Friday, October 11, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၈)


ဖါသာရ် လူဝီ-ဦးချိပ် (၁၈၈၁-၁၉၆၀)
Fr. Lowis
    ဖါသာရ် လူဝီ ဦးချိပ်သည် ခရစ်သက္ကရာဇ် (၁၈၈၁)ခုနှစ်တွင် ချမ်းသာရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးစံရ-ဒေါ်နီတာတို့ ဖြစ်သည်။ ဖါသာရ်လူဝီဦးချိပ်၏ အဘိုးဦးဘိုးစာက ချောင်းဇုံရွာသား သီပေါမင်း၏ အမှုထမ်းတစ်ဦးဖြစ်သည်။ အယူသီး ဗုဒ္ဓ၀ါဒီတဦးလည်း ဖြစ်သည်။ ဦးဘိုးစာသည် ချမ်းသာရွာသူ ဒေါ်မယ်ကြွယ်နှင့် အိမ်ထောင်ကျသည်။ ဘာသာကွဲ လက်ထပ်သည်။ ၄င်းတို့မှ ဖါသာရ်လူဝီဦးချိပ်၏ မိခင် ဒေါ်နီတာကို မွေးသည်။ ဒေါ်နီတာမှာ ချမ်းသာရွာ ဦးစံရနှင့် အိမ်ထောင်ကျသည်။ ဦးစံရ ဒေါ်နီတာတို့မှ မဖွားရှိန်၊ မောင်ချိပ်၊ မဖွားစိန်ဟူ၍ သားသမီ (၃) ယောက် ထွန်းကားသည်။ မောင်ချိပ် (၅)နှစ်သား အရွယ်တွင် အဖွားဒေါ်မယ်ကြွယ် ကွယ်လွန်သည်။ မရှေးမနှောင်းမှာပင် ဖခင် ဦးစံရ ကွယ်လွန်ပြန်သည်။ ဒေါ်နီတာတို့ မိသားစုမှာ အဘိုးရှိရာ ချောင်းဇုံရွာသို့ ရွှေ့ပြောင်း နေထိုင်ကြသည်။ မောင်ချိပ် (၈)နှစ်သားအရွယ်တွင် အဘိုးဖြစ်သူ ဦးဘိုးစာက ဗုဒ္ဓဘာသာ ထုံးစံအရ အလှူပေးသည် သင်္ကန်း စည်းပေးလိုက်သည်။ ကိုရင်ဘ၀ (၂)၀ါရပြီး အသက် (၁၀)နှစ်အရွယ်တွင် လူထွက်သည်။ ဦးဘိုးစာ၏ စီမံချက်အရ နွားကျောင်းရသည်။

    တနေ့တွင် ဦးဘိုးစာ ခရီးသွားနေစဉ် ဒေါ်နီတာ အသဲအသန် မကျန်းမာဖြစ်ရာ ချမ်းသာရွာ ဆွေမျိုးများ စီစဉ်ပေးမှုကြောင့် နောက်ဆုံး စက္ကရမင်တူးများ ကောင်းစွာ ခံယူပြီး ကွယ်လွန်ခဲ့သည်။ ဦးဘိုးစာ ပြန်ရောက်လာပြီး၊ ယူကြုံးမရ ဖြစ်ရသည်။ ဒေါ်နီတာ၏ ရုပ်ကလပ်ကို ချမ်းသာရွာသင်္ချိုင်းတွင် သင်္ဂြိုလ်ရန် တောင်းခံရာ ဦးဘိုးစာက လုံးဝ ခွင့်မပြုပါ။ ဘုရင်ဂျီသင်္ချိုင်းလည်း မဟုတ် ဗုဒ္ဓဘာသာ သင်္ချိုင်းလည်း မဟုတ်သော ဘိုးဘပိုင် မြေတကွက်တွင် သင်္ဂြိုလ်သည်။ ဘုရင်ဂျီ ဘုန်းကြီးရော ဗုဒ္ဓဘာသာဘုန်းကြီးပါ နှစ်ဦး ပြိုင်တူရွတ်ဖတ် သင်္ဂြိုလ်ကြသည်။ ဘုရင်ဂျီဘုန်းကြီး မပြီးမီ ကြေးစည်တီးသဖြင့် ဘုရင်ဂျီဘုန်းကြီးက ကြေးစည်ကြီးကို ယူပြီး အဝေးသို့ လွှင့်ပစ်လိုက်သည်။ ရုပ်ကလပ်ကို ထမ်းသူများကလည်း ချမ်းသာရွာ ဘာသာဝင်များပင် ဖြစ်သည်။ မြုပ်နှံ သင်္ဂြိုလ်သောအခါ ချမ်းသာရွာ ဘာသာဝင်များက အနောက်သို့ ဦးခေါင်းထားပြီး မြှပ်သည်။ ဦးဘိုးစာနှင့် ရွာသားများက မကျေနပ်သဖြင့် ညအခါ ပြန်ဖေါ်ပြီး အရှေ့သို့ ဦးခေါင်းထားကာ သင်္ဂြိုလ်လိုက်ကြသည်။

    တနေ့တွင် ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖါသာရ်ဖိုးသည် မြင်းစီး၍ ချောင်းရိုးအသွားတွင် နွားကျောင်းနေသော (၁၃)နှစ်သား အရွယ် မောင်ချိပ်နှင့် တွေ့သည်။ ထိုအချိန်မှစ၍ ဖါသာရ်ဖိုးနှင့် မောင်ချိပ် မကြာခဏတွေ့ဆုံ၍ ဘုန်းတော်ကြီးက ဖြောင့်ဖျသည်။ မောင်ချိပ်ကို အသက်(၁၄)နှစ်တွင် အဘိုးဖြစ်သူ ဦးဘိုးစာအား အသိမပေးဘဲ ဖါသာရ်ဖိုး၏ စီမံချက်အရ မန္တလေးမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ပို့လိုက်သည်။ ဦးဖိုးစာ စုံစမ်းသိရှိသောအခါ ပျံလေတဲ့ဌက်ခါး နားကာမှသိမပေါ့ ငါ့မြေး ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ဦးမယ်ဟု ကြိမ်းဝါးသည်။ မောင်ချိပ်သည် မန္တလေးမှ ပီနန်ကျွန်း ရဟန်းဖြစ်တက္ကသိုလ်သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ပညာစုံ၍ ပီနန်မှအပြန် အဘိုးဦးဘိုးစာကို သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်။ ဦးဘိုးစာသည် ရုပ်ရည်သန့်သန့် ခန့်ခန့် ယောက်ျားပီပီ သင်္ကန်းဖြူအရှည်ကလေးနှင့် မြေးကလေး ကိုရင်ချိပ်ကိုတွေ့သော အခါ အလွန် ကျေနပ်နေသည်။ ကိုရင်ချိပ်က မိမိ ရဟန်းသိက္ခာခံယူပွဲတွင် တရားဦးနာရန် အဘိုးဖြစ်သူ ဦးဘိုးစာ မန္တလေးလိုက်ခဲ့ဘို့ မှာကြားခဲ့သည်။ ဦးဘိုးစာက မြေးကလေး ကိုရင်ချိတ် သိက္ခာမတင်မီ တနှစ်အလိုတွင် ကွယ်လွန်သွားရှာသည်။ ဖါသာရ်လူဝီဦးချိပ်သည် ၁၉၁၁ ခုတွင် မန္တလေး၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ သိက္ခာတင်ပြီး မန္တလေး၊ ဇော်ဂျီ၊ မြောက်ကိုင်း၊ မြစ်ငယ်ကျေးရွာများရှိ ဘာသာဝင်များကို ကြည့်ရူရသည်။ ထိုနောက် (၁၉၂၀) ခု နိုဝင်ဘာလမှ (၁၉၂၄)ခု ဖေဖေါ်ဝါရီလအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့ရသည်။ (၁၉၂၄)ခု ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖြစ်လာသည်။ (၁၉၃၉)ခုတွင် ဘုရားကျောင်းဆောက်၍ (၁၉၄၁)ခုနှစ်တွင် ကောင်းချီးပေး သာဓုခေါ်သည်။ (၁၉၃၆)ခုနှစ်တွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေရတုသဘင် ကျင်းပခဲ့သည်။ မုံလှရွာတွင် (၃၄)နှစ် သီတင်းသုံးပြီး (၁၉၅၈)ခု မတ်လ(၂၀)ရက်နေ့တွင် ချမ်းသာရွာတွင် ခေတ္တအနားယူပြီး အမရပူရသို့ ပြောင်းရွှေ့သည်။ ရွှေဂျူဗလီ ကျင်းပရန် ပြင်ဆင်နေစဉ် (၁၉၆၀)ခုနှစ် နိုဝင်ဘာလ (၁၆)ရက် သက်တော် (၇၉)နှစ်တွင် အမရပူရ၌ ပျံတော်မူသည်။ နောက် (၄-၅)နှစ်အကြာ မန္တလေးမြို့ အေလမ်းရှိ ခရစ်ယာန်သင်္ချိုင်းသို့ ရွှေ့ပြောင်းသည်။ (၁၉၉၉)ခု ဖေဖေါ်ဝါရီ (၂၇)ရက်နေ့တွင် ကြာနီကန် သင်္ချိုင်းသို့ ရွှေ့ပြောင်းသဂြိုလ်သည်။

။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း
။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း
။ ဆရာဦးမြမောင် (မုံလှ)၏ မှတ်တမ်း

ဖါသာရ်ကာလူး ဦးထွန်းဝင်း (၁၈၈၃-၁၉၆၀)
(Fr.Carolus U Tun Win)
    ဖါသာရ်ကာလူး ဦးထွန်းဝင်းသည် (၁၈၈၃)ခုတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် မွေးဖွားခဲ့သည်။ မိဖများမှာ ဦးဘိုးထင် - ဒေါ်ဖွားကြွယ်တို့ ဖြစ်သည်။ မွေချင်း(၈)ယောက်ရှိသည့်အနက် သားဦး ရတနာဖြစ်သည်။ ဦးထွန်းဝင်းညီ -ဦးထွန်းဘမှာ ပီနန်ရဟန်း ဖြစ်သင်ကျောင်းတွင် ပညာသင်ကြားနေစဉ် ကိုရင်ဘ၀ဖြင့် ပျံတော်မူသည်။ ဖါသာရ်ကာလူ ဦးထွန်းဝင်းသည် ရဟန်းသိက္ဓာ ခံယူပြီး နောက်အမရပူရတွင် ခေတ္တ ကျောင်းထိုင်ခဲ့သည်။ ၄င်းနောက် မန္တလေးမြို့ လဖုန်းစိန်ဂျိုးဇက်ကျောင်းတွင် ခေတ္တ ကျောင်းထိုင်ပြီး  ကချင်ပြည်နယ် ပန်ခတ်ကျေးရွာတွင် ကျောင်းထိုင်အဖြစ်နှင့် နှစ်ရှည်လများ သာသနာအမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်ကျောင်းထိုင်အဖြစ် အမှုထမ်းစဉ် မိုးကုတ်မှ ချောင်းဦးသို့ ခေတ္တသွားရာ အပြန်တွင် ဂျပန်များက ဖမ်းဆီးပြီး မန္တလေးနန်းတွင်းတွင် ချုပ်နှောင်ထားခဲ့သည်။ စစ်ပြီးသောအခါ အမရပူရတွင် ခေတ္တ ကျောင်းထိုင်ခဲ့သည်။ (၁၉၅၂)ခုနှစ်တွင် မန္တလေးစိန်မိုင်ကယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းစဉ်တွင် ကျမ်းစာများ၊ မေတ္တာစာများ၊ ဆုတောင်းစာများ၊ ဓမ္မသီချင်းများကို မြန်မာဘာသာဖြင့် ရေးသားခဲ့သည်။ ဖါသာရ်ကာလူး ဦးထွန်းဝင်းသည် (၁၉၆၀)ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် စိန်မိုင်ကယ် ကျောင်းထိုင်အဖြစ် အမှုထမ်းဆောင်ရင်း ပျံတော်မူသည်။

။ ဦးခင်မောင်ဆင့် (သံဝင်း) မန္တလေး၏ မှတ်တမ်း။




ဖါသာရ်လေအို ဦးဝန် (၁၈၈၇-၁၉၆၉)
(Fr.Leo U Win)
    ဖါသာရ် လေအိုဦးဝန်သည် (၁၈၈၇)ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် ချောင်းဦးမြို့၌ မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ ဦးသာခေါင်နှင့် ဒေါ်လွန်းအေးတို့ ဖြစ်သည်။ (၁၉၁၂)ခု ဇွန်လ(၁)ရက်နေ့တွင် ရဟန်းသိက္ဓာ ခံယူသည်။ ကိုယ်တော်သည် မန္တလေးသာသနာမှ တည်ထောင်သော ရဟန်းဖြစ်သင်ကျောင်းမှာ ပထမဆုံးဖြစ်သော ဘုန်းတော်ကြီး (၃)ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်သည်။ ပညာသင်ရာတွင် လက်တင်ဘာသာ ထူးချွန်သူဖြစ်သည်။ ရဟန်းသိက္ဓာခံယူပြီးနောက် မြန်မာပြည်တွင် ဆဌမအကြိမ်မြောက် စစ်ကိုင်းခရိုင် နဘက်ရွာတွင် ဖွင့်လှစ်သော ရဟန်းဖြစ်သင်ကျောင်း စာချပုဂ္ဂိုလ်အဖြစ် ခန့်ထားခြင်းခံရသည်။ သို့သော် အမြဲတန်း ရဟန်းဖြစ်သင်ကျောင်းကို မေမြို့တွင်ဆောက်ပြီးသောအခါ (၁၉၁၄)ခုနှစ်တွင် ကျောင်းသား(၁၇) ယောက်နှင့်အတူ မေမြို့သို့ ပြောင်းရွှေ့သွားရသည်။ မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ဦးဝင်းနှင့် ဂိုဏ်းချုပ်ဆရာတော် အလောရှက်ဦးဘခင်တို့သည် ဖါသာရ်လေအို၏ တပည့်များ ဖြစ်ကြသည်။ (၁၉၁၂)ခု ရဟန်းဖြစ်သည်မှစ၍ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့ရာ (၁၉၂၉)ခုတွင် မျက်စေ့မှုန်လာသဖြင့် (၁၈)နှစ်တိုင်တိုင် အမှုထမ်းခဲ့သော စာချပုဂ္ဂိုလ်အဖြစ်မှ အနားယူလိုက်သည်။ မျက်စေ့ မှုန်သော်လည်း အသက် (၄၂)နှစ်သာရှိသေး၍ ကျန်းမာရေး ကောင်းသောကြောင့် မိတ္ထိလာခရိုင်၊ ရမည်းသင်းခရိုင်က ဘာသာရွာများနှင့် မြင်းခြံရှိ ဘာသာဝင်များကို (၃)နှစ် ကြည့်ရူခဲ့သည်။

    (၁၉၃၁) ခုနှစ်မှစ၍ ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ဘာသာဝင် (၁၀၀၀)ကျော် အုပ်ချုပ်ရသည်။ ဖါသာရ် လေအိုသည် ရေဦးမြို့ ရွှေနှလုံးတော်ဘုရားကျောင်း သွားရောက် တည်ဆောက်စဉ် (၁၉၃၄)ခု မတ်လ (၁၉)ရက်နေ့ သံဇူဇယ်ပွဲနေ့ညနေ ဘုရားကျောင်းမတက်မီ ချမ်းသာရွာ ဘုန်းကြီးနေကျောင်း မီးလောင် ပျက်စီးသွားသည်။ ဖါသာရ်လေအို ဦးစီး၍ ပြန်လည်ဆောက်ရာ ပြီးစီးသွားသဖြင့် (၁၉၃၈) ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့တွင် ကောင်းကြီးပေး သာဓုခေါ်သည်။ (၁၉၄၂)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်များ ၀င်ရောက်ပြီး (၁၉၄၅)တွင် ချမ်းသာရွာရှိ ဘုန်းတော်ကြီး ဖါသာရ်လေအိုနှင့် ဖါသာရ်ရာဖါအဲလ်တို့အား ဖမ်းဆီး ခေါ်ဆောင် သွားကြသည်။ ရွှေဘိုမှ မန္တလေးအထိ လိုက်သွားကြရသည်။ မ၀ တ၀ စားကြရသည်။ ဂျပန်တို့လက်ထက်တွင် (၃)လကျော်ကျော် ငရဲ ခံရကြရသည်။ စစ်ပြီးမှ ပြန်လည် လွှတ်မြောက်လာကြသည်။ (၁၉၅၁) ခုနှစ်တွင် ချမ်းသာရွာ ဘုရားကျောင်းကြီး၏ ခေါင်းလောင်းစင် အောက်မှ တံခါးကြီးများ ဖွင့်မရသည့် အခြေအနေတွင် မန္တလေးမှ အင်ဂျင်နီယာနှင့် ပရံဆရာများ လာရောက်၍ ဘုရားကျောင်း နံရံများကို ဖေါက်၍ သံချောင်းနှင့် ကျောက်ထုပ်ကြီးများ ရိုက်သည်။ အရံငှက်ပျောဖူးငယ်များကို သစ်သားအစား အုတ်အင်္ကတေဖြင့် ဘုရားကျောင်းတစ်ခုလုံး ပြင်ဆင်မွမ်းမံသည်။ ချမ်းသာရွာကျောင်းဝင်းအတွင်း မယ်တော်ဂူ အနောက်ဘက် ဦးသံ ဒေါ်ပွင့်လှူဒါန်းသော ရှေးဟောင်းဇရပ်ကြီးနေရာတွင် ဦးမောက်ကြီး ဒေါ်ခင်တို့လှူသော တထပ်နံကပ်တိုက်ကို တိုးချဲ့ စာသင်ကျောင်းဆောင်သစ် တခုဆောက်လုပ်ခဲ့သည်။ ဒီပဲယင်းမြို့အနီးရှိ ရုံးပင်ဟူသော ဘုရင်ဂျီရွာတည်ခဲ့သည်။ ဘုရားကျောင်းပွဲ ကျင်းပခဲ့သည်။ ဂျပန်ခေတ်တွင် ရွာပျက်သည်။

    ဖါသာရ်လေအိုသည် သက်တော် (၆၆)နှစ်သို့ရောက်၍ ဇရာထောင်းလာသောအခါ များပြားလှသော ဘာသာဝင်အုပ်စုကြီးကို ကြည့်ရူ့ရန် ၀န်နှင့်အား မမျှသောကြောင့် အနည်းငယ်သက်သာစေရန် ကိုယ်တော်ကြီး နေထိုင်ရန် သင့်တော်သည့်နေရာကို ရွှေးချယ်စေရာ ပထမဆုံးနေထိုင်ခဲ့သော နဘက်ရွာကို အသင့်တော်ဆုံးဟု ဆုံးဖြတ်၍ ကွယ်လွန်သည်အထိ နဘက်ရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ ဖါသာရ်လေအိုသည် ဖါသာရ်ပေါလ် ပြုပြင်၍ အပြီးမသတ်သော နဘက်ဘုရားရှိခိုးကျောင်း ကျန်အစိတ်အပိုင်းများ ပြုလုပ်ပြီး၊ (၁၉၅၅)ခုတွင် ရွှေဂျူဗလီပွဲတော်ကို နဘက်ရွာ၌ ကျင်းပခဲ့သည်။ ငွေဂျူဗလီကို ချမ်းသာရွာ၌ ကျင်းပခဲ့သည်။ (၁၉၆၉)ဇန်န၀ါရီလလောက်တွင် ခြေတဘက်နာ၍ ဘုရားကျောင်းသို့ မဆင်းနိုင်ဘဲ ဘုန်းကြီးကျောင်းပေါ်တွင် မစ္ဆားပူဇော်ရသည်။ မတ်လအစတွင် မန္တလေးသို့ လာရောက် ဆေးကုလိုကြောင်း အကြောင်းကြားလိုက်သဖြင့် ဘုန်းတော်ကြီး ဦးသန်းအောင်နှင့် ဆရာမကြီး ဒေါ်မယ်ဂီတို့သည် ကားရော လူ အကူအညီပါလာရောက်၍ မန္တလေးသို့ တပါတည်း ခေါ်ဆောင်သွားကြသည်။ မန္တလေးတွင် ဆရာဝန် ဆရာမများ ကြပ်မတ်ကုသနေစဉ် (၁၉၆၉)ခု မတ်လ (၁၄)ရက်နေ့တွင် ပျံတော်မူသည်။

ဖါသာရ် အာလက်ဆီ ဦးဘခင်
ဖါသာရ်အာလက်ဆီ ဦးဘဒင်သည် (၁၈၉၈)ခု မတ်လ (၉)ရက်နေ့တွင် ချောင်းဦးမြို့၌ ဖွားမြင်ခဲ့သည်။ (၁၉၁၂) ခုနှစ်တွင် မေမြို့ ရဟန်းဖြစ်သင်ကျောင်း ၀င်သည်။ ၄င်းမှတဆင့် ပီနန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၂၅)ခုတွင် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် မန္တလေး ကာသီဒရယ်၌ ရဟန်းသိက္ခာခံသည်။ ထိုနောက် ကျောက်ဆည်နယ်ရှိ ဘာသာဝင်များကို ကြည့်ရူ့ရသည်။ ဖါသာရ် အာလက်ဆီသည် (၁၉၃၂)ခု သြဂုတ်လမှ (၁၉၃၃)ခု ဇန္န္န၀ါရီလအထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူရသည်။ ဖါသာရ်အာလက်ဆီ လက်ထက်တွင် ရွာတော်ဘုရားကျောင်းသည် ရပ်ရွာ၏ လူဦးရေနှင့် ၀န်ဆန်မှု့ မမျှသဖြင့် ယခင် ပျဉ်ကျောင်းအစား အုတ်ကျောင်း ဆောက်လုပ်ရန် ဆရာဦးင၊ ဆရာချုံတို့နှင့် တိုင်ပင်သည်။ အမြို့မြို့ အရွာရွာမှာ အလှူခံ၍ ရရှိငွေနှင့် အသင်းတော်၏ ထောက်ပံ့ငွေတို့ ပေါင်းကာ အုတ်ဘုရားကျောင်းကို အင်္ဂျင်နီယာ မစ္စတာဟားဝပ် ဦးစီး၍ ဆောက်လုပ်ခဲ့သည်။ ဖါသာရ်အာလက်ဆီမှာ ဘုရားကျောင်း မပြီးမှီ ပြောင်းရွှေ့သွားရသည်။ ဖါသာရ်လောရင်းက ဆက်လက် ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ပေါလ် ဦးကျော် လက်ထက်ရောက်မှ ကျောင်းသာဓုခေါ်သည်။ ဘုရားကျောင်းအမည်မှာ မာရီးယား မာဒလေနာဖြစ်သည်။ မာရီယား မာဒလေနား ဆင်းတုတော်ကို ချောင်းဦးက ဒေါ်ဖွားဦးက လှူသည်။

    (၁၉၃၄)ခုတွင် ဖါသာရ်အာလက်ဆီ မင်းတပ် ပြောင်းရွှေ့ရသည်။ (၁၉၃၇)မှ (၁၉၅၉)ခုနှစ်အထိ ချောင်းရိုးရွာ ဘာသာဝင်များကို ကြည့်ရူ ခဲ့ရသည်။ ချောင်းရိုးရွာ၌ နေစဉ် ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော ချောင်းရိုးရွာ ဘုရားကျောင်းကို ပြန်လည် ပြင်ဆင်ခဲ့သည်။ ဘုန်းကြီးနေကျောင်း အသစ် ဆောက်ခဲ့သည်။ ဖါတီမာ မယ်တော်၏ ကျောင်းဆောင်ကိုလည်း ဆောက်လုပ်ခဲ့သည်။ (၁၉၅၉)ခုတွင် ချောင်းရိုးမှ ပြောင်းရွှေ့သည် မြင်းခြံတွင် (၂)နှစ်နေပြီး မြောက်ကိုင်းမှ တဆင့် အနားယူခဲ့ရာ (၁၉၇၃)ခု သြဂုတ်လ (၂)ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

ဖါသာရ်ပီတာ
(Fr.Peter)
    ဖါသာရ်ပီတာသည် ချောင်းဦးဇာတိဖြစ်သည်။ မော်လမြိုင် ရဟန်းဖြစ်သင်ကျောင်းမှ တဆင့် ပီနန်ရဟန်း ဖြစ်သင် တက္ကသိုလ်တွင် ပညာသင်ကြားပြီး (၁၉၂၅)ခု ဇန္န္န၀ါရီလ (၂၅)ရက်နေ့တွင် ဖါသာရ်အာလက်ဆီ ဦးဘဒင်၊ ဖါသာရ် ဗော်နဗင်တုးရာ ဦးဘိုးခင်၊ ဖါသာရ်ပန်တာလေအိုဂျော့ ဦးမောင်ငယ်တို့နှင့် အတူ မန္တလေးမြို့ ကာသီဒရယ်ဘုရားကျောင်း၌ ရဟန်းသိက္ဓာယူပြီး ဖါသာရ်ပီတာသည် ဗန်းမော်မြို့ရှိ ရှမ်းနှင့် ကချင် ဓမ္မဆရာကျောင်းတွင် ကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၃၀)မှ (၁၉၃၂)ထိ ရွာတော်ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ (၁၉၃၂) မှ (၁၉၃၆) ထိ ချောင်းဦးဘာသာဝင်များကို ကြည့်ရူခဲ့ပြီး။ (၁၉၃၇)ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် အမရပူရ၌ ပျံတော်မူသည်။

။ The voice,March,1925,PP.75-76

ဖါသာရ်ဗောနာဗင်တူးရား-ဦးဘိုးခင်
(Fr.Bonaventure)
    ဖါသာရ် ဗောနာဗင်တူးရား ဦးဘိုးခင်သည် (၁၉၁၂)ခုတွင် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၂၅)ခု ဇန္န္န၀ါရီလ (၂၅) ရက်နေ့တွင် ဖါသာရ်ပီတာ၊ ဖါသာရ်အာလက်ဆီ၊ ဖါသာရ်ပန်တာလေအိုဂျော့ဦးမောင်ငယ်တို့နှင့်အတူ မန္တလေးမြို့ ကာသီဒရယ်ဘုရားရှိခိုးကျောင်းတွင် ရဟန်းသိက္ဓာ ခံယူခဲ့သည်။ (၁၉၄၆)ခုတွင် ပျံတော်မူသည်။

ဆက်ရန် -