Thursday, August 22, 2013
အဆံမဲ့သူတို့၏ မောက်မာမှု
    သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း အကြောင်းကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ တစ်ခါက အိုင်းစတိုင်းဟာ သူ့ရဲ့ စမ်းသပ်မှုအတွက် သူ့ရဲ့သီအိုရီအကြောင်းကို သူ့ရဲ့ ဒရိုင်ဘာ ကားမောင်းသမားနဲ့အတူ တစ်နေရာကနေ တစ်နေရာကို လိုက်လံရှင်းပြ၊ ဝေမျှနေခဲ့ပါတယ်။ အဲ့ဒီ ဒရိုင်ဘာကလည်း စမ်းသပ်မှု သီအိုရီအကြောင်းကို သွားနေရတဲ့ နေရာတိုင်းမှာ ခဏခဏကြားနေရတော့ တစ်နေ့မှာ အိုင်စတိုင်းကို ပြောပါတယ်။ “ဆရာ ပြောနေတဲ့ အကြောင်းကို ခဏခဏကြားနေရတာ အလွတ်ကို ရနေပြီ။ နောက်တစ်ခါ ဆရာက ဒရိုင်ဘာလုပ်၊ ကျွန်တော်က ဆရာနေရာယူပြီး သီအိုရီကို ရှင်းပြမယ်”ဆိုပါတယ်။ အိုင်းစတိုင်းကလည်း သဘောတူခဲ့ပါတယ်။
    အဲ့ဒီ ဒရိုင်ဘာ ပြောနေတာကတော့ ဖြောင့်နေတာပါပဲ။ ပရိသတ်ကလည်း လက်ခုပ်တွေတီးပြီး ချီးမွမ်း သြဘာပေးကြပါတယ်။ ဒါပေမယ့်လို့ ပရိသတ်တွေ ဘက်က လွတ်လွတ်လပ်လပ်နဲ့ ကြိုက်တာ မေးနိုင်တဲ့ အချိန်ရောက်လာတဲ့အခါ သိပ္ပံပညာရှင် တစ်ယောက်က မေးခွန်းမေးတာကို မဖြေနိုင်ဘူး ဖြစ်သွားပါတယ်။ ခပ်တည်တည်နဲ့ ဣနြေ္ဒဆယ် ဆက်နေပြီး အဲ့ဒီမေးခွန်းကတော့ လွယ်လွန်းလို့ ကျွန်တော့် ဒရိုင် ဘာတောင် ဖြေနိုင်ပါတယ်ဆိုပြီး ပရိသတ်ထဲမှာ ထိုင်နေတဲ့ အိုင်းစတိုင်းကို လက်ညိုး ထိုးလိုက်ပါတော့တယ်။
     ဒီနေရာမှာ အိုင်းစတိုင်းရဲ့ နှိမ့်ချခြင်းနဲ့ ဒရိုင်ဘာရဲ့ မိမိကိုယ်မိမိ အထင်ကြီးမောက်မာပြီး မဟုတ်တာကို အတတ်ကြီး လုပ်နေတဲ့ ဟန်ဆောင်မှုနဲ့ ကြောင်သူတော်လုပ်ငန်း တွေ့ရပါတယ်။ မိမိရဲ့ ဖြစ်ရှိနေတဲ့ ပင်ကိုယ် အခြေအနေကို မျက်နှာဖုံး ၀တ်ဆင်ထားပါတယ်။ အမှန်တကယ်တော့ သူပြောတဲ့အတိုင်း သူဟာ မဟုတ်ဘဲ ဟန်ဆောင်မှုသာ ဖြစ်ပါတယ်။
    ဧ၀ံဂေလိကျမ်းစာမှာ ခရစ်တော်က မောက်မာ ထောင်လွှားမှုဟာ အချည်းအနှီးသာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ နှိမ့်ချခြင်း ပါရမီလိုအပ်တယ် ဆိုတဲ့အကြောင်း တရားပေးနေပါတယ်။ စားသောက်ပွဲတစ်ခုမှာ ဧည့်သည်တွေဟာ အကောင်းဆုံး နေရာများကို ရွေးနေကြတာကို ခရစ်တော်မြင်တဲ့အခါမှာ ကောင်းကင်နိုင်ငံတော်မှာ မောက်မာမှုအတွက် နေရာမရှိဘူးလို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ မိမိကိုယ်မိမိ သူများထက် သာတယ်၊ မြင့်တယ်လို့ ထင်မြင်ခြင်း၊ မိမိမပါလျှင်မဖြစ်ဘူး၊ မပြီးဘူး၊ ငါသာလျှင်တော်၊ တတ်တယ်ဆိုတဲ့ သဘောတရားမျိုးကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ မာနရှိတဲ့သူဟာ မိမိအတွက်သာ တစ်ကိုယ်ကောင်းကြည့်တတ်ပြီး မိမိဟာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်လာတတ်ပါတယ်။ မိမိဟာ မိမိရဲ့ဘုရား ဖြစ်လာပါတယ်။
    ဘ၀င်မြင့် မာနရှိသူတွေ၊ နှိမ့်ချခြင်း မရှိတဲ့ သူတွေဟာ သူ့မှာရှိသမျှကို ပေးတဲ့ဘုရား၊ အရာအားလုံးအတွက် သူမှီခိုနေရတဲ့ ဘုရားသခင်ကို မေ့လာတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နီးစပ်သူတွေကို မေ့လာပါတယ်။ ဒါကြောင့် နီတိဒေသနာကျမ်း ၃း၂၈ မှာ မောက်မာ ထောင်လွှားသောသူတစ်ဦးသည် ရောဂါဝေဒနာ ဖိစီးပြီး၊ ဖောက်ပြန်သော် ယင်းအတွက် ကုသမှု ကင်းမဲ့၏။ ဘ၀င် မြင့်သူတို့သည် သီလမရနိုင်လို့ ဆိုထားပါတယ်။
    ခရစ်တော်က သင်သည် ပွဲတစ်ခုသို့ ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍ အနှိမ့်ချဆုံး နေရာတွင် ထိုင်လော့ဆိုတဲ့ စကားဟာ တိတိကျကျအနက် အဓိပ္ပါယ် ဖွင့်ယူလို့ မရပါဘူး။ နို့မို့ဆိုလျှင် လူတိုင်းဟာ ထိပ်ဆုံးရောက်ဖို့ အနိမ့်ဆုံးနေရာကိုပဲ လုနေကြမှာ သေချာပါတယ်။ ဒီမှာဆိုလိုတဲ့ အဓိပ္ပါယ်က ကြွားဝါ မောက်မာခြင်းကို ရှောင်ကြဉ်ပြီး မိမိကိုယ်မိမိ တခြားသူများထက် နှိမ့်ကျတယ်လို့ ယူဆပြီး နှိမ့်ချစွာ ကျင့်ကြံခြင်းကို ဆိုလိုပါတယ်။
    ဒါကြောင့် နီတိဒေသနာကျမ်း ၃း၁၈ မှာ “သင်သည် ပိုမို ကြီးမားမြင့်မြတ်လေ၊ ပိုမို နှိမ့်ချ ညွှတ်တွားတော့။ ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ခံရလတ္တံ”လို့ မှတ်တမ်းတင် ထားပါတယ်။ နှိမ့်ချခြင်းဆိုတာဟာ ပါရမီတစ်ခု ဖြစ်ပါတယ်။ ပါရမီ ဖြစ်တဲ့အတွက် အမှန်တရားပေါ်မှာ အခြေခံရပါ့မယ်။ အဲ့ဒီလို အခြေမခံရင် ပါရမီ မဖြစ်နိုင်ပါဘူး။
    စစ်မှန်တဲ့ ခရစ်ယာန် နှိမ့်ချခြင်းဆိုတာက ဘုရားသခင် ရှေ့မှာ မိမိရဲ့ ဖြစ်ရပ်၊ အခြေအနေမှန်ကို ရိုးသားဖြောင့်မတ်စွာ၊ ၀န်ခံ၊ အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက နှိမ့်ချခြင်းဆိုတာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီရဲ့ အောင်မြင်မှု၊ ထူးချွန်မှု၊ စွမ်းဆောင်နိုင်မှု၊ အရည်အချင်းတွေ အားလုံးကို ပျော်ရွှင် ၀မ်းမြောက်စွာ လက်ခံ အသိအမှတ်ပြုပါတယ်။ ဒီအရည်အချင်းတွေ၊ စွမ်းဆောင် ထူးချွန်မှုတွေဟာ မိမိရဲ့ ဘ၀ တိုးတက်အောင်မြင်မှုနဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အသုံးပြုရမယ်လို့ သိရှိ နားလည်ပါတယ်။
    တစ်ဖက်မှာလည်း စစ်မှန်တဲ့ နှိမ့်ချခြင်းဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ မကောင်းတဲ့ အချက်တွေ၊ ကန့်သတ်မှုတွေ အားလုံးကိုလည်း မစွမ်းဆောင်နိုင်မှုတွေ၊ မငြင်းပယ်ဘဲ မိမိရဲ့အားနည်းချက်၊ မပြည့်စုံချက်ကို ၀န်ခံပါတယ်။ သူတို့ရဲ့ မှားယွင်း ကျဆုံးမှုမှာတောင် ပြုံးကာ၊ ရယ်မောနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် နှိမ့်ချခြင်းရှိတဲ့ ပုဂ္ဂိုလ်ဟာ ရင့်ကျက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပုဂ္ဂိုလ်မျိုးဟာ မိမိကိုယ်မိမိ ဖြစ်ရှိအခြေအနေ အကောင်းအဆိုးကို လက်ခံကာ ပါရမီဆည်းပူးနေတဲ့သူဖြစ်ပြီး တစ်ပါးသူကိုလည်း ဖြစ်ရှိအခြေအနေ အကောင်းအဆိုးကို လက်ခံကာ ပြုကျင့်တတ်သူများ ဖြစ်ပါတယ်။
    ချောမော၊ လှပပြီး၊ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးက ငါမချောဘူး၊ ရုပ်ဆိုး အကျည်းတန်တယ်လို့ မိမိကိုယ် မိမိပြောဆိုခြင်း၊ ဉာဏ်ပညာ ထက်မြက်တဲ့ လူငယ်ဟာ မိမိဟာ ဉာဏ်ထုံတယ်၊ အရူးပဲလို့ ပြောခြင်းတို့ဟာ မှားယွင်းတဲ့ နှိမ့်ချခြင်းများ ဖြစ်ပါတယ်။ မယ်တော်မာရီယားဟာ နှိမ့်ချတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်“ခုချိန်မှစပြီး သားစဉ်မြေးဆက်တို့က ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။” လို့ ပြောခဲ့သလို နှိမ့်ချခြင်းဆိုတာ မိမိရဲ့ ပါရမီတွေ၊ အရည်အချင်းတွေကို ဖုံးကွယ်တာ မဟုတ်ဘူး။ မိမိရဲ့ လက်ရှိဖြစ်နေတာထက် ပိုမို သာမန်ကျတယ်။ ပိုဆိုးတယ်လို့ တွေးထင်ခြင်းလည်း မဟုတ်။ ဒါပေမယ့် နှိမ့်ချခြင်းဆိုတာ မိမိမှာ မရှိတဲ့အရာ၊ မိမိ မသိတာတွေကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး၊ မိမိ ဖြစ်ရှိနေတာကို မကြွားဝါဘဲ၊ အားလုံးဟာ ဘုရားရဲ့ ကျေးဇူးတော်၊ ဘုရားက အခမဲ့ပေးထားတဲ့ အရာတွေဖြစ်တယ်။ တကယ်တမ်း မိမိဟာ ဘာမှ မဟုတ်သေးပါလားလို့ အမှားကို လက်ခံသိမြင်ခြင်း ဖြစ်ပါတယ်။
    နှိမ့်ချခြင်းရဲ့ အရှင်သခင် ခရစ်တော်ကလည်း “ငါသည် နှိမ့်ချရန်၊ နူးညံ့သိမ်မွေ့သော နှလုံးသားရှိ၏။ ငါ့ထံ၌ နည်းနာခံကြလော့။ ငါသည် လမ်းဖြစ်၏။ သမ္မာတရားဖြစ်၏။ အသက်လည်း ဖြစ်၏။”လို့ အရှိကို အရှိတိုင်း လက်ခံကာ ပြောခဲ့ခြင်းဟာ စစ်မှန်တဲ့ နှိမ့်ချခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နှိမ့်ချခြင်းဆိုတာ ဆုံးဖြတ်ချက် မပြတ်သားခြင်း၊ ကြောက်ရွံ့ခြင်း၊ အရှုံးပေးခြင်း၊ အားနည်းခြင်း၊ ငြင်းပယ်ခြင်း၊ မဟုတ်တဲ့အပြင် နှိမ့်ချခြင်းဟာ ကြီးမြင့်မြတ်သူ၊ စိတ်နှလုံး ကြီးမားသူတို့ရဲ့ ပါရမီသာ ဖြစ်ပါတယ်။
    နောက်တစ်ချက်က နှိမ့်ချခြင်းရှိတဲ့ သူဟာ မိမိရဲ့ ပြုလုပ်ဆောင်ရွက်ရမယ့် နေရာနဲ့ အချိန်အခါကိုလည်း သိကာ လက်တွေ့ ပြုလုပ်တတ်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ နှိမ့်ချခြင်းရှိတဲ့သူက သူများကို ဦးဆောင်ရမယ်၊ လမ်းညွှန်ရမယ်ဆိုရင် ဦးဆောင် ဦးစီး ပြုလုပ်ပါတယ်။ သူတစ်ပါးကို အစေခံရမယ်၊ ကျိုးနွံ ရမယ်ဆိုရင်လည်း အစေခံတတ်တယ်၊ ကျိုးနွံတတ်တဲ့သူ ဖြစ်ပါတယ်။
    ခရစ်တော်ဟာ နှိမ့်ချတဲ့ ပုဂ္ဂိုလ်၊ နူးညံ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဟန်ဆောင်သူ၊ ကြောင်သူတော် ဖာရီဇေဦးတွေအတွက်လည်း ပွင့်ပွင့်လင်းလင်း ခပ်မာမာနဲ့ အပြတ်တွယ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တာဟာ အထက်က ပြောခဲ့တဲ့အချက်ကြောင့်ပင် ဖြစ်ပါတယ်။
    ကျွန်တော်တို့ အားလုံးဟာ စစ်မှန်တဲ့ ကြီးမား မြင့်မြတ်ခြင်းကို ရှာဖွေတယ်ဆိုရင် မောက်မာ ထောင်လွှားမှု မရှိတဲ့ အရာအားလုံးမှာ နှိမ့်ချ ကျိုးနွံစွာ ကျင့်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိန်သြဂုတ်စတင်းက “မိမိကိုယ် မိမိ ကြီးကျယ် မြင့်မြတ်ချင်ပါသလား၊ မိမိ ကိုယ်မိမိ နှိမ့်ချစွာ ကျင့်ဆောင်ပါ။ မိုးအထိမြင့်တဲ့ အဆောက်အဦးကြီးကို တည်ဆောက် ချင်ပါသလား၊ ဟိုး နက်ရှိုင်းတဲ့ နေရာကနေ အုတ်မြစ်ချခြင်းနဲ့ စတင်ပါ။” လို့ အကြံပေးခဲ့ဖူးပါတယ်။
    “နှိမ့်ချခြင်းဟာ ပါရမီ အားလုံးတို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်”ဆိုတဲ့ စကားကို စိတ်နှလုံးသားထဲမှာ သိမ်းပိုက်ကာ နှိမ့်ချခြင်း ပါရမီကို လက်တွေ့ဘ၀ အသက်တာမှာ ဆည်းပူး ကျင့်ကြံနိုင်ဖို့ ကြိုးစား အားထုတ်ကြပါစို့။
မိမိကိုယ်ကို ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
မိမိကိုယ်ကို နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။ (လုကား ၁၄း၁၁)