Sunday, July 21, 2013

လောကရဲ့တရား



    လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ တောတောင်တွေကို နှစ်သက်တဲ့သူတွေ ရှိသလို၊ ဆူညံနေတဲ့ ပွဲလမ်း သဘင်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိကြပါတယ်၊ ဘယ်လို သဘာတရားတွေပဲ ကြိုက်ကြိုက်၊ ဒီ သဘာဝတရားတွေထဲကနေပြီးတော့ ဘုရားသခင်ကို ရှာတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ကို ပြောနေတာကတော့၊ ငါသည် လူတွေရဲ့ကြားထဲမှာပဲ ရှိနေပါတယ်။ သူ ဖန်ဆင်းခဲ့တဲ့ ကိုယ်တော်ရှင်ရဲ့ ဖန်ဆင်းခံ လက်ရာများဟာ ကိုယ်တော်ရှင်ကို ချီးမွမ်းနေကြပါတယ်။ ကျွန်တော်တို့တတွေ သိသင့်သလောက် သိကြပါသလား။ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထု ပစ္စည်းတွေဟာ ကိုယ်တော်ရှင်ကို အစေခံ နေကြပါတယ်။ ကျွန်တော်တို့ကို ကိုယ်တော်ရှင်ပြောမယ့် စကားလုံးတွေဟာ ဒီဖန်ဆင်းခံ လက်ရာတွေထဲက ဖြစ်ပေါ် လာတတ်ကြပါတယ်။


    ကိုယ်တော်ရှင်ရဲ့ လှပတဲ့ အလှတရားတွေ၊ လောကရဲ့ သဘာဝတရားတွေဟာ ကျွန်တော်တို့ တစ်ဦးစီအတွက် လောကကြီးကို တန်ဖိုး ထားတတ်အောင် သင်ကြား ပေးနေပါတယ်။ ယခုဆို သိပ္ပံပညာတွေကို တတ်မြောက် ခဲ့ကြပါတယ်။ လူတွေဟာ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ စိတ်တစ်ခုရဲ့ လွှမ်းမိုးခြင်းကို ခံကြရပြီး ဘုရားရှင်ကို ထည့်မတွက် ကြတော့ပါဘူး။ သိပ္ပံလောကရဲ့ တိုးတက်မှုကို ဂုဏ်ယူပြီး ငါ့မြင်း၊ ငါ့စိုင်း၊ စစ်ကိုင်း ရောက်ရောက်ဆိုတဲ့ သဘောမျိုးလို လူသားတွေ ကျင့်သုံး နေကြပါတယ်။ ကလေးငယ်တွေကို ပုံတူ ပွားကြပါတယ်။ ဖန်ပေါင်းချောင်ထဲမှ မွေးဖွားကြပါတယ် သူတို့ ကြိုက်သလို လူတွေကို လုပ်ကြပါတယ်။ တဖြည်းဖြည်းနဲ့ သိပ္ပံပညာရဲ့ တိုးတက်မှုဟာ လူကို ဖန်ဆင်းခံ လူသား တစ်ဦးဘ၀ကနေ ပြီးတော့ သိပ္ပံဌာန တခုက စမ်းသပ် ထုတ်လုပ်လိုက်တဲ့၊ စွမ်းအားပြည့် သတ္တ၀ါ တစ်ကောင်နှင့် တူနေပါတယ်။ လူ့ တန်ဖိုးဆိုတာ မရှိတော့ပါဘူး၊ အဖေဆိုတာ မရှိ၊ အမေဆိုတာ မရှိဘဲနဲ့ မွေးလာတဲ့ ကလေးတွေဟာ ကြက်ဥ ဖေါက်စက်က ပေါက်လာတဲ့ ကြက်ကလေးတွေလို စက်ရုပ်ဆန်ဆန် ဘ၀ကို နေထိုင်ဖို့က လွဲလို့ ဘာမျှ ဖြစ်လာနိုင်စရာ အကြောင်းက မရှိလှပါဘူး။

    ကိုယ့်သွေးကို နားထင်ရောက်အောင် ဖြစ်စေလောက်တဲ့ သိပံ္ပ နည်းပညာရှင်တွေရဲ့ အောင်မြင်မှုတွေဟာ လူဆိုတဲ့ သတ္တ၀ါကို ဘယ်လို နာမည်ပေးရမလဲဆိုတဲ့ အဖြစ်ထိတောင် ရောက်စေ ပါလိမ့်မယ်။ သဘာဝရဲ့ တရားတွေကို ဘုရားသခင် ကောင်းတဲ့ ရလဒ်တွေကနေ ဖန်တီး ခဲ့ပါတယ်။ ဆိုးကျိုး ဖြစ်စေနိုင်တဲ့ ကိစ္စ ကြီးငယ်တစ်ခု တပြားသားမျှ မပါဝင် ပါဘူး။ ဘာပဲဖြစ်ဖြစ် လောကဟာ လောကပါပဲ၊ သီအိုရီတွေဟာ သီအိုရီတွေ ပါပဲ။ လောကဟာ ထာဝရ လန်းဆန်း နေသလို သီအိုရီတွေဟာ တဖြည်းဖြည်း ဖုံတက် လာတတ်ပါတယ်။ သဘာဝ တရားရဲ့  စိမ်းစို လန်းဆန်းမှုတွေဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရာ လက်ရာများ ဖြစ်တာမို့ တည်ရှိနေမှာ မလွဲပါဘူး။ လူသားတွေဟာ ကိုယ်တော်ရှင်ရဲ့ ဖန်ဆင်းခံ သတ္တ၀ါတစ်ဦး ဖြစ်ပါလျှက်နဲ့ အခြား ဖန်ဆင်းခံ သတ္တ၀ါတွေကို ကိုယ့် စိတ်ကြိုက် ထင်ရာ စိုင်းနေတာဟာဖြင့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မိမိ မှီခိုနေရတဲ့ သဘာဝတရားကြီးကို မိမိ မြတ်နိုးရမှာ ဖြစ်ပါတယ်။ သိပ္ပံ ပညာတိုင်းဟာ အဆိုးဘက်ကို ရောင်ပြန် သမ်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

   

ကျွန်တော် ပြောချင်တာက ဖန်ဆင်းရှင်ရဲ့ လက်ရာများနဲ့ ဆန်ကျင်တဲ့ ကိစ္စတိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဓိကထားပြီး တင်ပြချင်တာကတော့ လောကကြီးမှာ ကောင်းမွန်စွာ အသက်ရှင်သမျှ ကာလပတ်လုံး ကိုယ်တော်ရှင်ကို အားကိုးပါ။ ဘုရားရှင်ရဲ့ ဖန်ဆင်းရာများ ဖြစ်တဲ့ လောကကြီးကို တရားမှတ်ပါ၊ လောကကြီးရဲ့ နက်နဲရာတွေကို သိအောင် မြင်အောင် လုပ်ဆောင်ပါ။ လောကကြီးရဲ့ တရားမျှတစွာ လုပ်ဆောင်ချက်နဲ့ အားနည်းချက်တွေထဲက နေပြီးတော့ ဘုရားရှင်ပေးတဲ့ ဘ၀ သင်ခန်းစာများကို လိုက်နာပါ၊ သင် သတိထားမိတယ် ဆိုရင် သစ်ပင်တစ်ပင်ပေါ်က သစ်ရွက်ကလေး တရွက် ကြွေကျတာတောင်မှ ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲပေးနိုင်တဲ့ သင်ခန်းစာ တခု ဖြစ်ပါတယ်။ ပန်းသီးတစ်လုံး ကြွေကျတာကို ကောက်စား မပစ်ပဲနဲ့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို သိရှိ ဖေါ်ထုတ်နိုင်ခဲ့တဲ့ အိုင်ဆက်နယူတန်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါတယ်။ လောကမှာ ဘာပဲဖြစ်ဖြစ် သတိက အရေးကြီးဆုံးပါ။ သတိထားမိရင် တရားရစရာ အကြောင်းတွေ အများကြီး ရှိပါတယ်။ ဒါတွေဟာ ကိုယ်တော်ရှင်ရဲ့ လောက သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ လောက သင်ခန်းစာများကို မှတ်မိ သတိ ထားမိစေရန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်း လူကောင်း ဆိုတဲ့ အသက်တာကို လျှောက်လှမ်းနိုင်ရန် လောကရဲ့ လျှို့ဝှက်ချက်များကို သိရှိနိုင်ပါစေ။ တရားရ နိုင်ကြပါစေ......။

                    ဝေလီ