငယ်သာသနာရေးပါ ဆောင်ရွက်ရသဖြင့် အလုပ်ကိစ္စ များပြားလှသောကြောင့် ဖါသာရ်ဂျော့မောင်ငယ်က လက်ထောက်အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးသည်။ ဖါသာရ် အလက္ကဇန္ဒားသည် မိမိဆောင်ရွက်ရသော အလုပ်တာဝန် ၀တ္တရားတင်မက သာသနာတော်ကြီးပွား တိုးတက်ရန် နယ်သစ်ဖွင့်လှစ် တည်ထောင်ရန် ကြံရွယ်တော်မူသည့်အတိုင်း မန္တလေးမြို့နှင့် (၁၇)မိုင်ဝေးသော မေမြို့သို့သွားသော လမ်းဘေးအနီး မြစ်ငယ်မြစ် ခေါ် ဒုတ္တာဝတီမြစ်ကမ်းပါးအနီးရှိ ကထီရွာတွင် အခြေစိုက်၍ ပတ်ဝန်းကျင်ဒေသရှိ ကျွဲနဖားရွာ ကျောက်ကြောရွာ၊ စွံရဲရွာ၊ ရွေးလက်ရွဲရွာများပါ တဖြည်းဖြည်း သာသနာပျံ့ပွားအောင် ကြံရွယ်လျက် စာသင်ကြားပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ မွေးစကလေးများကို ဆေးကြောခြင်း မင်္ဂလာပေးခြင်းစသည်တို့ဖြင့် စတင် သာသနာပြုခဲ့သည်။ ဤသို့ဖြင့် ကထီရွာတွင် ၀ါးထရံကာ တဲကျောင်းကလေး ဆောက်၍ စိန်ဇေးဗီးယားကျောင်း စာသင်ပိတ်သောအချိန်၌ တပည့်ကျောင်းသားများနှင့် ဆရာအချို့တို့သည် ထိုနေရာသို့ သွားရောက်လေ့ ရှိကြသည်။

    (၁၉၄၂)ခုတွင် ဗြိတိသျှအစိုးရမင်းများ မြန်မာပြည်မှ ထွက်ခွာ၍ ဂျပန်များ ၀င်ရောက်လာကြသည်။ ဂျပန်များ ကျောက်ဆည် ပတ်ဝန်းကျင်သို့ ရောက်လာသောအချိန်တွင် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦးကြီးများကို ဂျပန်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်။ (၁၉၄၂)ခု ဧပြီလ (၃)ရက်နေ့ သောကြာနေ့ကြီးတွင် မန္တလေးမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ ဗုံးတလုံးသည် စိန်ဇေးဗီးယားဘုရားရှိခိုးကျောင်းနှင့် ကွန့်ဗင့်ကျောင်းကြားတွင် ကျ၍ မီးလောင်ပေါက်ကွဲရာ ဘုရားကျောင်းအတွင်းရှိ သီလရှင် (၂)ပါးနှင့် ကွန့်ဗင့်ကျောင်းတွင်ရှိသော မိန်းမကြီးတစ်ဦးတို့ ဗုံးဒဏ်ကြောင့် ကွယ်လွန်ကြရရှာသည်။ ဗုံးဒဏ်ကြောင့် စိန်ဇေးဗီးယားဘုရားကျောင်း၊ ဘုန်းကြီးနေကျောင်း၊ စာသင်ကျောင်း သီလရှင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်စီးရသည်။ စိန်ဇေးဗီးယားကျောင်းကို ဗုံးထိသဖြင့် ကျောင်းအိပ် ကျောင်းစား ဘော်ဒါကျောင်းသူကလေးများ သီလရှင်အချို့နှင့် ဘာသာဝင်အချို့ကို ကထိီရွာသို့ ရွှေ့ပြောင်းကြသည်။ ထိုနောက် သီလရှင်များနှင့် ကျောင်းသူကလေးများအား ဆရာတော်ကြီးက ပြန်ခေါ်ပြီး စစ်ဘေးကင်းရာ ဗန်းမော်သို့ပို့သည်။

    သီလရှင်များ ပြောင်းရွှေ့သွားပြီး မကြာမီ တနေ့တွင် ည (၇)နာရီခန့်အချိန်လောက် လူဆိုးဓားပြ (၂၀၀)ကျော်လောက် လာရောက်ကြပြီး ကျောင်းကို ၀ိုင်းကာ သေနတ်ဖြင့် ပစ်ကြသည်။ ဖါသာရ်အလက္ကဇန္ဒားမှာ သေနတ်ထိမှန်၍ ပြင်းစွာဒဏ်ရာရပြီး လဲနေသည်။ ကျောင်းအောက်ရှိ ဘာသာဝင်တချို့မှာ သေနတ်ထိမှန်ကြသော်လည်း ဒဏ်ရာ မပြင်းထန်သဖြင့် ထွက်ပြေး တိန်းရှောင်နိုင်ကြသည်။ ဓားပြများသည် ကျောင်းပေါ်သို့ တက်၍ ဘုန်းတော်ကြီးများကို လိုက်လံရှာဖွေကြရာ သေနတ်ထိမှန်သော ဖါသာရ် အလက္ကဇန္ဒားကို ပွေ့ဖက်ကူမလျက်ရှိသော ဖါသာရ်ဂျော့အား တွေ့ရသည်။ ဘုန်းတော်ကြီးက အမျိုးမျိုး တောင်းပန်သော်လည်း ပါရှိ လာသော ဓားဖြင့် ဘုန်းတော်ကြီးအား အပိုင်းပိုင်း ခုတ်သတ်ကြလေသည်။ တွေ့ရှိသမျှသော ကျောင်းသား ကလေးများကိုလည်း ဓားနှင့် အပိုင်းပိုင်း ခုတ်သတ်ပြီး၊ အစပြုတ်အောင် ကျောင်းကိုပါ မီးရှို့ပစ်ကြသည်။ မီးလောင်ပြီး ကြွင်းကျန်ရစ်သော ဘုန်းတော်ကြီးများ၏ အရိုးများကို ဇော်ဂျီဘုန်းတော်ကြီးက သယ်ယူ၍ ဇော်ဂျီသင်္ချိုင်းတွင် သင်္ဂြိုလ်သည်။

ဖါသာရ်လောရင်း ဦးဖိုးရှိန် (၁၉၀၄-၁၉၆၆)
(Fr.Laurence U Po Shein)
    ဖါသာရ် လောရင်း ဦးဖိုးရှိန်သည် (၁၉၀၄) ခု စက်တင်ဘာလ (၂၇)ရက်နေ့တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးထွန်းဝနှင့် ဒေါ်နားကြီးတို့ ဖြစ်သည်။ (၁၉၁၈) ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ထိုမှတဆင့် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီးနောက် (၁၉၃၁) ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်းသိက္ခာ ခံယူခဲ့ ပြီးနောက် (၁၉၃၃)ခု ဧပြီလမှ (၁၉၃၆)ခု ဇန်န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရှု ခဲ့ရသည်။ ဖါသာရ်အာလိုက်ဆီ စတင် ဆောက်ခဲ့သော ဘုရားရှိခိုးကျောင်းကို ပြီးစီးအောင် ဆောက်လုပ်ခဲ့သည်။

    ဖါသာရ်လောရင်းသည် ဂျပန်ခေတ်တွင် ဇော်ဂျီ၌ သီတင်းသုံးသည်။ သွားလာရေး လွယ်ကူစေရန် ကိုယ်ပိုင်မော်တော် ဆိုင်ကယ်တစီး ၀ယ်ထားသည်။ လိုင်စင်ဖြင့် ကိုင်ဆောင်သော ခြောက်လုံးပြူးသေနတ်လည်း ရှိသည်။ ဂျပန်တို့က အင်္ဂလိပ် သူလျှိုဟုထင်သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တို့သည် ဘုန်းတော်ကြီး မစ္ဆားပူဇော်ခြင်းကို တရားဟောသည်ဟု ခေါ်လေ့ရှိကြသည်။ ဘာသာဝင် အချင်းချင်း နားလည်ကြသော်လည်း ဘာသာပများ နားမလည်ကြပေ။ တနေ့တွင် ဂျပန်ထောက်လှမ်းရေးက ဘုန်းတော်ကြီး ဖါသာရ်လောရင်း မြောက်ကိုင်းရွာကို ဘာလာလုပ်သလဲဟု မေးသည်။ ရွာသားတချို့က တရားဟောရန် လာသည်ဟု ဖြေသည်။ မစ္ဆားပူဇော်ရန် လာသည်ဟု ဆိုလိုသော်လည်း ဂျပန်ထောက်လှမ်းရေးက နိုင်ငံရေးတရား ဟောရန်လာသည်ဟု နားလည်သည်။ သို့ဖြစ်၍ ဖါသာရ်လောရင်းအား ဖမ်းဆီး ချုပ်နှောင်သည်။ အမျိုးမျိုး ညှင်းပန်း နှိပ်စက်သည်။ ညှင်းပန်းနှိပ်စက်မှု ပြင်းထန်သဖြင့် စိတ်ထိခိုက် သွားခဲ့သည်။

    ဖါသာရ်လောရင်းသည် (၁၉၄၇)မှ (၁၉၄၉)အထိ ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်ခဲ့သည်။ ဘော်ဒါကျောင်းကို ဆက်လက် ထိမ်းသိမ်းခဲ့သည်။ မိန်းကလေးများအတွက် စက်ယက္ကန်း စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သာသနာပျံ့ပွားရေး အတွက် (၃)နှစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်တို့၏ ညှင်းဆဲ နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဝေဒနာ ခံစားမှု ပြင်းထန်လာသဖြင့် မန္တလေးသို့ ပြန်၍ အနားယူခဲ့သည်။ ၁ (၁၉၆၆)ခု ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ရန်ကုန်၌ ပျံတော်မူသည်။

၁။ တောင်တွင်းကြီး ကက်သလစ်သာသနာ နှစ် (၅၀)ပြည့် စာစောင် ၁၉၉၀ပြည့်နှစ်၊ စာမျက်နှာ-၆

ဖါသာရ် ရာဖါအဲလ်-ဦးဘရီ (၁၉၀၆-၁၉၇၈)
(Fr.Raphael U Ba Yi)
    ဖါသာရ် ရာဖါအဲလ် ဦးဘရီသည် (၁၉၀၆)ခု နိုဝင်ဘာလ (၁၅)ရက်နေ့တွင် နဘက်ရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးဘိုးစံနှင့် ဒေါ်ပိုတို့ ဖြစ်သည်။ မန္တလေးမြို့ စိန်ပီတာ အထက်တန်းကျောင်းတွင် (၈)တန်းအထိ ပညာ သင်ကြားခဲ့သည်။ ထိုမှတဆင့် (၁၉၂၄)တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်ရောက်သည်။ မေမြို့ ရဟန်းဖြစ်သင်ကျောင်းမှ ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်သို့ သွားရောက် ပညာသင်ကြားပြီး (၁၉၃၃)ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၉၃၄)ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်ဘုန်းတော်ကြီး ဗလီးဘေး၏ လက်ထောက်အဖြစ် ခန့်ထားခြင်း ခံရသည်။ ထိုအချိန်မှ စ၍ မေမြို့ရဟန်းဖြစ်သင်ကျောင်း စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၄၂)ခု မေမြို့ကို ဂျပန်များ ဗုံးချသောအခါ ဖါသာရ် ရာဖါအဲလ်သည် ရဟန်းဖြစ်သင် ကျောင်းသားများဖြစ်သော မောင်ခင်မောင်၊ မောင်ညီညီ၊ မောင်ဘသောင်း၊ မောင်ထွန်းရွှေ၊ မောင်ဖိးလစ်၊ မောင်မိုင်ကယ်၊ မောင်လောဖူ၊  မောင်လောင်းမြင်တို့နှင့် အတူ ချမ်းသာရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုနောက် (၁၉၄၅)ခုမှ (၁၉၄၈)ခု ဇန္န၀ါရီလအထိ ပန်ရန်ရွာတော်ဘာသာဝင်များကို ကြည့်ရူရသည်။ (၁၉၄၇)ခုနှစ်တွင် ဆရာတော်ကြီး ဖါးလီးယေးသည် ဗုံးဒဏ်ကြောင့် အမိုးမရှိ ပရိဘောမရှိ ပျက်စီးနေသော မေမြို့ ရဟန်းဖြစ်သင်ကျောင်းကို အမြန်ဆုံး ပြင်ဆင်စေခဲ့သည်။ ယင်းသို့ ရဟန်းဖြစ်သင်ကျောင်း ပြင်ဆင်နေသည့် အတွင်း၊ ပရန်တော်တွင် အခြေခံ ရဟန်းဖြစ်သင်ကျောင်းကို ပြန်လည်ဖွင့်လှစ်၍ ဖါသာရ် ရာဖါအဲလ် ဦးဘရီအား ကျောင်းအုပ်အဖြစ်၎င်း၊ (၁၉၄၆)ခုနှစ်က ချမ်းသာရွာ၌ သိက္ခာခံယူခဲ့သော ဖါသာရ် ဖိလစ်ဦးလင်းအား လက်ထောက်အဖြစ် ခန့်ထားလျက် စစ်နှင့် ကြုံကြိုက်၍ ပညာကောင်းစွာ မသင်ကြားခဲ့ရသော ကျောင်းသားဟောင်း (၁၈)ယောက်တို့အား စာသင်ကြားစေသည်။    

 ဖါသာရ်ရာဖါအဲလ်သည် (၁၉၅၂)ခုနှစ် မှ (၁၉၆၇)ခုနှစ်အထိ ချောင်းဦိး ဘာသာဝင်များနှင့် မုံရွာဘာသာဝင်များကို ကြည့်ရှုရသည်။ (၁၉၅၆)ခုနှစ် မုံရွာမီးကြီး လောင်သည် ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်းမှ လွဲ၍ အားလုံး မီးလောင်ကျွမ်းခံရသည်။ ဖါသာရ် ရာဖါအဲလ်က ဘုရားကျောင်းကို ၀င်းခြံ ပြန်ကာသည်။ ကျောင်းဝင်းအတွင်း ချောင်းဦးက ဘာသာဝင်များ လာရောက် နေထိုင်ကြသည်။ ထိုအချိန်တွင် သာသနာကိစ္စနှင့် ပတ်သက်လို့ ဆရာတော် ဂျိုးဇက်ဦးဝင်းက (၁၉၅၇)ခုနှစ် ဇွန်လ (၇)ရက်နေ့စွဲဖြင့် မန္တလေးသာသနာ ဘုရင်ဂျီ ဘုရားကျောင်းမြေ အတွင်း မှီတင်းနေထိုင်ကြကုန်သော ဘာသာဝင်များ လိုက်နာရန် စည်းကမ်းချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။

မန္တလေး ကက်သလစ်သာသနာ ဘုရင်ဂျီဘုရားကျောင်း မြေအတွင်း
မှီတင်းနေထိုင်ကုန်သော ဘာသာဝင်များ လိုက်နာရန်
စည်းကမ်းချက်များ
 ၁။ အိမ်ဆောက်နေရန် မြေကွက်ကို သက်ဆိုင်ရာ ဘုန်းတော်ကြီးထံမှ လျောက်တောင်းရမည်။
 ၂။ ယာယီအိမ်များကိုသာ ဆောက်လုပ်ရမည်။ အခြားခိုင်မာသော တိုက်တာအိမ်များကို ခွင့်မပြု။
 ၃။ ဆောက်လုပ်ရန် ခွင့်ရသောသူသည် အသင်းတော်က သာသနာအတွက် အဆောက်အအုံပြုလုပ်ရန် အလိုရှိသောမြေကို ပြန်အပ်နှင်းရန် ပဋိညာဉ် ပြုလုပ်ရမည်။
 ၄။ ဘာသာတူ အချင်းချင်းမှ တပါး မိမိအိမ်ကို အငှားချစားခြင်း မပြုလုပ်ရန် လုံးဝ တားမြစ်သည်။
 ၅။ အကြောင်းတစုံတခုကြောင့် အခြားအရပ်သို့ ကြာမြင့်စွာ ပြောင်းရွှေ့နေထိုင်သော် မိမိအိမ်ကို ဖျက်ယူ၍ မြေကွက်ကို ဆိုင်ရာ  ရဟန်းအား ပြန်အပ်နှင်းရမည်။
 ၆။ မိမိ အိမ်ဝင်းအတွင်း၌ အခြားသူများ အိမ်ဆောက် နေထိုင်ခွင့် မပြုရ။
 ရ။ ဘုရားကျောင်းမြေပေါ်ရှိ မိမိတို့အိမ်ကို ရောင်းခွင့်ရှိသည် သို့သော် ၀ယ်သူသည် ဘာသာဝင်မဟုတ်က ၄င်းအိမ်ကို ဖျက်ယူသွား  စေရမည်။
 ၈။ တစ်အိမ်ထောင် ဘာသာတူ တဦးလျှင် အိမ်ယာ တကွက်သာ ခွင့်ပြုမည်။
 ၉။ အိမ်ရာတကွက်လျှင် (ပေ၄၀xပေ၅၀) ပတ်လည်သာ ခွင့်ပြုမည်။
                ဆရာတော်
  J.U Win
                   Mandalay
                    ၇.၆.၅၇

    (၁၉၆၅) ခုနှစ် ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် မုံရွာ၌ မီးကြီး လောင်ပြန်သည်။ အိမ်ခြေ (၁၅၀) မီးလောင်ရာ ကက်သလစ် ဘာသာဝင် အိမ်ခြေ (၄၀) မီးလောင်ကျွမ်းခံရသည်။ ဖါသာရ် ရာဖါအဲလ်သည် ချောင်းဦး မယ်တော်ဂူလိုင် တည်ဆောက်ခဲ့သည်။ (၁၉၆၇)ခုနှစ် ချောင်းရိုးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ ချောင်းရိုး ကျောင်းထိုင်ဘုန်းတော်ကြီးအနေနှင့် ရေဦး ညောင်ကိုးပင် ဘာသာဝင်များကိုလည်း ကြည့်ရှုရသည်။ ဘာသာရေး စာပေ တိုးတက်ပြန့်ပွားရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ (၁၉၇၇) ဒီဇင်ဘာ (၇)ရက်နေ့က ဘာသာပြန် ကိစ္စဆောင်ရွက်ပြီး မန္တလေးက ပြန်သွားသည်။ ခရစ္စမတ်ပွဲတော်တွင်လည်း ရေဦး၊ ချောင်းရိုး၊ ညောင်ကိုးပင်၊ မြို့ရွာများကို လွန်းပျံသွား၍ ပွဲ ကျင်းပပေးရသည်။ (၁၉၇၈)ခု ဇန္န၀ါရီလ (၁)ရက်နေ့တွင် ချောင်းရိုး၌ ပျံတော်မူသည်။


ဆက်ရန် -