Saturday, June 29, 2013
ယေဇူးရွှေနှလုံးတော်
    ဇွန်လ အတွင်းမှာ “ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ ကြပါတယ်။ ဒီပွဲ ဖြစ်ပေါ်လာတာ ကတော့ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလက စတင်ပြီး ခရစ်တော် ကိုယ်တိုင် အမိန့်တော် ပြန်ခြင်း သီလရှင်ဂိုဏ်းမှ Sr.မာဂရက်ကို ထင်ရှားပြခြင်းကြောင့် ဖြစ်ပါတယ်။ ထင်ရှားပြခြင်း တွေရဲ့ အဓိက အချက်ကတော့ -
    လူသားတွေဟာ သူ့ရဲ့ ဆူးဗောင်း ပတ်ရစ်ကာ လှံဒါဏ်ရာနဲ့ မီးလျှံတောက်နေတဲ့ နှလုံးသားကို ကြည်ညိုဖို့ အကြောင်း၊ ခရစ်တော်ဟာ လူသားတွေကို စေတနာ မေတ္တာနှင့် ချစ်သော်လည်း လူသားများကမူ သူ၏ ချစ်ခြင်းမေတ္တာကို မေ့လျော့ခြင်း၊ ဘာသာတရားမှာ ပေါ့လျော့ခြင်း၊ မထိလေးစားပြုခြင်းတို့နှင့် တုန့်ပြန်နေကြကြောင်း၊ ဒါကြောင့် လူတွေ အားလုံးရဲ့ အပြစ်ကို ဆပ်ဖြေဖို့ ယေဇူး ရွှေနှလုံးတော်ပွဲကို ကျင်းပ စေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လရဲ့ ပထမ သောကြာနေ့တွေမှာ အာပါတ်ဖြေခြင်း၊ ကိုယ်တော်မြတ် ပင့်ယူခြင်းများ ပြုလုပ်ဖို့ တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။ ဒီပွဲကို ၁၈၅၆ ခုနှစ် သြဂုတ်လ၂၆ရက်နေ့မှာ ရဟန်းမင်းကြီး န၀မမြောက် ပီဦးက အသင်းတော် တစ်ခုလုံးမှာ ကျင်းပဖို့ ပြဌာန်း ခဲ့ပါတယ်။
    Heart လို့ပြောတဲ့ “နှလုံး”ဟာ ချစ်ခြင်းမေတ္တာ ရဲ့အမှတ်လက္ခဏာ ဆိုတာ မသင်ရ၊ မကျက်ရ၊ မလေ့ လာရပဲ လူတိုင်း မွေးရာပါ အသိဖြစ်တယ် ဆိုရင် မှားမယ် မထင်ပါဘူး။ နှလုံးဟာ ချစ်ခြင်းရဲ့ သင်္ကေတ ဖြစ်သလို၊ အသက်ရဲ့ ဗဟို အချုပ်အချာလည်း ဖြစ်ပါတယ်။
    ယေဇူး ရွှေနှလုံးတော်ရဲ့ ပွဲဟာ ဘုရားသခင်ရဲ့ လူတွေပေါ်မှာ ထားရှိတဲ့ ချစ်ခြင်း မေတ္တာပွဲတော်နေ့ ဖြစ်ပါတယ်။ တစ်နည်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ အတွက် လှံ အထိုးခံရတဲ့ ခရစ်တော်ရဲ့ နှလုံးသားအားဖြင့် ဖော်ပြတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းပွဲနေ့ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ နှလုံးသားဟာ ချစ်ခြင်း မေတ္တာနဲ့ ကျေးဇူးတော် စီးဆင်းတဲ့ စမ်းချောင်း သဖွယ်ပင် ဖြစ်ပါတယ်။
    St. Francis De Sales က ချစ်ခြင်းမေတ္တာ ဆိုသည် ကောင်းမွန် နှစ်သက်သော အရာဝတ္ထု (သို့) လူ ပုဂ္ဂိုလ်ဆီသို့ နှလုံးသား ဦးတည် ရွေ့လျား၊ ရှေ့တိုးမှု ဖြစ်သည်။ သွန်းလောင်းမှု ဖြစ်သည်လို့ ဆိုခဲ့ပါတယ်။ (၁ဟောဟန် ၃း ၁၆) မှာ “ထာဝရဘုရားသည် လောကသားတို့ကို လွန်စွာ ချစ်တော်မူသဖြင့် လူအပေါင်းတို့ သည် ပျက်ဆီး ဆုံးပါးခြင်း မရှိဘဲ ထာဝရ အသက်ကို ရစေခြင်းငှာ မိမိ၏ တစ်ပါးတည်းသော သားတော်ကို စွန့် တော်မူ၏” လို့ ဆိုထားပြီး (ရောမ ၅း၁၀) မှာတော့ “ငါတို့သည် ထာဝရဘုရား၏ ရန်သူ ဖြစ်ကြသော်လည်း အပြစ်သား ဖြစ်နေလျက်ပင် ကိုယ်တော်သည် သားတော်ကို အသေခံ စေတော်မူခြင်းအားဖြင့် ငါတို့အား ပြန်လည် ကြေအေးကာ မိတ်ဆွေ ဖြစ်စေတော်မူ၏” လို့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတရားကို ဖော်ပြ ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ ပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်း မေတ္တာတရားကို သက်သေပြခြင်းသာ ဖြစ်ပါတယ်။ ခရစ်တော်ဟာ သူ့ရဲ့ နှလုံးတော်ကနေ သွေးတော်ကို စီးဆင်းစေကာ ကျွန်တော်တို့ရဲ့ အပြစ်အတွက် သွန်းလောင်း ခဲ့ပါတယ်။ သွေးဆိုတာ လူ့အသက် ရှင်ရပ်တည်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်လို့ ရှေးတုန်းက အသက်နဲ့ သွေးကို အတူတူပဲလို့ ယူဆခဲ့ပါတယ်။ ခရစ်တော် သွေးသွန်းလောင်းခြင်းဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို အမြင့်ဆုံး ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ သဘောတရားတွေနဲ့ အတူ ဒီပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ (၁) ဘုရားရှင်ရဲ့အတိုင်းအဆ မရှိတဲ့ ကြီးမြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ သိရှိပြီး အဲ့ဒီအတွက် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြုဖို့၊ (၂) ကျွန်တော်တို့က ဘုရားသခင်ကို ပြန်လည် ချစ်တုန့် ပြန်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ကျေးဇူးတရားကို ဖော်ပြဖို့ ဖြစ်ပါတယ်။ ရွှေနှလုံးတော်ပွဲနေ့မှာ ဖတ်ရှုရတဲ့ သမ္မာကျမ်းစာ သုံးခု စလုံးဟာ ဖော်ပြခဲ့တဲ့ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ဖြစ်မြောက်စေဖို့ မီးမောင်း ထိုးပြနေပါတယ်။ တရားဟောကျမ်းမှာ မိုးဇယ်က ဘုရားသခင်ဟာ သနားကြင်နာ တတ်တယ်၊ ချစ်ခြင်း မေတ္တာနဲ့ ပြည့်ဝတယ်၊ ရက်ရောတယ်၊ သစ္စာရှိတယ် ဆိုတဲ့ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတရားကို အီစရာအဲလ် လူမျိုးတွေ နားလည် သဘောပေါက်စေဖို့ ဖော်ပြ ပေးနေပါတယ်။ ဆိုလိုတာက ဘုရားသခင်ဟာ လူတွေကို သူ့ရဲ့ ချစ်ခြင်း မေတ္တာကြောင့် ဖန်ဆင်းထားပြီး လူသားတွေ အပြစ် ပြုလုပ်နေပေမယ့်လို့လည်း ဆက်လက် ချစ်မြဲ ချစ်နေခဲ့ပါတယ်။ ဘုရားသခင်ဟာ ပြောင်းလဲ မသွားပဲ အတိတ်တုန်းကလည်း ဒီအတိုင်းပဲ၊ ပစ္စုပ္ပန်မှာလည်း ဒီအတိုင်း၊ နောင်အနာဂတ်မှာလည်း ဒီအတိုင်းပဲ ချစ်မြဲ၊ သစ္စာရှိမြဲ၊ တည်ကြည်မြဲ၊ ကြင်နာ ဆဲဖြစ်မယ်လို့ ပြောနေခြင်းပဲ ဖြစ်ပါတယ်။
    ဒါပေမယ့်လို့ အီစရာအဲလ် လူမျိုးတွေဟာ သူတို့ ပေါ်မှာထားရှိတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ကောင်းမွန်စွာ ရှာ မတွေ့ဘူး ဖြစ်နေခဲ့ပါတယ်။ ပရောဖက် အဆက်ဆက်က ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကြီးမားမှုနဲ့ ပတ်သက်ပြီး တုန့်ပြန် ကျေးဇူးတင်ဖို့ သတိပေးပေမယ့်လို့ ဂရုမစိုက် ခဲ့ကြပါဘူး။ သူတို့ရဲ့ ပုံမမှန်တဲ့ နှလုံးသားနဲ့ တိုင်းတာ ခဲ့ကြတော့ မသိ နားမလည် ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို အကောင် အထည်ရှိရှိ လက်တွေ့ကျကျ ပြသဖို့ ခရစ်တော် ကြွလာခဲ့ပါတယ်။ လူတွေဟာ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာကို ရှာဖွေတွေ့ရှိ စစ်ဆေးဖို့အတွက် ဘုရားသခင်ရဲ့ နှလုံးသားကို ကမ္ဘာမြေပေါ်ကို ပင့်ဆောင် လာခဲ့ပါတယ်။
     (မာကု ၁၁း၂၈) မှာလည်း ခရစ်တော်က “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့” ဆိုကာ ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ၀န်လေး၍ ပင်ပန်း နွမ်းနယ်နေသူ အပေါင်းဆိုတာ ကတော့ လူတိုင်း လူတိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ စိုးရိမ်ပူပန်၊ ပင်ပန်းနွမ်းနယ်မှု မရှိတဲ့သူ ဆိုတာ လောကမှာ မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ဟာ မိမိတို့ အပြစ်ရဲ့ ၀န်အောက်မှာ ရောက်ရှိနေကြတဲ့ သူများသာ ဖြစ်ပါတယ်။
    ခရစ်တော်က သူ့ရဲ့ နှိမ့်ချတဲ့ နှလုံးသား၊ နူးညံ့ သိမ်မွေ့တဲ့ နှလုံးသားကို ရှာဖွေဖို့ ဖိတ်ခေါ် နေပါတယ်။
(မာကု ၁၁း ၂၉) ခရစ်တော်ရဲ့ နှိမ့်ချခြင်း ဆိုတာကတော့ အဖ ဘုရားသခင်ပေါ် လုံးဝ မှီခို အားထားမှု၊ ကျွန်တော်တို့ကို ကယ်တင်တဲ့ အဖ ခမည်းတော်ဘုရားရဲ့ လုံးဝ အပ်နှံ ပူဇော်မှုတို့ ဖြစ်ပါတယ်။ သူ့ရဲ့ နူးညံ့ သိမ်မွေ့ခြင်း ဆိုတာကတော့ သူ့ရဲ့ လူတွေပေါ်မှာ ကြင်နာ ထောက်ထားမှု၊ ချစ်ခြင်း မေတ္တာပြည့်ဝစွာ ထားမှုတို့ကို ဆိုလိုပါတယ်။ အဓိပ္ပါယ် ကတော့ ဘုရားကို အရာ အားလုံးထက် ချစ်ပြီး ဦးစားပေးရန် မိမိနဲ့ ထိတွေ့ ဆက်ဆံခွင့်ရတဲ့ လူသား အားလုံးကို မေတ္တာရှေ့ထား ချစ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီလို နှိမ့်ချတဲ့ နှလုံးသားနဲ့  နူးညံ့ သိမ်မွေ့ခြင်း ဟာ စိတ်ရဲ့ အေးငြိမ်း ချမ်းသာခြင်းကို ရရှိစေပြီး လောကရဲ့ ကြမ်းတမ်း ခက်ခဲမှုတွေ အလယ်မှာ ရောထွေး တည်ငြိမ်မှုနဲ့ အားမာန်အသစ်ကို ရရှိကာ ဘ၀အသက်တာကို ဆက်လက် လျှောက်လှမ်း နိုင်ပါတယ်။
    ဘုရားသခင်ဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပြဖို့ အတွက် နည်းမျိုးစုံနဲ့ ပြသလို့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး အကောင်းဆုံး သက်သေ ပြသွားတာကတော့ (ရှင်ယောဟန် ၄း ၉) မှာ “ထာဝရဘုရားသည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို လောကသို့ စေလွှတ်တော်မူ၏။ ဤနည်းအားဖြင့် ငါတို့ အပေါ်၌ မိမိ ထားရှိသော ချစ်ခြင်း မေတ္တာကို ပေါ်လွှင် ထင်ရှား စေတော်မူ၏။” ဆိုထားတဲ့ အတိုင်းပဲ မိမိရဲ့သားတော်အားဖြင့် ပြသ ခဲ့ပါတယ်။ သူတစ်ပါး အတွက် မိမိ အသက်ကို စွန့်သောသူ၏ မေတ္တာထက် ကြီးမြတ်သော မေတ္တာ မရှိတော့ပြီ။ (ရှင်ယောဟန် ၁၅း ၁၃) မှာ ဆိုထားတဲ့ အတိုင်း ခရစ်တော်ရဲ့ နှိုင်းယှဉ်မရတဲ့ ကြီးမားတဲ့ မေတ္တာကို သိရတဲ့အခါ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုက ဘယ်လိုများ ဖြစ်သင့် ပါသလဲ။ ရှင်ဟောဟန်က အခန်းကြီး ၄၊ အခန်းငယ် ၁၁ မှာ ထာဝရဘုရားသည် ငါတို့အား ဤမျှ ချစ်တော်မူပါလျှင် ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်သင့်ကြ၏လို့ နှိုးဆော် ထားတာက ခရစ်တော် မကြာခဏပြောတဲ့ သင်တို့ အချင်းချင်း သင်တို့ ကိုယ်ကို ချစ်သည့်နည်းတူ ချစ်ကြလော့ဆိုတဲ့ ပညတ်ကို လိုက်နာဖို့ အားပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ့ထက် တစ်ဆင့်တက်ပြီး ရှင်ယောဟန် ပြောစရာရှိတဲ့ အချက် တစ်ခုကတော့ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ကို သိရှိ နားလည်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ လူသား အချင်းချင်း ချစ်ခြင်း မေတ္တာထားရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လောကကြီးမှာ အသက်ရှင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘုရားသခင်ကို ပိုမို သိရှိလာဖို့ ဖြစ်ပါတယ်။ ဘုရားသခင်ကို ပိုမို သိရှိဖို့ ကျွန်တော်တို့ အချင်းချင်း ချစ်ကြရပါမယ်။ ကျွန်တော်တို့ လူသား အချင်းချင်း မေတ္တာထားနိုင်ပြီ ဆိုတာနဲ့ ဘုရားသခင်ဆီကို ရောက်ဖို့ ဘာမှ မလိုတော့ပါဘူး။ ဘုရားသခင် ကိုယ်တိုင်က ကျွန်တော်တို့ဆီ ရောက်လာပြီး ကျွန်တော်တို့ရဲ့ နှလုံးသားဟာ သူ ကိန်းအောင်းရာအဖြစ် သူပြောင်းလဲ
လိုက်ပါတယ်။ ဒါကြောင့် (ရှင်ဟောဟန် ၄း ၁၂) မှာ “ငါ တို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်ကြမည်ဆိုပါမူ ထာဝရဘုရားသည် ငါတို့နှင့် တစ်လုံး တစ်ဝတည်း ဖြစ်တော်မူသဖြင့် ငါတို့ ခံစားရသည့် ကိုယ်တော်၏ မေတ္တာသည် ပြည့်ဝ စုံလျှင်၍ လာလိမ့်မည်”ဟု ဆိုထားပါသည်။ ထို့ကြောင့် Angelius Sileaius ဆိုတဲ့ ပုဂ္ဂိုလ်က (ဘုရားဆီကို သွားတဲ့ အဝေးဆုံးလမ်းဟာ အသိဉာဏ်နဲ့ သွားတဲ့လမ်း ဖြစ်ပြီး၊ ဘုရားသခင်ဆီ သွားတဲ့ အတိုဆုံးလမ်းဟာ နှလုံးသားနဲ့ သွားတဲ့လမ်း ဖြစ်တယ်။ နှလုံးသား လမ်းအားဖြင့် ကျွန်တော်တို့ရဲ့ ခရီးဟာ အဲ့ဒီမှာပဲ စပြီး အဲ့ဒီမှာပဲ ဆုံးသွားပါတယ်။  ဆိုလိုတာ ကတော့ ဘုရားသခင်နဲ့ မိမိတို့နဲ့ နီးစပ်တဲ့ သူတွေကို ချစ်ဖို့၊ မေတ္တာပြဖို့ ပြောခြင်းသာ ဖြစ်ပါတယ်။ နောက် တစ်ခါ (ရှင်ဟောဟန် ပထမစောင် ၄း ၁၆) မှာ လည်း “ချစ်တတ်သော သူသည် ထာဝရဘုရားနှင့် တစ်လုံးတစ်ဝတည်း ရှိတော်မူသည်။ ထာဝရဘုရား သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ရှိတော်မူ၏”လို့ ဆိုထားတော်မူပါသည်။
    ဘုရားသခင်သည် ကျွန်တော်တို့နှင့် တစ်လုံး တစ်ဝတည်း ရှိတဲ့အချိန်က စပြီး အရာ အားလုံးက လွယ်ကူသွားပါတယ်။ ပညာရှင်တွေ ရေးတဲ့ စာအုပ် ကျမ်းဂန်တွေကိုလည်း လေ့လာစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူသား အချင်းချင်းချစ်တဲ့ အတိုင်းအတာ အလျှောက် ဘုရားသခင်က မိမိကိုယ်ကို မိမိဖော်ပြမှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း မိမိတို့နှင့် နီးစပ်သူကို ချစ်ခြင်း မေတ္တာ ကင်းမဲ့ခြင်းလောက် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သိရှိ နားလည်ဖို့ ပိတ်ဆို့တာ မရှိဘူးလို့ ဆိုပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်ဦး တစ်ယောက်ဟာ မိမိနဲ့ နီးစပ်သူကို ချစ်ခြင်း မေတ္တာ မပြနိုင်ပဲနဲ့ သူဟာ ဘုရားသခင်ကို လေ့လာတဲ့ ကျောင်း မှာ “က” “ခ”တောင် မအောင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားတိုင်းဟာ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် လူမျိုး၊ ဘာသာ၊ အဆင့်အတန်း အသားရောင် အဖြူ အမဲ မခွဲခြားပဲ ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ဘ၀နှင့် တစ်ဦးကို တစ်ဦး ရိုသေ လေးစားကာ ချစ်ခြင်း မေတ္တာ ရှေ့ထားပြီး ကူညီ ရိုင်းပင်းချစ်ခင်နိုင်သူကို သာလျှင် ဘုရားသခင်ကလည်း မိမိကိုယ်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Ref:    The will of God (A) Sacred Heart (Research Test) Living the Word
Read More...
Friday, June 28, 2013
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၀)
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၉)
ဖါသာရ် ဂျိုးဇက်ဖိုး (၁၈၅၅-၁၉၁၈)
Fr.Joseph Foure (Paris Foreign Mission Society)
     ဖါသာရ် ဂျိုးဇက်ဖိုးသည် (၁၈၇၅) ခုတွင် ပြင်သစ်ပြည်မှ ရန်ကုန်သို့ ရောက်ရှိလာသည်။ ပထမဆုံး ဧရာဝတီ ဖလိုတီလာ သင်္ဘောဖြင့် မန္တလေးသို့ လာခဲ့သည် အထက်မြန်မာနိုင်ငံ ပထမဆုံး ဆရာတော် ဘူးဒွန်းက ဖါသာရ်ဖိုးအား နဘက်ရွာ၏ ၀ါရင့် ဘုန်းတော်ကြီး ဖါသာရ် ဗိယက်ထံ မြန်မာစာပေ လေ့လာ
သင်ယူရန် စေလွှတ်လိုက်သည်။ (၁၈၇၅) ခု ရဟန်းတော်များ ၀တ်စောင့် အပြီး ချောင်းဦးရွာ ဘာသာဝင်အုပ်စုကို တာဝန်ယူ ကြည့်ရူ ရသည်။ (၁၈၈၀) တွင် မန္တလေးမြို့ စိန်ပီတာ ကာသီဒရယ်ကို တာဝန်ယူ ကြည့်ရူရသည်။ ထိုအချိန်တွင် (Procurator Of the Mission) တာဝန်ကို ထမ်းဆောင်ရသည်။ မင်းညီ မင်းသားနှင့် ၀န်ကြီးများ၏ သားများကိုလည်း ပြင်သစ် ဘာသာစကား သင်ကြား ပေးရသည်။ ဘုရင့်သားများနှင့် မူးမတ်သားများသည် ပြင်သစ် ဘာသာစကား သင်ကြားခြင်းကို ငြီးငွေ့လာသဖြင့် ကျောင်းပိတ်လိုက်ရသည်။ ဖါသာရ်ဖိုးသည် (၁၈၈၂)ခုတွင် ရေဦး ခရိုင် ချမ်းသာရွာသို့ ရောက်ရှိ လာခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များက လှိုက်လှဲစွာ ကြိုဆိုကြသည်။ ထိုစဉ်က ရေဦးမြို့သည် ခရိုင်မြို့ ဖြစ်သည်။ နောင်တွင် ရွှေဘိုခရိုင် အတွင်း သွတ်သွင်းခံရသည်။ ဖါသာရ်ဖိုးသည် ချမ်းသာရွာတွင် (၃)နှစ်ခန့် သီတင်းသုံးခဲ့သည်။ (၁၈၈၅-၁၈၈၆) ခုနှစ်များ၌ ဗြိတိသျှတို့ အထက် မြန်မာနိုင်ငံကို သိမ်းပိုက်သည့် အချိန်ဖြစ်သည်။ စစ်တပ်အုပ်ချုပ်သည့် ဒေသများနှင့် ဝေးလံသော ဒေသများတွင် ဓားပြများ သောင်းကျန်း ကြသည်။ ဖါသာရ်ဖိုးမှာ သောင်းကျန်းသူများ၏ ဘေးမှလွတ်ရာ လွတ်ကြောင်း ချမ်းသာရွာ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းကို စွန့်ခွာ၍ ထွက်ပြေးရသည်။ ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်းတို့မှာ သောင်းကျန်းသူများ၏ မီးရှို့ ဖျက်ဆီးခြင်း ခံရသည်။ ဖါသာရ်ဖိုးမှာ ဘေးမသီ ရန်မခဘဲ မန္တလေးသို့ ရောက်ရှိသွားသည်။ ဖါသာရ်ဖိုးသည် (၁၈၈၆)တွင် မိမိ ကြည့်ရူခဲ့သော ချမ်းသာရွာ ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်း မီးလောင်သွားသည်ကို တွေ့ရသဖြင့် စိတ်ထိခိုက်ပြီး ကျန်းမာရေး ချိုယွင်းလာသဖြင့် ဟောင်ကောင်နိုင်ငံ ဘီသာနီမြို့ အနီးရှိ အနားယူစခန်းသို့ (၃)နှစ် သွားရောက် အနားယူခဲ့သည်။ (၁၈၈၉)ခုတွင် ပြန်လည် ကျန်းမာလာသဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် ဟောင်ကောင်မှ ပြန်လာခဲ့သည်။ ဖါသာရ်ဖိုးသည် (၁၈၉၀) မှ (၁၉၀၁) ခုနှစ်အထိ ချမ်းသာရွာကို (၁၀)နှစ် အုပ်ချုပ်ခဲ့သည်။
    ဖါသာရ်ဖိုးသည် (၁၈၉၄) ခုနှစ်တွင် ကိုးကျောင်းတကာ ဦးမြတ်ကျော်၏ မြေး မန္တလေးမြို့နေ ဦးသက်နှံ + ဒေါ်ငွေပွင့်တို့၏ လှူဒါန်းငွေဖြင့် မီးလောင်သွားသော ကျောင်းဟောင်းအတိုင်း (၇)ခန်း အပြင် အလွန်မြင့်မားသော ခေါင်းလောင်းစင်ထိပ်မှ ခရစ္စတူးတိုင်ကို မိုင်ပေါင်းများစွာ ဝေးသည့်နေရာမှပင် မြင်နိုင်စေခြင်းဖြင့် ချမ်းသာရွာ ဘာသာဝင်များ ဂုဏ်ယူ ၀င့်ကြွားစရာ ဖြစ်သည်။ ချမ်းသာရွာ ပတ်ဝန်းကျင်တွင် ကက်သလစ် အသင်းတော်၏ ရောင်ခြည်တော် ထွန်းလင်း တောက်ပစွာ ထင်ဟပ်စေသည်။ ဘုန်းတော်ကြီး ကျောင်းကိုလည်း ကြီးမားစွာ (၂)ထပ် ဆောက်လုပ်လျက် အောက်ထပ်ကို ရွာသူ ရွာသားများအတွက် စည်းဝေး ခန်းမဆောင် အဖြစ် ထားရှိသည်။
ချမ်းသာရွာ ဘုရားကျောင်းကျောက်စာ (၁၈၉၄)
    ဖါသာရ်ဖိုးသည် မိမိ အုပ်ချုပ်ခဲ့သော ချမ်းသာရွာ အတွက် စာသင်ကျောင်း တစ်ဆောင် ဆောက်လုပ် ပေးလိုသည့် ဆန္ဒအလျောက် မိမိကိုယ်ပိုင်ငွေနှင့် လှူဒါန်းကြသည့် ငွေများ စုပေါင်းလိုက်ရာ ငွေကျပ်တစ်သောင်းခန့် ရရှိသည်။ ထိုအခါ ဖါသာရ်ဖိုးသည် ဆောက်လုပ်လိုသည့် ကျောင်းပုံစံကို ရေးဆွဲလျက် ကျောင်းဆောက်ရန် ရင်းနှီး မတည်ငွေကိုပါ နိုင်ငံတော်အစိုးရ ပညာရေးဌာနသို့ တင်ပြခဲ့သည်။ စာသင်ကျောင်းဆောက်ရာ၌ ကုန်ကျမည့် စရိတ်ငွေ တစ်ဝက်ကို နိုင်ငံတော် အစိုးရက ကုန်ကျခံမည်ဖြစ်ကြောင်း ပြန်ကြား ချက်ဖြင့် ချမ်းသာရွာ၌ နှစ်ထပ် စာသင်ကျောင်း ဆောက်လုပ်လိုက်သည်။ ဖါသာရ်ဖိုးသည် (၁၈၉၄)ခု ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ဘုရားကျောင်း သာဓုခေါ် ကောင်းကြီးပေးပွဲ ကျင်းပသည်။
    ဖါသာရ်ဖိုးသည် (၁၉၀၁) ခုတွင် ကျန်းမာရေး ချိုယွင်းလာသဖြင့် ဆရာတော်ကြီး ကာဒိုး၏ ခွင့်ပြုချက်အရ မန္တလေးမြို့ စိန်ဂျွန်း ကိုယ်ရေဖျား ရောဂါသည်များ စောင့်ရှောက်သောကျောင်း၊ ကျောင်းထိုင် ဘုန်းတော်ကြီး ဖါသာရ်ဝင်းဂဲ၏ လက်ထောက်အဖြစ် အနားယူလိုက်သည်။ (၁၉၁၈)ခု စက်တင်ဘာလ (၂၀)ရက်နေ့တွင် မန္တလေးမြို့ စိန်ဂျွန်းကျောင်း၌ ပျံလွန်တော်မူသည်။
။ The Voice, Dec,1918, PP.357-360
။ The Voice,Dec,1918, PP.357-360
။ The Voice,Dec,1918,PP.357-360
ဖါသာရ် အာချီလေ ဒူးဟန်း (၁၈၅၀-၁၉၀၈)
Fr.Achille Duhand (Paris Foreign Mission Society)
    ဖါသာရ် ဒူးဟန်းသည် (၁၈၇၅)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ (Procurator of the Mission)နှင့် ဆရာတော် ဆီမွန်၏ (Provicar) အဖြစ် တာဝန် ထမ်းဆောင်ရသည်။ ချောင်းဦးနှင့် ဗန်းမော်ကို တာဝန်ယူ ကြည့်ရူရသည်။ (၁၈၈၇)တွင် ချောင်းဦးမှ ပြောင်းရွှေ့ရသည်။ ဖါသာရ် ဒုးဟန်း လက်ထက်ချောင်းဦး၌ ဘာသာဝင် အိမ်ခြေ (၃၅) အိမ် ရှိသည်။
    မန္တကက်သလစ် မြောက်ပိုင်းသာသနာ ဒုတိယမြောက် ဆရာတော်ကြီး အေဆီမွန်က မန္တလေး၊ ၈၂ လမ်း၊ ၂၅ x ၂၆ ကြား၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ရှိ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်းကြီးကို (၁၈၈၈) ခု ဇွန်လ (၂၄)ရက်တွင် အုတ်မြစ်ချ တည်ဆောက်ရာ ဖါသာရ် ဒူးဟန်းနှင့် ပြင်သစ်အင်ဂျင်နီယာ မစ္စတာဒဗလျူဗလင်းတို့က ကြီးကြပ် ဆောက်လုပ်ခဲ့သည်။ (၁၈၉၀) ပြည့်နှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ဘိသိတ်ပွဲ ကျင်းပသည်။ ဖါသာရ် ဒူးဟန်းသည် (၁၉၀၈)ခု စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရန်ကုန်၌ ပျံတော်မူသည်။
။ The Voice,April,1926,PP.104-107
။ The Voice,Oct,1924,PP.234-235
။ The Little Messenger, 1950,Editor and publisher, Brother Hubert F.S.C.Printed at Rangoon, Gazeette Ltd.
ဖါသာရ် လောရန်း (၁၈၅၁-၁၉၃၀)
Fr.F Laurent (Paris Forign Mission Society)
     ဖါသာရ် လောရန်းသည် (၁၈၅၁)ခု ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၇၆) ခုတွင် မြန်မာနိုင်ငံ ရောက်ရှိ လာခဲ့သည်။ ကချင်ပြည်နယ်တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၈၈၄-ခုတွင် ကလေးမြို့သို့ ရောက်ရှိခဲ့သည်။ ချင်းတို့၏ ရိုးသားမှုကို တစေ့တစောင်း လေ့လာ နိုင်ခဲ့သည်။ ၁၈၉၀ ပြည့်နှစ်တွင် ဆရာတော် စီိမွန်က ဖါသာရ် ဗက်စထရေတန်နှင့် မြောက်ပိုင်း ချင်းတောင်သို့ စေလွှတ်ခဲ့သည်။ တနှစ်ကြာသော အခါ ချင်းတောင်ကြီးကို အဝေးမှ မျှော်ကြည့် ခဲ့ရသည်။ နောက် တနှစ်တွင် ဖါသာရ်ဂျားနှင့် အတူ ပခုက္ကူမှ တဆင့် ချင်းတောင် သွားခဲ့သည်။ ချင်းတောင်ခြေရောက်၍ ချင်းစကား စတင် သင်ခဲ့သည်။ ၁၈၉၁ -ခုတွင် ဖါသာရ်ဂျား ဖါသာရ်အကာဒီယမ်တို့နှင့်ဟားခါးကို သွားကြသည်။ ဖါသာရ် လောရန်း မကျန်းမာ၍ ဂန့်ဂေါတွင် နေရစ်ခဲ့သည်။ ဖါသာရ် လောရန်းသည် (၁၉၁၄) ခုနှစ် အထိ မုံလှရွာ ဘာသာဝင်များကို ကြည့်ရူ ခဲ့ရသည်။ ချောင်းရိုး ဘာသာဝင်များကိုလည်း ကြည့်ရူ ရသည်။ ချောင်းရိုး ဘာသာဝင်များကို ကြည့်ရူစဉ် ဘုရားကျောင်း ဆောက်လုပ်ခဲ့ရာ (၁၈၉၈) ဖေဖေါ်ဝါရီ (၉)ရက်နေ့တွင် ပြီးစီးခဲ့သည်။ ဆရာတော်ကြီး ကာဒိုး ကောင်းကြီးပေး ရေစက်ချသည်။ ဖါသာရ် လောရန်းသည် (၁၉၁၄) ခု မှ (၁၉၂၉)ခုနှစ် အထိ နဘက်ရွာ ဘာသာဝင်များကို ကြည့်ရူ ရသည်။ (၁၉၃၀) ခု စက်တင်ဘာ (၇) ရက်နေ့တွင် နဘက်၌ ပျံတော်မူသည်။
ချောင်းရိုးရွာ ဘုရားကျောင်းကျောက်စာ
သစ္စာ ဓမ္မ၀ရိယနှင့် လုလ္လဆော်နိုး ကောင်းမြတ်ရာရာ အမျိုးမျိုးတွင် အကျိုးထူး ခံစားစေရန် စီမံအစ ဥာဏ ဣန္ဓီတု မရှိသော အစိန္ဓေရ သုံးလု ထွဋ်တင် အနန္တ ရွှေဥာဏ်တော်ရှင် ထာဝရဘုရားသခင်သည် ဣသရေလမျိုး ဘာဝအား ဘုရားတမန် ကိုးကွယ်ရန်ဟု ပိတ်မှန်တွင်ခေါ် မြတ်စံတော်ကို ဆောက်လုပ်တည်ရန် ဣသရေလနိုင်ငံကို စီမံ ဥက္ကဌအစိုးရသော ရဟန္တာတွင် မိုးဇယ်ရှင်အား ဇောံအလျားနှင့် အခြားအသွယ်များ ဗျာဒိတ်ဝယ် ထုံးတန်းဆောက်လုပ်ရန် နည်းလမ်းကို ဓမ္မဟောင်း ရွှေစာ ထွက်မြောက်ရာကျမ်း သမ္မာနှင့် ကျောင်းတကာ ကျောင်းအမတို့၏ စိတ်နှလုံး ရွှင်ပြုံး ပီတိ ဂွမ်းဆီထိပမာ ညီညာမယွင်း နှလုံးသွင်းပြီးလျှင် မိမိတို့ပိုင် လက်ကိုင်ဥစ္စာ ရှိသမျှ အရာရာတို့သည် ကိုးစားရာမရ အနိစ္စနှင့် အနတ္တစစ်အမှန်ဖြစ်သည့် ပြင်ဓမ္မသစ်ကျမ်း ရွှေနှုတ်ထွက်ပြန်တမ်းကို အခန်းခွဲယူရန် သူမကင်း နှလုံးသွင်း၍ ဘေးရှင်းလွတ်ရာ ကျမ်းအလာဖြင့် သဒ္ဓါကြည်ယုံ ရွှေပြည်ဘုံကို အာရုံစိုက်မြိုက် ဘဏ္ဍာတိုက်အသွင် နှလုံး စွဲတင်၍ ထိုပြင်စိတ်ထား တရားပစ္ဆာ လွန်ကြူးရာနှိုက်နေ့မှာ အန္တိရောက်တုံ ဘိက ဒုစရိုက် ညစ်ကြေး အပြစ်ဘေးကို ခွင့်ပေးပါမည့် အကြောင်းနှင့် စုတောင်းဝန္ဒနာ ပန္နအလား သဒ္ဓါပွါး၍ အများဘာသာတူ ကြည်ဖြူရိုကျိုး ရှိခိုးပူဇော်ရန် ဗိမာရန်ခေါ် ထိုက်ကျောင်းတော်ကို ရဟန်းတော် မထေသင်ညီမည်မှန်း ဘာသာလောရန်း၏ ပုံစံ နိသယျခံယူ ကြပြီးလျှင် ဘုရား မယ်တော်ထင်ပေါ် ကြေငြာမာရီယားဟု သညာတံဆိပ် ဘွဲ့တော်နှိပ်ပြီးလျှင် ရွှေဘိုမြို့ ခရိုင် ဆိုင်ရာ တန်ဇယ်အုပ်စုနယ်ပါ ချောင်းရိုးဂါမ အဘမည်သွင်း ဆရာရင်း၏ သားသမက်ဆက်လက် မသွေမန်းမြို့နေဟု သရေမညိုး ဆရာဘိုးနှင့်အမျိုးဇာဂီ သစ္စာချည်သည့်အမည် ဖေါ်ထုတ် ကျောင်းအမမယ်တုတ်နှင့်သရုပ်မည်တွင် ဆရာသင်၏ သားမြလျှင် ပုတ္တဌာနမည်ထူး ရေဦးမြို့နေ အသွေထင်ထပ် မတ်ဆရာရည်အမည် ထပ်ညွှန်း ခင်းပွန်းတူလှ ကျောင်းအမ မယ်ရုပ်တို့က မဏိတ စေတနာ သဒ္ဒါတရား တိုးပွါးသည့် အလျှောက် သ္ခင်ဘုရားအား ဆောက်တည် လှူဒါန်း ပူဇော်သည်။ ကျောင်းတော်သည် အပြီးသို့ရောက်၍ သာသနာတော် သက္ကရာဇ် (၁၈၉၈) ခု ဖေဖွရီလ (၉)ရက်၊ ကောဇာသက္ကရာဇ် (၁၂၅၉)ခု တပိုတွဲလပြည့်ကျော်(၄)ရက် ဗုဒ္ဓဟူးနေ့ နံနက် (၉)နာရီအချိန်တွင် အသင်းတော်ချုပ် ဂိုဏ်းချုပ် ဆရာတော်ဘုရားနှင့် အများသင်္ဃာ အရိယာတို့ မင်္ဂလာ ကောင်းကြီးပေးပြီး ထိုခါ သိုးခြံပါ တပည့်အပေါင်းတို့က မင်္ဂလာအောင် စုတောင်း၍ ကောင်းကြီး ကျွေးကျော် သာဓု အနုမောဒနာခေါ် ကြပါသည်။
ချောင်းရိုးရွာ ဘုရားကျောင်း ခေါင်းလောင်းစာ
သက္ကရာဇ် ၁၁၃၈-ခု ကဆုမ်လ္ဆန်း (၁)ရက်နေ့ သင်းဘောပြည် ဘင်းကလားက ရောက်လာည်။ ခေါင်းလောင်းကို အန်ထော်နီ ရွှေထွန် မာရိယာရှင်ပုံ သ္မီး၂ မောင်နှံ၂ ယောက်က ၀ယ်ယူ၍ ချောင်းဥ ဆပေါက်ရွာ ဘရင်ဂျီကျောင်းမှာ လှူဒါန်း ကောင်းမှု ပြုခဲ့သည်။ ကောင်းမူသော အကျိုးကို ဆင်းရဲနှင့် ငရဲကင်း၍ နိပ္ပံမက် မရွပ်မလွဲ အမြဲဧကံ အမှန်ရလိုပါ၏ ချောင်းရိုးရွာ ခေါင်းလောင်းလှူသူတို့ကို မေတ္တာပို့ကြပါ။
    ချောင်းရိုးရွာသည် ဘုရင်ဂျီ ရွာဟောင်း (၁၆) ရွာထဲမှ တရွာ အပါအ၀င် ဖြစ်သည့်အတိုင်း ဘုရင်ဂျီရွာ ဘာသာထွန်းကားသော ရွာတစ်ရွာ ဖြစ်သည်။ သို့ရာတွင် သေးငယ်သော ရွာဖြစ်ရကား ကျောင်းထိုင် ဘုန်းတော်ကြီးဟူ၍ အမြဲ မရှိခဲ့ပေ။ ချမ်းသာရွာနှင့် မုံလှရွာတို့မှ ဘုန်းကြီးများသာ မကြာခဏ လာရောက် ကြည့်ရူရသည်။ ဖါသာရ် ပိုလီညာနီသည် သွားရောက် ကြည့်ရူရသည်။ သို့သော် တိုင်းရင်းသား ဆရာတဦးရှိ၍ ပွဲတော်ရက်များတွင် လူစု၍ ဘုရားဝတ်ပြုခြင်း၊ တရားဓမ္မ ဟောပြောခြင်းများ ပြုလုပ်သည်။ ကျပ် (၅၀၀)တန် သစ်သား ဘုရားကျောင်းကို (၁၈၃၄) ခုနှစ်တွင် ဆောက်လုပ်ရာ ဆရာတော်ကြီး ကာအိုက ကျပ်ငွေ (၈၀) လှူဒါန်းသည်။ ချမ်းသာရွာ၊ ချောင်းရိုး၊ မုံလှနှင့် အမရပူရ ဘာသာဝင်များက ကျပ်လေးရာ နှစ်ဆယ် (၄၂၀) ထည့်ဝင်ကြသည်။ ချောင်းရိုးရှိ ဘာသာဝင်များသည် ဘာသာတရားနှင့် မယိမ်းမယိုင် စွဲမြဲစွာရှိနေခြင်းမှာ ကျောင်းတကာ ဦးညှင်း၏ သြဇာအာဏာ စူးရှမှုကြောင့် ဖြစ်သည်။ ဘုရားကျောင်း အပြင် ဘုန်းကြီးနေရန် ကျောင်းကို ဖါသာရ် ဓါမာတို၏ နောက်လိုက် တပည့်ဖြစ်သူ ဆေးဆရာ၊ ဆရာစောရွှေက ဘုန်းကြီးနေရန် ကျပ် (၅၀၀) ငါးရာတန် အဆောက်အဦးကို ဆောက်လုပ် လှူဒါန်းသည်။
။ ဦးမောင်မောင်တင်၊ မဟာဝိဇ္ဇာ၊ အတွေးအမြင် စာစဉ် (၄၅)၊ ၁၉၈၉၊ ဇူလိုင်လ၊ စာမျက်နှာ ၂၃-၂၆
။ ဦးမောင်မောင်တင်၊ မဟာဝိဇ္ဇာ၊ အတွေးအမြင် စာစဉ် (၄၅)၊ ၁၉၈၉၊ ဇူလိုင်လ၊ စာမျက်နှာ ၂၃-၂၆
။ ခင်ထွေးရီ၊ ခရစ်ယာန်သမိုင်း၊ စာမျက်နှာ ၄၀
ဖါသာရ် စီမွန် (၁၈၅၅-၁၈၉၃)
Fr.P.Simon(Paris Foreign Mission Society)
    ဖါသာရ် စီိမွန်သည် (၁၈၅၅) ခု မတ်လ (၂) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၇၈) ခု တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ မန္တလေးမြို့တွင် တရုတ် အမျိုးသားများကို ကြည့်ရူခဲ့သည်။ (၁၈၈၈) ခုနှစ်တွင် အနားယူသွားသော ဆရာတော် ဘူးရ်ဒွန်းကို ဆက်ခံသော ဆရာတော်အဖြစ် ရွေးကောက်ခြင်း ခံရသည်။
    မန္တလေးမြို့၊ ၈၂လမ်း၊ ၂၅x၂၆ကြား၊ ပြည်ကြီးကျက်သရေရပ်၊ (ယခင်ခေါ် ဘုရင်ဂျီတန်း)ရှိ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်းတော်ကြီးကို မန္တလေး ကက်သလစ်သာသနာ (၀ါ) မြန်မာပြည်မြောက်ပိုင်း ကက်သလစ် သာသနာ၏ ဒုတိယမြောက် ဆရာတော်ကြီး ဆီမွန်က သက္ကရာဇ် (၁၈၈၈) ခုနှစ် ဇွန်လ (၂၄) ရက်တွင် အုတ်မြစ် ချခဲ့သည်။ ၄င်း ကျောင်းတော်ကြီး ဆောက်လုပ်သည့် ကုန်ကျစရိတ် အားလုံးကို ကျောင်းတကာဟု ထင်ရှား ကျော်ဇောခဲ့သူ တိုင်းရင်းသား ဘာသာဝင် ဦးမြတ်ကျော်၏ သား ပေါလူး ဦးဖိုးနှင့် ဒေါ်မယ်ဒလီနားတို့က လှူဒါန်း ခဲ့ကြသည်။ ကျန်းမာရေးချို့တဲ့သဖြင့် စင်္ကာပူမြို့တွင် အနားယူနေသော မြောက်ပိုင်း ကက်သလစ် သာသနာ ပထမ ဆရာတော်ကြီး ဘူးရ်ဒွန်း ကိုယ်တိုင် ပြန်လည် ကြွရောက်လာ၍ သက္ကရာဇ် (၁၈၉၀) ပြည့်နှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကြီးကျယ် ခန်းနားစွာ ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းတော်ကြီးကို ဘိသိတ် သွန်းလောင်း၍ ဖွင့်လှစ် ပေးခဲ့သည်။ ၄င်း ကျောင်းတော်ကြီး လုံးပတ် အလွန်ကြီးမားသည့် ကျွန်းတိုင်ကြီးများဖြင့် ဆောက်လုပ်လျက် ကနုတ်ပန်းများ ဖေါ်ပြီး ရွှေချ ထားပါသည်။ ဘုရားရှင်၏ ဗိမာန်တော်ကိုလည်း ကျွန်းသားများတွင် ကနုတ်ပန်းများဖြင့် လှပစွာ ထုလုပ်လျက် ရွှေချထားသည်မှာ လွန်စွာ တင့်တယ်လှပါသည်။ ဘုရားဖူးများ၏ စိတ်တွင် လွန်စွာ ပင် ကြည်နူးလျက် ကြည်ညို ဖူးမြော်၍ မ၀နိုင်အောင်ပင်ဖြစ်သည်။
ထို ကျောင်းတော်ကြီးကို ဖါသာရ် ဒူးဟန်းနှင့် ပြင်သစ် အင်္ဂျင်နီယာ မစ္စတာ ဒဗလျူဘလင်းတို့က ကြီးကြပ် ဆောက်လုပ်ခဲ့ပါသည်။ ထိုလှပ ကြီးကျယ် ခန်းနားသော ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းတော်ကြီးသည် ဒုတိယ ကမ္ဘာစစ် အတွင်း (၁၉၄၂) ခုနှစ် ဧပြီလ (၃) ရက် သောကြာနေ့ကြီးတွင် ဂျပန်၏ ဗုံးဒဏ်ဖြင့် မီးလောင် ပျက်စီးရသည်။ လက်ရှိ ရွှေနှလုံးတော် ကာသီဒရယ် ကျောင်းကြီးကို သက္ကရာဇ် (၁၉၄၈) ခုတွင် အသစ် ပြန်လည် တည်ဆောက်၍ (၁၉၄၉) ခုနှစ် ၀တ်ပြု ကိုးကွယ်နိုင်ရန် စီစဉ်ခဲ့ပါသည်။ ဆရာတော်ကြီး ဖါးလီးယေးက ခရစ္စမတ်အကြို ညတွင် တရားဦးဟော ခဲ့ပါသည်။ ၄င်း ကာသီဒရယ် ကျောင်းတော်ကြီးကို ဘုန်းတော်ကြီး ဂျေဦးဝင်းနှင့် အင်ဂျင်နီယာ ဒီရက်နန်းတို့က ကြီးကြပ် ဆောက်လုပ်ခဲ့သည်။
    ဆရာတော်ကြီး ဆီမွန် လက်ထက် (၁၈၉၀) ပြည့်နှစ်တွင် မန္တလေးမြို့ တရုတ်တန်း ရပ်ကွက်တွင် ပျဉ်များ ၀ါးများဖြင့် ပထမ ရဟန်း ဖြစ်သင်ကျောင်းကို ဆောက်လုပ် ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းကျောင်းကို ဘုန်းတော်ကြီး ဖါသာရ်ကော့က အုပ်ချုပ်ခဲ့သည်။ ကျောင်းသား (၂၀) ခန့် ရှိသည်။ (၁၈၉၂) ခုနှစ်တွင် မန္တလေးမြို့ကြီး မီးလောင်ရာ ရဟန်းဖြစ်သင်ကျောင်းလည်း ပြာပုံ ဖြစ်ခဲ့ရသည်။ ကျောင်းသားများလည်း မိမိတို မိဖရပ်ထံ ပြန်ကြရသည်။
       ဆရာတော်ကြီးသည် ရှေ့တိုးချဲ့ လုပ်ကိုင်ရန် အကြံအစည် များစွာ ရှိသော်လည်း (၁၈၉၃) ခုနှစ် သက်တော် (၃၈)နှစ်တွင် ပျံလွန်တော်မူသည်။ 
။ The list of foreign Missionaries
။ ကက်သလစ်ရာဇ၀င်၊စာမျက်နှာ ၃၅၀
။ The Little Messenger, 1950.Editor and Publisher-Brother Hubert F.S.C.Printed at Rangoon, Gazeette Ltd.
။ ရဟန်းဖြစ်သင် စိန်ရတု မဂ္ဂဇင်း - စာမျက်နှာ ၃၅
။ ကက်သလစ်ရာဇ၀င် - စာမျက်နှာ ၃၅၀
ဖါသာရ် အုစ် (၁၈၆၀-၁၉၀၅)
Fr.A.Usse(Paris Foreign Mission Society)
    ဖါသာရ်အုစ်သည် (၁၈၆၀) ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွါးခဲ့သည်။ (၁၈၈၄) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ (၁၈၉၄) ခုနှစ်တွင် ဆရာတော်ကြီး ဆီမွန်ကို ဆက်ခံသော ဆရာတော်အဖြစ် ရွှေးကောက် တင်မြောက်ခြင်း ခံရသည်။ ကိုယ်တော်၏ ပထမ စတင်ဆောင်ရွက်ချက်မှာ မန္တလေးမြို့တွင် ရဟန်းဖြစ်သင်ကျောင်း ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။
    (၁၈၉၆) ခုတွင် ဒေလာဆာ ဘရာသာရ်များကို မန္တလေးသို့ ဖိတ်ခေါ်ခဲ့သည်။ (၁၈၉၇) တွင် ဘရာသာရ် (၅)ပါးနှင့် စိန်ပီတာ အထက်တန်းကျောင်း စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကျောင်းသား (၈၀) ရှိသည်။ ဆရာတော်အုစ်သည် ပြင်သစ်ပြည်သို့ ပြန်သွားရာ ရောဂါ စွဲကပ်သဖြင့် (၆)နှစ် ကြာသောအခါ ၄င်းပြည်မှာပင် သက္ကရာဇ် (၁၉၀၅) ခု ဧပြီလ (၂) ရက်နေ့၌ ပျံတော်မူသည်။
။ The list of foreign Missionaries
။ ကက်သလစ်ရာဇ၀င်-စာမျက်နှာ ၃၅၀
။ Mandalay District Gazetter, Vol(A)P.177
။ ကက်သလစ်ရာဇ၀င်-စာမျက်နှာ ၃၅၀
ဖါသာရ် ဂျီးရိုး (၁၈၆၀-၁၉၁၁)
Fr.Michael Giraud(Paris Foreign Mission Society)
    ဖါသာရ် ဂျီရိုးသည် (၁၈၆၀)ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ပြင်သစ်ပြည်တွင် မွေးဖွားခဲ့သည်။
(၁၈၈၆) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ (၁၈၈၇) ခုနှစ်မှ (၁၉၀၆) ခုထိ ချောင်းဦး ဘာသာဝင်များ ကြည့်ရူ ရသည်။ ဤဘုန်းတော်ကြီး လက်ထက်တွင် ချောင်းဦး၌ ဘာသာဝင် အိမ်ခြေ (၅၀)ထိ တိုးတက် လာခဲ့သည်။ ဘုန်းတော်ကြီးသည် (၁၉၁၁) မတ်လ (၂၆) ရက်နေ့တွင် မန္တလေး၌ ပျံတော်မူသည်။
    ဖါသာရ်ဂျီရိုးသည် ချမ်းသာရွာ ဘုန်းတော်ကြီး ဖါသာရ်ဖိုး နိုင်ငံခြားသွားရောက် အနားယူနေစဉ် (၁၈၉၀)
ခုတွင် ချမ်းသာရွာ၌ ဘုန်းတော်ကြီးနေရန် သစ်သားကျောင်း တဆောင် ဆောက်လုပ်ခဲ့သည်။
။ The Voice, oct,1924,PP.234-235
။ ဒေါ်စောရှင်၊စစ္စတာ(၁၉၀၄-၂၀၀၁)ချမ်းသာရွာ၏မှတ်တမ်း
ဖါသာရ်ဟဲ(၁၈၆၃-၁၉၃၄)
 Fr. Herr (Paris Foreingn Mission Souciety)
     ဖါသာရ် ဟဲသည် (၁၈၆၃) ခု မတ်လ (၆) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၈) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။
    (၁၈၉၂) လောက်က စပြီး ရွှေဘိုနယ်အုပ် ဘုန်းကြီးအဖြစ်နှင့် နှစ်လေးဆယ်လောက် သာသနာပြုလုပ်ငန်း ဆောင်ရွက် ခဲ့သည်။ ရွှေဘိုနယ် ရွာငယ်ကလေးများစွာတို့မှ လူများကို ကက်သလစ် ဘာသာသို့ ကူးပြောင်း စေခဲ့သည်။ ဖါသာရ်ဟဲသည် မယ်တော်ကုန်း(ကံကြီးတော)တွင် ဘုရားရှိခိုးကျောင်း တစ်ကျောင်း ဆောက်လုပ်ပြီး၊ လူဒယ်သခင်မဘွဲ့ အမည်ဖြင့် (၁၉၂၅) ခု ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် ကျောင်းသာဓုခေါ်ပွဲ ကျင်းပသည်။ ဆရာတော်ကြီး ဖူးလ်ကီးယေး ကိုယ်တိုင် ဘုရားကျောင်း ကောင်းကြီးပေးသည်။ ဘုန်းတော်ကြီး (၈)ပါး တက်ရောက်သည်။ ဖါသာရ်ဟဲနှင့် ဖါသာရ်တော်ဘိယတို့သည် မယ်တော်ကုန်း ဘုရားကျောင်း မဆောက်မီ (၂၅)နှစ် အတွင်း ကက်သလစ်ရွာ (၇)ရွာထက် မနည်း တည်ထောင် နိုင်ခဲ့ကြသည်။
    ရွှေဘို ကျောင်းထိုင်နယ်အုပ် ဘုန်းတော်ကြီး ဖါသာရ်ဟဲသည် ညောင်ချင်ပင်ရွာမှ ဆင်းရဲသားများအား အိုးအိမ် ထူထောင်ပေးသည်။ အိမ်ထောင်စု အလိုက် လှည်း နွား လယ်ယာ ကိုင်းကျွန်းများ ၀ယ်ပေးသည်။ တိရစ္ဆာန် မွေးမြူရေးအတွက် ငွေများ မတည်ပေးသည်။ ဖါသာရ်ဟဲသည် ရွှေဘို ကက်သလစ် သာသနာနယ်အုပ် ဘုန်းတော်ကြီးဖြစ်၍ ဖါသာရ်တောဘိယ နှင့် ဖါသာရ် ရေမန်းဒက်တို့သည် လက်ထောက်ဘုန်းကြီးများ ဖြစ်ကြသည်။ ယင်း ဘုန်းတော်ကြီးတို့သည် ညောင်ချင်ပင်၊ တပူကုန်း၊ မဖေး၊ လက်ပံကြီး၊ ထနောင်းဝင်း၊ မေဂွန်၊ တဲကြီး၊ ကျည်းဖျား၊ ကန်ကြီးတော၊ ၀က်လက်၊ ကိုးတောင်ဘို့၊ ကန်ဘလူ၊ ကောလင်း၊ ချပ်သင်း၊ ၀င်းသို၊ စသော မြို့ရွာများရှိ ဘာသာဝင်များကို လှည့်လည် ကြည့်ရူရသည်။ ဖါသာရ်ဟဲသည် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ရွှေလီ မြစ်ဝှမ်း တလျှောက် လှည့်လည် ကြည့်ရူ ဟောပြောသည်။ ရွှေဘိုနယ်မှ ဘုန်းတော်ကြီးများသည် ဘာသာဝင်ရွာ အများအပြားကို လှည့်လည် ကြည့်ရူကြရသဖြင့် မည်သည်ရွာကိုမျှ အတည်တကျ နေထိုင်ခြင်း မရှိကြပါ။ ရဟန်း ဘုန်းတော်ကြီး မရှိသော အချိန်တွင် ဓမ္မဆရာများက ဘာသာဝင်များကို ကြည့်ရူ ရသည်။ ဖါသာရ်ဟဲသည် (၁၉၂၉)ခုနှစ်တွင် ရွှေဘိုနယ်မှ ဗန်းမော်နယ်သို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ သူ၏ ကြိုးပမ်းမှုကြောင့် (၅)နှစ် အတွင်း လူပေါင်း (၁၀၀၀)ကျော် ဘာသာသွင်း နိုင်ခဲ့သည်။ ၁၉၃၄-ခုတွင် နှလုံးရောဂါကြောင့် မန္တလေး ပြန်လာ ခဲ့သည်။ မကြာမီ မေမြို့၌ ပျံတော်မူသည်။
။ The list of foreign Missionaries
။ The Voice, March, 1925,PP.75-76
။ ဆရာဂျိုးဇက် (ရွာတော်)၏ မှတ်တမ်း
။ Bishop Usher, The History of the Catholic Church in Burma
ဖါသာရ်လေဂျမ်း ဒရယ် (၁၈၆၃-၁၈၉၅)
Fr. L  Legendre (Paris Foreign Mission Society)
    ဖါသာရ် လူဝစ် လေဂျမ်းဒရယ်သည် (၁၈၆၃)ခု စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၈၈) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ မုံလှ ဘာသာဝင်များကို ကြည့်ရူခဲ့သည်။ (၁၈၉၅) စက်တင်ဘာလ (၄)ရက်နေ့တွင် မိတ္ထီလာ၌ ကာလ၀မ်းရောဂါဖြင့် ပျံတော်မူသည်။ သက်တော်(၃၂) သာ ရှိသေးသည်။
။ The list of foreign Missionaries
ဖါသာရ်ဖူးလ်ကီးယား(၁၈၆၆-၁၉၄၈)
Fr.E.Foulquier ( Paris Foreign Mission Society)
    ဖါသာရ် ဖူးလ်ကီးယားသည် (၁၈၆၆) ခု နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်
(၁၈၈၉) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
။ The list of foreign Missionaries
 ဆက်ပါမည်...
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၁)
Read More...
Monday, June 24, 2013
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၉)
 ဖါသာရ်ြုသဂုတ်စတင်း လေကောင်း (၁၈၃၂-၁၈၉၂)
Fr.Augustine Lecomte
(Paris Foreign Mission Society)
    ဖါသာရ် သြဂုတ်စတင်း လေကောင်းသည် ဖါသာရ် အက်ဖ်ဂူးရင်း (Fr.F.Guren) ဖါသာရ် ဒူးမိုးလတ် (Fr.P. Dumollard) တို့နှင့် အတူ (၁၈၅၆) ခု အောက်တိုဘာလ တွင် ပြင်သစ်နိုင်ငံ မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ဖါသာရ် လေကောင်းကို ရန်ကုန်သို့၎င်း၊ ဖါသာရ် ဂူရင်းကို တောင်ငူသို့၎င်း၊ ဖါသာရ် ဒူးမိုးလတ်ကို မရမ်းကုန်းသို့၎င်း ပို့သည်။
    (၁၈၅၈) တွင် နဘက်ဘုရားကျောင်းသည် ယိုယင်း ပျက်စီးနေသည့် အခြေအနေတွင် ရှိသည်။ ခြစားထားသဖြင့် တိုင်အောက်ခြေများ ဆွေးမြေ့နေသည်။ အသစ် ပြန်ဆောက်ရမည့် အခြေအနေတွင်ရှိသည်။ ဖါသာရ် ပိုလီညာနီက အုတ်တိုက်ကျောင်း ဆောက်မှဖြစ်မည်ဟု ယူဆသဖြင့် (၁၈၅၈)တွင် ဘုရားကျောင်း အုတ်မြစ်ချခဲ့သည်။ တည်ဆောက်မှု နှေးကွေးသဖြင့် ဖါသာရ်လေကောင်းက ဆက်လက် တည်ဆောက်ရသည်။ (၁၈၆၁) ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် ဆရာတော်ကြီး ဘီဂန်းဒက်ကို ဖါသာရ် အဘိုနာ၊ ဖါသာရ် လေကောင်း၊ ဦးပဉ္စင်းလေး ဒေါ်မနစ်တက်ဆီအိုတို့ ခြံရံ၍ မစ္ဆား ပူဇော်လျက် ဘုရားကျောင်း ကောင်းကြီးပေး သာဓုခေါ်ပွဲ ကျင်းပသည်။ မန္တလေးမြို့ပေါ်မှ ဘာသာဝင် အများအပြား၊ ဤအခန်းအနားသို့ လာရောက် ပါဝင်ကြသည်။ ပတ်ဝန်းကျင်မှ ဘာသာဝင် မဟုတ်သူများလည်း လာရောက် ပါဝင်ကြသည်။ ဘုရားကျောင်းတော်ကြီး ကောင်းကြီးပေးပြီး ရက် အနည်းငယ်အကြာတွင် သြဘလိပ်အသင်းမှ လေးဘရာသာရ် ဖြစ်သော ဒေါမနစ်တက်ဆီအိုအား မန္တလေးတွင် ဦးပဉ္စင်းလေး သိက္ဓာ ပေးသည်။ မကြာမီ ဦးပဉ္စင်းကြီး သိက္ခာပေးသည်၊ (၂) ရက်ကြာ ရဟန်းသိက္ခာ ပေးသည်။ ထိုနောက် ချောင်းဦးတွင် သွားရောက် နေထိုင်ရသည်။ (၁၈၅၉) ခု ဆရာတော် ဘီဂန်းဒက် မန္တလေး၌ ရှိနေစဉ် မင်းတုန်းမင်းသည် ဘုရင့်သားများနှင့် အိမ်ရှေ့မင်းသားများကို ပညာသင်ပေးရန် အတွက် ဖါသာရ် လေကောင်းကို တောင်းသည်။ ဘုရင်၏ အစီအစဉ်ကို စိတ်မပါသော်လည်း လက်ခံခဲ့သဖြင့် ဖါသာရ်လေကောင်းသည် စာသင်ကျောင်းအတွက် လိုအပ်သော ပရိဘောဂ ပစ္စည်းများ ၀ယ်ရန် ရန်ကုန်သို့ သွားခဲ့သည်။ ရန်ကုန်မှ အပြန်တွင် ဘုရင် စိတ်ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဘုရင်မင်းမြတ်သည် ဗုဒ္ဓ ဘုန်းတော်ကြီးများ၏ သြဇာကို မလွန်ဆန့်ချင်၍ တကြောင်း၊ နန်းတွင်း အမျိုးသမီးများ၏ သွေးထိုးမှုကြောင့် တကြောင်း၊ စိတ်ပြောင်းလဲခြင်း ဖြစ်သည်။ စာသင်ကျောင်းသို့ ဘုရင့်သားများကို မစေလွှတ်တော့ဘဲ နန်းတွင်း လေလွင့်လူငယ်များကိုသာ ပို့လွှတ်တော့သည်။ သာသနာပြု အကြီးအကဲများသည် ဘုရင့် သားတော်များမှ တပါးကျောင်း ဖွင့်သင်ကြားပေးခြင်းကို မလိုလားသဖြင့် ဖါသာရ် လေကောင်းသည် ကျောင်းဖွင့်ရန် ငြင်းဆိုလိုက်ပြီးနောက် နဘက်သို့ ပြန်သွားသည်။ ချောင်းဦး ဘာသာဝင်များကို ကြည့်ရူရသဖြင့် ချောင်းဦးတွင် ဘုရားကျောင်း ဆောက်ရန် စီစဉ်သည်။ ချောင်းဦးတွင် ဘုရားကျောင်း အသစ်နှင့် ဘုန်းကြီးများ အခြေချနေထိုင်ရန် ဘုန်းကြီးနေကျောင်း လိုအပ်သည်။ လက်ရှိ ဘုရားရှိခိုးကျောင်း နေရာသည် သင့်တော်မှု မရှိပေ။ ဖါသာရ်လေကောင်းက အနီးအနားရှိ မြေကွက်ကို ရရှိလိုသည်။ ထိုမြေကွက်သည် ဘုန်းကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်း ဆောက်ရန် သင့်တော်ပေသည်။ သို့သော် ထိုမြေကွက်ပေါ်တွင် ဘာသာကွဲ (၁၅) အိမ်လောက် နေထိုင်ကြသည်။ ဤ မြေကွက်ပေါ်ရှိ ဘာသာကွဲများသည် လျော်ကြေးပေးလျှင်တောင် ဖယ်ပေးကြမည် မဟုတ်၊ ရပ်ကွက် အကြီးအကဲကလည်း အာဏာနှင့် မောင်းမထုတ်ဝံ့ သို့ဖြစ်၍ ဖါသာရလေကောင်းသည် ဘုရင့်ထံ လျောက်တင်ရန်သာ ရှိသည်။ ကံအား လျှော်စွာ (၁၈၆၂) ခုနှစ်တွင် ဆရာတော်ကြီး ဘီဂန်းဒက် မန္တလေးမှာ ရှိနေစဉ် အင်္ဂလိပ်ကော်မရှင် မင်းကြီးနှင့် မင်းတုန်းမင်းတို့ စေ့စပ်ရေး စာချုပ်ချုပ်ဆိုရာတွင် ဆရာတော်ကြီး ပါဝင် ကူညီပေးသည့်အတွက် ဘုရင်မင်းမြတ်က ကျေနပ်လှသဖြင့် ချောင်းဦး ဘုရားကျောင်းမြေကွက် ကိစ္စကို လိုလိုချင်ချင် လက်ခံလိုက်ပြီး ထိုမြေကွက်ပေါ်တွင် နေထိုင်သူများအား ဖယ်ရှားပေးရန် ဒိစတြိတ် အကြီးအကဲအား ဘုရင်က အမိန့်ပေးလိုက်သည်။ ဒီစတြိတ် အကြီးအကဲကလည်း ထိုမြေကွက်ပေါ်တွင် နေထိုင်သူများအား နှင်ထုတ် ပေးလိုက်သည်။ နှင်ထုတ်ခံရသူများအတွက် ဘုရင် ဘဏ္ဍာတော်ဖြင့် လျော်ကြေး အနည်းငယ်စီ ပေးလိုက်ရသည်။ ဤမြေကွက်ကို ဘုရင် ဘဏ္ဍာတော်ဖြင့် ခိုင်ခန့်သော ၀န်းခတ်ပေးသည် ဘုန်းတော်ကြီးများနေရန် ကျောင်းနှင့် ဘုရားကျောင်းကိုလည်း ထိုမြေကွက်ပေါ်သို့ ရွှေ့ပြောင်း ဆောက်သည်။ ခိုင်ခန့်သော အုတ်ဘုရားကျောင်းကိုလည်း မကြာခင်တည် ဆောက်နိုင်မည် ဖြစ်သည်။
    ဖါသာရ် လေကောင်းသည် (၁၈၆၇) ခုတွင် နန်းတွင်းမှ တရားဝင် ကလေး (၁၄)ဦးအား ဥရောပကျောင်းများ အတိုင်း အင်္ဂလိပ်စာနှင့် သိပ္ပံဘာသာရပ်များ သင်ကြား ပေးခဲ့သည်။ ဗန်းမော်မြို့တွင် ဘုရင်က မြေတစ်ကွက် ပေးသနားသဖြင့် ထိုမြေကွက်ပေါ်တွင် အဆောက်ဦးများ ဆောက်လုပ်သည်။ သို့ရာတွင် ထိုအရပ်ရှိ လူများသည် မိရိုးဖလာ အဆက်ဆက် ကိုးကွယ်ကြသော နတ်ကိုးကွယ်မှုကို စွန့်ပစ်ရန် ကြောက်ရွံ့ကြသော ကြောင့်တကြောင်း ထိုက်သင့်သလောက် အောင်မြင်မှု မရှိခဲ့ပေ။
    ဖါသာရ် လေကောင်း နဘက်ရွာသို့ ရောက်သောအခါ ကျောင်းဝင်း၏ တောင်ဘက် မျက်နှာရှိသော တောများကို ခုတ်ထွင် ရှင်းလင်းကာ ဗုဒ္ဓဘာသာရပ်ကွက်နှင့် ခွဲခြားသည်။ ဘုရင်ဂျီဘုန်းကြီးကျောင်းတိုက်ကို အလယ်မှာ ထား၍ ပိုင်းခြားသည်။ ကျောင်းဝင်းအပေါက်ကို မြောက်ဘက် မျက်နှာမူရာမှ တောင်သို့ မျက်နှာပြုသည်။ ယခုတည်ရှိသော ဘုရင်ဂျီ ရပ်ကွက်အတိုင်း ဖြစ်သည်။ ကျောင်းဝင်း၏ အကျယ်မှာ (၂) ဧက=ဧရိယာမှာ .၀၃ ရှိသည်။ ဘုရင်ဂျီ ရပ်ကွက်သည် (၁၅) ဧက ရှိသည်။ ဖါသာရ် လေကောင်းသည် မင်းတုန်းမင်းလက်ထက်တွင် လူမျိုး ဘာသာမရွှေး မင်းမျိုးမင်းနွယ်များနှင့် နဘက်ပတ်ဝန်းကျင်ရှိ တပည့် ကျောင်းသားများအား အင်္ဂလိပ် စာသင်ပေးသည်။ အင်္ဂလိပ် အစိုးရမင်းများသည် အင်္ဂလိပ်ပညာတတ်များ အသုံးလိုသောအခါ နဘက်သို့လာရောက် ခေါ်ယူသည်။ မြန်မာဘုရင်များ လက်ထက်ကလည်း အနောက်နိုင်ငံသို့ စေလွှတ်သော သံတမန်တော်ကြီးများနှင့် အတူ စကားပြန်အဖြစ် အသုံးပြုရသည်။ နဘက်ကျောင်းဝင်းသည် ဧရာဝတီ မြစ်ကြောင်းမပြောင်းလဲခင်က ဧရာဝတီမြစ်ကမ်းပါးစောင်းတွင် ရှိနေသဖြင့် ယခုတွေ့မြင်ရသော ရေကာတာရိုးကို ပြုလုပ်ခဲ့ ရသည်။ နဘက်ရွာတွင် ယခုအချိန်အထိ မားမားမတ်မတ် တွေ့မြင်ရသော ဘုန်းတော်ကြီး နေထိုင် သီတင်းသုံးသော ကျောင်းသည် အုတ်ခံ ပျဉ်ထောင်ကာ ပျဉ်အုတ်ကြွပ်မိုး နှစ်ထပ်ကျောင်းဖြစ်သည်။ လှပ တင့်တယ်သည်။ ဤကျောင်းကို ဖါသာရ်လေကောင်း လက်ထက်၌ ၄င်း၏ တပည့်သား အင်္ဂလိပ်ပညာတတ် ကျောင်းတကာ ဦးသက်နှံ ဒေါ်ငွေပွင့်တို့က ဆောက်လုပ် လှူဒါန်းသည်။ ကျောင်းတကာသည် မြန်မာပြည် ဘုံဘေဘားမား သစ်ကုမ္ပဏ္ဏီ၏ ကိုယ်စားလှယ် ဖြစ်သည်။ ဘုန်းကြီးနေကျောင်းကို မြန်မာသက္ကရာဇ် (၁၂၅၄) ခုနှစ်တွင် အပြီး သတ်သည်။ ကမ္ပည်းစာကို အုတ်လှေကား အထက် အုတ်ဂုံးတွင် မြန်မာစာနှင့် ရေးကပ်ထားသည်။
ဘုန်းတော်ကြီး နေထိုင်သောကျောင်း၏ ကျောက်စာ
ကျောင်းတကာ ကျောင်းအမတို့အဘို့ ဆုတောင်းကြပါ
၁၂၅၄-ခု နယုန်လပြည့်ကျော် ၁၄-ရက်
    နဘက်ရွာတွင် ဖါသာရ် လေကောင်းနှင့် အတူတကွ သီတင်းသုံး နေထိုင်ကြသော ဖါသာရ် တောမားနှင့် ကိုင်ရင်ကြီး ပါစကား နှစ်ဦးတို့သည် ရှေးအထက်ကျော် ကာလက ပရိမ္မတွင် ဘုရင်ဂျီ ဘာသာဝင်များ ရှိခဲ့ ကြသဖြင့် ၄င်းတို့၏ အဆက်အနွယ်နှင့် နေရာထိုင်ခင်းများ စသည်တို့ကို စုံစမ်းကြည့်ရူရန် သွားရောက် ကြရာ သာသနာရပ်ကွက် နေရာတွင် သံဇူဇယ် ဆင်းတုဟောင်းတခုကို အိမ်တအိမ်မှ တွေ့ခဲ့ရသည်ဖြစ်၍ နဘက်သို့ ယူလာခဲ့ကြသည်။ ဆင်းတုတော်မှာ တပေခန့်ရှိ ကြေးကြွတ်နှင့် ပုံသွင်း ပြုလုပ်ထား၍ လေးသည့်ပြင် မပျက်စီး နိုင်လောက်အောင် ခိုင်ခန့်သည်။ ဘုရင်ဂျီ ဘာသာဝင်များသည် ပရိမ္မရွာတွင် သာမဟုတ် ပခုက္ကူခရိုင် ချင်းတွင်းမြစ်ကမ်းရှိ ရေစကြိုမြို့နှင့် မျက်နှာချင်းဆိုင် အနောက်ဘက်ကမ်းရှိ နွဲနီရွာမှာလည်း ရှိကြသည်။ နွဲနီရွာသည် ကျွန်းညိုရွာ၊ အောင်ပန်းကြောင်းရွာ၊ နှင့် နီးသည်။ ပရိမ္မရွာနှင့် နွဲနီရွာသည် ဘရင်ဂျီ ဘာသာဝင်များ ရှိကြသော်လည်း ဘုန်းတော်ကြီးများနှင့် ကွာဝေးနေသဖြင့် ဘာသာကွဲများနှင့် အမျိုးရောစပ်ခြင်း၊ ပရိမ္မသို့ ပြောင်းရွှေ့ကြခြင်းတို့ကြောင့် ဘုရင်ဂျီများ အနည်းငယ်သာ ကျန်သည်။ နွဲနီရွာတွင် ဘုန်းကြီးများ ခေတ္တတည်းခိုရန် ကျောင်းနှင့် ဘုရားရှိခိုးကျောင်း နေရာများ ကျန်ခဲ့ကြောင်း၊ အချို့ ရွာသားများ ပြောပြသည်။ ဖါသာရ် လေကောင်းနှင့် ဖါသာရ် တောမားတို့ မအူပင် လက်ခုတ်ပင်ရွာသို့ မကြာခဏ သွားရောက်၍ နှီးနှောကြသော်လည်း အကျိုးမများချေ။ အချို့သော ဘုရင်ဂျီ ဘာသာဝင်များသည် ချင်းတွင်းမြစ်ကမ်းပါးရှိ အမြင့်မြို့ကို မှီ၍ အမြင့်၊ ချောင်းဦး၊ နဘက်၊ ကျောက်ရစ်၊ အကပ္ပဟူ၍ အမြင့်(၅) မြို့တွင်သော မြို့ရွာများတွင် ရှိကြသည်။ အမြင့်မြို့သား သံချက် ၀န်ဦးမြူသည် ဘုရင်ဂျီ ဘာသာဝင်တစ်ဦး ဖြစ်သည်။ ကုန်းဘောင်မင်း၏ သားတော်၊ ပုဂံမင်း၏ ဆွေမျိုးတော်နှင့် အကြောင်းပါသော ငါးမြို့ဝန် ဦးရွှေရသည် နဘက်မှာ အမြဲနေထိုင်သည်။ ၄င်း၏ ဆွေမျိုးတော် သားသမီး
များသည် နဘက်မှာ ရှိကြသည်။ အလောင်းမင်းတရားကြီးနှင့် သားတော် ဆင်ဖြူရှင်တို့ မြှောက်စားထားသော ပြင်သစ် အမျိုးသား ပီတာမီလပ်နှင့် အကြောင်းပါသော ပြင်သစ်ကပြား မတုတ် အိမ်ထောင်စု၊ ဦးသာလှနှင့် ပေါ်တူဂီ ကပြား၊ မနှင့်ဖြူ ဒေါ်ခါဥနှင့် တူမ မာရီနှင်းနွယ်တို့ အိမ်ထောင်စုနှင့် အခြား အိမ်ထောင်စုများ နဘက်တွင် ရှိကြသည်။ ပရိမ္မရွာသည် နဘက်နှင့် (၈)မိုင်ခန့် ကွာသည်။ နဘက် ဘုရင်ဂျီကျောင်းဝင်းသည် ဧရာဝတီ မြစ်ကမ်းပေါ်မှာ ရှိ၍ နဘက်ရွာ တောင်ပိုင်းသည် ရေ၀င်သော်လည်း ကျောင်းဝင်းမှာ ရေကာတာရိုး ပြုလုပ်ပြီး မြေဖို့ ထားသည်။ ဆရာတော် ဘီဂန်းဒက်ကို မင်းတုန်းဘုရင်က သာသနာနယ်များသို့ ဗန်းမော်အထိသွား ရောက်နိုင်ရန် ဆင်းသုံးစီးနှင့် လှေတစင်း ခေတ္တ ပေးလှူတော်မူသည်။ ရေကာ တာရိုးပြုလုပ် မြေဖို့ချိန်တွင် ဆရာတော် ဘီဂန်းဒက် နဘက်သို့ ရောက်၍ ခေတ္တ ရပ်နားချိန်နှင့် ကြုံကြိုက်သဖြင့် ဆင်တော်များနှင့် နင်းနယ် မြေဖို့ ပေးခဲ့သည်။ ဖါသာရ် လေကောင်းသည် ဖို့မြေများပေါ်၌ မန်ကျည်းပင်များ စီတန်း စိုက်ထားသဖြင့် သာယာ လှသည်။
    ဖါသာရ်လေကောင်းသည် (၁၈၇၆)တွင် (Provicar Of Bishop Bourdon)- အဖြစ်ဆောင်ရွက်သည်။ ကချင်နှင့် ရှမ်းများကို သာသနာပြုခဲ့သည်။ နဘက်တွင် အများဆုံးနေထိုင်ခဲ့သည်။ (၁၈၉၂) ခုနှစ်ဖေဖေါ်ဝါရီ
လ (၂၁) ရက်နေ့တွင် သက်တော် (၆၀) ရွယ်၌ နဘက်၌ ပျံတော်မူသည်။
သင်္ချိုင်းကျောက်စာ
ဘုန်းတော်ကြီးဒေါင် လက်ကောင်းသည် ခရစ်ယာန် သက္ကရာဇ် (၁၈၃၂) ခုတွင် ဖွားမြင်၍မြန်မာနိုင်ငံတော်သို့ (၁၈၅၆) တွင် ဆိုက်ရောက်ပြီးနောက် (၁၈၉၂) ခု သက်တော် (၆၀)ပြည့်၌ ဤ နဘက်ရွာမှာ တပြည့်သားဖြစ်သူ ဘာသာတူ ကရိသျှံတောင်တို့ အလယ်တွင် ပျံလွန်တော်မူလေ သည်။
။ Vivian Ba, May, 1963, P.24
။ Bigandet, catholic Burmese Mission PP.60-62
။ Vivian Ba,May,1963,P.24။ ကက်သလစ်ရာဇ၀င် စာမျက်နှာ-၃၄၉
။ ဦးချိုဆရာနဘက်မှတ်တမ်း။
။ ဦးချိုဆရာနဘက်မှတ်တမ်း
။ The Voice,April,1926,PP.104-107
။ ခင်ထွေးရီ ခရစ်ယာန်သမိုင်း စာမျက်နှာ-၃၇
ဖါသာရ် ဘူးရ်ဒွန်း (၁၈၃၄-၁၉၁၈)
Fr.Boudon (Paris Foreign Mission Society)
    ဖါသာရ် ဘူးဒွန်းသည် (၁၈၃၄) ခု မတ်လ (၁) ရက်နေ့တွင် ပြင်သစ်ပြည်၌ မွေးဖွားခဲ့သည်။ (၁၈၆၃)
ခုနှစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ခရစ် သက္ကရာဇ် (၁၈၆၅) ခုနှစ်တွင် ဆရာတော်ကြီး ဘီဂန်းဒက် ဗန်းမော်သို့ ခရီးထွက်ရာ မိမိ လက်အောက်ရှိ သာသနာနယ်များ အလွန် ကျယ်ဝန်းကြောင်း တတ်အပ် သေချာ သိနားလည်၍ သာသနာဌာနကို ပိုင်းခြား ခွဲဝေပေးရန် ရောမမြို့ရှိ သာသနာ ဖြန့်ဖြူးရေး ဗဟိုရ်ဌာနချုပ်သို့ အစီရင်ခံစာများ ရေးပို့လိုက်သည်။ (၁၈၆၉)ခုနှစ်မှာ ဗာတီကင် သင်္ဂါရနာတင် အစည်းအဝေးကို ဆရာတော်ကြီး ဘီဂန်းဒက် တက်ရောက်စဉ်က အသင်းတော်သည် မြန်မာပြည် သာသနာကို (၃)ပိုင်း ပိုင်း၍ ဆရာတော်ကြီး ဘီဂန်းဒက်အား မြန်မာပြည် တောင်ပိုင်း သာသနာကို တာဝန်ယူရန်၊ သံလွင်မြစ် အရှေ့ဘက် သာသနာနယ်များကို (၁၈၆၈) ခုနှစ်တွင် မြန်မာပြည်သို့ ကြွလာသော ဆရာတော်ကြီး ဘီးဖီးအား တောင်ငူမြို့မှာ ဌာနချုပ်ပြု၍ အုပ်ချုပ်ရန် ၄င်း။ မြောက်ပိုင်း သာသနာကို ဖါသာရ် ဘူးရ်ဒွန်းအား(၁၈၇၂) ခုနှစ်တွင် ဆရာတော် သိက္ခာ တင်မြှောက်၍ အုပ်ချုပ်စေရန်၎င်း အပ်နှင်းလိုက်သည်။ ဖါသာရ် ဘူးရ်ဒွန်းသည် (၁၈၇၂) ခုနှစ်တွင် မြန်မာပြည် မြောက်ပိုင်း မန္တလေးသာသနာ၏ ဆရာတော် ဖြစ်လာခဲ့သည်။ မန္တလေး သာသနာ၏ ပထမဆုံး ဆရာတော် ဖြစ်သည်။ ထို အချိန်အခါက သာသနာပြု ရဟန်းများ နည်းပါးခြင်း၊ လူမျိုးခြားများ အပေါ် ယုံကြည်မူ မရှိသေးခြင်းတို့ကြောင့်ပြောပလောက်အောင် အကျိုး မဖြစ်ထွန်းပေ။ ဖါသာရ် လေကောင်းသည် (၁၈၇၆) ခုတွင် (Provicar Of Bishop Bourdon)   အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာတော်ကြီး ဘူးရ်ဒွန်းသည် (၁၈၈၇) ခုနှစ်တွင် ကျန်းမာရေး ချို့ယွင်းလာသဖြင့် အလုပ်မှ နှုတ်ထွက်၍ စင်္ကာပူတွင် သွားရောက် အနားယူသည်။ (၁၉၈၁) ခု အောက်တိုဘာလ (၃)ရက်နေ့တွင် စင်္ကာပူ၌ ပျံတော်မူသည်။
။ ကက်သလစ်ရာဇ၀င်၊ စာမျာက်နှာ -၁၃၅-၃၅၀
ဖါသာရ် လူဝီဗိယက် (၁၈၄၅ - ၁၈၈၆)
Fr.Lowis Biet (Paris Foreign Mission Society)
ဖါသာရ် လူဝီဗိယက်သည် (၁၈၆၉) အောက်တိုဘာလ (၅) ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိလာခဲ့သည်။ ဤ ဘုန်းတော်ကြီးသည် နဘတ်ရွာ၌ အများဆုံးနေထိုင်၍ ဘာသာဝင်များကို ကြည့်ခဲ့ရသည်။ နဘတ်ရွာနှင့်(၈) မိုင်ခန့်ဝေးသော ပရိမ္မတွင် ဘုရင်ဂျီ ဘာသာထွန်းကားစဉ်က သံဇွင် ဗပ္ပတစ္စတားကျောင်း ရှိခဲ့သည်။ ပရိမ္မတွင် ဘုရင်ဂျီ ဘာသာ တိမ်ကော ပပျောက်ပြီး ကာလကြာမြင့်သောအခါ ဟောင်းနွမ်းလျက်ရှိသောသံဇွင် ဗပ္ပတစ္စတား ဆင်းတုတော်နှင့်ကျောင်းဆောင်သစ် တခုသည် ချုံနွယ်များနှင့်ပိတ်ဖုံးနေသည်ကို ရွာသားများ တွေ့ရှိကြသဖြင့်ဘုရင်ဂျီ ဘာသာဝင်းများ ကိုးကွယ်သော ဘုရားဖြစ်ဟန်တူသည်ဟု ယူဆကြသောကြောင့်နဘတ်ရွာ ဘုရင်ဂျီများကို အကြောင်းကြား ကြသည်။ နဘတ် ဘာသာဝင်များ သွားရောက်ပင့်ဆောင် ကြသည်။ ဆင်းတုတော်မှာ သစ်သားဖြင့် ပြုလုပ်ထားပြီး ဆေးချယ်ထားသဖြင့် မိုးရေ နေပူရှိန်ဒဏ်ကြောင့် အရောင်အဆင်း ပျက်စီးနေသည်။ နဘတ် ဘုရားကျောင်းအတွင်းတွင် ယောဟန်ဗပ္ပတစ္စတား ဆင်းတုတော်ရှိပြီး ဖြစ်၍ ပရိမ္မမှ ရသော ဆင်းတုတော်ကို ဘုရားကျောင်း အပြင်ဘတ်တွင် ထားသည်။ နဘတ်ရွာသည် မိုးခေါင်သောကြောင့် မိုးလိုသောအခါ ယင်း ဆင်းတုတော်ရှေ့ လာရောက်တောင်းလျှင် မိုးရွာသည်ဟု ယူဆကြသည်။ နောက်ပိုင်းတွင် ဘာသာဝင်များပါမက ဘာသာပများပါ မိုးလိုသောအခါ အိုးစည် ဗုံမောင်း အတီး အမှုတ်များနှင့် လာရောက်ကြပြီး ဆင်းတုတော်ကို ရေချိုး အမွှေး နံ့သာများနှင့်ပက်ဖျန်းကြသည်။ ဤအပြုအမူကို ဖါသာရ် လူဝီဗိယက်က မနှစ်သက်သောကြောင့်ဆင်းတုတော်ကို ခွဲစိတ် ဖျက်ဆီးပစ်လိုက်သဖြင့် အစ ပျောက်သွားတော့သည်။ နောက်ပိုင်းတွင် ဖါသာရ်ဗီးယက်သည် မော်လမြိုင်သို့ ပြောင်းရွှေ့သည်။ (၁၈၈၆) စက်တင်ဘာလ(၄) ရက် နေ့တွင် မိတ်ဆွေတစ်ဦးထံ အလည်သွားရင်း အသတ်ခံရသည်။
။ The list of Missionaries of the society of Foreign Mission Paris in nothern Burma from 1856-1926 (နောင်ဤစာရင်းကိုကိုးလားလျှင် The list of Foreign Missionaries ဟုအတိုဖေါ်ပြမည်)
။ ဦးချိုဆရာနဘက်၏မှတ်တမ်း
။ The list of foreign Missionaries
ဖါသာရ်လာဘွန်း(၁၈၄၉-၁၈၇၄)
Fr.Jean Antoine Aime Labaune (Paris Foreign Mission Society)
     ဖါသာရ် လာဘွန်းသည် (၁၈၇၃)ခု စက်တင်ဘာလတွင် မန္တလေးသို့ ရောက်ရှိလာသည်။ နဘက်၌ နေစဉ် (၁၈၇၄) မတ်လ (၂၆)ရက်နေ့တွင် ဧရာဝတီမြစ်ထဲ ရေနစ် ပျံတော်မူသည်။
။ The Voice, April, 1926, P.106
ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁၀)
Read More...
Wednesday, June 19, 2013
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၈)
Fr.Jacob Pogolotti(Oblates)
    ဆရာတော်ကြီး ချေရီတီနှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တူရင်မြို့ သြဘလိပ်အသင်းဝင် ဦးပဉ္စင်းကြီး ယာကုတ် ပိုဂိုလိုတီအား ဆရာတော်ကြီး ချေရီတီက (၁၈၄၃) ခု၌ အမရပူရမြို့ စိန်ပီတာဘုရားကျောင်းတွင် ရဟန်းသိက္ခာ တင်ပေးခဲ့သည် ဖါသာရ်ပိုဂိုလိုတီသည် သာသနာလုပ်ငန်း ဆောင်ရွက်ရန် စိတ်အား ထက်သန်သူ ဖြစ်သည်။ အချိန်တိုအတွင်း မုံလ၊ှ ချောင်းဦး၊ ဘာသာဝင်များကို ကြည့်ရူ ခဲ့သည်။ ချင်းတောင်တန်း သာသနာပြုရန် လမ်းစ ဖွင့်ပြီး ကြိုးစားခဲ့သော်လည်း အခက်အခဲများစွာ ရှိ၍ မအောင်မြင်ခဲ့ပေ။ ရခိုင်တွင် အခြေတည်ရန် စူးစမ်း ရှာဖွေရေး ခရီးထွက်စဉ် နာမကျန်းဖြစ်လာ၍ တပည့်များက ပုသိမ်သို့ ခေါ်သွားကြသည်။ ပုသိမ်တွင် ဘုန်းတော်ကြီး ဂါဘူတီ၏ လက်ထောက် ဖါသာရ်တာရိုလီထံမှ နောက်ဆုံး စက္ကရမင်တူးများ ခံယူပြီး(၁၈၅၀) ပြည့်နှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ပျံတော်မူသည်။
။ The Voice, March,1926,PP.72-77
ဖါသာရ် ဗင်းဆင်း ဂါဘူတီ
Fr. Vincent Gabutti (Oblates)
    ဆရာတော်ကြီး ချေရီတီနှင့် အတူ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော တူရင်မြို့ သြဘလိပ်အသင်းဝင် ဘရာသာရ် ဗင်းဆင်း ဂါဘူတီသည် (၁၈၄၃) ခုတွင် အမရပူရ စိန်ပီတာဘုရားကျောင်း၌ ဦးပဉ္စင်းကြီး ပိုလို ဂိုတီနှင့် အတူ ဆရာတော်ကြီး ချေရီတီထံမှ ရဟန်း သိက္ခာခံယူခဲ့သည်။ ဖါသာရ် ဂါဘူတီသည် သာသနာပြုလုပ်ငန်းတွင် စိတ်အား ထက်သန်သူ ဖြစ်သည်။ အင်းဝ၊ နဘက်၊ ချောင်းဦး ဘာသာဝင်များကို ကြည့်ရူ ခဲ့ရသည်။ မကျန်းမာသဖြင့် အီတလီသို့ ပြန်ကြွ ခဲ့ရသည်။ (၁၈၆၂) ခုနှစ်တွင် တူရင်မြို့၌ ပျံတော်မူသည်။
။ The Voice, March,1926,PP.72-77
ဖါသာရ်ပါချီအိုတီ
Fr.Pacchiotti (Oblates)
    သြဘလိပ် အသင်းဝင် ဖါသာရ် ပါချီအိုတီသည် ဆရာတော်ကြီး ချေရီတီနှင့် အတူ (၁၈၄၃)ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဖါသာရ် ဂါဘူတီ နောက် နဘက်နှင့် ချောင်းဦး (၂)နေရာကို ကြည့်ရသည်။ (၂)နှစ် (၃) နှစ်ခန့် ကြာသောအခါ မကျန်းမာသဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့သွားပြီး နောက် သရက်မြို့ကို သွားရောက်၍ သာသနာ အမှုတော်ကို ထမ်းသည်။ (၁၈၅၇)တွင် ကျမ်းမာရေး အခြေအနေကြောင့် အနားယူခဲ့သည်။
။ Bigandet catholic Burmese Mission PP.33-35
။ The Voice, Sept,1926,PP.247-250
ဖါသာရ်ဒေါမနစ်တက်စီအို
Fr. Dominic Tessio(Oblates)
    ဖါသာရ် ဒေါမနစ် တက်စီအိုသည် (၁၈၄၃)ခုတွင် ကိုရင်အဖြစ်နှင့် သြဘလိပ်အသင်းသို့ ၀င်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ဆရာတော်ကြီး ချေရီတီနှင့် အတူ ရောက်ရှိခဲ့သည်။ ပထမဆုံး မုံလှတွင် နေထိုင်ရသည်။ ကလေးများ ဘုရားစကား သင်ကြား ပေးရသည်။ (Gregorian)သီချင်းများ သင်ကြား ပေးခဲ့သည်။ မုံလှရွာတွင် (၁၈၅၂) ခုနှစ် အထိ နေခဲ့သည်။ ထို့နောက် ချောင်းရိုးတွင် ကိုရင်အဖြစ်နှင့် ဘုရားစကား သင်ကြား ပေးရသည်။ ထိုဒေသတွင် ရဟန်းဘုန်းတော်ကြီးများ တခါတရံသာ ရောက်ရှိသည်။ ဘရာသာရ် တက်စီအိုသည် သာသနာလုပ်ငန်းကို ကြိုးစား ပန်းစား လုပ်ကိုင်သည်ကို ဆရာတော်ကြီး ဘီဂန်းဒက် ကျေနပ်လှသဖြင့် (၁၈၆၁) အောက်တိုဘာလ နဘက် ဘုရားရှိခိုးကျောင်း အသစ် ကောင်းကြီးပေး သာဓုခေါ်ပြီး မကြာမီ ရဟန်းသိက္ခာ တင်ပေးခဲ့သည်။ ထို့နောက် ချောင်းဦး ဘာသာဝင်များကို ကြည့်ရှု့ ရသည်။
    (၁၈၆၈) ခု ဇန္န၀ါရီလတွင် ဖါသာရ် တက်စိအို ရင်အောင့် လာသဖြင့် မန္တလေးသို့ သွားသည်။ ထိုနှစ် ဇန္န္န၀ါရီလ (၁၂)ရက် နံနက် မစ္ဆားပူဇော်အပြီး မကျန်းမာသော ကလေးများကို သွားရောက် ကြည့်ရှု့ပြီးနောက် နံနက် (၁၀) နာရီတွင် အပြင်းအထန် ရင်အောင့် လာသည် အင်္ဂလိပ် ဆရာဝန်ကို ခေါ်၍ ကုသပါသော်လည်း သက်သာမှု့ မရခဲ့ပေ။ ဖါသာရ် အဘိုနာက နောက်ဆုံး စက္ကရမင်တူးများ ပေးပြီးနောက် ပျံတော်မူသည်။
။ The Voice, Sept,1926,PP.247-250
။ Bigandet catholic Burmese Mission.P.36
။ The Voice, Sept, 1926, PP, 27-250
ဖါသာရ် ချားလ်စ်ဖေလိစ် ပရိနို အီဆိုလာ
Fr. Charies Felix Pregno D'lsola (Oblates)
     ဖါသာရ် အီဆိုလာသည် (၁၈၄၅)တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ မော်လမြိုင်တွင် ဆရာတော်ကြီး ဗားလ်မားထံ နေထိုင်ပြီး သီအိုလိုဂျီ ပညာသင်ကြားရန် အင်္ဂလိပ်စကား လေ့လာခဲ့သည်။ မြန်မာစကား သင်ကြားရန် အမရပူရမြို့ရှိ ဖါသာရ် အဘိုနာထံ စေလွှတ်ခြင်း ခံရသည်။ ဖါသာရ် အဘိုနာက နဘက်နှင့် ချောင်းဦး ကြည့်ရှု့သော ဖါသာရ် ပါချီအိုတီထံ သွားရောက်၍ ဗမာစကား သင်ကြား စေခဲ့သည်။ ရဟန်းသိက္ခာ ခံယူမည့် အချိန် ဆရာတော်ကြီး မရှိသဖြင့် ကာလကတ္တားသို့ သွားရောက်၍ ဆရာတော်ကြီး ကာရှုးထံ (Carew) မှ ရဟန်း သိက္ခာခံယူခဲ့သည်။
    (၁၈၅၂) ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်အချိန်၌ ဘုရင်၏ သင်္ကာ မကင်းမှု့ကြောင့် ဖါသာရ်အီဆိုလာသည် ဖါသာရ် ဖေါနယ်လီ၊ ချောင်းဦးသား ဖါသာရ် မိုးဇက်ငဦးတို့နှင့် အတူ ဖမ်း၍ သံခြေကျင်းများ ခတ်ကာ နေပြည်တော် အမရပူရသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။ ညှင်းပန်းနှိပ်စက်ခြင်း အမျိုးမျိုးကို ခံကြရသည်။ နှိပ်စက်မှု့ဒဏ်မှ လွတ်မြောက်လာပြီး မကြာမီ မိုးဇက်ငဦး အမရပူရ၌ ပျံလွန်တော်မူသည်။ ဖါသာရ် ဖေါ်နယ်လီမှာ စိတ်ဖေါက် ပြန်သွားသည်။ ဖါသာရ် အီဆိုလာမှာ မော်လမြိုင်သို့ သွား၍ (၂) နှစ်လောက် နေပြီး ပြန်လာကာ မုံလှရွာ ဘာသာဝင်များကို ကြည့်ရှု့ရသည်။
    ဖါသာရ် အီဆိုလာသည် မန္တလေးသို့ ၀တ်စောင့် သွားရင်း (၁၈၈၂) ခု နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဟံလင်းကြီး၌ ပျံလွန် တော်မူသည်။ အလောင်းကို(၆) လကြာမှ တူးဖေါ်၍ မုံလှသို့ ယူလာသည်။ ဒေါင်ဇီဇော်လာ (သို့) ဒေါင်ပါလိပ်ချယ်ဟူ၍ လည်း ခေါ်သည်။
။ The Voice, Sept,1926.PP247-250
။ Bigandet,catholic Burmese Mission, P-39
။ ခင်ထွေးရီ၊ အထက် မြန်မာနိုင်ငံ ခရစ်ယာန် သာသနာပြု သမိုင်း (၁၈၈၁၊ ၉၁၈) မဟာဝိဇ္ဇာ သမိုင်းဘွဲ့ အတွက်၊ မန္တလေး ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် သမိုင်းဌာနသို့  ၁၉၆၉ တွင် တင်သွင်းသည့် ကျမ်း (နောင်တွင် ခင်ထွေးရီ၊ ခရစ်ယာန် သမိုင်းဟု အတိုဖေါ်ပြမည်)
ဖါသာရ်ဖေါ်နယ်လီ
Fr.Fonelli (Oblates)
    သြဘလိပ်အသင်းမှ ဖါသာရ် ဖေါ်နယ်လီသည် (၁၈၄၈) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မကြာမီမှာပင် ချောင်းဦး ဘာသာဝင်များကို ကြည့်ရူ ရသည်။ (၁၈၅၂) ခုနှစ်တွင် အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ဖြစ်ပွားရာ ဥရောပနိုင်ငံသား ဘုန်းတော်ကြီးများအား သံခြေကျင်းခတ်၍ နေပြည်တော်သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ညှင်းပန်း နှိပ်စက်ကြသဖြင့် ဘုန်းတော်ကြီး ဖါသာရ် ဖေါ်နယ်လီ စိတ်ဖေါက် ပြန်သွားပြီး (၁၈၅၃) ခုနှစ်ဦးပိုင်းတွင် ပျံတော်မူသည်။
။ Bigandet, Catholic Burmese Mission P-39
ဖါသာရ်မိုးဇက်ငဦး(၁၈၂၇-၁၈၅၂)
(Fr.Moses Nga U)
    မိုးဇက်ငဦးသည် ခရစ်သက္ကရာဇ် (၁၈၂၇)တွင် ချောင်းဦးမြို့၌ မွေးဖွား ခဲ့သည်။ ဆရာတော်ကြီး ကာအိုသည် ဥာဏ်ပညာ ထက်မြက်၍ အကျင့် စာရိတ္တ ကောင်းမွန်သော မိုးဇက်ငဦးအား (၁၈၄၀) ပြည့်နှစ်တွင် ဆရာတော်ကြီး ကိုယ်တိုင် အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့သို့ ခေါ်သွားပြီး ပရော်ပါဂန်းဒါး တက္ကသိုလ်တွင် ပညာ သင်စေသည်။ ထိုအချိန်တွင် မိုးဇက်ငဦးသည် (၁၃)နှစ်သာ ရှိသေးသည်။ မိုးဇက်ငဦးသည် မြန်မာ လူမျိုးထဲမှ ပရော်ဂါဂန်းဒါး တက္ကသိုလ်တွင် ပထမဆုံး တက်ခွင့်ရသူ ဖြစ်သည်။ ပရော်ဖါဂန်းဒါး တက္ကသိုလ်တွင် (၁၂) နှစ်ကြာ သင်ကြား လေ့လာခဲ့သည်။
    ပညာ သင်ကြားပြီးနောက် (၁၈၅၂) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာပြီး အမရပူရမြို့မှ ချောင်းဦးမြို့ရှိ ဆွေမျိုးများနှင့်တွေ့ရန် သွားခဲ့သည်။ထိုအချိန်သည် အင်္ဂလိပ် မြန်မာ ဒုတိယစစ် ဖြစ်လုဆဲဆဲ အချိန် ဖြစ်သည်။ ချောင်းဦးတွင် လအနည်းငယ် နေထိုင်သည်။ ထိုအချိန်တွင် မြန်မာ အစိုးရက သင်္ကာမကင်းဖြစ် သဖြင့် တိတ်တဆိတ် တမန်များ စေလွှတ်၍ ရဟန်း ဘုန်းတော်ကြီးများကို ဖမ်းဆီး စေခဲ့သည်။ မိုးဇက်ငဦးမှာ နိုင်ငံသား ဖြစ်သော်လည်း ဖါသာရ် အီဆိုလာတို့နှင့် အတူ သံခြေကျင်း ခတ်၍ နေပြည်တော်သို့ ခေါ်ဆောင်သွားခဲ့သည်။ နှိပ်စက် ညှင်းပန်းခြင်း ခံရသည်။မိုးဇက် ငဦးမှာ နှိပ်စက်မှု ဒဏ်ကြောင့် လွတ်မြောက်လာခဲ့ပြီး သုံးလေးရက် အကြာတွင် အမရပူရ၌ ပျံတော်မူသည်။ သူ ပျံတော်မူချိန် သက်တော် (၂၅)နှစ် ရှိသည်။
ဖါသာရ် မိုးဇက်ဦးမောင်ဦး၏ အမရပူရ သင်္ချိုင်းဂူပေါ်၌ ရေး ကမ္ဗည်းကျောက်စာ
ဗြဟာနိုင်ငံတွင် ချောင်းရိုးရွာက ဘုန်းတော်ကြီး ဒေါင်မိုးဇယ်သည် အတတ်ပညာများကို သင်္ဘောဖြင့် ရောမမြို့၌ (၁၃)နှစ် နေတော်မူလျက် ရဟန်း သိက္ခာ တင်ပြီးမှ သာသနာတော်၏ အစီးအပွါးအလိုငှါ ဗြဟာနိုင်ငံသို့ ပြန်လာတော်မူ၍ (၃)နှစ် ကျော်ခန့် သာသနာပြုစုပြီးမှ သေခြင်း မေတရားနှင့် မကင်းလွှတ်နိုင်၍ ကုလား သက္ကရာဇ် (၁၈၅၂)ခုနှစ်တွင် ပြန်တော်မူခြင်းသို့ ရောက်ရသည်။ ဘုရင်ဂျီ အမျိုးသားတို့ ကိုးကွယ်သည့် ဒေါင်မိုးဇယ်၏ တပြည့်-
    အထက်ဖေါ်ပြပါ ဘုန်းတော်ကြီး၏ အရိုးများနှင့် သင်္ချိုင်းဂူ ပေါ်တင်ထားသော ကမ္ဗည်းကျောက်စာကို အမရပူရမှ တူးဖေါ်ပြီး အရိုးများကို မန္တလေးမြို့ ဖါသာရ်လဖုန်းကျောင်း ဘုရားစင်၏ လက်က်ျာဘက်၌ မြှပ်နှံထားသည်။ဤ ဘုန်းတော်ကြီးနှင့် ညှင်းဆဲခံရသော ဣတာလျံ အမျိုးသားဘုန်းတော်ကြီး ဖါသာရ် ဖေါ်နယလီ၏ အရိုးများကို ဘုရားစင်၏ လက်ဝဲဘက်အောက်၌ မြှပ်နှံထားသည်။
။ (က) နန်မော်နီကား၊ မျိုးကြဲသူ၊ ၁၉၉၅ ၊နိုဝင်ဘာလ၊ စာမျက်နှာ-၁၅
    (ခ) ဆရာချိုနဘက်၏ မှတ်တမ်း
။ (က) Vivian Ba, April, 1963, PP.19-20
    (ခ)Bigandet,catholic Burmese Mission,P.39
။ ဆရာချိုနဘက်၏မှတ်တမ်း
ဖါသာရ် အာလောရှက် ပါရိုတို
Fr. Aloysius Parotto (Oblates)
    သြဘလိပ် ဘုန်းတော်ကြီး ဖါသာရ် အာလောရှက် ပါရုတိုသည် (၁၈၅၅) ခုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ နဘက်ရွာတွင် နေထိုင်စဉ် မျက်စေ့ ဒဏ်ရာရသည်။(၂) နှစ်လောက် အကြာတွင် အီတလီသို့ ပြန်ကြွသွားသည်။
။ Bigandet,catholic Burmese Mission,P.38
ဘီရှော့ ဘီဂန်းဒက် (၁၈၁၃-၁၈၉၄)
Bishop Bigandet
(Paris Foreign Mission Society)
    ဘုရင်ဂျီ ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပေါလ်အန်ဗရိုစ် ဘီဂန်းဒက်သည် မြန်မာနိုင်ငံတွင် ဘုရင်ဂျီဂိုဏ်း အယူဝါဒကို ပျံ့ပွားအောင် နှစ်ပေါင်း (၅၀)ကျော် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဘီဂန်းဒက်သည် အယူဝါဒရေးရာ၌သာ ခေါင်းဆောင်မှူ ပေးနိုင်သည် မဟုတ် ပညာရေးနှင့် လူမှုဝန်ထမ်း လုပ်ငန်းများ၌လည်း ရှေ့ဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အောက်မြန်မာနိုင်ငံတော်၏ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ဂိုဏ်းအုပ် ဘုန်းတော်ကြီး အဖြစ် (၁၈၅၆)ခုနှစ် မှ (၁၈၉၄) ခုနှစ် အထိ အနှစ် (၅၀) နီးနီး ဆောင်ရွက်ခဲ့သည်။
    ပေါလ်အန်ဘရိုစ် ဘီဂန်းဒက်ကို (၁၈၁၃) ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် ပြင်သစ်နိုင်ငံ ဖရန့် ကွန်တေးနယ် မလန်းမြို့တွင် အယူဝါဒရေး၌ အလွန် လေးစားသော မျိုးကြီး မိဖများမှ ဖွားမြင်သည်။ ဘီဂန်းဒက်သည် ငယ်ရွယ်စဉ်က ပညာဥာဏ် ထက်မျက်၍ ထကြွ လုံးလ ၀ီရိယရှိသောသူ ဖြစ်သည်။ မိဖများကလည်း ချမ်းသာသူ ဖြစ်သည့်အလျှောက် လောကီ စည်းစိမ်ကိုသာ တတ်မက်မော၍ သာသနာပြုလုပ်ငန်းသို့ မပါဝင် ပါက ဘီဂန်းဒက်အဘို့ မတောင့်မတ မကြောင့်မကြ နေရမည်မှာ အမှန် ဖြစ်ချေသည်။ သို့ရာတွင် ထာဝရဘုရား သခင်၏ အမှုတော်ကို ထမ်းဆောင်ရန် ဘုရားသခင်အား မိမိကိုယ်ကို လှူဒါန်းထားသူ ဘီဂန်းဒက်သည် (၁၆) နှစ် အရွယ်မှပင် စတင်၍ ဗြဟဒေ၀ဗေဒကို လေ့လာ သင်ယူရာ အယူဝါဒရေး၌ ထူးချွန်စွာ သက်ဝင် လေးစားသူ အဖြစ် ထင်ရှားသည် အသက် (၁၉)နှစ် အရွယ်တွင် မာနေးမြို့ သာသနာရေး ကောလိပ်တွင် ပါမောက္ခအဖြစ် ခန်းအပ်ခြင်း ခံရသည်။
    (၁၈၃၆) ခုနှစ်တွင် ဘီဂန်းဒက်သည် ပါမောက္ခ ရာထူးမှ ထွက်၍ ခရစ်ယာန် ရဟန်းဘောင်သို့ ၀င်ကာ ပါရီမြို့ နိုင်ငံခြား သာသနာပြုအသင်းတွင် ပါဝင် ထမ်းရွက်သည်။ ထိုနောက် နိုင်ငံခြား သာသနာပြုအဖွဲ့၏ စေလွှတ်ချက် အရ မလ္လာယုကျွန်းဆွယ်သို့ သာသနာပြုရန် သွားရောက်ရသည်။ ပါရီမြို့မှ ထွက်၍ ရက်ပေါင်း(၁၃၀) ကြာမှ ပီနံမြို့သို့ ရောက်ရှိသည်။ မာလ္လာယု ကျွန်းဆွယ် သာသနာပြုဌာန အတွက် သတ်မှတ်ထားသော နယ်မြေတွင် အပါအ၀င်ဖြစ်သည့် မြန်မာနိုင်ငံ မြို့တစ်မြို့သို့ ဘီဂန်းဒက်သည် ဦးစွာ သွားရောက်ရသည်။ မြိတ်မြို့တွင် သာသနာပြု လုပ်ငန်းများကို လုံးလကြီးစွာ ဆောင်ရွက်ရင်း အားလပ်သည့် အချိန်တွင် မြန်မာဘာသာနှင့် စကားကို လေ့လာ သင်ယူသည်။ နောက် (၂) နှစ်ခန့် ကြာသောအခါ ထာဝရဘုရားသခင်၏ အတ္ထုပ္ပတ္တိ စာအုပ် (၂) အုပ်ကို မြန်မာဘာသာနှင့် ပြုစုပြီး လေသည်။ မြိတ်မြို့တွင် နေစဉ် ဘီဂန်းဒက်သည် ကျောင်းများ တည်ထောင်၍ ကိုယ်တိုင် ကြီးကြပ် စာပေသင်ကြား ပေးသည်။ မြိတ်မြို့တွင် (၆) နှစ်ခန့် ထမ်းရွက်ပြီးနောက် ပီနံမြို့မှ ဂိုဏ်းအုပ်ကြီး ဗူရှေးက ပြန်ခေါ် ခန့်ထားချက်အရ ပီနံဘုရားရှိခိုးကျောင်းကို တာဝန်ခံ အုပ်ချုပ်ကာ မလ္လာယု ကျွန်းဆွယ်တခုလုံး၏ ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်ချုပ်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။ မလ္လာယုကျွန်းဆွယ်တွင် နေထိုင်စဉ် အတွင်းလည်း သာသနာ ၀န်ထမ်းလုပ်ငန်းသာ မဟုတ် ပညာရေး လုပ်ငန်းများကိုပါ ဆောင်ရွက်သည်။ မရှိ နွမ်းပါးသော ကလေးများကို စာပေ သင်ကြားပေးခြင်း၊ မလေးဘာသာကို သင်ယူပြီး နောက် ရောမ အက္ခရာများဖြင့် တည်ထွင် ရေးသား၍ စာအုပ်များ ပြုစုခြင်း၊ သတင်းစာ မဂ္ဂဇင်းများသို့ ဆောင်းပါး ရေးသား ပေးပို့ခြင်း၊ စာအုပ်ပေါင်း များစွာကို မလေးဘာသာသို့ ပြန်ဆိုခြင်း တို့ကို ပြုလုပ်သည်။
    (၁၈၄၆) ခုနှစ်တွင် စင်္ကာပူ ဂိုဏ်းအုပ်ကြီးက တွဲဘက် ဂိုဏ်းအုပ်တစ်ပါး ပို့ပေးရန် ပုပ်ရဟန်းမင်းကြီးထံ လျောက်ထားသော အခါ၊ ဘီဂန်းဒက်အား ရဟန်းမင်းကြီးက ရွှေးချယ် ခန့်ထား လိုက်သည်။ သို့ရာတွင် ဤမျှ ကြီးကျယ်သော ရာထူးကို လက်မခံလိုကြောင်း လျှောက်ထား ငြင်းပယ်ကာ သာမန် ဘုန်းကြီးအဖြစ် (၁၀) နှစ်ခန့် ဆက်လက် နေထိုင် ထမ်းရွက်ခဲ့သည်။ (၁၈၅၆) ခုနှစ်တွင် မြန်မာနိုင်ငံ သာသနာပြုရန် ပါရီမြို့ သာသနာပြုအဖွဲ့ လက်တွင် ကျရောက်လာရာ ဘုန်းတော်ကြီး ဘီဂန်းဒက်အား မလ္လာယု ကျွန်းဆွယ်လုံးဆိုင်ရာ တွဲဘက်ဂိုဏ်းအုပ်နှင့် အင်းဝနှင့် ပဲခူးနေပြည်တော်ဆိုင်ရာ ရဟန်းမင်း ကိုယ်စားလှယ်အဖြစ် ခန့်ထားကာ မြန်မာနိုင်ငံကို သာသနာပြုရန် စေလွှတ် ခဲ့သည်။ (၁၈၅၆) ခု မတ်လ (၃၀) ရက်နေ့တွင် ရာမာသာဂိုဏ်းအုပ် ဘုန်းတော်ကြီးဟူသော ဘွဲ့ကို အပ်နှင်းခံရပြီးနောက် ထိုနှစ် ဧပြီလ (၁၄)ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ဂျီဂိုဏ်းကို ပြန်လည် စည်းရုံးရန် မော်လမြိုင်မြို့သို့ ဆိုက်ရောက် လာသည်။ မော်လမြိုင်မြို့သို့ ရောက်၍ (၂၅) ခန့် နေပြီးနောက် ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်သည် မြန်မာနိုင်ငံ အနှံ့အပြား လှည့်လည်၍ သာသနာပြုရန် ရန်ကုန်ကို ဦးစွာ သွားရောက် လေသည်။
ထို့နောက် ပုသိမ်၊ မြောင်းမြ၊ သရက်၊ အမရပူရမြို့များသို့ လှည့်လည်သည်။ အမရပူရ မြို့တော်တွင် မင်းတုန်းမင်းကြီးအား ၀င်ရောက် တွေ့ဆုံကာ သာသနာရေး ကိစ္စများကို နှီးနှောခဲ့သည်။ ဘုရင်မင်းမြတ်က ဘီဂန်းဒက်အား ဆင်သုံးစီးနှင့် လှေတစင်း သနားတော်မူရာ ယင်းသည့် လှေနှင့် ဆင်တို့ဖြင့် ဘုရင်ဂျီ ဂိုဏ်းဝင်များ နေထိုင်ရာ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာများသို့ လှည့်လည် သွားလာခဲ့သည်။ ထို့နောက် ဗန်းမော်၊ တောင်ငူ၊ ရွှေကျင်၊ စစ်တောင်း၊ ပဲခူးမြို့များသို့ ၀င်သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဘုရင်ဂျီ ဂိုဏ်းဝင် (၄၀၀၀) ကျော်ခန့် ရှိသည်။
    ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်သည် မြန်မာစကားကို ကောင်းစွာ တတ်သည့် အလျောက် ရောက်ရာ အရပ်၌ မြန်မာ ဘုန်းကြီးကျောင်းများသို့ ၀င်ကာ ဗုဒ္ဓအယူဝါဒကို လေ့လာခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်သည်။ ရပ်ရွာထဲ၌လည်း လှည့်ကာ ဗုဒ္ဓ၀ါဒီတို့၏ အယူဝါဒရေးဆိုင်ရာ စိတ်နေ သဘောထားကို လေ့လာသည်။ ယင်းသို့ လေ့လာပြီးနောက် (၁၈၅၈) ခုနှစ်တွင် ဗုဒ္ဓဂေါတမအကြောင်း စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေသည်။ အောက် မြန်မာနိုင်ငံကို (၁၈၅၂)ခုနှစ်တွင် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ဘီဂန်းဒက်၏ ဆောင်ရွက်မှုများကို အင်္ဂလိပ်အစိုးရက ကျေနပ်လှသဖြင့် ဘီဂန်းဒက်အား ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ်ရန် မြေနေရာများ ပေးသည်။ ယင်းသို့ဖြင့် ဘုရင်ဂျီ ဂိုဏ်းဆိုင်ရာ အဆောက်အအုံများ များပြားလာခဲ့သည် (၁၈၅၈)ခုနှစ်တွင် ရန်ကုန်မြို့ ဘားလမ်း ထောင့်ရှိ ဘုရားရှိခိုးကျောင်းကို တည်၍ (၁၈၅၉) ခုတွင် မော်လမြိုင်မြို့၌ စိန်ပက်ထရစ် ဘုရားရှိခိုးကျောင်း တည်သည်။ ထိုနောက် ဘီဂန်းဒက်၏ မေတ္တာရပ်ခံချက်ဖြင့် ဒီလာဆာ ဂိုဏ်းဝင် ဘုန်းကြီးများသည် (၁၈၆၀) ပြည့်နှစ် ဧပြီလတွင် မော်လမြိုင်မြို့သို့ ရောက်ရှိလာကြကာ စိန်ပက်ထရစ်ကျောင်းကို ဖွင့်လှစ်ကြသည်။(၁၈၆၀) ပြည့်နှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ကျောင်းတစ်ကျောင်း ဖွင့်လှစ်၍ နောင်အခါ စိန်ပေါလ်ကျောင်းဟု တွင်သည်။ (၁၈၉၇) ခုနှစ်တွင် မန္တလေးမြို့ စိန်ပီတာကျောင်းကို ဖွင့်လှစ်သည်။ ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်သည် အမျိုးသားများ အတွက်သာမက အမျိုးသမီးများအတွက်ပါ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ဂွတ်ရှက်ပတ် သီလရှင်ဂိုဏ်းမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားရာ (၁၈၆၇) ခုနှစ်တွင် သီလရှင်များ ရန်ကုန်မြို့သို့ ဆိုက်ရောက် လာကြသည်။ ယခု ဗိုလ်ချုပ်လမ်းရှိ ကွန့်ဗင့်ကျောင်း၊ ပြည်လမ်းရှိ စိန်ဖီလိုမီနာ ကျောင်းခွဲတို့သည် ယင်းသီလရှင် ဆရာမများ ဖွင့်လှစ်ခဲ့သော ကျောင်းကြီးများ ဖြစ်သည်။ နယ်များတွင် သီလရှင်များ ရရှိရန် ရည်ရွယ်၍ သင်ကြား လေ့ကျင့်ပေးရန် ယင်း သီလရှင်များက ကြီးမှူး၍ စိန်ဖရန် စစ်ဇေးဗီးယား မြန်မာ သီလရှင်ဂိုဏ်း တစ်ခုကို တည်ထောင်သည်။
    (၁၈၆၅) ခုနှစ်တွင် ဘီဂန်းဒက်သည် မြန်မာ ဘုရင်မင်းမြတ်ထံ အမိန့်ခံယူကာ ဗန်းမော်မြို့သို့ သွားသည်။ ယင်းမှ တဆင့် ကချင်တောင်တန်းနှင့် ယူနန်နယ်သို့သွား လမ်းများအကြောင်းကို လေ့လာ စုံစမ်းကာ တရုတ်နိုင်ငံ အနောက်ပိုင်းသို့ သာသနာပြုများ စေလွှတ်ရန် လမ်းခရီး ရှာဖွေသည်။ ကချင်ပြည်နယ်မှ ပြန်ရောက်သော အခါ ကချင်ပြည်နယ် အကြောင်း စာမျက်နှာ (၆၄) မျက်နှာခန့်ရှိ စာမူတခု ပြုစုခဲ့သည်။ (၁၈၈၇) ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက် နေထိုင်ကြသော ဘုရင်ဂျီဂိုဏ်းဝင် အိန္ဒိယ အမျိုးသားများ အတွက် စိန်အန်ထော်နီ ဘုရားကျောင်း ဆောက်လုပ်ပေးသည်။ ထိုအချိန်တွင် ဂိုဏ်းအုပ်ကြီး ဘီဂန်းဒက်၏ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၌ ဘုရင်ဂျီ ဂိုဏ်းဝင်ပေါင်း (၁၈၀၀၀) တစ်သောင်း ရှစ်ထောင်ခန့် ရှိနေလေပြီ။ (၁၈၈၉)ခုနှစ် တွင် ရန်ကုန်မြို့၌ လူအိုရုံ တစ်ခု တည်ထောင်၍ စေတနာ ၀န်ထမ်း အမျိုးသမီးနှစ်ဦးဖြင့် စီမံအုပ်ချုပ်သည်။ ထို့နောက်မှ ““လစ်တဲ စစ္စတာအောသပူးဝါး”” အမည်ရှိ သီလရှင်ဂိုဏ်းသို့ လွှဲအပ်ခဲ့ရာ ယခုတိုင် သိမ်ဖြူလမ်းတွင် လူအိုရုံ တည်ရှိနေသည်။ ယင်းသို့ သာသနာရေး၊ ပညာရေး၊ လူမှုရေးတို့ကို မနေမနား အားကြိုးမာန်တက် ထမ်းရွက်ခဲ့သော ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဘီဂန်းဒက်သည် (၁၈၉၄) ခု မတ်လ (၁၉) ရက်နေ့တွင် အသက် (၈၁)နှစ် အရွယ်၌ အဆုတ်ရောင် အဖျားရောဂါဖြင့် ပျံလွန်တော်မူသည်။
။ စွယ်စုံကျမ်းအတွဲ (ဂ) ဒုတိယနှိပ်ခြင်း၊ ၁၉၇၉၊ စာမျက်နှာ-၂၇၈-၂၈၀
။ စွယ်စုံကျမ်းအတွဲ (ဂ)၊ ဒုတိယနှိပ်ခြင်း၊ ၁၉၇၉၊ စာမျက်နှာ-၂၇၈-၂၈၀
။ စွယ်စုံကျမ်းအတွဲ (ဂ)၊ ဒုတိယနှိပ်ခြင်း၊ ၁၉၇၉၊ စာမျက်နှာ-၂၇၈-၂၈၀
။ စွယ်စုံကျမ်းအတွဲ (ဂ)။ ဒုတိယနှိပ်ခြင်း၊ ၁၉၇၉၊ စာမျက်နှာ-၂၇၈-၂၈၀
။ စွယ်စုံကျမ်းအတွဲ (ဂ)။၊၁၉၇၉၊ ဒုတိယပုံနှိပ်ခြင်း၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ စာမျက်နှာ-၂၇၈-၂၈၀
။ စွယ်စုံကျမ်းအတွဲ (ဂ)။ ၊၁၉၇၉၊ ဒုတိယပုံနှိပ်ခြင်း၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ စာမျက်နှာ-၂၇၈-၂၈၀
ဖါသာရ်ြုသဂုတ်စတင်း လေကောင်း (၁၈၃၂-၁၈၉၂)
Fr.Augustine Lecomte
(Paris Foreign Mission Society)
    ဖါသာရ် သြဂုတ်စတင်း လေကောင်းသည် ဖါသာရ် အက်ဖ်ဂူးရင်း (Fr.F.Guren) ဖါသာရ် ဒူးမိုးလတ် (Fr.P. Dumollard) တို့နှင့် အတူ (၁၈၅၆) ခု အောက်တိုဘာလ တွင် ပြင်သစ်နိုင်ငံ မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့  ......
ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၉)
Read More...
Sunday, June 16, 2013
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၇)
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၆)
ဖါသာရ် အဘိုနာ
Fr.Paul abbona (oblates) 
    သြဘလိပ် အသင်းဝင် ဘုန်းတော်ကြီးများ ဖြစ်ကြသော ဖါသာရ် အဘိုနာနှင့် ဖါသာရ်ဗင်းဆင်း ဗရူးနို တို့သည (၁၈၄၀) ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာ ခဲ့ကြသည်။ လမ်းခရီးတွင် ခက်ခက် ခဲခဲ လာခဲ့ကြရသည် အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ရောက်သောအခါ မကြာခင်က (Vicar Apostolate)
ခန့်ထားခြင်း ခံရသော ဆရာတော်ကြီး ကာရူးက (Carew) ပျူငှါစွာ ကြိုဆို လက်ခံသည်။ ဆရာတော်ကြီးနှင့် သူ၏ သာသနာပြုများသည် အင်္ဂလိပ် စကား တတ်ကျွမ်းသော်လည်း ပေါ်တူဂီ စကား မတတ်ကျွမ်းသဖြင့် မဒရပ်ရှိ ကက်သလစ် ဘာသာဝင် ပေါ်တူဂီများနှင့် ဆက်ဆံရာတွင် အခက်အခဲ ရှိသည်။ ပေါ်တူဂီ ဘုန်းကြီးများကလည်း အင်္ဂလိပ် ဘာသာ စကား မတတ်ကျွမ်း ကြပေ။ ဆရာတော်ကြီးသည် ဖါသာရ် အဘိုနာအား မဒရပ်မြို့တွင် မိမိနှင့် အတူ သာသနာပြု လုပ်ငန်း လုပ်ဆောင်ရန် နေရစ်စေပြီး၊ ဖါသာရ် ဗင်းဆင်း ဗရူးနိုးကို စရိတ်ပေးပြီး ရန်ကုန်သို့ ဆက်လက် သွားစေသည်။ ဖါသာရ် အဘိုနာသည် ပေါ်တူဂီ စကား ကျွမ်းကျင်စွာ တတ်မြောက်သဖြင့် မဒရပ်ရှိ ပေါ်တူဂီ ဘာသာဝင်များ ကြည့်ရူရာတွင် အောင်မြင်မှု ရရှိခဲ့သည်။ ဆရာတော်ကြီးက ဖါသာရ် အဘိုနာအား မဒရပ်တွင် ဆက်လက် နေခွင့်ပြုရန် ဌာနချုပ်သို့ ၄င်း၊ မြန်မာနိုင်ငံ ဆရာတော်ကြီး ကာအိုထံ ၄င်း၊ စာရေး၍ တောင်းခံသော်လည်း မရရှိသဖြင့် ဖါသာရ် အဘိုနာသည် မဒရပ်မှ ရန်ကုန်သို့ သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ (၁၈၄၀) ခု သြဂုတ်လ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ သု မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဆရာတော်ကြီး ကာအို ရောမသို့ သွားနေသည်။ မော်လမြိုင်နှင့် ရန်ကုန်တွင် ဖါသာရ် တာရိုလီ ဖါသာရ်စတောက်တို့နှင့် လ အနည်းငယ် နေထိုင်ခဲ့ပြီး အထက် မြန်မာနိုင်ငံသို့ သွားရသည်။ ဖါသာရ် အဘိုနာနှင့် ဖါသာရ် ဗာတစ်လီတို့ မြန်မာပြည် မြောက်ပိုင်း သာသနာသို့ ရောက်သောအခါ ဖါသာရ် ပိုလီညာနီက ချမ်းသာရွာ၊ မုံလှ၊ ချောင်းရိုး၊ ဖါသာရ် ဗာတစ်လီက နဘက်နှင့် ချောင်းဦး၊ ဖါသာရ် အဘိုနာက မင်းနေပြည်တော် အမရပူရကို ကြည့်ရှု့သည်။ ထိုအချိန်တွင် မြောက်ပိုင်း သာသနာ၌ ကက်သလစ် ဘာသာဝင် ဦးရေ တစ်ထောင်ခန့် ရှိသည်။
    (၁၈၄၃) ခု ဧပြီလ (၁၁) ရက်နေ့တွင် ဆရာတော်ကြီး ချေရီတီနှင့် ဖါသာရ် အန်ဒရီ အာနို၊ ဦးပဉ္စင်းကြီး ပိုဂိုလိုတီ၊ ဦးပဉ္စင်းကြီး ဂါဘူတီ၊ ကိုရင် တက်ဆီအို၊ ရပ်ဖိဂ်နန်နှင့် အိုပါတီတို့ ရန်ကုန်မှ အင်းဝသို့ ထွက်ခွာ လာခဲ့သည်။ ဧပြီလ (၁၅)ရက် စနေနေ့ကြီးတွင် ပြည်မြို့သို့ ရောက်ရှိကြသည်။ မေလတွင် ပြည်မြို့မှ ထွက်ခွာ လာကြပြီး အင်းဝ ရောက်သောအခါ ဆရာတော်ကြီး ချေရီတီနှင့် အဖွဲ့ကို အမရပူရမှ ဖါသာရ် အဘိုနာနှင့် ခရစ်ယာန်များ တို့သည် လှေငယ်ဖြင့် အင်းဝသို့ လာရောက် ကြိုဆိုကြသည်။ အမရပူရတွင် ရက်အနည်းငယ် နေထိုင်ကြပြီး (၁၈၄၃) ခု မေလ (၂၁) ရက်နေ့တွင် ဒကာတော် အန်တိုနီ ကာမေရတာ၏ လှူဒါန်းငွေဖြင့် တည်ဆောက် ထားသော စိန်ပီတာဘွဲ့ခံ အုတ်ဘုရားကျောင်းကို ဆရာတော်ကြီး ချေရီတီနှင့် ဖါသာရ် အဘိုနာ၊ ဖါသာရ် အန်ဒရီအာနို၊ ဦးပဉ္စင်း ပိုဂိုလိုတီနှင့် ဂါဘူတီ၊ ကိုရင် အိုပါတီ၊ တက်ဆီအိုနှင့် ရပ်ဖိဂနန်တို အတူပါဝင်၍ ဘုရားကျောင်း ကောင်းချီးပေး မစ္ဆားပူဇော်ပွဲ ကျင်းပသည်။ ဘုရားကျောင်း တကာ ကာမေရတာ၏ မိသားစုနှင့် အခြားဘာသာဝင်များ တက်ရောက်ကြသည်။
    ဖါသာရ် အဘိုနာ မဒရပ်မှာနေစဉ် မဒရပ်မှ ချမ်းသာကြွယ်ဝသော ကျောက်ကုန်သည် တစ်ဦးရှိသည်။ ထိုသူသည် အာမေးနီးယား လူမျိုး၊ အာဗာနီ(Avanis) ဖြစ်သည်။ ချမ်းသာ ကြွယ်ဝသော်လည်း သာမန် ဆင်းရဲသား ပုံစံမျိုးနှင့် နေထိုင်သည်။ ဘုရားတရား ကြည်ညိုသူလည်း ဖြစ်သည်။ ဆရာတော်ကြီးသည် ပေါ်တူဂီ စကား မတတ်ကျွမ်းသဖြင့် ထိုသူ၏ အိမ်သို့ ဖါသာရ် အဘိုနာကို သွားရောက် လည်ပတ်စေသည်။ ဖါသာရ် အဘိုနာသည် အိုအာမေးနီးယား အာဗာနီနှင့် ခင်မင် ရင်းနှီးသွားသည်။ ထိုသူကား ဘုရားကျေုာင်းအတွက်နှင့် အီတလီ သာသနာပြုများ အတွက် လှူဒါန်းလိုကြောင်း ပြောခဲ့သည်။ ဖါသာရ် အဘိုနာသည် မြန်မာဘုရင် မင်းတုန်းမင်းက စေလွှတ်သဖြင့် (၁၈၅၆) ခုနှစ်တွင် ရောမမြို့သို့ သွားသောအခါ မဒရပ်ရှိ ကျောက်ကုန်သည် အဘာနီနှင့် ၀င်ရောက် တွေ့ဆုံပြီး အင်္ဂလိပ် မြန်မာစစ်ပွဲအပြီး သာသနာအတွက် အကူအညီများ လိုအပ်ကြောင်း ပြောပြသည် ထိုအခါ အာမေးနီးယန်းက ရန်ကုန် ကာသီဒရယ် ဘုရားရှိခိုးကျောင်း အတွက်နှင့် သာသနာပြုများ အတွက် ငွေများ လှူဒါန်း လိုက်သည်။
    ဖါသာရ် အဘိုနာ အမရပူရမှာ နေစဉ် ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ ဖါသာရ် အဘိုနာအား ဘုရင်က မကြာခဏ ခေါ်ယူ၍ ဆေးပညာနှင့် နက္ခတ်ပညာ ဆိုင်ရာသိပ္ပံပညာ ဘာသာရပ်များကို ရှင်းလင်း ပြစေသည်။ တချို့ အချိန်များမှာ ဘုရင်၏ ရှေ့မှောက်တွင် ပုဏ္ဏားတော်များနှင့် နေကြတ် လကြတ်ခြင်းများ ဆွေးနွေးစေခဲ့ရာ ထင်ရှား ခဲ့သည်။ သာယာဝတီမင်းတွင် သမီး တစ်ယောက်ရှိသည်။ နောင်တွင် မင်းတုန်းမင်း၏ မိဖုရားဖြစ်သည်။ သာယာဝတီမင်း၏ သမီးတော်သည် နက္ခတ္တဗေဒ ဆိုင်ရာ သိပ္ပံပညာ ဘာသာရပ်ကို လေ့လာနေသူ ဖြစ်သည်။ ဘုရင်က ဖါသာရ် အဘိုနာအား သမီးတော်ကို နက္ခတ် ပညာရပ် ကူညီ သင်ကြား ပေးစေလိုသည်။ ဖါသာရ် အဘိုနာကလည်း ဘုရင်ကို ငြင်းဆန်မှု မပြုဘဲ လိမ္မာ ပါးနပ်စွာဖြင့် မြန်မာ ဘာသာတတ်ကျွမ်းသော နက္ခတ် ပညာရှင်များကို ကျွန်ုပ်တို့ သာသနာပြုများ နေထိုင်ရာ ကျောင်းသို့ စေလွှတ် လေ့လာပြီး ဘုရင်၏ သမီးတော်ကို ပြန်လည် ရှင်းလင်းပြခြင်းက ပို၍ လွယ်ကူ ရှင်းလင်းပြီး အကျိုးရှိမည်ဖြစ်ကြောင်း အကြံပြု လျောက်ထားခဲ့သည်။ ဘုရင်က ပြုံးတော်မူ၍ သင်၏ အကြံအစည် အလွန် သင့်မြတ် လှပေသည်။ ဘုန်းတော်ကြီး၏ ကျင့်စဉ်နှင့် ညီညွှတ် ပါပေသည်။ အမြော်အမြင် ရှိပါပေသည်ဟု ချီးကျူးခဲ့သည်။ ဖါသာရ် အဘိုနာသည် သတိ ၀ိရိယနှင့် အမြော်အမြင် ရှိစွာ ဘုရင်ကို ကျေနပ်အောင် လျှောက်ထားနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရင်သည် နက္ခတ်ပညာရှင်များအား ဖါသာရ် အဘိုနာကျောင်းသို့ သွားရောက် လေ့လာကြရန် အမိန့်ထုတ်သည်။ နန်းတွင်း လူငယ် တစ်ချို့ကိုလည်း ဖါသာရ် အဘိုနာထံ သွားရောက်၍ လမ်းညွှန်မှု ခံယူရန် စေလွှတ်ခဲ့သည် ထိုလူငယ် တချို့ သည် (၁၈၇၇) တွင် နိုင်ငံတော်၏ အရေးပါသော ရာထူးများ ရရှိကြသည်။  
    ဒုတိယ အင်္ဂလိပ် မြန်မာစစ် (၁၈၅၂) ခုနှစ်တွင် လက်ရှိ ဘုရင်သည် ထီးနန်းကို ကာကွယ်ထားသည်။ အမရပူရကို စစ်သား မင်းလောင်းများက လုယက် ဖျက်ဆီး မီးရှို့ကြသည်။ အမရပူရတွင် နေသော ဖါသာရ် အဘိုနာအားလည်း သတ်ပစ်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက် ခံရသည်။ နောက်တက်လာသော ဘုရင်သည် ဖါသာရ် အဘိုနာအား ယခင် အခြေအနေအတိုင်း သာသနာပြုခွင့် ပေးခဲ့သည်။ (၁၈၅၇) ခု ဦးပိုင်းတွင် ဘုရင့် ပုဏ္ဏားတော်များ၏ လျှောက်ထားချက် အရ ခရစ်ယာန်များ အားလုံး မန္တလေးသို့ ရွှေ့ပြောင်း နေထိုင်ရန် သန္ဒိဌာန် ချခဲ့သည်။
    မင်းတုန်းမင်းသား ဘုရင်အဖြစ်သို့ မရောက်မီ နောင်တော် ပုဂံမင်းကို တပ်များနှင့် တိုက်ခိုက်ကြစဉ်မှာပင် ကုလားဝန်မင်းခေါင် သီဟသူ၊ အမြောက်ဝန် မင်းလှ သီရိမင်းထင်တို့နှင့် အတူ သာသနာပြု အီတာလျံ ဘုန်းတော်ကြီး ဒိုမင်ဂိုတာရိုလီနှင့် ပေါလို အဘိုနာတို့ကို အင်္ဂလိပ် ဗိုလ်ချုပ်မင်းနှင့် ၀န်ရှင်တော် မင်းကြီးတို့ထံ မင်းတုန်းမင်းသားက စေလွှတ်၍ တပ် အချီအတက် မရှိ ရှေးအထက်ကကဲ့သို့ မဟာမိတ်ဖြစ်လိုကြောင်း နှင့် စစ်ပြေငြိမ်းရေး ဆိုစေသည်။ ယင်းအဖွဲ့သည် (၁၈၅၃) ခုနှစ် ဇန္န၀ါရီလ (၁၉)ရက် နေ့တွင် ဗြိတိသျှ စစ်စခန်းသို့ ရောက်ရှိကြလေသည်။ မင်းတုန်းမင်း ဘုရင် ဖြစ်ပြီးသောအခါ ယင်းအဖွဲ့ကို အင်္ဂလိပ်တို့ထံ ဒုတိယအကြိမ် ထပ်မံ စေလွှတ်ပြန်သည်။ (၁၈၅၃) မတ်လ (၂) ရက်နေ့တွင် ရောက်ရှိကြသည်။ ထိုအချိန်တွင် ဗြိတိသျှတို့သည် ပြည်မှ တဆင့် ချီတက်၍ မြေထဲမြို့ကို သိမ်းပိုက်ပြီး ဖြစ်နေလေပြီ။ ပုဂံမင်းနှင့် မင်းတုန်းမင်း ထီးနန်း အပြောင်းအလဲကြောင့် ဗြိတိသျှ အောက်မြန်မာနိုင်ငံ သိမ်းပိုက်ခြင်းကို ပြန်လည် ရုတ်သိမ်း လိမ့်မည်ဟု အီတာလျံ ကက်သလစ် ဘုန်းတော်ကြီး ဖါသာရ် တာရိုလီက မိုက်မဲစွာ စိတ်အား တက်ခဲ့ကြောင်းနှင့် အကယ်၍ မင်းတုန်းမင်း၏ အဆိုပြုချက်များ အောင်မြင်ပါက ကက်သလစ်ဂိုဏ်း အတွက် သာသနာပြုရန် အခွင့်အလမ်း ပိုကောင်းပြီးလျှင် ပြိုင်ဘက် အမေရိကန် နှစ်ချင်း ခရစ်ယာန် သာသနာပြုများကို မောင်းထုတ် နိုင်လိမ့်မည်ဟု အီတာလျံ ဘုန်းတော်ကြီးများက မျှော်လင့် ကြဟန်တူကြောင်း  ကက်ပတိန် ဖယ်ရာက ထင်မြင် ယူဆခဲ့သည်။
    မင်းတုန်းမင်း ထီးနန်း ရရှိပြီးနောက် ဖါသာရ် အဘိုနာအား လစဉ် ထောက်ပံ့ငွေများ ပေးခဲ့သည်။ ပထမပိုင်းတွင် ထောက်ပံ့ငွေ နည်းသော်လည်း နောက်ပိုင်းတွင် တိုးပေး ခဲ့သည်။ တခါတရံ ထောက်ပံ့ငွေ မပေးသည့် အခါလည်း ရှိသည်။ ဆရာတော်ကြီး ဘီဂန်းဒက် မန္တလေးသို့ လာရောက်သော အခါတွင်လည်း
ခရီး စရိတ် ထောက်ပံ့ခဲ့သည်။ ဆရာတော် ဘီဂန်းဒက် ကုန်းကြောင်း ခရီးသွားသောအခါ အသုံးပြုရန် ဆင်တော်များနှင့် ရေကြောင်း ခရီးအတွက် လှေတော်များ ပေးသနားခဲ့သည်။ ရန်ကုန် ဘုရားရှိခိုးကျောင်း ခေါင်းလောင်းစင် အတွက် ကျွန်းသစ်များ ချီးမြှင့်ခဲ့သည်။ မန္တလေးမြို့သို့ လာရောက်သော သာသနာပြုများ ကိုလည်း ခရီး စရိတ်များ ထောက်ပံ့လေ့ ရှိသည်။
    ဖါသာရ် အဘိုနာသည် (၁၈၅၇) ခုတွင် အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့လာသောအခါ မင်းတုန်းဘုရင်က မြေနှစ် နေရာ ပေးသနားခဲ့သည်။ ယင်းမြေ(၂) နေရာမှာ တစ်ခုနှင့် တစ်ခု လမ်းခြားလျက်ရှိသည်။ လမ်း၏ အနောက်ဖက် မြေကွက်မှာ ဘုရားကျောင်းနှင့် ဘုန်းကြီးနေကျောင်း ဆောက်ရန် ဖြစ်ပြီး လမ်း၏ ရှေ့ဘက် အကွက်မှာ ဘာသာဝင်များ နေရန် ဖြစ်သည်။ ဘုရင်က ဘုရားကျောင်းဆောက်ရန် ငွေတော်များလည်း လှူဒါန်းခဲ့သည်။   
    ဖါသာရ် အဘိုနာသည် အနောက်ဘက် အကွက်တွင် သာသနာပြုများနေရန် ကောင်းမွန် လှပ ခန့်ငြား ထည်ဝါသော အဆောက်အဦးကြီး တစ်ခု ဆောက်လုပ်သည်။ ယင်း အဆောက်အဦး၏ တစ်ပိုင်းကို ဘုရားကျောင်း မပြီးမီ ဘုရားဝတ်ပြုရန် အတွက် ဘုရားကျောင်း အဖြစ် (၁၈၆၃)ခု အထိ အသုံးပြုခဲ့သည်။ ဖါသာရ် အဘိုနာသည် အမရပူရတွင် ကျန်ရစ်သော စိန်ပီတာ ဘုရားရှိခိုးကျောင်း အစား ယင်း မြေကွက်ပေါ်မှာ အခြေခံ ခိုင်မာ တောင့်တင်းအောင် အုတ်မြစ်ချ၍ မြေပေါ်တွင် အမြင့် လေးပေ အုတ်ခုံခံလျက် စိန်ပီတာဘွဲ့ခံ သစ်သား အုတ်ကြွပ်မိုး ဘုရားကျောင်း တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ ဘေးပတ်လည်တွင် ၀ရံတာ ကာထားသည်။ ဤကျောင်းကို (၁၈၆၃) ခု ဧပြီလတွင် ဆရာတော်ကြီး ဘီဂန်းဒက်က ကောင်းကြီးပေး သာဓု ခေါ်သည်။
    စိန်ပီတာ ဘုရားကျောင်းသည် (၁၈၉၁) ခုနှစ် အထိ တည်ရှိခဲ့သည်။ ဆရာတော်ကြီး ဆိုင်မွန် လက်ထက် ကျောင်းတကာ၊ တကာမ ဦးဖိုးနှင့် မာဒလေနားတို့၏ အလှူငွေဖြင့် ရွှေနှလုံးတော် ကာသီဒရယ် ဘုရားရှိခိုးကျောင်း ဆောက်လုပ်သော အခါ ပထမဆုံး ဆောက်လုပ်ခဲ့သော စိန်ပီတာ ဘုရားရှိခိုးကျောင်းဟောင်းအား မန္တလေး ဆေးရုံကြီး အနီး တမီးလူမျိုးတို့ နေထိုင်ရာ ရပ်ကွက်သို့ ဖျက်ယူခဲ့၍ စိန်ဖရန်စစ်ဇေးဗီးယားဘွဲ့ အမည်ခံ ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ ၁၀ (မန္တလေးမြို့ပေါ်တွင် ပထမဆုံး တည်ဆောက်သည့် အထက် ဖေါ်ပြပါ စိန်ပီတာ ဘုရားကျောင်းနေရာသည် မန္တလေးမြို့၊ ၈၂လမ်း၊ ၂၄ x ၂၅ ကြား စိန်ဂျိုးဇက် ကွတ်ဗင့်ကျောင်းယ္ခု အမှတ် (၈) အမျိုးသမီး အထက်တန်းကျောင်း နေရာ ဖြစ်သည်။)
    ပီနန် ရဟန်းဖြစ်သင်ကျောင်းတွင် ပညာသင်ယူခဲ့သူ မော်လမြိုင်မြို့သား ပေါ်တူဂီ ကပြား ဂျိုအန်နက်စ်ပါကင်း (Joanes Pakins) အား (၁၈၆၉)ခု ဖေဖေါ်ဝါရီလတွင် ဆရာတော်ကြီး ဘီဂန်းဒက်မှ အဆိုပါ စိန်ပီတာ ဘုရားရှိခိုးကျောင်းတွင် ရဟန်း သိက္ခာ တင်ပေးခဲ့သည်။
    ထို မြေကွက်နေရာတွင် ဒေသခံ ဆရာမကြီး ချယ်ရူဘီနာ အုပ်ချုပ်သော မြန်မာစာ အဓိက သင်ကြားပေးသော မိန်းကလေး စာသင်ကျောင်း တစ်ကျောင်း ရှိသည်၊ ဤကျောင်းတွင် မိဖမဲ့ မိန်းကလေး အချို့ ဘော်ဒါ နေကြသည်။ ကျောင်း အဆောက်အဦး ကျဉ်းမြောင်း၍ မိန်းကလေးများ အတွက် လုံခြုံမှု မရှိ၊ အဆောက်အဦးမှာ အုတ်ကျောင်း ဖြစ်သော်လည်း အခန်း (၃)ခန်းသာ ပါသည်။ ဖါသာရ် အဘိုနာသည် ရန်ကုန်မှ ရောက်ရှိလာမည့် သီလရှင် (၃) ပါး နေရာ ထိုင်ခင်းအတွက် အဆောက်အဦးကြီးကြီး တစ်ခု ဆောက်လုပ်ခဲ့သည်။ ဤ အဆောက်အဦးသည် ကျဉ်းသည့် အတွက် သီလရှင်များနှင့် ကျောင်းသူများ ကျယ်ကျယ်ဝန်းဝန်း လုံလုံလောက်လောက် နေထိုင်နိုင်ရန် အုတ်ဖြင့် နှစ်ထပ်တိုက် အဆောက်အဦးကို ထပ်မံ ဆောက်သည်။ ယခင် အဆောက်အဦးကို ဘော်ဒါများ၊ အိပ်ခန်း၊ စားသောက်ခန်းနှင့် အခြား အသုံးပြုရန် ဖြစ်သည်။ (၁၈၆၆) တွင် စိန်ဂျိုးဇက်သီလရှင် (The order of St. Joseph of the apparition) နှစ်ပါး ရောက်ရှိလာသည်။ ယင်း သီလရှင်နှစ်ပါးမှာ စစ္စတာ ထရီဇားနှင့် စစ္စတာ ဆိုဖီတို့ ဖြစ်သည်။ သူတို့သည် စာသင်ကျောင်း စတင် ဖွင့်လှစ်ကြသည်။ မိဘမဲ့ ကလေးများကို ဥရောပ သီလရှင် နှစ်ပါးနှင့် တိုင်းရင်းသား သီလရှင် နှစ်ပါးတို့က တာဝန်ယူ ကြည့်ရူကြသည်။ သီလရှင် နှစ်ပါး ရောက်လာပြီးနောက် ဖါသာရ် အဘိုနာ၏ အကူအညီဖြင့် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင်သော စာသင်ကျောင်း ဖြစ်လာသည်။ ထိုအချိန်တွင် မန္တလေး၌ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ပေးသော စာသင်ကျောင်း မရှိသေးသဖြင့် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္နူဘာသာဝင်များ၊ အစ္စလန် ဘာသာဝင်များ၊ တရုတ်များနှင့် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ကလေးများ လာရောက် အပ်နှံ ထားကြသည်။ ကနောင်မင်းသာကြီးကလည်း ကျောင်း အဆောက်အဦး အတွက် ငွေကျပ် နှစ်ထောင် လှူဒါန်းခဲ့သည်။ (၁၈၆၆) ခုနှစ်တွင် နန်းတွင်း ပုန်ကန်မှု ဖြစ်၍ ဖါသာရ် အဘိုနာနှင့် သီလရှင် (၃)ပါးတို့သည် ရန်ကုန် ပြန်ကြသည်။ (၁၈၆၇) ဇန္န၀ါရီလ (၂၅)ရက်နေ့ကျမှ မန္တလေး ပြန်ရောက်ကြပြီး လုပ်ငန်း ဆက်လက် ဆောင်ရွက်ကြသည်။ ၁၂
    ဖါသာရ် အဘိုနာသည် မင်းတုန်းမင်းကြီး၏ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဗြိတိသျှနှင့် စာချုပ်တိုင်း ဖါသာရ် အဘိုနာထံ အကြံ တောင်းရသည်။ မြန်မာနှင့် အီတလီစာချုပ်မှာ ဖါသာရ် အဘိုနာသည် အရေးပါသူ တစ်ဦး ဖြစ်သည်။ ဖါသာရ် အဘိုနာ၏ အကူအညီဖြင့် အီတလီနိုင်ငံသို့ ဗမာ ပညာတော်သင်များ စေလွှတ် နိုင်ခဲ့သည်။ ဘုရင်၏ ခရီးစရိတ်ဖြင့် ဥရောပသို့ (၂)ကြိမ် သွားရောက်ခဲ့သည်။ န၀မမြောက် ပုပ်ရဟန်း မင်းကြီး ပီဦးထံသို့ မင်းတုန်းမင်း ပေးပို့သော သ၀ဏ်လွှာကို ဆက်သခဲ့သည်။ ဖါသာရ် အဘိုနာသည် (၁၈၇၄) ခု ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် အီတလီ၌ ပျံလွန် တော်မူသည်။ ၁၃
။ The Voice,May, 1926,PP.121-131
။ The Voice,June, 1926,PP.157-161
။ The Voice,May, 1926,PP.126-131
။ The Voice, Oct, 1926, PP. 265-269
။ Vivan Ba, April, 1963, P-20
။ အခြေပြမြန်မာနိုင်ငံရေး သမိုင်း၊ ဒုတိယတွဲ၊ ပထမပိုင်း၊ စာမျက်နှာ -၂၁၈-၂၁၉
။ Bigandet catholic Burmese Mission. P-73
။ Mandalay District Gazeeteer, P-175
။ Bigandet catholic Burmese Mission. P.66
၁၀။ Mandalay District Gazeeteer, p.175
၁၁။ The voice, April, 1926
၁၂။ (က) Bigandet catholic Burmese Mission,PP.66-67 (ခ) The voice,v 12 Dec 1916,PP.283-6
၁၃။ Vivian Ba, April, 1963, PP.20-21
ဖါသာရ်ဗာတစ်လီ
Fr. Francis Bartelli (Oblates)
    ဆရာတော်ကြီး ကာအိုသည်(၁၈၃၉) ခုတွင် သာသနာပြု ရဟန်းသစ်များ ရရှိရန် မော်လမြိုင်မှ အီတလီသို့ ထွက်ခွာခဲ့သည်။ အီတလီတွင် (၂)နှစ်ခန့် နေထိုင်ပြီး (၁၈၄၁) တွင် ဖါသာရ် ဘိုကာရို၊ ဖါသာရ် ဖရန်စစ်ဗာတစ်လီတို့နှင့် အတူ မြန်မာနိုင်ငံသို့ ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကာလကတ္တား ရောက်သောအခါ ဆရာတော်ကြီး ကာအို ခရီးဆက် မသွားပဲ အီတလီသို့ ပြန်လာရန် အသင်းချုပ်က ရေးလိုက်သော စာရရှိသဖြင့် ဆရာတော်ကြီးသည် အီတလီသို့ ပြန်ကြွ တော်မူသည်။ ဘုန်းတော်ကြီး နှစ်ပါးသည် မြန်မာနိုင်ငံသို့ ထွက်ခွါ ခဲ့ကြသည်။ ဘုန်းတော်ကြီး ဖါသာရ် ဘိုကာရိုမှာ မော်လမြိုင်တွင် ခေတ္တနေပြီး (၁၈၄၃) ခုနှစ်တွင် ဘင်္ဂလားသို့ ထွက်ခွါသွား၍ ပတ္တနာတွင် နေထိုင်ခဲ့သည်။ ဖါသာရ် ဗာတစ်လီသည် အထက် မြန်မာနိုင်ငံသို့ သွား၍ နဘက်၊ ချောင်းဦး ဘာသာဝင်များ ကြည့်ရူ ရသည်။ နောက်ပိုင်းတွင် မော်လမြိုင်သို့ ပြောင်း၍ မော်လမြိုင်နှင့် တစ်မိုင်ခန့် ဝေးသော မရန်းကုန်းရှိ ဘာသာဝင်များကို (၁၈၅၆) ခု ကွယ်လွန်သည် အထိ ကြည့်ရူခဲ့ရသည်။
    ဖါသာရ် ဗာတစ်လီသည် ပထမတွင် (Secular Priest) ဖြစ်၍ နောက်ပိုင်းတွင် သြဘလိပ် အသင်းဝင် ဖြစ်လာသည်။
    (၁၈၄၃)ခုတွင် ဆရာတော်ကြီး ချေရီတီသည် အထက် မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ရွာများသို့ လှည့်လည် ကြည့်ရူရသည်။ ပထမဦးစွာ အမရပူရမှ နဘက်ရွာသို့ လှေဖြင့် သွားရောက်ခဲ့သည်။ ဆရာတော်နှင့် ဖါသာရ် အဘိုနာ၊ ဘရာသာရ် တက်ဆီအို၊ ဘရာသာရ် အိုပါတို့ လိုက်ပါ ခဲ့ကြသည်။ နဘက်ရွာသို့ ရောက်သောအခါ ဖါသာရ် ဗာတစ်လီနှင့် ဘာသာဝင် (၁၄၀) တို့က သောင်းသောင်းဖြဖြ အိုးစည် ဗုံမောင်းဖြင့် ကြိုဆိုကြသည်။ နဘက်ရွာတွင် ရက်အနည်းငယ် နေပြီး (၁၈) မိုင်ဝေးသော ချောင်းဦးသို့ ခရီး ဆက်ခဲ့ကြသည်။ ချောင်းဦုးသို့ ဖါသာရ် ဗာတစ်လီပါ အတူ လိုက်ခဲ့သည်။ ချောင်းဦးရွာသည် ရွာငယ် (၁၀)ရွာ ပေါင်းထားသဖြင့် ဆယ်ရွာဟု ခေါ်ကြသည်။ ဤဒေသသည် အဆင့်မီသော စပါး အထွက်ကောင်းသဖြင့် စပါးရွာဟုလည်း ခေါ်ကြသည်။ အစောပိုင်း ကာလတုံးက ချောင်းဦးရွာတွင် ဘာသာဝင်များ နှစ်နေရာ ပျံ့နှံ့နေသဖြင့် ဘုရားကျောင်း နှစ်ကျောင်း ရှိခဲ့သည်။ ဘုရားရှိခိုးကျောင်း တစ်ကျောင်းသည် မြောက်ပိုင်းတွင် ရှိ၍ ကျန်တစ်ကျောင်းမှာ တောင်ပိုင်းတွင်ရှိသည်။ ယခုအခါတွင် ကညာစင်မာရီယားကို အလွန် ကြည်ညိုကြသဖြင့် မယ်တောသခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း တခမ်းတနား ကျင်းပ ခဲ့ကြသည်။ နဘက် ဘာသာဝင်များ အုပ်စု ကြောင့်လည်း ချောင်းဦး ဘာသာဝင်များ အားတက် ကြရသည်။ ပွဲတော် အခန်းအနားသို့ ဘာသာကွဲများလည်း အမြဲတမ်း လာရောက် ပါဝင်ကြသည်။ ပွဲတော် အခါသမယတွင် မိုးခေါင်သဖြင့် မိုးရေ လိုအပ်သော တောင်သူ လယ်သမား ဘာသာကွဲများသည်လည်း ခရစ်ယာန်များနှင့် အတူ စုပေါင်း၍ ဘုရားသခင်ထံ မိုးရွာပေးရန် ဆုတောင်းကြသည်။ တောင်းသည့် အတိုင်းလည်း မိုးရွာသွန်းသဖြင့် ဆုတောင်းပြည့် ကြသည်။ ဘာသာပများသည် ဘုရားသခင်၏ ဘုန်းတန်းခိုး ကြီးမားပုံကို သိကြသော်လည်း ဘာသာဝင်ခြင်း မရှိကြပေ။ ဤကဲ့သို့ များပြားလှသော ခရစ်ယာန်များကို (၁၈)ရာစု နောက်ပိုင်း ဆင်ဖြူရှင်မင်း လက်ထက်ထိ ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ဆင်ဖြူရှင် မင်းတရားသည် ပြည်သူများ အရက်သေစာ သောက်စားခြင်းကို ခွင့်ပြုထားသဖြင့် မကြာမီ ခိုက်ရန် ဖြစ်ပွားမှုများ ပုန်ကန်မှုများ မကြာခဏ ပေါ်ပေါက်လာသည်။ ခိုးသား ဓားပြ ထူပြော လာသည်။ လူဆိုး လူမိုက်များ မင်းမူ လာကြသည်။ ဤဒုက္ခမျိုးကို ခရစ်ယာန်များ ပါမက ဘာသာကွဲများလည်း ခံစား ကြရသည်။ ဤကဲ့သို့ တိုင်းပြည် မငြိမ်သက်မှု၊ ဘုန်းတော်ကြီး အရောက် အပေါက်နည်းမှု၊ ဘာသာကွဲတို့နှင့် အိမ်ထောင်ပြုမှု၊ ဘာသာကွဲတို့၏ ဓလေ့ ထုံးစံကို လိုက်နာမှုတို့ကြောင့် ချောင်းဦး မြောက်ပိုင်းရှိ ဘာသာဝင်များမှာ ဘာသာရေး ပေါ့လျော့ လာကြပြီး ဘုရားကျောင်းမှာလည်း ပျက်စီး သွားတော့သည်။ တောင်ပိုင်းရှိ ဘုရားကျောင်းမှာ ယနေ့တိုင် အထင်အရှား ရှိနေသေးသည်။ သို့သော်လည်း တောင်ပိုင်းဘုရားကျောင်းကို (၁၈၁၈)ခုနှစ်တုံးက ဘုန်းတော်ကြီးများ မြန်မာနိုင်ငံက နှင်ထုတ်ခဲ့စဉ်အခါက ဗမာများ၏ ဖျက်ဆီးခြင်း ခံရသည်။ နောက်ပိုင်း ဘုန်းကြီးများ ပြန်လည် ရောက်ရှိလာပြီး ဘုရင်၏ ဦးစားပေးခြင်း ခံရသောအခါ ရွာလူကြီး ဦးပြေသည် မိမိတို့ ဖျက်ဆီးခဲ့သော ဘုရားကျောင်းအတွက် ဘုရင်ထံ တိုင်ကြားမည်ကို ကြောက်သဖြင့် ဘုရားကျောင်း ပြန်လည် တည်ဆောက်ပေးခဲ့သည်။ (၁၈၄၂) ခုနှစ်တွင် ဖါသာရ် ဗာတစ်လီသည် နဘက်နှင့် ချောင်းဦး ဘာသာဝင်များကို ကြည့်ရူရန် ရောက်လာသည်။ ဘုန်းတော်ကြီးသည် ပျံ့နှံ့နေသော ဘာသာဝင်များကို တစည်းတလုံးတည်း အုပ်ချုပ်နိုင်ရန် ဘုရားကျောင်း ကောင်းကောင်း ဆောက်လုပ်မှ ဖြစ်မည်ဟု သဘောပေါက်သဖြင့် အလှူငွေရရှိရန် ဖါသာရ် အဘိုနာနှင့် တိုင်ပင်ခဲ့သည်။ မကြာမီ အမရပူရမှ ကုသိုလ်ရှင် သြဂတ်စတင်း လင်ဇီအေဂို (ကျောင်းအမ မယ်တီ)က ဘုရားကျောင်း ဆောက်ရန် ဖါသာရ် ဗာတစ်လီအား ငွေကျပ် တစ်ထောင် လှူလိုက်သည်။ ဖါသာရ် ဗာတစ်လီသည် တနှစ်အတွင်း လှပသော ကျောင်းကို ဆောက်လုပ်သည်။ ဘုရားကျောင်းပြီးသောအခါ ဆရာတော်ကြီး နယ်လှည့် လာရင်း ဆရာတော်ကြီး ချယ်ရီတီ ကိုယ်တိုင် ဘုရားကျောင်း ကောင်းကြီးပေး သာဓု ခေါ်သည်။
။ Bigandet  catholic Burmese Mission. P.30
။ The voice, May, 1926, PP.126-131
။ The Voice, July, 1926, PP.181-185
ဖါသာရ်အန်ဒရီနော
Fr. Ferdinand Andreino (Oblates)
    တူရင်မြို့ သြဘလိပ်ခေါ် မာရီယား အသင်းဂိုဏ်းသည် မြန်မာနိုင်ငံ အင်းဝနှင့် ပဲခူး သာသနာကို ဆက်လက် တာဝန်ယူရန် သဘောတူပြီး ဘုန်းတော်ကြီး ဖါသာရ် ချေရီတီကို စေလွှတ်ရန် ရွှေးချယ် ခန့်ထားလိုက်သည်။ ဖါသာရ် ချေရီတီသည် (၁၈၄၂) ခု ဇူလိုင်လ (၃၁)ရက်နေ့တွင် ရောမမြို့၌ ဆရာတော် သိက္ခာခံယူပြီးနောက် ဘုန်းကြီး (၅)ပါး၊ ဦးပဉ္စင်းကြီး (၂)ပါး၊ ကိုရင် (၅)ပါးနှင့် အတူ မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ကြရာ (၁၈၄၃) ခု ဇန္န၀ါရီလ (၁၆) ရက်နေ့တွင် မော်လမြိုင်မြို့သို့ ဆိုက်ရောက် ခဲ့ကြသည်။ ဆရာတော်နှင့် လိုက်ပါလာကြသော ရဟန်း ဘုန်းတော်ကြီး (၅)ပါးမှာ (၁) ဖါသာရ် ဒယ်ပရီနို (Fr. Delprino) (၂) ဖါသာရ် ဂျေဘီပါချီအိုတီ (Fr. J.B.Pacchiotti) (၃) ဖါသာရ် ဖါဒီနာမ်အန်ဒရီနော (Fr.Ferdinand Andreino) (၄) ဖါသာရ် အေဂျီအိုတို (Fr.A.Giotto) နှင့်(၅) ဖါသာရ် အမ်ဘူကာလာ (Fr.M.Buccalla)တို့ ဖြစ်ကြသည်။ ဦးပဉ္စင်းကြီး နှစ်ပါးမှာ ဘရာသာရ် ဂျေပိုဂိုလိုတီ (Bro.J.Pogoloti) နှင့် ဘရာသာရ် ဂါဘူတီ (Bro.V.Gabutti) တို့ ဖြစ်သည်။ ကိုရင် (၅)ပါးမှာ (၁) ဘရာသာရ် ဂျေအာလာဆီယား (Bro.J.Alassia) (၂) ဘရာသာရ် ဖရန်စစ်စကို (Bro.Francisco) (၃) ဘရာသာရ် တက်ဆီအို (Bro.D.Tessio) (၄)ဘရာသာရ် ဘေနေဒစ်အိုပါတီ (Bro.Benedict Operti)နှင့် (၅) ဘရာသာရ် မော်ရီစီအို (Bro.Moricio)တို့ ဖြစ်သည်။ ဖါသာရ် အန်ဒရီနောသည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အထက် မြန်မာနိုင်ငံ ဘုရင်ဂျီရွာကြီးများ ဖြစ်သည့် နဘက်၊ ချောင်းဦး၊ မုံလှရွာများသို့ လှည့်လည် ကြည့်ရူရသည်။ ဖါသာရ် ပိုလီညာနီ ပျံတော်မူပြီးနောက် ဖါသာရ် အန်ဒရီနော ချမ်းသာရွာကို အုပ်ချုပ် ရသည်။
    (၁၈၆၀) ခုနှစ်တွင် ဆရာတော်ကြီး ဘီဂန်းဒက် ချမ်းသာရွာသို့ အကြည့်အရူ ရောက်ရှိလာသည်။ ချမ်းသာရွာတွင် တောင်ပိုင်းရွာနှင့် မြောက်ပိုင်းရွာ ဟူ၍ တည်ရှိသည်။ ဘုရားကျောင်း မြောက်ဘက် သင်္ချိုင်းနှင့် မြောက်ရွာကြား ဗုဒ္ဓဘာသာပိုင်း ကျယ်ပြန့်သော လယ်ကွင်းကြီး ရှိသည်။ ယင်း လယ်ကွင်း ရရှိရေးအတွက် လယ်ပိုင်ရှင်နှင့် ညှိနှိုင်းရာ ကျပ်သုံးရာဖြင့် ရောင်းရန် သဘောတူခဲ့သည်။ ယင်း ငွေသုံးရာကို ဆရာတော်က တ၀က် ဘာသာဝင်များက တ၀က် စိုက်၍ တောင်ရွာနှင့် မြောက်ရွာ ပေါင်းစပ်ခဲ့သည်။ ကက်သလစ် သင်္ချိုင်းနှင့် ဘုရားကျောင်း အနောက်ဘက်တွင် ရွာနီးချုပ်စပ်မှ မြန်မာ ဗုဒ္ဓဘာသာများ သေသူများကို မီးရှို့ သင်္ဂြိုလ်သည့် သင်္ချိုင်းကို ဖါသာရ် အန်ဒရီနောက အခြားနေရာသို့ ပြောင်းရွှေ့ရန် ဆောင်ရွက် နိုင်ခဲ့သည်။ ဖါသာရ် အန်ဒရီနော သည်(၁၈၈၂)ခု ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ချမ်းသာရွာ၌ ပျံတော်မူသည်။
။ Bigandet catholic Burmese Mission, PP.33-35
။ Bigandet catholic Burmese Mission. PP. 33-35
ဆက်ရန်...
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၈)
Read More...
Friday, June 14, 2013
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၆)
 ဖါသာရ်ဂျိုးဇက်မောင်ကြီး
(Fr.Joseph Maung Gyi)(Secular)
    ဖါသာရ် ဂျိုးဇက် မောင်ကြီးသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ချမ်းသာရွာတွင် မွေးဖွားခဲ့သည်။ ရဟန်း ဘုန်းကြီးဖြစ်လိုသဖြင့် မုံလှတွင်၎င်း၊ နဘက်တွငိ၎င်း ဖွင့်လှစ်ခဲ့သော ရဟန်းဖြစ် သင်ကျောင်းများမှတဆင့် ရန်ကုန် စံဂျဲရ်မာနိုကော်လိပ်သို့ တက်ရောက် သင်ကြားခဲ့သည်။ ဖါသာရ် စံဂျဲရ်မာနိုသည် သဒ္ဒါကျမ်း စာစီစာကုံးပညာ၊ သင်္ချာ ဘာသာ၊ ရေကြောင်း အတတ်နှင့် ဘာသာရေးဆိုင်ရာ သီအိုလိုဂျီနှင့် ဖီလိုဆိုဖီပညာရပ်များ သင်ကြား ပို့ချပေးခဲ့သည်။ (၁၇၉၃)ခုနှစ်တွင် ဆရာတော်ကြီး မန်တေးဂါးဇား လက်တော်မှ ရဟန်း သိက္ခာခံသည်။ ဖါသာရ် ဂျိုးဇက်မောင်ကြီးသည် မုံလှရွာတွင် သာသနာ အမှုတော်ကို ထမ်းဆောင်နေစဉ် (၁၈၁၀)ခုနှစ် တွင် မုံလှရွာ၌ ပျံလွန် တော်မူသည်။
။  (က) ကက်သလစ်ရာဇ၀င်၊ စာ-၃၃၃ (ခ) VivianBa, Feb, 1963, P.21 (ဂ) Fernandez, catholic churchin Burma, PP.10-11
ဖါသာရ်တာရိုလီ
Fr.Dominico Tarolli (Secular)
    (၁၈၃၁) ခုနှစ်တွင် အီတလီမှ ဘုန်းတော်ကြီး ဖါသာရ် ဒေါ်မီနီကိုတာရိုလီနှင့် ဂျိနိုဝါမှ စိန်သြဂတ်စတင်း အသင်းဝင် ဖါသာရ် အန်တိုနီ ရစ်ကားတို့သည် ဆရာတော်ကြီး ကာအိုနှင့် အတူ ရန်ကုန်သို့ ရောက်ရှိခဲ့ကြသည်။ ဆရာတော်ကြီးမှာ ရန်ကုန်တွင် နေရစ်ပြီး ဘုန်းတော်ကြီး နှစ်ပါးကို အင်းဝသို့ စေလွှတ်ခဲ့၏ ဘုန်းတော်ကြီး နှစ်ပါးသည် ခရစ်ယာန် အနည်းငယ်နှင့် မုံလှတွင် ရှိသော ဖါသာရ် ဒါမာတိုကို သွားရောက် တွေ့ဆုံသည်။ ထို့နောက် ဖါသာရ် တာရိုလီက ချမ်းသာရွာသို့ သွား၍ ဘာသာဝင်များကို ကြည့်ရှူသည်။ ဖါသာရ် ရစ်ကားမှာ အင်းဝ၊ နဘက်၊ ချောင်းဦး ဘာသာဝင်များကို ကြည့်ရူသည်။
    ဖါသာရ် ဒေါ်မီနီကို တာရိုလီသည် ချမ်းသာရွာတွင် စိန်လောရင်း အမည်ရှိ လှပသော သစ်သားဘုရား ကျောင်းတစ်ဆောင်နှင့် ဘုန်းကြီးနေ ကျောင်းတစ်ဆောင် လုပ်ခဲ့သည်။ ဘုန်းကြီးနေ ကျောင်းအတွက် ဘာသာဝင်များက ကျပ်တစ်ထောင်ထက် မနည်း လှူဒါန်းကြသည်။ အဆိုပါ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း တို့သည်(၁၈၄၂) ခုနှစ် အစောပိုင်းတွင် မီးလောင် ပျက်စီးခဲ့ရသည်။ ဖါသာရ် တာရိုလီသည် ဆရာတော်ကြီး ကာအို၏ လက်ထောက်အဖြစ် ပဲခူးကို ပြောင်းရွှေ့ ရသည်။(၁၈၃၃) ခုနှစ်တွင် ပုသိမ်၌ ပျံတော်မူသည်။
။ Vivian Ba, March, 1963, P.20
။ Ferdianand Andreino, Historical Record of the chief events connected with the Mission of  AVA  or nothern Burma. For the year 1830 to 1877, The voice, 1926.
။ The Voice, May, 1926, PP.126-131
ဖါသာရ်ရစ်ကား
Fr. Antonio Ricca (Augustinian)
    ဘုန်းတော်ကြီး တာရိုလီနှင့် စိန်သြဂုတ်စတင်းဝင် ဘုန်းတော်ကြီး အန်တိုနီ ရစ်ကားတို့သည် ဆရာတော်ကြီး ကာအိုနှင့် အတူ (၁၈၃၁) တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ သူတို့ နှစ်ပါးကို အင်းဝသို့ ပို့လိုက်သည်။ သူတို့ နှစ်ပါးသည် မုံလှုသို့ သွားခဲ့ကြသည်။ ထိုနောက် ဖါသာရ် ရစ်ကားမှာ အင်းဝသို့ သွားပြီး အင်းဝ၊ နဘက်၊ ချောင်းဦး၊ ဘာသာဝင်များကို ကြည့်ရူ ခဲ့သည်။ ဖါသာရ် ရစ်ကားသည် နဘက်တွင် (၂) နှစ် နေပြီး မကျန်းမာသဖြင့် အီတလီသို့ ပြန်ကြွသည်။
။ Vivan Ba ,March,1963,P.20
။ The voice, May,1926,PP.126-131
ဖါသာရ်ပိုလီညာနီ
Fr. Nicolaus Polignani (Augustinian)
    စိန်သြဂုတ်စတင်း အသင်းဝင် ဖါသာရ် နီကောလပ်စ် ပိုလီညာနီသည် (၁၈၃၂) ခုတွင် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ရှေးဦးစွာ ဖါသာရ် ပိုလီညာနီအား တရုတ်ပြည် ပီကင်းမြို့သို့ ရဟန်းမင်းကြီး၏ ကိုယ်စာလှယ် အဖြစ် အုပ်ချုပ်ရန် သာသနာပျံ့ပွါးရေး အသင်းက စေလွှတ်ခဲ့သည်။ ဖါသာရ် ပိုလီညာနီသည် ဥရောပ သာသနာပြုများ တရုတ် ဘုန်းတော်ကြီးနှစ်ပါးနှင့် အတူ မကာအိုသို့ ရောက်ရှိခဲ့သည်။ တရုတ်ပြည်မှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
    (၁၈၃၂) ခုနှစ်မှာပင် ဖါသာရ် ပိုလီညာနီ ချမ်းသာရွာသို့ ရောက်ရှိလာပြီး ဘာသာဝင်များကို အုပ်ချုပ်သည် ဖါသာရ် အာဘိုနာနှင့် ဖါသာရ် ဗာတစ်လီတို့ မြန်မာပြည် မြောက်ပိုင်း သာသနာကို ရောက်ရှိလာကြသော အခါ ဖါသာရ် ပိုလီညာနီက ချမ်းသာရွာ၊ မုံလှ နှင့် ချောင်းရိုး ဘာသာဝင်များကို ကြည့်ရူ ရသည်။ ဖါသာရ် ဗာတစ်လီ နဘက်နှင့် ချောင်းဦး ဘာသာဝင်များကို ကြည့်ရူရ၍ ဖါသာရ် အဘိုနာက မင်းနေပြည်တော် အမရပူရ ဘာသာဝင်များကို ကြည့်ရူရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း သာသနာ၌ ဘာသာဝင် ဦးရေတစ်ထောင်ခန့် ရှိသည်။
    ချမ်းသာရွာ၌ ဖါသာရ် တာရိုလီသည် တည်ဆောက်ခဲ့သော စိန်လောရင်း ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးကျောင်းမှာ (၁၈၄၂)ခုနှစ် ဦးပိုင်းတွင် မီးလောင် ပျက်စီးခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားချိန်တွင် ဖါသာရ် ပိုလီညာနီမှာ မုံလှရွာသို့ သွားရောက်၍ ဘုရားကျောင်း ဆောက်လုပ်နေသဖြင့် ချမ်းသာရွာတွင် မရှိခဲ့ပေ။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ ဘုန်းတော်ကြီးအား ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသော ကလေး တစ်ယောက်သည် မီးအိမ်ထဲ ဆီထည့်ရာမှ ဆီပုံး မီးစွဲပြီး စတင် လောင်ကျွမ်းခဲ့သည်။ မီးလောင်ချိန် လေပင့်တိုက် ခတ်မှုကြောင့် တကျောင်းလုံး တမုဟုတ်ခြင်း၊ ကူးစက် လောင်ကျွမ်းခဲ့သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များပါ ချက်ချင်း ငြိမ်းသတ်ကြသော်လည်း တန်ဘိုး မရှိသော ပစ္စည်းတချို့နှင့် အမြင့် တတောင်ခန့်ရှိ ရွှေချထားသော မယ်တော် သခင်မ သစ်သားဆင်းတုတို့သာ မီးဘေးမှ လွတ်မြောက် ခဲ့ရသည်။ ရှေးလူကြီးများ ပြောဆိုချက်များအရ အဆိုပါ ဆင်းတုမှာ ကျွန်းတောရွာမှ ဘာသာဝင်များ တကွဲတပြား ထွက်ပြေးပြီးနောက် ယူဆောင်လာခဲ့သော ဆင်းတု ဖြစ်သည်။ အဆိုပါ ဆင်းတုမှာ မြန်မာလူမျိုးတစ်ဦး၏ အသင့်အတင့် လက်ရာမြောက်စွာ ထုလုပ်ထားသော ဆင်းတု ဖြစ်ဟန်တူသည်။ မယ်တော်၏ လက်ဝဲ လက်မောင်းတွင် သူငယ်တော် ယေဇူးအား ပွေ့ပိုက်လျက် ရှိပြီး၊ လက်ျာ လက်ဘက်တွင် တစုံတရာ ကိုင်ထားသကဲ့သို့ တဘက် ပိတ်ထားထားသည်။ St.Mary of Rose ဘွဲ့နာမခံ (Oriental Ligaria) ၌ စိန်မာဂရက်အား အပ်နှံ ပူဇော်ထားသော တန်ခိုးကြီးသော ဆင်းတု၏ ပုံသဏ္ဍာန်အတိုင်း လက်ျာဘက်တွင် နှင်းဆီပွင့်ကို ကိုင်ထားဟန် ရှိသည်။ ဖါသာရ် ပိုလီညာနီ ပြောလေ့ရှိသည်မှာ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လှပသော ဘုရားကျောင်းလေးနှင့် အတူ ပရိဘောဂ ပစ္စည်းများ ပျက်စီးခဲ့ရသည်။ သို့သော် သာသနာအတွက် သာ၍ ကြီးမားသော အစားပြန် မရနိုင်သည့် ဆုံးရှုံးမှု တစ်ရပ်မှာ ရှေးဟောင်း သာသနာပြု ပုဂ္ဂိုလ်ကြီးများ ထားရှိခဲ့သော အရေးကြီးသည့် လက်ရေး စာမူ စာရွက်စာတမ်းများ မှတ်ရာများ မီးလောင်သွားခြင်းပင် ဖြစ်သည်။ သာသနာနယ် တခွင်တွင် ဖါသာရ် ပိုလီညာနီ တစ်ပါးသာ ချမ်းသာရွာ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည် ကတကြောင်း၊ ချမ်းသာရွာအနေဖြင့် စိတ်အချရဆုံး နေရာဒေသဟု ယူဆရသည်က တကြောင်း အဆိုပါ စာရွက် စာတန်းများ မှတ်တန်းများကို ချမ်းသာရွာ၌ ထိန်းသိမ်း ထားခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ (Register)စာအုပ်များနှင့် အတူ အခြား ရွာတော်ရွာများမှ ဘာသာဝင်များ၏ ဆေးကြောခြင်း မှတ်တမ်းများလည်း မီးလောင် ပျက်စီးသွားသည်။ မီးလောင်ကျွမ်းသည့် အချိန်တွင် ဆရာတော်ကြီး ချေတီရီ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့်အချိန် ဖြစ်သဖြင့် ချမ်းသာရွာ၌ ယာယီ ဘုရားကျောင်း ပြန်ဆောက်ရန် ဆရာတော်မှ ငွေကျပ် လေးးရာ ချက်ချင်း ပို့လိုက်သည်။ ဖါသာရ် ပိုလီညာနီမှာလည်း အမရပူရမှ ကုသိုလ်ရှင် တချို့ ရခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ စုစုပေါင်း အလှူငွေ တစ်ထောင်ကျပ်နှင့် သစ်သား ဘုရားကျောင်း ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ထိုသို့ ဆောက်လုပ်ရာ၌ ဘုရင့် နန်းတော်မှ ဆေးဆရာ သမားတော်ကြီး ဆရာမှုန် ဆိုသူက ငွေကျပ်သုံးရာ ထပ်မံ လှူဒါန်းပြီးး ၀တ်ပြု ကိုးကွယ်ချိန် ဘုရားကျောင်း အတွင်း နေရာ မရသူများအတွက် မတ်တတ် ရပ်နိုင်စေရန် ဆင်ဝင်ကြီး တခု တည်ဆောက်ခဲ့သည်။
ချမ်းသာရွာ ဘုရားကျောင်း ကျောက်စာ (၁၈၄၃)
    ခရစ် သက္ကရာဇ် (၁၈၄၃)ခု ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် လေးစားအပ်သော ယောဟန် ချေရီတီ၏ ကိုယ်စားလှယ်တော်ကြီးသည် ပထမကျောင်းကို ကောင်းချီး ပေးခဲ့သည်။ ထိုအချိန်တွင် ဤသာသနာနယ်၌ ရှိသော (၁) ဘုန်းတော်ကြီး ဒေါင်ဒေါ်မနှစ်ကူး (၂) သံသြဂတ် စတင်း အသင်းဝင် ဘုန်းတော်ကြီး နီကောလာ ပိုလီညာနီ(၃) ဘယ်နယ်ဒီတင် အသင်း ဘုန်းတော်ကြီး ဒေါင်အီညာဆီအူး (၄) ကညာမာရီယား အသင်းဝင် ဘုန်းတော်ကြီး ဒေါင်ပေါလူး အာဖတ် (၅)ဘုန်းတော်ကြီး ဂါယေတာ နုစ်ဘောက်တို့ ကောင်းကြီးပေး အခန်းအနားတွင် ပါဝင်ကြသည်။ မစ္စက်လင်ဇီရိမှ လိုအပ်သည်များ လှူဒါန်းခဲ့သည်။
    (၁၈၄၃) ခု အောက်တိုဘာလတွင် ဆရာတော်ကြီး ချေရီတီသည် ဘုန်းတော်ကြီး ဖါသာရ် အဘုနာ၊ ဘရာသာရ် တက်ဆီအို၊ ဘရာသာရ် အိုပါတီတို့နှင့် အတူ၊ အထက်အညာ ဘုရင်ဂျီ ရွာကြီးများရှိ ဘာသာဝင်များအား ကြည့်ရူရန် နယ်လှည့် ခရီး ထွက်ခဲ့သည်။ ရှေးဦးစွာ နဘက် ချောင်းဦးမှ တဆင့် ရေဦးသို့ ရောက်ခဲ့သည်။ ထိုအချိန်က ရေဦးမြို့သည် ခရိုင်မြို့ ဖြစ်သည်။ ဆရာတော်ကြီး ချေရီတီ ရေဦးသို့ ရောက်ရှိကြောင်း ချမ်းသာရွာက ဖါသာရ် ပိုလီညာနီ သတင်း ရရှိသည်။ ထိုအချိန်တွင် မိုးများရွာသွန်းနေသဖြင့် သွားရေး လာရေး ခက်ခဲသည်။ သို့သော်လည်း ဖါသာရ် ပိုလီညာနီနှင့် ဘာသာဝင်များက မြင်းများဖြင့် ရေဦးသို့ သွား၍ ဆရာတော်ကြီးအား ကြိုဆို ကြသည်။ ချမ်းသာရွာ အရောက်တွင် ခေါင်းလောင်းများ ထိုး၍ ၄င်း၊ မြန်မာ့ရိုးရာ အိုးစည် ဗုံမောင်း အက အခုန်များဖြင့် ၄င်း၊ ဘာသာဝင် ငါးရာခန့်က ကြိုဆို ဂါရ၀ပြု ကြသည်။ ဆရာတော်ကြီး ချမ်းသာရွာတွင် ရက်အနည်းငယ် နေထိုင်ပြီး နောက် ဖါသာရ် အဘိုနာတို့နှင့် အတူ ဘာသာဝင် (၁၂၅)ဦး ခန့်သော ချောင်းရိုးရွာသို့ သွားရောက် ခဲ့ကြသည်။ ထို့နောက် မုံလှ ဘာသာဝင်များကို သွားရောက် ကြည့်ရူ ကြသည်။ မုံလှ မှ ရှိန်းမကားသို့ လှည်းဖြင့် (၃) ရက် ခရီး သွားခဲ့ရသည်။ ရှိန်းမကားမှ လှေစီး၍ အမရပူရ ပြန်လည် ရောက်ရှိခဲ့ကြသည်။
    ဖါသာရ် ပိုလီညာနီသည် ချမ်းသာရွာ ဘာသာဝင်များကို အုပ်ချုပ်ရသည့် အပြင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဂိုဏ်းထောက်အဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။(၁၈၅၉) ခုတွင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဆင့်ခေါ်ချက်အရ မန္တလေးသို့ သွားရ ပြန်သည်။ အပြန်တွင် နဘက်ရွာမှ ဖြတ်၍ ပြန်သည်။ နဘက်ရွာတွင် ကာလ၀မ်းရောဂါ ဖြစ်သော အမျိုးသမီးတစ်ဦးကို နောက်ဆုံး စက္ကရမင်တူးများ ပေးပြီးနောက် နံနက် စောစောတွင် ချောင်းဦးသို့ ထွက်ခွာခဲ့သည်။ လမ်းတွင် မမျှော်လင့်ဘဲ ဘေးထိုး ရင်ကျပ်ဖြစ်ပြီး သတိလစ် သွားခဲ့သည်။ ချောင်းဦး ရောက်ခါနီးတွင် ပျံတော်မူသည်။ ပျံတော်မူသည့်နေ့မှာ (၁၈၅၉) ခု ဒီဇင်ဘာလ (၃)ရက်နေ့ ဖြစ်သည်။ ချောင်းဦးတွင် သင်္ဂြိုလ်သည်။
။ The Voice, May,1926,PP.126-131
။ The Voice, August,1926,PP.220-224
။ (က) The Voice, July, 1926, PP.181-185  (ခ) The Voice, August, 1926, PP.220-224
။ The Voice,Sept,1926,PP.247-250
ဖါသာရ် ဂျိုးဇက် အင်ရီချီ (၁၇၉၁-၁၈၄၁)
Fr. Joseph Enrici (Oblates)
    ဖါသာရ် ဂျိုးဇက် အင်ရီချီသည် (၁၈၃၉) ခုတွင် သြဘလိပ်အသင်းမှ ပထမဆုံး မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဘုန်းတော်ကြီး ဖြစ်သည်။ နဘက်နှင့် မုံလှတွင် (၂)နှစ် အမှုထမ်းပြီး မုံလှတွင် (၁၈၄၁)ခု သက်တော် (၅၀)တွင် ပျံတော်မူသည်။
။ (က) Vivian  Ba, April,1963,P.19
    ( ခ ) The Voice,May,1926,PP.126-131
ဆက်ရန်..
Read More...