Sunday, October 6, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၆)


မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၅)


 (၁၇) ရာစု အစောပိုင်းမှ (၂၀) ရာစုဦးပိုင်း အထိ
အထက်မြန်မာနိုင်ငံ အညာဒေသတွင် အနောက်နိုင်ငံ ခရစ်ယာန်သာနာပြုများ၏
လှုပ်ရှားမှု ခြုံငုံ သုံးသပ်ချက်

ပေါ်တူဂီ ဘုရင်ဂျီ စစ်သုံ့ပန်းများ ရွာများသို့ အစုခွဲ ပို့ခြင်း။
    တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့လက်ထက် နိုင်ငံတော် ကာကွယ်ရေးအတွက် ပေါ်တူဂီကြေးစား စစ်သားများကို ငှားရန်းရန် အသုံးပြုခဲ့ ကြသည်။ ပေါ်တူဂီ စစ်သားများ၏ စစ်ရည် စစ်သွေး မြင့်မားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ လက်နက်များ ထုတ်လုပ်နိုင်မှု၊ စသည်တို့ကို ဘုရင်များက သိရှိ သဘောပေါက်ကြသည်။ အနောက်ဘက်လွန်မင်းသည် သန်လျင်တွင် နယ်ချဲ့ ခြေကုတ်ယူထားသော ပေါ်တူဂီ ခေါင်းဆောင် ဒီဗရစ်တိုကို အနိုင်တိုက်ယူပြီး ပေါ်တူဂီနွယ် စစ်သုံ့ပန်းအားလုံးကို အင်းဝသို့ ပို့ပြီး စစ်အကျဉ်းသားအဖြစ် ထားခဲ့သည်။

    သာလွန်မင်းလက်ထက်တွင် ပေါ်တူဂီ စစ်အကျဉ်းသားများသည် လူဦးရေတိုးပွားလာပြီး အင်အားကောင်းလာရာ စိုးရိမ်တော်မူသဖြင့် အင်းဝတွင် အရေးးပါသော အကြီးအကဲများကို ချန်ပြီး ပရိမ္မသို့ ပို့ခဲ့သည်။ ပရိမ္မတွင်လည်း အစုလိုက် အပြုံလိုက် ထားခြင်းသည် အန္တရာယ်ရှိနိုင်သဖြင့် မူးမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ရွာများသို့ အစုခွဲ၍ ပို့ထားသည်။ ထိုဘုရင်ဂျီရွာများကို မိမိတို့ ဘာသာဓလေ့ ထုံးစံ အတိုင်း နေထိုင်ခွင့်ပြုထားသည်။ အခွံအထုပ်များ ကင်းလွတ်သည်။ သို့သော် ဘုရင်လိုအပ်သော အချိန်တွင် စစ်မှုထမ်း ပေးကြရသည်။

    ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၈)ခုတွင် ဖြစ်ပွားသော တရုတ်မြန်မာစစ်တွင် ဘုရင်ဂျီ (ခရစ်ယာန်)များ စစ်မှုထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗားလီယားမီးလပ် ဦးဆောင်သော ဘုရင်ဂျီတပ်သားများသည် ရဲဝံ့ ကျွမ်းကျင်သူများဖြစ်၍ တရုတ်မြန်မာစစ်ပွဲတွင် မြန်မာတို့က အောင်ပွဲ ခံရသည်။ ဖါသာရ်ပဲရ်ကော်တိုသည် ဘုရင်ဂျီ စစ်သားများကို လိုက်လံ စောင့်ရှောက်ရသည်။ ချီဗားလီးယားမီးလပ်သည်လည်း နန်းတော်တွင် သြဇာရှိသူ တစ်ဦးဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉)ခု နိုဝင်ဘာလ (၃)ရက် နေ့စွဲနှင့် ဆရာတော်ပဲရ်ကော်တိုရေးသော စာတွင် တရုတ်မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။

    ဘကြီးတော်မင်းလက်ထက် (၁၈၂၄)ခုတွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာပထမစစ်တွင် ဘုရင်ဂျီများ စစ်မှုထမ်းကြရသည်။ ဖါသာရ် ဓာမာတိုသည် အင်္ဂလိပ်မြန်မာ ပထမစစ်အတွက် အာသံတွင် စခန်းချနေသော ဘုရင်ဂျီ စစ်သည်များထံ သွားရောက် ကြည့်ရူ အားပေးခဲ့သည်။ ဘုရင့်တပ်မတော်တွင် အမှုထမ်းရသော ဘုရင်ဂျီရွာများမှ စစ်မှုထမ်းများသည် အင်္ဂလိပ်မြန်မာ ပထမစစ်တွင် အများအပြား ကျဆုံး၍ ပြန်မလာကြသောကြောင့် ဘုရင်ဂျီရွာများ၌ လူဦးရေ အများအပြား လျော့နည်းသွားသည်။ ဘုရင်ဂျီ စစ်မှုထမ်းများသည် မြန်မာနိုင်ငံ ကာကွယ်ရေးအတွက် သက်စွန့် ကြိုးပန်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်မှာ ထင်ရှားသည်။

    အထက်ပါ အကြောင်းအချက်များကို ထောက်ရူခြင်းအားဖြင့် ဘုရင်ဂျီများသည် အင်နှင့် အားနှင့် ဘုရင်ကို ပြန်လည်၍ ဆန့်ကျင်မှုပြုနိုင်ရန်နှင့် တိုင်းပြည် ကာကွယ်ရေးအတွက် ဘုရင်လိုအပ်သည့် အခါ စစ်မှုထမ်းကောင်းများ အလွယ်တကူ ရစေရန် ဘုရင်ဂျီများကို ဘုရင်ဂျီရွာများ၌ အစုခွဲကာ ထိန်းသိမ်း၍ မွေးထားသည်ဟု ယူဆရပါသည်။

မြန်မာဘုရင်တို့သည် ခရစ်ယာန် သာသနာပြုများကို ကြည်ဖြူစွာ လက်ခံခြင်း
    (၁၈) ရာစုအစောပိုင်း တနင်္ဂနွေမင်းလက်ထက် ဖါသာရ်ကာလ်ချီသည် တရုတ်ပြည်မှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းသည် ဖါသာရ်ကာလ်ချီအား ဖိတ်ခေါ် တွေ့ဆုံပြီးနောက် နိုင်ငံတော်အတွင်း ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့် တို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးလိုက်သည်။ ဖါသာရ်ကာလ်ချီသည် အင်းဝတွင် ဘုရားကျောင်း ဆောက်ခဲ့သည်။

    မကြာမီ ဘုရင်၏ ဆန္ဒအရ ဖါသာရ်ကာလ်ချီသည် ပုပ်ရဟန်းမင်းကြီးထံ ကိုယ်စားလှယ်လွှတ်၍ မြန်မာဘုရင်သည် ဥရောပ ခရစ်ယာန် မင်းသားများနှင့် မိတ်ဖွဲ့လိုကြောင်း အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်ဆံလိုကြောင်း၊ ဥရောပနှင့် ကုန်သွယ်လိုကြောင်း စက်မှုအတတ်ပညာ၊ မြေတိုင်းပညာ၊ သင်္ချာပညာ၊ ဆေးပညာ၊ အဆောက်အဦးပညာ အစရှိသည့် ပညာရပ်များ တတ်ကျွမ်းသည့် သာသနာပြု ဘုန်းတော်ကြီးများအား စေလွှတ်ပေးစေလိုကြောင်း လျှောက်ထား တင်ပြခဲ့သည်။ မြန်မာဘုရင်က ပေးလိုက်သော အဘိုးတန် ကျောက်မျက်ရတနာများကိုလည်း ဆက်သခဲ့သည်။

    (၁၇၂၈) ခုတွင် ဖါသာရ်ပီအိုဂါလီဇီးယား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းက သန်လျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့်များ ပေးခဲ့သည်။ ဖါသာရ် ဂါလီဇီယားသည် (၁၇၄၃) ခုတွင် မွန်ဘုရင် သမိန်ထော (ဗုဒ္ဓကိတ္တိ)ထံ ပဲခူးသို့ သွားရောက်တွေ့ဆုံ၍ မွန်ဘုရင်အား မြန်မာနံပါတ်များ ရေးထိုးထားသော နာရီတလုံးနှင့် နှစ်သက်ဖွယ် ပစ္စည်းများ လက်ဆောင်ပေးသည်။ မွန်ဘုရင်သမိန်ထောက ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်၊ ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများအတွက် နေအိမ်ဆောက်လုပ်ရန်နှင့် ဘုရားကျောင်းဆောက်ရန် ဘုရင်က မြေတကွက်ပေးခဲ့သည်။

    (၁၇၄၅) ခုတွင် အိန္ဒိယပြည် ဒတ်ခ်ျ ကုမ္ပဏ္ဏီမှ ချေဗားလီးယား ဒီစကွန်နေဗီလေ ဦးစီးသော သင်္ဘော (၈) စင်းသည် မြန်မာ စစ်တပ်များကို ကူညီရန်နှင့် ပဲခူးတွင် စေ့စပ်ရန် ရောက်ရှိလာကြသည်။ ရုတ်တရက် ရောက်ရှိလာသော သင်္ဘောများနှင့်ပတ်သက်၍ လေ့လာ စုံစမ်း ထောက်လှမ်းရန် မွန်ဘုရင်က ဆရာတော်ဂါလီဇီးယားအား တာဝန်ပေးခဲ့သည်။ ဆရာတော် ဂါလီဇီယားသည် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။ ကက်ပတိန်အား ၄င်းတို့ အကြံအစည် စွန့်လွှတ်ရန် ပြောခဲ့သည်။ ပဲခူးဘုရင်က ရောက်ရှိလာသော သင်္ဘောသား အကြီးအကဲများကို တခန်းတနား ဧည့်ခံလိုကြောင်း ပြောသဖြင့် ဆရာတော် ဂါလီဇီယားနှင့် သင်္ဘောသား အကြီးအကဲများ ပဲခူးဘုရင်ထံ သွားရောက်ကြသည်။ ပဲခူးရောက်သောအခါ ထောင်ပေါင်းများစွာသော စစ်သားများ အနှံ့အပြား အပြည့်အကျပ် ချထားသည်ကို တွေ့ရသည်။ သံသယ မကင်းစရာ အခြေအနေများ တွေ့ရှိသဖြင့် နောက်ဆုတ် ပြန်ခဲ့ကြရာ အပြန်လမ်းတွင် (မွန်) ပဲခူးစစ်သားတို့၏ လိုက်လံ သတ်ဖြတ်ခြင်း ခံကြရသည်။

     ဘိုးတော်ဘုရား လက်ထက်တွင် ဖါသာရ်ဂရွန်ဒိုးနားသည် ဘုရင်၏ သားတော်များကို ပညာသင်ကြား ပေးခဲ့ရသည်။ သာယာဝတီမင်း လက်ထက်တွင် ဖါသာရ်အဘိုနာသည် နန်းတွင်း နက္ခတ်ပညာရှင်များနှင့် နန်းတွင်း လူငယ်များကို နက္ခတ်ပညာများကို သင်ကြား ပေးရပေသည်။ မင်းတုန်းမင်း လက်ထက်တွင် ဖါသာရ်အဘိုနာအား ဆက်လက် သာသနာပြုခွင့် ပေးခဲ့သည်။ (၁၈၅၇) ခုနှစ်တွင် အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့သောအခါ ဘုရင်ဂျီ (ခရစ်ယာန်) များ အားလုံး မန္တလေးသို့ ပြောင်းရွှေ့စေသည်။ မန္တလေးမြို့ပေါ်တွင် ဘုရင်ဂျီများ နေရန် မြေတကွက်နှင့် ဘုရားကျောင်း ဆောက်ရန် မြေတကွက် ပေးသနားခဲ့သည်။ ဖါသာရ်အဘိုနာကိုလည်း လစဉ် ထောက်ပံ့ကြေး ပေးခဲ့သည်။ မင်းတုန်းမင်းက ဆရာတော်ဘိဂန်းဒက်အား ခရီးသွားလာနိုင်ရေးအတွက် ဆင် (၃) စီးနှင့် လှေတစ်စင်း သနားတော်မူသည်။ ဖါသာရ်အဘိုနာသည် မင်းတုန်းမင်းကြီး၏ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ ဗြိတိသျှနှင့် စာချုပ်တိုင်း ဖါသာရ်အဘိုနာထံ အကြံတောင်း ရသည်။ ဖါသာရ်အဘိုနာထံက အကြံယူပြီးမှ စာချုပ်လေ့ ရှိသည်။ မြန်မာနှင့် အီတလီ စာချုပ်ရာမှာ ဖါသာရ်အဘိုနာသည် အရေးပါသူ တဦးဖြစ်သည်။ ဖါသာရ် အဘိုနာ၏ အကူအညီဖြင့် အီတလီနိုင်ငံသို့ ပညာတော်သင်များ စေလွှတ် နိုင်ခဲ့သည်။ ဘုရင်၏ ခရီးစရိတ်ဖြင့် ဥရောပသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ န၀မမြောက် ပုပ်ရဟန်းမင်းကြီး ပီအူးထံသို့ မင်းတုန်းမင်း ပေးပို့သော သ၀ဏ်လွှာကို ဆက်သခဲ့သည်။

    (၁၈၆၇) ခုနှစ်တွင် ဖါသာရ်လေကောင်းသည် နန်းတွင်းမှ ကလေး (၁၄) ဦးကို တရားဝင် ဥရောပ ကျောင်းသားများ အတိုင်း အင်္ဂလိပ်စာနှင့် သိပံ္ပပညာ ဘာသာရပ် သင်ကြားပေးရသည်။ သီပေါမင်း လက်ထက်တွင် ဖါသာရ် ဂျိုဇက်ဖိုးသည် မင်းသားများနှင့် ၀န်ကြီးသားများကို ပြင်သစ်ဘာသာ စကား သင်ကြားပေးရသည်။

    မြန်မာဘုရင်များသည် အနောက်နိုင်ငံမှ ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးများကို လက်ခံထားကြခြင်းမှာ ခရစ်ယာန်သာသနာကို ယုံကြည်သက်ဝင်၍ မဟုတ်၊ ခရစ်ယာန်သာသနာ ပျံ့ပွားရေးကို လိုလား၍လည်း မဟုတ် အများအားဖြင့် အနောက်နိုင်ငံမှ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးများသည် ခေတ်ပညာ တတ်ကျွမ်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဘာသာတရား လေးစားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သစ္စာရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့ဖြစ်၍ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တို့ကို ဘုရင့်သားသမီးများအား ခေတ်မှီ ပညာရပ်များ သင်ကြားပေးရန် နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံရေး၊ အထူးသဖြင့် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေးတွင် အသုံးချရန် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်သွယ်ရေးတွင် အသုံးပြုရန်နှင့် ဘုရင်ဂျီရွာများတွင် ရှိသော ဘုရင်ဂျီများကို ထိမ်းသိန်းပေးရန် အတွက် ခရစ်ယာန် သာသနာပြုများကို ကြည်ကြည်ဖြူဖြူ လက်ခံထားကြခြင်း ဖြစ်သည်။

ခရစ်ယာန် သာသနာပြုများ၏ စာအုပ် စာပေများ
    ဖါသာရ် ပဲရ်ကော်တိုသည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် မြန်မာစာနှင့် ပါဠိဘာသာရပ်များ တတ်မြောက်ပြီး သောအခါ ဥရောပမှ နောက်ရောက်လာမည့် သာသနာပြုများအတွက် အဘိဓာန်စာအုပ် ထုတ်ခဲ့သည်။ ထိုမျှမက ဘုရား စကားစာအုပ်၊ မေတ္တာစာအုပ်၊ တနှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်း ဖတ်ရသော ဆုံးမ သြ၀ါဒများ၊ ဧ၀ံဂေလိ ကျမ်းများ၊ တိုဘိယ အထုပ္ပတ္တိ၊ သံမာတေဦးကျမ်း၊ သံပေါလူး၏ ဆုံးမ သြ၀ါဒကျမ်းနှင့် အခြားများစွာသော စာအုပ်များ ရေးသားခဲ့သည်။ ဖါသာရ် အန်တိုနီ ရေးသည် နောက်ထပ်ရောက်လာမည့် သာသနာပြုများအတွက် ဘုရားစကားကို လက်တင်အက္ခရာဖြင့် ပြန်ရေးခဲ့သည်။

    ဖါသာရ် မန်တေဂါးဇားသည် မြန်မာသမိုင်းချုပ်ဟု ခေါ်သော သမိုင်းစာအုပ်ကို ရေးသား ပြုစုခဲ့သည်။ မူရင်းမှာ ပြင်သစ်ဘာသာဖြင့် ရေးသား ထားသည်။ မြန်မာနိုင်ငံ၏ အစောဆုံး မြေပုံကိုလည်း ရေးဆွဲခဲ့သည်။ (၁၇၇၆) ခုနှစ်က ပုံနှိပ်ခဲ့သော မြန်မာသင်ပုန်းကြီး စာအုပ်ကို ပြုပြင် တည်းဖြတ်၍ ဒုတိယအကြိမ် ပုံနှိပ်ခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် မြန်မာအင်ပိုင်ယာ စာအုပ်ကိုရေးသားခဲ့သည်။

    ဖါသာရ် ဓာမာတိုသည် ပါဠိဘာသာဖြင့် အဘိဓာန်စာအုပ် ရေးသားခဲ့သည်။ စာအုပ်များကို မြန်မာဘာသာမှ အီတလီ ဘာသာသို့ ပြန်ဆို ရေးသားခဲ့သည်။ ပတ္တမြား သတ္တုတွင်းများ အကြောင်း အတွဲ(၂)ကို ဘဂ်င်္လား၏ အာရှဆိုင်ရာ အဖွဲ့အစည်း ဂျာနယ်တွင် ရေးသားခဲ့သည်။ မြန်မာပြည်မှ ရှားပါးအပင် (၃၀၀)နှင့် တိရစ္ဆာန် အမျိုးပေါင်း (၂၀၀)ခန့် ရှာဖွေစုဆောင်းပြီး စာအုပ် (၄) တွဲ ရေးသားခဲ့သည်။ ပထမ (၂)တွဲမှာ ပုံကြမ်းများနှင့် ဖော်ပြပြီး၊ ဒုတိယ (၂)တွဲမှာ သစ်ပင်များနှင့် တိရစ္ဆာန်များကို အသေးစိတ် ဖေါ်ပြထားသည်။ ဓမ္မဟောင်းကျမ်း (၃)ကျမ်းကို လင်္ကာသွားနှင့် ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာတော် မန်တေဂါးဇား၏ ဘ၀အကြောင်း အီတလီဘာသာဖြင့် ရေးသားခဲ့သည်။ ဖါသာရ်ဓါမာတို စုဆောင်းထားသော စာမူစာအုပ်များကို ချမ်းသာရွာ၌ သိမ်းဆည်းထားရာ (၁၈၄၂) ခုတွင်၊ မီးလောင်သဖြင့် ဆုံးရှုံးရသည်။ အခြားစာအုပ်များနှင့် အတူ မုံလှရွာတွင်လည်း မီးလောင်ခံရသည်။

    ဖါသာရ် အီညာဆီအူး ဒီဗရစ်တိုသည် စာမျက်နှာ (၅၀၀)ပါ အီတလီ မြန်မာသဒ္ဒါကျမ်း ရေးသားခဲ့သည်။ အီတလီ၊ မြန်မာ၊ ပါဠိ (၃) ဘာသာတွဲကျမ်းကိုလည်း ပြုစုခဲ့သည်။ အီတလီ၊ မြန်မာ၊ လက်တင် (၃)ဘာသာဖြင့် ဆေးကျမ်း ပြုစုခဲ့သည်။ မြန်မာတိုင်းရင်းသား ဆေးများကို လက်တင် အခေါ်အဝေါ်ဖြင့် ရေးသားခဲ့သည်။ ဆရာတော် ဘီဂန်းဒက်သည် (၁၈၅၈) ခုနှစ်တွင် ဗုဒ္ဓဂေါတမအကြောင်း စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့သည်။ မြန်မာ ကက်သလစ်သာသနာပြု သမိုင်းစာအုပ်ကိုလည်း (၁၈၈၇)တွင် ထုတ်ဝေခဲ့သည်။ ခရစ်ယာန် သာသာနပြုများ ရေးသား ထုတ်ဝေခဲ့ကြသော စာအုပ်စာပေများသည် မျက်မှောက်ခေတ်တွင် အလွန် တန်ဘိုးရှိသော သမိုင်း အထောက်အထား မှတ်တမ်း မှတ်ရာများ ဖြစ်သည်။

သာသနာပြုများ၏ ပညာရေး
    ဖါသာရ်ပဲရ်ကော်တိုသည် မုံလှရွာတွင် ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ဓမ္မဆရာ သင်တန်းကျောင်းလည်း ဖွင့်ခဲ့သည်။ ဖါသာရ် မန်တေဂါးဇားသည် ချမ်းသာရွာတွင် ယောင်္ကျားလေးများအတွက် စာသင်ကျောင်း ဖွင့်၍ မိမိ ကိုယ်တိုင်ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် နဘက်ရွာတွင် စာသင်ကျောင်းဖွင့်၍ ပညာ သင်ကြားပေးခဲ့သည်။ ရန်ကုန် စိန်ဂျွန် ဗပ္ပတစ္စကျောင်း၌ သဒ္ဒါကျမ်း၊ စာစီစာကုံးပညာ၊ ဒဿနိကဗေဒ၊ သင်္ချာဘာသာ၊ ရေကြောင်း အတတ်ပညာ၊ ဘာသာ ဗေဒပညာရပ်များ၊ သင်ကြားပေးခဲ့သည်။ ဖါသာရ်လေကောင်းသည် နဘက်ဝန်းကျင်ရှိ လူငယ်လူရွယ်များအား လူမျိုး ဘာသာမရွှေး အင်္ဂလိပ်စာ သင်ကြားပေးခဲ့သည်။

    ဖါသာရ် ဘူးလီးရက်စ်သည် ချမ်းသာရွာ၌ အထက်တန်းကျောင်းဖွင့်၍ ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ၄င်း လက်ထက်မှာပင် အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း ရရှိခဲ့သည်။ ဖါသာရ်ကွီးရိုးသည် မုံလှရွာတွင် အလယ်တန်းကျောင်း ဖွင့်၍ ကလေးများကို ပညာ သင်ကြားပေးခဲ့သည်။ ဆရာတော်ကြီး အုစ် လက်ထက် (၁၈၉၇)တွင် စိန်ပီတာ အထက်တန်းကျောင်းကို မန္တလေးမြို့၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဖါသာရ်လဖုန်းသည် (၁၈၉၅)ခုတွင် စိန်ဂျိုးဇက် မိဘမဲ့ကျောင်း အမည်နှင့် ဖါသာရ်လဖုန်း စာသင်ကျောင်းကို စတင် ဖွင့်လှစ်ခဲ့သည်။ ဖါသာရ် ဘူလင်ဂျားသည် (၁၈၈၇)ခုတွင် စိန်ဇေးဗီးယား မူလတန်းကျောင်းကို စတင် ဖွင့်လှစ်သည်။

    ဆရာတော်ကြီး ဘိဂန်းဒက်သည် (၁၈၆၀) ပြည့်နှစ်တွင် မော်လမြိုင်မြို့၌ စိန်ပက်ထရစ်ကျောင်းကို၎င်း၊ ရန်ကုန်မြို့၌ စိန်ပေါလ်ကျောင်းကို၎င်း၊ တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ဆရာတော်ကြီးသည် အမျိုးသမီးများအတွက် စာသင်ကျောင်း ဖွင့်လှစ်ရန် ဂွတ်ရှက်ပတ် သီလရှင်များကို ဖိတ်ခေါ်၍ (၁၈၆၇)တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ စိန်ဂျွန်း ကွန်ဗင့်ကျောင်း၊ ပြည်လမ်းရှိ စိန်ဖီလောမီနာကျောင်းနှင့် သိမ်ဖြူလမ်းရှိ ကွန်ဗင့်ကျောင်းခွဲတို့ကို တည်ထောင် ဖွင့်လှစ်ခဲ့သည်။

    မြန်မာနိုင်ငံ၌ ခရစ်ယာန် သာသနာပြုများ၏ တစတစ ကြိုးပမ်းခဲ့ကြသော သာသနာပြုကျောင်းများသည် (၂၀) ရာစုအစောပိုင်းတွင် တိုးတက်လာခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ကြီးပြီး နောက်ပိုင်းတွင် တဟုန်းဟုန်း တိုးတက်လာခဲ့သည်။ သာသနာပြုကျောင်းများသည် မြန်မာနိုင်ငံတွင် အခြေခံကောင်းသော ကျောင်းများ ဖြစ်သည်။ စည်းကမ်းကောင်းသော ကျောင်းများ ဖြစ်သည်။ ရေပန်းစားသော ကျောင်းများ ဖြစ်လာသည်။ နိုင်ငံ၏ အထွဋ်အထိပ် စာသင်ကျောင်းများ ဖြစ်လာသည်။ သို့ရာတွင်(၁၉၆၄) ခုနှစ် တော်လှန်ရေးအစိုးရ၏ ပြည်သူပိုင် ဥပဒေအရ စာသင်ကျောင်းများ ပြည်သူပိုင် သိမ်းလိုက်သဖြင့် ခရစ်ယာန် သာသနာပြုကျောင်းများ တခန်းရပ် သွားခဲ့တော့သည်။
ဆက်ရန် -
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၇)