Wednesday, August 14, 2013

ကျွန်မ ပေါက်စီ မစားတော့ပါ

      ကျွန်မ ပေါက်စီ မစားတော့ပါ။ ကြိုက်လည်း မကြိုက်တော့ပါ။ ကျွန်မ၏ ဖေဖေသည် ပွဲရုံတစ်ခုတွင် ကုန်ထမ်းလေသည်။ မေမေသည် ရပ်ကွက်ထဲတွင် အ၀တ်လိုက်လျှော်၏။ ဖေဖေနှင့် မေမေသည် တစ်ဦးတည်းသော သမီးလေး ကျွန်မကို အလွန်ချစ်လေသည်။ ဖေဖေသည် မနက်အလုပ်သွားတိုင်း အိပ်ပျော်နေသော ကျွန်မ၏ နဖူးလေးအား ဖွဖွလေး နမ်းလေသည်။ ခဏအကြာတွင် မေမေသည် အပြုံးလေးနှင့် ကျွန်မကို နိုးလေ၏။ ကျွန်မ ကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးလေသည်။ နှစ်တန်းကျောင်းသူ ကျွန်မ ကျောင်းသွားသောအခါ မေမေသည် ပြုံးပြုံးလေးနှင့် လက်ပြ နှုတ်ဆက်ကာ ကျန်ခဲ့လေသည်။

    တစ်နေ့ ပိုက်ဆံချမ်းသာသော သူငယ်ချင်း တစ်ယောက်မှ ကျွန်မကို မုန့်တစ်ခုကျွေးလေသည်။ ကျွန်မ စားကြည့်ရာ အလွန်ကောင်းလေသည်။ ကျွန်မ ထပ်စားချင်နေ၏။ “ဒါ ဘာမုန့်လဲ” ဟုသူငယ်ချင်းကို မေးကြည့်ရာ “ပေါက်စီ”ဟု ပြောလေသည်။ ကျွန်မ အိမ်ပြန်ရောက်သောအခါ မေမေ့ကို ပေါက်စီဝယ် ကျွေးခိုင်း၏။ ဖေဖေ ပြန်ရောက်လာသောအခါမှာလည်း ပေါက်စီ ၀ယ်ကျွေးဖို့ကိုသာ ပူဆာလေ၏။

    နောက်တစ်နေ့တွင် ဖေဖေသည် ကျွန်မအတွက် ပေါက်စီတစ်လုံး ၀ယ်လာလေသည်။ ကျွန်မသည် ပေါက်စီကို အားရ ပါးရစားလေသည်။ ဖေဖေနှင့် မေမေသည် ကျွန်မပေါက်စီ စားနေပုံကိုကြည့်ကာ ၀မ်းသာ ပီတိ ဖြစ်နေကြလေ၏။ ဖေဖေနှင့်မေမေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်ကို ကျွန်မ မြင်လိုက်သည်။   သူတို့ တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သည့်ပုံပါ။ နောက်နေ့များတွင် ဖေဖေသည် အလုပ်မှ အိမ်သို့ ပြန်သည့်အချိန် အမြဲ နောက်ကျလေတော့သည်။ သို့ရာတွင် ဖေဖေ ပြန်လာတိုင်း ကျွန်မအတွက် ပေါက်စီတစ်လုံး အမြဲ ပါလာလေသည်။ တစ်ရက်မှ မပျက်ပေ။ ဒီလိုနှင့် တစ်ရက်ကို ပေါက်စီတစ်လုံး ကျွန်မ စားလာခဲ့သည်မှာ နှစ်လပင် ပြည့်တော့မည်။ တစ်နေ့ ဖေဖေပေါက်စီ ၀ယ်လာသည်။ ပေါက်စီရဲ့ အောက်ခြေမှာ နည်းနည်းလေး ပေါက်နေ၏။ ကျွန်မလည်း နှုတ်ခမ်းလေးစူကာ “ဖေ့ဖေ့ ပေါက်စီကလည်း အပေါက်ကြီး ပေါက်နေတဲ့ပေါက်စီ မစားချင်ပါဘူး”။ ဖေဖေသည် ကျွန်မကို ပွေ့ချီပြီး တစ်ချက်နမ်းကာ “စားပါ သမီးလေးရယ် ပေါက်စီက ကောင်းပါတယ်။ သမီးပေါက်စီကို စားနေ ပုံလေးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ သမီးလေးရယ် ချိုချိုလေး စားပါ သမီးလေးရယ်နော်”။ မေမေသည် ကျွန်မတို့ သားအဖနှစ်ယောက်အား ပြုံးပြုံးလေး ကြည့်နေလေ၏။ ကျွန်မလည်း နှုတ်ခမ်းလေး စူကာ ပေါက်စီကို ပလုပ်ပလောင်း စားပစ်လိုက်၏။ ညရောက်သောအခါ ကျွန်မရယ်၊ ဖေဖေရယ်၊ မေမေရယ် ဘုရားရှိခိုးပြီး ထိုင်စကားပြောကြလေ၏။ ကျွန်မ အိပ်ချင်လာသောကြောင့် အိပ်ရာထဲ ၀င်လိုက်၏။ အိပ်ရာထဲ ရောက်တော့လည်း အိပ်မပျော်၊ ဖေဖေနှင့် မေမေစကားပြောသံတွေကိုပဲ အိပ်ရာထဲမှ နားထောင် နေမိသည်။ “အကို အလုပ် အရမ်းပင်ပန်းမှာ ပဲနော် သမီးလေး ပေါက်စီအတွက် အကို တစ်နာရီ ကုန်ပို ထမ်းနေတာ မဟုတ်လား” “ဟုတ်တယ် ညီမ ဒါပေမယ့် သမီးလေး ပေါက်စီ ပလုပ်ပလောင်း စားနေတာကို ကြည့်ရတာနဲ့တင် ပင်ပန်းတာက နည်းတောင် နည်းသေးလို့ အကို ထင်တာ။ ဒါနဲ့ ညစာစားတုန်းက ညီမလက်တွေကို သတိထားမိတယ် ပေါက်ပြဲနေတာပဲ  ညီမလည်း တော်တော်ပင်ပန်း နေမှာပဲနော်”
    “မပင်ပန်းပါဘူး အကိုရယ်၊ သမီးလေးအတွက် ဘယ်တော့မှ ပင်ပန်းမှာ မဟုတ်ဘူး။ သမီးလေးက ပေါက်စီ အရမ်းကြိုက်တယ်နော် ဒါနဲ့ သမီးလေးပေါက်စီစားတုန်းက အကိုပြောတယ်လေ ပေါက်စီက ချိုချိုလေးတဲ့ ပေါက်စီက ချိုလို့လား အကို”

    ကျွန်မ အိပ်ပျော်နေပြီအထင်နှင့် ပြောနေသော ဖေဖေနှင့်မေမေတို့ရဲ့ စကားသံတွေကို ကြားလိုက်ရတဲ့အခိုက်မှာ ကျွန်မ မျက်ဝန်းအိမ်မှ မျက်ရည်စက်လေးများသည် ခေါင်းအုံးပေါ်သို့ အဆက်မပြတ် လှိမ့်ဆင်း လာလေတော့၏။ ထိုအချိန်မှစပြီး ဘာကြောင့်မှန်း မသိပဲ ကျွန်မ ပေါက်စီဘယ်တော့မှ မစားတော့ပါ၊ ကြိုက်လည်း မကြိုက်တော့ပါ။

            စန်းယုပိုင် (ဟင်္သာတ)