Friday, June 7, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၄)

 
ဖါသာရ်ပဲရ်ကော်တို
Fr. Percoto (Barnabite)
 
         ဗာနာဗိုက် ဘုန်းတော်ကြီး ဖါသာရ် ပဲရ်ကော်တိုသည် ဖါသာရ် ဂါလီဇီးယား ပျံလွန်တော်မူပြီး နောက် မကြာမီ သာသနာ ဌာနချုပ်ကို ချောင်းဦးမှ မုံလှသို့ ပြောင်းရွှေ့သည်။ သာသနာပြုလုပ်ငန်း ဆက်လက် ဆောင်ရွက်သည်။ ကလေးသူငယ်များကို ကျွေးမွေး ပြုစုကာ စာပေ သင်ကြားပေးသည်။ အသက်ကြီးသော ကျောင်းသားများနှင့် ပတ်ဝန်းကျင်နယ်များကို လှည့်လည် ကြည့်ရှုသည်။ ထိုအချိန်က ဘုရင်ဂျီရွာပေါင်း (၁၃)ရွာ ရှိကြောင်း သူ့မှတ်ချက်တွင် တွေ့ရသည်။ ထိုရွာများမှ စေတနာ ထက်သန်သူတို့၏ အကူအညီဖြင့် ဘုရားရှိခိုးကျောင်း (၈) ကျောင်းနှင့် ဘုန်းတော်ကြီးနေ ကျောင်းများ ဆောက်လုပ်ခဲ့ကြောင်း ဖေါ်ပြထားသည်။ ဖါသာရ် ပဲရ်ကော်တိုသည် မြန်မာစာကို ကျွမ်းကျင် တတ်မြောက်သည့်အပြင် ပါဠိဘာသာကိုလည်း ကျွမ်းကျင်သဖြင့် ဗုဒ္ဓဘာသာကိုလည်း ကောင်းမွန်စွာ နားလည်၍ ခက်ရာ ခက်ဆစ်များကို ဖြေရှင်းနိုင်သည်။ ထိုမျှမက ဘုရားစကား စာအုပ်၊ မေတ္တာ စာအုပ်၊ တနှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်း ဖတ်ရသော ဆုံးမသြ၀ါဒများ၊ ဧ၀ံဂေလိ ကျမ်းစာအုပ်များ၊ တိုဘိယ အထ္တုပ္ပတ္တိ၊ သံမာတေဦး ကျမ်း၊ သံပေါလူး၏ ဆုံးမ သြ၀ါဒကျမ်းနှင့် အခြားများစွာသော စာအုပ်များ ရေးသားခဲ့သည်။ ဖါသာရ် ပဲရ်ကော်တိုသည် (၅) နှစ်တိုင်တိုင် တစ်ပါးတည်း ဝေးကွာသော သာသနာနယ်များသို့ လှည့်လည် ကြည့်ရှုရင်း သာသနာပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ၁၇၆၇ ခုနှစ်ရောက်မှ သာသနာပြု ဘုန်းတော်ကြီး အသစ် (၄)ပါး ရောက်လာသည်။ ထိုအချိန်မှာပင် သူ့ကို ဆရာတော် တင်မြောက်ကြောင်း အမိန့် စာချွန်တော် ရရှိသည်။ နောက်နှစ်များ မကြာမီအတွင်း ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယမြို့ကို တိုက်ခိုက် အောင်မြင်စဉ်က ဖမ်းဆီး ခေါ်ဆောင်လာသော ဆရာတော်ကြီး ဘရီဂိုး(Bishop Brigot)က ဖါသာရ် ပဲရ်ကော်တိုအား ရန်ကုန်မြို့တွင် ဆရာတော် သိက္ခာ တင်ပေးသည်။ 
 
    ဆရာတော် ပဲရ်ကော်တိုသည် (၁၇၆၈) ဇန္န၀ါရီ (၃၁)ရက်နေ့ တွင် ဆရာတော် သိက္ခာခံသည်။ တရုတ်နှင့် မြန်မာတို့ စစ်ဖြစ်သော အခါ ခရစ်ယာန်များ စစ်မှု ထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗာလီယိာမိလပ် ဦးဆောင်သော ခရစ်ယာန် တပ်သားများသည် အလွန် ရဲဝံ့ ကျွမ်းကျင်သူများ ဖြစ်၍ မြန်မာတို့က အောင်ပွဲ ခံရသည် ချီဗားလလီးယာ မိလပ်သည် လည်း နန်းတော်တွင် သြဇာရှိသူ တစ်ဦး ဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉) ခု နိုဝင်ဘာလ (၃)ရက်နေ့စွဲနှင့် ဆရာတော် ပဲရ်ကော်တို ရေးသောစာတွင် တရုတ် မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။ မုံလှတွင် ရဟန်းဖြစ်သင်ကျောင်း ဆောက်လု့ပ်ရန် ဘုရင်ထံမှ အခွင့် ရခဲ့သည်။ ထို အဆောက်အဦးကို ဘရာသာရ် ရိုမူဘာဂွန်ဇီ (Bro.Romuold Bergonzi) က ကြီးကြပ် အုပ်ချုပ်သည်။

       ဆရာတော်ကြီး ပဲရ်ကော်တို လက်ထက် ပထမဆုံး ရဟန်းဖြစ်သင်ကျောင်းကို မုံလှတွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းကို ဗာနဗိုက် ဘုန်းတော်ကြီး ကော်တေနော်ဘစ်ကလည်း ကူညီ ဆောက်လုပ် ပေးခဲ့သည်။ ရှေး အတိုင်းအတာအားဖြင့် အရှည်ပေ (၈၀) အကျယ်ပေ (၂၀)ရှိသည်။ တိုင်ပေါင်း (၄၆)တိုင်ဖြင့် ဆောက်လုပ်ပြီး ထိုပင်မ အဆောက်အအုံနှင့် ကပ်လျက်ဘေး တဘက်စီတွင် ပေ(၂၀)စီ ရှည်သော အခန်း(၂)ခန်း ရှိသည်။ (၁၇၇၀) ပြည့်နှစ်၌ ဆောက်လုပ်ပြီးစီး သဖြင့် ဘာသာရေး သင်တန်းများနှင့် ဘုန်းကြီးများ မွေးထုတ်ပေးရန် ရည်ရွယ်ခဲ့သည်။ ထိုကျောင်းကို (၁၇၈၀) ပြည်နှစ်တွင် မုံလှမှ နဘက်သို့ ရွှေ့ရန် စီစဉ်ခဲ့သည်။ ထိုကျောင်းတွင် ဘာသာရေး သင်တန်းများအတွက် လေ့ကျင့် သင်ကြားပေးရာ တိုးတက်မှု ရှိခဲ့သော်လည်း ဒေသခံ ဘုန်းကြီးမွေးထုတ်မှုမှာ မအောင်မြင်သေးချေ။

    (၁၇၆၉-၇၀) တွင် မုံလှရွာ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အနီးတွင် ဓမ္မသင်တန်းကျောင်းနှင့် ဖြစ်နိုင်လျင် ရဟန်းဖြစ် သင်တန်း ပြုလုပ်နိုင်ရန် ရည်မှန်း ဆောက်လုပ်ထားသော ပထမကျောင်းမှာ မီးရှို့ ဖျက်ဆီးခြင်း ခံရသဖြင့် နောက် အနှစ်အနည်းငယ်ကြာသောအခါ အခြားနေရာသို့ ရွှေ့ပြောင်း ဆောက်လုပ်ရသည်။

    ဆရာတော်ကြီး ပဲရ်ကော်တိုသည် မိမိ သာသနာအုပ်စုများကို နောက်ဆုံး ကြည့်ရူပြီး၊ ၁၇၇၆ ခုနှစ်၊ ဧပြီ လတွင် မုံလှသို့ ပြန်ရောက်လာသည်။ ထိုအချိန်တွင် အဖျားရောဂါ စွဲကပ်ပြီး ခြေထောက်များ ရောင်ရမ်း နာကျင် ကိုက်ခဲလာသည်။ နဘက်မှ တဆင့် အင်းဝသို့ သွားပြီး ( Br.Romuoldo) ၏ ဆေးကုသမှုကို ခံယူသည်။ သို့သော်လည်း (၁၇၇၆) ဒီဇင်ဘာလ (၁၂)ရက်နေ့ သက်တော် (၄၇)နှစ် အရွယ်တွင် ပျံလွန်တော်မူသည်။

    ဖါသာရ် ပဲရ်ကော်တိုသည် သာသနာရေး ကိစ္စနှင့် ပုံနှိပ်လုပ်ငန်းပိုင်း ဆိုင်ရာအတွက် ဖါသာရ် ကာပါနီအား ရောမသို့ စေလွှတ်ခဲ့သည်။ ဖါသာရ် ကာပါနီသည်(၁၇၇၆) ဒီဇင်ဘာလတွင် ရောမသို့ ရောက်သည်။ ကာဒီနယ် ဘောဂျီယာနှင့် ပုံနှိပ်တိုက် ညွှန်ကြားရေးမှူး ဂျွန်ခရစ္စတိုဖိုရို အာနုဇီတို့သည် ဘုန်းတော်ကြီး ဖါသာရ် ကာပါနီ၏ အကူအညီဖြင့် မြန်မာအက္ခရာ ခဲစာလုံး သွန်းလုပ်သည်။ မြန်မာ သဒ္ဒါကျမ်းစာအုပ်ကို ပုံနှိပ် ထုတ်ဝေသည်။ ထိုစာအုပ်သည် စာမျက်နှာ (၁၅၅)မျက်နှာ ရှိသည်။ ထိုစာအုပ်တွင် မြန်မာနိုင်ငံ သမိုင်း၊ ပထ၀ီနှင့် ထုံးတမ်းစဉ်လာ ဓလေ့များ မြန်မာလူမျိုးတို့၏ ကိုးကွယ် ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာအကြောင်းကို ဖော်ပြထားသည့် အပြင် မြန်မာ အက္ခရာသမိုင်းကိုလည်း ရေးသား ထားသည်။ ဘုရားရှိခိုးရာတွင် ရွတ်ဖတ်သော မေတ္တာစာများ ကိုလည်း မြန်မာဘာသာဖြင့် ပုံနှိပ်ထားသည်။ ၄င်း မေတ္တာစာများတွင် မယ်တော်မာရီယားကို ဂုဏ်ပြု ဖွဲ့ဆိုထားသော မေတ္တာစာ၊ သခင်ယေဇူး စီရင်ထားတော်မူသော မေတ္တာစာ၊ ယုံကြည်ခြင်း အချုပ်တို့ အပြင် ပညတ်တော်ဆယ်ပါး ပါဝင်သည်။ ယင်းစာအုပ်သည် ရှေးအကျုဆုံး မြန်မာ ပုံနှိပ် အက္ခရာကျမ်းကို ပြုစုရာတွင် ခခွေးနှင့် စလုံး အက္ခရာကို ကောင်းစွာ မခွဲခြား တတ်သေးချေ။ ပုံနှိပ်စလုံး အမှားများလည်း တွေ့ရသည်။ (၁၇၇၆) ခုနှစ်တွင် ခရစ်ယာန် တရားတော်မြတ် အကျဉ်းချုပ် စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သည် စာမျက်နှာ (၄၂) မျက်နှာ ပါရှိသည်။ (၁၇၇၆) ခုနှစ် ပုံနှိပ် ထုတ်ဝေသော စာအုပ်များကြောင့် ဥရောပ တိုက်သားတို့သည် မြန်မာ စာပေ၊ မြန်မာ အက္ခရာများကို စတင် တွေ့မြင်လာကြပြီး မြန်မာ ယဉ်ကျေးမှု ဓလေ့များကို ပထမဆုံး သိရှိ လာကြသည်။

         စဉ့်ကူးမင်း လက်ထက် တိုင်းပြည် အခြေအနေ မကောင်းသဖြင့် ညှင်းပန်း နှိပ်စက်မှု ခံရသောကြောင့် (၁၇၈၀)တွင် မုံလှရှိ ရဟန်းဖြစ် သင်တန်းကျောင်းကို နဘက်ရွာသို့ ရွှေ့ပြောင်း လိုက်ရသည်။

။  Vivian Ba, Oct,1962,P-21
။ နန့်မော်နီကား ၊ရှေးဦးမြန်မာနိုင်ငံသား ဘုန်းကြီးများ၏ ပညာရေး တစေ့ တစောင်း၊ မျိုးကြဲသူ၊ ၁၉၉၅ ၊နိုဝင်ဘာ၊ စာမျက်နှာ-၁၅
။ ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ - ၃၃၀
။ Vivian Ba,Nov,1962,P.31
။ နန့်မော်နီကား၊ အီတလီ ဗာနဗိုက် ဘုန်းတော်ကြီးများနှင့်မြန်မာ အက္ခရာ ပုံနှိပ်စာအုပ်များ မျိုးကြဲသူ၊ ၁၉၉၆၊ ဇန်န၀ါရီလ၊ စာမျက်နှာ - ၁၆-၁၇
။ (က) Frenandez, catholic church in Burma,P-9 (ခ) ကက်သလစ်ရာဇ၀င်၊စာမျက်နှာ-၃၃၂
 
 ဖါသာရ် အန်တိုနီရေး
Fr.Antonio Filiberto Re (Baranbite)
    ခရစ်သက္ကရာဇ် (၁၇၆၇) ခုနှစ်တွင် ဗာနဗိုက်အသင်းဝင် ရဟန်းငယ် လေးပါး မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ ဖါသာရ် ဂျီရာဒို ကော်တေ နော်ဘစ် (Fr.Gherardo Cortenovis) ဖါသာရ် ကာပါနီတို့ (Fr.Melchior Carpini) ရန်ကုန်တွင် နေရစ် ခဲ့ကြသည်။ ဖါသာရ်ရေးနှင့် ဖါသာရ်မီကိုနီ (Fr.Ambrose Micini) တို့သည် အင်းဝသို့ သွားကြသည်။ အင်းဝ ဒီစတြိတ် အတွင်းရှိ နဘက် ချောင်းဦးကို ကြည့်ရူရသည်။ ဖာသာရ် ရေးသည် (၁၇၈၆)ခုနှစ်တွင် ရန်ကုန်၌ ပျံလွန် တော်မူသည်။ မှတ်ချက် = ဘိရှော့ဘီဂန်းဒက် ကျွန်းတော ရောက်စဉ်က ဘုန်းတော်ကြီး အန်တိုနီရေး၏ ဂူသင်္ချိုင်းကို ကျွန်းတော၌ တွေ့ရှိခဲ့ကြောင်း(Bigandet, History of the Catholic Mission) စာအုပ် စာမျက်နှာ ၆၉-၇၀ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ဖါသာရ်ရေးသည် မြန်မာစာပေကို လျင်မြန်စွာ ကျွမ်းကျင် တတ်မြောက်လာ၍ သွန်သင် ပြသသလိုသော အကြောင်းအရာများကို အများအပြား စတင် ရေးသား ခဲ့သည်။ ထိုအချိန်တွင် ဖါသာရ် ပဲကော်တိုသည် ဘုန်းတော်ကြီးနှင့် ခရစ်ယာန်တို့ အပြန်အလှန် စကားပြောပုံကို ရေးသားခဲ့သည်။ (၁၇၆၉) ခုနှစ်တွင် ရတနာမှ ဂျွန်ကလည်း သူကို ကူညီ ခဲ့သည်။ ဖါသာရ်ရေးသည် နောက်ထပ် ရောက်လာမည့် ရဟန်းများ အတွက် အထောက်အကူပြုရန် မြန်မာ ဘုရားစကားကို လက်တင် အက္ခရာဖြင့် ပြန်ရေး ခဲ့သည်။ ထို့နောက် အိန္ဒိယပြည် ကိုရိုမင် တယ်လ်ကမ်းခြေရှိ ဖါသာရ် မာသွန် (Procurator of the propagation of the faith) ထံသို့ ပို့သည်။ စာမူတွင် အောက်ပါ အတိုင်း စတင် ရေးသည်။ “Camedo Dado, Ispiritu Santu, Namado, Mittue"

။ Fernandez, catholic church in Burma, PP,8-10
။ Vivian Ba, Oct, 1962, P-21

ဖါသာရ် ကော်တေနော်ဗစ်
Fr. Gherardo Cortenovis (Barnbite)
    ဖါသာရ် ကော်တေ နော်ဗစ်သည် (၁၇၆၇)ခုတွင် ဖါသာရ် ရေး၊ ဖါသာရ် မီကိုနီ၊ ဖါသာရ် ကာပါနီတို့နှင့် အတူ ရန်ကုန်မြို့သို့ ရောက်လာခဲ့ကြသည်။ ဆေးပညာနှင့် အဆောက်အဦး ပညာကျွမ်းကျင်သော ဘရာသာရ် ရိုမူ ဘာဂွန်ဇီလည်း လိုက်ပါ လာသည်။ ဖါသာရ် ကော်တေ နော်ဗစ်နှင့် ဖါသာရ် ကာပါနီတို့သည် ရန်ကုန်တွင် နေရစ်ခဲ့ကြ၍ ဖါသာရ်ရေးနှင့် ဖါသာရ်မီကိုနီတို့သည် အင်းဝသို့ သွားကြကာ သာသနာပြု လုပ်ငန်းများ ဆောင်ရွက် ကြသည်။ ဆရာတော် ပဲရ်ကော်တို ပျံလွန်တော်မူပြီးနောက် ဖါသာရ် ဂျေရာလ်ဒို ကော်တေ နော်ဗစ်သည် ဆရာတော်အဖြစ် ရွေးကောက် ခံရသည်။ အိန္ဒိယပြည် မဒရပ်မြို့သို့ သွားပြီး ဆရာတော် သိက္ခာ ခံယူသည်။ မြန်မာပြည်သို့ ပြန်ကြွလာစဉ် နီကိုဘာကျွန်းတွင် ပျံလွန်တော်မူသည်။

။ (က) ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ - ၃၂၉-၃၃၁ ၊ (ခ) Vivan Ba, oct, PP.21

ဖါသာရ်ဂေတာနိုမန်တေဂါးဇား
Fr. Gaetano Mantegazza (Barnabite)
    ဖါသာရ် ဂေတာနိုမန် တေဂါးဇားသည် (၁၇၄၅) ခု၊ ဧပြီလ (၁၁) ရက်နေ့တွင် အီတလီပြည် မိလန်မြို့၌ မွေးဖွား ခဲ့သည်။ ငယ်နာမည်မှာ ဆေးဇား ဖြစ်သည်။ ဗာနာဗိုက် အသင်းသို့ဝင်သော အခါ ဂေတာနိုမာရီယား အမည်ခံသည်။ (၁၇၆၈)ခုတွင် ရဟန်း သိက္ခာခံယူသည်။ (၁၇၂၂) အောက်တိုဘာလ (၁၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ထိုနှစ်မှာပင် ချမ်းသာရွာသို့ ရောက်ရှိလာပြီး ဘာသာဝင်များကို အုပ်ချုပ်သည်။ မြန်မာစာနှင့် ပါဠိ ဘာသာ တတ်ကျွမ်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ချမ်းသာရွာတွင် ယောက်ျားလေးများ အတွက် စာသင်ကျောင်း ဖွင့်၍ ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။

    (၁၇၈၄) ခု ဇန္န၀ါရီလတွင် မန်တေဂါးဇားသည် အသက် (၆၀) ရွယ်ရှိ ဦးဆောင်းနှင့် ကပ္ပိယတစ်ဦးကို အီတလီသို့ ခရီးထွက် ခဲ့သည်။ ၄င်းခရီးတွင် မန်တေဂါးဇားသည် မြန်မာ့ သမိုင်းချုပ်ဟု ခေါ်သော သမိုင်းစာအုပ်ကို ရေးသား ပြုစုခဲ့သည်။ မူရင်းမှာ ပြင်သစ် ဘာသာဖြင့် ရေးသားသည်။ အီတလီသို့ ရောက်သောအခါ ၄င်း သမိုင်းစာအုပ်ကို သာသနာ ပျံ့ပွားရေးဌာန ကာဒီနယ်ချုပ် အန်တိုနယ်အား ပေးအပ်ခဲ့သည် မန်တေဂါဇား ရေးဆွဲသည့် မြန်မာမြေပုံသည် ပထမ အစောဆုံး မြေပုံ ဖြစ်သည်။ မြေပုံ (၂) ပုံ အနက် ပထမ ပုံကြီးမှာ (၅၄ x ၄၃) စင်တီမီတာ ဖြစ်၍ ဒုတိယပုံမှာ (၁၈.၅ x ၅) စင်တီမီတာ ရှိသည်။ ၄င်း ပုံပေါ်တွင်(၁) စော်ဘွားများ အခြေစိုက်နေရာ၊ (၂) စော်ဘွားများ အုပ်ချုပ်ခဲ့သော နေရာ၊ (၃) မြို့ရိုးရှိ မြို့များ (၄) ရင်တားဖြင့် ဆောက်လုပ်သော ခံတပ်မြို့များ (၅)မင်းမျိုးမင်းနွယ် အုပ်ချုပ်သည့် မြို့များ (၆) ဈေးရှိသော မြို့များ (၇) ရွာကြီးများ (၈) တပ်စခန်းများ ရှိရာ နေရာ (၉) မြို့တော်ဟောင်းများ (၁၀) ခရစ်ယာန်များ ရှိသော မြို့များ (၁၁)ခရစ်ယာန် ဘုရားကျောင်းများ ရှိသောမြို့များ အပြင် မှတ်ချက်ဖြင့် ခရစ်ယာန် ရွာကြီး (၉) ရွာ၏ အမည်များ ပေးထားသည်။ နဘက် တာရိုးရွာ သံအောရွာ၊ ကျွန်းတော၊ ပတွင်၊ ချမ်းသာရွာ၊ ရတနာ၊ ချောင်းရိုး၊ မုံလှ၊ လက်ပံကြီးရွာတို့ဖြစ်၍ မြေပုံ အငယ်တွင် ရောင်စုံ သုံးမျိုးဖြင့် ကက်သလစ် သာသနာရေး ဆိုင်ရာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု တို့ကို ခွဲခြား ပြသ ပေးထားသည်။

    (၁၇၈၆) ခု ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အီတလီ၌ ဆရာတော် သိက္ခာ ခံယူခဲ့သည်။ ချမ်းသာရွာ၌ ဖါသာရ် မန်တေဂါးဇား အုပ်ချုပ်သည့် အချိန်တွင် ကက်သလစ် အိမ်ခြေပေါင်း (၅၅) အိမ် ရှိသည်။ ဖါသာရ် မန်တေဂါးဇားသည် (၁၇၇၆) ခုနှစ်က ပုံနှိပ် ထုတ်ဝေခဲ့သော မြန်မာ သင်ပုံးကြီးစာအုပ်ကို တည်းဖြတ်၍ ဒုတိယ အကြိမ် ပြန်လည် ရိုက်နှိပ်ခဲ့သည်။ ယခင်က (၇.၅ x ၅.၂၅) လက်မ အရွယ်နှင့် စာမျက်နှာ (၇၀) ရှိသည်။ ဒုတိယ အကြိမ် ပုံနှိပ်ရာတွင် (၈)လက်မဖြစ်၍ စာမျက်နှာ (၈၀) အထိ ဖြစ်လာသည်။

    ဖါသာရ် မန်တေဂါးဇားသည် (၁၇၇၆) ခုနှစ်က ဆရာတော်ကြီး ပဲရ်ကော်တိုနှင့် ဖါသာရ် ကာပါနီတို့ ပုံနှိပ် ထုတ်ဝေသော မြန်မာသဒ္ဒါကျမ်းကို ပြင်ဆင်၍(၁၇၈၇) ခုတွင် ဒုတိယအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဒုတိယအကြိမ် ထုတ်ဝေသော စာအုပ်၌ ၁၇၇၆ က ထုတ်ဝေသော စာအုပ်၌ ပါရှိသော အမှားများကို ပြင်ဆင် ရေးသား ထားကြောင်း တွေ့ရသည်။ ထိုကဲ့သို့ ပြင်ဆင် ရေးသားခြင်းဖြင့် မြန်မာအက္ခရာများ ပိုမို စာလုံး ပီပြင်လာပြီး ခေတ်သစ် မြန်မာ အက္ခရာ စာပေများကဲ့သို့ ပိုမို စနစ်ကျလာသည်။

    ဘိုးတော်ဘုရား လက်ထက်တွင် ယိုးဒယားနှင့် စစ်ဖြစ်ရသဖြင့် တိုင်းပြည် မသာမယာ ဖြစ်လာပြီး များစွာသော နေရာတို့၌ ဖျက်ဆီးခြင်း ခံရသည်။ ဘာသာဝင်ဦးရေ လျော့ပါး ဆုတ်ယုတ်လာသည်။ ထိုအချိန်တွင် ဆရာတော် မန်တေဂါးဇားသည် မိမိ၏ ဌာနချုပ်ကို ပုသိမ်သို့ ပြောင်းရွှေ့ ထားပါသည်။ ထိုအချိန်တွင် ဆရာတော်ကြီးသည် ကျမ်းမာရေး ချို့တဲ့၍ အင်အား ဆုတ်ယုတ် လျက်ရှိသော်လည်း ဘာသာဝင် သိုးစုများကို ကြည့်ရူရန် မြန်မာ တိုင်းရင်းသားများ ဖြစ်ကြသော ချမ်းသာရွာမှ ဂျိုးဇက် မောင်ကြီး၊ ချောင်းရိုးမှ အန်ဒြူးကို ရန်ကုန်မှ ကုလား ပေါ်တူဂီစပ် အီညာဆီအူးဒီဗရစ်တိုအား ရဟန်းသိက္ခာ တင်ပေးရန် အထက် မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့သည်။ (၁၇၉၃) ခုတွင် တိုင်းရင်းသား ရဟန်းတော်များ ရဟန်း သိက္ခာတင်ပေးပြီးနောက် အဖျားရောဂါ ပြင်းထန်လာပြီး (၁၇၉၄) သြဂုတ်လ (၄)ရက်နေ့တွင် အမရပူရ၌ ပျံလွန် တော်မူသည်၊ ပျံလွန်တော်မူသော အချိန်တွင် သက်တော် (၄၉)နှစ် ရှိသည်။

။  Vivian Ba,oct,1962,PP.21-22
။  Vivian Ba,sept,1964,PP.29-30
။  Vivian Ba,dec,1962,P.20
။ Bigandet,catholic Burmese Mission P.71
။ ဦးမြင့်ဆွေ၊ စာအုပ်သမိုင်းနှင့် သမိုင်း အတွေ့အကြုံ၊ ၁၉၇၂-ဇွန်လ၊ ပထမအကြိမ်၊ ကာယသုခ ပုံနှိပ်တိုက်၊ ၇န်ကုန်၊ စာမျက်နှာ-၃-၎
။ နန်မော်နီကား မျိုးကြဲသူ ၁၉၉၆၊ ဇန်န၀ါရီ စာမျက်နှာ -၁၆-၁၇
။ (က) ကက်သလစ်ရာဇ၀င်၊ စာမျက်နှာ-၃၃၃-၃၃၄   (ခ) Vivian Ba,oct,1963,P.-22

ဖါသာရ် လူဝစ် ဂရွန်းဒိုးနား (၁၇၄၆-၁၈၂၃)
Fr. Lewis Grondona(Barnabite)
     ဖါသာရ် လူဝစ် ဂရွန်းဒိုးနားသည် (၁၇၄၆) ခုနှစ်၊ အီတလီပြည် မိလန်မြို့၌ မွေးဖွားခဲ့သည်။ ရဟန်း သိက္ခာခံပြီးနောက် ဗာနဗိုက် အသင်းတွင် ဒသနိက ဗေဒ ကထိကဖြစ်သည်။ (၇)နှစ် ပညာ သင်ကြားပေးခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ ထွက်လာခဲ့သည်။ (၁၇၇၆) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ (၁၇၈၄)ခုနှစ် မှ (၁၇၉၄) အထိ ချမ်းသာရွာ ဘာသာဝင်များကို ကြည့်ရူ အုပ်ချုပ်ခဲ့သည်။

    ဖါသာရ် ဂရွန်ဒိုးနားသည် မြန်မာဘုရင် ဘိုးတော်ဘုရား၏ ကြည်ညို လေးစားခြင်း ခံရသည်။ ဘုရင်က မိမိ သားတော်များကို ဖါသာရ် ဂရွန်ဒိုးနားအား အပ်နှံ၍ ပညာ သင်စေသည်။ ထိုအချိန်က ဖါသာရ် ဂရွန်းဒိုးနားသည် ကက်သလစ်ဘာသာ မှန်ကန်ကြောင်းကို အခြေပြု၍ အခြားဘာသာတခုနှင့် ကျမ်းပေါက်ကာ အပြန် အလှန် ပြောဟန် စာအုပ်ကို ရေးသားလျက် ဘိုးတော်ဘုရားအား ဆက်သရာ ဘိုးတော်ဘုရားသည် ထိုစာအုပ်ပါ မေးခွန်းများကို ဖြေကြားရန် လေးပြင် လေးရပ်မှ ဆရာတော်ကြီးများကို ပင့်ဖိတ်၍ လျှောက်ထား မေးမြန်းပါသော်လည်း မည်သည့် ပုဂ္ဂိုလ်မျှ ဘုရင်မင်းမြတ် ကျေနပ်လောက်အောင် အဖြေ မပေးနိုင်ကြပေ။ (၁၈၁၉) ခုတွင် ဘိုးတော်ဘုရား နတ်ရွာစံ၍ မြေးဘကြီးတော် ထီးနန်း ဆက်ခံသည်။ ဖါသာရ် ဂရွန်ဒိုးနားသည် (၁၈၂၁)ခုတွင် ဘုရင်မင်းမြတ် အသစ်တည်တောင်သော အင်းဝမြို့သို့ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။ ဖါသာရ် ဂရွန်းဒိုးနားသည် မြန်မာပြည်၌ (၄၆)နှစ် တိုင်တိုင် သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အသက် (၇၇)နှစ်တိုင်အောင် သာသနာရွာများကို လှည့်လည် ကြည့်ရူ ထိန်းသိမ်း ခဲ့သည်။ (၁၈၂၃) ခုတွင် အင်းဝ၌ ပျံလွန် တော်မူသည်။ ဘုန်းတော်ကြီး၏ ဈာပန ကိစ္စအတွက် ဘကြီးတော်ဘုရားက ငွေတော်များ ထုတ်ပေး၍ သင်္ဂြိလ်ခြင်း အခမ်းအနားသို့ (၃)ရက်တိုင် တက်ရောက်ခဲ့သည့် အပြင် ဘုရင်၏ ခွင့်ပြုချက်အရ ဘုရားကျောင်းတွင် သင်္ဂြိလ် မြှုပ်နှံခဲ့သည်။ ဖါသာရ် ဂရွန်းဒိုးနားသည် မကြာခဏ နဘက်တွင် နေထိုင်၍ ပျံ့နှံ့နေသော ဘာသာဝင်များကို ကြည့်ရူသည်။

။ Vivian Ba, Feb, 1963, P-25
။ ချမ်းသာရွာ၊ ဘုရားကျောင်း ရာပြည့် အထိမ်းအမှတ် သမိုင်း စာစောင် စာမျက်နှာ -၂၀
။ ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ- ၃၃၅-၃၃၆
။ Bigandet catholic Burmese Mission. P.24

ဖါသာရ်ရိုဗာရီဇို
Fr. Giuseppe Alessandro Roverizo (Barnabite)
ဖါသာရ် ရိုဗာရီဇိုသည် (၁၇၈၂) ခု ဧပြီလ (၈)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည်။ ထိုအချိန်တွင် အသက် (၅၂)နှစ် ရှိသည်။ (၁၇၈၃)တွင် ချောင်းဦး၌ ပျံလွန်တော်မုသည်။ 

။ Bigandet catholic Burmese Mission. Pg 23

ဖါသာရ် ဒါမာတိုး (၁၇၅၆-၁၈၃၂)
Fr. Giuseppe D'Amato (Barnabite)
    နေပယ်မြို့သား ဖီလော်ဆော်ဖီ ဆရာတစ်ဦး ဖြစ်သူ ဗာနာဗိုက်အသင်းဝင် ဖါသာရ် ဒါမာတိုးသည် (၁၇၈၂) ခု မတ်လတွင် ဖါသာရ် ဗင်ဆင် ဇိုစန်ဂျမာနိနှင့် အတူ အီတလီမှ ထွက်ခွါ ခဲ့ကြသည်။ (၁၇၈၃) ခု ဇူလိုင်လတွင် ရန်ကုန် ရောက်ရှိကြသည်။
    ဖါသာရ် ဒါမာတိုးသည် မြန်မာပြည်ကို ရောက်လျှင် မြန်မာစာနှင့် ပါဠိဘာသာကို လေ့လာ သင်ကြားသည်။ မြန်မာစာ တတ်ကျွမ်းလာသော အခါ ဗမာ ပညာရှိများနှင့် စကား စစ်ထိုးပွဲများ ပြုလုပ်ခဲ့ကြသည်။ ပတ်ဝန်းကျင် ဆင်းရဲသားများနှင့် လိုက်လျော ညီထွေ စားသောက် ၀တ်ဆင် နေထိုင်ခဲ့ကြသည်။ ခရီးသွားလာရာတွင်လည်း ဦးထုပ် မဆောင်း ဘိနပ်မပါဘဲ သွားသည်၊ ပါဠိလို အဘိဓာန် စာအုပ် ပြုစုခဲ့သည်။ စာအုပ်များကို မြန်မာ .....

။ Vivian Ba,Nov,1962,P-32

 ဆက်ရန်... 
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၅)