Wednesday, July 31, 2013

ပွဲနေ့ဆုမွန်

အနောဓိသ        သြဓိသနှင့်
ခွန်းဟချိုသာ        မင်္ဂလာစု
သြဘာပြု၍         စေ့ငုသတိ
ကမ္ဘာသိကြ         မိဘဂုဏော
အနန္တောကို         မနောစိတ်ကြည်
ဦးထက်ရည်လျှက်     ကသည်ကပင်
လက်အုပ်တင်ကာ     ပန်ဆင်ရစ်သွဲ့
ကန်တော့ဘွဲ့ကို    နှင့်ဆက်လိုသည်
အိုဘယ့်မိဘ        ချစ်စရာ့ဓလေ့
မြတ်ပွဲနေ့မှာ        နှစ်ဖြာသုခ
ချမ်းသာစေကြောင်း    ဆုမွန်တောင်းရင်း
ရင်တွင်းဆန္ဒ        ပြုလိုက်ပါသည်
ရွှေရင်စိတ္တ        ချမ်းသာကြစေသော်
အစဉ်ကာယ        ကျန်းမာကြစေသော်
ဝိညာဉ်ထာဝရ        လန်းဖြာကြစေသော်

                ပါစကားသီကိုရှင်း


Read More...

Sunday, July 21, 2013

လောကရဲ့တရား



    လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ တောတောင်တွေကို နှစ်သက်တဲ့သူတွေ ရှိသလို၊ ဆူညံနေတဲ့ ပွဲလမ်း သဘင်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိကြပါတယ်၊ ဘယ်လို သဘာတရားတွေပဲ ကြိုက်ကြိုက်၊ ဒီ သဘာဝတရားတွေထဲကနေပြီးတော့ ဘုရားသခင်ကို ရှာတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ကို ပြောနေတာကတော့၊ ငါသည် လူတွေရဲ့ကြားထဲမှာပဲ ရှိနေပါတယ်။ သူ ဖန်ဆင်းခဲ့တဲ့ ကိုယ်တော်ရှင်ရဲ့ ဖန်ဆင်းခံ လက်ရာများဟာ ကိုယ်တော်ရှင်ကို ချီးမွမ်းနေကြပါတယ်။ ကျွန်တော်တို့တတွေ သိသင့်သလောက် သိကြပါသလား။ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထု ပစ္စည်းတွေဟာ ကိုယ်တော်ရှင်ကို အစေခံ နေကြပါတယ်။ ကျွန်တော်တို့ကို ကိုယ်တော်ရှင်ပြောမယ့် စကားလုံးတွေဟာ ဒီဖန်ဆင်းခံ လက်ရာတွေထဲက ဖြစ်ပေါ် လာတတ်ကြပါတယ်။


    ကိုယ်တော်ရှင်ရဲ့ လှပတဲ့ အလှတရားတွေ၊ လောကရဲ့ သဘာဝတရားတွေဟာ ကျွန်တော်တို့ တစ်ဦးစီအတွက် လောကကြီးကို တန်ဖိုး ထားတတ်အောင် သင်ကြား ပေးနေပါတယ်။ ယခုဆို သိပ္ပံပညာတွေကို တတ်မြောက် ခဲ့ကြပါတယ်။ လူတွေဟာ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ စိတ်တစ်ခုရဲ့ လွှမ်းမိုးခြင်းကို ခံကြရပြီး ဘုရားရှင်ကို ထည့်မတွက် ကြတော့ပါဘူး။ သိပ္ပံလောကရဲ့ တိုးတက်မှုကို ဂုဏ်ယူပြီး ငါ့မြင်း၊ ငါ့စိုင်း၊ စစ်ကိုင်း ရောက်ရောက်ဆိုတဲ့ သဘောမျိုးလို လူသားတွေ ကျင့်သုံး နေကြပါတယ်။ ကလေးငယ်တွေကို ပုံတူ ပွားကြပါတယ်။ ဖန်ပေါင်းချောင်ထဲမှ မွေးဖွားကြပါတယ် သူတို့ ကြိုက်သလို လူတွေကို လုပ်ကြပါတယ်။ တဖြည်းဖြည်းနဲ့ သိပ္ပံပညာရဲ့ တိုးတက်မှုဟာ လူကို ဖန်ဆင်းခံ လူသား တစ်ဦးဘ၀ကနေ ပြီးတော့ သိပ္ပံဌာန တခုက စမ်းသပ် ထုတ်လုပ်လိုက်တဲ့၊ စွမ်းအားပြည့် သတ္တ၀ါ တစ်ကောင်နှင့် တူနေပါတယ်။ လူ့ တန်ဖိုးဆိုတာ မရှိတော့ပါဘူး၊ အဖေဆိုတာ မရှိ၊ အမေဆိုတာ မရှိဘဲနဲ့ မွေးလာတဲ့ ကလေးတွေဟာ ကြက်ဥ ဖေါက်စက်က ပေါက်လာတဲ့ ကြက်ကလေးတွေလို စက်ရုပ်ဆန်ဆန် ဘ၀ကို နေထိုင်ဖို့က လွဲလို့ ဘာမျှ ဖြစ်လာနိုင်စရာ အကြောင်းက မရှိလှပါဘူး။

    ကိုယ့်သွေးကို နားထင်ရောက်အောင် ဖြစ်စေလောက်တဲ့ သိပံ္ပ နည်းပညာရှင်တွေရဲ့ အောင်မြင်မှုတွေဟာ လူဆိုတဲ့ သတ္တ၀ါကို ဘယ်လို နာမည်ပေးရမလဲဆိုတဲ့ အဖြစ်ထိတောင် ရောက်စေ ပါလိမ့်မယ်။ သဘာဝရဲ့ တရားတွေကို ဘုရားသခင် ကောင်းတဲ့ ရလဒ်တွေကနေ ဖန်တီး ခဲ့ပါတယ်။ ဆိုးကျိုး ဖြစ်စေနိုင်တဲ့ ကိစ္စ ကြီးငယ်တစ်ခု တပြားသားမျှ မပါဝင် ပါဘူး။ ဘာပဲဖြစ်ဖြစ် လောကဟာ လောကပါပဲ၊ သီအိုရီတွေဟာ သီအိုရီတွေ ပါပဲ။ လောကဟာ ထာဝရ လန်းဆန်း နေသလို သီအိုရီတွေဟာ တဖြည်းဖြည်း ဖုံတက် လာတတ်ပါတယ်။ သဘာဝ တရားရဲ့  စိမ်းစို လန်းဆန်းမှုတွေဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရာ လက်ရာများ ဖြစ်တာမို့ တည်ရှိနေမှာ မလွဲပါဘူး။ လူသားတွေဟာ ကိုယ်တော်ရှင်ရဲ့ ဖန်ဆင်းခံ သတ္တ၀ါတစ်ဦး ဖြစ်ပါလျှက်နဲ့ အခြား ဖန်ဆင်းခံ သတ္တ၀ါတွေကို ကိုယ့် စိတ်ကြိုက် ထင်ရာ စိုင်းနေတာဟာဖြင့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မိမိ မှီခိုနေရတဲ့ သဘာဝတရားကြီးကို မိမိ မြတ်နိုးရမှာ ဖြစ်ပါတယ်။ သိပ္ပံ ပညာတိုင်းဟာ အဆိုးဘက်ကို ရောင်ပြန် သမ်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

   

ကျွန်တော် ပြောချင်တာက ဖန်ဆင်းရှင်ရဲ့ လက်ရာများနဲ့ ဆန်ကျင်တဲ့ ကိစ္စတိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဓိကထားပြီး တင်ပြချင်တာကတော့ လောကကြီးမှာ ကောင်းမွန်စွာ အသက်ရှင်သမျှ ကာလပတ်လုံး ကိုယ်တော်ရှင်ကို အားကိုးပါ။ ဘုရားရှင်ရဲ့ ဖန်ဆင်းရာများ ဖြစ်တဲ့ လောကကြီးကို တရားမှတ်ပါ၊ လောကကြီးရဲ့ နက်နဲရာတွေကို သိအောင် မြင်အောင် လုပ်ဆောင်ပါ။ လောကကြီးရဲ့ တရားမျှတစွာ လုပ်ဆောင်ချက်နဲ့ အားနည်းချက်တွေထဲက နေပြီးတော့ ဘုရားရှင်ပေးတဲ့ ဘ၀ သင်ခန်းစာများကို လိုက်နာပါ၊ သင် သတိထားမိတယ် ဆိုရင် သစ်ပင်တစ်ပင်ပေါ်က သစ်ရွက်ကလေး တရွက် ကြွေကျတာတောင်မှ ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲပေးနိုင်တဲ့ သင်ခန်းစာ တခု ဖြစ်ပါတယ်။ ပန်းသီးတစ်လုံး ကြွေကျတာကို ကောက်စား မပစ်ပဲနဲ့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို သိရှိ ဖေါ်ထုတ်နိုင်ခဲ့တဲ့ အိုင်ဆက်နယူတန်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါတယ်။ လောကမှာ ဘာပဲဖြစ်ဖြစ် သတိက အရေးကြီးဆုံးပါ။ သတိထားမိရင် တရားရစရာ အကြောင်းတွေ အများကြီး ရှိပါတယ်။ ဒါတွေဟာ ကိုယ်တော်ရှင်ရဲ့ လောက သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ လောက သင်ခန်းစာများကို မှတ်မိ သတိ ထားမိစေရန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်း လူကောင်း ဆိုတဲ့ အသက်တာကို လျှောက်လှမ်းနိုင်ရန် လောကရဲ့ လျှို့ဝှက်ချက်များကို သိရှိနိုင်ပါစေ။ တရားရ နိုင်ကြပါစေ......။

                    ဝေလီ

Read More...

Thursday, July 18, 2013

လူငယ်တွေ ဆုံးဖြတ်ချက် ဘယ်လိုချမလဲ


    လူတိုင်း လူတိုင်း ဘ၀မှာ ဆုံးဖြတ်ချက်တွေ ချဖူး ကြမှာပါ။ ဒါပေမယ့် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချဖို့ အလွန် အင်မတန်မှ ခက်ခဲလှ ပါတယ်။ ဆုံးဖြတ်ချက် မချရဲတဲ့သူဟာ ဘ၀မှာ ပိုမို များပြားတဲ့ အခက်အခဲပေါင်း များစွာနဲ့ လျှောက်လှမ်း ရမှာပါ။ လူတိုင်း လူတိုင်းမှာ ရင်ဖွင့်စရာ မိတ်ဆွေ အပေါင်းအသင်းများစွာ လိုအပ် ပါတယ်။ အဲ့ဒီလိုပဲ အဲ့ဒီ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက် ချတာဟာ ကိုယ့်အပေါ် ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိပါတယ်။ စိတ်တိုနေတဲ့ အချိန် မြှောက်ပေးပြီး ရင်ဆိုင် ခိုင်းတာရှိသလို တရားချပြီး စိတ်လျှော့တာ အကောင်းဆုံးလို့ စိတ်ချမ်းသာစေတဲ့ နည်းပေးပြီး ဖေးမတာလည်း ရှိပါတယ်။

    အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားများ အဖို့ အားနည်းချက်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါဆို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ကျွန်မတို့အတွက် တရားသူကြီး တစ်ဦးစီ လိုအပ် နေပါတယ်။ အဲ့ဒီ တရားသူကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချပေးတဲ့ ကျွန်မတို့ရဲ့ ဖန်ဆင်းရှင် ဘုရားသခင် တစ်ပါးသာလျှင် ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်၊ မောင်မယ်များ ဆုံးဖြတ်ချက် အတွက် ချီတုံချတုံ ဖြစ်ခဲ့လျှင် ဘုရားသခင်နဲ့ တိုင်ပင်ပြီး အရာရာကို ဆုံးဖြတ် နိုင်ပါတယ်။

         လောကကြီးမှာ ဖြစ်ချင်တာတွေ အားလုံး ဖြစ်ခွင့် မရကြပါဘူး။ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း ကျဖို့လည်း မလွယ်သလို၊ ဖြစ်သင့်တဲ့ ဘ၀မှာ ရပ်တည်နေဖို့လည်း ခက်ခဲ ပါတယ်။ မိဘရဲ့ ဆန္ဒအရ ဘာတွေ ရွေးချယ်ခဲ့ပြီလဲ။ ကိုယ်ကိုတိုင်က ဘာဖြစ်ချင်တာလဲ။ ဘုရားသခင်က ဘယ်လို ဘ၀မျိုး ရွေးကောက်မှာလဲ။ စသည့် အတွေးများကို ဘုရားသခင်နဲ့ ပေါင်းစပ်ပြီးမှ သာလျှင် ဖြေရှင်း နိုင်ပါတယ်။

    ခုခေတ် ကာလမှာ ဖြစ်ပျက်နေတဲ့ ဆရာဝန်ဘွဲ့ရပြီး သီချင်း ဆိုနေတာ၊ သရုပ်ဆောင် လုပ်နေတာ၊ ကုန်သည် လုပ်နေတာ၊ အင်ဂျင်နီယာဘွဲ့ရပြီး စီးပွားရေး လုပ်နေတာ အားလုံး လွဲနေတာတွေ ဖြစ်ပြီး မိမိ ဘာဖြစ်ချင်တယ် ဆိုတာကို ကောင်းစွာ သိမထားခြင်းနှင့် တစ်ပါးသူရဲ့ တိုက်တွန်း သွေးဆောင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချ မှားသကဲ့သို့ ရွေးချယ်မှု မှားနေတာ ဖြစ်ပါတယ်။

    ဆရာဝန်ဆိုတာ ကျေးလက် ဒေသအတွက် ဘုရားတစ်ဆူ ပမာ အရေးပါနေသော်လည်း လူတွေရဲ့ အသက်ပေါင်းများစွာကို ကြိုးစား ကယ်တင် နိုင်သော်လည်း လက်တလော မြို့ပေါ်တွင် ရုံးစာရေး၊ စာရေးမ လုပ်နေခြင်းသည် ဆုံးဖြတ်ချက် လွဲမှားခြင်းဖြစ်၍ ဘ၀တွင် မပျော်နိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် အထက် ဖော်ပြပါ ဥပမာများကဲ့သို့ မဖြစ်စေဘဲ တစ်ဆူတည်းသော ဘုရားရှင်၌ ဆက်ကပ်ခြင်းဖြင့် လူငယ်၊ မောင်မယ်များ ဘ၀လမ်း အမှန်ကို ရွေးချယ် နိုင်ပါသည်။ လောက၌ လူက ကြံစည်ပြီး ဘုရားသခင်က ဖန်တီးနေတာ ဖြစ်ပါတယ်။ ငှက်က ပျံရင်း သေသကဲ့သို့၊ လူလည်း ကြံစည်ရင်း သေဆုံး ရမှာပါ။ ထို့ကြောင့် ဆုံးဖြတ်ချက် ချရန် ခက်ခဲသော လူငယ်မောင်မယ်များ ရခဲလှသော လူ့ဘ၀မှာ ဘုရားသခင်အားဖြင့် ဆုံးဖြတ်ချက်ကောင်းများ ရွေးချယ် ချမှတ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ။
 
 မေတ္တာများစွာဖြင့်
                   လင်ဒါထွန်းလွင်

Read More...

Tuesday, July 16, 2013

ဘ၀မုန်တိုင်းနဲ့ မိဘ

ဘ၀ရေဆန်လေထန်ပေမယ့်
နေ့နေ့ညည သတိယနေမိတာ
မိဘပါပဲ


ဘ၀ပင်လယ် မုန်တိုင်းကြား ကူးခတ်နေရပေမယ့်
မေ့လို့မရတာ မိဘ
ဘ၀ အနိမ့်အမြင့်ရယ်   မညီမညာ
ခရောင်လမ်းမှာ လျှောက်လှမ်းနေရပေမယ့်
ဘ၀အားမာန်တွေ အပြည့်ပေးနေတာကြောင့်
သားသမီးနှလုံးသားထဲမှာ ပျော်ရွှင်စေတာ
မိဘမေတ္တာ

ပစ္စည်းဥစ္စာ ဂုဏ်မာန်မာန ကင်းကွာ
ဖော်ရွေခင်မင် ပြုံးလို့ပျော်ရွှင်ကြတာ
တို့ရဲ့မိဘတွေပါ

    “အဝေးရောက်နေသူတွေကိုဖွဲ့ဆိုထားသည်”
                    လေပြေ

Read More...

Sunday, July 14, 2013

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ (၄)

၇။ သိကြား ရဟန္တာ သူတော်သူမြတ်များ
    ရဟန္တာ သူတော်သူမြတ် အပေါင်းတို့သည် မိမိတို့ ရောက်ရှိနေသော ထာဝရ သုခချမ်းသာတော်မှ နေ၍ အသက်ရှင် ကျန်ရစ်သူ ကမ္ဘာမြေသား ဘုရားဖူး သူတော်စင်များ အဖို့ ထာဝရဘုရားထံတော်မြတ်မှ နေ၍ ဆုတောင်းပေးကြ၏။ ကူညီကြ၏။ သုခ ချမ်းသာတော်တွင် သူတော်စင် အပေါင်းတို့သည် အနန္တ အရှင် ထာဝရဘုရားသခင်နှင့် သာမက ဘုရား မယ်တော်၊ သိကြား၊ ရဟန္တာများနှင့် အတူ ရှိကြ၏။ ဤကဲ့သို့ သေသူ၊ ရှင်သူများနှင့် ရဟန္တာ အပေါင်းတို့၏ အချင်းချင်း အကျိုး ကုသိုလ်မျှဝေ ခံစားကြခြင်းကို ကက်သလစ် ဘာသာစကားဖြင့် “ရဟန္တာ သူတော်သူမြတ်အပေါင်း တို့သည် တစ်လုံး တစ်ဝတည်း ရှိ၍၊ အချင်းချင်း အကျိုး ကုသိုလ် ခံစားကြခြင်း”ဟု ခေါ်ဆိုပါသည်။

    သိကြား ရဟန္တာများအား ကြည်ညို သဒ္ဒါပွားခြင်းများတွင် ဘုရားမယ်တော် ကညာစင်မာရီယားအား ကြည်ညိုခြင်းသည် အထူး ထင်ရှားပေသည်။ ဘုရားမယ်တော်ဟူသည် ထာဝရ အရှင် ခရစ်တော်ဘုရား လူအဖြစ်တော်ဖြင့် ကြွလာတော်မူစဉ်က ၀မ်းတော်၌ လွယ်ပိုက်၍ မွေးဖွား သန့်စင်ပေးခဲ့သည့် လူသားမိခင် ကညာစင်ပင် ဖြစ်၏။

၈။ ဘုရားမယ်တော်
    ကက်သလစ်ဘာသာက ဘုရားမယ်တော် မာရီယားအား မကိုးကွယ်ပါ။ ကက်သလစ် ဘာသာတွင် တစ်ဆူတည်းသော ဘုရားအားသာလျှင် ကိုးကွယ်ပါသည်။ ကက်သလစ် ခရစ်ယာန်များက မယ်တော်အား ယေရှု (ယေဇူး) ခရစ်တော်ဘုရား၏ မယ်တော်အဖြစ် ရိုသေကြသည်။ ကြည်ညို လေးစားကြသည်။ သို့သော် ဘုရားအမှတ်ဖြင့် မကိုးကွယ်ကြပါ။

    မယ်တော်မာရီယားသည် သူသူငါငါကဲ့သို့ လူသားတစ်ဦး ဖြစ်ပေသော်လည်း ယေဇူးဘုရား၏ မိခင် ဖြစ်ခွင့် ရခဲ့ပါလျှင်၊ သူမသည် ပညာ၊ သီလ၊ သမာဓိနှင့် ပြည့်စုံသော မိန်းမမြတ်တစ်ဦးဖြစ်မှာ မလွဲပါပေ။ ဘုရား၊ တရားနှင့် ပညာ၊ သီလ၊ သမာဓိရှိသူ မာရီယားသည် လူသား အပေါင်းတို့က စံပြု အတုယူထိုက်သူ မိခင်တစ်ဦးလည်း ဖြစ်ပါသည်။

    ကက်သလစ်ဘာသာ သမိုင်းတစ်လျှောက်တွင် မယ်တော်မာရီယားအား ယေဇူးဘုရား၏ မယ်တော်၊ ဘုရား မယ်တော်၊ ဧ၀ အသစ်၊ ကညာစင်မယ်တော်၊ ကောင်းကင်ဘုံဘုရင်မ၊ သာသနာတော်၏ မိခင်၊ လူအပေါင်းအား မှိုင်းမတော်မူသော အရှင်မ စသည့် ဘွဲ့နာမတော်များ ဆက်ကပ်၍ ကြည်ညို လေးစားကြ၏။ ပွဲတော်များ သတ်မှတ်၍ နှစ်စဉ် ကျင်းပကြ၏။ သို့သော် မယ်တော်အား  ဘုရားအဖြစ် မည်သည့် အခါကမှ မချီးမြှောက်ခဲ့ပါ။

    ကက်သလစ် ခရစ်ယာန်ဘာသာက ယေဇူး ခရစ်တော်၊ သိကြား၊ ရဟန္တာများနှင့် မယ်တော် မာရိယားတို့သည် လူသားများအား ရံဖန်ရံခါ ရူပါရုံ အထင်အရှား ပြလေ့ရှိကြောင်း ယုံကြည် လက်ခံ၏။ ထို့ကြောင့် ကက်သလစ် ခရစ်ယာန်အမြောက်အများ သွားရောက်လေ့ ရှိသည့် မယ်တော် ရူပါရုံပြခဲ့သော နေရာများအနက် တူရကီနိုင်ငံ အေဖက်ဆုမြို့၊ ပေါ်တူဂီနိုင်ငံ ဖာတီမာမြို့၊ ပြင်သစ်နိုင်ငံ လူဒယ်မြို့များမှာ အထူး ထင်ရှားပါသည်။   

၉။ ခန္ဓာကိုယ် ရှင်ပြန် ထမြောက်ခြင်း
    ထာဝရ သုခတော်ဟု ဆိုရာတွင် နောက်ဆုံးသောနေ့၌ “ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့် အကြောင်း” လည်း ပါဝင်၏။ အဓိပ္ပါယ်မှာ လူသည် အသက် သေပြီးသည့်နောက် သူ၏ ၀ိညာဉ် သာမက၊ သူ၏ ခန္ဓာကိုယ်သည်လည်း ၀ိညာဉ်နှင့် ပြန်လည် ပေါင်းစပ်ခွင့်ရကာ ထာဝရအ သက်ရှင်မည့် အကြောင်းဖြစ်၏။

    လူ့ခန္ဓာကိုယ် တစ်နည်းအားဖြင့် လူ့အသားသည် ပုပ်စပ်ခြင်း၊ ပျက်စီးခြင်း၊ သေဆုံးခြင်း၊ ပျောက်ကွယ်ခြင်း သဘောတရားရှိ၏။ ကိုယ်ခန္ဓာ ရှင်ပြန် ထမြောက်ခြင်းဟု ဆိုသော အခါ ထိုခန္ဓာကိုယ်သည် သေဆုံးသွားသော်ငြားလည်း တစ်နေ့သောအခါတွင် ရှင်ပြန် ထမြောက်လိမ့်မည်ဖြစ်၏။

    ခန္ဓာနှင့်တကွ ရှင်ပြန် ထမြောက်ရမည့် အကြောင်းကို ယုံကြည်ရခြင်းသည် ယေဇူးဘုရားရှင်၏ ဘုန်းတော်နှင့် ရှင်ပြန် ထမြောက်ခြင်းကို ယုံကြည်ခြင်းတွင် အခြေခံ ပါသည်။ ယေဇူးဘုရားသည် လက်ဝါးကားတိုင်ပေါ်မှာ အသက်တော် စွန့်တော်မူခဲ့၏။ ကျောက်ဂူတွင်း၌ မြှုပ်နှံ သင်္ဂြုံလ်ခြင်းကို ခံတော်မူခဲ့၏။ သို့သော် သုံးရက်မြောက်သောနေ့တွင် ကျောက်ဂူ သင်္ချိုင်းတော်သည် အလောင်းတော်မဲ့ကာ ဟာလာ ဟင်းလင်းပွင့် ကျန်ရစ်၏။ ကိုယ်တော်ကို အသက်ရှင်လျက် တစ်ဖန် ဖူးမျှော်ခဲ့ကြရသော နောက်တော်လိုက် တပည့်အပေါင်းက ကိုယ်တော်သည် သေခြင်းကို ဖြို ခွင်း အောင်မြင်တော်မူလျက် ဘုန်းတော်နှင့် ရှင်ပြန် ထမြောက်တော်မူကြောင်း မျက်မြင် သက်သေများအဖြစ် ယုံကြည် ၀န်ခံကြလျက် ဟောပြော သွန်သင်ခဲ့ကြ၏။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များက ကွယ်လွန်သူတို့သည် ယေဇူး ခရစ်တော်နည်းတူ နောက်ဆုံးသော နေ့ရက်တွင် ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ကြ၏။ လူသည် သေဆုံးသောအခါ သူ၏ ခန္ဓာမှာ ပုပ်သိုး ဆွေးမြေ့သွား၏။ သူ၏ ဇီဝ ၀ိညာဉ်မူကား အသက်ဆက် ရှင်၏။ ကမ္ဘာကုန်သောနေ့၌ မူကား ထာဝရ အရှင်ဘုရား ကိုယ်တော်မြတ်သည် သူတို့၏ ခန္ဓာကိုယ်ကို ထမြောက်စေတော်မူပြီးလျှင် ဘုန်းတော်ပွင့်သော ခန္ဓာ (Glorious or Spiritual Bodies) အဖြစ်သို့ ပြောင်းပေးတော်မူလိမ့်မည်။

    လူ့ စဉ်းစားဥာဏ်စွမ်းနှင့် နားမလည်နိုင်၊ မစဉ်းစားနိုင်ပါသော်လည်း ယေဇူးဘုရား၏ ရှင်ပြန် ထမြောက်တော်မူခြင်းနှင့် ဘုရား ဘုန်းအာနုဘော်တော်ကို အကြွင်းမဲ့ ယုံကြည်ခြင်းအားဖြင့် လက်ခံနိုင်ကြ၏။ 

    နောက်ဆုံးနေ့တွင် ကိုယ်ခန္ဓာ ရှင်ပြန် ထမြောက်ရခွင့် ရနိုင်ရန် ယေဇူးဘုရား၏ တရား အဆုံး အမအောက်၌ စွဲမြဲစွာ နေထိုင် အသက်ရှင်ဖို့၊ မိမိ၏ အပြစ်များအတွက် သံဝေဂတရား၌ ခွင့်လွှတ်ခြင်း ခံယူဖို့ လို၏။

၁၀။ ယေရှု (ယေဇူး) ခရစ်တော်ဘုရား ဒုတိယအကြိမ် ကြွလာတော်မူခြင်း။
    ယေဇူး ကိုယ်တော်မြတ်သည် သိကြား ရဟန္တာများခြံရံလျက် ဘုရားအဖြစ်တော်၊ ဘုရားဘုန်းတော်ဖြင့် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်း၊ ထိုအချိန် ကျရောက်သော် ရှင်သူ သေသူ အပေါင်းတို့သည် ကိုယ်တော်မြတ် ရှေ့မှောက်တွင် စုရုံးရောက်ရှိ လာကြ၍ သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့ထံမှ ခွဲ၍ မိမိ၏ လက်ယာဖက်သို့၊ ဆိတ်တို့ကိုမူကား လက်ဝဲဖက်သို့ ခွဲခြားသည့်နည်းတူ သူတို့ ပြုခဲ့ကြသော ကုသိုလ်၊ အကုသိုလ်များ အလျောက် ထာဝရသုခ ချမ်းသာတော်နှင့် ထာဝရ ပျက်စီး ဆုံးရှုံးခြင်းသို့ ရောက်ကြရမည့် အကြောင်း၊ ကိုယ်တော်ရှင်သည် အပြစ် ဒုစရိုက် တရားကြီးနှင့် သေခြင်းတရားကို အောင်မြင်တော်မူလျက် ဧမှန် အမှန် ရှင်ပြန် ထမြောက်တော်မူပြီး ထာဝရ အသက်ရှင်တော်မူသည့် နည်းတူ ကျက်သရေ မင်္ဂလာရှိစွာ သေဆုံး သွားကြကုန်သော ဖြူစင်ဖြောင့်မတ်သော သူတော်စင် အပေါင်းတို့သည်လည်း ယေဇူး ကိုယ်တော်၏ ဘုန်းတော်၌ ရှင်ပြန် ထမြောက်ကြလျက် ထာဝရ အသက်ရှင်ကြမည့် အကြောင်းတို့ကို ခရစ်ယာန်ဘာသာက တရားပြပါသည်။

    ယေဇူး ခရစ်တော်ဘုရားသည် ကမ္ဘာကုန်လျှင် ဘုရား ဘုန်းတော်ဖြင့် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်းကိုလည်း ယုံကြည်ကြ၏။ ထို နောက်ဆုံးသော အချိန်နာရီကိုမူ ဘုရားမှ တပါး မည်သည့် လူသားတစ်ဦး တစ်ယောက်မှ မသိနိုင်ပါချေ။ ယေဇူး ကိုယ်တော်သည် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်းကိုလည်း ခရစ်ယာန်များက ယုံကြည်စွာ စောင့်မျှော်ကြ၏။ ဒုတိယအကြိမ် ကြွလာတော်မူရာတွင် ပထမအကြိမ် ကြွလာတော်မူခြင်းကဲ့သို့ လူ့အဖြစ်နှင့် နိမ့်ကျစွာ မဟုတ်ဘဲ၊ ဘုန်းတော် ဂုဏ်တော်ရှင် ဘုရားအဖြစ်တော်နှင့် ကြွလာမည်ဟု ယုံကြည်ကြ၏။

၁၁။ သမ္မာကျမ်းစာတော်မြတ်
    ဘုရား ဗျာဒိတ်တော် အစုံစုံအား ပေထက် အက္ခရာတင်ထားသော စာအုပ်တော်ကို ကျမ်းစာအုပ် ဟု ခရစ်ယာန်များက ခေါ်ပါသည်။ သမ္မာကျမ်းစာ၊ ဓမ္မကျမ်းစာဟုလည်း ခေါ်ပါသည်။ လူသားတိုင်း အမှီ သဟဲပြုရာ၊ အကိုးအကား ပြုရာ၊ ခိုလှုံရာ ဖြစ်ခြင်းကြောင့်  ကျမ်းစာတော်သည် သန့်စင် မြင့်မြတ်သော ကျမ်းဖြစ်၏။ ကျမ်းစာပါ တရားများသည် ဘုရားရှင်၏ တရားတော် အစုစုနှင့် ယေဇူးဘုရား၏ သက်တော်စဉ် ဖြစ်တာကြောင့်လည်း ခရစ်ယာန်များက ဘုရား နှုတ်ကပါတ်တော်၊ ဘုရား နှုတ်တော်ထွက် စကား (တရားတော်)ဟု ခေါ်ဆိုပါသည်။ သမ္မာ ကျမ်းစာတော်မြတ်သည် လူသားတို့ အတွက် လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာ ရစေရာ တရားတော်မြတ်ဖြစ်ခြင်းကြောင့်၊ ကျမ်းစာတော်ပါ အဆုံးအမများကို ကက်သလစ် ဘာသာဝင်များက ရိုကျိုး သဒ္ဓါကြီးမားစွာ ဖတ်ရှု ပွားများကြ၍၊ ယုံကြည် စိတ်ချစွာ ခိုလှုံ ကျင့်ကြံ ဆောက်တည် နေထိုင်ကြ၏။

၁၂။ ကက်သလစ်သာသနာ
    “ဘုရားနှင့် သက်ဆိုင်သော၊ တရားတော်နှင့် သက်ဆိုင်သော”ဟု အဓိပ္ပါယ်ရသော ရှေးခေတ် ဂရိတ် ဝေါဟာရ ကူရီရားကို့(စ်) (ku-ri-a-kos or ku-ri-a-kon) နှင့် လာတင်းဘာသာစကား ဝေါဟာရ “အက္က လေးဆီယား (ecclesia, ek-kalein in Greek) တို့ကို မြန်မာမှုပြု၍ ကက်သလစ်သာသနာ(Catholic Church) ဟု ခေါ်ဆိုပါသည်။

    ဘုရား ၀တ်ပြုရန်အတွက် သစ်၊ ၀ါး၊ သွတ်၊ သက်ငယ်၊ သံ၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးကိုမူ “ဘုရားရှိခိုးကျောင်း (church)”ဟု ခေါ်ပါသည်။

    ခရစ်ယာန် သာသနာသည် ယေဇူးခရစ်တော် ဘုရား၏ သန့်ရှင်းသော သာသနာတော် ဖြစ်တာကြောင့် “ခရစ်တော်၏ ခန္ဓာတော်”ဟူ၍ လည်းကောင်း၊ မိမိ၏ သိုးအုပ်ကို ရင်ခွင်ပိုက်ကာ ထိန်းသိမ်း စောင့်ရှောက်တတ်သော သိုးကျောင်းသားများကို အမှီပြုလျက် “သိုးခြံ”ဟု လည်းကောင်း၊ လယ်ယာ စိုက်ပျိုးခြင်းကို ပုံပြုလျက် “သာသနာ့ လယ်ကွင်း”ဟု လည်းကောင်း၊ အဆောက်အဦး ဗိသုကာ၏ ကြီးကျယ် ခန်းနားခြင်းဖြင့် ခိုင်းနှိုင်းလျက် “သာသနာ့ အဆောက်အဦး” ဟု လည်းကောင်း၊ မိသားစု၏ သွေးစည်းမှုကို ကိုးကားလျက် “အမိသာသနာ”ဟု လည်းကောင်း အမြတ်တနိုး တင်စား ခေါ်ဆိုလေ့ရှိ၏။ သာသနာတော်သည် (၁) ယေဇူးဘုရား၏ တပည့်တော် တမန်တော်တို့မှ ဆင်းသက်လာသော၊ (၂) တစ်ခုတည်းသော၊ (၃)သန့်ရှင်းသော၊ (၄) ကက်သလစ်သာသနာဖြစ်၏ဟု သွန်သင် ကြပါသည်။

 (ရှေ့ဆက်ပါဦးမည်။)
                       မာကုဒဿန   

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ ()

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ ()

ကက်သလစ်ခရစ်ယာန်ဘာသာအကြောင်း တစ်စွန်းတစ်စ (၃)

Read More...

Thursday, July 11, 2013

မစွန့်ကောင်းသည့် အဟောင်း

    "အသစ်တည်ဆောက် အဟောင်းမြှင့်တင်" ဟူသည့် ဆောင်ပုဒ်အား ကျွန်ုပ်တို့ မကြာခဏ မြင်ဖူး၊ ကြားဖူး ကြပေလိမ့်မည်။ ဆိုလိုရင်း အဓိပ္ပါယ်ကိုလည်း သိကြ ပေလိမ့်မည်။ ခန္ဓာနှင့် ၀ိညာဉ်ဖြင့် တည်ရှိနေသည့် ကျွန်ုပ်တို့၏ တစ်ဦးစီ ကိုယ်၌လည်း အမြဲတမ်း အသစ် တည်ဆောက် အဟောင်းမြှင့်တင်ရန် လိုအပ်ပါသည်။ ထက်မြက်သည့် ကိုယ်ရည် ကိုယ်သွေးနှင့် မွန်မြတ်သည့် စာရိတ္တများ ရှိစေရန် မကျင့်ကြံရသေးသည့် ကောင်းမှု ပါရမီများကို ဆည်းပူး ကျင့်ကြံ ကြရမည် ဖြစ်သလို၊ ရှိရင်းစွဲ ပြုနေကျ ပါရမီများကိုလည်း ဆက်လက် ထိန်းသိမ်း ကျင့်ကြံသွားရန် လိုအပ်ပါသည်။ “အဟောင်း”ဟု ဆိုရာ၌ ကြာသွားလျှင် မကောင်းဟု အမြဲ မယူဆ သင့်ပေ။ ပါရမီကောင်းတစ်ခု ထာဝရ ကောင်းမြတ်နေရခြင်းမှာ ဘုရားရှင်သည် အမြဲ ကောင်းမြတ်ခြင်းသဘော ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးအဖို့ ပြုနေကျ ပါရမီကောင်း တစ်ခုသည် ထာဝရ ကောင်းနေဦးမည် ဖြစ်ပါသည်။

    ပါရမီကောင်း တစ်ခုကို သက်ဆုံးတိုင် ကျင့်ကြံ သွားနိုင်ရန် အချိန်တိုင်းတော့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဟောင်းသယောင်ရှိသည့် ပါရမီကောင်း တစ်ခုကို ထိန်းသိမ်းရန် မလွယ်ကူကြောင်း အတွေ့အကြုံ တစ်ခုဖြင့် ဖော်ပြလိုပါသည်။ လွန်ခဲ့သော နှစ် အနည်းငယ်က ဧရာဝတီတိုင်း မေရီလန်းမယ်တော်ပွဲသို့ မိတ်ဆွေတစ်ဦးနှင့်အတူ ရောက်ဖြစ်ခဲ့ပါသည်။ မိတ်ဆွေက တစ်ရပ်တည်းသား ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ဖြစ်သည်။ သူ့၌ ထူးခြားသည့် အကျင့်လေး တစ်ခုရှိသည်။ သူတစ်ပါးကို သနားတတ်ခြင်း ပင်။ အထူးသဖြင့် တောင်းစားနေသူများကို တွေ့လျှင်
ကြံဖန်၍ အလှူ ပြုတတ်လေ့ရှိသည်။ ဤအရာက သူ့ရဲ့ ငယ်ကျင့် ပါရမီကောင်းလေး တစ်ရပ် ဖြစ်နေတော့သည်။ မယ်တော်ပွဲ နောက်ဆုံးရက် နံနက် ဘုရားဝတ် ပြုခြင်း အစီအစဉ်အပြီးမှာ ကျွန်ုပ်တို့နှစ်ဦး သစ်ပင်တစ်ပင်ရဲ့ အရိပ်မှာ စကား ပြောနေခဲ့ကြသည်။ ထိုစဉ် အသက် ငါးဆယ်ကျော်ခန့် ပိုက်ဆံ လိုက်တောင်းနေသည့် အမျိုးသမီးကြီးတစ်ဦး ရောက်လာပါသည် ကျွန်ုပ်၌ လောလောဆယ် ပိုက်ဆံ တစ်ပြားမှ မရှိပါ။ မိတ်ဆွေကတော့ ဘောင်းဘီအိပ် စမ်းလိုက်၊ အင်္ကျီအိပ် စမ်းလိုက်ဖြင့် နောက်ဆုံး ငါးကျပ်တန် နှစ်ရွက်နှင့် နှစ်ဆယ်တန် တစ်ရွက်ကို အမျိုးသမီးကြီး အားပေးလိုက်ပါသည်။ လက်ထဲ ရောက်လာသည့် ပိုက်ဆံကို ခေတ္တမျှ ကြည့်နေရင်း အမျိုးသမီးကြီးက “နင့် ပိုက်ဆံ သုံးဆယ်နဲ့ ငါဘာလုပ်လို့ ရမှာလဲ”ဟု ဆိုကာ ပိုက်ဆံကို ပစ်ချခဲ့၍ ထွက်သွား ပါတော့သည်။ ဤဖြစ်ရပ်အား လူအများလည်း မြင်နေရသည်မို့ ကျွန်ုပ် မိတ်ဆွေမှာ အလွန် ရှက်သွားသည့်ဟန် ရှိပါသည်။ စေတနာကို လူတွေ ရှေ့မှာ စော်ကားခံလိုက်ရခြင်းပဲဟု သူ့အဖို့ တွေးနေ မလားတော့ မသိချေ။ နောက်ကြုံသည့် အခါ သူနှင့် ခရီးသွားဖြစ်သည့်အခါတိုင်း အရင်ကကဲ့သို့ ပြုလုပ်ခြင်းမျိုး မရှိတော့သည်ကို ကျွန်ုပ် သတိပြုမိခဲ့ပါသည်။ သူ့အား အကြောင်းရင်းကို မမေး မိခဲ့သော်ငြားလည်း အထက်က ကြုံခဲ့ရသည့် ဖြစ်ရပ်နှင့်တော့ ပတ်သက်လိမ့်မည်ဟု ကျွန်ုပ် ယူဆမိပါသည်။

    ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ အရာရာတိုင်း လိုလိုပင် ပြောင်းလဲနေသည်။ ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုနှင့် ယှဉ်၍ ကျွန်ုပ်တို့ ကိုယ်တိုင်လည်း လိုက်၍ ပြောင်းလဲ နေတတ်သည်။ လူသည် များသောအားဖြင့် သက်တောင့် သက်သာရှိစေမည့် အခြေအနေပေါ် လိုက်၍ နေချင်ကြသည်။ တစ်ခါတစ်ရံ ခေတ် ရေစီးကြောင်းနှင့် အတူ စီးမျောရင်း ဘုရားပေးသည့် ဆင်ခြင်တုံ အသိတရားကို လစ်လျူရှုကာ အဆိုးတရား မိုးခါးရေကို သောက်သုံး မိတတ်ပါသည်။ ထိုအခါ အသိဉာဏ်နှင့်ယှဉ်၍ ကျင့်ကြံလာခဲ့သော ပါရမီကောင်းများကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ အမှန်တရားတစ်ခုမှာ မြေတစ်မုံ မှ စတင်ဖွဲ့စည်းထားသည့် ဤကမ္ဘာမြေထုမှာ မားမား မတ်မတ်ရှိနေဆဲ ရေတစ်စက်မှ စတင် ပေါင်းစပ် ဖွဲ့စည်းထားသည့် မြစ်တစ်စင်းမှာ စီးမြဲ စီးနေဆဲပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ ကျင့်ကြံမှု ပါရမီကောင်းမှုများမှာလည်း လောကကြီးနှင့် လူသား အကျိုးအတွက် အကျိုးကျေးဇူး ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ပြုနေကျ ပါရမီ အဟောင်းများကို ဆက်လက်၍ ကျင့်ကြံ သွားရဦးမည် ဖြစ်သည်။

    ကောင်းသည့် အကျင့် ပါရမီတို့ဖြင့် ရှင်သန်နေသူတို့သည် ဘ၀၌ မည်သည့်အရာကိုမျှ အရေးမမူပဲ ရှင်သန် နေသူများနှင့် မတူကြချေ။ ဥပမာ ဆိုရသော် ကွင်းပြင်တစ်ခုထဲက သစ်ပင်တစ်ပင်နှင့် တူသည်။ နေပူ မိုးရွာ၊ ပူသည် အေးသည်ဟူ၍ မရှောင်၊ ရေသောက်မြစ်ကို အမှီ ပြုရင်း ပတ်ဝန်းကျင်နှင့် ခရီးပြုနေသည့် လူတို့အား အကျိုးပြု နေပါသည်။ တစ်ခါတစ်ရံ အရိပ်ခိုရင်း အခတ်ပါ ချိုးသွားခြင်း ခံရသည့် အဖြစ်မျိုးနှင့်လည်း ကြုံရ တတ်ပါသည်။ သို့သော် ၎င်းင်းအဖို့ ရေသောက်မြစ်နှင့် မကင်းကွာ သွားသ၍ အသစ်သော အကိုင်းအခက်များကို ပြန်လည် ဝေဆာစေပြီး အေးမြသည့် အရိပ် အာဝါသကို ပေးဆဲပင် ဖြစ်သည်။ ဤနည်းတူပင် ကောင်းမှု ပါရမီတို့ဖြင့် ကျင့်ကြံ နေထိုင်လာခဲ့သူတစ်ဦး အနေဖြင့်လည်း အခြေအနေနှင့် အချိန်အခါကို လိုက်၍ မိမိ၏ အကျင့်ပါရမီကောင်းများကို မစွန့် ပစ်သင့်ပေ။ သစ်ပင်သည် မိမိ ရေသောက်မြစ်ကို အားပြု ရှင်သန်သကဲ့သို့ မိမိ နှလုံး၌ ကောင်းမှု ပါရမီများကို သိမ်းဆည်း မှတ်ယူရင်း ပတ်ဝန်းကျင်မှ သတ္တ၀ါတို့ အကျိုးကို ဖြည့်ဆည်း ပေးရပါမည်။ ကိုယ်ပြုသည့် ပါရမီအကျိုးကို တစ်ဖက်မှ ခွက်မှောက်၍ ခံယူလိုက်သော်ငြားလည်း မှန်ကန်သည့် ကုသိုလ်ပြုမှု အကျိုးမှာ မိမိအတွက် အလဟသ ဖြစ်မသွားပါ။ တမလွန် ခရီးအတွက် ရိက္ခာ၏ အဖိုးအခပင်ဖြစ်ကြောင်း နားလည်ရပါမည်။ အပြောင်းအလဲများ ဒီရေပမာ တိုးတက်နေသော ယနေ့ ခေတ်ကြီးတွင် ကျင့်ကြံနေကျ ပါရမီကောင်းမှုများကို ဆက်၍ ထိန်းသိမ်းသွားနိုင်ရန် အခက်အခဲတော့ ရှိပေမည်။ အမြင့်ရောက်ရန် အဆန်လမ်းသာ ရှိသည်။ အလျှောက်နည်းသည့် လမ်းမှာ ဆူးခလုတ်တော့ ရှိတတ် စမြဲပင်။ အသိတရား၊ ဇွဲလုံ့လ၊ သည်းခံ နှိမ့်ချခြင်း တို့ဖြင့် လျှောက်လှမ်းရပါမည်။ ရေသောက်မြစ် ပျက်တောက်သွားသည့် သစ်ပင်အဖို့ ခြောက်သွေ့ ဆွေးမြေ့သွားနိုင်သလို ကောင်းမှု ပါရမီ မရှိသည့် လူတစ်ဦး၏ အသက်တာမှာလည်း ရေစီးရာ မျှောပါနေသည့် သစ်ဆွေးတုံး ပမာဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဤလောက၌ ရှိနေစဉ် ကောင်းမှု ပါရမီတို့ဖြင့် ရှင်သန်ရန် လိုအပ်သည်။ ပြုကျင့်နေကျ ပါရမီကောင်းလေးများကို မည်သည့် အခြေအနေနှင့် ကြုံရပါစေ ဆက်လက် ကျင့်ကြံ သွားရပါမည်။ မိမိဘက်၌ ပြတ်သား ကြည်လင်သည့် ဆန္ဒ ရှိမည်ဆိုလျှင် စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါသည်။ ထို့ကြောင့် အကျင့်ကောင်း ပါရမီများကို မိမိတို့၏ ခါးစည်းသဖွယ် အမြဲ ၀တ်ဆင်ရင်း အသက်တာ တစ်လျှောက်လုံး ကျင့်ကြံ နေထိုင်သွားရန် လိုအပ်ပါတော့သည်။
              
                ဂျွန်သွီ(မော်လမြိုင်)

Read More...

Wednesday, July 10, 2013

လူငယ်ဆိုတာ

ရေရဲ့အတိမ်အနက်ကိုသိချင်ရင်
ကြာပွင့်လေးများကိုကြည့်၍သိနိုင်သလို
မိုးလေ၀သရဲ့အခြေအနေကိုသိချင်ရင်
မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့်
သိနိုင်ပါလိမ့်မယ်

အဲ့ဒီလိုပဲ . . . . အနာဂါတ်အသင်းတော်ကြီးရဲ့
တိုးတက်မှု၊ ဆုတ်ယုတ်မှုများဟာ
ယနေ့ကက်သလစ်လူငယ်များရဲ့
အခြေအနေအပေါ်မှာမူတည်နေပါတယ်
အမိအသင်းတော်ကြီးကို အလှဆင်နေသူများမှာ လူငယ်များပင်ဖြစ်ကြတယ်။

ဒါကြောင့် . . . . လူငယ်ဆိုတာ
        သစ်လွင်တဲ့အမြင်၊ မှန်ကန်တဲ့ခံယူချက်
        တောက်ပြောင်တဲ့စွမ်းအားနဲ့
        သာသနာရဲ့လယ်ကွင်းပြင်မှာ
        လိုအပ်နေတဲ့လုပ်အားတွေကို
        ပေးဆပ်ဖို့အဆင်သင့်ရှိရမယ်။

သွေးအားဖြင့်မဟုတ်သေးတောင်
ချွေးအားဖြင့်ကြိုးစားကြဖို့ အချိန်တန်နေပါပြီ အသင်“လူငယ်”

နှင်းပွင့်ဖြူ (သံဝင်း)

Read More...

Tuesday, July 9, 2013

ကောင်းသော ပုံသက်သေ

မြင်းရိုင်းတစ်ကောင်လို တရှိန်ထိုးပြေးထွက်ခဲ့ . . . .
ညအမှောင် တံခါးတစ်ချပ်နောက်မှာ
လရောင်ဝိုးတဝါးနဲ့ ရောင်စုံအလင်းတန်းတွေ
ငါ့ကိုပြုံးပြလိုက်တယ် . . . ငါချော်လဲသွားချိန်
အဖေ့ရဲ့အသံ လှိုင်းတွေကြောင့် လူးလဲထနိုင်ခဲ့
အမှန်ဆို အမှောင်ကိုကိုယ်စားပြုတဲ့ ရောင်စုံအလင်းတန်းတွေ။

အပေါင်းအနုတ် အမြောက်အစားတွေနဲ့
မုန်တိုင်းဆင် အခက်အခဲတွေကြားမှာ
ဖရိုဖရဲနဲ့ မဲ့ခဲ့တဲ့အတတ်ပညာတွေ
ငါ့ကိုနမ်းရှိုက်လိုက်တယ် . . . .ငါချော်လဲသွားချိန်
အဖေ့ရဲ့ ရုန်းကန်မှုတွေကြောင့် လူးလဲထနိုင်ခဲ့
အမှန်ဆို ငယ်စဉ်အတိတ်ကို ထင်ရှားပြတဲ့အတတ်ပညာတွေ။

အကြိမ်ကြိမ် လူးလဲကာရုန်းထခဲ့
အောင်မြင်ချိန် လျှောက်ခဲ့တဲ့လမ်းကြားထဲမှာ
မက်ခဲ့တဲ့ လက်မ . . . . ထောင်ချိန်တွေ
ငါ့ကိုထွေးပွေ့လိုက်တယ် . . . . ငါကြုံးဝါးလိုက်ချိန်
အဖေ့ရဲ့ပုံသက်သေကြောင့် လက်မ . . . . ထောင်နိုင်ခဲ့
အမှန်ဆို ငါ့အသွေးအသားထဲမှာ . . . . . . . . . . .
အဖေဆုပ်ကိုင်ထားတဲ့  . . . . ချော်လဲ ပြန်ထ ဆက်လျှောက် . . . . .
ပုံသက်သေကောင်းတွေစီးဝင်လျှက်

                            စန်းယုပိုင်(ဟင်္သာတ)


Read More...

Saturday, July 6, 2013

ဘုရားသခင် သင့်အား ပြုပြင်ပေးလိုသည်။


သင်၏ အတတ်အားဖြင့် သင့်ကိုယ်သင် မသတ်ဖြတ်ပါနှင့်။ အရှုံးကြီး ရှုံးခဲ့သော၊ အပျက်ကြီး ပျက်ခဲ့သော ယေဇူး၏ အမျိုးသမီး မိတ်ဆွေလေးဦး အကြောင်း ကောက်နှုတ် ဖော်ပြပါရစေ။

    ထိုလေးဦးမှာ နတ်ဆိုးစီးသော မိန်းမ၊ တစ်ခုလပ် မိန်းမ၊ ပြစ်ဒဏ်ချမှတ်ခံရသော မိန်းမ၊ ပြည့်တန်ဆာ မိန်းမတစ်ဦးတို့ ဖြစ်သည်။ နာမည်ကြီး မာရီယား မာဒလေနားနှင့် အစပြု ကြစို့။ သင်သည် ရုန်းထွက်၍ မရနိုင်တော့ပါဟု ခံစား ရပါသလား။ မာရီယား မာဒလေနားသည် နတ်ဆိုး ခုနှစ်ကောင် ပူးနေသည်ဟု ကျမ်းစာတော်မြတ် တွင် ဖော်ပြ ထားသည်။ ဂျူးတို့၏ ထုံးတမ်းစဉ်လာ အရ နံပါတ် (၇) ဂဏန်းသည် ပြည့်စုံခြင်း၏ အမှတ် လက္ခဏာဖြစ်သည်။ အဓိပ္ပါယ်မှာ သူမသည် အပြည့်အ၀ လုံးဝ ဆိုးသွမ်းသည်။ သို့သော် ယေဇူးက သူမအား မိတ်ဆွေ ဖွဲ့ခဲ့သည်။ ခင်မင် ရင်းနှီး ခဲ့သည်။ သူမသည် ယေဇူး၏ စွဲမြဲ ခိုင်မာသော နောက်လိုက် တစ်ဦး ဖြစ်ခဲ့သည်။ ရှေးဦး အသင်းတော်၏ အမာခံ ကျောရိုး ဖြစ်ခဲ့သည်။

    သင်သည်လည်း ယနေ့ မာရီယား မာဒလေနားကဲ့သို့ ခံစား ရနိုင်သည်။ သင်သည်လည်း နတ်ဆိုးများ အစီးခံရသောကြောင့် ရုန်းထွက် မရအောင် ဖြစ်နေနိုင်သည်။ သင်သည် မူးယစ်ဆေးဝါးစွဲ သူ၊ အရက်စွဲ သူ၊ တစ်ခုခုစွဲ သူ ဖြစ်နိုင်ပေသည်။ ထို မကောင်းသော အလေ့အကျင့်ကို ကန်ထုတ်ရန် သင်အမျိုးမျိုး ကြိုးစား ခဲ့သည်။ သို့သော် ဘာမှ ပြောင်းလဲမှု မရှိ။ သင်သည် သင်၏ စိတ်ဓါတ် ကျခြင်း၊ သင်၏ ကြောက်ရွံ့မှုများ၊ သင်၏ စိုးရိမ် ပူပန်မှုများတွင် ပိတ်မိနေပြီး ရုန်းထွက်၍ မရနိုင်အောင် ဖြစ်ကောင်း ဖြစ်နေပေမည်။ သင်သည် အကျဉ်းကျသကဲ့သို့ ခံစားရသည်။ ပြုပြင်၍ မရနိုင်ဟု သင် ခံစားရသည်။ သေချာ နားထောင်ပါ မိတ်ဆွေ၊ ဘုရားသခင် သင့်အား ပြုပြင် ပေးလိုသည်။ ဘုရားသခင် သင့်အား ကုသ ပေးလိုသည်။ မာရီယား မာဒလေနားထံမှာ နတ်ဆိုးများကို မောင်းထုတ်သကဲ့သို့ သင့်အား ချုပ်ကိုင်ထားသော အရာများကို ဖယ်ရှားပေး လိုသည်။ သင့်အား လွတ်မြောက် စေလိုသည်။

နောက်တစ်ဦးမှာ ကွာရှင်း ပြတ်စဲရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည် သင်သည် အိမ်ထောင် ပျက်ဖူးပါသလား။ ဒုတိယ အမျိုးသမီးမှာ ယောက်ျား ငါးရောက်ရှိသော ဆာမာရီတန် မိန်းမ ဖြစ်သည်။ နတ်ဆိုး ၇ ကောင်စွဲခြင်းနှင့် ယောက်ျား ၅ ယောက်ရှိခြင်း ဘယ်အရာက ပိုဆိုး သနည်း။

    သင်သည် ဆာမာရီတန် မိန်းမကဲ့သို့ အိမ်ထောင်ပျက်ခြင်းများကို ခံစား ရကောင်း ခံစားရပေမည်။ သင်က အိမ်ထောင်ရေး ဖောက်ပြန်သောကြောင့် ဖြစ်ကောင်း ဖြစ်မည်။ သင်သည် အိမ်ထောင်ပျက် တစ်ဦး ဖြစ်ကောင်း ဖြစ်ပေမည်။ သင်သည် အိမ်ထောင် ပျက်သော မိသားစုမှ လာသူ တစ်ဦးဖြစ်ကောင်း ဖြစ်မည်။ သင်သည် အတိတ်က အမှားများအတွက် တစ်သက်လုံး ခံစားရတော့မည်ဟု သင် တွေးကောင်း တွေးမည်။ ငါ့ဘ၀ ပျက်ပြီ။ ငါ့ရဲ့ ပျော်ရွှင်မှုလှေကြီး ဆုံးရှုံး သွားပြီ။ ငါ့ဘ၀ တစ်သက်လုံး စိတ်ဆင်းရဲ ရတော့မည်ဟု သင် တွေးကောင်း တွေးမည်။

    မိတ်ဆွေ... ၎င်းသည် မမှန်ကန်ပါ။ မိတ်ဆွေ... ဘုရားသခင် သင့်ကို ချစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများ၊ ကြီးမြတ်သော ဆက်ဆံရေးများဖြင့် ကောင်းချီး ပေးလိုသည်။ အကြောင်းမှာ သင့်အား ကောင်းချီးပေးမည့် ဘုရားသခင်၏ စီမံကိန်းသည် သင်၏ အမှားများထက် သာ၍ ကြီးမားသောကြောင့် ဖြစ်သည်။


    နောက်တစ်ယောက်မှာ ခိုးစားရင်း တန်းလန်းဖြင့် ဖမ်းမိသောသူ ဖြစ်သည်။ အခြားသူများက သင့်အား ပယ်ထားသည်ဟု ခံစား ရပါသလား။ ယေဇူး၏ တတိယ အမျိုးသမီးမိတ်ဆွေမှာ အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် ဖမ်းမိသောသူ တစ်ဦး ဖြစ်သည်။ သူတို့တွင် လျှို့ဝှက် ကင်မရာများ တပ်ဆင်ထားခြင်း မရှိပါ။ သို့သော် သူတို့သည် ထိုအမှု ထင်ရှားကြောင်း အပြည့်အ၀ သက်သေ ပြနိုင်သည်။ သေသည် အထိ ကျောက်ခဲနှင့် ပေါက်သတ်ရန် ဆူပူ သောင်းကျန်းသော လူတစ်စု၏ ဆွဲခေါ်ခြင်း ခံရသည့်အကြောင်း သင် တွေးတော ကြည့်ပါ။ သို့သော် ထိုလူများကို ဘေးဖယ်ပေးရန် ယေဇူးက ပြောကြားခဲ့သည်။ ထို့နောက် ယေဇူးက သူမအား “ငါသည်လည်း သင့်အား မစီရင်”ဟု မိန့်ကြား ခဲ့သည်။

    မိတ်ဆွေ သင်သည်လည်း ဆိုးရွားသော အမှား ပြုသူ ဖြစ်ကောင်း ဖြစ်လေမည်။ လူတွေက သင့်အား အထင်သေး အမြင်သေး ကြည့်ကြမည်။ သင်၏ မိုက်မဲမှုအတွက် လူတွေက ပြစ်တင် ရှုတ်ချကြမည်။ နောက်ကွယ်မှာ သင့် အကြောင်း ပြောဆို၍ သင့်ကို ငြင်းပယ်မည်။ သို့သော် ဘုရားသခင် သင့်အား ယခုအချိန်၌ ပြောကြားသော စကားမှာ “ငါသည် သင်၏ အပြစ်ကို မစီရင်၊ သင့်ဘ၀ကို ကောင်းချီးပေးရန် ငါ၌ စီမံကိန်း ရှိသည်။” ဟူ၍ ဖြစ်သည်။ သင်၏ စိတ်ဝိညာဉ် ဤ ကြေညာချက်ကို ခံယူပါ။ ကျမ်းစာတော်မြတ် ပြောကြားသော စကားကို ယုံကြည်ပါ။ ထို့ကြောင့် ယခုအခါတွင် ယေဇူး ခရစ်တော်၌ ရှိသော သူတို့အတွက် အပြစ်ဒဏ် စီရင်ခြင်း မရှိချေ။ (ရောမ ၈း၁) ဘုရားသခင်သည် သင်၏ အတိတ်ကာလကို အာရုံစိုက်ခြင်း မရှိ။

နောက်ဆုံးမှာ မြို့၏ ပြည့်တန်ဆာမ တစ်ဦးနှင့် မိတ်ဆက် ပေးရပါစေ။ (မှတ်ချက်။    ။ အချို့သူများက ဤပြည့်တန်ဆာမကို မာရီယား မာဒလေနားဟု ယူဆ ကြပါသည်။ သို့သော် ထိုအချက်ကို အတည်ပြုပေးနိုင်သော သမ္မာကျမ်းစာ အထောက်အထား မရှိပါ။)

 ယေဇူးသည် ဧည့်ခံပွဲတစ်ခုကို တက်ရောက်စဉ် သူမသည် မဖိတ်ဘဲ ဇွတ်ဝင်လာသူ ဖြစ်သည်။ ထိုမိန်းမသည် ယေဇူး၏ ခြေရင်းတွင် ဒူးထောက်သည်။ ကိုယ်တော်၏ ခြေထောက်ကို မျက်ရည်ဖြင့် ဆေးကြောသည် ထို့နောက် သူမ၏ ဆံပင်များဖြင့် သုတ်ပေးသည်။ ထိုဧည့်ခံပွဲ တက်ရောက်နေသူ အားလုံး သူမ ပြည့်တန်ဆာဖြစ်ကြောင်း သိကြသည်။ သူတို့ စတင်၍ တီးတိုး ပြောကြသည်။ ဟေး ယေဇူးဟာ သန့်ရှင်း မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဟုတ်ပါ့ မလား။ သူ့ကို ထိကိုင်နေသူဟာ မိန်းမပျက်ဆိုတာ မသိဘူးလား။ သို့သော် ယေဇူးသည် သူ့ ပတ်ဝန်းကျင်တွင် ပြောဆိုနေသော စကားများကို အလေးမထားချေ။ လူတိုင်းက သူမ မနေ့က ဘာဖြစ်သည်ကို ရှုမြင်ကြသည်။ ယေဇူးက သူမ မနက်ဖြန် ဘာဖြစ်မည်ကို ရှုမြင်သည်။ သူမ၏ အလွန်များပြားသော အပြစ်များ ခွင့်လွှတ်ခြင်း ခံရသောကြောင့် အလွန် ချစ်ခင်သော မိန်းမတစ်ယောက်ကို ယေဇူးက ရှုမြင်သည်။ လူတိုင်းက သူမ၏ အတိတ်ကို ရှုမြင်သည်။ ယေဇူးက သူမ၏ အနာဂါတ်ကို ရှုမြင်သည်။ သူတို့သည် အမည်မသိသူများ ဖြစ်သည်။

 ဖော်ပြခဲ့သော မိန်းမလေးယောက် အနက် မာရီယား မာဒလေနား တစ်ယောက်သာလျှင် နာမည် သိပါသည်။ အခြား သုံးယောက်မှာ အမည်မသိ ဖြစ်သည်။ ဆာမာရီတန် မိန်းမ၏ နာမည်ကို မသိပါ။ ပြည့်တန်ဆာမ၏ အမည်ကို မသိပါ။ အိမ်ထောင်ရေး ဖောက်ပြန်စဉ် ဖမ်းမိသော မိန်းမ၏ အမည်ကိုလည်း မသိပါ။ အဘယ်ကြောင့်နည်း ဘုရားသခင် ပြောကြားသော အကြောင်းမှာ ဤပုဂ္ဂိုလ်သည် သင်ဖြစ်နိုင်သည်။ ကျွန်တော် ဖြစ်နိုင်သည်။ ငါ၏ ဂရုဏာတော်သည် သင့်အား အနာဂါတ်သစ်ကို ပေးမည်။ ငါတို့ ကိုးကွယ်သော ဘုရား သခင်သည် ဤသို့သောဘုရား ဖြစ်သည်။


Ref: Bo Sanchez ၏ How your words can change your world ကိုပြန်ဆိုသည်။

                    အုတ်လှ

Read More...

အို --- မနုဿ


လောကမှာ လူဖြစ်လို့
အိုလူသား ချစ်မိတ်ဆွေ
ပျော်လို့သာနေ။

ဒုက္ခများလေ
ပြည့်စေအုံးတော့။

မေတ္တာရှင် ခရစ်မှာ
သက်စွန့် ကာပေး

သက်စွန့်ကာ ကယ်တင်ခဲ့လို့
နတ်ဆိုးကို တို့တုပြိုင်
သခင့်ဘေးထိုင်။

သက်ဆုံးသည့်တိုင်
ဒုက္ခတွေအေး။

ကိုယ်တော်နဲ့သာ
သက်ရှင်ခါ  ပေါင်းစပ်သွားရင်
ကောင်းကင်က  ရွှေဘုံနန်းကို
မြန်းရမယ်တဲ့လေး။

J.လမင်းလေး

Read More...

Wednesday, July 3, 2013

သင့်အား ခေါ်တော်မူခြင်း အသံ ကြားစေပါ။

    ကျွန်ုပ်တို့အား ခေါ်တဲ့အသံကို ငယ်စဉ်ဘ၀မှ ယခု လက်ရှိ အသက်အရွယ်ထိ အမြဲ ကြားနေကြမှာပါ။ ကျွန်ုပ်တို့က ခေါ်သံကို ကြားပြီး ပြန်ထူးတဲ့ အချိန်ရှိသလို ကြားလျက်နဲ့ ပြန်မထူးဘဲ နေလိုက်တဲ့ အချိန်လည်း ရှိကောင်းရှိမှာပါ။ ယနေ့ ဖွံ့ဖြိုး တိုးတက်နေသော ခေတ်မှာဆိုရင်လည်း တယ်လီဖုန်းရှိတဲ့မြို့ ရွာ ကျောင်း ဌာနတွေနှင့် ကိုယ်ပိုင် လက်ကိုင်ဖုန်းရှိသူများသည် တစ်ယောက်ယောက်က မိမိအား (ဖုန်းဆက်တဲ့) ခေါ်သံကို မဖြစ်မနေ ပြန်ထူးကြတာကို မြင်တွေ့ ကြုံဖူးကြမှာပါ။ သာမန်အားဖြင့် ခေါ်နေကြအသံပဲဖြစ်ဖြစ်၊ တယ်လီဖုန်းလှိုင်းမှ ခေါ်သံပဲဖြစ်ဖြစ် ကျွန်ုပ်တို့ ကြားလိုက်ရင် အကြောင်းကိစ္စ အမျိုးမျိုးဖြစ်နေတာကိုလည်း သတိထား မိကြမှာပါ။ ထိုအချိန် အကြောင်းကိစ္စ အမျိုးမျိုးပေါ် မူတည်ပြီး လိုက်နာ ဆောင်ရွက်ဖို့ဟာ ကျွန်ုပ်တို့ရဲ့ ရွေးချယ် ဆုံးဖြတ်မှုက အရေးကြီးဆုံး ဖြစ်ပါတယ်။

    ယနေ့ ကျွန်ုပ်တို့ရဲ့ ဘ၀မှာ ခေါ်သံမျိုးစုံကို ကြားနေရပါမည်။ သို့သော် ကျွန်ုပ်တို့က အဘယ်သို့သော ခေါ်သံကို ရွေးချယ်မည်နည်း။ ဘယ်သူ့ခေါ်သံကို ရွေးချယ် ဆောင်ရွက်မည်နည်း။ သာမာန်အားဖြင့် မိမိအား ခေါ်တဲ့အသံ၊ တယ်လီဖုန်းလှိုင်းများမှ ခေါ်တဲ့အသံကို ကျွန်ုပ်တို့က တွေဝေမနေဘဲ ချက်ခြင်း ပြန်ထူးလေ့ရှိတာကို သတိရကြမှာပါ။ ဒီမှာ ဖြစ်ရပ်မှန် ပုံပြင်လေးတစ်ပုဒ်ကို ဖတ်ကြည့် ကြပါစို့။ တစ်ရံရောအခါ ဧလိသည် မိမိနေရာ၌ အိပ်လျက် သူ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည့်ကာလ၊ ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရား၏ အိမ်တော်၌ မီးခွက် မသေမှီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ ထာဝရ ဘုရားသည် ရှမွေလကို ခေါ်တော်မူ၍ ရှမွေလက “ကျွန်ုပ်ရှိပါသည်”ဟု ထူးသဖြင့် ဧလိထံသို့ ပြေး၍ “ကိုယ်တော် ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်” ဟုဆိုလျှင် ဧလိက “ငါမခေါ်၊ အိပ်တော့”ဟု ဆိုသည့် အတိုင်း ရှမွေလသွား၍ အိပ်ပြန်လေ၏။ တဖန် ထာဝရ ဘုရားက “ရှမွေလ”ဟု ခေါ်တော်မူလျှင်၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား၍ “ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်”ဟု ဆိုသော် ဧလိက “ငါမခေါ် ငါ့ သား အိပ်လော့”ဟု ဆို၏။ ရှမွေလသည် ထာဝရဘုရားကို မသိသေး။ တတိယအကြိမ် ထာဝရဘုရားက “ရှမွေလ”ဟု ခေါ်တော်မူလျှင် ရှမွေလထပြီး ဧလိထံသို့သွား၍ “ကိုယ်တော် ခေါ်သောကြောင့် အကျွန်ုပ် လာပါသည်။”ဟု ဆိုသော် ထာဝရဘုရားသည် ထိုလူငယ် ရှမွေလကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင် “သင်သွား၍ အိပ်ဦးတော့၊ နောက်တဖန် ခေါ်လျှင် “အိုထာဝရဘုရား အမိန့်တော်ရှိတော်မူပါ။ ကိုယ်တော့် ကျွန်ကြားပါသည်”ဟု လျှောက်ရမည့် အကြောင်း ရှမွေလကို မှာထားသည့် အတိုင်း ရှမွေလသွား၍ မိမိ နေရာ၌ အိပ်လေ၏။ ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက် “ရှမွေလ”ဟု ခေါ်တော်မူလျှင် ရှမွေလက “အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော့် ကျွန်ကြားပါသည်”ဟု လျှောက်လေ၏။ ထာဝရဘုရားက “ဧလိ၏ သားတို့သည် ကိုယ်ယုတ်မာသည့် တိုင်အောင် ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိလည်း ကျပ်တည်းစွာ မဆုံးမဘဲ နေသောကြောင့် သူ၏ အိမ်သားတို့၌ ငါသည် အစဉ်အမြဲ ဒဏ်ပေးမည်ဟု ငါ ပြောပြီ ထို့ကြောင့် ဧလိ၏ အိမ်သားတို့ အပြစ်သည် ယဇ်နှင့် ပူဇော်သက္ကာအားဖြင့် မဖြေ။ အစဉ်အမြဲတည်ရမည့် အကြောင်း သူတို့အား ငါကျိန်ဆိုပြီ” ဟု မိန့်တော်မူ၏။ (ဓမ္မရာဇ်ဝင် ပ-စောင် ၃း၁-၁၉) ပါရှိပါသည်။

    သည်ဖြစ်ရပ်မှန် ပုံပြင်လေးဟာ ထာဝရဘုရား သခင်က ရှမွေလအား သူ၏ မှန်ကန်သော တရားကို ဟောပြောဖို့ အမှန်တရားပေါ်မှာ  ရပ်တည်ဖို့ရန် ခေါ်တော်မူခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရပါသည်။ ဘုရားသခင်၏ ခေါ်သံသည် ကျွန်ုပ်တို့ တတ်စွမ်းရည်များ အားဖြင့် သူ့ရဲ့ အမှန်တရား ဟောပြောရာ၌ အသုံးပြုစေရန် ခေါ်တော်မူခြင်းသာ ဖြစ်မည်။ ကျွန်ုပ်တို့က “ကိုယ်တော့် ကျွန်ကြားပါ၏”ဟု ပြန်ထူးပြီး လုပ်ဆောင်ဖို့သာ ဖြစ်သည်။

    တောက်လောင်နေသော မီးဖိုဖြစ်ဖို့ရန် သေးငယ်သော မီးစာ ဆီမီးတုတ်တွေက လောင်ကျွမ်းခံပြီး မှသာ ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ရဲ့ စိတ်ထဲမှာ “ငါ ဘာမှ မတတ်ကျွမ်းတာ၊ ဒီ အသိ အတတ်လေးလောက်နဲ့တော့ ဘုရားသခင်ရဲ့ နိုင်ငံတော် အမှန်တရားအတွက် ဘာမှ ပွဲမဖြစ်ပါဘူး” ဟူသော သိမ်ငယ်စိတ်မျိုးကို ဖယ်ရှားပြီး ဘုရားသခင်ရဲ့ မှန်ကန်သော တရားလမ်းပေါ်မှာ ခြေချ လျှောက်လမ်းရမည်။ မိုင်ထောင်ချီ ခရီးကို ခြေတစ်လှမ်းမှ စသည်။ သေးငယ်သော မီးစာ ထင်းမီး တုတ်တွေလို ပေးဆပ်နိုင်ရန် ကြိုးစား ၀ိရိယ ထုတ်ရမည်။

    ထာဝရ ဘုရားသခင်သည် နည်းလမ်း ကိစ္စ အမျိုးမျိုးအားဖြင့်  ကျွန်ုပ်တို့အား ခေါ်နေပါသည်။ သာမန် ခေါ်သံ၊ တယ်လီဖုန်းလှိုင်းမှ ခေါ်သံကို ၀မ်းသာအားရ ပြန်ထူးနိုင်သလို ဘုရားသခင်၏ ခေါ်သံကိုလည်း ၀မ်းသာအားရ ပြန်ထူး ကြစို့။ ဘုရားသခင်ကို ချစ်တယ်ဆိုရင် သူ့ရဲ့ခေါ်သံကို ပြန်ထူးပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းနှင့် ပျော်ရွှင်ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့ နှလုံးသား၌ သိမ်းထားကာ ၎င်း ပျော်ရွှင် ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့နှင့် တွေ့သော လူသားတိုင်းအား ပေးဝေမျှပြီး အထူးသဖြင့် မိမိနှင့် နီးစပ်သူထံ ဝေမျှရန် ဖြစ်သည်။ မနေ့က ဆိုတာ ကုန်ဆုံး သွားခဲ့ပြီ။ နက်ဖြန်ဆိုတာ မရောက်သေးပါ။ ယနေ့ ဆိုတာကသာလျှင် ကျွန်ုပ်တို့၌ ရှိနေပါသည်။ ယခု စတင် ကြစို့။ ထာဝရဘုရား၏ ခေါ်သံကို အိပ်ပျော်နေသော ရှမွေလ ကြားပြီး ပြန်ထူးသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကြားကြပြီး ပြန်ထူး ကြပါစို့။ ကျွန်ုပ်တို့ရဲ့ ဘ၀ကို ဘုရားရှင်ထံ လုံးဝ ပုံအပ် ပေးဆပ်လိုက်ရင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အားနည်းနေသော အခြေအနေထက် သူ၏ ပိုမို ကြီးမားသော ချစ်ခြင်း မေတ္တာတော် အခြေအနေ အတွင်း ကြီးမားသော အမှုကိစ္စ အကြောင်းအရာများကို အောင်မြင် ပြီးဆုံးသွားအောင် ကျွန်ုပ်တို့ကို အသုံးပြု တော်မူလိမ့်မည်။ ဘုရားသခင်၏ ခေါ်သံကို ကြားခြင်းသည် ဘုရားသခင်အား ချစ်ခြင်း ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းသည် အစေခံဝတ်ကို ပြုလုပ် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး နောက်ဆုံး အစေခံ ၀တ်ကို ပြုလုပ် ဆောင်ရွက်ခြင်း၏ ရလဒ်သည် ငြိမ်းချမ်းခြင်းပင် ဖြစ်သည်။ သင့်အား ခေါ်တော်မူခြင်းသံကို ကြားစေပါ။

            ဥယျောဂျာလ (မိုးကောင်း)

Read More...

Monday, July 1, 2013

ကက်သလစ်ဘာသာဝင်တွေက မယ်တော် မာရီယားကို ကိုးကွယ်ကြတဲ့ သူတွေလို့ ပြောကြတာ ဟုတ်ပါသလား?

“ကက်သလစ်ဘာသာဝင်တွေကမယ်တော်မာရီယား ကိုကိုးကွယ်ကြတဲ့သူတွေလို့ပြောကြပါတယ်။ ဟုတ် ပါ သလား”။  “လုံးဝမဟုတ်ပါဘူးလို့” ဦးစွာဖြေလိုက်ပါ ရစေ။ ထင်ကြေးနဲ့ရမ်းသမ်းပြီး စွပ်စွဲလိုက်တဲ့ စွပ်စွဲမှု တစ်ခုသာဖြစ်ပါတယ်။ ရှင်းအောင် ဆက်လက်ဖြေ ပေးပါမယ့်။

     ကက်သလစ် သာသနာတော်ရဲ့ ပါဠိတော်ဖြစ်တဲ့ လက်တင်ဘာသာ ဝေါဟာရ နှစ်လုံးကို ဦးစွာ ဖော်ပြပေးပါ့မယ်။ ပထမ ဝေါဟာရကတော့ Latria ဖြစ်ပါတယ်။ အဓိပ္ပါယ် ကတော့ အင်္ဂလိပ်လို adoration မြန်မာလိုကတော့ ကိုးကွယ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ အမိ ကက်သလစ် သာသနာတော်ကြီးကနေ ပြတ်သားစွာ သွန်သင်ထားချက် ကတော့ ဘုရားရှင် တစ်ဆူတည်းကိုသာ ကိုးကွယ် ရပါတယ်။ မယ်တော်ရှင်နဲ့ သိကြား ရဟန္တာ သူတော်စင် သူတော်မြတ်တွေကို ဘုရား အမှတ်နဲ့ ကိုးကွယ်လို့ မရပါ။ ကက်သလစ်တွေက မယ်တော်ရှင်နဲ့ သိကြား ရဟန္တာ သူတော်စင် သူတော်မြတ်တွေကို ဖန်ဆင်းရှင် ဘုရားအဖြစ် ကိုးကွယ်ခြင်း လုံးဝ မပြုပါ။ တစ်ဆူတည်းသော ဖန်ဆင်းရှင် ဘုရားသခင်ကိုသာလျှင် ဘုရားအမှတ်ဖြင့် လက်ခံ ယုံကြည်လျက် ကိုးကွယ်မှုကို ပြုကြပါတယ်။ အခု ဆက်လက်ပြီး ဖော်ပြပေးမဲ့ ဒုတိယ ဝေါဟာရ စကားလုံးကတော့ Dulia ဖြစ်ပါတယ်။ Dulia ရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို Veneration မြန်မာလို ကတော့ သဒ္ဓါ ကြည်ညိုခြင်းပဲ ဖြစ်ပါတယ်။ ကက်သလစ် သာသနာတော်ကြီး အနေဖြင့် မိမိရဲ့ သာသနာတော်ကြီး အတွင်း ကနေ ပြောင်မြောက်စွာ သီလပါရမီများကို ဆည်းပူးပြီး ဘုရားရှင်၌ ဆောက်တည် ဆက်ကပ်သွားကြတဲ့ ရဟန္တာ သူတော်စင် သူမြတ်တွေကို သဒ္ဓါ ကြည်ညိုခြင်း အမှုပြုကြပါတယ်။ ဂုဏ်ပြု ကြပါတယ်၊ စံပြု အတုယူ ကြပါတယ်။ သူတို့ရဲ့ ဘုရားရှင်ထံ ၀ိုင်းဝန်း ဆုတောင်းပေးမှု ထပ်ဆင့် ဆုတောင်းပေးမှုကို အစဉ် ခိုလှုံမှု ပြုကြပါတယ်။ သူတို့ကို ဘုရားအမှတ်နဲ့ လုံးဝ ကိုးကွယ်ခြင်း အမှု မပြုကြပါ။

      ကက်သလစ် ဘာသာဝင်တွေက ခရစ်တော် ဘုရားရှင်ရဲ့ မယ်တော် အပေါ်မှာ  သဒ္ဓါ ကြည်ညိုမှု ရှိတဲ့ နေရာမှာ၊ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာထားရှိတဲ့ သဒ္ဓါကြည်ညိုမှုထက် ပိုပြီးသာတယ်။ မယ်တော်ရှင် အပေါ်မှာထားရှိတဲ့ သဒ္ဓါ ကြည်ညိုမှုကတော့ အရူးအမူးပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခရစ်တော် ဘုရားရှင်က မယ်တော်ကို သိပ်ပြီး ချစ်မြတ်နိုးတယ် ဆိုတော့ ခရစ်တော် ဘုရားရှင်ကို သိပ်ပြီး ချစ်မြတ်နိုးတဲ့ ကက်သလစ်တွေက မယ်တော်ရှင် အပေါ်မှာ ထားရှိတဲ့ သဒ္ဓါ ကြည်ညိုခြင်းဟာ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ ထားရှိတဲ့ dulia လို့ခေါ်တဲ့ veneration သဒ္ဓါ ကြည်ညိုခြင်းထက် သာလွန် လှပါတယ်။ အဲ့ဒီ သဒ္ဓါကြည်ညိုခြင်းကို အင်္ဂလိပ်လို exceptional veneration အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်းလို့ ခေါ်ပါတယ်။ လက်တင်ဘာသာ ဝေါဟာရနဲ့ ခေါ်ရင်တော့ Hyperdulia လို့ ခေါ်ပါတယ်။ ဒီတော့ ကက်သလစ် ဘာသာဝင်တွေဟာ ဖန်ဆင်းရှင် ဘုရားသခင်ကို ဘုရားရှင်အဖြစ် ကိုးကွယ်ကြပါတယ်။ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာတော့ သဒ္ဓါကြည်ညိုခြင်း အမှုပြု ကြပါတယ်။ မယ်တော်ရှင် အပေါ်မှာတော့ မယ်တော်ရှင်ဟာ ပိုပြီး မြင့်မြတ်လှတဲ့ အတွက် အနှိုင်းမဲ့ သဒ္ဓါကြည်ညိုခြင်း အမှုကို ပြုကြပါတယ်။ ဘုရားရှင်ကို ဘုရားအဖြစ်နဲ့ ကိုးကွယ်ပြီး မယ်တော်ရှင်ကို ဘုရားအဖြစ်နဲ့ လုံးဝ မကိုးကွယ်ကြပါ။ အထင်မှား အမြင်မှားဖြစ်နေတဲ့ အကြောင်းရင်းကတော့ အပြုအမူက တစ်ပုံစံတည်း ဖြစ်နေလို့ပါ။ ဘုရားရှင်ကို ကိုးကွယ်တော့လည်း လက်အုပ်ချီလျက် ကိုးကွယ်ရတယ်။ ဦးညွှတ်လျက်၊ ဒူးထောက်လျက် ပြုကြရ ပြန်ပါတယ်။ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ သဒ္ဓါကြည်ညိုခြင်း အမှုပြုပြန်တော့လည်း ဒီအတိုင်းပဲ ပြုကြ ရပြန်ပါတယ်။

    မိဘ ဆရာသမားကို လက်အုပ်ချီလျက် ကန်တော့ ကြတယ်။ သက်ကြီး ၀ါကြီးများကို လက်အုပ်ချီ ကန်တော့ကြတယ်။ သက်ကြီး ၀ါကြီးများ ရှေ့၌ ဖြတ်သန်း သွားလာကြတဲ့ အခါမှာ ဦးညွှတ် ဂါဝရ ပြုလျက် အရိုအသေပေး ကြရပြန်ပါတယ်။ နိုင်ငံတော် အလံကိုလည်း ဦးညွှတ်လျက် ဂါဝရပြု ကြရပါတယ်။ အလေးအမြတ် ပြုကြရပြန် ပါတယ်။

    နိုင်ငံတော် အလံရှေ့မှာ ဦးညွှတ်၊ ဂါဝရပြုလို့ အလေးပြုလို့ နိုင်ငံတော်အလံကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်ရပါ။ မိဘ ဆရာသမား သက်ကြီး ၀ါကြီးများကို လက်အုပ်ချီပြီး ကန်တော့ကြလို့ မိဘဆရာ သမားများ၊ သက်ကြီး ၀ါကြီးများကို ဖန်ဆင်းရှင် ဘုရား အမှတ်ဖြင့် ကိုးကွယ်ရာ မရောက်ပါ။ ဒီ အတိုင်းပါပဲ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ သဒ္ဓါ ကြည်ညိုခြင်း၊ မယ်တော်ရှင် အပေါ်မှာ အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်း အမှုပြုနေကြလို့လည်း ဖန်ဆင်းရှင် ဘုရား အမှတ်ဖြင့် ကိုးကွယ်နေခြင်း မဟုတ်ပါ။

    ဥပမာ - သမ္မာကျမ်းစာတော်မြတ်ထဲမှာ ကိုးကွယ်ခြင်းနဲ့ ကြည်ညို လေးမြတ်ပြုခြင်း ပြုတဲ့နေရာ ပျက်ဝတ်၍၊ ဦးညွှတ်၍၊ ကြည်ညို လေးမြတ်မှု ပြုခြင်း တိုင်းဟာလည်း ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်ကြောင်း သာဓကများစွာ တွေ့ရှိရပါတယ်။ (ဗျာဒိတ်ကျမ်း ၃း၉)-ထဲမှာ ဖော်ပြထားတဲ့ ဖီလာဒဲဖီးယား အသင်းတော်ရှိ ယုံကြည်သူတွေရဲ့ ခြေရင်း၌ လာရောက် ပျက်ဝပ်ကြလိမ့်မယ်လို့ ဖော်ပြတဲ့ နေရာမှာ ကိုးကွယ်ခြင်းလို့ မဆိုလိုပါဘူး။ လာရောက် ဂါရ၀ပြုခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း ၁၉း၁) ထဲမှာ ဖော်ပြထားချက်- လောတဟာ သောဒုံမြို့မှာ ကြွရောက်လာတဲ့ ကောင်းကင် တမန်နှစ်ပါးကို မြေ၌ ဦးညွှတ်ချလျက် ခရီးဦးကြို ပြုတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ လောတဟာ ကောင်းကင်တမန် နှစ်ပါးကို ဘုရားရှင် အနေနဲ့ ကိုးကွယ်ခြင်း မဟုတ်။ အရိုအသေပေးခြင်းသာ ဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း ၂၄း၅၂) ထဲမှာတော့ အာဗြံဟံရဲ့ အစေခံ ကျွန်ဟာ ထာဝရဘုရားရှင်ကို ဦးညွှတ်ချပြီး ကိုးကွယ်တာကို ဖော်ပြ ထားပါတယ်။ ဒီနေရာမှာ ဦးညွှတ်ချခြင်းဟာ သဒ္ဓါ ကြည်ညိုမှု သက်သက် မဟုတ်တော့ပါ။ ကိုးကွယ်မှု ဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း ၄၂း၆) ထဲမှာ အီဂျစ်ပြည်မှာ ဘုရင်ဖြစ်နေတဲ့ ဂျိုးဇက်ထံ မိမိရဲ့ ညီအစ်ကိုများ လာရောက်ပြီး ရှေ့တော်မှောက်မှာ ဦးညွှတ်ချကြတာဟာဖြင့် ကိုးကွယ်ခြင်း မဟုတ်ပါ။ ကြည်ညိုလေး မြတ်ခြင်း ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။

    (ယောရှုမှတ်စာ ၅း ၁၄) ထဲမှာ ယောရှုဟာ ထာဝရဘုရား၏ ကောင်းကင်တမန်ရှေ့မှာ ပျက်ဝတ် ကိုးကွယ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီနေရာမှာ ယောရှုဟာ ကောင်းကင်တမန်ကို ဘုရားရှင်အဖြစ် ပျက်ဝတ် ကိုးကွယ်ခြင်း မဟုတ်ပါ။ ရိုသေ လေးမြတ်မှု ပြုခြင်းသာ ဖြစ်ပါတယ်။(ဓမ္မရာဇ၀င် ပထမစောင် ၂၈း၁၄) ထဲမှာ ရှာမွေလ (ဆာမြူအဲလ်)ကို ရှောလု (ဆောလူး)ဟာ မြေပေါ်မှာ ဦးညွှတ် ပျတ်ဝပ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီလို ရှောလုရဲ့ ပျတ်ဝပ်ဦးညွှတ်ခြင်းဟာ ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်။ လေးမြတ်ခြင်းသာ ဖြစ်ပါတယ်။  (ဓမ္မရာဇ၀င် ပထမစောင် ၁း၂၃)ထဲမှာ ပရောဖက် နာသန်ဟာ ဒါဝိဒ် မင်းကြီးရှေ့ မှာ ဦးချ ပျတ်ဝပ်ခြင်းဟာ ဘုရားအမှတ်နဲ့ ဒါဝိတ်မင်းကြီးကို ကိုးကွယ်နေခြင်း မဟုတ်။ အလေးအမြတ် ပြုခြင်းသာ ဖြစ်ပါတယ်။ (ဓမ္မရာဇ၀င် စတုတ္ထစောင် ၂း၁၅) ထဲမှာ ပရောဖက်များရဲ့ သားသမီးများဟာ ဂျေရီခိုမြို့မှာ အေလီရှဲကို မြေပေါ်မှာ ပျက်ဝပ်ကြခြင်းဟာ ကိုးကွယ်ခြင်း မဟုတ် ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။ (ရာဇ၀င်ချုပ် ပထမစောင် ၂၁း၂၁) ထဲမှာ ornan ဒါဝိတ်မင်းကြီး ရှေ့မှာပြုတဲ့ ဦးချ ပျတ်ဝပ်ခြင်းဟာ ဘုရားအမှတ်နဲ့ ကိုးကွယ်ခြင်း မဟုတ်။ ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။ (ရာဇ၀င်ချုပ် ပထမစောင် ၂၉း၂၀) ထဲမှာ အစ္စရေးလူမျိုးဟာ ဦးချ၍ ထာဝရဘုရားကို ၎င်း၊ ရှင်ဘုရင်ကို ၎င်း ရှိခိုးကြ၏ တဲ့။ ဒီနေရာမှာ အစ္စရေးလူမျိုးတွေဟာ ဘုရားရှင်ကို ထာဝရ ဘုရားရှင်အဖြစ်နဲ့ ကိုးကွယ်ကြပြီး ရှင်ဘုရင်ကို ရှိခိုး၍ ဂါရ၀ပြုကြခြင်းသာ ဖြစ်ပါတယ်။ (ရာဇ၀င်ချုပ် ဒုတိယစောင် ၂၉း ၂၉-၃၀)ထဲမှာ ဟေစကိမင်းကြီးနဲ့ စည်းဝေးသူ လူထု ပရိသတ်ကြီးဟာ ဒီနေရာမှာ သူတို့ ပြုကြတဲ့ ဦးညွှတ်ချ၍ ကိုးကွယ်ကြခြင်းဟာ ဘုရားအဖြစ် ရှိခိုးကြခြင်း ဖြစ်ပါတယ်။ (တိုဘိဝတ္ထု ၁၂း၁၆) ထဲမှာ ဖခင်ဖြစ်သူ တောဘိယနှင့် သားဖြစ်သူ တောဘိတို့သည် ကောင်းကင်သိကြား တမန်တော် ရာဖါအဲရှေ့မှာ မြေပေါ်မှာ ပျက်ဝပ်လိုက်ကြခြင်းဟာ ဂါရ၀ပြုခြင်းသာ ဖြစ်တယ်။ ဘုရားအဖြစ် ကိုးကွယ်လိုက်ခြင်း မဟုတ်။ (ဂျူဒစ် ၀တ္ထု ၁၄း၇) ထဲမှာ အာမိုနိုက်လူမျိုး အာစီအော်က ဂျူဒစ်ရဲ့ ရှေ့မှာ ညွှတ်တွား အရိုအသေပေးလျက် ထာဝရဘုရားကို ချီးမွမ်းတယ်တဲ့။ (ဆာလံကျမ်း ၁၃၈း၂) ထဲမှာတော့ ဒါဝိတ်မင်းကြီးဟာ မွန်မြတ် သန့်ရှင်းလှတဲ့ ဗိမာန်တော် အထဲမှာ ရိုသေဦးညွှတ်ခြင်းဟာ ထာဝရ အရှင် ဘုရားသခင်ကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ (ဒါနီအဲဟော စာတမ်း ၂း၄၆)ထဲမှာ ဖော်ပြထားတဲ့ နေဘူးခါ နေဇာမင်းကြီးဟာ ဒါနီအဲကို ရှိခိုး ကိုးကွယ်ပြီးလျှင် သူ့အား ယာဇ်ပူဇော်ခြင်းနှင့် လော်ဗန်နံ့သာကို ပေးလျက် ထာဝရဘုရားအား ပူဇော်စေခြင်းဟာ ဒါနီအဲကို ရိုသေ ဂါရ၀ပြုပြီး ဒါနီအဲအားဖြင့် ထာဝရဘုရားကို ကိုးကွယ် ၀တ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ (ဒါနီ အဲဟော စာတမ်း ၈း၁၇) ထဲမှာ ကောင်းကင် တမန်တော် ဂါဗြီအဲလ်ရဲ့ ရှေ့မှာ ပျက်ဝပ်လိုက်ခြင်းဟာ ဒါနီအဲရဲ့ ဂါရ၀ပြုခြင်းသာ ဖြစ်တယ်။ ကိုးကွယ်ခြင်း မဟုတ်။ (မက္ကာဘေးဦး သမိုင်း ပထမတွဲ ၄း၄၀၊ ၅၅)ထဲမှာ ဂျူဒနဲ့ ယုံကြည်သူများ ပြုလုပ်ခဲတဲ့ ပျက်ဝပ် ရှိခိုးမှုဟာ ထာဝရဘုရားရှင်ကို ကိုးကွယ်ကြခြင်းပဲ ဖြစ်ပါတယ်။ (မက္ကာဘေးဦး သမိုင်း ဒုတိယတွဲ ၁၀း ၄၊၂၆။ ၁၃း၁၂) ထဲမှာ မက္ကာဘေးဦးနဲ့ သူ့ရဲ့ နောက်လိုက်များ ပြုခဲ့တဲ့ ပျက်ဝပ် ကိုးကွယ်မှုဟာ ထာဝရဘုရားကို ကိုးကွယ်ခြင်း ဖြစ်ပါတယ်။
 ဒီတော့ ဂါရ၀ပြုခြင်း၊ သဒ္ဓါ ကြည်ညိုခြင်း၊ ကိုးကွယ်ခြင်းတွေ ပြုကြတဲ့ နေရာမှာ ပုံစံက တူနေတဲ့ အတွက် ကက်သလစ်ဘာသာဝင်များကို မယ်တော်ကို ကိုးကွယ်သူဟု မှားယွင်းစွာ ယူဆလိုက်ခြင်းသာ ဖြစ်ကြောင်း ခုလောက်ဆိုရင် ရှင်းပြီလို့ ထင်ပါတယ်။ ကက်သလစ် ဘာသာဝင်များဟာ ဖန်ဆင်းရှင် ဘုရားသခင်ကိုသာ ဘုရားရှင်အဖြစ် ကိုးကွယ်ကြပါတယ်။ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ် သဒ္ဓါ ကြည်ညိုခြင်း အမှုကိုသာ ပြုကြပါတယ်။ မယ်တော်ရှင် အပေါ်မှာတော့ ဘုရားအဖြစ်နဲ့ ကိုးကွယ်ခြင်း လုံးဝ မပြုကြပဲ၊ အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်း အမှုကိုသာ ပြုနေကြကြောင်း ဖြေကြားလိုက်ရပါတယ်။

                                        Fr. ဒိုမိနစ် ဂြိုလ်တု

Read More...