Monday, May 27, 2013

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၁)

မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ

ဖိတ်ခေါ်အပ်ပါသည် မိတ်ဆွေ ...

"မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ" စာအုပ်ကို ဆရာအောင်ညွှန့် မှ ရေးသား ပြီး အသင်းတော်အတွင်း စာအုပ် ထုတ်ဝေခဲ့သည်မှာ နှစ် အတော်ကြာ ခဲ့ပါသည်။ ထို့ကြောင့်လည်း ယခုလို မန္တလေးသာသနာ အင်တာနက် ၀က်ဆိုဒ်ပေါ်တင်ရန် နှင့် Ebook တခုလုပ်ရန် ဖြစ်လာသော အခါ ဆရာ့အား သွားရောက် ပြီး soft copy တောင်းဆိုကြည့်ရာ သူ့တွင်လည်း soft copy မရှိတော့ကြောင်း၊ ပုံနှိပ်တိုက်တွင် စုံစမ်းပေးခဲ့ရာ သူတို့တွင်လည်း မရှိတော့ ကြောင်း သိခဲ့ရပါသည်။ အလွန်ပင် နှမျှော်မိခဲ့ရပါသည်။

 ဒီလို အဖိုးတန် စာမူ soft copy ပျောက်သွားတော့ တနည်းဘဲ ရှိတော့ ပါသည်။ စာအုပ်မှ ပြန်ရိုက်ရန်ပင်ဖြစ်သည်။ စာမျက်နှာပေါင်း ၂၀၀ ကျော်ရှိသော စာအုပ်ကို ပြန်ရိုက်ရန် တော်ပင် အချိန်ယူရပေမည်။ တဖြည်းဖြည်းချင်း ရိုက်သွားလျှင် ပြီးနိုင်ပါသည်။ ယခု စာအုပ်မှ ပြန်လည် ရိုက်ပြီးသား စာများကို အပိုင်းလိုက် ဖြည်းဖြည်းခြင်း အတက်နိုင်ဆုံး တင်ပေးသွားမည်ဖြစ်ပါသည်။

ယခုစာအုပ်ကဲ့သို့ အလွန်တန်ဖိုးရှိသော ဖာသာကိုလေး ရေးသားသည့် "အင်းဝရောက် ခြေရာများ" စာအုပ်လည်း soft copy မတွေ့တော့ပါ။ အတက်နိုင်ဆုံး ကြိုးစားပေးပါမည်။ စာဖတ်သူများသို့လည်း အကူအညီ တခုအနေဖြင့် တောင်းခံအပ်ပါသည်။ မိမိတို့ နိုင်သလောက် "အင်းဝရောက် ခြေရာများ" စာအုပ်ကို စာစီရိုက်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် mandalay.archdiocese@gmail.com နှင့် administrator@mandalayarchdiocese.org စသည့် အီးမေးလ်များဖြင့် ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။





မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ 
ဆရာအောင်ညွှန့် (မန္တလေး)

အပိုင်း(၁)

အမှာစာ

    ““မန္တလေး ကက်သလိခ် သာသနာ အစ ဘုရင်ဂျီရွာကြီးများက”” ဆိုလျှင် မမှားနိုင်ပါ။ ဤစာအုပ် မျက်နှာဖုံး တွင်““ဘုရင်ဂျီ ရွာကြီးများ”” ဟုခေါင်းစဉ် တပ်ထားသော်လည်း တကယ် စင်စစ် မန္တလေး ကက်သလိခ် သာသနာ တစ်ခုလုံး၏ သမိုင်းမှတ်တမ်း တစ်စောင်သာ ဖြစ်သည်။ ““အတိတ်၏ အကျိုးကား ပစ္စပ္ပန်တည်း”” ဟူသော စကားအရ အတိတ်မှ အတွေ့အကြုံ တို့သည် ပစ္စပ္ပန် အတွက်အထောက်အပံ့ အကျိုးပြု ဖြစ်လာ သကဲ့သို့ ပစ္စပ္ပန်၏ အတွေ့အကြုံ တို့သည်လည်း အနာဂတ်အတွက် အထောက်အပံ့ ဖြစ်ရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ အတိတ်မှဖြစ်ပျက်ပြောင်းလဲ ခဲ့ကြသော ဖြစ်ရပ် မှန်များကို အကောင်းဘက်မှ ရှုမြင်လျှင် အကောင်းပိုင်းများ ရှိသကဲ့သို့ အဆိုးပိုင်းမှ ရှုမြင်လျှင်လည်း အဆိုးပိုင်း များတွေ့ရပေမည်။ အကောင်းနှင့် အဆိုး အကျိုးနှင့် အပြစ်တို့သည် ဒွန်တွဲလျက် ရှိပေသည်။ အဆိုးထဲမှ အကောင်းကို ရှာဖွေ ထုတ်ယူတတ်ခြင်း၊ အတွေ့အကြုံများ ထဲမှ အသဥာဏ်ရယူတတ်ခြင်းတို့သည် လူတို့၏လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အသိပညာမှ အတတ်ပညာ ပေါ်ထွန်းလာသလို ထပ်ဆင့်အတွေ့အကြုံများမှလည်း ထပ်ဆင့် အတတ်ပညာမျာ ရရှိကြမည်ဖြစ်သည်။ရရှိပြီးသောအသိဥာဏ် အတွေ့အကြုံများကို အခြေခံ၍ ရှေ့အဘို့ တိုးတက်ဖွံ့ဖြိုးလာစေရန် တွေးခေါ်မြော်မြင်စူးစမ်း ရှာဖွေ ကြံဆကြရမည်ဖြစ်သည်။

    ပစ္စပ္ပန်အခြေအနေကို ကောင်းစွာ နားလည်နိုင်ရန် အတိတ်အကြောင်းကို လေ့လာကြရမည်။ အတိတ်အကြောင်းကို လေ့လာနိုင်ရန် အတိတ်မှဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ထားသော မှတ်တမ်း မှတ်ရာများ ရှိဘို့လိုသည်။ယင်းမှတ်တမ်းမှတ်ရာများ စုစည်း တင်ပြထားသော စာအုပ်စာပေများကို သမိုင်းဟုခေါ်သည်။အထူးသဖြင့် ကျွန်ုပ်တို့ မန္တလေး ကက်သလစ် သာသနာပြုလုပ်ငန်းနှင့် ပတ်သက်၍ မျက်မှောက်ခေတ် လူများအတွက်သော်၎င်း၊နှောင်းခေတ် လူများအတွက်သော်၎င်း၊ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ရှိသော သမိုင်းမှတ်တမ်းများရှိဘို့ လိုအပ်ပေသည်။ယင်းမှတ်တမ်းများကို အခြေခံမှသာ ရှေ့လုပ်ငန်းစဉ်အတွက် အစဉ်ချောမွေ့ မည်ဖြစ်သည်။

    ယခုမန္တလေးကက်သလိခ်သာသနာ အကြောင်းကို““ဘုရင်ဂျီရွာကြီးများ”” ဟူသောခေါင်းစဉ်ဖြင့်ဖေါ်ပြ ထားရာတွင် (၁၇)ရာစု အစောပိုင်း ကက်သလိခ်ခရစ်ယာန်သာသနာ အထက်မြန်မာနိုင်ငံ အညာဒေသသို့ ရောက်ရှိလာချိန်မှ (၂၁)ရာစုအစောပိုင်းကာလအထိ ရှေးဦးပိုင်း နိုင်ငံခြားသာသနာပြု ဘုန်းတော်ကြီးများ အစဉ်အဆက်လက်သလိခ်ဘာသာဝင်များကို ကြည့်ရှု ထိန်းသိမ်းအုပ်ချုပ်ခဲ့ကြပုံ နှောင်းပိုင်းတွင် တိုင်းရင်းသား ဘုန်းတော်ကြီးများ ဆက်လက်တာဝန်ယူ အုပ်ချုပ်ထိန်းသိမ်း ခဲ့ကြပုံများ ကို လက်လှမ်းမှီသ၍ ရှာဖွေတင်ပြထားသည်ကို တွေ့ရပေသည်။ ဤစာအုပ်သည် ကျမ်းအကိုးအကား အထောက်အထားများနှင့် ကိုးကားရေးသားထားသည့်အတွက် ခိုင်မာခြေမြစ်ရှိသော စာအုပ်တစ်အုပ် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ သာသနာအတွက် သမိုင်းမှတ်တမ်းမှတ်ရာများ လိုအပ်နေချိန်တွင် အခု လို သမိုင်းမှတ်တမ်း တစ်စောင် ရှာဖွေရေးသားပြုစုပေးသူကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ ဤ စာအုပ်ကို ကျွန်ုပ်အနေနှင့် မန္တလေးကက်သလိခ်သာသနာ၏ သမိုင်းမှတ်တမ်း တစ်စောင်အဖြစ် ထားစေလိုပါသည်။

 အေဦးသန်းအောင်
အငြိမ်းစားဂိုဏ်းချုပ်ဆရာတော်
 မန္တလေးသာသနာ၊မန္တလေးမြှို။
 (၂၀၀၄-ခုဧပြီလ ၂၅ ရက်)

ဥယျောဇဉ်
   
    မန္တလေး ကက်သလစ်သာသနာ အငြိမ်းစားဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်သည် မန္တလေးသာသနာ၏ မှတ်တမ်းတခုအဖြစ် ကျန်ရစ်စေရန်အတွက် ဘုရင်ဂျီရွာကြီးများ စာအုပ်ကိုထုတ် ဝေလိုသော ဆန္ဒပြင်းပြသည့်အလျောက် ယ္ခုဤစာအုပ်ကိုထုတ်ဝေနိုင်သဖြင့် ကျွန်ုပ်အနေဖြင့် ဆရာ တော်ကြီးနှင့်ထပ်တူထပ်မျှဝမ်းမြောက်ပါသည်။
   
    ဤစာအုပ်တွင် အထက်မြန်မာနိုင်ငံ အညာဒေသရှိ ဘုရင်ဂျီ ရွာကြီးများသို့ ကက်သလစ် ခရစ်ယာန် သာသနာ မျိုးစေ့များ ကျခဲ့ပြီးနောက် ဤခရစ်ယာန်မျိုးစေ့များ ရှင်သန် တိုးပွား တည်တန့်စေရန် သက်စွန့် ကြိုးပမ်း လာရောက်၍ သာသနာပြုခဲ့ကြသော နိုင်ငံခြားသာသနာပြု ရဟန်းဘုန်းတော်ကြီးများ ၄င်းနောက်သာသနာပြုလုပ်ငန်းကို လက်ဆင့်ကမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ကြသော  နိုင်ငံသား ဘုန်းတော်ကြီးများနှင့်ယနေ့မျက်မှောက်ခေတ်ကာလတွင် သာသနာတော် အဓွန့်ရှည်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပန်းနေကြသော ရဟန်းတော်များအကြောင်းကို လက်လှမ်းမီသ၍ ရှာဖွေတင်ပြထားသော သမိုင်းမှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်ပါသည်။
   
    နောင်မန္တလေးကက်သလစ်သာသနာကို ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အနာဂါတ် ရဟန်းတော်များ အတွက်လည်း ဤစာအုပ်သည် အထောက်အကူပြု စာအုပ် တစ်အုပ်ဖြစ်ပါလိမ့်မည်။ ဤ စာအုပ်ဖြစ်မြောက်အောင်ပြုစုရေးသားပေးသော ဆရာဦးအောင်ညွှန့်ကို အထူးကျေးဇူးတင်ပါသည်။

 ပေါလ်ဇိန်ထုန်းဂရောင်
 ဂိုဏ်းချုပ်ဆရာတော်
မန္တလေးကက်သလစ်သာသနာ
 မန္တလေးမြို့။


ဘုရင်ဂျီရွာကြီးများ
နိဒါန်း။   ။   ။

    ဘုရင်ဂျီဟူသော ဝေါဟာရမှာ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်များကို ခေါ်ဝေါ်သော အသုံးအနှုံး ဝေါဟာရတစ်ခု ဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ အမည် မဟုတ်ပါ။ မွတ်စလင်နှင့် ခရစ်ယာန်တို့ ဖြစ်ပွားသော ခရုးဆိတ် စစ်ပွဲအချိန်က မွတ်စလင် ဘာသာဝင်များက ခရစ်ယာန် ဘာသာဝင်များကို ဖရင်ကီဟု ခေါ်ဝေါ် ခဲ့ကြသည်။ ယင်းဖရင်ကီမှ ဘုရင်ဂျီ အမည်သို့ပြောင်းလာသည်ဟု ယူဆရသည်။ အနောက်အာရှသားများကလည်း ခရစ်ယာန်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြရာမ ဤဝေါဟာရအာရှ အလယ်ပိုင်းနှင့် အိန္ဒိယသို့ ပျံ့နှံ့လာခဲ့သည်။ အာဖကန်နစ္စတန်တွင်လည်း တိုင်းရင်းသားများက အင်္ဂလိပ်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည့် ပေါ်တူဂီများကိုလည်း ဘုရင်ဂျီဟု ခေါ်ခဲ့ကြသည်။ ပေါ်တူဂီနွယ် ကက်သလစ် ခရစ်ယာန်များကိုလည်း ယနေ့တိုင် ဘုရင်ဂျီဟု ခေါ်လျက်ရှိကြသည်။ ယင်း ဘုရင်ဂျီများ နေထိုင်ရာ ရွာများကိုလည်း ဘုရင်ဂျီရွာများဟု ခေါ်ကြသည်။ မြို့ကြီးများပေါ်တွင်လည်း ကက်သလစ် ခရစ်ယာန်များ နေထိုင်ရာ ရပ်ကွက်ကို ဘုရင်ဂျီရပ်ကွက် ဟု၍ ယနေ့တိုင် ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။

    ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာပုံမှာ အင်းဝဘုရင် အနောက်ဘက်လွန်မင်းသည် သံလျင်တွင် ဘုရင်တဆူ သဖွယ် မင်းမူနေသော ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို (၁၆၁၃)ခု တွင်သွားရောက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို ကွက်မျက်ပြီး ကျန် ပေါ်တူဂီနွယ်ဝင် အားလုံးကို စစ်သုံ့ပန်းများအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့သည်။ ပေါ်တူဂီနွယ်ဝင် အားလုံးကို အင်းဝတွင် စစ်အကျဉ်းသား အဖြစ် နှစ်ပေါင်းများစွာ ထားခဲ့သည်။ သာလွန်မင်းတရား လက်ထက်ရောက်သောအခါ နိုင်ငံခြားသားများ များပြားလာသည်ကို စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းရာ၌ အသုံးဝင်သော လူအချို့နှင့် အကြီးအကဲများကို နန်းတော်၌ ဆက်လက် အမှုထမ်း စေသည်။ ကျန် ပေါ်တူဂီနွယ် အားလုံးကို ရှေးဦးစွာ စစ်ကိုင်းနယ် ပရိမ္မသို့ ပို့ပြီး နောက် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား ရှိရွာများသို့ ပို့ကာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုထားသည်။ ထိုအချိန်မှ စပြီး ဘုရင်ဂျီရွာကြီးများပေါ် ပေါက်လာသည်။ ဘုရင်ဂျီ ဘာသာဝင်များသည် ဘုရင် လိုအပ်သော အချိန်တွင် စစ်မှုထမ်း ပေးရသည်။ ယနေ့တိုင် အထင်အရှား တွေ့ရှိနိုင်သော ဘုရင်ဂျီ ရွာကြီးများမှာ ချမ်းသာရွာ၊ချောင်းရိုး၊ မုံလှ၊ ချောင်းဦးနှင့် နဘက်ရွာကြီးများ ဖြစ်သည်။ ချောင်းရိုး ရွာမှအပ ဤရွာကြီးများသည် ဘုရင်ဂျီများ မရောက်ခင်  နှစ်ပေါင်းများစွာက တည်ရှိခဲ့သည်ဟု သိရသည်။

    ချမ်းသာရွာသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အတွင်း တည်ရှိ၍ ရေဦးမြို့မှ အနောက်ဘက် (၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။ ချမ်းသာရွာကို မည်သည့် အချိန်က စတင် တည်ရှိခဲ့ကြောင်း မသိရ သော်လည်း ပုဂံဘုရင် ကျန်စစ်သားမင်းကြီး နယ်လှည့်လာစဉ် ဤရွာ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် စီးတော်မူသော မြင်းတော်မှာ ပေါင်ခွင်သွား၍ ထိုနေရာရှိ ရွာကို တောင်ခွင်ရွာဟု ခေါ်ဝေါ် ခဲ့ကြကြောင်း ဤ ရွာရောက်မှ မြင်းတော်မှာ ချမ်းသာရ သွားသဖြင့် ချမ်းသာရွာဟု အမည် တွင်ခဲ့ကြောင်း ရှေးအစဉ်အလာ အဆိုရှိခဲ့သည်။

    မုံလှရွာသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် တည်ရှိပြီး ခင်ဦးမြို့၏ အနောက်ဘက်(၁၄)မိုင် ခန့်အကွာတွင် တည်ရှိသည်။မုံလှရွာကို အင်းဝဘုရင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ(၈၆၃-၈၈၈) လက်ထက်တွင် စတင်တည်သည် ဟုဆိုသည်။ 

    ချောင်းရိုးရွာသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တည်ရှိသည်။ ရေဦး တန့်ဆည်ကားလမ်း ပေါ်တွင် ရှိ၍ ရေဦးမှ (၈)မိုင်ခန့် ဝေးပါသည်။ ချောင်းရိုးရွာကို ခရစ်သက္ကရာဇ် (၁၇၃၇) ခုနှစ်လောက်က တည်ခဲ့သည်။ ကောဇာသက္ကရာဇ် (၁၀၉၉)တွင် ရတနာကုန်းရိုးရှိ ဘုရင်ဂျီ ဘာသာဝင်များ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ရာမှ ချောင်းရိုး ဘုရင်ဂျီရွာ တည်ရှိခဲ့သည်။

    ချောင်းဦးမြို့သည် မုံရွာမြို့၏အရှေ့တောင်ဘက်(၁၄)မိုင်အကွာ မုံရွာ မန္တလေးကားလမ်းပေါ် တွင် တည်ရှိသည်။ ချောင်းဦး(၁၀)ရွာစစ်တမ်းသမိုင်းသည်(၅)ကြိမ်တိုင်တိုင် ပြုစုထားကြောင်းတွေ့ရ သည်။ ပထမစစ်တမ်းအရ ပုဂံပြည်စောရဟန်းမင်းပြုစဉ်မြို့ပေါင်း(၈)မြို့ ရွာ(၁၀)ရွာပြုစုခဲ့သည့်အထဲ တွင် မြန်မာသက္ကရာဇ်(၂၈၇)ခုနှစ်တွင် သံထောက်(၁၀)ရွာကို ပြုစုခဲ့သည်။ ယခုအခါ သံထောက်အမည်ပျောက်၍ ချောင်းဦးဟုအမည်တွင်သည်။

    နဘက်ရွာသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ရှိ၍ မြောင်မြို့၏ တောင်ဘက် (၇) မိုင်ကွာတွင် တည်ရှိသည်။ နဘက်ရွာကို မြန်မာသက္ကရာဇ်(၄၆၀) ခရစ်သက္ကရာဇ် (၁၀၉၈) တွင် တည်ထောင် ခဲ့သည်ဟု (၁၃၁၄)ခု တန်ဆောင်မုန်းလ္ဆုတ် (၆)ရက်နေ့ ထုတ် အရေးပေါ် သတင်းစာအရ သိရသည်။

    ဘုရင်ဂျီ ဘာသာဝင်များသည် ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်ရှင်ကြသလို ဘုရင်ဂျီရွာကြီးများသည်လည်း ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်ဝင် ပါသည်။ ဆိုလိုသည်မှာ ဘုရင်ဂျီ ဘာသာဝင်တို့၏ ဘာသာရေး ကိစ္စအ၀၀ အတွက် ရဟန်းဘုန်းတော်ကြီး ရှိဘို့ လိုအပ်ပါသည်။ ရဟန်း ဘုန်းတော်ကြီးရှိမှ ပြည့်စုံပါသည်။ ထို့အတူ ဘုရင်ဂျီ ရွာကြီးများ၏ လူမှုရေး၊ စီးပွားရေး၊ ကျမ်းမာရေး ၊ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ရဟန်း ဘုန်းတော်ကြီးက ဦးဆောင်လေ့ ရှိပါသည်။ ဘုရင်ဂျီ ရွာကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အုပ်ချုပ်သော ဘုန်းတော်ကြီး၏ လုပ်ဆောင်မှု အပေါ် မူတည်ပါသည်။ ဘုရင်ဂျီရွာကြီးများ အကြောင်း တင်ပြရာတွင် ဤ ရွာကြီးများကို ထိန်းသိမ်း အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြခြင်းဖြင့် ဘုရင်ဂျီရွာကြီးများ အကြောင်းကို နားလည် သဘော ပေါက်လိမ့်မည်ဟု ယူဆပါသည်။ သို့ဖြစ်၍ ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာသည့် အချိန်မှ စ၍ ယနေ့ မျက်မှောက် ကာလအထိ အစဉ် အဆက် အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြအပ်ပါသည်။

    ဘုရင်ဂျီရွာကြီးများကို တရွာစီ အကြောင်းကိုသိလိုပါက ထိုရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများအကြောင်း အစဉ်လိုက် ဖတ်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။ ထိုသို့ သိလိုသူများအတွက် ဘုရင်ဂျီရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ အစဉ်အဆက်စာရင်းကို အောက်တွင် ဖေါ်ပြထားပါသည်။

ချမ်းသာရွာတွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်ဂေတာနိုမန်တေဂါးဇား ၁၁။ ဖါသာရ် အန်ဒြူးဦးဘချို
၂။    ။    လူဝစ်ဂရွန်ဒိုးနား ၁၂။    ။    လေအိုဦးဝန်
၃။    ။    ဘူထီရိုနီ ၁၃။    ။    မိုးဇယ်ဦးဘခင်
၎။    ။    ပိုလီညာနီ ၁၄။    ။    ပေါလ်ဦးကျော်
၅။    ။    အန်ဒရီနော ၁၅။    ။    စခရီးဗင်းဦးဘတုတ်
၆။    ။    ဂျိုဇက်ဖိုး ၁၆။    ။    ယူးစတေ့ဦးချစ်ဦး
၇။    ။    ဂျီရိုး ၁၇။    ။  ဂျွန်ဦးမောင်ကလေး
၈။    ။    ဘူးလီးရက်စ် ၁၈။    ။    ပီတာဦးမြအောင်
၉။    ။    ဂရမ်းနီးရဲ ၁၉။    ။    ပေါလ်ဦးထွန်းမြင့်
၁၀။    ။    ပလေးတီးယား ၂၀။    ။ ဘော်စကိုကျော်ထွန်းမြင့်  

မုံလှရွာ အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်ဂါလီးဇီးယား ၁၁။ဖါသာရ်ရေမန်းဒက်
၂။ ဖါသာရ်ပဲရ်ကော်တို ၁၂။ဖါသာရ္ကြီးရုိး
၃။ ဖါသာရ္ပုိလီညာနီ ၁၃။ဖါသာရ်လူဝီဦးချိပ်
၎။ ဖါသာရ်အင်ရီချီ ၁၄။ဖါသာရ်စတီးဗင်းဦးဘအို
၅။ ဖါသာရ်အီဇိုလာ ၁၅။ဖါသာရ်ဖီးလစ်ဦးလင်း
၆။ ဖါသာရ်ဂျိုးဇက်မောင်ကြီး  ၁၆။ဖါသာရ်အာလ်ဖုန်းစ်ဦးကိုလေး
၇။ ဖါသာရ်ဒါမာတို ၁၇။ဖါသာရ်ဖီးလစ် ဦးဘရွှေ
၈။ ဖါသာရ်လောရင်း ၁၈။ဖါသာရ်ဒေါမနစ်ဂျိုတု
၉။ ဖါသာရ်လေဂျမ်းဒရယ် ၁၉။ဖါသာရ်ပီတာစိန်လှိုင်ဦး
၁၀။ ဖါသာရ်ဟဲ

ချောင်းရိုးရွာ အုပ်ချုပ်ခဲ့သော ဘုန်းတော်ကြီးများ
၁။ဖါသာရ်ပိုလီညာနီ ၅။ဖါသာရ်ရာဖါအဲလ်ဦးဘရီ
၂။ဖါသာရ်လောရင်း ၆။ဖါသာရ်ဇေးဗီးယားဗင်ဒါရင်
၃။ဖါသာရ်အာလိုက်ဆီဦးဘဒင်         ၇။ဖါသာရ်ဂျော့ဦးခင်မောင်ထွေး
၎။ဖါသာရ်အန်ထော်နီဦးကျော်မင်း         ၈။ဖါသာရ်ပေါလ်ဦးထွန်းမြင့်

ချောင်းဦးတွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ဖါသာရ်ဒေါ်နာတီ ၁၇။ဖါသာရ်ဂျိုဇက်မိုး           
၂။ဖါသာရ်ဂါလီဇီယား ၁၈။ဖါသာရ်ဒူးဟန်း           
၃။ဖါသာရ်ပဲရ်ကော်တို ၁၉။ဖါသာရ်ဂျီးရိုး           
၎။ဖါသာရ်အန်ထော်နီရေး ၂၀။ဖါသာရ်ရေမန်းဒက်           
၅။ဖါသာရ်ရိုဗာရိဇို ၂၁။ဖါသာရ်တောမား
၆။ဖါသာရ်ရစ်ကား ၂၂။ဖါသာရ်အာလာ
၇။ဖါသာရ်ဗာတစ်လီ ၂၃။ဖါသာရ်ဂျိုးဇက်ဦးဝင်း
၈။ဖါသာရ်အန်ဒရီနော ၂၄။ဖါသာရ်ပီတာ
၉။ဖါသာရ်ပိုဂိုလိုတီ ၂၅။ဖါသာရ်သြဂုတ်စတင်းဦးဖေ
၁၀။ဖါသာရ်ဂါတူတီ ၂၆။ဖါသာရ်ပေါလ်ဦးကျော်
၁၁။ဖါသာရ်ပါချီအိုတီ ၂၇။ဖါသာရ်ရာဖါအဲလ်ဦးဘရီ
၁၂။ဖါသာရ်တက်ဆီအို ၂၈။ဖါသာရ်ဂျွန်ဦးမောင်ကလေး
၁၃။ဖါသာရ်ပရီနိုအီဇိုလာ ၂၉။ဖါသာရ်ယူးစတေ့စ်ဦးချစ်ဦး
၁၄။ဖါသာရ်ဖော်နယ်လီ ၃၀။ဖါသာရ်အန်ထော်နီမောင်မောင်ခင်
၁၅။ဖါသာရ်လေကောင်း ၃၁။ဖါသာရ်ဂျွန်မောင်ဆန်း
၁၆။ဖါသာရ်ဂီးလားမက် ၃၂။ဖါသာရ်ပီတာမျိုးအောင်

နဘက်တွင် အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ
၁။ ဖါသာရ်စံဂျဲရ်မာနို ၁၃။ ဖါသာရ်ဖူးလ်ကီးယေး
 ၂။ ဖါသာရ်ရစ်ကား ၁၄။ ဖါသာရ်ကွီးရိုး
 ၃။ ဖါသာရ်ဗါတစ်လီ ၁၅။ ဖါသာရ်ရူးပင်
 ၄။ ဖါသာရ်အန်ဒရီနော ၁၆။ ဖါသာရ်အန်ဒြူးဦးဘချို
 ၅။ ဖါသာရ်ဂါဘူတီ ၁၇။ ဖါသာရ်ဂျော့ဦးမောင်ငယ်
 ၆။ ဖါသာရ်ပါချီအိုတီ ၁၈။ ဖါသာရ်ပေါလ်ဦးကျော်
 ၇။ ဖါသာရ်ဖေါ်နယ်လီ ၁၉။ ဖါသာရ်ဟင်နရီဦးစန်းကြည်
 ၈။ ဖါသာရ်ပါရိုတို ၂၀။ ဖါသာရ်လေအိုဦးဝန်
 ၉။ ဖါသာရ်လေကောင်း ၂၁။ ဖါသာရ်ယူးစတေ့စ်ဦးချစ်ဦး
၁၀။ ဖါသာရ်ဗိယက် ၂၂။ ဖါသာရ်အန်ထော်နီဦးမောင်မောင်ခင်
၁၁။ ဖါသာရ်လာဘွန်း ၂၃။ ဖါသာရ်ဂျွန်မောင်ဆန်း
၁၂။ ဖါသာရ်လောရင်း ၂၄။ ဖါသာရ်နီကောလပ်ပြုံးချို

ဆရာအောင်ညွှန့်
မန္တလေး

အထက်မြန်မာနိုင်ငံအညာဒေသသို့
ကက်သလစ်ခရစ်ယာန်များရောက်ရှိလာခြင်း

တစ်ဆယ့်ခြောက်ရာစုကစ၍ ပေါ်တူဂီတို့ မြန်မာနိုင်ငံနှင့်အဆက်အသွယ်များ ရှိခဲ့သည်။ ပေါ် တူဂီခေါင်းဆောင် အယ်လဗူကပ်သည်(၁၅၁၁)ခုနှစ်မှာ မလေးကျွန်းဆွယ်နှင့် မလက္ကာကိုသိမ်း၍ တနင်္သာရီ၊ မုတ္တမနှင့် ပဂိုးမြို့များသို့ စေတမန်များစေလွှတ်၍ ရောင်းဝယ်ရေး စကားကမ်းလှမ်းခဲ့သည်။ အန်ထော်နီကော်ရီယာက(၁၅၁၉)ခုတွင် ပေါ်တူဂီကိုယ်စား မုတ္တမမြို့စားနှင့် သဘောတူညီချက်ရခဲ့သည် တစ်ဆယ့်ခြောက်ရာစုအလယ်မှ စ၍ စစ်တကောင်းတွင် အခြေပြုပြီး ပေါ်တူဂီတို့ အရောင်းအ၀ယ် အ ကြီးအကျယ် ဖြစ်ထွန်းခဲ့ရာ မြန်မာနိုင်ငံသို့ သေနတ်၊အမြောက်များစွာ တင်သွင်းခဲ့သည်။ ထို့ပြင် ပေါ်တူ ဂီနိုင်ငံသားတို့ ကိုယ်တိုင်ကတည်းကလည်း မြန်မာမင်းတို့ထံ၌ သေနတ်အမှုထမ်းအဖြစ် ၀င်ရောက်အမှု ထမ်းကြသည်။ တပင်ရွှေထီးလက်အောက်၌ ဂျိုဝါနောကယယ်ရော ခေါင်းဆောင်သည့်ပေါ်တူဂီ အမှု ထမ်းခုနှစ်ရာရှိခဲ့ဘူးသည်။

ပေါ်တူဂီစစ်ဗိုလ်ဆာလ်ဗာဒေါ်ရီဘေအီရိုဒေဘော်ဆာသည် ခရစ်သက္ကရာဇ်(၁၅၅၀) အကုန် လောက်တွင်  ရခိုင်မင်းရာဇာကြီးထံ ဗိုလ်မှူးအဖြစ်ဝင်ရောက်အမှုထမ်းရာ သူနှင့်တွဲဖက်၍ ဖီးလစ်ဒီဗ ရစ်တိုနီကိုတီလည်း အမှုထမ်းသည်။ ခရစ်သက္ကရာဇ်(၁၅၉၉-၁၆၀၀) တွင် တောင်ငူ နှင့် ရခိုင် ပူပေါင်း ၍ ဟံသာဝတီနန္ဒဘုရင်ကို တိုက်ခိုက်သည့်အခါ ဖီးလစ်ဒီဗရစ်တိုသည် ရခိုင်ဘက်မှ ၀င်ရောက်တိုက် ခိုက်ပေးခဲ့သည်။ ရခိုင်ဘုရင်မင်းရာဇာကြီးသည် ပဲခူးကို အောင်မြင်သောအခါမိမိအား အကူအညီပေး ခဲ့သော ဖီးလစ်ဒီဗစရစ်တို ခေါင်းဆောင်သည့် ပေါ်တူဂီတို့အား သံလျင်ဆိပ်ကမ်းကို ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ဖီးလစ်ဒီဗရစ်တိုသည် သံလျင်ကို ခိုင်ခန့်အောင် တပ်များဆောက်လုပ်၍အင်အားဖြည့် .....

ဆက်ရန်... 

သန်းထွန်း ၊ဒေါက်တာ ၊ခေတ်သစ်ရာဇ၀င်၊ မဟာ ဒဂုံ စာပုံနှိပ်တိုက်၊ အမှတ် ၇၂ ရေတာရှည် လမ်းဟောင်း၊ ဗဟန်း၊ ရန်ကုန်မြို့၊ ဒုတိယအကြိမ် စာမျက်နှာ ၆၉ - ၇၀