Monday, September 30, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၄)


ဖါသာရ်ဟဲဗီး (၁၈၇၇-၁၉၂၉)
Fr. F.M.Hervey. (Paris Foreign Mission Society)
        ဖါသာရ် ဟဲဗီးသည် (၁၈၇၇) ခုနှစ် မေလ (၂) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ ရဟန်း သိက္ခာခံပြီးနောက် (၁၉၀၁)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
    (၁၉၀၂) ခုနှစ်မှ (၁၉၂၉) ခုနှစ်အထိ စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ စိန်ဇေးဗီးယား အလယ်တန်းကျောင်းကိုပါ အုပ်ချုပ် ခဲ့ရသည်။ စိန်ဇေးဗီးယား ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ရောက်ရှိလာပြီး မကြာမီ တမီးလ်ဘာသာ စကား သင်ကြား တတ်မြောက်ခဲ့သည်။ ဖါသာရ်ဟဲဗီး၏ လုပ်ငန်းများကို နောင်တွင် ဆရာတော်ဖြစ်မည့် ဖါသာရ် ဖါးလီးယေးက ကူညီ လုပ်ကိုင်ပေးသည်။

(၁၉၁၀)ခုတွင် မိဘမဲ့ တမီးလ် ယောက်ျားကလေးများ ဂေဟာ ဖွင့်ပေးခဲ့သည်။ (၁၉၁၂) ခုတွင် စိန်ဗင်းဆင်း ဒီပေါလ်အသင်း ဖွဲ့ခဲ့သည်။ (၁၉၂၀)ခုနှစ် နာရေးအသင်း ဖွဲ့စည်း၍ မြင်းတစ်ကောင်ဆွဲသော အသုဘယာဉ် တည်ထောင်ခဲ့သည်။ (၁၉၂၀) ပြည့်နှစ်တွင် အိန္ဒိယပြည် မဒရပ်မြို့မှ တပ်ခွဲတစ်ခွဲ မန္တလေးသို့ ရောက်ရှိလာခဲ့ရာ တမီးလ် အမျိုးသားဦးရေ တိုးတက်လာသည်။

    (၁၉၂၆) ခုနှစ်တွင် ရဟန်းဝါတော် (၂၅)နှစ်မြောက် ငွေစင် ဂျူဗလီပွဲတော် ကျင်းပခဲ့သည်။ ပုပ်ရဟန်းမင်းကြီးထံမှ ကေအိုင်အိပ်ခ်ျ (K.I.H)ဘွဲ့ထူး ရရှိခဲ့သည်။ (၁၉၂၉) ခု သြဂုတ်လ (၁၅) ရက်နေ့တွင် တမီးလ် သီလရှင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ဖါသာရ်ဟဲဗီးသည် ရွှေဘိုမြို့ရှိ ဖါသာရ်ဟဲထံ ခေတ္တ သွားရောက်စဉ် ကူးစက်ရောဂါဖြစ်၍ (၁၉၂၉) ခု စက်တင်ဘာလ (၂) ရက်နေ့တွင် ရုတ်တရက် ပျံတော်မူသည်။ ရွှေဘိုမြို့ စိန်ဂျိုးဇက်ဘုရားကျောင်း အနီးတွင် ဂူသွင်း သင်္ဂြိုလ်သည်။


။ The list of foreign Missionaries
။ လော်ရီပေါလ် (စိန်ဇေးဗီးယား) မန္တလေး၏ မှတ်တမ်း
။ လော်ရီပေါလ် (စိန်ဇေးဗီးယား) မန္တလေး၏ မှတ်တမ်း

ဖါသာရ် မွန်ဒရိုး (၁၈၇၅-၁၉၅၂)
Fr.L.Moindroit.(Paris Foreign Mission Society)
    ဖါသာရ် မွန်ဒရိုးသည် (၁၈၇၅) ခု ဇူလိုင်လ (၄) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၀၇) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည်။

    ဖါသာရ်မွန်ဒရိုးသည် မေမြို့၌ သာသနာ အမှုတော် ထမ်းရသည်။ (၁၉၁၃) ခုနှစ်တွင် အပြစ်မဲ့သန္ဓေယူသော သခင်မ ဘုရားကျောင်း တည်ဆောက်ခဲ့ရာ (၁၉၁၄) ခုနှစ်တွင် ပြီးစီး ခဲ့သည်။ ဖါသာရ် မွန်ဒရိုးသည် မေမြို့ အပြစ်မဲ့သန္ဓေယူသော သခင်မဘုရားကျောင်းတွင် (၁၉၁၃) မှ (၁၉၅၁) ခုနှစ်အထိ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ (၁၉၅၂) ခုနှစ် မေမြို့၌ ပျံတော်မူသည်။  

။ The list of foreign Missionaries

ဖါသာရ် ဂီးရဲ (၁၈၈၂-၁၉၄၆)
Fr.N.L.Gier.(Paris Foreign Mission Society)
    ဖါသာရ် ဂီးရဲသည် (၁၈၈၂) ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၀၇) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

  (၁၉၁၀)ခု ဖေဖေါ်ဝါရီလမှ နိုဝင်ဘာလ အထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ ထိုနောက် ဆရာတော် ဖူးလ်ကီးယေး၏ (Procurator) အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၄၆) ခု ဧပြီလ (၂၄) ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

။ The list of foreign Missionaries

ဖါသာရ် အာလာတ် (၁၈၈၄-၁၉၂၉)
Fr.L.Allard (Paris Foreign Mission Society)
ဖါသာရ် အာလာတ်သည် (၁၈၈၄) ခု ဧပြီလ (၃) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၀၈) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည်။

    ရွှေဘို ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်ဟဲ နောက်တွင် ဖါသာရ်အာလာတ်သည် ရွှေဘိုနှင့် အနီး ပတ်ဝန်းကျင်ရှိ ဘုရင်ဂျီရွာများကို ဆက်လက် ကြည့်ရူ ခဲ့သည်။

    ဖါသာရ်ရေမန်းဒက် ပျံတော်မူပြီးနောက် ကျောင်းထိုင် ဘုန်းတော်ကြီး လစ်လပ်နေသော ချောင်းဦးသို့ ဗန်းမော်ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ်မှ ချောင်းဦး ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ဖါသာရ် ရေမန်းဒက် စုဆောင်းခဲ့သော ပစ္စည်းများနှင့် ဘုရားကျောင်း ဆောက်လုပ်ရန် ရှိသော်လည်း ဆောက်လုပ်နိုင်ခဲ့ခြင်း မရှိပေ။

    ဖါသာရ်အာလာတ်သည် ချောင်းဦး ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် (၁၉၂၆) ခု သြဂုတ်လ မှ (၁၉၂၇) နိုဝင်ဘာလ အထိ အမှုထမ်း ခဲ့သည်။ ဖါသာရ် အာလာတ်သည် (၁၉၂၉) ခု စက်တင်ဘာလ (၆) ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

။ The list of foreign Missionaries
။ The Voice, XVII-12, 275
။ The Voice,Jan, 1925,P-15
။ Baptism record, Chaung U

ဖါသာရ်မန်းဒင်း(၁၈၈၇-၁၉၅၁)
Fr. C Mandin (Paris Foreign Mission Society)
 ဖါသာရ် မန်းဒင်းသည် (၁၈၈၇) ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၁၁) ခု ဇန်န၀ါရီလ (၂) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ကျောက်ဆည်နယ် ဘာသာဝင်များ ကြည့်ရူရသည်။ အထူးသဖြင့် မန်ကျည်းတောရွာတွင် ရှိသော ဘာသာဝင်များကို တာဝန်ယူ ကြည့်ရူရသည်။ ဤရွာတွင် စိန်အင်းအမည်ရှိသော ဘုရားကျောင်းကို (၁၉၂၉) ခု ဇူလိုင်လ (၂၈) ရက်နေ့က ကောင်းကြီးပေးပွဲ ကျင်းပသည်။ ဖါသာရ်ဟဲဗီးနှင့်  ဖါသာရ်အာလိုက်ဆီတို့ တက်ရောက်ကြသည်။ ဖါသာရ်ဟဲနောက် ရွှေဘိုနယ် ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် (၁၉၃၄)ခု မှ (၁၉၅၁)ခုနှစ်အထိ တာဝန်ယူရသည်။ ဖါသာရ် မန်းဒင်းသည် (၁၉၅၁) ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။

။ The List of foreign Missionaries
။ The Voice ,2929,Sept,P-214

ဖါသာရ် ဖါးလီးယေး (၁၈၈၈-၁၉၆၈)
Fr.A.Fallier.(Paris Foreign Mission Society)
     ဖါသာရ် ဖါးလီးယေးသည် (၁၈၈၈) ခု ဇွန်လ (၇) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၉၁၄) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

    ရေနံချောင်း၌ သာသနာသစ် ဖွင့်လှစ်၍ သာသနာပြု ခဲ့သည်။ ဆရာတော်ကြီး ဖူးလ်ကီးယေးကို ဆက်ခံသော ဆရာတော်အဖြစ် (၁၉၃၀) ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပြင်သစ်ပြည်၌ တင်မြှောက်ခြင်း ခံရသည်။ များမကြာမီ မြန်မာပြည် မြောက်ပိုင်း သာသနာမှာ ဆရာတော်တစ်ပါးအတွက် အလွန် ကျယ်ပြန့်ကြောင်း တွေ့မြင်သဖြင့် ရှမ်းပြည် အရှေ့ပိုင်းကို ကျိုင်းတုံ သာသနာသို့ ၄င်း၊ မိုးကုတ်၊ ကသာ၊ ဗန်းမော်၊ မြစ်ကြီးနားစသည့် မြောက်ပိုင်းကို စိန်ကော်လန်ဘန် အသင်းဂိုဏ်းသို့ ၄င်း၊ လွှဲပြောင်း ပေးလိုက်သည်။ ဆရာတော် ဖါးလီးယေးသည် အထက်ဖေါ်ပြပါ သာသနာနယ်မြေကို ခွဲဝေပေးပြီး နောက် ချင်းပြည်နယ်တွင် သာသနာပြုလုပ်ငန်း စတင် လုပ်ကိုင်ခဲ့သည်။ ယခင် ဖါသာရ်လောရင်း စတင် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပေ။

    ဆရာတော် ဖါးလီးယေးသည် ချင်းပြည်နယ် တောင်ပိုင်း သာသနာပြုရေး အတွက် ဖါသာရ်အိုဒရင်း၊ ဖါသာရ် အာလက်ဆီ ဦးဘဒင်နှင့် တရားဟော ဆရာ(၃) ယောက်တို့ကို သက္ကရာဇ် (၁၉၃၄) ခုနှစ်တွင် စေလွှတ်ခဲ့သည်။ (၁၉၃၅) ခုနှစ်တွင် ဖါသာရ်ဖူးရ်နဲအား ဒုတိယအကြိမ် စေလွှတ်၍ (၁၉၃၆) ခုနှစ်တွင် ဖါသာရ် အန်ထော်နီ ဦးကျော်မင်းအား တတိယအကြိမ် စေလွှတ်ခဲ့သည်။ ဘုန်းတော်ကြီး ဟန်နရီကိုလည်း (၁၉၃၆) ခုနှစ်တွင် ထပ်မံ စေလွှတ်ခဲ့သည်။ ဘုန်းတော်ကြီးတို့သည် မင်းတပ်မြို့နှင့် လူရှည်ရွာတွင် (၂)ပါးစီ ခွဲနေထိုင်ကြပြီး သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ကြသည်။ အသက်ကြီးသူများသည် မိမိတို့ မိရိုးဖလာ ကိုးကွယ်မှုကို စွန့်လွှတ်ရန် ခဲယဉ်းသော်လည်း မိမိတို့ သားသမီးများ ခရစ်ယာန် ဘာသာတရား လိုက်ရန် ကန့်ကွက်ခြင်း မရှိကြပေ။ ထို့ကြောင့် ကလေးပေါင်း (၅၀)ကျော် ဆေးကြောခြင်း ပေးနိုင်ခဲ့သည်။ လူပေါင်း (၁၇) ဦးအား ခရစ္စမားပေးခဲ့သည်။ လူ(၅၀၀) လောက် ဘာသာတရား သင်ကြားနေကြသည်။ (၁၉၃၆) ခု ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဖရန်စစ္စကင် သီလရှင် (၆) ပါးနှင့် မင်းတပ်မြို့ သီလရှင်ကျောင်း ဖွင့်ပေးနိုင်ခဲ့သည်။

    ဆရာတော် ဖါလီယေးသည် တောင်တွင်းကြီးနယ် ချင်းလူမျိုးတို့အား သာသနာပြုရန် ရမည်းသင်း ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ် စတီးဗင်း ဦးဘအိုအား သာသနာ စတင် ဖွင့်လှစ်ရန် စေလွှတ်ခဲ့သည်။ ဖါသာရ် စတီးဗင်သည် ချင်းညောင်ပင်သာရွာသို့ သွားရောက်၍ တရားဟော ဆရာ(၂) ယောက် ခန့်ထားခဲ့သည်။ ဘုန်းကြီးသည် ရမည်းသင်းမှနေ၍ ရံဖန်ရံကာ သွားရောက် ကြည့်ရူသည်။

    ဆရာတော် ဖါးလီယေးသည် မြောက်ပိုင်း ချင်းတောင် သာသနာပြုရေးအတွက် (၁၉၃၉) ခုနှစ် ဆောင်းကာလတွင် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖါသာရ် မေးနီးရဲနှင့်အတူ ကုန်းလမ်း ရေလမ်းမှ ကလေးဝအထိ သွားရောက် ခဲ့ကြသည်။ ထိုမြို့မှ တဆင့် တီးတိန်နှင့် တွန်းဇံရွာများသို့ တောင်ကြို  တောင်ကြား လူသွားလမ်းမှ လမ်းပြသူ အကူအညီဖြင့် (၄)ရက်တိုင်တိုင် သွား၍ သာသနာပြုရေး အတွက် လေ့လာခဲ့သည်။ ထိုနောက် မြောက်ပိုင်း ချင်းတောင် တီးတိန်နှင့် တွန်းဇံရွာသို့ ဖါသာရ် ဗလီဗေးနှင့် ဖါသာရ် မိုးဇယ်တို့အား (၁၉၄၀) ခုနှစ်တွင် စေလွှတ်၍ သာသနာပြုလုပ်ငန်း စတင် ဖွင့်လှစ်ရာ အောင်မြင်ခဲ့သည်။

    ဂျွန်ဘော်စကို စလေးဆီးယန်း အသင်းဂိုဏ်းဝင် ရဟန်းများအား ဖိတ်ခေါ်သဖြင့် (၁၉၃၉) ခုနှုစ်တွင် မန္တလေးသို့ ရောက်ရှိလာပြီး စာသင်ကျောင်း ဖွင့်၍ စာသင်ကြားပေးသည်။ အနီးစခန်းတွင် ရဟန်းဖြစ်သင်ကျောင်းနှင့် မန္တလေးတွင် စက်မှု လက်မှုပညာသင်ကျောင်း ဖွင့်ထားခဲ့သည်။ မန္တလေးမြို့ စိန်ပန်းရပ်ရှိ ဘုရားကျောင်းကို (၁၉၃၀)ခုနှုစ်တွင် ဆရာတော် ဖါးလီးယေး ဆောက်လုပ်၍ ကောင်းကြီးပေးခဲ့သည်။

    (၁၉၅၉) ခုတွင် ဂိုဏ်းချုပ် ဆရာတော် ဖါးလီးယေးသည် မမာမကျန်းဖြစ်၍ ရာထူးမှ နှုတ်ထွက်သွားသဖြင့် ဆရာတော် ဂျိုးဇက် ဦးဝင်းသည် (၁၉၅၉) ခု ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မန္တလေး သာသနာဂိုဏ်းချုပ် ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဆရာတော် ဖါးလီးယေးသည် (၁၉၆၈) ခု ဇန်န၀ါရီလ (၁၂)ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။
။ The list of foreign Missionaries
။ ကက်သလစ်ရာဇ၀င်၊ စာမျက်နှာ-၃၅၃-၃၅၄
။ ဦးချို။ဆရာ၊ (နဘက်)၏ မှတ်တမ်း
။ ဦးချို။ဆရာ၊ (နဘက်)၏ မှတ်တမ်း
။ မျိုးကြဲသူ၊ ၁၉၆၉ ၊အောက်တိုဘာလ
ဆက်ရန်

Read More...

Friday, September 27, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၃)

Fr.Jean Biptiste Remandet (Paris Foreign Mission Society)

ဖါသာရ်ရေမန်းဒက်သည် (၁၈၆၇)ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၃) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ဆရာတော်ကြီးအုစ်၏ လမ်းညွှန်မှုအရ ဖါသာရ်ရေမန်းဒက်သည် ဖါသာရ်ဟဲကို ကူညီရန် ရွှေဘိုမြို့သို့ ရောက်ရှိလာခဲ့သည်။ (၁၈၉၅)ခု တနေ့တွင် ရွှေဘိုမြို့ အနောက်ဘက် (၆)မိုင်ခန့်ဝေးသော ဦးသံခဲနှင့် ဦးသံရောင် နှစ်အိမ်ထောင်သာ ရှိသော ညောင်ချင်ပင်ရွာသို့ ရောက်ရှိလာပြီး ဦးသံခဲ ဦးသံရောင်တို့နှင့် တစတစ ရင်းနှီးလာခဲ့သည်။ ဖါသာရ် ရေမန်းဒက်သည် ဆေးပညာတတ်ကျွမ်းသဖြင့် ပတ်ဝန်းကျင်ရှိ မကျန်းမာသူများအား ဆေးကုသပေးခြင်း ဆင်းရဲ ဒုက္ခရောက်သူများအား ခရစ်ယာန်မေတ္တာတရားအရ ကူညီ ထောက်ပံ့ပေးခြင်း တို့ကြောင့် ဘုန်းတော်ကြီးအား ပတ်ဝန်းကျင်က ကြည်ညို သဒ္ဓါပွါးပြီး အားကိုးအားထား ပြုလာကြသည်။ ထိုအချိန်တွင် ညောင်ချင်ပင်ရွာနှင့် တစ်မိုင် (၃) ဖါလုံခန့် ဝေးသော ပန်းရံရွာမကြီးမှ ဦးကျယ် ခေါင်းဆောင်၍ ဆင်းရဲသား (၁၆) အိမ်ထောင်စုတို့သည် ညောင်ချင်ပင်ရွာသို့ ပြောင်းရွှေ့ လာခဲ့ကြသည်။ ယခင် အိမ်ထောင်စုနှစ်စုသာ ရှိသောညောင်ချင်ပင် ရွာလေးသည် ယ္ခု (၁၆)အိမ်ထောင် တိုးလာသဖြင့် (၁၈)အိမ်ထောင်ရှိသော ရွာတစ်ရွာ ဖြစ်လာသည်။ ပရံရွာကြီးမှ ပြောင်းရွှေ့လာရောက် နေထိုင်ကြသောကြောင့် ပရံရွာသစ်ဟုလည်း ခေါ်သည်။ ဖါသာရ်ရေမန်းဒက်သည် ပရံရွာမကြီးမှ ပြောင်းရွှေ့လာသော အိမ်ထောင်စုများကို ပျူပျူငှါငှါ လက်ခံ ကြိုဆိုသည်။ ဘုန်းတော်ကြီးသည် ယခင်ရှိနှင့်ပြီး ဦးသံခဲနှင့် ဦးသံရောင် အိမ်ထောင်စု (၂)စုအပြင် ပရံရွာမကြီးမှ ပြောင်းရွှေ့လာကြသော အိမ်ထောင်စုများအတွက် ခရစ်ယန် အယူဝါဒ သင်ကြားပေးရန် ဦးပုအား ဓမ္မဆရာခန့်သည်။ ဦးပုသည် ရွာသားများအား ဘုရားစကား သင်ကြားပေးသည်။ရွှေဘို ကျောင်းထိုင်နယ်အုပ် ဘုန်းတော်ကြီး ဖါသာရ်ဟဲသည် ညောင်ချင်ပင်ရွာမှ ဆင်းရဲသားများအား အိုးအိမ် ထူထောင်ပေးသည်။ အိမ်ထောင်စု အလိုက် လှည်း နွား လယ်ယာ ကိုင်းကျွန်းများ ၀ယ်ပေးသည်။ တိရစ္ဆာန် မွေးမြူရေးအတွက် မတည်ပေးခဲ့သည်။ (၁၈၉၆) ခု စက်တင်ဘာလ (၁၀)ရက် နေ့တွင် ညောင်ချင်ပင် ရွာသူရွာသား (၃၉)ဦးအား မန္တလေးမှ ဆရာတော် ဘိရှော့အုစ် ကိုယ်တိုင်လာရောက်၍ ပထမဆုံး ဆေးကြောခြင်း ပေးခဲ့သည်။ထိုအချိန်မှစ၍ ညောင်ချင်ပင်ရွာကလေးသည် ကက်သလစ် ခရစ်ယာန်ရွာ ကလေးတစ်ရွာ ဖြစ်လာခဲ့သည်။

ယခုအခါ ညောင်ချင်ပင်ရွာဟု လူသိနည်းပြီး ရွာတော်ရွာဟုသာ လူုသိများခဲ့သည်။ ဖါသာရ် ရေမန်းဒက် တည်ထောင်ခဲ့သော ညောင်ချင်ပင်(ရွာတော်)ရွာကလေးသည် ယ္ခုအခါ ရွှေဘိုမြို့နယ်တွင် ကက်သလစ် ဘာသာဝင် (၁၀၀၀)ကျော်ရှိသော ရွာကြီးတရွာ ဖြစ်နေပေပြီ။ ဖါသာရ်ရေမန်းဒက်သည် (၁၈၉၅) မှ (၁၉၀၀) ပြည့်နှစ်အထိ ညောင်ချင်ပင် ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ ဖါသာရ်ရေမန်းဒက်သည် ဖါသာရ်ဟဲ၏ လက်ထောက် ဘုန်းတော်ကြီးအဖြစ်နှင့် ရွှေဘိုဘာသာဝင်များကို ကြည့်ရူရသည့် အပြင် မုံလှရွာကိုလည်း ကြည့်ရူရသည်။

     ဖါသာရ် ရေမန်းဒက်သည် (၁၉၀၇)ခုတွင် ချောင်းဦး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ရောက်ရှိလာသည်။ချောင်းဦးသို့ ရောက်ပြီးနောက် ဦးစန္ဒာက လှူဒါန်းငွေဖြင့် ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။

သင်္ချိုင်းကျောက်စာ ကျောင်းတကာ ဦးစန္ဒာကူ
    စစ်ကိုင်းမြို့ အပါ ချောင်းဦးရွာတွင် ကျောင်းတကာ ဦးစန္ဒာသည် ဇာတိသန့်စင် ဖွားမြင်ငှါ နောက် အချိန်အရွယ်သို့ ရောက်လျှင် ရှာကြံရသော ပစ္စည်းရပ်များကို မိမိ၏ အစွမ်းသတ္တိကြောင့် မဟုတ် ဘုရားသခင် ကျေးဇူးတော် ဂုဏ်လှူ ခံစားရ၍ ရငြားသော ပစ္စည်းများကို ဘုရားသခင်အား ကျေးဇူးဆပ်ခြင်း သဒ္ဒါတရား နှလုံးထားပြီးလျှင် ဘုရားသခင်၏ ကိုယ်စာလှယ်တော် ရဟန်းတော် အဆက်ဆက် မပျက် သီတင်းသုံးတော်မူရန် တိုက်ကျောင်းကို ဆောက်လုပ် လှူဒါန်းပူဇော်ပြီးလျှင် ကျောင်းတကာ ဦးစန္ဒာသည် အသက်(၄၁)နှစ် အစ၏ မရဏဇူဝန် ဆုံးသွန်လေးပါး မြတ်တရားတွင် ဘုရားမိန့် သံဗျာဒိတ်ခံ၍ သက္ကရာဇ် (၁၂၇၀)ပြည့် ၀ါခေါင်လဆန်း လ၏ (၁၀)ရက်တွင် ဘ၀တပါး လိုက်သွားရာ ကြွင်းကျန်တုံရှောင်း ရုပ်အလောင်းကို ကျောင်းအမ မရွှေညွှန့်က အမျိုးထုံးတမ်း နည်းလမ်းအရ လှပကောင်းမွန်စွာ ဖုံးလွှမ်းသင်္ဂြိုလ် ပါကြောင်း ၄င်း ကျောင်းတကာအတွက် သားစဉ် မြေးဆက်မပျက် မေတ္တာပို့ကြပါ။

    ဖါသာရ် ရေမန်းဒက်သည် ချောင်းဦးသာသနာတွင် ပါဝင်သော မုံရွာ ဘာသာဝင်များကိုလည်း ကြည့်ရူရသည်။ ဖါသာရ်ရေမန်းဒက်သည် မုံရွာမြို့၌(အလျား ၇၀ပေ x အနံ ၂၈ပေ x အမြင့် ၃၅ပေ ရှိသော ဂေါသစ်ပုံစံ စိန်ဂျိုးဇက်ဘုရားကျောင်းကို ခေါင်းလောင်စင်ပါ ဆောက်လုပ်ခဲ့သည်။ ပြတင်းပေါက် (၁၈)ပေါက် ပါဝင်သည်။ လေးထောင့်ပုံ ခေါင်းလောင်းစင်မှာ ပေ(၉၀) မြင့်သည်။ ဘုရားကျောင်း ကုန်ကျငွေကို ဗီဒဗလျူဒီမှ မစ္စတာ ဂျီဂျေဖရန်စစ်တို့က ပေးလှူသည်။

    ဘုန်းကြီးနေရန် (၂)ထပ်ကျောင်းကိုလည်း ဆောက်လုပ်ခဲ့သည်။ ဘုန်းကြီးနေ ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် (၃)ခန်းတွဲ ဇရပ်ကြီး တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ ဦးဘိုးခန့်ဆိုသူကို ကျောင်းစောင့်အဖြစ် ထားသည်။

    ဖါသာရ် ဂျီးရိုး လက်ထက်တွင် ချောင်းဦး၌ ဘာသာဝင် အိမ်ခြေ (၅၀)ခန့်သာရှိ၍ ဖါသာရ် ရေမန်းဒက် လက်ထက်တွင် အိမ်ခြေ (၉၀)ထိ တိုးတက်လာပြီး ဘာသာဝင် ဦးရေ (၄၀၀)အထိ ရှိခဲ့သည်။ ဖါသာရ်ရေမန်းဒက်သည် ချောင်းဦး၌ အုတ်ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရန် စီစဉ်နေစဉ် မော်လိုက်မှ အပြန် ငှက်ဖျားမိ၍ (၁၉၂၄) ခု သြဂုတ်လ (၁၇)ရက်နေ့တွင် ချောင်းဦး၌ ပျံတော်မူသည်။

။ The list  of foreign Missionaries
။ ဦးဂျိုးဇက် (ရွာတော်)၏ မှတ်တမ်း။
။ The Voice 1.5.104
။ ဦးဘိုးသိန်း (မုံရွာ) ၏ပြောပြချက်
။ The Voice ,Oct,1924,PP.234-235

ဖါသာရ်ဘူးလင်ဂျား (၁၈၆၃-၁၉၃၆)
Fr.X. Boulanger (Paris Foreign Mission Society)

           ဖါသာရ်ဘူးလင်ဂျာသည် (၁၈၆၃)ခု ဇန္န၀ါရီလ (၃) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၆)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    (၁၈၈၈) ခုနှစ်တွင် မန္တလေး တမီးလ်သာသနာကို စတင် တည်ထောင်သည်၊ (၁၈၉၀) မှ(၁၈၉၃) ထိ ဖါသာရ်ရစ်ချက်က တမီးလ် ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ (၁၈၉၃)ခုနှစ်တွင် ဖါသာရ်ဘူးလင်ဂျား ပြန်ရောက်ရှိလာပြီး တမီးလ်လူမျိုး ဘာသာဝင်များအတွက် စိန်ဇေးဗီးယား ဘုရားရှိခိုးကျောင်းကို ဆောက်လုပ်ခဲ့သည်။ယင်း ဘုရားကျောင်းကို မန္တလေးမြို့ စိန်ပီတာ ကာသီဒရယ်ဘုရားရှိခိုးကျောင်းမှ ပစ္စည်းများ ယူ၍ ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ဘူးလင်ဂျားသည် (၁၈၈၇)တွင် စာသင်ကျောင်းဆောက်၍ မူလတန်းကျောင်း စတင် ဖွင့်သည်။ (၁၉၀၀) ပြည့်နှစ်တွင် အလယ်တန်းကျောင်း အဖြစ်သို့ တိုးမြှင့် နိုင်ခဲ့သည်။ကက်သလစ် တမီးလ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ (၁၈၉၅)တွင် မော်လမြိုင်သို့ ပြောင်းရွှေ့ သွားသည်။ (၁၉၃၆) တွင် ရန်ကုန် ပဲခူးတွင် အသတ်ခံရသည်။

။ The list of foreign Missionaries
။(က) Mandalay district Gazetteer ,Vol A.P.176
   (ခ) မစ္စတာလော်ရီပေါလ် (စိန်ဇေးဗီးယား) မန္တလေး၏ မှတ်တမ်း

ဖါသာရ် အယ်လ်လဖုန်း (၁၈၆၄-၁၉၄၅)
Fr. L.Lafon. (Paris Foreign Mission Society)

    ဖါသာရ် လဖုန်းသည် (၁၈၆၄)ခု ဂျွန်လ (၉)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၄)ခုတွင် ပီနန်မြို့ရှိ အရှေ့တောင်အာရှ နိုင်ငံတကာ ရဟန်းဖြစ်သင်ကျောင်းမှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိလာသည်။ ဆရာတော်ကြီး စီမွန် ကြည့်ရူခဲ့သော တရုတ်အမျိုးသား ခရစ်ယာန်များကို ဖါသာရ်လဖုန်းက ဆက်လက် ကြည့်ရူ ခဲ့ရသည်။ မန္တလေးမြို့ တရုတ်တန်းရှိ ဖါသားလဖုန်းကျောင်းကို စိန်ဂျိုးဇက်မိဘမဲ့ကျောင်း အမည်ဖြင့် (၁၈၉၅) ခု စက်တင်ဘာလ (၁၁)ရက်နေ့တွင် စတင် ဖွင့်လှစ် တည်ထောင်ခဲ့သည်။ ဤအချိန်မှ (၁၉၀၂) ခု အထိ ကျောင်းအုပ်အဖြစ် မစ္စတာအိပ်ခ်ျရှက်ပဲလ်မင်က အုပ်ချုပ် စီမံသည်။ ဖါသာရ်လဖုန်းသည် ကျောင်း အဆောက်အဦး ဆောက်လုပ်ရေးအတွက် ရံပုံငွေကို မြန်မာနိုင်ငံ အနှံ့အပြားရှာ၍ (၁၉၀၄) ခုနှစ်တွင် (၂၀၀ ပေ x ၃၆ပေ)ရှိသော ကျောင်းကို ဆောက်လုပ် နိုင်ခဲ့သည်။ ဤကျောင်းကို မစ္စတာချားလ်က (၁၉၀၂)ခုမှ (၁၉၃၆)ထိ ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ ၄င်း၏ စီမံကွပ်ကဲမှု အောက်တွင် ကျောင်းလုပ်ငန်း အောင်မြင်မှု ရရှိကာ (၇)တန်း အစိုးရစစ်တွင် ရာနှုန်းပြည့် အောင်မြင်ခဲ့သည်။

    ဖါသာရ် လဖုန်းသည် (၁၉၀၁)ခုမှ (၁၉၁၀) ခုအထိ ရွာတော် ဘာသာဝင်များကို ကြည့်ရူ ခဲ့သည်။ (၁၉၁၃)ခုနှစ်တွင် စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းဆောက်ရန် စတင် ပန္နက်ချခဲ့သည်။ ပထမကမ္ဘာစစ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်သွားခဲ့သည်။ (၁၉၂၄) ခုနှစ်တွင် ပြန်လည် တည်ဆောက်ရာ (၁၉၃၃) သြဂုတ်လ (၁၃)ရက်နေ့တွင် အပြီးသတ်သည်။ ဆရာတော်ကြီး ဖါးလီးယေး ဘုရားကျောင်း ကောင်းကြီးပေးသည်။

    (၁၉၂၈) ခု သြဂုတ်လ (၅)ရက်နေ့တွင် ဖါသာရ်လဖုန်း တည်ဆောက်ခဲ့သော ဘုန်းကြီးနေကျောင်း စာသင်ကျောင်းနှင့် ကလေးများ ဘော်ဒါဆောင်ကို မီးလောင်ကျွမ်း ခံရသည်။ ဖါသာရ်လဖုန်းသည် မီးလောင်ပြီး ရက်(၂၀) အကြာ (၁၉၂၈)ခု သြဂုတ်လ (၂၅)ရက်နေ့တွင် အာသံနယ် ပရီဖက်အပေါ်စံတော်လစ် အယ်လ်မက်သိုင်းအက်စ်ထံ ဆလေးရှင်း ဂိုဏ်းဝင်များက ဤကျောင်းကို လွဲပြောင်းတာဝန်ယူရန် စာရေးလိုက်သည်။ ဤအတောအတွင်း ပျက်စီး ဆုံးရှုံးသွားသော အဆောက်အဦးများ ပြန်လည်ထူထောင်ရန် ထီလက်မှတ်များ ရောင်းချခဲ့သည် လုပ်ငန်း အောင်မြင်သဖြင့် (၁၉၃၄)ခုတွင် ဘုရားကျောင်း၏ မြောက်ဘက်၌ သံမဏိဘောင်ခံ ကွန်ကရစ်အဆောက်အဦး (၁၅၀ ပေ x ၄၇ပေ) ကို စတင် ဆောက်လုပ်ခဲ့သည်။ သို့ရာတွင် (၁၉၃၄)ခု မေလ (၅)ရက်နေ့၌ ပုလိပ်မင်းကြီး၏ အမိန့်အရ လောင်းကစားမှု အားလုံးကို ရပ်ဆိုင်းလိုက်သောအခါ ဖါသာရ်လဖုန်း၏ လုပ်ငန်းများ များစွာထိခိုက် နစ်နာခဲ့သည်။

    ဖါသာရ်လဖုန်းသည် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်၍ တခြားနည်းလမ်းများ ရှာမရသဖြင့် ဒုတိယအကြိမ် မသိုင်းအက်စ် ထံစာရေး အကြောင်းကြား ရပြန်သည်။ (၁၉၃၇) ခုနှစ်တွင် ဆလေးရှင်း အကြီးအကဲ ဗီစကူဒေရီသည် သာသနာလုပ်ငန်းနှင့် ထိုင်းနိုင်ငံသို့ ခရီးကြွလာရင်း မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်လာခဲ့သည်။ (၁၉၃၉) ခု ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် ဆလေးရှင်းဂိုဏ်းမှ အကြီးအကဲအဖြစ် ဖါသာရ်အာလက်ဆီနှင့် ဖါသာရ်ဘောဒင်း၊ ဖါသာရ်ဂျက်ကောမင်း၊ ကိုရင်ဂျိုးဇက်၊ ကိုရင်ဒါလာဂျား၊ ကိုရင်ဘွန်ဂျောနိုးတို့ ရောက်လာကြသည်။ ထိုအချိန်က ကျောင်းအုပ်ကြီးမှာ အိမ်ခ်ျကော်နယ်လီရိုဖြစ်၍ ကျောင်းအိပ် ကျောင်းစား (၃)ဦးနှင့် နေ့ကျောင်းသား (၁၂)ဦးသာ ရှိတော့သည်။သို့ရာတွင် ဆလေးရှင်းတို့၏ ကြိုးပမ်းမှု့ကြောင့် ထင်ရှားသော ကျောင်းတစ်ကျောင်း ဖြစ်လာသည်။

    ဖါသာရ်လဖုန်းသည် (၁၉၂၈) ခု မီးကြီးလောင်စဉ်က စစ်ကိုင်းမြို့သို့ သွားရောက်၍ သာသနာလုပ်ငန်းများ ဆောင်ရွက်နေရာ မိတ်ဆွေများက သွားရောက် အကြောင်းကြားရသည်။ ဖါသာရ်လဖုန်းသည် အင်းဝနှင့် အမရပူရမြို့များတွင် ရှေးကကဲ့သို့ ဘုရင်ဂျီဘာသာ ထွန်းကားအောင် ဆောင်ရွက်လိုသဖြင့် အင်းဝမြို့တွင် ဘုရင်ဂျီများ နေထိုင်ခဲ့ဘူးသော နေရာဟောင်း အနီးတွင် မြေကွက်ငယ် တစ်ခုဝယ်ပြီး စိန်လေအိုဟူသော ရွာငယ်တစ်ရွာ စတင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုန်းကြီး၏ အသက်ကြီး ရင့်ခြင်း၊ အလုပ်များခြင်း၊ ဒုတိယ ကမ္ဘာစစ်ကြီးနှင့် ကြုံတွေ့နေရခြင်း၊ စသည့် အခက်အခဲများကြောင့် အကျိုး မသက်ရောက်ခဲ့ပေ။အမရပူရမြို့တွင် စိန်ပီတာ ဘုရားရှိခိုးကျောင်းအနီး၌ ကျယ်ပြန့်သော မြေကွက်ကို ၀ယ်ယူပြီး ခြံဝင်းခတ်လျက် ဘုန်းကြီးကျောင်းနှင့် သာသနာရပ်ကွက် တစ်ခု တည်ထောင်ခဲ့သည်။

    ဖါသာရ်လဖုန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း စိန်ဂျွန်း အနာကြီးဆေးရုံတွင် သွားရောက် ခိုလှုံနေရသည်။ (၁၉၄၅) ခု ဇန်န၀ါရီလ (၂၅) ရက် သက်တော် (၈၁)နှစ်တွင် ပျံတော်မူသည်။ စိန်ဂျွန်း ရပ်ကွက်မှာပင် သင်္ဂြိဲုလ်သည်။ဖါသာရ်လဖုန်း၏ သေတမ်းစာအရ (၁၈-၃-၄၆)နေ့တွင် ဘုန်းတော်ကြီး၏် အရိုးစုကို လဖုန်း စိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်း ဘုရားစင်၏ အောက်ခန်းတွင် ဂူသွင်း ထားသည်။


ဖါသာရ်ဝင်းဂဲ(ဖါသာရ်ဝေဟင်းဂါး)(၁၈၆၄-၁၉၀၃)
Fr. J. Wehinger.(Paris Foreign Mission Society)

    ဖါသာရ်ဝင်းဂဲသည် (၁၈၆၄)ခု နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၉)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ဆရာတော်ကြီးသည် ဖါသာရ်ဝင်းဂဲအား ပုလိပ်နှင့် တစ်မိုင်ခန့်ဝေးသော ချမ်းသာကုန်းတွင် ဖါသာရ်တော် ဘိယ ဟောပြောစည်းရုံး၍ ဘာသာဝင်လာကြသူ မိသားစုများအား အုပ်ချုပ်ရန်နှင့် ဘုရားကျောင်းဆောက်ပေးရန် စေလွှတ်ခဲ့သည်။ ချမ်းသာကုန်း ဘာသာဝင်များသည် မိမိတို့ လက်ဦးဆရာဖြစ်သော ဖါသာရ်တော်ဘိယကို ကြည်ညိုကြသည့် အတွက် နောက်ရောက်လာသောနို င်ငံခြားသား ဘုန်းတော်ကြီး ဖါသာရ်ဝင်းဂဲကို မလိုလား၍ ကိစ္စတုံးစီရင်ကြရန် ကြံစည်ကြသည်။ တစ်ည၌ လူဆိုးများ ရုတ်တရက်ဝင်ရောက်လာပြီး နိုင်ငံခြားသား မျက်နှာဖြူ ဘုန်းတော်ကြီး ဖါသာရ်ဝင်းဂဲအထင်နှင့် ဖါသာရ်တော်ဘိယနှင့် ကျောင်းသားလေး ပီတာကို ဓားနှင့် ခုတ်ပိုင်းကြသည်။ သေပြီဟုထင်၍ ချက်ချင်း ထွက်ပြေးကြသည်။ လူဆိုးများကို ဖမ်းမိခဲ့ခြင်း မရှိပေ။ ဖါသာရ်ဝင်းဂဲမှာ ဓားခုတ်ခြင်းမှ လွတ်ကင်းခဲ့သည်။ ဖါသာရ် တော်ဘိယရရှိခဲ့သော ဒဏ်ရာများလည်း ကုသ ပျောက်ကင်းခဲ့သည်။

    ဖါသာရ်ဝင်းဂဲသည် (၁၈၉၆) ခုနှစ်တွင် မန္တလေးမြို့ မနော်ယမံဥယျာဉ်တွင် အနာကြီးရောဂါ ကုဆေးရုံဖွင့်ရန် အတွက် သူနာပြု ဆရာမများရရှိရန်နှင့် အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ဥရောပ တိုင်းပြည်များသို့ သွားရောက်ခဲ့သည်။ အနာကြီးရောဂါသည်များ ပြုစုကုသပေးရန် မာရိယား၏ ဖရန်စစ္စကင် သီလရှင်အသင်းက တာဝန်ယူရန် လက်ခံလိုက်သည်။ (၁၈၉၈)ခုနှစ် ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် ဖရန်စစ္စကင်သီလရှင်များ မန္တလေးသို့ ရောက်ရှိလာကြသည်။ ဖါသာရ်ဝင်းဂဲသည် မန္တလေးမြို့ မနော်ယမံတွင် ကုဌနူုနာလူနာဆောင် (၇) ဆောင်နှင့် ဘုရားကျောင်း အပါအ၀င် သီလရှင်များ၏ ကွန်ဗင့်ကျောင်း ပင်မဆောင်ကြီးကို ဆောက်လုပ်ခဲ့သည်။ အနာကြီးရောဂါသည် လူနာဆောင် (၇)ဆောင်ကို (၁၉၀၁) ခု နိုဝင်ဘာလ (၂၈)ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်နှင့် ဒုတိယဘုရင်ခံတို့က ဖွင့်လှစ်ပေးခဲ့သည်။ ဘုရားကျောင်း အပါအ၀င် သီလရှင်များ၏ ကွန့်ဗင့်ကျောင်း ပင်မဆောင်ကြီးကို (၁၉၀၂) ခုနှစ် မတ်လ (၅)ရက်နေ့တွင် ဆရာတော် ကာဒိုးက ကောင်းကြီးပေးပြီး မတ်လ (၂၂)ရက်နေ့တွင် ဒုတိယ ဘုရင်ခံက ဖွင့်လှစ်ပေးခဲ့သည်။ရာနှင့်ချီသော ရောဂါသည်များအား ကျောင်းပတ်ဝန်းကျင်တွင် နေထိုင်စေ၍ လယ်ယာလုပ်ငန်းများ၊ လက်သမား လုပ်ငန်းများ ယက္ကန်းလုပ်ငန်းများ၊ အပ်ချုပ်လုပ်ငန်းများ လုပ်ကိုင်စေသည်။ ကလေးများအတွက် စာသင်ကျောင်းများ ဖွင့်ပေးခဲ့သည်။ နောင်တွင် ရောဂါသည် (၂၅၀)ကို အကြီးအကဲတစ်ဦး၊ဆရာဝန်တစ်ဦး၊ သီလရှင် (၂၂)ပါးက ကြီးကြပ်အုပ်ချုပ် ကုသပေးသည်။ စာသင်ကျောင်းတွင်လည်း ကျောင်းသား (၉၃)ယောက်အထိ ရှိလာခဲ့သည်။ဖါသာရ်ဝင်းဂဲသည် (၁၉၀၃)ခု စက်တင်ဘာလ (၆)ရက်နေ့တွင် မန္တလေးမြို့ မနော်ယမံတွင် ပျံတော်မူသည်။

။ The list of foreign Missionaries
။ The Voice,1925,Oct,P.241

ဆက်ရန် - 
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၄)

Read More...

Monday, September 23, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၂)

 ဖါသာရ် ပေလေတီးယား (၁၈၈၆၅-၁၉၃၀)
Fr.Pelietier (Paris Foreign Mission Society)


        ဖါသာရ် ပေလေတီးယားသည် (၁၈၆၅) ခု မတ်လ (၃၁)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၁)ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ဖါသာရ် ပလေတီးယားသည် ကျောက်ဆည်ခရိုင်ရှိ ကက်သလစ် ဘာသာဝင်ရွာများ တည်ထောင်ခဲ့သည်။ (၁၉၀၃)ခုနှစ်တွင် ဇော်ဂျီရွာ တည်ထောင်ခဲ့သည်။

    ချမ်းသာကုန်းရွာသည် ကျောက်ဆည်ခရိုင်ရှိ ကက်သလစ် ဘာသာဝင်ရွာများ၏ ဗဟိုရ်ဌာနဖြစ်သည် ဘုန်းတော်ကြီးသည် ချမ်းသာကုန်းမှနေ၍ ကက်သလစ်ရွာများ ဖြစ်သော မြောက်ကိုင်း၊ ကင်းလတ် ကျောက်ဆည်၊ ဇော်ဂျီ၊ မကျီးတော၊ ဆင်ဖြူရွာများသို့ သွားရောက် ကြည့်ရူရသည်။ ချမ်းသာကုန်းရွာရှိ လုဒ်မယ်တော်ဂူလိုင်ကို ဖါသာရ် ပေလေးတီးယား တည်ဆောက်ခဲ့သည်။

    ဖါသာရ် ပေလေတီးယားသည် (၁၉၂၀)ခုတွင် ချမ်းသာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် စတင် အမှုထမ်းခဲ့သည်။ (၁၉၂၁)ခုတွင် ချမ်းသာရွာ မယ်တော်ဂူလိုင် ဆောက်ပြီး (၁၉၂၃)ခု မေလ (၁၆)ရက်နေ့တွင် ဖါသာရ်ဟဲ ကောင်းကြီးပေးသည်။ (၁၉၂၈)ခုနှစ်တွင် ဖါသာရ်ပေလေတီးယားသည် ဦးသက်နှံ ဒေါ်ငွေပွင့်တို့ ဆောက်လုပ်ခဲ့သော ဘုရားရှိခိုးကျောင်းမှာ ကျဉ်းနေသဖြင့် (၄)ခန်း တိုးချဲ့ပြီး ခရစ္စတူးပုံ အတိုင်း ဆောက်လုပ်သည်။ ဘုရားကျောင်း အလျား (၄၈)ပေ အကျယ်ကိုပေ (၄၀)နှင့် အလျား (၂၄)ပေ၊ အနံ (၁၈)ပေစီရှိသော လက်နှစ်ဘက် တိုးချဲ့ခဲ့သည်။ လက်တဘက်လျှင် အကျယ် (၅)ပေ (၆)လက္မ အမြင့်(၈) ပေစီရှိသော လူဝင်တံခါးမကြီး တစ်ပေါက်စီ ရှိသည်။ ဘုရားကျောင်းတစ်ခုလုံး (၈) လက္မ ပတ်လည်ရှိသော အီတလီ ကျောက်ပြားများဖြင့် ခင်းထားသည်။ ဘုရားစင်ခန်းနှင့် ဘုရားကျောင်း အလယ် အလယ်လမ်းကို အီတလီပန်းဒီဇိုင်း ကျောက်ပြားများ ခင်းထားသည်။ (၁၉၂၈) ခု နိုဝင်ဘာလ (၂၁)
ရက်နေ့တွင် သာဓုခေါ် ကောင်းကြီးပေးသည်။ ဖါသာရ်ပေလေတီးယား ချမ်းသာရွာ အုပ်ချုပ်စဉ် ဘာသာရေးကို စည်းကမ်းတကျ ကြပ်ကြပ်တည်းတည်း တည်ဆောင်ရွက်ခဲ့သည်။ အပတ်စဉ် တနင်္ဂနွေနေ့နှင့် ၀တ္တရားပွဲကြီးများ၌ ကိုယ့်အိမ် ကိုယ်မစောင့်ရဘဲ (၁၀)အိမ်မှာ တစ်ယောက်တည်း အလှည့်ကျ စောင့်စေသည်။ အိပ်ရာမှ မထနိုင်အောင် မကျန်းမာသူရှိခဲ့သော် စောင့်ရှောက်ရန် တစ်ယောက်သာ နေခွင့်ရသည်။ ကျန်သူ အားလုံး ဘုရားကျောင်းတက်ကြရသည်။ ဘုန်းတော်ကြီး မစ္ဆား ပူဇော်နေစဉ် မည်သူမည်ဝါ မစ္ဆားပူဇော်ခြင်း၌ ပါဝင်သည် မပါဝင်သည်ကို သိရှိရန် ဆရာကြီး ဦးဘိုသန်းက စာရင်းကောက်သည်။ မစ္ဆားမတက်သူများကို ခေါ်စစ်ပြီး ထိုက်သင့်သလို ဒဏ်ပေးသည်။ ဘာသာကွဲများ ကျင်းပသော အလှူပွဲ ရုပ်သေးပွဲ၊ အငြိမ့်ပွဲမှ စ၍ ကြည့်ချင်ပွဲသဘင်များ ကြည့်ရူခြင်း ပါဝင်ခြင်းကိုလည်း တားဖြစ်သည်။ ညပွဲများ တိတ်တဆိတ် သွားရောက်ကြည့်ရူသူတို့ကို တိတ်တဆိတ် အစောင့်ခိုင်း၍ တွေ့ရှိသူများကို ပါစကားပွဲ၊ အာပတ်ဖြေခြင်း ကိုယ်တော်မြတ်ပင့်ယူခြင်း မပြုရ၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်လည်း သင်္ချိုင်းထဲ မီးမထွန်းရဟု ထားမြစ်သည်။ ကျောင်းသားအရွယ် လူငယ်များပွဲထဲတွင် တွေ့ရှိခဲ့သော် တနင်္ဂနွေနေ့ မစ္ဆားပူဇော်ချိန်တွင် ဘုရားကျောင်း အလယ်လမ်းမ၌ ဖယောင်းတိုင်ကိုင်ပြီး မစ္ဆားအစ အဆုံး ဒူးထောက်၍ ဒဏ်ခံရသည်။ လက်ထပ် မင်္ဂလာပွဲ မယ်တော်ကျောင်းပွဲတို့၌ သေရည် သေရက် သောက်သူများ လမ်း၌ ရမ်းကားစော်ကားသူများကို ခေါ်ယူ စစ်ဆေးပြီး ဒဏ်ပေးသည်။ ဖါသာရ် ပေလေတီးယား လက်ထက် ချမ်းသာရွာသည် အတော် ငြိမ်ဝပ်ပိပြား၍ ဘာသာတရားကို အလွန် လေးစားကြသည်။ မစ္ဆားပူဇော်ချိန် သြ၀ါဒပေးချိန်များတွင် ဘုရားကျောင်းပြင်ပသို့ ထွက်ခြင်း စကားပြောခြင်း၊ ဆေးလိပ်သောက်ခြင်း မရှိရ၊ မစ္ဆားကို အစ အဆုံးတိုင် ပါဝင် ပူဇော်ကြသည်၊ (၁၉၂၅) ခုတွင် ချမ်းသာရွာ၌ လူ(၆၀၀) ရှိကြောင်း ဟာဗီ၏ မှတ်တမ်းအရ သိရသည်။

    ဖါသာရ် ပေလေတီးယားလက်ထက်တွင် ဆရာဦးဘိုးဆိုင်၏ နေရာတွင် ဆရာကြီးဦးဘိုးသိန်းက လက်ထောက် ဆရာအဖြစ် ၀င်ရောက် သင်ကြားခဲ့သည်။ (၁၉၂၁)ခုနှစ်တွင် မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ တိုးမြှင့်ပေး၍ ဆရာကြီး ဦးဘိုးသိန်းသည် မူလတန်းကျောင်းအုပ်မှ အလယ်တန်း ကျောင်းအုပ်အဖြစ် တိုးမြှင့်ခြင်း ခံရသည်။ ထိုအချိန်တွင် ပညာသင်ကြားကြသော ကျောင်းသူကျောင်းသား ဦးရေ များပြားလာ၍ ယောက်ျားလေးကျောင်းနှင့် မိန်းကလေးကျောင်းဟူ၍ ခွဲခြား သင်ခဲ့သည်။ ဆရာကြီး ဦးဂျိုသည် (၁၉၂၅)ခုတွင် အလယ်တန်း ဆရာအဖြစ် စာမေးပွဲ အောင်မြင်ခဲ့ပြီး ချမ်းသာရွာ အာရ်စီအမ်း ယောက်ျားလေး အလယ်တန်းကျောင်းတွင် အလယ်တန်းဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်သည်။ ဖါသာရ် ပေလေတီးယားသည် ချမ်းသာရွာ၌ (၁၉၂၀) မှ (၁၉၃၀) အထိ (၁၀)နှစ် အုပ်ချုပ်ခဲ့ပြီး (၁၉၃၀) ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် မေမြို့၌ ပျံတော်မူသည်။

။ The list of foreign Missionaries
။ The Voice, 1924,Feb,PP-34-35
။ The Voice, 1920,July,PP-169-170
။ The Voice, XIII,Nov,1928-11,249
။ ချမ်းသာရွာ ဘုရားကျောင်း၊ ရာပြည့်အထိမ်းအမှတ် စာစောင် (၁၈၉၄-၁၉၉၄) စာမျက်နှာ၂၆-၂၇


ဖါသာရ် ဂရန်းနီး အဲလ်(၁၈၆၉-၁၉၁၉)
(Fr.Egene-Antonie Granie) (Paris Foreign Mission Society)

    ဖါသာရ် ဂရန်းနီးအဲလ်သည် (၁၈၆၉)ခု၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၂)ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ချမ်းသာကုန်း မြောက်ကိုင်း ဘာသာဝင်များကို ကြည့်ရူခဲ့ပြီးနောက် (၁၉၁၁) ခု မတ်လမှ
(၁၉၁၉) ခု မတ်လထိ ရွာတော် ဘာသာဝင်များကို ကြည့်ခဲ့သည်။

    (၁၉၁၉) ခုတွင် ချမ်းသာရွာသို့ ရောက်ရှိလာသည်။ မကြာမီ ဘုန်းတော်ကြီးသည် မိုးလင်း ခေါင်းလောင်းကို ကိုယ်တိုင်သွား၍ ထိုးရာ ခေါင်းလောင်းကြိုးနှင့် ညိပါပြီး အောက်သို့ကျရာ ခြေသလုံး ညိုသကျည်းရိုး ကျိုးသဖြင့် အပြင်းအထန် ခံစားရသည်။ မြန်မာသမားတော်ကြီး ဖြစ်သော ဆရာဖန်နှင့် ကုသည်။ နှစ်လကျော်မျှ လူကြီးများ ညအခါ အလှည့်ကျ စောင့်အိပ် ကုသပါသော်လည်း ယင်း ဒဏ်ရာနှင့်ပင် (၁၉၁၉) ခု မေလ(၅)ရက်နေ့၌ ပျံတော်မူသည်။ ပျံတော်မူချိန်တွင် သက်တော် (၅၀) ရှိပြီဖြစ်သည်။

။ The list of foreign Missionaries
။ Baptismrecord, ywadaw
။ ချမ်းသာရွာ ဘုရားကျောင်း ရာပြည့် အထိမ်းအမှတ် စာစောင် (၁၈၉၄-၁၉၉၄) စာမျက်နှာ ၂၆

ဖါသာရ် ကွီးရိုး (၁၈၆၉-၁၉၂၄)
Fr.J.Couilland (Paris Foreign Mission Society)

     ဖါသာရ်ကွီးရိုးသည် (၁၈၆၉) ခု မေလ (၄)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၄) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ဖါသာရ် ကွီးရိုးသည် (၁၉၀၁)ခုတွင် နဘက်ရွာသို့ ရောက်ရှိလာသည်။ ဖါသာရ်ကွီးရိုး ရောက်ရှိလာသောအခါ ကျောင်းဝင်းအတွင်းရှိ သင်္ချိုင်းသည် လူပြည့်လျက်ရှိသဖြင့် နဘက်ရွာ၏ အနောက်ဘက် တခေါ်လောက်တွင် မန်ကျည်းပင် ခေါ် ဦးဘိုးဦး၏ ယာခင်းတွင် သင်္ချိုင်းသစ်တခုကို ယာခင်း ရှင်ဦးဘိုးဦးက တကာခံပြီး ဘုန်းတော်ကြီးနှင့် သဘောတူ ပြုပြင်ခဲ့သည်။ သင်္ချိုင်း (၂)ခုဖြစ်နေ၍ နိုဝင်ဘာလ မီးထွန်းပွဲတွင် နံနက်ပိုင်း အရှေ့သင်္ချိုင်း ညနေပိုင်း အနောက်သင်္ချိုင်းကို မီးထွန်းကြရသည်။ ဖါသာရ် ကွီးရိုး နဘက်မှာ သီတင်းသုံးနေစဉ် ကိုးကျောင်းတကာ ဦးမြတ်ကျော် ဆောက်လုပ်ခဲ့သော ဘုရားကျောင်းသည် ဟောင်းနွမ်း၍ တချို့နေရာတွင် ပျက်စီးနေသောကြောင့် (၁၉၀၆)ခုနှစ်တွင် အုတ်မြစ်ချပြီး အရပ်ရပ်မှ အလှူခံရရှိသော ငွေကြေးဖြင့် ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ကွီးရိုးမှာ ဘုရားကျောင်းအပြီး မသတ်မီ မကျန်းမာဖြစ်၍ ပြင်သစ်ပြည်သို့ ပြန်ကြွသွားသည်။

    ဖါသာရ်ကွီးရိုးသည် (၁၉၁၁) ခုနှစ်လောက်တွင် မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး၊ မန္တလေး ဖါသာရ် လဖုန်းကျောင်းတွင် တနှစ် ကူညီ၍ ပညာသင်ကြား ပေးရသည်။ (၁၉၁၃)ခုနှစ် ကုန်လောက်မှာ ဆရာတော်၏ အမိန့်အရ မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ယူရသည်။ မုံလှရွာရောက်သောအခါ ဘာသာဝင်များ၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို မြှင့်တင်ပေးခဲ့သည်။ ကလေးသူငယ်များအတွက် အလယ်တန်းကျောင်း ဖွင့်လှစ်ပေးခဲ့သည်။ စီးပွားရေးအတွက် သမ၀ါယမ ငွေစုငွေချေးအသင်းကို စနစ်တကျ ဖွဲ့စည်းပေးရာ အောင်မြင်သည်။ သေရည်သေရက်ကို အထူး ပိတ်ပင် တားမြစ်သည်။ စိုက်ပျိုးရေးကို အားပေးသည် စံပြအနေဖြင့် မိမိကိုယ်တိုင် ခြံစိုက်ပျိုးသည်။ ခြံထွက်သီးနှံတို့ကို ရွှေဘိုခရိုင် အောင်ပွဲ သွင်းရာ အကြိမ်ပေါင်းများစွာ ပထမဆု ရရှိခဲ့သည်။ ကလေးများကို ဘုရားစကား သင်ကြားရာတွင် ကိုယ်ဘိရင်ဘိ မနေမနား ကြိုးစား အားထုတ်ပြီး သင်ကြားပို့ချခဲ့သည်။ ဖါသာရ်ကွီးရိုးသည် ရေဦးမြို့အနီး ညောင်ကိုးပင်ခေါ် ကက်သလစ် ခရစ်ယာန်ရွာငယ် တစ်ရွာ တည်ထောင်ခဲ့သည်။

    ဖါသာရ်ကွီးရိုးသည် မုံလှရွာ သင်္ချိုင်းကို ကာရံ ပြုပြင်ခဲ့သည်။ ဖါသာရ်ကွီးရိုးသည် မန္တလေးသို့ ၀တ်စောင့်သွားရင်း (၁၉၂၄) ခု မတ်လ (၅)ရက်နေ့တွင် မန္တလေး မနော်ရမံ၌ ဆင်ဂူလယ်ပြတ်ရောဂါဖြင့် ပျံတော်မူသည်။

။ The list of foreign Missionaries
။ ဦးချို၊ ဆရာ (နဘက်)၏ မှတ်တမ်း
။ ဦးမြမောင်၊ ဆရာ (မုံလှ)မှတ်တမ်း
။ The list of  foreign Missionaries
။ ခင်ထွေးရီ၊ ခရစ်ယာန်သမိုင်း၊ စာမျက်နှာ ၃၂-၃၃

ဖါသာရ်ရူးပင်း (၁၈၆၆-၁၉၃၆)
Fr.J.Rupin (Paris Foreign Mission Society)

    ဖါသာရ်ရူပင်းသည် (၁၈၆၆)ခု အောက်တိုဘာလ (၁၂)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၂) ခု အောက်တိုဘာလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    ဖါသာရ်ရူပင်းသည် ပျဉ်းမနားတွင် ဖွင့်လှစ်သော ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ်နှင့် (၁၉၀၄)ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည် (၁၉၁၂) ခုနှစ်တွင် နဘက်ရွာ၌ ဖွင့်လှစ်ခဲ့သော ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် (၁၉၁၄)ခုနှစ် အထိ တာဝန်ယူခဲ့သည်။

    နဘက် ဘာသာဝင်များကိုလည်း ကြည့်ရူခဲ့သည်။ ဖါသာရ်ကွီးရိုး အပြီးမသတ်ခဲ့သော ခေါင်းလောင်းစင် အပေါ်ပိုင်းကို ဖါသာရ်ရူးပင်း ဦးဘိုးဦးနှင့် ဘာသာဝင်များက ဦးဆောင် ဆောက်လုပ် ပြီးစီးသဖြင့် (၁၉၁၃)ခုနှစ်တွင် သာဓုခေါ်ပွဲ ကျင်းပသည်။ ကျောင်းတော်ကြီး၏ ခေါင်းလောင်းစင်မှာ အချွန်မဟုတ် အထက်ပိုင်းတွင် စိန်တောင်များဖြင့် ခရစ္စတူးတိုင် တပ်ဆင်ထားသည်။

    (၁၉၁၈)ခုတွင် မန္တလေးမြို့ သံဝင်းရပ် စိန်မိုင်ကယ် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် ဘုရားကျောင်းပတ်လည် ကျောက်ခင်း ခဲ့သည်။ ပြင်သစ်ပြည်မှ ခေါင်းလောင်း (၃)လုံး မှာယူ တပ်ဆင်ခဲ့သည်။ ဘုရားကျောင်းအတွင်း ခုံတန်းရှည်များ ပြုလုပ်ခဲ့သည်။ ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။ ဘုရားကျောင်းအတွင်း ထားရှိရန် ဆင်းတုတော်များကို ပြင်သစ်နိုင်ငံမှ မှာယူ ခဲ့သည်။ ဖါသာရ်ရူပင်းသည် မန္တလေးမြို့ သံဝင်းရပ် စိန်မိုင်ကယ် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် အမှုထမ်းရင်း (၁၉၃၆) ခု ဇန်န၀ါရီလ (၂) ရက်နေ့တွင် ပျံတော်မူသည်။

    နဘက်ဘုရားကျောင်း ခေါင်းလောင်းစင်ကို ဦးဘိုးဦးဆိုသူက လှူဒါန်းခဲ့သည်။ ၄င်းသင်္ချိုင်းစာကို နဘက်ရွာတွင် တွေ့နိုင်ပါသည်။

နဘက်မြို့ ဘုရင်ဂျီ ခေါင်းလောင်းစင် တကာဦးဘိုးဦး၏ကူ
    သက္ကရာဇ် (၁၂၀၄)ခု တော်သလင်းလ္ဆန်း (၁၃)ရက်တွင် မွေးဖွား သန့်စင်သော ခေါင်းလောင်းစင်တကာ ဦးဘိုးဦးသည်ငယ်စဉ်ကာလ အရွယ်ရောက်ငြား ထူးခြား ဂုဏ်သိန် မညီနြေ္ဒ အထွေထွေတို့ဖြင့် လောကဟိတ ဓမ္မဟိတ နှစ်ဝ စီးပွါးရငြား အလို့ငှါဘုရားမြတ် ထံတော်ပါးတွင် ဆုမင်္ဂလာ တောင်းခံရာ ထိုသူ၏ တောင်းဆုကို ဘုရားမြတ် နှစ်သက်၍ ပေးသနားတော်မူသော ပစ္စည်း အရပ်ရပ်တို့ဖြင့် မြတ်အရှင်ကိန်းဝပ် စံပါယ်တော်မူရန် ဘုရားစင်နှင့် ခေါင်းလောင်းတော်ကြီး အံ့မငြီး စေတနာတို့ဖြင့် ထူးလီသော ကုသိုလ်မြတ်ကို ရလို၍ နဘက်မြို့ ဘုရင်ဂျီကျောင်းတော်တွင် ကုသိုလ်ပြုပြီးသည့် နောက် ရ၃-နှစ်အရွယ်သို့ ရောက်သောအခါ မရဏ ဓူဝံဆုံးစွန် တရားမြတ်လေးပါးတွင် ဘုရားမိန့် သံဦး ထိပ်ရွက် ဆင်ပန်၍ ၁၂၇၇ ခုနှစ် တန်ခူးလ္ဆန်း (၂)ရက် အင်္ဂါနေ့တွင် ခရစ်စတူးသခင် ခေါ်တော်မူရာ လိုက်ပါသွားရပါသည်။ ခေါင်းလောင်း အမ-မမယ်ရုံက အမျိုးဘာသာတူတို့ ထုံးစံရှိရာ ၄င်းလ္ဆန်း(၅) ရက် သောကြာနေ့ နံနက်တွင် တရားတော်မြတ်နှင့် စုံလင်စွာကူသွင်း သင်္ဂြိုလ်ပါသည်။
        ဘာသာတူတို့က ခေါင်းလောင်းစင်တကာ ဦးဘိုးဦး၏ ကူသင်္ဂြိုင်းကို မြင်လျင်(  ) အိုသခင် ဤသူအား ထာဝရငြိမ်သက်ခြင်းကို ပေးသနားတော်မူပါ မငြိမ်း မသေနိုင်သော အလင်းကို မြင်ပါလေစေဆို၍ မေတ္တာပို့တော်မူကြပါ။

၁။ The list of  foreign Missionaries
၂။ ရဟန်းဖြစ်သင် စိန်ရတုမဂ္ဂဇင်း
၃။ ဦးချို၊ ဆရာ(နဘက်)၏ မှတ်တမ်း
၎။ ဦးခင်မောင်ဆင့် (သံဝင်း)၏ မှတ်တမ်း
၅။ ခင်ထွေးရီ၊ ခရစ်ယာန်သမိုင်း၊ စာမျက်နှာ-၃၅

Read More...

Thursday, September 19, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၁)


ဖါသာရ်ဖူးလ်ကီးယား(၁၈၆၆-၁၉၄၈)
Fr.E.Foulquier ( Paris Foreign Mission Society)

ဖါသာရ် ဖူးလ်ကီးယားသည် (၁၈၆၆) ခု နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၉)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

မန္တလေးသို့ ရောက်ရှိလာပြီးနောက် စစ်ကိုင်းခရိုင် နဘက်ရွာကျောင်းထိုင် ဘုန်းကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ နဘက်၌ မြန်မာစာနှင့် မြန်မာစကား သင်ယူသည်။ မြန်မာစကား ပီသအောင် ပြောနိုင်သည်။ နဘက်ရွာတွင် မြန်မာဘုရင်ခေတ်မှ အင်္ဂလိပ်အုပ်စိုးသော အချိန်ထိ စာသင်ကျောင်းဖွင့်၍ ကိုယ်တိုင် အင်္ဂလိပ်စာသင်ကြား ပေးသော ဖါသာရ်လေကောင်း၏ အလုပ်ကို ဆက်ခံသည်။ ဖါသာရ်ဖူးလ်ကီးယားမှာ ဖါသာရ်လေကောင်းကဲ့သို့ စာပေပညာ ကိုယ်တိုင် သင်ကြား မပေးသော်လည်း မိဘမဲ့ ဆင်းရဲသားများ၏ သားသ္မီးများကို အုပ်ထိန်း စောင့်ရှောက်ရသော အလုပ်ကို ဆက်ခံ ဆောင်ရွက်သည်။

    ဖါသာရ် ဖူးလ်ကီးယေးသည် ဆရာတော်ကြီး အုစ် ပြင်သစ်ပြည်သို့ ပြန်ကြွသွားသည်မှ စ၍ ဆရာတော်၏ ကိုယ်စလှယ်အဖြစ်နှင့် သာသနာနယ်များကို အုပ်ချုပ်လျက်ရှိရာ (၁၉၀၅) ခုနှစ်တွင် ပြင်သစ်ပြည်၌ ဆရာတော်ကြီး အုစ်ပျံတော်မူုသဖြင့် (၁၉၀၆) ခုနှစ်မှာ ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဤ ဆရာတော်ကြီးသည် ဆရာတော်အဖြစ်နှင့် နှစ်ပေါင်း(၃၀)တိုင်တိုင် အုပ်ချုပ်သဖြင့် ထိုအချိန် ကာလအတွင်း သာသနာနယ်များစွာ တိုးတက် တောင့်တင်း ခိုင်မာလာသည်။ ထိုအချိန်တွင် ဖါသာရ်ဟဲဗီးသည် ကုလားလူမျိုးများအတွက် ဘုရားကျောင်း တစ်ဆောင်၊ မိဘမဲ့ကလေးများအတွက် စာသင်ကျောင်း တစ်ဆောင်၊ မေမြို့တွင် ဖါသာရ်ဂျားသည် ဘုရားကျောင်း တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ ဖါသာရ်ဖါးလီးယေးသည် ရေနံချောင်း၌ သာသနာသစ်ဖွင့်၍ ဖါသာရ် ဂျီးယော့ဒ်သည် ဗန်းမော်တယ်တွင် ကချင်အမျိုးသားများကို၎င်း၊ ဖါသာရ်ရော့ရှ်သည် ရှမ်းအမျိုးသားများကို၎င်း ကြည့်ရူ ထိမ်းသိမ်းရသည်။ ဆရာတော် ဖူးလ်ကီးယားသည် မျက်စေ့အလင်း အားနည်း၍ လုံးဝ မမြင်သဖြင့် (၁၉၃၀)တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။ (၁၉၄၈)ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပျံတော်မူသည်။ သက်တော် (၈၂)နှစ် ဖြစ်သည်။

မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းတော်ကြီး၏ အနောက်အ၀င်ပေါက်၏ လက်ဝဲဘက်ဘေးတွင် တည်ထားသော လုဒ်မယ်တော်သခင်မ ဂူဖွင့်ပွဲကို (၁၉၂၀)ပြည့်နှစ် မတ်လ (၁၄)ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြောက်ပိုင်း ကက်သလစ်သာသနာ၏ ပဉ္စမမြောက် ဆရာတော်ကြီး အေဖူးလ်ကီးယေးက ကောင်းကြီးပေး၍ မယ်တော်သခင်မ ဆင်းတုကို ဖွင့်လှစ်ပေးခဲ့သည်။ ဤမယ်တော်သခင်မ ဂူဖြစ်မြောက်ရေး အတွက် စွမ်းစွမ်းတမန် ကြိုးစား လုပ်အားပေးသူ မစ္စတာ အီးဆွီနီကိုယ်တိုင် ဖိတ်စာမြောက်များစွာ ဖိတ်ကြားခဲ့သည်။ မန္တလေးမြို့ပေါ်ရှိ ရဟန်း ဘုန်းတော်ကြီးများ ဘာသာဝင်များ အပြင် ရပ်ဝေးရပ်နီးမှ ဘာသာဝင် မြောက်မြားစွာ တက်ရောက် ကြည်ညိုခဲ့ကြသည်။ မယ်တော်သခင်မဂူကို လျှပ်စစ်မီး ရောင်စုံထွန်းညှိလျက် အလံများ ပန်းများ ပန်းနွယ်များဖြင့် ဆင်ယင်ထားသည်မှာ လွန်စွာ တင့်တယ်လှပါသည်။

။ The list of foreign Missionaries
။ ဦးချို၊ ဆရာ(နဘက်)၏ မှတ်တမ်း
။ ကက်သလစ်ရာဇ၀င်၊ စာမျက်နှာ-၃၅၂
။ The Voice,May,1920,P.121

ဖါသာရ်ဗက်စ်ထရေတန် (၁၈၆၄-၁၈၉၂)
Fr.L.Vestraeten (Paris Foreign Mission Society)
    ဖါသာရ် ချားလ်စ်လူဝစ်ဗက်စ်ထရေတန်သည် (၁၈၆၄)ခု ဇွန်လ (၉)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၉)ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ (၁၈၉၂)ခု ဇွန်လ (၁၈)ရက်နေ့တွင် မုံရွာ၌ ပျံတော်မူသည်။

။ The Voice,XV,4-106

ဖါသာရ်ဘူးလီးရက်စ် (၁၈၇၃-၁၉၁၉)
Fr. Clement Vulliez (Paris Foreign Mission Society)

    ဖါသာရ် ဘူးလီးရက်သည် (၁၈၇၃) ခု ဇွန်လ (၁၈)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၉၇) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

           (၁၉၀၅) ခုတွင် ချမ်းသာရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ရောက်ရှိလာသည်။ ၄င်း လက်ထက် မိန်းကလေးများ ပညာသင်ရန် အစိုးရ လက်မှတ်ရ သီလရှင်များခေါ်လျင် ကောင်းအံ့ဟု လူကြီးများနှင့် ဆွေးနွေးသည်။ ထို့နောက် မန္တလေးမြို့ မနော်ရမံကျောင်းတွင် အနားယူနေသော ဖါသာရ် ဂျိုးဇက်ဖိုးနှင့် ဆွေးနွေးရာ စိန်ဖရန်စစ် သီလရှင်ဂိုဏ်းမှ ဆရာဖြစ် လက်မှတ်ရ မြန်မာသီလရှင်များ ခေါ်ယူရန် သဘောတူခဲ့သည်။ ထို့ကြောင့် သီလရှင်တို့နေဘို့ ကျောင်းဆောက်ရန် ဘုရားခိုးကျောင်း၏ အရှေ့ဘက်ရှိ ဦးရွှေဂုဏ် ဒေါ်ချစ်မယ်တို့ ဇနီးမောင်နှံကလည်း လယ်ကြီးကို အဖိုးအခမယူဘဲ လှူဒါန်းလိုက်သည်။ သီလရှင်ကျောင်း ဆောက်လုပ်ရာတွင်လည်း ဖါသာရ်ဖိုး၏ အကြံဥာဏ်ယူပြီး ဆောက်လုပ်ရသည်။ အုတ်မြစ်ချပြီး (၂)နှစ်ကြာမှ စတင် ဆောက်သည်။ မန္တလေး မနော်ယမံမှ ဦးခင် ကြီးမှူး ဆောက်လုပ်သည်။ သီလရှင်များ ချမ်းသာရွာနေသမျှ ကာလပတ်လုံး လုပ်ကိုင် စားနိုင်ရန် ဖါသာရ်ဖိုး၏ အကြံပေးချက်အရ ဖါသာရ်ဘူးလီးရက်စ်သည် သီလရှင်ကျောင်း မြောက်ဘက် အုတ်တံတိုင်းမှ သင်္ချိုင်းသစ်မြေများအထိ ထန်းတောကုန်းရွာ ဦးလွန်းပြေ- ဒေါ်ဖွားမှီတို့ထံမှ ၀ယ်ခဲ့သည်။

    (၁၉၁၅) ခုတွင် ဖါသာရ်ဖိုးသည် ချမ်းသာရွာ၌ သီလရှင်ကျောင်းနှင့် တွဲလျက် စာသင်ကျောင်း တစ်ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော အကူအညီများ ပေးသနားရန် ပညာရေး ၀န်ကြီးအားလျှောက်ထားခဲ့သည်။ ပညာရေးဝန်ကြီး ကိုဗန်တန် (MR.Covernton)သည် ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ရန် အားပေး တိုက်တွန်းခဲ့သည်။ နိုင်ငံတော်အစိုးရမှ ရူပီးငွေ ခုနှစ်ထောင် ငါးရာကျပ် (၇၅၀၀)ကိုပါ လှူဒါန်း မတည်သည်။ ကျန်လိုအပ်သော ကုန်ကျစရိတ်များကို ဖါသာရ်ဖိုးက မိမိကိုယ်ပိုင်ငွေမှ အကုန်အကျခံခဲ့သည်။ ထိုသို့ ဆောက်လုပ်ခြင်း၏ အကျိုးမှာ နောင် ဤကျောင်းမျိုး တည်ဆောက်လိုသူများ အတွက် စံပြ ဖြစ်သည်။ ပင်မဆောင်မှာ (၅၄ပေ x ၃၆ပေ) ရှိပြီး၊ ရှေ့မျက်နှာစာတွင် ကြီးမားသော ဆင်ဝင်တခုရှိသည်။ ထို ပင်မဆောင် အပေါ်ထပ်တွင် သီလရှင်များနေရန် အခန်း(၃)ခန်း ဘုရားခန်းငယ်တစ်ခုနှင့် အနားယူရန် အခန်းတခု ပါဝင်သည်။ မြေညီထပ်ဖြစ်သော အောက်ထပ်တွင် စာသင်ခန်း (၂)ခန်းနှင့် (၅၄ပေx၁၈ပေ) ရှိသော ခန်းမတခု ရှိသည်။ ပင်မဆောင်၏ ဘေးဘက်၌ တွဲလျက် ပင်မဆောင်နှင့် ဆင်တူရိုးမှား ရှိသော ရှည်လျားသည့် အဆောင်ကိုလည်း စီစဉ် ဆောက်လုပ်ခဲ့သည်။ ယင်း အဆောင်တွင် ရိက္ခာသိုလှောင်ခန်း၊ စားသောက်ခန်း၊ မီးဖိုခန်း၊ စတိုးခန်း၊ အ၀တ်လျှော်ခန်း၊ ရေချိုးခန်း စသည်တို့ ပါရှိပြီး၊ အမိုးအကာ ပါရှိသော လူသွားစင်္ကြံဖြင့် ဆက်သွယ် ထားသည်။ တဘက်စွန်းတွင် အခန်း (၂)ခန်းပါသော ဆေးပေးခန်း ရှိပြီး (၃)ဘက် (၃)တန်တွင် ကြီးမားသော ၀ရံတာများဖြင့် ကာထားသည်။ ဆေးပေးခန်းကို အမျိုးသမီးများ အတွက် တစ်ခန်း၊ အမျိုးသားများအတွက် တစ်ခန်း၊ သီးခြား စီစဉ်ထားသည်။ (၁၉၁၉) ခု ဇန္န၀ါရီလ (၁၅) ရက်နေ့တွင် ချမ်းသာရွာ သီလရှင်ကျောင်း (ကွန်ဗင့်စာသင်ကျောင်း)သစ်ကို ကောင်းကြီးပေး ဖွင့်လှစ်လိုက်သည်။ နံနက်ပိုင်းတွင် ဆရာတော်ကြီး ဖူးလ်ကီးယေးသည် ဘုန်းတော်ကြီး(၁၀)ပါး ခြံရံလျက် ကောင်းကြီးပေး အခန်းအနားကို ကျင်းပသည်။ ဖါသာရ် အာကာရီရန် (Fr.Acarion) က ဖွင့်ပွဲ အခန်းအနားတွင် သြ၀ါဒ မိန့်ကြားသည်။ အခန်းအနားသို့ ဥရောပသီလရှင် (၄)ပါးနှင့် နိုင်ငံသား သီလရှင်အပါး (၂၀) တက်ရောက်ကြသည်။ မုံလှ၊ ချောင်းဦး၊ ရေဦး၊ ဘာသာဝင်များနှင့် ပတ်ဝန်းကျင်ရှိ ဘာသာကွဲများကို ဖိတ်ကြားသဖြင့် လူပေါင်း (၂၀၀၀)ကျော် တက်ရောက်ကြသည်။ ဧည့်ခံ ကျွေးမွေးစရိတ်ကို ရွာသူရွာသားများက ကုန်ကျခံသည်။ ဖါသာရ် ဘူးလီးရက်သည် သီလရှင်ကျောင်းဖွင့်ပွဲ အခန်းအနား ဖြစ်မြောက်ရေးအတွက် ဦးဆောင် နာယကအနေဖြင့် ညွှန်ကြား ဆောင်ရွက်ခဲ့သည်။ သီလရှင်ကျောင်း ဖွင့်ပွဲပြီးနောက် သီလရှင်များသည် လုပ်ငန်းကို စတင် ဆောင်ရွက်ကြသည်။ ဥရောပတိုက်သား သီလရှင်များ ဖြစ်သော စစ္စတာမာရီယား ပဲပေတူးအားက အကြီးအကဲအဖြစ်၎င်း၊ စစ္စတာမာရီယာ အဆွမ်ဆီအွမ်းက လက်ထောက် အဖြစ်၎င်း၊ တာဝန်ယူကြသည်။ မြန်မာတိုင်းရင်းသား သီလရှင်များမှာ စစ္စတာ မာရီယာရာဖာအဲလား၊ စစ္စတာမာရိယာ ရေဒင်တား၊ စစ္စတာမာရိယာ မီကာအဲလား၊ စစ္စတာမာရိယာ ကလေးမင်တီနားတို့ ဖြစ်သည်။ နိုင်ငံသား သီလရှင်များအနက် အများစုသည် ဆရာဖြစ်သင်တန်း ဆင်းလက်မှတ်ရ ဆရာမများ ဖြစ်ကြသည်။ အစိုးရထံမှ လုပ်ကိုင်ခွင့် တောင်းဆို နိုင်သည်။ ဥရောပတိုက်သား သီလရှင်များသည် ဆေးဝါးဆိုင်ရာနှင့် သူနာပြုဆိုင်ရာ လေ့ကျင့် သင်ကြား တတ်မြှောက်ပြီးသား ဖြစ်ကြသည်။ ဆေးပေးခန်းတွင် စီမံ ဆောင်ရွက်နိုင်ကြသည်။ သီလရှင်ကျောင်းသစ်ကို ဖါသာရ် ဂျိုးဇက်ဖိုးအား ဖခင်သဖွယ် အုပ်ထိန်းစောင့်ရှောက်သူ ရဟန္တာစိန်ဂျိုးဇက်အား အပ်နှံ၍ စိန်ဂျိုးဇက်ကျောင်းဟု အမည်ပေးခဲ့သည်။

    ချမ်းသာရွာတွင် ရှေးအခါက အတန်းကျောင်းဟူ၍ မရှိခဲ့ပါ။ ဗုဒ္ဓဘာသာ ကျောင်းသွား၍ အရေးအဖတ် သင်ကြားရသည်။ နှစ်အတော်ကြာမှ ဓမ္မဆရာ ဆရာပျော့က စာရေး စာဖတ်အခြေခံသည့် ကကြီး ခခွေး သင်ပုန်းကြီးတန်းကို သင်ကြားပေးသည်။ ထိုအချိန်က စာသင်ပေးသော ကျောင်းမှာ ဘုရားကျောင်းဝင်းအတွင်းရှိ ဇရပ်ပင် ဖြစ်သည်။ ဖါသာရ်ဘူးလီးရက်စ်လက်ထက်တွင် ဆရာဦးကျော်မျိုးနှင့် ရေဦးမှ ဆရာဘိုးဆိုင်တို့က ပထမတန်းနှင့် ဒုတိယတန်းဟူ၍ အတန်းခွဲ သင်ကြားကြသည်။ ထိုအချိန်ထိ အစိုးရ အသိအမှတ်ပြုခြင်း ခံရသော ကျောင်းမဟုတ်သေးပေ၊။ ကျောင်းဆရာမှာ ကျောင်းလခအဖြစ် ကျောင်းသူ ကျောင်းသာများထံမှ တမူး၊ တမတ် စသည်ဖြင့် ကောက်ခံ ယူရသည်။ တဖြည်းဖြည်း ကျောင်းသူ ကျောင်းသား များပြားလာ၍ ဆရာနှစ်ဦးနှင့် မနိုင်လာတော့သဖြင့် ဖါသာရ် ဘူးလီရက်စ်သည် မန္တလေးမြို့ စိန်ဂျိုးဇက် ကွန်ဗင့်ကျောင်းတွင် ပညာသင်ရန် အပ်ထားသော မွေးစားသမီး ဒေါ်ထွေးကို ခေါ်ယူကာ အောက်ဆင့် မူလတန်း မိန်းကလေးများကို သင်ကြားစေသည်။ တဖြည်းဖြည်း ပတ်ဝန်းကျင်ရွာမှ မိန်းကလေးများ လာရောက် သင်ကြားကြသည်။ သင်ပုန်းကြီးတန်း၊ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းအထိ များပြားလာခဲ့သည်။ ကျောင်းသူ၊ ကျောင်းသားများ များ၍ ဆရာမဒေါ်မြိုင်နှင့် ဒေါ်စောရင်တို့ ပါဝင် သင်ကြားကြသည်။ ဖါသာရ်ဘူးလီးရက်သည် ကျောင်း၏ တိုးတက်မှု့အခြေအနေကို မန္တလေးမြို့ ဆရာတော် ဖူးလ်ကီးယေးထံ လျှောက်ထားပြီး စစ်ကိုင်းတိုင်းမင်းကြီးထံ တင်ပြ လျောက်ထားခဲ့သည်။ ထို့ကြောင့် ဆရာဦးကျော်မျိုး လက်ထက်တွင် မူလတန်းကျောင်းအဖြစ် အစိုးရ အသိအမှတ်ပြုခြင်း ခံရသည်။ ဆရာဦးကျော်မျိုး ကျောင်းဆရာ လုပ်စက ဘုရားကျောင်းမြောက်ဘက်ရှိ ဇရပ်ပေါ်တွင် သင်ကြားရသော်လည်း ယခု လက်ရှိ စာသင်ကျောင်းမှာ သာသနာနှင့် အစိုးရတ၀က်စီ အကုန်အကျခံ၍ ဆောက်လုပ်ခဲ့သည်။

    ပထမ ကမ္ဘာစစ်တွင် ပဉ္စမမြောက် ဂျော့ဘုရင်မင်းမြတ်က စစ်ကူတောင်းသဖြင့် ချမ်းသာရွာ အုပ်ချုပ်သော ပြင်သစ်ဘုန်းတော်ကြီး ဖါသာရ်ဘူးလီးရက်စ်က ဆရာကြီး ဦးသိန်းခေါင်းဆောင်သော အောက်ပါပုဂ္ဂိုလ်များအား ဥရောပသို့ သွားရောက် စစ်မှုထမ်းစေသည်။ ၄င်းတို့မှာ ၁။ မောင်ဘိုးသိန်း (လူ(၃၀)အုပ်ချုပ်သူ) (၂)မောင်ဘိုးမြ၊ ၃။မောင်ချိုင်၊ ၄။မောင်စိန်၊ ၅။မောင်ဆိုးတေ၊ ၆။မောင်ဘိုးလှကြီး၊ ၇။မောင်းဘိုးတောက်၊ ၈။မောင်နှင်း၊ ၉။မောင်အဲ၊ ၁၀။မောင်သံရောင်(ထန်းပင်ကုန်း)၊ ၁၁။မောင်ဘိုးလှကလေး(ချောင်ရိုး) တို့ဖြစ်သည်။

      ဖါသာရ်ဘူးလီးရက်စ်သည် အူ၌ အတက်ပေါက်သည့် ရောဂါရှိလာရာ ရန်ကုန်သို့ သွားရောက် ဆေးကုသည်။ (၁၉၁၉) ခု မတ်လ (၁၂) ရက်နေ့တွင် ရန်ကုန်၌ ပျံတော်မူသည်။


။ The list of foreign Missionaries
။ ထရေဇား ဒေါ်စောရှင်၊ စစ္စတာ (၁၉၀၄-၂၀၀၁) ချမ်းသာရွာ၏ မှတ်တမ်း။
။ The list of foreign Missionaries
။ ထရေဇား ဒေါ်စောရှင်၊ စစ္စတာ (၁၉၀၄-၂၀၀၁) ချမ်းသာရွာ၏ မှတ်တမ်း။
။ The Voice,vol-VIII Feb,1919,PP.41-42



ဆက်ရန်

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၂)

Read More...

Wednesday, September 18, 2013

ဒို့လူငယ်

လူငယ်တွေ။
အားမာန်အပြည့်
ကိုယ်တွင်ရှိမှန်း
သိစေကြစေ

နိုးကြားတက်ကြွ
ထကြွဆောင်ရွက်
လုပ်ဆောင်ကြရန်
သတိချပ်ပေ

လူငယ်တွေ
ကြုံလာရန်စွယ်
အန္တရာယ်သွယ်သွယ်
တိုက်ထုတ်ပစ်ရန်
စိတ်ဆုံးဖြတ်ပြီး
ဆောင်ရွက်နိုင်လျှင်
အောင်မြင်မှုပေါင်း
ခညောင်းနေမည်
လူငယ်တွေ။

            ဇေယျာ

Read More...

Saturday, September 14, 2013

ရဟန္တာ

ပုထုဇဉ်နှင့်၊ အစဉ်နွယ်ထား၊ လောကီသားမို့၊ အားနည်းတတ်သူ၊ ငါ့လိုလူဟာ ရဟန္တာဖြစ်ရေး၊ အဝေးကြီးပါ၊ စိတ်မှာ စဉ်းစား၊ အတွေးမမှားနဲ့။

ဘ၀နာစီးဖြန်း၊ ကမ္မဌာန်းရှု၊ လောကီမူကို၊ ခ၀ါ လိုချ၊ ဓမ္မကိုခင်၊ သူတော်စင်သာ၊ ရဟန္တာလို့၊ စိတ်မှာထင်မှတ်၊ မဆုံးဖြတ်နဲ့။ 

ရဟန္တာဆိုတာ၊ မဟာလူစွမ်း၊ အထူးအဆန်းမဟုတ် မွေးထုတ်ကတည်းက လုံးဝဥဿုံ၊ ပြည့်စုံလာသည့်၊ ပါရမီရှင်ဟု၊ စိတ်တွင် တွေးတော၊ အပြောမကြီးနဲ့

ဥပမာ အလို့ငှာ၊ ရဟန္တာတချို့မှာ -
စိန်သြဂုတ်စတင်း၊ အလင်းနဲ့ လွဲ၊ အပြစ်ထဲမှာ၊ လွန်ကဲ မိုက်မှား၊ ဒုစရိုက်များ၌ လိုက်စားပျော်မွေ့၊ ဘုရားမေ့ သူ၊ အပြစ်ဟူ သမျှ၊ စွန့်စားခဲ့ရလေသူ . . . .
 
အပြစ်ပြုမည့် အစား၊ အသေခံသွားမယ်၊ စိတ်ထား မြင့်မြတ်၊ တရားဖက်သည့် အသက်ငယ်ငယ်၊ သတ္တိ ကြွယ်သော၊ လူငယ် ရဟန္တာ၊ ဒေါမိနစ် ဆာဗီယိုရှိခဲ့တယ် . . . .
 
တဏှာဝတ်ရုံ၊ ဆင်မြန်း ခြုံကာ၊ ကြုံရာဝင် စိုင်း၊ မိန်းမ ရိုင်းလေး၊ ရာဂ သွေးပွက်၊ ညဥ့်ပျော်ငှက်လို၊ ကျက်စားရာမှ၊ ရဟန္တာဘ၀ ပြောင်းခဲ့သူ မေရီမာဒလေးနား
 
ဆင်းရဲ ရိုးသား၊ စိတ်ထား ပြည့်ဝ၊ လွန်နှိမ့်ချတဲ့၊ မြတ်လှရဟန်း၊ လျှောက်လှမ်းခြေရာ ပြခဲ့ပါသည်။ ရဟန္တာကြီး ဂျွန်မေရီ ဗီယားနီ . . .
 
စိန်မော်နီကား၊ သားဆိုး မိခင်၊ အိမ်ထောင် ရှင်မ၊ ဘ၀ကဆိုး၊ မျက်ရည်မိုးတွေ ဖြိုင်ဝေ သက်ဆင်း၊ ဆုတောင်းရင်းနဲ့၊ ဖြတ်နင်း လျှောက်လှမ်း၊ ရဟန္တာပန်းကို ခြွေခဲ့သူ
 
နန်းထိုက်တော်ဝင်၊ ဖြူစင်ခြင်းပန်း၊ မနွမ်းရအောင်၊ ကျင့်ဆောင်ပေးလှူ၊ အသဲဖြူသော၊ ပျိုချောကညာ၊ အသက် ပါစတေး၊ သွေးမနည်းတဲ့ မာရီယားဂေါ်ရက်တီ . . . .
 
ဤသို့ -ဤပုံ အလွှာစုံမှ၊ ဘ၀မရွေး၊ ကလေးမဟူ၊ လူငယ်ယောကျာ်း၊ မိန်းမသားရော၊ ကြိုးစား ကျင့်ကြံလို့၊ ရဟန္တာအမှန် ဖြစ်ခဲ့ကြလေပြီ။
 
သူတို့ ပုံစံ၊ ရည်သန် အတုယူ၊ စံနမူထား၊ ကြိုးစား ကျင့်ကြံ၊ မှန်မှန် ဖြေးဖြေး ရိုးရိုးလေးသာ၊ ကျင့်ကြပါစို့၊ သင်တို့ ငါတို့ ဘာကြောင့်မို့ ရဟန္တာ မဖြစ်နိုင်မှာလဲ။
          
                                                                                     ပါစကားသီကိုရှင်း

Read More...

Wednesday, September 11, 2013

ဘာသာတရားရဲ့ ယေဘုယျ သဘောတရား နှိုင်းယှဉ်ချက်များ

     ဘာသာတရား အမျိုးမျိုးကို ဖြစ်စေတဲ့ အတွေးအခေါ်၊ ကျင့်ကြံမှု့ လုပ်ဆောင်မှု့၊ ရှေးထုံး အဆင် အမျိုးမျိုးကို အကျိုးဝင်ပါဝင်ဖို့ လုံလောက်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက် မရှိနိုင်ဘူးလို့ ဆိုပါတယ်။ 

    Webster New World Dictionary မှာတော့ အတွေးအခေါ်နှင့် ကိုယ်ကျင့်တရား ဖြတ်ထုံးတို့ ပါဝင်သော ရှိခိုးကိုးကွယ်ခြင်းနှင့် ယုံကြည်မှုစံနစ်လို့ ဖော်ပြထားပါတယ်။ Webster ရဲ့ အဓိပ္ပါယ်သတ် မှတ်ချက်အရ ဆိုရင်တော့ ဘာသာတရားများ အဓိက အရေးကြီးတဲ့အချက်(၂) ချက် ပါဝင်ပါတယ်။ ဘုရားများစွာ (သို့) ဘုရားတစ်ဆူကို ရှိခိုးကိုးကွယ်ခြင်းနှင့် ယုံကြည်မှု အခြားလူသားများနှင့် ဆိုင်ရာ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော အပြုအမှုများတို့ ဖြစ်ပါတယ်။ 

    Conuse Oxford Dictionary မှာတော့ လူသားထက် သာလွန်သော ပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်တဲ့ တန်ခိုးကို လူသားတို့က အသိအမှတ်ပြုသိရှိခြင်း၊ အထူးသဖြင့် နာခံခြင်း ခံထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းဆိုင်ရာ ဘုရားသခင်ကို သိမှတ် ၀န်ခံခြင်းလို့ ပါရှိပါတယ်။

    ဒီလို ဘုရားနဲ့ လူဆိုပြီး ဘာသာတရားရဲ့ သဘာဝဇာတိ (၂) ရပ်ကို ခရစ်ယာန် သမ္မာကျမ်းစာ (သံမာ တေဦး ၂၂း၃၆-၃၉)မှာ ရှင်းလင်းချက်ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ “ကျမ်းတတ် ဆရာတစ်ယောက်က ဆရာတော် ပညတ်ကျမ်းမှာ အဘယ်ပညတ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသနည်း”ဟု မေးလျှောက်လေ၏။ ကိုယ်တော်က “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်ရမည်ဟူသော ပညတ်သည် ပထမအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဒုတိယ အကြီးမြတ်ဆုံး ပညတ်ကား၊ မိမိနှင့် နီးစပ်သူကို ကိုယ်နှင့်အမျှ ချစ်ရမည်ဟူသော ပညတ်ဖြစ်၏။

    ဘာသာတရားတွေကြားမှာ Deity လို့ ခေါ်တဲ့ ဘုရားရဲ့သဘာဝနဲ့ ပတ်သက်တဲ့ အမြင်ဟာ အမျိုးမျိုး ကွဲပြား ခြားနားလျှက်ရှိပါတယ်။ တစ်ချို့ ဘာသာတရားတွေက အင်္ဂလိပ်ဘာသာစကားနဲ့ G-o-d G အကြီး စာလုံးပေါင်းတဲ့ ထာဝရဘုရား။ အနန္တတန်ခိုးတော်ရှင် ဘုရားကို မယုံကြည်တဲ့ ဘာသာတရားများဖြစ်ပါတယ်။
ဥပမာ။        ။ ဗုဒ္ဓဘာသာဟာ အင်္ဂလိပ်ဘာသာ စကားနဲ့ G-o-d G အကြီးနဲ့ စာလုံးပေါင်းတဲ့ ထာဝရဘုရား၊ အနန္တတန်ခိုးရှင်ဘုရား၊ ဖန်ဆင်းရှင်ဘုရား Living God သက်ရှိ ထင်ရှားရှိသော ဘုရားကို မယုံကြည်ပါဘူး။

ချမ်းမြေ့ရိပ်သာ ဆရာတော် မြန်မာမှုပြုတဲ့ -
    “နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာ အမေးအဖြေများ” စာအုပ် စာမျက်နှာ ၁၅မှာ“ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရား၊ ထာဝရဘုရားရဲ့ သားတော် ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသားတစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူပါတယ်။”လို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ချမ်းမြေ့ ဆရာတော်က ဒီလို ထာဝရဘုရား အနန္တတန်ခိုးတော်ရှင် ဖန်ဆင်းရှင်ဘုရားကို မယုံကြည်ရတဲ့ အကြောင်းက “မိမိသည်သာလျှင် မိမိရဲ့ အားကိုး အားထားရာပဲ၊ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ မဟုတ်ဘူး”လို့ ဓမ္မဥပဒ ၁၆၅ က ဖော်ပြထားတဲ့အတိုင်း လူသားကိုသာ ယုံကြည်လို့ ဖြစ်ပါတယ်။

    ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်စေနိုင်တဲ့ တိမ်မြှုပ်၊ ငုတ်ကွယ်နေတဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ကြောင်း” ချမ်းမြေ့ရိပ်သာ ဆရာတော်ရဲ့ “နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာ အမေးအဖြေများ” စာအုပ်မှာ တွေ့ရပါတယ်။

    အထက်က ဖော်ပြခဲ့တဲ့ သဘောတရားအရ ဘာသာတရားတိုင်းဟာ ယေဘုယျအနေနှင့် အသုံးပြုနေကြတဲ့ “ဘုရား”ဆိုတဲ့ ဝေါဟာရနဲ့ ဒီဝေါဟာရရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ - ဘာသာတရား တစ်ခုနှင့် တစ်ခု မတူညီဘူး။

    ကွဲပြားခြားနားလျှက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ တစ်နည်းပြောရမယ် ဆိုရင်တော့ ဂျူးဘာသာ၊ ခရစ်ဘာသာ၊ အစ္စလာမ်ဘာသာတို့က သုံးနှုန်း နားလည်တဲ့ဘုရားဆိုတဲ့ ဝေါဟာရနဲ့ အဓိပ္ပါယ် အယူအဆ အလွန် အင်မတန် ကွာခြားလှပါတယ်။

    တစ်ချို့ ဘာသာများကျတော့လည်း ဘုရား တစ်ဆူ ၀ါဒမျိုး ကိုင်စွဲပါတယ်။ ဒီဝါဒကတော့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ သက်ရှိသက်မဲ့ စကြာဝဠာတစ်ခုလုံးကို ဘုရားသခင်က ဖန်ဆင်းတယ်လို့ ယုံကြည်ပါတယ်။

    ဒီဘုရားတစ်ဆူဝါဒထဲမှာ Theocratic and incarnational ဆိုတဲ့ ဘုရားကို ထိပ်ခေါင်တင် ဦးစားပေးဝါဒနဲ့ ဘုရားနဲ့ လူပေါင်းစပ် ဆက်နွယ်ခြင်း၊ ဘုရားက လူ့ဇာတိယူတဲ့ ၀ါဒဆိုတာ ရှိပါတယ်။ ဘုရားကို ထိပ်ခေါင်တင် ဦးစားပေး ၀ါဒအရကတော့ ဘုရားဟာအရာ အားလုံးကို ဖန်ဆင်း စိုးပိုင်ပါတယ်။ ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းခံ သတ္တ၀ါအကြားမှာ ဆက်စပ်လို့ မရ။ ဘုရားဆိုတာ လုံးဝ အထွဋ်အမြတ် နှိုင်းဆလို့ မရဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ ဒီအယူအဆမျိုးကို ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာတို့မှာ တွေ့ရပါတယ်။ တစ်ပိုင်းတစ်စ အနေနဲ့ ခရစ်ယာန်ဘာသာမှာ တွေ့ရပါတယ်။ ဖော်ပြခဲ့တဲ့ ဘုရားကို ထိပ်ခေါင်တင် ဦးစားပေးဝါဒထဲက ထွက်ပေါ်လာတာကတော့ Incarnation လို့ ပြောတဲ့ ဘုရားက လူ့အဖြစ်ယူတယ်။ ဘုရားသည် လူတို့နှင့် အတူရှိတယ်။ ဘုရားက လူနဲ့ ဘုရားကြားမှာ ပေါင်းကူးတံတား၊ အဆက်အသွယ် ပြုလုပ်ပေးတယ်ဆိုတဲ့ အယူဖြစ်ပါတယ်။ ဒါကတော့ ခရစ်ယာန်ဘာသာမှာ တွေ့ရပါတယ်။

    တစ်ချို့ကြပြန်တော့လည်း Duotheistic religion လို့ ခေါ်တဲ့ ဘုရား (၂)ဆူကို ကိုးကွယ်ကြပါတယ်။ ဒီလို အယူဝါဒကိုတော့ Wicia နဲ့ Zoroasta  ဘာသာတို့က ယုံကြည်ကြပါတယ်။ Polytheistic religions လို့ ဆိုတဲ့ ဘုရားများစွာရှိတယ်ဆိုတဲ့ အယူဝါဒမျိုးဟာလဲ များစွာ ရှိပါတယ်။ ဥပမာ-သဘာဝကို ကိုးကွယ်သူများကို ကိုးကွယ်သူနဲ့ နတ်ကိုးကွယ်သူတို့ ဖြစ်ပါတယ်။

    Pantheistic religions လို့ ပြောတဲ့ ဘုရားနဲ့ လောကကြီးဟာ တစ်ထပ်တည်း ဖြစ်တယ်။ တစ်နည်း ပြောရင်တော့ ဘုရားသခင်ဟာ အရာအားလုံးဖြစ်တယ်။ အရာအားလုံးဟာ ဘုရားသခင်ဖြစ်တယ်။ ဘုရားအားလုံးကို ယုံကြည်တဲ့ ဘာသာတရားဖြစ်ပါတယ်။ ဥပမာ အားဖြင့်-ဟိန္ဒူဘာသာနဲ့ မျက်မှောက်ခေတ်မှာ ပေါ်ပေါက်လာတဲ့ ဘာသာတရားအချို့ ဖြစ်ပါတယ်။ တစ်ချို့ကတော့ အရာတိုင်းမှာ Life force အချက်ကို ဖြစ်ပေါ်စေတဲ့ တွန်းအားရှိတယ်လို့ ယုံကြည်တဲ့ ၀ါဒမျိုးကို စွဲကိုင်ကြပါတယ်။ ဒီဝါဒမျိုးကို တိုင်းရင်းသား ဘာသာများမှာ တွေ့ရပါတယ်။

    ဘာသာတရား တော်တော်များများကလည်း ဖန်ဆင်းရှင်ဘုရားမှာ ယုံကြည် ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ ဖန်ဆင်းရှင်ဟာ မိမိ ဖန်ဆင်းထားတဲ့ အရာတွေနဲ့ ဘာမှ မပတ်သက်သလို အဝေးကနေနေတယ်။ မဆိုင်သလိုပဲ နေတယ်လို့ ယုံကြည်ကြ ပြန်ပါတယ်။ ဥပမာ- တိုင်းရင်းသား ဘာသာတရားများက ဒီလို ၀ါဒမျိုးရှိပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ ကွဲပြားများပြားလှတဲ့ ဘုရားနဲ့ ဆိုင်ရာယုံကြည်မှုမျိုး အပြင် အခြားသော အုပ်စုအမျိုးမျိုးရဲ့ ယုံကြည်မှုတွေက ခွဲခြားဖို့ ခက်လှပါတယ် တစ်ချို့ကတော့ မူအရဘုရားတစ်ဆူပဲ ကိုးကွယ်တဲ့ ဘာသာလိုပဲ ဆိုပေမယ့် လက်တွေ့မှာတော့ ဘုရားများစွာကို ကိုးကွယ်ကြောင်း တွေ့ရတတ်ပါတယ်။

ဘာသာတရား တွေကြားမှာ
  • ဘာသာရဲ့ယုံကြည်ချက်များ
  • ၀တ်ပြုရှိခိုး၊ ကိုးကွယ်ပုံများ။
  • ဖွဲ့စည်းပုံများ
  • ဘာသာတရားတစ်ခုက မိသားစုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ
  • တစ်ဦးချင်းစီရဲ့ ဖို+မ ဆက်ဆံမှု အယူအဆတွေနဲ့ ပတ်သက်ပြီး တစ်ပြေးညီ အားလုံး တူညီကြတယ်ဆိုတာမျိုးကို မတွေ့ရပါဘူး။ ဥပမာ ထင်ရှားတဲ့ အချက် (သို့) ဘာသာတရား တိုင်းမှာ ယေဘုယျတွေ့ရတဲ့ အချက်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
(၁) Adult Celibacy လို့ ဆိုတဲ့ အရွယ်ရောက်သူများ အိမ်ထောင် သားမွေးမပြုပဲ၊ ငယ်ဖြူအဖြစ် နေခြင်းကို တစ်ချို့ဘာသာတွေက အားပေးသလို၊ တစ်ချို့ဘာသာ တွေမှာတော့ အားမပေးကြောင်း တွေ့ရပါတယ်။

(၂) တစ်ချို့ ဘာသာတရားများမှာ After life လို့ခေါ်တဲ့ နောင်ဘ၀နဲ့ (သို့) သေပြီး နောက်ဘ၀နဲ့ ပတ်သက်ပြီး ဘာမှ တိတိကျကျ ဖော်ပြတာ မရှိပါဘူး။ တစ်ချို့ကတော့ ငရဲ ရှိတယ်။ ကောင်းကင်ဘုံ ရှိတယ်လို့ ယုံကြည်ချက်၊ လူပြန်ဝင် စားတယ်၊ ဘ၀ ပြောင်းတယ်လို့ ယုံကြည်တဲ့ ဘာသာတွေလည်း ရှိပါတယ်။

(၃) တိရိစ္ဆာန်များကို ပူဇော်ခြင်းဆိုတဲ့ အပိုင်းကိုတော့ တစ်ချို့ဘာသာတွေမှာကတော့ အလယ်အလတ် ကျင့်သုံးတဲ့အခါ ရှိသလို၊ မကျင့်သုံးတာမျိုးလည်း ပါဝင်ပါတယ်။

(၄) Appearances လို့ပြောတဲ့ ဘာသာဝင်များရဲ့ အပေါ် အပြန်အလှန် ကွဲပြားကြပါတယ်။ တစ်ချို့ ဘာသာတွေကတော့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ တစ်ချို့ကတော့ မုတ်ဆိတ်မွှေး ထားရတယ်။ တစ်ချို့ကျတော့လည်း ရိတ်ရမယ်။ တစ်ချို့ကျလည်း မိတ်ကပ်၊ သနပ်ခါး မသုံးရဘူး။ ရွှေ၊ ငွေ၊ ရတနာ မ၀တ်ဆင်ရဘူး စသဖြင့် ရှိတတ်ပါတယ်။ 

(၅) Artificial birthလို့ ပြောတဲ့ ဆေးနဲ့ ခေတ်ပေါ် ပစ္စည်းကိရိယာများ အသုံးပြုပြီး ပဋိသန္ဓေ တားဆီးခြင်းကို တစ်ချို့ ဘာသာတွေက တားမြစ် ထားပါတယ်။ တစ်ချို့ဘာသာတွေ ကတော့လည်း လျစ်လျူ ရှုမှုထားပြီး တစ်ချို့ကျတော့လည်း အားပေးတာကို တွေ့ရပါတယ်။ တစ်ချို့မှာတော့ လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။

(၆)Clergy celibacy ဆိုတဲ့ သက်ဆိုင်ရာ ဘာသာရဲ့ ဘုန်းကြီး ရဟန်းတွေ အိမ်ထောင်၊ သားမွေးမပြုရခြင်း ကိုတော့ တစ်ချို့ဘာသာတရားမှာ လိုအပ်တဲ့ အခြေအနေ တစ်ရပ်အဖြစ် ပြဌာန်းထားပါတယ်။ တစ်ချို့ဘာသာများမှာ ကတော့ ကာယကံရှင်ရဲ့ ဆန္ဒပေါ်မူတည်ပြီး ရွေးချယ် နိုင်ခွင့်ရှိသလို တစ်ချို့ဘာသာ အသင်းတွေမှာကတော့ လုံးဝ အားမပေးတာတွေလည်း ရှိကြောင်းတွေ့ရပါတယ်။

(၇) Clergy gender လို့ပြောတဲ့ ဘုန်းကြီး ရဟန်းဟာ တစ်ချို့ ဘာသာတရားများမှာ အမျိုးသားက ဘုန်းကြီးဖြစ်တာကိုပဲ လက်ခံသလို တစ်ချို့မှာတော့ အမျိုးသမီး ရဟန်းသာ ရှိပါတယ်။ တစ်ချို့ ဘာသာများမှာတော့ အမျိုးသမီး ရဟန်းရော၊ အမျိုးသား ရဟန်းပါ ရှိပါတယ်။

(၈) Clergy rresent လို့ဆိုတဲ့ တစ်ချို့ဘာသာတရားတွေမှာ ဘုန်းတော်ကြီး ရဟန်းဆိုတာ ရှိပေမယ့် တစ်ချို့မှာတော့ ရဟန်းဆိုတာ မရှိကြောင်း သိရပါတယ်။

(၉) ၀တ်ပြုကိုးကွယ်ခြင်း ပြုလုပ်တဲ့ နေ့ရက်များကတော့ ဘာသာတရားအလိုက် မတူညီကြပါဘူး။ တစ်ချို့ကလည်း နေ့တိုင်းလို့ ဆိုသလို၊ တစ်ချို့က စနေနေ့၊ တစ်ချို့က သောကြာ၊ တစ်ချို့က တနင်္ဂနွေ၊ တစ်ချို့ လပြည့်နေ့စသဖြင့် ကွဲပြားလျက် ရှိနေပါတယ်။

(၁၀) Documentation ဆိုတဲ့ ယုံကြည်ချက်ဆိုင်ရာ မှတ်တမ်းအနေနဲ့ ကတော့ oral tradition နှုတ်ဖြင့် ဆက်တိုက် သင်ကြားပေးတဲ့ ရှေးထုံး အစဉ်အလာ - written tradition စာပေနဲ့သာ လက်ဆင့်ကမ်း သင်ပေးလာတဲ့ အစဉ်အလာ စတာတွေကို တစ်မျိုးပဲ လက်ခံတဲ့ (တစ်မျိုးပဲရှိတဲ့) ဘာသာတရားများ ရှိသလို နှစ်ခုစလုံးကို လက်ခံ အသုံးပြုတဲ့ ဘာသာတရားများလည်း ရှိပါတယ်။

(၁၁) Family Organization မိသားစု အဖွဲ့အစည်းမှာတော့ ဘာသာ တော်တော်များများမှာ ယောက်ျားက သြဇာအာဏာ အပြည့်အ၀ ကိုင်ထားတာကို ကျင့်သုံးကြပေမယ့် တစ်ချို့ ဘာသာများကတော့ အမျိုးသားရော၊ အမျိုးသမီး အတူတကွ ဝေမျှ ကျင့်သုံးတာလည်း ရှိပါတယ်။

(၁၂) Family Type မိသားစု ပုံစံကတော့ တစ်လင် တစ်မယားစနစ်ပဲ ကျင့်သုံးရတဲ့ ဘာသာတရားများ ရှိသလို မယားပြိုင်စနစ်လို့ ခေါ်တဲ့ မိန်းမတစ်ဦးထက် ပိုယူနိုင်ခွင့်ရှိတဲ့ ဘာသာတရားများလည်း ရှိပါတယ်။ အချို့ဘာသာတွေက မိသားစု ဆွေမျိုးသားချင်းများ စုပြီး နေထိုင်တာကို အားပေးသလို အချို့ကတော့ အဆင်ပြေသလို စီမံခန့်ခွဲ နိုင်ခွင့်ရှိပါတယ်။

(၁၃) Gender of Deities ဆိုတာမှာတော့ အချို့ဘာသာရဲ့ ဘုရားများကို ဣတ္ထိလိင် မအနေနဲ့သာလို့ပဲ ယူဆ သတ်မှတ်ကြတယ်။ တစ်ချို့ဘာသာတွေ ကတော့ ပုလ္လိင် ဖိုအဖြစ်သာ ပြောဆိုကြပါတယ်။ တစ်ချို့ဘာသာ တွေမှာတော့ ဘုရားများက နပုလ္လိင်လို့ ပြောတဲ့ ဖိုရော  မရောရှိသလို တစ်ချို့ဘာသာမှာတော့ အနပုလ’ိင်လို့ပြောတဲ့ ၀တ်ပြုကိုးကွယ်တဲ့ နေရာတွေကိုတော့ ဘုရားကျောင်း၊ တရားဇရပ်၊ ဗလီ၊ ၀တ်ပြုခန်း ဘုရားရှိခိုးကျောင်းစသဖြင့် ပြောဆိုကြပါတယ်။

(၁၅) Nature of deities ဘုရားတွေရဲ့ သဘာဝ အနေနဲ့ကတော့ တစ်ချို့ဘာသာတွေက ဘုရားဟာ စကြာဝဠာ တစ်ခုလုံးမှာ နှံ့ပြားနေတယ်။ တစ်ချို့ဘာသာကတော့ စကြာဝဠာထဲမှာ လူသားတွေနဲ့ နီးနီးကပ်ကပ်ရှိတယ်။ လူသားတွေ အလယ်မှာ ရှိတယ်။ တစ်ချို့မှာက ဘာမှ မသက်ဆိုင် ဝေးလံတဲ့ သဘောတရားမျိုး ကိုတွေ့ရပါတယ်။

(၁၆) လူ့သဘာဝနဲ့ ပတ်သက်တဲ့ ယုံကြည်ချက်တွေ မှာတော့ တစ်ချို့ဘာသာတွေက မွေးစကတည်းက အပြစ်နှင့် မကင်းဘူး။ အပြစ် အမွေပါလာတယ်လို့ ယုံကြည်မှုရှိကြသလို သဘာဝအားဖြင့် ကောင်းမွန်တယ် လို့ ယူဆတဲ့ ဘာသာတရားလည်း ရှိပါတယ်။

(၁၇) စကြာဝဠာရဲ့ မူလရင်းမြစ်ကိုတော့ တစ်ချို့ဘာသာတွေက Evolution အဆင့်ဆင့်ပြောင်းလဲမှု သီအိုရီကို လက်ခံပါတယ်။ အများစုကတော့ ဘုရားသခင် ဖန်ဆင်းတယ်လို့ ယုံကြည်ပြန်ပါတယ်။

(၁၈) Prayer ဆုတောင်း မေတ္တာပြုခြင်းကို ဘာသာတရား အများစုက အားပေးကြပါတယ်။ တစ်ချို့ဘာသာတရားမှာ ကျတော့လည်း လုံးဝ မရှိသလောက်ဘဲလို့ ဆိုပါတယ်။

(၁၉) Religion calander ဘာသာရေးဆိုင်ရာ ပြက္ခဒိန်ကိုတော့ အချို့ဘာသာတွေက လ၀င် လထွက်ကို ကြည့်ပြီး ဆုံးဖြတ်သလို အချို့ဘာသာတွေ ကတော့ နေနဲ့ ဆက်စပ်ပြီးမှ ဆက်စပ်ကြပါတယ်။ တစ်ချို့ကလည်း နှစ်ခုစလုံးကို အသုံးပြုပါတယ်။

(၂၀) အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ အချို့သော ဘာသာတရားတွေမှာ ဘာမှ သတိထားမိ စရာမရှိအောင် လုံးဝ ခွဲခြားမှု့ မရှိပဲ သူ့နေရာနဲ့သူ သဘာဝကျကျ၊ ညီညီမျှမျှ ရှိပါတယ်။ အချို့ဘာသာတရားများမှာတော့ အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍကို ချုပ်ပိုင် ကန့်သတ် ထားတာ ရှိသလို တစ်ချို့မှာတော့ အမျိုးသမီးရဲ့ အခန်းကဏ္ဍ များပြားတာကိုလည်း တွေ့ရပါတယ်။

    (၂၁) တရားတော်ဆိုင်ရာ ကျမ်းဂန်များ ကဏ္ဍမှာတော့ တစ်ချို့က အမှား လုံးဝကင်းရှင်းတယ်လို့ ကြွေးကြော် လက်ခံထားသလို တစ်ချို့ ကျပြန်တော့လည်း အမှားအယွင်း အနည်းငယ် ပါနိုင်သည်။ ဒါတွေကတော့ လျစ်လျူရှုလို့ ရပါတယ် ဆိုပြီး ယူဆ အသုံးပြုကြပါတယ်။ ဂျူးဘာသာ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့ ဆိုင်ရာ ကျမ်းဂန်များကတော့ ဘုရားသခင်ဆီက ဗျာဒိတ်တော် ဘုရားသခင်က လူသားကို အသုံးပြုပြီး သူ့ရဲ့ အဆိုကို တိုက်ခိုက် ခွင့်ပြုထားတာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ တချို့ ဘာသာတရားများကတော့ ဘာသာတရားကို တည်ထောင်သော ဘုရား (သို့) ပရောဖက်(သို့) ပုဂ္ဂိုလ်တော်မြတ် သေဆုံးပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ တပည့်တွေက သာမန်ရေးသား မှတ်တမ်းတင်ခဲ့တာလို့ပဲ ယူဆ လက်ခံပါတယ်။

    (၂၂) ဘာသာတစ်ခုစီနဲ့ ဆိုင်တဲ့ အ၀တ်အစား၊ ဆင်ယင်မှုကလည်း ကွဲပြားခြားနားမှုများ တွေ့ရပါတယ်။ ဘာသာတရား တော်တော်များများက အမျိုးသားတွေ အတွက် ဦးထုပ်ဆောင်းဖို့ (သို့) ခေါင်းပေါင်း ပေါင်းဖို့ ပြဌာန်း ထားတတ်သလို၊ အမျိုးသမီးများအတွက်လည်း တစ်ခုခုကို ခေါင်းမှာ ဆောင်းဖို့ အားပေးတတ်ပါတယ်။ အချို့ဘာသာများက ဘုရားဝတ်ပြုတဲ့ အခါမှာ သက်ဆိုင်ရာ အထူး ၀တ်စုံများလည်း ပြဌာန်း ထားပါတယ်။ ဘာသာတရား အများစုကတော့ ဘာပဲ ၀တ်ဝတ် အိနြေ္ဒရရ သိက္ခာရှိရှိ ၀တ်ကြဖို့သာ အားပေးထားပါတယ်။ ဂျူးဘာသာမှာတော့ Phylacteries လို့ပြောတဲ့ ကျမ်းပိုဒ်အရ ရေးသားပြီး ထည့်ထားတဲ့ ပ၀ါကို နဖူးနဲ့လက်မှာ ဘုရားပညတ်တော်ကို အမှတ်အဖြစ် သတိရစေဖို့ စည်းထားပါတယ်။

    (၂၃) Symbols လို့ခေါ်တဲ့ ဘာသာတရားရဲ့ အမှတ်လက္ခဏာများကလည်း ယုံကြည်ချက်များ၊ လိုက်ကျင့်မှုများ အလိုက် ကွဲပြား ခြားနားကြပါတယ်။ အများအားဖြင့် တွေ့ရတတ်တာတွေကတော့ အချွန်(၅)ခု (သို့) (၆)ခုပါ တတ်ကြတဲ့ တြိဂံပုံ၊ ငါးပုံ ကားတိုင်နှင့် အစူးစူးပုံ၊ လချမ်းပုံ၊ ဓမ္မစကြာပုံ စသဖြင့် ဘာသာတရား အလိုက် ယုံကြည်မှု၊ ကျင့်ကြံမှု အလိုက် ကွဲပြားခြားနားစွာ လက်ခံ ကျင့်သုံး သက်သေခံကြပါတယ်။

                      RVA ထုတ်လွှင့်ချက် မှ

    Read More...

    Sunday, September 8, 2013

    ခရစ်ယာန်သက်တာရှင်သန်ခြင်း

        “ခရစ်ယာန်တွေက အေးချမ်းတယ်နော်၊ လောဘ မောဟတွေနည်းတော့ အားကျစရာ ကောင်းတာပေါ့”လို့ ဘာသာခြား တစ်ယောက်ဆီက မှတ်ချက်ချ စကားကြားရတော့ ၀မ်းသာ ပီတိဖြစ်မိတယ်။ “ခရစ်ယာန်တွေသာ ခရစ်ယာန် ပီသစွာနေထိုင်ကြရင် တစ်ကမ္ဘာလုံး ခရစ်ယာန်ဖြစ်ကုန်မှာ သေချာတယ်”ဟု ဆိုပြီး ဟိန္ဒူဘာသာဝင် မဟတ္တမဂန္ဒီကိုယ်တိုင်တောင် အမှန်အကန် ပြောသွားခဲ့တာပဲ။ ခရစ်ယာန်တွေအနေနဲ့ ကိုယ်ယုံကြည်သက်ဝင်ရာ ဘာသာတရားလမ်းပေါ် တစ်သဝေမသိမ်း ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းဖို့ လိုအပ်ပါတယ်။ သတိတရားထားရှိနိုင်ဖို့ တွေးစရာစာစုလေး နှစ်ခု ညွှန်းပေးလိုက်ပါတယ် . . . .

             (က) ခရစ်ယာန်ကောင်း တစ်ဦးဆိုသည်မှာ ...
    •  မိသားစုအသိုက်အမြုံ အိမ်မှာ မေတ္တာသက်ဝင်သူ
    •  စီးပွားရေး အလုပ်အကိုင်မှာ ရိုးသားဖြောင့်မတ်သူ
    •  ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ စာနာ ထောက်ထားတတ်သူ
    •  အလုပ်ခွင်မှာ မျှမျှတတ ဆက်ဆံတတ်သူ
    •  ကံဆိုးမိုးမှောင်ကျသူကို သနားကြင်နာ ဖေးမသူ
    •  စိတ်အား ညိုးငယ်နေသူကို ကူညီပေးသူ
    •  ခက်ထန် မာကျောသူကို စိတ်ရှည် သည်းခံနိုင်စွမ်းသူ
    •  သမာဓိရှိသူကို ယုံကြည် စိတ်ချသူ
    •  ကြိုးစား အောင်မြင်သူတွေအတွက် ဂုဏ်ယူ ၀မ်း မြောက်သြဘာပေးသူ
    •  နောင်တရသူကို နားလည် ခွင့်လွှတ်ပေးတတ်သူ
    •  ဘုရားသခင်ကို ကြည်ညို ရိုသေမှုရှိပြီး ချစ်မြတ်နိုးသူ
       
        (ခ) ခရစ်ယာန် ပီသဖို့လို . . .
    သူမကတော့ အောင်မြင်နေတဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးပါ။ ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ပါဘူး။ တစ်နေ့က ကက်သလစ်ဘုန်းတော်ကြီး ဆီသွားပြီး စကား သွားပြောပါတယ်။

        “ဘုန်းဘုန်းကို ကျွန်မပြောချင်တာ ရှိတယ်။ ကျွန်မကိုအထင်တော့ မလွှဲစေချင်ဘူး၊ ကျွန်မတွေ့တဲ့ လူတစ်ချို့က စာရိတ္တ ပျက်ပြားလွန်းတယ်၊ သူတို့က ဘုရားကျောင်း အမြဲသွားတဲ့ ခရစ်ယာန်တွေပဲ” “ဟုတ်ပါပြီ . . . ဒီလိုပဲပေါ့၊ ကံဆိုးချင်တော့ သူတို့က မကောင်းတဲ့ ခရစ်ယာန်တွေ ဖြစ်သွားကြတာကိုး ဘာသာပတစ်ချို့တွေ မကောင်းကြသလိုပဲပေါ့” လို့ ဘုန်းတော်ကြီးက ပြန်ဖြေလိုက်တယ်။
        “ဒါပေမယ့် ဘုန်းဘုန်းရယ်၊ ခရစ်ယာန်ဆိုတာက သူများတွေထက် ပိုပြီး ထူးခြားကောင်းမွန်ကြရတယ် မဟုတ်လား”လို့ အမျိုးသမီးက ပြန်မေးလိုက်တော့ ဘုန်းတော်ကြီးက စိတ်မကောင်းစွာနှင့်ဘဲ “ဟုတ်တာပေါ့၊ သိပ်ဟုတ်တာပေါ့”လို့ တိုးတိုးလေး ညည်းဆိုရင်း ဖြေလိုက်ပါတော့တယ်။    ။

                        အသက်(ကလေး)

    Read More...

    Tuesday, September 3, 2013

    လူငယ်နှင့် မူးယစ်ဆေး

        အခုလို အရမ်းကို တိုးတက်ခေတ်မှီနေတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူငယ်တွေ အများစုဟာ စူးစမ်းလိုစိတ်၊ လက်တွေ့စမ်းသပ် လိုစိတ်တွေ အရမ်းကို ပြင်းပြနေပါတယ်။ မိမိတို့ရဲ့ အုပ်ထိန်းသူ မိဘ၊ ဆရာသမားတွေက ဆေးလိပ်၊ အရက်၊ ကွမ်းယာ စတာတွေကို မသောက်သုံးဖို့ တားမြစ်တဲ့အခါမှာတော့ မိမိရဲ့အုပ်ထိန်းသူ လူကြီးတွေမသိအောင် ခိုးကြောင် ခိုးဝှက်နှင့် သောက်နေတဲ့သူတွေဟာ ယနေ့ ကမ္ဘာမှာ အများကြီးပဲရှိပါတယ်။
        အရွယ်ရောက်တဲ့ လူငယ်တွေဟာ လူငယ်ပီပီ အပေါင်းအသင်းမက်လာပါပြီ။ ညနေပိုင်း အလုပ်အားတဲ့ အချိန်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေ စုံမိကြပါတယ်။ အဲ့ဒီ အပေါင်းအသင်း တွေထဲမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်တစ်မျိုးမျိုး (ဒါမှမဟုတ်) ဘက်စုံ သုံးစွဲနေတဲ့ သူငယ်ချင်းအပေါင်း အသင်း(၂)ယောက်၊ (၃)ယောက်လောက်တော့ ပါမှာပါ။ အပေါင်းအသင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲ၊ ပါတီတွေ တက်ရောက်တာဟာလည်း မူးယစ်ဆေးသုံးခွင့်ရဖို့ အရမ်းကို လွယ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာလည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းရဲ့အစပါ။ လူငယ်တွေ ဟာတစ်ခုခုကို စွဲလမ်းလာပြီဆိုရင် အဲ့ဒီစွဲလမ်းနေတဲ့ အရာကိုဖြတ်ဖို့ အင်မတန်ကို ခက်ခဲလှပါတယ်။

        လူငယ်အများစု မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေခြင်းက အသိပညာမရှိလို့လား ဒါမှမဟုတ် ဗဟုသုတ မကြွယ်ဝလို့လား၊ အပေါင်းအသင်းကြောင့်လား ဆိုတာ စဉ်းစားစရာပါ။ လောင်းကစား၊ အရက်၊ ကိလေသာလိုက်စား၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတွေဟာ အဓိက မိမိစိတ်ပါလို့ ပျက်စီးခြင်းကို ရောက်ကြတာပါ။ တစ်ချို့က ပြောပါတယ်။ အပေါင်းအသင်းကြောင့်တဲ့၊ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အဓိက မိမိ ကိုယ်တိုင်ဖျက်မှ ပျက်တာပါ။ ဘယ်သူမပြု မိမိမှုပဲ ဖြစ်ပါတယ်။

        လူငယ်ဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်ပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ သူဟာ လူငယ်တစ်ယောက် အနေနဲတော့ အညွှန့်တလူလူတက်နေတဲ့ အတက်ကို ရိုက်ချိုးခြင်းခံရတဲ့ သစ်ပင်နဲ့တူပါတယ်။ လူငယ်တစ်ယောက်ဟာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို စွဲလမ်းသွားမိရင် သာမန်လူတစ်ယောက်လို အသိစိတ်၊ အသိဉာဏ်တွေမရှိတော့တာ အမှန်ပါပဲ။ အသက် ရှင်နေတဲ့ သူရဲ့ဘ၀ဟာလည်း ဘာမျှ အသုံးမ၀င် တော့ပါဘူး။ မိမိရဲ့နေ့စဉ် ဘ၀ပျော်ရွှင်ဖို့အတွက် သုံးစွဲနေတဲ့ မူးယစ်ဆေးတွေကြောင့်ပဲ မိမိရဲ့ခန္ဓာကိုယ်က အချိန်ကြာလာတဲ့အခါမှာ အတွင်းကလီစာတွေ ထိခိုက် ပျက်စီးလာပါတော့တယ်။

        နောက်ထပ်ဦးနှောက် ကြောင်လာမယ်။ ဉာဏ်ရည် ကျဆင်းပြီး ခုခံအားကျဆင်းလာတဲ့ HIV / AIDS စတဲ့ ရောဂါဝေဒနာတွေပါ ခံစားလာကြပါတယ်။ မူးယစ်ဆေးဝါးကို အလွန်အကျွံ သုံးစွဲတာကြောင့်ပဲ စိတ် အာရုံခြောက်ခြားမှုတွေ ဖြစ်လာပြီး အဲ့ဒီ စိတ်အာရုံ ခြောက်ခြားမှုကြောင့်ပဲ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို မိမိရဲ့ရန်သူ၊(ဒါမှမဟုတ်) မိမိကို ရန်ပြုလာမယ့် သူတွေလို့ ထင်မြင်လာကြပါတယ်။ နောက်ဆုံးမှာ မိမိရဲ့ အသက်ကိုတောင် ရန်ရှာတဲ့အထိ ဖြစ်လာပါတယ်။
        မိသားစုတစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ သူတစ်ယောက်သာရှိရင် အဲ့ဒီ မိသားစုဟာ ဘယ်လိုမှ ငြိမ်းချမ်းသာယာတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။ ဆေးသုံးစွဲတာကြောင့်ပဲ အရင်ဆုံးဆေး သုံးတဲ့သူ ကိုယ်တိုင်လူဖြစ်ရှုံးမယ်။ နောက် မိသားစုဝင်တွေရဲ့ ငြိုငြင်တာတွေ၊ ယုံကြည် အားကိုးခြင်းခံရတာတွေ ဆုံးရှုံးမယ်။ နောက်ဆုံး အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ၊ လူ့ဘောင် အဖွဲ့အစည်းတွေရဲ့ အကျိုးပြုလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာကြောင့်ပဲ လူထုကလည်း ဆုံးရှုံး နစ်နာရပြန်တယ်။

        မိမိကိုယ်ကို ဆေးစွဲနေပြီလို့ သတိထားမိတဲ့ လူငယ်တစ်ဦးအနေနဲ့ သုံးမရအောင် ဘ၀ပျက်တဲ့ နောက်ဆုံးအချိန်ထိ မစောင့်ဘဲ၊ မိမိကိုယ်ကို ရုန်းထွက်နိုင်အောင် ကြိုးစား သင့်ပါတယ်။ ဆေးစွဲပြီဆိုရင်တော့ဖြင့် မိမိမိသားစုအတွင်းမှာ ကြိတ်ပြီး ဆေးဖြတ်နေရုံနဲ့ မလုံလောက်ပါဘူး။ အကောင်းဆုံးကတော့ ဆေးဖြတ်တဲ့ ဆေးရုံ၊ ထောင်တွေမှာ သွားဖြတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးရုံကို လူတော်တော်များများက နောက်ဆုံးအဆင့်မှာပဲ ရွေးချယ်ထားတာကြောင့် အချိန်တွေနှောင်းပြီး မကြာသင့်ပဲ ကြာရပြီး နောက်ဆုံးဆေးဖြတ်ဖို့ ခက်ခဲ တတ်ပါတယ်။ ခုဆိုရင် ဆေးဖြတ်ပေးတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဌာနတွေက ကုသမှုအပြင် ပညာပေး၊ လေ့ကျင့်ခန်းလုပ်ပေးခြင်း အားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာလာအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ ကျန်းမာရေး ၀န်ထမ်းတွေအပြင်၊ NGO အဖွဲ့အစည်းတွေက ၀န်ထမ်းတွေကလည်း ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသအထိ မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ အသိပညာ၊ ဗဟုသုတတွေကို လိုက်ပြီး ဝေငှပညာပေးလျက် ရှိပါတယ်။ အခုခါမှာ နိုင်ငံတော်တော်များများကလည်း မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးကို ထိထိရောက်ရောက် နှိမ်နှင်းနေကြပါပြီ။

        လူငယ်တွေရဲ့ဘ၀မှာ မပြေလည်မှုတွေ၊ စိတ် မချမ်းသာမှုတွေကို နည်းအမျိုးမျိုးနဲ့ ရှောင်ရှားရင်း အဆုံးမှာ မူးယစ်ဆေးဝါးက အကောင်းဆုံး ထွက်ပေါက်တစ်ခု ဖြစ်လာတာကြောင့် ဆေးဖြတ်တဲ့သူကို ကူညီတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုမျိုး ရင်ဆိုင်တွေ့ ကြုံနေရသလဲ ဆိုတာကို အဖြေရှာပြီး ရင်ဆိုင်ထိန်းချုပ်တတ်အောင် နည်းမှန် လမ်းမှန်နဲ့ ရှောင်ရှားတတ်ဖို့ ၀ိုင်းဝန်း ကူညီပေးရမှာ ဖြစ်ပါတယ်။ ဆေးစွဲတဲ့သူဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ နည်းပါးတာကြောင့် ဆေးဖြတ်တဲ့ ကိစ္စအောင်မြင်ဖို့အတွက် ဆေးသုံးစွဲတဲ့သူ ကိုယ်တိုင်သာမက သက်ဆိုင်ရာ မိသားစုဝင်တွေကလည်း ဆေးဖြတ်ဖို့ ကြိုးစားနေချိန်အတွင်းမှာ ဖြစ်ပေါ်လာမယ့် အခက်အခဲ၊ အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ထိန်းချုပ်ဖို့ ဗဟုသုတရှိဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါးက အဓိက ပြဿနာဆိုပြီး မူးယစ်ဆေးဝါးကင်းစင်ရေးကိုပဲ ဦးစားပေး ကုသပေးရုံနဲ့ ဆေးစွဲခြင်းက အဆုံးသတ် မသွားပါဘူး။ မိမိအရပ်ဒေသကို ပြန်ရောက်သွားတဲ့ အခါမှာ ဆေးမပြတ်ဘဲ ဆေးပြန်သုံးတတ်တယ်ဆိုတဲ့ အချက်ကို လုံးဝ မမေ့သင့်ပါဘူး။
        ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုတာ မှန်ပါတယ်။ အရက်နဲ့ ဆေးလိပ်က ဖြတ်လို့ရသေးပေမယ့် မူးယစ်ဆေးဝါးကတော့ ဖြတ်ဖို့ ခက်ခဲတာကြောင့်ပဲ ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်မရှိ၊ ဘ၀ရဲ့ ဦးတည်ချက် မရှိပြီး ယနေ့ လူငယ်တော်တော်များဟာ မူးယစ်သောက်စား ပျော်ရွှင်မှုကိုပဲ လျှောက်လှမ်းချင်တာကြောင့် လမ်းမှား ရောက်သွားကြတာပါ။

        ယနေ့ကမ္ဘာမှာ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေတာကြောင့် လူငယ်များအတွက် ရှာဖွေ လေ့လာဆည်းပူးစရာတွေ အများကြီးပါ။ မိမိ ကြိုးစားရင် ကြိုးစားတဲ့အလျှောက်၊ အခွင့်အရေးနဲ့ အကျိုး ကျေးဇူးတွေ ခံစားနိုင်တဲ့ ခေတ်ရောက်နေတဲ့ အချိန်မှာ မိမိဘ၀၊ မိမိပတ်ဝန်းကျင် မိသားစုကို နစ်နာဆုံးရှုံးသွား စေနိုင်တဲ့ မူးယစ်ဆေးဝါးဆိုတဲ့ အမှောင်ထုထဲကို မကျရောက်သွားအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

        ဒါကြောင့် လူငယ်ဆိုတာ အမြဲတမ်းနုပျို၊ ကျန်းမာသန်စွမ်းတဲ့ အချိန်မှာ လင်းလက်တောက်ပနေတဲ့ အနာဂတ်အိပ်မက်တွေနဲ့ အတူ အမြဲတမ်း Active (တက်ကြွ) ဖြစ်နေပါမယ်။ မျှော်လင့်ချက်တွေ အပြည့်၊ အားမာန်အပြည့်နဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို တိုးဝှေ့ ရင်ဆိုင်ကျော်ဖြတ်ပြီး အနာဂတ်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်ကလေးများ ဖြစ်အောင် ကြိုးစားရပါမယ်ရှင်။ လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ဘ၀မှာ မိမိရဲ့ ဘ၀ကို အညွှန့်တုံးစေနိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဘေးကနေ ကင်းဝေး ရှောင်ရှားနိုင်မယ်ဆိုရင် တိုးတက်ပြီး သာယာလှပတဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

        လူငယ်လေးတွေရဲ့ ဘ၀မှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ လွတ်မြောက်ပြီး မိမိ မိသားစု၊ အသိုင်းအ၀ိုင်း၊ နိုင်ငံတော်က အားထားရတဲ့ လူငယ်မောင်မယ်လေးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

                    စန်းသွယ်အေး





    Read More...