Monday, June 3, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၃)



 ပြင်သစ်ပြည် ပါရီမြို့ နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ဖါသာရ် ဂျေနိုးနှင့် ဖါသာရ်ဂျောရက်တို့သည် ယိုးဒယားမှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ကြသော်လည်း၊ အထက် မြန်မာနိုင်ငံ ဘုရင်ဂျီ ရွာကြီးများသို့ မရောက် ရှိခဲ့ကြပေ။ ဂျေဇွိတ် ဘုန်းတော်ကြီးများ နောက်တွင် ဘုရင်ဂျီ ရွာများကို ထိန်းသိမ်း ကြည့်ရှုရန် ဘုန်းတော်ကြီးများ အဆက် ပြတ်ခဲ့သည်။ အင်းဝဘုရင် တနင်္ဂနွေမင်း လက်ထက် (၁၇၂၂) ခုနှစ်ကျမှ ဗာနဗိုက် အသင်း ဘုန်းတော်ကြီးများ ရောက်လာသည်။





ဖါသာရ် စီဂျစ်မွန် ဒိုကာလ်ချီ (၁၆၈၅-၁၇၂၈)
Fr. Sigimondo Maria Catchi (Barnabite)
(၁၇၁၉) ခု တွင် ဧကဒသမမြောက် ပုပ်ရဟန်းမင်းကြီး ကလေးမင်းသည် မွန်ဆီညော် ကာလမ်ဘရုဂျီအိုမက်ဇာဘာဘာ (Mgr Cariambrogio Mezzabarba)ဦးဆောင်သော သံတမန် အဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ် ခဲ့သည်။ မွန်ဆီညော်သည် အသက် (၃၅) နှစ်သာ ရှိသေးသော လူငယ်တစ်ဦး ဖြစ်သည်။ သံ အဖွဲ့ဝင်များမှာ
    (၁) ဖါသာရ် အွန်နိုရာတို မာရီယား ဇယ်ရာရီ
        (Fr. Onorato Maria Ferrar of ercelli in Piedmont)
    (၂) ဖါသာရ် စိဂျစ်မွန်ဒို မာရီယား ကာလ်ချီ
        (Fr.Sigimondo Maria Calchi of Milan)
    (၃) ဖါသာရ် အလက်ဇန်းဒရိုး ဒီ အခက်ဇန်းဒရီး
       (Fr.Allensandro De Allensandri of Bergamo)
    (၄) ဖါသာရ် ဖီလီပို မာရီယား ချေဆာတီ
       (Fr. Filippo Maria Cesati of Milan)
    (၅) ဖါသာရ် ဆလ်ဗာတော ရေရာဆီနီ
       (Fr. Salvatore Rasini of Nice) တို့ဖြစ်သည်။

တရုတ်ဘုရင်အား လက်ဆောင် ပေးရန် အဘိုးတန် ပစ္စည်းများနှင့် အသုံးဝင်သော ပစ္စည်းများ ယူဆောင် ခဲ့ကြသည်။ ထိုဘုန်းကြီးတို့သည် အတတ်ပညာနှင့် ဘုရားတရား ကြည်ညိုမှုကြောင့် ထင်ရှား ကျော်ကြားသည်။ ၄င်းတို့သည် ဗာနဗိုက် အသင်းဝင်များ ဖြစ်ကြသည်။ (၁၇၂၀) ခု ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ရောမမှ ထွက်ခွာ ခဲ့ကြပြီး တရုတ်ပြည် ကံတုံသို့ သြဂုတ်လ (၂၂) ရက်တွင် ရောက်ရှိခဲ့ကြသည်။ တရုတ်ပြည်တွင် သာသနာပြု လုပ်ငန်းများ အောင်မြင်မှု မရှိသဖြင့် ဖါသာရ် ကာလ်ချီအား မြန်မာနိုင်ငံ ပဲခူးနှင့် အင်းဝသို့ သာသနာပြုရန် စေလွှတ်ပြီး ပဲခူး အင်းဝနှင့် မုတ္တမတို့ကို ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်အဖြစ် အုပ်ချုပ်ရန် ခန့်ထားလိုက်သည်။ ဖါသာရ် ကာလ်ချီသည် အီတလီပြည် မီလန်မြို့ရှိ ဗာနဗိုက် အသင်းမှ အလက္ကဇန္ဒားကောလိပ် ကျောင်းတွင် ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဖါသာရ် ဗီတိုနီ(Secular priest) ကိုလည်း ဖါသာရ်ကာလ်ချီ၏ လက်ထောက်အဖြစ် ခန့်ထား လိုက်သည်။ ဘုန်းတော်ကြီး နှစ်ပါးမှာ ဗမာစကား သင်ကြား ကြသည်။ ဖါသာရ် ဗီတိုနီမှာ အင်းဝသို့ သွား၍ ဖါသာရ်ကာလ်ချီသည် ပဲခူးတွင် နေခဲ့သည်။

    (၁၆၉၉) မတိုင်ခင်က စပြီး ပေါ်တူဂီ ဘုန်းတော်ကြီး နှစ်ပါး ရှိခဲ့သည်။ တစ်ပါးက သံလျင်တွင်နေ၍ ကျန်တစ်ပါးမှာ နေပြည်တော်နှင့် ရွှေဘို စစ်ကိုင်း ဘုရင်ဂျီ ရွာများကို ကြည့်ရှုခဲ့သည်။ ၄င်းတို့သည် စိန်ဖရန်စစ် အသင်းဝင်များ ဖြစ်နိုင်သည်။ ၄င်း ဘုန်းတော်ကြီးများသည် အိန္ဒိယ အနောက်ဘက် ကမ်းခြေ ဂိုအား လူမျိုးများ ဖြစ်သည်။ အိန္ဒိယပြည် မလာပူ (Madras) ဆရာတော်မှ စေလွှတ်ခဲ့သူများ ဖြစ်သည်။ ၄င်းတို့သည် ဗမာ စကား မသင်ကြား မတတ်မြောက်ကြဘဲ ကျေးတောသုံး ပေါ်တူဂီ စကားဖြင့် ဟောပြောကြသည်။

    ရောက်ရှိလာသော အီတလီ ဘုန်းတော်ကြီး နှစ်ပါးသည် ပေါ်တူဂီ ဘုန်းတော်ကြီးများ၏ မလို မုန်းထားမှုကြောင့် အနှောက်အယှက် အမျိုးမျိုး ခံကြရသည်။ အီတလီ ဘုန်းကြီး နှစ်ပါးသည် တရုတ် အင်ပါယာ၏ သူလျှိုများ ဖြစ်ကြောင်း ကောလဟလ သတင်းများ လွှင့်ထုတ်ကြသည်။ သို့သော်လည်း ဘုရင်၏ ဦးစား ပေးခံရသူ အာမေးနီးယန်း လူမျိုး ဆိုင်မွန်က ကူညီ ဖြန်ဖြေပေးမှုကြောင့် တနင်္ဂနွေမင်းက ဖါသာရ် ကာချီအား ဆင့်ခေါ်ပြီး သူ၏ နိုင်ငံတော်အတွင်း ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်း ဆောက်ခွင့်ကို လွတ်လွတ် လပ်လပ် ဆောင်ရွက်ခွင့် ပြုလိုက်သည်။ ဘုရင်၏ လှူဒါန်းငွေ အာမေးနီးယန်း လူမျိုး ဆိုင်မွန်၏ ထည့်ဝင်ငွေ တို့ဖြင့် ဖါသာရ် ကာလ်ချီသည် အင်းဝတွင် ဘုရားကျောင်း တစ်ကျောင်း တည်ဆောက်ခဲ့သည်။ (၁၇၂၃) မတ်လ (၁၁) ရက်နေ့၌ အီတလီပြည်ရှိ ဗာနဗိုက် အသင်းချုပ်သို့ ဖါသာရ် ကာလ်ချီရေးသော စာတွင် အင်းဝဘုရင်သည် ဥရောပနှင့် ကုန်သွယ်လိုကြောင်း၊ ခရစ်ယာန် မင်းသားများနှင့် မိတ်ဖွဲ့ လိုကြောင်း၊ နိုင်ငံခြား စက်မှု လက်မှု ပညာရှင်များ၏ အကူအညီ ရလိုကြောင်း၊ အင်းဝကို ကျွန်ုပ်ရောက်လျင် ရောက်ခြင်း ဘုရင်က ကျေနပ် နှစ်သက်သဖြင့် ကျွန်ုပ်တို့အား ဘာသာရေး ဟောပြောခွင့် ဘုရားကျောင်းများ တည်ဆောက်ခွင့် ပေးပြီး ဘုရားကျောင်း ဆောက်လုပ်ရန် ငွေများ လှူဒါန်းသဖြင့် နောက်နေ့တွင်ပင် ဘုရားကျောင်း ဆောက်လုပ်ရန် စီစဉ်ကြောင်း၊ ဘုရင်သည် ခရစ်ယာန် မင်းသားများနှင့် ကုန်သွယ်လိုကြောင်း၊ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် ဆက်သွယ်လိုကြောင်း ဘုရင်သည် ပန်းချီပညာ၊ ယက္ကန်းပညာ၊ ဖန်ထည် မှန်ထည်ပညာ၊ နက္ခတ်ပညာ၊ စက်မှုပညာ၊ ပထ၀ီပညာရှင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ လိုလားကြောင်း၊ ဘုရင်သည် ကျွန်ုပ်ကို အင်းဝ နေပြည်တော်၌ နေစေ၍ ကျန်တစ်ပါးကို ပုပ်ရဟန်းမင်းကြီးအား အဘိုးတန် ကျောက်မျက် ရတနာပစ္စည်းများ လက်ဆောင်ပေး၍ စေလွှတ် ခဲ့သည်။ သို့ဖြစ်၍ စည်းကမ်း စံနစ်ရှိသော ကြင်နာတတ်သော ပညာရှင် သာသနာပြု ရဟန်းတော်များနှင့် အတူ ဘုရားကျောင်းပုံစံများ လူပုံများ၊ ပထ၀ီမြေပုံများ ဘုရားကျောင်း သီချင်း စာအုပ်များ ပေါ်တူဂီ စာအုပ်များကို ပေးပို့စေလိုကြောင်း၊ နောင်ပို့လွှတ်မည့် ရဟန်းတော်များအား မြေတိုင်းပညာ၊ နက္ခတ်ပညာ၊ သင်္ချာ အတတ်ပညာ၊ လက်သမားပညာ၊ ဆေးပညာ၊ စမ်းရေတွင်းနှင့် ရေတွင်း တည်ဆောက်မှု အတတ်၊ အချက်အပြုတ် အတတ်၊ ရေမွှေးနံ့သာ ပြုလုပ်နည်း၊ ကိတ်မုန့် ဖုတ်နည်းစသည်ဖြင့် အသုံးဝင်သော အတတ်ပညာ သင်ကြား ခဲ့ကြစေလိုကြောင်း အသင်းအကြီးအကဲထံ စာရေးခဲ့သည်။ ဖါသာရ် ကာလ်ချီသည် အရေး အဖတ်တတ်ကျွမ်း၍ လာသောအခါ နောင်တွင် ဥရောပမှ ရောက်လာကြမည့် သာသနာပြု ရဟန်းတော်များ အတွက် မြန်မာစာ သင်ကြားရေး လွယ်ကူစေရန် အဘိဓာန်စာအုပ် ရေးသားခဲ့သည် ဖါသာရ် ကာလ်ချီသည် ထမင်းနှင့် ဟင်းချိုဟင်းသာ ဘုန်းပေး၍ နေပူ မိုးရွာ မရှောင် ဘိနပ်မစီး ဦးထုပ်မဆောင်းဘဲ ဆင်းရဲ ပင်ပန်းခံလျက် သာသနာလုပ်ငန်းကို လှည့်လည် သွားလာ ဆောင်ရွက်ခဲ့သည်။

    တနေ့တွင် ဖါသာရ် ကာလ်ချီသည် အဖျားရောဂါ စွဲကပ်လာပြီး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် အီတလီ ဘုန်းတော်ကြီးများ အပေါ် ပေါ်တူဂီဘုန်းကြီး၏ အမုန်းတရား ကြီးမားလှသဖြင့် ဖါသာရ်ကာလ်ချီအား နောက်ဆုံး စက္ကရမင်တူးပေးရန်ပင် ဖိတ်ပါသော်လည်း ငြန်းဆန် ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ စီိမံချက်သည် အံ့သြစရာပင် ဖါသာရ် ကာလ်ချီ ပျံတော် မမူမီ Propaganda အသင်းမှ ဖါသာရ် ရောဆက်တီ(Fr.Rosetti) ရောက်လာသည်။ ဖါသာရ် ရောဆက်တီသည် ဖါသာရ် ကာလ်ချီအား နောက်ဆုံး စက္ကရမင်တူးများပေးပြီး နောက် (၁၇၂၈) ခု မတ်လ (၆)ရက်နေ့တွင် အင်းဝ၌ ပျံတော်မူသည်။ ပျံတော်မူချိန်တွင် သက်တော် (၄၃)နှစ်သာ ရှိသည်။ ဖါသာရ် ကာလ်ချီသည် မြန်မာ မြေပေါ်တွင် ပထမဆုံး မျိုးစေ့ချ ခဲ့သော သာသနာပြု ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။

။ Vivian Ba,The early Catholic Missionaries in Burma, The GuardianMagazine, 1962,Aug, p.17 (နောင် ဤမဂ္ဂဇင်းကို ကိုးကားလျင် Vivian Ba ဟု အတို ဖေါ်ပြမည်)
။ Maung Kaung,Beginning of christian Missionary in Burma,1600-1824,Journal Burma Research Society, pp.63-64
။ Vivian Ba, 1962,Aug, pp-19-20
။ Bigandet, Catholic Burmese Mission,pp.13-14

 ဖါသာရ် ဂါလီဇီးယား
Fr. Pio Gallizia(Bamabite)
       ဖါသာရ် ကာလ်ချီ ပျံလွန်တော်မူပြီး နှစ်လ အကြာ (၁၇၂၈) ခု မေလတွင် ဖါသာရ် ပီအို ဂါလီဇီးယားသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ အင်းဝ တနင်္ဂနွေမင်းသည် သံလျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်နှင့် ဘုရားကျောင်း တည်ဆောက်ခွင့် များပေးသည်။ ဘုန်းတော်ကြီး ဂါလီဇီးယားသည် သာသနာပြုများ စေလွှတ်ပေးရန် ရောမသို့ စာအစောင်စောင် ရေးခဲ့သည်။ နောက်ဆုံးတွင် အကူအညီ ရရှိရန် ရောမသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။ ထိုအချိန်တွင် ဥရောပနှင့် မြန်မာတို့၌ နိုင်ငံရေး မတည်ငြိမ်မှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင် မွန်နှင့် မြန်မာတို့ နိုင်ငံရေး ဆက်လက် တင်းမာလျက် ရှိသည်။ ပုပ် ရဟန်းမင်းကြီးကလည်း မြန်မာ သာသနာနှစ်ခု စလုံးကို ဗာနဗိုက်အသင်းသို့ လွှဲအပ်ပြီး ဖါသာရ် ဂါလီဇီးယားကို ဆရာတော်ခန့် လိုက်သည်။ မြန်မာပြည် သာသနာအတွက် ပညာရှင် ကထိက (၃)ပါးကိုလည်း ပေးလိုက်သည်။ ၄င်းတို့မှာ (၁)ဖါသာရ် ပေါလ်မာရီယား နေရီနီ (Fr. Paul Maria Nerini)ဖါသာရ် အလက္ကဇန္ဒား မွန်ဒယ်လီ (Fr. Alexander Mondelli) ဖါသာရ် ဂျွန်ဒယ်လ် ကွန်တေ (Fr. John Delcote) တို့ ဖြစ်သည်။ ၄င်းတို့နှင့် အတူ ဓာတုဗေဒ ပညာရှင် ဆရာဝန် ဘရာသာရ် အန်ဂျေလို ကာပယ်လို (Br.Angelo Cappello)လည်း လိုက်ပါ လာသည်။ ၄င်းတို့သည် (၁၇၄၁) ခုနှစ်တွင် အီတလီမှ ထွက်ခွာ ခဲ့ကြသည်။ (၁၇၄၃) ခု ဂျွန်လတွင် သံလျင်သို့ ရောက်ရှိကြသည်။ သံလျင်သို့ ရောက်သောအခါ ဆရာတော် ဂါလီဇီးယားသည် တက်သစ်စ မွန်ဘုရင် သမိန်ထော (ဗုဒ္ဓကိတ္တိ)ကို ပဲခူးသို့ သွားရောက် တွေ့သည်။ မြန်မာ နံပါတ်များ ရေးထိုးထားသော နာရီတစ်လုံးနှင့် နှစ်သက်ဖွယ် ပစ္စည်းများကို ဘုရင်အား လက်ဆောင် ပေးခဲ့သည်။ ဘုရင်က ကောင်းစွာ လက်ခံ၍ ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများ အတွက် ဘုရားကျောင်းနှင့် နေအိမ် ဆောက်ရန် မြေတစ်ကွက် ပေးသည်။ (၁၇၄၄) ခုတွင် မြန်မာ စစ်သား တစ်သောင်းခန့်တို့သည် ပဲခူးသို့ လာရောက် တိုက်ခိုက်၍ ဥစ္စာ ပစ္စည်းများ လုယက် ဖျက်ဆီး ကြသည်။ ပဲခူးသားတို့က သံလျင်သားတို့သည် မြန်မာတို့ကို ဦးစားပေးသည်ဟု သံသယ ရှိခဲ့ကြသည်။ (၁၇၄၅) ခု မတ်လ (၃)ရက်နေ့တွင် အိန္ဒိယ ဒတ်ခ်ျ ကုန်စည် အလုပ်ရုံမှ ချေဗားလီးယား ဒီစကွန် နေဗီလေ (Chevalier de Schonenvila) ဦးစီးသော သင်္ဘော (၈) စီးသည် မြန်မာ စစ်တပ်များကို ကူညီရန် ရောက်ရှိကြသည်။ ရုတ်တရက် ရောက်ရှိလာသော သင်္ဘောများနှင့် ပတ်သက်၍ လေ့လာ စုံစမ်း ထောက်လှမ်းရန် မွန်ဘုရင်က ဆရာတော်ဂါလီဇီးယားကို တာဝန် ပေးခဲ့သည် ဆရာတော်ကြီးသည် အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့သည်။ ကက်ပတိန်အား သူတို့၏ အကြံကို စွန့်လွှတ်ရန် ပြောကြားခဲ့သည်။ ပဲခူးဘုရင်က ရောက်ရှိလာသော သင်္ဘောသား အကြီးအကဲများကို ခန်းခန်းနားနား ဧည့်ခံလိုကြောင်း ပြောသဖြင့် ပဲခူးဘုရင်ထံ သွားရောက်ကြသည်။ ပဲခူးရောက်သော အခါ ထောင်ပေါင်းများစွာသော စစ်သားများ အနှံ့အပြား အပြည့်အကျပ် တပ်ချထားသည်ကို တွေ့ရှိရသည်။ သံသယ မကင်းစရာ အခြေအနေများကြောင့် နောက်ဆုတ် ပြန်ခဲ့ကြသည်။ အပြန်တွင် ဆရာတော် ဂါလီဇီးယား၊ ဖါသာရ် မွန်ဒယ်လီ၊ ဖါသာရ် ဒယ်လ်ကွန်တေနှင့် သင်္ဘောသားများ မွန်တို့၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံကြရသည်။ ဖါသာရ်နေရီနီနှင့် ဘရာသာရ် အန်ဂျေလိုကာပယ်လိုတို့ လွတ်မြောက်ခဲ့သည်။

    ဖါသာရ် နေရီနီသည် ဘရာသာရ် အန်ဂျေလို ကာပယ်လိုကို အိန္ဒိယသို့ စေလွှတ်လိုက်သည် မိမိကိုယ်တိုင်မှာ ယိုဒယားပိုင် မြိတ်မြို့တွင် (၈)လ နေပြီး အိန္ဒိယပြည် ပွန်တီချယ်ရီသို့ သွားခဲ့သည်။ အိန္ဒိယပြည် မဒရပ်မှ စောင့်နေသော ဘရာသာရ် အန်ဂျေလို ကာပယ်လိုနှင့် တွေ့ပြီး နှစ်ဦးသား စံပါနဂိုသို့ သွားကြသည်။ ဖါသာရ် နေရီနီသည် အိန္ဒိယပြည်၌ လေးနှစ် နေထိုင်ခဲ့သည်။ အိန္ဒိယပြည်၌ နေထိုင်စဉ် နက္ခတ်ပညာကို ဆည်းပူး တတ်မြောက်ခဲ့သည်။

။ Vivian Ba, August, 1962,p.20
။ Vivian Ba, sept,1962,p.17
 ဖါသာရ်နေရီနီ
Fr. Nerini (Barnabite)
    နောက် တက်လာသော မွန်ဘုရင် ဗညားဒလက သာသနာပြုများသည် တိုင်းပြည် ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး အတွက် လိုအပ်ကြောင်း သူတို့ကို သံသယ မရှိကြောင်း ပြောကြားသည်။ ထိုသတင်းကို ကြားသိရသော အခါ ဖါသာရ်နေရီနှင့် ဘရာသာရ် အန်ဂျေလိုကာပယ်လို တို့သည် (၁၇၄၉) ခုနှစ် မတ်လကုန်တွင် အိန္ဒိယမှ ထွက်ခွါခဲ့ရာ သံလျင်သို့ ဧပြီလ (၂၁) ရက်နေ့တွင် ရောက်ရှိ လာကြသည်။ ဖါသာရ် နေရီနီသည် ပဲခူးဘုရင်သစ် ဗညာဒလနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ ရေမွှေး နံ့သာပုလင်းများ လက်ဆောင် ပေးသည်။ ဘုရင်က ကောင်းမွန်စွာ လက်ခံသည်။ မွန်ဘုရင်သည် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့် ပေးခဲ့သည်။ ဘရာသာရ် အန်ဂျေလိုသည် ဆေးခန်းဖွင့်၍ မကျန်းမမာသူများ ဆေးကု ပေးသည်။ မွန်ဘုရင်မ ကျန်းမမာသည့် အခါတွင်လည်း သွားရောက် ကုသပေးသည်။ ဖါသာရ်နေရီသည် နက္ခတ်ပညာ ကျွမ်းကျင်သဖြင့် နေကြပ်ခြင်း လကြပ်ခြင်းတို့ကို ကြိုတင် ဟောပြောနိုင်သောကြောင့် ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ လိုအပ်သော အကူအညီများကိုလည်း ဘုရင်ထံက ရရှိသည်။ အာမေးနီးယား ကုန်သည် နီကောလား ဒီအာကွီး လား (Nichola de Aquillar) သည် ဘုန်းတော်ကြီးအား လိုအပ်သော ငွေများ လှူဒါန်းသည်။ ဘုန်းတော်ကြီးသည် အလျား (၈၁) ပေ အမြင့်(၄၀) ပေ ရှိသော အုတ် ဘုရားကျောင်းကြီးကို သံလျင်တွင် ဆောက်လုပ်ခဲ့သည်။ ဘုန်းတော်ကြီး နေရန်ကျောင်းနှင့် စာသင်ကျောင်းကိုလည်း ဆောက်လုပ်ခဲ့သည်။ ရဟန်းမင်းကြီး ဘေနေဒစ် (၁၄) က ဖါသာရ် နေရီနီအား အင်းဝနှင့် ပဲခူးကို ရဟန်းမင်းကြီး၏ ကိုယ်စာလှယ်အဖြစ် အုပ်ချုပ်ရန်ခန့် ထားလိုက်သည်။ သာသနာပြု ရဟန်းလေးပါးကိုလည်း စေလွှတ် လိုက်သည်။ ဖါသာရ်နေရီနီသည် နောက်ရောက်လာမည့် သာသနာပြုများကို စောင့်မျှော်ရင်း ထိုသာသနာပြုများ အတွက် မြန်မာစာနှင့် မွန်စာကို အလွယ်တကူ လေ့လာနိုင်ရန် သဒ္ဒါစာအုပ်၊ အဘိဓါန်စာအုပ်၊ ဘုရားစကား စာအုပ်နှင့် ဆုတောင်း စာအုပ်များ ရေးသားခဲ့သည်။ (၁၇၅၆) ခုနှစ်တွင် အလောင်းမင်း တရားသည် သံလျင်ကို အလုံးအရင်းနှင့် တိုက်ခိုက်သိမ်းပိုက်ရာ ထိုစစ်ပွဲတွင် ဘရာသာရ် အန်ဂျေလို ကာပယ်လိုသည် ဒဏ်ရာရသူများကို ကူညီနေစဉ် အမြောက်ဆန် ထိ၍ ပျံလွန်တော်မူသည်။ ဖမ်းမိသော ပြင်သစ်ကိုယ်စားလှယ် ဘရူနိုးကို ကွက်မျက် တော်မူသည်။

    မွန်တို့ကို ကူညီရန် ပြင်သစ် စစ်သင်္ဘော သံလျင်သို့ ရောက်ရှိလာခြင်းသည် ဖါသာရ် နေရီနီက ပွန်တီချယ်ရီသို့ အကူအညီတောင်းလို့သာ ရောက်လာသည်ဟု သံသယရှိသောကြောင့် အလောင်းဘုရားသည် ဖါသာရ် နေရီနီ၏ ခေါင်းကိုဖြတ်၍ သူ့အား ဆက်သရမည်ဟု အမိန့်ထုတ်သည်။ စစ်သားများသည် ဖါသာရ်နေရီနီ၏ ကောင်းမြတ်ခြင်းကို လေးစား ကြည်ညိုသဖြင့် ပေါ်တူဂီ ဘုန်းကြီး (အိန္ဒိယ အနောက်ဘက်ကမ်းခြေရှိ ဂိုအားလူမျိုး ဘုန်းတော်ကြီး)၏ ဦးခေါင်းကို ဖြတ်၍ ဘုရင်ကို ဆက်သကြသည်။ သို့သော် ဘုရင်သည် ဖါသာရ်နေရီနီ၏ ဦးခေါင်း မဟုတ်မှန်းသိသဖြင့် ဥရောပနိုင်ငံသား ဖါသာရ်နေရီနီ၏ ဦးခေါင်း ဖြတ်ခဲ့ရန် ထပ်မံ အမိန့်ပေးသဖြင့် ဖါသာရ် နေရီိနီဦးခေါင်ကို ဖြတ်၍ အလောင်းမင်းတရားကြီးအား ဆက်သ လိုက်ရသည်။ ဤ ကြေကွဲဖွယ် ဖြစ်ရပ်သည် (၁၇၅၆) နှစ်ဦးပိုင်းတွင် ဖြစ်ပျက် ခဲ့သည်။ ဘရူနိုးနှင့် အတူပါလာသော အရာရှိ (၁၂)ဦးကိုလည်း ကွပ်မျက် တော်မူသည်။ ပြင်သစ်စစ်သား (၂၀၀)ကို ရွှေဘိုသို့ ပို့၍ အမြောက် တပ်သားအဖြစ် အမှူထမ်း စေသည်။ အထက်တွင် ဖေါ်ပြခဲ့သော သာသနာပြုရဟန်း ဘုန်းတော်ကြီးများသည် အင်းဝနှင့် ပဲခူး သာသနာအတွက် လာရောက်ကြခြင်း ဖြစ်သော်လည်း နိုင်ငံရေး မတည်ငြိမ်မှု၊ ရဟန်း ဘုန်းတော်ကြီး ရှားပါးမှု၊ သွားလာရေး ခက်ခဲမှုတို့ကြောင့် ဘုရင်ဂျီရွာများကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း မရှိပေ။ ဘုရင်ဂျီရွာများမှာ နှစ်ပေါင်းများစွာ ရဟန်း ဘုန်းတော်ကြီးများနှင့် ကင်းကွာနေရသဖြင့် တချို့ ဘာသာပျက်ဘ၀သို့ ရောက်ကြရသည်။

။ Vivian Ba,August,1962,p-20
     Sept,1962,pp.17-18
။ Begindet Catholic Burmese Mission p-18
။ မြန်မာနိုင်ငံသမိုင်းသစ်ဥိးအောင်သိန်းဟန်၊စာပေမွေ့သူစာအုပ်တိုက်၊စာမျက်နှာ-၈၈


ဖါသာရ်ဒေါ်နာတီ
Fr. Donati (Barnabite)

    ဗာနာဗိုက် အသင်းမှ ဘုန်းတောကြီး ဖါသာရ် ဒေါ်နာတီနှင့် ဆရာတော်ကြီး ဂါလီဇီယား၏ တူတော်သူ ဘုန်းတောကြီး ဂါလီဇီးယား တို့သည် နောင်တော်ကြီး မင်းလက်ထက် ခရစ်သက္ကရာဇ်(၁၇၆၀) ခုနှစ်၊ ဂျွန်လ (၈)ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်သို့ ရောက်ရှိ လာကြသည် ဖါသာ ရဒေါ်နာတီသည် အထက်မြန်မာနိုင်ငံ အင်းဝသို့ သွားသည်။ ဖါသာရ် ဂါလီဇီးယားသည် ရန်ကုန်တွင် ကျန်ရစ်ခဲ့သည်။ဖါသာရ် ဒေါ်နာတီသည် ချောင်းဦး ဘာသာဝင်များကို ကြည့်ရှုရင်း (၁၇၆၁) ခု၊ ဇန္န၀ါရီလတွင် ချောင်းဦး၌ ပျံလွန်တော်မူသည်။

။င်္ Fernandez, History of the catholic church in Burma,pp-7-8 (နောင်တွင် ဤစာအုပ်ကို ကိုးကားလျှင်Fernandez, Catholic Church in Burma ဟု အတိုဖေါ်ပြမည်)

ဖါသာရ်ဂါလီဇီးယား
Fr. Pio Gallizia (Bamabite)
      ဖါသာရ် ဂါလီးဇီယားမှာ ဖါသာရ် ဒေါ်နာတီပျံတော်မူပြီးနောက် ဖါသာရ် ဒေါ်နာတီ အစား သာသနာနယ်များကို ကြည့်ရှု ရသည်။ (၁၇၆၁) ခု၊ အောက်တိုဘာလတွင် ဖါသာရ် ပဲရ်ကော်တိုနှင့် ဖာသာရ် အာဗေနာတီတို့ ရန်ကုန်သို့ ရောက်ရှိလာကြသည်။ ဖါသာရ် အာဗေနာတီမှာ တောင်ပိုင်း သာသနာကို ကြည့်ရှုရန် ရန်ကုန်မြို့တွင် နေရစ် ခဲ့သည်။ ဖါသာရ် ပဲရ်ကော်တိုမှာ ဖါသာရ် ဂါလီဇီးယားအား ကူညီရန် အင်းဝသို့ ရောက်ရှိခဲ့သည်။ ဖါသာရ် ဂါလီဇီးယားနှင့် ဖါသာရ် ပဲရ်ကော်တို တို့သည် ချောင်းဦးကို သာသနာ ဌာနချုပ် သတ်မှတ်ခဲ့သည်။

    ဖါသာရ် ဂါလီဇီးယားသည် နောင်တော်ကြီးမင်းနှင့် သွားရောက် တွေ့ဆုံရာ နောင်တော်ကြီးမင်းက ကောင်းမွန်စွာ လက်ခံသည်။ နေပြည်တော် အတွင်း တရားဒေသနာ ဟောပြောခွင့်လည်း ပေးလိုက်သည်။ သို့ဖြစ်၍ ဘုန်းတော်ကြီး ဂါလီဇီးယားသည် နှစ်ပေါင်းများစွာ ဘုန်းတော်ကြီးနှင့် ကင်းကွာနေသော ဘုရင်ဂျီ ရွာများကို သွားရောက်၍ ဘာသာ အတိုင်း ကျင့်ဆောက်တည်ကြရန် မိမိ ကျန်းမာရေးကို အမှု မထားဘဲ ကြိုးစား ဆောင်ရွက်ခဲ့သည်။ ဖါသာရ် ဂါလီဇီးယားသည် မြန်မာနိုင်ငံ ရောက်ပြီး (၃) နှစ် ကြာသောအခါ (၁၇၆၃)ခုတွင် မင်းနေပြည်တော် ရွှေဘိုမြို့၌ ပျံတော်မူသည်။ ၃ ဘုန်းတော်ကြီး၏ အရိုးများကို ချောင်းဦးသို့ သယ်ဆောင်ပြီး သင်္ဂြုံလ်သည်။

။ Vivian Ba, August, 1962, p.20
။ Vivian Ba, sept,1962, p.17

 ဖါသာရ်ပဲရ်ကော်တို
Fr. Percoto (Barnabite)
         ဗာနာဗိုက် ဘုန်းတော်ကြီး ဖါသာရ် ပဲရ်ကော်တိုသည် ဖါသာရ် ဂါလီဇီးယား ပျံလွန်တော်မူပြီး နောက် မကြာမီ သာသနာ ဌာနချုပ်ကို ချောင်းဦးမှ မုံလှသို့ ပြောင်းရွှေ့သည်။ သာသနာပြုလုပ်ငန်း ဆက်လက် ဆောင်ရွက်သည်။ ကလေးသူငယ်များကို ကျွေးမွေး ပြုစုကာ စာပေ သင်ကြားပေးသည်။ အသက်ကြီးသော ကျောင်းသားများနှင့် ပတ်ဝန်းကျင်နယ်များကို လှည့်လည် ကြည့်ရှုသည်။ ထိုအချိန်က ဘုရင်ဂျီရွာပေါင်း (၁၃)ရွာ ရှိကြောင်း သူ့မှတ်ချက်တွင် တွေ့ရသည်။ ထိုရွာများမှ စေတနာ ထက်သန်သူတို့၏ အကူအညီဖြင့် ဘုရားရှိခိုးကျောင်း (၈) ကျောင်းနှင့် ဘုန်းတော်ကြီးနေ ကျောင်းများ ဆောက်လုပ်ခဲ့ကြောင်း ဖေါ်ပြထားသည်။ ဖါသာရ် ပဲရ်ကော်တိုသည် မြန်မာစာကို ကျွမ်းကျင် တတ်မြောက်သည့်အပြင် ပါဠိဘာသာကိုလည်း ကျွမ်းကျင်သဖြင့် ဗုဒ္ဓဘာသာကိုလည်း ကောင်းမွန်စွာ နားလည်၍ ခက်ရာ ခက်ဆစ်များကို ဖြေရှင်းနိုင်သည်။ ထိုမျှမက ဘုရားစကား စာအုပ်၊ မေတ္တာ စာအုပ်၊ တနှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်း ဖတ်ရသော ဆုံးမသြ၀ါဒများ၊ ဧ၀ံဂေလိ ကျမ်းစာအုပ်များ၊ တိုဘိယ အထ္တုပ္ပတ္တိ၊ သံမာတေဦး ကျမ်း၊ သံပေါလူး၏ ဆုံးမ သြ၀ါဒကျမ်းနှင့် အခြားများစွာသော စာအုပ်များ ရေးသားခဲ့သည်။ ဖါသာရ် ပဲရ်ကော်တိုသည် (၅) နှစ်တိုင်တိုင် တစ်ပါးတည်း ဝေးကွာသော သာသနာနယ်များသို့ လှည့်လည် ကြည့်ရှုရင်း သာသနာပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ၁၇၆၇ ခုနှစ်ရောက်မှ သာသနာပြု ဘုန်းတော်ကြီး အသစ် (၄)ပါး ရောက်လာသည်။ ထိုအချိန်မှာပင် သူ့ကို ဆရာတော် တင်မြောက်ကြောင်း အမိန့် စာချွန်တော် ရရှိသည်။ နောက်နှစ်များ မကြာမီအတွင်း ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယမြို့ကို တိုက်ခိုက် အောင်မြင်စဉ်က ဖမ်းဆီး ခေါ်ဆောင်လာသော ဆရာတော်ကြီး ဘရီဂိုး(Bishop Brigot)က ဖါသာရ် ပဲရ်ကော်တိုအား ရန်ကုန်မြို့တွင် ဆရာတော် သိက္ခာ တင်ပေးသည်။
။ ကက်သလစ်ရာဇ၀င် စာမျက်နှာ-၃၂၈-၃၂၉
 ဆက်ရန်...