Tuesday, June 11, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၅)


 ဖါသာရ် ဒါမာတိုး (၁၇၅၆-၁၈၃၂)
Fr. Giuseppe D'Amato (Barnabite)

    နေပယ်မြို့သား ဖီလော်ဆော်ဖီ ဆရာတစ်ဦး ဖြစ်သူ ဗာနာဗိုက်အသင်းဝင် ဖါသာရ် ဒါမာတိုးသည် (၁၇၈၂) ခု မတ်လတွင် ဖါသာရ် ဗင်ဆင် ဇိုစန်ဂျမာနိနှင့် အတူ အီတလီမှ ထွက်ခွါ ခဲ့ကြသည်။ (၁၇၈၃) ခု ဇူလိုင်လတွင် ရန်ကုန် ရောက်ရှိကြသည်။

    ဖါသာရ် ဒါမာတိုးသည် မြန်မာပြည်ကို ရောက်လျှင် မြန်မာစာနှင့် ပါဠိဘာသာကို လေ့လာ သင်ကြားသည်။ မြန်မာစာ တတ်ကျွမ်းလာသော အခါ ဗမာ ပညာရှိများနှင့် စကား စစ်ထိုးပွဲများ ပြုလုပ်ခဲ့ကြသည်။ ပတ်ဝန်းကျင် ဆင်းရဲသားများနှင့် လိုက်လျော ညီထွေ စားသောက် ၀တ်ဆင် နေထိုင်ခဲ့ကြသည်။ ခရီးသွားလာရာတွင်လည်း ဦးထုပ် မဆောင်း ဘိနပ်မပါဘဲ သွားသည်၊ ပါဠိလို အဘိဓာန် စာအုပ် ပြုစုခဲ့သည်။ စာအုပ်များကို မြန်မာဘာသာမှ အိီတလီ ဘာသာသို့ ပြန်ဆိုခဲ့သည်။ (၁၇၉၀) ခုတွင် နဘက်ရွာ၌ ရှိနေသည် ။ဖါသာရ် ဒါမာတိုးသည် ကျမ်းမာရေး ကောင်းမွန်သူ ဖြစ်သည်။ (၁၈၃၀) နောက်ပိုင်းကျမှ ကျန်းမာရေး ချွတ်ယွင်း လာခဲ့သည်။ အာသံတွင် စစ်စခန်းချနေသော မြန်မာ ကက်သလစ် ခရစ်ယာန် စစ်သည်များ ထံသွားရောက် ကြည့်ရူခဲ့သည်။ လမ်းခရီး တစ်လျောက် မကျန်းမာသူများကိုလည်း ဆေးဝါး ကုသ ပေးခဲ့သည်။ ဖါသာရ် ဒါမာတို၏ ပါဠိ တတ်ကျွမ်းမှုကို ဗြိတိသျှအရေးပိုင်က ချီးကျူး ခဲ့သည်။ မြန်မာပညာရှိ ၀န်ကြီးကလည်း ဖါသာရ် ဒါမာတိုထက် ပါဠိဘာသာ
ပိုတတ်ကျွမ်းသူ မရှိဟု ပြောခဲ့သည်။

    ဖါသာရ် ဒါမာတိုသည် သိပ္ပံပညာတွင် ပါရဂူမြောက် တတ်ကျွမ်းသည်။ ကဗျာဆရာတစ်ဦးလည်း ဖြစ်သည် ဆရာတော်ကြီး ပဲရ်ကော်တို ရေးသားခဲ့သည့် ပုံမနှိပ်ရသေးသော စာအုပ်များကို ပြန်လည် ပုံနှိပ်သည်။ ဓမ္မဟောင်းကျမ်း (၃)ကျမ်းကို လင်္ကာသွားနှင့် ရေးသား ပုံနှိပ် ထုတ်ဝေသည်။ မြန်မာပြည်၏ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ ပညာရပ်များ ကျွမ်းကျင်သည်။ ပုံဆွဲ ပညာလည်း ကျွမ်းကျင်သည်။

    ဖါသာရ် ဒါတိုရေးသားခဲ့သော စကားပြေ အရေးအသားတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
    ဇေယျတု။     ။ ဘာသာတူ တရားနာ ပရိသတ် အပေါင်းကို ဤယနေ့ ဟောပြောမည့် အချက် စိတ်နှလုံး မြဲမြဲစွဲစွဲနှင့် နာယူ စေချင်ပါသည်။ ပထမ မိဘတို့ ပညတ်တော် ကျူးလွန်သော အပြစ်ထိုက်ကြသည့် ကာလမှ စ၍ ဘုရားသခင်လူ၏ သဏ္ဍာန်အဖြစ်ကို ယူ၍ ဤလောကသို့ သက်ကျွတော်မူအံ့သော အကြံတော်ရှိပေသည်ကို ဖြောင့်မတ်သော သူတို့အား သိစေတော်မူသည်။ ဖြောင့်မတ်သော သူတို့သည် သိပြီးသည်နှင့် အညီ ပထမ မိဘတို့မှ စ၍ အစဉ်အဆက် သူတကာတို့အား ကယ်ချွတ်တော်မူနိုင်သော သခင်မြတ် ကြတော်မူလာ လတ္တန့်သည် အခြင်းအရာတို့ကို နှလုံးထားစိတ်စွဲနှင့် တမျှော်မျှော် တလင့်လင့် အအောင်း မေ့မေ့ ယုံမှတ်ခြင်းနှင့်တကွ နေကြပေသည်။ သည်သာမက မိဘတို့ အစမူ၍ အစဉ် အဆက်ဖြောင့်မတ်သော သူဟူသမျှ သေလျှင် ချမ်းသာရကြပေသည်မှာ ဤလူ့ပြည်သို့ သက်ကျွတော်မူလာလတ္တန့်သော သခင်ယေဇူးအား ယုံမှတ် ယုံကြည်ခြင်း သခင် ယေဇူးအား ယုံမှတ် ယုံကြည်ခြင်း သခင်ယေဇူး ကျေးဇူးတော်ကြောင့်သာ ရကြနိုင်ပေသည်ဟု ဧကန် မုက္ချ မှတ်ရမည်။

    ဖါသာရ် ဒါမာတို ရေးသားခဲ့သော လင်္ကာ အရေးအသားတစ်ခုမှာ ကျမ်းဦး မော်ကွန်းစာ။   ။
    ဇေယျတုသပ္ပမင်္ဂလံ။   ။ မြင့်မြတ်လှသော ရှင်စော ဂုဏ်တော်ကျေးဇူးတော်ကို အတော်ဒေ၀ အံ့သြမကုန် အလုံးစုံကို ချုံလုံပိုင်သ အများသ္ခင် ဘုရားရှင်အား ကြည်လည် ရိုခ ဦးနှိမ်ချ၍ ကမ္ဘာ ဘွယ်ရာပေါ်လာ ဖြစ်ဟောင်း ကျင့်ကောင်းကျင့်ရာ ဘာသာအလျေက် မဖေါက်မလှန် မှန်ကန်သဖြင့် ကိုးကွယ် သင့်သည် မသင့်သည်နှင့် တည်ကြည် ယုံမှတ် နှုတ်ကပတ်တော် မလျှော်သည်နှင့် သည်ကားသင့်ဟု  တွက်ချင့်စာနာ ချက်များစွာကို ကမ္ဘာ ဤမြေမကြေအချင်း နောင်ကျွင်းမြေးမြစ် ပြောရစ်စိမ့်ငှါ ကျမ်းဂံရှာ၍ ဆရာတို့က မြတ်သမျှကို မချမရှုတ် မယုတ်မလွန် ဟုတ်မှန်ညီစွာ။

ဖါသာရ် ဒါမာတိုသည် အထက် မြန်မာပြည်ရှိ သစ်ပင်များ ပိုးမွှားနှင့် တွားသွား သတ္တ၀ါများ၏ ပုံကြမ်းများကို စုဆောင်း ခဲ့သည်။ ဖါသာရ် ဒါမာတိုအား သဘာဝ သိပ္ပံပညာရှင်တစ်ဦးဟု အနောက်တိုင်း သုတေသန လုပ်သားများက အသိအမှတ် ပြုခဲ့ကြသည်။ ပတ္တမြား သတ္တူတွင်းများ အကြောင်း အတွဲ(၂)ကို ဘင်္ဂလား၏ အာရှဆိုင်ရာ အဖွဲအစည်းများ ဂျာနယ်တွင် ရေးသား ဖေါ်ပြခဲ့သည်။ မြန်မာပြည်မှ ရှားပါးသော အပင်(၃၀၀)နှင့် တိရစ္ဆာန် အမျိုးပေါင်း (၂၀၀)ခန့် ရှာဖွေ စုဆောင်းပြီး စာအုပ်(၄) တွဲ ရေးသားခဲ့သည် ပထမ (၂) တွဲမှာ ပုံကြမ်းများနှင့် ရေးဆွဲ ဖေါ်ပြထားပြီး ဒုတိယ အတွဲ(၂)တွဲမှာ သစ်ပင်များနှင့် တိရစ္ဆာန်များကို အသေးစိတ် ဖေါ်ပြထားသည်။

ဤအရာများကို နှစ်ပေါင်း (၄၀) လောက် ရှာဖွေ စုဆောင်း ခဲ့ရသည်။ သူ စုဆောင်းထားခဲ့သော စာမူ တစ်ချို့ တ၀က်ကို ဗြိတိသျှ အရေးပိုင်အား လက်ဆင့်ကမ်း၍ အရေးပိုင်က ရှည်လျားသော ဆောင်းပါး ရေးခဲ့သည်။ ဖါသာရ် ဒါမာတို စုဆောင်းထားသော စာမူစာအုပ်များကို ချမ်းသာရွာ၌ သိမ်းဆည်းထားရာ (၁၈၄၂) တွင်မီးလောင်သဖြင့် စာအုပ်များ ဆုံးရှုံးသည်။

    ဖါသာရ် ဒါမာတိုသည် ဆရာတော် မန်တေဂါးဇား၏ ဘ၀အကြောင်းကို အီတလီ ဘာသာဖြင့် ရေးသား ခဲ့သည်။ တခြား စာအုပ်များနှင့် အတူ မုံလှတွင် မီးလောင် ခံရသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတွင် လူဖြူ မှန်သမျှကို ဗြိတိသျှဟု ထင်မှတ်သဖြင့် သာသနာပြု အားလုံးကို ဖမ်းဆီး ချုပ်နှောင်ထားသည်။ ဖါသာရ် ဒါမာတိုလည်း ဖမ်းဆီး ချုပ်နှောင် ခံရသည်။ ဘုရင်ကြားသိသော အခါ ဘုရားကဲ့သို့သော သူတော်စင်မြတ်ကို ဘာကြောင့် ဒုက္ခ ပေးချင်ကြသလဲဟု ပြောပြီး ချက်ချင်း ပြန်လွှတ်စေသဖြင့် ဖါသာရ် ဒါမာတို လွတ်မြောက်ခဲ့သည်။

    အင်္ဂလိပ် မြန်မာ ပထမစစ် အပြီးတွင် ဘုရင်ဂျီရွာများ၌ လူဦးရေ အများအပြား လျော့နည်း သွားခဲ့သည်။ ဘုရင်၏ တပ်မတော်တွင် အမှုထမ်းရသော ဘုရင်ဂျီရွာများမှ စစ်မှုထမ်းများသည် စစ်ပွဲတွင် အများအပြား ကျဆုံး၍ ပြန်မလာကြသောကြောင့် ဘုရင်ဂျီရွာများမှ ယခင်က ပျော်ရွှင်ခဲ့ကြသော အိမ်ထောင်စုများသည်
ယခုအခါ ပူဆွေး ၀မ်းနဲ ကြရသည်။ ထိုအချိန်တွင် ဗာနာဗိုက် ဘုန်းတော်ကြီး ဖါသာရ် ဒါမာတိုမှာ အိုမင်းသော အရွယ် အသက်(၇၀) ရှိနေပြီ ဖြစ်သည်။ သူ့ကို ဗာနာဗိုက် ဘုန်းတော်ကြီး ဖါသာရ် အန်ဒြူးကိုနှင့် ဖါသာရ် ဒီဗရစ်တို တို့က ကူညီ ပေးနေကြသည်။ ဖါသာရ် ဒီဗရစ်တိုမှာလည်း အသက်တော် (၆၀)ရှိနေပြီ ဖြစ်သည်။ ဗာနဗိုက် သာသနာပြုများတွင် သူတို့သာ ကျန်တော့သည်။ သို့ဖြစ်၍ ရောမကို သာသနာပြု အသစ် စေလွှတ်ပေးပါရန် အကူအညီ တောင်းခဲ့သည်။ အဖြေ မရ ရှိခဲ့ပါ။ ပွန်တီ ချယ်ရီကို စာရေးပြီး အကူအညီ တောင်းသောအခါ စာအုပ် သေတ္တာတစ်လုံးနှင့် ၀တ်စား တန်ဆာများ ပေးပို့လိုက်ပြီး အကူအညီများ တိုးပေးပါမည်ဟု ကတိပြု လိုက်သည်။

    (၁၈၃၁)ခုတွင် အီတလီပြည်မှ (Secular Priest) ဖါသာရ် တာရိုလီနှင့် စိန့်သြဂုတ်စတင်း အသင်းဝင် ဂျီနိုဝါမှ ဖါသာရ် အန်တိုနီ ရစ်ကားတို့သည် ဆရာတော်ကြီး ကာအိုနှင့် အတူ ရန်ကုန်သို့ ရောက်ရှိ လာကြသည်။ ဆရာတော်ကြီးမှာ ရန်ကုန်တွင် နေရစ်ပြီး ဘုန်းကြီးနှစ်ပါးကို အင်းဝသို့ စေလွှတ်လိုက်သည်။ ဘုန်းကြီးနှစ်ပါးသည် ခရစ်ယာန် အနည်းငယ်ဖြင့် မုံလှသို့ အလည်သွားကြသည်။ မုံလှ ရောက်သောအခါ ဘုန်းကြီးအိုကြီး ဖါသာရ် ဒါမာတိုတပါးတည်း ဘုရားရှိခိုးကျောင်း အတွင်း ဘုရားစင်ရှေ့တွင် ၀တ်ပြု ဆုတောင်းနေသည်ကို တွေ့ရသည်။ ဘုန်းကြီးနှစ်ပါးမှာ ခြေသံ မကြားရအောင် ခြေဖျား ထောက်၍ ဘုန်းကြီးအိုကြီး အနီးသို့ သွားရောက်ခဲ့သည်။ အနားသို့ ရောက်သောအခါ သူတို့ နှစ်ပါးဟာ အီတလီမှ လာသော ရဟန်းနှစ်ပါး ဖြစ်ကြောင်းကို ညင်သာစွာ ပြောသည်။ ကြည်ညိုဖွယ် ကောင်းသော ဘုန်းကြီး အိုကြီးသည် ၀မ်းသာပြီး မျက်ရည်များ ကျရှာသည်။ ရဟန်းငယ် နှစ်ပါးသည် ဘုန်းကြီးအိုကြီးနှင့် မုံလှတွင် ရက် အနည်းငယ် နေထိုင်ခဲ့ကြသည်။ ဘုန်းကြီးငယ်များသည် ဖါသာရ် ဒါမာတိုထံမှ မြန်မာနိုင်ငံ အသင်းတော် အကြောင်းကို မှတ်သား နာယူ ခဲ့ကြသည်။ ထို့နောက် ဖါသာရ်တာ ရိုလီက ချမ်းသာရွာသို့ သွား၍ ဖါသာရ် ရစ်ကားက အင်းဝသို့ သွားပြီး နဘက် ချောင်းဦး ဘာသာဝင် ကြည့်ရူ ရသည်။ ၁၀

    ဖါသာရ် ဒါမာတိုသည် (၁၈၃၂) ခုနှစ် ဧပြီလတွင် မုံလှ၌ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် (၇၆) နှစ် ရှိသည်။ ဘုန်းတော်ကြီး၏ ရုပ်ကလပ်ကို ဗုဒ္ဓဘာသာ ဘုန်းကြီးများကဲ့သို့ ပျားရည်နှင့် စိမ်ထားသည်။ ရပ်ဝေး ဧည့်သည်များ လာရောက် ဂါရ၀ပြုပြီးမှ မုံလှတွင် သင်္ဂြိုလ်သည်။ ဖါသာရ် ဒီဗရစ်တိုမှာလည်း (၁၈၃၂) ခု၊ ဇွန်လ(၂၁)ရက်နေ့တွင် ပျံတော်မူသည်။ ဗာနဗိုက် ဘုန်းကြီးများ ဆုံးခန်း တိုင်ပြီ။ ၁၁

 ။ Vivan Ba, Apil, 1963, P.18
။ ကက်သလစ်ရာဇ၀င်၊စာမျက်နှာ-၃၃၆
။ Vivan Ba, May, 1964, P.19
။ ထို P.21
။ Bigandet,Catholic Burmese Mission, P.26
။ ကက်သလစ်ရာဇ၀င် စာမျက်နှာ-၃၃၆
။ Vivian Ba, Feb, 1963, P.22
။ Vivian Ba, March, 1963, P.19
။ Vivian Ba, March, 1963, P.19
၁၀။ Vivian Ba, March, 1963, P.20
၁၁။ Vivan Ba,April,1963,PP.17-18

ဖါသာရ်စံဂျဲရ်မာနို (၁၇၅၈ - ၁၈၁၉)
Fr. Sangermamo (Barnabite)

    ဖါသာရ် စံဂျဲရ်မာနိုသည် ဖါသာရ် ဂက်စ်ပေ ဒါမာတိုနှင့် အတူ (Callowrath) အမည်ရှိ သြစတီးယား သင်္ဘောဖြင့် (၁၇၈၂) ခု မတ်လတွင် အီတလီမှ ထွက်ခဲ့ရာ (၁၇၈၃)ခု ဇူလိုင်လတွင် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။

    ဖါသာရ် စံဂျဲမာနိုသည် မကြာမီ အထက် မြန်မာနိုင်ငံရှိ နဘက်ရွာသို့ တာဝန်ကျ သဖြင့် ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက် ခဲ့သည်။ ဘိုးတော်ဘုရား၏ စစ်တမ်း ကောက်ချက်အရ နဘက်ရွာတွင် ခရစ်ယာန် အိမ်ထောင်စု (၂၀)ခန့် ရှိသည်။ ဖါသာရ် စံဂျဲရ်မာနိုသည် ထိုဘာသာတူ အိမ်ထောင်စုများအား ကြည့်ရူ စောင့်ရှောက်ရင်း ၀ိညာဉ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက် ပေးခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် ဦးမြတ်ကျော် လှူဒါန်းသော စာသင်ကျောင်း၌ ဒေသခံ သားသမီးများကို စာပေ သင်ကြားပေးသည်။ ထို စာသင်ကျောင်းကို ရဟန်းးဖြစ် သင်ကျောင်းအဖြစ် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည်။ အီတလီနိုင်ငံရှိ အသင်း၏ အကြီးအကဲထံ ပေးပို့သော စာတွင် နဘက်ရွာတွင် ကျွန်ုပ်တို့ ကိုယ်တိုင် ကျောင်းထိုင် ဘုန်းတော်ကြီး စာသင်ကျောင်း အုပ်ချုပ်သူ၊ စာသင်ဆရာ ကျမ်းစာ ဖတ်သူ၊ သင်းအုပ် ဆရာ၊ ဘုရားကျောင်း၏ ကိုယ်စာလှယ် အဖြစ် တဦးတည်း ဆောင်ရွက်ရသည်ဟု ရေးသားထားရာ ဘာသာရေးနှင့် ဘာသာရေးဆိုင်ရာ အမှု ကိစ္စများတွင် (၆) နှစ်တိုင်အောင် တစ်ဦးတည်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ (၁၇၈၈) ခုနှစ်တွင် ဥရောပ၌ စစ်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ သာသနာရေး အထောက်အပံ့များ ခေတ္တ ရပ်ဆိုင်း သွားခဲ့သည်။ ထိုအခါ နဘက်ရွာ၌လည်း ထောက်ပံခြင်း ခေတ္တ ရပ်ဆိုင်းသွား သဖြင့် ရဟန်းဖြစ် သင်ကျောင်းကို ဆက်လက် မဖွင့်နိုင် သေးချေ။

    ထို့နောက် ဆရာတော်ကြီး အသစ်သည် ဖါသာရ် ဂရွန်းဒိုးနားအား ချမ်းသာရွာတွင် ၄င်း၊ ဖါသာဒါမာတိုအား မုံလှရွာတွင်၎င်း၊ ဖါသာရ် စံဂျဲရ်မာနိုအား ရန်ကုန်တွင် ၄င်း၊ နေရာ ချထားပြီး၊ ဖါသာရ် ကော်တေနေဘစ်အား (၁၇၈၆) ခုနှစ်တွင် ယူနန်တွင် ရှိသော ပြင်သစ် သာသနာပြုများ ကြည့်ရူရန်နှင့် သူတို့အား အင်းဝနှင့် တရုတ် ဖြတ်လမ်းကို ပြောပြစေရန် စေလွှတ်သည်။

    ဖါသာရ် စံဂျဲရ်မန်နို ရန်ကုန် ရောက်သောအခါ ရန်ကုန်တွင် ဘုရားရှိခိုးကျောင်း နှစ်ကျောင်း ရှိသည်။ တစ်ကျောင်းမှာ ကောင်းကင်ဘုံ ပင့်ဆောင်ရသော သခင်မ ဘုရားကျောင်း ဖြစ်သည်။ မြို့ထဲတွင် ရှိသည်။ သစ်သားဖြင့် တည်ဆောက် ထားသည်။ ဘာသာဝင် တစ်ထောင်ခန့် ၀င်ဆန့်သော ဘုရားကျောင်း ဖြစ်သည်။ ကျန် ဘုရားရှိခိုးကျောင်းမှာ စိန်ဂျွန်ဗပ္ပတစ္စ ဘုရားရှိခိုးကျောင်း ဖြစ်သည်။ မြို့ပြင် နှစ်မိုင်ခန့် အကွာတွင် ရှိသည်။ အုတ် ဘိလပ်မြေတို့ဖြင့် ဆောက်လုပ် ထားသည်။ ပထမကျောင်းထက် ပိုကြီး သည်။  ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော ကျောင်းတော်ကို ဖါသာရ် ကော်တေနော်ဘစ်က တာဝန်ယူ အုပ်ချုပ်ရသည်။ ဖါသာရ် စံဂျဲရ်မာနိုသည်  စိန်ဂျွန် ဗပ္ပတစ္စဘုရားကျောင်းကို ကျောင်းထိုင် ဘုန်းကြီးအဖြစ် တာဝန်ယူရသည်။ စိန်ဂျွန် ဗပ္ပတစ္စ ဘုရားကျောင်း အနီးတွင် ယောင်္ကျားကလေးများ အတွက် ဖါသာရ် ကာပါနီ တည်ထောင်ခဲ့သော စာသင်ကျောင်း ရှိသည်။ ယင်းကျောင်းကို ဖါသာရ် စံဂျဲရ်မာနိုက တိုးချဲ့ ဆောက်လုပ်ပြီး ယောင်္ကျားကလေးများကို ပညာသင် ပေးခဲ့သည်။

    ဖါသာရ် စံဂျဲရ်မန်နိုသည် သဒ္ဒါကျမ်း စာစီစာကုံးပညာ၊ ဒသနိက၊ သင်္ချာဘာသာ၊ ရေကြောင်း အတတ်ပညာ၊ ဘာသာဗေဒပညာရပ်များကို သင်ကြား ပို့ချခဲ့သည်။ ဤကျောင်းမှ ဘုန်းတော်ကြီး (၃)ပါး၊ ဦးပဉ္စင်းကြီး (၂)ပါး၊ ဦးပဉ္စင်းလေး (၂)ပါး၊ သိက္ခါရ ကိုရင် (၂)ပါး၊ သင်္ကန်းရ ကိုရင်(၁၂)ပါး မွေးထုတ် ပေးနိုင်ခဲ့သည်။ ဘုန်းတော်ကြီး (၃)ပါးမှာ ချမ်းသာရွာမှ ဂျိုးဇက်မောင်ကြီး (Secular Priest) ချောင်းရိုးမှ အန်ဒြူးကို (ဗာနဗိုက်) ရန်ကုန်မှ ကုလား ပေါ်တူဂီစပ်၊ အီညာဆီအူးဒီဗရစ်တို(ဗာနဗိုက်)တို့ ဖြစ်သည်။ တိုင်းရင်းသား ဘုန်းတော်ကြီး (၃)ပါးကို (၁၇၉၃)ခုတွင် ဆရာတော်ကြီး မန်တေဂါးဇားက ရဟန်းသိက္ခာ တင်ပေးခဲ့သည်။ ကျန် ဦးပဉ္စင်းနှင့် ကိုရင်များမှာ ဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် ရဟန်းသိက္ခာ မခံယူ နိုင်ကြတော့ပေ။

    ဖါသာရ် စံဂျဲရ်မာနို၏ တပည့်များတွင် (Ambrose de Rosario)သည် ရောမတွင် ကျော်ကြားသော ဆရာဝန် တစ်ယောက် ဖြစ်သည်။ သူ၏ ပြောပြချက်အရ အခြား တပည့်များသည်လည်း ရန်ကုန်နှင့်သံလျင် သင်္ဘောဆိပ်များတွင် ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာများအဖြစ် အမှုထမ်းနေကြကြောင်း ဆိုသည်။ ဖါသာရ် စံဂျဲရ်မာနိုသည် လူနာ အိပ်ခန်းဆောင် (၂)ခုပါသော ဆေးရုံကြီးတစ်ရုံကို အုတ်ဖြင့် ဆောက်လုပ်ခဲ့သည်။ တစ်ခန်းမှာ ဘာသာဝင်များနှင့် နိုင်ငံခြားသားများ အတွက်ဖြစ်ပြီး ကျန်တစ်ခန်းမှာ အထူးသဖြင့် မုဆိုးမများက သူနာပြုများအဖြစ် တာဝန်ယူ ပြုစုပေးကြသည်။ ဖါသာရ် စံဂျဲရ်မာနို ကိုယ်တိုင်က ၀ါရင့် သမားတော်ကြီးဖြစ်ပြီး ရန်ကုန်ရှိ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများ၏ အန္တရာယ်ကြီးသော ရောဂါများကို ကုသပေးသည်။ ကျေးဇူး သိတတ်သော လူနာများက စာသင်ကျောင်းနှင့် ရဟန်းဖြစ် သင်ကျောင်းကို တိုးချဲ့ ပြုပြင်ပေးသည်။

    ဖါသာရ် စံဂျဲရ်မာနိုသည် သူ၏ စာသင်ကျောင်းနှင့် ဆေးရုံကို ဗာနဗိုက် ဘုန်းတော်ကြီးများဖြစ်သော ဖါသာရ်အန်ဒြူးကိုနှင့် ဖါသာရ် အီညာဆီအူး ဒီဗရစ်တို တို့အား အပ်၍ (၁၈၀၆)ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် တပြည့်ဖြစ်သူ (Ambrose de Rosario) ရိုဇေးရီးယိုးနှင့် အတူ အီတလီသို့ ထွက်ခွါ ခဲ့ကြသည်။ ပထမတွင် ဘရာဇီးသွားသော သင်္ဘောဖြင့် လိုက်ပါခဲ့ကြသည်။ ဘရာဇီးမှ လစ္စဘွန်း၊ လစ္စဘွန်းမှ စပိန်၊ စပိန်မှ ပြင်သစ်၊ ပြင်သစ်မှ အီတလီပြည် ရောမမြို့သို့ (၁၈၀၈) ခု နွေဦးပေါက် အချိန်တွင် ရောက်ရှိကြသည်။ သူ၏ အကြီးအကဲသည် စံဂျဲရ်မာနိုအား (Apino) အာပီနိုရှိ ကောလိပ်သို့ ပို့ခဲ့ရာ ထိုနေရာတွင် ရန်ကုန်၌ ရေးလက်စ (Burmese Empire) မြန်မာအင်ပါရာ စာအုပ်ကို ဆက်လက် ရေးသားခဲ့သည်။ ရိုဇေးရီးယိုးသည် မြန်မာနိုင်ငံသားထဲမှ ပထမဆုံး နိုင်ငံခြား သမားတော်ဘွဲ့ ရရှိသူ ဖြစ်သည်။ စံဂျဲရ်မာနိုသည် အာပီနိုရှိတူလီအာနို (Tulliano) ကောလိပ်တွင် ဒါရိုက်တာအဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဖါသာရ် စံဂျဲရ်မာနိုသည် (၁၈၁၉)ခု ဇူလိုင်လ (၂၈)ရက်နေ့တွင် အီတလီ၌ ပျံတော်မူသည်။ သက်တော် (၆၁)နှစ် ဖြစ်သည်။ ဖါသာရ် စံဂျဲရ်မာနို ပြုစုခဲ့သော (THE HISTORY OF BURMESE EMPIRE)စာအုပ်ကို (၁၈၃၃) ခုနှစ်တွင် W Tendy က အင်္ဂလိပ်ဘာသာ ပြန်၍ ရောမ၌ ထုတ်ဝေခဲ့သည်။

။ Vivan Ba,Nov,1963,P.32
။ နန်မော်နီကား၊ မြန်မာနိုင်ငံရောက် ဘုန်းတော်ကြီး၊ စံဂျဲရ်မာနို မေတ္တာရောင်ခြည်၊ ကက်သလစ် မဂ္ဂဇင်း၊ အတွဲ ၄။ အမှတ် ၁၊ ၁၉၉၅ ခု စက်တင်ဘာလ၊ ပထမအကြိမ်၊ အယ်မလီ ပုံနှိပ်တိုက်၊ ရန်ကုန် စာမျက်နှာ - ၅၇
။ Vivan Ba, Feb, 1963, P.20
။ Vivan Ba, Feb, 1963, P.20-21
။ Vivian Ba, Feb, 1963, PP.20-21
။ ကက်သလစ် ရာဇ၀င်၊ စာမျက်နှာ - ၃၃၃
။ Vivian Ba, Feb, 1963, P.21
။ Vivian Ba, Feb, 1963, P.23

ဖါသာရ် ဘူထီရိုနီ (၁၇၆၀-၁၇၈၈)
Fr. Claudius Butiromonti
    မီိလန်ဗာနာဗိုက် အသင်းမှ အီတလီ ဘုန်းတော်ကြီး ဖါသာရ် ဘူတီရိုနီသည် (၁၇၈၇)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ယင်းနှစ်တွင်ပင် ချမ်းသာရွာသို့ ရောက်ရှိလာပြီး ဘာသာဝင်များကို ကြည့်ရူသည်။ ချမ်းသာရွာရောက်ပြီး တစ်နှစ်ကျော် ကာလ (၁၇၈၈) ခုတွင် ချမ်းသာရွာ၌ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် အသက် (၂၈)နှစ်သာ ရှိသေးသည်။ ဖါသာ ဘူထီရိုနီ၏ သင်္ချိုင်းတွင် ယနေ့တိုင် တွေ့ရသည်။

။ Bigandet, Catholic Burmese Mission, P.23

ဖါသာရ်အန်ဒြူးကို
Fr.John Andrew Ko (Barnabite)
    ဖါသာရ် အန်ဒြူးကိုသည် စစ်ကိုင်းတိုင်း တန်ဆည်မြို့နယ် ချောင်းရိုးရွာတွင် မွေးဖွားခဲ့သည်။ နဘက်ရွာတွင် ဖွင့်လှစ်သော ရဟန်းဖြစ်သင်ကျောင်းမှ တဆင့် ရန်ကုန် စံဂျဲရ်မာနီကောလိပ်သို့ တက်ရောက် သင်ကြားခဲ့သည်။ ထိုကျောင်းတွင် သဒ္ဒါကျမ်း စာစီစာကုံး ပညာ၊ သင်္ချာ ဘာသာ၊ ရေကြောင်း အတတ်ပညာနှင့် ဘာသာရေးဆိုင်ရာ သီအိုလိုဂျီ၊ ဖီလိုဆိုဖီ ပညာရပ်များကို ဖါသာရ်ဂျဲရ်မာနို ကိုယ်တိုင် သင်ကြား ပို့ချပေးခဲ့သည်။ (၁၇၉၃)ခုတွင် ဆရာတော်ကြီး မန်တေဂါးဇားလက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ဖါသာရ်အန်ဒြူးကိုသည် ဗာနဗိုက် အသင်းဝင် ဖြစ်သည်။ဖါသာရ် စံဂျဲရ်မာနို အီတလီပြန်သောအခါ ဖါသာရ်အန်ဒြူးကိုနှင့် ဖါသာရ် အီညာဆီအူး ဒီဗရစ်တိုတို့သည် ရန်ကုန်ရှိ စိန်ဂျွန် ဗပ္ပတစ္စဘုရားကျောင်းကို တာဝန် ယူကြရသည်။ အင်္ဂလိပ် မြန်မာပထမစစ်ပွဲတွင် ဖါသာရ် အီညာဆီအူးဒီဗရစ်တို ဖမ်းဆီး ချုပ်နှောင်ခံရသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲ အပြီး ပျက်စီးသွားသော ဘုရားကျောင်း ပြန်လည် တည်ဆောက်နေစဉ် (၁၇၈၂) တွင် ဖါသာရ်အန်ဒြူးကို (  ) ပျံလွန်တော်မူသည်။ ၁

၁။ (က)ကက်သလစ်ရာဇ၀င်၊စာ-၃၃၃
    (ခ) Vivian Ba,Feb,1963,P-21
    (ဂ) Fernandez,catholic church in Burma,PP.10-11
    (ဃ ) Vivian Ba,April,1963,P-20

ဖါသာရ်အီညာဆီအူးဒီဗရစ်တို
Fr.Ignatius de Brito(Barnabite)
    ဖါသာရ် အီညာဆီအူး ဒီဗရစ်တိုသည် ကုလား ပေါ်တူဂီကပြား ဖြစ်သည်။ ကလေးဘ၀မှ ကက်သလစ် ဘာသာသို့ ၀င်သည်။ဥာဏ်ထက်မျက်၍ နာခံတတ်သော ကလေးတစ်ယောက် ဖြစ်သည်။ ဗာနာဗိုက် ဘုန်းကြီးများက နဘက် ရဟန်းဖြစ်ကျောင်းပို့၍ ပညာ သင်ကြားစေသည်။ ထိုမှ တဆင့် ရန်ကုန် စံဂျဲရ်မာနို ကောလိပ်ကျောင်းတွင် ဆက်လက် သင်ကြားခဲ့သည်။ဆရာတော်ကြီး မန်တေဂါးဇား လက်ထက် (၁၇၉၃)ခုတွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ဗာနာဗိုက် အသင်းသို့ ၀င်ခဲ့သည်။ဖါသာရ် စံဂျဲရ်မာနို အီတလီ ပြန်သောအခါ ဖါသာရ် ဒီဗရစ်တိုသည် ရန်ကုန်ရှိ စိန်ဂျွန် ဗပ္ပတစ္စဘုရားကျောင်းကို တာဝန်ယူ အုပ်ချုပ်ရသည်။ အင်္ဂလိပ်၊ ပေါ်တူဂီ၊ အီတလီ၊ စပိန်၊ ဟင်နူစတန်နီ၊ ပါဠိစာပေများ တတ်ကျွမ်းသည်။ စာမျက်နှာ (၅၀၀)ရှိ အီတလီ မြန်မာ သဒ္ဒါကျမ်းကို ရေးသားခဲ့သည်။အီတလီ မြန်မာ ပါဠိသုံး ဘာသာတွဲ ကျမ်းစာအုပ်ကိုလည်း ပြုစုခဲ့သည်။ သူသည် ဆေးပညာ တတ်ကျွမ်းသော ဆရာဝန် တစ်ယောက်ဖြစ်သည်။ အီတလီ မြန်မာ လက်တင် သုံးဘာသာဖြင့် ဆေးကျမ်း ပြုစုခဲ့သည်။မြန်မာ တိုင်းရင်းဆေးများကို လက်တင် အခေါ်အဝေါ်ဖြင့် ရေးသားခဲ့သည်။ ဓမ္မတေးများကို ပေါ်တူဂီ ဘာသာဖြင့် ရေးသားခဲ့သည်။ မော်လမြိုင်မြို့အတွက် ခရစ္စမတ်တေးများ ထုတ်ဝေခဲ့သည်။ ပါစကားပွဲတွင် ဆိုရသော လက်တင်သီချင်းများကိုလည်း ရေးသားခဲ့သည်။ ဖါသာရ် ဒီဗရစ်တိုကို အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲတွင် ဒေါက်တာဂျပ်ဆင်နှင့် အတူ ဖမ်းဆီး အကျဉ်းချထားသည်။ အကျဉ်းစခန်းတွင် (၂)နှစ်ခန့် နေရသည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ရန်ကုန်ရှိ စိန်ဂျွန် ဗပ္ပတစ္စကျောင်းကို သေသည်အထိ တာဝန်ယူ အုပ်ချုပ်ခဲ့သည်။ (၁၈၃၂) ခု ကိုယ်တော်မြတ်ပွဲနေ့တွင် ဖါသာရ် တာရို၏ လက်ပေါ်၌ ပျံတော်မူသည်။ ၁

၁။  Vivian Ba,April,1963,P-18-19

ဖါသာရ်ဂျိုးဇက်မောင်ကြီး
(Fr.Joseph Maung Gyi)(Secular)
    ဖါသာရ် ဂျိုးဇက် မောင်ကြီးသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချမ်းသာရွာတွင် မွေးဖွားခဲ့သည်။ ရဟန်း ဘုန်းကြီးဖြစ်လိုသဖြင့် မုံလှတွင်၎င်း၊ နဘက်တွငိ၎င်း ဖွင့်လှစ်ခဲ့သော ရဟန်းဖြစ် သင်ကျောင်းများမှ
တဆင့် ရန်ကုန် စံဂျဲရ်မာနိုကော်လိပ်သို့ တက်ရောက် သင်ကြားခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် သဒ္ဒါကျမ်း စာစီစာကုံးပညာ၊သင်္ချာဘာသာ၊ ရေကြောင်း အတတ်နှင့် ဘာသာရေးဆိုင်ရာ သီအိုလိုဂျီနှင့် ဖီလိုဆိုဖီပညာရပ်များ ....

ဆက်ရန်... 
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၆)