Saturday, August 31, 2013
မိဘနှစ်ပါးထံမှ ထွက်ပြေးခဲ့ရပါသည်။
    ကျွန်မ (၁၅)နှစ်သမီးအရွယ်မှ စတင်ပြီး ဒုက္ခများ စတင်တွေ့ရှိခဲ့ရသည်။ ကျွန်မတို့ မိသားစုလေးသည် ကက်(ရှ်)မီးယားတောင်တန်းကြီးများ အုပ်မိုးထားသော ပါကစ္စတန် ရွာငယ်လေးတစ်ရွာမှဖြစ်ပြီး မိဘအသိုက်အ၀န်းများသည် ကြွယ်ဝသော ရှေးရိုးရာ ဓလေ့များကို စွဲလန်းစွာ အယူကြီးသော မိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်ကြပါသည်။
    ကျွန်မ(၁၈)နှစ် သမီးအရွယ်မှာ မိဘနှစ်ပါးမှ ကျွန်မကို သူတို့၏ မျိုးရိုးဂုဏ်ကို ကာကွယ်ဖို့ ကျွန်မကို အသေသတ်ဖို့ ကြိုးစားခဲ့ကြပါသည်။ သူတို့၏ ရိုးရာ ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကျွန်မသေမှ ဖြစ်မည်ဟု ခံယူထားကြပါသည်။ သူတို့မှာ ကျွန်မကိုသတ်နိုင်သည့် နည်းလမ်းလည်း ရှိကြသည်။ ကျွန်မ သူငယ်ချင်းအချို့သည် မျိုးရိုးသိက္ခာ ကင်းမဲ့အောင်လုပ်သည်ဟု ယူဆလျက် မိဘ၊ အစ်ကို၊ ဦးလေးများမှ သေသည်အထိ ရိုက်သတ် ခံသွားကြရပါသည်။ ထို့ကြောင့် ကျွန်မသူတို့၏ လက်အောက်မှ သူတို့ လိုက်မမှီနိုင်သော အရပ်ဒေသသို့ အသက်စွန့်ပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။
    ကျွန်မ ငယ်စဉ်ကလေးဘ၀ကတည်းက မိသားစုလိုက် ဥရောပရှိ သြစတြီးယားနိုင်ငံ၊ လင့်(စ်) မြို့(Linz) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ ကျွန်မ အရွယ်ရောက်လာသောအခါ မိန်းကလေးငယ်များ ၀တ်ဆင်ကြသော တီရှပ်၊ ရှပ်အင်္ကျီပွပွလေးများနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ကြသည်ကို သဘောကျစွာ ငေးမော ကြည့်တတ်လာသည်။ အမေက ကျွန်မကို တစ်ကိုယ်လုံး လုံခြုံအောင် ဖုံးထားသော အနက်ရောင် ရှေးရိုးရာဝတ်စုံကိုသာ အပြင်ထွက်တိုင်း ၀တ်ဆင်ခဲ့ရသည်။  
    တနေ့၌ ကျွန်မ၏ ကျောင်းစာအုပ်များကြားမှ ကျွန်မ၏ ဒိုင်ယာရီကိုယူဖတ်ပြီး ကျောင်းဆင်းချိန် ပန်းခြံတစ်ခုထဲ၌ ကျောင်းမှ ယောက်ျားလေးတစ်ယောက်နှင့် ချိန်းတွေ့ခဲ့သည်ကို ဒိုင်ယာရီထဲမှာ ရေးထားသည်ကို တွေ့ထားခဲ့သည်။ အမေသည် ဒေါသကြီးသူဖြစ်သောကြောင့် စိတ်မထိန်းနိုင်ဘဲ ကျွန်မကို အပေါစား မိန်းမ၊ ကြေးစားမဟု ဆူပူကြိမ်းမောင်းကာ၊ တစ်ကိုယ်လုံးနာကျင်အောင် ရိုက်နှက်ခဲ့ပါသည်။ ကျွန်မအရွယ်၌ သူမသည် မိဘများပေးစားသော ယောက်ျားနှင့် လက်ထပ်ပြီး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။ သူတို့ သဘောတူသောသူနှင့် ပေးစားမည်ဟု ဆုံးဖြတ်ကာ ပါကစ္စတန်ပြည်သို့ ခေတ္တ ပြန်လာကြပါသည်။
    အိမ်ရောက်သောအခါ ကျွန်မအတွက် အခြေအနေများ ပိုဆိုး လာပါသည်။ ဆွေမျိုး၊ သားချင်းများကို ဧည့်ခံသောနေ့၌ ကျွန်မ တီရှပ် ၀တ်မိသောကြောင့် သားချင်းများရှေ့မှောက်မှာ သူစီးထားသောဖိနပ်ကို ချွတ်ပြီး မျက်နှာကို ဖြတ်ရိုက်လိုက်သောကြောင့် ကျွန်မ၏ နှုတ်ခမ်းများ စုတ်ပြတ်သွားပါသည်။ မျက်နှာမှာလည်း ဒဏ်ရာများစွာ ကျန်ရစ်ခဲ့သည်။ ကျွန်မ၏ ကြီးလေးသော အပြစ်မှာ တစ်ကိုယ်လုံး လုံအောင် မဖုံးဖိဘဲ၊ တီရှပ် ၀တ်ဆင်မိသောကြောင့် ဖြစ်ပါသည်။ သူတို့ကို အရှက်ရစေသည်ဟု သတ်မှတ်လိုက်ကြပါသည်။ အခြား မူဆလင်မိန်းကလေးများက ဖခင်နှင့်အစ်ကိုများကသာ ဤသို့ ပြုမူတတ်ကြသော်လည်း ကျွန်မမှာတော့ အမေကိုယ်တိုင်က ဤမျှ ရက်စက်စွာပြုမူနေသည်ကို ကျွန်မ ဒဏ်မခံနိုင်တော့ပါ။ ကျွန်မ၏ ခန္ဓာ ကိုယ်ရော၊ စိတ်ပါ ဒဏ်ရာများစွာရခဲ့ပြီ ဖြစ်သည်။ ကျွန်မ၏ အသက်ဘေးကိုလည်း အချိန်ကြာလာသည်နှင့် အမျှ စိုးရိမ်မိလာသည်။ အဘယ်ကြောင့်ဆိုသော် ဖခင်မှ ကျွန်မကို သူတို့ပေးစားသော ယောက်ျားနှင့် လက်မထပ်လျှင် တကယ်ပင် သတ်ပစ်မည်ဟု ပြောဆိုခဲ့သည်။
    ကမ္ဘာအနှံ့မှာ နှစ်စဉ် မိဘဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု စွပ်စွဲပြီး၊ ကိုယ့်မိသားစုများမှ သတ်ပစ်ခံရသော မိန်းကလေးပေါင်း (၅၀၀၀)မျှရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတန်းမှာ ကြေငြာထားသည်ကို ဖတ်ရှုခဲ့ရသည်။ ထို့နောက် ကျွန်မကို အစ္စလာမ်ဘာသာရေးကျောင်းသို့ ကျောင်းအိပ် ကျောင်းစား ပို့ထားလိုက်သည်။ ထိုကျောင်းမှာ မိန်းကလေး (၃၀)ခန့်နှင့် အတူနေကြရသည်။ တနေကုန် ကိုရမ်ကျမ်းစာများကို ဗလီဆရာတစ်ဦးမှ ခန်းစီး နောက်ကွယ်မှ သင်ပေးခဲ့သည်။ ရေအိမ်မှာလည်း မြေကြီးထဲ တွင်းတစ်တွင်း တူးထားရုံသာရှိပြီး လွန်စွာ ညစ်ပတ်နံဆော် နေပါသည်။ မိန်းကလေးမျာကို စာသင်ချိန်၌ ဆရာ မနှစ်သက်သော အဖြေကို မှားယွင်း ဖြေမိလျှင် ကျောင်းရှေ့ထွက်ပြီး လူမြင်ကွင်းမှာ ကြိမ်ဒဏ် ပေးလေ့ရှိသည်။ ကျွန်မ စိတ်ဆင်းရဲလွန်းသောကြောင့် အစာငတ်ခံ ဆန္ဒပြလိုက်ပါသည်။ သည့်နောက်အိမ်မှ သဘောတူသော ယောက်ျားနှင့် လက်ထပ်မည်ဟု ကတိပေးလိုက်ရသည်။ ဖခင်မှ ငါတို့ သိက္ခာသည် နင့်အသက်၊ ငါ့အသက်ထက် အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။ ကျွန်မ မသေချင်သေးပါ။ ထို့ကြောင့် ထိုနေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ကျွန်မ ထွက်ပြေးမှ ရတော့မည်ဖြစ်သည်။ သည့်နောက် ဖခင်လုပ်ငန်းရှိရာ လင့်(စ်) (Linz)မြို့သို့ ပြန်လာခဲ့ကြသည်။ ကျွန်မလည်း ထိုနေ့မှာပင် ထိုမြို့လေးမှ ဆင်ခြေဖုံး တစ်နေရာရှိ ကော်ဖီဆိုင်လေးသို့ ထွက်ပြေးပြီး ထိုဆိုင်မှာ အလုပ်ရခဲ့ပါသည်။ နေစရာလည်း ရပါသည်။ သို့သော် မိဘနှစ်ပါးမှ စုံစမ်းသိရှိသွားသောကြောင့် ယောက်ျားယူရန် ကျွန်မကို ထိုဆိုင်တွင်းမှာ အကြမ်းဖက် ရိုက်နှက်ကြသည်။ ထိုအချိန်မှာ ကျွန်မ၏ အသက်မှာ (၁၈)နှစ်သာ ရှိသေးသည်။ ဆိုင်ရှင်များမှလည်း ကျွန်မကြောင့် နေ့စဉ် ဒုက္ခရောက်ရသောကြောင့် ကျွန်မကို အလုပ်မှ ထုတ်ပယ်လိုက်ကြသည်။
    သို့သော် ကျွန်မ၏ကျောင်းမှ ခရစ်ယာန် သူငယ်ချင်းများမှ ကျွန်မကို ကြင်နာစွာနှင့် အကူအညီ အများကြီး ပေးခဲ့ကြသည်။ သူတို့မှ ကျွန်မကို နားခိုရန် ဖွက်ထားပေးကာ၊ ဗီယာနာမြို့ (Vienna)မြို့သို့ ဆက်သွယ်ပေးပြီး၊ သီလရှင်ကျောင်းသို့ တိတ်တဆိတ် ပို့ပေးခဲ့ကြသည်။ သူတို့၏ ကျေးဇူးကြီးမားမှုကြောင့် ကျွန်မ ရိုမန်ကက်သလစ်ဘာသာသို့ ပြောင်းလဲပြီး ဆေးကြောခြင်း ခံယူခဲ့ပါသည်။ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့်သာ ကျွန်မ အသက်ရှင်သန်ခွင့် ရခဲ့ပါသည်။ ကျွန်မ၏ နာမည်ကိုလည်း စစ္စတာများမှ ဆယ်ဘယ်တီနာ ဂျိမ်း(စ်) (Sabatina James)ဟု အမည် ပြောင်းပေးခဲ့ကြသည်။ မှတ်ပုံတင်လည်း အသစ် ပြုလုပ်ပေးခဲ့သည်။ ယခု ကျွန်မအသင်းတော်၏ အကူအညီနှင့် ဂျာမဏီနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ၊ ကျွန်မကဲ့သို့ လက်ထပ်လျှင်ထပ်၊ မထပ်လျှင် အသေခံရမည်ဟု ဆုံးဖြတ်ခံရသော မိန်းကလေးများကို အကူအညီ ပေးလျက်ရှိပါသည်။ ကျွန်မ ယခုအခါ (Sabatina Foundation) ပရဟိတအသင်းဖွဲ့ပြီး သူငယ်ချင်းများ၏ အကူအညီ အသင်းတော်၏ အကူအညီနှင့် ဒုက္ခရောက်နေသော ကျမနှင့် ဘ၀တူ မူဆလင် မိန်းကလေးများကို အကူအညီ ပေးလျက်ရှိပါသည်။
    ကျွန်မ၏ ဘ၀လေးသည်လည်း ဘုရားသခင်နှင့် မယ်တော်၏ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခို နိုင်ပြီဖြစ်သည်။ ဒုက္ခရောက်နေသော မိန်းကလေးများအတွက်လည်း နေ့စဉ် ဆုတောင်းပေးလျက် ရှိပါသည်။ မိဘနှစ်ပါးကိုလည်း အလင်းတရား ရစေဖို့ နေ့စဉ် ဆုတောင်းပေးပါသည်။
ဘုရားရှင်၏ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းလျက်
How I Escaped (150. Fearless Women in the World ) Sabatin James
NewsWeek March 12,2012
                                                         Pollyana
Read More...
Wednesday, August 28, 2013
မျက်စိသည် ကိုယ်၏ ဆီမီးဖြစ်၏
    “မျက်စိသည် ကိုယ်၏ ဆီမီးဖြစ်၏”ဆိုတဲ့ ခရစ်တော်ရဲ့ စကားများဟာ ၀ိညာဉ်ရေးရာ၌ အသက်ပေး နှုတ်ကပါတ်တော်ဖြစ်ပါတယ်။ ၀ိညာဉ်နှင့် နီးကပ်စွာ ပတ်သက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်ရင်လည်း အင်မတန် တိကျမှန်ကန်တဲ့ စကားများ ဖြစ်ပါတယ်။ ဒီမှာ “မျက်စိ”ဆိုတဲ့ စကားဟာ ကိုယ်ခန္ဓာရဲ့ အင်္ဂါတစ်ခုထက် ကိုယ့်ဘ၀ကို ထိန်းကျောင်းပေးတဲ့ အမြင်နှင့် အတွေးအခေါ်၊ တနည်းအားဖြင့် ထင်ရှားပေါ်လွင်တဲ့ ကိုယ့်ရဲ့ခံယူချက်နှင့် ဖက်စပ်နေတဲ့ ဘ၀လမ်းစဉ် ဖြစ်ပါတယ်။ အထက်ပါ ရှင်လုကားကျမ်း (၁၁း ၃၄) မတိုင်မီလေးမှာပင် ခရစ်တော်က “ဆီမီးထွန်း၍ ကွယ်ရာ၌ ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌ လည်း ထားလေ့မရှိ။ ၀င်လာသောသူတို့ အလင်းရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏”လို့ မြွတ်ဆိုတဲ့ စကားများကို ထောက်ရှုပြီး သိနိုင်ပါတယ်။
    လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀အပေါ် အမြင်မပြောင်းလဲသရွေ့ ထိုသူရဲ့ ဘ၀လမ်းစဉ်လည်း လုံးဝ မပြောင်းနိုင်ပါ။ “ကိုယ်မြင်တာ ကိုယ်ရ”ဆိုတဲ့ အတိုင်းပါပဲ။ ကိုယ့်ဘ၀မှာ ဖြစ်ပျက်နေတဲ့အရာများဟာ အဓိပ္ပါယ်မရှိ၊ စိတ်ပျက် စရာချည်း၊ ကံဆိုးလှချည်လားလို့ တွေ့မြင်နေရင် လက်တွေ့နေထိုင်တဲ့ ဘ၀မှာ ကျွန်ုပ်တို့ဟာ စိတ်မှိုင်ကျပြီး တက်တက်ကြွကြွ အားပါ တရ မရှိနိုင်ချေ။ ကိုယ့်ပတ်ဝန်းကျင် လူများကို ငါ့ရဲ့ ရန်သူ၊ ငါ့ကို အပြစ်ကောက်ဖို့ ချောင်းမြောင်းနေကြတဲ့သူတွေ၊ မနာလိုဝန်တိုတဲ့ လူတွေလို့ မြင်မယ်ဆိုရင် ပြောပြောဆိုဆိုနှင့်ပဲ ဘေးလူတွေကို ပြန်ချောင်းမြောင်းမယ်၊ အပြစ်ရှာမယ်။ သူတို့နှင့် ဆက်ဆံရတဲ့အခါမှာ ခပ်ဆပ်ဆပ်ခပ်မာမာ ရှိမယ်။ စိုးရိမ်တကြီးနှင့် တင်းမာတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ ၀င်လာပြီး သက်တောင့်သက်သာ မနေထိုင်နိုင်ပါ။ ဒါပေမယ့် သူတစ်ပါးကို ကိုယ့်ရဲ့ မိတ်ဆွေအဖြစ် ကြည့်တတ်မယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်ဆက်ဆံမှုလည်း ပြောင်းလဲလာမယ်။ ဘုရားသခင်အပေါ်လည်း ကိုယ့်အပေါ် ကောင်းမြတ်နားလည်တတ်တဲ့ ဖခင်ကြီးအဖြစ် လက်ခံတတ်တဲ့ လူတစ်ယောက်နှင့် ဘုရားကို မတရားကြမ်းကြုတ်တဲ့ အရှင်သခင်ကြီးလို သဘောထားတဲ့ လူတစ်ယောက်တို့ရဲ့ အကျင့်ပုံစံတွေဟာ ဆီနှင့် ရေလောက် ကွာခြားပါမယ်။
     မိတ်ဆွေတို့ခင်ဗျား ကျွန်ုပ်တို့ရဲ့ ဘ၀အပေါ် သူတစ်ပါး အပေါ်နှင့် ဘုရားသခင်အပေါ် တွေ့မြင်ယူဆချက်နှင့် ဝေဖန်ချက်တွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်များ၊ အတွေးအခေါ်နှင့် ခံယူချက်များအဖြစ် စွဲလာပြီး တဆင့် ကျွန်ုပ်တို့လက်တွေ့ ဘ၀လမ်းစဉ်နှင့် နေထိုင်လှုပ်ရှားမှုကို ဖန်တီးပေးနေတယ်ဆိုတာ ကောင်းစွာ သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့် စိတ် “မျက်စိ” မကြည်လျှင် မသန့်ရှင်းလျှင် ဘ၀တစ်ခုလုံး အမိုက်မှောင်ဖြစ်မည်။ စိမ်းတဲ့ နေကာမျက်မှန်နှင့်ကြည့်ရင် လောကကြီးဟာ ကြည်နူးစရာ ကောင်းပြီး အမည်းရောင်နှင့်ကြည့်ရင် ညိုပုတ်တာကိုပဲ တွေ့ရမယ်။ ကိုယ့်ရဲ့ အမြင်-စိတ်ကူးနှင့် လမ်းစဉ်ဟာ အညမည ဆက်သွယ်နေလို့ မကောင်းတဲ့ ရှုထောင့်ကမဟုတ် ကောင်းတဲ့ရှုထောင့်၊ ကြည်လင်တဲ့ ရှုထောင့်ဘက်က ပိုမို ကြည့်တတ်မြင်တတ်ဖို့ ကြိုးစားကြည့်ကြပါ။
    တစ်ခါက အကျဉ်းထောင်သံတိုင်တွေ နောက်ကနေ အကျဉ်းသမားနှစ်ယောက်ဟာ အပြင်ကို လှမ်းကြည့်ကြရာ တစ်ယောက်ကရွှံ့ကိုပဲ တွေ့တယ်။ ကျန်တစ်ယောက်ကတော့ ကြယ်များကို မြင်တယ်တဲ့။ သင်တို့ ကျွန်ုပ်တို့ကြည့်ရင် ဘာကိုများ တွေ့ကြမလဲ။ ကိုယ်မြင်တာ ကိုယ်ရကြမယ်နော်။ အပြင်အပမှာ ဖြစ်ပျက်နေတဲ့ အရာတွေဟာ အများပိုင်း ကျွန်ုပ်တို့ကြောင့် ဖြစ်လာကြတာမဟုတ်၊ ၎င်းင်းတို့ကို ကိုယ်တိုင် ထိန်းကျောင်း ပြုပြင်ပေးဖို့လည်း လွယ်ကူတဲ့ အလုပ်မဟုတ်ပေမယ့် ကိုယ့်စိတ် ကိုယ့်အတွင်း ရှိသင့် ရှိထိုက်တဲ့ ကျေနပ်မှုနှင့် အေးချမ်းမှုကတော့ ကိုယ်နှင့်အဓိက ဆိုင်ပါသည်။ ကိုယ့်ဘ၀၊ ပတ်ဝန်းကျင်နှင့် ဘုရား အပေါ် ကြည်လင်တဲ့ ယုံကြည်မှုနှင့် ကြည့်ကြပါစို့လား။ အနည်းဆုံး -ဘုရား အပေါ်ထားရှိတဲ့ အမြင်ကတော့ ကျွန်ုပ်တို့တတွေရဲ့ဘ၀လမ်းစဉ်ကို အကျိုးပေးမည် ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါ မိတ်ဆွေတို့ . . . .
R.V.A ထုတ်လွှင့်ချက်မှ
Read More...
Sunday, August 25, 2013
သိမြင်ခြင်း
အပြုံးပန်းခက်၊ ရုံးစခန်းထက်
အမုန်းလွှမ်းတဲ့၊ ခန္ဓာကိုယ်အား
ဘုရားသခင်ထံ၊ ဆေးကြောရန်
တစ်ပတ်တစ်ခါ၊ တနင်္ဂနွေတိုင်း
ဘုရားကျောင်းသို့တက်ခဲ့ပါသည်တဲ့။
ကိုယ်တော်ထံမှောက်၊ ၀ပ်တွားခယ
အပြစ်များကို ပြောကြရာဝယ်
အမှန်ကိုဖုံး၊ မုသားသုံး၍
လူသားစရိုက်၊ မသိမိုက်ကို
ကိုယ်တော်မြတ်က သိမြင်သည်။
အပြုံးပန်းများ၊ လှပဝေဆာ
နှုတ်ချိုသကာ၊ ပျားရည်များထက်
ရွှန်းရွှန်းဝေလည်း၊ သင်ရဲ့နှလုံး
အတ္တသုံး၍၊ အမုန်းကိုပွား
မကောင်းမှုကြံ၊ ကောင်းရာကိုမေ့
ဆန့်ကျင်ဘက်နှင့် ကျင့်ကြံအားထုတ်
လူ့သရုပ်ကို၊ လူချင်းမသိ
ကိုယ်တော်မြတ်က သိမြင်သည်။
သူတော်ကောင်းတဲ့၊ ဘုရားဂုဏ်
ဝိညာဉ်ခြုံလွှမ်း၊ လူ့ဘုန်းကြီးများ
မေတ္တာလမ်းများ၊ ဖောက်လုပ်ဆောက်တည်
အကြင်နာတရား၊ လှည့်ဖြားမာယာ
စော်ကားသတ္တိ၊ ဘယ်ဆီဘယ်သို့
နောင်မည့်လမ်း၊ မသိငြားလည်း
ကိုယ်တော်မြတ်က သိမြင်သည်။
            ပိုးပိုး(ပုပ္ပါး)
Read More...
Thursday, August 22, 2013
အဆံမဲ့သူတို့၏ မောက်မာမှု
    သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း အကြောင်းကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ တစ်ခါက အိုင်းစတိုင်းဟာ သူ့ရဲ့ စမ်းသပ်မှုအတွက် သူ့ရဲ့သီအိုရီအကြောင်းကို သူ့ရဲ့ ဒရိုင်ဘာ ကားမောင်းသမားနဲ့အတူ တစ်နေရာကနေ တစ်နေရာကို လိုက်လံရှင်းပြ၊ ဝေမျှနေခဲ့ပါတယ်။ အဲ့ဒီ ဒရိုင်ဘာကလည်း စမ်းသပ်မှု သီအိုရီအကြောင်းကို သွားနေရတဲ့ နေရာတိုင်းမှာ ခဏခဏကြားနေရတော့ တစ်နေ့မှာ အိုင်စတိုင်းကို ပြောပါတယ်။ “ဆရာ ပြောနေတဲ့ အကြောင်းကို ခဏခဏကြားနေရတာ အလွတ်ကို ရနေပြီ။ နောက်တစ်ခါ ဆရာက ဒရိုင်ဘာလုပ်၊ ကျွန်တော်က ဆရာနေရာယူပြီး သီအိုရီကို ရှင်းပြမယ်”ဆိုပါတယ်။ အိုင်းစတိုင်းကလည်း သဘောတူခဲ့ပါတယ်။
    အဲ့ဒီ ဒရိုင်ဘာ ပြောနေတာကတော့ ဖြောင့်နေတာပါပဲ။ ပရိသတ်ကလည်း လက်ခုပ်တွေတီးပြီး ချီးမွမ်း သြဘာပေးကြပါတယ်။ ဒါပေမယ့်လို့ ပရိသတ်တွေ ဘက်က လွတ်လွတ်လပ်လပ်နဲ့ ကြိုက်တာ မေးနိုင်တဲ့ အချိန်ရောက်လာတဲ့အခါ သိပ္ပံပညာရှင် တစ်ယောက်က မေးခွန်းမေးတာကို မဖြေနိုင်ဘူး ဖြစ်သွားပါတယ်။ ခပ်တည်တည်နဲ့ ဣနြေ္ဒဆယ် ဆက်နေပြီး အဲ့ဒီမေးခွန်းကတော့ လွယ်လွန်းလို့ ကျွန်တော့် ဒရိုင် ဘာတောင် ဖြေနိုင်ပါတယ်ဆိုပြီး ပရိသတ်ထဲမှာ ထိုင်နေတဲ့ အိုင်းစတိုင်းကို လက်ညိုး ထိုးလိုက်ပါတော့တယ်။
     ဒီနေရာမှာ အိုင်းစတိုင်းရဲ့ နှိမ့်ချခြင်းနဲ့ ဒရိုင်ဘာရဲ့ မိမိကိုယ်မိမိ အထင်ကြီးမောက်မာပြီး မဟုတ်တာကို အတတ်ကြီး လုပ်နေတဲ့ ဟန်ဆောင်မှုနဲ့ ကြောင်သူတော်လုပ်ငန်း တွေ့ရပါတယ်။ မိမိရဲ့ ဖြစ်ရှိနေတဲ့ ပင်ကိုယ် အခြေအနေကို မျက်နှာဖုံး ၀တ်ဆင်ထားပါတယ်။ အမှန်တကယ်တော့ သူပြောတဲ့အတိုင်း သူဟာ မဟုတ်ဘဲ ဟန်ဆောင်မှုသာ ဖြစ်ပါတယ်။
    ဧ၀ံဂေလိကျမ်းစာမှာ ခရစ်တော်က မောက်မာ ထောင်လွှားမှုဟာ အချည်းအနှီးသာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ နှိမ့်ချခြင်း ပါရမီလိုအပ်တယ် ဆိုတဲ့အကြောင်း တရားပေးနေပါတယ်။ စားသောက်ပွဲတစ်ခုမှာ ဧည့်သည်တွေဟာ အကောင်းဆုံး နေရာများကို ရွေးနေကြတာကို ခရစ်တော်မြင်တဲ့အခါမှာ ကောင်းကင်နိုင်ငံတော်မှာ မောက်မာမှုအတွက် နေရာမရှိဘူးလို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ မိမိကိုယ်မိမိ သူများထက် သာတယ်၊ မြင့်တယ်လို့ ထင်မြင်ခြင်း၊ မိမိမပါလျှင်မဖြစ်ဘူး၊ မပြီးဘူး၊ ငါသာလျှင်တော်၊ တတ်တယ်ဆိုတဲ့ သဘောတရားမျိုးကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ မာနရှိတဲ့သူဟာ မိမိအတွက်သာ တစ်ကိုယ်ကောင်းကြည့်တတ်ပြီး မိမိဟာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်လာတတ်ပါတယ်။ မိမိဟာ မိမိရဲ့ဘုရား ဖြစ်လာပါတယ်။
    ဘ၀င်မြင့် မာနရှိသူတွေ၊ နှိမ့်ချခြင်း မရှိတဲ့ သူတွေဟာ သူ့မှာရှိသမျှကို ပေးတဲ့ဘုရား၊ အရာအားလုံးအတွက် သူမှီခိုနေရတဲ့ ဘုရားသခင်ကို မေ့လာတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နီးစပ်သူတွေကို မေ့လာပါတယ်။ ဒါကြောင့် နီတိဒေသနာကျမ်း ၃း၂၈ မှာ မောက်မာ ထောင်လွှားသောသူတစ်ဦးသည် ရောဂါဝေဒနာ ဖိစီးပြီး၊ ဖောက်ပြန်သော် ယင်းအတွက် ကုသမှု ကင်းမဲ့၏။ ဘ၀င် မြင့်သူတို့သည် သီလမရနိုင်လို့ ဆိုထားပါတယ်။
    ခရစ်တော်က သင်သည် ပွဲတစ်ခုသို့ ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍ အနှိမ့်ချဆုံး နေရာတွင် ထိုင်လော့ဆိုတဲ့ စကားဟာ တိတိကျကျအနက် အဓိပ္ပါယ် ဖွင့်ယူလို့ မရပါဘူး။ နို့မို့ဆိုလျှင် လူတိုင်းဟာ ထိပ်ဆုံးရောက်ဖို့ အနိမ့်ဆုံးနေရာကိုပဲ လုနေကြမှာ သေချာပါတယ်။ ဒီမှာဆိုလိုတဲ့ အဓိပ္ပါယ်က ကြွားဝါ မောက်မာခြင်းကို ရှောင်ကြဉ်ပြီး မိမိကိုယ်မိမိ တခြားသူများထက် နှိမ့်ကျတယ်လို့ ယူဆပြီး နှိမ့်ချစွာ ကျင့်ကြံခြင်းကို ဆိုလိုပါတယ်။
    ဒါကြောင့် နီတိဒေသနာကျမ်း ၃း၁၈ မှာ “သင်သည် ပိုမို ကြီးမားမြင့်မြတ်လေ၊ ပိုမို နှိမ့်ချ ညွှတ်တွားတော့။ ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ထံမှ ကျေးဇူးတော်ခံရလတ္တံ”လို့ မှတ်တမ်းတင် ထားပါတယ်။ နှိမ့်ချခြင်းဆိုတာဟာ ပါရမီတစ်ခု ဖြစ်ပါတယ်။ ပါရမီ ဖြစ်တဲ့အတွက် အမှန်တရားပေါ်မှာ အခြေခံရပါ့မယ်။ အဲ့ဒီလို အခြေမခံရင် ပါရမီ မဖြစ်နိုင်ပါဘူး။
    စစ်မှန်တဲ့ ခရစ်ယာန် နှိမ့်ချခြင်းဆိုတာက ဘုရားသခင် ရှေ့မှာ မိမိရဲ့ ဖြစ်ရပ်၊ အခြေအနေမှန်ကို ရိုးသားဖြောင့်မတ်စွာ၊ ၀န်ခံ၊ အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက နှိမ့်ချခြင်းဆိုတာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီရဲ့ အောင်မြင်မှု၊ ထူးချွန်မှု၊ စွမ်းဆောင်နိုင်မှု၊ အရည်အချင်းတွေ အားလုံးကို ပျော်ရွှင် ၀မ်းမြောက်စွာ လက်ခံ အသိအမှတ်ပြုပါတယ်။ ဒီအရည်အချင်းတွေ၊ စွမ်းဆောင် ထူးချွန်မှုတွေဟာ မိမိရဲ့ ဘ၀ တိုးတက်အောင်မြင်မှုနဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အသုံးပြုရမယ်လို့ သိရှိ နားလည်ပါတယ်။
    တစ်ဖက်မှာလည်း စစ်မှန်တဲ့ နှိမ့်ချခြင်းဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ မကောင်းတဲ့ အချက်တွေ၊ ကန့်သတ်မှုတွေ အားလုံးကိုလည်း မစွမ်းဆောင်နိုင်မှုတွေ၊ မငြင်းပယ်ဘဲ မိမိရဲ့အားနည်းချက်၊ မပြည့်စုံချက်ကို ၀န်ခံပါတယ်။ သူတို့ရဲ့ မှားယွင်း ကျဆုံးမှုမှာတောင် ပြုံးကာ၊ ရယ်မောနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် နှိမ့်ချခြင်းရှိတဲ့ ပုဂ္ဂိုလ်ဟာ ရင့်ကျက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပုဂ္ဂိုလ်မျိုးဟာ မိမိကိုယ်မိမိ ဖြစ်ရှိအခြေအနေ အကောင်းအဆိုးကို လက်ခံကာ ပါရမီဆည်းပူးနေတဲ့သူဖြစ်ပြီး တစ်ပါးသူကိုလည်း ဖြစ်ရှိအခြေအနေ အကောင်းအဆိုးကို လက်ခံကာ ပြုကျင့်တတ်သူများ ဖြစ်ပါတယ်။
    ချောမော၊ လှပပြီး၊ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးက ငါမချောဘူး၊ ရုပ်ဆိုး အကျည်းတန်တယ်လို့ မိမိကိုယ် မိမိပြောဆိုခြင်း၊ ဉာဏ်ပညာ ထက်မြက်တဲ့ လူငယ်ဟာ မိမိဟာ ဉာဏ်ထုံတယ်၊ အရူးပဲလို့ ပြောခြင်းတို့ဟာ မှားယွင်းတဲ့ နှိမ့်ချခြင်းများ ဖြစ်ပါတယ်။ မယ်တော်မာရီယားဟာ နှိမ့်ချတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်“ခုချိန်မှစပြီး သားစဉ်မြေးဆက်တို့က ငါ့ကို မင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။” လို့ ပြောခဲ့သလို နှိမ့်ချခြင်းဆိုတာ မိမိရဲ့ ပါရမီတွေ၊ အရည်အချင်းတွေကို ဖုံးကွယ်တာ မဟုတ်ဘူး။ မိမိရဲ့ လက်ရှိဖြစ်နေတာထက် ပိုမို သာမန်ကျတယ်။ ပိုဆိုးတယ်လို့ တွေးထင်ခြင်းလည်း မဟုတ်။ ဒါပေမယ့် နှိမ့်ချခြင်းဆိုတာ မိမိမှာ မရှိတဲ့အရာ၊ မိမိ မသိတာတွေကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး၊ မိမိ ဖြစ်ရှိနေတာကို မကြွားဝါဘဲ၊ အားလုံးဟာ ဘုရားရဲ့ ကျေးဇူးတော်၊ ဘုရားက အခမဲ့ပေးထားတဲ့ အရာတွေဖြစ်တယ်။ တကယ်တမ်း မိမိဟာ ဘာမှ မဟုတ်သေးပါလားလို့ အမှားကို လက်ခံသိမြင်ခြင်း ဖြစ်ပါတယ်။
    နှိမ့်ချခြင်းရဲ့ အရှင်သခင် ခရစ်တော်ကလည်း “ငါသည် နှိမ့်ချရန်၊ နူးညံ့သိမ်မွေ့သော နှလုံးသားရှိ၏။ ငါ့ထံ၌ နည်းနာခံကြလော့။ ငါသည် လမ်းဖြစ်၏။ သမ္မာတရားဖြစ်၏။ အသက်လည်း ဖြစ်၏။”လို့ အရှိကို အရှိတိုင်း လက်ခံကာ ပြောခဲ့ခြင်းဟာ စစ်မှန်တဲ့ နှိမ့်ချခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နှိမ့်ချခြင်းဆိုတာ ဆုံးဖြတ်ချက် မပြတ်သားခြင်း၊ ကြောက်ရွံ့ခြင်း၊ အရှုံးပေးခြင်း၊ အားနည်းခြင်း၊ ငြင်းပယ်ခြင်း၊ မဟုတ်တဲ့အပြင် နှိမ့်ချခြင်းဟာ ကြီးမြင့်မြတ်သူ၊ စိတ်နှလုံး ကြီးမားသူတို့ရဲ့ ပါရမီသာ ဖြစ်ပါတယ်။
    နောက်တစ်ချက်က နှိမ့်ချခြင်းရှိတဲ့ သူဟာ မိမိရဲ့ ပြုလုပ်ဆောင်ရွက်ရမယ့် နေရာနဲ့ အချိန်အခါကိုလည်း သိကာ လက်တွေ့ ပြုလုပ်တတ်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ နှိမ့်ချခြင်းရှိတဲ့သူက သူများကို ဦးဆောင်ရမယ်၊ လမ်းညွှန်ရမယ်ဆိုရင် ဦးဆောင် ဦးစီး ပြုလုပ်ပါတယ်။ သူတစ်ပါးကို အစေခံရမယ်၊ ကျိုးနွံ ရမယ်ဆိုရင်လည်း အစေခံတတ်တယ်၊ ကျိုးနွံတတ်တဲ့သူ ဖြစ်ပါတယ်။
    ခရစ်တော်ဟာ နှိမ့်ချတဲ့ ပုဂ္ဂိုလ်၊ နူးညံ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဟန်ဆောင်သူ၊ ကြောင်သူတော် ဖာရီဇေဦးတွေအတွက်လည်း ပွင့်ပွင့်လင်းလင်း ခပ်မာမာနဲ့ အပြတ်တွယ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တာဟာ အထက်က ပြောခဲ့တဲ့အချက်ကြောင့်ပင် ဖြစ်ပါတယ်။
    ကျွန်တော်တို့ အားလုံးဟာ စစ်မှန်တဲ့ ကြီးမား မြင့်မြတ်ခြင်းကို ရှာဖွေတယ်ဆိုရင် မောက်မာ ထောင်လွှားမှု မရှိတဲ့ အရာအားလုံးမှာ နှိမ့်ချ ကျိုးနွံစွာ ကျင့်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိန်သြဂုတ်စတင်းက “မိမိကိုယ် မိမိ ကြီးကျယ် မြင့်မြတ်ချင်ပါသလား၊ မိမိ ကိုယ်မိမိ နှိမ့်ချစွာ ကျင့်ဆောင်ပါ။ မိုးအထိမြင့်တဲ့ အဆောက်အဦးကြီးကို တည်ဆောက် ချင်ပါသလား၊ ဟိုး နက်ရှိုင်းတဲ့ နေရာကနေ အုတ်မြစ်ချခြင်းနဲ့ စတင်ပါ။” လို့ အကြံပေးခဲ့ဖူးပါတယ်။
    “နှိမ့်ချခြင်းဟာ ပါရမီ အားလုံးတို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်”ဆိုတဲ့ စကားကို စိတ်နှလုံးသားထဲမှာ သိမ်းပိုက်ကာ နှိမ့်ချခြင်း ပါရမီကို လက်တွေ့ဘ၀ အသက်တာမှာ ဆည်းပူး ကျင့်ကြံနိုင်ဖို့ ကြိုးစား အားထုတ်ကြပါစို့။
မိမိကိုယ်ကို ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
မိမိကိုယ်ကို နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။ (လုကား ၁၄း၁၁)
Read More...
Tuesday, August 20, 2013
သင်၏အနာဂါတ်သည် သင်၏ အတိတ်ထက်တောက်ပသည်။
    ဘုရားသခင်က သင့်အား အလျော့မပေးရန် မိန့်ကြားသည်။ ဘုရားသခင်နှင့် နီးကပ်စေရန် ကျွန်တော်၏ မိဘများက ကျွန်တော့်အား မွေးဖွားခဲ့သည်။ သို့သော် ကျွန်တော်၏ မိဘများအား ဘုရားသခင်နှင့် နီးကပ်စေရန် မည်သည့်အရာက တွန်းပို့ခဲ့သနည်း။ အိမ်တစ်အိမ် ဖြစ်ပါသည်။ ရိုးရိုး တစ်ထပ်အိမ်တစ်လုံးသာ ဖြစ်ပါသည်။ ထိုအိမ်သည် သူတို့အား ဘုရားသခင်နှင့် နီးကပ်စေသည်။ မည်ကဲ့သို့ဖြစ်သည်ကို ကျွန်တော်ပြောပါရစေ။
    သင်သည် ရှပ်အင်္ကျီတစ်ထည်၊ ၀တ်စုံတစ်ခု၊ ဖိနပ်တစ်ရံကို ၀ယ်ယူပြီးနောက် အ၀ယ်မှားသည်ဟု နောင်တရဘူးပါသလား။ ၎င်းကို ကျွန်တော်၏ မိဘများ ကြုံခဲ့ဖူးပါသည်။ သို့သော် အင်္ကျီ သို့မဟုတ် ဖိနပ်ဝယ်ခြင်း မဟုတ်ပါ။ အိမ်တစ်လုံးကို ၀ယ်ခဲ့ဖူးပါသည်။ နောက်ပိုင်းတွင် သူတို့သည် ထိုအိမ်ကို မနှစ်သက်ကြောင်း တွေ့ရသည်။ ထို့ကြောင့် ကျွန်တော်၏ မိခင်သည် ခက်ခဲသော အရောင်းလုပ်ငန်းကို စတင်ပါသည်။ သူတို့သည် သတင်းစာထဲတွင် အပတ်စဉ် ကြေငြာသည်။ ကြော်ငြာမှာ ဤသို့ဖြစ်သည်။
    အကောင်းစားတစ်ထပ်အိမ် 3BR 2TB
    နောက်ဖေးတွင် ကားဂိုဒေါင်နှင့် ဥယျာဉ်
    အငယ်စား ပါဝင်သည်။
 နေ့စဉ်အိမ်အကြောင်း ဆက်သွယ်မေးမြန်းခြင်း နှစ်ကြိမ်သုံးကြိမ် ရှိပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူတို့က မ၀ယ်ကြပါ။ မရောင်းရသော အချိန် တစ်လကြာပြီးနောက် မိခင်က ကြော်ငြာကိုပြောင်းလဲ လိုက်သည်။
    အကောင်းစားတစ်ထပ်အိမ် 3BR 2TB
    နောက်ဖေးတွင် ကားဂိုဒေါင်နှင့်
    ဥယျာဉ်အငယ်စား ပါဝင်သည်။
  ပိုင်ရှင် စိတ်ပျက်နေသည်။ မရောင်းရလျှင် ပိုင်ရှင်မကြာမှီ ကိုယ့်ကိုကိုယ် သတ်သေလိမ့်မည်။ နောက်တာပါ။ ဒါပေမယ့် အမေကတော့ အမှန် တကယ်စိတ်ပျက်နေသည်။ သူမသည် အခြားအိမ် တစ်လုံးကို ၀ယ်ယူပြီးဖြစ်သည်။ ၎င်းင်းအိမ်အတွက် ကျသင့်ငွေကို ပေးနေရသည်။ ယခုရောင်းရန် ကြိုးစားနေသော အိမ်အတွက်လည်း ပိုက်ဆံပေးနေရသည်။ သူမသည် ကြွေးထဲတွင် နစ်နေသည်။ ထို့ကြောင့်အိမ်ကို မြန်မြန်ရောင်းရရန် အမေလိုအပ်နေသည်။
     အမေသည် မှောင်မိုက်သော တိုင်ကီကြီးထဲတွင်ရှိသည့် ကြွက်ကဲ့သို့ ဖြစ်နေသည်။ သူမအတွက် မျှော်လင့်ချက်ရှိပါမည်လားဟု သူမ ရှာဖွေနေသည်။ ထိုအချိန် အတောအတွင်း အမေသည် ဇာတာတစ်ခွင်ကို စစ်ဆေးသည်။ ထူးဆန်းသော ဗေဒင်ဆရာများနှင့် တိုင်ပင်သည်။ ထိုထူးဆန်းသော ဗေဒင်ဆရာများသည် ထူးဆန်းသော ဆံပင်ပုံစံများရှိသည်။ သူမ လက်လှမ်းမှီသည့် ဟောစာတမ်းပါရှိသော တရုတ်မုန့်များကို ၀ယ်ယူ၍ ထိုဟောစာတမ်း အားလုံးကို ဖတ်ရှုသည်။ သို့သော် ထိုအရာများသည် အိမ်ရောင်းရန် မည်သည့် အကူအညီမှ မရရှိပါ။ ထိုဝယ်ယူရသော တရုတ်မုန့်များကြောင့် ဆယ်ပေါင် ကုန်ကျသည်။
    သို့သော် ဘုရားသခင်၌ အလွန်ကြီးမားသော ဟာသဉာဏ်ရှိကြောင်း ယခုအခါ ကျွန်တော်ယုံကြည်သည်။ အကြောင်းမှာ ထိုတစ်ချိန်တည်း၌ အမေသည် ဆုတောင်းပွဲတက်ရန် ဖိတ်ခေါ်ခံရသည်။ ထိုဆုတောင်းပွဲသို့ သူမ  မသွားလိုပါ။ အဲ့ဒီ ဆုတောင်းပွဲက လူတွေစုပြီး၊ သူတို့ရဲ့ လက်တွေမြှောက်ပြီး အာ . . အာ . . . လေ . . လု  . . . .ယား လို့ဆိုပြီးက ရတာလားဟု သူမက မေးသည်။ သို့သော် အမေသည် ထိုထူးဆန်းသော လူများနှင့် လိုက်သွားသည်။
    စိတ်ပျက်ခြင်းသည် အမေ့အား ထူးဆန်းသော အရာများကို ပြုလုပ်စေသည်။ အကြောင်းမှာ အမေသည် မရောင်းရသေးသော အိမ်ကြောင့် စိုးရိမ်ပူပန်၍ နေထိုင် မကောင်းဖြစ်နေသည်။ မည်သည့်နည်းနှင့် ဖြစ်စေ၊ သူမ ကြိုးစားလိုသည်။ ထို့ကြောင့်အမေသည် ထူးဆန်းသောလူများနှင့် ပြည့်နေသော ဆုတောင်းပွဲကိုလည်း အမေတက်ရောက်လိုသည်။
    ထိုသို့ဖြင့် အမေသည် ပထမဆုံးဆုတောင်းပွဲကို တက်ရောက်သည်။ အမေ သဘောကျသွားသည်။
အာ . . . လေ . . . လု . . . ယား ဟု သီချင်းဆို၍ သူမ က သည်။ ဤအချက်ကို သေချာစွာဂရုပြု၍ ဖတ်ပါ။ ယခင်က ရောင်းမည့် အိမ်အကြောင်း မေးမြန်းစုံစမ်းသည့် ဖုံးခေါ်ခြင်း တစ်ရက်လျှင် နှစ်ကြိမ်သုံးကြိမ်သာ ရှိခဲ့သည်။ ဆုတောင်းပွဲသည် သောကြာနေ့တွင် ဖြစ်သည်။ နောက်နေ့ စနေနေ့တွင် ရောင်းမည့်အိမ်အကြောင်း စုံစမ်းသည့် ဖုန်းခေါ်ခြင်း ၃၆ကြိမ် လက်ခံရရှိသည်။ အမေဆုတောင်းပွဲ တက်ရောက်ပြီး ၂၄နာရီကြာပြီးနောက် ညအချိန်တွင် သူမ၏ အိမ်သည်ရောင်းပြီး ဖြစ်သည်။ ဘုရားသခင် ပြောကြားသောအရာမှာ“သင့်ဘ၀တွင် ငါ့ကို ပထမနေရာ၌ ထားပါ။ ငါသည် သင်၏ စိုးရိမ်ပူပန်ခြင်းများကို ကြည့်ရှု ဖြေရှင်းပေးမည်။”ဟူ၍ ဖြစ်သည်။
    သင်သည် ကျွန်တော့်အမေကဲ့သို့ ဖြစ်နိုင်သည်။ တန်ခိုးတစ်ခု ဖြစ်ပေါ်စေရန် သင်သည် လပေါင်းများစွာ စောင့်စားနေခဲ့သည်။ မည်သည့် တန်ခိုးပြခြင်းမှ မဖြစ်ပေါ်ခဲ့ပါ။ သို့သော် အရှုံး မပေးပါနှင့်။ ယုံကြည်ပါ။ ဘုရားကို ပထမနေရာတွင်ထားပါ။ သင်၏ မှောင်မိုက်တွင် ရုတ်တရက် အလင်းရောင်များတွေ့ မြင်ရသော နေ့ရက်သို့ ရောက်ရှိလာပါလိမ့်မည်။ ထိုအခါ သင်၏ အနာဂတ်သည် သင်၏ အတိတ်ထက် တောက်ပကြောင်း သင်တွေ့ရလိမ့်မည်။
                    အုတ်လှ
Read More...
Monday, August 19, 2013
ပိုင်စိုးမှု သခင်ဘုရားရှင်
နှလုံးသားမပါ
ပျားရည်ဆမ်းတဲ့ စကားလုံးတွေနဲ့
မှိုတက်အောင် သီကုံးနေလည်း
ကောင်းကင်ဘုံက သခင်ဘုရားက
သိနေတယ် . . . . .
အဆုံးလည်းမသေချာ
အစမကောင်းခဲ့တဲ့ နောင်တတွေနဲ့
မျက်ရည်တုကြား စစ်ခင်းနေလည်း
အဆုံးအစမဲ့ သခင်ဘုရားက
သိနေတယ် . . . . .
ဘယ်အချိန် ဘယ်နေရာ
ဘယ်သူတွေမသိအောင်
ဘာတွေလုပ်မလဲ
ဘယ်သူမှမသိလည်း
ပိုင်စိုးမှုသခင် ဘုရားရှင်က
သိနေတယ်။
                                   ညအလင်း
Read More...
Wednesday, August 14, 2013
ကျွန်မ ပေါက်စီ မစားတော့ပါ
      ကျွန်မ ပေါက်စီ မစားတော့ပါ။ ကြိုက်လည်း မကြိုက်တော့ပါ။ ကျွန်မ၏ ဖေဖေသည် ပွဲရုံတစ်ခုတွင် ကုန်ထမ်းလေသည်။ မေမေသည် ရပ်ကွက်ထဲတွင် အ၀တ်လိုက်လျှော်၏။ ဖေဖေနှင့် မေမေသည် တစ်ဦးတည်းသော သမီးလေး ကျွန်မကို အလွန်ချစ်လေသည်။ ဖေဖေသည် မနက်အလုပ်သွားတိုင်း အိပ်ပျော်နေသော ကျွန်မ၏ နဖူးလေးအား ဖွဖွလေး နမ်းလေသည်။ ခဏအကြာတွင် မေမေသည် အပြုံးလေးနှင့် ကျွန်မကို နိုးလေ၏။ ကျွန်မ ကျောင်းသွားဖို့အတွက် ပြင်ဆင်ပေးလေသည်။ နှစ်တန်းကျောင်းသူ ကျွန်မ ကျောင်းသွားသောအခါ မေမေသည် ပြုံးပြုံးလေးနှင့် လက်ပြ နှုတ်ဆက်ကာ ကျန်ခဲ့လေသည်။
    တစ်နေ့ ပိုက်ဆံချမ်းသာသော သူငယ်ချင်း တစ်ယောက်မှ ကျွန်မကို မုန့်တစ်ခုကျွေးလေသည်။ ကျွန်မ စားကြည့်ရာ အလွန်ကောင်းလေသည်။ ကျွန်မ ထပ်စားချင်နေ၏။ “ဒါ ဘာမုန့်လဲ” ဟုသူငယ်ချင်းကို မေးကြည့်ရာ “ပေါက်စီ”ဟု ပြောလေသည်။ ကျွန်မ အိမ်ပြန်ရောက်သောအခါ မေမေ့ကို ပေါက်စီဝယ် ကျွေးခိုင်း၏။ ဖေဖေ ပြန်ရောက်လာသောအခါမှာလည်း ပေါက်စီ ၀ယ်ကျွေးဖို့ကိုသာ ပူဆာလေ၏။
    နောက်တစ်နေ့တွင် ဖေဖေသည် ကျွန်မအတွက် ပေါက်စီတစ်လုံး ၀ယ်လာလေသည်။ ကျွန်မသည် ပေါက်စီကို အားရ ပါးရစားလေသည်။ ဖေဖေနှင့် မေမေသည် ကျွန်မပေါက်စီ စားနေပုံကိုကြည့်ကာ ၀မ်းသာ ပီတိ ဖြစ်နေကြလေ၏။ ဖေဖေနှင့်မေမေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်ကို ကျွန်မ မြင်လိုက်သည်။   သူတို့ တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်သည့်ပုံပါ။ နောက်နေ့များတွင် ဖေဖေသည် အလုပ်မှ အိမ်သို့ ပြန်သည့်အချိန် အမြဲ နောက်ကျလေတော့သည်။ သို့ရာတွင် ဖေဖေ ပြန်လာတိုင်း ကျွန်မအတွက် ပေါက်စီတစ်လုံး အမြဲ ပါလာလေသည်။ တစ်ရက်မှ မပျက်ပေ။ ဒီလိုနှင့် တစ်ရက်ကို ပေါက်စီတစ်လုံး ကျွန်မ စားလာခဲ့သည်မှာ နှစ်လပင် ပြည့်တော့မည်။ တစ်နေ့ ဖေဖေပေါက်စီ ၀ယ်လာသည်။ ပေါက်စီရဲ့ အောက်ခြေမှာ နည်းနည်းလေး ပေါက်နေ၏။ ကျွန်မလည်း နှုတ်ခမ်းလေးစူကာ “ဖေ့ဖေ့ ပေါက်စီကလည်း အပေါက်ကြီး ပေါက်နေတဲ့ပေါက်စီ မစားချင်ပါဘူး”။ ဖေဖေသည် ကျွန်မကို ပွေ့ချီပြီး တစ်ချက်နမ်းကာ “စားပါ သမီးလေးရယ် ပေါက်စီက ကောင်းပါတယ်။ သမီးပေါက်စီကို စားနေ ပုံလေးက အရမ်းချစ်ဖို့ ကောင်းပါတယ်။ သမီးလေးရယ် ချိုချိုလေး စားပါ သမီးလေးရယ်နော်”။ မေမေသည် ကျွန်မတို့ သားအဖနှစ်ယောက်အား ပြုံးပြုံးလေး ကြည့်နေလေ၏။ ကျွန်မလည်း နှုတ်ခမ်းလေး စူကာ ပေါက်စီကို ပလုပ်ပလောင်း စားပစ်လိုက်၏။ ညရောက်သောအခါ ကျွန်မရယ်၊ ဖေဖေရယ်၊ မေမေရယ် ဘုရားရှိခိုးပြီး ထိုင်စကားပြောကြလေ၏။ ကျွန်မ အိပ်ချင်လာသောကြောင့် အိပ်ရာထဲ ၀င်လိုက်၏။ အိပ်ရာထဲ ရောက်တော့လည်း အိပ်မပျော်၊ ဖေဖေနှင့် မေမေစကားပြောသံတွေကိုပဲ အိပ်ရာထဲမှ နားထောင် နေမိသည်။ “အကို အလုပ် အရမ်းပင်ပန်းမှာ ပဲနော် သမီးလေး ပေါက်စီအတွက် အကို တစ်နာရီ ကုန်ပို ထမ်းနေတာ မဟုတ်လား” “ဟုတ်တယ် ညီမ ဒါပေမယ့် သမီးလေး ပေါက်စီ ပလုပ်ပလောင်း စားနေတာကို ကြည့်ရတာနဲ့တင် ပင်ပန်းတာက နည်းတောင် နည်းသေးလို့ အကို ထင်တာ။ ဒါနဲ့ ညစာစားတုန်းက ညီမလက်တွေကို သတိထားမိတယ် ပေါက်ပြဲနေတာပဲ  ညီမလည်း တော်တော်ပင်ပန်း နေမှာပဲနော်”
    “မပင်ပန်းပါဘူး အကိုရယ်၊ သမီးလေးအတွက် ဘယ်တော့မှ ပင်ပန်းမှာ မဟုတ်ဘူး။ သမီးလေးက ပေါက်စီ အရမ်းကြိုက်တယ်နော် ဒါနဲ့ သမီးလေးပေါက်စီစားတုန်းက အကိုပြောတယ်လေ ပေါက်စီက ချိုချိုလေးတဲ့ ပေါက်စီက ချိုလို့လား အကို”
    ကျွန်မ အိပ်ပျော်နေပြီအထင်နှင့် ပြောနေသော ဖေဖေနှင့်မေမေတို့ရဲ့ စကားသံတွေကို ကြားလိုက်ရတဲ့အခိုက်မှာ ကျွန်မ မျက်ဝန်းအိမ်မှ မျက်ရည်စက်လေးများသည် ခေါင်းအုံးပေါ်သို့ အဆက်မပြတ် လှိမ့်ဆင်း လာလေတော့၏။ ထိုအချိန်မှစပြီး ဘာကြောင့်မှန်း မသိပဲ ကျွန်မ ပေါက်စီဘယ်တော့မှ မစားတော့ပါ၊ ကြိုက်လည်း မကြိုက်တော့ပါ။
            စန်းယုပိုင် (ဟင်္သာတ)
Read More...
Monday, August 12, 2013
ကက်သလစ်ရဟန်းတို့၏ ငယ်ဖြူဘဝ
    ကက်သလစ် ခရစ်ယာန် ရဟန်း ဘုန်းတော်ကြီးများ၊ သီလရှင်များတို့၏ ငယ်ဖြူဘ၀နဲ့ အရိုးထုတ်ရခြင်းသည် ဘုရားပေး ပညတ်ချက်လော၊ သာသနာတော်ရဲ့ ဥပဒေ ပညတ်ချက်လော။
 ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် -
    ကက်သလစ် ခရစ်ယာန် ရဟန်း သံဃာတော်များ၊ သီလရှင်များ သူတော်စင်ဘောင်သို့ တက်လှမ်းကြပြီဆိုရင် မိမိတို့ရဲ့ ဘ၀ကို မိမိအတွက်၊ အများအတွက်၊ ဘုရားအတွက် ဆက်ကပ် ပူဇော်ပြီး စင်စင် အရိုး ထုတ်နိုင်ကြဖို့အတွက် ငယ်ဖြူဘ၀ဟာ မရှိမဖြစ် လိုအပ်နေကြောင်း အမိ ကက်သလစ် သာသနာတော်ကြီးက နှစ်ပေါင်း (၂၀၀၀)ကျော် အတွေ့အကြုံနဲ့ ချမှတ်ပေးထားတဲ့ သာသနာတော်ရဲ့ ဥပဒေ ဓမ္မသတ်ပညတ်ချက်သာ ဖြစ်ပါတယ်။ ဘုရားရှင်တော်မြတ်က အတင်းအကြပ် ချမှတ်ထားပေးတဲ့ ပညတ်တော် မဟုတ်ပါ။ သာသနာတော် သမိုင်းကို လေ့လာလိုက်တဲ့အခါမှာ ခရစ်တော် ဘုရားရှင်သည် ငယ်ဖြူဘ၀နဲ့ လူသားများကို ကယ်တင်ခြင်းအမှု ပြုခဲ့ပါတယ်။ ခရစ်တော်ဘုရားရှင် ရွေးကောက်တော်မူတဲ့ တစ်ကျိတ် နှစ်ပါးသော တပည့်သာဝကများ ထဲမှာတော့ ခရစ်တော် ဘုရားရှင် အချစ်ဆုံး တမန်တော် ရှင်ယောဟန် တစ်ပါးတည်းသာလျှင် ငယ်ဖြူ ဖြစ်ပါတယ်။  အခြားသော တပည့်သာဝက တစ်ကျိပ်တစ်ပါးများဟာ အိမ်ထောင်သည်များ ဖြစ်ခဲ့ကြပါတယ်။ ပထမဦးဆုံး ပုပ် ရဟန်းမင်းကြီး ရှင်ပေတရူးသည်ပင်လျှင် အိမ်ထောင်သည် ဖြစ်ခဲ့ပါတယ်။
    သာသနာတော်ရဲ့ ရှေးဦး ကာလပိုင်းမှာ တောရဆောက်တည်တဲ့ ရသေ့ ရဟန်းများ၊
ရသေ့ကျောင်းတိုက်များ ဖွင့်၍ ရသေ့ ကျင့်စဉ်များ ကျင့်လျှက်ရှိသော ရသေ့ ရဟန်းများ၊ သာမဏေ ရသေ့များ၊ ရသေ့မများ၊ သီလရှင်များ စသည်ဖြင့် တဟုန်ထိုး ဘုရားရှင်ရဲ့ ကျေးဇူးတော်၌ တိုးတက်လာခဲ့သည်နှင့် အမျှ ငယ်ဖြူဘ၀နဲ့ သာသနာပြုရင်း ကျင့်ဆောက်တည်ခဲ့ကြတဲ့ ရသေ့ ရဟန်းများရဲ့ ဘုရားအတွက်၊ သာသနာတော်အတွက် ဆောင်ရွက် ဆက်ကပ်မှုနဲ့ အိမ်ထောင်သည် ကျောင်းထိုင် ဘုန်းကြီးများရဲ့ သာသနာပြုမှုဟာ မဟာ ကွာခြားလာတာကို သာသနာတော်ကြီးက ကောင်းမွန်စွာ သိရှိ လာခဲ့ပါတယ်။ ဒါကြောင့် ခရစ်သက္ကရာဇ် (၃၈၅)ခုနှစ်၊ ရာစုအားဖြင့် (၄) ရာစုမှာ စပိန်နိုင်ငံ Elvira (အယ်လ်ဗီးယား) မြို့မှာ ညီလာခံ အစည်းဝေး ပြုလုပ်ခဲ့ပြီး ထိုစဉ်အခါ သာသနာတော်ကို အုပ်ချုပ် တော်မူတဲ့ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ရဟန္တာ သူတော်စင် ရှင်ဆီရီကု(စ်) အရှင်သူမြတ်မှ ကက်သလစ် ခရစ်ယာန် ရဟန်း သံဃာတော်တိုင်းသည် ငယ်ဖြူများသာ ဖြစ်ရမည်ဆိုတဲ့ သာသနာတော်ရဲ့ ဓမ္မသတ် ဥပဒေ ပညတ်တော်ကို တရားဝင် ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။  ကက်သလစ် သာသနာတော်ရဲ့ ရှေးကျတဲ့ ဓမ္မသတ်ကျမ်းရဲ့ ရှေးကာနွန် ကိုဓဥပဒေပုဒ်မ (၃၀၆) ထဲမှာ ရဟန်းများအတွက် ငယ်ဖြူ ပညတ်ကို စတင် တွေ့ရှိရပါတယ်။ လက်ရှိ သာသနာတော်ရဲ့ The New code of Canon Law ကာနွန်ကိုဓ ဥပဒေ ကျမ်းသစ်ထဲမှာ လေ့လာတွေ့ရှိချက် အချို့ကတော့
  • ကာနွန်ကိုဓ ဥပဒေပုဒ်မ (၂၄၇) အထဲမှာ - ရဟန်း သံဃာဘောင်သို့ တက်လှမ်းကြရန် ကြိုးစားနေကြတဲ့ အခြေခံ ရဟန်းဖြစ်သင် ကျောင်းသားများ၊ သာမဏေ ကိုရင်များတို့အား ဘုရားရှင် ပေးလာသော အထူး လက်ဆောင်ဖြစ်တဲ့ ငယ်ဖြူဘ၀ကို တန်ဖိုးထား မြတ်နိုး နိုင်ကြရလေအောင် မှန်ကန်သော နည်းလမ်းများနဲ့ ကျင့်ပေးကြဖို့ ဥပဒေ ချမှတ်ထားတာ တွေ့နိုင်ပါတယ်။
  • ကာနွန်ကိုဓ ဥပဒေပုဒ်မ (၂၇၇) အပိုဒ် (၁) ထဲမှာ -ရဟန်း သံဃာတော်များသည် ဘုရားရှင်ရဲ့ နိုင်ငံတော် အတွက် ရည်စူးလျက် မိမိတို့ရဲ့ ငယ်ဖြူဘ၀ကို အဆက် မပြတ် အစဉ်တစိုက် စုံလင်စွာ တာဝန်သိသိ သစ္စာရှိရှိ ကျင့်ဆောက် တည်ကြရမယ်ဆိုတဲ့ အကြောင်း ငယ်ဖြူ ဘ၀ဟာ ဘုရားပေး ဆုကျေးဇူးတော်ဖြစ်ကြောင်း ငယ်ဖြူဘ၀အားဖြင့် မိမိတို့ရဲ့ နှလုံးသားကို ပီပီလုံးလုံး ဆက်ကပ်နိုင်ပြီး ခရစ်တော် ဘုရားရှင်နဲ့ ပိုမို နီးကပ်စွာ အသက်ရှင်ကြဖို့ ငယ်ဖြူဘ၀အားဖြင့်သာ ဘုရားအတွက် အများအတွက် လွတ်လပ်စွာ အစေခံနိုင်မှာ ဖြစ်ကြောင်း ဖော်ပြထားချက်ကို လေ့လာနိုင်ပါတယ်။
  • ကာနွန်ကိုဓ (ပုဒ်မ-၂၉၁) နဲ့ (ပုဒ်မ-၁၀၃၇) တို့မှာလည်း ရဟန်းသံဃာတော်များရဲ့ ငယ်ဖြူဘ၀နဲ့ ပတ်သက်ပြီး ဥပဒေ ပုဒ်မများကို လေ့လာနိုင်ပါတယ်။
  • ကာနွန်ကိုဓ ဥပဒေပုဒ်မ (၅၉၉) မှာတော့ ရသေ့ ရဟန်း၊ သူတော်စင် ဂိုဏ်းဝင် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များသည် ကမ္ဘာကြီးအတွက် ကောင်းကင် နိုင်ငံတော်ရဲ့ နိမိတ် လက္ခဏာအဖြစ် သာသနာပြု နိုင်ရန် ခရစ်တော် ဘုရားရှင်အတွက် နှလုံးသား ပြည့်ဝစွာ ဆက်ကပ်နိုင်ရန် ငယ်ဖြူဘ၀ ကျင့်ဖို့ ဥပဒေပုဒ်မ ချမှတ်ထားတာ တွေ့နိုင်ပါတယ်။ သမ္မာ ကျမ်းစာတော်မြတ်နဲ့ ထောက်ရှု ကြမယ်ဆိုရင် (ရှင်မဿဲ ခရစ်ဝင် ၁၉း၁၁-၁၂) ထဲမှာ ကိုယ်တော်က “လူတိုင်း အိမ်ထောင်မပြုပဲ နေနိုင်သည် မဟုတ်၊ ထာဝရဘုရား ခွင့်ပြုသူများသာလျှင် နေနိုင်ကြ၏။ လူတို့ အိမ်ထောင် မပြုနိုင်ကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏။ အချို့သော သူတို့တွင် မွေးစကပင် အိမ်ထောင်ပြုနိုင်ရန် စွမ်းရည် မပါရှိကြ။ အချို့တို့မှာ လူတို့က ထိုစွမ်းရည်ကို ဖျက်ဆီး ပစ်လိုက်သောကြောင့် အိမ်ထောင်ပြု၍ မရကြ။ အချို့တို့မှာမူ ကောင်းကင် နိုင်ငံတော်၏ အကျိုးကို ထောက်၍ အိမ်ထောင်မပြုပဲ နေကြ၏။ အိမ်ထောင် မပြုပဲ နေနိုင်သူသည် အိမ်ထောင် မပြုစေနှင့်ဟု မိန့်တော်မူ၏” ဒီ အချက်ကတော့ ခရစ်တော် ဘုရားရှင်ရဲ့ အမိန့်တော် ဖြစ်တယ်။
    ငယ်ဖြူဘ၀နဲ့ သာသနာပြုခဲ့တဲ့ တမန်တော် ရှင်ပေါလ်ရဲ့ မိန့်တော်မူချက်များ ကတော့ (ကောရိန္တု သြ၀ါဒစာ ပထမစောင် ၇း၃၂-၃၄) “ငါသည် သင်တို့အား၊ ပူပန် သောကနှင့် ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့ အမျိုးသားသည် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။ သူသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုကို ပြုလုပ်လို၏။ သို့ရာတွင် အိမ်ထောင်ရှင် အမျိုးသား မူကား မိမိ၏ ဇနီး နှစ်သက်စေရန် စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကို အလေးအနက် ထားတတ်၏။  ထို့ကြောင့် သူသည် စိတ်နှစ်ခွ ဖြစ်၍ နေ၏။ အိမ်ထောင်မဲ့ အမျိုးသမီး၊ သို့မဟုတ် အပျိုဖြစ် သူသည် သခင်ဘုရားအား မိမိ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါ ဆက်ကပ်လို သဖြင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။ သို့ရာတွင် အိမ်ထောင်ရှင် အမျိုးသမီး မူကား မိမိ ခင်ပွန်း နှစ်သက်စေရန် စိတ် ဆန္ဒရှိသဖြင့် လောကီမှုရေးကို အလေးအနက် ထားတတ်၏။” (သက်သာ လောနိတ်သြ၀ါဒစာ ပထမစောင် ၄း၃) “ထာဝရဘုရားသည် သင်တို့အား သန့်ရှင်း မြင့်မြတ် ကြစေရန်နှင့် ကာမဂုဏ် လွန်ကျူးမှုနှင့် လုံးဝ ကင်းကြစေရန် အလို ရှိတော်မူ၏” (သက်သာ လောနိတ် သြ၀ါဒစာ ပထမစောင် ၄း၇) “ထာဝရဘုရားသည် ငါတို့အား ကာမဂုဏ် လိုက်စားမှု၌  မွေ့လျော်စေရန် ခေါ်ယူ ရွေးကောက်တော်မူသည် မဟုတ်။ သန့်ရှင်း ဖြူစင်စွာ ပြုမူ ကျင့်ကြံ နေထိုင်ကြစေရန် ခေါ်ယူ ရွေးကောက်တော်မူပေသည်” (ကောရိန္တု သြ၀ါဒစာ ပထမစောင် ၇း၃၈) “သို့ရာတွင် မင်္ဂလာ ဆောင်သောသူသည် ကောင်းစွာ ပြု၏။ မဆောင်သော သူမူကား၊ သာ၍ ကောင်းစွာ ပြု၏” အဓိပ္ပါယ်ကတော့ လူလွတ် ငယ်ဖြူဘ၀နဲ့က ပိုပြီး လွတ်လပ်စွာ ဆက်ကပ်နိုင်ခြင်း ဖြစ်တယ်။  (ရှင်မဿဲ ခရစ်ဝင် ၅း၈)“ စိတ်နှလုံး ဖြူစင်သော သူတို့သည် မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည် ထာဝရဘုရားကို ဖူးမြင် ကြရ လတ္တံ့။”
    ကက်သလစ် ရဟန်း သံဃာတော်များ၊ သီလရှင်များရဲ့ ဘ၀ဟာ မိမိတို့ ရွေးချယ်တဲ့ ဘ၀ မဟုတ်ပါ။ ဘုရားရှင် ရွေးကောက်တော်မူတဲ့ ဘ၀ဖြစ်နေလို့ ဘုရားအရွေး ခံရပြီဆိုရင် ပြတ်ပြတ်သားသား ဘုရားအတွက် အသက်ရှင်နိုင်ဖို့ အတွက် သာသနာတော်က ရှေ့ရေး ကောင်းကျိုးကို မျှော်ကိုးပြီး ချမှတ်ပေးထားတဲ့ ငယ်ဖြူ ပညတ်ချက်သာ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ရွေးကောက်ခြင်းဆိုတဲ့ အချက်ကို နားလည်ဖို့ အတွက် ဥပမာ ပေးရမယ်ဆိုရင် မေမြို့ ပြင်ဦးလွင် အမှတ်(၃) အထကကျောင်းနားမှာ ရှိတဲ့ ဘုန်းကြီးတို့ ကြီးပြင်းခဲ့ရာ စိန်အာလောရှက် အခြေခံ ရဟန်းဖြစ်သင် ကျောင်းတော်ကြီးရဲ့ (၇၅)နှစ်မြောက် စိန်ရတုသဘင်ပွဲ ကျင်းပခဲ့စဉ်တုန်းက စစ်တမ်း အရ (၇၅)နှစ် အတွင်း ရဟန်းဖြစ် ကျောင်းသားပေါင်း (၈၀၀) ကျော် ကျောင်းတော်သို့ ၀င်ရောက် ဆည်းပူး ခဲ့ပေမယ့် ရဟန်း သိက္ခာခံရတဲ့ ဘုန်းကြီး အပါး (၈၀)မျှသာ ရှိခဲ့ပြီး သာသနာပိုင် ဆရာတော် (၄)ပါး မျှသာ ဘုရားရှင် ရွေးကောက်တော်မူခဲ့ကြောင်း သိရှိရပါတယ်။ (ရှင်ယောဟန် ခရစ်ဝင် ၁၅း၁၆) “ သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်၊ ငါသည်သာလျှင် သင်တို့ကို ရွေးကောက်သည်။” (ရှင်မဿဲ ခရစ်ဝင် ၂၂း၁၄) “ခေါ်ဖိတ်ခြင်းကို ခံရသော သူများကြ၏။ ရွေးကောက်ခြင်း ခံရသော သူတို့မူကား နည်းပါးကြ၏။”
    ကက်သလစ် သာသနာတော် အတွင်းမှာ ဘုရားရှင်ရဲ့ ရွေးကောက်တော်မူခြင်း ခံကြရတဲ့ ရဟန်း သံဃာ သီလရှင်များဟာ ငယ်ဖြူ ဖြစ်တော်မူတဲ့ ခရစ်တော် ဘုရားရှင်ရဲ့ ခြေတော်ရာကို ငယ်ဖြူဘ၀နဲ့ တစ်ထပ်တည်း လိုက်လျှောက်နိုင်ဖို့ အကျိုးကို မျှော်ကိုးလျှက် အမိ ကက်သလစ် သာသနာတော်ကြီးက ထုတ်ပြန်ပေးထားတဲ့ သာသနာတော်ရဲ့ ဥပဒေ ပညတ်ချက်သာ ဖြစ်ကြောင်း ဖြေကြား လိုက်ရပါတယ်။
ဘုန်းတော်ကြီး ဒိုမိနစ် ဦးဂြိုလ်တု
Read More...
Saturday, August 10, 2013
သင့်အတွက် တစ်ပတ်လျှင်တစ်ကြိမ်ဖတ်ရန် လက်ဆောင်စာစုလေးများ
    တဖြည်းဖြည်းနှင့် ကျွန်ုပ်တို့ အသက်များကြီး လာကြပါသည်။ ထိုအခါ လျှောက်ခဲ့ရသော ဘ၀ခရီး လမ်းပေါ်မှာ တွေ့ကြုံ ခဲ့ရသော အတွေ့အကြုံများ ထဲမှာ ရရှိခဲ့သော သင်ခန်းစာ တစ်ချို့ကို တင်ပြ လိုက်ရပါသည်။
(၁) လောကြီးသည် တစ်ခါတစ်ရံ တရားမျှတခြင်း မရှိပါ။ သို့သော်လည်း နေထိုင်၍ ကောင်းနေပါသေးသည်။
(၂) သံသယများ ဖြစ်လာလျှင် ခြေလှမ်းလေး တစ်လှမ်းရှေ့ကို လှမ်းလိုက်ပြီး ဖြေရှင်း လိုက်ပါ။
(၃) တစ်ပါးသူကို မုန်းတီးဖို့ရန် အချိန် မပေးနိုင်လောက်အောင် လူ့ဘ၀ အသက်တာက တိုတောင်း လွန်းပါသည်။
(၄) သင် နေထိုင်မကောင်းသော အခါ မိဘ ဆွေမျိုးများနှင့် သူငယ်ချင်းများက သင့်ကို အကူအညီ ပေးနိုင်သောကြောင့် သူတို့နှင့် အမြဲတစေ အဆက်အသွယ် မပြတ်ပါစေနှင့်။
(၅) သင့် လစဉ် သုံးစွဲထားသော အကြွေးဝယ်ကဒ် (Credit Card) များကို အကြွေး မကျန်စေရန် လစဉ် ပေးချေထားပါ။ 
(၆) ငြင်းခုံမှုတိုင်းမှာ အသာစီး ရဖို့ မလိုပါ။ မတူညီသော သဘောထားများနှင့် နားလည်မှု ယူ၍ အဆင်ပြေစွာ နေထိုင်ကြရန်သာ အဓိက ဖြစ်ပါသည်။
(၇) သင်၏ ပထမဆုံး အလုပ်ခွင်မှာ ရရှိသော လခထဲမှ ငွေအချို့ကို စတင် စုဆောင်းပါ။ အငြိမ်းစား ယူသောအခါ သင် သုံးစွဲရန် ဖြစ်သည်။
(၈) သင် ၀မ်းနည်းသော အခါ တစ်ယောက်ယောက်နှင့် အတူ ငိုကြွေး လိုက်ပါ။ တစ်ယောက်ထဲ ငိုရသည်ထက် ပိုကောင်း ပါသည်။
(၉) အတိတ်မှ ဖြစ်ရပ်များနှင့် ငြိမ်းချမ်းမှု ရအောင် ယူပါ။ သို့မှသာ ယနေ့ သင် ပြေလည်စွာ နေထိုင်နိုင်မည် ဖြစ်သည်။
(၁၀) တစ်ခါတစ်ရံ သင့် ကလေးများ ရှေ့မှာ ငိုကြွေးမိခြင်း သည်လည်း ကောင်းပါသည်။ သူတို့ သင့် အပေါ်မှာ ပိုမို နားလည် လာနိုင်မည် ဖြစ်သည်။
(၁၁) ကိုယ့် ဘ၀ကို တစ်ပါး သူတို့ဘ၀နှင့် မနှိုင်းယှဉ်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် လျှောက်ရမည့် လမ်းများက မတူကြသောကြောင့် ဖြစ်သည်။
(၁၂) သင်နှင့် တစ်ခြားသူ တစ်ယောက်တို့၏ ခင်မင်မှုကို အများ မသိအောင် လျှို့ဝှက် ထားရမည် ဆိုလျှင် ထိုခင်မင်မှုကို အမြန်ဆုံး ရပ်တန့် ပစ်လိုက်ပါ။
(၁၃) အရာရာသည် မျက်တောင် တစ်ခတ်၊ လျှပ်တပျက် အတွင်းမှာ ပြောင်းလဲ သွားနိုင်သော်လည်း သင် မစိုးရိမ်ပါနှင့် ဘုရားရှင်သည် သင့် အပေါ်မှာ မျက်တောင် တစ်ချက်မှ မခတ်သောကြောင့် ဖြစ်သည်။
(၁၄) စိတ် ပင်ပန်းသောအခါ အသက် ပြင်းပြင်း ရှုရှိုက် လိုက်ပါ။ စိတ် သက်သာရ သွားပါ လိမ့်မည်။
(၁၅) လှပသည် ဖြစ်စေ၊ ပျော်စရာကောင်းသည် ဖြစ်စေ၊ အသုံးမ၀င်သော အရာများနှင့် ဝေးဝေးနေပါ။
(၁၆) ဖယောင်းတိုင် မီးလေးများ ထွန်းညှိပါ။ စားပွဲခင်း လှလှလေး ခင်းပါ။ ၀တ်စုံ ပေါ့ပေါ့ပါးပါးလေး ၀တ်ပြီး ကိုယ့် အိမ်ထဲမှာ မိသားစုနှင့် ပျော်ရွှင်စွာ အချိန်ဖြုန်းပါ။ အထူးပွဲများ အတွက် ချန်မထားပါနှင့်။ ယနေ့ အထူး အလေးအမြတ် ထားရမည့်နေ့ဟု သတ်မှတ် လိုက်ပါ။
(၁၇) တစ်နေ့တာ အတွက် အာရုဏ်ဦးမှ စ၍ ပြင်ဆင်ပါ။ ထို့နောက် အလိုက်သင့်လေး မျောပါ သွားပါ။
(၁၈) ကိုယ့်ကိုကိုယ် ရင့်ကျက်အောင် ကြိုးစားပါ။ အသက်ကြီးသည်ထိ မစောင့်ဘဲ ခရမ်းရောင်ကို ယခုပင် ၀တ်ဆင်လိုက်ပါ။
(၁၉) လူသားတစ်ယောက်၏ အရေးကြီးဆုံး အစိတ်အပိုင်းသည် ဦးနှောက် ဖြစ်ပါသည်။
(၂၀) သင်၏ စိတ်ပျော်ရွှင်မှုကို မည်သူကမှ မထိန်းချုပ် ထားပါ။ သင့်ပေါ်မှာသာ မူတည်ပါသည်။
(၂၁) ဒုက္ခ အခက်အခဲများနှင့် တွေ့ကြုံရလျှင်၊ နောက် ငါးနှစ်ကျရင်သည် ဒုက္ခတွေ မရှိတော့ပါဟု စဉ်းစား လိုက်ပါ။ သင် အများကြီး အေးချမ်း သွားလိမ့်မည်။
(၂၂) ကိုယ့် ကျန်းမာရေး (အသက်ရှင်ရေး) ကို အစဉ် ဂရုစိုက်ပါ။
(၂၃) မည်သူ့ကို မဆို မည်သည့် အရာကို မဆို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
(၂၄) ကိုယ့် အပေါ် တစ်ပါး သူတို့၏ ထင်မြင်ချက်သည် ကိုယ်နှင့် မည်သို့မှ မသက်ဆိုင်ပါ။
(၂၅) အချိန်သည် အရာရာကို ကုစား နိုင်ပါသည်။ အချိန်ပေးဖို့သာ လိုအပ်ပါသည်။
(၂၆) ယခု ဖြစ်ပျက်နေသော ကောင်းခြင်း၊ ဆိုးခြင်း များသည် ကြာကြာ မခံပါ။ မကြာမီ ပြောင်းလဲ သွားမည် ဖြစ်သည်။
(၂၇) ဖြစ်လာသမျှ အရာရာတိုင်းကို အလေး အနက် မထားပါနှင့်။
(၂၈) ဘုရားရှင်မှ သင့်ကို အမြဲ စောင့်ရှောက်နေသည်ကို ယုံယုံကြည်ကြည် လက်ခံပါ။
(၂၉) တစ်ခါတစ်ရံ ကျွန်ုပ်တို့ သတိ မထားလိုက်မိသည့် အချိန်မှာ ဘုရားရှင်မှ တန်ခိုးပြ တတ်ပါသည်။
(၃၀) သင့်ဘ၀ မည်သည့် အခြေအနေ ရောက်ပါစေ (ဆင်းရဲ ချမ်းသာ မရွေး) ဘုရားရှင်မှ သင့်ကို အမြဲတမ်း ချစ်ခင်နေသည်ကို စွဲမြဲစွာ ယုံကြည်ထားပါ။
(၃၁) ဘ၀ကို အချိန် ပိုင်းခြားခြင်း မပြုပါနှင့်၊ ယခုပင် အကောင်းဆုံး နေထိုင်ပါ။
(၃၂) သင့် ကလေးများသည် သင်နှင့် အတူ ကလေးများ အဖြစ် ဤကမ္ဘာပေါ်တွင် တစ်ကြိမ်သာ နေထိုင်ခွင့် ရှိသည်ကို အမြဲ သတိပြုပါ။
(၃၃) ယနေ့ပင် အိမ်ပြင်သို့ ထွက်လိုက်ပါ။ အိမ်၏ အပြင်ဖက်မှာ လှပသော ဘုရားရှင်၏ တန်ခိုး ကျေးဇူးများစွာကို တွေ့မြင်နိုင်မည် ဖြစ်သည်။
(၃၄) ကျွန်ုပ်တို့ ခံစားနေရသော ဒုက္ခများ များလွန်းသည်ဟု ထင်မိသော အခါ တစ်ပါးသူ၏ ဒုက္ခများကို လှမ်းကြည့် လိုက်ပါ။ ထိုအခါ ကျွန်ုပ်တို့၏ ဒုက္ခများ လျော့နည်း နေသေးသည်ကို တွေ့ရမည် ဖြစ်သည်။
(၃၅) မနာလို ၀န်တိုနေခြင်းသည် အချိန် ဖြုန်းတီးနေခြင်း ဖြစ်သည်။ သင့်အတွက် အကောင်းဆုံး အရာများသည် မကြာမီ ရောက်တော့မည်ဟု ဆင်ခြင်ပြီး နေလိုက်ပါ။
(၃၆) လူ့ဘ၀သည် ပေးဆပ်နေရခြင်း ဖြစ်သည်။ လူ့ ဘ၀ကြီးသည် သံယောဇဉ် ကြိုးများစွာနှင့် တုပ်နှောင် ခံထားခြင်း ဖြစ်သော်လည်း ဘုရားရှင် ပေးထားသော အလှပဆုံးသော လက်ဆောင်များ အဖြစ် ခံယူလိုက်ပါက သင့်ဘ၀ တစ်ခုလုံး အေးချမ်း သွားပါလိမ့်မည်။
ဘုရားရှင်၏ ကျေးဇူးတော်များကို ထာဝရ ချီးမွမ်းလျက်
Pollyana
Ref : Beloved of Christ Vol.8.No.3
''Tips we should Read at Least Once a Week" By Regina Brett
Read More...
Wednesday, August 7, 2013
တတိယကမ္ဘာ့နိုင်ငံများမှ အမျိုးသမီးနှင့်မျိုးပွားမှုဆိုင်ရာ အခွင့်အရေး
    အမေရိကန်နိုင်ငံနှင့် ဖွံ့ ဖြိုးတိုးတက်သည့်နိုင် ငံများမှာ အမျိုးသမီးများအတွက် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးဟု ဆိုလျှင် ပဋိသန္ဓေ ဖျက်ချမှု ဆိုင်ရာ ဆုံး ဖြတ်မှု အခွင့်အရေးပင်ဖြစ်ပါတယ်။ သို့ရာတွင် ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများမှ အမျိုးသမီးများ အတွက်က တော့ ထိုမျိုးပွားမှုဆိုင်ရာ အခွင့်အရေးဆိုလျှင် ပဋိသန္ဓေ တားပိုင်မှု အခွင့်အရေးပင်ဖြစ်ပါတယ်။
    ထိုင်းနိုင်ငံတွင်တော့ အစိုးရကျန်းမာရေးလုပ် သားများကနေ မည်သည့်ကျေးရွာမြို့ငယ်ကလေးများ မဆို တစ်နှစ်ပတ်လုံး ပဋိသန္ဓေတည်မှု မရှိပါက အထူး ဆုကြေးငွေများဖြင့် ချီးမြှင့်မည်ဟု မက်လုံးပြ၍ ဖျား ယောင်းမှုပြုပါတယ်။ ထို့ကြောင့် ထိုကျေးရွာ မြို့ငယ်များတွင် နေထိုင်ကြသော အိမ်ထောင်ပြုပြီးစ အမျိုးသမီးများသည် မိမိတို့၏ ပထမဦးဆုံး ရင်သွေးငယ်နှင့် ကိုယ်ဝန်ဆောင်လိုသည့် အိပ်မက်များ မက်ကြသော်လည်း မိမိတို့၏ စိတ်ကူး၊ တအိပ်မက်လိုအင် ဆန္ဒများ ကြောင့်  ကျေးရွာ တစ်ခုလုံး ဆုကြေးငွေ မရတော့မှာကို စိုးရိမ်၍ မိမိတို့၏ စိတ်ကူးအိပ်မက် လိုအင်ဆန္ဒများကို ဖျောက်ဖျက်ကာ တရပ်ကွက်လုံး ၏ကောင်းကျိုးကို ရှေ့ရှု၍ ပဋိသန္ဓေ မတည်ရန် ကာကွယ် တားဆီးကြရတဲ့ အဖြစ်မျိုးရောက်ရှိခဲ့ ကြပါတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် ပဋိသန္ဓေ တည်မှု ရာခိုင်နှုန်းမှာ ၁၉၇၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁.၄%ခန့် လျော့ကျသွားပြီကို တွေ့ရှိရပါ တယ်။
    ဆရာဝန်တစ်ဦး၏စမ်းသပ်တွေ့ရှိချက်အရ ပြောဆိုသည်မှာ Kenya နိုင်ငံရှိကျေးလက် ကျန်းမာ ရေးဆေးကုခန်းများတွင် ဖျားနာမှုကို ပျောက်စေသည့် Pencillin ဆေးများကိုရှာဖွေတွေ့ရှိရန် အလွန်ခက် ခဲပြီး ဆေးခန်းများတွင်အများဆုံးတွေ့နိုင်သည့် ဆေးများမှာ ပဋိသန္ဓေ တားဆေးများ၊ ပဋိန္ဓေတားမှု ထိုးဆေးများနှင့် ကာမဆက်ဆံရာတွင် အသုံးပြုသည့် ရာဘာစွပ်များကိုသာ အများဆုံးတွေ့နိုင်ပါတယ်။
    တရုတ်နိုင်ငံတွင် အထူးဆိုင်များဖြစ်သည့် မိသားစုဆိုင်များရှိရာ ထိုဆိုင်များကနေ ပဋိသန္ဓေတား ဆေးများကို အသုံးပြုသူများကို ၁၀%လျော့ဈေးနှင့် ရောင်းချပြီး သားကြောဖြတ်ထားသူများအား ၁၅% လျော့ဈေးနှင့်ရောင်းချကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက သာလျှင် ကမ္ဘာပေါ် တွင် မိသားစုတစ်ခုလျှင် ကလေးတစ်ယောက်သာရှိ ရေး policy ချမှတ်ထားသည့် အပြင် အတင်းအဓမ္မနှင့် ပဋိသန္ဓေတားဆေးများကိုသောက်သုံးစေခြင်း၊ အတင်းအကြပ် ပဋိသန္ဓေ ဖျက်ချမှုနှင့် သားကြော ဖြတ်မှုတို့ကို ကျင့်သုံးကြပါတယ်။ ထို့အပြင် တရုတ် နိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးသည် ဒုတိယ ကလေးနှင့် ကိုယ်ဝန်ရှိခဲ့လျှင် ပဋိသန္ဓေကို မိခင်သဘော တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အတင်းအဓမ္မနှင့် ဖျက်ချမှုပြုပါတယ်။ ဤသို့ပြုလုပ်ခြင်းကြောင့် တရုတ် အမျိုးသမီးများမှာ မျိုးပွားမှုဆိုင်ရာအခွင့်အရေး(သို့) လူမှုရေး အခွင့်အရေး တစ်ရပ် ဆုံးရှုံးခဲ့ရပါတယ်။
    အိန္ဒိယနိုင်ငံရှိမြို့ငယ်ကလေး တစ်မြို့တွင်ဖြစ် ပျက်ခဲ့သည့်အဖြစ်ပျက်တစ်ခုကို ဥပမာအဖြစ်ပြရ မယ်ဆိုလျှင် အိန္ဒိယ အမျိုးသမီးတစ်ဦးသည် ဗိုက် အောင့် ဗိုက်နာသဖြင့် ရပ်ကွက် အစိုးရဆေးခန်းသို့ သွားရောက်ပြသရာ၌ ဆရာဝန်ကနေ ခွဲစိပ်မှုအနည်း ငယ်ပြု၍ လေ့လာကြည့်ရှုရန် လိုအပ်တယ်လို့ပြောခဲ့ ပါတယ်။ ခွဲစိပ်မှုပြုပြီးနောက် အမျိုးသမီးသည် ဆေးခန်းမှ အပြန်တွင် အမျိုးသမီးအား အဖိုးတန်သည့် ကြေးဗန်းတစ်ခု လက်ဆောင်ပေးရာ အမျိုးသမီးက ဘာကြောင့် သူ့အား ဤသို့ အဖိုးတန် လက်ဆောင်ပေး အပ်ပါသလဲ မေးမြန်းရာပြန်လည်ဖြေကြားသည့် အဖြေမှာ ၎င်းင်းသည် ပထမဆုံး သားကြောဖြတ်ရန် သဘောတူသည့် အမျိုးသမီး တစ်ဦးဖြစ်သောကြောင့်ဟု ဖြေကြားခဲ့ပါတယ်။ ထိုအမျိုးသမီးမှာ မသိရှာဘဲနှင့် သားသမီးရနိုင်မှု အခွင့်အရေး တစ်ရပ်မှာ ဆုံးရှုံးခဲ့ရပါတယ်။ ဤအဖြစ်အပျက် မှာ အိန္ဒိယ အမျိုးသမီးများစွာ တို့တွင် တွေ့ ကြုံခံစားနေ ရသော မျိုးပွားမှုဆိုင်ရာ အခွင့်အရေးဆုံးရှုံးမှုများစွာ အနက် ဥပမာတစ်ခုသာ လျှင်ဖြစ်ပါတယ်။
    ၁၉၉၀ခုနှစ်တွင် Cecilia Acevedo Royolauae the National Institute of Womanhood အရွယ်ရောက်သူ အမျိုးသမီးဆိုင်ရာ အမျိုး သမီးအဖွဲ့အစည်း NIW ကိုဖွဲ့စည်းတည်ထောင်ပြီး နောက် ၎င်းင်း အဖွဲ့အစည်းသည် အစိုးရအဖွဲ့အစည်းနှင့် မဆိုင်သောအဖွဲ့အစည်း NGO အဖြစ်သို့ ရောက်ရှိခဲ့ရပါတယ်။ ထို NIW အဖွဲ့အစည်းကနေ အစစ်အမှန် အရွယ်ရောက်သူ အမျိုးသမီးများအား ကာကွယ်မှုနှင့် အဆင့်အတန်းအမြင့်ဆုံး အမျိုးအစားအကောင်းဆုံး ဖြစ်သော မိသားစု၏ဂုဏ်သရေကို ထိန်းသိမ်းကာ ကွယ်မှုတို့ပင်ဖြစ်ပါသည်။  NIW အဖွဲ့အစည်းကနေ စစ်မှန်သော အရွယ်ရောက်သူအမျိုးသမီးများ၏ ဂုဏ် သရေသိက္ခာတို့ကို အများသိစေရန် ထုတ်ပြန်ကြေငြာ မှုပြုသည့် အပြင် အမျိုးသမီးငယ်များ၏ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများအတွက်ပါ တိုက်ခိုက် ရပ်တည်မှု ပြုနေကြောင်း ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများ သိရှိရန် ၀မ်းသာစရာ သတင်းကောင်း တစ်ရပ်အနေနှင့် တွေ့ရှိရပါတယ်။
            RVA ထုတ်လွှင့်ချက်မှ
Read More...
Sunday, August 4, 2013
ချစ်ခြင်းမေတ္တာ
    ချစ်ခြင်း မေတ္တာဆိုတာ သူတစ်ပါးကို ဦးစား ပေးတတ်၏။ “love is other-minded” လို့ ပြောကြတယ်။ အဲဒီ Other တပါးသူဟာ ဘုရားသခင် ဖြစ်တယ်။ ကိုယ်နှင့် နီးစပ်တဲ့ အခြားလူလည်း ဖြစ်ပါတယ်။လူတွေဟာ self-centred အတ္တဆန်သူ မဟုတ်ဘဲ သူတပါးနှင့် ဆိုင်သူများ ဖြစ်ကြရင် ဘုရားရှင်နှင့် အခြားသူတို့ရဲ့ ချစ်ခြင်း မေတ္တာတွေမှာလည်း သူတပါးနှင့် ဆိုင်တဲ့ အတွက် အဲဒီ “သူတပါး” ခေါင်းစဉ် အောက်မှာ လူတိုင်း ပါဝင် လာကြပါတယ်။ ဒါကြောင့်မို့ မေတ္တာမှာ အားလုံးနှင့် တွေ့ထိတယ်။ အားလုံးကို အေးချမ်း ကျေနပ်မှု ရစေတယ်။ one for all, all for one တယောက်ဟာ သူများ အတွက် ဖြစ်လို့ ၊ သူများဟာ တယောက်အတွက် ဖြစ်လာပါတယ်။
    ခရစ်ယာန်များဟာ လက်တွေ့ကျတဲ့ ချစ်ခြင်း မေတ္တာမှာ ရင့်ကျက်မှု ရှိလေ ၎င်းတို့ရဲ့ ဘာသာတရား ဟာလည်း နက်ရှိုင်းမှု ရှိလေဖြစ်တယ်။ သူတို့ရဲ့မေတ္တာဟာ အပေါ်ယံပဲ ရှိရင် သူတို့ ဘာသာ ယုံကြည်မှုဟာလည်း အကာရံလောက်ပဲ ရှိမှာပါ။ ယနေ့ ကမ္ဘာမှာ မေတ္တာကို ယုံတဲ့လူတွေ များပြားသလောက် မေတ္တာနှင့် ဆန့်ကျင်တဲ့ လုပ်ရပ်တွေလည်း များနေကြတယ်။ ဘုရားက ကောင်းရာ မြတ်ရာ ဟောတာပဲ၊ လူတွေက မကောင်းတာ လုပ်နေကြတော့ အခက်သား။ တခါက ခရစ်ယာန် ကောင်ကလေး တယောက်ဟာ ဖျားနာနေတဲ့ သူ့မိခင်အတွက် လမ်းဘေးမှာ ရပ်ပြီး ဖြတ်သွားတဲ့ လူတွေကို အသနားခံ နေရှာတယ်။ အဲဒီ အချိန်မှာပဲ ခရစ်ယာန် ဘာသာဝင် မဟုတ်တဲ့ ကောင်လေး တချို့ဟာ သူ့ကို “ဟေ့၊ မင်းရဲ့ ဘုရားဟာ ခရစ်ယာန်တွေကို မင်း ကူခိုင်းဘို့ မပြောနိုင်ဘူးလား၊” လို့ သရော်ပြီး ပြောလိုက်တယ်။ ဆင်းရဲသားလေးကလည်း မျက်ရည်တ၀ဲ ၀ဲနှင့် ဒီလို ဖြေလိုက်တယ်။ ဘုရားကတော့ ပြောတာပေါ့၊ ဒါပေမဲ့ သူတို့ကမှ နားမထောင်ကြတာ၊ မင်းတို့ကကော နားထောင်ကြလို့လား၊ ဟုတ်ပါတယ်၊ ဘုရားနှင့် ဘာသာကို အပြစ် မကောက်ခင် လူတွေကို အပြစ်တင် ရပါမယ်။
    ကမ္ဘာကြီးဟာ ဘယ်အချိန်အခါကမှ အခုလောက် ခေတ်မှီ တိုးတက်ခဲ့တာ မရှိပါဘူး။ ဒါပေမဲ့ အခု ခေတ်လောက်လည်းပဲ ဆိုးသွမ်းမှု၊ မတရားမှုတွေ၊ ကိုယ်ကျိုး အတွက် အာဏာကို ကိုင်တွယ်ထားမှုတွေ ဘယ်အချိန် အခါကမှ မရှိခဲ့ဘူးပါ။ ဒါတွေဟာ လူတွေရဲ့ ခံယူချက်တွေ ယုံကြည် လက်ခံချက်တွေဟာ ဘုရားဟော၊ တရားဟောနှင့် ဆန့်ကျင် ဖီလာနေလို့ပါဘဲ။ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား၊ ကားယား ကြောင့် ဘုရား တရားမဲ့ လူတွေရဲ့ လောဘ၊ ဒေါသနှင့် မောဟတို့ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်မီးများနှင့် မကောင်းဆိုးဝါးမှုများကို အလူးအလဲ အခံရဆုံးကတော့ အပြစ်ကင်းတဲ့ မသိတတ်သေးတဲ့ ကလေးသူငယ်များပဲ ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမှာ ဘုရားတရားက မွေးဖွားလာတဲ့ ကိုယ်ချင်းစာမှုနှင့် ချစ်ခြင်း မေတ္တာတရား များပွားများလာဖို့ရန် ဆုတောင်းပေးဘို့ အထူး လိုအပ်နေပါတယ်။ ကမ္ဘာလူသားများဟာ အမျိုးမျိုးသော ၀ါဒီသမားများနှင့် အတ္တသမားများရဲ့ ထုထောင်းမှုများကို ခံခဲ့ကြရသည်မှာ သမိုင်း နှစ်ပေါင်း တော်တော်ကြာခဲ့ပါပြီ။ ဒီလောက်ဆို တော်လောက်ပြီလို့ ထင်ပါတယ်။ “ဖြစ်ရပ်မှန်ပေါ်မှာ တည်ဆောက်ထားတဲ့ မေတ္တာတရား” သာလျှင် လူ့ဘောင်၏ ထွက်ရပ်ဂိုဏ်း ဖြစ်ပါတယ်။ ဘုရားတရားကို ကြောက်ရွံ ရိုသေခြင်းဖြင့် ကိုယ်တော်၏ မေတ္တာတော်နှင့် ကရုဏာတော်အောက်၌ ၀င်ရောက် ခိုလှုံရင်း၊ နီတိ ဒေသနာကျမ်း။ ၁၈။ ၇-၁၄ ထိ နှုတ်ကပါဌ်တော်မှ အားယူ ကြပါစို့လား----
လူတစ်ယောက်သည် အဆုံးသတ်သည်ဟု ထင်သော အခါသူသည် အစûပခြင်းသာဖြစ်၍ ပြီးဆုံးသောအခါ၌ လည်း သူသည် နားလည်ရခက်ခဲဆဲပင်ဖြစ်နေလိမ့်မည်။ လူဆိုသည်ကား အဘယ်အရာနည်း။ သူသည် မည်သို့ တန်ဖိုး ရှိသနည်း။ သူ၌ ရှိသော ကောင်းသော အရာနှင့် ဆိုးသော အရာတို့သည်ကား မည်သည့်တို့ ဖြစ်ကြသနည်း။ လူ၏ သက်တမ်းသည် အလွန်ဆုံးကြာ ရှည်လှလျှင် နှစ်တစ်ရာသာ ဖြစ်ပေ၏။ မကုန်မဆုံး နိုင်သော ထာဝရ ကာလနှင့် နှိုင်းယှဉ်ပါလျှင် ဤနှစ် အနည်းငယ်သော အချိန်သည် ပင်လယ်အတွင်းမှ ရေတစ်စက်၊ သဲသောင်ပြင်မှ သဲတစ်ပွင့်ပမာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် ကိုယ်တော်သည် လူတို့ အပေါ် စိတ်ရှည် သီးခံတော်မူ၍ သူ့တွင် သနား ကရုဏာတော်ကို သွန်းလောင်းတော်မူ၏။ ကိုယ်တော်သည် အတိဒုက္ခ ဆင်းရဲခြင်းနှင့် ပြည့်သော လူတို့၏ ဘ၀လမ်းဆုံးကို သိမြင်တော်မူသောကြောင့် သူတို့ကို ပို၍ပင် အပြစ်များမှ ခွင့်လွှတ်တော်မူ၏။ လူ၏ ကရုဏာ မေတ္တာရြှိခင်းသည် သူနှင့် နီးစပ်သော သူအတွက်သာ ဖြစ်၍ ကိုယ်တော်၏ သနား ကရုဏာတော်သည် လူအားလုံးတို့အတွက် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ပြစ်တင် ဆုံးမခြင်း၊ ပြင်ဆင် သတိပေးခြင်းနှင့် သင်ကြား လေ့ကျင့်ပေးခြင်းတို့ဖြင့် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်း လမ်းညွှန် ပေးတော်မူ၏။ ကိုယ်တော်သည် မိမိ၏ ဦးဆောင် လမ်းညွှန်မှုကို လက်ခံသောသူများနှင့် မိမိ၏ ပညတ်များကို လိုက်နာသော သူတို့အပေါ်မှာ သနား ကရုဏာသက်ရောက် စေတော်မ၏။
        RVA ထုတ်လွှင့်ချက်မှ
Read More...