Thursday, July 11, 2013

မစွန့်ကောင်းသည့် အဟောင်း

    "အသစ်တည်ဆောက် အဟောင်းမြှင့်တင်" ဟူသည့် ဆောင်ပုဒ်အား ကျွန်ုပ်တို့ မကြာခဏ မြင်ဖူး၊ ကြားဖူး ကြပေလိမ့်မည်။ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိကြ ပေလိမ့်မည်။ ခန္ဓာနှင့် ၀ိညာဉ်ဖြင့် တည်ရှိနေသည့် ကျွန်ုပ်တို့၏ တစ်ဦးစီ ကိုယ်၌လည်း အမြဲတမ်း အသစ် တည်ဆောက် အဟောင်းမြှင့်တင်ရန် လိုအပ်ပါသည်။ ထက်မြက်သည့် ကိုယ်ရည် ကိုယ်သွေးနှင့် မွန်မြတ်သည့် စာရိတ္တများ ရှိစေရန် မကျင့်ကြံရသေးသည့် ကောင်းမှု ပါရမီများကို ဆည်းပူး ကျင့်ကြံ ကြရမည် ဖြစ်သလို၊ ရှိရင်းစွဲ ပြုနေကျ ပါရမီများကိုလည်း ဆက်လက် ထိန်းသိမ်း ကျင့်ကြံသွားရန် လိုအပ်ပါသည်။ “အဟောင်း”ဟု ဆိုရာ၌ ကြာသွားလျှင် မကောင်းဟု အမြဲ မယူဆ သင့်ပေ။ ပါရမီကောင်းတစ်ခု ထာဝရ ကောင်းမြတ်နေရခြင်းမှာ ဘုရားရှင်သည် အမြဲ ကောင်းမြတ်ခြင်းသဘော ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးအဖို့ ပြုနေကျ ပါရမီကောင်း တစ်ခုသည် ထာဝရ ကောင်းနေဦးမည် ဖြစ်ပါသည်။

    ပါရမီကောင်း တစ်ခုကို သက်ဆုံးတိုင် ကျင့်ကြံ သွားနိုင်ရန် အချိန်တိုင်းတော့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဟောင်းသယောင်ရှိသည့် ပါရမီကောင်း တစ်ခုကို ထိန်းသိမ်းရန် မလွယ်ကူကြောင်း အတွေ့အကြုံ တစ်ခုဖြင့် ဖော်ပြလိုပါသည်။ လွန်ခဲ့သော နှစ် အနည်းငယ်က ဧရာဝတီတိုင်း မေရီလန်းမယ်တော်ပွဲသို့ မိတ်ဆွေတစ်ဦးနှင့်အတူ ရောက်ဖြစ်ခဲ့ပါသည်။ မိတ်ဆွေက တစ်ရပ်တည်းသား ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ဖြစ်သည်။ သူ့၌ ထူးခြားသည့် အကျင့်လေး တစ်ခုရှိသည်။ သူတစ်ပါးကို သနားတတ်ခြင်း ပင်။ အထူးသဖြင့် တောင်းစားနေသူများကို တွေ့လျှင်
ကြံဖန်၍ အလှူ ပြုတတ်လေ့ရှိသည်။ ဤအရာက သူ့ရဲ့ ငယ်ကျင့် ပါရမီကောင်းလေး တစ်ရပ် ဖြစ်နေတော့သည်။ မယ်တော်ပွဲ နောက်ဆုံးရက် နံနက် ဘုရားဝတ် ပြုခြင်း အစီအစဉ်အပြီးမှာ ကျွန်ုပ်တို့နှစ်ဦး သစ်ပင်တစ်ပင်ရဲ့ အရိပ်မှာ စကား ပြောနေခဲ့ကြသည်။ ထိုစဉ် အသက် ငါးဆယ်ကျော်ခန့် ပိုက်ဆံ လိုက်တောင်းနေသည့် အမျိုးသမီးကြီးတစ်ဦး ရောက်လာပါသည် ကျွန်ုပ်၌ လောလောဆယ် ပိုက်ဆံ တစ်ပြားမှ မရှိပါ။ မိတ်ဆွေကတော့ ဘောင်းဘီအိပ် စမ်းလိုက်၊ အင်္ကျီအိပ် စမ်းလိုက်ဖြင့် နောက်ဆုံး ငါးကျပ်တန် နှစ်ရွက်နှင့် နှစ်ဆယ်တန် တစ်ရွက်ကို အမျိုးသမီးကြီး အားပေးလိုက်ပါသည်။ လက်ထဲ ရောက်လာသည့် ပိုက်ဆံကို ခေတ္တမျှ ကြည့်နေရင်း အမျိုးသမီးကြီးက “နင့် ပိုက်ဆံ သုံးဆယ်နဲ့ ငါဘာလုပ်လို့ ရမှာလဲ”ဟု ဆိုကာ ပိုက်ဆံကို ပစ်ချခဲ့၍ ထွက်သွား ပါတော့သည်။ ဤဖြစ်ရပ်အား လူအများလည်း မြင်နေရသည်မို့ ကျွန်ုပ် မိတ်ဆွေမှာ အလွန် ရှက်သွားသည့်ဟန် ရှိပါသည်။ စေတနာကို လူတွေ ရှေ့မှာ စော်ကားခံလိုက်ရခြင်းပဲဟု သူ့အဖို့ တွေးနေ မလားတော့ မသိချေ။ နောက်ကြုံသည့် အခါ သူနှင့် ခရီးသွားဖြစ်သည့်အခါတိုင်း အရင်ကကဲ့သို့ ပြုလုပ်ခြင်းမျိုး မရှိတော့သည်ကို ကျွန်ုပ် သတိပြုမိခဲ့ပါသည်။ သူ့အား အကြောင်းရင်းကို မမေး မိခဲ့သော်ငြားလည်း အထက်က ကြုံခဲ့ရသည့် ဖြစ်ရပ်နှင့်တော့ ပတ်သက်လိမ့်မည်ဟု ကျွန်ုပ် ယူဆမိပါသည်။

    ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ အရာရာတိုင်း လိုလိုပင် ပြောင်းလဲနေသည်။ ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုနှင့် ယှဉ်၍ ကျွန်ုပ်တို့ ကိုယ်တိုင်လည်း လိုက်၍ ပြောင်းလဲ နေတတ်သည်။ လူသည် များသောအားဖြင့် သက်တောင့် သက်သာရှိစေမည့် အခြေအနေပေါ် လိုက်၍ နေချင်ကြသည်။ တစ်ခါတစ်ရံ ခေတ် ရေစီးကြောင်းနှင့် အတူ စီးမျောရင်း ဘုရားပေးသည့် ဆင်ခြင်တုံ အသိတရားကို လစ်လျူရှုကာ အဆိုးတရား မိုးခါးရေကို သောက်သုံး မိတတ်ပါသည်။ ထိုအခါ အသိဉာဏ်နှင့်ယှဉ်၍ ကျင့်ကြံလာခဲ့သော ပါရမီကောင်းများကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ အမှန်တရားတစ်ခုမှာ မြေတစ်မုံ မှ စတင်ဖွဲ့စည်းထားသည့် ဤကမ္ဘာမြေထုမှာ မားမား မတ်မတ်ရှိနေဆဲ ရေတစ်စက်မှ စတင် ပေါင်းစပ် ဖွဲ့စည်းထားသည့် မြစ်တစ်စင်းမှာ စီးမြဲ စီးနေဆဲပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျင့်ကြံမှု ပါရမီကောင်းမှုများမှာလည်း လောကကြီးနှင့် လူသား အကျိုးအတွက် အကျိုးကျေးဇူး ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ပြုနေကျ ပါရမီ အဟောင်းများကို ဆက်လက်၍ ကျင့်ကြံ သွားရဦးမည် ဖြစ်သည်။

    ကောင်းသည့် အကျင့် ပါရမီတို့ဖြင့် ရှင်သန်နေသူတို့သည် ဘ၀၌ မည်သည့်အရာကိုမျှ အရေးမမူပဲ ရှင်သန် နေသူများနှင့် မတူကြချေ။ ဥပမာ ဆိုရသော် ကွင်းပြင်တစ်ခုထဲက သစ်ပင်တစ်ပင်နှင့် တူသည်။ နေပူ မိုးရွာ၊ ပူသည် အေးသည်ဟူ၍ မရှောင်၊ ရေသောက်မြစ်ကို အမှီ ပြုရင်း ပတ်ဝန်းကျင်နှင့် ခရီးပြုနေသည့် လူတို့အား အကျိုးပြု နေပါသည်။ တစ်ခါတစ်ရံ အရိပ်ခိုရင်း အခတ်ပါ ချိုးသွားခြင်း ခံရသည့် အဖြစ်မျိုးနှင့်လည်း ကြုံရ တတ်ပါသည်။ သို့သော် ၎င်းင်းအဖို့ ရေသောက်မြစ်နှင့် မကင်းကွာ သွားသ၍ အသစ်သော အကိုင်းအခက်များကို ပြန်လည် ဝေဆာစေပြီး အေးမြသည့် အရိပ် အာဝါသကို ပေးဆဲပင် ဖြစ်သည်။ ဤနည်းတူပင် ကောင်းမှု ပါရမီတို့ဖြင့် ကျင့်ကြံ နေထိုင်လာခဲ့သူတစ်ဦး အနေဖြင့်လည်း အခြေအနေနှင့် အချိန်အခါကို လိုက်၍ မိမိ၏ အကျင့်ပါရမီကောင်းများကို မစွန့် ပစ်သင့်ပေ။ သစ်ပင်သည် မိမိ ရေသောက်မြစ်ကို အားပြု ရှင်သန်သကဲ့သို့ မိမိ နှလုံး၌ ကောင်းမှု ပါရမီများကို သိမ်းဆည်း မှတ်ယူရင်း ပတ်ဝန်းကျင်မှ သတ္တ၀ါတို့ အကျိုးကို ဖြည့်ဆည်း ပေးရပါမည်။ ကိုယ်ပြုသည့် ပါရမီအကျိုးကို တစ်ဖက်မှ ခွက်မှောက်၍ ခံယူလိုက်သော်ငြားလည်း မှန်ကန်သည့် ကုသိုလ်ပြုမှု အကျိုးမှာ မိမိအတွက် အလဟသ ဖြစ်မသွားပါ။ တမလွန် ခရီးအတွက် ရိက္ခာ၏ အဖိုးအခပင်ဖြစ်ကြောင်း နားလည်ရပါမည်။ အပြောင်းအလဲများ ဒီရေပမာ တိုးတက်နေသော ယနေ့ ခေတ်ကြီးတွင် ကျင့်ကြံနေကျ ပါရမီကောင်းမှုများကို ဆက်၍ ထိန်းသိမ်းသွားနိုင်ရန် အခက်အခဲတော့ ရှိပေမည်။ အမြင့်ရောက်ရန် အဆန်လမ်းသာ ရှိသည်။ အလျှောက်နည်းသည့် လမ်းမှာ ဆူးခလုတ်တော့ ရှိတတ် စမြဲပင်။ အသိတရား၊ ဇွဲလုံ့လ၊ သည်းခံ နှိမ့်ချခြင်း တို့ဖြင့် လျှောက်လှမ်းရပါမည်။ ရေသောက်မြစ် ပျက်တောက်သွားသည့် သစ်ပင်အဖို့ ခြောက်သွေ့ ဆွေးမြေ့သွားနိုင်သလို ကောင်းမှု ပါရမီ မရှိသည့် လူတစ်ဦး၏ အသက်တာမှာလည်း ရေစီးရာ မျှောပါနေသည့် သစ်ဆွေးတုံး ပမာဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဤလောက၌ ရှိနေစဉ် ကောင်းမှု ပါရမီတို့ဖြင့် ရှင်သန်ရန် လိုအပ်သည်။ ပြုကျင့်နေကျ ပါရမီကောင်းလေးများကို မည်သည့် အခြေအနေနှင့် ကြုံရပါစေ ဆက်လက် ကျင့်ကြံ သွားရပါမည်။ မိမိဘက်၌ ပြတ်သား ကြည်လင်သည့် ဆန္ဒ ရှိမည်ဆိုလျှင် စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါသည်။ ထို့ကြောင့် အကျင့်ကောင်း ပါရမီများကို မိမိတို့၏ ခါးစည်းသဖွယ် အမြဲ ၀တ်ဆင်ရင်း အသက်တာ တစ်လျှောက်လုံး ကျင့်ကြံ နေထိုင်သွားရန် လိုအပ်ပါတော့သည်။
              
                ဂျွန်သွီ(မော်လမြိုင်)