Saturday, August 31, 2013

မိဘနှစ်ပါးထံမှ ထွက်ပြေးခဲ့ရပါသည်။


    ကျွန်မ (၁၅)နှစ်သမီးအရွယ်မှ စတင်ပြီး ဒုက္ခများ စတင်တွေ့ရှိခဲ့ရသည်။ ကျွန်မတို့ မိသားစုလေးသည် ကက်(ရှ်)မီးယားတောင်တန်းကြီးများ အုပ်မိုးထားသော ပါကစ္စတန် ရွာငယ်လေးတစ်ရွာမှဖြစ်ပြီး မိဘအသိုက်အ၀န်းများသည် ကြွယ်ဝသော ရှေးရိုးရာ ဓလေ့များကို စွဲလန်းစွာ အယူကြီးသော မိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်ကြပါသည်။


    ကျွန်မ(၁၈)နှစ် သမီးအရွယ်မှာ မိဘနှစ်ပါးမှ ကျွန်မကို သူတို့၏ မျိုးရိုးဂုဏ်ကို ကာကွယ်ဖို့ ကျွန်မကို အသေသတ်ဖို့ ကြိုးစားခဲ့ကြပါသည်။ သူတို့၏ ရိုးရာ ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကျွန်မသေမှ ဖြစ်မည်ဟု ခံယူထားကြပါသည်။ သူတို့မှာ ကျွန်မကိုသတ်နိုင်သည့် နည်းလမ်းလည်း ရှိကြသည်။ ကျွန်မ သူငယ်ချင်းအချို့သည် မျိုးရိုးသိက္ခာ ကင်းမဲ့အောင်လုပ်သည်ဟု ယူဆလျက် မိဘ၊ အစ်ကို၊ ဦးလေးများမှ သေသည်အထိ ရိုက်သတ် ခံသွားကြရပါသည်။ ထို့ကြောင့် ကျွန်မသူတို့၏ လက်အောက်မှ သူတို့ လိုက်မမှီနိုင်သော အရပ်ဒေသသို့ အသက်စွန့်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။




    ကျွန်မ ငယ်စဉ်ကလေးဘ၀ကတည်းက မိသားစုလိုက် ဥရောပရှိ သြစတြီးယားနိုင်ငံ၊ လင့်(စ်) မြို့(Linz) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ ကျွန်မ အရွယ်ရောက်လာသောအခါ မိန်းကလေးငယ်များ ၀တ်ဆင်ကြသော တီရှပ်၊ ရှပ်အင်္ကျီပွပွလေးများနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ကြသည်ကို သဘောကျစွာ ငေးမော ကြည့်တတ်လာသည်။ အမေက ကျွန်မကို တစ်ကိုယ်လုံး လုံခြုံအောင် ဖုံးထားသော အနက်ရောင် ရှေးရိုးရာဝတ်စုံကိုသာ အပြင်ထွက်တိုင်း ၀တ်ဆင်ခဲ့ရသည်။  

    တနေ့၌ ကျွန်မ၏ ကျောင်းစာအုပ်များကြားမှ ကျွန်မ၏ ဒိုင်ယာရီကိုယူဖတ်ပြီး ကျောင်းဆင်းချိန် ပန်းခြံတစ်ခုထဲ၌ ကျောင်းမှ ယောက်ျားလေးတစ်ယောက်နှင့် ချိန်းတွေ့ခဲ့သည်ကို ဒိုင်ယာရီထဲမှာ ရေးထားသည်ကို တွေ့ထားခဲ့သည်။ အမေသည် ဒေါသကြီးသူဖြစ်သောကြောင့် စိတ်မထိန်းနိုင်ဘဲ ကျွန်မကို အပေါစား မိန်းမ၊ ကြေးစားမဟု ဆူပူကြိမ်းမောင်းကာ၊ တစ်ကိုယ်လုံးနာကျင်အောင် ရိုက်နှက်ခဲ့ပါသည်။ ကျွန်မအရွယ်၌ သူမသည် မိဘများပေးစားသော ယောက်ျားနှင့် လက်ထပ်ပြီး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။ သူတို့ သဘောတူသောသူနှင့် ပေးစားမည်ဟု ဆုံးဖြတ်ကာ ပါကစ္စတန်ပြည်သို့ ခေတ္တ ပြန်လာကြပါသည်။

    အိမ်ရောက်သောအခါ ကျွန်မအတွက် အခြေအနေများ ပိုဆိုး လာပါသည်။ ဆွေမျိုး၊ သားချင်းများကို ဧည့်ခံသောနေ့၌ ကျွန်မ တီရှပ် ၀တ်မိသောကြောင့် သားချင်းများရှေ့မှောက်မှာ သူစီးထားသောဖိနပ်ကို ချွတ်ပြီး မျက်နှာကို ဖြတ်ရိုက်လိုက်သောကြောင့် ကျွန်မ၏ နှုတ်ခမ်းများ စုတ်ပြတ်သွားပါသည်။ မျက်နှာမှာလည်း ဒဏ်ရာများစွာ ကျန်ရစ်ခဲ့သည်။ ကျွန်မ၏ ကြီးလေးသော အပြစ်မှာ တစ်ကိုယ်လုံး လုံအောင် မဖုံးဖိဘဲ၊ တီရှပ် ၀တ်ဆင်မိသောကြောင့် ဖြစ်ပါသည်။ သူတို့ကို အရှက်ရစေသည်ဟု သတ်မှတ်လိုက်ကြပါသည်။ အခြား မူဆလင်မိန်းကလေးများက ဖခင်နှင့်အစ်ကိုများကသာ ဤသို့ ပြုမူတတ်ကြသော်လည်း ကျွန်မမှာတော့ အမေကိုယ်တိုင်က ဤမျှ ရက်စက်စွာပြုမူနေသည်ကို ကျွန်မ ဒဏ်မခံနိုင်တော့ပါ။ ကျွန်မ၏ ခန္ဓာ ကိုယ်ရော၊ စိတ်ပါ ဒဏ်ရာများစွာရခဲ့ပြီ ဖြစ်သည်။ ကျွန်မ၏ အသက်ဘေးကိုလည်း အချိန်ကြာလာသည်နှင့် အမျှ စိုးရိမ်မိလာသည်။ အဘယ်ကြောင့်ဆိုသော် ဖခင်မှ ကျွန်မကို သူတို့ပေးစားသော ယောက်ျားနှင့် လက်မထပ်လျှင် တကယ်ပင် သတ်ပစ်မည်ဟု ပြောဆိုခဲ့သည်။

    ကမ္ဘာအနှံ့မှာ နှစ်စဉ် မိဘဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု စွပ်စွဲပြီး၊ ကိုယ့်မိသားစုများမှ သတ်ပစ်ခံရသော မိန်းကလေးပေါင်း (၅၀၀၀)မျှရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတန်းမှာ ကြေငြာထားသည်ကို ဖတ်ရှုခဲ့ရသည်။ ထို့နောက် ကျွန်မကို အစ္စလာမ်ဘာသာရေးကျောင်းသို့ ကျောင်းအိပ် ကျောင်းစား ပို့ထားလိုက်သည်။ ထိုကျောင်းမှာ မိန်းကလေး (၃၀)ခန့်နှင့် အတူနေကြရသည်။ တနေကုန် ကိုရမ်ကျမ်းစာများကို ဗလီဆရာတစ်ဦးမှ ခန်းစီး နောက်ကွယ်မှ သင်ပေးခဲ့သည်။ ရေအိမ်မှာလည်း မြေကြီးထဲ တွင်းတစ်တွင်း တူးထားရုံသာရှိပြီး လွန်စွာ ညစ်ပတ်နံဆော် နေပါသည်။ မိန်းကလေးမျာကို စာသင်ချိန်၌ ဆရာ မနှစ်သက်သော အဖြေကို မှားယွင်း ဖြေမိလျှင် ကျောင်းရှေ့ထွက်ပြီး လူမြင်ကွင်းမှာ ကြိမ်ဒဏ် ပေးလေ့ရှိသည်။ ကျွန်မ စိတ်ဆင်းရဲလွန်းသောကြောင့် အစာငတ်ခံ ဆန္ဒပြလိုက်ပါသည်။ သည့်နောက်အိမ်မှ သဘောတူသော ယောက်ျားနှင့် လက်ထပ်မည်ဟု ကတိပေးလိုက်ရသည်။ ဖခင်မှ ငါတို့ သိက္ခာသည် နင့်အသက်၊ ငါ့အသက်ထက် အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။ ကျွန်မ မသေချင်သေးပါ။ ထို့ကြောင့် ထိုနေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ကျွန်မ ထွက်ပြေးမှ ရတော့မည်ဖြစ်သည်။ သည့်နောက် ဖခင်လုပ်ငန်းရှိရာ လင့်(စ်) (Linz)မြို့သို့ ပြန်လာခဲ့ကြသည်။ ကျွန်မလည်း ထိုနေ့မှာပင် ထိုမြို့လေးမှ ဆင်ခြေဖုံး တစ်နေရာရှိ ကော်ဖီဆိုင်လေးသို့ ထွက်ပြေးပြီး ထိုဆိုင်မှာ အလုပ်ရခဲ့ပါသည်။ နေစရာလည်း ရပါသည်။ သို့သော် မိဘနှစ်ပါးမှ စုံစမ်းသိရှိသွားသောကြောင့် ယောက်ျားယူရန် ကျွန်မကို ထိုဆိုင်တွင်းမှာ အကြမ်းဖက် ရိုက်နှက်ကြသည်။ ထိုအချိန်မှာ ကျွန်မ၏ အသက်မှာ (၁၈)နှစ်သာ ရှိသေးသည်။ ဆိုင်ရှင်များမှလည်း ကျွန်မကြောင့် နေ့စဉ် ဒုက္ခရောက်ရသောကြောင့် ကျွန်မကို အလုပ်မှ ထုတ်ပယ်လိုက်ကြသည်။

    သို့သော် ကျွန်မ၏ကျောင်းမှ ခရစ်ယာန် သူငယ်ချင်းများမှ ကျွန်မကို ကြင်နာစွာနှင့် အကူအညီ အများကြီး ပေးခဲ့ကြသည်။ သူတို့မှ ကျွန်မကို နားခိုရန် ဖွက်ထားပေးကာ၊ ဗီယာနာမြို့ (Vienna)မြို့သို့ ဆက်သွယ်ပေးပြီး၊ သီလရှင်ကျောင်းသို့ တိတ်တဆိတ် ပို့ပေးခဲ့ကြသည်။ သူတို့၏ ကျေးဇူးကြီးမားမှုကြောင့် ကျွန်မ ရိုမန်ကက်သလစ်ဘာသာသို့ ပြောင်းလဲပြီး ဆေးကြောခြင်း ခံယူခဲ့ပါသည်။ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့်သာ ကျွန်မ အသက်ရှင်သန်ခွင့် ရခဲ့ပါသည်။ ကျွန်မ၏ နာမည်ကိုလည်း စစ္စတာများမှ ဆယ်ဘယ်တီနာ ဂျိမ်း(စ်) (Sabatina James)ဟု အမည် ပြောင်းပေးခဲ့ကြသည်။ မှတ်ပုံတင်လည်း အသစ် ပြုလုပ်ပေးခဲ့သည်။ ယခု ကျွန်မအသင်းတော်၏ အကူအညီနှင့် ဂျာမဏီနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ၊ ကျွန်မကဲ့သို့ လက်ထပ်လျှင်ထပ်၊ မထပ်လျှင် အသေခံရမည်ဟု ဆုံးဖြတ်ခံရသော မိန်းကလေးများကို အကူအညီ ပေးလျက်ရှိပါသည်။ ကျွန်မ ယခုအခါ (Sabatina Foundation) ပရဟိတအသင်းဖွဲ့ပြီး သူငယ်ချင်းများ၏ အကူအညီ အသင်းတော်၏ အကူအညီနှင့် ဒုက္ခရောက်နေသော ကျမနှင့် ဘ၀တူ မူဆလင် မိန်းကလေးများကို အကူအညီ ပေးလျက်ရှိပါသည်။

    ကျွန်မ၏ ဘ၀လေးသည်လည်း ဘုရားသခင်နှင့် မယ်တော်၏ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခို နိုင်ပြီဖြစ်သည်။ ဒုက္ခရောက်နေသော မိန်းကလေးများအတွက်လည်း နေ့စဉ် ဆုတောင်းပေးလျက် ရှိပါသည်။ မိဘနှစ်ပါးကိုလည်း အလင်းတရား ရစေဖို့ နေ့စဉ် ဆုတောင်းပေးပါသည်။

ဘုရားရှင်၏ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းလျက်
      
How I Escaped (150. Fearless Women in the World ) Sabatin James
NewsWeek March 12,2012

                                                         Pollyana