Sunday, May 5, 2013
ချစ်ခြင်းဖြင့် ထူးခြားလာသော အရာများ
တစ်ချိန်တုန်းက ရုရှားနိုင်ငံဆေးရုံတစ်ခုမှာ လူနာတွေကို ကြည့်ရှု စောင့်ရှောက်ဖို့ မာသာရ် ထရေဇားနဲ့ သူမရဲ့ သီလရှင်တစ်ချို့ကို ဖိတ်ခေါ်ခြင်း ခံရပါတယ်။ အဲဒီ အချိန်တုန်းက ရုရှားနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံ အနေဖြင့်ပဲ ရှိနေပါသေးတယ်။ မာသာရ် ထရေဇားနဲ့ အဖွဲ့ဟာ  အဲ့ဒီ ဆေးရုံကို ရောက်ရောက်ခြင်း သူတို့ ဆုတောင်းမေတ္တာ ပြုဖို့ အခန်းတစ်ခန်းကို အရင်ဆုံး ရှာပါတယ်။ တစ်နေ့ ဆုတောင်း အပြီး အလုပ်စ၀င်မယ့်နေ့မှာ သတိထားမိတာက ဆရာဝန်တွေရဲ့ မျက်နှာတွေဟာ မာကျောပြီး အမြဲတမ်း ဆူငေါက် နေတတ်တယ်။ လူနာတွေ ဟာလည်း မျက်နှာညှိုးငယ်ပြီး အမြဲတမ်း စိတ်ဓါတ် ကျနေကြပါတယ်။ ဆေးရုံကလည်း အလွန် အင်မတန် ညစ်ပတ် ပေရေနေတော့ နံရံနဲ့ ကြမ်းပြင်ကို စတင် သန့်ရှင်းရေး လုပ်ပါတော့တယ်။ ပြီးတဲ့အခါ လူနာတွေကို ရေချိုးပေး၊ အစားအစာ ကျွေးမွေးပြီး လိုအပ်တာတွေ  ကူညီ လုပ်ကိုင် ပေးပါတယ်။ ဒီ သီလရှင်တွေဟာ ဘာပဲ လုပ်လုပ်၊ ဘယ်လောက်ပဲ ညစ်ပတ် ပေရေ စုတ်ပြတ်တဲ့ အလုပ်ပဲဖြစ်ဖြစ် ပြုံးပြုံး ရွှင်ရွှင်နဲ့ လုပ်ကိုင်တာကို တွေ့ရပါတယ်။ 
    မကြာခင်မှာပဲ ဆေးရုံးဟာ သန့်ရှင်း သပ်ရပ်ပြီး ပတ်ဝန်းကျင်ဟာလည်း သန့်ရှင်း တောက်ပ လာပါတယ်။ ဆရာဝန်တွေဟာလည်း အရင်နဲ့မတူ အပြုံးလေးတွေနဲ့ ဖြစ်ပြီး လူနာတွေကလည်း ပျော်ရွှင် လန်းဆန်း နေကြပါတယ်။  တစ်နေ့ ဆေးရုံကို ဒါရိုက်တာ လာရောက် ကြည့်ရှုတဲ့ အခါမှာ ဆေးရုံ အဆောက်အအုံဟာလည်း သန့်ရှင်း ပြောင်လက်ပြီး အခြေအနေတွေက အရင်နဲ့ မတူတာကို တွေ့မြင် ရပါတယ်။ ဒါကြောင့် ဆေးရုံများ မှားရောက်လာတာလားလို့ ဆိုပြီး မေးရတဲ့ အခြေအနေတောင် ဖြစ်သွား ခဲ့ရပါတယ်။ 
သာမန် သေးငယ်တဲ့ နေ့စဉ် လုပ်နေကျ အရာတွေပဲ ချစ်ခြင်း မေတ္တာတရားနဲ့ လုပ်ကိုင် ဆောင်ရွက်တဲ့ အခါမှာ အံ့သြစရာ ကောင်းတဲ့ ရလဒ်ကို ရရှိပါတယ်။ မာသာရ် ထရေဇားက ဒီလို ပြောဘူးပါတယ်။ “ကျွန်မတို့သည် ချစ်ခြင်း မေတ္တာ၌ တိုးတက် ကြီးထွားဖို့ ဆက်လက် ချစ်ရမယ်။ ခရစ်တော် ချစ်ခဲ့သလို စွန့်လွှတ် နာကျင်တဲ့ အထိ၊ မိမိကိုယ်မိမိ နစ်နာတဲ့ အထိ ပေးကမ်းရမယ်။ We must go on loving and giving until it hurts the way Jesus did. သာမာန် လုပ်နေကျ အရာတွေကို ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတရားနဲ့ လုပ်ဆောင်ပါ။ သူတစ်ပါးက မလိုလားတဲ့ သူ၊ သူတစ်ပါးက ရွံရှာတဲ့ သူ၊ အထီးကျန် ဆန်နေတဲ့သူ၊ အိမ်ခြေမဲ့တဲ့ သူ၊ ဖျားနာနေတဲ့ သူတွေကို ဂရုစိုက်ခြင်းဆိုတဲ့ လုပ်ငန်းတွေ မျိုးပေါ့။ သင့်ဖက်က တစ်ခုခု ပေးဆပ်ရမယ့် အရာကို သင် ပေးကမ်းရမယ်။ ဆိုလိုတာက သင်ပေးဆပ်ရမယ့် အရာမပါဘဲ သင် မနေချင်ဘူး။ သင် ပေးဆပ်လိုက်ရမယ့် အရာမပါဘဲ သင် မနေတတ်ဘူး၊ သင် တကယ် ကြိုက်နှစ်သက်၊ မြတ်နိုးတဲ့ အရာကို ပေးဆပ်ခြင်း ဖြစ်တယ်။ သာမန် မရှိလည်း ဖြစ်တဲ့အရာမျိုး၊ မရှိလည်း နေနိုင်တဲ့ အရာမျိုး၊ မိမိအတွက် ဘာမှ အကြောင်းထူး မသွားတဲ့ အရာမျိုးကို ပေးကမ်းခြင်း၊ လုပ်ပေးခြင်းဆိုတာ မဟုတ်ပါဘူး။ တစ်ခုခုကို ကိုယ်က အမှန်တကယ် ပေးဆပ် စွန့်လွှတ်ပြီး သူတစ်ပါးကို ပေးလိုက်ရ၊ ချစ်လိုက်ရမှ ဘုရားသခင် ရှေ့မှာ တန်ဖိုး ကြီးမားပါတယ်။ ပေးဆပ် ပူဇော်မှုဆိုတာ ဖြစ်ပေါ်လာရတယ်လို့ ” ဆိုဖူးပါတယ်။
    သင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ သင့်ရဲ့ ရက်ရောမှုကို တိုင်းတာတဲ့ နေရာမှာ သင် ဘယ်လောက် ပေးသလဲ ဆိုတာနဲ့ တိုင်းတာလို့ မရပါဘူး။ သင့်ဖက်က ဘယ်လောက် စွန့်လွှတ် လိုက်ရသလဲ၊ သင့်ဖက်က ဘယ်လောက် နစ်နာ သွားသလဲ၊ သင့်ဆီမှာ ဘယ်လောက် ကျန်သလဲ ဆိုတာနဲ့ တိုင်းတာရမယ်လို့ ဆိုပါတယ်။
    အခြေခံအားဖြင့် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဟာ The element of sacrifice လို့ခေါ်တဲ့ စွန့်လွှတ် ပေးဆပ်ခြင်း ဆိုတဲ့ အခြေခံ အချက်ပါ ပါတယ်။ အဲ့ဒီ စွန့်လွှတ် ပေးဆပ်မှုဟာ ချစ်ခြင်း မေတ္တာရဲ့ ထွန်းပြောင် တောက်ပတဲ့ သရဖူ ဖြစ်လာပါတယ်။ အထွဋ်အထိပ် ဖြစ်လာပါတယ်။ တစ်ကယ်တမ်း ကျွန်တော်တို့ ချစ်မယ်ဆိုရင် ဒုက္ခ အခက်အခဲတွေ ခံထမ်းဖို့၊ အဆင်မပြေ တာတွေကို ရင်ဆိုင်ဖို့၊ ရဲစွမ်း သတ္တိတွေ ရှိရပါမယ်။ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာရဲ့ လျာထားချက်ကတော့ တစ်ကိုယ်ကောင်းဆန်စွာ မိမိကိုယ်မိမိ အလိုလိုက်မှု၊ ပိုင်ဆိုင် ထားလိုမှုတွေအား ဖယ်ရှားခြင်း အားဖြင့် သူတစ်ပါး ကောင်းစားဖို့၊ အဆင်ပြေဖို့တွေက မိမိရဲ့ လုပ်ငန်း၊ မိမိနဲ့ သက်ဆိုင်တဲ့အရာ ဖြစ်လာခြင်းပါပဲ။ သူတစ်ပါးရဲ့ ကောင်းစား ပျော်ရွှင်ရေးဟာ မိမိရဲ့ အရေး၊ မိမိရဲ့ လုပ်ငန်း ဖြစ်လာတာကို ဆိုလိုပါတယ်။ ဒီ အချက်တွေဟာ ၀ိရောဓိ ဆန့်ကျင်ဖက်လို ဖြစ်နေပေမယ့် မှန်ကန် ပြည့်ဝလျက်ရှိပါတယ်။ ကျွန်တော်တို့ဟာ သူတစ်ပါးအတွက် စွန့်လွတ် အနစ်နာခံပြီး ကူညီ ပေးဆပ်တဲ့ အခါမှာ တစ်နည်းပြောရရင် မိမိကိုယ် မိမိ ဗလာကျင်း ပစ်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ပြည့်ဝတဲ့ ပျော်ရွှင် ချမ်းမြေ့မှုကို တွေ့ရှိလာရပါတယ်။ ချစ်ခြင်း မေတ္တာနဲ့ ပေးကမ်းမှုဟာ ရယူခြင်းထက် မင်္ဂလာ ရှိပါတယ်။ ပေးကမ်းခြင်းမှာ ကျွန်တော်တို့ ရရှိပါတယ်။
    ဘုရားသခင်ရဲ့ စွန့်လွှတ် ပူဇော်တဲ့ အချစ်ဘုရား အနေနဲ့ ဒီထက် ပိုပြီး ချစ်ကြောင်း မပြနိုင်တဲ့ အချက်အကြောင်းကိုတော့ ရှင်ယောဟန် ၃း၁၈ မှာ “ထာဝရ ဘုရားသည် လောကသားတို့ကို လွန်စွာ ချစ်တော်မူသဖြင့် လူအပေါင်းတို့သည် ပျက်စီး ဆုံးပါးခြင်း မရှိဘဲ ထာဝရ အသက်ကို ရစေခြင်းငှာ မိမိ၏ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူ၏။” လို့ ဖော်ပြ ထားပါတယ်။
    ရှင်ယောဟန် ၁၃း၁ မှာ ကိုယ်တော်သည် လောကသားတို့ကို အလွန်ပင် ချစ်တော်မူ၏။ အသေမခံခင် တပည့်တော်ကြီးတွေရဲ့ ခြေထောက်ကို ဆေးတဲ့ အခါမှာ ပြောခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ တစ်ဦး တစ်ယောက်စီကို ချစ်တာဟာ ကြီးမားတယ်။ ဘောင်ခတ် မထားဘူး။ အခြေအနေတွေထည့် မထားဘူး၊ ဒါကြောင့် God is love “ဘုရားသခင်သည် ချစ်ခြင်း မေတ္တာ ဖြစ်၏” လို့  ပ-ယောဟန် ၄း ၁၆ မှာ အတိအလင်း ပြောထားခဲ့ပါတယ်။   
ခမည်းတော်သည် ခရစ်တော်ကို ချစ်သကဲ့သို့ ခရစ်တော်ကလည်း ကျွန်တော်တို့ကို ချစ်ပါတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ ပညတ်ကို ကျွန်တော်တို့ မလိုက် လျှောက်ရင် ခရစ်တော် ခံစားရတဲ့ အကြွင်းမဲ့ ၀မ်းမြောက်ခြင်းမျိုးကို ကျွန်တော်တို့ ခံစား နိုင်မှာ မဟုတ်ပါဘူး။ ခရစ်တော်ရဲ့ ပညတ်က ဘာလဲ???
    “ငါ့ပညတ်မှာ ငါသည် သင်တို့ကို ချစ်သည့် နည်းတူ သင်တို့သည် အချင်းချင်း ချစ်ကြလော့” ဟူ၍တည်း။  “မိမိ၏ မိတ်ဆွေအတွက် အသက်ကို စွန့်သော သူ၏ မေတ္တာထက် ကြီးမြတ်သည့် မေတ္တာ မရှိတော့ပြီ”လို့ ရှင်ယောဟန် ၁၅း၁၃ မှာ မိန့်ကြား ထားပါတယ်။
    ရှင်ယောဟန် ၁၅း ၉-၁၇ ကို သေချာ လေ့လာ ကြည့်မယ်ဆိုရင် ခရစ်တော်ရဲ့ စကားတွေဟာ ချစ်ခြင်း မေတ္တာတရားနဲ့ ပတ်သက်ပြီး စိတ်အား ထက်သန်စွာ တောင်းခံမှုဟာ အထွဋ်အထိပ် ရောက်နေတာ တွေ့ရပါတယ်။  ဒီကျမ်းပိုဒ်က ခရစ်တော်ရဲ့ စကားတွေဟာ ခရစ်တော် အသေခံခါနီး ပြောတဲ့ စကားတွေဖြစ်လို့ ဒီ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ တရားတော်ဟာ ကျွန်တော်တို့ အတွက် ခရစ်တော်ရဲ့ နောက်ဆုံး အမွေအနှစ် ဖြစ်ပါတယ်။ သူပေးခဲ့တဲ့ အမွေအနှစ် စကား အတိုင်းပဲ ကားတိုင်ပေါ်မှာ သူ အသေခံ သွားခဲ့ပါတယ်။ ကက်သလစ် ခရစ်ယာန် အသင်းတော်ထဲမှာ ဆိုရင်တော့ ကိုယ်တော်မြတ် စက္ကရမင်တူး ဆိုတာဟာ ခရစ်တော်ရဲ့ စွန့်လွှတ် ပူဇော်တဲ့ ချစ်ခြင်းမေတ္တာ သက်သေဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးက ဒီ အမွေအနှစ် အတိုင်း လိုက်လျှောက်ဖို့ ပါပဲ။ တစ်နည်း ပြောမယ်ဆိုရင်တော့ တစ်ကိုယ်ကောင်း ကင်းမဲ့စွာနဲ့ အနစ်နာခံကာ ချစ်ကြဖို့ကို ဆိုလိုပါတယ်။
    ကိုယ်ကျိုးစွန့် အနစ်နာခံကာ တစ်ကိုယ်ကောင်း စိတ်ကင်းမဲ့စွာနဲ့ သူတစ်ပါးကို ချစ်ရမယ်။ ကူညီ ရမယ်၊ လုပ်တဲ့ အရာတိုင်းရဲ့ နောက်ကွယ်မှာ သာမန်အရာ ဖြစ်ပေမယ့် ကြီးမားတဲ့ မေတ္တာ ရှိရမယ်လို့ ပြောဆိုတဲ့ အခါမှာ မဂ္ဂဇင်းတစ်အုပ်ထဲက ဆောင်းပါး တစ်ခုကို စဉ်းစားမိလိုက်လို့ မချိပြုံးနဲ့ ပြုံးရယ်မိပါတယ်။
    အဲ့ဒီ ဆောင်းပါးကတော့ ဒီလိုပါ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်တုန်းက ယေဇူး ဆိုတဲ့ ပုဂ္ဂိုလ်ကို သူ့ရဲ့ တရားတော်တွေထဲမှာ အရေးအကြီးဆုံး တရားတော်က ဘာလဲလို့ သူတို့က မေးကြတယ်။ ဒါနဲ့ ယေဇူးက “ ငါသင်တို့ကို ချစ်သည့် နည်းတူ သင်တို့ အချင်းချင်း ချစ်ကြလော့”လို့ ပြန်ဖြေ ခဲ့တယ်။ အဲဒီ အရေးအကြီးဆုံး တရားတော်ကနေ တဖြည်းဖြည်း ဖြစ်ပေါ် တိုးတက် လာတာကတော့ ဂိုဏ်းကွဲပေါင်း နှစ်သောင်း နှစ်ထောင်ကျော် ဖြစ်ပေါ်လာပြီး တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ကလည်း မုန်းတီး ရန်စောင် နေကြတယ် ဆိုပါလား၊ ချစ်ခြင်း မေတ္တာဆိုတဲ့ ဘုရားကို ကိုးကွယ် ကြတဲ့သူတွေ၊ တစ်ဦးနဲ့ တစ်ဦး တစ်ကယ် ချစ်ကြတာပါလား” လို့ ဖေါ်ပြထားပါတယ်။
    ဒီကနေတစ်ဆင့် ဆက်ကြည့်လိုက်တဲ့ အခါ မှာတော့ ကျန်တဲ့ ကမ္ဘာ့ဘာသာကြီးများ ဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူ ဘာသာ အားလုံးတို့ဟာ လူလူချင်း စာနာ ထောက်ထား၊ မေတ္တာတရား ထားပြီး ရိုင်းပင်း ကူညီကြဖို့၊ မုန်းတီးမှု မရှိကြဖို့၊ လူ မသတ်ကြဖို့ ဆိုတဲ့ အချက်တွေဟာ အဓိက ပါပဲ။ ဒီကနေ့ ကမ္ဘာ့ ဘာသာကြီး ၄ခုကို ကိုးကွယ် နေကြသူတွေ အဆင်ပြေ ကြရဲ့လား။ မိမိတို့ရဲ့ ဘာသာတရားကို လေးစား ပါတယ်၊ တန်ဖိုး ထားပါတယ်လို့ ပြောနေ၊ ဟောနေပေမယ့် ဘာသာဝင် အချင်းချင်း အဆင်မပြေ၊ ရန်စောင်နေတာတွေ များသလို၊ ဘာသာတစ်ခုနဲ့ တစ်ခု၊ တစ်ဂိုဏ်းနဲ့ တစ် ဂိုဏ်းကလည်း အထိမခံ ရွှေပုဂံ၊ သည်းခံ၊ စိတ်ရှည်မှု မရှိ၊ ထစ်ခနဲ ဆိုရင် ချချင်၊ ပြောချင်၊ တိုက်ချင် နေကြတာက လောကရဲ့ ရုပ်အဆိုးဆုံး အကွက် တစ်ကွက်ပါပဲ။ နားမလည်လို့၊ မပြည့်စုံလို့၊ မသိလို့၊ ၀င်လာဆဲမို့လို့ စကား အမှားအယွင်းလေး ပါသွားရင်တောင် အကြောင်းရင်း မရှာ၊ မ မေးမြန်း၊ ငါ့ဘာသာကို စော်ကားတာလားကွ ဆိုပြီး စိန်ခေါ် ချင်ကြတာ၊ ရိုက်ပွဲတွေ ဖြစ်ကြတာဟာ ချစ်ခြင်း မေတ္တာကို လက်ကိုင်ထားဖို့ သင်ကြားပေးနေတဲ့ ဘုရားကို ကိုးကွယ် ဆည်းကပ်ကြသူတွေလား ပဟေဠိ ပုစ္ဆာ တွေပါပဲ။
    အစွန်ဆုံး ပြောရရင်တော့ မိမိဘာသာကို စော်ကားရင်တောင်မှ အကြမ်းနည်း မသုံးဘဲ၊ လူဆန်ဆန် ယဉ်ကျေး သိမ်မွေ့စွာ ဖြေရှင်း သင့်ပါတယ်။ ခရစ်တော်က ဘယ်ဖက်ပါးကို ရိုက်ရင်၊ ညာဖက်ပါးကို လှည့်ပေးအုံးတဲ့။ မိမိရဲ့ ရန်သူကို ချစ်ပါ။ သင်တို့ကို နှိပ်စက်၊ ညှင်းဆဲသော သူတို့အတွက် မေတ္တာ ပို့ကြလော့။ အချင်းချင်း သူ ချစ်သလို ချစ်ပါတဲ့။ သူ သေခါနီး သူ့ကိုကား တိုင်တင်တဲ့ သူတွေကို“သူတို့၏ အပြစ်များကို ခွင့်လွှတ် တော်မူပါ” ဆိုပြီး ခွင့်လွှတ် သွားခဲ့ပါတယ်။
    ဂေါတမ ဗုဒ္ဓကလည်း “မိခင်သည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးကို အသက်စွန့်၍ပင် စောင့်ရှောက်သကဲ့သို့ ငါတို့သည် သတ္တ၀ါ အားလုံး၏ အပေါ်၌ အပိုင်း အခြားမရှိသည့် မေတ္တာတရားကို ထားသင့်လေသည်။ ဒေါသ မထား၊ ရန်ညှိုး မထားဘဲ၊ မေတ္တာဘာဝနာ တရားကို ပွားများ အားထုတ်သင့် လေသည်”လို့ သုတ္တနိပါတ ဆိုတဲ့ မေတ္တာသုတ်မှာ ဆိုထားပါတယ်။
    ဒီတော့ ကျွန်တော်တို့က လူသား အချင်းချင်း မေတ္တာထားခြင်း၊ ကူညီ ရှိုင်းပင်းခြင်း၊ စိတ်ရှည်၊ သည်းခံခြင်း စသည်ဖြင့် အပြန် အလှန်ရှိကြမှသာ မိမိရဲ့ ဘာသာကို လေးစားတယ်။ မိမိ ဘာသာတရားမှာ ခံယူချက် ရှိတယ်။ မိမိရဲ့ ဘာသာတရားကို လက်တွေ့ လိုက်ကျင့်တယ် ဆိုတာ မည်ပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ တစ်ဦးစီကို မေးကြည့်ပါ။ လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ၊ ဘယ်သူ့ကို ဦးစား ပေးမလဲ၊ ဘယ်သူ အရေးအကြီး ဆုံးလဲလို့ မေးရင် အများစုက မိမိ ကိုးကွယ်တဲ့ ဘုရားလို့ပဲ ဖြေကြမှာပဲ။ ဒါပေမယ့် အမှန် တကယ်ချစ်တယ်။ မိမိ ဘုရားကို တကယ် ဦးစားပေးတယ်ဆိုတဲ့ အချက်ကို ပတ်ဝန်းကျင်က လူအားဖြင့် ပြလို့ ရပါတယ်။ ဒီ သဘောတရားနဲ့ ပတ်သက်ပြီး ရှင်ယောဟန်က “ဘုရားသခင်ကို ချစ်ပါသည်ဟု ဆိုလျက် မိမိနှင့် နီးစပ်သူကို မုန်းသော သူသည် လူလိမ်ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် မိမိ မျက်စိဖြင့် မြင်ရသူကို ညီအစ်ကိုလို မချစ်နိုင်သော သူသည် မျက်စိဖြင့် မမြင်ရသည့် ထာဝရဘုရားကို ချစ်နိုင်မည် မဟုတ်သောကြောင့်တည်း။ ဘုရားကို ချစ်သော သူသည် နီးစပ်သောသူကိုလည်း ချစ်ရမည်” လို့ ရှင်ယောဟန် သြ၀ါဒစာ ပထမစာစောင် ၄း ၂၀၊ ၂၁ မှာ အတိ အလင်း ပြောထားပါတယ်။
    ၂၁ ရာစုထဲကို ၀င်နေကြတဲ့ ကျွန်တော်တို့၊ အတွေးအခေါ် ယဉ်ကျေးမှု မြင့်မားနေပြီဆိုတဲ့ ကျွန်တော်တို့၊ ဘာသာရေး၊ သာသနာရေး ခံယူချက်ရှိတယ် ဆိုတဲ့ ကျွန်တော်တို့၊ ဒီနေ့ ဘုရားပေးတဲ့ ချစ်ခြင်းမေတ္တာ ပညတ် အမွေအနှစ်ကို လိုက်ကျင့်ဖို့ ဘယ်လို လုပ်ကြမလဲ။ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ဒူးပွန်း၊ ခါးနာအောင် လက်အုပ်ချီ ရှိခိုးနေရုံနဲ့ မပြီး သေးပါဘူး။ ကလေး လူငယ်၊ လူရွယ်က စပြီးတစ်ဦးကို တစ်ဦး နားလည်အောင်၊ ဘာသာတစ်ခုနဲ့ တစ်ခုမတူတာကို သိရှိအောင် ကွဲပြား နေတာတွေကို လက်ခံ တတ်အောင်၊ တူညီတာတွေကို အတူတကွ လုပ်ဆောင်ရအောင် ကျောင်းသား အရွယ်၊ ငယ်ငယ်က စပြီး ဘာသာပေါင်းစုံ အကြောင်း သင်ကြား၊ သိတတ်စေဖို့ လမ်းညွှန် ရပါလိမ့်မယ်။ ဦးဆောင် ရပါလိမ့်မယ်။ ဆိုလိုတာက ကျွန်တော်တို့ အားလုံးဟာ လက်လှမ်းမီသမျှ အခြားသူများရဲ့ ဘာသာတရား၊ ဘုရားတရား အကြောင်း လေ့လာဖို့ ပါပဲ။
    သူတစ်ပါးရဲ့ ဘာသာတရား အကြောင်းလေ့လာဖို့ လို့ပြောတဲ့အခါမှာ မိမိ ကိုးကွယ် ခံယူနေတဲ့ ဘာသာ တရားအကြောင်းကတော့ သိထား ပြီးသား ဖြစ်တယ်လို့ ယူဆလို့ပါပဲ။ ဒီလို လေ့လာကြတဲ့ အခါမှာ တစ်ဦးကိုတစ်ဦး နားလည်လာပြီး ဘာသာတရားတိုင်းက သင်ကြားတဲ့ အဓိက အချက်လို့ ပြောတဲ့ လူလူချင်း မေတ္တာ စေတနာထားခြင်းဟာ လက်တွေ့မှာ ပိုမို အကောင်အထည် ပေါ်လာပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာ တရားကို လိုက်ကျင့်လာနိုင်တဲ့ အခါမှာ တစ်လုံး တစ်ဝတည်း ဖြစ်လာပြီး၊ စည်းလုံး၊ ငြိမ်းချမ်းတဲ့၊ သာယာ ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းကို တည်ဆောက် လာနိုင်ပါလိမ့်မယ်။
    မျက်မမြင် ပုဏ္ဏား (၆)ယောက်လို မိမိ ကိုင်တွယ် စမ်းသပ်မိတာကိုပဲ ဆင်ဆိုတာ ကြိုး ဖြစ်တယ်၊ နံရံကြီး ဖြစ်တယ်၊ လှံ ဖြစ်တယ်၊ ယပ်တောင် ဖြစ်တယ် လို့ အမြင်ကျဉ်းစွာ ပြောမနေတော့ဘဲ အားလုံးကို ရှုထောင့် မျိုးစုံ၊ နေရာ မျိုးစုံကနေ လေ့လာ ကိုင်တွယ် စမ်းသပ်ကြည့်မယ်ဆိုရင် အမှန်တရားနဲ့ ပိုမို နီးကပ်စွာ တွေ့ရ ပါလိမ့်မယ်။ ရှုထောင့် စုံလင်စွာကနေကြည့်ပြီး နိဂုံး ချုပ်လာပါလိမ့်မယ်။
    ရှင်ယောဟန် ၁၅း ၉၊ ၁ မှာ “အဖ ခမည်းတော် ဘုရားသည် ငါ့ကို ချစ်သကဲ့သို့ သင်တို့ကို ငါချစ်၏။ သင်တို့ကို ငါချစ်သည့် နည်းတူ၊ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့” လို့ ဆိုထားပါတယ်။ ဒီနေရာမှာ အဆင့် သုံးဆင့်ကို တွေ့ရပါတယ်။ အဆင့် တစ်ခု ကနေတစ်ခုကို ဆင်းသွားပါတယ်။ ပထမ အဆင့်က ခမည်းတော်ဘုရားကနေ သားတော် ခရစ်တော်ဘုရား ဆီ၊ ဒုတိယအဆင့်က ခရစ်တော်ကနေ ကျွန်တော်တို့ဆီ၊ တတိယအဆင့်ကတော့ ကျွန်တော်တို့ဆီမှ ကျွန်တော်တို့နဲ့ နီးစပ်သူ လူသား အချင်းချင်းဆီကို ဆက်သွယ် သွားတာ တွေ့ရပါတယ်။ နောက်ဆုံး ရှင်မာတေဦး ၂၅း ၄၀ က “သင်တို့ အချင်းချင်း ပြုစုသမျှသည် ငါ့ကိုလည်း ပြုစု၏။ ငါ့ကို ပြုလုပ်ခြင်းပင် ဖြစ်၏” ဆိုတဲ့ သဘောတရား အတိုင်း ကျွန်တော်တို့ အချင်းချင်းကနေ ဘုရားဆီကို ပြန်လည် ရောက်ရှိ သွားပါတယ်။ လူသား အချင်းချင်း ချစ်ဖို့ ချစ်ခြင်း မေတ္တာဖြစ်တဲ့ ဘုရားဆီမှာ ခွန်အား ယူမှ၊ ဆုတောင်းမှ၊ သူ၌ တည်နေမှ ကျွန်တော်တို့လည်း သူတပါးကို မေတ္တာ ကောင်းမွန်စွာ ပြနိုင်မှာ ဖြစ်ပါတယ်။ “ငါ၏ နာမကို အမှီပြု၍ သင်တို့ တောင်းလျှောက်သမျှကို ခမည်းတော် ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍ အချင်းချင်း ချစ်လော့ဟု သင်တို့ အား ငါပညတ်၏”လို့ ကတိထားတဲ့ အတိုင်း ဘုရားသခင်ထံ လိုအပ်တဲ့ ခွန်အားနဲ့ နည်းလမ်း ကျေးဇူး တောင်းရင် ကျွန်တော်တို့ကို ပေးမှာ သေချာပါတယ်။
    ဒီနေ့ ကျွန်တော်တို့ နေ့စဉ်လုပ်ဆောင်နေတဲ့ အလုပ်အကိုင်တွေမှာ ကြီးမားတဲ့ ချစ်ခြင်း မေတ္တာနဲ့ လုပ်ကိုင် ကြပါစို့။ အချင်းချင်း ချစ်ခင်ခြင်းအားဖြင့် မိမိ တို့ရဲ့ ဘုရားသခင်ကို ချစ်ကြောင်း၊ မိမိ ဘာသာတရား၌ ခံယူချက်ရှိကြောင်း ပြကြပါစို့။
“ငါတို့၏ မေတ္တာသည် နှုတ်ဖျား၌သာ တည်သော မေတ္တာ မဖြစ်သင့်။ လက်တွေ့ အားဖြင့် ဖော်ပြသော မေတ္တာစစ် မေတ္တာမှန် ဖြစ်ရမည်။”
 Ref: Markings on the Desert
Living the word
His Word resound
The Word of God
Is one religion on good as another?
Word alive
ဗုဒ္ဓစကား (ပါရဂူ)